Friday, October 29, 2010

မြန်မာနိုင်ငံမူဝါဒ အမေရိကန်အစိုးရအတွင်း သဘောထားကွဲ

2010-10-28

မြန်မာနိုင်ငံကို ချဉ်းကပ် ထိတွေ့ ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်ပြီး သမတ ဘားရက် အိုဘားမား ဦးဆောင်တဲ့ အမေရိကန် အစိုးရအတွင်း သဘောထား အကြီးအကျယ် ကွဲခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်က ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဥပေက္ခာပြုထားရင် မြန်မာပြည်ဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်တခု ဖြစ်လာမဲ့ အန္တရာယ်ရှိကြောင်း မစ္စတာ ဝက်ဘ်က အောက်တိုဘာ ၂၇ ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ရလာတဲ့ အခွင့်အလမ်းတွေကို အကျိုးရှိအောင် ရယူတာ မတွေ့ရကြောင်း၊ အမေရိကန် နိုင်ငံခြားရေး ဌာနမှာ မြန်မာနိုင်ငံ မူဝါဒအပေါ် သဘောထား အကြီးအကျယ် ကွဲခဲ့ပြီး မနှစ်က မြန်မာဖက်က သံတမန်ရေး အချက်ပေး ခဲ့တာတွေကို အခွင့်ကောင်းယူပြီး ထိထိရောက်ရောက် တုံ့ပြန်ဖို့ အမေရိကန်ဖ က်က ပျက်ခဲ့ကြောင်းလည်း သူက ဝေဖန် လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အနေနဲ့ ချဉ်းကပ်မှုအသစ်ကို ကြိုးစားကြည့်ဖို့ အားသန်ခဲ့ဟန် ရှိပေမဲ့ တခြားတဖက်မှာ ဖိအားပေး ဆန့်ကျင်တာတွေ အများကြီး ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်ဝက်ဘ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စစ်အစိုးရနဲ့ အဆင်ပြေရေး လိုလားသူ၊ စစ်အစိုးရဖက်က စီးပွားရေး၊ လူမှုရေး အခွင့်အရေးယူလိုသူအဖြစ် မြန်မာ အတိုက်အခံတွေက ဝေဖန်တာ ခံနေရသူတဦး ဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့