Tuesday, October 26, 2010

မဲစာရင်းများ မမှန်ကန်

မြတ်ကျော်
Tuesday, October 26, 2010

ပြည်နယ်နှင့် တိုင်းများရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော မဲပေးနိုင်သည့် လူဦးရေ စာရင်းမှာ အမှန်တကယ် မဲပေးနိုင်သော လူဦးရေစာရင်းနှင့် ကိုက်ညီမှု မရှိဘဲ အပို စာရင်းများ ပါရှိပြီး မှန်ကန်မှု မရှိကြောင်း နိုင်ငံရေး ပါတီများက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော မဲပေးနိုင်သည့် စာရင်းတွင် အပိုစာရင်းများ ပါရှိကြောင်း ကမန် အမျိုးသား တိုးတက် ရေး ပါတီမှ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၀င်ရောက် အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်လှိုင်ဝင်း က ပြောပြသည်။

“စည်းရုံးရေးဆင်းရင်း မဲစာရင်းတွေကို စစ်ကြည့်လိုက်တော့ မဲစာရင်းမှာ ပိုနေတာ တွေ့ရတယ်၊ တကယ် မဲပေးခွင့်ရှိတဲ့ လူဦးရေရဲ့ ၂ ဆလောက်ကို ပိုနေတယ်၊ ကျနော်တို့ဆီမှာ အများစုက မှတ်ပုံတင် မရှိတော့ မဲပေးလို့မရဘူး၊ ဒါပေမယ့် အဲဒီ လူစာရင်းတွေနဲ့ အပို စာရင်းတွေကိုပါ ထည့်ထားတာ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ မဲစာရင်းကွာခြားနေမှုကို ခရိုင် ရွေးကောက်ပွဲ ကော်မရှင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်များ ထံသို့ တိုင်ကြားထား ကြောင်းလည်း ၎င်းက ပြောသည်။

သံတွဲမြို့နယ်တွင် ကော်မရှင်မှ ထုတ်ပြန်သောမဲပေးနိုင်သူ ဦးရေစာရင်းနှင့် ကွာခြားနေသော ကျေးရွာများမှာ ဆင်ခေါင်း ကျေးရွာ၊ သပြုချိုင် ကျေးရွာ၊ လှေကြီးချိုင် ကျေးရွာတို့ ဖြစ်ကြောင်း တခြား ကျေးရွာများ၏ စာရင်းများကို စစ်ဆေးကြည့်ရန် အခွင့်အလမ်း မရခဲ့သောကြောင့် မသိရှိ ခဲ့ရကြောင်း ဦးတင်လှိုင်ဝင်းက ဆက်ပြောသည်။

ဆင်ခေါင်းကျေးရွာတွင် အမှန်တကယ်မဲပေးနိုင်သူ စာရင်းမှာ ၁ ထောင်ကျော်ရှိပြီး မြို့နယ်ကော်မရှင်မှ ထုတ်ပြန် ထားသော မဲစာရင်းမှာ စုစုပေါင်း ၃ ထောင်ကျော် ဖြစ်နေသည့် အတွက် ၂ ဆခန့် ကွာဟ နေကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော ကမန် တိုင်းရင်းသားများမှာ ရခိုင်မျိုးနွယ်စုတစုဖြစ်ပြီး စုစုပေါင်း ကမန် တိုင်းရင်းသားပေါင်း ၄ သိန်းကျော် နေထိုင်လျက် ရှိကြောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား ရှိသော ကမန် တိုင်းရင်းသားများမှာ ၂ သိန်း ၀န်းကျင်ရှိပြီး ကျန် ၂ သိန်းကျော်မှာ ပုံစံ (၄) များဖြင့်သာ နေထိုင် ကြသူများဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ နောင်ပိန် ကျေးရွာအုပ်စုတွင်လည်း ကျေးရွာ ကော်မရှင်မှ ထုတ်ပြန် သော မဲစာရင်းမှာ အမှန်တကယ် မဲပေးနိုင်သူ ဦးရေစာရင်းနှင့် ကွာနေသည်ကို တွေ့ရကြောင်း ရှမ်းတိုင်းရင်းသား ဒေသခံတဦးက ပြောပြသည်။

“ကျနော်တို့ နောင်ပိန် ကျေးရွာအုပ်စုက တကယ်မဲပေးနိုင်တဲ့သူ ဦးရေနဲ့ သူတို့ လုပ်ထားတဲ့ စာရင်းမှာက တော်တော် ပိုနေတယ်၊ တကယ် မဲပေးနိုင်တာက ၇၀၀ ပဲရှိတယ်၊ စာရင်းမှာ ၂ ထောင်ဖြစ်နေတယ်၊ အဲဒါကို ကျနော်တို့ သိပြီးပြောတော့ ကျေးရွာကော်မရှင် က ခရိုင်က ပေးလိုက်တဲ့ စာရင်းအတိုင်း လုပ်ရတယ်လို့ ပြောတယ်” ဟု အဆိုပါ ဒေသခံ ကျေးရွာသားက ပြောသည်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်တို့မှာ ခရိုင်ကော်မရှင်ရုံးက ထုတ်ပြန် ထားသည့် စာရင်း အတိုင်း ဆောင်ရွက်ရခြင်း ဖြစ်ပြီး ပြုပြင်ပြောင်းလဲ၍မရဟု ညွှန်ကြားထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြို့နယ် ကော်မရှင် အဖွဲ့ဝင် တဦးထံမှ သိရှိရသည်။

“အစိုးရက မဲစာရင်းကိုလည်း သူတို့ စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပြီးသားပါ၊ နိုင်ငံရေး ပါတီတွေက ဥပဒေ ကြောင်းနဲ့ မညီဘူးလို့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေကို တိုင်ကြားရင်လည်း အပိုပါပဲ” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေ က ပြောသည်။

အရပ်ဘက် အုပ်ချုပ်ရေးသို့ ပြောင်းသည့်အခါ စစ်အစိုးရအနေဖြင့် လွှတ်တော်အတွင်းတွင် ၄င်းတို့ စစ်ဗိုလ်ချုပ် များနှင့် အရပ်ဝတ် လည်း စစ်ဗိုလ်ချုပ် ဟောင်းများသာ နေရာ ယူနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေ က ဝေဖန်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိသည့်အနက် မဲပေးနိုင်သည့် ဦးရေမှာ ၂၉ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့