Wednesday, November 17, 2010

နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဒေါ်စုဦးဆောင်ပါ

တနင်္လာနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၀


စိုင်းလိတ်( SNLD)

ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာကို SNLD အနေနဲ့ ဘယ်လိုခံစားရလဲ။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်လို့ ကြားလိုက်တာနဲ့ ကျနော်တို့တဖွဲ့လုံး ပြည်သူနဲ့ ထပ်တူ လုံးဝ ဝမ်းသာ ကျေနပ်ပါတယ်။ ဝမ်းသာအားရ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့စကားပြောခွင့်ရသလား။

အခုထက်ထိတော့ပြောခွင့်မရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ SNLD ဘာတွေ ပြင်ဆင်ထားပါ သလဲ။

ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခွင့်ရမယ် ဆိုရင် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး မားမားမတ်မတ် ဆက်လုပ်သွားဖို့ ကျနော်တို့ တောင်းဆိုလိုတယ်။ ဒီမိုကရေစီ အရေးလုပ်နေတဲ့ အချိန် တပြိုင်ထဲမှာဘဲ တိုင်းရင်းသား အရေးကိုလဲ လေးလေးနက်နက် ထားပြီး ဖြေရှင်း စေချင်တယ်။ အဲဒီ တိုင်းရင်းသား အရေး ဆိုတဲ့ နေရာမှာ လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေရော ငြိမ်းချမ်းရေး ယူထားတဲ့ ပုဂ္ဂိုလ် တွေပါပေါ့နော် ၊ အားလုံး ညှိနှိုင်း တိုင်ပင် လုပ်ဖို့အတွက် တင်ပြဖို့ စီစဉ်ထားပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရရင် SNLD ပထမဆုံး ဘာတင်ပြမလဲ။

နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ကိစ္စကို နအဖအစိုးရနဲ့သော်လည်းကောင်း၊ အခြား တိုင်းရင်းသား ခေါင်းဆောင်များနဲ့ သော်လည်းကောင်း၊ ဒီမိုကရေစီ အင်အားစုများနဲ့ သော်လည်းကောင်း ဘယ်လို ညှိနှိုင်းမယ် ဆိုတာ ပထမ အရေးကြီးဆုံး ထားပြီး ညှိနှိုင်း တင်ပြမှာဖြစ်ပါတယ်။

ဘယ်အချိန်လောက်မှာ သူ့ကိုတွေ့နိုင်မယ်ထင်ပါသလဲ။ ဘယ်အချိန်လောက်များ သွားတွေ့ဖို့ ပြင်ဆင်ထားသလဲ

လောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကလဲ သူ့ရဲ့CEC အဖွဲ့တွေနဲ့ တွေ့ဆုံ ညှိနိုင်းဖို့ ရှိအုံးမယ်။ ဘာပဲ ဖြစ်ဖြစ် ဒီတပတ် အတွင်းမှာတော့ ကျနော်တို့ တိုင်းရင်းသား အင်အားစုတွေနဲ့ တွေ့ဆုံ နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ထားပါတယ်၊ မျှော်လင့် ထားပါတယ်။


အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး ဆိုပြီး ဆောင်ရွက် နေတာ ရှိပါတယ်။ ဒီအပေါ်မှာ SNLD ထောက်ခံ ပါသလား။

ကျနော်တို့လဲထောက်ခံပါတယ်။

တိုင်းရင်းသားရပိုင်ခွင့်အနေနဲ့ ဘယ်လိုစဉ်းစားထားလဲ ။

တိုင်းရင်းသားရပိုင်ခွင့် ဆိုတဲ့ နေရာမှ နှစ်ပိုင်းရှိပါတယ်။ နိုင်ငံရေးအရ ဖြေရှင်းဖို့ ကိစ္စမှာက တန်းတူညီမှု ရရှိရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိအောင် တပိုင်း ဖြေရှင်းရမယ်။ နောက်တပိုင်းကျတော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆိုလို့ရှိရင် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ နောက်တခါ တိုင်းရင်းသားတွေ့ရဲ့ ရိုးရာစာပေ ယဉ်ကျေးမှု ဓလေ့ အစရှိသဖြင့် ဘာတခုမှ လုပ်နိုင်ဖွယ် မရှိဘူး။ ပြီးတော့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတို့ ဓနုတို့ ပအိုဝ်း ပလောင် အစရှိသဖြင့် အများကြီး ခွဲထားတာတွေ ရှိတယ်။ တိုင်းရင်းသားတွေရဲ့ ဆန္ဒအမှန်ကို မဲပြုပြီးတော့ ရေးထားတာ ဟုတ်မဟုတ် ဆန်းစစ်ဖို့ လိုပါတယ်။ အလေးအနက်ထား ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကို SNLD အနေနဲ့ ထောက်ခံ ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလဲ လွတ်လာပြီ ဆိုတော့ ဘာတွေများ ဆက်လုပ်သွားဖို့ စီစဉ်ထားပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရပြီ ဆိုတာနဲ့ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေး ထပ်တူ အရေးကြီးတယ် ဆိုတဲ့ အကြောင်း တင်ပြမယ်။ နောက် ရှေ့ဆက်ပြီး တိုင်းရင်းသားအရေးကို ဘယ်ကိစ္စ ဘယ်ကဏ္ဍ ကနေ ကိုင်တွယ်မလဲ ဆိုတာကို အခု လက်ရှိ အစိုးရနဲ့ သော်လည်းကောင်း အခုမှ ရွေးချယ် တင်မြှောက်ခံရတဲ့ ဒီမိုကရေစီ ဘက်တော်သား ပါတီများက ပုဂ္ဂိုလ်တွေနဲ့ သော်လည်းကောင်း ဘယ်လို ဆက်ဆံပြီးတော့ စားပွဲဝိုင်းပေါ် ရောက်အောင် စည်းရုံး သိမ်းသွင်းရမလဲ၊ ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

အဲလိုဆွေးနွေးပွဲ လုပ်တဲ့အခါ ဒီသုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်အောင်လုပ်မလား။ ရန်ကုန် လာပြီးတော့ဘဲ ဆရာတို့ ဆွေးနွေးမှာလား။ ဒါမှမဟုတ် ဒေါ်စုကို ရှမ်းပြည်ကို ဖိတ်ခေါ်ပြီးတော့မှ ဆွေးနွေးဖို့ စီစဉ်ထားသလား။ ဘယ်လိုမျိုး စီစဉ်ထားသလဲ။

ကျနော်တို့ SNLD ကတော့ ရန်ကုန်အခြေစိုက်ပဲလေ၊ SNLD တခုထဲအနေနဲ့ ကတော့ ရန်ကုန်မှာပဲ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အရေးဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတဲ့ဟာကြီးကို လုပ်မယ် ဆိုလို့ ရှိရင်တော့ အားလုံး အဆင်ပြေမယ့် နေရာတခုကို ကျနော်တို့ ဘုံသဘောတူညီချက် အရ ရွေးဖို့လိုပါတယ်။ အဲဒါကတော့ ကျန်ရှိတဲ့ အခြားတိုင်းရင်းသား ခေါင်းဆောင်များနဲ့ NLD လူကြီးမင်းများ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ ဒါတွေအားလုံး ညှိနှိုင်း ပြီးတော့မှဘဲ ကျနော်တို့ ဆုံးဖြတ်လို့ရမှာပါ။

လွတ်ဖို့ကျန်နေသေးတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဘာများ ပြောလို ပါသလဲ။

ကျနော်တို့ SNLDဥက္ကဋ္ဌ ခွန်ထွန်းဦးအပါအဝင် အတွင်းရေးမှူး စိုင်းညွန့်လွင် နဲ့ တခြား ပုဂ္ဂိုလ် အားလုံးဟာ စစ်အစိုးရရဲ့ တဖက်သက် စွပ်စွဲချက်နဲ့ အပြစ်မရှိဘဲ ဖမ်းဆီး ထောင်ချ ခံထားရတာ ဖြစ်တယ်။ ဘာတခုမှ ကျူးလွန်ခြင်း မရှိလို့မို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသလိုပဲ သူတို့ကိုလဲ လွှတ်ပေးဖို့ တောင်းဆိုတယ်။ ဆက်ပြီးတော့လဲ တောင်းဆို သွားမှာပဲ။ ဒီကိစ္စကို ပြည်သူတွေ အားလုံးလဲ သိရှိတယ်။ ကမ္ဘာကလဲ သိရှိအောင် ကျနော်တို့ ကြိုးပမ်းမယ်။ အမြန်ဆုံး လွတ်လာနိုင်ဖို့ နည်းလမ်းတွေကိုလဲ ကျနော်တို့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

သူတို့ လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာဘဲ ကြိုးပမ်း သွားမလား၊ ဒါမှမဟုတ် ဘယ်လို ပုံစံမျိုးနဲ့ ဆွေးနွေးသွားဖို့ ပြင်ထားသလဲ ။

လွှတ်တော်ထဲမှာ ကြိုးပမ်းသွားဖို့ဆိုတာက ကျနော်တို့လောလောဆယ် အခု ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ကျင်းပတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင် ပတ်သက်ခြင်း မရှိတဲ့ အတွက်ကြောင့် ၁၉၉ဝ အနိုင်ရ ပါတီတွေကို လွှတ်တော် ခေါ်မယ် ဆိုရင်တော့ ပြောရေးဆိုခွင့် ရှိမှာပေါ့။ လောလောဆယ် ဒီ၂ဝဝ၈ ဖွဲ့စည်းပုံအရ တက်လာတဲ့ ဖွဲ့စည်းမယ့် လွှတ်တော်ထဲမှာတော့ ကျနော်တို့ ပြောပိုင်ခွင့် ရှိမှာ မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ် လုံခြုံရေး အပါအဝင် နောက်တကြိမ် စစ်အစိုးရက ပြန်ဖမ်းဖို့ အလားအလာ ရှိမရှိဆိုတာကို ဘယ်လို မျှော်လင့်ထားသလဲ။

အဲဒါကတော့ အတော်ကို မှန်းရခက်တဲ့ ကိစ္စပါ။ လက်ရှိ ဥပဒေ အရ ရေးထားတဲ့ ဥစ္စာနဲ့ အာဏာပိုင် အဖွဲ့အစည်းက ကျင့်သုံးတဲ့ အပြုအမူတွေဟာ တထပ်တည်း ကျလေ့ မရှိဘူး၊ ကျခဲတယ်။ ဒါကြောင့်မို့လို့ အခြေအနေ အချိန်အခါအရ အပြောင်းအလဲ အမျိုးမျိုး ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ အန္တရာယ် ကြုံရင်လဲ ကြုံနိုင်တယ်။ အဖမ်းအဆီးလဲ ထပ်ပြီး ကြုံနိုင်တယ်။ တခါ မဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အကြံပေးမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အပြစ်မရှိ လွှတ်ပေးပြီးတော့မှ ဒီမိုကရေစီ ဘက်တော်သားတွေကို အဆင့်ဆင့် အခြေအနေ ကောင်းလေးတွေ ဖန်ဆင်း ပေးတာမျိုးလဲ ကြုံကောင်း ကြုံလာနိုင်ပါတယ်။ ဒါကတော့ ကံသေကံမ ပြောမရတဲ့ ကိစ္စ ဖြစ်ပါတယ်။နအဖအစိုးရ အပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။

ဒီလိုမျိုး အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ၊ မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ဆိုရင် အချင်းချင်းပဲ ဖြေရှင်းလို့ အဆင်ပြေ နိုင်မှာလား။ ဒါမှမဟုတ် ကုလသမဂ္ဂက ဝင်ပြီးတော့ ဖြေရှင်းရမယ့် အခြေနေမျိုးလို့ ယူဆသလား။

ကျနော်တို့ အချင်းချင်း ဖြေရှင်းဖို့ ပထမအရေးကြီးဆုံးပါ။ ကျနော်တို့ အချင်းချင်း မညီညွတ်ရင် ကုလသမဂ္ဂ ကလဲ ဘာတခုမှ တာဝန်ယူ ကြားဝင် ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ အချင်းချင်း ညီညွတ်မှု မျှတမှု ရှိမှသာလျှင် ကုလသမဂ္ဂက ကမကထပြု ကြားဝင်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ပြည်တွင်းက တိုင်းရင်းသားတွေ အချင်းချင်း ၊ နောက် နိုင်ငံရေး အင်အားစုတွေ အချင်းချင်း ညီညွတ်မှ သာလျှင် ကျန်တဲ့ ပြင်ပ ပယောဂတွေကို မျှော်မှန်း နိုင်မယ်၊ ပြင်ပ အင်အားတွေ ကို မျှော်ကိုးလို့ ရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီဆိုတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို SNLD အနေနဲ့ ဘယ်လောက် အားရကျေနပ်မှု ရှိသလဲ။

ကျနော်တို့ ဗမာပြည် ဒီမိုကရေစီတခုလုံးရဲ့ပြယုဂ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီင်္မိုကရေစီရဲ့ မီးရှုး တန်ဆောင်ပါ။ နောက်ပြီးတော့ နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိထားတဲ့ ပုဂ္ဂိုလ် ဖြစ်တာမို့လို့ ကမ္ဘာက ကြည်ညို လေးစားတဲ့ ပုဂ္ဂိုလ် ။ ဒီပုဂ္ဂိုလ်တယောက်က တိုင်းရင်းသား ပြည်သူ တရပ်လုံးရဲ့ ကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်ခဲ့ဖူးတယ်၊ ဆောင်ရွက်ဖို့လဲ ရှိတယ်။ ဆက်ပြီးတော့လဲ ဆောင်ရွက်မယ်လို့ ကတိ ကဝတ်တွေ ပြုထားတာတွေ ရှိတယ်။ ဒီပုဂ္ဂိုလ်က ဦးဆောင်မယ့် အခါကျတော့ ကျနော်တို့ အနေနဲ့ အထူးပဲ အားရ ဝမ်းသာဖြစ်တယ်၊ အထူးပဲ အားတက်မိတယ်။ ဒါကြောင်မို့လို့ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဆောင်ရွက်မယ် ဆိုလို့ရှိရင် ကျနော်တို့ အလေးအနက် ယုံကြည် မျှော်လင့်ထားတယ်။ ကျနော်တို့ ပန်းတိုင်ကို မလွဲမသွေ ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့