Friday, November 19, 2010

ရိုင်းမိုက်ကယ်သရော် လွှတ်တော် လွှတ်တော် ခုံဖိနပ်နဲ့ဆော်

19 Nov 2010

ဘီကြားဆိုတဲ့ ဇာတ်စကားတခုရှိတယ်။ ကိုယ့်ဟာကိုယ် ဘာမှန်းမသိပဲ ဆိုင်းသံကြားရင် ကချင်ကခုန်ချင်တဲ့ တောင်မရောက်မြောက်မရောက် နမူနထိုင်း အရှက်မရှိတဲ့သူကို ခေါ်တဲ့ စကားတခုပေါ့။ ဗြုပ္ပတ်ကို ပြောရရင် တခါက ဇာတ်ပွဲတခုမှာ ဇာတ်ပိုးရှိတာက လွဲလို့ ဘာအရည်အချင်းမှ မရှိ၊ သုံးမရတဲ့ သူတယောက်ရှိတယ်။ ဒီတော့ ဇာတ်ထဲမှာ ကားလိပ်ကြိုးဆွဲလိုက်၊ ထမင်းချက် လိုက်နဲ့ ကြာလာတော့ ဇာတ်ဆရာက သနားပြီး အရေးမကြီးတဲ့ ဇာတ်ဝင်ခန်း တခန်းနှစ်ခန်းမှာ သုံးပေးတယ်။ တညမှာတော့ ဇာတ်ထုပ်တခုမှာ သူ့ကို ဘီလူးခန်းက တခန်း ထဲ့ထားတယ်။ ဒီတော့ ဒီလူလည်း ဘီလူကြိမ်း ဇာတ်စကားလေးတွေ အပြေးအလွှား ကျက်နေတာပေါ့။ ဖြစ်ချင်တော့ အဲဒီညမှာ အဲဒီဇာတ်ထုပ်ကို မကဖြစ်တော့ဘဲ တခြားဇာတ်ထုပ်ကို အခြေအနေ အရ ပြောင်းကကြတယ်။ အဲဒီဇာတ်ထုပ်မှာလည်း ဇာတ်ဆရာက သူ့ကို သိကြားမင်း အခန်းက တခန်းကပေးဖို့ ထဲ့ထားတယ်။ ဒီလူလည်း သူ့အလှည့်ကိုစောင့်ရင်း ခဏ အိပ်ပျော်သွားတယ်။ ဒီလို ကကြရင်း သူ့အလှည့်ရောက်လို့ နှိုးလွှတ်လိုက်တော့ တွေ့ရာ ဇာတ်ရုပ်တခု ခေါင်းစွပ်ပြီး ဇာတ်ခုံပေါ် တက်သွားတယ်။ ရောက်တာနဲ့ မနက်ကကျက်ထားတဲ့ ဒဿဂီရိမည်ရတွင်ကျော် ဘုန်းမော်အံ့ထူး၊ ယက္ခမှုးတဲ့ ငါဟဲ့ဘီလူး ဘာညာနဲ့ ကျက်ထားတာတွေ ရွတ်ရင်း တန်းလန်း ခေါင်းစမ်းကြည့်တော့ ဘီးလူးခေါင်းစွပ် မဟုတ် သိကြားခေါင်းစွပ် ဖြစ်နေရော။ ဒါနဲ့ အဆုံးသတ် အချပိုဒ်ကို ဘီလူးလည်းမဟုတ်၊ သိကြားလည်းမဟုတ်တဲ့ ငါဟဲ့ဘီကြားလို့ လုပ်ချလိုက်တာ ပရိတ်သတ်လည်း ပတ်တုတ်မရ၊ ဇာတ်လည်းပျက်ရော။

ကျုပ်တို့ဗမာပြည်သူတွေအတွက်လည်း အနှီသို့သော ဘီကြား အမတ်မင်း များနဲ့ လွှတ်တော် ကြီးတွေ ပေါ်ပေါက် လာပါပြီ။ မိုက်တဲ့သူတွေ အားကိုးလောက်စရာ လွှတ်တော်ကြီးတွေပေါ့။ လွှတ်တော်ဆိုလို့ အခြားတပါး လွှတ်တော်တွေလို လူထု အကျိုးဆောင်မယ့်၊ တိုင်းရေး ပြည်ရာတွေကို စီမံခန့်ခွဲမယ့် လွှတ်တော်လို့ မထင်လိုက်လေနဲ့။ လွှတ်တော် လွှတ်တော်နဲ့ တစာစာ အော်ရင်း အမျိုးကောင်း သမီးတွေ၊ အမျိုးကောင်း သားတွေ ဝေးရာက ရှားရမယ့် လွှတ်တော်တွေပဲဖြစ်တယ်။ စစ်အာဏာရှင်တွေ ကြိုဆွဲရာ ကရမယ့် လူရမ်းကား အမတ်တွေနဲ့ ရုပ်သေး လွှတ်တော်တွေပဲ ဖြစ်တယ်။ ခုံဖိနပ်စုပ်နဲ့သာ ဆော်ဖို့ကောင်းတဲ့ အဓမ္မဝါဒီ မုဒိမ်းတတ္တတွေရဲ့ လွှတ်တော်တွေလေ။ မိစ္ဆာသန်းရွှေ အမှုးရှိတဲ့ နအဖ ဖက်စစ် ဗိုလ်ချုပ်တွေရဲ့ နဖားကြိုး တန်းလန်းနဲ့ လွှတ်တော်ကြီးပေါ့။ ဘီကြား အမတ်များ ဆိုတာကလည်း မိစ္ဆာသန်းရွှေ ခိုင်းသမျှကို လက်ညှိုးထောင် ခေါင်းညိတ် လောက်သာ လုပ်တတ်တဲ့ စစ်ဗိုလ်လူထွက်တွေ လူထုအရေး တရွေးသားတောင် ထည့်မစဉ်းစားတဲ့ သူတွေ၊ ရထားတဲ့ မဲဆိုလည်း သန့်သန့်ရှင်းရှင်း တခုမှမပါဘူး။ ကလိန်မဲ၊ ညစ်မဲ၊ ညာမဲ၊ ကောက်မဲ၊ ခြောက်မဲ၊ လှန့်မဲ၊ လုမဲ၊ အတုမဲ၊ ခိုးမဲ၊ ဝှက်မဲစတဲ့ မတော်မတရား အလိမ်အညာ နည်းပေါင်းစုံနဲ့ ရထားတဲ့ မဲတွေနဲ့ အမတ်ဖြစ်လာ ကြသူတွေပေါ့။ အရှက် မဲ့လိုက်တာကတော့ ကမ်းကို ကုန်ရော။ နယ်အသီးသီးမှာ စစ်ဗိုလ်လူထွက် ကြံ့ဖွတ်တွေ ရှုံးခြေလည်း မြင်ရော ကြိုတင်မဲ ဆိုတာတွေနဲ့ အနိုင် ယူသွားတယ်။ တောင်ငူနယ်မှာဆို ကြိုတင်မဲ အတုတွေ များသွားလို့ မဲပေးတဲ့သူ တရာ့နှစ် ရာခိုင်နှုန်းတောင် ရှိတယ်ဆိုပါလား။

အတုအယောင် ရွေးကောက်ပွဲပဲ ဆိုချင်ဆို မဟာသူရဲဘော ကြောင်သူ ဗမာ ဗိုလ်ချုပ်တွေရဲ့ ရွေးကောက်ပွဲကတော့ ကမ္ဘာမှာ ကြိုတင်မဲ အများဆုံး စံချိန် ချိုးသွားခဲ့ပြီ ဖြစ်တယ်။ သူ့တို့ကိုယ်တိုင် လုပ်ထားတဲ့ ကြိုတင်မဲ ငါးရာခိုင်နှုန်းထက် မပိုရဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်တာ အသေ အချာပေါ့။ အရှက်ကင်းမဲ့ လိုက်ပုံက ဇမ္ဗူမှာ တလူ ဆိုရမလောက်ပါပဲ။ ကြိုတင်မဲ ဆိုတာက မဲပေးတဲ့နေ့မှာ ကိုယ့်သက်ဆိုင်ရာ မဲရုံကို တကယ်ခိုင်မာတဲ့ အကြောင်း တွေကြောင့် မလာနိုင်တဲ့ မဲဆန္ဒရှင်တွေ အတွက် ဖွင့်ပေးထားတဲ့ ချွင်းချက် အခွင့်အရေး ဖြစ်တယ်။ နအဖတို့ရဲ့ ကြိုတင်မဲ ဆိုတာတွေကတော့ အဲဒီ့ချွင်းချက်ပါ သတ်မှတ်ချက်တွေနဲ့ ကင်းလွတ်ပြီး သူတို့နိုင်ရာ ဗိုလ်ကျခံ ဝန်ထမ်းတွေ၊ စစ်သည်စစ်သား မိသားစုတွေ၊ မသိ နားမလည်တဲ့ ဆင်းရဲသား ပြည်သူတွေကို အဓမ္မအကြပ်ကိုင် နားလှည့်ပါးရိုက် ယူထားတဲ့ မဲတွေပဲ။ တချို့ ကြိုတင်မဲတွေ ဆိုတာကတော့ ရပ်ကွက် လူဦးရေစာရင်း ကြည့်ပြီး ကြံ့ဖွတ်တွေ ကိုယ်တိုင် အတု လုပ်ထားတာ ဖြစ်တယ်။ ဒါကြောင့် တချို့နယ်တွေမှာ ရှိတဲ့ လူဦးရေထက် မဲတွေ ပိုနေတာပေါ့။ သူတို့က ရွေးကောက်ပွဲမှာ မဲပေးတဲ့သူ ခြောက်ဆယ်ရာခိုင်နှုန်း ရှိတယ်လို့ ဆိုတယ်။ တကယ်ကတော့ သူတို့ မတော်မတရား လုပ်ထားတဲ့ ကြိုတင်မဲတွေ ထည့်တွက်ရင်တောင် လေးဆယ် ရာခိုင်နှုန်းပြည့်ဖို့ မလွယ်ဘူး။ တချို့ မဲရုံတွေဆို မဲပေးတဲ့သူ ဆယ်ယောက်တောင် မပြည့်ဘူး။

ဒီလောက် ကန်းကုန်အောင် လိမ်ညာညစ်ပတ် ယုတ်မာထားတာတောင် ရွေးကောက်ပွဲ ရလာဒ်ကို အခုထိ တရားဝင် မကြေငြာနိုင်သေးဘူး။ အလိမ်အကောက် စာရင်းတွေ ညှိရခက်နေလို့ ဖြစ်မယ်။ ဒီနေ့ခေတ်သူတပါး ရွေးကောက်ပွဲတွေဆို ဒီနေ့ရွေးကောက်ပွဲလုပ် နောက်တရက် ရလာဒ်ကို တရားဝင် ကြေငြာပြီး တပတ် အတွင်း အစိုးရ ဖွဲ့နိုင်ကြတယ်။ အဖြေက ရှင်းတယ်။ ရွေးကောက်ပွဲက အတု ဖြစ်တယ်။ လွှတ်တော်တွေ ဆိုတာ ကလဲ အတုဖြစ်တယ်။ နဖားကြိုး တန်းလန်းနဲ့ လွှတ်တော်တွေ။ မိစ္ဆာသန်းရွှေနဲ့ အပေါင်းအပါတွေက ဘယ်တော့မှ အာဏာကို လက်မလွှတ်ဘူး။ စစ်အာဏာရှင်စနစ် တည်မြဲရေးကို အခိုင်အမာ သန္နိဋ္ဌာန်ချ ထားတယ်။

ဒီလိုအခြေအနေဆိုးကိုတောင် နိုင်ငံရေးအရေခြုံ ရေပေါ်ဆီ လူလယ်လူတတ် ငို့ဘ သမားတွေက ချီးမွမ်းကြ၊ အကောင်းမျှော်လင့်ကြနဲ့ လိမ်ညာ ယုတ်ပတ်တဲ့ ရွေးကောက်ပွဲနဲ့ အယုတ်တမာ စစ်အုပ်စုကို ကဲ့ရဲ့ ရှုတ်ချဘို့ တွန့်ဆုတ် နေကြတုန်းပဲ။ သူတို့ဖောက်သည် သတင်း မီဒီယာတွေက တဆင့် လူထုကို သတင်းမှားပေး အလံရှုးလုပ်ဖို့ ကြိုးစားနေကြတုန်း။ အချောင်သမား ဟန်ညောင်ရွှေက VOA ကတဆင့် ရွေးကောက်ပွဲဟာ မတရားတာ မှန်ပေမဲ့ ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပနိုင်တာ၊ ပြီးတော့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတခု ပေါ်ပေါက် လာတာဟာ ဒီမိုကရေစီ လမ်းကြောင်းအပေါ် ရောက်လာခြင်း ဖြစ်တယ်လို့ အပြင်ကနေ အူသလို နအဖအလံရှုး နေဝင်းမောင်တို့ အောင်ထွဋ်တို့ အီးဂရက် အုပ်စုကလည်း ရွေးကောက်ပွဲကို ချောတိုင် တက်တာနဲ့ နှိုင်းပြီး ချောတိုင်တက်တာ မမှားဘူး။ ချောတိုင် တက်သလို သဘောထားပြီး တကြိမ်မရ တကြိမ် အာဏာရှင် တွေရဲ့ လမ်းကြောင်းအတိုင်း ကြိုးစားဦးမယ်လို့ အတွင်းကနေ ဟောင်နေကြတယ်။

ရှေးလူကြီးများရဲ့ အဆုံးအမတခု ရှိပါတယ်။ ကိုယ့်အမှားကို သိမှ လူကောင်း လူမှန်၊ အဲဒီ အမှားကို ပြင်နိုင်မှ ပညာရှိ သူတော်ကောင်းဖြစ်တယ်။ ကိုယ့်အမှားကို မသိမြင်နိုင် လောက်အောင် အတ္တ လွန်ကဲရင် လူမိုက်၊ လူယုတ်မာလို့ ဆိုပါတယ်။ နေမျိုးဝေလို နိုင်ငံရေး လူပျက်ကတောင် မှားပါတယ်လို့ ဝန်ခံ ထားပြီးသားပါ။ ဒီလို နိုင်ငံတခု၊ ပြည်သူ တရပ်လုံးရဲ့ ကံကြမ္မာနဲ့ ဆိုင်တဲ့ နိုင်ငံရေး ရာဇဝတ်မှုကို မှားပါတယ် လို့ မမြင်နိုင်၊ ဝန်မခံ ချင်သူတွေကို ဘယ်လို ပြောကြမလဲ စကားလုံးတောင် ရှာမရတော့ပါဘူး။

ဒီရွေးကောက်ပွဲဆိုတဲ့ လုပ်ပွဲကြီးကို လေ့လာကြည့်ရင် စစ်အုပ်စုဟာ အရံအတား အဆင့်ဆင့်နဲ့ သူ့စိတ်ကြိုက် ဖန်းတီးသွားခဲ့တယ်။ နောက်ဆုံးအဆင့် ကြိုတင် ဂျိုကာ မဲတွေနဲ့ သူကြိုက်သူ မကြိုက်သူတွေကို နိုင်စေတယ်၊ ရှုံးစေတယ်။ ဒေသအလိုက် အင်အား ကောင်းပါတယ် ဆိုတဲ့ တိုင်းရင်းသား ပါတီတွေတောင် သူတို့ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရ ဖွဲ့နိုင်လောက်အောင် နိုင်တဲ့ ပါတီ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိခင်ပါတီကို ကျောခိုင်းပြီး ရွေးကောက်ပွဲ လိုလားတဲ့ အတွင်း အပြင်က အင်ဂျီအိုတွေ၊ သတင်းမီဒီယာတွေက ဝိုင်းလှော် ပေးနေကြတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ထဲမှာတောင် မူလ NLD က လူတွေကို အနိုင်မပေးဘူး။ အီးဂရက်က လူတွေကိုပဲ အနိုင် ပေးထားတာဟာ စိတ်ဝင်စားစရာပါ။

ဒီမှာ အတွင်းအပြင်က အချောင်သမားတွေ၊ တိုင်းခြားနဲ့ ဗမာအင်ဂျီအို လိုလို လူတတ်လိုလို ဆိုသူတွေ၊ သတင်း မီဒီယာတွေနဲ့ အဲဒီနောက်ကွယ်က အရိပ်ပွဲ ကစားသမားတွေ (Shadow Player) တွေကြားက အချိတ်အဆက် အပေးအယူ တွေကို မြင်နိုင်ပါတယ်။ နအဖ ဗိုလ်ချုပ်တွေကလည်း မြင်ကြပါတယ်။

လောကကြီးမှာ အလိမ်ခံရတယ်ဆိုတာ အတဲ့သူနဲ့ လောဘဖိစီး ဖောက်ပြန် သူတွေပဲ ဖြစ်တယ်။ တကြိမ်ထက် ပို အလိမ်ခံရသူဟာ အ န ထုံထိုင်း ထိနမိဒ္ဓများသူ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အတ္တလောဘ ကြီးသူတွေပဲ ဖြစ်ပါတယ်။ ကိုးဆယ်ခု ရလာဒ်ကို မျက်ကွယ် ပြုထားတာ၊ ၂၀၀၈ စစ်ကျွန် ဖွဲ့စည်းပုံနဲ့ သိက္ခာ ကင်းမဲ့တဲ့ ရွေးကောက်ပွဲ မတရားဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေက စစ်အုပ်စုဟာ ဘယ်တော့မှ အာဏာ မလွှဲဘူးဆိုတဲ့ သူတို့ သဘောထားကို အထင်အရှား ပြသပြီးသား ဖြစ်တယ်။ ရုပ်သေးပါတီ ကြံ့ဖွတ်တွေကလည်း ရှုံးလည်းနိုင်၊ နိုင်လည်းနိုင်လို့ ဗြောင် ပြောထား ပြီးသားပဲ။ ဒီလို ရွေးကောက်ပွဲကို အကောင်း မျှော်လင့်ချက်ထားနေတာ၊ ဝင်ပြိုင်တယ် ဆိုတာဟာ လူ့အန္ဓတွေနဲ့ အတ္တလောဘ သားတွေပဲ ဖြစ်တယ်။

ခွဲခြမ်းစိတ်ဖြာကြည့်ရင် (၁) ကိုးဆယ်ခုရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးခဲ့လို့ အခု တခါတော့ ဒေါ်စု မပါတာ တို့ အခွင့်အရေး၊ ရတုန်း ယူထားလိုက်မယ် ဆိုတဲ့ မျိုးဆက်ဟောင်း ပါတီဟောင်းတွေ။ (၂) တိုင်းပြည်အတွက် မဖြစ်စလောက်လေး ပေးဆပ်ခဲ့ လုပ်ခဲ့တာကို အဟုတ်ကြီး ထင်ပြီး အခွင့်သာတုန်း အမြတ် ထုတ်လိုက်မယ် ဆိုတဲ့ (၈၈) ပျက်တွေ။ (၃) သူ့ဆန် စားထားလို့ ကျရာတီးလုံး အတိုင်း ကနေကြရတဲ့ ပယောဂ ပူးနေသူတွေ။ (၄) ရှုံးလည်းခံသာ နိုင်ရင် အမြတ်ဆိုတဲ့ ဖဲသမားညဉ်နဲ့ ဝိသမလောဘသား စီးပွားရေး သမားတွေပဲဖြစ်တယ်။ ဘယ်ပါတီပဲ ကြည့်လိုက် ကြည့်လိုက် ရွေးကောက်ပွဲ ဝင်မယ့် ပါတီလို့သာ ဆိုတယ် ဘာနိုင်ငံရေး ရည်မှန်းချက် လမ်းစဉ်မှ တိတိကျကျ ပြဋ္ဌာန်း ကြေငြာထားတာ မတွေ့ရဘူး။ အနိမ့်ဆုံးအဆင့် အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်ရဲ့ ကံကြမ္မာကို လေသံတချက် ဟတဲ့ ပါတီတခု ကိုယ်စားလှယ်လောင်း တယောက် မရှိခဲ့ဘူး။

ဒီလိုရွေးကောက်ပွဲရဲ့ ရာလာဒ် ဘယ်သူရှုံးလို့ ဘယ်သူနိုင်သည် ဖြစ်စေ ဘာနိုင်ငံရေး အဓိပ္ပါယ်မှ မရှိပါဘူး။ ဒီအတုအယောင် ရွေးကောက်ပွဲက ထွက်ပေါ် လာမည့် လွှတ်တော်များ ဆိုတာကလည်း ဘယ်နည်းနဲ့မှ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ လူထုတွေ ကိုယ်တိုင် အကျုံးဝင် ပတ်သက်တဲ့ ရွေးကောက်ပွဲမှာတောင် ဒီလောက် ဗြောင်ကျကျ လိမ်ညာ ယုတ်ပတ် အနိုင်ကျင့် နေတဲ့ စစ်အုပ်စုဟာ လူထု အခန်းကဏ္ဍ မပါတဲ့ လွှတ်တော်ထဲမှာ ဘယ်လောက် ဖောက်ပြန် ရမ်းကား ဗိုလ်ကျကြလေမလဲ ဆိုတာ သိပ်စဉ်းစား ကြည့်စရာ မလိုပါဘူး။ စစ်အုပ်စုက အနိုင်ပေးလို့ လွှတ်တော်ထဲ ရောက်လာကြတဲ့ အမတ်တွေ ဘာတွေ ပြောခွင့်ရပြီး ဘာတွေ လုပ်နိုင်ကြမလဲ။ ကြိမ်တချက် ဝင့်ပြရုံနဲ့ ငြိမ်ဝပ်ကုပ်ချိ သွားမယ့်သူ ကိုယ့်ဟာကို ချိန်ခွင်ပေါ် တက်ထိုင်မယ့်သူ ဘယ်လောက် ပါမလဲ စောင့်သာ ကြည့်ကြပါတော့။ ဒါကြောင့် လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး ဒီမိုကရေစီ ဖော်ဆောင်မယ် ဆိုတာဟာ အဓိပ္ပါယ် အကင်းမဲ့ဆုံး ဆင်ခြေ လုပ်ရပ်ပဲ ဖြစ်တယ်။ ဒီလို ရွေးကောက်ပွဲတွေ နဖားကြိုး တန်းလန်း လွှတ်တော်တွေ ရှိလာတာဟာ ဒီမိုကရေစီရဲ့ လမ်းစပဲလို့ ပြောနေတာဟာ အမှန်တရားကို သစ္စာဖောက်တဲ့ ကိုယ်ဘို့သာသိတဲ့ ငို့ဘ သမားတွေသာဖြစ်တယ်။

မိစ္ဆာသန်းရွှေကို အားကျမခံ ကျုပ်တို့ ပြင်ပမှာလည်း အလားတူတွေ တချိန်တည်း ဖြစ်ထွန်း နေတယ်။ အလုပ်သမားခေါင်းဆောင် ဆိုတဲ့ မောင်မောင်နဲ့ အပေါင်းအပါ များကလည်း ဖယ်ဒရယ် ပါလီမန်ဆိုတဲ့ ဘီကြား လွှတ်တော်ကြီးတခု ဖွဲ့လိုက်ကြပြန်ပါပြီ။ ကိုးဆယ်ခု အမတ်တွေ၊ လက်သင့်ရာ အဖွဲ့အစည်း ခေါင်းဆောင်ဆိုသူတွေ၊ ပြီးတော့ ဘယ်လိုညာဝါး စည်းရုံးထားလဲ မသိဘူး ထုံးစံအတိုင်း အစဉ်အလာရှိတဲ့ မွန်၊ ကရင် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ စုပေါင်းစပ်ဖာ အူကြောင်ကြား လွှတ်တော် မဟာကြီးပေါ့။ ပြီးရင် ဖယ်ဒရယ်အစိုးရနဲ့ ဖယ်ဒရယ်အာမီ ဆိုတာကြီးတွေပါ ထူထောင်ကြဦးမယ် ဆိုပဲ။ လေသံသာ ပစ်နေတယ် အဆံကတော့ ဗလာ။ ဗိုလ်နှုတ်ခမ်းမွေးတို့ ရန်သူကို တကယ်ထတိုက် နေတာကိုတော့ ကျည်တတောင့်၊ ငါးပိတကော် ထောက်ပံ့တယ် မကြားမိဘူး။ ဖွဲ့လိုက်ရင်လည်း အမျိုးသားနဲ့ချည်း ချီပြီးဖွဲ့တယ်။ အဖွဲ့အမည် ပရောဂျက်တွေသာ ပြောင်းသွားတယ်။ လူတွေကတော့ စားနေကျ ကြောင်ပါး ဒီလူ ဒီမျက်ခွက်ချည်းပဲ။ အထဲက တိုက်ပွဲကို ပံ့ပိုးတဲ့ လုပ်ငန်းတွေလုပ်ဖို့၊ အပြင်က စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ စုစည်းဖို့တော့ မစဉ်းစားဘူး။ ကိုယ့်နေရာ ကိုယ့်အခန်း ကဏ္ဍမသိ၊ ကိုယ့်တာဝန် ကိုယ်မထမ်း၊ ဖဲသမားလို ဟိုလှည့်ဒီလှည့် ကုလားဖန် ပြောင်းထိုးပြီး အနှစ် ၂၀ လမ်ကြောင်းအတိုင်း အဖွဲ့ထောင် ပရောဂျက် တင် လုပ်စားဖို့ပဲ ချောင်းနေတယ်။

ကျုပ်တို့ ဗမာမှာ လွှတ်တော်ဆိုတာက မင်္ဂလာ တရားတွေနဲ့ အညီပေါ်လာတာ၊ သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာခြင်းနှင့် တိုင်းသူပြည်သားအကျိုးကို ရှေးရှုခြင်း စတဲ့ တရားတွေနဲ့ ပေါ်လာတာဖြစ်တယ်။ ပုဂံခေတ်က ထီးလို မင်းလိုလို့လဲခေါ် နန်းတောင်းများမင်း (သို့) နားဋောင်းများမင်း လို့လဲခေါ်တဲ့ မင်းရဲ့ လက်ထက်မှာ ပေါ်ပေါက်ခဲ့တယ်။ နန်းတောင်းများ မင်းဟာ ညီအစ်ကို အများထဲက နောင်တော်တွေကို ကျော်ပြီး မင်းဖြစ်လာတယ်။ သူ့မယ်တော် မိဖုရားငယ်က လင်မင်းကြီးရဲ့ လိုရာဆုတောင်းစေ ဆိုတဲ့ ကတိစကားကို ဆုပ်ကိုင်ပြီး သားအတွက် ထီးနန်း တောင်းပေးလို့ ရခဲ့တယ်။ ဒါပေမဲ့ သူ့ထက်ပိုပြီး ထီးနန်း ရထိုက်တဲ့ နောင်တော်တွေလည်း ရှိနေတယ်။ ဒါကြောင့် နန်းတောင်းများမင်းဟာ နန်းတော်ထဲမှာ တရားဇရပ် တဆောင် ဆောက်ပြီး နောင်တော်တွေကို လွှတ်တက်စေကာ သူ့ကိုယ်စား တိုင်းပြည်အရေး အရာတွေကို စီရင်စေတယ်။ ပြောရရင်တော့ အာဏာ ခွဲပေးတာပေါ့။ တိုင်းပြည် အရေးအရာတွေကို ချမှတ်တဲ့ အမိန့်အာဏာတွေ ပို့လွှတ်တဲ့နေရာ တိုင်းသူ ပြည်သားတွေကြားက အမှုအခင်းတွေကို စီရင်ပြီး ပလပ်စေ၊ လွှတ်စေ ဆုံးဖြတ် စီရင်တဲ့အတွက် လွှတ်တော်လို့ ခေါ်တယ်။ နောက်ပိုင်း ခေတ်တွေမှာ မင်းညီ မင်းသားတွေ သာမက ဝန်၊ အမတ်စတဲ့ ပညာရှိပုဂ္ဂိုလ်တွေပါ လွှတ်တက် စီရင်လာကြတယ်။ ဒီအဖြစ်တွေကို ကြည့်ရင် မိဖုရားငယ် အပေါ်မှာ ကတိတည်တဲ့ မင်းကြီး၊ ရသင့်ရထိုက်တဲ့ ကိုယ့်အခွင့်အရေး ဆုံးရှုံးမှုကို သီးခံခဲ့တဲ့ နောင်တော်များ၊ သက်ဦးဆံပိုင် ဘုရင်ဖြစ်ပါလျှက် နောင်တော်တွေ အပေါ် စာနာစိတ်နဲ့ အာဏာ ခွဲဝေပေးခဲ့တဲ့ ဘုရင်နဲ့ ချုံကြည့်ရင် ပြည်သူတွေရဲ့ အသက်အိုးအိမ် တည်ငြိမ်မှုကို ရှေးရှုပြီး နန်းလုပွဲ ပဋိပက္ခတွေကို ရှောင်ရှားခဲ့ကြတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များရဲ့ အမြှော်အမြင်နဲ့ စေတနာ တရားတွေဟာ အင်မတန်လေးစား ဂုဏ်ယူ ထိုက်ပါတယ်။

မတရားလုယူထားတဲ့ အာဏာအခွင့်အရေးကို ဆက်ပြီး ခိုးဆိုးလုယက်ဖို့ ကတိမတည် သစ္စာ ဖျက်ပြီး အာဏာမြဲဖို့ လုပ်နေသူများနဲ့တော့ နံ့သာဆီနဲ့ အီးလို ကွာခြား လှပါတယ်။ ဒါကြောင့် အများပြည်သူ အကျိုးအတွက် မင်္ဂလာတရားများနဲ့ အညီ ပေါ်ထွန်းခဲ့တဲ့ မူလ လွှတ်တော်နဲ့ ဒီနေ့ ကျုပ်တို့ မြင်တွေ့နေရတဲ့ ဘီကြား လွှတ်တော်များနဲ့ကတော့ မနှိုင်းသာအောင် ခြားနားလှပါတယ်။ ဒီတော့ တော်လှန်ရေးကို အကျိုးမပြုတဲ့အပြင် အဆီးအတားတောင် ဖြစ်နေတဲ့၊ စစ်အာဏာရှင် တည်တံ့ဖို့ အထောက်အပံ့ ပြုနေတဲ့၊ ဗမာပြည် ဒီမိုကရေစီ ထူထောင်ရေး အဟန့်အတား ဖြစ်စေမယ့် ဒီလို ဘီကြား အမတ်များနဲ့ ဘီကြား လွှတ်တော်တွေကို ခုံဖိနပ်နဲ့ ဝိုင်းဆော်ကြဖို့ဟာ မျိုးချစ်တိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း




0 comments:

အပေါ်သို့