Tuesday, November 23, 2010

ဒုတိယ ပင်လုံအပေါ် ယနေ့ ကျောင်းသားလူငယ်တဦးက ရဲဘော်ဖိုးသံချောင်း ကို မေးမြန်း

November 17th, 2010

ပြည်တွင်းမှ အမည်မဖော်လိုတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကျောင်းသားလူငယ် တဦး နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း တို့ gtalk ပေါ်က အမေးအဖြေ ကို ပြန်လည် တင်ဆက် လိုက်ပါတယ်။

မေး- အခုပြည်တွင်းမှာလှုပ်ရှားနေကြတဲ့ ဒုတိယပင်လုံညီလာခံကျင်းပရေး ဆိုတာ အပေါ် ဗကပ က ဘယ်လို မြင်သလဲ သိပါရစေ။

ဖြေ- ကျနော်တို့အနေနဲ့ ကျနော်တို့ နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စ၊ တိုင်းရင်း သားများနဲ့ သွေးစည်း ညီညွတ်ရေး ကိစ္စ စတာတွေကို ကိုယ့်ပြည်သူတွေ အချင်းချင်း စားပွဲပေါ်မှာ မျက်နှာချင်းဆိုင် အဖြေရှာရမယ် ဆိုတဲ့မူကို အစောကြီးကတည်းက ကိုင်စွဲ ထားပါတယ်။ န၀တ-နအဖ တို့က ညောင်နှစ်ပင်မှာ ဖြေရှင်းသလို သူတို့ စိတ်ကြိုက် လူတွေ ခေါင်းခေါက်ခေါ်ပြီး သူတို့ပြောသမျှ ခေါင်းငြိမ့်ခိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် အခုလို ဆွေးနွေး အဖြေရှာကြတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမယ့် …

မေး- ဒါပေမယ့် ဆိုတော့ ဆက်ပါဦး။

ဖြေ- ဒါပေမယ့် ပထမပင်လုံညီလာခံ ကျင်းပတုန်းက အခြေအနေနဲ့ ဒီနေ့ ဒုတိယ ညီလာ ခံကျင်းပဖို့ စိုင်းပြင်း ကြတဲ့ အခြေအနေ တို့အကြားမှာ မတူတာတွေ ရှိတယ် ဆိုတာကို သတိ ပြုသင့်ပါတယ်။ ၁၉၄၇ ခုနှစ်တုန်းက ဦးစီးကြီးမှူး ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ အစိုးရတို့ဟာ အာဏာ လက်ရှိတွေ ဖြစ်ကြပါတယ်။ စစ်တပ်ကို အမိန့်ပေးခွင့် ရနေသူတွေ ဖြစ်ကြပါတယ်။ ဒီနေ့ အခြေအနေက အဲဒါနဲ့ ပြောင်းပြန်ပါ။ ကိုယ်က အာဏာမဲ့ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးက ဖိနှိပ်သူရဲ့ လက်ထဲမှာ ရှိပါတယ်။

မေး- ၁၉၆၁-၂ ခုနှစ်တုန်းက ဦးနုအစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံ စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့လှုရှားမှုကိုရော ဘယ်လိုပြောမလဲ။

ဖြေ- အဲဒါက ဦးနုအာဏာရနေတုန်းမှာ ဦးနုသဘောတူမှုနဲ့ လုပ်တာ ဖြစ်ပါတယ်။ “ပင်လုံ ရဲ့ နောက်ဆက်တွဲ ဆွေးနွေးပွဲ” လို့ ဆိုရင်တောင် ရမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီအ ချိန်မှာ စစ်တပ်ဟာ အာဏာရ အစိုးရ လက်ထဲမှာ မရှိတော့ပါဘူး။ အဲဒီတော့ ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်းက အာဏာသိမ်းတဲ့ အခါမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးစုပြီး ခေါင်းစင်း ပေးလိုက်သလိုတောင် ဖြစ်သွားပါတယ်။ အာဏာလိုချင်လို့ အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်း ကတော့ ဒီလုပ်ရပ်ကိုပဲ သူ အာဏာ သိမ်းရတဲ့ အကြောင်းရင်းလို့ ပြောတာပေါ့။

မေး- အခုပြောခဲ့တာကို ပြန်ချုပ်ပြပါ။

ဖြေ- လွယ်လွယ်ပြောရရင် ဒုတိယပင်လုံညီလာခံကျင်းပဖို့ ကြိုးစားတာကို ကျနော်တို့က မူအားဖြင့် ထောက်ခံ ပါတယ်။ ဒါပေမယ့် သတိတော့ ထားရပါမယ်။ ပြင်ဆင်မှုတွေ အသေအချာ လုပ်ရပါမယ်။ မလိုလားအပ်တဲ့ နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်ဖို့ အရေးကြီးတယ် ဆိုတာ ပါပဲ။

Ref: နေ့သစ်

0 comments:

အပေါ်သို့