Friday, January 21, 2011

နိုင်ငံရေးမှု စစ်ရာမှာ စိတ်ကြွဆေးပြားတိုက် စစ်ဆေးတာကို အမြန်ဆုံးရပ်ပါ

ဦးအောင်သိန်း (ဥပဒေ အတိုင်ပင်ခံ) |
သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁။ ။

ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံးမှာ (၁၃-၁-၂ဝ၁၁) ရက်နေ့က ရုံးထွက်ပြီး တရားခံအဖြစ် အစစ်ခံလိုတဲ့ ဦးဇေယျ (ခ) သားကြီး ဇေယျနှင့် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူ့ကို တရားစွဲထားတဲ့ ပုဒ်မတွေကတော့ တရားမဝင် အသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂)၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) နှင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (ခ) ဆိုတဲ့ အမှု ၃ မှုကို တပြိုင်တည်း ထွက်ဆို အစစ်ခံမှာလို့ သူက ပြောပါတယ်။ ဘာပြုလို့ သက်သေအဖြစ် အစစ်မခံဘဲ တရားခံအဖြစ် အစစ်ခံရတဲ့ ကိစ္စကို မေးတဲ့ အခါမှာ သူ့အနေနဲ့ ယခု အမှုကိစ္စတွေ အတွက် သက်သေ အထောက်အထား တင်ပြရန် မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် တရားခံ အဖြစ် အစစ်ခံခြင်းဖြင့် တရားသူကြီးက တိုက်ရိုက်မေးမြန်းမှုကို ဖြေဆိုရုံ သက်သက်ပဲ ရှိတာမို့ ဦးနှောက် ခြောက်စရာ မရှိဘူးဟု ပြောပြ သော်လည်း ၎င်းရဲ့ ပြောပြချက်ကို ကျနော့်အနေနဲ့ သဘောမတူနိုင်ပါ။ ဒါကိုလည်း ကျနော် သူ့ကို ရှင်းမပြတော့ပါ။

ဒါနဲ့ ဘာတွေထွက်ဆိုမှာလဲလို့ မေးမြန်းကြည့်တော့ အမှုမှာ ဖြေရှင်းရမယ့် အချက်နှင့် နောက်တခုက သူ့ကို စစ်ကြောရေး ပြုလုပ်တဲ့ အခါမှာ ခန္ဓာကိုယ်ကို ညှဉ်းပန်း နှိပ်စက်မှု မပြုလုပ်ပေမယ့် စိတ်ပိုင်း ဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှု ရှိခဲ့ကြောင်း၊ ရက်ပေါင်း ၂ဝ ခန့် စစ်ကြောရေး ပြုလုပ်ချိန်မှာ အစားအစာ ကျွေးသော်လည်း စားချင်းစိတ် လုံးဝ မရှိခဲ့ပါ။ သောက်ရေနှင့် မုန့်ခြောက်ကိုသာ အနည်းငယ် စားသောက် နေရုံဖြင့် လူက လန်းဆန်း တက်ကြွှလျက် ရှိနေကြောင်း၊ မေးသမျှ မေးခွန်းတိုင်းကို ငြင်းဆန်လိုစိတ် မရှိခဲ့ကြောင်း၊ နှုတ်က မေးခွန်းကို ချက်ချင်း တုံ့ပြန်လိုမှု မရှိဘဲ လေးလံစွာ ငြင်းဆိုနေမှုကို သတိထားလျက် ရှိရာမှ စစ်ကြောသူက အသံမာမာဖြင့် “ဟုတ်တယ် မဟုတ်လား၊ ဒါက ဒီလိုဆိုလိုက်တာပဲ မဟုတ်လား” ဟု အဖြေပါတဲ့ မေးခွန်းကို ခေါင်းညိတ်ပြီး “ဟုတ်ပါတယ်” ဟု ပြောဆို လိုက်ရကြောင်း၊ စစ်ကြောရေး ပြုလုပ်သူက ၎င်း ရေးသားထားသည့် စာရွက်ပေါ်မှာ လက်မှတ် ရေးထိုးခိုင်းတော့ ကျနော့် ဘာသာရေးမယ့် ထွက်ဆိုချက်ပေါ်မှာပဲ လက်မှတ် ရေးထိုးလိုကြောင်း ပြောပြတဲ့အခါ လက်မခံတဲ့အတွက် သူတို့ကိုယ်တိုင် ရေးသားထားတဲ့ ထွက်ဆိုချက်ကိုသာ ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုး ပေးလိုက်ရတယ်လို့ ပြောပြတယ်။

ဒါနဲ့ သူက ဆက်ပြောတဲ့အခါမှာ စစ်ကြောရေးရက်၂ဝ ပြုလုပ်တဲ့အခါ ဆာလောင် မွတ်သိပ်မှု မရှိခြင်း၊ အိပ်ချင်လိုစိတ် မရှိခြင်း၊ မေးသမျှကို လေးလံစွာ ခေါင်းညိတ်ခြင်း၊ တခါတရံ စိတ်က ငြင်းဆန် နေလိုသော်လည်း နှုတ်က “အင်း” လိုက်၍ သော်လည်းကောင်း၊ ပြောဆို နေခဲ့ခြင်းဟာ စိတ်အာရုံ တလွဲ ဖြစ်ပေါ်လျက် ရှိကြောင်း ဦးဇေယျက ပြောပြပါသည်။ ယင်းကာလမှာ မှတ်မိသလောက် ဝမ်းသွားချင်စိတ် မရှိ၊ ဆီး ၃/၄ ကြိမ် ခန့်ပဲ သွားခဲ့ရာ ယင်းကာလများ၌ သောက်ရေ သောက်သုံးမှုသာ ရှိနေကြောင်း၊ အဆိုပါ သောက်သုံးရေ ထဲတွင် Amphetamines စိတ်ကြွဆေး ခတ်ထားခြင်း ဖြစ်တဲ့ အတွက် ဖြစ်ရကြောင်း၊ နောက်ပိုင်း၌ သူအမှတ်ရမိ၍ ပြန်စဉ်းစား မိတယ်ဟု ကျနော့်ကို ပြောပြပါတယ်။

ယခုကိစ္စကို တိမ်းရှောင်နေတဲ့ ရဲမှူးဝင်းနိုင်နှင့် ပတ်သက်တဲ့အမှု (အင်းစိန်ထောင်ထဲမှာ ရောက်ရှိနေတဲ့) ရဲတပ်ဖွဲ့က ကိုထက်ခိုင် (ကွန်ပြူတာ ကျွမ်းကျင်သူ) ကို မေးမြန်းကြည့်တော့ စစ်ကြောရေး ပြုလုပ်ချိန်မှာ အနံ့အရသာ မရှိတဲ့ Amphetamines ဆေးပြားများကို သောက်ရေမှာ ထည့်တိုက်လေ့ ရှိကြောင်း၊ ယင်း ဆေးပြားများကို စစ်ကြောရေး ပြုလုပ်သူ ရဲများရဲ့ လက်ဝယ် အဆင်သင့် ထားရှိကြောင်း၊ ငယ်ရွယ်သူတို့ကို ခန္ဓာကိုယ် ညှဉ်းပန်း နှိပ်စက်ပြီး စစ်မေးသလို စိတ်ကြွဆေးရည်များ တိုက်ကျွေးပြီး အာရုံ ချွတ်လွဲအောင် ပြုလုပ်ကြောင်း၊ အသက်အရွယ် ကြီးသူတို့ကိုမူ ခန္ဓာကိုယ် ညှဉ်းပန်းမှု ပြုလုပ်ခြင်း မရှိသော်လည်း စိတ်ကြွဆေးရည် တိုက်ကျွေးမှု ပြုလုပ်ကြောင်း သူက ပြောဆိုပြီး ကိုဇေယျ အနေဖြင့် စစ်ကြောရေးက သူ၏ ခံစားချက်ကို ပြန်ပြောင်း သတိရမိလျက် ရှိကြောင်း ပြောပြပါတယ်။

ဒီလိုစစ်ကြောရေးကာလ ရဲထံ ထွက်ဆိုအစစ်ခံချက်၊ တရားခံက ဖြောင့်ချက် (သို့မဟုတ်) ထွက်ဆိုချက် ပေးရတဲ့ အပေါ်မှာ သက်သေခံ အက်ဥပဒေ ပုဒ်မ ၂၄/၂၅/၂၆ တို့အရ အကျုံး ဝင်နိုင်သလား ဆိုတာကို အဓိကထား စဉ်းစား ကြည့်တယ်လို့ ကျနော်က ယူဆပါတယ်။ ဥပဒေအရ ပြောရင် တရားခံရဲ့ ရဲထံ ထွက်ဆို အစစ်ခံချက်ကို တရားရုံးမှာ လာရောက် ထွက်ဆို အစစ် ခံနိုင်ခွင့် မရှိသလို၊ သက်သေခံ မဝင်ဟု ပြဋ္ဌာန်းထားသော်လည်း လက်ခံ စစ်ဆေးနေသော တရားရုံးများက ခွင့်ပြုခြင်း၊ သုံးသပ် ဖော်ပြထားခြင်း တို့ဟာ မြန်မာနိုင်ငံ တရားစီရင်ရေး တရပ်ရဲ့ လွဲမှား အံချော်နေတဲ့ အချက်တရပ်လို့ ထောက်ပြနိုင်ပါတယ်။

အမျိုးသား ထောက်လှမ်းရေး ဥပဒေ တည်ရှိခဲ့တုန်းက စစ်ကြောရေး ပြုလုပ်ခံခဲ့ရတဲ့ ကျောင်းသား သမဂ္ဂ စာတမ်းပြုစုခဲ့သူ စက်မှု တက္ကသိုလ် ကျောင်းသား ကိုအောင်ထွန်း ဆိုသူက သူ့ကို စစ်ကြောရေး ပြုလုပ်တဲ့ အခါမှာ ဆေးထိုးပြီး အာရုံ ချွတ်လွဲအောင် စစ်ဆေးခဲ့ကြောင်း၊ ကြာလာသည်နှင့် အမျှ အသက်အန္တရာယ် ဖြစ်နိုင်ကြောင်း မီဒီယာမှာ သူ ပြောသွားဖူးပါတယ်။ ဥပဒေ ကျောင်းသား မုံရွာက ကိုသက်နောင်စိုး ဆိုရင်လည်း ထောင်ထဲမှာ ဆေးထိုး ခံရပြီး ထောင်က လွတ်လာတာ ၅ နှစ်ကျော်၊ ၆ နှစ်ခန့် ရှိတဲ့တိုင် ယနေ့အထိ ကြောင်တောင်တောင် ခံစားဖြစ်ပေါ်ဆဲပါ။ ယနေ့ အင်းစိန် ထောင်ထဲမှာပင် ရှိနေတဲ့ ကိုသန်းမြင့်အောင် ဆိုရင်လည်း စစ်ကြောရေး ပြုလုပ် ခံရပြီးနောက် အမှုရုံးတင်စစ်ဆေး ခံနေရချိန်ထိ စိတ်ကစဥ့်ကလျား ဖြစ်နေလို့ ရွာသာကြီး စိတ်ရောဂါကု ဆေးရုံသို့ တင်ပို့ရတဲ့ အခြေအနေ ရှိနေခဲ့ကြောင်း၊ ဒါတွေဟာ စစ်ကြောရေး ပြုလုပ်စဉ်က တရားမဝင်တဲ့ ဆေးကျွေး၊ ဆေးထိုးမှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်တဲ့ အတွက် ဥပဒေက ခွင့်မပြုသော နည်းများကို ကျင့်သုံးပြီး ရဲထံ ထွက်ဆိုချက် တခုထဲနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံ သွားရမှုများကို ပြန်လည် စုံစမ်း ဖော်ထုတ် သင့်ပါကြောင်း အကြံပြု အပ်ပါတယ်။

စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေကို န.ဝ.တ စစ်အစိုးရက ဥပဒေ ၁/၉၃ ဖြင့် ပြဋ္ဌာန်း ခဲ့ဖူးပါတယ်။ ရည်ရွယ်ချက် အနေဖြင့် “to prevent the danger of narcotic drugs and psychotropic substances which can cause degeneration of mankind, as a national responsibility” ဟု လူသားတို့ကို အညွန့် တုံးစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၏ ဘေးအန္တရာယ်ကို အမျိုးသားရေး တာဝန်ဖြင့် တားဆီး ကာကွယ်ရန် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ပြဋ္ဌာန်း ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဟု ဖော်ပြ ခဲ့သော်လည်း ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှား တက်ကြွသူ အမှုများနှင့် ပတ်သက်ပြီး စစ်ကြောရေး ပြုလုပ်ရာမှာ စိတ်ကို ပြောင်းလဲ စေတတ်တဲ့ Amphetamines လို့ ခေါ်တဲ့ အလိုအလျောက် အာရုံကြောစိတ်ကို နိုးကြွစေတဲ့ (ရာမ) ဆေးများ တိုက်ကျွေး စစ်ကြောမှုများ ပြုလုပ်နေပါက နာဇီ ဂျာမဏီ ခေတ်ကလို လူညွှန့် တုံးစေတဲ့ လုပ်ရပ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ လုပ်ရပ်အဖြစ် သုတေသနပြု ဖော်ထုတ် သင့်ပါတယ်။ ကမ္ဘာ့ဆေးပညာရှင် အဖွဲ့များ ကလည်း ကန့်ကွက် တားဆီးကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

( ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းသည် ဒီမိုကရေစီလိုလားသော အတိုက်အခံများ အတွက် အခမဲ့ ဥပဒေ အကျိုး ဆောင်ပေးနေသူ ဖြစ်ပြီး စစ်အစိုးရက သူ၏ ရှေ့နေ လိုင်စင်ကို ရုပ်သိမ်း ထားသည်။)

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့