Tuesday, January 31, 2012

မင်းကိုနိုင်တို့ ရပ်တည်ချက်ကို ကြိုဆိုတယ်

လူထုစိန်ဝင်း

25 Jan, 2012.

မင်းကိုနိုင်တို့လွတ်လာပြီး နောက်တရက်မှာ မိတ်ဆွေတဦးရောက်လာပြီး စကားပြောပါတယ်။ ဒီအချိန်ဟာ မင်းကိုနိုင်တို့ အားလုံး အတွက် တဘ၀စာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တခု မဖြစ်မနေ ချရတော့မယ့် အချိန် ဖြစ်တယ်လို့ ယူဆကြောင်း စပြောပါတယ်။

ပြောချင်တာ မရပ်မနား ပြော
သူတို့အားလုံးဟာ ကျောင်းသားလူငယ်လေးများအရွယ်ကို ကျော်လွန်ခဲ့ပြီး၊ လူလတ်ပိုင်း အရွယ် တွေ ဖြစ်နေကြပြီ။ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်မယ် မပါဝင်ဘူး ဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ် ဆုံးဖြတ်ရတော့မယ်။ မပါတော့ဘဲ အေးအေးပဲနေတော့မယ် ဆိုရင် ပြောစရာ မရှိပေမယ့်၊ နိုင်ငံရေး ဆက်လုပ်မယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီမှာ ပါဝင် ပူးပေါင်းမလား၊ ဒါမှမဟုတ် ကိုယ်တိုင်ပါတီထောင်မလား စဉ်းစားရတော့မယ်။ ဒီအတိုင်း ၈၈ မျိုးဆက်ဆိုပြီး လုပ်နေလို့ မရတော့ဘူး။ အခင်းအကျင်းက ပြောင်းသွားပြီ။ လွှတ်တော်နိုင်ငံရေး ခေတ်ဖြစ်နေပြီ။ လမ်းပေါ်နို်င်ငံရေးခေတ် ကုန်သွားပြီ။ ဒါကိုနားမလည်ရင် မြောင်းထဲရောက်သွား လိမ့်မယ်။ သူပြောချင်တာတွေ အကြာကြီးမရပ်မနားပြောပြီးမှ စကား ရပ်သွားတယ်။

ပုတ်သင်ညိုနိုင်ငံရေးသမား
သူက နိုင်ငံရေးသမားတယောက်လို့ ပြောရင်ရတယ်။ ဆိုရှယ်နီ လုပ်ဖူးတယ်။ နောက်တော့ မဆလ ဖြစ်သွားတယ်။ လမ်းစဉ်လူငယ်တို့ ဘာတို့မှာ ပါခဲ့တယ်။ ၈၈ နောက်ပိုင်းရောက်တော့ အစပိုင်းမှာ ဒီချုပ်ထဲ ၀င်လုပ်တယ်။ ဒီချုပ်ခေါင်းဆောင်တွေ အတော်များများ အဖမ်းခံရတော့၊ ဆက် မလုပ်တော့ဘဲ ဘေးထွက်ထိုင်နေခဲ့တယ်။ အခုနောက်ပိုင်း အစိုးရကိုယ်တိုင်က ဒီမိုကရေစီ စကားတွေ ဖောဖောသီသီကြီး ပြောလာချိန်မှာ၊ သူက နိုင်ငံရေးဂုရုကြီး လုပ်ပြီး ဒီမိုကရေစီ ဖတ်စာတွေ ဂျာနယ်တွေမှာ ရေးတယ်။ အမှန်အတိုင်းပြောရရင်တော့ ပုတ်သင်ညို နိုင်ငံရေးသမား လို့ ပြောရမှာပဲ။ သူ့ဟာသူ ပုတ်သင်ညိုပဲ လုပ်လုပ်၊ အိမ်မြှောင်ပဲ လုပ်လုပ် သူ့သဘော သူဆောင်တာမို့ ဘာမှ ပြောစရာ မရှိပါဘူး။ ဒါပေမယ့် သူက ငြိမ်ငြိမ်မနေဘဲ လူတိုင်းကို သူ့လို ပုတ်သင်ညိုဖြစ်အောင် လှုံ့ဆော်နေတာတော့ မျက်စေ့နောက်တယ်။

ဘာမှန်း ညာမှန်း သိပုံမရ
ဒီမိုကရေစီဂုရုကြီးလုပ်ပြီး ဒီမိုကရေစီဖတ်စာတွေသာ လူတတ်ကြီးလုပ်ပြီး ရေးနေတာ၊ ဒီမိုကရေစီ ဆိုတာ ဘာမှန်း ညာမှန်း သိပုံမရဘူး။ ရွေးကောက်ပွဲလုပ်ရင် ဒီမိုကရေစီ ပဲလို့ သူက တထစ်ချ မှတ်ထားတယ်နဲ့တူတယ်။ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အာဏာရှင်တွေလည်း ကမ္ဘာမှာ အများကြီးရှိတယ်ဆိုတာ သူ သိဟန် မတူဘူး။ ဒါကြောင့်သာ လွှတ်တော်နိုင်ငံရေးခေတ် ဖြစ်နေပြီ၊ လမ်းပေါ်နိုင်ငံရေးခေတ် ကုန်သွားပြီလို့ ပြောတာဖြစ်တယ်။ ရွေးကောက်ပွဲတို့ လွှတ်တော်တို့ဆိုတာ ဒီမိုကရေစီရဲ့ အစိပ်အပိုင်းလေးတွေသာ ဖြစ်တယ်။ မပြည့်စုံသေးဘူး။ ယုံကြည်အားကိုးလောက် တဲ့ တရားစီရင်ရေးစနစ်၊ လုံးဝလွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာ၊ လွတ်လပ်တဲ့ အရပ်ဘက် အသင်းအဖွဲ့များ၊ သမဂ္ဂများ၊ စတဲ့ စတဲ့ အင်္ဂါရပ်တွေ အားလုံးနဲ့ ညီညွတ်မှ စစ်မှန်တဲ့ဒီမိုကရေစီလို့ သတ်မှတ်နိုင်တယ်။

နှိမ့်ချ စော်ကားတာ
လမ်းပေါ်နိုင်ငံရေးခေတ်ကုန်သွားပြီ လို့ သူပြောလိုက်တာကလည်း သူများယောင်လို့ လိုက်ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိ ဆိုသလို ကိုယ်ပြောတဲ့စကား ဘယ်အဓိပ္ပာယ်ရောက်သွား တယ်ဆိုတာ မသိဘဲ၊ သူများပြောတဲ့ အတိုင်း လိုက်ပြောနေတာ ဖြစ်တယ်။ ဒီစကားဟာ ပြည်သူတွေကို နှိမ်တဲ့စကား ဖြစ်တယ်။ မြို့နေ ပညာတတ် ရေပေါ်ဆီလူတန်းစား(အီလစ်) တွေက ဆင်စွယ် ရဲတိုက်ကြီးတွေပေါ်က နေပြီး လမ်းပေါ်ကပြည်သူတွေကို ငုံ့ကြည့်ရင်းပြောခဲ့တာ ဖြစ်တယ်။ ဒါကို သူက သံယောင် လိုက်ပြောနေတာ။ တကယ်တော့ လမ်းပေါ်က ပြည်သူတွေဟာ ဒီမိုကရေစီရဲ့ အသက် သွေးကြောဖြစ်တယ်။ ပြည်သူတွေရဲ့လမ်းပေါ်နိုင်ငံရေးကြောင့် နယ်ချဲ့လက် အောက်က လွတ်လပ်ရေးရခဲ့တာ ဖြစ်တယ်။

ဂူဂဲမှာ ရှာကြည့်မယ်
ဒီမိုကရေစီခေတ်မှာ အရာရာကို ပြည်သူက ဆုံးဖြတ်တယ်။ အမြင့်ဆုံး နိုင်ငံတော် အာဏာဟာ ပြည်သူတွေရဲ့ လက်ထဲမှာ ရှိတယ်။ အဲဒီပြည်သူတွေဟာ ဆင်စွယ်ရဲတိုက်ကြီးတွေမှာ နေကြတာ မဟုတ်ဘူး။ လယ်တောတွေမှာ နေကြတယ်။ စက်ရုံ အလုပ်ရုံတွေ ထဲမှာ နေကြတယ်။ လမ်းတွေ ပေါ်မှာ နေကြတယ်။ လမ်းပေါ်နိုင်ငံရေး ဆိုပြီး ရှုပ်ချတာဟာ ပြည်သူတွေကို စော်ကားတာ ဖြစ်တယ်။ ဒါကို မိတ်ဆွေ ပုတ်သင်ညိုနိုင်ငံရေး ဂုရုကြီးက သိတာ မဟုတ်ဘူး။ ပြန်ပြောလည်း လေကုန်ရုံပဲ၊ ပြုံးနေလိုက်တယ်။ ပုတ်သင်ညိုတကောင်ဟာ အရောင် ဘယ်နှစ်ရောင်ထိ ပြောင်းသလဲဆိုတာ သိရအောင် “ဂူဂဲ” မှာ ရှာကြည့်ဦးမှပဲလို့ စိတ်ထဲမှတ်ထားလိုက်တယ်။

ကိုယ်စားပြု ဒီမိုကရေစီ
တကယ်တော့ သူ လုံးလုံးမသိတာ မဟုတ်ပါဘူး။ ဆိုရှယ်နီတောင် လုပ်ခဲ့ဖူးသေးတာပဲ။ လွှတ်တော်နိုင်ငံရေးဆိုတာ ရာနှုန်းပြည့် ဒီမိုကရေစီစစ်စစ် မဟုတ်သေးဘူး၊ “ ကိုယ်စားပြု ဒီမိုကရေစီ” ဘာသာပြန်တယ်။ တိုင်းရေးပြည်သူ့ကိစ္စအ၀၀ကို ပြည်သူတွေကိုယ်တိုင် တိုက်ရိုက် ပါဝင်ဆုံးဖြတ်တဲ့ “ပြည်သူ့ဒီမိုကရေစီ”စနစ် မလုပ်နိုင်ခင် ကာလမှာ၊ အကောင်းဆုံးအဖြစ် အသုံးပြု နေရတာဖြစ်တယ်။ အဲဒီလိုအချိန်မှာ လွှတ်တော်ပြင်ပ အဖွဲ့အစည်းများနဲ့ လုပ်ငန်းသဘာဝ အလျောက် ဖွဲ့စည်းထားတဲ့ သမဂ္ဂများရဲ့အခန်းကဏ္ဍက အင်မတန်အရေးကြီးတယ်။

ဝမ်းသာကြိုဆို
လွှတ်တော်ပြင်ပ အဖွဲ့အစည်းတွေ အားကောင်းမှ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေနဲ့ သူတို့ ကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေကို၊ လမ်းကြောင်းမှန်ပေါ် ဖြောင့်ဖြောင့်တန်းတန်းသွားအောင် တည့်မတ်ပေးနိုင်မှာ ဖြစ်တယ်။ ထောင်က လွတ်လာတဲ့ မင်းကိုနိုင် တို့လူငယ်တွေက ပါတီလည်း မထောင်ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ဘူး၊ ပြည်သူတွေရဲ့အရေးကိစ္စ မှန်သမျှကိုတော့ ရှေး ယခင်ကအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြတာဟာ မှန်ကန်တဲ့ရပ်တည်ချက်လို့ ယူဆတယ်။ အားရ၀မ်းသာ ကြိုဆိုပါတယ်။

Ref: Hot News

0 comments:

အပေါ်သို့