Wednesday, February 1, 2012

အရင် မန်ယူနဲ့ နယူးကာဆယ် ကစားသမား၊ အခု မကွေးအက်ဖ်စီ နည်းပြ

ဒီရေ
January 31, 2012

မစ္စတာ ဒေးဗစ်မက်ခရီရီဟာ ၁၉၈၀ ဝန်းကျင်က နယူးကာဆယ်အသင်းရဲ့ နာမည်ကျော် ကစားသမားတွေထဲက တယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူဟာ မြန်မာနေရှင်နယ်လိဂ်က မကွေးအက်ဖ်စီအသင်းရဲ့ နည်းပြတာဝန် ယူထားသူလည်း ဖြစ်ပါတယ်။

အိုင်းရစ်လူမျိုး မက်ခရီရီရဲ့ ဘဝဖြတ်သန်းမှုထဲမှာကြည့်ရင် အင်္ဂလန် ဒုတိယတန်းက ကာလ်ဆီးနဲ့ ဟတ်တယ်ပူးလ် အသင်းတွေမှာ နည်းပြ ခဲ့ဖူးပြီး အင်္ဂလန်အသင်းရဲ့ နာမည်ကျော် ကွင်းလယ်လူဟောင်း ဂတ်စ်စကွိုင်နီရဲ့ အကြံပေးတဦးလည်း ဖြစ်ခဲ့ပါတယ်။

အိုင်းရစ်လူမျိုး မက်ခရီရီဟာ သူဟာ ၁၉၈၂ ကမ္ဘာ့ဖလားမှာ မြောက်အိုင်ယာလန် အသင်းအတွက် ကစားခဲ့စဉ်တုန်းက Nike ကုမ္ပဏီ ကထုတ်တဲ့ ဖိနပ်ကိုဝတ်ဆင်ကစားခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ Nike ဖိနပ်ဝတ်ဆင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်ထားသူလည်း ဖြစ်ပါတယ်။

သူကစားခဲ့စဉ် အချိန်တွေက ပြင်သစ်က ပလာတီနီ၊ ဟော်လန်က ဂျိုဟန်ခရိုက်၊ ရိုမေးနီးယားမှ ဟာဂျီတို့ဟာ ကစားရခက်တဲ့ ပြိုင်ဘက် ကစားသမားတွေဖြစ်ကြောင်း သူရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ပြောထားပါတယ်။ မက်ခရီရီက နယူးကာဆယ်အသင်းမှာ ကစား ခဲ့စဉ်က လူကြိုက်များတဲ့ ကွင်းလယ်ကစားသမားတဦး ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော်အချိန်က အောင်မြင်တဲ့ ဘောလုံးသမား၊ အခု အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့သူဟာ အရှေ့တောင်အာရှက မြန်မာနိုင်ငံရဲ့ မကွေးအက်ဖ်စီဆိုတဲ့ ကလပ်အသင်းတခုမှာ နည်းစနစ်ဒါရိုက်တာလုပ်ဖို့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

ဆင်းရဲတဲ့ နိုင်ငံငယ်လေးတခုထဲက ဘောလုံးအားကစားကို မြှင့်တင်ချင်တဲ့၊ အတွေ့အကြုံရှိတဲ့ ပရော်ဖက်ရှင်နယ် တယောက်ဖြစ်တဲ့သူက မကွေးအက်ဖ်စီအသင်းရဲ့ ပထမအသင်း၊ အရန်အသင်းနဲ့ လူငယ်အသင်းတွေကို ကြီးကြပ်ပေးမယ်ဆိုတော့ မကွေးအက်ဖ်စီအသင်း အတွက်လည်း ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။ မက်ခရီရီဟာ စာရေးတာကိုလည်း ဝါသနာပါပြီး ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိတခု ထုတ်ဖို့လည်း စီစဉ်နေပါတယ်။

“စာအုပ်ထုတ်ရခြင်း ရည်ရွယ်ချက်က လွန်ခဲ့တဲ့အနှစ် ၃၀ အတွင်းက စိတ်ဝင်စားစရာကောင်းတဲ့ ကျနော့်ဘဝ မှတ်တမ်းတွေကို ပြန်ပြောပြချင်တာပါ။ ကျနော်ကြီးပြင်းခဲ့တဲ့ ပဋိပက္ခတွေကြားက ဘဲလ်ဖတ်စ်မြို့အကြောင်းရယ်၊ ကျနော် ၁၅ နှစ်အရွယ်မှာ မန်ယူအသင်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ အကြောင်းရယ်၊ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကျနော့်ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြသွားမှာပါ” လို့ သူ့ရဲ့ အတ္တုပ္ပတ္တိအကြောင်း ပြောသွားခဲ့ပါတယ်။

“ကျနော့်ရဲ့ အေးဂျင့်က ကျနော် ဘောလုံးလောကကို ပြန်အခြေချချင်တာကို သိနေပြီး ဒီလိုအခွင့်အလမ်းကို ရှာဖွေပေးခဲ့တာပါ၊ ဒါပေ မယ့် ကျနော်ဟာ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရပြီး လိဂ်ပြိုင်ပွဲအသစ်တခုက ကလပ်အသင်းတခုမှာ အလုပ်လုပ်ရမယ်ဆိုတာက ကျနော့်အတွက် ငြင်းဆန်လို့မရနိုင်အောင် ဖြစ်ခဲ့ပါတယ်” ဟု သူ မြန်မာနိုင်ငံကို ရောက်ခဲ့ပုံကို ပြောပြပါတယ်။

ကွင်းတွင်းရော ပြင်ပမှာပါ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့တွေက သူ့အတွက် စိန်ခေါ်မှုတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူနဲ့ သူ့ဇနီး မြန်မာနိုင်ငံမှာ အမြန်အခြေကျအောင် ကူညီပေးခဲ့တဲ့ မကွေးအက်ဖ်စီအသင်းကို ကျေးဇူးတင်ကြောင်းလည်း မက်ခရီရီက ပြောပါတယ်။

ဒါ့အပြင် မြန်မာဘောလုံးနှင့် ပတ်သက်ပြီး “မြန်မာနိုင်ငံမှာ ဘောလုံးအားကစားတိုးတက်ဖို့က အချိန်လိုအပ်နေပါသေးတယ်။ အခုဆိုရင် ကလပ်အသင်းတွေရဲ့ အခြေခံအဆောက်အဦတွေ တိုးတက်လာနေပြီး ဒါတွေဟာ အသက် ၂၃ နှစ်အောက် မြန်မာ့လက်ရွေးစင် အသင်းအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်။ အခုဆိုရင် ကျနော်ဟာ ဘောလုံးအားကစား ယဉ်ကျေးမှုအသစ်ကို ရရှိနေပြီး တကယ်လို့ ကျနော် ဥရောပမှာ ပြန်အခြေချရင် ဒါတွေဟာ ကျနော့်အတွက် အထောက်အကူကောင်းတွေ ဖြစ်မှာပါ” ဟု မက်ခရီရီက ပြောပါတယ်။

လက်ရှိ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားမှာတော့ မက်ခရီရီ ကိုင်တွယ်နေတဲ့ မကွေးအက်ဖ်စီအသင်းဟာ ၁ ပွဲနိုင် ၃ ပွဲသရေ ရလဒ်နဲ့ ရှုံးပွဲ မရှိဘဲ အသင်း ၁၄ သင်းအနက် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့