Monday, July 2, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့အကြား မိတ်ဖက်ခိုင်မာလာခြင်းက အရေးကြီးဆုံးတိုးတက်ဖြစ်ထွန်းမှုဟုသုံးသပ်

ယမင်း(မြစ်မခ)
29 Jun, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တို့အကြား မိတ်ဖက်ခိုင်မာလာခြင်းသည်မြန်မာနိုင်ငံ၏အရေးကြီးဆုံး တိုးတက်ဖြစ် ထွန်းမှုဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနိုင်းရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ရွေးချယ်ခံ ထား ရသူ ဒဲရက်မစ်ချယ်လ်ကသုံးသပ်ပြောဆိုခဲ့သည်။

“ဦးသိန်းစိန်ရဲ့လုပ်ဆောင်မှု တွေကမြန်မာလူမျိုးသန်းပေါင်းများစွာ တို့ရဲ့စိတ်ကူးတွေကို ရှင်းရှင်းလင်းလင်းထင် ဟပ်စေပါတယ်။ ကုန်ခဲ့ တဲ့နှစ်တွေအတွင်းမှာ အရေးပါဆုံးတိုးတက်ဖြစ်ထွန်းမှုလို့  ပြောနိုင်ကောင်းတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်တို့ကြား မိတ်ဖက်ခိုင်မာလာခြင်းပဲ ဖြစ်ပါတယ်” ဟုဒဲရက်မစ်ချယ်လ်က ဇွန်လ(၂၈)ရက်နေ့က ကျင်းပခဲ့သောအထက်လွှတ်တော်နိုင်ငံခြား ဆက်ဆံရေးကော်မတီရှေ့မှောက်၌ ပြော ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့မှာ တူညီသည့်လမ်းကြောင်းအတိုင်း ဦးတည်နေကြသူများ ဖြစ်သည့်အလျောက် အပေါင်းလက္ခဏာသဘောမျိုးဖြင့် မြင်နိုင်ကြောင်းကိုလည်း မြို့တော်သတင်းစာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ မိတ်ဖက်ဖြစ်လာတယ်ဆိုတာဖြစ်နိုင်ပါတယ်။ တူညီတာနှစ်ခုကိုပဲ ဦးတည်နေတာကြောင့် အပေါင်းလက္ခဏာသဘောမျိုး ဖြစ်နေတယ်။ ဒဲရက်မစ်ချယ်လ်က ငြိမ်းချမ်းရေးကိစ္စ တွေကို သူဆောင်ရွက်နိုင်မယ်လို့ မထင်ပါဘူး။ အထက်ကိုတင်ပြမှအထက်ကလုပ်ပေးနိုင်မယ့်ကိစ္စတွေဖြစ်တဲ့ အတွက် အခုကာလဟာ ယုံကြည်လို့မရသေးဘဲစောင့်ကြည့်သင့်တဲ့ ကာလလို့ပဲ မြင်ပါတယ် ” ဟု မြို့တော် သတင်းစာမှအဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလူနည်းစုများအကြားအပြန်အလှန်ယုံကြည်မှု မရှိသေးကြောင်း၊ နိုင်ငံတော် အနေဖြင့်ငြိမ်း ချမ်းရေး နှင့်အမျိုးသားပြန်လည်သွေးစည်းရေးအတွက်အပြန်အလှန်ယုံကြည်မူရှိရန် လိုအပ်ကြောင်းကိုလည်း ဒဲရက်မစ်ချယ်လ်က တိုက်တွန်း ခဲ့သေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးသိန်းစိန်တို့ကြား မိတ်ဖက်ခိုင်မာ လာသည်ဟု ဒဲရက်မစ်ချယ်လ် ၏ပြောဆိုမှုအပေါ်တွင် ယေဘုယျအားဖြင့် လက်ခံကြောင်း နိုင်ငံရေးပါတီများ ကပြောသည်။

“ဒဲရက်မစ်ချယ်လ်က ကျွန်တော်တို့မြန်မာပြည်ထဲက နိုင်ငံရေးပါတီတွေနဲ့လည်းတွေ့ဆုံမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် သူ့ကို ကြိုဆိုပါတယ်။


မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးဟာဆိုရင်လည်းပြည်ထောင်စုတိုင်းရင်းသားချင်း ဖြစ်ပွားတဲ့ကိစ္စမဟုတ်ပါဘူး။ အမေရိကန် Statement Department က နားလည်မှု လွဲနေတာတွေရှိတယ်။ ဒါ့ကြောင့်ဒဲရက်အနေနဲ့ reality တွေကို နိုင်ငံရေးပါတီ တွေ၊ အစိုးရတွေနဲ့ တွေ့ဆုံပြီးကိုင်တွယ်ပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ရခိုင်တိုးတက်ရေးပါတီမှဦးလှစောက ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့