Wednesday, August 8, 2012

မီတာတပ်ဆင်ရာတွင် ပိုမိုပေးဆောင်နေရသောကြောင့် စိန်ကမ်းလန့်ရွာသားများဝေဖန်

အောင်ကိုကိုလတ် (မြစ်မခ)
7 Aug, 2012

ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့ စိန်ကမ်းလန့်ကျေးရွာတွင် လျှပ်စစ်မီးရရှိရန် မီတာလျှောက်ထားသူများအနေဖြင့် သတ်မှတ်နှုန်းထား ထက် ပိုမိုပေးဆောင်နေရသောကြောင့်ဝေဖန်မှုများရှိလာကြောင်း ဒေသခံများထံက သိရှိရသည်။

“ကျွန်မတို့ ပြေစာစာရွက်ထဲမှာ မီတာအတွက် (ပြေစာ)စာရင်းထဲမှာ ၈၄၅ဝဝ (ကျပ်) ဆိုတာပဲပါတယ်၊ သူတို့ ကိုသွင်းတော့ ကျပ် ၁၁၅ဝဝဝ တောင်သွင်းရတယ်၊ ဘာလို့လဲဆိုတာ မေးတော့လည်း မရှင်းပြဘူး ’’ဟု မင်းလှမြို့ စိန်ကမ်းလန့်ကျေးရွာမှ ဒေါ်မြညွှန့်က ပြောသည်။

မင်းလှမြို့၊ စိန်ကမ်းလန့် ကျေးရွာသို့လျှပ်စစ်မီးရရှိရန် နိုင်ငံတော်မှ လမ်းမီးတိုင်များချပေးခြင်း၊မီးကြိုးများ သွယ်တန်းရန် ကြိုးသစ်များ ချပေးခြင်း၊ ကြွေသီးသစ်များ ထုတ်ပေးသော်လည်း လက်ရှိသွယ်တန်းထားသော လျှပ်စစ်မီးကြိုးများမှာ ကြိုးဟောင်းများအား ဆက် ၍အသုံးပြု ထားခြင်းဖြစ်ကြောင်း၊ကြွေသီးများမှာလည်း ကွဲနေကြောင်း ၄င်း၏အမြင်ကို ဆက်လက် ပြောကြားခဲ့သည်။

စိန်ကမ်းလန့်ကျေးရွာရှိ ရပ်မိရပ်ဖအချို့က လျှပ်စစ်မီးရရှိရန် မတည်ငွေဖြင့် ကျေးရွာရှိ မီးတိုင်များစိုက်ထူခြင်း၊ မီးကြိုးများသွယ် တန်းခြင်း၊ မီတာရှိပြီး မီးသွယ်တန်းလိုသူများအား မီးကြိုးသွယ်တန်းနိုင်ရန် ဆောင်ရွက် ပေးလျှက်ရှိပြီး ၄င်းမီးကြိုး၊မီးတိုင်များမှ တဆင့် မီးသွယ်တန်းလိုပါက ကျပ်ငွေ ၇သောင်း ပေးသွင်းရကြောင်း ဒေသခံများထံက သိရှိရသည်။

“ရွာထဲမှာ ပိုက်ဆံတက်နိုင်တဲ့ လေးဦး ငါးဦးလောက်က စုပြီး မီးတိုင်ဆွဲထားတယ်၊ ကိုယ်ထူကိုယ်ထသဘောပေါ့၊ အစိုးရအနေနဲ့ မီတာတောင် ချထားပေးပြီပဲ အဲလို မီးတိုင်မီးကြိုးတွေကို ကျေးရွာ၊ရပ်ကွက်တွေအထိ ဘာလို့လုပ်မပေးတာလဲ’’ ဟု စိန်ကမ်း လန့်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

မြို့ နယ်လျှပ်စစ်ရုံး (EPC) တွင် မီတာတစ်လုံးအတွက် ကျပ် ၆၆ဝဝဝ၊ပုံးအတွက် ၁၈၅ဝဝ ကျပ် ပေးသွင်းရပြီး တပ်ဆင်ခအပါ အဝင် ၁၁၅ဝဝဝ ကျပ် ပေးသွင်းရကြောင်း စိန်ကမ်းလန့်ကျေးရွာမှ ဒေသခံများက ဆိုသည်။

မီတာလျှောက်ထားရာတွင် ပုံစံ (၁ဝ)မိတ္တူ၊ မှတ်ပုံတင်မိတ္တူ လိုအပ်ပြီး ကျပ်ငွေ (၂ဝဝဝ)ဖြင့် ပုံစံပြေစာ ဖြည့်သွင်း လျှောက် ထားနိုင်ကြောင်း၊လျှောက်ထားသူများ၏ နေအိမ်အကွာအဝေးများအား စစ်ဆေး၍မီတာ တပ်ဆင်ခွင့်ပေးထားကြောင်း မင်းလှမြို့ နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက သိရှိရသည်။

“လျှောက်လွှာတွေနဲ့ မှန်မမှန်စစ်ဆေးတယ်၊ပြီးရင် နေအိမ်နဲ့မီးတိုင်အကွာအဝေး ပေ ၃ဝဝ အတွင်းရှိ မရှိစစ် ဆေးတယ်၊ ပေ ၃ဝဝ ကျော်ရင်တော့ တပ်ဆင်လို့မရဘူး၊ တပ်ဆင်ခရော မီတာအတွက်ရော အကုန်လုံး ၁၁၅ဝဝဝ လောက် ကျတယ်’’ ဟု မင်းလှမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့