Tuesday, August 7, 2012

ကိုင်းတန်းဈေးဆန္ဒထုတ်ဖော်သူများအား စည်ပင်ရုံးရှေ့ခေါ်သွား၍ ILO အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ

မင်းမင်းလတ်+မောင်ယဉ်ကျော်(မြစ်မခ)
7 Aug, 2012

ကိုင်းတန်းဈေးမှ ဈေးသူဈေးသားများက လမ်း(၃ဝ)သို့ ပြောင်းရွှေ့ရောင်းချရာမှ ဈေးမရောင်းရ၍ ယမန်နေ့ သြဂုတ်(၆)ရက်နေ့ ည (၁ဝ)နာရီဝန်းကျင်က လူဦးရေ (၃ဝဝ)ဝန်းကျင် ပါဝင်သောဆန္ဒထုတ်ဖော်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကိုင်းတန်းဈေးဆန္ဒထုတ်ဖော်မှုတွင် ILO အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အလုပ်သမားအရေး ခေါင်းဆောင်ကိုအေးသိန်း အား အမှတ် (၃)ရဲစခန်းမှ ဖမ်းထားကြောင်း ဆန္ဒထုတ်ဖော်သူများထံက သိရှိရသည်။

''မနေ့ညကဆန္ဒထုတ်ဖော်မှုမှာ ကိုအေးသိန်းကဆန္ဒထုတ်ဖော်သူတွေကို ၂၆လမ်းစည်ပင်သာယာရုံး ရှေ့ကိုခေါ်သွားလို့ အဖမ်း ခံရတယ်၊ အမှတ်(၃)ရဲစခန်းက ဖမ်းသွားတာလို့သိရတယ်''ဟု ကိုအေးသိန်း၏ မိတ်ဆွေတစ်ဦးဖြစ်သူ ဦးစိုးနိုင်က အတည်ပြု ပြောဆိုသည်။

ဆန္ဒထုတ်ဖော်သူများမှာ ညဦးပိုင်းတွင် ၂၆လမ်းရှိ မြို့တော်စည်ပင်သာယာရေးရုံးသို့ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် မြို့ တော်ဝန်က ဈေးအကျိုးဆောင်(၃)ဦးနှင့် မီဒီယာအပါအဝင် ဈေးသူဈေးသားများအား ည(၁)နာရီ(၄ဝ)မိနစ်တွင် ခေါ်ယူတွေ့ ဆုံခဲ့ကာ ဖျောင်းဖျပြောဆိုခဲ့ကြောင်း သိရှိရသည်။

မြို့တော်ဝန်နှင့်ဈေးသူ ဈေးသား များမှာ နံနက်(၄းဝဝ)ဝန်းကျင်အထိ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဖြေတစုံတရာမှ မရရှိခဲ့ပေ။

အဆိုပါဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဥပဒေမဲ့လုပ်ဆောင်မှုသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ညှာတာထောက် ထားမှု များပြု လုပ်ခဲ့ကြောင်း မြို့နယ်ရဲမှူးက ပြောကြားခဲ့သည်။

ဈေးသူဈေးသားများအနေဖြင့် ပြောင်းရွှေ့ရန်သတ်မှတ်ထားသော လမ်း(၄ဝ)ဈေးသစ်အား ကြိုက်နှစ်သက်ခြင်းမရှိ၍ အခြားတစ် နေရာသို့ တင်ပြမည်ဆိုပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စဉ်းစားသုံးသပ်နိုင်မည်ဖြစ်ကြောင်း ကိုလည်း ရဲမှူးက ဆက် လက် အကြံပြုပြောကြားခဲ့သည်။

ကိုင်းတန်းဈေး မပြောင်းရွှေ့လို၍ ဆန္ဒထုတ်ဖော်နေကြသူများအား မြို့ခံပြည်သူများကဈေး၌သာ ရောင်းချစေလိုကြောင်း အကြံပြု ပြော ဆိုကြသည်။

''ဈေးရောင်းတဲ့သူတွေကို ကိုယ်ချင်းစာပေမယ့် ဈေးဟာဈေးမှာပဲရောင်းသင့်တယ်၊ ရပ်ကွက်တွေ လမ်းတွေပေါ်မှာမဖြစ်သင့်ဘူး၊ ဘယ်လောက်ဝေးဝေးဝယ်မယ့်သူကလာဝယ်မှာပဲ၊ ဒါတွေကအစမို့လို့ပါ၊ ကြာရင်နေသားကျသွားမှာ။ ဈေးသည်တွေအနေနဲ့ တစ် လပြည့်အောင် ရောင်းမကြည့်ပဲ ဆန္ဒပြနေကြတာ အိမ်ရှေ့ပိတ်ရောင်းခံရသူတွေရဲ့ ဒုက္ခကိုလည်း စာနာဦးမှပေါ့'' ဟု ၃၄လမ်း၊ ၇၆-၇၇လမ်းကြားတွင်နေထိုင်သူတစ်ဦးက ပြောသည်။

ကိုင်းတန်းဈေးဟောင်းမှာ လူနေရပ်ကွက်များအကြားဖွင့်လှစ်ရောင်းချသည့် လမ်းဘေးဈေးဖြစ်သောကြောင့် သက်ဆိုင်ရာမှ နေရာ အတည်တကျသတ်မှတ် ရောင်းချစေလိုသည့်အတွက် ဈေးနေရာပြောင်း ရွှေ့ခိုင်ခြင်းဖြစ်ကြောင်းကိုလည်း မြို့ခံများထံ က သိရှိရ သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့