Wednesday, April 3, 2013

ဒဿမနေ့မြောက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး ဆက်လက်ကျင်းပ

April 3, 2013

ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးအား ယနေ့ (ဧပြီ ၃ ရက်နေ့) တွင် ဒဿမနေ့မြောက် ဆက်လက် ကျင်းပနေသည်ဟု သတင်း ရရှိသည်။

လွှတ်တော် အစည်းအဝေးတွင် အဓိကအားဖြင့် စီမံကိန်းများနှင့် ၂၀၁၃-၂၀၁၄ ရခိုင်ပြည်နယ် ဘတ်ဂျက်ကို အဓိကထား ဆွေးနွေးနေသည်ဟု သိရသည်။

စီမံကိန်းများထဲတွင် ဆောက်လုပ်ရေးဌာန၏ ဘတ်ဂျက် သုံးစွဲမည့် ငွေပမာဏမှာ အများဆုံး ဖြစ်ပြီး ရခိုင်ပြည်နယ် ဘတ်ဂျက်၏ ၆၀ ရာခိုင်နုန်းကို ဆောက်လုပ်ရေး ကဏ္ဍတွင် အသုံးပြုသွားမည်ဟု လွှတ်တော်သို့ တက်ရောက်နေသူ စစ်တွေ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ အခု စီမံကိန်းတွေက အများကြီးဘဲ။ အဲဒီအထဲမှာ အကြီးဆုံး စီမံကိန်းက သုံးခု ရှိပါတယ်။ အဲဒီ စီမံကိန်း အတွက် ဘတ်ဂျက်ငွေတွေကို အဓိက သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

၎င်းစီမံကိန်းကြီး (၃) ခုမှာ မာန်အောင်မြို့နယ် ကျွန်းပတ်လမ် ဖေါက်လုပ်ရေး၊ ရသေ့တောင်နှင် စစ်တွေ- ရန်ကုန်ကားလမ်း အား ဆက်သွယ်ပေးမည့် ရသေ့တောင်- ပုဏ္ဍားကျွန်း ကားလမ်း ဖေါက်လုပ်ရေးနှင့် မောင်တော- အငုံမော် ကားလမ်းဖေါက်လုပ်ရေး စီမံကိန်းတို့ ဖြစ်ကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ၂၀၁၃-၁၄ ခုနှစ် ဘတ်ဂျက်ထဲမှ ဆည်မြောင်း တာတမံ တည်ဆောက်ရေးတွင်လည်း ငွေကြေး အမြောက်အမြား အသုံးပြုသွားမည်ဟု ဦးအောင်မြကျော်က ပြောသည်။

ယခုနှစ်မှ စပြီး ဧက ၅၀၀၀ အောက် တာတမံများကို ယခင်ကလို ဗဟို အစိုးရ မကိုင်တော့ဘဲ ပြည်နယ် အစိုးရလက်အောက်သို့ လွဲပြောင်း ပေးလိုက်ပြီ ဖြစ်သဖြင့် ဆည်မြောင်း တာတမံများကို ရခိုင်ပြည်နယ် အစိုးရမှ တိုက်ရိုက်ကွပ်ကဲ စီမံ လုပ်ဆောင်သွားတော့မည်ဟု ဆိုသည်။

ပညာရေးနှင့် ကျန်းမာရေးကို ဗဟို အစိုးရမှ တိုက်ရိုက်ကိုင်တွယ်ထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်တွင် ကျောင်းဟောင်း၊ ကျောင်းသစ် ၁၀၀၀ ကျော် ပြုပြင် တည်ဆောက်သွားမည်ဟု ဆိုသည်။

လွှတ်တော် အစည်းအဝေးအား နောက်ထပ် လေးငါးရက်ခန့် ကျင်းပ ပြုလုပ်ရန် ရှိနေသေးရာ တချို့ စီမံကိန်းများကို အစည်းအဝေးပြီမှ သိရှိရမည်ဟု ဦးအောင်မြကျော်က ပြောသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့