Showing posts with label အထ္တုပ္ပတ္တိ. Show all posts
Showing posts with label အထ္တုပ္ပတ္တိ. Show all posts

Saturday, July 18, 2009

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္တုပ္ပတ္တိများ

July, 19, 2009

ကျဆုံးလေပြီးသော... ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊

အာဇာနည်ခေါင်းဆောင်ကြီးများအား

ဦးညွတ်အလေးပြုပါ၏

=======

ဗိုလ်ချုပ်အောင်ဆန်း

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်း တချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုယ်းစားမှုကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။

-------------

သခင်မြ

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ဖဆပလကို ဖွဲ့သောအခါ ပြည်သူ့ အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။

----------

ဦးဘ၀င်း

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘ၀င်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကို အကြီးဆုံးဖြစ်ပြီး ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ဗမာ ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲ အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေးဘ၀ဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်းဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်း ကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေတို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံရပြီး ကွယ်လွန်သည်။

-----------

ဒီးဒုတ်ဦးဘချို

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ ဗမာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ်တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ယူရာ ၁၀ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေ အထက်တန်းကျောင်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရ၀န်ထမ်းမှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ၀င်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ် ထုတ် "မြန်မာ့ ရီဗျူးဂျာနယ်" ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် "ဒီးဒုတ်ဂျာနယ်" ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူ တစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူး အပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။

-----------

ဦးရာဇတ်

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာ သင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။

----------

မန်းဘခိုင်

ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

-----------

မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း

မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စ၀်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံ မျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသောအခါ ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။

-------------

ဦးအုန်းမောင်

ဦးအုန်းမောင်သည် မင်းဘူးမြို့၊ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)၀န်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၀ိဇ္ဖာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ၀န်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံခဲ့ရသည်။

----------------

ရဲဘော် ကိုထွေး

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

။-----------။

Read More...

Wednesday, February 11, 2009

“မှတ်မိသမျှ - ကိုအောင်ဆန်း၏ ကျောင်းသားဘဝ”

ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်း (ဝါ) ကိုအောင်ဆန်းနှင့် ကျောင်းနေဘက် နိုင်ငံရေးလုပ်ဖော် ကိုင်ဘက် တဦးဖြစ်ခဲ့၍ ကျောင်း၌နေစဉ်က မှတ်မိသမျှကို မှတ်တမ်းတင်လိုက်သည်။ ကိုအောင်ဆန်းသည် ကျွန်တော်တို့ထက် ၂ နှစ်စော၍ တက္ကသိုလ်သို့ ရောက်ရှိနေပါသည်။ ကိုအောင်ဆန်းကို ကျွန်တော်တို့ အတန်းဆင်းချိန်နှင့် သူအတန်းတက်ရန် သုတ်သီးသုတ်ပျာလာချိန်တို့တွင် ‘အင်းဝ’ ဆောင်ရှေ့တွင် မကြာ ခဏ ဆုံစည်းမိတတ်ကြပါသည်။ နောက် ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီးလာခဲ့ကြသည်။

ကိုအောင်ဆန်း၏ ကျောင်းသားဘဝ ဝတ်ပုံဆင်ပုံမှာ ကျွန်တော်တို့အဖို့ အထူးအဆန်းမဟုတ်သော်လည်း အများအဖို့ အတော်ကြီး ထူးဆန်းနေသလိုဖြစ်ခဲ့ပါသည်။ ရွပ္အက်ႌကို ၾကယ္သီးအျပည့္မတတ္ဘဲ ပင္နီ အေပၚအက်ႌကို ကပိုကရိုဝတ်၍ မန္တလေးလုံချည်အနွမ်းကိုပင် ဆင်မြန်းက ဆံပင်စုတ်ဖွားနှင့် သင်ကြားပို့ချ ချက်များလိုက်ရန် မှတ်စုစာအုပ်လက်တွင်ကိုင်ပြီး စိုက်စိုက် စိုက်စိုက်သွားတတ်သည်ကို ယခုတိုင်ပင် မှတ်မိ လျက်ရှိပါသည်။

ကျွန်တော်တို့ အသိမိတ်ဆွေ သူငယ်ချင်းများနှင့် တွေ့လျှင် ကိုအောင်ဆန်းသည် ပြုံး၍သာ နှုတ်ဆက်ပြီး ရှေ့ ဆက်စိုက်စိုက် စိုက်စိုက် သွားလေ့ရှိပါသည်။ တခုခုကို အစဉ်အာရုံစိုက်ပြီး နေသောအသွင်မှာ အမြဲထင်ရှား ၍နေပါသည်။ ကိုအောင်ဆန်းသည် ကျောင်းတွင် သူငယ်ချင်းများနှင့် ‘ဟေးလား - ဝါးလား’ စကားဖွဲ့လေ့မရှိ ပါ။ သင်ကြားပို့ချသမျှကို အမြဲအာရုံစိုက်ပြီး နားထောင် မှတ်သားလေ့ရှိပါသည်။ ထို့ကြောင့်လည်း ကိုအောင် ဆန်း စာမေးပွဲတိုင်း ကောင်းစွာ အောင်မြင်သည်ချည်းဖြစ်ပါသည်။

ကိုအောင်ဆန်းနှင့် ခင်မင်ရင်းနှီးလာပြီး သူ၏ အခန်းသို့ သွားရောက်လည်ပတ်သောအခါ သူ၏ အခန်းမှာ မသေသပ်ဆုံး အခန်းတခု အမြဖြစ်နေသည်ကို ကောင်းစွာသတိပြုမိသည်။ တခါတရံ ကိုအောင်ဆန်းသည် ညလုံးပေါက် စာဖတ်လေ့ရှိပါသည်။ စာသင်ခန်းတွင် နှုတ်ဆိတ်သလောက် သူ၏ အခန်းရောက်၍ စကားစမိ လျှင် ကိုအောင်ဆန်းသည် အာပေါင်အာရင်းသန်သန်နှင့် စိတ်ပါလက်ပါ ပြောလေ့ရှိပါသည်။ မည်သည်ကို လေ့လာ လေ့လာ နှိုက်နှိုက်ချွတ်ချွတ် အပင်ပန်းခံပြီး လေ့လာတတ်ပါသည်။ ထို့ကြောင့် ကိုအောင်ဆန်း စကားပြောလျှင် ပိုင်ပိုင်နိုင်နိုင် ပြောလည်းပြောနိုင်ပါသည်။ သူ၏ ပြောဟန်ထဲမှ ‘ဒီမယ် - ဒီမယ်’ ဟု ပြောပုံ များ ‘ကိုယ့်လူ - ကိုယ့်လူ’ ဟု ပြောပုံများမှာ နားထဲတွင် စွဲ၍ ယနေ့တိုင် ရှိနေပါသေးသည်။

တညနေတွင် သထုံဆောင်၌ နေသော ကိုကျော်ငြိမ်း (ယခု ဒုဝန်ကြီးချုပ်)၊ ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ သုံးဦးသာ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့် (ယခု ကုလားလက်ဘက်ရည်ဆိုင်နား) တွင် ရောင်းနေသော အကြော်ဆိုင်၌ တဝစားကြပြိး အင်းလျားကန်ဘက်ကို လျှောက်ကြပါသည်။ ဘင်္ဂါလီလူငယ် များ၏ ခြောက်လှန့်သတ်ဖြတ်ရေးဝါဒ (Terrorism) ကို သူရွံရှာမုန်းတီးပုံ အားရပါးရ ပြောပြီးလျှင် သူသည် တဦးချင်း လူစွမ်းကောင်းဝါဒကို မုန်းတီးကြောင်း၊ စုပေါင်းစည်းရုံးလုပ်ကိုင်ခြင်း (organized action) ကိုသာ ယုံကြည်ကြောင်း တနာရီကျော်ကျော်ခန့် ပြောနိုင်ခဲ့ပါသည်။

ကိုအောင်ဆန်းစာဖတ်ပုံမှာ အတော်ကြီး စံနစ်ကျလှပါသည်။ ပထမ စာအုပ်၏ မာတိကာကို ကောင်းစွာ မှတ် သားပါသည်။ နောက် တခန်းစီဖတ်လျက် ဖတ်ပြီးသားအခန်းများ၏ အချုပ်သဘောကို မှတ်စုစာအုပ်ဖြစ်စေ၊ စာရွက်လွတ်၌ဖြစ်စေ မာတိကာခေါင်းစဉ်ချ၍ အတိုချုပ် (summary) မိမိဘာသာ မိမိရေးသားလေ့ရှိပါသည်။ ကိုအောင်ဆန်းသည် ကျောင်းစာနှင့် အပြင်စာ နှစ်ခုလုံးကို ကျေလည်အောင် ဖတ်နိုင်သော သတ္တိရှိသူဖြစ် လေသည်။

ထိုခေတ်အခါက ပေါ်ပေါက်နေသော ပြဿနာများ၊ အခြေအနေများကို မကြာခဏဆိုသလို ကိုအောင်ဆန်း နှင့် ဆွေးနွေးကြပါသည်။ ကိုအောင်ဆန်းသည် အဖြီးအဖြန်းမပါဘဲ လိုရင်းအချက်များကို ပြတ်ပြတ်သားသား တစ်တစ်ခွခွ ဖော်ထုတ်လေ့ရှိပါသည်။ စာရေးရာတွင်လည်း အင်္ဂလိပ်ဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် ဖြစ်စေ၊ ထိထိမိမိ ထင်ရှားပေါ်လွင်အောင် ရေးသားနိုင်ပါသည်။ ၂ ဘာသာစလုံးကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူများနည်းပါးသော်လည်း ကိုအောင်ဆန်းမှာ ထိုသို့ ရေးနိုင်သူတဦးဖြစ်ပါသည်။

ကိုအောင်ဆန်း ဥပဒေတန်း ပထမနှစ်သင်ကြားနေခိုက် ထိုစဉ်က ကွယ်လွန်သူ ဒေါက်တာသိန်းမောင် ဦးစီး သော မြန်မာပိုင် အင်္ဂလိပ်သတင်းစာ ‘နယူးဘားမား’ တွင် အချိန်ပိုင် အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ ပါသည်။ ကျွန်တော်လည်း ထိုသတင်းစာတွင်ပင် အချိန်ပိုင်း သတင်းအယ်ဒီတာအဖြစ် လုပ်လျက်ရှိပါသည်။

ကျွန်တော်တို့ ၂- ဦးစလုံးသည် ညနေ ၃- နာရီခွဲကျော်မှ သတင်းစာတိုက်သို့ ရောက်ကြပါသည်။ သတင်းစာ တိုက်ရောက်လျှင် ကိုအောင်ဆန်းသည် နောက်တနေ့အတွက် သတင်းခေါင်းကြီးကို ကြိုတင်စဉ်းစားလာခဲ့ သည့်အတိုင်း ထိုင်ရာမထဆိုသလို တထိုင်တည်းနှင့် အပြီးရေးလေ့ရှိပါသည်။ ကိုအောင်ဆန်းရေးခဲ့သော သတင်းစာခေါင်းကြီးပိုင်းများမှာ နယ်ချဲ့ဆန့်ကျင်ရေးများသာ ဖြစ်ကြပါသည်။ အင်္ဂလိပ်စာကိုရေားရာ၌ နိုင်နင်းသည်နှင့်အမျှ ခက်ခဲလှသော ပြဿနာတို့ကု ရှင်းလင်းပီသစွာ ဖော်ထုတ်နိုင်ခဲ့သဖြင့် နယ်ချဲ့အစိုးရနှင့် နိုင်ငံရေးရပ်ကွက်တို့တွင် ကိုအောင်ဆန်း၏ ‘ခေါင်းကြီးပိုင်း’ များကို လေးလေးစားစား ရှိခဲ့ကြရလေသည်။

မြန်မာဆောင်းပါးများကိုမူ ‘မဟာဒဂုန်’ မဂ္ဂဇင်းကြီး၌ ရေးလေ့ရှိခဲ့ပါသည်။ မြန်မာဆောင်းပါးများ ရေးသောအခါ တွင်လည်း ကိုအောင်ဆန်းသည် မြန်မာသံ ပီပီသသနှင့်သာ ရေးလေ့ရှိခဲ့ပါသည်။ ဟောပြောရာ၌မူ ကိုအောင်ဆန်းသည် ‘ဒေါ’ များများပါပြီး ပြောချင်ဇောကြီးနေသည်ကို မကြာခဏ ကြုံရတတ်ပါသည်။ ‘အိုးဝေ’ မဂ္ဂဇင်းစာတည်းအဖြစ် ကိုအောင်ဆန်းဆောင်ရွက်နေစဉ်မှာ ‘ငရဲခွေးကြီးလွတ်လာလေပြီ’ ဟူသော အင်္ဂလိပ်စာကဏ္ဍပါ ဆောင်းပါးမျာ တက္ကသိုယ်နယ်မြေသာမက တနိုင်ငံလုံး သိမ့်သိမ့်တုန်ခါသွားခဲ့ပါသည်။ ထို ဆောင်းပါးတွင် ဖွင့်ချလိုက်သောအချက်များကို အကြောင်းပြု၍ ကျောင်းသားအရေးတော်ပုံ ပေါ်ခဲ့ရလေ သည်။ ဗမာ့နိုင်ငံရေးဖြစ်စဉ်တွင် မှတ်တိုင်ကြီးတခုဟု ဆိုနိုင်ပါသည်။

သမဂ္ဂကိစ္စများကို ဆောင်ရွက်ရာတွင်လည်း ကိုအောင်ဆန်းသည် အပင်ပန်းခံကာ အသောက် အအိပ်အနေ ကို ပမာမပြုဘဲ လုပ်လေ့ရှိပါသည်။ အလုပ်လုပ်ရမှာကို ဘယ်သောအခါမျှ ကြောက်ရွဲ့ခြင်း မရှိသူများတွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးက အမြဲရှိပါသည်။ ဇွဲလည်း အလွန်ပြင်းထန်ပါသည်။ ဘာလုပ်လုပ် စိတ်ရော ကိုယ်ပါ လုပ်တတ်၍ သူလုပ်သမျှမှာ ခရီးးရောက်လေ့ရှိပါသည်။

ကျောင်းသားဘဝ၌ ဟန်ရေးပြခြင်းကို စက်ဆုတ်ပြီး ထိထိမိမိ လေ့လာမှတ်သားကာ ဇွဲရှိရှိနှင့် လုပ်သားကိုင် သားကျသော ကိုအောင်ဆန်းသည် သခင်အောင်ဆန်းအနေနှင့် ၎င်း၊ ဗိုလ်ချုပ်အောင်ဆန်းအနေနှင့် ၎င်း နိုင်င့တာဝန်တို့ကို မမောနိုင်၊ မပန်းနိုင် ဆက်လက်ထမ်းထောင်ပြီး နိုင်ငံလွတ်လပ်ရေးမုခ်ဦးသို့ အရောက်ပို ဆောင်နိုင်ခဲ့ခြင်းမှာ ကျောင်းသားကျောင်းသူတိုင်း အားကျနည်းယူဖွယ်ပင် ဖြစ်တော့သည်။

ကျောင်းသား ကျောင်းသူတိုင်း ကိုအောင်ဆန်း နည်းတူ နိုင်ငံအတွက် ကြိုးပမ်း အားထုန်နိုင်ကြပါစေ။

သခင်ကျော်စိန်

(၁၉၆၀-၆၁ ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် အတွဲ(၄)၊ အမှတ် (၂) မှ ထုတ်နှုတ်ဖော်ပြပါ သည်။)

Read More...

Tuesday, July 15, 2008

မြန်မာ့အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိများ

ကျဆုံးလေပြီးသော... ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊

အာဇာနည်ခေါင်းဆောင်ကြီးများအား

ဦးညွတ်အလေးပြုပါ၏

ဗိုလ်ချုပ်အောင်ဆန်း

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်း တချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုယ်းစားမှုကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။

သခင်မြ

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာဇာတိဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ဖဆပလကို ဖွဲ့သောအခါ ပြည်သူ့ အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။

ဒီးဒုတ်ဦးဘချို

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ ဗမာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ်တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ယူရာ ၁၀ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေ အထက်တန်းကျောင်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရ၀န်ထမ်းမှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ၀င်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ် ထုတ် "မြန်မာ့ ရီဗျူးဂျာနယ်" ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် "ဒီးဒုတ်ဂျာနယ်" ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူ တစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူး အပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။

ဦးရာဇတ်

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာ သင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။

မန်းဘခိုင်

ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း

မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စ၀်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံ မျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသောအခါ ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။

ဦးဘ၀င်း

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘ၀င်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကို အကြီးဆုံးဖြစ်ပြီး ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ဗမာ ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲ အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေးဘ၀ဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်းဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်း ကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေတို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင်
အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံရပြီး ကွယ်လွန်သည်။

ဦးအုန်းမောင်

ဦးအုန်းမောင်သည် မင်းဘူးမြို့၊ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)၀န်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၀ိဇ္ဖာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ၀န်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံခဲ့ရသည်။

ရဲဘော် ကိုထွေး

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

Read More...

Thursday, February 21, 2008

ကရင်အမျိုးသားအစည်းအရုံး(KNU)၏အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း၏ ကိုယ်ရေးအကျဉ်းချုပ်

ပဒိုမန်းရှာ လားဖန်း
အထွေထွေ အတွင်းရေးမှူး
ကရင်အမျိုးသား အစည်းအရုံး
ကေ အဲန် ယူ
ကိုယ်ရေးအကျဉ်းချုပ်

ပဒိုမန်းရှာလားဖန်းအား ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ဧရာဝတီတိုင်း ပန်းတနော် မြို့နယ်၊ တောကျောင်းကျေးရွာနေ အဖ မန်းဘသော်နှင့် အမိ ဂါ့နမ့်တင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ (၂) ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ အမည်အရင်း မန်းချစ်ရွှေ ဖြစ်ပြီး တော်လှန်ရေးအမည်မှာမန်းရှာလားဖန်းဖြစ်သည်။

၁၉၅၉-၆၀ ခုနှစ်တွင် ပန်းတနော်မြို့နယ်၊ ယင်းတိုက်ကုန်း အလယ်တန်းကျောင်းတွင် မူလတန်း နှင့် အလယ်တန်းပညာကို သင်ယူခဲ့ပြီး ပန်းတနော်အထက်တန်းကျောင်းတွင် (၈) တန်း အောင်မြင်ခဲ့ကာ ရန်ကုန်မြို့ တွင် အထက်တန်းအောင်မြင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ သက္ကသိုလ်ပညာကို သင်ကြားရင်း ၁၉၆၂ ခုနှစ်၊ ဆဲဗင်းဇူလိုင် အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်၌ တက္ကသိုလ်ဝိဇ္ဇာတန်းကို သမိုင်းအဓိက ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၆၃ ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) နှင့် ဆက်သွယ်၍ ၁၉၆၆ ခုနှစ်အထိ ကေအဲန်ယူ မြေအောက်လှုပ်ရှားမှုတာဝန်များကို ဆောင်ရွက်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမ ကရင်တော်လှန်ရေးနယ်မြေထဲသို့ ၀င်ရောက်လာခဲ့ပြီး ကရင်အမျိုး သားအစည်းအရုံး၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၏ တွဲဖက်အတွင်းရေး မှူးအဖြစ် တာဝန်ပေးခြင်းခံရပြီး ၁၉၈၄ ခုနှစ် အထိတာဝန်ယူခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ကရင်တော်လှန်ရေးရဲမေ နမ့်ကျင်ရွှေနှင့် ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် လက်ထပ်ခဲ့ပြီး၊ စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်း သားသမီး (၄)ဦးတို့ ထွန်းကားခဲ့သည်။

၁၉၈၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဗဟိုသဘာပတိအဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၈၄ ခုနှစ် ကရင်နီနယ်စပ်မှ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်စပ်အထိ မြောက်ပိုင်း ခရီးရှည် စည်းရုံးရေးခရီးစဉ်တွင် KNPP, KNU, ALP, PPLO, PSLP, NMSP, KIO, SSPP အဖွဲ့များမှ တိုင်းရင်း သားခေါင်းဆောင်ကြီးများနှင့်အတူ ဒုတိယစစ်ရေးခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သည်။ ထိုခရီးစဉ်တွင် (NDF) ၏ တိုင်းရင်းသား လူမျိုးများတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူများအား တက်တက်ကြွကြွ ဆွေးနွေးဆောင်ရွက်ခဲ့သူတဦးဖြစ်သည်။

၁၉၈၄ ခုနှစ်တွင် ကေအဲန်ယူ ဗဟိုကော်မတီ အဖွဲ့ဝင်တဦးဖြစ်လာပြီး ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး စောဗိုလ်မြ ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှ တော်လှန်ရေးနယ်မြေအတွင်းသို့ ရောက်ရှိလာသည့် ကျောင်းသားများ စုစည်းရေး၊ ညီညွတ်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်ပေးခဲ့သူတဦးဖြစ် သည်။

၁၉၈၉ ခုနှစ် စက်တင်ဘာ(၂၂)ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB) ကို စတင်ဖွဲ့စည်းရာတွင်ပါဝင်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး (၃) အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ကွယ်လွန်ချိန်အထိလည်း (NCUB) ၏ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန် ယူခဲ့သည်။

၁၉၉၅ ခုနှစ် (၁၁) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ရွေးကောက် တင်မြောက်ခြင်းခံခဲ့ရသည်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၆ ခုနှစ် နှစ်ကုန်အထိ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) နှင့် န၀တ တို့ တွေ့ဆုံဆွေးနွေးပွဲ (၄) ကြိမ်ပြုလုပ်ခဲ့ရာ ၁၉၉၆ ခုနှစ် ဖေဖေါ်ဝါရီလ မော်လမြိုင်မြို့တွင်ပြုလုပ်သည့် ဒုတိယ အကြိမ်ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင်။ ၁၉၉၆ ခုနှစ် ဇွန်လ ဗိုလ်ချုပ်ကြီးတာမလာဘောဦးဆောင်သည့် မော်လမြိုင်မြို့တွင်ပြုလုပ်သည့် တတိယ အကြိမ်ဆွေးနွေးပွဲတွင် ဒု-အဖွဲ့ခေါင်းဆောင်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ဗိုလ်ချုပ်ကြီးတာမလာ ဘောဦးဆောင်သည့် စတုတ္ထအကြိမ်ဆွေးနွေးပွဲတွင် ဒု-အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့သည်။

၂၀၀၀ ပြည့်နှစ် (၁၂) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ကေအဲန်ယူ၏ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် (၁၃) ကြိမ်မြောက် ကွန်ဂရက်တွင်လည်း အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရသည်။

ပဒိုမန်းရှာလားဖန်းသည် စာရေးစာဖတ် ၀ါသနာထုံပြီး ကေအဲန်ယူ (ဗဟို) မှထုတ်ဝေသည့် သနူးထူးဂျာနယ်နှင့် လွတ်မြောက်နယ်မြေမှထုတ်ဝေသည့် စာစောင်ဂျာနယ်များတွင်လည်း “ရေဆန်”၊ “တော်လှန်သောရဲဘော် တဦး”၊ “ဇိုယာဖန်း” စသည့် ကလောင်အမည်များဖြင့် တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များ၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ တော်လှန်ရေးနှင့် အတွေးအခေါ်ဆိုင်ရာဆောင်းပါးများ၊ ကဗျာများကို ရေးသားခဲ့သည်။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ညနေ (၄) နာရီ (၄၆) မိနစ် အချိန်တွင် မသမာသူ လူတစု၏ လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့ရသည်။

ခေါင်းဆောင်ဆိုတာ
အသိအမှတ်ပြုလောက်တဲ့
သမိုင်းဖြတ်သန်းမှု ရှိရမယ်။

ပဒိုမန်းရှာလာဖန်း

A Leader
Must Have Gone Through
A Historic Time In Life.

Mahn Sha Lar Phan

Read More...

Friday, January 18, 2008

အရှင်ဂမ္ဘီရ

အရှင်ဂမ္ဘီရ

ဘွဲ့အမည်။ ။ ဦးစန္ဒောဘာသ
လူအမည်။ ။ ညီညီလွင်
ဦးဂမ္ဘီရကို ၁၉၇၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့၌ အဖ
ဦးမင်းလွင်၊ အမိဒေါ်ရေးတို့မှ မကွေးတိုင်း၊ ပေါက်မြို့နယ်၊
ကိုင်းလယ်ကျေးရွာတွင်မွေးဖွားခဲ့သည်။

မိသားစုနောက်ခံပုံရိပ်တစေ့တစောင်း

ဖခင်ဖြစ်သူမှာ စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး ၁၀နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ မဟုတ်မခံစိတ် ရှိပြီး အများအတွက် အနစ်နာ ခံလိုစိတ်များရှိ၍ ထိုစိတ်ဓါတ် ကြောင့်ပင် အထက် လူကြီးများနှင့် မတည့်ဖြစ်ကာ တပ်မှ ထွက်ခဲ့ရသည်။ တပ်မှ ထွက်ပြီးနောက် ဒေါ်ရေးနှင့် အိမ်ထောင်ပြုကာ လက်ဖက်ခြောက်၊ ကျားရိုး၊ ကျားရေ၊ ကျောက်မျက် ရတနာ ကုန်သည် အဖြစ် အသက်မွေးခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်ရေးမှာ ကျောင်းဆရာမဟောင်း တဦး ဖြစ်ခဲ့ပြီး တာဝန်ကျရာ ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာ၊ ကိုင်းလယ် ကျေးရွာတို့ တွင် ၁၃ နှစ်ကြာ တာဝန် ထမ်းခဲ့သည်။ သူမသည်လည်း ၀ါသနာကြောင့်သာလျှင် ကျောင်းဆရာမ အလုပ်ကို ၁၃နှစ်ကြာ တာဝန် ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်က မဆလ လူကြီးများနှင့် အထက်ဖား အောက်ဖိ ကျောင်းအုပ် ဆရာကြီးများ၏ ပညာပြမှုမှာ သြချရလောက်သော ကြောင့်ဖြစ်ပေသည်။

မိသားစုနှင့်အတူအရှင်ဂမ္ဘီရ(ယာဘက်အစွန်)

သပွတ်စုကျေးရွာတွင် တာဝန်ထမ်းဆောင်စဉ်ကဆိုလျှင် အခြားဆရာမများကို ရွာတွင် ၀န်ထမ်း အိမ်ရာများ ပေးခဲ့ သော်လည်း ဒေါ်ရေးကိုမူ ပေါက်မြို့မှနေ့ချင်းပြန် ကျောင်းတက် စေခဲ့သည်။ ထိုအချိန်က ဒေါ်ရေးတွင် သားသမီး နှစ်ယောက် ရှိနေပြီဖြစ်ပြီး ဒုတိယ သမီးမှာ ရက်ငါးဆယ်သာ ရှိသေးသည်။ မဆလ ကောင်စီလူကြီး ဦးမောင်မောင် ၏ တူမဖြစ်သူမှာ ဒေါ်ရေး၏ နေရာတွင် တာဝန် ထမ်းဆောင်လိုသည် ဆိုသောကြောင့် ဒေါ်ရေးမှာ ပေါက်မြို့နှင့် (၈) မိုင်ဝေးသော ကိုင်းလယ်ရွာသို့ ပြောင်းရွှေ့ခြင်း ခံရသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်မှာ ဆန်စက်၊ ဆီစက်များ စတင်တည်ထောင်ကာ စီးပွားရေးကို ကြိုးစားရှာ ဖွေခဲ့ရာ အတန်အသင့် စုမိဆောင်းမိ ဖြစ်လာခဲ့သည်။ ကလေးငယ် နှစ်ဦး တာဝန်၊ ဆီစက်၊ ဆန်စက်များ တာဝန်၊ ထမင်း ဟင်းလျာများ ချက်ခြင်း တာဝန်များကို တစ်ဦးတည်း ယူခဲ့ရသည်။ မိခင်ဖြစ်သူ ဒေါ်ရေးကတော့ အလုပ်ထွက်ရန် ခေါင်းမာနေဆဲ၊ ကျောင်းအုပ် ဆရာကြီး၏ ပညာပြမှုများကို နေ့စဉ် ခါးစည်း ခံနေရမြဲ ဖြစ်သည်။ ဤသို့ဖြင့် ကိုင်းလယ်ရွာသို့ ရောက်ပြီး ၁၁-နှစ်အကြာ အလုပ်မှ ထွက်ခဲ့ရသည်။ ဦးမင်းလွင် သည်လည်း မဆလ လူကြီးများ၏ စစ်မေးမှုများကို မကြာခဏ ခံခဲ့ရသည်။ အကြောင်းပြချက်မှာ “ဘာကြောင့် ဒီလောက် ချမ်းသာသလဲ“ ဟူ၍ဖြစ်သည်။ မကြာခဏလည်း ဖမ်းဆီးရန် ထောင်ချောက် ဆင်ခြင်း ခံရသည်။ မဆလ လူကြီးမင်းများ မုန်းတီးရသည့် အကြောင်းအရင်းမှာ ဦးမင်းလွင်သည် တနယ်သားဖြစ်ပြီး စီးပွား တက်လာခြင်းနှင့် သူ၏မဟုတ်မခံ စိတ်ရှိ ခြင်းကြောင့် သာဖြစ်ပေသည်။ ထိုသို့သော အခြေအနေ အရပ်ရပ်ကြောင့် ၁၉၈၃-ခုနှစ်တွင် ပေါက်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၈၈ခုနှစ် အရေးအခင်းဖြစ်သောအခါ ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်၊ NLD အဖွဲ့ဝင် ဖြစ်ပြီး တသီးပုဂ္ဂလ အမတ်အဖြစ် ရပ်ရွာ လူထု၏ ရွေးချယ် တင်မြှောက်ခြင်း ခံရသူဖြစ်သည်။ ထို အရေးအခင်းတွင် ဦးဂမ္ဘီရ၏ ဖခင်မှာ နှိပ်စက်ခံ ပြည်သူလူထု၏ စိတ်ဓါတ် အုံကြွမှု၊ လက်စားချေလိုမှု၊ လက်တုံ့ပြန် လိုမှုများကို အကြမ်း မဖက်စေဘဲ ငြိမ်းချမ်းရေး အသွင်ဖြင့် ထိန်းသိမ်း ခဲ့သောသူ ဖြစ်ပါသည်။

အကယ်ဆိုလျှင် ၎င်း မဆလများအပေါ် လက်တုံ့ပြန်လျှင်ရနိုင်သော်လည်း ရန်ကို ရန်ချင်း မတုံ့နှင်းခဲ့ပေ။ ရှစ်လေး လုံးကာလ အတွင်းက ဆီစက် တလုံးမှ လွဲ၍ ရှိသမျှ စည်းစိမ် ဥစ္စာများ အားလုံး ကုန်ဆုံး သွားခဲ့သည်။ ပြည်သူလူထု အတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အိမ်၌လည်း အငယ်ဆုံး ကလေးမှ လွဲလျှင် အားလုံး ကျောင်းသားများ ဖြစ်ကြသည်။ အငယ်ဆုံး ကလေးမှာ (၄) နှစ် အရွယ်ဖြစ်သည်။ အရေးအခင်း ပြီးချိန်တွင် ဖခင်ဖြစ်သူနှင့် အကိုကြီးတို့မှာ ထောင် (၁နှစ်ခွဲ) နှင့်(၃) နှစ်စီ ကျခံခဲ့ရသည်။ မိခင် ဖြစ်သူမှာ ဖခင်နှင့် အကိုကြီးတို့၏ အမှုကိစ္စများကို လိုက်လံ ဆောင်ရွက် နေရသောကြောင့် အိမ်မှုကိစ္စများကို မရှောင်မလွှဲသာ ပခုံးပြောင်း တာဝန် ထမ်းဆောင်ရန် လိုအပ်လာသဖြင့် ဒုတိ ယသမီးဖြစ်သူ မခင်သူဌေးမှာ (၁၀) တန်းနှင့် ကျောင်းထွက် လိုက်ရပြီး မောင် ညီမလေးများ အားလုံး (၁၀) တန်း အောင်မြင်ပြီးမှ တဖန် (၁၀) တန်း ပြန်ဖြေ ခဲ့ရသည်။ ဂုဏ်ထူး ၁ ခုနှင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။

၁၉၈၃ခုနှစ် ထိုကာလက ဦးဂမ္ဘီရမှာ အသက်လေးနှစ်ရှိပြီ ဖြစ်သည်။ မွေးချင်း (၇)ယောက်ရှိပြီး ဦးဂမ္ဘီရမှာ (၅) ယောက်မြောက် ဖြစ်သည်။ အသက် (၅) နှစ်အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄) မူလတန်း ကျောင်းတွင် စတင် ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ လေးတန်းအထိ၊ အတန်းစဉ် ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကို အထူး ခံရသူဖြစ်သည်။

ကလေးစစ်သားဖြစ်ရသေး

၁၉၈၈ခုနှစ်မှစ၍ ဦးဂမ္ဘီရ၏စိတ်တွင် မိသားစုများ တကွဲတပြားစီဖြစ်ရခြင်း၊ စီးပွားရေး ကျဆင်း မှုများကို ခံစားရခြင်းနှင့် အတူ နိုင်ငံရေး စိတ်များလည်း အမြစ် တွယ်ခဲ့ဟန် ရှိပါသည်။ ကျောင်းများ (၂) နှစ်ခန့် ပိတ်လိုက်ခြင်း ကြောင့်လည်းကောင်း၊ အုပ်ထိန်းသူ မိဘများ၏ အုပ်ချုပ်မှုကင်းလွတ် သွားခြင်းကြောင့် လည်းကောင်း၊ အသက် ငယ်ငယ်နှင့်ပေခဲ့၊ တေခဲ့ သေးသည်။ မိသားစု အုပ်ချုပ်မှု ပုံစံမှာလည်း ဖခင်မှာ စစ်မှုထမ်းဟောင်း တဦး ဖြစ်ခြင်းကြောင့် စည်းကမ်း တင်းကျပ်ကာ စစ်တပ်ပုံစံ အုပ်ချုပ်ခဲ့သည်။ လူငယ် ဘ၀တွင် ကြောက်ရွံ့ရသော ပုံစံနှင့် ရှင်သန်ရလျှင် ထွက်ပေါက် ရှာကြစမြဲ ဖြစ်သည်နှင့် အညီ မိဘ၏ တင်းကျပ်မှု အောက်တွင် အသက် ငယ်ငယ်နှင့် ပေတေ လေလွင့်ခဲ့သည်။ ထိုအခါ မိဘများက ပို၍တင်းကျပ်၊ တဖန် လူငယ်က ထွက်ပေါက်ရှာ မှားသည့်အခါ နောက်ဆုံး ငရဲတွင်း ရောက်ခဲ့ရသည်။ ဤသို့ဖြင့် အသက်၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား ဘ၀တွင် ကလေး စစ်သား ဖြစ်ခဲ့ရသည်။

သာသာနာ့ဘောင်ရောက်ပြီ

အိမ်မှရုတ်တရက် ပျောက်သွားသော သားဖြစ်သူ၏ သတင်းကို မိဘများက အပူတပြင်း လိုက်လံ စုံစမ်းခဲ့သည်။ ရန်ကုန်ရှိ စစ်ဌာန တစ်ခုတွင်ဟု စုံစမ်း သိရှိရသောအခါ လိုက်လံ ကယ်ထုတ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက ပေါက်မြို့သို့ လာရောက် စုံစမ်းခဲ့သည်။ သားဖြစ်သူကို တွေ့သွားလျှင် အဖမ်းခံရမည်၊ အသက် မပြည့်ဘဲ စစ်မှု ထမ်းရမည်၊ ထောင်ဒဏ် ကျခံရမည်စိုးသောကြောင့် ပေါက်မြို့လေသာတောင် ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဇယ်ပြုကာ သာမဏေ အဖြစ် စတင် ရောက်ရှိခဲ့သည်။ ထို့နောက် ရန်ကုန်ရှိ အင်းစိန် ရွာမ ကျောင်းတိုက်သို့ ပို့ဆောင် ပေးခဲ့သည်။ သာသနာ့ ဘောင်တွင် ပျော်ပိုက်ကာ စာဝါများ လိုက်ခဲ့သည်။ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ စာမေးပွဲများနှင့် နိကာယ် လေးကျမ်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဖြစ်သည်။
အရှင်ဂမ္ဘီရ(ယပ်တောင်နှင့်)

နေထိုင်ခဲ့သော ကျောင်းများကတော့ အစုံအနှံ့ပင်ဖြစ်သည်။ အင်းစိန်ရွာမ၊ ထောက်ကြံ့တောရ၊ သဒ္ဓမ္မ၀ံသ အလုံ ကျောင်းတိုက်၊ ပခုက္ကူ အရှေ့တိုက်၊ အလယ်တိုက်၊ မန္တလေး မစိုးရိမ်ကျောင်း တိုက်တို့ ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် လှည်းကူးမြို့မှ ရဟန်းဒကာ ဦးသိန်းဦးတို့ ဇနီး မောင်နှံနှင့်အတူ၊ မိသားစုတို့က ရဟန်း ခံပေးခဲ့ခြင်း ဖြစ်ပါသည်။ စာဝါ လိုက်နေစဉ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူတွင် ၅ နှစ်ကြာမျှ ဗုဒ္ဓဘာသာ ပြန့်ပွားရေး အတွက် သာသနာ ပြုခဲ့ပါသည်။

အရှင်ဂမ္ဘီရနှင့်ရဟန်းဒကာမိသားစု

ပင်ကိုယ်စိတ်နေစိတ်ရင်း
မိမိ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုးပြီး လွတ်လပ်မှုကို ခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင် ကျင့်မှုများကို စက်ဆုပ်သူဖြစ်သည်။ စာပေကို မြတ်နိုးသော အရှင်ဂမ္ဘီရသည် ဘာသာရေး ဆိုင်ရာ စာအုပ်များ၊ အင်္ဂလိပ်စာနှင့် ဆိုင်သော စာအုပ်များ၊ ကွန်ပြူတာ နည်းပညာနှင့် ဆိုင်သော စာအုပ်များကို အမြဲ ၀ယ်ယူဖတ်ရှု စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံ အရပ်ရပ်ရှိ စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းခဲ့သည်။ သူနေထိုင်ရာ ပေါက်မြို့တွင် စာကြည့်တိုက် တခုကို ထူထောင်၍ စာအုပ်များ လှူဒါန်းခဲ့သည်။ ဇီဝိတ ဒါန သွေးလှူခြင်း အမှုကို လည်း နှစ်စဉ်နှစ်တိုင်းလိုပင် ပြုလုပ်မြဲဖြစ်သည်။

အရှင်ဂမ္ဘီရ(၀ဲဘက်မတ်တက်ရပ်လျှက်)

ရည်မှန်းချက်မှာ------

ထောက်ကြံ့တောရ၌ နေစဉ်အတွင်း ကျောင်းထိုင်ဘုန်းကြီး၏ ချစ်ခင်မှုကို အထူးခံရသူ ဖြစ်သည်။ စာချ ဘုန်းကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ရခိုင်ပြည်နယ် ဘုန်းကြီးကျောင်း တကျောင်း မှလည်း ကျောင်းထိုင် ဘုန်းကြီးအဖြစ် ပင့်ဖိတ်ခြင်း ခံရသည်။ သို့သော် ဓမ္မာစရိယတန်းပြီးလျှင် သာသနာပြု တက္ကသိုလ် တက်ရန် ရည်ရွယ်ချက် ရှိခဲ့သောကြောင့် ကျောင်းမထိုင်ခဲ့ပေ။ သာသနာပြု တက္ကသိုလ်မှ ဘွဲ့ရပြီးလျှင် အိန္ဒိယနိုင်ငံတွင် ပညာ သင်ကြားပြီးလျှင် နိုင်ငံတကာ သာသနာပြု ဓမ္မကထိက အဖြစ် ရှင်သန်သွားရန် ရည်ရွယ်ထားသည်။ အချိန် ရလျှင်လည်း အင်္ဂလိပ်စာနှင့် ကွန်ပြူ တာပညာတို့ကို လေ့လာ လိုက်စားခဲ့သည်။ နိုင်ငံရေးသိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ တို့ကိုလည်း လေ့လာ လိုက်စားခဲ့သည်။ ဘာသာရေးဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့လည်း ရေးသားခဲ့သည်။

လမ်းကြောင်းပြောင်းပြီ
ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ်အတွင်း ၂၀၀၅ ခုနှစ်တွင် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပညာရေး၊ ဘာသာရေး နိမ့်ကျ နေမှုများကို အထူးသိမြင်ကာ လျစ်လျူ မရှုရက်တော့ဘဲ သံဃာထု အတွင်း စည်းရုံးမှုများကို စတင်ခဲ့သည်။ ဒီပဲယင်း အရေးအခင်း ကာလက နှစ်ကြီး ထောင်ကျ အကျဉ်းသားများကို သင်္ကန်း စည်းပေးကာ ဒေါ်အောင် ဆန်းစုကြည်နှင့် ကျောင်းသားများအား အာဏာပိုင်များက အသတ်ခိုင်းမှု အပေါ် အထူး စိတ်နာခဲ့သည်။ စစ်အစိုးရ အာဏာပိုင်များ၏ ဘာသာတရား ကင်းမဲ့မှု၊ သာသနာ တော်ကြီးအား အသရေ ညှိုးနွမ်းအောင် ပြုလုပ်မှု၊ ဘုန်းကြီး အယောင်ဆောင်ကာ နာမည်ဖျက်မှု၊ စစ်အုပ်စု အာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်မှုတို့ကြောင့် မိမိ၏ ရည်ရွယ်ချက်များ အပျက်ခံကာ စာဝါ မလိုက်နိုင်တော့ဘဲ ဤစက်တင်ဘာ အရေးအခင်းကို ဦးဆောင်ပါဝင် လှုပ်ရှား ခဲ့ရပါတော့သည်။

သူ၏ မအိပ်မနေလှုပ်ရှားမှုများကတော့ အံ့မခန်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း တနိုင်ငံလုံးရှိ သံဃာတော် အရှင်သူမြတ် အားလုံး လိုလိုနှင့် ပေါင်းစည်း လက်တွဲနိုင်ခဲ့သည်။ ထို့ကြောင့်ပင်၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးတော်ပုံကြီးမှာ အောင်မြင်စွာ ပေါ်ပေါက် လာခဲ့ရသည်။ သို့သော် အာဏာရှင် ဗိုလ်ချုပ်ကြီးများ အနေဖြင့် သံဃာတော် အရှင်သူမြတ်များ၊ ပြည်သူများ၊ ကျောင်းသား လူငယ်များ အပေါ် ဤကဲ့သို့ ရက်ရက်စက်စက် ချေမှုန်း သတ်ဖြတ်ပစ်မည် ကိုတော့ သူ-လုံးဝ မျှော်လင့် မထားမိခဲ့။ ဤမျှ ရိုင်းစိုင်း ယုတ်မာလိမ့်မည်ဟု မထင်ခဲ့ခြင်းကြောင့်လည်း လမ်းပေါ် ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက နောက်ပိုင်းတွင် ဖွင့်ဟ မြွက်ကြားခဲ့သည်။

ဤအဖြစ်ဆိုးကြီးကို ပြန်လည်းစဉ်းစားမိတိုင်း စိတ်ဖိစီးမှုများခံစားရကာ ကျန်းမာရေး ထိခိုက် လာခဲ့သည်။ သို့သော်လည်း ကျန်းမာရေး ချို့ငဲ့နေသည့် အကြားကပင် ရှောင်တိမ်း ပုန်းအောင်းရင်းနှင့် အရေးတော်ပုံ အရှိန် အဟုန် ကျမသွားရေး ဆက်လက် ထိန်းသိမ်း သယ်ပိုး နေခဲ့ရသည်။ မိတ်ဆွေ အသိုင်းအ၀ိုင်းများမှ သူလွတ်မြောက်ရေး အတွက် ပြည်ပသို့ ထွက်ခွာသွားရန် တိုက်တွန်း ပြောဆို ခဲ့သော်လည်း "တိုက်ပွဲ မအောင်မြင် မချင်း ပြည်ပသို့ ထွက်ခွာမသွားကြေး" ဆိုသည့် တိုက်ပွဲဝင် ရဲဘော်များအကြား ထားရှိခဲ့သည့် ကတိသစ္စာကို သစ္စာရှိရှိ ခိုင်ကျည်စွာ စောင့်ထိန်းခဲ့သည်။

အဖမ်းခံရပြီ
ယခုအချိန်တွင်မူ အာဏာပိုင်များ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှု အောက်၌ အဖမ်း ခံလိုက်ရပေပြီ။ နိုဝင်ဘာ ၄ ရက်နေ့၌ ၎င်းပုန်းအောင်း နေထိုင်သည့် စဥ့်ကိုင်းနယ်ထဲတွင် အဖမ်း ခံလိုက်ရပြီး၊ ရန်ကုန်၊ အင်းစိန်အကျဉ်း ထောင်၊ အဆောင် (၂)၊ အခန်း (၂၃) ၌ တဦးတည်း အထီးကျန် စံပယ်နေရသည်။

ထောင်ကျသော်လည်း
ဒီဇင်ဘာ ၅ ရက်နေ့တွင် မိသားစုအနေဖြင့် ပထမအကြိမ် ထောင်ဝင်စာတွေ့ဆုံခွင့် ရခဲ့သည်။ မိသားစု၏ စီးပွားရေး အခြေအနေ ယိမ်းယိုင် နေခြင်းနှင့်အတူ ခရီးလည်း ဝေးကွာသည့်အတွက် ထောင်ဝင်စာ ပုံမှန် တွေ့ဆုံနိုင်ရန် အတွက်ပင် ရုန်းကန် နေကြရသည်။ အရှင်ဂမ္ဘီရသည် ထောင်တွင်း အထီးကျန်မှုကို တရားတော်များ မှတ်ရင်းနှင့်ပင် ပယ်ဖျောက်ရင်း ပြင်ပတွင် ကျန်နေရစ်သည့် ရဟန်းရှင်လူ ပြည်သူများ၏ နောက်ထပ်တကြိမ် တိုက်ပွဲခေါ် သံကို နားစွင့်နေမည်မှာ မလွဲဧကန်ပင်။

ဦးဂမ္ဘီရပြောနေကြစကားတခွန်းရှိပါသည်။
“ကျုပ်တို့ဘုန်းကြီးတွေဆိုတာက လူတွေလို ဇနီးမယား၊ စည်းစိမ် ဥစ္စာ တွယ်တာစရာတွေ ဘာမှ ရှိတာမဟုတ် ဘူး၊ ကျုပ်တို့ လူဖြစ်လာရတာကိုက သာသနာ ပြုဖို့ အတွက်ဗျ၊ လူတွေ အတွက်ဗျ၊ သာသနာပြုနိုင်ဖို့ ဆိုတာကလည်း လူတွေရဲ့ ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊ မင်းဆိုးမင်းညစ်တွေ ဘေးက ပြေလည် ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှမရှိတဲ့ ကျုပ်တို့က လူတွေရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေ ကို လုပ်ကတည်းက ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်းခံရမှာနဲ့ သေမှာ နှစ်မျိုးပဲရှိတယ်“

Read More...

အပေါ်သို့