ကိုမျိုး (မြန်မာစာ)
စက်တင်ဘာ ၂၃၊ ၂၀၁၀
“အယ်ဒီတာ မောင်မျိုး(မြန်မာစာ) ဆိုတာလား”
မိတ်ဆွေတသိုက်နှင့် ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း(အထက်ဘလောက်) သတ္ထုတွင်းအဆောင်အောက် ပလက်ဖောင်းပေါ်က လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ထမည်အလုပ် လွယ်အိတ်အိုတလုံးလွယ်ကာ ဘောင်းဘီရှည် စတိုင်ကျကျ ဝတ်ထားသော တရုတ်အဘိုးအိုကြီး တယောက် ရောက်ချလာကာ မေးသည်ကြောင့် ...
“ဟုတ်ကဲ့ပါ အဘိုး၊ ထိုင်မလား ခင်ဗျ”
“အေး...ထိုင်မယ်။ မဂ္ဂဇင်းတိုက်က လက်ဖက်ရည်ဆိုင်ကိုညွှန်လို့ လိုက်လာတာ။ ဒါနဲ့ လူလေး အချိန်ရရဲ့လား”
“ဟုတ်ကဲ့ ရပါတယ်အဘိုး ထိုင်ပါ”
“မဂ္ဂဇင်းတိုက်ကို ပုလဲတို့ကော လာတတ်လား”
“ဟုတ်ကဲ့ လာတတ်ပါတယ် အဘိုး။ စာမူတွေလာပေးရင်းဖြစ်ဖြစ်၊ မြို့ထဲရောက်ရင်ဖြစ်ဖြစ် ဝင်လာတတ်ပါတယ်။ ကြီးကြီးဦး (ဒေါ်ခင်ဆွေဦး) လည်း တခါတရံ လာတတ်ပါတယ်။ ဒေါ်ကလျာတို့၊ မသန်းမမြင့်အောင်တို့နဲ့မြို့ထဲမှာ ကိစ္စရှိရင် မဂ္ဂ္ဂဇင်းတိုက်မှာပဲ ဆုံဖြစ်ကြပါတယ်။ မရောက်တာကြာရင်တော့ ကျွန်တော် ကြီးကြီးဦးတို့အိမ် လိုက်သွားပါတယ်။ မကြာမကြာတော့ ဆုံပါတယ်”
ကျွန်တော် ရှည်ရှည်ဝေးဝေးဖြေရင်း ထိုပုဂ္ဂိုလ်ကြီး ဘယ်သူဖြစ်လေမလဲဆိုဟု အကဲခတ်နေမိပါ၏။ ထိုစဉ်မှာပဲ အဘိုးအိုကြီးက လွယ်အိတ်အိုကြီးထဲမှ ဆွဲထုတ်ပေးလာသည့် စာမူကြောင့် နာမည်ကိုတော့ သိလိုက်ရပါပြီ။
“တိုးတက်ရေး အုန်းမြင့်” ဆိုပါလား။ သို့သော် ... ... စာမူ လူကြုံယူလာပေးတာလား။ ကာယကံရှင် စာရေးဆရာကြီး ပေပဲလားဆိုတာကိုတော့ စကားပြောရင်း မီးစင်ကြည့်ကရဦးမည့်အဖြစ်။
စာမူကို ရိုသေစွာလှမ်းယူအပြီးမှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလ သမိုင်းဆိုင်ရာ ဆောင်းပါးအမျိုးအစား ဖြစ်နေခြင်းကြောင့် အားတက်သရော စိတ်ဝင်တစား ဖတ်ဖြစ်တော့မလို ဖြစ်သွားရသေးသည်။ ပြီးမှ ကိုယ် စာဖတ်နေစဉ်တွင် လက်ဖက်ရည်ဆိုင်ခုံပုလေးမှာ သက်ကြီးရွယ်အိုကြီးက ငုတ်တုတ်ထိုင်စောင့်ရမည့် အဖြစ်အား စာနာသတိရမိသွားကာ အဘိုးအိုပြောလိုရာ ပြောဆိုနိုင်စေဖို့ကို မျက်နှာအမူအယာပြ စကားစလိုက်မိသည်။
“ဟုတ်ကဲ့ပါ အဘိုး”
“အေး ... စာမူ သုံးလို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ် အဘိုး။ ကျွန်တော်တို့လူငယ်တွေ စိတ်ဝင်စားတဲ့ အကြောင်းအရာပါ”
“အေး ဒါဆို ဆောင်းပါးမှာ ဒီဓာတ်ပုံလေး သုံးချင်တယ်”
အဘိုးအိုလှမ်းပေးလိုက်တဲ့ ဓာတ်ပုံကြောင့် ကျွန်တော် လွန်စွာအံ့သြသဘောကျ ဖြစ်သွားရသည်။ တခါမျှ မမြင်ဖူးသော ဓာတ်ပုံ။ သို့သော် အဆိုပါဓာတ်ပုံပါ ပုဂ္ဂိုလ်ကြီးတဦးကတော့ ကျွန်တော် အခါခါမြင်ဖူးပြီး ရင်ထဲအသည်းထဲက ချစ်မြတ်နိုးသောသူ။
“ဗိုလ်ချုပ်အောင်ဆန်း”
“အေး ... ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပဲ။ ဟိုဘက်အစွန်က သခင်သန်းထွန်း။ သခင်သန်းထွန်းဘေး က အဘိုးရဲ့ ပုံပေါ့”
“ဗျာ”
ကျွန်တော် ထပ်ခါအံ့သြသွားရပြန်သည်။ မြန်မာ့လွတ်လပ်ရေး ရာဇဝင်သမိုင်းထဲက ပုဂ္ဂိုလ်ကြီးတဦးကို ကျွန်တော် မျက်ဝါးထင်ထင် မြင်တွေ့နေရပါရော့လား။ အံ့သြဝမ်းသာဖြစ်စိတ်တွေနှင့်အတူ စောစောက တရုတ်အဘိုးကြီးတဦးဟု ထင်မိခဲ့။ စာမူ လူကြုံယူလာပေးသူဟု ထင်မှားမိခဲ့မှုတွေက အံ့သြ အထင်ကြီးလေးစားမှုတွေနောက်မှာ နေလာ နှင်းပျောက်သလို လွင့်ပျောက်သွားခဲ့ပြီ။
“ဒါဆို အဘက သခင်တယောက်ပေါ့”
“ဟုတ်တယ် သခင်အုန်းမြင့် ဆိုတာ အဘပဲ။ တိုးတက်ရေး အုန်းမြင့်လို့လည်း စာတွေ ရေးတယ်လေ။ ဖတ်ဖူးတယ် မဟုတ်လား”
ကျွန်တော် မျက်လွှာချ ခေါင်းငုံ့သွားမိသည်ထင်။
“ပုလဲတို့ကတော့ မောင်မျိုး(မြန်မာစာ)ဆိုတာ လိမ္မာတယ်၊ တော်တယ်၊ စာပေဝါသနာလည်း တော်တော်ကြီးတယ်လို့ ပြောကြတယ်။ အဲဒါနဲ့ အဘလည်း စာမူလာပေးရင်း ဂုဏ်ပြုတာ”
ကျွန်တော် ရှက်စိတ်တွေကြောင့် အဘိုးရှေ့မှာ အငွေ့အဖြစ်နှင့် လွင့်ပျောက်သွားလိုက်ချင်ပါတော့သည်။ အဘွား (ဆရာကြီး မဟာဆွေ၏ ဇနီး)၊ ကြီးကြီးဦး (ဒေါ်ခင်ဆွေဦး)နှင့် မပုလဲ (ဒေါ်ခင်ဆွေဦး၏ သမီး) တို့က ကျွန်တော် စပယ်ဖြူမဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ရဲအောင် ယုံကြည်မှုတွေ မြင့်မား စေလိုသည့်သဘောဖြင့် တွေ့မြင်သမျှ စာပေအသိုင်းအဝိုင်းက ပုဂ္ဂိုလ်ကြီးငယ်တွေကို သူတို့မဂ္ဂဇင်း၏ အယ်ဒီတာလေးအား ချစ်ခင်ရင်းနှီးစေရန် လိုသည်ထက်ပိုကာ ချီးမွမ်းခြင်းဖြစ်ကြောင်း ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ အဘိုးရှေ့မှာ ခေါင်းပင်ပြန်မဖော်နိုင်တော့။ ဒါကို အဘိုး တိုးတက်ရေး အုန်းမြင့် (ခေါ်) သခင်အုန်းမြင့်က သတိမူမိကောင်းမူမိနိုင်၏။
သို့သော် အဘိုးက ကျွန်တော်အားတက်စေဖို့ စကားတွေနှင့် ဒီခေတ်လူငယ်တွေ တော်ကြောင်း၊ ကြိုးစားကြောင်း ချီးမွမ်းခန်းတွေဖွင့်ကာ အားပေးလို့မဆုံး။ ကျွန်တော်ကတော့ ဆောင်းပါးအတွက် အဘိုးပေးသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလဆီမှ လူငယ် ၆ ဦးပါ ဓာတ်ပုံထဲကလူငယ်တွေ၏ ခြေမှုံလောက်ပင် ကျွန်တော့်မှာ အစွမ်းအစမရှိကြောင်း စိတ်ထဲက ပြောဆိုနေမိခဲ့သည်။ ထိုအဖြစ်က ၁၅ နှစ်ကျော်မျှ ရှိခဲ့ပြီ။
သို့သော် ကျွန်တော်သည် လူငယ်ဘဝကနေ လူလတ်ပိုင်း အရွယ်နီးပါးရောက်လာခဲ့ရသော်လည်း ထိုဓာတ်ပုံထဲက လူငယ်တသိုက်၏ ခြေမှုံမျှ လူစွမ်းလူစ မရှိနိုင်ခဲ့သေးသည်မှာ သေချာပါ၏။
အဘိုး သခင်အုန်းမြင့်သို့ အမှတ်တရ
Showing posts with label E ဆောင်းပါး. Show all posts
Showing posts with label E ဆောင်းပါး. Show all posts
Friday, September 24, 2010
အဘိုးနှင့် ကျွန်တော်
Labels:
E ဆောင်းပါး
Subscribe to:
Posts (Atom)


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88