မနေ့က စစ်အစိုးရမှ အကျဉ်းသား ၉၀၀၀ ကျော်ကို လွှတ်ပေးရာတွင် ထောင်ဒဏ်နှစ်ရှည်ချခံထားရသော အသက် ၇၉ နှစ်ရှိ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း ပြန်လည်လွှတ်ပေး လိုက်ကြောင်း သိရသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်
ဦးဝင်းတင်သည် ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၈၉ ခု ဇူလိုင် (၄) ရက်တွင် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။ လွတ်ရက်စေ့ကာနီး ၁၉၉၂ မတ်လတွင် ထောင်ဒဏ် (၁၀) နှစ် ထပ်မံချခံရပြီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ထံ စာရေးတိုင်ကြားမှုဖြင့် ၁၉၉၆ မတ်လ၌ နောက်ထပ် ထောင်ဒဏ် (၇) နှစ် ထပ်ဆင့် ချမှတ်ခံခဲ့ရသည်။
အသက် (၇၉) နှစ်ရှိပြီဖြစ်သည့် ဦးဝင်းတင်သည် အကျဉ်းထောင်တွင်း၌ သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် အရိုးကျီးပေါင်းတက် ဝေဒနာများ ခံစားနေရပြီး ပြီးခဲ့သည့် ဇူလိုင်လက ထောင်သက်တမ်း (၁၉) နှစ်ပြည့်ပြီဖြစ်ကာ သက်တမ်းကျော်လွန်ပြီး ဖမ်းဆီးခံထားရသည့် နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဖြစ်သည်။
နိုင်ငံရေးမလုပ်တော့ပါဟု ခံဝန်ချက်ကတိ လက်မှတ်ရေးထိုးလျှင် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရက အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ဦးဝင်းတင်က ထိုကမ်းလှမ်းချက်ကို တောက်လျှောက်ပယ်ချခဲ့သည်။ ၂၀၀၅ ဇူလိုင်လတွင် အာဏာပိုင်များက ဦးဝင်းတင်ကို ပြန်လွှတ်ပေးရန် စီစဉ်ခဲ့ပြီး အင်းစိန်ထောင်ဗူးဝသို့ ရောက်ရှိပြီးကာမှ ထောင်မှူးက ပြန်ခေါ်ဆောင်ကာ ပြန်လည် အကျဉ်းချထားခြင်း ခံခဲ့ရသည်။
ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို (UNESCO) မှချီးမြင့်သော ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (Guillermo Cano World Press Freedom Prize) နှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom)၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆု (Winner of Reporters Without Border) များကို ချီးမြှင့်ခဲ့သည်။
ယခုအကျဉ်းသားများ လွှတ်ပေးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လွှတ်တော် အမတ် များဖြစ်သည့် ဒေါက်တာ သန်းငြိမ်း( ပြည်ထောင်)၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့် ( အင်းစိန် ထောင်)နှင့် ဦးအောင်စိုးမြင့် (သရက်ထောင်)တို့လည်း ပြန်လည် လွတ် မြောက်လာကြောင်းသိရသည်။
သရက်ထောင်မှ လွှတ်သည့် အကျဉ်းသား ၄၀ တွင် ဦးအောင်စိုးမြင့် တဦးသာလျှင် နိုင်ငံရေးအကျဉ်းသား ပါဝင် ကြောင်း သိရသည်။
အန်အယ်လ်ဒီ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးခင်မောင်ဆွေ ကို လားရှိုးထောင်မှ ပြန်လည် လွှတ်ပေးလိုက် ကြောင်း၊ တတ်သိပညာရှင်များအဖွဲ့မှ ဦးဝင်းထိန်ကို ကသာထောင်မှလွှတ်ကြောင်း၊ သပိတ်ကျင်း အန်အယ်လ်ဒီ ဦးအေးသိန်း ကို ကလေးထောင်မှ ပြန်လွှတ်လိုက်ကြောင်းနှင့် မန္တလေး အန်အယ်လ်ဒီ ဦးသိန်းတန်ကို မန္တလေး ထောင်မှ ပြန်လွှတ်လိုက်ကြောင်းလည်း မိသားစုဝင်များက ပြောပြသည်။
စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ယခုကဲ့သို့ အကျဉ်းသားများအားပြန်လွှတ်ပေးခြင်းသည် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အကျိုးပြုစေမည့် နိုင်ငံသားများဖြစ်စေရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် နိုင်ငံတ၀န်း အကျဉ်းစခန်းများမှ အကျဉ်သား ၉၀၀၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


Read More...
Collapse...
အင်တာနက်ဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ဆောင်ကျဉ်းရာမှာ အထိရောက်ဆုံး ကိရိယာ တခု ဖြစ်ပါတယ်လို့ အင်တာနက်နဲ့ သတင်း လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားသူတွေက ပြောကြပါတယ်။ အင်တာနက်ကို အစိုးရတွေက ဆင်ဆာလုပ် ပိတ်ပင်ကြသလို အဲဒီပိတ်ပင်မှုကို တန်ပြန် ကျော်လွှားဖို့ ကြိုးစားတာတွေကလည်း အရှိန်အဟုန်နဲ့ ဖြစ်ပေါ် နေပါတယ်။
BBG ခေါ် အမေရိကန်ပြည်ထောင်စု အသံလွှင့်လုပ်ငန်းများဆိုင်ရာ အုပ်ချုပ်ရေးဘုတ်အဖွဲ့က မနေ့ က စီစဉ်ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ အဲဒီလို သုံးသပ်ပြောဆိုသွားကြတာပါ။ “မီဒီယာအသစ်နှင့် ဆင်ဆာအသစ်၊ သတင်း လွတ်လပ်ခွင့်ပေါ် အာဏာပိုင်တို့၏ တိုက်ခိုက်မှု” လို့ ဆွေးနွေးပွဲကို ခေါင်းစဉ်တပ်ထားပါတယ်။ ဒီဆွေးနွေးပွဲမှာ အင်တာနက်ကိုဆင်ဆာလုပ်တာနဲ့ ဆင်ဆာလုပ်တာကို တန်ပြန်တာတွေနဲ့ပတ်သက်ပြီး နည်းပညာရှုဒေါင့်ကနေ သုံးသပ် ပြောဆိုသွားသူကတော့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ရေးအဖွဲ့ချုပ် (Global Internet Freedom Consortium) က ဒုတိယညွှန်ကြားရေးမှူး ရှီးယု ဂျောင် (Shiyu Zhou) ပါ။
ရှီးယု ဂျောင် (Shiyu Zhou)
အင်တာနက်ဟာ မြန်မာနိုင်ငံလို လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်း ပေးနိုင်မယ့် အရေးပါ ထိရောက်လှတဲ့ မာလ်တီမီဒီယာ ကိရိယာတခု ဖြစ်လာနေပါတယ်လို့ ရှီးယု ဂျောင် က ပြောပါတယ်။ ဒါ့ကြောင့်လည်း လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေက အစိုးရတွေဟာ အင်တာနက်ကို ဆင်ဆာလုပ်ဖို့ ငွေကြေးတွေ၊ လူအင်အားတွေ၊ နည်းပညာတွေသုံးပြီး အပြင်းအထန် ကြိုးစားလာကြတာပါ။
တဘက်မှာလည်း ရှီးယု ဂျောင်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ်ရေး အဖွဲ့ချုပ် အပါအ၀င် အဖွဲ့အစည်း အသီးသီးက နည်းပညာတွေ ဖြန့်ဝေ အထောက်အပံ့ပြုပြီးတော့ ဆင်ဆာလုပ်တာကို ကျော်လွှားပြီးအသုံးပြုနိုင်ဖို့ တန်ပြန် လုပ်ဆောင်ကြပါတယ်။
“အခုလက်ရှိအချိန်မှာ ဆင်ဆာလုပ်တာကိုကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ကွန်ယက်ကို ကမ္ဘာတ၀ှမ်းက လွတ်လပ် ပွင့်လင်းမှု မရှိတဲ့ လူ့အဖွဲ့အစည်း ၄၀ ကျော်ကနေ တရက်ကို အကြိမ်ပေါင်း သန်း ၅၀၀ ကျော် အသုံးပြုနေပါတယ်။ ဒီထဲမှာ တရုတ် နိုင်ငံက သန်း ၂၂၀၊ အီရန်က သန်း ၁၂၀၊ အာရပ်စော်ဘွားများပြည်ထောင်စုက သန်း ၄၀။ ဆော်ဒီအာရေးဗီးယားနိုင်ငံက ၂၅ သန်း၊ ဆီးရီးယား နိုင်ငံက သန်း ၂၀ နဲ့ မြန်မာနိုင်ငံက ၄ သန်း အသီးသီး အသုံးပြုနေ ကြပါတယ်။”
အပိတ် နိုင်ငံ တခုခုမှာ ထူးခြားတဲ့ ဖြစ်ရပ်တခုခု ဖြစ်ပျက်ပြီဆိုရင် ဆင်ဆာကို ကျော်တဲ့ကွန်ယက်ကို အဲဒီနိုင်ငံကနေ အသုံးပြုတဲ့ အရေအတွက်ဟာ ထိုး တက်သွားတယ်လို့လည်း ရှီးယု ဂျောင်ကပြောပါတယ်။
“ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အစိုးရက နှိမ်နင်းဖြိုခွဲတဲ့အချိန်မှာ ကျနော်တို့ရဲ့ ကွန်ယက်ကို အသုံးပြုတဲ့အရေအတွက်ဟာ လေးဆတိုးသွားခဲ့ပါတယ်။”
ပိုစိတ်ဝင်စားစရာကောင်းတာကတော့ ဖြစ်ရပ်တခုခုဖြစ်ပျက်တာက ပြီးသွားပေမယ့် အသုံးပြုတဲ့အရေအတွက် တိုးသွား တာက ပြန်ကျမသွားဘဲ အဲဒီအတိုင်း ဆက်ပြီးရှိနေတာပါပဲလို့လည်း ရှီးယု ဂျောင်ကပြောပါတယ်။ ဒါ့ကြောင့်လည်း အင်တာနက်ဟာ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေ ပြောင်းလဲရေးအတွက် အင်မတန်အရေးပါပါ တယ်လို့ဆိုပါတယ်။
“သတင်းလွတ်လပ်ခွင့်၊ အထူးသဖြင့် အင်တာနက်လွတ်လပ်ခွင့်ဟာ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူ့အစည်းတွေမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ရရှိဖို့အတွက် အထိရောက်ဆုံး၊ စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်။”
အင်တာနက်ဆင်ဆာကို ကျော်လွှားနိုင်ရေး နည်းပညာပိုင်း အထောက်အပံ့ပြုပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ် ရေးအဖွဲ့ချုပ်က ဒုတိယညွှန်ကြားရေးမှူး ရှီးယု ဂျောင်ပါ။
အင်တာနက်ကိုထိန်းချုပ်ဖို့ ကြိုးစားကြတဲ့ အစိုးရတွေကို နည်းပညာပိုင်း အထောက်အပံ့ပြုနေတဲ့ ကုမ္ပဏီတွေဟာ အနောက်နိုင်ငံ တွေက နည်းပညာကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သတင်းနဲ့ အင်တာနက် လွတ်လပ်ခွင့် အတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေက အဲဒီကုမ္ပဏီတွေကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ မကြာခဏ လုပ်လေ့ ရှိပါတယ်။ သိပ်မကြာသေးခင်ကဆိုရင် ထင်ရှားတဲ့ ယာဟူးတို့၊ ဂူဂယ်လ်တို့၊ ဆစ်စကိုကိုတို့လို ကုမ္ပဏီကြီးတွေ တရုတ်အစိုးရရဲ့ အင်တာနက်ထိန်းချုပ်ရေးမှာ အကူအညီ ပေးကြတာကြောင့် အကြီးအကျယ် အဝေဖန်ခံကြရပါသေးတယ်၊
အခုဆိုရင်ဖြင့် အင်တာနက်ပေါ်မှာ ကိုယ်ပိုင်စာမျက်နှာလေးဖွင့်ပြီး ရေးသားပြောဆိုကြတဲ့ ဘလော်ဂါလို့ခေါ်တဲ့ အင်တာနက် သုံးစွဲ သူတွေဟာ အစိုးရတွေရဲ့ပစ်မှတ်တွေဖြစ်လာပါတယ်။
မြန်မာနိုင်ငံဖြစ်ရပ်မှာဆိုရင်လည်း ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေက လောင်စာဆီဈေးတွေတက်တာကို ကန့်ကွက် ဆန္ဒပြပုံတွေ၊ ရွှေဝါရောင်တော်လှန်ရေးရဲ့ ရုပ်ပုံတွေဟာ ဘလော်ဂါစာမျက်နှာတွေကတဆင့် ကမ္ဘာတ၀ှမ်းကို ချက်ခြင်းဆိုသလို ပြန့်နှံ့သွားခဲ့တာကြောင့် မြန်မာအစိုးရ အငိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီရုပ်ပုံတွေကြောင့်ပဲ ဂျပန် ဓာတ်ပုံသတင်းထောက် ခန်းဂျိ နာဂအိ သေနတ်နဲ့အပစ်ခံရတဲ့ပုံဟာလည်း ကမ္ဘာတလွှား ထင်ရှားခဲ့ပါတယ်။
အခုလက်ရှိမှာ မြန်မာအစိုးရဟာ ထင်ရှားတဲ့ လူရွှင်တော် ဘလော်ဂါ ကိုဇာဂနာနဲ့ ကိုနေဘုန်းလတ်တို့အပါအ၀င် ဘလော်ဂါ တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကပြောကြပါတယ်။ ဒီ့အတွက်လည်း မြန်မာအစိုးရဟာ နိုင်ငံတကာက အဆက်မပြတ်ဝေဖန်တာကို ခံနေရပါတယ်။
ဒါပေမယ့် မြန်မာအာဏာပိုင်တွေကတော့ ဒီနေ့အချိန်ထိ သူတို့ရဲ့တင်းကျပ်မှုကို လာမယ့် လပိုင်းနှစ်ပိုင်းတွေမှာ လျှော့ပေါ့ ပေးမယ့် အရိပ်လက္ခဏာမတွေ့ရသေးပါဘူး။ တဘက်မှာလည်း ရှီးယု ဂျောင်ပြောသလို အင်မတန် ထိရောက်ပြီး ကုန်ကျစရိတ် သက်သာလှတဲ့ ဒီ အင်တာနက်ကိရိယာကိုအသုံးပြုပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ ကြိုးစားသူတွေကလည်း ဆက်ရှိ နေဦးမှာပဲလို့ သုံးသပ် ပြောဆိုကြကြောင်းပါခင်ဗျား။
Ref: VOA news
Read More...
Collapse...
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီအား မတွေ့ဆုံခဲ့ခြင်းသည် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက်ပြီး အကျိုးသက်ရောက်မှု မရှိခြင်းကို ထင်ရှားစွာ သိမြင်စေလို၍ဖြစ်ကြောင်း ပြည်တွင်း ပြည်ပရှိ အတိုက် အခံများနှင့် လေ့လာသူများက ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့မှ ဒေါက်တာဝင်းနိုင်က“ကျနော့်အယူအဆအရ မစ္စတာ ဂန်ဘာရီနဲ့ တွေ့ဆုံမှုမရှိတာဟာ ဂန်ဘာရီ တဦးတည်းတင်မကဘူး၊ ကုလသမဂ္ဂ ကို ပါ Message ပေးတာ ပဲ၊ ပြည်သူလူထု ကိုလည်း ပေးတာ၊ တွေ့ဆုံ ဆွေးနွေးပွဲတွေဟာ ဘာမှ ထိရောက်မှု မရှိဘူးဆိုတာ၊ နောက်တခုက ကုလသမဂ္ဂရဲ့ ဆောင်ရွက် မှုတွေဟာ အချိန် ကာလတွေသာ ရှည်လျားလာတာ တိုင်းပြည်အတွက် လက်ဆုပ်လက်ကိုင် ပြစရာ ထိရောက်တဲ့ အကျိုး သက်ရောက်မှုတွေ မည်မည်ရရ မရှိဘူးဆိုတာကို ပြချင်တာ”ဟု ပြောဆိုသည်။
လွန်ခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က မစ္စတာ ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ် ပျက်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က မစ္စတာ ဂန်ဘာရီကို မတွေ့ဆုံခြင်းမှာ အကြောင်းတစ်ကြောင်း ဖြစ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသူ များက ပြောဆိုသည်။
“တိုးတက်မှု နည်းပါးတာကို အားမရလို့ ကုလသမဂ္ဂကိုရော စစ်အစိုးရကိုပါ ဒေါ်အောင်ဆန်းစုကြည်က အထင်အရှား သိမြင်စေလိုတဲ့ သဘောလို့ ထင်ပါတယ်”ဟု မြန်မာ့အရေး လေ့လာသူ ဗြိတိသျှလူမျိုး သတင်းထောက် လယ်ရီဂျေဂင် ကပြောသည်။
လွန်ခဲ့သည့် သြဂုတ် ၂၂ ရက်နေ့က မစ္စတာ ဂန်ဘာရီ ၏ လက်ထောက် ၂ ဦးက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ သွားရောက်၍ မစ္စတာ ဂန်ဘာရီ က တွေ့ဆုံလိုကြောင်း လက်ကိုင် စပီကာဖြင့် ဟစ်အော် အသံပြု ခေါ်ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခြင်း မရှိကြောင်း စစ်အစိုးရ သတင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။
ယမန်နေ့က ထုတ်ဝေသော မြန်မာ့အလင်း သတင်းစာတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ၎င်းတို့အနေနှင့် တွေ့ဆုံနိုင်ရန် အစွမ်းကုန် ဆောင်ရွက်ပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခြင်းအပေါ် များစွာစိတ်မကောင်း ဖြစ်ရကြောင်းနှင့် မစ္စတာ ဂန်ဘာရီအား နားလည်ပါကြောင်း ဖော်ပြထားသည်။
မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး စိတ်ပျက်ဖွယ်ဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦးကလည်း ပြောဆိုသည်။ “စစ်အစိုးရက မစ္စတာ ဂန်ဘာရီနဲ့ သူမ တွေ့ဆုံဖို့အတွက် အလေးထားမှုနည်းပါးလို့ ဒေါ်အောင်ဆန်းစုကြည် က အခုလို ငြင်းပယ်တာ ဖြစ်နိုင်တယ်”ဟု ၎င်း က ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း အန်အယ်လ်ဒီ ကို ၂၀၁၀ ရွေးကောက် ပွဲဝင်ရန်နှင့် ယင်းရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည်ဖြစ်ကြောင်း မစ္စတာ ဂန်ဘာရီက ပြောဆိုခြင်းသည် ကုလ သမဂ္ဂမှ လုပ်ဆောင်ရမည့် လုပ်ငန်းမဟုတ်ကြောင်း၊ ကုလသမဂ္ဂက စစ်အစိုးရ အလိုကျ များသာ လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ “မစ္စတာ ဂန်ဘာရီဟာ စစ်အစိုးရ ကိုယ်စားလှယ်နဲ့ တူနေပါတယ်”ဟုလည်း ၎င်းက ဝေဖန်သည်။
မစ္စတာ ဂန်ဘာရီသည် ၎င်း၏ ယခုခရီးစဉ် အတွင်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ဆွေးနွေးပြော ဆိုခြင်းမရှိ ကြောင်းနှင့် နိုင်ငံရေး အခြေအနေတိုးမှု မရှိကြောင်း လယ်ရီဂျေဂင်က ပြောသည်။
“ကျနော်ထင်ပါတယ်၊ ဒီခရီးစဉ်က သူ့ရဲ့နောက်ဆုံး ခရီးစဉ်ပဲဖြစ်ပါလိမ့်မယ်”ဟု လယ်ရီဂျေဂင် ကဆိုသည်။
မစ္စတာ ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် သောကြာနေ့တွင် ပြီးဆုံးမည့် ၎င်း၏ ခရီးစဉ်ကို စနေနေ့ အထိ တရက် ထပ်မံတိုးလိုက်ပြီး ယင်း စနေနေ့တွင်ပင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် တွေ့ဆုံခွင့်ရခဲ့ သေးသည်။
မစ္စတာ ဂန်ဘာရီ၏ ၆ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တို့၏ ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန် ရှိသည်များကို ဆက်လက်လုပ်ဆောင်နိုင် ရန် သွားရောက်ခြင်း ဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုး ရက နိုင်ငံ တ၀န်း ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်း ခရီးစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ် ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။
ဧရာဝတီ
သြဂုတ် ၂၅၊ ၂၀၀၈
Read More...
Collapse...
ဦးကျော်သူ (ရုပ်ရှင်သရုပ်ဆောင်)''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်းရှိသားနဲ့ ဘာလို့ ဒီနာရေးကူညီမှုအသင်းကိုမှ သွားပြီး အကူအညီတောင်းရတာလဲ''
''ဘာဖြစ်လို့ ကိုယ်ပိုင်အခေါင်း (Coffin) နဲ့ မီးမသဂြိုလ်တာလဲ''
စသည် ... စသည် စကားသံများ၊ တီးတိုးသံများသည်
ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည်ပြောပြ၍ ကျွန်တော်သိလိုက်ရခြင်းပင်။
ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲဆံပင်ကောင်းမှုများကို ထုတ်နှုတ်ရှင်းပြပါမည်။ ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြားခြင်းပင်ဖြစ်သည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။ သို့သော် လူအများစုသည် နာရေးကိစ္စများတွင် အယူသီးကြသည်။ နာရေးကိစ္စကြောင့် စီးပွားပျက်တယ်၊ လူသေတတ်တယ်၊ ထိခိုက်နစ်နာမယ်၊ ပျက်စီးဆုံးရှုံး တတ်တယ်၊ နိမိတ်မကောင်းမှုတွေဖြစ်စေတယ် ... စသည် ... စသည်ဖြင့် ဘိုးဘေးဘီဘင် လက်ထက်ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲများ ရှင်သန်လာခဲ့သည်။
ယနေ့ခေတ် လူတော်တော်များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံငါးပါးထဲတွင် နစ်မွန်းနေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန်စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အမင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစကာလတွင် လိုချင်တပ်မက်မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်း ကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှုရောဂါ ဟူ၍ သုံးမျိုးသာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာရတော့သည်။ မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာအညောင်းရောဂါသည်, သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာစားကြည့်၊ ပုရစ်စားကြည့်လျှင် သေသည်အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြောပြတ်၍ သေသည်အထိ ခိုက်မည်ဖြစ်သည်။ ဤတွင်မြတ်စွာဘုရား၏ အယူနှင့် လူအတော်များများ၏ အယူတို့သည် ဆန့်ကျင်ဘက်ဖြစ်နေတော့သည်။
ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲမသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေးနေတော့သည်။ ရွာအပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ်အပြင်ဘက်တွင် သေလျှင် အရပ်ထဲမသွင်းကောင်းဘူး။ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး, အားလုံးနီးပါး အယူသီးမှုက စိုးမိုးလွှမ်းခြုံမှုကို ခံနေရသည်။ ဤသို့ဆိုလျှင် မနက်တိုင်း , မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကိုကြည့်လိုက်စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာသည့်အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်းအတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤခြေထောက်ကား ကြက်၊ ဝက်...စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန်မသာပေါင်းစုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေမသာလည်းသွင်း၊ ပုရစ်မသာလည်းသွင်း၊ ဖားမသာလည်း သွင်းကြတော့သည်။ 'လူမသာတော့ မသွင်းဘူးတဲ့'လူသေလျှင် အိမ်နောက်ဘေးသယ်သွား၊ ပြီးရင် တံစက်မြိတ် ရေလက်ပြန်ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစားဝတ်ပေး၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြနေကြတော့သည်။ အလောင်းလှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းကဆံပင်ကို ဖြတ်ပြီး ခြေထောက်နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေးကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။ ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန်မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲသယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ်ပိုင်းဖြတ်၍ချက်ပြုတ်၊ စားပွဲပေါ်တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက်ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။
ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည် အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ်ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေးမော်တော်ယာဉ်လည်း ရောက်ရော ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။ ရေအိုးခွဲ လိုက်ခြင်းသည် သေသူအားအိမ်သို့ ပြန်မလာနိုင်အောင် အိုးစားခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား ဟူ၍ ငိုကြယိုကြနှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက်လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။
ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်... ဘယ်သူ၏ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရအောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။ အိမ်တွင်ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများကျတော့ ခိုက်ချင်ခိုက်ပါစေဟူသော သဘောများလားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။ ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ ... အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်ကလူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။
ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင်ကတည်းက မြန်မာလူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။
အမှန်မှာ ဈာပန ပြချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ပင်ဖြစ်တော့သည်။ ဆင်းရဲဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကိုကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။ ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်... ဟူ၍ အယူသီးကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော်ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူသီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာလူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ - အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်းကုန်မည်။ တစ်နှင်လျှင် ၃၆၅ သိန်းကုန်ရမည်ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီလုပ်ငန်းမှ ဤသို့ မမြတ်နိုင်။ သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိဝမ်းတစ်ဝမ်း မိမိရှာဖွေစားသောက်ရင်းနှင့် စေတနာ့ဝန်ထမ်း အခမဲ့ကုသိုလ်ယူနေကြသူများပင် ဖြစ်သည်။
ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေးကိစ္စအဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။
ဤကဲ့သို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲမှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများ ပင် ဖြစ်တော့သည်။
ထို့ကြောင့် 'လူ့ဘုံထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန်ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲသန်သန်၊ နောက်မပြန်ဘဲ၊ ရဲမာန်ရဲဆေး၊ ရဲစိတ်မွေးလျက်၊ ရဲသွေးနီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော'့ ဟူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတားအဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင်သန့်ရှင်း ထက်မြတ်သော တရားဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ်တန်ခုန်၊ လှီးတန်လှီး၊ ဖြတ်တန်ဖြတ်၍ ခုနှစ်ရက်သားသမီးတို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည်အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင်ရောက်သည်အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန်ချမှတ်လိုက်သည်။
(ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။)
အားလုံးကို လေးစားဦးညွတ်လျက်
ကျော်သူ
Read More...
Collapse...
ဒေါ်ရွှေဇီးကွက်နာရေးကူညီမှု အသင်းကြီးကို စတင်တည်ထောင်စဉ်က ကျွန်မတို့တစ်တွေရဲ့ အဓိက ရည်ရွယ် ချက်က လူတစ်ဦးတစ်ယောက် သေဆုံးသွားလို့ ပရိဒေဝမီးတောက်လောင်နေကြတဲ့ ကျန်ရစ်သူ နာရေးရှင်များရဲ့ အပူကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ငြိမ်းသတ်ပေးကြဖို့ပါ။ ဒါပေမယ့် တစ်နွယ်ငင် တစ်စင်ပါဆိုသလို ဘေးထွက်အကျိုးကျေးဇူး တွေကလည်း မနည်းပါဘူး။ ကျွန်မ မှတ်မိသလောက်ပြောရရင် ...
ကျွန်မတို့အိမ်က အကူမိန်းကလေးကို ကိုကျော်သူ့ အိမ်က မိန်းကလေးမှန်းသိလိုက်ရတဲ့ ဆင်ခြေဖုံးရပ်ကွက်က အဘွားတစ်ယောက်က ''သမီးရယ် ... မောင်ကျော်သူတို့ကို အဘွား သိပ်ကျေးဇူးတင်တာပဲကွယ်။ သူတို့ အသင်းကြီးပေါ်လာလို့ အဘွားကို အဘွားသားက သူနဲ့ အတူ လာနေဖို့ ခေါ်ပြီလေ။ အဲဒါ အခု အဘွားသားနဲ့ သွားနေတော့မှာ' ဆိုတော့ မိန်းကလေးက နာရေးကူညီမှုအသင်းနဲ့ အဘွားပြောနေတဲ့ အကြောင်းအရာနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရတော့
''အဘွားသားနဲ့ အဘွားသွားနေမှာ နဲ့ ဦးမောင် (ကျော်သူ) တို့ အသင်းနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ'' လို့ပြန်မေးရပါတယ်။
အဲဒီတော့မှ အဘွားက ''သြော် ... အဘွားလောသွားလို့၊ ဒီလို သမီးရဲ့ အဘွားရဲ့သားက ပြောတယ်၊ အမေ့ကို ကျွန်တော် ကျွေးထားနိုင်ပါတယ်၊ အမေအိုတစ်ယောက်ရဲ့ စားစရိတ် (ကုန်ကျစရိတ်) ကဘယ်လောက်ရှိမှာလဲ၊ ဒါပေမယ့် ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ အိမ်မှာ နေတုန်းများ အမေ ဆုံးပါးသွားခဲ့ရင် ကျွန်တော် အဲဒီစရိတ် ကိုတော့ တတ်နိုင်မှာ မဟုတ်ဘူး၊ အဲဒါကို တွေးကြောက်ခဲ့လို့ အမေ့ကို ခေါ်ထားချင်ပေးမယ့် ခေါ်မထားရဲ ခဲ့ဘူး၊ အခုတော့ ကိုကျော်သူတို့ အသင်းပေါ်လာတော့ ကျွန်တော် အဲဒီအတွက် လုံးဝ ပူစရာ မလိုတော့လို အမေ့ကို ကျွန်တော်တို့နဲ့ နေဖို့ ခေါ်တာ'' လို့ ပြောတယ်လို့ ပြောပြပါတယ်။
နောက်တစ်ခုကတော့ ကျွန်မ မိတ်ဆွေတစ်ဦးရဲ့ဘကြီး ဝဋ် ဒုက္ခတစ်ခု ငြိမ်းသွားတာပါ။ ကျွန်မမိတ်ဆွေ ရဲ့ဘကြီးဟာ ပင်စင်စားလူပျိုကြီးတစ်ဦးပါ။ လူပျိုကြီးပီပီ ကျောထောက်နောက်ခံ သားသမီးကလည်းမရှိတော့ တူတွေ၊ တူမတွေ ကိုပဲ အားနာစွာနဲ့ အားကိုးနေရတဲ့ ဘဝပေါ့။ သူဟာ အရပ်ထဲမှာ အသုဘ ကိစ္စဖြစ်တိုင်း အသုဘသွားမေးရင်း အသုဘရှင်တွေဆီမှာ အသုဘစရိတ်ကို စုံစမ်းလေ့ရှိပါတယ်။ စုံစမ်းရတဲ့ အကြောင်းအရင်းကတော့ သူ့ပင်စင် စုဆောင်း ငွေလေးနဲ့ သူ့ရဲ့အသုဘစရိတ် လောက်ငမှု ရှိနိုင်၊ မရှိနိုင်ကို ချိန်ချိန်ကြည့်နေတာပါတဲ့။ သူ့အတွက် သူ့တူ၊ တူမ တွေ ဝန်ထုတ်ဝန်ပိုး မဖြစ်စေလိုတဲ့ စေတနာနဲ့ပေါ့လေ။ အခုတော့ သူ့မှာ အဲဒီဝဋ် ဒုက္ခကငြိမ်းသွားပါပြီတဲ့။ နာရေးကူညီမှုအသင်းရဲ့ ဖုန်းနံပါတ်ကိုပဲ သူ့ခေါင်းရင်းမှာ ထင်ထင်ရှားရှားရေးထားလိုက်ပြီတဲ့။ အဲဒီလို နာရေးကူညီမှုအသင်းရဲ့ ဖုန်းနံပါတ်ကို ထင်သာ မြင်သာတဲ့ နေရာမှာ ရေးမှတ်ထားပြီး အသုဘကိစ္စအတွက်တော့ အပူအပင်ကင်းစွာနဲ့ မိမိတို့ရဲ့ ဘဝနေဝင်ချိန်ကို စိတ်အေးလက်အေး စောင့်ဆိုင်းနေတဲ့ အဘိုးအို၊ အဘွားအိုများစွာကိုလည်း ကျွန်မတွေ့ကြုံရပေါင်း များလှပါပြီ။
(တစ်လက်စတည်း နဲ့ နာရေးကူညီမှုအသင်းရဲ့ ဖုန်းနံပါတ်ဟာ ၅၇၈၁၈၄ ဖြစ်တယ် ဆိုတာရယ်၊ နောက်ထပ်
ဖုန်း အသစ်တစ်လုံးလည်း လာရောက်လှူဒါန်းသွားတယ် ဆိုတာရယ်၊ ဖုန်းနံပါတ်ကတော့ ၅၆ဝ၃၃၃ ဖြစ်တယ်ဆိုတာရယ် ကိုသတင်းကောင်းပါးပါရစေ)။
ကျွန်မရဲ့ မွေးနေ့ ဇန်နဝါရီလ(၁)ရက်နေ့ကို ရိပ်သာတစ်ခုခုမှာ တရားအားထုတ်ရင်းနဲ့ ဖြတ်ကျော် ချင်တဲ့ ဆန္ဒကြောင့် ၂ဝဝ၁ ခုနှစ်ရဲ့ နှစ်ကုန်ရက်များနဲ့ ၂ဝဝ၂ ခုနှစ်ရဲ့ နှစ်ဆန်းရက် များအတွင်း ရွှေမင်တောရ (ပုလဲ မြို့သစ်)မှာ ၁ဝ ရက် သွားရောက်နေထိုင် တရားအားထုတ်နေစဉ်ကလည်း ကျွန်မကို ကိုကျော်သူ့ဇနီးရယ်လို့ သိသွားကြတဲ့ ဓမ္မမိတ်ဆွေများက နာရေးကူညီမှုအသင်း လက်ကမ်းစာစောင်များ ယူလာခဲ့ဖို့ တောင်းဆိုကြပါတယ်။ တစ်ရက်မှာတော့ အဲဒီစာစောင်လေး တစ်ခုကို ကိုင်လာပြီး ယောဂီ အမေတစ်ဦးက ကျွန်မကို နှုတ်ဆက်ကျေးဇူးတင်စကား ပြာလာပါတယ်။ သူဟာ ရောဂါသည် တစ်ဦးဖြစ်နေလို့ သူ့သားသမီးတွေဟာ သူရိပ်သာ ဝင်နေတာကို စိတ်မချကြတဲ့ သူတို့ဟာ လက်လုပ်လက်စား မိသားစုများဖြစ်ကြလို့ အမေ့ ကိုလည်း ရိပ်သာမှာ အမြဲလာမကြည့်နိုင်၊ ရိပ်သာမှာ အမေတစ်ခုခု ဖြစ်ခဲ့ရင်လည်း သူတို့ထံကို ဆက်သွယ်အကြောင်းကြားဖို့ကလည်း ခက်ခဲတဲ့အတွက် အမေ ရိပ်သာမှာ ရက်ရှည် တရားသွား အားထုတ်တာကို ကြည်ကြည်ဖြူဖြူ ခွင့်မပြုခဲ့ကြတဲ့အကြောင်း၊ အခုလို နာရေးကူညီမှု အသင်း ပေါ်ပေါက်လာတဲ့နောက် အသင်းရဲ့ ဖုန်းနံပါတ်ကို သွားလေရာ ရိပ်သာယူသွားပြီး နီးစပ်ရာ ဓမ္မမိတ်ဆွေများကို အဲဒီဖုန်းနံပါတ်လေးပေးထားပြီး အမေတစ်ခုခု ဖြစ်ခဲ့ရင် အဲဒီအသင်းကို ဖုန်းဆက်ပြီး အကြောင်းကြားပေးပါလို့ အကူအညီတောင်းထားပြီး အမေအားထုတ်ချင်တဲ့ ဝိပဿနာ ဘာဝနာတရားကို စိတ်တိုင်းကျ အားထုတ်ခွင့် ရနေပြီဖြစ်တဲ့အကြောင်း၊ အဲဒါကြောင့်
ကျွန်မတို့ကို အရမ်းကျေးဇူးတင်နေပြီး အမြဲတမ်းပဲ မေတ္တာပို့အမျှပေးဝေနေတဲ့ အကြောင်းတွေကို ပြောပြပါတယ်။ ကျွန်မပြောချင်တာက ပရိဒေဝမီးတောက်လောင်နေတဲ့ နာရေးရှင်များရဲ့ အပူမီးကို ငြှိမ်းသတ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတဲ့ လုပ်ငန်းကြီးရဲ့ ဘေးထွက်အကျိုး ရလဒ် တွေဟာ မမျှော်လင့်ပဲ များပြားလှတယ်ဆိုတာကိုပါ။
လူရယ်လို့ဖြစ်လာရင် သေရမှာပဲဆိုတဲ့ တရားကို နှလုံးသွင်းထားနိုင်လို့ သေရမှာကို မကြောက် ပေမယ့် မိမိသေခဲ့ရင် မိမိရဲ့ ကျန်ရစ်တဲ့ ဥတုဇရုပ်ကလာပ်ကြောင့် ကျန်ရစ်သူများအတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေမှာကို ကြောင့်ကြတတ်ကြတဲ့ လူများအတွက်လည်း နာရေးကူညီမှု အသင်းကြီးဟာ လိုအပ်နေတာ အမှန်ပါပဲ။ သေဆုံးခါနီး လူတစ်ဦးအတွက် မရဏ သန္နဇော စောချိန်မှာ မည်သည့်ပူပင်ကြောင့်ကြမှုမျှ ဝင်ရောက်နှောင့်ယှက်ခြင်း မခံရဘဲ အေးငြိမ်းစွာ စုတိ စိတ်ကျနိုင်ခြင်းသည် ဘဝကူးကောင်းရန်အတွက် အလိုအပ်ဆုံး အခြေအနေတစ်ရပ်ပင် မဟုတ်ပါလား။
ရွှေဇီးကွက်
Read More...
Collapse...


FOREIGN AFFAIRS COMMITTEE
ALL BURMA FEDERATION OF STUDENT UNIONS
ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံ အနှစ် (၂ဝ)ပြည့်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - နိုင်ငံခြားရေးရာကော်မတီမှ သဘောထားထုတ်ပြန်ချက်
ဗမာပြည်လူမျိုးပေါင်းစုံ ကျောင်းသားပြည်သူတရပ်လုံးရဲ့ မဆလစစ်အာဏာရှင်စနစ် ဆန့်ကျင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးကို ရည်ရွယ်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ အနှစ် (၂ဝ)ပြည့်ခဲ့ပါပြီ။
ကျောင်းသားလူငယ်တွေက စတင်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး လူမျိုးစုံပြည်သူတစ်ရပ်လုံးပါဝင်တဲ့ အထွေထွေ လူထုတိုက်ပွဲကြီးဖြစ်လာ တဲ့အခါမှာတော့ (၂၆) နှစ်ကြာ သက်ဆိုးရှည်နေတဲ့ မဆလ စစ်အစိုးရနဲ့အတူ သမ္မတသုံးဆက် ပြုတ်ကျစေခဲ့တဲ့ အရေးတော်ပုံကြီးအဖြစ် ပြောင်းလဲစေခဲ့တယ် ဆိုတာကို နိဂုံးချုပ်ကြည့်ရမှာဖြစ်ပါတယ်။
အရေးတော်ပုံကြီးရဲ့ အောင်သီး အောင်ပွင့် ရလဒ်တွေ အနေနဲ့ဖေါ်ပြရရင် -
- မဆလတစ်ပါတီ စစ်အာဏာရှင်အစိုးရ ပြုတ်ကျခဲ့တယ်။
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကိုမင်းကို နိုင်၊ ကိုမင်းဇေယျအပါအဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ပေါ်ထွန်းလာခဲ့တယ်။
- လူမျိုးပေါင်းစုံပြည်သူတွေရဲ့ အစစ်အမှန်ဆန္ဒဖြစ်တဲ့ ၁၉၉ဝခုနှစ် ပါတီစုံရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပေါ်ထွန်းလာခဲ့တယ်။
- ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်အဖြစ် ၁၉၉၆၊ ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ ပါဝင်ခဲ့ကြတဲ့ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဆိုတဲ့ လူထုလှုပ်ရှားမှုတွေဟာ အနှစ်(၂ဝ) ကာလအထိ ဆက်လက် ပေါ်ထွက်နေဆဲဖြစ်တယ်။
အားလုံးကို ခြုံပြောရရင် ဗမာပြည်နိုင်ငံရေး သမိုင်းမှာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးနဲ့ သွေးစည်းညီညွတ်ရေး တိုက်ပွဲစီးကြောင်းဟာ လွန်ခဲ့တဲ့အနှစ်(၂ဝ)က ပေါ်ပေါက် ခဲ့တဲ့ ရှစ်လေးလုံး လူထုတိုက်ပွဲကြီးရဲ့ အရှိန်အဟုန်ကြောင့် မတိမ်ကော မပပျောက်ဘဲ ဆက်လက်စီးဆင်းနေဆဲ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
ဒါပေမယ့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ အဲဒီအချိန်ကာလက အဆုံးသတ် အောင်ပွဲထိ မရောက်ရှိနိုင်ခဲ့ ပါဘူး။
ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီး အဆုံးသတ်အောင်ပွဲအထိ မရောက်ခဲ့တဲ့ အားနည်းချက်တွေကို ပြန်လည်ဆန်းစစ်ရရင်
- လူမျိုးစုံ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံးက အရေးတော်ပုံကြီးအတွင်း ရှည်ကြာတဲ့ တိုက်ပွဲစဉ် တလျောက် မှာ စစ်အာဏာရှင်တွေရဲ့ ပစ်ခတ်ဖိနှိပ်နေတဲ့ကြားက တစ်သံတည်းသော နိုင်ငံရေးတောင်းဆိုမှုနဲ့အတူ တောင့်ခံတိုက်ပွဲဝင်ပြီး တာဝန်ကျေပွန်ခဲ့ပေမယ့် ဦးဆောင်မှုအပိုင်း ညီညွတ်မှု အားနည်းခဲ့တယ်။
- ခေါင်းဆောင်မှုဟာ လူထုတိုက်ပွဲရဲ့ တစ်ခုတည်းသော ဗဟိုချက်အဖြစ် မစုစည်းနိုင်ခဲ့ဘူး။
- အဆုံးသတ်အောင်ပွဲခံနိုင်ဖို့အတွက် ဗျူဟာနဲ့လုပ်ငန်းစဉ်ဆိုင်ရာ အဆင်သင့် မပြင်ဆင်နိုင်ခဲ့ဘူး။
- တစ်ခုတည်းသော နည်းပရိယာယ်လမ်းစဉ် မချမှတ်နိုင်ခဲ့ဘူး။
- ဒီမိုကရေစီရေးအပေါ် ထောက်ခံတိမ်းညွတ်လာနေတဲ့ တပ်မတော်ခေါင်းဆောင်များနဲ့ တပ်မတော်သားတွေကို စည်းရုံးလက်တွဲ ခေါ်ယူမှု အားနည်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။
ဒါကြောင့် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ အဆုံးသတ် အောင်ပွဲအထိ မရောက်ခဲ့ ဘဲ စစ်အုပ်စုက လက်ဦးမှုယူ အာဏာပြန်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ ယနေ့ကာလအထိ အနှစ် (၂ဝ)ကာလ အတွင်းမှာ အာဏာသိမ်း နဝတ၊ နအဖစစ်အုပ်စုအနေနဲ့ အရေးတော်ပုံကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ (၉ဝ)ရလဒ် ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် ပြန်လည်နလံထူရေးနဲ့ စစ်အာ ဏာရှင်စနစ် တည်မြဲရေး တို့အတွက် ဆိုးရွားပြင်းထန်တဲ့ ဖိနှိပ်မှုတွေနဲ့ ဖိနှိပ်ခဲ့ပေမယ့်လည်း ကျောင်းသား ပြည်သူ လှုပ်ရှားမှုတွေ အဆက်ပြတ် မသွားခဲ့ဘူး။ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ ပြည်သူ့ အခွင့်အရေးများအတွက် ၉၆၊ ၉၈ ကျောင်းသားလှုပ်ရှားမှု၊ ပြည်သူအတွင်း အလွှာ အသီးသီး လှုပ်ရှားမှုတွေနဲ့ နောက်ဆုံး ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင် ခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုတွေ အထိပါပဲ။ ပြည်သူတရပ်လုံး ပါဝင်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုအဆင့်ထိ မရောက်ရှိခဲ့ပေမယ့် တိုက်ပွဲတိုင်းမှာ ကျောင်းသားလူငယ် မျိုးဆက်တွေ မပြတ်ခဲ့တာ၊ ကျောင်းသားသမဂ္ဂ စိတ်ဓါတ်ကို ကျောင်းသားလူငယ်တွေ အကြား လက်ဆင့်ကမ်းနိုင်ခဲ့တာ ဗမာပြည် သမိုင်းအတွက် ဂုဏ်ယူစရာ ကိစ္စ ဖြစ်ပါတယ်။ လက်ရှိ ဗမာပြည်တွင်း စစ်အာဏာရှင် အုပ်စုရဲ့ ဆိုးဝါးပြင်းထန်လှတဲ့ ဖိနှိပ်မှုတွေ အောက်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေး တာဝန်တွေကို သမဂ္ဂစိတ်ဓါတ်နဲ့အတူ အခက်အခဲ အမျိုးမျိုးအကြားက လက်ဆင့်ကမ်း သယ်ဆောင်နေတဲ့ ကျောင်းသားလူငယ် မျိုးဆက်တွေကိုလည်း ကျနော်တို့ အပြည့်အဝ ထောက်ခံ ကြိုဆိုအပ်ပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ အနှစ်(၂ဝ)ပြည့် ယနေ့ကာလဟာ ဗမာပြည် နိုင်ငံရေး အပြောင်းအလဲအတွင်း ရောက်ရှိနေတဲ့ ကာလ အခြေအနေဖြစ်ပါတယ်။
နအဖစစ်အုပ်စုဟာ ရှစ်လေးလုံး အရေးတော်ပုံ အသီးအပွင့်ဖြစ်တဲ့ (၉ဝ) ခုနှစ် ရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ထိပ်သီးတစု အကျိုးစီးပွား ရေရှည် တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်တဲ့ အမျိုးသားညီလာခံ ဆိုတာကို အဆုံးသတ် ခဲ့ပြီးပြီ။ တရားမဝင် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာကို နာဂစ်မုန်တိုင်းဒဏ် ခံနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခသောကကိုမှ အလေးထား စာနာမှုမရှိဘဲ ခြိမ်းခြောက် အကြပ်ကိုင် အတင်း အဓမ္မ ဆန္ဒရယူထားတဲ့ ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီးပါပြီ။
ထပ်ပြီး စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့ခိုင်မြဲရေးကို ဦးတည်တဲ့ ဖွဲ့စည်းပုံ အသက်ဝင်ရေး တဖက်သတ် ရွေးကောက်ပွဲကို ပြုလုပ်ဖို့ လုံးပန်းနေပါပြီ။ ရှစ်လေးလုံး အရေး တော်ပုံကြီး ကနေ ပေါ်ထွန်းလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်သူ့ ကိုယ်စားလှယ် တွေကို ဖိနှိပ် ဖမ်းဆီးဖို့ အကောက်ကြံ ပြင်ဆင်မှုတွေ၊ တိုင်းရင်းသား အပစ်ရပ် အင်အားစုများ အကြား သွေးခွဲဖြိုခွဲမှုတွေနဲ့ ဘက်ပေါင်းစုံ ဖိနှိပ်မှုတွေ အတွက်လည်း ပြင်ဆင်နေတာ တွေ့ရှိနေ ရပြီ ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး၊ ရှစ်လေးလုံး အသီးအပွင့်ဖြစ်တဲ့ ၉ဝခုနှစ် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေးကို ရည်ရွယ်တဲ့ နအဖစစ်အုပ်စုရဲ့ အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နအဖပြုလုပ်မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအပါအဝင် ပြည်သူ့ဆန္ဒ အစစ်အမှန်မပါဝင်တဲ့ နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ အဆင့်တိုင်းကို မထောက်ခံပါ၊ လုံးဝပြတ်သားစွာ ဆန့်ကျင်ပါတယ်။ နအဖဖွဲ့စည်းပုံ ရေရှည်အသက်ဝင်သွားလို့ စစ်အာဏာရှင် ထိပ်သီးများအတွင်း အာဏာလုပွဲတွေကတဆင့် ပေါ်ပေါက် လာမယ့် တိုင်းပြည်ပြိုကွဲ ပျက်စီးရေး ကိုလည်း လုံးဝ အဖြစ်မခံနိုင်ပါ။ လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံ လက်ရှိထက် ပိုမိုနိမ့်ကျ ဆင်းရဲပျက်စီးရမယ့် အရေးကိုလည်း လုံးဝလက်မခံနိုင်ပါ။
လက်ရှိအခြေအနေနဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ အားသာ၊ အားနည်းချက် တွေကိုပေါင်းစပ်ပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အနှစ်(၂ဝ)ပြည့်ကို အထိမ်းအမှတ်ပြု အခိုင်အမာ ပြောကြားလိုတာက ကျနော်တို့အနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီး အပွင့်တွေကို ဆက်လက် ကာကွယ်သွားမယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံရဲ့ အောင်ပွဲ အဆုံးသတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးအထိ အနှစ်သာရရှိတဲ့ အမျိုးသား နိုင်ငံရေး တပ်ပေါင်းစုကြီးတရပ် ပေါ်ထွန်းရေး၊ လက်တွေ့ကျတဲ့ အနိမ့်ဆုံးတူညီတဲ့ ဗျူဟာနဲ့ လုပ်ငန်းစဉ် ပေါ်ထွန်းရေးတို့အတွက် ဒီမိုကရေစီ အင်အားစု အသီသီးနဲ့အတူ၊ ကျောင်းသားပြည်သူ လူထုကြီးနဲ့အတူ၊ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ သူရဲကောင်း အပေါင်းနဲ့ ဗမာပြည် ဒီမိုကရေစီရေး တိုက်ပွဲစဉ် အဆက်ဆက်အတွင်း ကျဆုံးခဲ့သော သူရဲကောင်းအပေါင်းအား ဦးညွတ်ဂုဏ်ပြုရင်း - - - -
ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံစိတ်ဓါတ် အဓွန့်ရှည်ပါစေ
ကျောင်းသားသမဂ္ဂစိတ်ဓါတ် အဓွန့်ရှည်ပါစေ
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်
ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်
နိုင်ငံခြားရေးရာကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ရက်စွဲ - ၂ဝဝ၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်။
Read More...
Collapse...
အလက်ဇန်းဒါး ဆိုဇင်နစ်ဇင် (Aleksandr Solzhenitsyn )နိုဘယ်ဆုရ ရုရှား စာရေးဆရာကြီး အလက်ဇန်းဒါး ဆိုဇင်နစ်ဇင် (Aleksandr Solzhenitsyn )ဟာ အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဆိုဗီယက် အစိုးရ ကို ဝေဖန်ရေးသားခဲ့မှုကြောင့် စာရေးဆရာကြီးဟာ ဆိုဗီယက် ခေတ်အတွင်း ပြည်ပမှာ အဝေးရောက် နေထိုင်ခဲ့ရပါတယ်။
နှလုံးရောဂါနဲ့ သေဆုံးတယ်လို့ သူ့သားက ဆိုပါတယ်။ ရုရှား သတင်းစာတွေကတော့ လေဖြတ်တဲ့ ရောဂါကို စာရေးဆရာကြီး ခံစားနေခဲ့ရတယ်လို့ ရေးကြပါတယ်။
ဆိုဇင်နစ်ဇင်ဟာ ဆိုဗီယက် ယူနီယံမှာ ဆင်ဆာ ဖိနှိပ်ခံခဲ့ရတဲ့ စာရေးဆရာတွေရဲ့ ဘ၀ သင်္ကေတ ဖြစ်ခဲ့ပါတယ်။
၁၉၁၈ မှာ မွေးခဲ့ပြီး၊ ရုရှား တက္ကသိုလ်မှာ သင်္ချာပညာ လေ့လာခဲ့ပါတယ်။ စတာလင်ကို ဝေဖန်တဲ့ ပေးစာ ရေးခဲ့တဲ့ အတွက် ၁၉၄၅မှာ ထောင် ၈နှစ် ချခံရပြီး၊ ကာဇက်စတန်ကို နယ်နှင်ခံခဲ့ရပါတယ်။
သူ့ရဲ့ရဲဘက် စခန်းအတွေ့အကြုံကို ရုရှား ပြန်ရောက်တဲ့အခါ၊ ၀တ္ထုရေးသားခဲ့ပြီး ၁၉၆၂မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ၀တ္ထု ကတော့ One Day in the Life of Ivan Denisovich ၀တ္ထုဖြစ်ပါတယ်။ The Gulag Afchipelago ၀တ္ထုကိုတော့ အနောက်နိုင်ငံမှာ ထုတ်ဝေခဲ့ရပါတယ်။
၁၉၇၀မှာ နိုဘယ်ဆုရခဲ့ပါတယ်။
၁၉၉၄မှာ ရုရှားကို သူ ပြန်သွားခဲ့ပြီး၊ နေထိုင်ခဲ့ပါတယ်။
Read More...
Collapse...
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ နေပြည်တော် ၀န်ကြီးအချို့ကို တာဝန်ပေးမည်ဖြစ်ရာ နိုင်ငံရေးလိုင်းဝင်မည့် ၀န်ကြီးများ ၀န်ကြီးရာထူးမှ နုတ်ထွက်ပြီး အာဏာလက်လွတ်ဖြစ်မည်ကို စိုးရိမ်နေသည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
အထူးသဖြင့် ၀န်ကြီးအဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သည့် နေပြည်တော်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလို ၀န်ကြီးတွေပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သည့်တိုင် ရာထူးမှထွက်ပြီး ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီခေါင်းဆောင် လုပ်ခိုင်းမှာ စိုးရိမ်နေသည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။
သို့သော် အသက်ကြီးသည့် လက်ရှိဝန်ကြီးတွေကို သက်ဆိုင်ရာဇာတိမြေ တိုင်းအလိုက် ကြံ့ဖွံ့ အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ တာဝန်ပေးခြင်းဖြင့် ၀န်ကြီးရာထူး နေရာသစ်များ ပေါ်လာနိုင်သည်။ ထို့ပြင် နောက်တက် ဗိုလ်ချုပ်များကို ၀န်ကြီးရာထူး ပေးနိုင်ခြင်း၊ အသက်ကြီး ၀န်ကြီးတွေကို အချိုသတ်ပြီး ရုံခါနိုင်ခြင်းတို့ကြောင့် နေပြည်တော် ၀န်ကြီးများ ရာထူးလက် လွတ်ပြီး နိုင်ငံရေးလုပ်ရမှာ ထိတ်လန့်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
နေပြည်တော်ဝန်ကြီးများကို နိုင်ငံရေးပါတီဖွဲ့ဘို့ တာဝန်ပေးရာတွင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်းကို မန္တလေးတိုင်း နိုင်ငံရေးပါတီ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီကို ကွမ်းခြံကုန်း စသဖြင့် ၀န်ကြီးများ ဇာတိမြေအလိုက် ကြံ့ဖွံအသွင်ပြောင်း နိုင်ငံရေးပါတီများကို ခေါင်းဆောင်ခိုင်းမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။

စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဆိုလျှင် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများ၌ ဆန္ဒပြသူ များအား ရိုက်နှက်ခိုင်းခဲ့သည့် စွမ်းအားရှင်များကိုလည်း နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် မယုံသဖြင့် ပင်စင်ယူသွားသည့် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများကို နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။
ဝန်ကြီးရာထူးမှ ထွက်ပြီး နိုင်ငံရေး လုပ်ရမည်ဆိုလျှင် အာဏာမရှိတော့ဘဲ လူထု အရိုက်ခံရမှာကို စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း စိုးရိမ်နေသည်ဟု စက်မှု (၁) အရာရှိများက ပြောသည်။
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88