Thursday, 15 January 2009
၂၀၀၈ ခုနှစ်တွင် ပြည်တွင်း ဂျာနယ်လစ်များအနေနှင့် အာဏာပိုင်များ၏ ဖမ်းဆီး ထောင်ချခံရခြင်း၊ ခြိမ်း ခြောက်ခံရခြင်းတို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်နှင့် တပြိုင်နက်တည်း ပြည်ပ (ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ) အခြေ စိုက် မီဒီယာများသည်လည်း အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရသဖြင့် မြန်မာ ဂျာနယ်လစ်များအတွက် အခက်အခဲများနှင့် ရောပြွမ်းနေသော နှစ်တနှစ်ဟု ဆိုရမည် ဖြစ်သည်။
ထို့ပြင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့် ၂၀၀၈ မေလဆန်းက ဝင်ရောက်မွှေနှောက်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ ဆောင်းပါးများကို ပြည်တွင်း ပြည်ပရှိ မြန်မာ မီဒီယာများက အချိန်နှင့်တပြေးညီ ဆွဲထုတ်တင်ပြနိုင်ခဲ့သည့်အတွက် မြန်မာပြည်ကို နိုင်ငံတကာက ထူးထူး ခြားခြား အာရုံစိုက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
တချိန်တည်းတွင် ပြည်တွင်းရှိ သတင်းသမားများကို အာဏာပိုင်များက တင်းကျပ်စွာစောင့်ကြည့်ခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်းတွင် ဖမ်းဆီးခံရသည့် မီဒီယာသမား ၁၁ ဦးရှိပြီး ၉ ဦးမှာ ထောင်ချခံရသည်။ ကျန် ၁ ဦး ကို ချုပ်ရက် ၆ လကျော်ကြာသည့်တိုင် စီရင်ချက် မချသေးပေ။
ကံကောင်းထောက်မစွာဖြင့် ပြည်တွင်း၌ ဂျာနယ်လစ်များ အသတ်ခံရသည်ဟူသော သတင်းမျိုးတော့ မကြား ရပါ။ အီရတ်၊ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တို့ရှိ သတင်းထောက်များထက်စာလျှင် တော်သေးသည်ဟု ဆိုရ မည်ဖြစ်သည်။
ပြည်တွင်းရှိ သတင်းသမားများအတွက် အကြီးမားဆုံးသော အခက်အခဲမှာ စာပေစိစစ်ရေးနှင့် အပတ်စဉ် ရင် ဆိုင်နေရခြင်းဖြစ်သည်။ စာပေစိစစ်ရေးနှင့် ရင်ဆိုင်ရာတွင် ပုံစံမတူ မူကွဲများနှင့် ကြုံတွေ့ကြရသည်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို တနင်္လာ၊ အင်္ဂါတွင်ဖြန့်ချိသည့် ဂျာနယ်တချို့တွင် ခွင့်ပြုခဲ့ပြီးမှ နောက်ပိုင်း ရက်ထွက်မည့်ဂျာနယ်များတွင် ထည့်ခွင့်ပိတ်ပင်လိုက်ခြင်းမျိုး ဖြစ်ဖူးကြောင်း ရန်ကုန်အခြေစိုက် သတင်း ဂျာနယ်အယ်ဒီတာတဦးက ပြောပြသည်။
စိစစ်ရေး၏ မူဝါဒကို လိုက်နာခြင်းမရှိဟုဆိုကာ ဂျာနယ်အပိတ်ခံရခြင်း၊ ဂျာနယ်တိုက်ဝန်ထမ်းများကို ဖိအား ပေး နုတ်ထွက်ခိုင်းခြင်းများ ရှိသည်။ ၂၀၀၈ နှစ်ဆန်းပိုင်းကာလက မြန်မာတိုင်းမ်စ်ဂျာနယ်တွင် ဖော်ပြခဲ့ သော ဂြိုဟ်တုစလောင်းသတင်းကြောင့် အယ်ဒီတာများဖြစ်သော မနွယ်နွယ်အေး၊ ဦးမြင့်စိုး၊ ကိုဝင်းညွန့်လွင် နှင့် သတင်းထောက်ချုပ် ကိုဝင်းကျော်ဦးတို့ကို ဖိအားပေး နုတ်ထွက်ခိုင်းခဲ့သည်။ ချယ်ရီမဂ္ဂဇင်းမှ အယ်ဒီတာ တဦးလည်း အလားတူ နုတ်ထွက်ပေးခဲ့ရသည်။
သစ္စာ (True News) အပတ်စဉ် ဂျာနယ်သည် ထိုင်းနိုင်ငံဖူးခက်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှ မြန်မာကလေး အလုပ်သမားဓာတ်ပုံကို ဖော်ပြခဲ့သောကြောင့် ထုတ်ဝေခွင့် ၁ လ ပိတ်ပင်ခံခဲ့ရပြီး အက်ရှင် တိုင်းမ်စ်ဂျာနယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်သတင်းကို အသေးစိတ် ဖော်ပြခဲ့ သောကြောင့် ၂ လ ပိတ်ခံခဲ့ရသည်။ ပိတောက်ပွင့်သစ် မဂ္ဂဇင်းသည်လည်း အိုးဝေဦးညိုမြနှင့်ပတ်သက်၍ မျက်နှာဖုံးသတင်း ဆောင်းပါးရေးသားခဲ့သောကြောင့် ထုတ်ဝေခွင့် ယာယီပိတ်ပင်ခံခဲ့ရသည်။
“စိစစ်ရေးက ဖြတ်ဖို့မေ့သွားပြီး ဂျာနယ်ထွက်လာတော့မှ ဆိုင်ပေါ်ကနေ ပြန်သိမ်းပါ ဆိုတာမျိုးတွေလည်း ကြုံ ဖူးတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ဆိုသည်။ အပတ်စဉ် စာစစ်မှူးများကို ဂျာနယ် မူကြမ်း တင်ပြသည့်နေ့တွင် ငွေပေးရသည်၊ အရာရှိအားလုံးအတွက် အချိုရည်နှင့် မုန့်များ ဝယ်ပေးရသည်၊ ညွှန်မှူးနှင့်တကွ အကြီးတန်းအရာရှိများကို တလတခါ ပဲဆီပုံး ဝယ်ပေးခြင်း၊ တနှစ် တခါ လက်ဆောင်ခြင်း များပေးပို့ခြင်း ပြုလုပ်ရသည်၊ ထိုသို့ပေးရန်ပျက်ကွက်ပါက ငြိုငြင်ပြောဆိုခံရသည်၊ ပညာပြတတ်သည်ဟု ၎င်း က ပြောပြသည်။ နှစ်စဉ် စာပေစိစစ်ရေး၏ ကထိန်ပွဲ၊ သင်္ကြန်ရုံးပိတ်ရက် အပျော်ခရီးတို့အတွက် ဂျာနယ် တိုက်များက ရန်ပုံငွေ ထည့်ဝင်ပေးရသေးသည်။ စိစစ်ရေး ညွန်ကြားရေးမှူး ခရီးထွက်နေချိန်မျိုးတွင် ကျန်ရှိ နေသူ မည်သူတဦးတယောက်ကမှ တာဝန်မခံရဲဘဲ ပိုမိုစိစစ်ဖြတ်တောက်ခြင်းများ ကြုံတွေ့ကြရကြောင်း ကြားသိရသည်။
“ပြည်တွင်းက သတင်းအယ်ဒီတာတွေအားလုံး စိစစ်ရေးမှူးတွေရဲ့ အဟိန်းအဟောက် မခံရဘူးသူ မရှိဘူး။ မတော်တဆ မှားသွားတာပါလို့ ခံဝန်လက်မှတ်မထိုးဖူးတဲ့သူလည်း မရှိဘူး” ဟု သူက ဆက်ပြောသည်။
၂၀၀၈ ခုနှစ်ထဲတွင် အစိုးရဌာနဆိုင်ရာရုံးများမှ သတင်းရယူရန် ပိုမိုခက်ခဲလာသည်။ အစိုးရဌာနများက သတင်းသမားများနှင့် ပူးပေါင်းဆောက်ရွက်ခြင်း မပြုသလောက် ဖြစ်လာသည်။ သတင်းထုတ်ပြန်ရန် ငြင်းဆို လာကြသည်။ ထို့ပြင် သတင်းမှန်ပါလျှက် သူတို့မပြောဘဲ ရေးပါသည်ဟုဆိုကာ တရားစွဲမည်ဟု ခြိမ်းခြောက် ခံကြရသည်။
ဌာနဆိုင်ရာသတင်းများတွင် ပြောသူအမည်နှင့် ရာထူးကို ထည့်သွင်းရမည်ဟု စိစစ်ရေးက ညွှန်ကြားသည်နှင့် တပြိုင်နက်တည်း ဌာနဆိုင်ရာများကလည်း ထည့်သွင်းပေးရန် ကြောက်ရွံ့သဖြင့် သတင်းများစွာ ဖော်ပြ ရေး သားခွင့် ဆုံးရှုံးရသည်။ ဝန်ကြီးဌာနများနှင့် တရားရင်ဆိုင်နေရသည့် သတင်းထောက်များစွာ ရှိသည်။
နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော အင်းလျားလမ်း ၅ လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ဈာပန အခမ်းအနား ဆောင်းပါးကို ရေးသားခဲ့သော ဆဲဗင်းဒေးနယူးစ်ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင် တရားစွဲဆို ခံခဲ့ရသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းအတွင်း လွတ်လပ်စွာသွားလာ သတင်းယူခွင့်မရှိပေ။ မှုခင်းသတင်းများကို ၂၀၀၈ ခုနှစ်အတွင်း အစိုးရသတ်မှတ်ပေးထားသည့် နေရာများတွင်သာ ၎င်းတို့ ရှင်း လင်း ပြသည့်အတိုင်း ရယူပြီး ရေးကြရသည်။ မိမိ လိုက်လိုသည့် ဒေသခံ ရဲစခန်းများတွင် သတင်းယူခွင့် လုံးဝမရှိတော့ပေ။
၂၀၀၈ ခုနှစ်ထဲတွင် ပြည်တွင်းသတင်းသမားများကို ခေါ်ယူ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပိုမိုများပြား လာသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း လူမှုကူညီရေး လုပ်ငန်းများတွင် ပါဝင်သောကြောင့် ဖမ်းဆီးခံရသူများ ရှိသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ အဖမ်းအဆီးခံရသည့် သတင်းသမား ၄ ဦးရှိသည်။ ၃ ဦးမှာ ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့သော အဖမ်းခံရခြင်းဖြစ်ပြီး ၁ ဦးမှာ ဆိုင်ကလုန်းနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများ ထိုင်းနိုင်ငံသို့ မသယ်ဆောင်သွားမီ အဖမ်းခံရခြင်းဖြစ်သည်။
မတရား အမှုဆင်၍ ဖမ်းဆီးခံရသူများလည်း ရှိသည်။ ထို့ပြင် ပြောမှားဆိုမှားဖြစ်၍ တရားစွဲဆိုထောင်ချခံရ သူများလည်း ရှိသည်။ အချုပ်ထဲတွင် ၂ လကျော် နေခဲ့ရသည့် ဖလားဝါးနယူးစ်ဂျာနယ် သတင်းထောက် ကိုစောမြင့်သန်းကို ဥပမာပေးကာ သတင်းသမားများ ခေါင်းမထောင်ရဲအောင် ပြုလုပ်ခဲ့သည်။
ကိုစောမြင့်သန်းသည် သင်္ဃန်းကျွန်းလူသတ်မှုသတင်းကို ရေးသားခဲ့ရာ မြို့နယ်ရဲစခန်းတခုမှ ခေါ်ယူ ခြိမ်း ခြောက်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်သည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းမှ ရေးသားခဲ့သဖြင့် ကိုစောမြင့်သန်းကို ဖမ်းဆီးသွားခဲ့သည်။
ကဗျာဆရာစောဝေသည်လည်း အချစ်ဂျာနယ်တွင် “အာ နာ ရူး ကြီး မှူး ကြီး သန်း ရွှေ” ဟူသည့် စကားလုံး များ ပါဝင်သည့်ကဗျာ ရေးသားခဲ့သဖြင့် ဖမ်းဆီးခံရသည်။
ထို့ပြင် ယခုလအတွင်း လွတ်လပ်သော အာရှအသံ (အာအက်ဖ်အေ) ၏ ထုတ်လွှင့်ချက်တခုတွင် ဒီဗီဘီ သတင်းဌာန၏ ပြည်တွင်းအခြေစိုက် သတင်းထောက် ၉ ဦး အဖမ်းခံထားရကြောင်း ဒီဗီဘီ ရုပ်သံသတင်း ထောက် ကိုကျော်မင်းသက်က အတည်ပြုပြောကြားခဲ့သည်ဟု ပါရှိသည်။ ဖမ်းရသည့် အကြောင်းရင်းမှာ စစ် အစိုးရ၏ လျှို့ဝှက်ချက်ကို နိုင်ငံတကာကသိရှိစေရန် ဖော်ထုတ်သောကြောင့်ဟု သိရသည်။
ချင်းမိုင်အခြေစိုက် ဧရာဝတီမဂ္ဂဇင်း၏ မန်နေးဂျင်းအယ်ဒီတာ ကိုကျော်စွာမိုးကလည်း “စစ်အစိုးရကတော့ ဂျာနယ်လစ်တွေရဲ့ ရန်သူဖြစ်နေတုန်းပဲ” ဟု ဆိုသည်။ ၎င်းက စစ်အစိုးရ ဆက်အုပ်ချုပ်နေသရွေ့ မီဒီယာ လောက အခြေအနေမှာ အပြောင်းအလဲရှိရန် မမြင်ဟု ဆက်ပြောသည်။
စားဝတ်နေရေး ကြပ်တည်းမှုသည်လည်း ပြည်တွင်း သတင်းသမားများအတွက် အရေးပါလှသည့် အခက်အခဲ တခုဖြစ်သည်။ အလုပ်သင် သတင်းထောက်တယောက်၏ လစာမှာ ကျပ် ၃၀၀၀၀ ခန့်သာရှိပြီး ၎င်း၏ အရည် အသွေးပေါ်မူတည်၍ တဖြည်းဖြည်း မြင့်တက်သွားရာ အမြင့်ဆုံးမှာ ကျပ် ၇၀၀၀၀ ခန့်သာ ရှိသည်။ ရန်ကုန် လူနေမှုစရိတ်အရ တဦးချင်း အသုံးစရိတ်မှာ နေ့စဉ် ကျပ် ၁၅၀၀ ခန့်ရှိသောကြောင့် မလောက်ငပေ။
အမြင့်ဆုံးအယ်ဒီတာတဦးပင် လစာ ကျပ် ၃၀၀၀၀၀ ခန့်သာ ရရှိသဖြင့် အိမ်ထောင်ရှိသူဆိုလျှင် ငွေကြေး မလောက်ငသည့် ပြဿနာ ရင်ဆိုင်ရသည်။ ရန်ကုန်တွင် အိမ်ငှားခ၊ တိုက်ခန်းငှားခဈေးမှာ အဆမတန် မြင့် မားသည်။ အိမ်ငှားခ သက်သာသည့် မြို့ပြင်ဒေသများမှ လာရလျှင် ခရီးစရိတ်နှင့် အချိန်ကုန်သောကြောင့် မထူးလှပေ။
သတင်းထောက်အားလုံးနီးပါးတွင် ကိုယ်ပိုင် အသံဖမ်းစက်နှင့် ကင်မရာမရှိကြ။ ရုံးမှ ထုတ်ပေးသော ထို ပစ္စည်းများ ထိခိုက်ပျက်စီးလျှင် ကိုယ်ပိုင်ငွေထဲမှ စိုက်လျှော်ရသည်။
“ရန်ကုန်က သတင်းထောက်တွေအတွက် ဟန်းဖုန်းတို့ လက်ပ်တော့ပ်တို့ ပိုင်ဖို့ဆိုတာ အိပ်မက်တခုပါပဲ” ဟု သတင်းအယ်ဒီတာတဦးက စိတ်ပျက်လက်ပျက် ပြောကြားသည်။
ပြည်တွင်းရှိ ဂျာနယ်နှင့် မဂ္ဂဇင်း အစောင် ၃၀ ထက်မနည်း နှစ်စဉ်သက်တမ်းတိုးခ မတတ်နိုင်တော့သော ကြောင့် ၂၀၀၈ ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့်လိုင်စင်များ ရုတ်သိမ်းခံခဲ့ရသည်။
ပြည်ပမီဒီယာများ၏ အခက်အခဲများသည်လည်း သေးငယ်လှသည်ဟု မဆိုသာပေ။ ၂၀၀၈ ခုနှစ်ထဲတွင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာမီဒီယာများ၏ အင်တာနက် စာမျက်နှာများကို အကြီးအကျယ် အတိုက်အခိုက် ခံခဲ့ရသည်။ တိုက်ခိုက်ခံရသည့် မီဒီယာများထဲတွင် ဧရာဝတီ၊ မဇ္ဇျိမ၊ ခေတ်ပြိုင်နှင့် ဒီမို ကရက်တစ်မြန်မာ့အသံ (DVB) ဝက်ဘ်ဆိုက်များ ပါဝင်သည်။
၎င်းဝက်ဘ်ဆိုက်များထဲမှ ၃ ခုမှာ DDoS (Distributed denial- of- service) နည်းပညာဖြင့် တိုက်ခိုက်ခံရ ခြင်းဖြစ်ပြီး နောက်ထပ်တိုက်ခိုက်မှု မကြုံတွေ့ရစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းကြရသည်။
“ကျနော်တို့ ဝက်ဘ်ဆိုက်ဆိုရင် ၂၀၀၈ ထဲမှာကို တိုက်ခိုက်ခံရတာ ၃၊ ၄ ကြိမ်လောက်ရှိမယ်။ သေချာကို ရည်ရွယ်ချက်နဲ့၊ အုပ်စုလိုက်နှောင့်ယှက်နေတယ် ဆိုတာ သိရတယ်” ဟု မဇ္ဇျိမ သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ကိုမုံပီးက ပြောပြသည်။
ထို့ပြင် နအဖ ဘက်တော်သားများ၏ သတင်းလွှဲမှု၊ သတင်းမှားများပေးမှုကိုလည်း မကြာခဏ ကြုံတွေ့ရ သည်ဟု သူက ဆိုသည်။
“သတင်းတွေကို အမှား၊ အမှန် သေချာအတည်မပြုနိုင်လို့ လက်လွှတ်လိုက်ရတာတွေ အများကြီးပဲ” ဟု ၎င်း က ဆက်ပြောသည်။
ပြည်ပရှိ အတိုက်အခံ မီဒီယာများတွင် ပြည်တွင်းမီဒီယာများကဲ့သို့ စာပေစိစစ်ရေးကို တင်ပြစရာမလိုသော် လည်း မိမိစာကို မိမိသေချာစွာ စိစစ် တည်းဖြတ်နေရသည့် ပြဿနာရှိသည်။ ကိုယ်တိုင်စိစစ် ဖြတ်တောက် ခြင်း မလုပ်မိပါက ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့ရနိုင်သည်။
ပြည်တွင်းမှ သတင်းရင်းမြစ်များ၏ အရုပ်များ၊ အသံများ၊ နာမည်များ ပေးမသုံးခြင်းသည်လည်း အခက်အခဲ တခုဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဒီဗီဘီရုပ်သံမှ အယ်ဒီတာ ဦးခင်မောင်စိုးကပြောသည်။
“အဲဒါက အဆိုးဆုံးပေါ့ဗျာ။ တချို့ DVB ကမို့ မပေးဘူးဆိုတာမျိုး ခဏ ခဏ ကြုံရတယ်ဗျ” ဟု ၎င်းက ဆို သည်။
ဝါရှင်တန်ဒီစီ အခြေစိုက် VOA ရေဒီယိုအစီစဉ်၏ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကလည်း ၂၀၀၈ ခုနှစ် အတွင်းတွင် ၎င်းတို့မီဒီယာအနေနှင့် သတင်းလိုက်ရခက်ခဲသည့် ပြဿနာနှင့် အကြီးအကျယ် ကြုံတွေ့ရ သည်ဟု ပြောပြသည်။ မြန်မာပြည်တွင်းသို့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဝင်မွှေသွားပြီး နောက်ပိုင်း VOA ရေဒီယိုအစီအစဉ်က သတင်းများရယူလွှင့်ထုတ်နိုင်ရန် ကြိုးစားသော်လည်း နအဖစစ်အစိုးရက ဆက်သွယ် ရေးများ ဖြတ်တောက်လိုက်သဖြင့် အခက်အခဲတွေ့ရသည်ဟု ၎င်းက ဆက်ပြောပြသည်။
စစ်အစိုးရအနေနှင့် ပြည်တွင်း၌ ဖြစ်ပျက်နေသည့် အခြေအနေမှန်များကို နိုင်ငံတကာအား မသိစေလိုခြင်းက အဓိက ပြဿနာတခု ဖြစ်နေကြောင်း သူကထောက်ပြသည်။ ထိုသို့ ပိတ်ဆို့ခံရမှုကြောင့် သတင်းသမားတို့ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကာ သတင်းရင်းမြစ်များ မဖော်ပြနိုင်သည့် အနေ အထား ရှိခဲ့သည်ဟု ဦးသန်းလွင်ထွန်းက ဆိုသည်။
ပြည်တွင်း၌ သတင်းစာပညာနှင့်ပတ်သက်၍ လေ့လာသင်ယူစရာသင်တန်းများ၊ ကျောင်းများ သေသေချာချာ မရှိခြင်းသည်လည်း သတင်းလောကသို့ စမ်းတဝါးဝါး ဝင်ရောက်လာသည့် လက်သင်သတင်းထောက်များ အတွက် အခက်အခဲများနှင့် ကြုံတွေ့ရသည်။
ယခုနောက်ပိုင်းတွင် မြန်မာပြည်တွင်း၌ သတင်းထောက်အလုပ်ဆိုသည်မှာ တခြားသော အရောင်းဝန်ထမ်း၊ ကြော်ငြာဈေးကွက်ရှာဖွေသူ၊ ကုမ္ပဏီစာရေး စသူတို့ကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းတရပ်ဖြစ်နေရာ တက္ကသိုလ် ၄ နှစ်တက်ပြီး မည်သည့်အလုပ် လုပ်ရမည် မသေချာသေးခင် အလုပ်တခု ရရာဝင်လျှောက် သည့်သဘောဖြင့် ဝင်လာကြသူများပြားကြောင်း ပြည်တွင်းမီဒီယာတခုမှ အကြီးတန်း အယ်ဒီတာတဦးက ပြောသည်။
ပြည်ပမီဒီယာများတွင်မူ လူသားရင်းမြစ် ရှားပါးသောကြောင့် ရွေးချယ်စရာ အခွင့်အလမ်း အလွန်နည်းပါး သည်။ ပြည်ပအခြေစိုက် မီဒီယာများသည် ပြည်ပသို့ ရောက်ရှိပြီးဖြစ်သော နိုင်ငံရေးလှုပ်ရှားသူများ၊ တိုင်းရင်း သား အဖွဲ့အစည်းများကို နီးစပ်ရာဆွဲခန့်ပြီး မီဒီယာပညာရပ်နှင့်ပတ်သက်၍ လက်ပူတိုက်သင်ကြားပေးကြရ သည်။
ပြည်ပ မီဒီယာတိုင်းအတွက် ပြည်တွင်းတွင်အခြေစိုက် လုပ်ကိုင်သတင်းပေးပို့နေသည့် သတင်းထောက်များ ရှိသော်လည်း ထိုသူတို့၏ အန္တရာယ်မှာ ကြီးမားလှသည်။
“အခုက ပြည်တွင်းမှာ ကင်မရာကိုင်တဲ့သူဆိုရင်ကို စိတ်မချရတော့ဘူး။ နောက်က တကောက်ကောက် လိုက်စောင့်ကြည့်နေတာ” ဟု ဒီဗီဘီမီဒီယာ၏ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောပြသည်။
ဆက်လက်၍ ၎င်းက အာဏာပိုင်များအနေနှင့် ပြည်တွင်းမှ သတင်းများ ပြည်ပသို့မရောက်ရှိနိုင်ရန် နည်းမျိုးစုံ နှင့် တားဆီးပိတ်ပင်သော်လည်း မီဒီယာများက ကမ္ဘာကသိအောင် လုပ်ပေးနိုင်နေဆဲဖြစ်သည်ဟု ဆိုသည်။
မဇ္ဇျိမ သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ကိုမုံပီးကလည်း “ပြည်တွင်းက ကျနော်တို့သတင်းထောက် တွေရဲ့ လုံခြုံရေးက အရမ်းကိုအရေးကြီးလာတယ်။ သူတို့က လုံခြုံရေးကိုငဲ့နေရတော့ စိတ်ရှိလက်ရှိ သတင်း မလိုက်နိုင်ကြဘူးပေါ့” ဟု ပြောပြသည်။
ပြည်ပမီဒီယာများတွင် အလုပ်လုပ်နေသည့် သတင်းသမားအားလုံးလိုလို ကြုံတွေ့ရသည့် ပြဿနာတခုမှာ နေထိုင်ခွင့်ဗီဇာဖြစ်သည်။ အများစုမှာ မြန်မာနိုင်ငံကူးလက်မှတ်နှင့် တခြား နိုင်ငံရေးနှင့်ပတ်သက်သည့် နိုင်ငံ ကူးလက်မှတ်များ တရားဝင်ကိုင်ဆောင်ထားကြသော်လည်း ၎င်း နိုင်ငံကူးလက်မှတ် ရှင်သန်နေရန် ၃ လ တခါ ပြည်ပနိုင်ငံများသို့ ထွက်ခွာပြနေရသည်။
တရားဝင် ပတ်စ်ပို့ မကိုင်ဆောင်ထားသူတို့မှာမူ ခရီးတိုထွက်ရန်ပင်ခက်ခဲပြီး နေ့စဉ် သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များ၏ ဖမ်းဆီးမှုရန်မှ ကင်းဝေးရန် ရှောင်တိမ်းနေကြရသည်။ တချို့မှာ တတိယနိုင်ငံသို့ထွက်ပြီး တရားဝင် နေထိုင်ခွင့်ရရန် ကြိုးပမ်းကြရသောကြောင့် အနည်းဆုံး သုံး၊ လေး၊ ငါး နှစ်ခန့် မိမိမီဒီယာကို စွန့်ခွာ ကြရသည်။
ငွေကြေးမရေရာမှုသည်လည်း ပြည်ပမီဒီယာများကြုံတွေ့ရသည့် အခက်အခဲထဲတွင် ပါဝင်သည်။ ၎င်းမီဒီယာ များ အားလုံးမှာ စီးပွားဖြစ် မဟုတ်သော မီဒီယာများဖြစ်နေပြီး ထောက်ပံ့ငွေကြေး (Funding) ချပေးသည့် အဖွဲ့အစည်းများပေါ်တွင်သာ တည်မှီ လုပ်ကိုင်နေကြရသဖြင့် နှစ်စဉ် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်ရသည့် မီဒီယာများရှိသည်။ ယခု ကာလကဲ့သို့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်တွင် ထောက်ပံ့ငွေဖြင့် ရပ်တည်နေရ သော မီဒီယာ အဖွဲ့အစည်းများ မျက်ခုံးလှုပ်ရသည့် ကာလဖြစ်သည်။
“ပိုက်ဆံကတော့ ကျနော်တို့အတွက် စိန်ခေါ်မှုတရပ်ပေါ့ဗျာ။ ဒါပေမယ့် ၂၀၀၈ ခုနှစ်ထဲမှာ လုံးဝ ရပ်သွားရ လောက်အောင်ထိတော့ မကြုံခဲ့ရပါဘူး” ဟု ကိုမုံပီးက ပြောပြသည်။
ဆက်လက်၍ သူက မဇ္ဇျိမ သတင်းဌာနသည် ငွေကြေးကို အလှူရှင်များပေါ်တွင် အမှီပြုနေရသော်လည်း မဇ္ဇျိမ၏ အယ်ဒီတာ့အာဘော်အပေါ်သို့ အလှူရှင်များလွှမ်းမိုးသည်ကိုမူ လက်မခံကြောင်း ပြောသည်။
“သူတို့ဘက်က သတင်းဦးသတင်းထူးမို့လို့ ပြောပြတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် မဇ္ဇျိရဲ့ အယ်ဒီတိုရီ ရယ် ပေါ်လစီက လွတ်လပ်မှုရှိရမယ်ဆိုတာ အစောကြီးကတည်းက ကြေညာထားတယ်။ အလှူရှင်တွေ အနေနဲ့ စွက်ဖက်တာမျိုးမရှိပါဘူး” ဟု သူက ဆိုသည်။
ပြည်ပအခြေစိုက် တိုင်းရင်းသား မီဒီယာများအနေနှင့်လည်း အခက်အခဲများစွာ ရှိနေသည်။ မွန်တိုင်းရင်းသား သတင်းဌာနတခုဖြစ်သော လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ အယ်ဒီတာချုပ် နိုင်ကဆော့မွန်က ၎င်းတို့ အတွက် အကြီးမားဆုံး အခက်အခဲမှာ သတင်းထောက်များကို ငွေကြေးလုံလောက်စွာ မထောက်ပံ့နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ တိုင်းရင်းသား မီဒီယာအဖွဲ့တွေက တိုးတက်မှုရှိပါတယ်။ ဒါပေမယ့် ဈေးကွက်ရဖို့ တော်တော် လေးကို ခက်ခဲတယ်” ဟု သူက ဆက်ပြောသည်။ ၎င်းတို့ဆက်လက် ရပ်တည်ရေးမှာ အလှူရှင်များ အပေါ် တွင် များစွာ မူတည်လျှက်ရှိကြောင်း ပြောပြသည်။
၎င်းတို့အတွက် နောက်ထပ် အခက်အခဲတခုမှာ သတင်းထောက်များအတွက် လုံခြုံရေး ပြဿနာဖြစ်သည်။ မွန် တိုင်းရင်းသား သတင်းထောက် အများစုမှာ ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်လှုပ်ရှားနေရပြီး ထို သတင်းထောက်များကို စစ်အစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ထားသည့် မွန်ပြည်သစ်ပါတီသာမ က မြန်မာစစ်တပ်ကပါ သိရှိနေသဖြင့် စွန့်စားသတင်းရယူနေရကြောင်း နိုင်ကဆော့မွန်က ဆိုသည်။
မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်တပ်ကို ဝေဖန်ရေးသားသည့် တချို့သော ၎င်း၏ သတင်းထောက်များကို မွန် ပြည်သစ်ပါတီဝင်တချို့က လုပ်ကြံသတ်ဖြတ်မှုများပင် ရှိသည်ဟု ဆက်ပြောသည်။
ရှမ်းတိုင်းရင်းသား သတင်းဌာနတခုဖြစ်သော သျှမ်းသံတော်ဆင့် သတင်းဌာနကမူ ၂၀၀၈ ခုနှစ်အတွင်း ငွေ ကြေးပြတ်တောက်မှု ပြဿနာအပြင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ပြဿနာကိုပါ ကြုံတွေ့ခဲ့ရသည်ဟု ၎င်းသတင်းဌာန၏ အယ်ဒီတာတဦးဖြစ်သူ ဦးခွန်စိုင်းဂျန်ရေက ပြောသည်။
၂၀၀၈ ခုနှစ် မေလအတွင်းက ၎င်းတို့ သတင်းဌာနအနေနှင့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် သတင်းများကို ဆက်သွယ်ရေး ပြဿနာကြောင့် အချိန်နှင့်တပြေးညီ ဖော်ပြရန်ခက်ခဲခဲ့သည်ဟု သူက ဆိုသည်။
အလားတူ ကရင်တိုင်းရင်းသား သတင်းဌာနဖြစ်သည့် ကရင်သတင်းဌာန (ကေအိုင်စီ) သည်လည်း ငွေကြေး အခက်အခဲနှင့် လူသား အရင်းအမြစ် ရှားပါးမှု ပြဿနာကို ကြုံတွေ့ခဲ့ရကြောင်း ၎င်းအဖွဲ့၏ အယ်ဒီတာ နန်းဖောဂေက ပြောပြသည်။
ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံရှိသည့် တိုင်းရင်းသား သတင်းထောက်များသည် မိခင် သတင်းအေဂျင်စီများ ကို စွန့်ခွာကာ လစာကောင်းစွာပေးနိုင်သည့် နာမည်ကြီး သတင်းဌာနကြီးများသို့ သွားရောက်အမှုထမ်းကြ သဖြင့် လူသားအရင်းအမြစ် ရှားပါးမှု ပြဿနာကို ကြုံတွေ့ရခြင်းဖြစ်ကြောင်း နန်းဖောဂေက ရှင်းပြသည်။
ကရင်တိုင်းရင်းသား သတင်းသမားကောင်းများစွာ ရှိနေသော်လည်း ထိုသူတို့ကို လုံလောက်စွာ ထောက်ပံ့ ပေးနိုင်ခြင်း မရှိသောကြောင့် ၎င်းတို့၏ သတင်းဌာနကို အခက်အခဲများစွာဖြင့် ဆက်လက် ရုန်းကန်နေရသည် ဟု ဆိုသည်။
ပြည်ပရောက် တိုင်းရင်းသား မီဒီယာများအားလုံးက လူသားအရင်းအမြစ် ရှားပါးမှုကို ကြီးမားသည့် အခက် အခဲအဖြစ် သဘောတူညီကြပြီး ငွေကြေး မလုံလောက်မှုမှာ ၎င်းတို့အတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ပြောကြသည်။
ယခုအခါတွင် ပြည်တွင်း၊ ပြည်ပရှိ ဘလော့ဂါများသည်လည်း မီဒီယာတာဝန်ကို တစိတ်တပိုင်း ထမ်းဆောင် သူများ ဖြစ်နေပေပြီ။ ပြည်တွင်းရှိ ဘလော့ဂါများ ၂၀၀၈ ခုနှစ်အတွင်း ကြုံတွေ့ရသည့် အခက်အခဲမှာ အင်တာနက် လွတ်လပ်စွာ သုံးစွဲခွင့် မရရှိခြင်း ဖြစ်သည်။
အာဏာပိုင်များက အင်တာနက် သုံးစွဲခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ဆို့မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျှက်ရှိရာ ပြည်တွင်းမှ ဘလော့ရေးနေသူများ ဒုက္ခရောက်ကြရသည်။
“၂၀၀၈ နှစ်ကုန်ခါနီးလောက်မှာ ကိုယ့်ဘလော့ကိုတောင် ဝင်ကြည့်လို့မရအောင်ဖြစ်တယ်။ စိတ်ပျက်ရတယ်” ဟု ရန်ကုန်အခြေစိုက် ဘလော့ဂါတဦးက ပြောပြသည်။
ပြည်တွင်းရှိ ဘလော့ဂါများမှာ အာဏာပိုင်များ၏ အာရုံစိုက်မှုမှ ကင်းလွတ်အောင် ရှောင်ရှားရသည့် ပြဿနာ လည်းရှိသေးသည်။ ၂၀၀၇ ခုနှစ်က အဖမ်းအဆီးခံခဲ့ရသော ဘလော့ဂါ နေဘုန်းလတ်က ဥပမာတခုဖြစ် သည်။ ဘလော့ဂါနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ်အတွင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
ပြည်ပတွင် အခြေစိုက်နေရသည့် မီဒီယာသမားများအနေနှင့် ငွေကြေးအခက်အခဲနှင့် အယ်ဒီတိုရီရယ် ပေါ်လစီအရပါ လွတ်လွတ်လပ်လပ် ရပ်တည်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု ကိုကျော်စွာမိုးက ပြောသည်။
“ကျနော်တို့ ဂျာနယ်လစ်တွေကိုယ်တိုင်ကိုကပဲ စာနယ်ဇင်းရဲ့ ရန်သူဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ စာနယ်ဇင်းသမား ပီပီသသနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဝတ္တရားရယ် သူတို့ရဲ့ တာဝန်အရ ပြည်သူ ကို အလုပ်အကျွေးပြုဖို့ရယ် အဲဒီ ၂ ချက်ကို ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ကိုင်မထားနိုင်ရင် ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ရန်သူ ပြန်ဖြစ်သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။
ပြည်တွင်း၊ ပြည်ပရှိ မီဒီယာများအားလုံးမှာ အခက်အခဲ အနည်းနှင့်အများ ဆိုသလို ကြုံတွေ့နေရသော်လည်း သတင်းများကို ပြည်သူလူထုလက်ဝယ် ရောက်ရှိရေးအတွက် ကြိုးစားနေကြသူများချည်းသာ ဖြစ်သည်။ သို့ရာတွင် မြန်မာစစ်အစိုးရ၏ အထီးကျန်ဝါဒ ကိုင်စွဲထားမှုကြောင့် မြန်မာပြည်သူလူထုအနေနှင့် လွတ်လပ် သည့် သတင်းမီဒီယာများကို ဆုံးရှုံးနေရဆဲဖြစ်သည်။
“ကျနော်တို့ဘက်ကတော့ လုပ်စရာရှိတာဆက်လုပ်ရမှာပဲ။ နအဖအနေနဲ့ ဘယ်လိုပဲတားဆီး တားဆီး သတင်းစီးဆင်းမှုတွေကို သူတို့ မပိတ်ဆို့နိုင်ပါဘူး။ ခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ပိုလို့ တောင် မတားဆီးနိုင်တော့ဘူးဆိုတာ ယုံကြည်ပါတယ်” ဟု ဦးအေးချမ်းနိုင်က ပြောသည်။
ပြည်တွင်း၌ သတင်းလွတ်လပ်ခွင့်မရှိခြင်းက စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဖုံးကွယ်ပေး နေယုံမျှမက ကုလသမဂ္ဂအပါအဝင် အန်ဂျီအိုများ၊ အတိုက်အခံများ၏ အဂတိလိုက်စားမှု စသော ချိုးဖောက် နေမှုများကိုပါ ပြည်သူလူထု မမြင်သာအောင် ဖုံးပေးနေသကဲ့သို့ ဖြစ်နေသည်။
“မီဒီယာဆိုတာ ပြည်သူလူထုအတွက် မျက်စိနဲ့ နားတွေပဲ။ ဒါပေမယ့် မြန်မာပြည်ထဲမှာတော့ အာဏာပိုင်တွေ အတွက် မျက်စိနဲ့ နားတွေ ဖြစ်နေတယ်။ စစ်အစိုးရက မီဒီယာကို ရန်သူလို သဘောထားနေသရွေ့တော့ ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်ဆိုတာ ရှိမှာမဟုတ်ဘူး” ဟု VOA အယ်ဒီတာချုပ် ဦးသန်းလွင်ထွန်းက ဆို သည်။
၂၀၀၈ ခုနှစ်အတွင်း အထိမ်းသိမ်းခံခဲ့ရသည့် သတင်းသမားများ
ဦးသက်ဇင်၊ ၄၂ နှစ်
အယ်ဒီတာ (မြန်မာနေးရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၇ နှစ် (ရန်ကုန် အင်းစိန်ထောင်)
သင်္ဃန်းကျွန်း တရားရုံးတွင်အမှုစစ်သည်။ အာဏာပိုင်များက ၎င်း၏ ဂျာနယ် ရုံးခန်းကို ဝင်ရောက်ရှာဖွေခဲ့ရာ ၂၀၀၇၊ စက်တင်ဘာ အရေးတော်ပုံလှုပ်ရှားမှု ဓာတ်ပုံများပါဝင်သည့် စီဒီအချပ်များ တွေ့ရှိသောကြောင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။
ကိုကျော်ကျော်သန့်
အလွတ်သတင်းထောက်
ထောင်ဒဏ် ၇ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။
ဦးစိန်ဝင်းမောင်
မန်နေဂျာ (မြန်မာနေးရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၇ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
ဦးသက်ဇင်နှင့်အတူ ဖမ်းဆီးခံရကာ ထောင်ချခံရခြင်းဖြစ်သည်။
ကိုသန့်ဇင်အောင်
ဓာတ်ပုံသတင်းထောက်
ထောက်ဒဏ် ၁၈ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်းနှင့်ပတ်သက်သည့် မှတ်တမ်း ဗီဒီယို၊ ဓာတ်ပုံများကို ထိုင်းနိုင်ငံသို့ ယူဆောင်သွားစဉ် မင်္ဂလာဒုံလေဆိပ်၌ အဖမ်းခံခဲ့ရသည်။
မအိမ့်ခိုင်ဦး၊ ၂၄ နှစ်
သတင်းထောက် (အီကိုဗစ်ရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၂ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။
ကိုထွန်းထွန်းသိန်း
သတင်းထောက် (News Watch ဂျာနယ်)
ထောင်ဒဏ် ၃ လ (ရန်ကုန်၊ အင်းစိန်ထောင်)
၎င်း ဂျာနယ်တွင် တရားသူကြီးလာဘ်စားသည့် သတင်းရေးမှုဖြင့် နိုဝင်ဘာ ၅ ရက်နေ့တွင်အဖမ်းခံခဲ့ရသည်။
ဦးခင်မောင်အေး
အယ်ဒီတာ (စောင့်ကြည့် ဂျာနယ်)
ထောင်ဒဏ် ၃ လ (ရန်ကုန်၊ အင်းစိန်ထောင်)
ကိုထွန်းထွန်းသိန်းရေးသည့် တရားသူကြီး လာဘ်စားမှုသတင်းကို ထည့်သွင်းဖော်ပြသောကြောင့် နိုဝင်ဘာ ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။
ဦးအောင်သွင် (ခ) ဦးအောင်ကြီး
အလွတ်သတင်းထောက်
ထောင်ဒဏ် ၂ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
(အဖမ်းခံရသည့် အကြောင်းရင်း မသိရှိရ)
ဦးဇော်သက်ထွေး
အားကစားစာရေးဆရာ။ First Eleven ဂျာနယ်၏ အယ်ဒီတာဟောင်း
ထောင်ဒဏ် ၁၉ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်းဒုက္ခသည်များကို ကိုဇာဂနာနှင့်အတူ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အဖမ်း ခံခဲ့ရသည်။
ဦးအောင်ကျော်ဆန်း
အယ်ဒီတာချုပ် (မြန်မာထရီဗြွန်း အပတ်စဉ်ဂျာနယ်)
ချုပ်ရက် ၆ လကျော်ကြာသည်ထိ အမိန့်မချသေး
နာဂစ်ဆိုင်ကလုန်းကြောင့် သေဆုံးသွားသည့် လူသေအလောင်းများကို ကိုယ်ထူကိုယ်ထ မြှုပ်နှံပေးခဲ့ပြီး နောက် အဖမ်းဆီးခံခဲ့ရသည်။
အေးချမ်းမြေ့
REF: ဧရာဝတီ







BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88