Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts

Tuesday, July 17, 2012

ပြုပြင်ပြောင်းလဲရေးဝန် ခါးချည့်အောင် ရုန်းပေတော့ (၁)

ဂျေဆင် ဇပ်
July 16, 2012

စားပွဲခုံတွေမှာ လူသူကင်းမဲ့နေတယ်။ ထောင့်တနေရာမှာတော့ ကွန်ပျူတာနှစ်လုံး ငိုက်မြည်းလို့ ။ အမျိုးသမီးငယ် တဦးသာ သတင်းစာ တစောင်ကို ဟိုလှန်ဒီလှန်နဲ့။ ဒါ မြန်မာ့ စီးပွားရေးစနစ်ရဲ့အချက်အခြာ ဗဟိုဘဏ် က ကြိုဆိုနေတဲ့ မြင်ကွင်းပါ။

နိုင်ငံခြား သတင်းထောက် တယောက် မြို့တော် နေပြည်တော်မှာရှိတဲ့ ဗဟိုဘဏ် ဌာနချုပ်ထဲ ပထမဦးဆုံးအကြိမ် ရောက်သွားခြင်း က အသက်မဲ့ အဆောက်အအုံကြီး အကြောင်း ဖော်ထုတ်ဖို့ ဖြစ်လာခဲ့တယ်။ ငွေကြေး မူဝါဒဌာနမှာ ကွန်ပျူတာ သုံးလုံးပဲ ရှိတယ်။ ဘဏ် လုပ်ငန်း ကြီးကြပ်ထိန်းသိမ်းရေးဌာနနဲ့ အတူတူပဲ။ သင်တန်းဌာနမှာတော့ ကွန်ပျူတာ ငါးလုံးထက် မပိုဘူး။ တလုံးက ဗီဒီယို ဂိမ်းဆော့ ဖို့ သုံးထားတယ်။ ကလေးနှစ်ယောက်က ထောင့်တနေရာမှာ တခစ်ခစ် ရယ်နေကြတယ်။

“ဗဟိုဘဏ် တခုတည်းမှာပဲ ၀န်ထမ်း မလုံလောက်တဲ့ပြဿနာ ဖြစ်နေတာ မဟုတ်ဘူး၊ တိုင်းပြည်တ၀န်း တခြား ၀န်ကြီးဌာနတွေ မှာ လည်း ဒီလိုမျိုးပဲ”လို့ ဗဟိုဘဏ် ဒု အုပ်ချုပ်ရေးမှူး ဦးနေအေး က ပြောပြတယ်။ “ကျနော်တို့ နည်းပညာ အကူအညီတွေလိုပါတယ်” လို့လည်း ပြောပါတယ်။ ဒီအချက်ကို ပိုသေချာသွားစေအောင် အင်တာဗျူးလုပ်နေချိန်အတွင်း မီး၂ခါ ပြတ်ပါတယ်။

စစ်အုပ်ချုပ်ရေးအောက် နှစ်ပေါင်း ၅၀ နီးပါး ဖြတ်သန်းလာအပြီး လူဦးရေ သန်း ၆၀ နဲ့ သဘာဝသယံဇာတ ပေါများတဲ့ ပွင့်လင်းစ မြန်မာ နိုင်ငံကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ခြေချလာနေချိန်အတွင်းမှာ နှစ်ပေါင်းများစွာ အထီးကျန်ခဲ့တဲ့ အင်စတီကျူးရှင်း တွေက အမီလိုက်ဖို့ မနည်းရုန်း နေကြရတယ်။ ဒါက ပေါ်ထွန်းစ ဒီမိုကရေစီနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးနိုင်တဲ့ ပေါ်လစီ ခြေလှမ်း မမှားဖို့ သတိ ပေးနေသလိုပါ။

အရှိန်ရပြီးဖြစ်တဲ့ အပြောင်းအလဲရဲ့ဟာ ဇွန်လ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှု ဒုတိယ အဆင့်လို့ မိန့်ခွန်း ထဲ မှာ ထည့်ပြောလိုက်တာကြောင့် အရှိန် ပိုမြင့်သွားတဲ့ပုံ ရှိပါတယ်။ ရည်မှန်းချက်က ငါးနှစ်အတွင်း စီးပွားရေးအင်အား သုံးဆပိုကြီး လာအောင်၊ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုအောက် ရောက်နေပြီး လူဦးရေ သုံးပုံတပုံက လျှပ်စစ်မီးမရှိ ခေတ် နောက် ကျနေတဲ့ တိုင်းပြည်ကို ခေတ်မီလာရေး ပါ။

အခုထိ လျှို့ဝှက်နေသေးတဲ့ အစိုးရတရပ်ရဲ့ မူဝါဒချမှတ်ရေးယန္တရားတွေကို ရိုက်တာ သတင်းဌာနရဲ့ လေ့လာစူးစမ်းချက်က သူတို့ ဘယ်လောက် အပြောင်းအလဲ ဝန်ပိနေသလဲဆိုတာ တွေ့ခဲ့ရတယ်။ အတွေ့အကြုံမရှိ၊ အရေအတွက်နည်းနည်း ၀န်ထမ်းတွေသာ ရှိတဲ့ ၀န်ကြီးဌာနတွေကလည်း အလုပ်တပုံတပင်ကြီးနဲ့ နပန်းလုံးနေပါတယ်။ နှစ်ပေါင်း ငါးဆယ်လောက် မထိတွေ့ခဲ့ရတဲ့ ကမ္ဘာကြီးနဲ့ အံဝင် ခွင်ကျ ပြန်ဖြစ်အောင် တက်သုတ်ရိုက် ကိုယ်ထူကိုယ်ထ လေ့ကျင့်သင်ကြား နေရပါတယ်။

အရပ်သားတပိုင်း စစ်အစိုးရဟောင်းဟာ စီးပွားရေးပြုပြင်ပြောင်းလဲရေးကို နောက်လှည့်နေတာ မဟုတ်။ တကယ်တမ်း မြန်မြန် ဆန်ဆန်ကြီး လုပ်နေတာမို့ အစိုးရရဲ့ ခနော်နီခနော်နဲ့ အုပ်ချုပ်ရေးယန္တရားက မလုပ်နိုင်မကိုင်နိုင်ဖြစ်ကြမယ့်အရေး လက်တွေ့ကွင်း ထဲမှာ ပါနေကြတဲ့ နိုင်ငံခြားသား အကြံပေးတွေက စိုးရိမ်နေကြပါတယ်။

လွပ်လပ်မှု အရသာ

“သူတို့က ဒီအဆင့်မှာကိုပဲ အားလုံးကို တကယ့်ကို ပြုပြင်ပြောင်းလဲ ချင်နေတာဗျ”လို့ မြန်မာနဲ့ ထိုင်းနိုင်ငံဆိုင်ရာ အာရှဖွံ့ဖြိုးရေး ဘဏ် အကြီးအကဲ ခရိတ် စတပ်ဖန်ဆန် (Craig Steffensen) က ပြောပြပါတယ်။ မြန်မာအရာရှိတွေက အားလုံးကို မှန်မှန် ကန် ကန်နဲ့ လုပ် ချင်ကြကြောင်း၊ အကောင်းဆုံး အကြံဉာဏ်တွေ ရယူနေကြတယ်လို့ သူကပြောပါတယ်။

“လောလောဆယ် သူတို့ လုပ်ချင်တာတွေက အများကြီးဗျ၊ အဲဒါတွေကို ပြန်လည်သုံးသပ်ဖို့ ကြတော့ လူနည်းနည်းပဲရှိတယ်။ ကျနော့် အထင်တော့ အားလုံး ထိန်းမနိုင်သိမ်းမနိုင်တဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်”လို့လည်း ခရိတ် စတပ်ဖန်ဆန် က ဆိုပါတယ်။

တနှစ်ဆိုတဲ့အချိန်အတွင်းမှာ အစိုးရက ဒါဇင်နဲ့ချီပြီး ဥပဒေကြမ်းအသစ်တွေကို မူကြမ်း ရေးဆွဲခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ ချီပြီး လွှတ်ပေးခဲ့တယ်။ အလုပ်သမား သမဂ္ဂ တွေကို တရားဝင် အသိအမှတ်ပြုခဲ့တယ်။ တိုင်းရင်းသား သူပုန်တွေနဲ့လည်း ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ဆို၊ စာပေစိစစ်ရေး ကိုလည်း လျှော့ပေါ့ပေး ခဲ့တယ်။ နိုင်ငံရေး အတိုက်အခံတွေကို လွတ်လပ်ခွင့်ပေး ခဲ့တယ်။ ငွေလဲ နှုန်း စနစ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီး စတော့အိတ်ချိန်းတခု လုပ်မယ်လို့လည်း ကြေညာခဲ့တယ်။ သမိုင်းဝင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်း ပ ပေးခဲ့တယ်။

ဆုလဒ်အဖြစ် အမေရိကန်နဲ့ ဥရောပသမဂ္ဂ က ပိတ်ဆို့တွေ ယာယီ ရပ်ဆိုင်း လိုက်တာ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ရောက်လာ တာ တွေ ပြန်ရပါတယ်။ အဲဒါကြောင့် ဆိုရှယ်လစ် စီမံကိန်း၊ စစ်တပ် လက်ဝေခံ အရင်းရှင်စနစ် အောက်မှာ ပျက်စီးသွားခဲ့တဲ့ စီးပွားရေး ကို နာလန် ပြန်ထူဖို့ မူဝါဒရေးဆွဲသူတွေ အပြေးအလွှား ဆောင်ရွက်နေပုံ ရပါတယ်။

ကမ္ဘာကြီးကလည်း ဒီအတိုင်းတော့ ကြည့်နေတာမဟုတ်။ နိုင်ငံတကာ အေဂျင်စီတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စတာတွေက အကြံဉာဏ်တွေ ပေးကြပါတယ်။ တခါတရံတော့လည်း သဟဇာတ မဖြစ်ကြ ဘူးလို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ ထိပ်တန်းအရာရှိ တဒါဇင်နီးပါးလောက်ရဲ့ အဆိုအရ သိရပါတယ်။

ဒါပေမယ့် အပြင်းထန်ဆုံး ဖိအားကတော့ နှစ်ပေါင်းများစွာ အထီးကျန်နေရမှု၊ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းများစွာနေ လာခဲ့ရပြီး အပြောင်းအလဲတွေအပေါ် စိတ်မရှည်နိုင်တော့တဲ့ အဖိနှိပ်ခံ ပြည်သူတွေ ဆီက ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းကတည်းက ပထမဆုံး အကြိမ် အဖြစ် လွတ်လပ်ခြင်းအရသာကို ပြည်သူတွေ ခံစားခွင့်ရလာပါတယ်။ ပိုပြီးတော့လည်း လိုချင်နေကြပါတယ်။

ပြီးခဲ့တဲ့တလောက မြန်မာနိုင်ငံမှာ အကြောင်းအရာမျိုးစုံ အပေါ် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းတွေ တွေ့ခဲ့ရတယ်။ မြို့နေပြည်သူတွက လျှပ်စစ်မီး မရတဲ့အပေါ် ဆန္ဒပြကြတဲ့ ဆန္ဒပြပွဲတွေ၊ အထည်ချုပ် စက်ရုံအလုပ်သမားတွေက လုပ်အားခ ပိုတောင်းတဲ့ ဆန္ဒပြပွဲတွေ၊ မြေယာပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတဲ့ လယ်သမားတွေ စသဖြင့် မြင်တွေ့ခဲ့ရပါတယ်။ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ အကြား ဟိုအရင်ကတည်းက ရှိလာခဲ့တဲ့ တင်းမာမှုတွေက လူအသေအပျောက်ဖြစ်သည်အထိ အကြမ်းဖက်မှု တွေလည်း ဖြစ်ခဲ့ပါတယ်။

မနှစ်ကအထိဆိုရင် အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်နှိမ်နင်း ဒါမှမဟုတ် ဘာမှမလုပ်ဘဲ ဒီအတိုင်းထားရင်လည်းဖြစ်စေ တုန့်ပြန် နိုင်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာတော့ ဒါတွေက သူတို့ အာဏာထိုင်ခုံကို ကိုင်လှုပ်နေပါပြီ။ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲမှာ ငြိမ်း ချမ်းရေး နိုဘဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင် ရ လိုက် ခြင်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် စစ်တပ် ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီကို ပြတ်ပြတ် သား သား အချက်ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မြန်၊ မြန်မြန်

လူထုက နေ့ချင်းညချင်း တိုးတက်မှုတွေ မြင်ချင်တာကို စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက သိပုံရပါတယ်။

“ကျနော်တို့ ပြုပြင်ပြောင်းလဲရေးကို မြန်မြန်ဆန်ဆန်လုပ်ရင် ပြည်သူတွေ ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကို ခံစားရမယ်”လို့ သမ္မတ ဦးသိန်းစိန်နဲ့ နီးစပ်သူ လက်ရှိ စက်မှုဝန်ကြီး ရေတပ် ဦးစီးချုပ်ဟောင်း ဦးစိုးသိန်းက ပြောပါတယ်။ “ဒါပေမယ့် ပြည်သူတွေက ဘာမှ မခံစားရရင် သူတို့စိတ်ထဲမှာ အရင် အစိုးရဟောင်းနဲ့ အခုအစိုးရ အတူတူပဲလို့ ထင်သွားနိုင်တယ်။ ဒါကြောင့် ကျနော်တို့က ပြုပြင် ပြောင်း လဲမှုတွေကို မြန်မြန်ဆန်ဆန် လုပ်ချင်တာပါ”လို့ ၀န်ကြီးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အဲဒီလို အလောတကြီးဖြစ်မှုက တိုင်းပြည်ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ အတွေ့အကြုံများတဲ့ နိုင်ငံတကာ အေဂျင်စီတွေကို သောက ပိုစေပါတယ်။ မြန်မာနိုင်ငံရဲ့ အရွယ်အစားကြောင့်လည်း ပါတယ်။ မြန်မာနိုင်ငံဟာ အင်္ဂလန်၊ ပြင်သစ် နှစ်နိုင်ငံပေါင်း အကျယ် အ၀န်း ရှိသလို အရှေ့တောင် အာရှ ဒေသတွင်းမှာ အင်ဒိုနီးရှား ပြီးရင် ဒုတိယ အကြီးဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် အင်အားကြီးနိုင်ငံ တွေ အဖြစ် ထွက်ပေါ်လာနေတဲ့ အိန္ဒိယ၊ တရုတ် နိုင်ငံအပါအ၀င် နိုင်ငံ ၅ နိုင်ငံအကြားမှာ မဟာဗျူဟာကျကျ ရှိနေတဲ့ တိုင်းပြည် တခု ဖြစ်ပါတယ်။

အရင် စစ်အစိုးရက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေအပေါ် သွေးထွက်သံယို ဖြိုခွင်းခဲ့တာကြောင့် ADB ၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က အကူအညီတွေကို နှစ်ပေါင်း ၂၅ နှစ်နီးပါး ဖြတ်တောက်ခဲ့ပါတယ်။ အခုနှစ်မှစပြီး မြန်မာနိုင်ငံနဲ့ စတင်ပြန် လည်ထိတွေ့နေကြပါတယ်။ ဒါပေမယ့် ပထမဆုံး လုပ်ရမယ့် အလုပ်က ADB နဲ့ တခြား အေဂျင်စီတွေအပေါ်မှာ မြန်မာ အစိုးရပေးချေဖို့ ရှိနေတဲ့ သန်းပေါင်းများစွာသော ဒေါ်လာငွေကို ရှင်းပစ်ရမယ့် အလုပ်ပါ။ ဒီအလုပ်က တနှစ် သို့မဟုတ် ဒီထက်မက ပိုကြာနိုင်ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) က မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို“အစီအစဉ်တကျ သေသေချာချာ” လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ မတ်လတုန်းက သတိပေးခဲ့ ပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ အစိုးရ တာဝန်စယူကတည်းက ဥပဒေသစ်ပေါင်း ၂၆ ခုကို ထုတ်ပြန်ခဲ့ပြီးဖြစ်သလို နောက်ထပ် ၂ ဒါဇင် လောက် လည်း နိုင်ငံတော်ရှေ့နေချုပ်ရုံးမှာ အတည်ပြုပေးဖို့ စောင့်နေဆဲဟု အဲဒီမူကြမ်းတွေကို တွေ့ခဲ့ရတဲ့ ရိုက်တာ သတင်း ထောက် တွေရဲ့ အဆိုအရ သိရပါတယ်။ အဲဒီမူကြမ်းတွေကို များသောအားဖြင့် သမ္မတ စီးပွားရေးအကြံပေးအဖွဲ့က ပြင်ဆင်ရေး သား တာပါ။ စက်မှု ၀န်ကြီး ဦးစိုးသိန်း အဆိုအရ အဲဒီအဖွဲ့မှာ ၀န်ကြီးအဖွဲ့ဝင်တွေ၊ တသီးပုဂ္ဂလိက စီးပွားပညာရှင် စုစုပေါင်း ၂၀ လောက်ပါတဲ့ အဖွဲ့ဖြစ်ပြီး တလတကြိမ် သမ္မတနဲ့ အစည်းအဝေး ကျင်းပတယ်လို့ သိရပါတယ်။

ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်တချို့က စိုးရိမ်နေတာက သေသေချာချာ မလေ့ကျင့် မသင်ကြားထားဘဲ အလုပ်ဝန် ပိနေတဲ့ အစိုးရ အရာရှိ တွေက ဖန်တီးလိုက်တဲ့ ပေါ်လစီအမှားတွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ခေါင်းမာဂိုဏ်းသားတွေ ပြန်အသာစီးရမှာကိုပါ။

၁၅ နှစ် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ ပါလီမန်အမတ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇွန်လ ၁ ရက် ဘန်ကောက် မိန့်ခွန်းမှာ အားနည်းတဲ့ တရားရေးစနစ်၊ တရားဥပဒေ စိုးမိုးမှုအားနည်းချက်တွေကို ထောက်ပြပြီး“အဆင်အခြင်မဲ့ အကောင်းမြင်ဝါဒ”ချည်း မမြင်ဖို့ ပြောဆိုခဲ့ပါသေးတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ ဥပဒေရေးဆွဲတဲ့အခါ ဒီထက်ပိုပြီး ပွင့်လင်းမြင် သာ ဖြစ်သင့်တယ်လို့လည်း အကြံပြုပါတယ်။

ငွေနှေး

ပြစ်ဒဏ်ခတ် ပိတ်ဆို့မှု လုပ်ခဲ့တဲ့ နှစ် ၂၀ နှစ်အတွင်း ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍက ခပ်ရှင်းရှင်းပဲ။ ပိုက်ဆံထိုင်ရေတဲ့ အလုပ်ကလွဲလို့ ကျန်တာ ဘာမှ မလုပ်ပါဘူး။

လူ အနည်းအကျဉ်းလောက်ပဲ ချက်လက်မှတ် အသုံးပြုပါတယ်။ စီးပွားရေးသမားတွေက ပိုက်ဆံကို အိတ်တွေနဲ့ထည့်ပြီး ဘဏ်မှာ လာအပ်ကြပါတယ်။ စီးပွားရေးဆိုင်ရာ အချက်အလက် ကောက်ယူတာ မရှိသလောက်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်အတွင်း ပြီးခဲ့ တဲ့ ဧပြီလအထိ ဒေါ်လာနဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ မှောင်ခိုဈေးကွက်ပေါက်ဈေးထက် အဆ ၁၀၀ ကျော် တန်ဖိုးမြှင့်ထားပြီး ကိန်း သေ သတ်မှတ်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတချို့ မျက်စိလည်စေခဲ့တဲ့ ငွေကြေး လဲလှယ်နှုန်း စနစ်တခုပါ။

အခုတော့ အဲဒါတွေအားလုံး ပြောင်းလဲနေပါပြီ။ ဗဟိုဘဏ်အရာရှိတဦးရဲ့ အပြောအရဆိုရင် လာမယ့်နှစ်ကြရင် ဗဟိုဘဏ်ကို ဘဏ္ဍာ ရေး ၀န်ကြီး လက်အောက်ကနေ သီးခြားကင်းလွတ်ခွင့်ပေးမယ့် ဥပဒေသစ် ရှိလာမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့အကြီး မားဆုံး ပြုပြင်ပြောင်းလဲမှုတွေထဲက တခုအဖြစ် ဧပြီ ၂ ရက်နေ့မှာ မြန်မာကျပ်ငွေကို ဈေးကွက်ထဲ မျှော ခဲ့ပါတယ်။ ဇူလိုင်မှာ နိုင်ငံ တ၀န်း စာရင်းရှင် ငွေထုတ်ကတ် (Debit card)တွေ စထုတ်မယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာ ဘဏ် ချိတ်ဆက်မှုကို လာ မယ့် နှစ်မှာ စပါမယ်။ ဒီထက်လည်း စောနိုင်ပါတယ်။

“ကျနော် စစ်သား ဘ၀တုန်းကလည်း စိန်ခေါ်မှုတွေ ရှိခဲ့တာပဲ”လို့ အသက် ၅၆ နှစ်အရွယ် ဘဏ် ဒု အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး ဟောင်း ဦနေအေး က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှာ ဦးနေအေးဟာ ဗဟိုဘဏ် ဌာနချုပ်ကို ရန်ကုန်ကနေ မြောက်ဘက် ကီလိုမီတာ ၃၂၀ (မိုင် ၂၀၀) ခန့်ဝေးတဲ့ မြို့တော်သစ် နေပြည်တော်ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၀န်ကြီးဌာန အဆောက်အအုံ ၊ အစိုးရ တိုက်ခန်း၊ ၀န်ထမ်း အိမ်ရာ ၊ သမ္မတ အိမ်တော် စသဖြင့် ရှိပါတယ်။

ဘဏ် အဆောက်အအုံကို တောင်ကုန်းထိပ်ပေါ်တွင် အခန့်သား မြင်တွေ့နိုင်တယ်။ မြက်ခင်းပြင်၊ ရေပန်း၊ ၀ါယာကြိုး ခြံစည်းရိုး စသဖြင့် ခမ်းခမ်းနားနား ပြင်ဆင်ထားပါတယ်။ အကြီးတန်း ဗျူရိုကရက်တွေရဲ့ ဇိမ်ခံအိမ်တွေကို အပေါ်စီးကနေမြင်ရပြီး ခပ်လှမ်း လှမ်း မှာတော့ နွားနဲ့ဖက်ပြီး လယ်လုပ်နေရတဲ့ လယ်သမားတွေ၊ သူတို့နေတဲ့ သက်ငယ်မိုး တဲအိမ်တွေကိုလည်း တွေ့ရပါတယ်။

ဗဟိုဘဏ်ရဲ့ ရန်ကုန်ဘဏ်ခွဲမှာတော့ နေ့စဉ် နိုင်ငံခြားငွေလဲလှယ်ခြင်းလေလံပွဲ ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဘယ် အဆင့် အထိ ရောက်နေပြီ၊ ဘယ်လောက်အထိ ဆက်သွားရမလဲဆိုတာ သိနိုင်ပါတယ်။ ရုံးခန်းကျဉ်းကျဉ်းလေးတခုမှာ နေ့စဉ် မနက် ရှစ်နာရီ ခွဲတာနဲ့ ဘဏ် ၁၁ ခုက အရာရှိတွေဟာ စာသင်ခန်းထဲကလို လက်တင်စားပွဲခုံနဲ့ အတန်းလိုက် ထိုင်ကြပါတယ်။ အဲဒီနောက် သူတို့လိုတဲ့ ကျပ်ငွေပမာဏကို ကမန်းကတန်းရေး၊ စာအိတ်ထဲ ထည့်ရပါတယ်။ အဲဒီနောက် ၀ရန်တာမှာ စောင့်ရပါတယ်။

စာအိတ်တွေကို နောက်ထပ် ဘဏ် ဒု အုပ်ချုပ်ရေးမှူး တဦးဖြစ်သူ ဦးမောင်မောင်အေး နဲ့ တခြားအကြီးတန်း ဘဏ်လုပ်ငန်းရှင်တွေက ဖွင့်ပါတယ်။ ဇယားအတက်အကျတွေနဲ့ ရှုပ်နေတဲ့ ကွန်ပျူတာတွေ၊ တယ်လီကွန်ဖရင့် တွေတော့ မရှိပါဘူး။ အားကောင်းနေဆဲ မှောင်ခို ဈေးကွက်ပေါက်ဈေးကို စုံစမ်းဖို့ တယ်လီဖုန်းတလုံးပဲ စားပွဲဝိုင်းပေါ်မှာ ရှိပါတယ်။ IMF အရာရှိတဦးကတော့ ပုံမှန် လာပါတယ်။ မိနစ် အနည်းငယ်အကြာမှာတော့ ဦးမောင်မောင်အေးက ဘဏ်လုပ်ငန်းရှင်တွေကို ဒီကနေ့ ငွေလဲလှယ်နှုန်းကို ထုတ်ပြန်ကြေညာ ဖို့ ခေါ်လိုက် ပါတယ်။

အခုလို ရှေးဦးစနစ် လေလံပွဲဟာ အရင်ငွေလဲနှုန်းစနစ် ထက်တော့ အများကြီး အားသာပါတယ်။ အရင် စနစ်ဟောင်းဟာ နိုင်ငံခြား သား ရင်းနှီးမြုပ်နှံ သူများအတွက် အတားအဆီးတခုဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ငွေကြေးအကူအညီ၊ ထိုင်းနိုင်ငံ ဗဟိုဘဏ်နဲ့ IMF ရဲ့ အကူ အညီတွေနဲ့ဆိုရင် အခုလက်ရှိအသုံးပြုနေတဲ့ စနစ်ဟာ တဖြည်းဖြည်းနဲ့ ခေတ်မီ လာမယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ဦးမောင်မောင် အေး က ပြောပါတယ်။

ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပါပဲ။ မြန်မြန်ထက်ထက်လုပ်ဖို့ အရေးကြီးပါတယ်။ နိုင်ငံခြားငွေကြေး ပမာဏဟာ သိသိသာသာ ကို မြင့်တက်လာနေပါတယ်။ ဧပြီလတုန်းက တရက်ကို ငွေလဲလှယ်နှုန်း ပမာဏ ဒေါ်လာ ၁ သန်း ရှိရာက မေလမှာဆို ၁၀ သန်း အထိ တိုးမြင့် လာနေခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် Jason Szep ရေးသားပြီး Michael Williams တည်းဖြတ်သော Breakneck reform pace overloads Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Ref: ဧရာဝတီ


Read More...

Wednesday, October 6, 2010

အားမပေးထိုက်တဲ့ ရွေးကောက်ပွဲ

ဝင်းတင်

၀၅ အောက်တိုဘာ ၂၀၁၀

ကုလသမဂ္ဂအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေးက မြန်မာနိုင်ငံမှာ မကြာမီ ကျင်းပ ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ကမ္ဘာကြီးက “အစွမ်းကုန် သတိထား စောင့်ကြည့်” ဖို့ လိုတယ်ဆိုပြီး မကြာသေးမီက ပြောကြား သွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ပါဘဲလျက် မြန်မာနိုင်ငံ အတွက် အရေးကြီး သယောင် လေ့လာ စောင့်ကြည့်ဖို့ လိုအပ်သယောင် အဲဒီ ရွေးကောက်ပွဲ အပေါ် အာရုံစိုက် ပြောကြား တာမျိုးကို ကျနော်တို့ ဘ၀င် မကျလှပါဘူး။

နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဲဒီရွေးကောက်ပွဲဟာ ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင် စနစ် ထာဝရ တည်တံ့ ခိုင်မြဲရေး အတွက် ဖန်တီးရေး ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ မြန်မာနိုင်ငံမှာ စစ်တပ် အုပ်စိုးရေးကို တရားဝင်ဖြစ်အောင် ရည်ရွယ် ကျင်းပ ပြုလုပ်တာသာ ဖြစ်တယ်။

ရွေးကောက်ပွဲကျင်းပပြီးရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အသက်ဝင်လာမှာ ဖြစ်တယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ထိမ်းချုပ် ကွပ်ကဲမှု အောက်မှာရှိတဲ့ လက်ရှိ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်း တွေနဲ့ မည်ကာမတ္တ အရပ်သား အစိုးရ ဆိုတာကို ဖွဲ့စည်း ကြပါလိမ့်မယ်။ အဲဒီ နောက်မှာတော့ မြန်မာပြည်သူ လူထုကြီး တရပ်လုံး စစ်တပ်ရဲ့ ထားရာနေ စေရာသွား ဘ၀ကို တရားဝင် သက်ဆင်း ကျရောက် သွားတော့မှာ ဖြစ်ပါတယ်။

ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားမဟာမိတ် ပါတီတွေက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ ငြင်းပယ်ခဲ့ပြီး ရွေးကောက်ပွဲကိုလည်း ဆန့်ကျင် သပိတ်မှောက်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အကြီးအကျယ် ကန့်သတ် ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေက ဒီရွေးကောက်ပွဲ ပြုလုပ်ရတဲ့ စစ်အစိုးရရဲ့ ရည်ရွယ်ချက် သဘောထား အမှန်ဟာ ကျနော်တို့ တိုင်းပြည်မှာ စစ်တပ် အုပ်စိုးမှု တရားဝင်ဖြစ်အောင် အတည်ပြု ပေးရေးပဲ ဆိုတာကို ကျနော်တို့ အားလုံး ရှင်းရှင်းလင်းလင်း သိအောင် ဖော်ထုတ် ပြသ ထားပြီးပါပြီ။

ကျနော်တို့ရဲ့ ဒီမိုကရေစီရေးလိုလားတောင့်တမှုကို စွန့်လွှတ်ဖို့ ကျနော်တို့ ငြင်းဆန် သလို ရွေးကောက်ပွဲက တဆင့် စစ်အစိုးရကို တရားဝင်ဖြစ်အောင် လုပ်ပေးဖို့ ကိုလည်း ကျနော်တို့ ငြင်းဆန်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက် အနေအထားကို ထောက်ခံ အားပေးနေတဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာနဲ့ အတူ ကျနော်တို့တတွေ မျှော်လင့်ထားတာက နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ စစ်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို ကျနော်တို့လိုပဲ ရှင်းရှင်းလင်းလင်း သိမြင်ပြီး စစ်အစိုးရရဲ့ ဒီမိုကရေစီ နည်းလမ်း မကျဘဲ တဖက်သတ် နိုင့်ထက် စီးနင်း ဆောင်ရွက်မှုတွေကို ရပ်တန့် သွားစေဖို့ ဖိအားပေး ဆောင်ရွက် သွားနိုင်လိမ့်မယ် ဆိုတာပါပဲ။

မကြာသေးခင်ကအထိ ကုလသမဂ္ဂအဖွဲ့ကြီးက အတိုက်အခံဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီး သက်ဆိုင်သူ အားလုံး ပါဝင်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ဖြစ်ပေါ်လာအောင် တာဝန်ယူ ဆောင်ရွက်ပေးဖို့ စစ်အစိုးရကို တိုက်တွန်း တောင်းဆို ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အခု သူတို့ရဲ့ ကြေညာချက်နဲ့ မိန့်ခွန်းတွေမှာ အရေးကြီးတဲ့ စကားရပ်ဖြစ်တဲ့ “သက်ဆိုင်ရာပါတီ အဖွဲ့အစည်း အားလုံးပါဝင်ရေး” ဆိုတဲ့ စကားရပ်ကို ချန်လှပ် ပစ်ခဲ့တာကတော့ အံ့သြစရာပါပဲ။

မစ္စပီလေးက ကမ္ဘာကြီးကို မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် “အစွမ်းကုန် သတိထား စောင့်ကြည့်” ဖို့ တိုက်တွန်း ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရွေးကောက်ပွဲနေ့ အထိ အကဲဖြတ် စောင့်ကြည့်စရာ မလိုပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကို စစ်အစိုးရ စိတ်ကြိုက် ခန့်အပ်ခဲ့တာ ဖြစ်ပြီး သူတို့ အားလုံးကလည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တော်တော်များများ ၀င်ပြိုင်လို့ မရအောင် ဆုံးဖြတ်ချက်တွေ တဖက်သတ် ချမှတ်ပေးနေတဲ့ စစ်အစိုးရရဲ့ သစ္စာရှိ လူယုံတွေပဲ ဖြစ်တယ်။ ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေ တွေဟာလည်း နိုင်ငံရေးပါတီတွေ အပေါ်မှာ အကြီးအကျယ် ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ် ထားတာ ဖြစ်တယ်။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ဒါမှမဟုတ် ပါတီ အဖွဲ့အစည်းတွေမှာ ပါဝင် လှုပ်ရှားဆောင်ရွက်ခွင့် မရအောင် ပိတ်ပင် တားမြစ် ထားပါတယ်။

စစ်အစိုးရဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့ဝင်တွေဟာ မြန်မြန်ဆန်ဆန် အရပ်ဝတ်လဲ၊ သူတို့ရဲ့ လူထု အဖွဲ့အစည်းကြီးကို နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲ လိုက်ပြီး နိုင်ငံတော်ပိုင် ပစ္စည်းတွေ၊ သယံဇာတတွေ၊ ငွေကြေး ဥစ္စာတွေနဲ့ ခြိမ်းခြောက်မှုတွေကို အသုံးပြုပြီး ရွေးကောက်ပွဲအတွက် မဲဆွယ် နေကြတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဟာ ၀န်ကြီးချုပ်ရဲ့ ပါတီနဲ့၊ စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားတဲ့ အခြား သစ္စာခံ နောက်လိုက်ပါတီတွေ အလိုကျစေဖို့ သူတို့ကိုယ်တိုင် ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို အရှက်မရှိ ကျူးလွန် ဖောက်ဖျက် နေကြတယ်။

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အဲဒီရွေးကောက်ပွဲကြီး လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆိုတာကို ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ အထိ စောင့်ကြည့်ဖို့ အမှန်တကယ် လိုအပ် ပါသေးရဲ့လား။

ကံမကောင်းအကြောင်းမလှစွာဘဲ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲ ကို စောင့်ကြည့်ရုံ သာမက သူတို့ကို အားပေးအားမြှောက် ပြုနေကြတယ်။ အဲဒီနိုင်ငံတွေက ရွေးကောက်ပွဲသာလျှင် တခုတည်းသော ရွေးချယ်စရာ လမ်းအဖြစ် သူတို့ ယုံကြည်တဲ့ အကြောင်း ကျနော်တို့ကို ဆွေးနွေး ပြောဆိုခဲ့ကြပြီး ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ရွေးကောက်ပွဲ ၀င်သင့်ကြောင်း အကြံပြုခဲ့ကြတယ်။

စစ်တပ်အုပ်စိုးမှုကို ဒီနည်းနဲ့တရားဝင်ဖြစ်အောင် ကျနော်တို့ မလုပ်နိုင်တဲ့ အကြောင်း ကျနော်တို့ရဲ့ ရပ်တည်ချက် သဘောထားကို အခိုင်အမာ ရှင်းလင်း ပြောပြခဲ့လို့ အခြားသူတွေဘက် ဦးလှည့်သွားပြီး အခု အဲဒီသူတွေကို သူတို့ပြောတဲ့ အတိုင်း စစ်အစိုးရဲ့ ရွေးကောက်ပွဲ ကစားပွဲမှာ ပါဝင်ဖြစ်အောင် အားပေးကူညီမှုတွေ လုပ်နေတယ်။ စစ်အစိုးရကို လိုလား ထောက်ခံတဲ့ ပညာရှင် တချို့နဲ့ အခွင့်အရေး သမား တချို့ကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အမွှန်းတင်ဖို့အတွက် ဥရောပကို ခရီးထွက်နိုင်အောင် ကူညီတာမျိုး၊ သူတို့လိုလားတဲ့ ပါတီတွေကို ကူညီထောက်ပံ့ပေးတာမျိုး စသည်ဖြင့်ပေါ့။

ဒီမိုကရေစီပါတီအချို့အနေနဲ့ ဥရောပရဲ့ အားပေးကူညီမှုတွေရထားသည့် တိုင်အောင် သူတို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုတွေ အပေါ် ကန့်သတ် ချုပ်ချယ်မှုတွေ ပိုမို ပြင်းထန် လာနေတာ နေ့စဉ်နဲ့အမျှ တွေ့မြင်ကြားသိနေရတာမို့ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်မယ့် အခွင့်အလမ်းလည်း အတော့်ကို မှေးမှိန် လာနေပါပြီ။ စစ်အစိုးရ အနေနဲ့ လိမ်လည်မှုတွေ ခြိမ်းခြောက်မှုတွေ သုံးပြီး ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်နေရာ အားလုံးနီးပါးကို သိမ်းပိုက်ရယူဖို့ ဆုံးဖြတ် ထားပြီးပါပြီ။

စစ်တပ်အတွက် သီးသန့်ဖယ်ထားပေးတဲ့ လွှတ်တော်နေရာ (၂၅) ရာခိုင်နှုန်းနဲ့ အတူ လွှတ်တော်နေရာ အားလုံးနီးပါးကို စစ်တပ်နဲ့ သူ့အပေါင်းအပါ တွေကသာ ချုပ်ကိုင် ခြယ်လှယ် သွားမယ်ဆိုတာ ထင်ရှား သထက် ထင်ရှား လာနေပါပြီ။ ကိုယ်စားလှယ်အချို့ ကံကောင်း ထောက်မစွာ ရွေးကောက်ခံရမယ် ဆိုရင်တောင်မှ အပြောင်းအလဲ ဖြစ်ပေါ်အောင် လုပ်နိုင်မယ့် ဘာလုပ်ပိုင်ခွင့် အာဏာမှ သူတို့မှာ ရှိမှာ မဟုတ်ဘူး။ ဒီလွှတ်တော်မှာ အစိုးရ ဖွဲ့နိုင်တဲ့ အခွင့် အာဏာ မရှိပါဘူး။ စစ်ဘက်ရေးရာ ကိစ္စနဲ့ ပတ်သက်လို့လည်း ဥပဒေပြုခွင့် မရှိပါဘူး။ သမ္မတက ခန့်အပ်သူတွေနဲ့ ဘတ်ဂျက်လျာထားမှုတွေ အပေါ် ငြင်းဆို ကန့်ကွက်ခွင့် မရှိပါဘူး။

ကောင်းပြီ။ ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးဆိုရင် အဖြေက ဘာလဲလို့ တစုံ တယောက်က မေးခွန်း ထုတ်နိုင်ပါတယ်။ အဖြေက ကျနော်တို့ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးရေးပါပဲ။ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကြား အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုက သာလျှင် မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

စစ်တပ်ကတော့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒလုံးဝမရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ စစ်အစိုးရ အပေါ်မှာ ပြင်းထန်ထိရောက်တဲ့ ဖိအားတွေကို အလေးထား ဆောင်ရွက် သွားမယ်ဆိုရင် အဲဒီပြင်ပ ဖိအားနဲ့ ပြည်တွင်းက ငြိမ်းချမ်းစွာ ခုခံတွန်းလှန်မှုတွေ ပေါင်းစပ်ပြီး စစ်အစိုးရကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းပေါ် အရောက် တွန်းပို့ နိုင်ပါလိမ့်မယ်။

ဥရောပက ကျနော်တို့မိတ်ဆွေများအနေနဲ့ ဘာတခုမှ ပေါ်ထွက် မလာနိုင်တဲ့ ရွေးကောက်ပွဲ အပေါ် မျှော်လင့် အိပ်မက်မက်နေတာကို စွန့်လွှတ်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ အစပြု နိုင်ဖို့အတွက် စစ်အစိုးရ အပေါ် ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ် ကြပါတော့လို့ ကျနော် ဆန္ဒပြုချင်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း ပေါ်ပေါက်လာရေးကို အားထုတ် ဆောင်ရွက်ရင်း အဲဒီအရေးယူ ဆောင်ရွက်မှုတွေကို စတင်သင့်ပါပြီ။ ။

မှတ်ချက်။ ။ ၂၀၁၀ စက်တင်ဘာ (၃၀) ရက်ထုတ် နယူးယောက်တိုင်း သတင်းစာပါ သတင်းစာ ဆရာကြီး ဦးဝင်းတင်၏ “An Election Not Worthy of Support” ဆောင်းပါးအား ဖိုးဇော် ဘာသာပြန် ဆိုထားခြင်း ဖြစ်ပါသည်။

စာရေးသူ ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ စတင် ထူထောင်ရာတွင် ပါဝင်ခဲ့သူ တဦးဖြစ်ခဲ့ပြီး လက်ရှိ NLD ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်သည်။ သူသည် ၁၉၈၉ မှ ၂၀၀၈ ခုနှစ်အထိ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသူဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, June 8, 2010

မြန်မာက နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြံရွယ်နေဟု ကျွမ်းကျင်သူ ပြောကြား

အောင်ဆန်းမန်း (ဘာသာပြန်ဆောင်းပါး)
၀၇ ဇွန် ၂၀၁၀

ဒီဗွီဘီ ရဲ့ (၅) နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများက မြန်မာနိုင်ငံရဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ် နိုင်လိုက်ပါပြီ။ စုံစမ်း ထောက်လှမ်း တွေ့ရှိမှုများ အတွက် အရေးပါသူ တဦးကတော့ ဒုံးလက်နက်နှင့် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်ပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူခဲ့သော၊ ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာ စစ်အင်ဂျင်နီယာ ဗိုလ်မှူး စိုင်းသိန်းဝင်းပဲ ဖြစ်ပါတယ်။

ဒီဗွီဘီရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်းစုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ ဒီဗွီဘီကို ဆက်သွယ်လာပြီး အထောက်ထား စာရွက်စာတမ်းများ၊ ရောင်စုံ ဓာတ်ပုံများကို ပေးအပ် ခဲ့ပါတယ်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများ အတွက် ရုရှမှ လေ့ကျင့် သင်ကြားပေးနေသော အထောက်ထား များသာမက၊ မြောက်ကိုရီးယား၏ ပါဝင် ဆက်နွှယ်မှု တို့ကိုပါ ဖော်ထုတ် ပေးနိုင်လိုက်ပါတယ်။

ထိုအချက်အလက် အထောက်ထားများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်း၍ လပေါင်းများစွာ လေ့လာခဲ့သူ ကတော့ IAEA မှာ ဒါရိုက်တာ အဖြစ် ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ်ကယ်လီပဲ ဖြစ်ပါတယ်။ ဒေါက်တာ ကယ်လီသည် ဤအထူး ဆောင်းပါးတွင် မြန်မာ စစ်အစိုးရ၏ နျူလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော နည်းပညာနှင့် ယူနေရီယမ် ရှာဖွေ ထုတ်လုပ်နေမှုများ အကြောင်း ရေးသား ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှ အရေးပါသော သူတဦးဟာ အလွန်လျှို့ဝှက်လှသော နျူဆိုင်ရာ စီမံချက်များ အကြောင်း ထုတ်ဖော်ဖို့ ပြည်တွင်းမှ ထွက်ခွာ လာခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်အား ဒီဗွီဘီမှ အချိန်ယူ တွေ့ဆုံ မေးမြန်းခဲ့ပြီး၊ အချက်လက်များအား ကမ္ဘာကို ထုတ်ဖော် ဖွင့်ချလိုက်ပါပြီ။ ထိုအရေးပါသော ပုဂ္ဂိုလ်မှာ မကြာသေးခင် အထိ ပြည်တွင်းမှာ ဗိုလ်မှူး ရာထူးအဆင့်နှင့် တာဝန် ထမ်းဆောင်ခဲ့သော စိုင်းသိန်းဝင်း ဖြစ်ပါတယ်။ သူဟာ မြန်မာ စစ်အင်ဂျင်နီယာ တဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ဒုံးပျံနှင့် နျူကလီးယား စီမံကိန်းများအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်ပိုင်းများ ထုတ်လုပ်ရာ အထူးစက်ရုံများ တည်ဆောက်ခြင်း၊ ဥရောပ နိုင်ငံများမှ ထုတ်လုပ်သော ခေတ်မီ စက်ကိရိယာများ ထားရှိရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့်တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။

ဗိုလ်မှူးစိုင်းဟာ သူနှင့်အတူ အဆိုပါစက်ရုံများတွင် တည်ဆောက်ထားသော စက်ပစ္စည်းများ၏ ရောင်စုံ ဓာတ်ပုံများ၊ စာရွက်စာတမ်း အထောက်အထားများအား ယူဆောင် လာခဲ့ပါတယ်။ ဒီဗွီဘီသည် ထို အထောက်အထားများအား ကျွမ်းကျင်သူများကို ပြသကာ အသေးစိတ် စစ်ဆေးပြီး ကမ္ဘာအား ထုတ်ပြန် ကြေညာရန် စီစဉ်ခဲ့ပါတယ်။ အချို့သော ကျွမ်းကျင်သူများဟာ လေ့လာ တွေ့ရှိချက်များ အပေါ်မှာ အတော်လေး ချိန်ချိန်ဆဆ ရှိကြပြီး အမျိုးမျိုး ကောက်ချက်ချမှုများ ရှိကြသလို၊ အချို့ကတော့ ထို အထောက်ထားများတွင် ပါဝင်သော ပစ္စည်း ကိရိယာများဟာ နျူလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုဖို့ ဖြစ်တယ်ဆိုတဲ့ ကျွန်ုပ်တို့၏ ကောက်ချက်အား အပြည့်အ၀ သဘောတူချင်မှ တူပါလိမ့်မယ်။ မည်သို့ပင်ဆိုစေ ထိုကွဲပြားသော အမြင်များအား ကြိုဆိုပါတယ်။ တချိန်တည်းမှာ ထိုကွဲပြားသော အမြင်များအပေါ် အခြေခံထားသော ထပ်လောင်း စစ်ဆေး တွေ့ရှိချက်ဟာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်နေတယ် ဆိုသော ကျွန်ုပ်တို့၏ အမြင်အား ပိုမိုခိုင်မာအောင် အားဖြည့် ပေးပါလိမ့်မယ်။ ဒီဗွီဘီမှာ လျှို့ဝှက် စက်ရုံများ၏ ဓာတ်ပုံများ ရာချီရှိနေသလို၊ မရေမတွက်နိုင်အောင် များပြားလှသော အခြား အချက်လက် ရင်းမြစ်နှင့် အထောက်ထား များလည်း ရှိနေပါတယ်။ သို့ပေမယ့် ဗိုလ်မှူးစိုင်း ပေးအပ်လာတဲ့ အထောက်ထားများနှင့် ဆက်စပ်သော နောက်ကြောင်း အချက်လက်များကိုပဲ ဦးစားပေး ဖော်ပြသွားပါမယ်။

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ အီရန်နိုင်ငံ၏ လျှို့ဝှက်နျူစီမံကိန်းများ အကြောင်း အထောက်အထားများဟာ laptop documents များအနေဖြင့် ထွက်ပေါ် လာခဲ့ပါတယ်။ ထိုအထောက်အထားများ၏ မူလ ရင်းမြစ်အား ရှင်းလင်းစွာ မသိရပေမယ့် ထိုကိစ္စသည် နိုင်ငံတကာတွင် အီရန်နိုင်ငံ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အကြီးကျယ် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ တဖက်တွင် ယခု ဗိုလ်မှူးစိုင်း ယူဆောင်လာသော အထောက်အထားနှင့် ဓာတ်ပုံများအရ အသုံးပြုထားသော စက်ပစ္စည်းများ မူလရင်းမြစ် ဘယ်က လာသည်ဆိုမှာ ပေါ်လွင်သည့်အပြင်၊ အထောက်ထားများ ထွက်ပေါ်ရာ လမ်းကြောင်းကလည်း လုံးဝ ရှင်းလင်းလှပါတယ်။ ထိုအထောက်အထား အချက်လက်များအပေါ် နျူ မပြန့်ပွားရေး လုပ်ဆောင်နေကြသော အဖွဲ့စည်များဟာ မည်သို့ ရှုမြင်ကြမည်လဲ ဆိုသည်မှာ အလွန် စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ ဒီဗွီဘီမှ ရိုက်ကူးထုတ်လွှင့်သော မြန်မာစစ်အစိုးရ၏ အစုအပြုံလိုက် သေစေနိုင်သော လက်နက်များ ထုတ်လုပ်ရေး စီမံကိန်း မှတ်တမ်း ရုပ်ရှင်အား ကြည့်ရှုခဲ့ရပါတယ်။ ထိုမှတ်တမ်း ရုပ်ရှင်ပါ စက်ရုံများထဲမှာ စက်ရုံ (၂) ခုမှာ သူတာဝန် ထမ်းဆောင်နေခဲ့ပြီး၊ ကမ္ဘာက သိသင့်သော အချက်လက်များ ပိုမို လိုအပ်နေတယ် ဆိုတာကို ခံစား လာမိပါတယ်။ ဒီလိုနဲ့ သူဘာတွေ တွေ့မြင်ခဲ့တယ်၊ ဘာတွေလုပ်ဖို့ ခိုင်းစေခဲ့ခြင်း ခံခဲ့ရတယ် ဆိုတာကို ဖွင့်ချဖို့ ထိုင်းနိုင်ငံဘက်ကို ထွက်ခွာလာခဲ့ပါတယ်။ သူပြောပြတာတွေဟာ အခြား သူ့အရင်လူများ ပြောကြားထားခဲ့ သမျှကို ဖြည့်စွက်ပေးရာ ရောက်တဲ့အပြင်၊ စစ်အစိုးရ ဘာတွေ ဆောက်လုပ် စီမံနေတယ် ဆိုတာကို ပြသထားတဲ့ ဓာတ်ပုံများနှင့် ပိုမိုခိုင်မာအောင် အားဖြည့်ထားပါတယ်။ ထို့အပြင် သူတက်ရောက်ခဲ့ဖူးသော အထူးသရုပ်ပြ သင်တန်းများ အကြောင်းလည်း ပြောပြနိုင်သလို၊ နျူစီမံကိန်းနှင့် ပတ်သက်၍ သူတွေ့ဆုံခဲ့ဖူးသော သက်ဆိုင်သူများ၏ အမည်နာမ များအားလည်း ပြောပြနိုင်ခဲ့ပါတယ်။

စိုင်းသိန်းဝင်းဟာ အစ္စရေးနိုင်ငံရဲ့ လျှို့ဝှက် နျူလက်နက် ထုတ်လုပ်မှု စီမံကိန်းများ အကြောင်း ဖွင့်ဟ ပြောဆိုခဲ့သူ Negev သဲကန္တာရတွင် ရှိသော Dimona နျူစက်ရုံတွင် တာဝန် ထမ်းခဲ့သူ အစ္စရေး နည်းပညာရှင် Mordecai Vanunu အား ပြန်ပြောင်း အမှတ်ရစေပါတယ်။ Vanunu ဟာ ထိုအချိန်က အစ္စရေး၏ လျှို့ဝှက် နျူစီမံကိန်း စက်ရုံများနှင့် ထုတ်လုပ်မှုများအား ဓာတ်ပုံများစွာရိုက်ကာ လန်ဒန်မြို့ အခြေစိုက် ဆန်းဒေးတိုင်းမ် သတင်းစာကြီးမှ တဆင့် ၁၉၈၆ နှစ်တွင် ကမ္ဘာအား ဖွင့်ချခဲ့ပါတယ်။ အစ္စရေးကတော့ နျူလက်နက်များ ရှိသည်ကို မဆိုထားနှင့် ထိုဓာတ်ပုံများတွင် ပါရှိသော စက်ရုံများ ရှိသည်ကိုပင် ၀န်မခံခဲ့ပါ။ ဒါပေမယ့် Vanunu ကတော့ အစ္စရေး အစိုးရ၏ ပြန်ပေးဆွဲမှုကို ခံလိုက်ရပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခြင်းကို ခံလိုက်ရပါတယ်။ ဗိုလ်မှူးစိုင်းဟာလည်း အလားတူ သတင်း အချက်လက်များကို ပေးအပ်ခဲ့သူ ဖြစ်ပါတယ်။



ဗိုလ်မှူးစိုင်းဝင်းသိန်းဟာ ဘယ်လို စီမံကိန်းမှာပါဝင်ခဲ့ရ သလဲ

သူဟာ ဒုံးပျံနှင့် နျူစီမံကိန်းများအတွက် နမူနာစက်ပစ္စည်း အစိတ်ပိုင်းများ ထုတ်လုပ်ရာမှာ ပါဝင်ခဲ့ရပါတယ်။ သူဟာ အတွေ့အကြုံရှိသော စက်မှုအင်ဂျင်နီယာ တဦးဖြစ်ပြီး စက်မှုပိုင်းဆိုင်ရာများကို အသေးစိတ် တိကျစွာ ပြောနိုင်ပါတယ်။ သူဟာ ဒုံးပျံ နည်းပညာသင်ခဲ့သူ အင်ဂျင်နီယာ တဦးဖြစ်သည်နှင့် အညီ သူပြုလုပ်ခဲ့သည် ဆိုသော ဒုံးပျံ လောင်စာပန့်တွင် အသုံးပြုသော ပန်ကာဒလက် အကြောင်းကို အသေးစိတ် ရှင်းပြခဲ့ပါတယ်။ သူပြောပြတဲ့ နျူစီမံကိန်း အကြောင်းဟာ သူပြတဲ့ ရောင်စုံဓာတ်ပုံများနှင့် မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်ရှိ နျူတပ်ရင်းအား (၂) ခေါက် သွားရောက်ခဲ့တဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နျူတပ်ရင်းဟာ နျူလက်နက် ထုတ်လုပ် တပ်ဆင်ရေး အဆောက်အအုံများ ဆောက်လုပ်ရန် တာဝန်ပေးခြင်း ခံထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဆိုပါအဖွဲ့သည် နျူဓာတ်ပေါင်းဖို ဆောက်လုပ်ခြင်း၊ နျူသန့်စင်စက်ရုံများ ဆောက်လုပ်ခြင်းတို့ လုပ်ဆောင်ပါတယ်။


ဒီဗွီဘီ၏ အတိုင်ပင်ခံ အဖွဲ့များကတော့ လက်ရှိမြန်မာနိုင်ငံ အခြေအနေဟာ နျူစီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်းမရှိသေးဟု ယူဆကြပါတယ်။ နျူလက်နက် ထုတ်လုပ်ရာတွင် လိုအပ်သော လက်နက် ကုန်ကြမ်းပစ္စည်း ထောက်ပံ့ရေး စက်ရုံများအား တည်ဆောက်ရာတွင် ကျွမ်းကျင်မှု မလုံလောက်သေးပါ။ သို့သော် ဗိုလ်မှူးစိုင်းနှင့် အခြား သတင်းရင်းမြစ်များမှ အချက်အလက်များ အရ ဆိုလျှင် စစ်အစိုးရသည် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်သည် အထိ ရည်မှန်းထားပြီး ထို့အတွက် များစွာသော အရင်းမြစ်များကို တိုးချဲ့သုံးစွဲနေတာ ရှင်းလင်းလှပါတယ်။

ဥရောပလုပ် စက်ပစ္စည်းများနှင့် စက်ရုံများ

ဂျာမနီနှင့် အဆက်သွယ်ရှိသော စင်ကာပူအခြေစိုက် company (၂) ခုသည် မြန်မာနိုင်ငံ နည်းပညာနှင့် အသက် မွေးဝမ်းကျောင်း သင်တန်းကျောင်း (DTVE) တွင် သုံးရန်ဟုဆိုကာ စက်ပစ္စည်း များစွားအား ရောင်းချခဲ့ပါသည်။ ထိုသင်တန်းကျောင်းသည် သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ အနျူမြူစွမ်းအင်ဌာန (DAE) နှင့် ဆက်စပ်နေပါသည်။ ထို ဆက်စပ်လျက်ရှိသော ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်သော အချက်လက်များ များစွာ သိရှိထားပြီး ဖြစ်ပါသည်။ ထိုသင်တန်းကျောင်းသည် အစိုးရ၏ နျူ၊ ဓာတု၊ ဇီဝ လက်နက် ထုတ်လုပ်ရေး၊ အထူးသဖြင့် ဒုံးလက်နက် စီမံကိန်းအတွက် လိုအပ်သည်များကို အမည်ခံ ၀ယ်ပေးနေခြင်း ဖြစ်နိုင်ပါသည်။

ဂျာမန်အစိုးရသည် စက်ပစ္စည်းများ ရောင်းချရန်ခွင့်ပြုချိန်မှာ ထိုသင်တန်းကျောင်းနှင့် ပတ်သက်၍ တိကျ ရေရာသော အချက်အလက် ရှိမထားခဲ့ပါ။ ကံကောင်းသည်မှာ ထိုရောင်းချလိုက်သော စက်ပစ္စည်းများသည် အလွန်ဈေးကြီးပြီး စွမ်းအားမြင့် ပေသော်လည်း၊ ဒုံးပျံနှင့် နျူဆိုင်ရာ ကိစ္စများတွင် အသုံးချနိုင်ရန်မူ အလွန် အသေးစိတ် တိကျမှုကို ပေးနိုင်သော အပိုဆောင်းပစ္စည်း အပြည့်အစုံ လိုအပ်ပြီး၊ ထို အပိုပစ္စည်းများသည် ယခု ရောင်းမှုများတွင် မပါဝင်ပါ။ ထိုလျှို့ဝှက်စက်ရုံများသည် ယခုအထိတော့ အခြား သုတေသနဌာနများ အတွက် လိုအပ်သော နမူနာ အစိတ်ပိုင်းများ၊ ပုံစံပြ မော်ဒယ်များကိုသာ အများစု ထုတ်လုပ်နေပါသည်။ ထိုစက်ရုံများသည် ထုတ်လုပ်ရေး စီမံချက်အရ နောက်ဆက်တွဲ ဆင့်ပွား အစိတ်ပိုင်းများကို မထုတ်လုပ် သေးသလို၊ သူတို့ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်ခြင်းမျိုးလည်း မလုပ်သေးပါ။

ရောင်းချလိုက်သော ကုမ္ပဏီကတော့ ထိုစက်ပစ္စည်းများသည် ပညာရေးနှင့် အသက် မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများတွင် သုံးရန်သာဟု ယူဆထားသော်လည်း ဂျာမန် အစိုးရကတော့ သံသယ ရှိသဖြင့် ထိုစက်ပစ္စည်းများ တပ်ဆင် အသုံးပြုနေသော အထူးစက်ရုံများအား သွားရောက်စစ်ဆေးရန် သံတမန် တဦးနှင့် ကျွမ်းကျင်သူ တဦးအား စေလွှတ်ခဲ့ပါသည်။ အဆိုပါ ဂျာမန် ကျွမ်းကျင်သူသည် ထိုစက်ရုံ၏ အနီးတ၀ိုက်တွင် တက္ကသိုလ်များ၊ ကျောင်းသားများ မရှိနေခြင်း၊ ကျောင်းတွင် အမျိုးသမီး ကျောင်းသူ မရှိခြင်းတို့ကို ထောက်ရှုကာ ထိုစက်ပစ္စည်းများအား သင်ကြားရေးတွင် သုံးနေသည်ဆိုသည့် အချက်အား သံသယ ဖြစ်သည်ဟု ဆိုပါသည်။ ထိုကျောင်းသားများသည် စစ်ယူနီဖောင်း ၀တ်ဆင်ထားခြင်း မရှိသည်ကိုလည်း သတိပြုမိခဲ့သည်။ ထို ဥရောပ အရာရှိများ လာစဉ်က အရပ်သား ၀တ်စုံ ၀တ်ထားကြသူများသည် အခြား အချိန်များတွင် ယူနီဖောင်းများ ၀တ်ထားကြသည်ကို ဒီဗွီဘီမှ စစ်ဆေးထားသော ဓာတ်ပုံ အထောက်အထားများအရ သော်လည်းကောင်း၊ ကျောင်းသားအချို့အား စစ်ဆေး မေးမြန်းချက် အရသော်လည်းကောင်း သိရှိရပေသည်။

ဗိုလ်မှူးစိုင်းသည် ထိုဂျာမန်များ လာစဉ်က ရိုက်ကူးထားသော ပုံများနှင့် စက်ပစ္စည်းများ တပ်ဆင်စဉ်က ပုံများ စသည့် အလွန် မှတ်မိလွယ်သော ပုံများအား ပြသခဲ့ပါတယ်။ ဤအချက်သည် ထိုအချိန်က ဗိုလ်မှူးစိုင်းသည် ထိုစက်ရုံတွင် ရှိနေခဲ့သည်ဆိုသော အချက်အား ခိုင်မာစေပါသည်။ ဂျာမန် အစိုးရ၏ နိုးကြားမှုရှိခြင်း၊ ထိုစက်ရုံများအား သွားရောက် စစ်ဆေးနိုင်ခြင်း တို့မှာလည်း အလွန် ကံကောင်းသည်ဟု ဆိုရမည်ပင်။ စစ်အစိုးရကတော့ အမှန်ကိုပြောချင်မှ ပြောမှာဖြစ်ပေမယ့် ထိုသွားရောက် စစ်ဆေးခြင်းသည် အမှန်တရားကို စစ်ကြောရာတွင် အလွန် အရေး ပါလှပါတယ်။


နျူတပ်ရင်းက တည်ဆောက်နေတဲ့ စက်ပစ္စည်းများအကြောင်း

သပိတ်ကျင်း နျူတပ်ရင်းက တောင်းဆိုတဲ့ စက်ပစ္စည်းအစိတ်ပိုင်းများရဲ့ ဓာတ်ပုံအများပြားကို ဗိုလ်မှူးစိုင်းက ဒီဗွီဘီအား ပြခဲ့ပါတယ်။ ထိုပုံများအနက်မှာ အထင်ရှားဆုံး ပုံတပုံကတော့ သပိတ်ကျင်း အခြေစိုက် အမှတ် (၁) သိပ္ပံနှင့် နည်းပညာ တပ်ရင်းမှ လျှို့ဝှက် မန်မိုဖြင့် ပြင်ဦးလွင်ရှိ အထူးစက်ရုံ (၁) သို့ တောင်းဆို ထားသော စက်အစိတ်ပိုင်းပုံ ဖြစ်ပါတယ်။ ထိုအရာသည် အထူးပစ္စည်း ထုတ်လုပ်ရေး သုတေသနဌာနက တောင်းဆိုသော bomb reactor ဖြစ်ပြီး လိုချင်သော ပုံစံအား ပုံကြမ်းရေးထားသည့် ဓာတ်ပုံများလည်း ပါဝင်ပါသည်။ နျူလက်နက် ထုတ်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသော bomb reactor သည် ယူရေနီယမ် ဒြပ်ပေါင်းအား နျူကလီးယား လောင်စာ (သို့မဟုတ်) နျူကလီးယားဗုံး လုပ်ရာတွင် လိုအပ်သော ယူရေနီယမ် သတ္တုအဖြစ် ပြောင်းလဲရာတွင် သုံးသော အထူး ကိရိယာဖြစ်ပါတယ်။ ဓာတ်ပုံများနှင့် ပုံကြမ်းများက ဖော်ပြထားသော bomb reactor သည် ထိုသို့ ပြုလုပ်ရာတွင် သုံးသော ကိရိယာအစိတ်ပိုင်းများဖြစ်ပြီး၊ ထိုအထဲမှ တခုသည် မြင့်မားသော အပူချိန်တွင် အသုံးပြုနိုင်သော အရာမျိုးဖြစ်သည်။ ထိုကိရိယာသည် သုတ်ဆေးများအား အပူပေးကာ ခွာထားပြီး လက်ရှိ အသုံးပြုနေပါတယ်။ ဒီဇိုင်းကတော့ နိုင်ငံခြား တိုင်းပြည် တခုခုမှ မဟုတ်လျှင် မြန်မာ ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ နျူတပ်ရင်းရဲ့ bomb reactor လိုအပ်မှုဟာ မြန်မာနိုင်ငံဟာ ယူရေနီယမ် သတ္တုပြုလုပ်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ ခိုင်မာလှတဲ့ သက်သေဖြစ်ပါတယ်။ ယူရေနီယမ် သတ္တုကို ပလူတိုနီယံ ထုတ်လုပ်တဲ့ reactor မှာ သုံးသည်ဖြစ်စေ၊ နျူကိရိယာ တခုခုမှာ သုံးသည်ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် ဒါဟာ လက်နက်များ ပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူနည်းပညာကို ရရှိနိုင်ရန် အားထုတ်နေတဲ့ အချက်ပဲဖြစ်ပါတယ်။


ဗိုလ်မှူးစိုင်းရဲ့ ပုံတွေထဲမှာ ယူရေနီယမ် သန့်စင်ရာမှာအသုံးပြုတဲ့ uranium hexafluoride gas စတဲ့ ယူရေနီယမ် ဒြပ်ပေါင်းများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတု အင်ဂျင်နီယာ ဆိုင်ရာ စက်ပစ္စည်းများလည်း ပါဝင်နေပါတယ်။ ယူရေနီယမ် isotope များကို ဗုံးပြုလုပ်ရာမှာသုံးတဲ့ ပစ္စည်းများအဖြစ် ခွဲခြမ်းနိုင်သော အဆင့်မြင့် လေဆာ ကိရိယာများမှာသုံးသော နော်ဇယ်ခေါင်းများလည်း သူပြတဲ့အထဲမှာ ပါဝင်ပါတယ်။ ထို့အပြင် Glove box လို့ခေါ်တဲ့ ဓာတ်သတ္တိကြွပစ္စည်းများ ရောမွှေရာတွင် သုံးသောကိရိယာနှင့် ယူရေနီယမ် ဒြပ်ပေါင်းများ ပြုလုပ်ရာတွင် သုံးသော လုံခွက် (furnaces) များလည်း ပုံတွေထဲမှာ ပါဝင်တယ်။ ဒီပစ္စည်းများဟာ အခြား နေရာတွင်လည်း အသုံးပြုနိုင်တယ် ဆိုပေမယ့် နျူတပ်ရင်းမှာ လုပ်ဆောင်နေသည့် အရာများနှင့် ဆက်စပ် ကောက်ချက်ချရလျှင် နျူလက်နက် စီမံကိန်းမှလွဲ၍ အခြားဖြစ်နိုင်စရာ မရှိပေ။


စစ်အစိုးရဟာ ပလူတိုနီယမ်ကို နျူဗုံးပြုလုပ်နိုင်ဖို့ nuclear reactor တခု တည်ဆောက်နေတဲ့ အကြောင်း ဗိုလ်မှူးစိုင်းကို ပြောပြပါတယ်တဲ့။ ဒီအချက်နဲ့ အံဝင်စေတာကတော့ control rod လို့ခေါ်တဲ့ reactor ရဲ့ အစိတ်ပိုင်း တခုအကြောင်း သရုပ်ပြပွဲတခုကို သူကိုယ်တိုင် တွေ့ခဲ့ရတာပါပဲ။ သူ့ကို ပြောပြတာကတော့ အခု အစိုးရဟာ ယူရေနီယမ်ကို သန့်စင်ပြီး ဗုံးလုပ်ဖို့ စီမံကိန်း ချထားတယ်။ ယူရေနီယမ် သန့်စင်တဲ့ နည်းလမ်းတွေမှာ အစိတ်ပိုင်း တခုဖြစ်တဲ့ ကာဗွန်မိုနော့ဆိုက် လေဆာအကြောင်း သရုပ်ပြတာလည်း သူကြည့်ရှုခဲ့ရဖူးတယ်။ သူ သပိတ်ကျင်းမှာ တွေ့ခဲ့၊ ကြားဖူးခဲ့တဲ့ သူအပေါင်းရဲ့ နာမည်တွေကို ပြောပြတော့ ထိုအထဲမှာ နာမည် အချို့ဟာ မြန်မာ အနုမြူ စွမ်းအင်ဌာန (DAE) မှာ လုပ်ကိုင် နေကြသူများ ဖြစ်နေကြပါတယ်။ ထိုအထဲမှ အများစုဟာ IAEA ထောက်ပံ့မှုနဲ့ ပြုလုပ်တဲ့ ထရိန်နင်များ တက်ရောက် ခဲ့ဖူးကြသူများ ဖြစ်ကြပါတယ်။ ဗိုလ်မှူးစိုင်း ကိုယ်တိုင်ဟာလည်း ကာဗွန်မိုနော့ဆိုက် လေဆာအတွက် နော်ဇယ် ပြုလုပ်ရာမှာ တာဝန် ယူခဲ့ရဖူးတယ်။ သူဟာ ဓာတုဗေဒ အင်ဂျင်နီယာ ပညာအကြောင်း သိပ်မသိတဲ့အတွက် ပုံတွင်ပါရှိသော ထိုဌာနမှ အသုံးပြုနေသော ကိရိယာများ အကြောင်း ကျွန်ုပ်တို့ အကဲဖြတ် သိရှိနိုင်သလောက် သူမသိပေမယ့် အချုပ်အားဖြင့် သူ့ပြောပြချက်များဟာ အလွန် စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ သူမြင်တွေ့ခဲ့သော သရုပ်ပြမှု၊ သင်ကြား ရှင်းလင်းမှုများဟာ အကြမ်းဖျင်း သိပ်ကျလွန်းတာလည်း ထင်ရှားလှပါတယ်။ အကယ်၍ ထိုအဆင့်သည် မြန်မာတို့ အကောင်းဆုံး လုပ်နိုင်တဲ့ အဆင့်ဆိုလျှင် သူတို့ မျှော်မှန်းချက်ရောက်ဖို့ အတော်ပင် လိုသေးသည်ဟု ပြောရမည်။

ဗိုလ်မှူးစိုင်းသိန်းဝင်း ပြောပြချက်များအပေါ် သုံးသပ်ချက်

သူဟာ အဆင့်မြင့် ခေတ်မီစက်ပစ္စည်းများအကြောင်း ကောင်းကောင်းသိသူ အတွေ့အကြုံရှိသူ စက်မှု အင်ဂျင်နီယာ တယောက် ဖြစ်ပါတယ်။ ထိုစက်ပစ္စည်းများဟာ နျူစီမံကိန်းနှင့် ဒုံးပျံများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော အလွန်တိကျသော စက်အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါတယ်။ သူဟာ နျူကျွမ်းကျင်သူ တယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကို ဘာအတွက် ဘယ်လိုဟာတွေ ထုတ်လုပ်ပေးပါဟု ပြောကာ လုပ်ခိုင်းသည့် အရာများက လွဲ၍ ကျန်သော အရာများအကြောင်း သူ သိပ်မပြောနိုင်ပါ။ ဒါပေမယ့် သူတင်ပြလာတဲ့ ပုံများတွင် ပါသည့် အရာများကတော့ နျူလက်နက် ထုတ်လုပ်ရာတွင် ပလူတိုနီယမ် ဒြပ်ပေါင်းများကို လက်နက် ထုတ်လုပ်နိုင်သည့် အရာများသို့ ပြောင်းလဲသည့် နေရာများ၌ သုံးနိုင်သည့် အရာများ ဖြစ်နေတာတော့ အသေအချာပါ။ ထို ဓာတ်ပုံများနှင့် သူ့ပြောဆိုချက် များဟာ အတုယောင် ဖြစ်သည်ပဲ ဆိုပါဦး၊ ထိုအရာများဟာ သူထောက်ပြတဲ့ အသုံးပြုမှုများနှင့် အံဝင်ခွင်ကျ ဖြစ်နေတာ တွေ့ရပါတယ်။

သူဟာ စစ်အင်ဂျင်နီယာဘွဲ့ရပြီး ရုရှနိုင်ငံ၊ မော်စကိုရှိ နာမည်ကျော် Bauman Institute တွင် Missile နည်းပညာ ဆက်လက် သင်ကြားခဲ့ပါတယ်။ ထိုအထောက်အထား အားလုံး သူပြနိုင်ပါတယ်။ သူ့ရဲ့ သူငယ်ချင်း များဟာလည်း Moscow Institute of Engineering Physics နဲ့ Mendeleev Institute of Chemical Technology (MIFI) စတဲ့ ကျောင်းတွေမှာ နျူကလီးယားနှင့် ဓာတု အင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြား ခဲ့ကြပါတယ်။ MIFI ဟာ ဆိုဗီယက် နျူကလီးယား လက်နက် ဒီဇိုင်းနာများကို လေ့ကျင့် မွေးထုတ်ပေးရာ အဓိက ကျောင်းကြီး ဖြစ်ပါတယ်။ ထိုကျောင်းမှ ဓာတုနည်းပညာများ သင်ကြား လာသူများဟာ ဗိုလ်မှူးစိုင်း သိသလောက် အဓိကကျတဲ့ စက်ကိရိယာများ တည်ဆောက် တပ်ဆင်ရာတွင် အဓိက အရေးပါမည့် သူများ ဖြစ်နိုင်ခြေရှိပါတယ်။

မြန်မာပြည်ရဲ့ နျူကလီးယား reactor နဲ့ ပတ်သက်လို့

ဒါနဲ့ပတ်သက်လို့တော့ ခန့်မှန်းပြောဆိုချက် အမျိုးမျိုးရှိပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ (၁၀) မီဂါဝပ်အားရှိ သုတေသနသုံး reactor တလုံးဆောက်ဖို့ ရုရှနဲ့ မြန်မာ သဘောတူခဲ့တာ ကတော့ ရှင်းလင်းစွာ သိကြပါတယ်။ ဒီ သဘောတူကြီချက်ကို ဖုံးကွယ် မထားဘဲ ၂၀၀၈ ခုနှစ်လောက်မှာမှ ရုရှက တည်ဆောက်ရန် ရည်ရွယ် ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီ reactor ဟာ အခုထိ မတည်ဆောက်ရ သေးသလို IAEA ရဲ့ အထူး သဘောတူညီချက် များအား မြန်မာဘက်မှ လက်မှတ် မထိုးမချင်း ရုရှမှ တည်ဆောက်ပေးမည့် အရိပ် အယောင်လည်း မရှိပါ။ ထို သဘောတူညီချက်အား မြန်မာဘက်မှ လက်မှတ်ထိုးမည့်ပုံလည်း မရှိပါ။ အဘယ့်ကြောင့် ဆိုသော လက်မှတ်ထိုး သဘောတူလိုက်သည်နှင့် သူတို့ ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေသော စီမံကိန်းများအား IAEA မှ ၀င်ရောက်စစ်ဆေးခွင့် ရရှိသွားမှာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထို (၁၀) မီဂါဝပ် reactor ဆိုသည်မှာ နျူလက်နက် မပြန့်ပွားရေးအတွက် စိုးရိမ်စရာ မရှိလောက်အောင် သေးငယ်တဲ့ အတိုင်းအတာဖြစ်ပြီး ကမ္ဘာ့ နိုင်ငံအများမှာ ပုံမှန်လိုပဲ ရှိနေကြပါတယ်။ ထို reactor များကို နျူဆိုင်ရာ ပညာရပ်များ သင်ကြားရေး အတွက် အသုံးပြုနိုင်ပြီး လက်နက် ထုတ်လုပ်နိုင်သည် အထိ လိုအပ်တဲ့ ပလူတိုနီယမ် ပမာဏကို အလွယ်တကူနှင့် ချက်ချင်း ထုတ်လုပ်နိုင်ရန် အတွက် အသုံးမပြုနိုင်ပါ။ IAEA မှာ ဘယ်လို reactors မျိုးဟာ ပလူတိုနီယမ် ထုပ်လုပ်ဖို့ သင့်တော်တယ်လို့ သတ်မှတ်ရန် စံနှုန်းထားများ ရှိပါတယ်။ အဆိုပါ (၁၀) မီဂါဝပ် reactor ဟာ ထိုစံနှုန်းများအောက်မှာ ရှိပါတယ်။ ထိုအရွယ်အစားသည် နျူဆိုင်ရာ သင်ကြားရေးနှင့် ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရာတွင်သာ အသုံးဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ အဆိုပါ reactor များကို ဒေသတွင်း ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရေး အတွက်သာ အဓိက သုံးကြပါတယ်။ အထက်ပါ အချက်များကြောင့် မြန်မာဟာ ရုရှထံမှ 10 MW reactor ၀ယ်ယူ ထားသည်ဆိုသည့် သတင်းမမှန်သကဲ့သို့ ဗုံးစီမံကိန်း အတွက် သူတို့ဘာသာ သူတို့အလားတူ စက်ရုံမျိုး တည်ဆောက်နေတယ် ဆိုတဲ့ သတင်းဟာလည်း အဓိပ္ပာယ် ကင်းမဲ့ပါသည်။

ဖြစ်နိုင်တာကတော့ အစ္စရေးက ဖျက်ဆီးလိုက်တဲ့ ဆီးရီးယားရဲ့ reactor လို ပိုပြီးကြီးတဲ့ဟာမျိုး တည်ဆောက်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ အမြင်က ဖြစ်နိုင်ခြေရှိပြီး ပိုစိတ်ဝင်စားဖွယ် ကောင်းပါတယ်။ အဲဒီ reactor ဟာ မြောက်ကိုရီးယားက ယွန်ဗြောင်း (Yongbyon) ဒေသမှာ တည်ဆောက်ထားတဲ့ 25 MW အားရှိ ပလူတိုနီယမ် ထုတ်နိုင်တဲ့ အဆင့်ရှိတဲ့ ဟာမျိုး ဖြစ်ဖွယ်ရှိပါတယ်။ မြောက်ကိုရီးယားဟာ ဆီးရီးယားလို ဖောက်သည် နိုင်ငံမျိုးတွေကို နျူနည်းပညာနဲ့ ပတ်သက်ပြီး အကူအညီ ပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ နျူစီမံကိန်းတွေ အကြောင်း စဉ်းစားရာမှာ စိုးရိမ်ဖွယ်ရာ အချက်အဖြစ် ထည့်သွင်း ရပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ တာလတ်ပစ် ဒုံးပျံများ တည်ဆောက်ရာမှာ အကူအညီပေးမယ် ဆိုတဲ့ စစ်ရေးဆိုင်ရာ သဘောတူညီချက် ရှိပေမယ့် နျူလက်နက် စီမံကိန်းနဲ့ ပတ်သက်ရင်တော့ မြောက်ကိုရီးယား ဘယ်လောက် ပါဝင်ပတ်သက်နေသလဲ ဆိုတာ ခန့်မှန်း ပြောဆိုရတဲ့ အဆင့်ပဲ ရှိနေသေးတယ်။

မြန်မာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေသလား

မြန်မာအနေနဲ့ အရေးကြီးဆုံးသောအချက်မှာ IAEA နှင့် သဘောတူညီချက်အား လိုက်နာခြင်းပင် ဖြစ်ပါတယ်။ ၁၉၉၅ မှာ အပြည်ပြည် ဆိုင်ရာ ဥပဒေစံနှုန်းနှင့် သဘောတူညီချက်များကို လိုက်နာသော အားဖြင့် နျူလက်နက်များ ရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ် ထိုးထားခဲ့ပါတယ်။ ထိုသဘော တူညီချက်အား ဖြည့်စွက်ချက်ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံ၌ နျူဆိုင်ရာ အဆောက်အအုံ ပစ္စည်း လုံးဝမရှိပါဟု ကြေညာခဲ့ပါတယ်။ IAEA မှ လက်ခံခဲ့သော ထိုကြေညာချက် အရ မြန်မာပြည်တွင် နျူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝမရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့ အနေဖြင့် IAEA မှ ပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံ ဖြစ်သောကြောင့် အခါအားလျော်စွာ IAEA မှ သွားရောက်ခြင်းများ ရှိပါတယ်။ ထို grant money မှ အချို့အား မြန်မာ နျူသိပ္ပံပညာရှင်များအား နျူပစ္စည်းများ ထုတ်လုပ်နိုင်ရန် လေ့ကျင့် ပေးမှုများတွင် သုံးသော်လည်း ထိုငွေသည် grant money ၏ အနည်းစုသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ အာမခံပြောကြားချက်များအရ ၎င်းတို့ထံတွင် နျူထုတ်လုပ်နိုင်သည့် အဆောက်အအုံ ပစ္စည်း ကိရိယာ မရှိ၊ နျူကုန်ကြမ်း အနည်းငယ်သာရှိပြီး လက်ရှိ အခြေအနေမှ ပြောင်းလဲဖို့ အစီအစဉ် မရှိသေးပါဟူ၍ ဖြစ်သည်။ ဗိုလ်မှူးစိုင်း၏ အထောက်အထားများအရ ဆိုလျှင် ယူရေနီယမ်များ တူးဖော်နေခြင်း၊ တူးဖော် ရရှိသည်များကို reactors နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူဗုံး ပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန် ကြိုးစားနေခြင်း စသည်တို့ကို တွေ့ရှိရပါတယ်။ ထိုလုပ်ဆောင်ချက်များဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရည်ရွယ်၍ ဆောက်လုပ်ပါသည်ဟုလည်း လုံလောက်သော ဆင်ခြေပေးရန် မဖြစ်နိုင်ပါ။ ထိုလုပ်ဆောင်ချက် များဟာ မြန်မာနိုင်ငံ၏ လက်ရှိ နည်းပညာအားဖြင့် အလှမ်းဝေးသော အရာများဖြစ်ပါတယ်။ အခြေအနေများ ပြောင်းလဲသွားပြီ ဆိုလျှင် IAEA ကို အကြောင်း ကြားရမှာက မြန်မာနိုင်ငံ၏ တာဝန်သာ ဖြစ်ပါတယ်။ သေချာတာကတော့ သူတို့သာ လျှို့ဝှက်စွာနဲ့ ဗုံးထုတ်လုပ်နိုင်ရန် ကြိုးစားနေလျှင်၊ သဘောတူညီချက်ကို ဖောက်ဖျက် နေသည်ဆိုလျှင် IAEA ကို မိမိဆန္ဒအလျောက် အကြောင်းကြားမည် မဟုတ်ပါ။

မြန်မာဟာ စင်ကာပူရှိပွဲစားများမှတဆင့် လက်နက်များ ထုတ်လုပ်ရာတွင် သုံးနိုင်သော အဆင့်မြင့် ဂျာမန်လုပ် စက်ပစ္စည်းများကို ၀ယ်ယူခဲ့ခြင်း။ ထိုစက်များဟာ အရွယ်အစားအားဖြင့် အရည်အသွေး အားဖြင့် ၀ယ်ယူစဉ်က ခေါင်းစဉ်အဖြစ် သုံးခဲ့သော သင်ကြားရေးနှင့် လားလားမျှ မအပ်စပ်သော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိခြင်း။ ထိုစက်များကို အမည်ခံကာ ၀ယ်ယူခဲ့သော သင်ကြားရေး ဌာနသည် မြန်မာ အနုမြူ စွမ်းအင်ဌာနနှင့် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနတို့နှင့် ဆက်စပ်နေခြင်း။ အဆိုပါ အရာများအား ထောက်ရှု၍ ထိုဌာနများ၊ စီမံကိန်းများနှင့် သက်ဆိုင်သူ အပေါင်းတို့အား လက်နက် ထုတ်လုပ်နိုင်သော ပစ္စည်းများ မ၀ယ်ယူနိုင်အောင် ပိတ်ဆို့ တားဆီးခြင်းများ ပြုလုပ်သင့်ပေသည်။

မြန်မာရဲ့ နျူကလီးယားစီမံကိန်းအခြေအနေ ဘယ်လိုလဲ

ကျွန်ုပ်တို့ဟာ ဗိုလ်မှူးစိုင်းယူလာသော နျူစီမံကိန်း အထောက်ထားများ၊ ဓာတ်ပုံများအား အသေအချာ လေ့လာ ခဲ့ကြပါတယ်။ သူတို့တွေ တွင်ဖောက်ထားတဲ့ စက်ပစ္စည်း အစိတ်ပိုင်းများရဲ့ အရည်အသွေးဟာ ညံ့ဖျင်းပါတယ်။ ဒီအစိတ်အပိုင်းတွေ ထုတ်ဖို့ သုံးတဲ့ ဆွဲထားတဲ့ ပုံများဟာလည်း အတော်လေးဆိုးပါတယ်။ တကယ်သာ နျူလက်နက် ထုတ်ဖို့ စီမံနေတယ်ဆိုရင် အလွန်ရှုပ်ထွေး တိကျလှတဲ့ စက်များ လိုအပ်မှာ ဖြစ်တဲ့အတွက် အဲဒီ ရှုထောင့်က ကြည့်ရင်တော့ မြန်မာပြည်ဟာ အဆင်သင့် မဖြစ်သေးပါဘူး။ ဖြစ်နိုင်ခြေကတော့ ဗိုလ်မှူးစိုင်းရဲ့ အချက်အလက်တွေ ထဲမှာ မပြည့်စုံတာတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါမှမဟုတ်လည်း မြန်မာပြည်ဟာ အခုမှ ပွဲစရုံပဲ ရှိသေးတဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခု တွေ့မိသလောက် စက်ပစ္စည်းနဲ့ လိုအပ်သော ပစ္စည်းများ အခြေအနေအရ သူတို့ အောင်မြင်အောင် လုပ်နိုင်ဖို့တော့ အလှမ်း ဝေးနေပါသေးတယ်။
ဒါပေမယ့် သူတို့ မျှော်မှန်းချက်က အရေးအပါဆုံးပါ။ သူတို့ဟာ ယူရေနီယမ်တွေ တူးဖော်နေတယ်၊ တူးဖော်ရတာတွေကို ဓာတုဗေဒ နည်းတွေနဲ့ အဆင့်မြှင့် သန့်စင်နေတယ်။ သူတို့ဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ နျူကလီးယား reactor ၊ ဗုံးလုပ်နိုင်ဖို့ ယူရေနီယမ် သန့်စင်ရေး စက်ရုံတွေ ဆောက်နေတယ်။ ဒီ လုပ်ဆောင်ချက် တွေဟာ သူတို့ရဲ့ IAEA နဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

အကယ်၍ သူတို့ရဲ့ တရားမ၀င်စီမံကိန်းတွေ မအောင်မြင်သေးရင်တောင် အခု သူတို့လုပ်နေတာ တွေဟာ နျူလက်နက် မပြန့်ပွားရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ ပွဲဆူ သွားစေနိုင်ပါတယ်။ IAEA ဟာ မြန်မာအစိုးရကို မေးမြန်း သင့်ပါတယ်။ သည် စွပ်စွဲချက်တွေသာ အမှန်ဖြစ်လာရင် နောက်ဆက်တွဲ မေးခွန်းတွေ၊ လေ့လာစုံစမ်းမှုတွေ လုပ်ရပါမယ်။ ဒါပေမယ့် သည်ကြိုးပမ်းချက်တွေဟာ မြန်မာပြည်က နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ်မထိုးလျှင် လုပ်ဆောင်နိုင်ဖို့ မလွယ်ပါ။ IAEA မှာ မြန်မာနိုင်ငံကို စစ်ဆေးရန် အခွင့်အာဏာ ရှိမည် မဟုတ်ပါ။

မြန်မာဟာ မြောက်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်အရ တာလတ်ပစ် စကဒ်ဒုံးကျည်များ ကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ထိုစကဒ် ဒုံးကျည်များဟာ မြန်မာလုပ် နျူထိပ်ခေါင်းများ သယ်ဆောင်ဖို့တော့ ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကနဦး နျူထိပ်ဖူးများဟာ စကဒ်ဒုံးကျည်တွင် တပ်ဆင်ရန် အလွန်မှ လေးလံသောကြောင့်ဖြစ်တယ်။ ဒါပေမယ့် ထို စကဒ် ဒုံးကျည်များတွင် တပ်ဆင်ဖို့ရာထက် အိမ်နီးချင်း နိုင်ငံများအား ခြိမ်းခြောက်နိုင်ဖို့က အဓိက ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ကို အုပ်စိုးနေသူများဟာ နိုင်ငံရေး အတွေးအခေါ်ထက် လေဘများသာ ရှိကြတဲ့ သူတစုဖြစ်ပါတယ်။ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ ရင်းမြစ်များဖြစ်တဲ့ ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း၊ အခြား ဓာတ်သတ္တုများနှင့် ပြည်သူတို့ လုပ်အား စတာတွေကို လူတစု ကောင်းစားရေး အတွက်ပဲ ဦးစားပေး လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပေးလမ်းပြ ဆရာ မြောက်ကိုရီးယား လိုပဲ မြန်မာ စစ်အစိုးရရဲ့ နျူရည်မှန်းချက်ဟာ နိုင်ငံရပ်ခြားမှ ကျူးကျော် နှောင့်ယှက်မှုများကို နျူပိုင်ဆိုင်ခြင်း ဟူသည့် ဒိုင်းဖြင့် အကာကွယ်ယူကာ သူတို့အတွက် လုံခြုံနေရေးပင်ဖြစ်ပါတယ်။

Kelley, 63, a former Los Alamos weapons scientist, was an IAEA director from 1992 to 1993, and again from 2001 to 2005. Based in Vienna, Austria, he conducted weapons inspections in Libya, Iraq, and South Africa, and compliance inspections in Egypt, Turkey, South Korea, Taiwan, Syria, Tanzania, Pakistan, India, and Congo, among others.


မှတ်ချက်။ ။ ၂၀၁၀ခု ဇွန် (၃) ရက်နေ့ ရက်စွဲဖြင့် ဒီဗွီဘီတွင် ဖော်ပြထားသည့် IAEA ဒါရိုက်တာဟောင်း Robert Kelly ရေးသားသော Expert says Burma ‘planning nuclear bomb’ မူရင်းဆောင်းပါးကို အောင်ဆန်းမန်း ဘာသာပြန်ဆို တင်ပြသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, January 19, 2010

ထိုင်းနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို မြန်မာစစ်အစိုးရက ခြိမ်းခြောက်နေတယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြော

January 19, 2010

မစ္စတာ စူကွန်ဘန်းဒ် ပါရစ်ဘာထရာက အင်္ဂါနေ့ည ညစာစားပွဲတခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ သူပြော တာက အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖိအားပေးမှုတွေ ပိုမို များပြားလာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အေးဆေး တည်ငြိမ်မှုဟာ စိတ်မချရတဲ့ အနေအထား မျိုးကို ရောက်လာနေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ဘန်ကောက်ရှာရတန် ဟော်တယ်မှာပြုလုပ်တဲ့ တွေ့ဆုံပွဲတခုမှာ လက်ရှိအုပ်ချုပ်နေ တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဒုတိယ အတွင်းရေးမှူးချုပ်လည်းဖြစ်၊ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ မစ္စတာ စူကွန်ဘန်းဒ်က ထိုင်းနိုင်ငံရဲ့ ဒေသတွင်း မတည်ငြိမ်မှုရဲ့ အဓိက အကြောင်းရင်း က အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ကြီးမားလာနေတဲ့ လက်ရှိ စစ်တပ်အင်အား အနေအထားကြောင့် ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။ သူ နှိုင်းယှဉ်ပြတာက ထိုင်းနိုင်ငံရဲ့ လက်ရှိ စစ်တပ်အင်အားက ၄၃၀၀၀၀ လောက် ရှိပြီး မြန်မာနိုင်ငံရဲ့ စစ်တပ် အင်အား က ၅ သိန်းကျော်လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်းနဲ့ အရှေ့တောင် အာရှမှာ အကြီးမားဆုံး စစ်တပ်ကြီး ဖြစ်လာ နေတယ်လို့ နှိုင်းယှဉ် ပြောကြား သွားခဲ့ပါတယ်။

မြန်မာစစ်အုပ်စုဟာ ခေတ်မီအဆင့်အတန်း မြင့်တဲ့ တပ်မတော် စစ်အင်အားကို တိုးချဲ့ ထားတာလို့ ပြောဆိုပြီး အတော်ကြာ ကတည်းက မြန်မာ စစ်တပ်ဟာ သူ့ရဲ့ တပ်မတော်ကို ခေတ်မီ အဆင့်အတန်း မြင့်အောင် ကြိုးပမ်းနေတာ ဖြစ်ကြောင်းနဲ့ ဒီရဲ့ နောက်ဆက်တွဲ အနေနဲ့ ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုဆီကို မီးထိုးပေးသလို ဖြစ်နေ တယ်လို့ မစ္စတာစူကွန်ဘန်းဒ်က ဝေဖန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ပြီးတော့လည်း ထိုင်းနိုင်ငံဟာ နိုင်ငံကာကွယ်ရေး စစ်ရေး အသုံးစရိတ်အဖြစ် တိုင်းပြည်ရဲ့ အသားတင် ထုတ်ကုန် ပမာဏရဲ့ ၅% အောက်သာ သုံးစွဲပြီး နေပြည်တော်က စစ်အာဏာရှင် အုပ်စုကတော့ တိုင်းပြည် ရဲ့ ဂျီဒီပီပမာဏရဲ့ ၃ပုံ ၁ပုံလောက် သုံးစွဲဖို့ခွဲခြား သတ်မှတ် ထားတယ်လို့ ယူဆရကြောင်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

နအဖရဲ့ စစ်အသုံးစရိတ် အသေးစိတ် အတိအကျ ပမာဏကိုတော မပြောနိုင်ပေမယ့်လို့ ဆိုရို့စ် ဖောင်ဒေးရှင်း အပါအ၀င် အဖွဲ့အစည်း အတော်များများက နအဖရဲ့ စစ်အသုံးစရိတ် သုံးစွဲမှု ပမာဏကို ဂျီဒီပီရဲ့ ၄၀% လောက် ဖြစ် တယ်လို့ ယုံကြည် ယူဆထားကြပါတယ်။

မစ္စတာ ပါရီဘာထရာရဲ့အပြောအရ ထိုင်းနိုင်ငံဟာ ထိုင်းတပ်မတော်ကို ခေတ်မီ အဆင့်အတန်း မြင့်ရေးနဲ့ စပ်လျဉ်းလို့ (၅)နှစ် သက်တမ်း (၂)ကြိမ် ရရှိထားတဲ့ အပေါ် အခြေခံပြီး စတင် လုပ်ဆောင်သွားဖို့ လျာထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးတဲ့ နှစ်တွေက အရှေ့တောင် အာရှ နိုင်ငံများနဲ့ စပ်လျဉ်းလို့ ဂျီဒီပီပမာဏ အတိုင်းအတာအရ ထိုင်း နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချ ထားတယ်လို့ သိရပါတယ်။

ကွန်မြူနစ် မြောက်ကိုးရီးယားအုပ်စုနဲ့ မြန်မာစစ်အုပ်စုတို့ကြားက နီးကပ်တဲ့ ဆက်ဆံရေး တိုးမြှင့် လာမှုကလည်း ထိုင်းနိုင်ငံ အတွက် ပါဝင် ပတ်သက်စရာလို ဖြစ်လာနေပါတယ်။ ဒီ(၂)အုပ်စုစလုံးဟာ နှစ်နိုင်ငံ သဘောတူညီချက် အရ စစ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်နေသလို မြောက်ကိုးရီးယား ပြုံယမ်းရဲ့ နျူကလီယား စွမ်းအင် အရည် အသွေး တိုးတက် မြင့်မားလာနေတဲ့ အပေါ် နေပြည်တော်က နအဖ အုပ်စုကလည်း အကူအညီ အထောက်အပံ့ကို ရချင်နေတယ်လို့ ကောလဟာလ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြောက်ကိုးရီးယားက ဒီနှစ်၂၀၀၉ အစော ပိုင်းက နျူကလီးယား လက်နက် စမ်းသပ် ထုတ်လွှင့် ပစ်တင်ခဲ့ပါတယ်။

မြန်မာ့ပြည်တွင်းနိုင်ငံရေးကို ကြည့်ရင်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မရှိ ဖြစ်နေတာက အကြမ်းဖက် တိုက်ခိုက်မှုတွေ မတည်ငြိမ်မှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေဦးမယ် ဆိုတဲ့ အဓိပ္ပာယ်ကို ဦးတည်နေပါတယ်။ အထူး သဖြင့်တော့ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်နေကြတဲ့ နယ်စပ်နယ်မြေ ဒေသတွေမှာ ဆက်လက် ဖြစ်ပေါ်နေ ဦးမယ်လို့ မစ္စတာ ပါရီဘာထရာက ပြောကြားပါတယ်။

ဒီကနေ အိုင်ဒီပီကိစ္စတွေ ပိုဖြစ်ပေါ်လာပြီး ထိုင်းနိုင်ငံ အနေနဲ့လည်း ရှောင်လွှဲလို့ မရနိုင်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ဘက်ကို ၀င်ရောက်လာမယ့် ဒုက္ခသည် အရေအတွက် ပိုပြီး တိုးများလာမှာကို လက်ခံရလိမ့်ဦးမယ်လို့ ဆိုပါတယ်။ လောလောဆယ် မြန်မာပြည်သား ဒုက္ခသည် ၁သိန်း ၃သောင်းကျော် လောက်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ဆက်နေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းတလျှောက် ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေကြပါတယ်လို့ မစ္စတာ ပါရီဘာထရာက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းတုန်းကလည်း တရုပ်နယ်စပ်နဲ့ ကပ်နေတဲ့ ရှမ်းပြည် မြောက်ပိုင်း အတွင်းမှာ လူမျိုးစု ကိုးကန့် တိုင်းရင်းသား စစ်တပ်ကို နအဖစစ်တပ်က တိုက်ခိုက်ခဲ့တဲ့ အတွက် တရုပ်ပြည်ဘက်ကို ဒုက္ခသည် ၃၇၀၀၀ ထွက် ပြေး ရောက်ရှိလာတယ်။ ဒီဟာက ဘာကို ဖော်ပြနေသလဲဆိုရင် လေငြိမ်နေတာ မုန်တိုင်းကျမယ့် အလားအလာမျိုးလို လူနည်းစု တိုင်းရင်းသားတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုကျယ်ပြန့်လာမယ့် နမိတ်လက္ခဏာ ဖော်ပြချက်လည်း ဖြစ်ပါတယ်လို့ သူက ဆက်လက် ပြောကြား သွားပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့အုပ်စု (၁၇)ခုဟာလည်း နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်းဖို့ အမိန့် ထုတ်ပြန် ထားခံရပြီး စစ်အုပ်စုရဲ့ နိုင်ငံတော် လုံခြုံရေးအဆင့် ယန္တရား အစိပ်အပိုင်း တခုအဖြစ် ရောက်ရှိသွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အများစုကတော့ ငြင်းဆိုထား ဒါမှမဟုတ် တောင်းဆိုချက်ကို မသိကျိုး ကျွံပြုထားကြပါတယ်။

ထင်ကြေးအရ ပြောဆိုနေတာကတော့ နအဖစစ်အုပ်စုရဲ့ စစ်လက်နက်ပစ္စည်း အပြည့်အစုံ တပ်ဆင်ထားတဲ့ များပြား လာနေတဲ့ နအဖ စစ်တပ်တွေက တန်ပြန် အာခံမယ့် လူမျိုးစု တိုင်းရင်းသား စစ်တပ်တွေကို ၂၀၁၀ရွေးကောက် ပွဲမတိုင်ခင်နဲ့ ပိုဖြစ်နိုင်တာက ရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာ တိုက်ခိုက်ချေမှုန်း လိမ့်မယ်လို့ အသံတွေ ထွက်ပေါ် နေပါတယ်လို့ ပြောကြားသွားပါတယ်။

ဆက်လက်၍ မစ္စတာ ပါရီဘာထရာက မြန်မာနိုင်ငံထဲမှာရှိတဲ့ ပြည်တွင်း လှည့်လည် သွားလာနေကြရတဲ့ ရွာပုန်းရွာရှောင် တွေရဲ့အခြေအနေနဲ့ ၂၀၀၃ ခုနှစ် အစောပိုင်းကတည်းက လူမျိုးတုံး သတ်ဖြတ်မှုလို့ အမေရိကန်က ယုံကြည် ယူဆထားတဲ့ ဆူဒန်နိုင်ငံ အနောက်ဘက် ဒါဖူး ဒေသမှာ အစိုးရ တပ်တွေနဲ့ မဟာမိတ် တပ်တွေက လူမျိုးစုတွေကို တိုက်ခိုက်နေတဲ့ အချက် တူညီမှုကို နှိုင်းယှဉ်ဖော်ပြ ပြောကြား သွားပါတယ်။

ဆက်ပြီး ထိုင်းနိုင်ငံနဲ့ ပတ်သက်ဆက်စပ်နေတဲ့ နောက်တခုက မြန်မာပြည်ဘက်က မူးယစ်ဆေးဝါး ကုန်သွယ်မှုကိစ္စ ဖြစ်တယ်လို့ မစ္စတာ ပါရီဘာထရာက ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်း စာရင်းတွေအရ မြန်မာပြည် ဟာ ၂၀၀၈ခုနှစ် အတွင်း ဘိန်းစိမ်းတန်ပေါင်း (၄၁၀)တန် (ဘိန်းဖြူ တန် ၄၀နဲ့ညီမျှ)ကို ထုတ်လုပ်တယ်လို့ ခန့်မှန်း ထားပြီး အာဖဂန် နစ္စတန်ပြီးရင် ကမ္ဘာ့ဒုတိယ အများဆုံး ဘိန်း ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘိန်း ၉၀% ကို ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း ယာမလို့ခေါ်တဲ့ စိတ်ကြွဆေးပြား အဓိက ထုတ်လုပ်တဲ့ နေရာဖြစ်ပြီး ရှမ်းပြည် မြောက်ပိုင်း ဘက်ကနေ ထိုင်းနိုင်ငံထဲကို ကူးသန်းရောင်းဝယ် တင်ပို့ နေတာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ပတ်သက်ဆက်နွယ် နေပေမဲ့လည်း ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆန့်ကျင်ဘက် သဘောနှစ်ခုကို ယှဉ်တွဲ ထားတဲ့ ဆက်ဆံရေးမျိုး အနေအထားမှာ ရှိပါတယ်။ စီးပွားရေး ပညာရှင်များက ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ဈေးနှုန်း ချိုသာတဲ့ မြန်မာ အလုပ်သမားတွေ ရဲ့ လုပ်အားအပေါ် မူတည် မှီခိုနေရတာ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

အကြမ်းဖျဉ်း ခန့်မှန်းချေ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းလောက် ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေ လျှပ်စစ်မီး မရဘဲ နေထိုင် နေရပေမဲ့လို့ ထိုင်းနိုင်ငံကတော့ ရွှေဂက်စ် ပိုက်လိုင်းကနေ တဆင့် ထိုင်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ရရှိနေတာဖြစ်ပြီး မြန်မာစစ်တပ်ဟာ ရတနာဓါတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်တုန်းက ပိုက်လိုင်း အနီးအနား ပတ်ဝန်းကျင် တ၀ိုက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက် ယုတ်မာမှုတွေ ကျူးလွန် လုပ်ဆောင် ခဲ့တယ်လို့ ကြာရှည်တောက်လျှောက် စွပ်စွဲခံနေရတာ သိရှိထားပေမဲ့လို့ ဒီပိုက်လိုင်းကနေ ဓါတ်ငွေ့တွေကို တောင်ပိုင်းကတဆင့် ထိုင်းနိုင်ငံတွင်း သယ်ယူ ပို့ပေးနေတာလည်း ဖြစ်ပါတယ်။
ဒါတင် မကသေးပဲ ထိုင်းနိုင်ငံဟာ မကြာခင်လေးတင်ကမှ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား ပမာဏဟာ လိုအပ်ချက်ထက် လျော့နည်းလာလို့ ဒါကို ကာမိဖို့အတွက် ထိုင်း-မြန်မာနယ်စပ်က ကီလို ၅၀ သာသာ လောက်မှာ တည်ရှိတဲ့ သံလွင် မြစ်ပေါ်မှာ ဆည်တွေ တည်ဆောက်ရေး အငြင်းပွားဖွယ် အကြီးစား စီမံကိန်း တွေမှာလည်း ပါဝင် ပတ်သက်နေတာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဓါတ်အား ထုတ်လုပ်ပေးနိုင်တဲ့ အရည်အသွေးထက် လိုအပ်ချက် ပမာဏက ပိုများ နေတာကြောင့် ပြီးခဲ့တဲ့ နှစ်တလျှောက်လုံး လိုအပ်တဲ့ ဓါတ်အားပမာဏ မီဂါဝပ်၂၀၀၀ ရှိပေမဲ့လို့ လျော့ကျသွားတာလည်း ဖြစ်ပါတယ်။

စောင့်ကြည့်လေ့လာ အကဲခတ်သူများရဲ့အဆိုအရ နအဖ စစ်ကောင်စီဟာ သူတို့ တတွေရဲ့ တသီပုဂ္ဂလ သုံးစွဲမှုတွေမှာရော၊ အင်မတန် ထုထည် ပမာဏ အတိုင်းအတာ ကြီးမားလှတဲ့ စစ်အသုံးစရိတ်တွေ အတွက်ကော နိုင်ငံတော်ရဲ့ သဘာဝ တွင်းထွက် သံယံဇာတ အရင်းအမြစ်တွေကို နိုင်ငံခြားကို တင်ပို့ ထုတ်ယူ ရောင်းစားခြင်းကနေ အခွန်ငွေတွေကို ဂုတ်သွေးစုပ် အမြတ်ထုတ် နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အခြေအနေမျိုးတွေအရ ထိုင်းနိုင်ငံအတွက် မဖြစ်မနေ ပါဝင် ပတ်သက်နေရတာ ဖြစ်တာကြောင့် ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပေါ်လစီဟာ နအဖရဲ့ ရှင်းလင်း ပြတ်သားမှု မရှိတဲ့၊ ရှေ့နောက်ညီညွတ် မှုမရှိတဲ့ တခုလုံးဆိုင်ရာ မဟာ ဗျူဟာနဲ့ ဆန့်ကျင်ဘက် ၀ိရောဓိတွေ ဖြစ်ပေါ်လာရတာ ဖြစ်တယ်လို့ မစ္စတာ ပါရီဘာထရာက ပြောကြား သွားပါတယ်။

အလားတူပါပဲ ထိုင်းနိုင်ငံတွင်းမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြောက်မြားလှစွာသော မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ရွှေ့ပြောင်း အလုပ်သမားတွေဟာ နအဖစစ်တပ်ရဲ့ ဆက်တိုက် လုပ်ဆောင်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ အတင်းအကျပ် ရှင်းလင်းမောင်း ထုတ်မှုတွေကြောင့် ရွှေ့ပြောင်း နေထိုင်ကြရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃)ရက်နေ့က အဖွဲ့အစည်းပေါင်း ၁၈၉ ဖွဲ့ကနေ သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်မယ့် ရိုက်ခတ်မှု အလားအလာ အကြမ်းဖျင်း တင်ပြ ထားချက်အပေါ် လက်မှတ်ဝိုင်းရေးထိုးထားတဲ့ အသနားခံလွှာကို ၀န်ကြီးချုပ် အဘီဆစ် ဆီကို တင်ပြခဲ့ပါတယ်။

အဲဒီစာလွှာမှာ ထိုင်းနိုင်ငံအနေနဲ့ ကြီးမားလှတဲ့ လျှပ်စစ်ဓါတ်အား ကနေ အကျိုးအမြတ် ရကောင်းရနိုင် ပေမယ့် တပြိုက်နက်တည်း တဘက်မှာလည်း ကရင်ပြည် နယ်တွင်းမှာ တည်ဆောက်ထားတဲ့ ဟက်ကြီး ရေကာတာ တည်ဆောက်ထားတဲ့ နေရာတ၀ိုက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်ပြေး လာကြမယ့် မြန်မာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေး ၀င်ရောက်လာမှာကိုလည်း ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အဲဒီစာလွှာထဲမှာ သတိပေးရေး သားထားပါတယ်။

မျိုးထွဋ်ဦး

Ref: ဘန်ကောက်ပို့စ်

Read More...

Monday, March 16, 2009

စမူဆာ တပ်မတော် - ဂါမဏိ

Saturday, March 14, 2009



မြန်မာ့တပ်မတော်ထဲမှာ ရာထူးနေရာတွေ ဖောင်းပွနေပြီး တပ်မှူးကြီးအဆင့်အရာရှိတပ်ဖွဲ့ တောက်လျှောက်တိုးချဲ့နေပေမဲ့ ရာထူးတိုးဖို့ အခွင့်အလမ်းတွေ လုံလုံလောက်လောက် မဖန်တီးပေးနိုင်တော့ဘဲ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဟာ နအဖရဲ့ အဓိပ္ပါယ်ထူးခြားဆန်းပြားလှတဲ့ ဒီမိုကရေစီဆီကို တရွေ့ရွေ့သွားနေရင်း အရပ်ဖက်အစိုးရအဆောက်အအုံကြီးဟာလည်း ပိုလို့ပိုလို့ စစ်ဇာတ်သွင်းခံရမယ့် အလားအလာ ရှိနေပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီး နဝတကို မတည်ထောင်ခင် တရက်အလို ၁၉၈၈ ခု စက်တင်ဘာ ၁၇ ရက်မှာ တပ်မတော်တခုလုံး အတွင်းမှာ ဗိုလ်ချုပ်အဆင့်ထက်ကြီးတဲ့အရာရှိ နှစ်ယောက်ဘဲရှိပါတယ်။ သူတို့ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးသန်းရွှေ တို့ဖြစ်ပါတယ်။

အခုနောက်ပိုင်း အသုံးအနှုန်းအတိုင်းဆိုရင်တော့ အဲဒီရာထူးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) နဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) (ကြည်းချုပ်) လို့ ပြောပါလိမ့်မယ်။ ဒီကနေ့ တပ်မတော်မှာတော့ လက်ရှိ ဒုဗိုလ်ချုပ်ကြီးနဲ့အထက်ဆင့် တာဝန်ထမ်းဆောင်နေဆဲ အထက်တန်းတပ်မှူးကြီး အနည်းဆုံး ၂၄ ယောက်ရှိနေပါပြီ။

အထက်တန်းတပ်မှူးကြီးရာထူး ၁၂၀၀ ရာခိုင်နှုန်း တိုးများလာတာဟာ ဒီကာလအတွင်းမှာဘဲ တပ်မတော်တခုလုံး အင်အား ၂၅၀ ရာခိုင် နှုန်း တိုးလာတာထက် အများကြီး ပိုလွန်နေပါတယ်။ အခုလို ထိပ်ပိုင်းအလွှာကို တိုးချဲ့တာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ အာဏာ ကို ခိုင်ခိုင်မြဲမြဲချုပ်ကိုင်ထားနိုင်ဖို့အတွက် အခရာကျနေပါတယ်။

တပ်တွင်းမှာ ရာထူးတိုးမြင့်ရေးအခွင့်အလမ်းတွေ တိုးချဲ့ပေးထားခြင်းအားဖြင့် ဗိုလ်သန်းရွှေဟာ အရာရှိတပ်ဖွဲ့ကြီးရဲ့ သစ္စာစောင့်မှု ဆက်လက်ရရှိရေး သေချာအောင် အောင်မြင်စွာလုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ တပ်မှူးရာထူးတွေ တိုးချဲ့လိုက်ခြင်းအားဖြင့် ရာထူးတက်ဖို့ အခွင့်အလမ်းပိုများလာလို့ ဗိုလ်သန်းရွှေဟာ ကိုယ်ကျိုးစီးပွား ဆုလာဘ်လေး တဝင့်ဝင့်ပြပြီး စစ်ဗိုလ်တွေအနေနဲ့ စစ်အာဏာစနစ်ကြီးကို ဆက်လက်ထောက်ခံနေဖို့ ဆွဲဆောင်နိုင်ပါတော့တယ်။

တိုးချဲ့ပြန်လည်ဖွဲ့စည်းမှု

ရာထူးတိုးရေးအခွင့်အလမ်းတွေကို တိုးချဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ကြိုးပမ်းချက်တွေကို ၂၀၀၁ ခု တပ်မတော်ပြန်လည် ဖွဲ့စည်းမှုက သက်သေ ပြနေပါတယ်။ အဲဒီတုံးက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းနဲ့ ကောင်းကောင်းအကျွမ်းတဝင်ရှိခဲ့တဲ့ အကြီးတန်းမြန်မာ့တပ်မတော် အရာရှိတယောက်ရဲ့ အဆိုအရ တပ်မတော်ကို အကြီးအကျယ်ပြင်ဆင်ဖွဲ့စည်းခဲ့တာဟာ အရာရှိတပ်ဖွဲ့ကြီးရဲ့ ရာထူးတိုးရေးအခွင့်အလမ်း တွေကို တိုးချဲ့ဖို့နဲ့ တိုင်းမှူးတွေရဲ့အာဏာကို လျှော့ချဖို့ဖြစ်ပါ တယ်။

၁၉၉၀ ခုနှစ်များအဆုံးပိုင်းမှာ တပ်မတော်တွင်း စိတ်ဓာတ်ကျဆင်းမှုတွေ အထူးတလည်ဖြစ်နေခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် တပ်မတော်နေ့ မှာ စစ်တပ်တွင်းလစာတွေကို ၅၀၀ ရာခိုင်နှုန်းတိုးပေးလိုက်တာဟာ အခြေအနေကို နည်းနည်းပါးပါး တိုးတက်စေခဲ့ပါတယ်။ ဒါပေမဲ့ လည်း ရှေ့တန်းထွက်အောက်ခြေအရာရှိတွေအတွင်းမှာ ရာထူးတိုးရေး အခွင့်အလမ်းနည်းပါးတာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ အုံ့ပုန်းရှိနေဆဲ ဖြစ်ခဲ့တယ်လို့ ခုနကအရာရှိကပြောပါတယ်။

အဲသလိုဖြစ်ရတာဟာ တစိတ်တပိုင်းအားဖြင့် တိုင်းမှူးတွေက ရာထူးကို ကာလရှည်ကိုင်ထားတာတွေကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာထူးနေရာတွေကို အသုံးပြုပြီး အာဏာကို ကြီးကြီးမားမားတည်ဆောက်ထားပါတယ်။ သူတို့ဟာ အနှစ်သာရအားဖြင့် စစ်ဘုရင်တွေ ဖြစ်နေပြီး တိုင်းရင်းသားသူပုန်အဖွဲ့တွေနဲ့ တိုက်နေရတဲ့ မြန်မာ့မြေပြင်တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား အားလုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။ ဗိုလ်သန်းရွှေဟာ တိုင်းမှူး တယောက်ယောက်ကို ကိုင်ချင်ရင်လည်း ကျန်တဲ့တိုင်းမှူးတွေစုပြီး သူ့ကိုပြန်ပုန်ကန်မှာ စိုးလို့ မကိုင်ရဲဘူး ဖြစ်နေခဲ့ပါတယ်။

အဲဒီအချိန်တုံးက တိုင်းမှူးတွေဟာ နအဖကောင်စီဝင်တွေလည်း ဖြစ်နေခဲ့ပါတယ်။ ဒီလိုသတ်မှတ်ချက်ကြောင့် ဝန်ကြီးတွေထက် ပိုအဆင့် မြင့်နေခဲ့ပြီး ဝန်ကြီးဌာနတွေဟာ အမိန့်ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဖို့ ခက်ခဲ့ပါတယ်။ တိုင်းမှူးတွေက ဘယ်အမိန့်ကို ဆောင်ရွက်မယ် ဘယ်အမိန့်ကို ခေါက်ထားမယ်ဆိုတာကို ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ အဲဒီတော့ တိုင်းမှူးတွေကို စစ်ရုံးချုပ်မှာ တဆင့်မြင့် ရာထူးတွေ တိုးပေးခြင်းအားဖြင့် နယ်စားပယ်စားဘဝကနေဆွဲထုတ်ပြီး ပြဿနာကို ဖြေရှင်းခဲ့ရပါတယ်။ ပေါ်လစီအပြောင်းအလဲမှာ တိုင်းမှူးသစ်တွေဟာ နအဖကောင်စီဝင် မလုပ်ရတော့ပါဘူး။

တိုင်းမှူးသစ်တွေ သစ္စာရှိဖို့ ကျေးဇူးသိစေဖို့အတွက် ဗိုလ်သန်းရွှေဟာ တိုင်းမှူးရွေးရာမှာ တန်းစီဇယားထဲက တဆင့်နိမ့် စစ်ဗိုလ်တွေထဲက မရွေးဘဲ ၄-၅ ဆင့်နောက်ရောက်နေသူတွေထဲက ရွေးတင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေစဉ်းစားချက်က နောက်တဆင့်နိမ့်အရာရှိဟာ မိမိရဲ့ ဝါစဉ်အရ လုပ်သက်အရ ရာထူးတိုးခံရတာဖြစ်ပြီး ဝါနု လုပ်သက်နုအရာရှိတယောက် အချိန်မတိုင်ခင် ရာထူးတိုးခံရရင်တော့ ဆရာသမား (သန်းရွှေ) ဂုဏ်ကျေးဇူးကို တန်ဖိုးထား သစ္စာရှိလိမ့်မယ်ဆိုတဲ့ စဉ်းစားချက် ဖြစ်ပုံရပါတယ်။

ဒီစီမံချက်အရ တိုင်းမှူးတွေကို နေရာပေးနိုင်ဖို့ ဒုဗိုလ်ချုပ်ကြီးရာထူးတွေ အများကြီးတိုးချဲ့ဖို့လိုလာပါတယ်။ ဒုဗိုလ်ချုပ်ကြီးရာထူးတွေအ တွက် နည်းလမ်းနှစ်ခုနဲ့ လမ်းဖွင့်ခဲ့ရပါတယ်။ တခုက ၂၀၀၁ ပြင်ဆင်ဖွဲ့စည်းမှု မတိုင်ခင်လေးမှာ ဒုဗိုလ်ချုပ်ကြီးနှစ်ယောက်ကို အကျင့် ပျက်ခြစားမှုနဲ့ အနားပေးပစ်လိုက်တာ၊ နောက်တခုကတော့ စစ်တိုင်းတွေကို ဖြန့်ကိုင်ရတဲ့ ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) ကို ၄ ခုခွဲပစ်လိုက်တာဖြစ်ပါတယ်။

နောက်ထပ်နေရာတွေ ဖန်တီးပေးလိုက်တာကတော့ ကြည်း-ရေ-လေ ကွပ်ကဲညှိနှိုင်းရေးမှူး ရာထူးသစ်နဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ် ရေး အရာရှိချုပ်ရုံး၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံးနဲ့ လေ့ကျင့်ရေးအရာရှိချုပ်ရုံးတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်မှာ အရာရှိ ချုပ်ရုံးတွေကို ဒုဗိုလ်ချုပ်ကြီးက ကွပ်ကဲပြီး ညွှန်ကြားရေးမှူးရုံးတွေကိုတော့ ဗိုလ်ချုပ်အဆင့်က ကွပ်ကဲရပါတယ်။ တကယ်တော့ ကြယ်သုံး ပွင့်အဆင့်ဗိုလ်ချုပ် (ဒုဗိုလ်ချုပ်ကြီး) ကို နေရာပေးဖို့ အရာရှိချုပ်ရုံး ဖန်တီးတာကို အရင်ကတည်းက လုပ်ခဲ့ဖူးပါတယ်။

၁၉၉၃ သြဂုတ်လမှာ ယခင်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ကို ဒုဗိုလ်ချုပ်ကြီးအဆင့် တင်တာနဲ့ ကိုက်ညီအောင် စစ်မဟာ ဗျူဟာလေ့လာရေးရုံး OSS ကို တည်ထောင်ခဲ့ပါတယ်။ တကယ်တော့ OSS ရဲ့ လုပ်ငန်းတာဝန်နဲ့ ဝန်ထမ်းတွေဟာ ဗိုလ်ခင်ညွန့်ရဲ့ တပ်မ တော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး DDSI ဌာနချုပ်ဝန်ထမ်းတွေ လုပ်နေတာတွေနဲ့ ဘာမှသိတ်ကြီး မထူးခြားပါဘူး။

အပြင်လူတွေနဲ့ အနောက်နိုင်ငံက လေ့လာသူတွေဟာ OSS တည်ထောင်တာကို အလွန်အကျွံ အလေးပေး အထင်ကြီးနေခဲ့ကြတယ်လို့ ထောက်လှမ်းရေးအရာရှိဟောင်းတယောက်က အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ တကယ့် အနှစ်သာရကတော့ OSS ဆိုတာ ဗိုလ် ခင်ညွန့်ကို နောက်ထပ်ကြယ်တပွင့်တိုးပေးလိုက်တာနဲ့ ကိုက်ညီအောင် စာရွက်ပေါ်မှာ ကလဖန်ထိုးလိုက်တာဘဲ ဖြစ်ပါတယ်။

ရာထူးအဆင့်ဖောင်းပွမှု

၂၀၀၁ နိုဝင်ဘာ ပြင်ဆင်ဖွဲ့စည်းမှုဟာ နောက်ပိုင်းမှာ တပ်မတော်ထိပ်ပိုင်း တပ်မှူးအုပ်ကြီးကို တိုးချဲ့ဖို့ အကြောင်းအချက်တခုသာ ဖြစ်ပါ တယ်။ ရာထူးအဆင့်သစ်တွေ တီထွင်တာ၊ ရာထူးနေရာသစ်တွေ ဖော်ထုတ်တာနဲ့ အစိုးရဝန်ထမ်းလောကထဲ စစ်ဘက်က ထိုးဖောက်ဝင် တာတွေက ရာထူးအဆင့်ဖောင်းပွမှုနဲ့ ထိပ်ပိုင်းတပ်မှူးအုပ်ကြီးထွားမှုကို အားပေးမီးထိုးပေးခဲ့ပါတယ်။

ထိပ်ပိုင်းတပ်မှူးအုပ် တိုးချဲ့ဖို့လမ်းစကို နဝတ အာဏာသိမ်းပြီး ၁၈ လအကြာ ၁၉၉၀ မတ်လမှာ စတင်ခဲ့ပါတယ်။ အဲဒီတုံးက ဗိုလ်ချုပ် တွေနဲ့ ဗိုလ်မှူးကြီးတချို့ကို အစုလိုက်အပြုံလိုက် ရာထူးတိုးပေးခဲ့ပါတယ်။ စမူဆာပုံ စစ်မိန့်ပေး ဦးစီးကွပ်ကဲမှု အဆောက်အအုံကို ပုံစံပီဖို့ အတွက် ဗိုလ်သန်းရွှေအရင်လူ ဗိုလ်စောမောင်ဟာ ဗိုလ်ချုပ်မှူးကြီးရာထူး အသစ်ထွင်ပြီး ကိုယ့်ကိုယ်ကို ရာထူးတိုးခဲ့ပါတယ်။

၂၀၀၂ စက်တင်ဘာလမှာ စစ်အစိုးရရဲ့ နံပတ် ၂ ဗိုလ်မောင်အေးကို ဒုဗိုလ်ချုပ်မှူးကြီးအဆင့် (ကြယ် ၄ ပွင့်ခွဲ) ကို တိုးပေးခြင်းအားဖြင့် ရာထူးသစ်တီထွင်မှု ထပ်လုပ်ခဲ့ပါတယ်။ ဒီရာထူးသစ်ကြောင့် ဦးအေးဟာ ပြိုင်ဖက် ဗိုလ်ခင်ညွန့် စတုတ္ထမြောက်ကြယ် ထပ်တပ်ချိန်မှာ လည်း ရာထူးအဆင့်သာလွန်မှုကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးရာထူးတိုးဖို့ဟာလည်း စောစောပိုင်းက ရာထူးတိုးခဲ့သလိုမျိုး စာရွက်ပေါ်မှာ ကလဖန်ထိုးဖို့ လိုခဲ့ပါတယ်။ ကြယ် ၄ ပွင့်အဆင့်နဲ့ကိုက်အောင် ဦးခင်ညွန့်ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်ဖက်အကြံပေးအဖြစ် သတ်မှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ် ခန့်အပ်ခံရတော့ ရာထူးအဆင့်နဲ့ ပိုကိုက်ညီသွားပါတယ်။ သိတဲ့အတိုင်း ၂၀၀၄ မှာ ဗိုလ်ခင်ညွန့် ဖြုတ်ထုတ်အုပ်ခံရပြီး အခုထိ အကျယ် ချုပ် ချခံနေရပါတယ်။

ဗိုလ်ခင်ညွန့်ကို ရာထူးတိုးပေးတာတွေဟာ စက္ကူပေါ်မှာ အကြံအဖန်လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ထိပ်ပိုင်းတပ်မှူး အုပ်ကြီးကို တိုးချဲ့ နိုင်ဖို့ စစ်ဆင်ရေးရာထူးနေရာသစ်တွေလည်း ဖန်တီးပေးခဲ့ရပါတယ်။ ၂၀၀၁ နိုဝင်ဘာ ပြန်လည်ဖွဲ့စည်းမှုက လမ်းပြခဲ့ပြီးနောက်မှာ နောက်ထပ် ကစထ နှစ်ခု ထပ်တည်ထောင်ခဲ့ပါတယ်။ ကစထ-၅ က ရန်ကုန်တိုင်းကို ကိုင်ပြီး ကစထ-၆ က ရခိုင်ပြည်နဲ့ မကွေးတိုင်းကို တာဝန်ယူရပါတယ်။

အခုနောက်ဆုံးတီထွင်လိုက်တဲ့ ဒုဗိုလ်ချုပ်ကြီးရာထူးကတော့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဖြစ်ပါတယ်။ ကစထ တွေ တည်ထောင် တာဟာ စစ်ဆင်ရေးအတွက် တစုံတရာအသုံးဝင်မှုရှိနိုင်ပေမဲ့ အခုနောက်ဆုံးထွင်လိုက်တဲ့ ရာထူးကတော့ နောက်ထပ်ဗျူရိုကရေစီအလွှာ တခု ထပ်ပိုးလိုက်တာထက် ဘာမှသိတ်ထူးပုံမရပါဘူး။

ဒုဗိုလ်ချုပ်ကြီးအဆင့်အောက် စစ်ဗျူရိုကရေစီယန္တရားကြီးဟာလည်း ကြီးထွားလာခဲ့ပါတယ်။ စစ်တိုင်းအသစ်တွေ ဖန်တီးတာ၊ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွေ တိုးများလာတာ၊ တပ်မအဆင့် အမြောက်ကြီးစခန်းဌာနချုပ် နဲ့ သံချပ်ကာတပ်ကွပ်ကဲမှုစခန်းဌာနချုပ်တွေ ဖွင့်လှစ်လိုက်တာတို့ဟာ ထိပ်ပိုင်းတပ်မှူး အရာရှိတပ်ဖွဲ့ ကြီးထွားလာစေဖို့ အများကြီး အားပေး ခဲ့ပါတယ်။

ဖောင်းကားနေတဲ့ အစိုးရဝန်ထမ်း

စစ်ဗျူရိုကရေစီယန္တရားကြီးကို စစ်အစိုးရက ချဲ့ထွင်တာနဲ့ တပြိုင်တည်းမှာ အစိုးရ အရပ်ဖက်ဗျူရိုကရေစီယန္တရားကြီးကိုလည်း တောက် လျှောက် တိုးချဲ့နေပါတယ်။ ၁၉၈၈ ခု နဝတ အာဏာယူပြီး သိတ်မကြာခင်တုံးက အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ရုံးနဲ့ ဝန်ကြီး ၉ ယောက် ခေါင်းဆောင်တဲ့ ဝန်ကြီးဌာန ၁၈ ခု ရှိခဲ့ပါတယ်။ ဝန်ကြီး ၉ ယောက်မှာ ၈ ယောက်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရာထူးနေရာ တွေ ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တွေ ဖြစ်ပါတယ်။

အဲဒီကတည်းကစလို့ ဗိုလ်သန်းရွှေဟာ သူ့စနစ်ကို ထောက်ခံအားပေးတဲ့သူခိုးဝန်ထမ်းကြီးတွေကို ဆုချဖို့ အခွင့်အလမ်းတွေ တိုးချဲ့တဲ့ အနေနဲ့ အရပ်ဖက်အုပ်ချုပ်ရေးဗျူရိုကရေစီယန္တရားကြီးကိုလည်း တိုးချဲ့လာခဲ့ပါတယ်။ ဒီကနေ့ မှာတော့ ဝန်ကြီးချုပ်ရုံးအပြင် ဝန်ကြီးဌာန ၃၂ ခု၊ ဝန်ကြီး ၃၂ ပါးရှိနေပါတယ်။ ဒီထဲမှာ ၇ ယောက်ဘဲ "အရပ်သား" ဖြစ်ပြီး အများစုက ဗိုလ်ချုပ်ဟောင်းတချို့အပါအဝင် စစ်မှုထမ်း ဟောင်းတွေဖြစ်ပါတယ်။

အထက်တန်းစစ်အရာရှိကြီးတွေနဲ့ ရင်းရင်းနှီးနှီးဆက်သွယ်မှုတွေရှိတဲ့ မြန်မာသတင်းရင်းမြစ်တခု အဆိုအရ ၂၀၀၄ ခုနှစ်က အထက်တန်း အရာရှိကြီးတွေရဲ့ အစည်းအဝေးတခုမှာ လူအင်အားကိစ္စတွေအကြောင်း ဆွေးနွေးတဲ့အခါ ဗိုလ်သန်းရွှေက ရာထူးတိုးရေးအခွင့်အလမ်း တွေ နောက်ထပ်ဖန်တီးပေးနိုင်ဖို့အတွက် ဝန်ကြီးတယောက်ထဲက ဝန်ကြီးဌာန အများအပြားကိုင်တဲ့ လုပ်ရပ်ကို ဆက်မလုပ်ဖို့ ညွှန်ကြား ခဲ့ပါတယ်။

အရင်နှစ်ဇွန်လမှာ ဗိုလ်ချုပ်မောင်မောင်ဆွေက လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကို လက်လွှတ်လိုက်တဲ့အတွက် ခုန ပြောတဲ့လုပ်ရပ် နိဂုံးချုပ်သွားခဲ့ပါတယ်။ ဦးအောင်ကြည်ကတော့ အလုပ်သမားဝန်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်း ဖြစ်နေပေမဲ့ ဆက်ဆံရေးဝန်ကြီးဆိုတာ တကယ့်ရုံးဌာန ဆုပ်ဆုပ်ကိုင်ကိုင်မရှိဘဲ ဆိုင်းဘုတ်သက်သက်ဘဲ ဖြစ်ပါတယ်။

ဝန်ကြီးဌာနသစ်တွေ ဖန်တီးလိုက်တာဟာ စစ်ဘက်ဝန်ထမ်းတွေ ရာထူးတိုးဖို့လမ်းကြောင်း ပိုကျယ်သွားစေခဲ့ပေမဲ့ တိုင်းပြည်မှာတော့ ပိုဖောင်းပွ ပိုအရည်အချင်းမဲ့တဲ့ ဗျူရိုကရေစီယန္တရားကြီးက ဖိစီးနှိပ်စက်မယ့်အန္တရာယ် ကျနေပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲက မျှော်မှန်းထားသလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရဆီ တနေ့နေ့မှာ အာဏာလွှဲပြောင်းသွားတဲ့အခါ အဲဒီအစိုးရဟာ စစ်တပ် အုပ်စိုးမှုအောက်မှာ ဖြစ်ထွန်းလာခဲ့တဲ့ ကမောက်ကမ ဗယုတ်သုက္ခအစိုးရအဆောက်အအုံကြီးကြောင့် အုပ်ချုပ်ရေးစွမ်းရည် ချို့ယွင်း ပျက်ပြားနေဖို့ အလားအလာများပါတယ်။

ဒါ့အပြင် အရပ်ဖက်ဗျူရိုကရေစီယန္တရားထဲကို စစ်ဘက်ပုဂ္ဂိုလ်တွေ စိမ့်ဝင်ထိုးဖောက်နေမှုဟာ ပမာဏအရရော၊ အတိုင်းအတာအရရော ပိုများလာစရာရှိပါတယ်။ ၂၀၀၆ တုံးက ဗိုလ်မှူးချုပ် ၄ ယောက်ကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ်အဖွဲ့မှာ ခန့်အပ်လိုက်တာဟာ အရပ်ဖက်အစိုးရဝန်ထမ်းနယ်ပယ်ထဲ စစ်ဖက်က ပိုပြီးပါဝင်ပတ်သက်မယ့် အလားအလာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။

မကြာသေးခင်က အင်တာနက်သတင်းတပုဒ်အရ သင်တန်းသားဦးရေများလာတဲ့အတွက် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC ကျောင်းဆင်းတွေဟာ စစ်တိုင်း သို့မဟုတ် တပ်မရာထူးတွေ သေချာပေါက်ရမယ်လို့ တွက်မထားဖို့ သင်တန်းဆရာတယောက်က သင်တန်းသားတွေကို သတိပေးတယ်လို့ ဆိုပါတယ်။ အဲဒီ အဆင့်မြင့်တပ်ရာထူးတွေအစား ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဖက်က ဝန်ကြီးဌာနတွေမှာဘဲ ညွှန်ချုပ်ရာထူးတွေ ယူရနိုင်ပါလိမ့်မယ်တဲ့။

အက်ကွဲနေတဲ့စမူဆာ

ဗိုလ်သန်းရွှေ မြန်မာ့တပ်မတော်ကို ကိုင်တွယ်နေပုံဟာ တချို့ပုံစံတွေအရ စံနမူနာပြ ပိရမစ် စမူဆာပုံ (ဝါ) ပွန်ဇီ စီးပွားရေးကစားကွက် Ponzi ပုံ ပေါက်နေပါတယ်။ [ပွန်ဇီ ဆိုတာ လွန်ခဲ့တဲ့ ၄-၅ နှစ်က မြန်မာပြည်မှာ ခေတ်စားပြီး အကြီးအကျယ်နာမည်ပျက်သွားခဲ့တဲ့ ဖိုးတွမ်တီး "အကျိုးဆောင်ကုမ္ပဏီ" တွေ လုပ်စားပုံကို ပြောတာဖြစ်ပါတယ်။]

ပွန်ဇီ (ပိရမစ်) ကစားကွက်မှာ အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေကို နောက်ကျဝင်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထည့်ဝင် ရှယ်ယာတွေနဲ့ အမြတ်ဝေစုပေးတာ လုပ်ပါတယ်။ ဒီပိရမစ် ကြီးထွားကျယ်ပြန့်နေသရွေ့ ရှေ့လူတွေကို နောက်လူတွေ ဆီကရတာနဲ့ အကျိုးအမြတ် ပေးနေတော့ အားလုံးအကျိုးရှိနေပါတယ်။ ပိရမစ်ကြီးထွားမှု ရပ်ဆိုင်းသွားတဲ့အခါမှာတော့ အစောပိုင်း ငွေရင်းထည့်ထားသူတွေအနေနဲ့ ဧရာမအမြတ်ကြီးတွေ ရထားပြီးဖြစ်သလို နောက်ဝင်သူတွေကတော့ နည်းနည်းလောက်ဘဲ မြတ်လိုက်တာ သို့မဟုတ် လုံးဝမရလိုက်တာ ဖြစ်ကုန်ပါတယ်။

လက်ရှိစစ်အစိုးရခေါင်းဆောင်ပိုင်းဟာလည်း စစ်အာဏာရှင်စနစ်ကြီးထဲမှာ မိမိတို့သစ္စာရှိမှုကို အစောဆုံး ရင်းနှီးမြှုပ်နှံခဲ့လို့ အဆီတဝင်း ဝင်း ရာထူးနေရာတွေ အခွင့်ထူးတွေ ဆုချခံထားရပါတယ်။ မကြာသေးခင်က NDC ကျောင်းဆင်းတွေ တွေ့လိုက်ရသလို ပိရမစ်ထိပ်လွှာ တွေမှာ ကျပ်ညပ်ပြွတ်သိပ်လာတဲ့အခါ အမြတ်ဝေစုတွေက သေးလိုက်လာပါတော့တယ်။

စစ်အာဏာရှင်စနစ်ကြီးရဲ့ ပွန်ဇီစီးပွားရေးကွက် သဘာဝကြောင့် တပ်မတော်ကို တိုးချဲ့ဖို့ဖိအား အမြဲဖြစ်နေပါတယ်။ တချို့တပ်ဖွဲ့တွေမှာ စစ်သားတယောက်ဟာ လူသစ် ၂ ယောက် စုဆောင်းမပေးနိုင်ရင် တပ်ထွက်ခွင့်မရပါဘူး။ ဒီလိုဖိအားကြောင့် လမ်းသွားလမ်းလာတွေ ကလေးစစ်သားတွေကို အဓမ္မစစ်သားဆွဲတဲ့ အောက်တန်းကျအလေ့အထတွေ များပြားလာစေပါတယ်။ ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ဒါမှမဟုတ် စစ်သားစုဆောင်းရေးရည်မှန်းချက်ပန်းတိုင်တွေ ဖြည့်ဆီးဖို့ ၂၀၀၇ ခုမှာ တပ်မတော်စစ်သားစုဆောင်းရေးညွှန်ကြားရေးမှူးရုံး အသစ် တိုးချဲ့ခဲ့ပါတယ်။

စစ်အုပ်စုဟာ ကိုယ့်ဖာသာကိုယ် အဓိပ္ပာယ်ဖွင့်ထားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ တိုင်းပြည်ကိုမောင်းနေရာမှာ စစ်ဗိုလ်တွေအတွက် ရာထူး တိုးရေးအခွင့်အလမ်းတွေ ပိုရလာစေဖို့ စစ်တပ်အဆောက်အအုံနဲ့ အစိုးရအဆောက်အအုံကို နောက်ထပ်ပြင်ဆင်ပြောင်းလဲ အကွက်ချ ကစားတာတွေ လုပ်ဖို့များပါတယ်။ ရာထူးနေရာတွေ ပိုများများဖန်တီးဖို့ အရင်ကကျင့်သုံးခဲ့တဲ့ နည်းနာတွေကိုလည်း ထပ်လုပ်နိုင်ပါတယ်။ လက်ရှိကစထတွေထဲက တော်တော်များများကို စိတ်ပိုင်းပြီး နောက်ထပ် ကြယ် ၃ ပွင့်ရာထူးနေရာ (ဒုဗိုလ်ချုပ်ကြီး)တွေ ဖော်ပေးနိုင်ပါ တယ်။

မကွေးတိုင်း၊ ကရင်နီပြည် ဒါမှမဟုတ် ကရင်ပြည်တို့မှာ စစ်တိုင်းအသစ်တွေ ထပ်ပေါ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ ကြယ် ၂ ပွင့် နဲ့ ကြယ် ၁ ပွင့် ရာထူးနေရာတွေ တိုးချဲ့နိုင်ပါတယ်။ နောက်ဆုံးအားဖြင့် ကစထမှူးတွေက ဗိုလ်ချုပ်ကြီးအဆင့် တက်လာပြီး တိုင်းမှူးတွေက ဒုဗိုလ် ချုပ်ကြီးအဆင့် တက်လာတာအထိ ရာထူးဖောင်းပွမှု ဖြစ်လာနိုင်ပါတယ်။

ဒီမိုကရေစီနာမည်ခံရင်း စစ်တပ်ဆက်လက်ကြီးစိုးမှုအောက်မှာ အရပ်ဖက်အုပ်ချုပ်ရေးအစိုးရအဆောက်အအုံထဲ စစ်ဗိုလ်တွေ နောက်ထပ် စိမ့်ဝင်ပျံ့နှံ့လာပြီး ဗျူရိုကရေစီယန္တရားသစ်ပင်ကြီးမှာလည်း အကိုင်းအခက်သစ်တွေ ဖန်တီးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည် နိမ့်ကျတဲ့ အစိုးရအုပ်ချုပ်ရေးအဆောက်အအုံက ဖိစီးနှိပ်စက်မယ့်အန္တရာယ် ကျရောက်နေပါတယ်။ ဒီလိုဖောင်းကားပွယောင်းနေတဲ့ စစ် စနစ်ကြီးကို အသက်ဆက်ဖို့ ဘယ်ကရင်းမြစ်တွေရမှာလဲ ဆိုတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်အတွက် နောက်ထပ်အရေးပါ တဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။

အရှေ့တောင်အာရှရေးရာ အထူးပြု အလွတ်သတင်းထောက် နော်မန်ရိုးဘက်စပီးယဲ (အမည်ရင်းမဟုတ်) ၏ မတ်လ ၁၂ ရက် အေးရှားတိုင်းမ် အင်တာနက်ဂျာနယ်ပါ ဆောင်းပါးကို ဂါမဏိ ဘာသာပြန်သည်။



ဂါမဏိ
REF: နေ့သစ်

Read More...

Thursday, February 26, 2009

မြန်မာ့အရေး အမြင့်ဆုံးရောက်လုချိန် ကုလသမဂ္ဂတုန့်ဆိုင်းဆိုင်းဖြစ်နေဆဲ - လွင်အောင်စိုး

ပြီးခဲ့တဲ့ သီတင်းပတ်အဆုံးမှာတော့ နာမည်အပျက်ဆုံး အင်းစိန်အကျဉ်းထောင်အပါအ၀င် တနိုင်ငံလုံးမှာရှိ တဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၆၃၁၃ ယောက်ကို မြန်မာအာဏာပိုင်တွေက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားဘယ်နှစ်ယောက်ပါသလဲဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ရှင်းနေတာကတော့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်တဲ့ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကတော့ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းထဲမှာ ပါမလာ ခဲ့ပြန်ပါဘူး။ သူတို့နှစ်ယောက်ကို ၂၀၀၃ ခုနှစ် နှစ်လယ်ပိုင်း အစလောက်ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကွင်တာနာ (Tomas Ojea Quintana) က မြန်မာနိုင်ငံ ကိုမလာမီ တရက်အလို ၂၀၀၉ ဖေဖော်ဝါရီလ (၁၄) ရက်မှာ ကြိုတင်သိထားတာမရှိဘဲ ဦးတင်ဦးရဲ့ နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံသက်တမ်းကို အာဏာပိုင်တွေက နောက်တနှစ် ထပ်တိုးလိုက်ပြန်ပါတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီအရေးကို အထူးကြိုးပမ်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကို စော်ကားလိုက်တာပါဘဲ။ မကျေ မနပ်ဖြစ်စရာပါ။ နောက်ဆက်လုပ်ဖို့ကိစ္စတွေလည်း တွန့်ဆုတ်သွားရသလို ဖြစ်နိုင်ပါတယ်။

နောက်ထပ်တိုက်ဆိုင်နေတာ တခုလည်း ရှိနေပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂမ်ဘာရီက မြန်မာပြည်မှာ သူဘာတွေလုပ်ခဲ့သလဲဆိုတာ လုံခြုံရေးကောင်စီကို ရှင်းပြပြီး နောက်တရက် အကြာမှာ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာကို ကြိုဆိုရပါမယ်။ ဒါပေမယ့် ဒါမျိုးသက်သက်နဲ့တော့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဒုက္ခရောက်နေတာဟာ အမြဲတမ်းဖြစ်နေမှာ မဟုတ်တော့ပါဘူးလို့ မယူဆသင့်ပါဘူး။
မြန်မာ့အရေးဟာ ပက်ကျိလိုဘဲ နှေးနှေးကွေးကွေး ဖြစ်နေပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်လာတာတွေကို ဘာဘဲ ဖြစ်ဖြစ် အတော့်ကို ဂရုတစိုက် သတိထားပြီးကြည့်ရပါလိမ့်မယ်။

စစ်အစိုးရအုပ်စိုးတဲ့ မြန်မာပြည်ကို ဂမ်ဘာရီသွားရောက်ခဲ့တဲ့ ဒီတခေါက်မှာလည်း အရင်နောက်ဆုံးခရီးစဉ် နှစ်ခေါက်လိုဘဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြန်ပြောပြစြရာ များများစားစားမရှိခဲ့ပါဘူး။ လုံခြုံရေးကောင် စီက လုပ်ပေးနိုင်စရာတွေလည်း မတင်ပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်းဘဲ သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေ ဖန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Jean-Maurice Ripert က ဆိုရင် လုံခြုံရေး ကောင်စီကို ဂမ်ဘာရီသတင်းပို့တာ သိပ် သိပ်တိုးလွန်းပြီး စိတ်တိုင်းကျစရာတွေ မရှိပါဘူးလို့ ပြောယူရတဲ့ အထိပါဘဲ။

၂၀၁၀ ခုနှစ်မှာ လုပ်မယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းမကျပဲနေရင်၊ ပြီးတော့ အတိုက်အခံတွေအားလုံးကလည်း မပါဝင်နိုင်ဘူးဆိုရင် အဲဒါကို တရားဝင် အသိအမှတ်မပြုဖို့ သူက ပြောပြ ပါတယ်။

ဂမ်ဘာရီ ခရီးစဉ် မအောင်မြင်တာကို ကြိုတွက်ဖို့ သိပ်အခက်အခဲ မတွေ့ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ကို လက်ချည်းသက်သက် မြန်မာပြည်ကို စေလွှတ်လိုက်လို့ ဖြစ်ပါတယ်။ (လုံခြုံရေးကောင်စီမှ အမှာစကားများမပါဘဲ စေလွှတ်လိုက်သည်ဟု ဆိုလိုသည်။)

ဘန်ကီမွန်းမတိုင်မီက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ ကိုဖီအာနန်ဖြစ်ပြီး သူ့ရဲ့ မြန်မာ့အရေး သံတမန်ကတော့ ရာဇာလီအစ္စမေးလ်ဖြစ်ပါတယ်။ ဘန်ကီမွန်း-ဂမ်ဘာရီ အတွဲလိုဘဲ ရာဇာလီကလည်း ပေ ကပ်ကပ်နဲ့ ခေါင်းမာလှတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ရာမှာ ဘာမှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ကုလသမဂ္ဂအထူးသံတမန်တွေကတော့ မြန်မာပြည်ကို သွားလိုက်လာလိုက် လုပ်နေကြတုန်းပါဘဲ။ သူတို့ ခရီးစဉ် အောင်မြင်သွားပြီလားဆိုတာ ဆုံးဖြတ်ဖို့ ကမ္ဘာကလည်း အဆင့်တခုတော့ သတ်မှတ်ထားနေကြတုန်း ပါဘဲ။ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကုလသမဂ္ဂ သံတမန်တွေက သွား ရောက်တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး အဆင့်တခုခု အောင်မြင်သွားပြီလို့ မပြောနိုင်ပါဘူး။

နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ စောင့်ကြည့်နေသူတွေ ပြောနေတဲ့ "တမျိုးသားလုံးပြန်လည်သင့်မြတ်ရေး"၊ "ဒီမိုကရေစီတည်ဆောက်ရေး" ဆိုတာတွေဟာ သူ့အစီအစဉ်နဲ့သူ ဖြစ်လာမယ်ဆိုရင်တော့ သူတို့အတွက် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် မြန်မာစစ်အစိုးရအတွက်ကတော့ ဒီကိစ္စတွေဟာ အမှန်တကယ် ဖြစ်လာမ လားဆိုတာ သိချင်နေကြတဲ့ စကားလုံးတွေပါ။

ဒီကိစ္စတွေကို မျှမျှတတကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂမှာ မြန်မာဗိုလ်ချုပ်တွေကို ပြစ်ဒဏ်ခတ်နိုင်စွမ်း လည်းမရှိ၊ ဆွဲဆောင်စရာ မက်လုံးလည်းမရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက အကြံဉာဏ်တွေထုတ် ပေးနိုင်ပါတယ်။ အကြံဉာဏ်တွေကိုသာ လက်ခံကျင့်သုံးကြမယ်ဆိုရင် အတော်များများကိစ္စတွေမှာ အလုပ် ဖြစ်နိုင်ပါမယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတော်များများမှာ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်နဲ့ မဟာဗျူ ဟာမရှိပါဘူး။ ဒီလိုနဲ့ဘဲ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးနေတာ အချိန်တွေတောင်လွန်နေခဲ့ရပါပြီ။

နအဖကို သဘောမကျဘူးလို့ ပြောနေရုံသက်သက်နဲ့တော့ အလုပ်မဖြစ်တော့ပါဘူး။ ဒီ့ထက်ပိုပြီးကို လုပ်ယူရ ပါတော့မယ်။ မြန်မာနိုင်ငံထဲမှာ သက်ဆိုင်သူတွေအားလုံး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ့် အစီအစဉ် တခုကို ကုလသမဂ္ဂက မရေးဆွဲလို့ မဖြစ်တော့ပါဘူး။

ဆိုလိုတာကတော့ မြန်မာဗိုလ်ချုပ်တွေ ထောင်အကျခံမလား၊ ဒါမှမဟုတ် အရပ်ဘက် အစိုးရအဖွဲ့မှာ ပါဝင်မ လားဆိုတာပါဘဲ။ တခုခုကတော့ သူတို့ကိုစောင့်နေပြီလို့ ဗိုလ်ချုပ်တွေ သိထားဖို့လိုနေပါတယ်။

မြန်မာရဲ့ဒေသတွင်းနိုင်ငံတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေး တိုးတက်ပြောင်းလဲစေဖို့ စိတ်မပါ့ တပါနဲ့ တခါတလေ ထလုပ်တတ်တာကလည်း အချိန်တွေ သိပ်ကိုကြာလှပါပြီ။ "လမ်းပြမြေပုံ" (Road Map) ဆိုတဲ့ စကားလုံးနဲ့ "အပြုသဘောဆောင်တဲ့ ချဉ်းကပ်ညှိနှိုင်းမှု" (Constructive Engagement) ဆိုတဲ့ စကား လုံးကို မြန်မာ့အရေးမှာ သုံးစွဲနေခဲ့ကြပါတယ်။ "လမ်းပြမြေပုံ" ဆိုတာ အရှေ့အလယ်ပိုင်းပြဿနာကနေ ယူသုံးထားတဲ့ စကားလုံးပါ။ "အပြုသဘောဆောင်တဲ့ ချဉ်းကပ် ညှိနှိုင်းမှု" ဆိုတာ တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားရေး အဆုံးသတ်ရေးတုန်းက သုံးခဲ့တဲ့စကားလုံးပါ။ အရှေ့အလယ်ပိုင်းနဲ့ တောင်အာဖရိ ကမှာသုံးခဲ့တဲ့ အဲဒီစကားလုံးတွေရဲ့ တကယ့် အဓိပ္ပအမှန်ကို သဘောမပေါက်ပဲ မြန်မာ့အရေးမှာ အလွယ် တကူ ဆွဲသုံးနေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဝန်ကြီးချုပ်ဟောင်း သာခ်ဆင် (Thaksin Shinawatra) က မြန်မာ့အရေးကို ဖြေရှင်းပေးမယ်ဆို ပြီး "Bangkok Process" လို့ စတန့်ထွင်လိုက်ပေမယ့် ချက်ချင်းပြုတ်ကျပြီး သူ့ကို ဝိုင်းဟားခဲ့ကြပါတယ်။ စစ် အစိုးရက သူတို့နည်းသူတို့ဟန် "လမ်းပြမြေပုံ" သုံးပြီး ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ကြေညာလိုက် တော့ သာခ်ဆင်တို့လူသိုက်လည်း နောက်ပြန်ဆုတ်လိုက်ကြရပါတယ်။ ၂၀၁၀ ခုနှစ်ရောက်ရင်ရွေးကောက်ပွဲ လုပ်မယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်တာကြောင့် အခုအချိန်မှ အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်း အတွက် တခုခုကို အလေးအနက်ထား မလုပ်ဘူးဆိုရင် အချိန်တွေ သိပ်နှောင်းသွားနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမတသစ် အိုဘားမား (Barack Obama) ရဲ့ အဖွင့်မိန့်ခွန်းမှာ အာဏာရှင်နိုင်ငံ တွေကို အဆိုပြုသွားပါတယ်။ အာဏာရှင်တွေဘက် ဆက်ပြီး တင်းမာချင်စိတ်မရှိတော့ဘူးဆိုရင် အမေရိကန် က ပိုပြီး လက်ကမ်းဖို့ရှိလာမယ်လို့ ပြောသွားတာပါ။ ("We will extend a hand if you are willing to unclench your first.")

ဒီတော့ ဘာဖြစ်လာမလဲ။ အိုဘားမားက အာဏာရှင်နိုင်ငံတွေကို သူပြောသလို ချဉ်းကပ်တော့မှာ သေချာနေ ပါပြီ။ သူ့ချဉ်းကပ်ပုံ မှန်-မမှန် ပထမဦးဆုံး စမ်းသပ်ခံရမှာကတော့ မြန်မာ့အရေးဖြစ်နိုင်တယ်ဆိုတာက သိသာ လာနေပါတယ်။

၁၉၉၀ ဝန်းကျင်နှောင်းပိုင်းနှစ်တွေလောက်ကစပြီး အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ် ဆို့မှုတွေ စလုပ်လာခဲ့တာ ခုထိပါဘဲ။ ဒါပေမယ့် ဟိုတလောက အင်ဒိုနီးရှားကို လက်ရှိ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန် လာတုန်းမှာ မြန်မာပြည်အပေါ်ထားတဲ့ အမေရိကန်ပေါ်လစီကို သုံးသပ်နေ တယ်လို့ ကြေညာသွားပါတယ်။ စီးပွားရေး ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေကို လျှော့ပေါ့ဖို့ ဒါမှမဟုတ် အခြား သံတမန်ရေးနည်းလမ်းတွေ သုံးဖို့ကို ကလင်တန်က ငြင်းဆိုမသွားခဲ့ပါဘူး။

"သိသာတာကတော့ စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူတာတွေကို မြန်မာစစ်အစိုးရက မဖြုံပါဘူး" လို့ ကလင်တန်က ပြောသွားပါတယ်။ ပြီးတော့ မြန်မာအိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ပေါင်းပြီး ညှိနှိုင်းတဲ့ ချဉ်းကပ်ပုံကလည်း အလုပ်မဖြစ်ခဲ့ပါဘူးလို့ ဆက်ပြောသွားပါသေးတယ်။

အိုဘားမားအရင် သမတဘွတ်ရှ် လက်ထက်မှာတုန်းက မြန်မာစစ်အစိုးရအပေါ် သဘောထားခပ်တင်းတင်း ဆက်ဆံခဲ့လို့ အတော့်ကို ချီးကျူးခံရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်နေရုံနဲ့ စစ်အစိုးရကြောင့် ပြည်သူတွေ မလှုပ်နိုင်အောင် ဖိနှိပ်ခံနေခဲ့ရတာတွေကိုတော့ လျှော့မပစ်နိုင်ခဲ့တာက အမှန်ပါ။ ပြည်သူတွေရဲ့ စားဝတ်နေ ရေး၊ လုံခြုံရေးတွေလည်း တိုးတက်မလာခဲ့ပါဘူး။

အခုတော့ အိုဘားမား အလှည့်ရောက်ပါပြီ။ မြန်မာ့အရေးအတွက် အမေရိကန်အစိုးရဟာ သူ့ပေါ်လစီကို ပြန် သုံးသပ်ရမှာကတော့ သေချာနေပါတယ်။ ဒါပေမယ့် သမတ အိုးဘားမားဟာ သူ့ရဲ့ သမိုင်းဝင် သမတသစ် အဖွင့်မိန့်ခွန်းမှာ ပြောခဲ့တဲ့အတိုင်း လုပ်ကိုလုပ်ရပါလိမ့်မယ်။ သူပြောခဲ့တာကတော့ …..

"ခင်ဗျားတို့ ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်နေတာတွေကိုလျှော့လိုက်ပါတော့။ ဒါဆိုရင် ခင်ဗျားတို့ကို အမေရိကန်က ပိုပြီး လက်ကမ်းပေးလာပါမယ်။"

The Korea Herald ၏ အယ်ဒီတာ့ အာအော် "Burma nears high noon and still the UN falters" (၂၄-၂-၂၀၀၉ အင်တာနက်စာမျက်နှာ) ကို မြန်မာပြန်ဆိုထားခြင်းပါဖြစ်ပါသည်။

မူရင်း - http://www.koreaherald.co.kr/newkhsite/data/html_dir/2009/02/24/20090224002.asp
လွင်အောင်စိုး
(၂၄-၂-၂၀၀၉)



REF: Buram Digest

Read More...

Thursday, February 12, 2009

တရုတ်နဂါးကြီး လာနေပြီ - ရှင်ဒိသာ


တရုတ်ပြည်ရဲ့ဘဏ္ဍာရေးသြဇာ အလျှင်အမြန်ကြီးထွားလာနေတာကို ဘာလို့ထိတ်လန့်တကြားဖြစ်နေရတာ လဲ။ အမေရိကန်သမတ ဘားရက်အိုဘားမားက ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရွေးချယ်လိုက်တဲ့ တင်ဂေ့သ်နာက ရာထူးအတည်ပြုဖို့ ကြားနာတဲ့အချိန်က တရုတ်ပြည်ရဲ့ငွေလဲနှုန်းမူဝါဒအပေါ် တင်းမာတယ်လို့ ပြောလိုက်တဲ့ အခါမှာတော့ ဝေါစထရိလမ်းမက ကုန်သည်ကြီးတွေ ထိန်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ ဂေ့သ်နာက တရုတ် ပြည်ကို ငွေကြေးချုပ်ကိုင်ပြီးကစားတဲ့နိုင်ငံလို့ စွပ်စွဲပြောဆိုလိုက်တာကြောင့် တရုတ်အာဏာပိုင်တွေက အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဘဏ်တွေက သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လျှော့ချပစ်ပြီး တုန့်ုပြန် ကောင်းတုန့်ပြန်နိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပါတယ်။

ဘဏ်တွေကကြွေးမြီတန်ဖိုး တဖြည်းဖြည်းကျထိုးကျမှာကို ကြောက်လန့်နေတာတွေက ဘာမှကို နားမလည် နိုင်အောင်ပဲ။ နောက်ဆုံး စီးပွားရေးအကျမှာတော့ တရုတ်က အမေရိကန်အစိုးရရဲ့ကြွှေးမြီတွေကို ပိုင်ဆိုင်တဲ့ အကြီးမားဆုံး နိုင်ငံခြားတိုင်းပြည်တပြည်အဖြစ် ဂျပန်ရဲ့နေရာကို ဆက်ခံလိုက်ပါပြီ။ တရုတ်ပြည်ကို ကမ္ဘာ ပေါ်မှာ အဓိက ဘဏ္ဍာရေးသြဇာအာဏာကြီးမားတဲ့ နိုင်ငံတနိုင်ငံအဖြစ် အသွင်ပြောင်းပစ်လိုက်ပါပြီ၊ ဒါဟာ တိုင်းပြည်တပြည်ရဲ့ မြီရှင်နိုင်ငံသစ် အဆင့်အတန်းတခုကို ဖေါ်ပြတာဟုတ်ပါသလား။

အများကတော့ ဟုတ်တယ်လို့ ယူဆကြတယ်။ အနောက်နိုင်ငံ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက ဟိုးအရင်ကထက် ပိုပြီး ချေးငှားနေရတယ်၊ ကုန်ကျစရိတ်တွေကာမိဖို့အတွက် တရုတ်ပြည်ကို ပိုပြီးမှီနေရ တယ်။ သမတအိုဘားမား အိမ်ဖြူတော်ရောက်တာနဲ့ ကျဆင်းနေတဲ့ စီးပွားရေးမှာ ငွေကြေးပြန်ဖြည့်ဖို့အတွက် ဒေါ်လာဘီလျံ ၈၀၀ အပြင် စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးတဲ့အစီအစဉ်တွေ ဆောင်ရွက်ဖို့ တွန်းအားပေးခဲ့ရ တယ်။

၂၀၀၈ ခုနှစ် အောက်တိုဘာလတုန်းက တရုတ်ပြည်က ထိန်းချုပ်လိုက်ပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ်အချို့မှာ ဒီအစီအစဉ်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ချေးငွေဒေါ်လာ ၆၅၂.၉ ဘီလျံထိ တိုးလာ ပါမယ်။ တရုတ်အစိုးရအတွက်ပေးရမယ့် ကြွေးမြီအပိုင်းကို ကြီးကြပ်ရတဲ့ ကောက်ရှီချင်း က ဒီဇင်ဘာလ ထုတ် အတ္တလန်တစ်စာစောင်မှာ ခင်ဗျားတို့ဆီ ငွေထုတ်ချေးတဲ့နိုင်ငံတွေကို ကောင်းကောင်းဆက်ဆံပါလို့ ဆိုပြီး အမေရိကန်ပြည်ထောင်စုကို အကြံပြုပြောကြားခဲ့တယ်။

တရုတ်က ငွေချေးတာမှာ နှေးနှေးကွေကွေးလုပ်လာနေတယ်လို့ ဒီလထုတ် နယူယောက်တိုင်းဂျာနယ်က အစီရင်ခံ ထုတ်ပြန်လိုက်တဲ့အခါကျမှ အမေရိကန်အကဲဖြတ်လေ့လာသူတွေက သတိထားမိကြတယ်ဆိုတာ ဟာ အံ့အားသင့်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်လည်းပဲ တုန်လှုပ်သွားတယ်။ နိုင်ငံတကာဘဏ်လုပ်ငန်း မြင်ကွင်းထဲကို အသစ်ဝင်ရောက်လာသူတဦးအနေနဲ့ ဒီတိုင်းပြည်မျိုးကို သူ့ရဲ့မြီစားဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက လုံးဝမမှီခိုရအောင်ရော၊ ကြောက်ခမန်းလိလိထိန်းချုပ်တာပါ နှစ်ခုစလုံးလုပ်တယ်။

အခုအခါမှာတော့ ဒေါ်လာမှီခိုနေရတာနဲ့ သမရိုးကျ ပြုပြင်ပြောင်းလဲရေးတွေအပေါ် ဦးစားပေးလုပ်ဆောင် ချက်တွေက တရုတ်ပြည်ရဲ့ စီးပွားရေးကို ဆက်လက်အားကောင်းစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုထိတော့ ကမ္ဘာ့ဘဏ္ဍာအင်အားကြီးနိုင်ငံအဖြစ်တော့ မရောက်သေးပါဘူး။

အမှတ်တမဲ့ကြည့်ရင်တော့ တရုတ်ပြည်က ကမ္ဘာ့ဘဏ္ဍာရေးဇတ်ခုံပေါ်မှာ အဓိကနေရာယူရေးကို အားပေးပုံ ပေါ်တယ်။ သူ့အစိုးရက နိုင်ငံခြားပိုင်ဆိုင်မှုတွေကို အနီးကပ်ထိန်းချုပ်ထားတယ်။ ဒီအထဲက ဒေါ်လာ၂ ထရီလျံကို တရားဝင်နိုင်ငံခြားအရန်ငွေအဖြစ် ထိန်းထားတယ်။ ပြည်တွင်းမှာသာမက တရုတ်ပြည်ရဲ့ အလျင် အမြန်ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံခြားချေးငွေလုပ်ငန်းကိုလည်း ပီကင်းက တိုက်ရိုက် ညွှန်ကြားနေတယ်။ အစိုးရက နိုင်ငံခြားမှာ တိုးပြီးရင်းနှီးမြှုပ်နှံနေတာကြောင့် တရုတ်ဘဏ်တွေအပေါ်မှာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါ သြဇာလွှမ်းမိုးမှုရှိတယ်။

ပီကင်းရဲ့ငွေကြေးဆိုင်ရာအင်အားပြမှုကို ကမ္ဘာ့တောင်ပိုင်းမှာ အထင်ရှားဆုံးမြင်ရပါတယ်။ ဒီမှာ အရှေ့ တောင်အာရှနဲ့ ဗဟိုအာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ ကရစ်ဘီယန်ဒေသက အစိုးရတွေကို တရားဝင် ရော၊ တရားဝင်နီးပါးပါ ငွေထုတ်ချေးနေတာတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဆတိုးကိန်းနဲ့ တိုးတက်ခဲ့ တယ်။ တရုတ်တို့ရဲ့တရားဝင်ချေးငွေ တစတစတိုးပွားလာနေတဲ့ပမာဏအစုစုကို လျှို့ဝှက်လို့ ပိုင်းခြား သတ်မှတ်ထားနေပေမဲ့လည်း ထုလိုက်ထည်လိုက်ငွေချေးတာနဲ့ ပတ်သက်တဲ့ကြေညာချက်တွေကို ၁၉၉၀ စုနှစ်နှောင်းပိုင်းကစလို့ တောင်ပိုင်းဒေသနိုင်ငံတွေဆီ ထုတ်ချေးတာတွေမှာ အဓိကလူသိထင်ရှားဖော်ပြခဲ့ တယ်။

အာဖရိကကိုထုတ်ချေးတဲ့ တရုတ်နိုင်ငံခြားအကူအညီဟာ ကမ္ဘာ့ဘဏ်ကထုတ်ချေးတဲ့ တနှစ် ဒေါ်လာ ၂ ဘီလျံထက် ကျော်သွားပြီလို့ ပြောကြတယ်။ နောက်ပြီး ဒီအကူအညီဟာ ဒီတိုက်ကြီးပေါ်မှာ တရုတ်ပြည်က ထုတ်ချေးတဲ့ ချေးငွေရဲ့အပိုင်းတခုသာ ဖြစ်တယ်။ အာဖရိက၊ အာရှနဲ့ အမေရိကားနိုင်ငံတွေကိုပေးတဲ့ ချေးငွေတွေက လက်ခံတဲ့အစိုးရတွေနဲ့ ချစ်ကြည်ရင်းနှီးမှုအရ ပေးတာဖြစ်တယ်။ ဒါဟာ အနောက်တိုင်း အရင်းရှင်နိုင်ငံကြီးတွေ စိုးရိမ်ပူပန်နေသလိုပဲ ကာလရှည်ကြာကတည်းကရှိခဲ့တဲ့ ဖောက်သည်နိုင်ငံတွေ အတွက်တော့ ပြိုင်ဆိုင်မှုအသစ်တခုကို ရင်ဆိုင်နေရတာပဲ။ ၀ါရှင်တန်ကတော့ ဒီစာရင်းတွေထဲမှာ ထိပ်ဆုံးက ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက အန်ဂိုလာ၊ ၂၀၀၆ ခုနှစ်က ချဒ်နိုင်ငံတို့မှာ ပီကင်းက ပမာဏများလှတဲ့ ချေးငွေတွေ ဗြုန်း စားကြီးပေးခဲ့တယ်။ ဒီပမာဏဟာ IMF နဲ့ ကမ္ဘာ့ဘဏ်တို့နဲ့ စေ့စပ်ညှိနှိုင်းမှုအရ ဒီနိုင်ငံတွေကိုပေးတာနဲ့ ဆတူ လောက်ရှိတယ်။ ဒီချေးငွေတွေကြောင့် ငွေချေးငှားတဲ့နိုင်ငံ ၂ နိုင်ငံကို အစဉ်အလာအရ ငွေထုတ်ချေးနေသူ တွေ ဆုတ်ယုတ်သွားစေတာ၊ နောက်ပြီး သူတိုရဲ့ မူဝါဒသုံးသပ်ထောက်ခံမှုတွေကို လျစ်လျူရှုစေတာ စတာ တွေ ဖြစ်သွားပါတယ်။ အနောက်တိုင်းချေးငှားသူတွေနဲ့ မတူတာက တရုတ်တွေပေးတဲ့ငွေက တင်းကြပ်တဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ မပါတာပဲ။ ဒါပေမဲ့ ဒီမတိုင်ခင်က ဂျပန်လိုပဲ တရုတ်ရဲ့ အသစ်တည် ထောင်တဲ့ ဘဏ္ဍာရေးသြဇာကို သူ့ရဲ့ မြီစားနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက ကန့်သတ်ထားတယ်။

တရုတ်လိုမြီရှင်နိုင်ငံတွေက သူတို့ကိုယ်ပိုင်ငွေကိုတော့ ထုတ်မချေးဘူး။ ချေးငွေတွေကို ဒေါ်လာနဲ့သတ်မှတ် တာကြောင့် တရုတ်ကို ငွေလဲလှယ်နှုန်းမှာ အန္တရာယ်ရှိတဲ့နိုင်ငံလို့ ထုတ်ဖော်ပြောဆိုကြတယ်။ အကြွေးဟာ အနည်းနဲ့အများဆိုသလို ဒေါ်လာအတက်အကျနဲ့ တန်ဘိုးထပ်နေတယ်။ တရုတ်ပြည်က သူတို့ရဲ့ထုတ်ချေး ငွေကို ချေးငှားယူတဲ့နိုင်ငံတွေက ငွေကြေးနဲ့ ထုတ်ချေးတဲ့အချိန်ကစလို့ ဒီ အန္တရာယ်ဟာ ပိုလို့တောင်ကြီးလာ တယ်။ တိုင်းပြည်ရဲ့နိုင်ငံခြားရရန်ပိုင်ခွင့် အက်ဆက်တန်ဘိုးတွေရဲ့အများစုကို ယန်းငွေထက်စာရင် ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ ဂျပန်မှာ တန်ဘိုးတွေအားပျော့လာတဲ့ ၁၉၈၅ ခုနှစ် နဲ့ ၁၉၈၇ ခုနှစ်ကြားအချိန်ကာလက အမေရိကန်ဒေါ်လာ ထိုးကျသွားတဲ့အချိန်မှာ ဂျပန်က ဒါကို ခါးသီးတဲ့အတွေ့အကြုံအဖြစ် ကြုံဖူးထားတာဖြစ် တယ်။

တရုတ်ပြည်က အလားတူကံကြမ္မာနဲ့ ရင်ဆိုင်နေရတယ်။ သူ့ရဲ့နိုင်ငံခြားအရန်ငွေရဲ့ ၇၀% နဲ့ ၈၀% လောက် ဟာ ဒေါ်လာနဲ့ ဖြစ်တယ်။ ဒေါ်လာငွေတန်ဘိုး ၁၀% ကျသွားတိုင်းမှာ တရုပ်ရဲ့ ဦးပိုင်အရန်ငွေဆုံးရှုံးမှုဟာ တိုင်းပြည် GDP ရဲ့ ၃% နဲ့ ညီမျှတယ်။ မြီရှင်နိုင်ငံ တခုအနေနဲ့ တရုတ်ပြည်က ဒီလိုနည်းနဲ့ အမေရိကန် ဒေါ်လာကို ခုခံကာကွယ်ဖို့ အားကောင်းတဲ့မက်လုံးတွေ ရထားတာ ဖြစ်တယ်။ စီးပွားရေးအကျမှာ သူ့ငွေ တန်ဖိုးဆက်လက်အားကောင်းဖို့ ဘဏ်က ဘွန်းစာချုပ်တွေ ပိုပြီးတိုးလို့ ၀ယ်နေတာဖြစ်တယ်။

သူ့ရဲ့ဦးပိုင်နိုင်ငံခြားအရန်ငွေတွေအပြင် တရုပ်ဟာ သူ့ရဲ့စက်မှုယန္တရားတွေကို ဈေးပေါတဲ့ပို့ကုန်ပစ္စည်းတွေ ထုတ်လုပ်ရေးဘက်မှာ ပြောင်းပစ်လိုက်ပြီး ဆက်ထိန်းထားဖို့ ဒေါ်လာငွေရဲ့ကြံ့ခိုင်မှုအပေါ်မှာ မှီခိုနေတာဖြစ် တယ်။ ကြံ့ခိုင်တဲ့ ဒေါ်လာကိုင်ထားတဲ့ အမေရိကန် ပြည်ထောင်စုက စားသုံးသူတွေက ဒီတရုပ်ပစ္စည်းတွေကို ပိုပြီးဝယ်သုံးနိုင်ကြတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စီးပွားရေးတိုးတက်မှုနှုန်းက ၈% လောက်ရှိတာကြောင့် ဒီဝယ်လိုအားက တိုင်းပြည်စီးပွားရေးကို ဆက်လက်ဖွံ့ဖြိုးစေတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဘဏ္ဍာရေး အကြပ်အတည်းပြင်ဆင်လို့မပြီးမချင်း စီးပွားရေးတိုးတက်မှုက အကျဘက်ကို ဦးတည်နေအုန်းမှာပဲဖြစ်ပါ တယ်။ အဲဒီဝယ်လိုအားကျဆင်းမှုက ဒေါ်လာကို ဆက်လက်ထိန်းထားဖို့နဲ့ သူ့ရဲ့ကုန်သွယ်ရေးကို အကျဘက် ကနေ အတက်ဘက်ကိုရောက်လိုတဲ့ တရုပ်ပြည်ရဲ့ဆန္ဒတွေသာ တိုးပွားလာမှာဖြစ်ပါတယ်။

ဒေါ်လာအခြေခံတဲ့စနစ်ကို ဆက်လက်ထိန်းသိမ်းထားရတဲ့ ကုန်ကျစရိတ်ပြဿနာ ပီကင်းမှာ စလာနေပြီဆို တာ အံ့အားသင့်စရာ မဟုတ်ပါဘူး။ တချို့တရုတ်သုတေသီတွေက တရုတ်ပြည်ဟာ သူ့ငွေကြေးဖြစ်တဲ့ ရင်မင်ဘီရဲ့ အခန်းကဏ္ဍကို အမေရိကန်ငွေကြေးနေရာမှာ အစားထိုးတဲ့ နိုင်ငံတကာသုံး အခြားငွေကြေးတခု အဖြစ် တိုးမြှင့်ဖို့တောင်မှ စဉ်းစားသင့်ပြီလို့ အကြံပြုကြတယ်။ တကယ်တော့ ဒီအကြံပြုချက်ဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေရာကနေ ဒီရွေးလမ်းကို လိုက်စေတဲ့ တရုတ်ပြည်ရဲ့တင်းကြပ်တဲ့ ငွေ ကြေးဆိုင်ရာ ထိန်းချုပ်မှုဖြစ်တယ်။ ဒီထိန်းချုပ်မှုက လုံခြုံစိတ်ချရတဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးမရှိတာ နဲ့ စိတ်ချယုံကြည်ရတဲ့ ဥပဒေဖွဲ့စည်းမှု အဆောက်အအုံတွေ မရှိတာက နိုင်ငံခြားသားတွေ တရုတ် ရင်မင်ဘီ ငွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့အတွက် အားမပေးသလို ဖြစ်နေတယ်။

အလားတူပဲ ဒေါ်လာဗဟိုပြုမှုနဲ့ အမေရိကန်ဘဏ္ဍာရေးဈေးကွက် တည်တံ့ခိုင်မာမှုကို စိန်ခေါ်နိုင်ဖို့အတွက် တရုတ်ပြည်ရဲ့အရင်းအနှီး ထိန်းချုပ်မှုနဲ့ ပြည်တွင်းဘဏ္ဍာရေး ဈေးကွက်ကန့်သတ်မှုတွေက တရုတ်ဘဏ္ဍာ ရေးစနစ်ကို တားမြစ်ထားပါသေးတယ်။

တရုတ်ပြည်ရဲ့အလားအလာဟာ စက်မှုပိုင်းမှာ ဦးဆောင်နေသူအဖြစ်နဲ့ မုချပဲ ရှေ့ကိုရောက်နေပါတယ်၊ တချိန်တည်းမှာလည်း ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအင်အားကြီးနိုင်ငံတခုအဖြစ် ပေါ်ထွက်လာဖို့စွမ်းရည်က လည်း အလားအလာ ရှိနေတုန်းပါပဲ။ ဒါကြောင့် အခုဆို အပြန်အလှန် မှီခိုနေရတယ်ဆိုတာဟာ သိပ်ကို မလွယ်ပါဘူး။ အမေရိကန်ပြည်ထောင်စုက တရုတ်ကိုလိုအပ်သလို၊ တရုတ်ကလည်း အမေရိကန် ပြည် ထောင်စုကို လိုအပ်ပါတယ်။

တရုတ်ပြည်ရဲ့ နိုင်ငံတကာမှာရရှိလာတဲ့ သြဇာအာဏာသစ်ဟာ သူ့ရဲ့ပို့ကုန်အရည်အသွေးနဲ့ မြီရှင်အနေ အထား ရောက်ရှိမှုကနေ အကြီးအကျယ်ဖွံ့ဖြိုးလာတာ အခုထိပဲ။ တရုတ်ပြည်မြီစားနိုင်ငံဖြစ်လာတဲ့အချိန် ၂၀၀၃ ခုနှစ်ကစလို့ အဲဒီအနေအထားဟာ သန်မာတောင့်တင်းပြီး ကြီးထွားလာတယ်။ ဒါပေမဲ့ တကယ်လို့ လက်ရှိ တကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြပ်အတည်း အဆိုးဆုံးထိဖြစ်လာလို့ရှိရင်၊ တရုတ်ပို့ကုန်တွေ ပိုပြီး နှေးကွေးသွားမယ်ဆိုရင် နောက်ပြီး တရုတ်ပြည်ဟာ တခြားကမ္ဘာ့နိုင်ငံတွေနဲ့ အတူတူ ရှည်ကြာတဲ့စီးပွားရေး ကျဆင်းမှုထဲ ကျဆင်းသွားမယ်ဆိုရင်တော့ အဲဒီအချိန်ကစလို့ ကမ္ဘာကမြင်တွေ့ခဲ့ရတဲ့ တရုတ်ရဲ့နိုင်ငံတကာ ချေးငွေ တဟုန်ထိုးတိုးပွားလာမှုဟာ ဆက်လက်ဖြစ်ပေါ်ဖို့ဆိုတာ မသေချာတော့ပါဘူး။

ဒါ့အပြင် တရုတ်ပြည်ရဲ့ဘဏ္ဍာရေးသြဇာ ဆက်လက်တိုးပွားဖို့အတွက် တရုတ်ပေါ်လစီရေးဆွဲသူတွေဟာ နိုင်ငံတကာအစီအစဉ်သစ်တွေ တည်ဆောက်ရေးလုပ်ငန်းတွေမှာ လုံ့လပိုစိုက်ပြီးဆောင်ရွက်ဖို့လိုလိ့မ်မယ်၊ ဒါမှ သူ့ရဲ့မြီစားနိုင်ငံအဆင့်ကို နိုင်ငံတကာမှာ အမြဲတန်း ထိန်းထားနိုင်မယ့် အနေအထားအဆင့်ထိ ပြောင်း ပစ်နိုင်မှာဖြစ်တယ်။ အခုထိတော့ တရုတ်ပြည်ဟာ ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာပိသုကာဖြစ်ရေးဆိုတဲ့ အံ့ဖွယ် အပြောင်းအလဲတွေဖြစ်ဖို့အတွက် ဆွဲဆောင်ဖို့ စိတ်ပါဝင်စားပုံမပေါ်ဘူး။ ဒီအစား တရုတ်ခေါင်းဆောင်မှုက စနစ်ကို အတူတကွထိန်းသိမ်းရေးဆိုတဲ့ အဆိုပြုချက်ကို ထောက်ခံပြီး ပိုပြီးတော့တောင်သတိကြီးကြီးထားပြီး လှမ်းနေပါတယ်။ ဒီလို သတိထား ချဉ်းကပ်နေတာဟာ တရုတ်ခေါင်းဆောင်တွေ နှစ်ပေါင်း ၃၀ ကျော်ကြာ စိုက်ပျိုးခဲ့တဲ့ တစတစပြုပြင်ပြောင်းလဲရေးဆိုတာကို ပြဆိုတာပဲ ဖြစ်တယ်။

ဒါဟာ တရုတ်ပြည်အတွင်းအပြင်နှစ်နေရာလုံးမှာ ပြုပြင်ပြောင်းလဲဖို့လုပ်တဲ့ ပီကင်းရဲ့ချဉ်းကပ်မှုဖြစ်ဖို့များ တယ်။ အဲဒီအချိန်က တရုတ် ပြည်ထမ်းဆောင်ရမယ့်တာဝန်တွေဟာ ကြီးလေးလှပါတယ်။ ဆိုးဝါးလာနေတဲ့ ကမ္ဘာ့ဘဏ္ဍာရေးအခြေနေတွေကြားမှာ တရုတ်ပြည်ရဲ့ ပြည်တွင်းဘဏ္ဍာရေးစနစ်တည်ငြိမ်ရေးကို ထိန်းသိမ်း ဖို့ တရုတ်ခေါင်းဆောင်တွေအနေနဲ့ လိုအပ်ပါလိမ့်မယ်၊ အခြေအနေခွင့်ပြုသလောက် ပြည်တွင်းပြုပြင် ပြောင်းလဲရေးကို ဂရုတစိုက်ရှေ့တွန်းတင်တာ၊ သူ့ရဲ့နိုင်ငံတကာဘဏ္ဍာရေးအင်အားကို ဖြေးဖြေးချင်း တည် ဆောက်တာ၊ ထောက်ကူဖို့လိုအပ်တဲ့နေရာတွေမှာ ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို အကြံပြု တာနဲ့ ရထားတဲ့အကျိုးအမြတ်တွေကို ကျစ်လစ်ခိုင်မာအောင်လုပ်တာ၊ ဖြစ်လာနိုင်တဲ့အဆိုးတွေ အမျိုးမျိုး ခွဲခြားပစ်ဖို့နဲ့ ရွေးစရာတွေ ကန့်သတ်တားဆီးခွင့်ပြုဖို့အတွက် ကမ္ဘာ့ဒေသအသီးသီးမှာလုပ်နေတဲ့ တခြားအစီ အစဉ်တွေကို တဖြည်းဖြည်းချင်းနဲ့ ဂရုတစိုက်အားပေးတာ၊ နိုင်ငံတကာဘဏ္ဍာရေးစနစ်ထဲမှာ ရုတ်တရက် ပေါက်ကွဲမှုကိုရှောင်ကြဉ်တာ စတာတွေလည်း လုပ်ဖို့လိုအပ်နေအုန်းမှာပါ။

လုပ်စရာတွေပြုစုထားတဲ့ စာရင်းကတော့အရှည်ကြီးပဲ။ ဒါပေမဲ့ ပီကင်းက ဒါတွေအားလုံး ပြီးအောင် လုပ်နိုင် တယ်ဆိုရင်တော့၊ နောက်ပြီး တရုတ်ရဲ့မြီရှင်အနေအထားဟာ ကြာရှည်မြဲတယ်ဆိုရင်တော့ တရုတ်ပြည်ဟာ မုချပဲ ပိုပြီးအင်အားကြီးတဲ့နိုင်ငံတနိုင်ငံ ဖြစ်လာမှာပါ။ လုပ်စရာတွေကတော့ နေရာတကာမှာ တပုံတပင်ကြီး ပါပဲ။

(ဂရက်ဂိုရီချင်းဟာ ယော့တက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘာသာ လက်ထောက်ပါမောက္ခတဦးဖြစ်ပြီး၊ အပြည် ပြည်ဆိုင်ရာအုပ်ချုပ်မှု ဆန်းသစ်ပြောင်းလဲရေးဗဟိုဌာန (၀ါးတားလူး) က အကြီးတန်းအဖွဲ့ဝင်ဖြစ်ပါတယ်။

အဲရစ်ဟဲလိန်နာကတော့ ဘာစီးလီးနိုင်ငံတကာရေးရာကျောင်းက အပြည်ပြည်ဆိုင်ရာအုပ်ချုပ်မှု ဆန်းသစ် ပြောင်းလဲရေးဗဟိုဌာနရဲ့ ဥက္ကဋ္ဌနဲ့ ၀ါးတားလူးတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပါမောက္ခ ဖြစ်ပါတယ်။)



(ရည်ညွှန်း။ Calling China's Bluff By Gregory Chin, Eric Helleiner: Posted January 2009)

REF: နေ့သစ်

Read More...

Thursday, January 22, 2009

အိန္ဒိယက နာဆာလိုက်တွေအကြောင်း တစေ့တစောင်း - ရှင်ဒိသာ

Monday, January 19, 2009

နာဆာလိုက် (သို့မဟုတ်) နာဆာဝါဒဆိုတာ အကြမ်းဖက်တော်လှန်တဲ့ပင်ရင်းစွဲ ကွန်မြူနစ်အုပ်စုတွေကို တရားမ၀င်ခေါ်တဲ့ အမည်ပါ။ အိန္ဒိယကွန်မြူနစ်လှုပ်ရှားမှုအတွင်းမှာ တရုတ်-ဆိုဗီယက် အကွဲအပြဲကနေ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ အတွေးအခေါ်အရ သူတို့ဟာ တူရူချက်အမျိုးမျိုးရှိတဲ့ မော်ဝါဒ လက်ခံသူတွေ ပါ။ ကနဦးတုန်းက ဒီလှုပ်ရှားမှုရဲ့ ဗဟိုချက်မက အနောက်ဘင်္ဂလားနယ်မှာပါ။ မကြာသေးခင် နှစ်အတွင်းက အိန္ဒိယကွန်မြူနစ်ပါတီ (မော်ဝါဒီ) လို မြေအောက်အဖွဲ့တွေကတဆင့် ချာတီဂါနဲ့ အန်ဒရာပရာဒက်ရှ် စတဲ့ အိန္ဒိယအလယ်ပိုင်းနဲ့ အရှေ့ပိုင်းကနေ ဖွံဖြိုးမှုနိမ့်တဲ့ ကျေးလက်ဒေသတွေအထိ ပျံ့နှံ့ခဲ့ပါတယ်။ CPI (Maoist) နဲ့ တခြားနာဆာလိုက်ဂိုဏ်းတချို့ကို အိန္ဒိယအစိုးရနဲ့ပြည်နယ်အစိုးရအချို့က အကြမ်းဖက်သမား တွေလို့ ယူဆထားကြတယ်။

သမိုင်း

နာဆာလိုက် ဆိုတဲ့အခေါ်က အနောက်ဘင်္ဂလားနယ်က ရွားလေးတရွာဖြစ်တဲ့ နာဆာဘာရီက ဆင်းသက် လာတာပါ။ အဲဒီ ရွာကလေးမှာ ၁၉၆၇ ခုနှစ်တုန်းက ချာရုနဲ့ ကနုခေါင်းဆောင်တဲ့ အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ) ရဲ့ ဂိုဏ်းတခုက အကြမ်းဖက်ပုန်ကန်ထကြွမှုတခုကို ဦးဆောင်လှုပ်ရှားခဲ့တယ်။ CPI (M) ရဲ့ တရားဝင်ခေါင်းဆောင်မှုကို အတိုက်အခံအပြုတဲ့ တော်လှန်ရေးအတိုက်အခံ လှုပ်ရှားမှုတခုအဖြစ် ဖွံ့ဖြိုးလာ တဲ့ကြိုးပမ်းမှုတခု ဖြစ်ပါတယ်။ ဒီအချိန်က ဒေသခံအာဏာပိုင်တွေက လူမျိုးစုတွေကို မြေယာကိစ္စနဲ့ ပတ်သက်ပြီး တိုက်ခိုက်နေတဲ့အချိန်၊ ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်က နာဆာလိုက်ရွာကလေးမှာ ဒီပုန်ကန် ထကြွမှုကို စတင်ခဲ့ပါတယ်။ လူမျိုးစုတွေက အတိုက်အခံမြေရှင်တွေကို တိုက်ခိုက်ခဲ့ပြီး တစတစအကြမ်းဖက် မှုတွေ ဖြစ်ပွားလာပါတယ်။

မဂျမ်ဒါဟာ တရုတ်ပြည်ကမော်စီတုန်းကို တကယ့်ကိုနှစ်သက်လေးစားသူဖြစ်ပြီး၊ အိန္ဒိယလယ်သမားတွေနဲ့ အောက်တန်းလွှာ လူတန်းစားတွေဟာ မော်စီတုန်းခြေရာအတိုင်းနင်းပြီး အစိုးရကို ဖယ်ရှားပစ်ရမယ်။ အထက်တန်းလွှာတွေဟာ ဒီဆိုးဝါးတဲ့အခြေအအနေတွေအတွက် တာဝန်ရှိတယ်လို့ ထောက်ခံပြောဆိုပါ တယ်။ သူ့ရဲ့အရေးအသားတွေကတဆင့် နာဆာလိုက်လှုပ်ရှားမှုကို ပေါက်ဖွားစေပါတယ်။ ဒီအထဲမှာ အကျော်ကြားဆုံးကတော့ နာဆာလိုက်အတွေးအခေါ် အခြေခံတွေကို ထုတ်ဖော်ထာားတဲ့ “သမိုင်းဝင် မှတ်တမ်း ၈ ချက်” ဆိုတဲ့ စာတမ်း ဖြစ်ပါတယ်။ ၁၉၆၇ခုနှစ်မှာ နာဆာလိုက်တွေဟာ “ကွန်မြူနစ် တော်လှန် ရေးသမားများ၏ အိန္ဒိယတိုက်လုံးဆိုင်ရာ ညှိနှိုင်းရေးကော်မတီ (AICCCR)” ကို ဖွဲ့စည်းခဲ့တယ်။ နောက်ပိုင်း မှာ CPI (M) ကနေ ခွဲထွက်သွားပါတယ်။ တိုင်းပြည်နေရာအချို့မှာ ပုန်ကန်ထကြွမှုတွေ စည်းရုံးလုပ်ဆောင်ခဲ့ ပါတယ်။ ၁၉၆၉ခုနှစ်မှာ AICCCR ကနေ အိန္ဒိယကွန်မြူနစ်ပါတီ (မာ့စ်ဝါဒီ-လီနင်ဝါဒီ) ကို မွေးဖွားပေးခဲ့ပါ တယ်။

လက်တွေ့မှာ နာဆာလိုက်အုပ်စုအားလုံးရဲ့မူလဇစ်မြစ်ဟာ CPI (ML) က လာကြတာပါ။ အစကတည်းက သီးခြားလမ်းကြောင်းရှိတဲ့အဖွဲ့ကတော့ မော်ဝါဒီကွန်မြူနစ်ဗဟို (MCC) အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဒက်ရှင် ဒက်ရှ်အုပ်စုက တဖြည်းဖြည်း ပြောင်းလဲဖွဲ့တည်လာတာ ဖြစ်တယ်။ နောက်ပိုင်းမှာ MCC အဖွဲ့ဟာ ပြည်သူ့စစ် အဖွဲ့ (PWG) နဲ့ပေါင်းပြီး အိန္ဒိကွန်မြူနစ်ပါတီ (မော်ဝါဒီ) အဖွဲ့ကို ထူထောင်လိုက်ပါတယ်။

တတိယလမ်းကြောင်းက အန်ဒရာဒေသက တော်လှန်တဲ့ကွန်မြူနစ်တွေရဲ့ လမ်းကြောင်းဖြစ်တယ်။ အဓိက UCCRI (ML) က တင်ပြခဲ့တာ ဖြစ်ပြီး တီနာဂီရက်ဒီရဲ့အမွေဖြစ်တဲ့ လူထုလမ်းစဉ်ပါပဲ။ ဒီတိမ်းညွန်မှုက အစောပိုင်းကတည်းက AICCCR ကနေ ခွဲထွက်လာခဲ့တာပါ။ ၁၉၇၀ စုနှစ်တွေမှာ ဒီလှုပ်ရှားမှုဟာ အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ ၁၉၈၀ ထိ လှုပ်ရှားနေတဲ့ နာဆာလိုက်အုပ်စု ၃၀ လောက် ရှိတယ်လို့ ခန့်မှန်းရတယ်။ စုစုပေါင်းလိုက်ရင် အဖွဲ့သား ၃၀,၀၀၀ လောက်ရှိမယ်။ ၂၀၀၄ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက် အရဆိုရင် အဲဒီအချိန်က နာဆာလိုက် မြေအောက်အမာခံ ကေဒါစုစုပေါင်း ၉,၃၀၀ လောက်ရှိပြီး၊ လိုင်စင်မဲ့ လုပ်သေနတ်ကိုင်သူ အများအပြားအပြင် အမြဲတန်းလက်နက်ကိုင် ၆၅၀၀ လောက်ရှိမယ်လို့ ဆိုတယ်။

၂၀၀၆ ခုနှစ်က ဂျူဒစ်ဗီဒယ်လ်ဟော အဆိုအရ မကြာသေးမီကလေးတင်က စာရင်းတွေအရ နာဆာလိုက် အင်အား ၁၅,၀၀၀ ဟာ နိုင်ငံတ၀ှမ်းမှာရှိတဲ့ အုပ်ချုပ်ရေး ခရိုင်ပေါင်း ၆၀၄ ထဲက ခရိုင် ၁၆၀ လောက်မှာ လှုပ်ရှားထကြွနေပြီး အိန္ဒိယသစ်တောအားလုံးရဲ့ ငါးပုံတပုံကို ထိမ်းချုပ်ထားတယ်။ ကနေ့ဆို အိန္ဒိယ လွတ် မြောက်ရေးကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ-လီနင်ဝါဒီ) လို တချို့အုပ်စုတွေဟာ ပါလီမန်ရွေးကောက်ပွဲတွေမှာ ပါဝင်နေတဲ့ တရားဝင်အဖွဲ့အစည်းတွေ ဖြစ်လာတယ်။ အိန္ဒိယကွန်မြူနစ်ပါတီ(မော်ဝါဒီ)နဲ့ အိန္ဒိယကွန်မြူနစ် ပါတီ (မာ့က်စ်ဝါဒီ-လီနင်ဝါဒီ)ဂျနာရှက်တီ လို အခြားအဖွဲ့တွေကတော့ လက်နက်ကိုင်ပြောက်ကျားတိုက်ပွဲ တွေ ဆင်နွှဲနေကြတယ်။



ဘင်္ဂလားပြည်နယ်သောင်းကျန်းထကြွမှု

နာဆာလိုက်တွေဟာ ကာလ်ကတ္တားကျောင်းသားလှုပ်ရှားမှုထဲက အခြေခံအပြောင်းအလဲလိုလားတဲ့ အုပ်စု တွေကြားမှာ အားကောင်းမောင်းသန် ထောက်ခံမှုရနေတယ်။ ကျောင်းသားအမျာစုဟာ ကျောင်းကထွက်ပြီး တော်လှန်ရေးလှုပ်ရှားမှုထဲကို ၀င်ရောက်ပူးပေါင်းလာကြတယ်။ မဂျမ်ဒါက CPI (ML) ရဲ့နည်းပရိယာယ်ကို အခြေအနေနဲ့အညီ ပြောင်းလိုက်တယ်။ တော်လှန်စစ်တွေကို ကျေးလက်မှာသာမက နေရာတိုင်းမှာ သဘာဝ ကျကျလှုပ်ရှားဖို့ ထုတ်ဖော်ကြေညာလိုက်တယ်။ ဒါဟာ အလုံးစုံ သုတ်သင်ချေမှုန်းရေလမ်းစဉ် ဖြစ်တယ်။ ဘာလို့လဲဆိုတော့ မြေရှင်တွေကိုသာမက တက္ကသိုလ်ကျောင်းဆရာ-ဆရာမတွေ၊ ပုလိပ်အရာရှိတွေ၊ နိုင်ငံရေးသမားတွေ စတဲ့သူတွေကို ဆန့်ကျင်တာဟာလည်း တော်လှန်စစ်ရဲ့တစိတ်တပိုင်းကို လက်တွေ့ ကျင့်သုံးတာဖြစ်တာကြောင့် တော်လှန်ရေးသမားတွေဟာ တဦးချင်း လူတန်းစားရန်သူတွေကို လုပ်ကြံ သတ်ဖြတ်ရမယ်လို့ ဆိုတယ်။

ကာလ်ကတ္တားပြည်နယ်တခုလုံးမှာရှိတဲ့ ကျောင်းတွေ ပိတ်ပစ်တယ်။ နာဆာလိုက်ကျောင်းသားတွေက ဂျဒဗ် ပူရ တက္ကသိုလ်ကိုသိမ်းပြီး ပုလိပ်တွေကို တိုက်ခိုက်ဖို့ ပိုက်သေနတ်တွေလုပ်ဖို့ အလုပ်ရုံတွေအဖြစ် အသုံးပြုခဲ့ တယ်။ ကာလ်ကတ္တားမှာရှိတဲ့ သမတကောလိပ်က သူတို့ဌာနချုပ် ဖြစ်လာတယ်။ ဂျဒဗ်ပူရတက္ကသိုလ် ရဲ့ဒုတိယကျောင်းအုပ်ဖြစ်တဲ့ ဒေါက်တာဂိုပါလ်ဆင်းကို လုပ်ကြံတာလည်း သူတို့ပဲလို့ အထင်ခံရတယ်။

မကြာမီမှာပဲ တဦးချင်းအကြမ်းဖက်မှုမဟာဗျူဟာကနေ တန်ပြန်အကျိုးသက်ရောက်မှုတွေ ပေါ်ထွက်လာ တယ်။ အဆုံးမတော့ ပြည်နယ် ၀န်ကြီးချုပ်ဆစ်ဒါးသာရေးက နာဆာလိုက်တွေအပေါ် ရက်စက်ကြမ်းတမ်းတဲ့ တန်ပြန်ဆောင်ရွက်မှုတွေ ဖွဲ့စည်းလုပ်ဆောင်လာခဲ့တော့တာပါပဲ။ ပုလိပ်တွေက နာဆာလိုက်တွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတော်များများကျူးလွန်ခဲ့တယ်။ ဘာမှမမေးမမြန်းဘဲ ဖမ်းတယ်။ နှိပ်စက် တယ်။ ပစ်သတ်တယ်။ လအတော်ကြာထိ နာဆာလိုက်ပုန်ကန်ထကြွမှုဟာ ရပ်သွားတယ်။ ပုလိပ်နဲ့ ပြည်နယ် အစိုးရရဲ့အမြင်မှာ နာဆာလိုက်တွ နားလည်မယ့် ဘာသာစကားကတော့ အကြမ်းဖက်သတ်ပြမှ ရမယ်ဆိုတဲ့ စကားတလုံးပဲရှိတယ်တဲ့။ ပြည်နယ်က ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်ကို တိုက်နေတာ ထိရောက်မှုရှိသလား ဆိုတာနဲ့၊ စစ်ပွဲမှာ အထူးသဖြင့် အတိုက်အခံက ဒီမိုကရေစီနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ စံနှုန်းဘောင်ထဲက မတိုက်ခိုက်တဲ့အခါမှာ ဒီမိုကရေစီစကားတွေ ပြောနေစရာမလိုဘူး စတာ စတာတွေလည်း ငြင်းခုံနေကြ တယ်။ ဒီပုန်ကန်ထကြွမှုက တော်လှန်တဲ့ မော်ဝါဒီတွေရဲ့ပုံရိပ်ကို မှေးမှိန်သွားစေခဲ့ပြီး သူတို့အပေါ် ထောက်ခံ မှုလည်း ဆုတ်ယုတ်သွားတယ်။

ဒါ့ပြင် အတွင်းပိုင်းအငြင်းပွားမှုတွေကြောင့် ဒီလှုပ်ရှားမှုဟာ သီးခြားကွဲထွက်ကုန်ကြတယ်။ အဓိကအုပ်စုကြီး က မဂျမ်ဒါရဲ့ တိုက်ပွဲလမ်းစဉ်ကို မေးခွန်းထုတ်လာခဲ့ကြတယ်။ ၁၉၇၁ ခုနှစ်မှာ ဆာ့ယာနာရယန်ဆင်းက မဂျမ်ဒါရဲ့ ခေါင်းဆောင်မှုကို တော်လှန်ပုန်ကန်ခဲ့တာကြောင့် CPI (ML) ဟာ ၂ ခြမ်းကွဲထွက်သွားတယ်။ ၁၉၇၂ ခုနှစ်မှာ မဂျမ်ဒါ အဖမ်းခံရပြီး ပုလိပ်တွေက ညှင်းပမ်းနှိပ်စက်ပြီး သတ်ပစ်လိုက်တယ်။ သူသေပြီး နောက်ပိုင်းမှာ လှုပ်ရှားမှုဟာ အစိတ်စိတ်အမွှာမွှာ ပိုဖြစ်ကုန်တယ်။



မကြာသေးခင်က လှုပ်ရှားမှုတွေ

ပြီးခဲ့တဲ့နှစ်အနည်းငယ်က နာဆာလိုက်တွေရဲ့သြဇာလွှမ်းမိုးမှုဟာ ပြည်နယ် ၁၂ ခုမှာ၊ ၇၆ ခရိုင်ကနေ ၁၁၈ ခရိုင်အထိ ပျံ့နှံ့လာခဲ့တယ်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ထင်ရှားတဲ့ နာဆာလိုက်အုပ်စု ၂ခု ဖြစ်တဲ့ အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ-လီနင်ဝါဒီ) ပြည်သူ့စစ်ပွဲ (CPI (ML) -PWG)) အုပ်စုနဲ့ အိန္ဒိယ မော်ဝါဒီ ကွန်မြူနစ်ဗဟို (MCCI) အုပ်စုတို့ ပူးပေါင်းလိုက်ကြပြီး အိန္ဒိယကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကို ဖွဲ့စည်း ခဲ့ကြတယ်။

နာဆာလိုက်အများအပြားဟာ တမီလ်အီလမ်လွတ်မြောက်ရေးကျားအဖွဲ့လို အုပ်စုတွေနဲ့ အဆက်အသွယ် လုပ်ပြီး သူတို့နဲ့ လက်နက်ကုန်ကူးတဲ့ လုပ်ငန်းတွေလုပ်ဖို့ ကြိုးစားနေကြတယ်လို့ သုတေသနနဲ့ အကဲဖြတ် အုပ်စုတွေက စွပ်စွဲကြတယ်။ ဘာရာတီရာဂျနာတာပါတီခေါင်းဆောင် ရာနတ်ဆင်းကလည်း နာဆာလိုက် တွေနဲ့ ပါကစ္စတန်ထောက်လှမ်းရေးတွေ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲတယ်။ အန်ဒရာ ပရာဒက်ရှ်ဒေသ မှာ CPI (Maoist) တွေကို တားမြစ်ထားတယ်။ သူတို့ကို နာဆာလိုက်ဆန့်ကျင်ရေး ပါလီမန်အုပ်စုတွေက လည်း တိုက်ခိုက်ကြတယ်။ ချာတီဂါးပြည်နယ်မှာ တက်တက်ကြွကြွနဲ့ လုပ်နေတဲ့ ဒီအုပ်စုထဲက တခုကတော့ ဆာလ်ဝါဂျူဒမ်အဖွဲ့ပါပဲ။

နိပေါ၊ ဘီဟာ၊ ဂျာခမ်ကနေ ချာတီဂါးပြည်နယ်က ဘတ်စ်တာခရိုင်ကိုဖြတ်ပြီး အန်ဒရာပရာဒက်ရှ်ထိ ကျယ်ပြန့်တဲ့ ကျစ်လစ်စုစည်းတဲ့ တော်လှန်ရေးဇုံ (Compact Revolutionary Zone-CRZ) တခုထူထောင်ဖို့ စီမံကိန်းတခုရှိတယ် ဆိုတဲ့အချက်ကို စိုးရိမ်ပူပန်နေကြတယ်။ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘီဟာက ကျစ်လစ်ခိုင်မာတဲ့စုစည်းမှုက CRZ အောင်မြင်မှုရဲ့ အခရာသော့ချက်ဖြစ်တယ်။ အိန္ဒိယနဲ့ နိပေါနိုင်ငံမှာရှိတဲ့ သူတို့လွှမ်းမိုးတဲ့ဒေသတွေအကြား ဆက်သွယ်ပေါင်းကူးပေးမယ့် စင်္ကြန်လမ်းမကြီးတခုအဖြစ် အနောက် ဘင်္ဂလားဒေသကို အသုံးပြုဖို့ နာဆာလိုက်တွေက စီမံထားတယ်။

၂၀၀၇ ခုနှစ်မှာ နာဆာလိုက်တွေဟာ သူတို့ရဲ့ပုန်ကန်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတယ်။ အခုအခါ အိန္ဒိယမှာရှိတဲ့ ပြည်နယ်တ၀က်မှာ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ တက်တက်ကြွကြွ လှုပ်ရှား တိုက်ခိုက်ကြတယ်။ ဒါတွေကတော့ စက်မှုလုပ်ငန်းကြီးတွေကို ဆွဲဆောင်ဖို့အတွက် အထူးစီးပွားရေးဇုံတွေ ဖန်တီးဖို့ အိန္ဒိယအရှေ့ပိုင်းမှာရှိတဲ့ လယ်သမားတွေရဲ့လယ်မြေတွေကို အစုလိုက်ပြုံလိုက်သိမ်းပိုက်တဲ့ အစိုးရ ရဲ့စီမံကိန်းကို တုံ့ပြန်တဲ့ လယ်သမားတွေရဲ့ ပုန်ကန်မှုကိုအားပေးဖို့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။ အခု တော့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကိုယ်တိုင်က နာဆာလိုက်တွေရဲ့လှုပ်ရှားမှုဟာ လွတ်လပ်ရေး ရပြီးချိန်ကစလို့ အိန္ဒိရဲ့ပြည်တွင်းလုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်လာနေပြီလို့ ထုတ်ဖော်ပြောဆိုလာရ ပါတယ်။

၂၀၀၇ ခု၊ မတ်လ ၅ ရက်နေ့က ပြည်နယ်မြို့တော် ရန်ချီရဲ့အရှေ့ဘက် ၊ ကီလိုမီတာ ၁၆၀လောက်ဝေးတဲ့ ကီရှန်ပူရအနီး ဟိုလီမြို့ကလေးမှာ ကျင်းပတဲ့ ဟိန္ဒူပွဲတော်တခုမှာ ဘောလုံးပွဲကြည့်နေစဉ်မှာ လွှတ်တော် အမတ်တဦးကို နာဆာလိုက်သူပုန်တွေက ပစ်သတ်ခဲ့ပါတယ်။ နာဆာလိုက်ခေါင်းဆောင်တွေကတော့ ဒီကိစ္စ အတွက် သူတို့မှာ တာဝန်မရှိဘူးလို့ ငြင်းဆိုပါတယ်။ ၂၀၀၇ ခု၊ မတ်လ ၁၅ ရက်က ရာဒီဘော့ဒ်လီရွာမှာရှိတဲ့ ပုလိပ်ကင်းစခန်းတခုကို နာဆာလိုက် သူပုန်တွေ ၀င်တိုက်တာ ပုလိပ် ၄၉ ယောက် ကြွသွားပါတယ်။ သေဆုံး သူတွေထဲမှာ ချာတီဂါးပြည်နယ်လက်နက်ကိုင် တပ်ဖွဲ့က လူ ၁၅ ယောက်နဲ့ အထူးပုလိပ်အရာရှိ ၃၄ ယောက်ပါဝင်ပါတယ်။ နောက်ထပ် ၁၂ ယောက်လောက်လည်း ဒဏ်ရာရသွားပါတယ်။ ဒီတိုက်ပွဲဖြစ်နေစဉ်မှာ အစိုးရဘက်က အရာရှိ ၂၃ ယောက်နဲ့ အထူးပုလိပ်အရာရှိ ၅၅ ယောက် စခန်းထဲမှာ ရှိနေတာပါ။

၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်မှာ ချာတီဂါးပြည်နယ်၊ နာရာရမ်ပူရခရိုင်မှာ ဗဟိုအရံရဲတပ်ဖွဲ့က ရဲစစ်ဆေး ရေး အရာရှိတဦးအပါအ၀င် ရဲဝန်ထမ်း ၆ ဦး မိုင်းထိပြီး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တုန်းကလည်း ချာတီဂါပြည်နယ်၊ ဘီဂျာပူရခရိုင်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားလို့ ဗဟိုအရံရဲတပ်ဖွဲ့က တပ်သား ၁၂ ဦး ကျဆုံးပြန်ပါတယ်။ ဒီလို နာဆာလိုက်တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် ပြည်ထောင်စုအစိုးရက နာဆာလိုက်နှိမ်နှင်းရေး ရဲတပ်ရင်းတပ်ဖွဲ့တွေကို အင်အား ၁၀,၀၀၀ ထိ တိုးမြှင့် လိုက်တယ်လို့ အတည်ပြုပြောဆိုပါတယ်။ ၀န်ကြီးချုပ်က ဥက္ကဌလုပ်တဲ့ ကက်ဘိနက်လုံခြုံရေးကော်မတီက လည်း ဗဟိုရဲအရံတပ်ဖွဲ့ရဲ့အမိန့်နဲ့ ထိန်းချုပ်မှုအောက်မှာ မြွေဟောက်စစ်ဆင်ရေးလုပ်ဖို့ ခေါင်းညိမ့်လိုက်ပါ တယ်။

ဒီနှစ်အတွင်းမှာလည်း နာဆာလိုက်တွေက တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာလို့ ပြီးခဲ့တဲ့လအတွင်းက ပဲ အန်ဒရာပရာဒက်ရှ် ပြည်နယ်က ”အမဲလိုက်ခွေးညိုကြီးတွေ” လို့ခေါ်တဲ့ လူ့မလိုင်တွေရဲ့ပြူစောထီးတပ်ဖွဲ့ က တပ်ဖွဲ့ဝင် ၂၄ ယောက် ပစ်သတ်ခံလိုက်ရပါသေးတယ်။

(Source:Internet Pages)



REF: နေ့သစ်

Read More...

အပေါ်သို့