Wednesday, February 25, 2009

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို

Tuesday, 24 February 2009

နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။

အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

ဦးကျော်မြင့်

Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။

“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထားသည်။

“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။

“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့်အခါကမျှ ပတ်သက် ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။

မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။

ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။



REF: ဧရာဝတီ

Read More...

မြန်မာနိုင်ငံ၏ မူးယစ်ဆေးရောင်းရ၀င်ငွေ တနှစ် ကန်ဒေါ်လာ သန်း ၃၀၀၀ ထိရှိ

၂၄ ဖေဖော်ဝါရီ ၂၀၀၉

မူးယစ်ဆေး၊ ဘိန်းဖြူနှင့် မက်တာအဖက်တမင်း ရောင်းရ သည့် မြန်မာနိုင်ငံ၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြားရှိကြောင်း အမေရိကန်သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ၂၀၀၈ ခု ဇွန်လတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြား ၀င်ငွေသည် မြန်မာနိုင်ငံ မူးယစ်ဆေး ရောင်းရငွေမှ နှစ်စဉ်ရငွေ ဒေါ်လာသန်း (၉၀၀) ကျော်ထိ ရှိနိုင်သည်ဟု ရန်ကုန် အမေရိကန်သံရုံးမှ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်း မှန်းထားချက်ထက် ပိုများနေသည်ဟုပါ အစီရင်ခံစာ၌ သုံးသပ်ထားသည်။

၂၀၀၂ ခုနှစ်တွင် မက်တာအဖက်တမင်း စိတ်ကြွဆေး ရောင်းချမှုမှရသည့် ၀လူမျိုးများ၏ ၀င်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၃၀၀) ခန့်ရှိမည်ဟု မှန်းထားပြီး အဆိုပါနှစ်တွင် ဘိန်းဖြူမှောင်ခို ရောင်းချမှုမှ ရငွေမှာ ကန်ဒေါ်လာ သန်း (၂၅၀) မှ သန်း (၃၀၀) ထိရှိနိုင်သည်ဟု မှန်းထားသည်။

၂၀၀၁ ခုနှစ်တွင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်များကြား သဘောတူညီချက်တွင် မူးယစ်ဆေးရောင်းချမှု၏ အမြတ် (၅၀) ရာနှုန်းကို မြန်မာစစ်တပ်အား ပေးရမည်ဆိုသည့် သဘောတူညီချက် ပါဝင်သည်ဟု ထောက်ပြထားသည်။

မူးယစ်ဆေး မှောင်ခိုရောင်းချသူ အများစုမှာ ထိုင်းမြန်မာနယ်စပ်နှင့် ထိုင်းတရုတ်နယ်စပ်မှ ၀၊ ရှမ်းစသည့် တိုင်းရင်းသားအုပ်စုများနှင့် ဆက်စပ်နေသည်။ သို့သော် မြန်မာစစ်အစိုးရ၏ အဆင့်များစွာမှ အရာရှိများသည်လည်း အဆိုပါ မူးယစ်ဆေးရောင်းရငွေ ရှယ်ယာများ နည်းအမျိုးမျိုးဖြင့် ရနေကြသည်။ စစ်တိုင်းမှူးများဆိုလျင် မူးယစ်ဆေးရောင်းသူများထံမှ အစိုးရ အခွန်များများ ကောက်ခံကြသလို မူးယစ်ဆေးမှောင်ခိုမှုကို စစ်တပ်မှ အကာအကွယ်ပေးမှု၊ စစ်တပ်က သယ်ပေးမှု စသည်တို့အတွက် အခကြေးငွေ ကောက်ယူကြသည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာစစ်အစိုးရ ထိပ်ပိုင်းအရာရှိများ မူးယစ်ဆေးရောင်းဝယ်မှု၌ တိုက်ရိုက်ပါဝင် ပတ်သက်ကြောင်း ခိုင်လုံသည့် သက်သေမရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ မူးယစ်ဆေး အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် အထူးသဖြင့် မူးယစ်ဆေး ထုတ်လုပ်သူ မူးယစ်ဆေး မှောင်ခိုရောင်းချသူ ၀တိုင်းရင်းသားများအပါအ၀င် ၀လူမျိုးများနှင့် အနီးကပ် ဆက်ဆံမှုရှိသည်။



REF: ခေတ်ပြိုင်

Read More...

မအိမ့်ခိုင်ဦးကို သတင်းထောက် သူရဲကောင်းဆု ချီးမြှင့်

မဇ္ဈိမသတင်းဌာန

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 24 2009

ချင်းမိုင်။ ။ နာဂစ် ဒုက္ခသည်များအရေး သတင်းယူသဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချခံရသည့် ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးကို ကန်ဂျိ နာဂါအိ သတင်းထောက် သူရဲကောင်းဆုကို ယခုလ ၂၁ ရက်နေ့က မြန်မာသတင်းသမဂ္ဂ - BMA ညီလာခံတွင် ချီးမြှင့်ခဲ့သည်။

ရွှေဝါရောင် တော်လှန်ရေးတွင် သတင်းယူရင်း မြန်မာစစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့သူ ဂျပန်သတင်းထောက် နာဂါအိကို ဂုဏ်ပြုသည့်အနေဖြင့် တိုကျိုအခြေစိုက် သူ၏ မိခင်သတင်းဌာန APF နှင့် BMA က ကမကထပြုကာ မအိမ့်ခိုင်ဦးကို စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

“အမှန်တကယ် မြန်မာနိုင်ငံမှာ သတင်းသမားတွေ အများကြီး ရှိပါတယ်။ အသက်ကြီးတဲ့ ဘဝအများကြီး ရင့်ကျက်တဲ့ လူတွေလည်း ရှိပါတယ်။ နှစ်ရှည်ထောင်ကျနေတဲ့ လူတွေလည်း ရှိပါတယ်။ သို့သော်လည်း မအိမ့်ခိုင်ဦး ကတော့ သတင်းရယူရင်းနဲ့ အဖမ်းခံရတာ ဖြစ်တဲ့အတွက် ပေးတာ ဖြစ်ပါတယ်” ဟု BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောသည်။

ဆုပေးပွဲသို့ တက်ရောက်ရန် ကာယကံရှင်၏ မိသားစုဝင်များကို ဆက်သွယ်သော်လည်း ယခုအချိန်ထိ ဆက်သွယ် မရသဖြင့် RFA သတင်းထောက် မစုမွန်အေးက ကိုယ်စား ဆုလက်ခံယူခဲ့သည်။

မစုမွန်အေးက ''နာဂအိဆုကို လက်ခံရယူရတဲ့အတွက် စိတ်ထဲမှာ နှစ်ခုဖြစ်တာပေါ့နော်။ တခုကတော့ သူ လုပ်ထားတဲ့ လုပ်ဆောင်ချက်အပေါ်မှာ ဒီသတင်းဌာနကနေ အသိအမှတ်ပြုပြီးတော့ သူ့ကို ဆုပေးတဲ့အတွက် အမအနေနဲ့ သူ့အတွက် ဂုဏ်ယူမိတယ်။ နောက်တခုကတော့ ၀မ်းနည်းမိတယ်ပေါ့နော်၊ စိတ်ထဲမှာ'' ဟု ပြောသည်။

သူက ဆက်ပြီး ''အမတို့ကတော့ သူ့အတွက် ဒီကိုလာပြီး တခမ်းတနားနဲ့ ဆုကို ယူနေတဲ့အချိန်၊ ဒီအချိန်မှာ အိမ့်ခိုင်ဦး ဘယ်လို နေနေမလဲဆိုတာကို ပြန်ပြီးတော့ စဉ်းစားမိတာပေါ့နော်။ ဆုလက်ခံယူတဲ့အချိန်က နေ့လည်ဆိုတော့ ဒီအချိန်မှာ သူဟာ ထောင်ထမင်းဟင်းကို စောင့်နေတဲ့အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ သူ မိလ္လာချဖို့၊ ရေချိုးချဖို့ စောင့်နေတဲ့အချိန်လည်း ဖြစ်နိုင်တာပေါ့နော်။ သူ သိခွင့်လည်း ရချင်ရမယ်၊ မရရင်လည်း မရဘူးပေါ့။ အဲဒီအနေအထားတခုမှာ အမစိတ်ထဲမှာ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်''

ဆုငွေအဖြစ် ဒေါ်လာ တထောင်နှင့် ဆုတံဆိပ်ကို မိသားစုထံ ပေးပို့သွားမည်ဟု သိရသည်။

နာဂအိသည် ရန်ကုန်မြို့တွင် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုအတွင်း သတင်းလိုက်ယူစဉ် မြန်မာအစိုးရ စစ်တပ်ဖွဲ့မှ ပစ်ခတ်သဖြင့် လမ်းမထက်တွင် သေဆုံးခဲ့ရသည်။ သူ၏ ဘဝရုပ်ပုံ မှတ်တမ်းတင် ဗီဒီယိုလည်း ညီလာခံအတွင်း ပြသခဲ့သည်။

သတင်းရယူစဉ် ဖမ်းဆီးခံရသူ၊ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းစဉ် ဖမ်းဆီးခံရသူများအား အဓိက သတ်မှတ်ကာ ပြည်တွင်းပြည်ပမှ သတင်းသမားများ ဆုံစည်းနိုင်သည့် BMA နှစ်ပတ်လည် ညီလာခံများတွင် ဆက်လက် ရွေးချယ်ကာ ယခုဆုကို ချီးမြှင့်သွားမည်။

ယခု ၆ ကြိမ်မြောက် BMA ညီလာခံသို့ ပြည်တွင်းပြည်ပမှ သတင်းသမားများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ဘလော့ဂါများ တက်ရောက်ခဲ့သည်။

ညီလာခံအတွင်း မြန်မာပြည်တွင်းမှ သတင်းစာ ဆရာကြီးများဖြစ်သည့် လူထုဦးစိန်ဝင်း၊ ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) နှင့် စာရေးဆရာကြီး ဒဂုန်တာရာ၏ အမှာစကားများကို ဗီဒီယိုပြခဲ့သည်။

ဆရာကြီး လူထုစိန်ဝင်းက သတင်းသမားကောင်းဆိုသည်မှာ အမှန်တရားဘက်မှ ဘက်လိုက်ရန် မှာကြားခဲ့သည်။

''လူထုစိန်ဝင်းရဲ့ အမှာစကားအပေါ် ကျနော်တို့ဘက်မှာ ထောက်ခံဆွေးနွေးတဲ့ သဘောမျိုး နေရာအနှံ့မှာ တွေ့ရတယ်။ စည်းဝေးခန်းမမှာရော၊ အပြင်မှာရောပေါ့နော်။ အမှန်တရားကို ဘက်လိုက်ရမယ် ဆိုတာကြောင့် သတင်းထောက်တိုင်းဟာ မှန်ကန်တဲ့ဘက်က လုပ်နေသူ ဖြစ်တယ်။ နိုင်ငံရေးအမြင်အရဆိုရင် ကြားမှာ နေရမယ့် သဘောပဲ ရှိတယ်။ ဒါပေမဲ့ မှန်တာနဲ့ မမှန်တာ အားပြိုင်တဲ့အခါ သတင်းသမားတိုင်းရဲ့ သစ္စာလို့ ပြောရမယ်'' ဟု BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။

ညီလာခံအတွင်း၌ ၂ဝဝ၇ ရွှေဝါရောင်အပြီး ပြည်ပရောက် သတင်းမီဒီယာ ဝက်ဆိုဒ်များအား ဆိုက်ဘာ နည်းပညာနှင့် တိုက်ခိုက်ခံရမှု၊ မြန်မာ့အရေးကို သတင်းသမားတဦးအဖြစ် ရေးသားသည့် လယ်ရီဂျေဂင်၏ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် သတင်းသမားများ ပြင်ဆင်ရမည့် အချက်အလက်များ၊ မြန်မာယူနီကုတ်ကို ကျယ်ပြန့်စွာ သုံးစွဲလာရေးများ ဆွေးနွေးခဲ့သည်။

ဦးမောင်မောင်မြင့်က ''၂ဝ၁ဝ ရွေးကောက်ပွဲမှာ သတင်းသမားတွေ ဘယ်လို ဆက်လုပ်မယ်ဆိုတာ စောပါသေးတယ်။ နိုင်ငံခြား သတင်းထောက်တွေကိုတော့ ဝင်ကောင်းဝင်နိုင်မယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ သတင်းသမားတွေ ဘယ်လို ပုံစံတွေနဲ့ ပေးဝင်မယ်ဆိုတာ သတင်းပေးခွင့်၊ သတင်းယူခွင့် ပေးမယ်ဆိုတာ မသိသေးတဲ့အတွက် အခုချိန်မှာ ဆွေးနွေးဖို့ စောသေးတယ်လို့ ထင်တယ်'' ဟု ပြောသည်။

မြန်မာပြည်တွင် သတင်းလွတ်လပ်ခွင့် ရရှိရေး ရည်ရွယ်ချက်များဖြင့် BMA ကို ပြည်ပရောက် မြန်မာသတင်းသမားများ၊ စာရေးဆရာများနှင့် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ရာ၊ ယခုအခါ သမဂ္ဂအဖွဲ့ဝင်ပေါင်း ၁၅ဝခန့် ရှိနေပြီး၊ ညီလာခံကို ၂ဝဝ၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပလာခဲ့သည်။

BMA က မြန်မာသတင်းသမဂ္ဂမှ ၂ဝဝ၆ ခုနှစ်တွင် သတင်းထောက်များ၏ ကျင့်ဝတ်နှင့် တာဝန်၊ သတင်းသမား သတိထားစရာ မြန်မာစာနှင့် စကားသံများ လက်စွဲစာအုပ်တို့အပြင် ဥဒါန်းအမည်ရှိ ဂျာနယ်ကိုလည်း မကြာခဏ ထုတ်ဝေခဲ့သည်။



REF: မဇ္ဈိမ

Read More...

နိုင်ငံရေး အကျဉ်းသားများ ပိုမိုလွှတ်ပေးရန် အမေရိကန်က မြန်မာနိုင်ငံကို တောင်းဆို

မဇ္ဈိမသတင်းဌာန

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 24 2009

နယူးဒေလီ။ ။ မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ၆ဝဝဝ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသားများ ပါလာသည့်အတွက် အမေရိကန်က ကြိုဆိုကြောင်း၊ သို့သော် ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည် အပါအဝင် ကျန်နိုင်ငံရေး အကျဉ်းသမားများကိုလည်း လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုကြောင်း အမေရိကန် နိုင်ငံက ပြောသည်။

“ဘယ်လို နိုင်ငံရေးအကျဉ်းသားကိုဘဲဖြစ်ဖြစ် လွှတ်ပေးတာကို ကျနော်တို့ ကြိုဆိုပါတယ် ဆိုတာကတော့ ရှင်းပါတယ်။ ဒါပေမဲ့ နောက်ထပ်အများကြီး လုပ်ဘို့ လိုပါသေးတယ်” ဟု တနင်္လာနေ့က ပုံမှန် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ခေတ္တပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ် (Robert Wood) ကပြောသည်။

“ဒါပေမဲ့ အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဘို့ ကျနော်တို့ မြန်မာနိုင်ငံကို တောင်းဆိုပါတယ်” ဟု ဝုဒ် ကပြောသွားပါသည်။

ဤတောင်းဆိုမှုသည် မြန်မာစစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို စနေနေ့မှ စတင်၍ နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းစခန်းများမှ လွှတ်ပေးနေရာတွင် အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၂၃ ဦး ပါဝင်လာခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများ အလုပ်မဖြစ်သဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အမေရိကန်နိုင်ငံက ပြန်လည် သုံးသပ်နေကြောင်းလည်း ဝုဒ် က ပြောသည်။

မြန်မာအစိုးရ၏ အပြုအမူများ ပြောင်းလဲရေးအတွက် မြန်မာအစိုးရနှင့် ထိတွေ့ ဆက်ဆံနိုင်ရန် နည်းလမ်းသစ်တရပ်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမေရိကန်နိုင်ငံက ညှိနှိုင်းတိုင်ပင် ရှာဖွေလျက်ရှိကြောင်း ဖြင့်လည်း သူကပြောပါသည်။

“မြန်မာအစိုးရကို ကျနော်တို့ သွားစေချင်တဲ့ပုံစံအတိုင်း လျှောက်လှမ်းသွားစေဘို့ နည်းလမ်းတရပ်ကို ကျနော်တို့ ကြိုးစားရှာဖွေနေပါတယ်” ဟု ဝုဒ် ကပြောသည်။

သူမ၏ ၄ နိုင်ငံ အာရှခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က အင်ဒိုနီးရှားသို့ ရောက်ရှိစဉ် ပြောကြားရာတွင် မြန်မာစစ်အစိုးရကို အပြောင်းအလဲများ လုပ်စေရန် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများနှင့် ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေးမူဝါဒများ နှစ်မျိုးစလုံး မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီတော့ ခင်ဗျားတို့ သိတဲ့အတိုင်းဘဲ နိုင်ငံခြားရေး ဝန်ကြီးက ဒီကိစ္စကို နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း သူမလဲ ကျနော်တို့ အားလုံးလိုဘဲ အားမလိုအားမရ ဖြစ်နေတာဘဲ။ ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်း တိုးတက်မှုတွေ မတွေ့မြင်ရသေးလို့ တိုးတက်မလာသေးလို့ အားမလိုအားမရ ဖြစ်နေပါတယ်” ဟု ဝုဒ်က ပြောသည်။

“ဒါကြောင့်၊ ဒါပေမဲ့ ပြန်လည်သုံးသပ်မှု လုပ်ငန်းကတော့ ဆက်လုပ်နေပါတယ်” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့သည်။



REF: မဇ္ဈိမ

Read More...

ပြည်ပနှင့်ပြည်တွင်း မီဒီယာများ ဆက်ဆံရေးအကြား နားလည်မှုလွဲမှားစေနိုင် သောအချက်များ သတိပြုရန်လိုနေ

ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာတဦး
Tuesday, February 24, 2009

ကျနော် ပြည်တွင်းသတင်းဂျာနယ်တစောင်က အယ်ဒီတာတဦးပါ။ ပြည်ပကမြန်မာသတင်းတွေ ထုတ်ပြန်ပေးနေတဲ့ မီဒီယာတွေ အားလုံးကို အမြဲစောင့်ကြည့် ဖတ်ရှုနားထောင်ဖြစ်ပါတယ်။ အင်တာနက်သတင်းစာမျက်နှာတွေ၊ ရေဒီယိုအသံလွှင့်ချက်တွေ၊ ဂြိုဟ်တု ရုပ်မြင်သံကြားတွေရောပေါ့။ ကျနော့်ကို ပြည်ပမီဒီယာတွေက ဆက်သွယ်ပြီး သိလိုသမျှမေးလာတာတွေလည်း သိသမျှပြောပြ ဖြေပေး မြဲပါဘဲ။ ဒီနောက်ပိုင်းမှာတော့ ကျနော် ခု ခေါင်းစဉ်တင်ထားသလို အပြင်နဲ့အတွင်းမီဒီယာတွေကြား နားလည်မှုလွဲစရာအဖြစ်တွေ အချိန် ကြာလာရင် အတွင်းကအကူအညီကို အပြင်ကမီဒီယာသမားတွေ မရနိုင်မယ့်အနေအထားမျိုးတွေ သတိပြုမိလာလို့ ခုလိုတင်ပြရတာပါ။ အပြင်က မိတ်ဆွေတွေ သတိမမူမိဖြစ်နေရင်လဲ အချိန်မီသတိမူ ပြင်နိုင်အောင်ရည်ရွယ်ပါတယ်။ ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ စိတ်နဲ့ ပြောဆိုခြင်းမဟုတ်ဘူးဆိုတာ အမြင်ရှင်းစေချင်ပါတယ်။ အပြင်ကမီဒီယာတွေအားလုံးကိုလည်း ဒီစာတမ်း ဝေမျှပေးစေလိုပါတယ်။

အင်တာနက်သတင်းစာမျက်နှာတွေမှာ ပြည်တွင်းကအခြေအနေသတင်းတွေ တင်ပြနေတာနဲ့ပတ်သက်ပြီး ဦးစွာ ပြောပါရစေ။

ကျနော့်ကို အပြင်ကမီဒီယာတခုကမိတ်ဆွေတဦး ပြောပြဖူးပါတယ်။ သူတို့က လွတ်မြောက်နယ်မြေမှာ လုပ်နေရတယ် ဆိုပေမယ့် သူတို့ မှာလည်း အခက်အခဲရှိပါတယ်တဲ့။ အဲဒါက သတင်းရင်းမြစ်(sources) ရှာရခြင်းပါတဲ့။ သတင်းကို အတည်ပြုပေးနိုင်ဖို့ လူလိုအပ် ပါတယ်တဲ့။ သတင်းအတည်ဖြစ်ဖို့ လှည့်မေးရတာ တခါတခါစိတ်ညစ်စရာလို့ဆိုပါတယ်။ ပြည်တွင်းမှာလုပ်နေရတဲ့ ကျနော်တို့တွေမှာ လည်း ဖိအားတွေ အခက်အခဲတွေရှိတာ နားလည်ပါတယ်လို့ ပြောပါသေးတယ်။ အဲဒီမှာ တခါတခါ သူတို့တွေ သတင်းကို ပိုမိုတန်ဖိုး ရှိလိုတဲ့ အနေနဲ့ရော ဒီသတင်းဟာ ဘယ်လောက်ခိုင်မာမှန်ကန်တယ်ဆိုတာ ပြချင်တာတွေလောသွားပြီး စောင့်ထိန်းရမယ့် အခြေခံကျင့် ၀တ်တွေကနေ လွတ်သွားတာတွေရှိနေတယ်လို့ ကျနော်အနေနဲ့မြင်မိကြောင်း ဝေဖန်ထောက်ပြဖြစ်ခဲ့ပါတယ်။

တချို့အင်တာနက်မီဒီယာတွေက သတင်းဦးသတင်းထူးပြီးရောဆိုပြီး မသေချာသေးတဲ့အခြေအနေသတင်းတွေ တင်ကြတာတွေ့ရပါ တယ်။ နောက်ဆက်တွဲအကျိုးဆက်က ပြည်တွင်းကသူတွေ ဒုက္ခရောက်ရတာပါဘဲ။ ဥပမာအနေနဲ့ဆို နေဘုန်းလတ်အဖမ်းခံရတာမှာ အက်စ်ဘီကအလိုရှိနေတဲ့ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်မိန်းကလေးတဦး အိမ်ပြောင်းတာလိုက်ကူညီရင်း အဲဒီမိန်းကလေးကိုဖမ်းစဉ်မှာ သူက အတူရှိနေလို့ မေးမြန်းစစ်ဆေးနေဆဲဘဲ ရှိပါသေးတယ်။ ဒီအချိန်မှာ အပြင်ကမီဒီယာတွေ (အင်တာနက်စာမျက်နှာတွေအရင်ဆုံးပါ) ကနေ သတင်းထုတ်ကြတော့ ဘလော့ဂါနေဘုန်းလတ် အဖမ်းခံရပြီ၊ သူဟာဘာဖြစ်တယ် ဘာညာစသည်ဖြင့်ပေါ့ ၀ိုင်းရေးကြတော့မှ ဒီက ထောက်လှမ်းရေးတွေက ဆက်စပ်လိုက်ပြီး အမှုဆင်စွဲရာကနေ ခုဆိုနှစ်နှစ်ဆယ်ထောင်ကျသွားခဲ့ရပါပြီ။

ကျနော်တို့ဂျာနယ်လစ်တွေထဲမှာဆိုရင်လည်း ဖလားဝါးနယူးဂျာနယ်ကသတင်းထောက်ချုပ်ကိုစောမြင့်သန်း ထောင် သုံးလ ကျခဲ့ရတာ ဟာဆိုရင် အပြင်ကမီဒီယာရဲ့တင်ပြပုံ လွန်သွားတဲ့အတွက်ဖြစ်ရတာလို့ ဝေဖန်ထောက်ပြပါရစေ။ သတင်းဂျာနယ်အသိုင်းအ၀ိုင်းက ကြားရတဲ့ပုံစံမျိုး အရေးအသားတွေအားလုံး ဖော့ရေးရင်ရပါလျှက်နဲ့ စောမြင့်သန်းက ပြောပြတဲ့ပုံစံမျိုး အဓိပ္ပာယ်ထွက်တဲ့ အရေးအသား ကြောင့် သူ့ခမျာ ကံဆိုးစွာအဖမ်းခံခဲ့ရပါတယ်။ သူရဲ့အယ်ဒီတာတွေ အလိုက်ကောင်းလို့သာ ပြန်လွတ်လာနိုင်တာဖြစ်ပါလိမ့်မယ်။ တခြား အဖမ်းခံထားရတဲ့ဂျာနယ်လစ်တွေ သတင်းရေးသားရာမှာလည်း သူတို့မိသားစုဝင်တွေဆီကနေသိရ၊ သူတို့တွေကိုယ်တိုင်ပြန်ပြောပြတာ မှန်ပေမယ့်လည်း အဲဒီလိုကြီး အတိအကျမရေးဘဲ မိတ်ဆွေအသိုင်းအ၀ိုင်းကသိရသည်တို့၊ အဆိုပါဂျာနယ်လစ်မိသားစုနှင့် နီးစပ်သူထံမှ သိရသည်တို့လောက်ဆို ရနိုင်မယ်ထင်ပါတယ်။ အပြင်ကနေအတိအကျရေးပြလို့ ဒီလူတွေလွတ်မြောက်ရေးနဲ့ ပြည်တွင်းစာနယ်ဇင်း တွေ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရတဲ့ အခွင့်အရေးတွေ ရလာခြင်းမရှိပါဘူး။ အခြေအနေတွေ ပိုဆိုးသွားစေတာဘဲ ရှိပါတယ်။ အဆိုပါ ဂျာနယ်လစ်တွေလဲ နအဖရဲ့အမြင်ကတ်ပုဒ်မတိုးပြီး ထောင်သက်တိုးသွားတာဘဲ ရှိပါတယ်။ ပိုဆိုးရွားတာက အပြင်ကလူတွေနဲ့ အတွင်း က လူတွေမှာ အချို့က ယခင်လုပ်ဖော်ကိုင်ဖက်ဟောင်း သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ ပြည်တွင်းမီဒီယာတွေနဲ့ဆိုင်တဲ့ သတင်းမျိုးတွေနဲ့ပတ်သက်လို့ မေးရင် စကားလက်ဆုံကျမေးသလို သိချင်လို့မေးသလို သာမန်အလာပသလာပပြောဆိုသလို မေးသွား ပြီးမှ အလုပ်တိုက် နာမည်တွေပြောပြ သူ့နာမည်တွေ ရာထူးတွေနဲ့ သတင်းထဲမှာရေးထည့် ဖော်ပြလိုက်တာတွေကြောင့် အထဲကလူတွေ အခက်အခဲတွေကြုံခဲ့ကြရဖူးတာ သိစေချင်ပါတယ်။ ဘယ်လောက်ဘဲခင်မင်ပါတယ်ပြောပြော သတင်းသမားဟာ သတင်းသမားကျင့်ဝတ် ကို လိုက်နာရမှာပါဘဲ။ နာမည်သုံးခွင့်ရှိမရှိ အလုပ်တိုက်နာမည်ဖော်ပြခွင့်ရမရ ခွင့်တောင်းရမှာဘဲ ဖြစ်ပါတယ်။

အကယ်၍ မိမိသတင်းထောက်ရေးတင်တဲ့သတင်းတွေမှာ အဲလိုအတိအကျတွေပါလာခဲ့ရင် တာဝန်ခံအယ်ဒီတာတွေ က ကိုယ့်ဆီသတင်း ရောက်လာရင် အသေအချာမေးဖို့လိုပါမယ်။ အထဲကလူတွေ ဒုက္ခရောက်သွားရင် အပြင်က လူတွေ ဘာမှလုပ်မပေးနိုင်ပါဘူး။ မိမိတို့ အရေးအသားတခုကြောင့် သူတပါးထိခိုက်မယ့် အနေအထားမျိုးတွေမှာ သတင်းတင်ပြပုံတွေက အထူးဂရုစိုက်စေလိုပါတယ်။

ကျနော်အထဲမှာ ပြန်ကြားရသိရသလောက်မှာ အပြင်မီဒီယာတွေအတွက် အထဲကနေလုပ်ပေးနေသူတချို့ဟာ သတင်းရေးသားရာမှာ သတင်းအကြောင်းအရာ အတိအကျကို သေချာမသိပါဘဲ အထင်နဲ့မှန်းရေးထည့်လိုက်တာတွေ၊ တကယ်မမေးဘဲမေးတဲ့ပုံမျိုး၊ သူ့နာမည် အတိအကျ ထည့်သုံးလိုက်သူက တကယ်မပြောပါဘဲ ပြောသလို ရေးလိုက်တဲ့ အရေးတွေကြောင့် ပြည်တွင်းမှာရပ်တည်လုပ်နေရသူတွေ အခက်အခဲတွေ ကြုံခဲ့ကြရတာတွေ ရှိခဲ့ပါတယ်။ မိမိတို့ရဲ့ ပြည်တွင်းသတင်းထောက်နဲ့ အဲဒီနာမည်ပါသူတွေကြား ဘယ်လိုမျိုးဆက်ဆံ ရေး ပြဿနာတွေ ရှိနေလဲဆိုတာ သတိထားသင့်စရာပါ။ နာမည်တွေပါလာပြီဘဲ အဲဒီကာယကံရှင်တွေကို ဆက်သွယ်မေးကြည့်ဖို့ ၀န်မလေးကြပါနဲ့လို့ တိုက်တွန်းပါရစေ။ အထဲကလူတွေမှာ ဘယ်လိုမှဖြေရှင်းလို့ မပြေတဲ့ပြဿနာတွေ တပုံကြီး ကြုံရမှာမို့ပါ။ သတင်း တွေနဲ့ သတင်းထဲမှာပါတဲ့အခြေအနေတွေ နာမည်တွေ အမှန်ဟုတ်မဟုတ် သက်ဆိုင်ရာ အယ်ဒီတာအနေနဲ့ အမြဲသံသယနဲ့ စိစစ်ကြပါ လို့ တိုက်တွန်းပါရစေ။ အထဲက မိမိတို့သတင်းထောက်တချို့ ရေးပို့တာတွေမှာ သူတို့နဲ့နီးစပ်သူတွေ (တချို့ သူတို့ကိုယ်တိုင် အဲဒီ ဂျာနယ်တိုက်တွေမှာ အလုပ်လုပ်နေသူတွေ) ရေးတဲ့သတင်းတွေမှာအယ်ဒီတာအမည်၊ ဂျာနယ်အမည်တွေ မဖော်ဘဲရေးတာတွေ ရှိပါ တယ်။ ဒါပေမယ့် တချို့သတင်းတွေမှာကျတော့ ဂျာနယ်ကအယ်ဒီတာအမည်တွေ ဂျာနယ်နာမည်တွေ မထည့်လဲရပေမယ့် ထည့်ရေးတာ တွေကျတော့ သူတပါးနစ်နာစေလိုတဲ့သဘောမျိုးနဲ့ ထည့်ရေးသလား အထင်မှားစရာပါဘဲ။ ပြည်တွင်းဂျာနယ်က လူတယောက်အမည်၊ ဂျာနယ်အမည်နဲ့ အဲဒီဂျာနယ်ကအဖွဲ့ဝင်တဦးဆိုပြီး ရေးတာမျိုးတွေဟာ အထဲကလူအတွက် စိစစ်ရေးနဲ့ ပြဿနာတက်စေတယ်ဆိုတာ အပြင်ကလူတွေသိသင့်ပါတယ်။ ဒါဟာ အလေးအနက် သတိထားရမယ့် အရာပါဘဲ။ မီဒီယာရဲ့ကျင့်ဝတ်၊ အယ်ဒီတာတွေရဲ့ စောင့်ထိန်း လိုက်နာရမယ့်ကျင့်ဝတ်တွေ၊ သတင်းထောက်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ ကိုယ့်သတင်းရင်းမြစ်ကို ကာကွယ်ရမယ့်တာဝန်တွေကို အလေးအနက် စောင့်ထိန်းကြပါလို့ တိုက်တွန်းပါရစေ။ ကိုယ့်ရဲ့သတင်းရင်းမြစ်တွေ ကိုယ့်ကိုသတင်းပေးနေတဲ့ ပြည်တွင်းမီဒီယာက လူ တွေ ဒုက္ခမရောက်ဖို့ ဆင်ခြင်ကြပါ။

ဒီလိုမှမဟုတ်ရင်တော့ အပြင်ကလူတွေနဲ့ဆက်ဆံဖို့ အပြင်ကသိချင်တာတွေမေးလာရင်ဖြေဖို့ အထဲကလူတွေ ၀န်လေးလာပါလိမ့်မယ်။ ကြာလာရင် အတွင်းနဲ့အပြင်နဲ့ဆက်ဆံရေး ပျက်ယွင်းသွားမှာဖြစ်ပါတယ်။

အသံလွှင့်မီဒီယာတွေလည်း ကျင့်ဝတ်တွေစောင့်ထိန်းရမယ့်အပိုင်းတွေ အားနည်းချက်ရှိတာတွေ တွေ့လာနေရပါတယ်။ ကျနော့်ဆီကို ရေဒီယိုနှစ်ခုမေးတာမှာ စကားကတောက်ကဆဖြစ်ခဲ့ဖူးပါတယ်။ တခုသောရေဒီယိုက ဖုန်းဆက် မေးပါတယ်၊ ကျနော်က အဲဒီအကြောင်း အရာတော့ မဖြေပါရစေနဲ့လဲဆိုရော ခင်ဗျားကြောက်သလားလို့မေးပါတယ်။ ကျနော်လဲ ဟေ့လူ၊ ခင်ဗျားလည်းသတ္တိရှိတယ်ဆိုရင် အထဲ က နေလုပ်၊ ကျနော့်လာမေး၊ ကျနော်လည်းဖြေမယ်၊ ခင်ဗျားရော ကျနော်ရော နှစ်ယောက်လုံးဝင်မယ် လာခဲ့ဆိုရော ဖုန်းချသွားလေရဲ့။ နောက်တယောက်ကကျတော့ ခင်ဗျားနာမည်နဲ့ရာထူး၊ ဂျာနယ်အမည် သုံးလို့ရမလား အရင်ဆုံးမေးပါတယ်။ ကျနော်က ခင်ဗျား ဘာ အကြောင်းအရာမေးမှာလဲ ကျနော်က ဘာပြောပေးရမှာလဲ မေးတာကို အဲဒါပြောလို့မရဘူး၊ ခင်ဗျားနာမည်သုံးခွင့်ရမှ ပြောပြလို့ ရမယ် ဆိုလာသူကလည်း ရှိပါသေးတယ်။ ကျနော်ဖြေရမယ့်အကြောင်းအရာ ဘာမေးမယ်ဆိုတာမသိဘဲနဲ့ နာမည်သုံးခွင့်မပေးနိုင်ဘူးဘဲ ငြင်း လိုက်ပါတယ်။

ရေဒီယိုကမိတ်ဆွေတွေ ဘာသတင်းရှိလဲ၊ ဘာထူးလဲ၊ ဘာလုပ်ရရင်ကောင်းမလဲ မေးလာတာတွေဆို ကျနော်သိတာတွေ တတ်နိုင် သလောက်တွေ ကူညီနေတာပါဘဲ။ အဲဒီမှာ တချို့က ကျနော်သတင်းအကြောင်းအရာတွေ ပြောပြတာမှာ အသံယူလွှင့်သွားတာတွေ ကြုံ ရဖူးပါတယ်။ ကျနော့်မှာ နောက်တခါဆက်လာရင် မေးရတော့တယ်၊ ခင်ဗျား အကြောင်းအရာဘဲ သိချင်လို့မေးတာနော်၊ ကျနော့်အသံ မသုံးမှာ သေချာတယ်နော်ဆိုပြီး အာမခံခိုင်းရပါတယ်။

နောက် ရေဒီယိုတွေကလည်း သတင်းဦးပြီးရောဆိုပြီး သေချာခြင်းရှိမရှိ မစိစစ်ဘဲ လွှင့်တတ်တာတွေ တွေ့ရပါတယ်။ အကြောင်းအရာက ပြည်တွင်းမှာအလုပ်လုပ်နေသူတွေကို မထိခိုက်နိုင်တာမျိုးဆိုရင် ကိစ္စမရှိပေမယ့် အထဲကလူတွေ လုပ်ရကိုင်ရကျပ်သွားစေမယ့် သတင်း မျိုးတွေတော့ သေချာအတည်ပြုချက်ယူကြပြီးမှ လွှင့်ကြပါလို့ သတိပေးပါရစေ။

ရေဒီယိုကလူတွေ လာလာဒုက္ခပေးတတ်တာကတော့ သတင်းအကြောင်းအရာပြောပြီးပြီ။ အဲလောက်နဲ့ မလုံလောက်ဘဲ ပြောနိုင်မယ့်လူ၊ အသံပေးနိုင်မယ့်လူ ရှာပေးပါဦးဆိုပြီး လုပ်တတ်တာပါဘဲ။ ရေဒီယိုရဲ့သဘောကလည်း အသံပါမှ သတင်းတန်ဖိုးတက်တာမို့ အခက် သားဘဲ။ ဒါပေမယ့် ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ ဂျာနယ်အသိုင်းအ၀ိုင်းကလူတွေ အသံတွေသုံးပြီဆိုရင် အသံကို မမေ့မလျော့ဖျက်ပေးကြဖို့ လိုပါတယ်။ တချို့တွေအသံက အချင်းချင်း နားထောင်လိုက်ရင် မှတ်မိပါတယ်။ ဒါတော့ ဘယ်သူပြောတာဘဲဆိုပြီး ချက်ချင်းသိနိုင်ပါ တယ်။

ရေဒီယိုသတင်းထောက်တွေလဲ ကိုယ့်သတင်းရင်းမြစ်ကိုကာကွယ်ဖို့၊ သတင်းမေးရင်လဲ အသံသုံးလို့ရမရ၊ နာမည် ရာထူး ဂျာနယ် နာမည်တွေ သုံးလို့ရနိုင်မရနိုင် သေချာမေးပြီးမှ လုပ်စေချင်ပါတယ်။ ပြီးတော့ ကိုယ်မေးတဲ့သူ ဖြေတဲ့ ဟာတွေမှာ အကြောင်းအရာတွေ ကို ကိုယ်လိုသလိုတည်းဖြတ်ယူပြီး ကိုယ်လိုရာကို ဆွဲလွှင့်သွားတာမျိုး အတတ်နိုင်ဆုံး ရှောင်စေချင်ပါတယ်။ ပြောတုန်းက တကယ့် ရည်ရွယ်ချက်အဓိပ္ပာယ်နဲ့ လွဲသွားတတ်လို့ပါ။ အဲဒီအခါမှာ အထဲကဖြေပေးတဲ့သူအတွက် ဒုက္ခရောက်ရမှာမို့ပါ။ အသံသက်သက် သုံးသွားရင် တော်သေးရဲ့၊ နာမည်ပါထည့်သုံးသွားတဲ့ အသံလွှင့်ချက်မျိုးမှာ အဲလိုအဖြေကို လိုရာဆွဲလွှင့်သွားရင် ပြည်တွင်းကလူအတွက် လုပ်ကိုင်ရပ်တည်ရတာတွေ ခက်ခဲသွားစေပါလိမ့်မယ်လို့သတိပေးပါရစေ။

ဒီကျင့်ဝတ်လေးတွေလိုက်နာဖို့ အားနည်းနေတာတွေ တွေ့ရတတ်နေလို့ပါ။ ဒါတွေကို သတိမထားဘဲဆက်မှားနေမယ် ဆိုရင်တော့ အပြင်နဲ့အထဲရဲ့ဆက်ဆံရေးကြားမှာ နားလည်မူလွဲစရာတွေ ကြုံလာရနိုင်ပါတယ်။ အဲလိုမျိုးတွေ များလာပြီဆိုရင် နောက်အပြင်က ဘာ မေးမေး မေးလို့ရတော့မှာမဟုတ်ပါဘူး။ အဲလိုတွေ ဖြစ်လာပြီ ဆိုရင်တော့ ဒီစာတမ်းအစမှာ ကျနော့်မိတ်ဆွေပြောသလို ကျနော်တို့ အပြင်ကလူတွေမှာလည်း အခက်အခဲရှိပါတယ် ဆိုတဲ့အချက်ဟာ ပိုခက်ခဲလာပါလိမ့်မယ်လို့ အချိန်မီသတိပေးပါရစေခင်ဗျာ။

အထဲနှင့်အပြင် မကွဲပြားဘဲ စည်းလုံးစွာဖြင့် ယုံကြည်ရာကို အတူတူလက်တွဲဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရပါတယ်။



ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာတဦး
ဖေဖော်ဝါရီ ၁၉၊ ၂၀၀၉ ခုနှစ်
REF: နေ့သစ်

Read More...

Tuesday, February 24, 2009

နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ဖို့လို (ဦးသက်ဝေနှင့် ဆက်သွယ် မေးမြန်းချက်)

ကိုဝိုင်း

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ "အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနား ချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသော အနေဖြင့်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက်လည်းကောင်း" ရည်ရွယ်၍ အကျဉ်းသား ၆,၃၁၃ ဦးကို ယခုလ ၂၁ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့် ပေးမည်ဟု မြန်မာစစ်အစိုးရက နိုင်ငံပိုင် သတင်းဌာနများမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား တချို့တွင် ပါဝင်ခဲ့သူ အန်အယ်ဒီ စမ်းချောင်းမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ဝေကမူ အာဏာပိုင်များအနေဖြင့် လူသားချင်း စာနာထောက်ထားသည်ဆိုလျင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း မဇ္ဈိမကို ပြောသည်။

ထို့အပြင် ထောင်အတွင်း၌ အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ရှိနေကြောင်း ပြောသည်။

အင်းစိန်ထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိမည်ဟုလည်း ဦးသက်ဝေက ခန့်မှန်းပြောဆိုသည်။

ဦးသက်ဝေအား အီလက်ထရောနစ် ပုဒ်မ ၃၃ (က)၊ ၃၃ (ခ) အပါအဝင် ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲခဲ့သော်လည်း နောက်ပိုင်းတွင် ပုဒ်မ ၃၅၃ ဖြင့်သာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင်အတွင်း၌ ဦးသက်ဝေ နေခဲ့ရသည့် ၅ လတာ အချိန်အတွင်း အတွေ့အကြုံ တချို့နှင့် သူ၏ ခံယူချက်တချို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားပါသည်။

စနေနေ့ ဘယ်အချိန်လောက်က လွတ်လာတာလဲဗျာ။ မိသားစုကရော လာစောင့်တာ ရှိပါသလား။

ညနေ ၅ နာရီခွဲလောက်က အင်းစိန်အကျဉ်းထောင်က လွတ်ပါတယ်။ အင်းစိန် အကျဉ်းထောင် (၁) တိုက်ကပါ။ အိမ်ကိုတော့ ထောက်လှမ်းရေးကနေပြီးတော့ လိုက်ပို့ပေးပါတယ်။

အခုလို ပြန်လွတ်လာတဲ့ အခါကျတော့ စိတ်ထဲမှာ ဝမ်းနည်း၊ ဝမ်းသာ ဘယ်လိုဖြစ်လဲခင်ဗျ။

ဒီလိုပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်ပါတယ်။ တဖက်မှာလည်း အင်းစိန်ထောင်ထဲမှာရော၊ နယ်ထောင်တွေမှာရော ကျန်နေသေးတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေအတွက် စိတ်မကောင်းဘူး။

ဦးသက်ဝေ ထွက်လာတဲ့အချိန် (၁) တိုက်ထဲမှာပဲ အကျဉ်းပိတ်ခံထားရတဲ့လူ ရှိသေးတယ်လို့ သိရပါတယ်။ နည်းနည်းရှင်းပြပေးလို့ ရမလားဗျာ။

ဟုတ်ကဲ့။ (၁) တိုက်မှာ၊ ထောင်အာဏာပိုင်ကနေပြီးတော့ တနာရီပဲ လမ်းလျှောက်ခွင့်ပေးတယ်။ ကျနော်တို့ (၁) တိုက်မှာ ကျနော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်ရှိတယ်။ အဲဒီအထဲမှာ ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း အပါအဝင်ပေါ့။ တနာရီ လမ်းလျှောက်ခွင့်နဲ့ မလုံလောက်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကနေ စပြီးတော့ တနာရီကနေ တိုးပြီးတော့ လမ်းလျှောက်ခွင့် ရဖို့အတွက် အကျဉ်းဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဋ္ဌေးကို ကျနော်တို့ တင်ပြတယ်။

အခြားသော အကျဉ်းသားတွေ၊ ထောင်တွေ၊ တိုက်တွေမှာလိုပဲ အချိန်ပြည့် ဖွင့်ပေးဖို့၊ အချိန်ပြည့် လမ်းလျှောက်ခွင့်၊ အားကစားလှုပ်ရှားခွင့် ပေးဖို့။ သူကနေ ထောင်ပိုင်ကို တင်ပြပြီးတော့မှ ခွင့်ပြုချက်ပေးပါမယ် ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အကြောင်းမပြန်ဘူး။ ၂ လ ကျော်သွားပြီ။ အဲဒါနဲ့ ကျနော်တို့က သူတို့ပေးတဲ့ တနာရီ လမ်းလျှောက်ခွင့်ကို ဆက်မယူတော့ဘဲနဲ့ ကျနော်တို့ရဲ့ တိုက်ထဲမှာပဲနေပြီး သူတို့ကို ကန့်ကွက်ဆန္ဒပြတာပေါ့။

အဲဒီကန့်ကွက်ဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၂၀ ရက်နေ့မှာပဲ ထောင်ပိုင်ရဲ့ ညွှန်ကြားချက်အရ အကျဉ်းပိတ်မယ်ဆိုပြီးတော့ ပိတ်တာပေါ့။ အကျဉ်းပိတ်တယ်ဆိုတာက တိုက်မှာ တံခါး ၂ ထပ် ရှိတာကို ပထမ အကျဉ်းတံခါးကို ဖွင့်ပေးထားတော့ နည်းနည်း ကျယ်ကျယ်ဝန်းဝန်း ရှိတာပေါ့။ အပြင်တံခါးကိုတော့ ပိတ်ထားတယ်။ အပြင်တံခါး ပိတ်ထားရာကနေ အခု အတွင်းပါ ထပ်ပိတ်လိုက်တော့ လေဝင်လေထွက် မကောင်းလို့ အနံ့အသက်ဆိုးတဲ့ ၁ဝ ပေပတ်လည် အခန်းထဲမှာပဲ တနေလုံး၊ တညလုံးနေရတာပေါ့။ ရေချိုးပါပိတ်တာ။

အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့က ထောင်အာဏာပိုင်တွေကိုခေါ်ပြီး ''ဘာကြောင့် ပိတ်တာလဲ''။ အင်းစိန်ထောင်မှူး ကျော်သီဟ ဆိုတဲ့ ပုဂ္ဂိုလ်က ''လူကြီးတွေ ညွှန်ကြားချက်အရ ယာယီပိတ်တာပါ'' တဲ့။ ''ပြစ်မှုကျူးလွန်မှု မရှိဘဲနဲ့ ပြစ်ဒဏ်ပေးတဲ့ကိစ္စ ကျနော်တို့ လက်မခံနိုင်ဘူး။ ညွှန်ကြားချက်အရ ဆိုတာကလည်း ဥပဒေကို ကျော်လွန်လို့ မရဘူး'' လို့။ ''ဥပဒေအရ ဆောင်ရွက်တယ်ဆိုရင် ဒါ ဘယ်ဥပဒေနဲ့ ဆောင်ရွက်တယ်ဆိုတာ ကျနော်တို့ကို တိတိကျကျ ပြောဖို့လိုတယ်'' လို့။ အဲဒီအတွက်နဲ့ ပတ်သက်ပြီး ''ထောင်အာဏာပိုင်တွေကို ချက်ချင်းခေါ်ပေးပါ'' လို့ ပြောလိုက်တယ်။ ''ဦးခင်မောင်ဋ္ဌေးကို အကြောင်းကြားပေးပါ့မယ်'' လို့ ပြောတယ်။

နောက် တနာရီလောက်ကြာတော့ ဦးခင်မောင်ဋ္ဌေး ရောက်လာတယ်။ ''ဒါဟာတဲ့ ပြစ်ဒဏ်အဖြစ်နဲ့ ပိတ်တာ'' ဆိုပြီးတော့၊ သူတို့ပေးတဲ့ တနာရီလမ်းလျှောက်ခွင့်ကို မလျှောက်လို့၊ ဆန့်ကျင်လို့၊ စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီးတော့ ပိတ်တာပေါ့။ ''ထောင်ပိုင်ရဲ့ ညွှန်ကြားချက်အရ ပိတ်တာ၊ ဥပဒေနဲ့ အညီလုပ်တာပါ'' တဲ့။ ''ဘယ်ဥပဒေလဲ'' ဆိုတော့ တိတိကျကျ မဖြေဘူး။ ထောင်ပိုင်နာမည်တော့ ကျနော် မသိဘူး။ သူတို့ ဖွဲ့စည်းပုံအရဆိုရင် ထောင်ပိုင်က ဦးစီးမှူးရဲ့ အပေါ်က။ ထောင်ပိုင်အပေါ်မှာ ညွှန်ချုပ်ရှိတယ်။ ထောင်မှူးက ဦးစီးမှူးအောက်က။ အဲဒါနဲ့ ''ခံဝန်လက်မှတ်ထိုးရင် ဖွင့်ပေးမယ်'' လို့ ပြောတယ်။

ဒါ ကျနော်တို့ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ ညှင်းပမ်းနှိပ်စက်တယ်လို့ ယူဆလို့ လက်မခံလို့ ခံဝန်ချက် လက်မှတ်မထိုးဘဲ ဆက်ပြီး တိုက်ပွဲဝင်တယ်။ အဲဒီလို အကျဉ်းပိတ်လိုက်တဲ့အတွက် ကျနော်တို့ ရဲဘော်တွေအတွက် စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၀ ခုနှစ်တုန်းက နိုင်ငံရေးအကျဉ်းသားပေါ့။ ရွှေပြည်သာက အန်အယ်ဒီ လူငယ် ကိုလှခင်ဟာ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို မခံနိုင်တော့တဲ့အတွက် သီးသန့်အကျဉ်းထောင် (၁) အဆောင် အောက်တိုက်က အခန်းနံပတ် ၁၉ မှာ ဆွဲကြိုးချသေခဲ့တယ်။

အဲဒါဆိုရင် ဒီငြိမ်းလင်းကိုလည်း ခန္တီးထောင်ကို ပြောင်းလိုက်ပြီဆိုတော့ နောက်ပိုင်းမှာ ၁၀ ယောက် ကျန်မှာပေါ့။ သူတို့က ဦးသက်ဝေ ထွက်လာတဲ့အထိ တိုက်ပွဲဝင်ဆဲပဲလား။

ဟုတ်ကဲ့၊ တိုက်ပွဲဝင်ဆဲပါ။

ထောင်ထဲမှာ နေရတဲ့အချိန်မှာ ဆေးဝါးကုသမှုနဲ့ အစားအသောက် အနေအထားရော ဘယ်လို ရှိလဲဗျ။

အစားအသောက်ကတော့ ကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးမှူးက လာပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ လုပ်ပါတယ်။ ဒါပေမဲ့ သူတို့မှာက ဆေးမရှိဘူး။ မိသားစုက ပေးလာသမျှ ဆေးဝါးတွေနဲ့ပဲ ကုသမှု လုပ်ရတယ်။ အိုင်စီအာစီ ICRC ကိုလည်း ဝင်ခွင့်မပေးတဲ့ အခါကျတော့ အရင်ကလို ထိထိရောက်ရောက် မရှိတော့ဘူး။ ကျနော်ကတော့ အခုလောလောဆယ်တော့ အခုထွက်လာတဲ့ အချိန်မှာတော့ ကျန်းမာရေးအရ အခက်အခဲ မရှိပါဘူး။

ဦးသက်ဝေ ကို ဘယ်လို ပုဒ်မတပ်ပြီးတော့ ထောင် ဘယ်လောက် ချလိုက်တာလဲခင်ဗျ။

ထောင် ၂ နှစ် ချပါတယ်။ ပုဒ်မ ၃၅၃ ပေါ့ဗျာ။ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှုပေါ့။ ဒီအမှုက အမှုတည်ဆောက်ပြီး လုပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က မြန်မာနိုင်ငံအတွင်းမှာ အဓမ္မလုပ်အားခိုင်းစေမှုကို ILO နဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ပပျောက်စေဖို့ ဆောင်ရွက်နေတယ်။ အဲဒီအပေါ်မှာ အငြိုးအာဃာတ ထားတယ်ထင်တယ်။ ကလေးစစ်သားတွေ ကိစ္စလည်း ပါတယ်။

ပုဒ်မ ၃၅၃။ ပြည်သူ့ ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှုဆိုတော့ အာဏာပိုင်တွေက ဘာကို အဓိကထောက်ပြပြီး အဲဒီ ပုဒ်မ တပ်တာလဲဗျ။

အဓိကကတော့ဗျာ၊ တိုင်ကြားထားတဲ့ စာတွေကို ထည့်သွင်းထားတဲ့ memory stick ကို ရဲကနေ ကျနော့်ဆီကနေ သိမ်းဆည်းဖို့ လုပ်တာကို ငြင်းဆန်ခဲ့တဲ့အတွက် ကျနော့်ကို ဝတ္တရားနှောင့်ယှက်တယ်လို့ စွဲတာပေါ့။ ကျနော့်ကို ကျောက်တံတားမြို့နယ် တရားရုံးအောက်မှာ သိမ်းဆည်းတာ။ အဲဒီတရားရုံးကို ကျနော်က နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ဦးအုန်းသန်းကို သူ့အမှုမှာ ရှေ့နေအကူအညီပေးဖို့အတွက် ရှေ့နေတယောက်ကို သဘောထား သွားတောင်းရင်းနဲ့ သွားတာ။ ရဲက ကျနော့်ကို ရှာဖွေရင်းနဲ့ တွေ့သွားတာ။ ILO နဲ့ ပတ်သက်တဲ့ memory stick ကို ရဲက တွေ့သွားတာ။

အဲဒီ memory stick က ILO နဲ့ ကျနော်နဲ့ပဲ ဆိုင်တာဖြစ်တဲ့အတွက် ပေးလို့မဖြစ်ဘူးလို့ ငြင်းတာပေါ့။ ဥပဒေအရ မညီဘူးလို့။ ကျနော့်မှာ တရားဝင် ကိုင်ဆောင် သိမ်းဆည်းခွင့်ရှိတယ်လို့၊ ဒါကြောင့် သိမ်းဆည်းခွင့် မပေးတာ။ အဲဒီကနေ ကျောက်တံတား ရဲစခန်းကို ခေါ်သွားပြီးတော့မှ ပန်းပဲတန်း ရဲစခန်းကို ပြောင်းပြီးတော့ ပန်းပဲတန်း ရဲစခန်းက တရားလိုလုပ်ပြီးတော့ ပုဒ်မ ၃၅၃ နဲ့ တရားစွဲပြီး အရေးယူတာ။ ကျနော်က ပန်းပဲတန်းရဲစခန်းမှာ အာမခံရတယ်။ အပြင်ကနေ အမှုကို ၈ လလောက် ရင်ဆိုင်ရတယ်။ ၂၀၀၈ ခု ၉ လပိုင်း၊ ၁၆ ရက်မှာ အမိန့်ချပြီး အင်းစိန်ထောင် ရောက်တာ။ အင်းစိန်ထောင်ထဲမှာ ၅ လ နေပြီးပါပြီ။ ပြစ်ဒဏ်စေ့ဖို့ တနှစ်နဲ့ ၇ လ ကျန်သေးတယ်။

အဲဒီအမှုအတွက် ရှေ့နေလိုက်ခွင့်ရလား။ ဘယ်သူလိုက်ပေးပါလဲ။

အဲဒီတုန်းက ရှေ့နေလိုက်ခွင့်ရပါတယ်။ ကိုဖိုးဖြူ လိုက်ပေးပါတယ်။

အခု နောက်ပိုင်းက ရှေ့နေတွေကို ထောင်ထဲ ပေးမဝင်တာတို့၊ ထောင်ချခံရတာတို့၊ ထွက်ပြေးရတာတို့ ရှိနေပါတယ်။ ဆိုတော့ ဦးသက်ဝေတို့တုန်းကတော့ ရှေ့နေတွေက လျောလျောရှူရှူနဲ့ပဲ အကျိုးဆောင်ခွင့် ရလားဗျ။

တကယ်တမ်းကျတော့ တရားခွင်ထဲမှာ ကျနော့်ရဲ့ အမှုနဲ့ပတ်သက်လို့ ခုခံကာကွယ်ဖို့ အချက်အလက်တွေ ရှာဖွေဖော်ထုတ် မေးမြန်းတာတွေဟာ လွတ်လွတ်လပ်လပ် မေးမြန်းခွင့် ကျနော့်ရှေ့နေက မရခဲ့ဘူး။ ဒီတရားခွင်ထဲမှာ ကျနော့်အတွက် ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့် အပြည့်အဝ ရတယ်လို့ ပြောလို့မရဘူး။

ပြန်ထွက်လာရတော့ရော အာဏာပိုင်တွေက ဘယ်လို ပုံစံမျိုးနဲ့ လာအကြောင်းကြားလဲဗျ။ လွှတ်ပေးလိုက်ပြီ ဆိုတာကိုရော ဘယ်သူက ပြောပါလဲခင်ဗျ။

အခုထွက်လာတော့လည်း ကျနော့်ကို ကြိုတင်အကြောင်းကြားမှု မရှိဘူး။ ခေါ်သွားပြီးတော့ နောက်မှ လွှတ်တယ်ဆိုပြီးတော့ အကျဉ်းသားမှတ်ပုံတင်နဲ့ လူနဲ့ တိုက်ကြည့်တယ်။ ပြီးတော့ လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်ပြီ ဆိုတာကတော့ အကျဉ်းဦးစီးဌာနက ညွှန်ချုပ်ကိုယ်တိုင် ပြောတာ။ နာမည်တော့ မသိဘူး။ သူ့ကိုယ်သူပဲ အကျဉ်းဦးစီးဌာနက ညွှန်ချုပ်ဆိုပြီး မိတ်ဆက်တာပဲ။ အဲဒီနေ့က လွတ်တာက တခြားအကျဉ်းသားတွေရော အားလုံးပေါင်း ၁၁၁ ယောက်။ နိုင်ငံရေးအကျဉ်းသားက ကျနော် အပါအဝင် ကမာရွတ်မြိုကနယ်က ဗကသ ကျောင်းသား ကိုထွန်းထွန်းခေါ် ထွန်းဇော်ဋ္ဌေး၊ နောက် ၂၀၀၃ ခုက အဖမ်းခံရတဲ့ ရဟန်းတွေ အပါအဝင်ဆို အားလုံး ၁၁ ယောက်ပေါ့။

အဲဒီညွှန်ချုပ်က ဦးသက်ဝေတို့ကို ဘယ်လိုအကြောင်းပြ ပြောဆိုပြီးတော့ လွှတ်ပေးလိုက်တာလဲ။

ကျနော်တို့ ၁၁၁ ယောက်ကို ဘာပြောလဲဆိုတော့ ''မစ္စတာဂမ်ဘာရီနဲ့ လူ့အခွင့်အရေးက မစ္စတာကွင်တားနား လာလို့ လွှတ်ပေးတာ မဟုတ်ဘူး၊ သူတို့ လွှတ်ချင်လို့ လွှတ်ပေးတာ'' ဆိုပြီးတော့ ပြောတာပေါ့။ ဘယ်သူ့ ဖိအားပေးမှုကြောင့်မှ မဟုတ်ဘဲနဲ့ သူတို့ သဘောနဲ့သူတို့ လွှတ်တာပေါ့။ သူတို့ သဘောဆန္ဒမရှိဘဲနဲ့ လွှတ်မပေးနိုင်ဘူးပေါ့။

ထောင်ထဲမှာ နေတုန်းက အကျဉ်းသားဥပဒေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေက တခြား ချိုးဖောက်နေတာတွေ တွေ့ခဲ့ရသေးလား။ နိုင်ငံရေးအကျဉ်းသားတင် မဟုတ်ဘဲ တခြား အကျဉ်းသားတွေအပေါ်ရောပေါ့။

ဘာကိုပြရမလဲဆိုတော့ ၂ အဆောင်အချုပ်မှာ။ တရားရုံးကနေ အမိန့်မကျသေးဘဲနဲ့ အချုပ်သားတွေဘဝနဲ့ ရောက်နေတဲ့ အကျဉ်းသားတွေကို အလုပ်ခိုင်းစေတဲ့ကိစ္စ။ ဒါ အချုပ်သားရဲ့ ဆန္ဒမပါဘဲနဲ့ အတင်းအဓမ္မ အလုပ်ခိုင်းစေတာကို တွေ့ရတယ်။ နောက်တခုက ခိုင်းစေတဲ့ အလုပ်ပုံစံတွေကလည်း ကျန်းမာရေးအရ ထိခိုက်နိုင်တဲ့ အလုပ်တွေ ဖြစ်တယ်။ မိလ္လာကျင်းထဲမှာ အမှိုက်တွေကို ခြေထောက်နဲ့ တက်နင်းခိုင်းတယ်။ ဒူးဆစ်လောက်မြုပ်တဲ့ မိလ္လာရည်တွေပေါ့။ နောက် ရေချိုးခွင့်လည်း မပေးဘူး။ ရေမချိုးရတဲ့ အခါကျတော့ ယားနာတွေပေါက်ပြီးတော့ ကျန်းမာရေးကို ထိခိုက်နေတယ်။ အနံ့အသက်ကြောင့်လည်း အာရုံကြောတွေ ထိခိုက်တယ်။

ဒီငြိမ်းလင်းကို ထောင်ရွှေ့လိုက်တဲ့အချိန်မှာ ဦးသက်ဝေက အထဲမှာပဲ ရှိသေးတယ်နော်။ ဦးသက်ဝေတို့ ကြိုသိလား။

ဟုတ်ကဲ့ခင်ဗျာ။ အဲဒီ စနေနေ့ မနက် ၂ နာရီလောက်မှာပဲ။ မနက်အစောကြီးပေါ့ဗျာ။ လာခေါ်သွားတာပေါ့။ ဒီငြိမ်းလင်းကို ခေါ်ထုတ်တဲ့အချိန်မှာ ဒီငြိမ်းလင်းက ကျနော့်အခန်းရှေ့ကို ရောက်လာပြီးတော့ လာနှုတ်ဆက်ပါတယ်။ သူ ထောင်ပြောင်းပါတယ် ဆိုပြီးတော့။ သူ့ကို ''ကြိုတင် အကြောင်းကြားခြင်း မရှိဘဲနဲ့တဲ့၊ ချက်ချင်း အားချင်း ဒီလို ခေါ်ထုတ်တော့ တော်တော်လေး ကသီလင်တနိုင်တယ်'' ဆိုပြီးတော့ ညီးညူသွားတယ်။

အခု အပြင်ပြန်ရောက်တော့ ဘာဆက်လုပ်မယ်လို့ စိတ်ကူး ရှိပါသလဲခင်ဗျာ။

တာဝန်ကတော့ ရှိတုန်းပါပဲ။ ကျနော်ဟာ စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တယောက်အနေနဲ့ ပါတီရဲ့ မူ၊ ဘောင်၊ စည်းကမ်းတွေနဲ့အညီ ဆက်လုပ်ပြီးတော့ နိုင်ငံရေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားမှာပါ။

အာဏာပိုင်တွေက အကျဉ်းသား ၆ ထောင်ကျော် လွှတ်လိုက်တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာလည်း သိရသလောက်အထိ ရာဇဝတ်သား အများစုဖြစ်တယ်။ ပြီးတော့ ဦးသက်ဝေ အထဲမှာ ရှိနေစဉ်မှာရော၊ မလွှတ်ခင်လေးတင်မှာရော သံဃာတော်တွေ အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်တွေ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို ထောင်ဒဏ်နှစ်ရှည် ချမှတ်ပြီး နယ်စွန်နယ်ဖျား ထောင်တွေကို ပို့ပစ်တာတွေ ရှိပါတယ်။ အဲဒီတော့ အခုလို လွှတ်ပေးလိုက်တဲ့ ကိစ္စကရော တရားမျှတမှု ရှိတယ်လို့ ထင်ပါသလား။ ဘယ်လို ယူဆပါသလဲခင်ဗျာ။

ဒီလို လွှတ်ပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ အပြုသဘောဆောင်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေကလည်း ကျန်နေသေးတယ်။ အခု ကျနော် ထွက်လာစဉ်ကာလမှာတောင် တိုက်ပိတ်၊ အကျဉ်းပိတ်ပြီးတော့ ကျန်းမာရေး ထိခိုက်အောင် လုပ်နေတယ်။ အင်းစိန်ထောင်မှာ ချပြီးတော့ နယ်ထောင်တွေ ရွှေ့တာတွေရှိတယ်။ ဒါတွေကလည်း အပြုသဘောဆောင်တဲ့ ကိစ္စကို ထိခိုက်စေတဲ့ အပိုင်းတွေ ရှိတယ်။ တကယ်တမ်း လူသားချင်း စာနာထောက်ထားမှု ရှိတယ်ဆိုရင် အကုန်လုံးကို ခြွင်းချက်မရှိ၊ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျနော် ယူဆတယ်။



REF: မဇ္ဈိမ

Read More...

စင်ပြိုင်အစိုးရ ဖွဲ့ရန် ကြိုးစားသူ လွတ်မြောက် (အင်တာဗျူး)

ဖနိဒါ

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၃၇ နှစ် ကျခဲ့ရသူ မန္တလေးတိုင်း အမရပူရမြို့နယ်မှ အန်အယ်ဒီ လွှတ်တော်အမတ် ဒေါက်တာ ဇော်မြင့်မောင်သည် ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှ ယခုလ ၂၁ ရက်နေ့က ပြန်လွတ်လာသည်။

ဤသည်မှာ အကျဉ်းသားပေါင်း ၆၃၁၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရ ကြေညာခဲ့ပြီး နောက်တရက်တွင် အကျဉ်းသားတချို့နှင့်အတူ သူလည်း ပြန်လွတ်လာခြင်း ဖြစ်သည်။

သူ့ကို အကန့်အသတ်များ မထားရှိဘဲ အာဏာပိုင်များက လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

စင်ပြိုင်အစိုးဖွဲ့ရန် ကြံစည်သည်ဟုဆိုကာ ၁၉၉ဝ ခုနှစ် နိုဝင်ဘာလအတွင်းက သူ့ကို ဖမ်းဆီးခဲ့ပြီး၊ ၁၉၉၁ ခုနှစ် ဧပြီလအတွင်းက နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ် စတင်ချခဲ့သည်။

ထို့နောက် ပြစ်ဒဏ် ကျခံရစဉ်အတွင်း ၁၉၉၇ ခုနှစ်တွင် ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား အစီရင်ခံခဲ့သဖြင့် ပြစ်ဒဏ် ၁၂ နှစ် ထပ်တိုးခံခဲ့ရသည်။ သူက ဒီမိုကရေစီ လှုပ်ရှားမှု ဆုံးခန်းမတိုင်မချင်း ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

ထောင်ထဲတွင် ၁၈ နှစ်ကျော် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ဒေါက်တာဇော်မြင့်မောင်ကို မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားပါသည်။

ထောင်ထဲမှ ဘယ်လောက်နေခဲ့ရလဲ။ စုစုပေါင်း ထောင်ဒဏ် ဘယ်နှနှစ်လဲ။

ဦးက ၁၉၉၂ မှာ နိုဝင်ဘာလ ၂၂ မှာ အဖမ်းခံခဲ့ရတယ်။ ပြီးလို့ရှိရင် ရန်ကုန်မှာ ၁၉၉၇ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ နေခဲ့ရတယ်။ အဲဒီကြားထဲမှာ ဦးတို့က နောက်တမှု ထပ်ဖြစ်တယ်။ အဲဒီမှာ ထောင် ၁၂ နှစ် ထပ်ချတယ်။ စုစုပေါင်း ၂၂ နှစ်။ ပထမအမှုက နှစ်အစိတ်ကနေ ၁၅ နှစ်လျော့တော့ ၁ဝ နှစ် ဖြစ်သွားတယ်။ ၉၇ ခုနှစ်က အခု ၂ဝဝ၉ ဖေဖော်ရီလ ၂၁ အထိ မြစ်ကြီးနားထောင်မှာပေါ့နော်။ စုစုပေါင်းဆို ၁၈ နှစ်နဲ့ ၃ လ၊ ၁ ရက် ရှိတယ်ပေါ့။

ဘယ်လို ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချခဲ့လဲဆိုတော့ ဦးကို စွဲထားတဲ့ ပုဒ်မတွေကတော့ ပထမတော့ ၁၂၂ (၁) နဲ့က နှစ် အစိတ်ချတယ်။ နောက်တခုက ညီလာခံအကြိုမှာ ၁၉၉ (၃) ဆိုပြီး အမိန့်ကြေညာချက် ထုတ်တယ်။ ကျနော်တို့ ၂၄ ယောက် ကုလသမဂ္ဂကို စာတင်လို့ဆိုပြီး ၅ (င) နဲ့ ၁ဝ နှစ်၊ ဦးဝင်းတင် အပါအဝင်ပေါ့ဗျာ။ ထောင်ထဲမှာ အကျဉ်းသား ကာကွယ်ရေး ဖွဲ့ပါတယ်ဆိုပြီး အသင်းအဖွဲ့ ပုဒ်မ ၆ နဲ့ ၅ နှစ်။

ရှေ့နေလိုက်ခွင့်ရလား။ ရှေ့နေက ဘယ်သူလဲ။

ရှေ့နေနဲ့ တွေ့ခွင့်မရပါဘူး။ ထောင်ထဲမှာပဲ ကျလာခဲ့တာ။ ကိုယ်တိုင် လျှောက်လဲပြီးတော့ တရားစီရင်ရေးပေါ့နော်။

ထောင်ထဲမှာ နေတုန်းက ဘယ်လို အခက်အခဲဆုံး ဖြစ်ရတဲ့ အတွေ့အကြုံတခုလောက် ပြောပြလို့ ရမလား။

ဦးတို့ နောက်အမှု ဖြစ်တုန်း မှတ်မှတ်ရရ စစ်ခွေးတိုက်မှာ နေခဲ့ရတယ်။ ကာလ ၆ လလုံး နေခဲ့ရတယ်။

ထောင်ထဲကနေ ဘယ်လို ထွက်လာခဲ့ရလဲ။ ခံဝန်လက်မှတ် ထိုးခဲ့ရလား။

လက်မှတ် မထိုးခဲ့ရပါဘူး။ သူ့ရဲ့ Release procedure အရတော့ ထိုးပေးရတာပေါ့နော်။ နိုင်ငံရေး မလုပ်ရဘူး ဆိုတာကတော့ ကန့်သတ်ချက် မရှိပါဘူး။ သူတို့က ထောင်ကနေ ရထားနဲ့ အမရပူရအိမ်ထိ လိုက်ပို့တယ်။ အိမ်ကို အပ်တာပေါ့၊ သဘောကတော့။

တခြား ဘယ်သူတွေ အတူလွတ်လာသေးလဲရှင့်။

ဦးရယ်၊ မိုးညှင်းက ဦးဖေစိန်ရယ်။ နောနော်ဆိုတဲ့ လူက စီးပွားရေးသမား ထင်တယ်။ ၅ (ဇ) နဲ့ ဟုတ်တယ်။ ဆက်သွယ်လို့ ရမယ်လို့ မထင်ဘူး။ သူက ပူတာအိုကနေ transit လာရင်းနဲ့ လွတ်သွားတယ်။

အခုလို အန်ကယ့်ကို လွှတ်ပေးတာကို ဘယ်လို မြင်ပါသလဲ။

အခုတော့ ဘယ်လိုမှ မသုံးသပ်နိုင်သေးဘူး၊ ဘာဖြစ်လို့ လွတ်တယ်ဆိုတာ။ လွှတ်ပေးသင့်နေပြီလေ။ ၁၈ နှစ် ကျော်ပြီလေ။ လွှတ်ပေးဖို့တော့ တန်နေပြီလေ။

မြစ်ကြီးနားထောင်ထဲမှာ တခြား နိုင်ငံရေးအကျဉ်းသား ဘယ်သူတွေ ကျန်သေးလဲရှင့်။

အန်အယ်ဒီ ကိုနေဝင်း၊ ရန်ကုန်ကဆိုရင် ကိုမျိုးအောင်သန့်နဲ့ ကိုကြည်လင်း၊ မိုးညှင်းက ဦးကျော်မောင် ကျန်တယ်။ နောက်ပြီး ၂ဝဝ၇ ခုနှစ်မှာ ပြောင်းလာတဲ့ အန်အယ်ဒီ ၄ ယောက် ကျန်သေးတယ်။ ပြီးတော့ ကိုသူရ၊ ကိုမြတ်စံ၊ ကိုလှမျိုးနောင်၊ ကိုသီဟသန့်ဇင်တို့ ကျန်တယ်။ ကိုသူရတို့နဲ့ မတွေ့ရပါဘူး။

ထောင်ထဲမှာနေတုန်း အပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားခဲ့ရပါသလဲ။ ဘာတွေ ပြောင်းလဲသွားပြီလို့ ခံစားရလဲရှင်။

ဘာမှ မသိရပါဘူးခင်ဗျာ။ ဘာမှ သေချာ မသိသေးဘူးလေ။ အပြင်မှာကလည်း ဘာတွေ ပြောင်းလဲသွားတယ်ဆိုတာ ဘူတာကနေ အိမ်ရောက်၊ တိတိကျကျ မဖော်ပြနိုင်သေးပါဘူးကွယ်။

ရှေ့ဆက်ပြီး ဖြစ်လာမယ့် အန်အယ်ဒီရဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာရော ဘယ်လို ပါဝင်သွားဖို့ ဆုံးဖြတ်ထားပါသလဲ။

ဦးအနေနဲ့တော့ ပြန်ကြည့်ရမယ်။ ဘာခေါ်မလဲ mission မှ မပြီးသေးတာလေ။ ဆက်လုပ်သွားမှာပဲလေ။ အခုထိတော့ ဘာလုပ်မယ်ဆိုတာ မပြောတတ်သေးပါဘူး။

ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး ကြိုးပမ်းနေသူတွေကို အန်ကယ် ဘာများ ပြောချင်ပါသလဲ။

ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းဖို့အတွက် ထောက်ခံ အားပေးကြဖို့ အရေးကြီးပါတယ်။

အခု ထောင်ကနေ လွတ်လာတော့ ဘယ်လို ခံစားရလဲ။

အားလုံး ဝမ်းသာကြပါတယ်။ အိမ်ကလည်း ဝမ်းသာတာ။ ဦးအမျိုးသမီးဆို ၁၈ နှစ်လုံး သူတယောက်ထဲ ဒုက္ခခံလာရတာ။ သားသမီးတွေကို လုပ်ပေးနေရတာ။ သူတို့လည်း သိပ်ဝမ်းသာတာပေါ့ကွယ်။ ဒါပေမဲ့ ကျနော်ကတော့ အပြည့် မပျော်နိုင်သေးဘူး။ ကျနော် မျှော်လင့်တဲ့ လူတွေလည်း ပါမလာသေးဘူးလေ။ ကိုယ့်ရဲဘော်တွေ ကျန်ခဲ့သေးတော့ ဘယ်လို ပျော်နိုင်မလဲဗျာ။ အပြည့်အဝ မပျော်နိုင်ပါဘူးဗျာ။ သူတို့ အားလုံးနဲ့ တွေ့မှ ပျော်နိုင်မှာပါ။

ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲရှင့်။

ကျန်းမာရေးကတော့ medical checkup လုပ်ရအုံးမယ်။ ဘာဖြစ်နေတယ်ဆိုတာ တိတိကျကျ မသိသေးဘူး။ ပြန်စမ်းဖို့ လိုလာတယ်။ ဆေးသောက်နေရတယ်။



REF: မဇ္ဈိမ

Read More...

လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၂၃ ဦးသာပါဝင်

Monday, 23 February 2009

စစ်အစိုးရက စနေနေ့မှ စတင်၍ အကျဉ်းသား ၆၃၁၃ ဦးလွှတ်မည်ဟု ကြေညာ၍ အကျဉ်းသား တချို့ကို ပြန်လွှတ် ပေးခဲ့ရာ ယနေ့အထိ နိုင်ငံရေး အကျဉ်းသား၂၃ ဦးသာ ပါဝင် သေးကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောသည်။

“နိုင်ငံရေးအကျဉ်းသား အတည်ပြုလို့ရတာ ၂၃ ယောက်ပဲ ရှိသေးတယ်၊ အဲဒါ အင်းစိန်ထောင်၊ ကလေးထောင်၊ မြစ်ကြီးနားထောင်တွေက၊ မန္တလေးထောင်က ၂ယောက်လွတ်တယ်လို့ကြားတယ်၊ ဒါပေမယ့် အတည်ပြုလို့မရ သေးဘူး၊ အဲဒါက ၂၁ ရက်နေ့က တရက်တည်း လွတ်တာ”ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောဆိုသည်။

ယခုပြန်လွှတ်သည့် နိုင်ငံရေးအကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ မန္တလေး တိုင်း အမရပူရအမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ အပါ အ၀င် ၄ ဦးသာ ပြန်လွတ်သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောပြသည်။

“မန္တလေးကလည်း လွှတ်တယ်၊ အခု မသိရသေးဘူး၊ စာရင်းမရသေးဘူး”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြော သည်။

ထိုသို့ အစိုးရက ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများကို ပြန်လွှတ်ပေးနေသည် ဆိုသောကြောင့် နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ မိသားစုဝင်များက ထောင်ဘူးဝတွင် လာရောက် စောင့်မျှော်မှုများ ရှိခဲ့ ကြောင်းလည်း သိရသည်။

ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကို ၏မိခင် ဒေါ်စိုးစိုးသော်က“ကျမတို့သားလည်း ပြန်လွတ်မယ်အထင်နဲ့ အဲဒီစနေနေ့က အင်းစိန်ထောင်မှာ သွားစောင့် သေးတယ်”ဟု ပြောပြသည်။

“ဒါပေမယ့် ကံမကောင်းချင်တော့ သူ့ကို အင်းစိန်ထောင်ကနေ တောင်ငူထောင်ကို ပြောင်းထားတယ်တဲ့”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား ၃၀၀ ၀န်းကျင် လွှတ်ရာတွင် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေး ကာလ က ဖမ်းဆီးခံခဲ့ရသည့် သံဃာတပါးအပါအ၀င် သံဃာတော် ၉ ပါး နှင့် သီလရှင်၂ပါး ပါဝင်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူတဦး၏ ပြောဆိုချက်အရ သိရသည်။

“အင်းစိန်က လွှတ်တာ အလွန်ဆုံး ၃၀၀ ၀န်းကျင်လောက်ပါပဲ၊ ကျနော့် မျက်မြင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားက ဦးသက်ဝေ အပါအ၀င် ၁၁ ဦး၊ ကျနော့်ရှေ့မှာ ထပ်ရောက်လာတာက ဘုန်းကြီးတပါး၊ နောက်ပြီး မြောက်ဥက္ကလာ သစ္စာသရဖူ ကျောင်းက အသက် ၈၀ တပါး ရယ်၊ အသက် ၆၀ တပါး ၊ သီလရှင် ၂ ပါး၊ မမွှေး ၊ နောက် ဒေါ်ခင်ခင် လဲ့၊ ဘားဂရာ ၀ံသ ကျောင်းက ဘုန်းကြီး ၇ ပါး၊ ကိုသက်ဝေနဲ့ အတူ လွတ်တဲ့နေ့က ကားပေါ်အတူပါသွားတာ၊ သံဃာအားလုံး ၈ ပါး၊ တပါးက ၂၀၀၇ ရွှေဝါရောင်တုန်းက ဆူးလေမှာအဖမ်းခံရတာ မြောက်ဥက္ကလာ အနန်းပင် ကျောင်း က၊ ကျန် သံဃာတွေက ၂၀၀၃ ခုနှစ် ကတည်းက အဖမ်းခံထားရတာ”ဟု ၎င်းက ပြောပြသည်။

ကလေးမြို့ ထောင်မှ စိန်စီသောည ဗီဒီယို အခွေနှင့်ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရသည့် ကိုတင်ဌေးနှင့် ကိုသန်းနိုင် တို့ပြန်လွတ်ကြောင်းလည်းသိရသည်။

ယင်းသို့အကျဉ်းသားများကို ပြန်လွှတ်မည်ဆိုပါက မိသားစုဝင်များကို အကြောင်းကြားရန်လိုအပ်အကြောင်းနှင့် ပြန်လွှတ်ရာတွင်လည်း မည်သည့် အကျဉ်းသား မည်ရွေ့မည်မျှ လွှတ်သည်ကို တရားဝင်ထုတ်ပြန်သင့်ကြောင်း ဦးတိတ်နိုင်က ဆိုသည်။

“ပြီးခဲ့တဲ့ လွှတ်တာတွေတုန်းကလည်း ဂဏန်းတွေပဲ ကြေညာတာ၊ ဘယ်လောက်လွှတ်ပေးပြီးပြီ ဆိုတာ ကြေညာ တာမဟုတ်ဘူး၊ ကျနော်တို့လည်း မသိနိုင်ဘူး၊ နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ဘူး ဆိုရင်တောင် သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံတော်လုံခြုံရေးအရထိန်းသိမ်းထားတဲ့သူ ဘယ်လောက်ပါတယ်ဆိုတာ တရားဝင် ထုတ်ပြန် ပေးရမှာ ဖြစ်ပါတယ်”ဟု ဦးတိတ်နိုင် ကပြောဆိုသည်။

ဦးတိတ်နိုင်င်ငံက ဆက်လက်ပြီး“ရာဇ၀တ် အကျဉ်းသားပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားပဲဖြစ်ဖြစ် အခုလိုပြန် လွှတ်မယ်ဆိုရင် မိသားစုကို အကြောင်းကြားရပါမယ်၊ လွှတ်ချင်သလိုလွှတ်ဆိုတဲ့ ကိစ္စမျိုးတွေဟာ တကယ့်ကို ပရမ်းပတာ ဆန်လွန်းတဲ့ လုပ်ရပ်လို့သာ ကျနော်တို့ ထင်ပါတယ်၊ စေတနာမပါဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဂယက် - ရဲဘော်ဖိုးသံချောင်း

၂၃ ဖေဖော်ဝါရီ ၂၀၀၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဗမာပြည်အရေးကိစ္စကို ပြန်လည် သုံးသပ်ရမယ်လို့ ပြောလိုက်တော့ ဗမာပြည်နိုင်ငံရေးလောကမှာ အတော်လေးလှုပ်ရှုား သွားပါတယ်။ အထူးအဖြင့် ပြည်ပရောက်အတိုက်အခံတွေ အကြားမှာဖြစ်ပါတယ်။ ရေဒီယိုတွေ၊ ဘလော့ဂ်ဆိုက်တွေမှာ အထူးအလေးပေး ပြောဆိုဆွေးနွေးကြတာ ကြားရ၊ ဖတ်ရပါတယ်။

အမေရိကန်ဟာ သူ့ပေါ်လစီတွေ ပြန်သုံးသပ်မယ်ဆိုတာ ထိတ်လန့်စရာလား။ မဟုတ်ဘူးထင်ပါတယ်။
အမေရိကန်ဟာ အင်အားကြီးနိုင်ငံကြီးတခုအနေနဲ့ သူ့ပေါ်လစီ၊ သူ့ဝါဒတွေကို သူတို့ အကျိုးစီးပွားနဲ့အညီ၊ ချမှတ်နေ၊ ပြောင်းလဲနေတာဟာ ဘာမှမဆန်းပါဘူး။ သူတို့ ဒီလို လုပ်တာ နဲ့ စမ္ပာနဂိုရ်က နွားပေါင်ကျိုးတာ မဖြစ်သင့်ဘူးထင်ပါတယ်။ ဗမာပြည် ပြည်သူတွေရဲ့ အရေး ကို ပိုလို့၊ ပိုလို့များတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒါကိုပဲ အင်မတန်အချက်အချာကျတဲ့၊ အရေးပါတဲ့ အချက်ဖြစ်တယ်ဆိုတဲ့အထိ တွက်လိုက်ရင်တော့မှားပါတော့မယ်။ ဗမာပြည် ပြည်သူတွေရဲ့အရေးဟာ တခြားတနိုင်ငံက ကူညီတာနဲ့ အောင်ပွဲ ရမှာတော့ မဟုတ်သလို တခြားတနိုင်ငံက မကူညီတာနဲ့ ရှုံးနိမ့်သွားမှာလည်း မဟုတ်ပါဘူး။

ကျေးဇူးကန်းတာတော့ မဟုတ်ပါ။ ဒါပေမယ့် ထောက်ပြရမှာက အမေရိကန် အခုလို ဗမာပြည်အရေးမှာဝင်ပါ့နေခဲ့လို့ ဒီအနှစ် (၂၀) အတွင်း ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံဟာ အောင်ပွဲနဲ့ ဘယ်လောက်များနှီးလာခဲ့ပါသလဲ။ နအဖရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်ရက်စက်မှုတွေကို ဘယ်လောက်များတားနိုင်ခဲ့ပါသလဲ။ အားနာစွာနဲ့ ပြောရရင်တော့ မထိရောက်ခဲ့ဘူးလို့ပဲ ပြောရမှာပါ။ ဒါကို အခု အမေရိကန်ကိုယ်တိုင်ကလည်းသိလို့ ပြန်စဉ်းစားမယ် ပြောနေတာဖြစ်ပါတယ်။

ဝါရှင်တန်က သဘောထားပြောင်းတယ် ဆိုတဲ့အတွက်နဲ့တော့ နအဖအစိုးရရဲ့ အာဏာရှင်လက္ခဏာဟာ နည်းနည်းမှ ပြောင်းလဲမသွားဘူး ဆိုတဲ့အချက်ကို မျက်ခြေမပြတ် ရေးက အဓိကကျပါတယ်။ (အမေရိကန်အစိုးရကလည်း နအဖရဲ့ လက္ခဏာပြောင်းသွားတဲ့အတွက် သူတို့ရဲ့သဘောထားကို ပြန်သုံးသပ်ရတယ်လို့ မပြောပါဘူး။) ဒါကို အထူးသတိထားသင့်ပါတယ်။ နို့မို့ရင် အမေရိကန်က သဘောထားပြောင်းတာနဲ့ပဲ ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ လမ်းစဉ်သစ်၊ လုပ်ငန်းစဉ်သစ်တွေ ချမှတ်ရတော့မလိုလို ဖြစ်လာပါ မယ်။

တကယ်ကျတော့ အိမ်ဖြူတော်ကလူများက ပိုပြီးလက်တွေ့ကျတဲ့ ပေါ်လစီတွေရှာသလိုဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသူတွေကလည်း ပိုပြီးလက်တွေ့ကျတဲ့ လုပ်ငန်းတွေဆီခြေစုံပစ်ဖို့ ဦးလှည့်သင့်ပါတယ်။ စိတ်ကူးယဉ်မှုတွေ ဖယ်ရှားပြီး ကိုယ့်ပြည်သူလူထုရဲ့ လက်ကို မြဲမြဲတွဲကြရပါမည်။ ရွှေငုံးမင်းအဖို့ အမြီးထွက်လာဖို့ မျှော်နေဖို့မလိုတော့ဘူးဆိုရင် ကျန်တာ၊ လုပ်စရာရှိတာကို လုပ်နိုင်တာပေါ့။

အခုအခါ တချို့လူတွေ စိုးရိမ်နေကြတဲ့ နောက်ကိစ္စတခုက နအဖစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီလူတွေဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အတည်ဖြစ်သွားမှာကိုလည်း အလားတူ စိုးရိမ်ကဲခဲ့ကြပါတယ်။ ဒါကြောင့် သူတို့က ဒါတွေကို ဖျက်ရေး၊ မပေါ်ပေါက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ရမယ်ဆိုတာမျိုး ပြောနေကြပါတယ်။ ပြည်ပဖိအားနဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်အောင် လုပ်နိုင်မယ်ဆိုတာမျိုးတွေ ပြောကြပါတယ်။ စိတ်ထဲမှာရှိတဲ့အတိုင်းပြောရရင် ဗမာပြည်ရဲ့ ကနေ့ အနေအထားမှာ ဒီလိုကိစ္စတွေကို ပြည်ပဖိအားနဲ့ဖျက်သိမ်းလို့ရမယ်လို့ ယူဆစရာအကြောင်း တချက်မှမရှိပါဘူး။ ဒီလိုကိစ္စတွေဟာ လက်ထဲမှာအာဏာရနေရင် လုပ်လို့ရတဲ့ဟာတွေမို့ ဒီလိုပြောတာ ဖြစ်ပါတယ်။

ဗမာပြည် သမိုင်းထဲက ရွေးကောက်ပွဲဆိုတာ မှန်သမျှကို ပြန်စဉ်းစားကြည့်ပါ။ ၁၉၄၇ ခုနှစ်က တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ အဲဒီနောက် မဆလ လက်ထက် ရွေးကောက်ပွဲတွေနဲ့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ၊ (ကိုလိုနီလက်ထက်က ရွေးကောက်ပွဲ အမျိုးမျိုးကို မပြောတော့ပါဘူး)၊ အားလုံးကို ပြန်ကြည့်လိုက်ရင် အဲဒီကာလမှာ တိုင်းပြည်ရဲ့ အာဏာကိုရနေတဲ့ အစိုးရတွေက အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ လုပ်ချင်စိတ်ရှိလို့ လုပ်ပေးပြီး ပေါ်ပေါက်ခဲ့တဲ့ ရွေးကောက်ပွဲတွေချည်း ဖြစ်ပါတယ်။ ဒါကို တနည်းပြန်ပြောရရင် ရွေးကောက်ပွဲဆိုတာ အာဏာရှိမှလုပ်လို့ရပါတယ်။ ထပ်ပြီးတနည်း ပြောရရင် အာဏာရှိနေရင် ရွေးကောက်ပွဲလုပ်လို့ရပါတယ်။

ဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံ ဆိုတာလည်း အတူတူပါပဲ။ အာဏာဟာ သော့ချက်ဖြစ်ပါတယ်။ ဒါကို မျက်စေ့လည်ရင် ကျန်တာတွေလည်း မှားကုန်တတ်ပါတယ်။

ဗမာပြည်က စစ်အစိုးရဟာ ကမ္ဘာ့သမိုင်းမှာ တိုင်းပြည်အာဏာကို ကာလအရှည်ကြာဆုံး အာဏာဆက်တိုက်ယူထားတဲ့ စစ်တပ်တွေထဲက တခုဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာ၊ အာဏာကို ကိုင်တဲ့နေရာမှာ ဘာတွေဟာ အရေးအကြီးဆုံးလဲဆိုတာကို သူတို့က ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ ဒီတိုင်းပြည်မှာ သူတို့လောက် ဘယ်သူ မှနားမလည်ဘူးလို့တောင် ပြောရင်ရမယ်ထင်ပါတယ်။ ဒါကြောင့် သူတို့ဟာ အဲဒီ အနှစ် လေးဆယ်ကျော် အတွေ့အကြုံထဲကနေ သုံးသပ်နိဂုံးချုပ်ထားတာတွေကို အခြေခံပြီးဘယ်ဝန်ကြီးဌာနမျိုးတွေကိုတော့ တခြားလူတွေကို ပေးထားနိုင်တယ်ဆိုပြီး ဒီရွေးကောက်ပွဲကိုလုပ်တာပါ။
ဒီရွေးကောက်ပွဲမှာ ဘယ်သူပဲဘယ်လောက်နိုင်နိုင်၊ သူတို့စစ်အုပ်စုရဲ့ အာဏာနဲ့ စည်းစိမ်ကို နည်းနည်းမှ အန္တရာယ်မပြုနိုင်ကြောင်း သေချာအောင်လုပ်ပြီးမှ ဒီရွေးကောက်ပွဲကို လုပ်ပေးတာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ မလုပ်နိုင်လို့ ပျက်သွားလည်း နအဖ အဖို့က အရင်းပဲဆိုတာကို မေ့လို့မဖြစ်ပါ။ အာဏာဟာ သူတို့ရဲ့ လက်ထဲမှာပဲ ကျန်ရစ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရတွေတရပ်ဟာ ဖွဲ့စည်းပုံတွေ၊ ရွေးကောက်ပွဲတွေ လုပ်နိုင်တဲ့အတွက် အာဏာမြဲသွားပါလေရောလို့တော့ မပြောနိုင်ပါဘူး။ အဲဒီလို အစိုးရတရပ်နဲ့ ဖွဲ့စည်းမှု သဏ္ဍာန်ပိုင်းနဲ့ ပြောရရင် ဖဆပလ၊ ပထစ၊ မဆလ အဲဒီအစိုးရတွေအားလုံး ပြည်စုံတယ်လို့ ဆိုရပါမယ်။ဒါပေမယ့် အဲဒီအစိုးရတွေအားလုံးဟာ ပျောက်ကွယ်ချင်တော့လည်း တမုဟုတ်ချင်းပဲ ပျောက်ကွယ်သွားတာပဲ မဟုတ်ပါလား။

ဒါကိုမမြင်ဘဲ နအဖရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ရွေးကောက်ပွဲတို့ကို ပိုတွက်သူတွေဟာ “မဆန့်ကျင်နိုင်ရင်ဝင်ပူးမှ” (When you can’t resist, join ‘em) ဆိုတဲ့ ဆောင်ပုဒ်ကို ကျင့်သုံးလာကြပါတယ်။ အဲဒီအတွက် သဘောတရားတွေ ရှာကြံထူထောင်ကြပါတယ်။ တဆက်တည်းမှာ တခြားမြေခွေးတွေကိုလည်း အမြီးဖြတ်ခိုင်းကြပါတယ်။ ဒီလိုလုပ်တာကိုပြည်တွင်းရော၊ ပြည်ပမှာပါ အခုတလော တွေ့နေရပါတယ်။ တကယ်က သူတို့ပြောနေတာတွေဟာ ကိုယ့်ဖက်က အလျော့ပေးရေးသာ ဖြစ်ပါတယ်။ ဒီလိုအတွေးအခေါ် ရှိသူတွေအဖို့တော့ အမေရိကန် အစိုးရက ပေါ်လစီပြောင်းတယ်ဆိုရင် သူတို့ရဲ့ အလျော့ပေးရေး ၀ါဒအတွက် အကြောင်းပြစရာ အချက်တချက်ရသွားမှာ မုချပါပဲ။

သူတို့တော်တော်များများ ပြောလေ့ရှိတဲ့ စကားတခွန်းက နအဖပေးသမျှ ဒီမိုကရေစီကို ယူထားပြီး နောက်မှတဖြည်းဖြည်း ပုံသွင်းယူမယ်၊ ပြောင်းယူမယ်ဆိုတာပါပဲ။ ဒါဟာ လှောင်ချိုင့်တခုထဲမှာ လူသားစားကျားနဲ့ အတူနေပြီး အဲဒီကျားကို လိမ္မာအောင် ပုံသွင်းယူမယ်လို့ပြောတာနဲ့ တူမနေပေဘူးလား။ အဲဒီလို အဆိုတင်နေသူတွေကို နောင်မှာ ဘယ်နွားပြာကြီးအောက်သွားမရှိဖြစ်မလဲ စောင့်ကြည့်ရတာပေါ့လို့ပဲ ပြောလိုက်ဖို့ ကောင်းပါတယ်။

ပြန်ချုပ်ရရင် ဒီနေ့ နိုင်ငံတကာ အပြောင်းအလဲတွေက ဗမာပြည် ပြည်သူတွေရဲ့ အရေးတော်ပုံကို ဆက်လက် သယ်ဆောင်ရေးအတွက် ပြည်တွင်းက ပြည်သူလူထုကလွဲလို့ ဘယ်သူ့ကိုမှအားကိုးလို့ မဖြစ်ဘူးဆိုတာကို ထပ်ပြီးထင်ထင်ရှားရှား သက်သေပြနေပါတယ်။ ပြည်တွင်းမှာ ထိထိရောက်ရောက် တခုခုဖြစ်ပါမှ အခြေခံကျတဲ့ အပြောင်းအလဲမျိုး ဖြစ်မယ်ဆိုတာ အမြဲသတိရနေသင့်ပါတယ်။ အထူးသဖြင့် ဧရာဝတီ မြစ်ရိုးတလျောက်မှာ ဖြစ်ပါတယ်။



ရဲဘော်ဖိုးသံချောင်း
REF: ခေတ်ပြိုင်

Read More...

ဗိုလ်ထိန်မောင်အဖွဲ့နှင့် ပူးပေါင်းသူများ ရွာသားတွေဖြစ်ဟု ကေအန်ယူငြင်းဆို

၂၃ ဖေဖော်ဝါရီ ၂၀၀၉

ဗုဒ္ဓဟူးနေ့က ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက် ပူးပေါင်းခဲ့သူ (၁၃) ဦးသည် ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော်မှ စစ်သည်များ မဟုတ်ဘဲ ကော့ကရိတ်မြို့နယ်ရှိ စက်က၀က်ရွာမှ ရွာသားများသာဖြစ်သည်ဟု ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော် တပ်မဟာ (၆) တပ်မဟာစစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက " ဒီလ (၁၈) ရက်နေ့ ညနေက တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) တပ်ခွဲ (၃) က M- ၁၆ (၄) လက်၊ M- ၁၆ (၇၉) မော်တာ (၁) လက်၊ M- ၁၆ ကျည် (၁၆၀) ၊ M- ၇၉ ကျည် (၂၁) လုံး၊ စကားပြောစက် (၁) လုံးနဲ့အတူ သွားပြီးပူးပေါင်းကြတဲ့ လူတွေဟာ စက်က၀က်ရွာသားတွေဖြစ်တယ်။ ရှေ့တန်းမှာ ကျနော်တို့ ရဲဘော်တွေဟာ ရွာသားတွေနဲ့ အတူနေပြီးသွားလာလှုပ်ရှားတယ်။ ကိုယ်ရောင်ဖျောက်ပြီး သွားလာတဲ့အခါမှာ လိုအပ်လို့ရှိရင် လက်နက်တွေကို ရွာသားတွေဆီမှာပဲ အပ်ထားတယ်။ အဲ့ဒီရွာသားတွေက အပ်ထားတဲ့ လက်နက်ကိုယူပြီးတော့ ဗိုလ်ထိန်မောင်တို့အဖွဲ့နဲ့ သွားပူးပေါင်းတာဖြစ်တယ်" ဟု ပြောသည်။

အဆိုပါရွာသားများမှာ စောဖါးကျော့၊ ကျော်နီဟဲ၊ ဖားထီးသိုး၊ ကျော်မူးဂေ၊ ဖားအော်တူး၊ ကျော်ဖရီး၊ ကျော်အဲ၊ ဖားကလိ၊ ဖားအော်လဲ၊ ဖားမော်းကို၊ မောင်ထွေး၊ ကျော်ယု၊ ကျော်ပလဲထူး တို့ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ပုံကြီးချဲ့၍ ၀ါဒဖြန့်နေသော်လည်း ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန်အတွက် ရှင်းပြခြင်း ဖြစ်ကြောင်း ၄င်း ဒု-ဗိုလ်မှူးကြီးက ဖြည့်စွက်ပြောကြားသည်။

အခြေအနေမှန်ကို အသေးစိတ်သိရှိနိုင်ရန် ကေအန်ယူ၊ ကေအန်အယ်လ်အေငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုအား ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်ရာ ဖုန်းပိတ်ထားသည်။



REF: ခေတ်ပြိုင်

Read More...

ပြန်လွတ်လာလဲ အန်အယ်ဒီအဖွဲ့ဝင်လို့ ခံယူထား ဒေါက်တာဇော်မြင့်မောင် ခေတ်ပြိုင်ကိုပြော

၂၃ ဖေဖော်ဝါရီ ၂၀၀၉

မကြာခင် ရက်ပိုင်းအတွင်း မြစ်ကြီးနားထောင်မှ ပြန်လွတ်လာသူ မန္တလေးတိုင်း၊ အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က မိမိကိုယ်မိမိ အန်အယ်ဒီအဖွဲ့ဝင်တဦးအဖြစ် ခံယူထားကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် မကြာခင်က ပြန်လွတ်လာသည့် အကျဉ်းသား (၆,၀၀၀) ကျော်တွင် တဦးအပါအ၀င်ဖြစ်ပြီး ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားထောင်မှ ပြန်လွတ်လာခြင်းဖြစ်ပြီး မြစ်ကြီးနားထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချခံခဲ့ရသည်။ လောလောဆည် ကျန်းမာရေးအတွက် ဆေးစစ်ခံဦးမည်ဟု ခေတ်ပြိုင်သို့ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး အစည်းအဝေး တက်ရောက်မှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၅) နှစ် အပြစ်ပေးခံရသည်။ ၁၉၉၁ ခုတွင် စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာဇော်မြင့်မောင်အား ပါလီမန်မှ ပယ်ဖျက်ပြီး နောက်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်မလွှတ်သေးသူများထဲတွင် ကိုမျိုးအောင်သန်း၊ ကိုကြည်လင်း ၊ ကိုဇာဂနာ၊ ကိုလှမျိုးနောင်တို့ကဲ့သို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများအပြင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်အရာရှိများ ၊ စသုံးလုံး ညွှန်ချုပ်တို့လည်း ကျန်နေသေးသည်ဟု ပြန်လွတ်လာသူတွေက ပြောသည်။

နအဖ စစ်အစိုးရက အကျဉ်းသား (၆,၃၁၃) ဦး လွတ်ပေးမည်ဟု ဖေဖော်ဝါရီ (၂၀) ရက်တွင် ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သူများအနက် နိုင်ငံရေးအကျဉ်းသားမှာ (၂၀) ၀န်းကျင်ခန့်သာ ရှိနေသေးသော်လည်း ယင်းတို့အနက် ထောင်ဒဏ် (၁၈) နှစ် (၃) လ ကျခံခဲ့ရသော အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ပါရှိလာခဲ့ခြင်းကိုမူ ကျေနပ်ရကြောင်း အန်အယ်လ်ဒီအသိုင်းအ၀န်းက လည်းပြောဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားအကျဉ်းထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချခံခဲ့ရကာ ယခုလ (၂၀) ရက်တွင် ကချင်ပြည်နယ် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးဖေစိန်နှင့် အတူ ပြန်လည် လွတ်မြောက်လာသည်။ မြစ်ကြီးနား အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၂၀) ကျော် ရှိနေသည့်အနက်မှ ၄င်းတို့နှစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့သည်။

ဦးဖေစိန်သည် မြစ်ကြီးနား အကျဉ်းထောင်အတွင်း အသက် (၇၄) နှစ်ရှိ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ကာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးတွင် ပုဒ်မ (၅၀၅/ခ) ဖြင့် မြစ်ကြီးနား အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးနေ၀င်းနှင့် အတူ ထောင်ဒဏ် (၂) နှစ်စီ ကျခံခဲ့ရသည်။

“မိုးကွက်ကျားရွာတယ်လို့ပြောရမလား။ ဒီမှာက နိုင်ငံရေးအကျဉ်းသား (၂၀) ကျော်ကျန်နေ သေးတယ်။ အပြည့်အ၀ ၀မ်းမသာနိုင်ပါဘူး။ ကိုနေ၀င်းတို့ ကိုကျော်မောင်တို့လည်း ကျန်နေ သေးတယ်ဗျာ။ ကိုမျိုးအောင်သန်း (ILO)၊ ကိုကြည်လင်း (တောင်ဒဂုံNLD)တို့ဆိုလည်း နှစ်တွေကြာလှပြီလေ။ သူတို့ကိုလည်းလွတ်စေချင်ပါတယ်”ဟု ဦးဖေစိန်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသာနှစ်ဦးနှင့် အတူ မူဆယ် (၁၀၅) မိုင်ဂိတ် အရေးအခင်းကြောင့် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ပေးခံထားရသော ထောက်လှမ်းရေးတပ်မှ ဗိုလ်ကြီး တင့်ဆွေလည်း ပြန်လည်လွတ်မြောက်လာကြောင်း ခေတ်ပြိုင်က စုံစမ်းသိရှိရသည်။


(အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံနားဆင်ရန်)

မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံကူးလက်မှတ် အဖျက်ခံရ

၂၃ ဖေဖော်ဝါရီ ၂၀၀၉

အင်ဂျင်နီယာ ဘီအီးဘွဲ့ရသူများအပါအ၀င် စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းပြေးအဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများတွင် သွာရောက် အလုပ်လုပ်ကိုင်နေသူများအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီး ဦးအောင်သောင်းက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် စက်မှု (၁) ၀န်ထမ်းများအား ချက်ခြင်း အရေးယူဆောင်ရွက်ရန်နှင့် ၄င်းတို့အား ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်နေ့စွဲ၊ ၀န်ထမ်းပြေးဖြစ်ရသည့် ပြစ်ဒဏ်များကို စုံစမ်းဖော်ထုတ်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီးဦးအောင်သောင်းက ညွှန်ကြားထားခြင်းဖြစ်ကြောင်း နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

“စက်မှု (၁) ၀န်ထမ်းများကို ခံစားခွင့်မယူဘဲ အလုပ်ကနေ နှုတ်ထွက်ခွင့်မပေးဘူး။ နှုတ်ထွက်ချင်တယ်ဆိုရင် လျော်ကြေးငွေ သိန်း (၄၀-၅၀) ထိ ပေးရမယ်ဆိုပြီး ညစ်ထားတယ်ဗျာ။ နောက် ၀န်ကြီးဦးအောင်သောင်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အင်ဂျင်နီယာ ဘီအီးဘွဲ့ရ အရာရှိတွေ ၀န်ထမ်းပြေးအဖြစ်ခံပြီး အလုပ်ခွင်ကို ပြန်မလာတာ ပါဘဲ။ ဒါကြောင့် ဒီကြေငြာချက်ထုတ်ပြီး ၀န်ကြီးဦးအောင်သောင်းက ဒုက္ခပေးဖို့ ကြံစည်တယ်လို့ပဲ မြင်ကြတယ်” ဟု အမည်မဖော်လိုသည့် စက်မှု (၁) ၀န်ထမ်းတဦးက ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျောက်ဆည် အပ်ချုပ်စက်ရုံမှ မဟာအင်ဂျင်နီယာဘွဲ့ရ ဦးရဲထွန်းဆိုလျင် ၀န်ထမ်းဘ၀မှ ထွက်ခွင့်မရသည့်အတွက် အလုပ်ခွင်သို့ ပြန်မလာတော့ဘဲ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသဖြင့် ဦးရဲထွန်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပေးရန် စင်ကာပူ မြန်မာသံရုံးသို့ ၀န်ကြီးဦးအောင်သောင်းက အကြောင်းကြားခဲ့သလို လိုအပ်သလို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနကိုပါ စာဖြင့် အကြောင်းကြားခဲ့သည်ဟု စုံစမ်းသိရသည်။

အလားတူပင် မကွေး ဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေး ဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၉ နှစ်ဆန်းပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု- ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အလုပ်မှ ထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင် ၀က်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေး ငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။



REF: ခေတ်ပြိုင်

Read More...

Monday, February 23, 2009

နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဒေါက်တာ ဇော်မြင့်မောင် လွတ်မြောက်

22 February 2009

မြန်မာနိုင်ငံ မှာ အကျဉ်းသားပေါင်း ၆,၃၀၀ ကျော် ကို လွှတ်လိုက်တဲ့အထဲမှာ အမရပူရ လွှတ်တော် အမတ် ဒေါက်တာဇော်မြင့်မောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ယောက်ကျော် ပါဝင်ခဲ့တယ် လို့ အခုထိ သိရှိထားပါတယ်။ ယခင်တစ်ခေါက် အကျဉ်းသား ၉,၀၀၀ ကျော် လွှတ်တုန်းကတော့ နိုင်ငံရေး အကျဉ်းသား ၆ ယောက်ပါဝင်ခဲ့ပါတယ်။ အစိုးရ က နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် လွှတ်လိမ့်မလဲ ဆိုတာ ကို ကမ္ဘာ က စောင့်ကြည့်နေကြပါတယ်။ ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ရွေးကောက်ခံရတဲ့ အမတ်တွေ ထဲမှာ ၁၉၉၀ ခုနှစ်ကတည်း က နှစ်ပေါင်း ၁၈ နှစ်ကျော် တောက်လျှောက် အကျဉ်းသက်တမ်း အရှည်ဆုံး အမတ် အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ကို စစ်အစိုးရ က လွှတ်ပေးလိုက်ပါပြီ။

ဒေါက်တာဇော်မြင့်မောင် ကို ပြည်ပမှာ စင်ပြိုင် အစိုးရဖွဲ့ဖို့ ကြိုးစားရာမှာ ဦးဆောင် သူ တစ်ယောက်အဖြစ် စစ်အစိုးရ က သတ်မှတ်ပြီး၊ ထောင်ဒဏ်၂၅ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထောင်တွင်း လူ့အခွင့်အရေး အခြေအနေတွေ ကို ရေးသားခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇို ယိုကိုဒါ ဆီ ကို ပေးပို့ရာမှာ ပါဝင်ခဲ့တယ်လို့ ထပ်မံ စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံထားရတာပါ။

ဒေါက်တာဇော်မြင့်မောင် လွတ်လာတာ နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေ က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“တကယ်လွတ်သွားပြီ။ ၄ နာရီ ခွဲလောက်ကျတော့ သတင်းတွေက ကြားနေပေမယ့် ၃ နာရီ ကျော်ကျော်လောက်ကျတော့ ထောင်ပြင်ကို ထုတ်နေပြီ။ ကားစီစဉ်ထားတယ်ဆိုတာ သိပေမယ့် အန်တီတို့က တရားဝင် ဖြစ်အောင်လို့ပေါ့နော်၊ ထောင်ကို ဖုံးဆက်မေးကြည့်လိုက်တော့ အဲဒီ ၄ နာရီခွဲလောက်ကျတော့ ထောင်ကနေပြီးတော့ - ဟုတ်ကဲ့၊ လွတ်သွားပါပြီလို့ ပြောလိုက်တယ်။ ဘယ်မှာထားလဲ ဆိုတာကိုတော့ သူတို့က မပြောဘူးလေ။ ဖုန်းကို ချပစ်လိုက်တယ်။ အဲဒါနဲ့ ဘယ် ဆက်ရမှန်းတော့မသိဘူးပေါ့နော်။ ဘယ်ရောက်နေမှန်းလဲ မသိဘူး။ အဲဒီအချိန်မှာ မိုးညင်း က ဦးရွှေစိန် ကလည်း ပါတယ်။ သူ့သမီးလေးကနေပြီးမှ ဆက်တာ။ အဖေ တို့တဲ့ ဟင်္သာ တည်းခိုခန်း၊ မြစ်ကြီးနားမှာ ရောက်နေတယ်တဲ့။ သူနဲ့ အဖေနဲ့ စကားပြောပြီးပြီပေါ့။ ဦးဇော် လည်းပါတယ်ဆိုတာနဲ့။ ကျမတို့က အဲဒီ ဟင်္သာတည်းခိုခန်းကို ဆက်လိုက်တော့ အဲဒီ ဦးဇော်နဲ့ တွေ့ရတယ်ရှင့်။ လောလောဆယ်တော့ သူ နေကောင်းပါတယ် ဆိုတဲ့အကြောင်းပေါ့နော်။ မနက်ဖြန်ကို သူတို့ မီးရထားနဲ့ပဲ စီစဉ်ပေးလိမ့်မယ် ထင်တယ်ပေါ့လေ။ အဲဒီလိုပဲ ပြောပါတယ်။ အခုတော့ အက်စ်ပီ က ဆိုလားပဲ ခဏ ဆိုပြီးတော့ ခေါ်သွားတယ်တဲ့။ ကျမတို့ကတော့ မျှော်လင့်ထားတဲ့နေ့ ရောက်လာတာပေါ့နော်။ အဲဒါအတွက် ၀မ်းသာတာပါပဲ။ ဒါပါပဲ။”

အခုလို လွှတ်လိုက်တဲ့ အထဲ မှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှယောက်ပါဝင်မယ် ဆိုတာ ကို အမေရိကန် နိုင်ငံ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ကို စဉ်းစားကြမယ့်သူတွေကလည်း စောင့်ကြည့်နေကြမှာပါ။ အာရှ နိုင်ငံ ခရီးအတွင်း မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန် က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ရဲ့ မူဝါဒ ကို ပြန်လည် သုံးသပ်မယ်လို့ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံ မှာ အပြုသဘော ပြောင်းလာအောင် ဘယ်လို အကောင်းဆုံး ဆောင်ရွက်နိုင်မလဲ” ဆိုတဲ့ စိတ်ကူး အယူအဆတွေ ကို အမေရိကန် နိုင်ငံ ဟာ ဒေသတွင်း နိုင်ငံတွေ နဲ့ နီးနီးကပ်ကပ် လုပ်ဖို့ စီစဉ်ထားပါတယ်လို့ မစ္စကလင်တန် က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ် အယ်ဒီတာကတော့ “မူဝါဒ ပြန်လည် သုံးသပ်ရာမှာ အစစ်အမှန် လက်တွေ့ကျဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လာသူတွေ ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ ကတော့ ၀မ်းသာနေကြပါတယ်။ ခရမ်းမြို့နယ် အမတ် ဦးကျော်သွင် ဟာ ဒေါက်တာ ဇော်မြင့်မောင် နဲ့ တိုက်ထဲမှာ အတူနေခဲ့တဲ့ သူ ပါ။

“ကျနော်က ကိုကြီးဇော်လို့ အမြတ်တနိုး ချစ်ချစ်ခင်ခင်နဲ့ ခေါ်ရတဲ့ အစ်ကိုကြီးတယောက် ဒီနေ့ပဲ လွတ်လာတာကို ကျနော် သိရတဲ့အခါမှာ မျက်ရည် လည်လောက်အောင်၊ မျက်ရည်ကျလောက်အောင် ကျနော် ၀မ်းသာပါတယ်။”

ဦးကျော်သွင် လို နိုင်ငံရေး အကျဉ်းသားတွေ ရဲ့ မိသားစုတွေ နဲ့ မိတ်ဆွေတွေသာ မကပါဘူး။ ကုလသမဂ္ဂ ကလည်း မစ္စတာ ဂမ်ဘာရီ ဟာ လက်ချည်းဗလာ ပြန်လာခဲ့ရတယ်လို့ မီဒီယာတွေ က အရေးခံနေရတဲ့ ကုလသမဂ္ဂ ကလည်း အခုလို လွှတ်လိုက်တဲ့ အကျဉ်းသားတွေ ထဲ မှာ နိုင်ငံရေး အကျဉ်းသမား ဘယ် နှယောက် ပါမလဲ စောင့်ကြည့်နေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာလည်း မြန်မာနိုင်ငံ ကို သွားရောက်ဖို့ ဖိအား အပေးခံနေရပါတယ်။

ဒါပေမဲ့ အဲဒီလို သွားဖို့ ဆိုရင်၊ မြန်မာ စစ်အစိုးရ က လာမယ့် လတွေ မှာ လာထိုက်ကြောင်း အချက်ပြဖို့ လိုလိမ့်မယ်လို့ မစ္စတာ ဂမ်ဘာရီ က သတင်းထောက်တွေ ကို ပြောပါတယ်။ “အခုလို အကျဉ်းသမားတွေ ကို လွှတ်လိုက်တာ အထူးသဖြင့် နိုင်ငံရေး အကျဉ်းမားတွေ ကို လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်။

အဲဒီလို ကြိုဆိုတာ ဟာလည်း မျှတရာရောက်တယ်လို့ ကျွန်တော်ယူဆပါတယ်။” လို့ အိန္ဒိယ နိုင်ငံ မှာ ထုတ်ဝေတဲ့ The Hindu သတင်းစာ ကို မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။ လွှတ်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား က ၁၀ ယောက်ကျော်ပဲ သိရပါသေးတယ်။ နိုင်ငံရေး အကျဉ်းသမား လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်လို့ ပြောရာမှာတောင် အဲသလို ကြိုဆိုတာ က မျှတပါတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကတောင် ဆင်ခြေပေးနေရရှာတဲ့ အဖြစ် ဖြစ်နေပါတယ်။



REF: ဗွီအိုအေ

Read More...

မြန်မာနိုင်ငံသို့ ဘန်ကီမွန်း သွားရောက်ရန် တောင်းဆိုမှုများ မြင့်တက်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်း( သတင်း အထောက်အကူပြု ဓါတ်ပုံ - ဂူးဂဲလ် )

မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း ကိုယ်တိုင် သွားရောက် သင့်ပြီဆိုသည့် နိုင်ငံတကာ ဖိအားပေး တောင်းဆို နေမှုများသည်အမြင့်မားဆုံး အခြေအနေ အထိ ရောက်ရှိ လာပြီဖြစ်သည်။

မစ္စတာ ကွင်တာနာ ဦးဆောင်သော ကုလသမဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ ပြီးနောက် မြန်မာ စစ်အစိုးရ၏ အာဏာ လက်ဝါးကြီးအုပ်မှု နှင့် လူ့အခွင့်အရေး ချိုးဖောက် နေမှုများအား ပိုမို သိရှိလာခဲ့ပြီး ဘန်ကီမွန်း ကိုယ်တိုင် မြန်မာ့အရေးကို ဆောင်ရွက်သင့်ပြီဟု ကမ္ဘာ့ နိုင်ငံများမှ အစိုးရများက တောင်းဆို လာကြသည်။

အထူးသဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရား ချုပ်နှောင်ထားမှုမှ ပြန်လွှတ်ပေးရန် အဓိကထား ပြောဆိုလာကြပြီး၊ အခြားသော နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် ဘန်ကီမွန်း ကိုယ်တိုင် အားထုတ် သင့်ကြောင်း အနောက်နိုင်ငံများက ဖိအားပေး တောင်းဆို လာကြသည်။

ဘန်ကီမွန်း ကမူ ၎င်းအနေနှင့် မြန်မာနိုင်ငံသို့ သွားရောက်ရန် အစီအစဉ် ရှိပါကြောင်း ပြောကြား ထားသော်လည်း မည်သည့် နေ့ရက်တွင် သွားရောက်မည် ဆိုသည်ကို အတိအကျ ပြောကြားခြင်း မရှိသေးကြောင်း သိရှိရသည်။

REF: လူထုအသံ

Read More...

အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ညနေတွင် စတင်လွှတ်

Saturday, 21 February 2009

စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ ညနေပိုင်းတွင် စတင်၍ ပြန်လွှတ်ပေးကြောင်းသိရသည်။

ယနေ့ ပြန်လွတ်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ ပါဝင်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။

“အခုလေးတင်ပဲ သူအပါအ၀င် ကားပေါ်မှာ ၁၁ ဦးလို့ ကားပေါ်ကနေ ဦးသက်ဝေ လှမ်းအော်ပြောသွားတယ်”ဟု အင်းစိန် ထောင်ဝန်ထမ်းတဦးက ပြောသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း“ဦးသက်ဝေနဲ့ အမှုတတွဲတည်းက လူတွေအားလုံးလွတ် တယ်လို့ကြားတယ်၊ ဒီနေ့ အင်းစိန်ထောင်က လူ ၄၀ ၀န်းကျင်လောက် ထွက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသက်ဝေကို ၂၀၀၈ ခု စက်တင်ဘာလအတွင်းက ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနှင့် ရန်ကုန်တိုင်း ပန်းပဲတန်း မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးသက်ဝေ အသက်(၅၄)နှစ်သည် လောင်စာဆီဈေးနှုန်းကျဆင်းရေး တကိုယ်တော်ဆန္ဒပြသောကြောင့် နိုင်ငံရေး မှုဖြင့်ထိန်းသိမ်းခံရသည့် ဦးအုန်းသန်း၏ ကျောက်တံတားတရားရုံးတွင်ရုံးထုတ်ရာသို့ ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၉ ရက် နေ့ က သွားရောက်တွေ့ဆုံရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO သို့ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနှင့် ပတ်သက်ပြီး မြို့နယ်အသီးသီးမှ တိုင်ကြားသောစာများ သိမ်းဆည်းထားသည့် ကွန်ပျူ တာသုံး Memory stick တခုကို ၎င်းထံတွင် ရဲက လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်း ရဲစခန်းတွင် တရားစွဲ အရေး ယူခံခဲ့ရခြင်းဖြစ်သည်။

ဦးသက်ဝေသည် ၁၉၉၈ ခုနှစ် ပြည်သူ့လွတ်တော်ရေးခေါ်ယူရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၉ ခုနှစ် ၉ လေး လုံးလှုပ်ရှားမှုဖြစ်တကြိမ်၊ ၂၀၀၃ခုနှစ်လူငယ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှုနှင့်တကြိမ်၊ ၂၀၀၄ခုနှစ် တကိုယ်တော် ဦးအုန်း သန်း ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှုနှင့် ထောင်ဒဏ် ၂ နှစ် တကြိမ်၊ ၂၀၀၇ခုနှစ်စက်တင်ဘာ အရေးအခင်း မှာ တကြိမ် ၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီနှင့်မေလထဲတွင် တကြိမ် အာဏာပိုင်များ၏ အကြိမ်ကြိမ်ဖမ်းဆီးအရေးယူ ခံခဲ့ရ သူဖြစ်သည်။

မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အန်အယ်လ်ဒီ မန္တလေးတိုင်း အမရပူရ မြို့နယ်အမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အန်အယ်လ်ဒီ ကချင်ပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဖေသိန်းတို့ ပြန်လွတ်သည်ဟု သတင်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ထို့သို့ အကျဉ်းသားများ လွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ်အစိုးရသတင်းစာများတွင် လူသားချင်း စာနာ ထောက်ထားမှုအပါအ၀င် အကျဉ်းသားများ၏ မိသားစုများကို ငဲ့ညှာသည့်အနေနှင့်လည်းးကောင်း၊၂၀၁၀ ပြည့်နှစ် အတွင်းကျင်းပမည့် တရားမျှတသော ရွေးကောက်ပွဲများတွင်လည်း အများပြည်သူတို့နှင့်အတူ၊ နိုင်ငံတော်အကျိုး ကို ထမ်းရွက်သွားနိုင်ကြစေရန်အတွက် လည်းကောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံသား အကျဉ်း သား အကျဉ်းသူ ၆၃၁၃ ဦးတို့အား ပြစ်ဒဏ်ကျခံနေရ ခြင်းမှ ရပ်စဲ၍ လွမ်းငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံသို့ လူ့အခွင့်အရေး အခြေအနေများ စုံစမ်းရန် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၉ ရက်အထိ လာရောက် သော ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာ ပြန်သွား ပြီး နောက် ၁ ရက်အကြာ၌ စစ်အစိုးရက အကျဉ်းသားများလွှတ်ပေးမည်ဟု ကြေညာခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဤသို့စတင်၍ ပြန်လွှတ်ပေးခြင်းဖြစ်သည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

အပေါ်သို့