Tuesday, March 24, 2009

မြန်မာခရီးစဉ်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာကိစ္စ ပြောဆို

Monday, 23 March 2009

မြန်မာနိုင်ငံသို့ ၂ ရက်တာ အလည်အပတ်သွားရောက် ခဲ့သော ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသော ရိုဟင်ဂျာများ အရေး ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ပြောဆိုခဲ့သည်။

Kasit Piromya က မြန်မာနိုင်ငံခြားရေး ဝန်ကြီးဦးဥာဏ်ဝင်းနှင့် ရန်ကုန်မြို့၌ ၁ နာရီအကြာ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံ ရနောင်းဒေသသို့ ရိုဟင်ဂျာ စကား နားလည်သော သံရုံးဝန်ထမ်းများကို စေလွှတ်ကာ ပိုမို ထိရောက်သော နည်းဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ထိုင်းအစိုးရသည် ရနောင်းဒေသအတွင်း တရားမဝင်ရောက်ရှိလာသဖြင့် ဖမ်းဆီး ထိန်းသိမ်း ထားသော ရိုဟင်ဂျာ ၇၈ ဦးအား နေရပ်ရင်းဒေသသို့ ပြန်လည် ပို့ဆောင်ရန် စောင့်ဆိုင်းနေသည်ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း မြန်မာအစိုးရက ၎င်းရိုဟင်ဂျာများမှာ မြန်မာပြည်မှ ထွက်လာခြင်း မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်လာခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ရိုဟင်ဂျာအရေး ကျွမ်းကျင်သူ တဦးဖြစ်သည့် ခရစ္စလျူဝါ က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတို့ကို မြန်မာနိုင်ငံတွင်း ပြန်လည် ပို့ဆောင်မည် ဆိုပါက ထိုသူတို့မှာ ထောင် ၅ နှစ်နှင့်အထက် ကျခံရဖွယ်ရှိသည်ဟု ဆိုသည်။

မြန်မာပြည်တွင် ၁၉၄၇ ခုနှစ်က ထုတ်ပြန်ခဲ့သော တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် ဥပဒေအရ ရခိုင်ဒေသရှိ ရိုဟင်ဂျာ မြောက်များစွာတို့မှာ ယခင်ကတည်းက ထောင်ချခံခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ယခင်အပတ်ကလည်း ရခိုင်ဒေသရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသတွင် မြန်မာ စစ်အစိုးရက သံဆူးကြိုး မီတာ ၂၀၀ ခန့်ခတ်ခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှာ ရေပိုင်နက်ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြပြီး ယခုထိလည်း နှစ်နိုင်ငံ တင်းမာမှုမှာ ပြေလည်မှု မရရှိသေးပေ။

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အကြီးအကဲ အန်တိုနီယို ဂတ်တ္တာရီးစ်က ယခုလဆန်းပိုင်းတွင် ရခိုင်ဒေသသို့ သွားရောက်ကာ ရိုဟင်ဂျာနှင့်ပတ်သက်သည့် အချက်အလက်များကို သွားရောက်ရှာဖွေခဲ့သည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းသည် ယခင်လက ကျင်းပခဲ့သော အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ရိုဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲတွင် မပါဝင်သည့်အတွက် “ဘင်္ဂါလီ” ဟုသာ ခေါ်သင့်ကြောင်း ပြောခဲ့သည်။

၂၀၀၈ နှစ်ကုန်ပိုင်းတွင် ရိုဟင်ဂျာအမြောက်အမြားသည် လှေများဖြင့် အက်ဒမန် ပင်လယ်ကိုဖြတ်ကျော်ကာ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ရာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ရိုဟင်ဂျာဦးရေမှာ ထောင်ကျော်ခန့် ရှိသည်။

၎င်းရိုဟင်ဂျာများသည် မြန်မာပြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံစလုံးမှ ထွက်လာခဲ့ကြသူများဖြစ်ပြီး ၎င်းတို့၏ နေရပ်ရင်း ဒေသကို မည်သူတဦးတယောက်ကမျှ အမှန်ပြောနိုင်ခြင်း မရှိပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည် ခရီးစဉ်မှာ ယနေ့နောက်ဆုံးဖြစ်ပြီး ၎င်းက နာဂစ်ဆိုင်ကလုန်း ဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသ ညောင်ဝေရွာရှိ ဘုရားကျောင်းကန်များကို ပြန်လည် ပြုပြင်ရန် ဘတ်ငွေ ၂ သန်း (ကျပ် သန်း ၇၀ ခန့်) လှူဒါန်းခဲ့သည်ဟု ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် စတင်

မုံပီး

တနင်္လာနေ့၊ မတ်လ 23 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်းသည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ်ကို ယမန်နေ့က စတင်လိုက်သည်။

ခရီးစဉ်အတွင်း မကြာခဏဆိုသလို ထိုင်းကမ်းခြေ ဒေသများသို့ ရောက်လာသော တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအရေး ဆွေးနွေးသွားမည်ဟု စနေနေ့က ထုတ်ပြန်ခဲ့သော တရားဝင် ကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ ကဆစ် (Kasit Piromya) သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့်တွေ့ဆုံ၍၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုလည်း တွေ့မည်ဟု ကြေညာချက်တွင် ဆိုထားသည်။

မြားမြောင်လှသော နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးများအပြင် ရိုဟင်ဂျာမူဆင်လင် လူနည်းစု ကိစ္စကိုလည်း သူက ဆွေးနွေးမည်။ ရိုဟင်ဂျာများသည် စစ်အစိုးရ၏ အလွန် ပြင်းထန်ဆိုးရွားသော နှိပ်စက်ညှဉ်းပန်းမှုများကို ခံရသည်ဟုဆိုကာ ထိုင်းနိုင်ငံသို့ မကြာခဏ ထွက်ပြေးလာကြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်၍ ထိုင်းအာဏာပိုင်များက အနည်းဆုံး ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ၁ဝဝဝ ကို ကြားဖြတ် တားဆီး ဖမ်းဆီးခဲ့ရသည်။

ထိုင်းအာဏာပိုင်များသည် အဆိုပါ လှေစီးပြေးဒုက္ခသည်များ၏ လှေမှအင်ဂျင်စက်များကို ဖျက်ဆီးခြင်း၊ အစားအစာနှင့် ရေ အနည်းငယ်သာပေးကာ ပင်လယ်ပြင်ထဲသို့ ဆွဲယူစွန့်ပစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

ထိုင်းအစိုးရကမူ လှေစီးပြေးဒုက္ခသည်များကို ဆိုးရွားစွာ ပြုမူဆက်ဆံခဲ့သည်ဟူသော စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး၊ သူတို့ကို ဥပဒေအရ ပင်လယ်ထဲသို့ ပြန်မောင်းပို့ခဲ့သည်ဆိုသည်ကိုမူ ဝန်ခံပြောကြားခဲ့သည်။

ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ ပြဿနာသည် ဒေသတွင်း အာရုံစိုက်စရာ၊ စိတ်ဝင်စားစရာ ပြဿနာတရပ်ဖြစ်ခဲ့ပြီး အခြား လှေစီးပြေး ဒုက္ခသည်များကိုလည်း အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုများ၏ ကမ်းခြေများနှင့် အင်ဒိုနီးရှား အာချေပြည်နယ်တို့တွင် ကယ်တင်ခဲ့ကြရသည်။

မစ္စတာ ကဆစ်သည် ၁၄ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားခဲ့ချက်အရ မြန်မာနိုင်ငံသို့ လည်ပတ်ခြင်းဖြစ်သည်။

အာဆီယံ အစည်းအဝေးအတွင်း ရိုဟင်ဂျာ ရွှေ့ပြောင်း ဒုက္ခသည်များ ကိစ္စကို အလွတ်သဘော ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်း ဆွေးနွေးပွဲတွင် ‘ဘာလီနည်းစဉ်’ ဟု အမည်တပ်ကာ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေးတွင် ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူနည်းစု လူမျိုးဟူ၍ မရှိကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံတွင် မွေးဖွားကြောင်း သက်သေပြနိုင်သူ လှေစီးပြေး ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ဆန္ဒရှိသည်ဟု ပြောဆိုခဲ့သည်။

မစ္စတာ ကဆစ်သည် သူ၏ ခရီးစဉ်အတွင်း ‘တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ကိစ္စနှင့် လူမှောင်ခိုမှု ဆန့်ကျင် တားဆီးရေး ကိစ္စများ’ အပါအဝင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးမည်။

“ထို့ပြင် နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာဘက်မှ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဘင်္ဂါလီ၊ ရိုဟင်ဂျာ ပြဿနာကိုလည်း မြန်မာခေါင်းဆောင်များနှင့် တိုင်ပင် ဆွေးနွေးသွားမည်” ဟု ကြေညာချက်တွင် ဆိုထားသည်။

ထိုင်းသည် မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ဘတ်သန်းပေါင်း ၁၄၄၂၉၁ သန်း (အမေရိကန်ဒေါ်လာ ၄၈ဝ၉ သန်း) ရှိသည်။

ထိုင်းနိုင်ငံသို့ မြန်မာဘက်မှ အဓိက တင်ပို့သော ပို့ကုန်အမယ်များမှာ သဘာဝဓာတ်ငွေ့၊ သစ်နှင့် သစ်ခွဲသားများ၊ သတ္တုရိုင်းနှင့် သံတိုသံစများ၊ သံနှင့် သံမဏိ၊ ကျောက်မီးသွေးတို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပို့ကုန်မှာ တိရစ္ဆာန်အဆီနှင့် ဟင်းသီးဟင်းရွက်ဆီများ၊ ဓာတုပစ္စည်းများ၊ သံနှင့် သံမဏိ၊ ပလပ်စတစ်ကော်စေ့တို့ ဖြစ်ကြသည်။



REF: မဇ္ဈိမ

Read More...

ခွန်ဆာ့အမျိုး မူးယစ်ဆေးဝါး ဂိုဏ်းဝင်များ အဖမ်းခံရ

ဥဆာ ဖိချိုင်း

တနင်္လာနေ့၊ မတ်လ 23 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ၆ လအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသ၌ မူးယစ်ဆေးဝါး ပြဿနာ လျော့ကျစေရမည်ဟု ထိုင်း အစိုးရက ကတိပြုခဲ့ပြီးနောက် အလွန်ကြီးမားသော မူးယစ်ဆေးဝါးဂိုဏ်များ၏ အဖွဲ့ဝင်များကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးလိုက်သည်။

ထိုင်းတရားရေးဝန်ကြီး ပီရာပင်ဆာလီရာသာဝိဘာဂါ (Pirapan Salirathavibhaga) နှင့် အခြား ဆက်စပ်နေသော အာဏာပိုင်များက လွန်ခဲ့သော သောကြာနေ့က ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး၊ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ (DEA) ၏ သတင်းပေးချက်အရ အဓိက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများဟု မသင်္ကာသူ ထိုင်းလူမျိုး ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး ဂိုဏ်းဝင်များမှာ ကွယ်လွန်သူ နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်ကြီး ခွန်ဆာနှင့် ဆက်စပ် ပတ်သက်နေသူများ ဖြစ်သည်။

မသင်္ကာသူများမှာ ပီရာယွတ်ဖက်ဆာကိုလ် (Peerayuth Phetsakol) ၊ ချမ်းနာရောင်းမူဆာ (Charn-narong Muser) ခေါ် ကာဆင်သက် (Kasemthat) ၊ ဗီချမ်းဆူထီးဖန် (Vicharn Suthiphan) တို့ဖြစ်သည်ဟု အထူး စုံစမ်းစစ်ရေးဌာန (DSI) မှ ဒုတိယအတွင်းရေးမှူးချုပ် ရဲဗိုလ်မှူးကြီး ဒူဆာဒီးအရာယာဝတ် (Dusadee Arayawut) က ဆိုသည်။

တာဝန်ရှိသူများသည် သူတို့ထံမှ ဘတ် သန်း ၁၂ဝ (အမေရိကန်ဒေါ်လာ ၃ ဒဿမ ၄ သန်း) တန်ဖိုးရှိ ပိုင်ဆိုင်ပစ္စည်းများနှင့် ရိုင်ဖယ် ၂ လက်တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေး ဌာန (DSI) ၏ ထုတ်ပြန်ကြေညာချက်အရ အမေရိကန် DEA က သူတို့ဌာနကို မူးယစ်ဆေးဝါးဂိုဏ်းနှင့် ငွေမဲခဝါချခြင်း လုပ်ငန်းများကို စုံစမ်းစစ်ဆေးပါရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

“ဤအဖွဲ့တွင် မူးယစ်ဆေးဝါး ထုတ်လုပ်သော စက်ရုံတရုံ ဗမာပြည်အတွင်း ထိုင်းနယ်စပ်အနီးမှာ ရှိသည်။ ဤစက်ရုံကို ဝတပ်ဖွဲ့ (UWSA) က အကာအကွယ် ပေးထားပြီး ဘိန်းဖြူနှင့် မက်တာအင်ဖက်တမင်း ဆေးပြားများ ထုတ်လုပ်နေသည်။

ဤမူးယစ်ဆေးဝါးများကို ထိုင်း၊ တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တွင် ရောင်းချရန် မှောင်ခိုသယ်ယူကြသည်။ အဲဒီကနေတဆင့် နောက်ပိုင်းတွင် ဖိလိပိုင်၊ ကနေဒါနဲ့ အမေရိကန်ကို တင်ပို့ကြသည်။ ဤအဖွဲ့သည် ကွယ်လွန်သူ ခွန်ဆာနဲ့လည်း ဆက်စပ်နေသည်” ဟု ကြေညာချက်တွင် ဆက်လက် ရေးသား ဖော်ပြထားသည်။

ဆူထီးဖန်နှင့် မူဆာတို့မှာ ခွန်ဆာနှင့် ဆွေမျိုးတော်စပ်ကြသူများလည်း ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

သူတို့၏ ဖခင်များသည် လွန်ခဲ့သော ၁၉ နှစ်က မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုဖြင့် အဖမ်းခံခဲ့ကြရပြီး၊ ယခုအခါ သူတို့၏ ထောင်ဒဏ်များကို ဆိုင်းငံ့ထားသည်။

ဘိန်းဘုရင် ခွန်ဆာ ခေါ် ချန်ချီဖူးသည် မြန်မာအာဏာပိုင်များထံ ၁၉၉၆ ခုနှစ်က လက်နက်ချခဲ့ပြီး၊ ၂ဝဝ၇ ခုနှစ်က ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့သည်။

ချင်းရိုင်မြို့ရှိ အိမ်တအိမ်တွင် ဖမ်းဆီးရမိခဲ့သော ဖက်ဆာကိုးလ် (Phetsakol) က သူသည် ၂ဝဝ၇ ခုနှစ်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်ရေးလုပ်ငန်းတွင် ပါဝင် ပတ်သက်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး ကီလိုဂရမ် ၇၅ဝ ကျော် ရောင်းချပြီးဖြစ်ကြောင်း ဖြောင့်ချက်ပေးခဲ့သည်။

မူဆာနှင့် ဆူထီးဖန်တို့ကိုမူ ချင်းမိုင်နှင့် ဘန်ကောက်မြို့တို့တွင် အသီးသီး ဖမ်းဆီးရမိခဲ့သည်။ ထိုင်းအာဏာပိုင်များက ဤမူးယစ်ဂိုဏ်းများမှ အခြားအဖွဲ့ဝင်များကိုပါ စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်နေသည်။

ဘန်ကောက်ရှီနဗ ရုံး၏ ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အင်ဒရူးကယ်လမ် (Andrew Kellum) က ပြောကြားရာတွင် ဤဂိုဏ်းရှိ အချို့အဖွဲ့ဝင်များသည် ယခင်ကလည်း အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါးအမှု ရာဇဝင်ရှိခဲ့သူများဖြစ်ပြီး၊ သူတို့အား ဖမ်းဆီးခဲ့ကာ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

သူတို့သည် မိသားစု အဖွဲ့ဝင်များနှင့်အတူ မူးယစ်ဆေးဝါး လုပ်ငန်းသို့ (DSI) မှ ဖော်ထုတ် ဖမ်းဆီးသည်အထိ ပြန်လည် ဝင်ရောက် လုပ်ကိုင်လာခဲ့ကြသည်ဟု ထိုင်းသတင်းအေဂျင်စီ၏ စနေနေ့က သတင်းပေးပို့ချက်အရ သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံမြောက်ပိုင်း နယ်စပ်နှင့် အဓိက လမ်းမကြီးများတလျှောက် စောင့်ကြပ်ကြည့်ရှုမှုများ ပိုမို ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအတွင်းပိုင်း ဒေသများသို့ မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ယူ ရောင်းချခြင်းများကို တားဆီးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ အကြံပေး ချတ်ချိုင်းဆူထိးကလုမ် (Chartchai Sutthiklom) က ပြောသည်။



REF: မဇ္ဈိမ

Read More...

ဝင်းသူဇာဆိုင်တွေကို ရတနာမန်းကုမ္ပဏီက အေးဂျင့်ယူ

မတ်လ(၂၃) ရက်၊ ၂၀၀၉

စက်မှု (၁) ၀န်ကြီးဌာနအောက်ရှိ ၀င်းသူဇာ အရောင်းဆိုင်များ အရှုံးပေါ်လွန်းသည့်အတွက် ပြင်ပ အရောင်းအေးဂျင့် များကို လွှဲပြောင်းရာ ရတနာမန်းကုမ္ပဏီက အရောင်းအေးဂျင့်တာဝန်ယူလိုက်သည်ဟု စုံစမ်းသိရသည်။

အေးဂျင့်ယူသည့်ဆိုင်များမှာ မြောက်ဒဂုံဝင်းသူဇာဆိုင်၊ မြစ်ကြီးနားဝင်းသူဇာဆိုင်နှင့် ရွှေဝါဆပ်ပြာ သိန်းတရာကျော် ဖိုး အလွဲသုံးစားလုပ်ခဲ့သည့် တောင်ဥက္ကလာ ၀င်းသူဇာဆိုင်တို့ဖြစ်သည်ဟု စက်မှု (၁) မန်နေဂျာတဦးက ပြောသည်။

ဝန်ကြီးဦးအောင်သောင်းက ၀င်းသူဇာဆိုင်များ၏ နေ့စဉ်ရောင်းရငွေကို သိန်းမည်မျှရှိရမည်ဟု သတ်မှတ်ထားရာ သတ်မှတ်ငွေမရသည့် ဆိုင်တာဝန်ခံများ အိတ်စိုက်သွင်းရခြင်း၊ အရောင်းစာရင်းလိမ်ပြရခြင်းတို့ကြောင့် ဆိုင်တာဝန်ခံအချို့ မိမိကိုယ်မိမိ သတ်သေသည်ထိ ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ ၀င်းသူဇာဆိုင်များကို အေးဂျင့်လက်အပ်သည့်အတွက် ဆိုင်ဝန်ထမ်းများ ၀န်ကြီးဖိအားပေးမှု မခံရတော့ သဖြင့် စိတ်ချမ်းသာသွားသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

ဝင်းသူဇာဆိုင်များတွင် ငွေသိန်းပေါင်း (၁၀) ဂဏန်းမှ (၁၀၀) ဂဏန်းထိ ကွာဟမှု မကြာခဏဖြစ်နေသည့်အတွက် အရောင်းဆိုင်တာဝန်ခံများ မိမိကိုယ်မိမိ သတ်သေခြင်း၊ ထွက်ပြေးခြင်းအမှုများ များနေရာ မကြာခင်က တောင်သာ မြို့ ၀င်းသူဇာအရောင်းဆိုင်မှ သိန်း (၃၀) ကျော် ကွာဟမှု ဖြစ်ခဲ့သည်။

တပြည်လုံးရှိ ဝင်းသူဇာအရောင်းဆိုင်များကို အနည်းဆုံး တနေ့ ကျပ်ငွေ (၁) သိန်းကနေ (၂၅) သိန်းထိ ဆိုင်အနေ အထားလိုက် ဝင်ငွေရအောင် ရောင်းရမည်ဟု စက်မှု (၁) ဝန်ကြီးက သတ်မှတ်ထားသည်။

ရန်ကုန်မြို့ရှိ တနေ့ (၂၅) သိန်းအရောင်းပြရမည့် ဝင်းသူဇာဆိုင်များက ဝန်ထမ်းအချို့ဆိုလျှင် တနေ့ဝင်ငွေ မပြည့်သည်ကိုဖြည့်ရန် အပြင်က အတိုးဖြင့် ငွေချေးပြီး ဖြည့်နေရသည်ဟု ၀န်ထမ်းများက ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံကျေးရွာ ဝင်းသူဇာဆိုင်ကို ဒီကေဘီအေအဖွဲ့က ငွေမပေးဘဲ ကြွေးဖြင့် ဝယ်ယူသည်မှာ တလအတွင်း (၂) သိန်းကျော်နေသဖြင့် ဆိုင်ဝန်ထမ်းများ လျော်ရမည်ကို စိုးရိမ်နေသည်ဟု စုံစမ်းသိရသည်။

ရန်ကုန် တောင်ဥက္ကလာပရှိ ဝင်းသူဇာအရောင်းဆိုင်ကြီးမှ ငွေသိန်း (၁၄ဝ) ကျော် ကွာသည့်အတွက် ထွက်ပြေးသူ တာဝန်ခံကို ယခုထိ မမိသေးပေ။

မိတ္တီလာမြို့ ဝင်းသူဇာအရောင်းဆိုင်တာဝန်ခံ လက်ထောက် အထွေထွေမန်နေဂျာဆိုလျှင် တနေ့ (၇) သိန်း ရောင်းငွေပြည့်အောင် မဖြည့်နိုင်သည့်အတွက် မိတ္တီလာကန်ထဲ ခုန်ချသတ်သေသွားသည်ဟု စက်မှု (၁) ၀န်ကြီး ဌာန သတင်းရပ်ကွက်က ပြောသည်။

ရန်ကုန် တာမွေ အခွန်လွတ်ဈေး ဝင်းသူဇာဆိုင်တာဝန်ခံ ဦးမောင်မောင်ညွန့်လည်း စစ်ဆေးရေးအဖွဲ့ လာမည့်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်။

ဘားအံမြို့နယ် တရုတ်လှကျေးရွာရှိ စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ ဝင်းသူဇာအရောင်းဆိုင်တွင် ငွေသိန်း(၄၀) ကျော်ကွာသည့်အတွက် ဆိုင်တာဝန်ခံနှစ်ဦးကို အရေးယူထားရသည်။ ဘားအံမြို့နယ် တရုတ်လှကျေးရွာသည် တချိန်က အတွင်းရေးမှူး (၂) ဒု-ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ်ပျက်ကျသည့် ရွာဖြစ်ပြီး ရွာသားများ ကူညီခဲ့သဖြင့် စက်မှု (၁) ဝန်ကြီးဌာနက ဝင်းသူဇာ အရောင်းဆိုင် ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဝင်းသူဇာအရောင်းဆိုင်များ ငွေကြေးမသမာမှုများ မဖြစ်ရန်အတွက် သက်ဆိုင်ရာ ရယက ဥက္ကဋ္ဌများ၊ ကြံ့ဖွံ့အဖွဲ့ဝင်များက ဝိုင်းစောင့်ရှောက်ရမည်ဆိုပြီး စက်မှု (၁) ဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ခဲ့သော်လည်း မအောင်မြင်ဟု ၀န်ထမ်းတဦးက ပြောသည်။

ဝင်းသူဇာအရောင်းဆိုင်များကို တပြည်လုံး မြို့ကြီးအတော်များများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စက်မှု (၁) ဝန်ကြီးဌာန ထွက်ကုန်စည်များ ရောင်းချခြင်းဖြစ်သည်။ နိုင်ငံရေး ရည်မှန်းချက်၊ စီးပွားရေးရည်မှန်းချက်၊ အုပ်ချုပ် ရေးရည်မှန်းချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း မကြာခဏ ပြောလေ့ ရှိသည်။



REF: ခေတ်ပြိုင်

Read More...

စက်မှု (၁) ၀န်ကြီးဌာနမှ ကြံ့ဖွံ့အမတ်လောင်း (၃) ဦးလျာထား

မတ်လ(၂၃) ရက်၊ ၂၀၀၉


ဝန်ကြီးဌာနပေါင်းစုံမှ ပင်စင်ယူကာနီး အကြီးတန်းအရာရှိများကို ကြံ့ဖွံ့အမတ်လောင်းအဖြစ် လျာထားရာ စက်မှု (၁) ၀န်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး (၃) ဦးပါဝင်သည်ဟု စက်မှု (၁) ၀န်ကြီးရုံး အရာရှိတဦးက ပြောသည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးသိန်းမောင်အား ရခိုင် (ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်၊ ထွေထိန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်အား မလှိုင် (ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်နှင့် စက္ကူဓာတုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်အား မိုးညှင်း(ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျာထားကြောင်း အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ ဦးဆောင်ညွှန်ကြားရေးမှူး (၃) ဦးလုံး စစ်ဘက်အရာရှိများသာဖြစ်ပြီး ပင်စင်သွားတော့မည့်သူများ ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေ မထုတ်ပြန်သေးသဖြင့် ကြံ့ဖွံ့ပါတီကို တရားဝင် နိုင်ငံရေးပါတီ ပြောင်းကြောင်း မကြေညာသေး သော်လည်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေးလုပ်ငန်းများကိုမူ သက်ဆိုင်ရာဝန်ကြီးများက တိုင်းအလိုက် စည်းရုံးရေး ဆင်းနေသည်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်သည်။ သဘောမှာ ရွေးကောက်ပွဲနီးမှ ကပ်ပြီး ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သည့်အခ်ျိန် အခြားပါတီများ စည်းရုံးရေးစရန် ပြင်နေချိန်တွင် ကြံ့ဖွံ့ပါတီက တနိုင်ငံလုံး စည်းရုံးထားပြီး ဖြစ်နေအောင် ကြိုတင်လျှို့ဝှက် အကွက်ရိုက်ထားသည်ဆိုသည့် သဘောဖြစ်သည်ဟုလည်း အဆိုပါအရာရှိက ပြောသည်။

အချို့မြို့နယ် အတော်များများရှိ နယ်မြေခံ ချမ်းသာသည့် ကြံ့ဖွံ့တာဝန်ခံများကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ကြံ့ဖွံ့ပါတီကိုယ်စားလှယ် အရွေးခံနိုင်ရန် မျှော်လင့်ထားရာ ယခုကဲ့သို့ အရွေးခံမည့် ၀န်ကြီးဌာန အကြီးအကဲများနှင့် ထိပ်တိုက်ပြဿနာဖြစ်မည့် အလားအလာများလည်း ရှိနေသည်ဟု နေပြည်တော်ဝန်ကြီးဌာန များကြား ခန့်မှန်းပြောဆိုနေကြသည်။

ကြံ့ဖွံ့ပါတီအတွက် အရွေးခံမည့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များသည် လောလောဆယ် တာဝန်ထမ်းဆောင်နေသည့်အတွက် ၎င်းတို့၏ ဌာနဆိုင်ရာ ငွေကြေးသုံးစွဲခွင့် လုပ်ပိုင်ခွင့်များကို အသုံးချပြီး ကြံ့ဖွံ့အတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အရာရှိတဦးကလည်း ပြောသည်။



REF: ခေတ်ပြိုင်

Read More...

မကြာခင် ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ထိုင်းနိုင်ငံသွားမည်

မတ်လ(၂၃) ရက်၊ ၂၀၀၉


ကနေဒါနိုင်ငံရှိ (ကျုံယွမ်) ဦးကျော်မြင့်ဖွဲ့စည်းထားသော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) သည် ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ခေတ်ပြိုင်နှင့် သီးသန့် ဆက်သွယ်မေးမြန်းရာတွင် ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက ငြင်းဆိုလိုက်သည်။

သို့သော် ဦးသုဝေသည် အဆိုပါပါတီ၏ ဥက္ကဋ္ဌဖြစ်ကြောင်း ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ၏ ၀ဂ်ဆိုက်ဖြစ်သည့် http://udpmyanmar.blogspot.com/ တွင် ဦးသုဝေ၏ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ အဆိုပါ ၀ဂ်ဆိုက်တွင် UDP ပါတီမှ ဦးကျော်မြင့်၏ ရာထူးကို Ex Vice Chairman ဟု ဖော်ပြထားသည်။

ဦးကျော်မြင့်၏ UDP ပါတီနှင့် မပတ်သက်ကြောင်း ဦးသုဝေကငြင်းဆိုသော်လည်း UDP ပါတီက ထုတ်ပြန်ထားသော မူဝါဒသဘောထားနှင့် UDP ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းစာတမ်းများကို ဦးသုဝေကိုယ်တိုင် ရန်ကုန်တွင် ဖြန့်ဝေမှုများ ပြုခဲ့သည်ဟု ရန်ကုန်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။

ထို့ပြင် ရန်ကုန်မြို့မှ ရှေ့နေဦးရဲထွန်းမှတဆင့် ဦးကျော်မြင့်နှင့် အဆက်အသွယ်ရခဲ့ကြောင်း၊ ပါတီဖွဲ့စည်းရေးကိစ္စ များ ဆွေးနွေးခဲ့ကြောင်းကိုမူ ဦးသုဝေက ၀န်ခံပြောဆိုသည်။

ရန်ကုန်ရှေ့နေ ဦးရဲထွန်းနှင့် ကနေဒါနိုင်ငံရောက် ဦးကျော်မြင့်တို့ မည်သို့အဆက်အသွယ်ရခဲ့ကြောင်းကိုမူ ဦးသုဝေက ရှင်းရှင်းလင်းလင်း ပြောဆိုမသွားပေ။ သို့သော် မြန်မာနိုင်ငံတွင် အဆိုပါပါတီ ထောင်သည့်အချိန်၌ ဦးကျော်မြင့်က ငွေကြေးထောက်ပံ့နိုင်ကြောင်း ပြောခဲ့သည်ဟု ဦးသုဝေက ပြောသည်။

လောလောဆယ်တွင်မူ ပါတီဖွဲ့စည်းရေးအတွက် ဦးရဲထွန်းနှင့် ၎င်းတို့ နှစ်ဦးသာ လှုပ်ရှားနေပြီး ပါတီဖွဲ့ဖြစ်ပါက ၀န်ကြီးချုပ်ဟောင်း ဦးနု သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်းသမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးဘဆွေသမီး ဒေါ်နေရီဘဆွေတို့ ပါဝင်မည်ဟုလည်း ဦးသုဝေက အတိအလင်း ပြောဆိုသွားသည်။

ဦးသုဝေသည် ၂၀၀၅ ခုနှစ်မှစပြီး နိုင်ငံကူးလက်မှတ်ထုတ်မပေးရမည့် နာမည်ပျက်စာရင်း အသွင်းခံထားရ သော်လည်း ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) နှင့် ပတ်သက်ကြောင်း သတင်းများထွက်ပေါ်ပြီးမကြာခင် စစ်အစိုးရက ဦးသုဝေအား နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့သည်။ မကြာခင် ထိုင်းနိုင်ငံသို့ ဆေးကုသွားမည်ဟု ဦးသုဝေက ပြောသည်။

ယင်းခရီးစဉ်ကို ဦးရဲထွန်းထံ အသိပေးသွားမည်ဖြစ်ရာ ဦးရဲထွန်း၏ ဆက်သွယ်မှုကြောင့် ဦးကျော်မြင့်နှင့်လည်း တွေ့ဆုံကောင်း တွေ့ဆုံနိုင်သည်ဟု အာဏာပိုင်များက ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးသုဝေက ပြောသည်။

ဦးသုဝေ၏ ဇနီးမှာ ထိုင်းနိုင်ငံသားဖြစ်နေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိ ခေတ်ပြိုင်က မေးမြန်းရာ ရွေးကောက်ခံတဦး မဖြစ်နိုင်သော်လည်း နိုင်ငံအကျိုးအတွက် ဆက်လုပ်သွားမည်ဟု ဦးသုဝေက ပြောသည်။

ဦးသုဝေသည် ယခုရက်ပိုင်းအတွင်း မန္တလေးသို့ရောက်ရှိနေသည်။ ရန်ကုန်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီးတဦးက ပါတီစည်းရုံးရေးအတွက် သွားခြင်းဖြစ်သည်ဟု ပြောသော်လည်း ဦးသုဝေကမူ အလည်အပတ်ကိစ္စလည်းပါကြောင်း မယုတ်မလွန်ပြောကြားခဲ့သည်။


(၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေနှင့် ခေတ်ပြိုင် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် နားဆင်ရန်)



REF: ခေတ်ပြိုင်

Read More...

Monday, March 23, 2009

နာဇီစစ်အကျဉ်းစခန်းအား မျိုးဆက်သစ်ကလေးငယ်များ ထင်မှတ်မှားနေကြ

သတင်းထောက်ကူပြု © holeinthedonut.

ဒုတိယ ကမ္ဘာစစ် အတွင်း ဂျူးလူမျိုးများ ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် သေမင်းတမန် အကျဉ်းစခန်းကြီး အော့စ်ဝစ်ဇ် ၏ အမည်ကို ယခု ခေတ် ကလေးငယ်များ က ဘီယာ တံဆိပ် တစ်ခု (သို့မဟုတ်) ဘာသာရေး ပွဲတော်တစ်ခု (သို့မဟုတ်) ပေါင်မုန့် တစ်မျိုး ၏ အမည်ဟု ထင်မှတ် မှားနေကြောင်း ပညာရှင်များက ပြောကြား လိုက်သည်။

အသက် (၁၁) နှစ်နှင့် (၁၆) နှစ်ကြား ဗြိတိန် ကလေးငယ် (၁၂၀၀) တို့အား မေးမြန်းခဲ့ရာ ၎င်းတို့ သည် အဆိုပါ အမည်မှာ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီ စစ်ဘီလူးတို့ က လူ့ အသက်ပေါင်း (၁.၂) သန်းကျော်ကို အမျိုးဖြုတ်ခဲ့သည့် နေရာမှန်း မသိဘဲ အရောရော အနှောနှော ဖြစ်နေသည်ဟု သိရသည်။ ၎င်းတို့ အနက်မှ (၂၃) ရာခိုင်နှုန်းမှာမူ အော့စ်ဝစ်ဇ် ၏ အမည်ကို ကြားပင် မကြားဖူးပေ။ လန်ဒန်ရှိ ဂျူးယဉ်ကျေးမှု စင်တာက ထုတ်ပြန် ကြေငြာမှု အရ အော့စ်ဝစ်ဇ် သည် ဂျာမနီရှိ နယ်နိမိတ်မြို့တစ်မြို့အဖြစ် ထင်မှတ် နေသူ ကလေးငယ် ဦးရေ (၈) ရာခိုင်နှုန်းရှိပြီး (၂) ရာခိုင်နှုန်းကမူ ဘီယာ တစ်မျိုးဟု အမှတ်မှား နေကြသည်။

(၁)ရာခိုင်နှုန်းက ထိုနာမည်သည် ပေါင်မုန့် တစ်လုံး၏ အမည်ဟု အဖြေ ပေးခဲ့ ကြသည်။ (၁၀) ရာခိုင်နှုန်းက ၎င်းတို့သည် အော့စ်ဝစ်ဇ် ဆိုတာ ဘာမှန်း မသိကြောင်း ၀န်ခံခဲ့ ကြသည်။ ဗြိတိန်ရှိ ကလေးများ သည် သမိုင်းလေ့လာမှု အားနည်း သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ် လာပြီးနောက် ယခု စစ်တမ်း က အဆိုပါ အခြေအနေ ကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း ပညာရှင်များ က ပြောကြား လိုက်သည်။

REF: လူထုအသံ

Read More...

သတင်းပေး ဆုကြေးငွေစနစ် လာဘ်စားမှု ပိုမို ကြီးထွားလာစေနိုင်

ဥဆာ ဖိချိုင်း

သောကြာနေ့၊ မတ်လ 20 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းမိရေးအတွက် သတင်းပေးနိုင်သူများအား ဆုငွေ ပေးမည်ဆိုသော ထိုင်းအစိုးရ၏ တရားဝင် ထုတ်ပြန် ကြေငြာချက်ကို လှုပ်ရှားတက်ကြွသူများက သဘောမတူကြဘဲ ဤစနစ်သည် တိုင်းပြည်၏ တရားမဝင် ရွှေ့ပြောင်းလုပ်သား ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဟု ပြောဆိုလိုက်ကြသည်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဖမ်းမိရေးအတွက် အာဏာပိုင်များကို သတင်းပေးကြရန် ပြည်သူလူထုအား တိုက်တွန်းသည့် ကြေငြာချက်သည် ထိုင်းနှင့်မြန်မာ အတူတကွ နေထိုင်ကြသော အသိုင်းအဝိုင်းအတွင်း စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေကာ အလုပ်သမားများ အကြား၌လည်း စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ်စေလိမ့်မည်ဟု နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (International Rescue Committee) ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး အရာရှိ အဒီဆွန် ကွတ်မုံးခွန်း(Adisorn Kerdmongkol) က မဇ္ဈိမကို ပြောသည်။

“ဤနည်းလမ်းသည် ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ပြဿနာအတွက် တကယ့် အဖြေတရပ် မဟုတ်ဘဲ အကောင်အထည် ဖော်သည့်အဆင့်တွင် လာဘ်စားမှုများကိုသာ ပိုမို ဖြစ်ပေါ်လာစေလိမ့်မည်” ဟု သူကပြောသည်။

ဤထုတ်ဖော်ပြောဆိုချက်သည် ထိုင်းနိုင်ငံ အလုပ်အကိုင် ရှာဖွေရေးဌာန ဒါရိုက်တာ ဖိချိုင်း အိက်ဖိထတ်ဒမ်းရူင်း (Pichai Eakpitakdamrong) က တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ဖမ်းဆီးရမိရေးအတွက် အာဏာပိုင်များအား သတင်းပေးကြရန်၊ ထိုသို့ သတင်းပေးသူများကို ဆုငွေပေးမည်ဟု ထိုင်းပြည်သူလူထုကို တိုက်တွန်းသည့် ကြေငြာချက် ပါရှိသော အစီရင်ခံစာ ထိုင်းအစိုးရ၏ ဝဘ်ဆိုက်တွင် ပေါ်ထွက်လာပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဤအရေးယူ ဆောင်ရွက်ချက်သည် ထိုင်းရဲတပ်ဖွဲ့က အရောင်းစာရေးများအဖြစ် ကုမ္ပဏီ အစည်းအဝေး တခု တက်ရောက်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား တရာကျော်ကို ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤအလုပ်သည် နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမားများကို လုပ်ခွင့် မပြုသော အလုပ်ဖြစ်ပြီး ထိုအထဲမှအချို့မှာ မည်သည့် စာရွက်စာတမ်း အထောက်အထားမှ မရှိသူများ ဖြစ်သည်။

ထိုင်းအစိုးရသည် ၂ဝဝ၈ ခုနှစ်တွင် ရွှေ့ပြောင်း အလုပ်သမားများ ဥပဒေကို ပြဌာန်းခဲ့ပြီး၊ တိုင်းပြည်တွင်း၌ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းသည် ရာဇဝတ်မှု ဖြစ်သည်ဟု ပြဌာန်းထားပြီး သူတို့အား ဖမ်းမိအောင် သတင်းပေးနိုင်သူအား ကောက်ခံရရှိသော ဒဏ်ငွေမှ ရာခိုင်နှုံးဖြင့် ဆုကြေးငွေ ပြန်လည်ပေးအပ်မည် ဖြစ်သည်။

ဥပဒေ ပြဌာန်းထားသည်မှာ တနှစ်ရှိပြီ ဖြစ်သော်လည်း လက်တွေ့ကျင့်သုံးမှုမှာ ရှားရှားပါးပါးသာ ရှိသေးကြောင်း ကဒ် မွန်ကိုးလ် က ဆက်လက်ပြောဆိုပါသည်။ သို့သော် ဤကြေငြာချက်သည် အလားတူ မူဝါဒကို ကျင့်သုံးသည့် မလေးရှား နိုင်ငံမှာ ကဲ့သို့ပင် အနှုတ်လက္ခဏာ သက်ရောက်မှုကိုသာ ရရှိစေလိမ့်မည် ဖြစ်သည်ဟု သူက ဆိုသည်။ မလေးရှားတွင် ဤသို့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို လိုက်လံ ရှာဖွေသည့် အဖွဲ့ရှိပြီး အာဏာပိုင်များကို သတင်းပေးကာ ဆုငွေ ရယူကြသဖြင့် အလုပ်သမားများအကြား ကြောက်ရွံ့ထိတ်လန့်မှုများကို ပိုမို ပေါ်ပေါက်စေသည်ဟု ဆိုသည်။

ဘန်ကောက်မြို့တွင် ရွှေ့ပြောင်း အလုပ်သမားများနှင့် နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်နေသော ကဒ်မွန်ကိုးလ် ၏ အပြောအရ ယခုအချိန်တွင် ရဲတပ်ဖွဲ့က ကန့်သတ်မှုများ တိုးမြှင့် လုပ်ဆောင်နေပြီး၊ ဝင်ရောက် စီးနင်းဖမ်းဆီးမှုများကြောင့် နေ့စဉ် ခန့်မှန်းခြေ အလုပ်သမား ၅ဝဝ ခန့် ဖမ်းဆီး ခံနေရသည်ဟု ဆိုသည်။

ဤသို့ အာဏာပိုင်များ၏ အရေးယူ ဆောင်ရွက်ချက်သည် လူ့အဖွဲ့အစည်းအတွင်း နားလည်မှု လွဲမှားခြင်းကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဟု ထိုင်းရှေ့နေများ ကောင်စီမှ လူ့အခွင့်အရေးရှေ့နေ ဆူရဖုန်း ခုံးချန်းထိတ် (Surapong Kongchanteuk) က ပြောပါသည်။

“ဥပဒေရဲ့ ရည်ရွယ်ချက်က ပွဲစားတွေကတဆင့် တိုင်းပြည်ထဲကို တရားမဝင် လူတွေ ခိုးသွင်းနေတာကြောင့် တရားမဝင် ရွှေ့ပြောင်းရောက်ရှိ နေထိုင်နေတာတွေကို တားဆီးဘို့ပါ။ တာဝန်ရှိသူတွေ အဓိက အာရုံစိုက်သင့်တာက ဒီပွဲစားတွေ ဖြစ်ပါတယ်၊ အလုပ်သမားတွေ မဟုတ်ပါဘူး။ ယေဘူယျ ပြောရရင်တော့ ဒီပွဲစားတွေကို ဖမ်းမိဘို့က ခက်ပါတယ်” ဟု သူကပြောသည်။

ဤကြေငြာချက်ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများကို စိတ်ဓါတ်ရေးရာအရ ထိခိုက်မှု ရှိစေမည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေး ပဋိပက္ခများနှင့် ဒေသခံလူထုအကြား ဘက်လိုက်မှုကြောင့် တိုင်တန်းမှုများ ပိုမို ပေါ်ထွက်လာမည် ဖြစ်သည်ဟု ကုန်ချန် တွတ် က ဆက်လက်ပြောဆိုပါသည်။

ပြဌာန်းထားသော ထိုင်းနိုင်ငံ ဥပဒေအရ တရားမဝင် ရွှေ့ပြောင်းလုပ်သား တဦးအတွက် အမြင့်ဆုံး ပြစ်ဒဏ်သည် ဘတ်ငွေ ၂ သောင်း ဖြစ်ပြီး တိုင်းပြည်တွင်းမှ ပြန်လည် နှင်ထုတ်ရမည် ဖြစ်သည်။ ထိုအလုပ်သမားများကို ခန့်ထားစေခိုင်းသူ ထိုင်းအလုပ်ရှင်ကိုမူ ဒဏ်ငွေ ဘတ် ၅ သောင်း နှင့် အများဆုံး ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်နိုင်သည်။ အလုပ်သမားများ ခိုးသွင်းသူ ပွဲစားများကိုမူ ဒဏ်ငွေ ဘတ် တသိန်း နှင့် အများဆုံး ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်နိုင်သည်။ သတင်းပေးသူအား ပေးမည့် ဆုကြေးငွေသည် အမှုတခုချင်းပေါ် လိုက်၍ ပေးအပ်သည်။ (ဒဏ်ငွေ၏ ၂ဝ% ခန့် ရှိသည်)။



REF: မဇ္ဈိမ

Read More...

ရိုဟင်ဂျာအရေးဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ

22 March 2009

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ခါဆစ် ပီရွန်းဟာ လှေစီးပြေး Rohingya အရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးဖို့  မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တို့ နဲ့  တွေ့ ဆုံဖို့ ရှိပါတယ်။ ဝန်ကြီး ကဆစ်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် ရောက်ရှိလာနေတဲ့  ရိုဟင်ဂျာ မွတ်ဆလင်တွေ ကိစ္စ အပါအဝင် ကိစ္စရပ် တော်တော်များများကို ဆွေးနွေးဖို့ ရှိတယ်လို့  ထိုင်းအစိုးရက စနေနေ့ က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ရေးသား ဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ ကယ်တင်ထားတဲ့  ရှိုဟင်ဂျာ ဒုက္ခသည် ၂၀၀၀ ကျော် အပါအဝင် ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေရဲ့ ပြဿနာကို ဒေသတွင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးကြမယ်လို့  မျှော်လင့် ရပါတယ်။ ဒါ့ အပြင် မူးယစ်ဆေး မှောင်ခိုကူးနေကြတဲ့  ပြဿနာဖြေရှင်းရေးနဲ့  အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး ဆိုင်ရာ စီမံကိန်းတွေ၊ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတွေကိုလဲ ဆွေးနွေးကြမှာ ဖြစ်တယ်လို့  ထိုင်းနိုင်ငံဘက်က ပြောပါတယ်။

REF: ဗွီအိုအေ

Read More...

မြန်မာစစ်တပ်မှ ထွက်ပြေးလာသူ တပ်သားသုံးဦးကို ဘင်္ဂလားအာဏာပိုင်များက ဖမ်းမိ

3/23/2009

မြန်မာ့ နအဖ စစ်တပ်မှ ထွက်ပြေးလာသူ တပ်သားသုံးဦးကို ဘင်္ဂလားရိုင်ဖယ် တပ်ဖွဲ့မှ စနေနေ့က ဖမ်းဆီးရမိလိုက်သည်။

အဆိုပါ တပ်သားသုံးဦးကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရိုဘင်ခရိုင် ဟေရ်မာန် မောင်ရွှေစိန်ကျေးရွာတွင် အနားယူနေစဉ် ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် တပ်သားများမှာ မောင်မောင်သန်း၊ စိုးထွေးနှင့် သန်းဌေးလှိုင် တို့ဖြစ်ကြပြီး သူတို့အားလုံးမှာ အသက် ၂၀ ကျော်အရွယ် ရှိကာ ရခိုင်အမျိုးသားများဖြစ်ကြသည်။

သူတို့သုံးဦးလုံးမှာ ခမရ ၅၃၈ တပ်ရင်းမှ ဒုတပ်ရင်းမှူး တင်အောင်မြင့် ဦးဆောင်သည့် စစ်ကြောင်း(၂)မှ ဖြစ်သည်။

ခမရ ၅၃၈ မှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းကတည်းက အင်အား ၉၀ ခန့််နှင့် ဘင်္ဂလားမြန်မာ နယ်စပ်တလျောက်တွင် ဘိန်းခင်းရှင်းလင်းရေးနှင့် နယ်စပ်မှတ်တိုင်များကို စစ်ဆေးနေစဉ် ယခုကဲ့သို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဘင်္ဂလားအာဏာပိုင်များကို သူတို့သုံးဦးမှ ထွက်ဆိုဝန်ခံထားကြောင်း သိရှိရသည်။

သူတို့မှာ တပ်တွင်းပြစ်မှုတခုကို ကျူးလွန်မိသည့်အတွက် အထက်အရာရှိများ၏ အပြစ်ပေး အရေးယူမည်ကိုစိုးရိမ်သည့်အတွက် ယခုကဲ့သို့ လက်နက်မဲ့ ထွက်ပြေးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

REF: နိရဉ္စရာ

Read More...

“ကဲ ... ဒီတခါ မင်းတို့အလှည့် ...”

Friday, 20 March 2009
ဟန်လေး


REF: ဧရာဝတီ

Read More...

တက်ကြွလှုပ်ရှားသူ - လွင်အောင်စိုး

အပိုင်း (၁)

တက်ကြွလှုပ်ရှားသူကို အင်္ဂလိပ်လို Activist လို့ခေါ်ပါတယ်။ မြန်မာဝေါဟာရကို ဘယ်သူ က စတင်ဘာသာပြန်လိုက်သလဲမသိပါဘူး။ ဒါပေမယ့် အလွန်ထိမိတဲ့ စကားလုံးပါ။ အဓိပ္ပါယ်တိကျပါတယ်။ လူအများကို နှိုးဆော်ပေးနိုင်စွမ်းရှိပါတယ်။ အားတက်သရောပါဝင် ပူးပေါင်းလိုစိတ် ဖြစ်ပေါ်စေပါတယ်။ ဒီစကားလုံးမြင်တာနဲ့ တာဝန်ရှိသူတွေ မတရားလုပ်နေ ပြီ၊ တာဝန်တွေပျက်ကွက်နေပြီဆိုတာ သိကြပါတယ်။ တာဝန်ရှိသူတွေကို ခြောက်ခြားတုန် လှုပ်စေတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။

လူအများနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ တာဝန်ရှိသူတွေကို ကန့်ကွက်ဆန့်ကျင်တာ၊ သဘောမတူကြောင်း ပြသတာ၊ တောင်းဆိုတာနဲ့ လူအများကို ပညာပေးတာ၊ ကူညီတာ တွေဟာ တက်ကြွလှုပ်ရှားမှုတွေဖြစ်ပါတယ်။ ဒါမျိုးတွေလုပ်နေသူကို တက်ကြွလှုပ်ရှားသူ လို့ ခေါ်ပါတယ်။

တက်ကြွလှုပ်ရှားရတဲ့ အကြောင်းရင်းနဲ့ ရည်မှန်းချက်ကို တာဝန်ရှိသူတွေအပါအဝင် လူ အများသိအောင် လုပ်ရတာဖြစ်လို့ တက်ကြွလှုပ်ရှားသူတွေဟာ များသောအားဖြင့် တဦးချင်းဖြစ်စေ၊ အများဖြစ်စေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြပါတယ်။ တာဝန်ရှိသူထံကို စာ ပို့ပြီးတော့လည်း လှုပ်ရှားကြပါတယ်။ တကယ်လို့ လူအများပါဝင်တယ်ဆိုရင် ဆန့်ကျင်ကန့် ကွက်တာ (ဒါမှမဟုတ်) သဘောတူထောက်ခံတာကို လက်မှတ်တွေရေးထိုးပြီး ပေးပို့ပါ တယ်။ အင်တာနက်ခေတ်ကို ရောက်လာတဲ့အခါမှာ အင်တာနက်ကနေ စာပို့ကြပါတယ်။ တဦးချင်းလုပ်တာတွေရှိသလို လူအများက လက်မှတ်ရေးထိုးပြီး ပါဝင်တဲ့လှုပ်ရှားကြတာ လည်းရှိပါတယ်။

တက်ကြွလှုပ်ရှားသူတွေမှာ အမျိုးသား-အမျိုးသမီး ခွဲခြားမထားကြပါဘူး။ ဆင်းရဲ-ချမ်းသာ ခွဲခြားတာလည်း မရှိပါဘူး။ ပြီးတော့ စာတတ်-မတတ် သတ်မှတ်ချက်မရှိပါဘူး။ အသက်အ ရွယ်၊ ဘာသာတရား၊ မျိုးရိုးကန့်သတ်ချက်လည်းမထားပါဘူး။ ဘယ်သူမဆို စိတ်ပါရင် ပါ ဝင်လှုပ်ရှားနိုင်ကြပါတယ်။ ဥပမာ- အမျိုးသမီးတွေ အခွင့်အရေးပိုရဖို့တောင်းဆိုတဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေသာမကဘဲ အမျိုးသားတွေကိုယ်တိုင်ကပါ ဦး ဆောင်လှုပ်ရှားပေးကြပါတယ်။ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်တွေတုန်းက မြန်မာနိုင်ငံနဲ့ တိဗက် ဒေသမှာ အရှိန်အဟုန်ပြင်းထန်တဲ့ တက်ကြွလှုပ်ရှားမှုတွေရှိခဲ့ပြီး ဗုဒ္ဓဘာသာ သံဃာတော် တွေက အဓိကဦးဆောင် ပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လှုပ်ရှားမှုဟာ "ရွှေဝါရောင်တော်လှန်ရေး" ဆိုပြီး ကမ္ဘာကျော်သွားခဲ့ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာတော့ ပြည်သူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ဦးစားပေးထားတာဖြစ် လို့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးမှဘဲ ဝင်ရောက်လှုပ်ရှားကြပါတယ်။ အာဏာရှင်စနစ် အောက်က ပြည်သူတွေမှာတော့ စိတ်ပါနေတာတောင်မှ ပါဝင်လှုပ်ရှားနိုင်တဲ့ အခြေအနေ မရှိဘဲ ဝင်မပါနိုင်ကြပါဘူး။ အာဏာပိုင်တွေအပေါ် စားဝတ်နေရေးအရ မှီခိုနေရတာတွေ၊ ကြောက်ရွံ့နေရတာတွေက အဓိကအတားအဆီးတွေ ဖြစ်နေပါတယ်။ ဒီလိုကိစ္စမျိုးတွေရှိ နေရင် တက်ကြွလှုပ်ရှားသူတွေက အရင်ဆုံးစုပေါင်းဖြေရှင်းပြီး အင်အားကို တည်ဆောက် ကြပါတယ်။ လှုပ်ရှားမှုမှာ ပါဝင်မယ့်သူတွေအချင်းချင်း စားဝတ်နေရးအခက်အခဲတွေကို ယိုင်းပင်းကူညီကြပါတယ်။ ကြောက်ရွံ့စိတ်တွေပျောက်သွားအောင် အားပေးကြပါတယ်။

များသောအားဖြင့်မှာတော့ နစ်နာဆုံးရှုံးမှု၊ နိုင်ငံရေးအရည်အချင်း၊ လှုပ်ရှားဖူးတဲ့ အတွေ့အ ကြုံ၊ အသိုင်းအဝိုင်းအင်အား၊ ရှေ့ရေးကို မျှော်မြင်တွေးဆနိုင်တဲ့အပေါ် အခြေခံပြီး ဦးဆောင်လှုပ်ရှားသူတွေ ထွက်ပေါ်လာပါတယ်။ လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်၊ အဖွဲ့အ စည်း၊ မဟာဗျူဟာ၊ အစီအစဉ် စတဲ့ စနစ်တကျ ပြင်ဆင်မှုတွေရှိကြပါတယ်။ သူတို့ကို ထောက်ခံအားပေးသူတွေ များလာတဲ့အခါမှာ လှုပ်ရှားမှုဟာ ပိုမိုကျယ်ပြန့်ပြီး အရှိန်ကောင်း လာပါတယ်။

အစိုးရကို ကန့်ကွက်ဆန့်ကျင် ဆန္ဒပြ တောင်းဆို

တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရရဲ့ ပေါ်လစီနဲ့ ဥပဒေတွေ (ဒါမှမဟုတ်) အစိုးရလုပ်ရပ် တွေကို လက်မခံနိုင်ကြပါဘူး။ ဒါကြောင့် သူတို့ဟာ ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ သူတို့ ရဲ့ အကျိုးစီးပွားတွေကို အထိခိုက်ခံပြီး အများအတွက် ပိုမိုကောင်းမွန်စေချင်တဲ့ စေတနာနဲ့ လုပ်ကြတာဖြစ်ပါတယ်။ ဥပမာ-အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေ၊ အစိုး ရတာဝန်ကို ယူထားသူတွေက အာဏာအလွဲသုံးစား လုပ်နေတဲ့ ကိစ္စတွေကို ဆန့်ကျင်ကန့် ကွက်ကြတာမျိုးဖြစ်ပါတယ်။ တိုင်းပြည်အရေး၊ လူထုအရေးအတွက် လူထုလိုလားချက်နဲ့ မကိုက်ညီတာတွေကို အစိုးရက လုပ်ဆောင်နေသမျှကာလပတ်လုံး အခွင့်သာရင်သာသ လို တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်ကန့်ကွက်နေကြမြဲဖြစ်ပါတယ်။ ပြုပြင်ပေးဖို့ တောင်းဆိုမြဲဖြစ်ပါတယ်။

ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ လူ့အခွင့်အရေး အပြည့်အဝရှိပါတယ်။ ပြည်သူတွေမှာ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်တွေ ရှိနေကြလို့ အစိုးရကို လွတ် လွတ်လပ်လပ် ဆန့်ကျင်ကန့်ကွက်ခွင့်ရှိနေပါတယ်။ အစိုးရပေါ်လစီတွေကို သဘောမတူပဲ ဆန့်ကျင်ပိုင်ခွင့်ရှိပါတယ်။ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ တက်ကြွလှုပ်ရှားသူတွေဟာ လူထုကြားထဲကနေ အမြဲတစေ ထွက်ပေါ်လာနေတတ်ပါ တယ်။

လူတွေတင်ဘဲ မဟုတ်သေးပါဘူး။ အသင်းအဖွဲ့ (Institution) တွေကလည်း အစိုးရကို ဆန့်ကျင်ကန့်ကွက်တောင်းဆိုကြတဲ့အခါ တက်ကြွလှုပ်ရှားမှုကို လုပ်တတ်ကြပါတယ်။ ဥပမာ - အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂလို့ပြောရင် တက်ကြွလှုပ်ရှားသူတွေဘဲလို့ မျက်စိထဲ ချက်ချင်းပြေးမြင်မိကြပါတယ်။ ဒါဟာ မြန်မာတွေအဖို့ တက်ကြွလှုပ်ရှားမှုနဲ့ မစိမ်း တဲ့ သဘောပါ။ သမဂ္ဂတွေသာမကပါဘူး၊ အစိုးရနဲ့မဆိုင်တဲ့ အသင်းအဖွဲ့ (NGO – Non-governmental Organization) မှန်သမျှ လိုအပ်ရင်လိုအပ်သလို တက်ကြွလှုပ်ရှားသူတွေ အဖြစ် အသွင်ပြောင်းနိုင်ကြပါတယ်။ အစိုးရနဲ့ဆိုင်တဲ့ အသင်းအဖွဲ့တွေမှာတောင် တခါ တလေမှာ ရှိတတ်ပါတယ်။

ဥပမာ - တပ်တွင်းပုန်ကန်မှု (Mutiny) ဖြစ်ပါတယ်။ နိုင်ငံတချို့ရဲ့စစ်တပ်တွေမှာ စစ်သား တွေကို လုံလောက်တဲ့လစာငွေ မပေးတဲ့အပြင် ခွဲခြားနှိမ့်ချဆက်ဆံတာတွေ ရှိတတ်ကြပါ တယ်။ အတိုင်းထက်အလွန် ဖြစ်သွားရင် ဘယ်စစ်သားမှာ သည်းမခံတတ်ပါဘူး။ ဒီအခါမှာ သူတို့ရပိုင်ခွင့်အတွက် ဆန့်ကျင်ကန့်ကွက် တောင်းဆိုဖို့ တက်ကြွလှုပ်ရှားလာတတ်ပါ တယ်။ ဒါကို တပ်တွင်းပုန်ကန်မှုလို့ ခေါ်တာပါ။ စစ်တပ်က အာဏာသိမ်းတဲ့အမျိုးအစား (Coup d'etat or Coup) နဲ့ မတူပါဘူး။ စစ်တပ်ထဲမှာ တက်ကြွလှုပ်ရှားတဲ့ တပ်တွင်းပုန် ကန်မှုဟာ အန္တရာယ် အမြဲဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်လာရင် အစိုး ရတွေဟာ စစ်တပ်သုံးပြီး တိုက်ရိုက်ဖြေရှင်းတတ်လို့ ဖြစ်ပါတယ်။ စစ်သားတွေသာမက အရပ်ဘက်ပြည်သူတွေလည်း သေကြေ ဒဏ်ရာရတတ်ပါတယ်။

ဒီမိုကရေစီမဟုတ်တဲ့ အာဏာရှင်နိုင်ငံတွေ၊ ဒီမိုကရေစီ မအောင်မြင်နိုင်သေးတဲ့ နိုင်ငံတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက စိုးမိုးအုပ်ချုပ်နေတဲ့ သီအိုကရေစီ (Theocracy) နိုင်ငံ တွေမှာလည်း တက်ကြွလှုပ်ရှားသူတွေ ရှိနေကြပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အခွင့်သာမှ လှုပ်ရှားနိုင်တဲ့သဘောရှိပါတယ်။

မြန်မာနိုင်ငံမှာ လူထုကဏ္ဍကနေ အကြီးအကျယ် တက်ကြွလှုပ်ရှားတာတွေနဲ့ ပတ်သက်ပြီး အချိန်ကာလအနီးစပ်ဆုံး နမူနာပြရရင် ၁၉၈၈ ခုနှစ်တုန်းက ရှစ်လေးလုံးလူထုလှုပ်ရှားမှု (၈၈၈၈) နဲ့ ၂၀၀၇ ခုနှစ်တုန်းက ရွှေဝါရောင် တော်လှန်ရေးတို့ဖြစ်ပါတယ်။ ဒီနေ့ခေတ် မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့ကြလို့ တက်ကြွလှုပ်ရှားမှုသဘောတရားကို အတော်အတန်တီးမိခေါက်မိ သိရှိထားပြီးကြပါပြီ။ အာဏာရှင်စနစ်အောက်မှာ ရုန်းကန်နေ ရပေမယ့်လည်း ဘယ်လိုတက်ကြွလှုပ်ရှားရမလဲဆိုတာကို မြန်မာနိုင်ငံသားအများစုက တော့ ချက်ဆို နားခွက်က မီးတောက်နေပြီးကြပါပြီ။ သမိုင်းအဆက်ဆက် လက်ဆင့်ကမ်း အမွေအနှစ်ကောင်းတခုလို့ ဆိုရမှာပါ။

လူထုက လက်မခံနိုင်တဲ့ အစိုးရရဲ့ပေါ်လစီနဲ့ ဥပဒေတွေ (ဒါမှမဟုတ်) အစိုးရလုပ်ရပ်တွေ အပြင် အစိုးရက လုပ်သင့်ရက်နဲ့ မလုပ်သေးတာတွေ၊ အစိုးရက ဦးဆောင်လုပ်ဖို့ လိုအပ် နေတာတွေကိုလည်း တက်ကြွလှုပ်ရှားသူတွေက ထောက်ပြဖို့ လိုတဲ့အခါမှာ လှုပ်ရှားတတ် ကြပါတယ်။ ဥပမာ - သဘာဝပတ်ဝန်းကျန် ထိန်းသိမ်းရေးကိစ္စတွေမှ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ပြည်ပအရေးတွေမှာ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရက ပျက် ကွက်နေရင်လည်း တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းနှိုးဆော်ပေးတတ်ပါတယ်။

တက်ကြွလှုပ်ရှားမှုရှိတဲ့ အခြားနေရာတွေ

တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရကိုသာ ဦးတည်ပြီး တက်ကြွလှုပ်ရှားနေကြတာမဟုတ် ပါဘူး။ နိုင်ငံရေးပါတီတွေ၊ စီးပွားရေးကော်ပိုရေးရှင်းနဲ့ ကုမ္ပဏီတွေ၊ စက်ရုံ-အလုပ်ရုံတွေ၊ ကျောင်းတွေ၊ မီဒီယာတွေ၊ အသင်းအဖွဲ့ဌာနကိစ္စတွေမှာလည်း အများအကျိုးနဲ့ မကိုက်ညီ ရင် တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ဆန့်ကျင် ဆန္ဒပြ တောင်းဆိုတတ်ကြပါတယ်။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်တွေဟာ ထင်ရှားတဲ့ နမူနာတွေဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ တပ်တွင်းပုန်ကန်မှုဆိုတာ အသင်းအဖွဲ့ဌာနအပေါ် ဆန့်ကျင်ကန့် ကွက်တောင်းဆိုတဲ့ နမူနာတခုပါ။

ကန့်ကွက်ဆန့်ကျင် ဆန္ဒပြတောင်းဆိုဖို့အတွက်ဘဲ လှုပ်ရှားကြတာမဟုတ်ပါဘူး။ လူထုကို ပညာပေးတာ၊ သဘာဝဘေးအန္တရာယ်လို ကိစ္စတွေ၊ မိဘမဲ့ကလေးတွေ ထောက်ပံ့ရေး၊ AIDS/HIV ဝေဒနာရှင်စောင့်ရှောက်ကုသရေး၊ ဆင်းရဲနွမ်းပါးမှု သက်သာလျော့နည်းစေရေး အစရှိတဲ့ အခြားလူမှုရေးအကူအညီချို့တဲ့နေတဲ့ကိစ္စတွေမှာလည်း တက်ကြွလှုပ်ရှားမှုတွေ ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးတာ၊ အဓမ္မလုပ်အားခိုင်းစေတာ၊ ကလေးစစ်သားနဲ့ မြေမြှုပ်မိုင်း အစရှိတဲ့ နိုင်ငံတကာဥပဒေ တားမြစ်ချက်တွေနဲ့ ပတ်သက် တဲ့ကိစ္စတွေမှာလည်း အစိုးရကို တိုက်တွန်းလှုပ်ရှားတတ်ကြပါတယ်။

နမူနာပြရမယ်ဆိုရင် ၂၀၀၇ မေလ (၂) ရက်တုန်းက မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ် သွားတဲ့ နာဂစ်လေမုန်တိုင်းကြောင့် လူဦးရေ တသိန်းလေးသောင်းနီးပါး သေဆုံး-ပျောက်ဆုံးပြီး နှစ်သန်းခွဲလောက် စားဝတ်နေရေးဒုက္ခရောက်နေခဲ့ရာမှာ ပြည်တွင်းပြည်ပ မှာ တက်ကြွလှုပ်ရှားသူတွေ အများအပြားပေါ်ထွက်လာခဲ့ပြီး ငွေအား၊ လူအားနဲ့ အားတက် သရော ကူညီပေးခဲ့ကြပါတယ်။

မြန်မာ့ရာဇဝင်မှာ အခုလို ကပ်ဘေးမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ အစိုးရအနေနဲ့ အချိန်မီ ပြည့်ပြည့်ဝဝ အကူအညီမပေးနိုင်ခင်မှာ လူထုက တက်တက်ကြွကြွနဲ့ ကူညီပေးခဲ့ကြပါ တယ်။ ဒီလို လူမှုရေးကိစ္စမှာ အစိုးရဘက်က အဆိုးဆုံး နာမည်ပျက်သွားတာကတော့ ထင် ရှားကျော်ကြားတဲ့ ဖျော်ဖြေရေးသမား ဇာဂနာ (ကိုသူရ) တို့လို လေဘေးကယ်ဆယ်ရေး တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အပြစ်ပေး အရေးယူခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးမှာပါဝင်ခဲ့ကြတဲ့ အခြားမြန်မာ လှုပ်ရှားတက်ကြွ သူတွေလည်း အဖမ်းခံရပါတယ်။ ဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့လူထုကို အစိုးရက ကူညီဖို့ နှောင့်နှေးတဲ့အပြင် တကယ်တမ်းကူညီတဲ့ အခြားသူတွေအပေါ် စစ် အစိုးရက ရန်ငြိုးထားနေတာ သိသာထင်ရှားပါတယ်။

လူထုပညာပေးရေးမှာ လူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေကို တက်ကြွလှုပ်ရှားသူတွေက ပညာပေးကြပါတယ်။ လူ့အသိုင်းအဝိုင်းတခုလုံးရဲ့အသက်လို့ တင်စားရမယ့် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း လူထုက ကျေကျေညက် ညက် နားလည်သဘောပေါက်အောင် တက်ကြွလှုပ်ရှားသူတွေက နှိုးဆောင်ပညာပေး တတ်ပါတယ်။ အခြေခံဥပဒေကို လူထုက နားလည်သဘောပေါက်မှ ထောက်ခံအတည်ပြု ပြီး လိုက်နာကျင့်သုံးနိုင်သလို လူ့အခွင့်အရေးတွေကိုလည်း အပြည့်အဝခံစားရမှာဖြစ်ပါ တယ်။ အစိုးရနဲ့ အခြားတာဝန်ရှိသူတွေကိုလည်း အာဏာအလွဲသုံးစားမှုတွေမရှိအောင်၊ တာဝန်တွေ မပျက်ကွက်ရအောင် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

မတရားတဲ့ ကိစ္စတွေကို တားမြစ်နိုင်ဖို့၊ ပပျောက်သွားနိုင်ဖို့ တရားဥပဒေစိုးမိုးမှု (Rule of Law) ဆိုတာ မရှိမဖြစ်၊ မသိမဖြစ်အရေးကြီးလှပါတယ်။ တဆက်တည်းမှာဘဲ တရားဥပဒေ စိုးမိုးမှုမှာ အဓိက ထိန်းကျောင်းပေးရတဲ့ တရားစီရင်ရေး မဏ္ဍိုင်အပြင် ရဲ အစရှိတဲ့ လူထု ကြားထဲက လက်နက်ကိုင်တပ်ဖွဲ့တွေ ခြစားပျက်စီးပြီး တာဝန်တွေလစ်ဟင်းနေတာကို ပြုပြင်တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အမှန်တကယ်မှာတော့ အစိုးရက နိုင်ငံအဆင့် အနေနဲ့ တာဝန်ယူလုပ်ပေးရတဲ့ကိစ္စပါ။ အစိုးရဘက်ကပျက်ကွက်ရင် တက်ကြွလှုပ်ရှားသူ တွေကိုယ်တိုင် ပါဝင်လာမှာ မဆန်းလှပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မတရား တာကို လက်မခံနိုင်၊ လျစ်လျူရှုမနေနိုင်လို့ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ကျင့်သုံးမယ်ဆိုရင် လူထုထဲမှာ ဒီမိုကရေစီကို နားလည်သဘောပေါက်ထား သူတွေ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ အများဆုံး ရှိနေရပါတယ်။ ဒါမှသာ ဒီမို ကရေစီကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးနိုင်မှာဖြစ်ပြီး မပျောက်မပျက် တန်ဖိုးမလျော့ အောင်လည်း ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့အချက်ကို တက်ကြွ လှုပ်ရှားသူတွေက မြော်မြင်တွေးဆနိုင်ကြပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ လူထုပညာပေးရေး တွေလုပ်ကိုင်ကြပါတယ်။

တက်ကြွလှုပ်ရှားသူနဲ့ ဝိသမ စီးပွားရေး

ဒီမိုကရေစီနဲ့ဆိုရင် မိတ်ဘက်လိုဖြစ်နေတတ်တာကတော့ ပုဂ္ဂလိကပိုင် စီးပွားရေးကော်ပို ရေးရှင်းနဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ များသောအားဖြင့်မှာတော့ စီးပွားရေးသမားဆိုတာ သူတို့ စီးပွားရေး အမြဲတိုးတက်ကောင်းမွန်နေဖို့ဘဲ ကြည့်တတ်ကြပါတယ်။ ချမ်းသားပြီးရင်း ချမ်းသာချင်တဲ့ ကိုယ်ကျိုးစီးပွားတခုတည်းကိုဘဲ ကြည့်တတ်ကြပါတယ်။

ဒီလိုသဘောရှိတဲ့ စီးပွားရေးသမားတွေဟာ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး စီးပွားရှာတတ်ကြ ပါတယ်။ တခါတလေမှာ သူတို့ရလာမယ့် ရေရှည်အကျိုးစီးပွားကိုတောင် မကြည့်တတ်ကြ ပါဘူး။ တနပ်စားလုပ်တတ်ပါတယ်။ လူထုဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း သိပ်မကြည့် တတ်ကြပါဘူး။ လူတွေဝင်ငွေကောင်းမှ များများဝယ်ယူစားသုံးနိုင်မယ်ဆိုတဲ့သဘောကို တောင် မမြင်တတ်လောက်အောင် လောဘစိတ် မွှန်ထူနေတတ်ကြပါတယ်။ လူ့အသိုင်း အဝိုင်းနဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးထိခိုက်တာကို သူတို့က သိပ်ဂရုမစိုက်လှပါဘူး။ ဒါတွေကို ပြုပြင်ကြပ်မတ်ရမှာက အစိုးရ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဘက်က ပျက်ကွက်နေရင်တက်ကြွလှုပ်ရှားသူတွေက အစိုးရနဲ့တကွ တာဝန်ရှိသူတွေသိရှိအောင်၊ လူအများကိုသိရှိအောင် ကန့်ကွက်ဆန္ဒပြပြီး ပြုပြင်ပေးဖို့ တောင်းဆိုတတ်ပါတယ်။

ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရရောအစိုးရရော ရွေးကောက်ပွဲနဲ့ မဟုတ်ပဲ တရားမဝင် တက်လာတဲ့ အစိုးရတွေထဲမှာပါ အတော်များများဟ]ာ အာဏာရလာတဲ့အခါမှာ အကျင့်စာ ရိတ္တတွေ ဖောက်ပြန်တတ်ကြပါတယ်။ အာဏာအလွဲသုံးစာတာ (Abuse of power)၊ လာဘ်စားဖောက်ပြန်တာ (Corruption) တွေကင်းတဲ့ အစိုးရ (Clean Government) ဆိုတာ ကမ္ဘာပေါ်မှာ အတော်ရှားပါးလှပါတယ်။ များသောအားဖြင့် သူတို့အာဏာရနေတုန်း ဓနဥစ္စာ ကြွယ်ဝချမ်းသာနိုင်ဖို့ ကြိုးပမ်းတတ်ကြပါတယ်။ ဝိသမစီးပွားရေးတွေကို တရားဝင် လုပ်နိုင်အောင် ဥပဒေတွေကို သူတို့လိုရာဆွဲပြီး ပြဌာန်းကြပါတယ်။ ဒီအခါမှာ အစိုးရကို အမြဲစောင့်ကြည့်နေတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရကို ကန့်ကွက်ကြပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်။)



လွင်အောင်စိုး
REF: လူထုအသံ

Read More...

ကျန်းမာရေး အထောက်အကူ ချို့တဲ့မှုကြောင့် နိုင်ငံရေး အကျဉ်းသားများ အန္တရာယ်ရှိဟု AAPP-B ပြော

ဆော်လမွန်

စနေနေ့၊ မတ်လ 21 2009

နယူးဒေလီ။ ။ သင့်တော်ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့ခြင်းသည် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး ချွတ်ယွင်းရခြင်း၏ အဓိက အကြောင်းရင်းတရပ် ဖြစ်သည်ဟု တက်ကြွ လှုပ်ရှားသူ အဖွဲ့တခုက သောကြာနေ့က ပြောကြားလိုက်ပါသည်။

မနှစ်မြို့ဖွယ် အကျဉ်းထောင်တွင်း အခြေအနေများ၊ သင့်တော်ကောင်းမွန်သည့် ဆေးဝါးကုသမှု ချို့တဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြသည်ဟု ‘နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ - မြန်မာပြည်’ (AAPP-B) ၏ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“မိသားစုနဲ့ဝေးတဲ့ ထောင်တွေကို ပို့လိုက်တော့ နိုင်ငံရေး အကျဉ်းသားအားလုံး ကျန်းမာရေး ချို့တဲ့တာ၊ အစားအသောက် ချို့တဲ့တာတွေနဲ့ နပန်းလုံးနေရတယ်” ဟု ဦးဘိုကြည်က ပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အများစုမှာ အစားအသောက်နှင့် ဆေးဝါးအတွက် မိသားစုကိုသာ မှီခိုနေရရာ ယခုကဲ့သို့ ဝေးလံလှသည့် ထောင်များသို့ အပို့ခံရသည့်အတွက် ဤထောက်ပံ့မှုများကို မရနိုင် ဖြစ်ကြရသည်ဟု သူက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်သည် ထိန်းသိမ်းခံရစဉ် မျက်စိတဘက် ဆုံးရှုံးခဲ့ရပြီးနောက် ယခုအခါ နောက်ထပ် မျက်စိတဘက် ထပ်မံဆုံးရှုံးရမည့် အန္တရာယ်ရှိနေပြီး၊ အခြားကျောင်းသားခေါင်း ဆောင်တဦးဖြစ်သူ ကိုကိုကြီးမှာလည်း အသည်းရောဂါ ခံစားနေရကြောင်း မိမိမကြာသေးခင်က သတင်းများ ရရှိခဲ့သည်ဟု ဦးဘိုကြည်က ပြောပါသည်။

ထင်ရှားသော ကျောင်းသားခေါင်းဆောင်ဖြစ်သူ မင်းကိုနိုင်မှာလည်း မျက်စိရောဂါ ခံစားနေရကာ ကျဉ်းမြောင်းပြီး အေးစက်နေသည့် အမှောင်တိုက်ထဲတွင် နေရသည့်အတွက် သွက်ချာပါဒ လိုက်သွားမည်ကို စိုးရိမ်နေရသည်ဟု ဦးဘိုကြည် က ဆက်လက် ပြောဆိုပါသည်။

“သူတို့ကို အထူး ကုသမားတော်ကြီးတွေနဲ့ ချက်ချင်း ပြသကုသမှု ခံယူဘို့ လိုပါတယ်။ ဒါမှမဟုတ်ရင် သူတို့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်၊ လေဖြတ်သွားနိုင်င်ပါတယ်” ဟု ဦးဘိုကြည်က ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များကလည်း သွားရသည့်ခရီး ဝေးကွာလွန်းခြင်းနှင့် အချိန်နှင့်ငွေ အကုန်အကျ များလွန်းလှခြင်းကြောင့် အကျဉ်းထောင်များသို့ မကြာခဏ သွားရောက် တွေ့ဆုံရန် ခက်ခဲကြောင်း၊ မကြာခဏ ပြဿနာ ဖြစ်ရကြောင်း ပြောကြသည်။

“ဆေးဝါး ကုသဘို့ လိုနေတဲ့သူတွေကို ဆေးမကုပေးဘဲ ထားတာဟာ လူသတ်မှုဘဲ၊ သူတို့ (စစ်အစိုးရ) က နိုင်ငံရေး အကျဉ်းသားတွေကို တဖြေးဖြေးမျှဉ်းသတ်နေတာ” ဟု ဦးဘိုကြည်ကပြောသည်။

ဗဗ္စ္စ-္ဘ ၏ စာရင်းအရ မြန်မာနိုင်ငံ တဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားပေါင်း အနည်းဆုံး ၂၁၂၈ ဦး ရှိသည်ဟု ပြောပါသည်။

ဤအတောအတွင်း တကမ္ဘာလုံးရှိ တက်ကြွလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်များ စုဆောင်း ကောက်ယူတောင်းဆိုသည့် လှုပ်ရှားမှုတခုကို စတင်ပြုလုပ်ခဲ့ကြပါသည်။

တိုကျိုမြို့တွင်လည်း မြန်မာနိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံမှ တက်ကြွလှုပ်ရှားသူ ၅ဝ ကျော်က မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာလူမျိုးများ၊ ဂျပန်လူမျိုးများ အပါအဝင် အခြား ထောက်ခံအားပေးသူ တို့ထံမှ လက်မှတ်များ ကောက်ယူသည့် လုပ်ငန်းကို သောကြာနေ့က စတင်ပြုလုပ်ခဲ့ကြသည်။

သူတို့သည် ဤစုဆောင်း ကောက်ယူထားသော ထောက်ခံသူများ၏ လက်မှတ်များနှင့်အတူ ပန်ကြားလွှာတစောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သို့ ပေးပို့သွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ တွဲဘက်အတွင်းရေးမှူး (၁) ဦးဇော်မင်းထွန်းက ပြောသည်။

“ကျနော်တို့ ဒီလက်မှတ်တွေနဲ့အတူ စာကို ဘန်ကီမွန်းနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဆီကို ပို့မယ်” ဟု ဦးဇော်မင်းထွန်းက ပြောသည်။

“ကျနော်တို့ ပန်ကြားလွှာကို ပို့ဘို့ စီစဉ်နေပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ (ကုလနဲ့ဂျပန်) က စစ်အစိုးရက အဆိုပြုထားတဲ့ ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲဆိုတာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်လိမ့်မယ် လို့ ယုံကြည်နေလို့ဘဲ” ဟု သူက ဆက်လက် ပြောဆိုပါသည်။

ဤစာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲများသည် မြန်မာ့နိုင်ငံရေး အကြပ်အတည်း၏ အဖြေမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးသာလျှင် ပြဿနာများ ဖြေရှင်းရေးအတွက် ပထမ ခြေလှမ်းဖြစ်မည်ဟု ခုခံချေပ ရေးသားထားကြောင်း သူကပြောသည်။

တကမ္ဘာလုံးမှ လက်မှတ်ပေါင်း ၈၈၈၈၈၈ ခုရရန် သူတို့ ဦးတည်ချက်ထား ကြိုးပန်းနေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

ဤလှုပ်ရှားမှုကို ထောက်ခံသည့် အနေနှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြုလုပ်ထားသည့် သူတို့၏ အွန်လိုင်းပန်ကြားလွှာတွင်လည်း ဝင်ရောက်ပါဝင် လက်မှတ်ရေးထိုးကြပါရန် ယူကေ အခြေစိုက် 'Christian Solidarity Worldwide' (CSW) က ပြည်သူလူထုကို တိုက်တွန်းထားသည်။

CSW ၏ အရှေ့အာရှ အဖွဲ့ခေါင်းဆောင် ဘီနီဒစ်ရော်ဂျာ (Benedict Rogers) ကလည်း “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ချက်ချင်း ကိုယ်တိုင်ကိုယ်ကျ ဦးစားပေး လုပ်ကိုင်ပါရန် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ကျနော်တို့ ပြင်းပြင်းထန်ထန် တိုက်တွန်း တောင်းဆိုပါ တယ်” ဟု ကြာသပတေးနေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ထည့်သွင်း ပြောဆိုသွားသည်။

“မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ ဖိအားတွေ တိုးမြှင့်ပေးအပ်ဘို့ အရေးတကြီး လိုအပ်နေပါတယ်။ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် နေ့တိုင်း ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရပ်တန့်သွားအောင် အရေးယူ ဆောင်ရွက်သင့်ပါတယ်” ဟု ရော်ဂျာ က ဆက်လက် ပြောဆိုသွားခဲ့သည်။



REF: မဇ္ဈိမ

Read More...

ဗိုလ်သန်းရွှေ၏ ရွေးချယ် ဆက်ဆံသည့် သံတမန်ရေး

Friday, 20 March 2009

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်တွင် အာဏာရလာချိန်မှစ၍ သတင်းများအရ ကမ္ဘာ့အင်အားကြီး နိုင်ငံနှင့် ပျက်ယွင်းနေရသည့် ဆက်ဆံရေး ကိစ္စကို ပြန်လည် ပြင်ဆင်နိုင်ရန်
မြန်မာစစ်ဗိုလ်ချုပ်များက ကြိုးပမ်းနေခဲ့ကြသည်ဟု ဆိုပါသည်။ အလားတူပင် ၀ါရှင်တန်ရှိ အစိုးရကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ သူတို့ ချမှတ် ကျင့်သုံးနေသည့် မူဝါဒများကို ပြန်လည်သုံးသပ်နေသည်ဟု ဆိုလာခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ နေပြည်တော်ရှိ မြန်မာစစ်အစိုးရနှင့် ဆက်ဆံရမည့်ကိစ္စမှာ အိုဘားမား အစိုးရအတွက် လွယ်ကူလှ သည့် ကိစ္စတော့ မဟုတ်ပါ။ ပို၍ ဆင်ခြင်ပိုင်းခြားမှုရှိသော၊ မဟာဗျူဟာကျသော ချည်းကပ်မှုမျိုးပြုရန် လိုအပ်ပြီး သတိ ကြီးကြီးထားရန်လည်း လိုအပ်ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂-ခုအတွင်း မြန်မာစစ်အစိုးရခေါင်းဆောင်များက အာဏာတပြားသားမျှ လက်လွှတ်လျှော့မပေး ဘဲ တင်းခံရပ်တည်နိုင်ခဲ့ကြပြီး၊ ၎င်းအရည်အချင်းကို လျှော့တွက်၍ မရပါ။ မျက်နှာပျက်စရာအကြောင်း ရှိကောင်းရှိမည်။ သို့သော်လည်း သံတမာန်နည်းလမ်းမှနေ၍ နောက်ဆုံး ပြောင်ပြောင်တင်းတင်း ဖိအားသုံးသည့်နည်း စသဖြင့် နည်းလမ်း ပေါင်းစုံကို အသုံးချကြရမည် ဖြစ်ပါသည်။

အနောက်နိုင်ငံများနှင့် နိုင်ငံတကာမိသားစုက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန်၊ အကူအညီပေးရန် လိုလားကြောင်းပြသ ခဲ့ကြသော်လည်း မြန်မာစစ်အစိုးရက လှိုက်လှိုက်လှဲလှဲ လက်ကမ်းကြိုဆိုသည့်ဟန် မတွေ့ခဲ့ရပါ။

ပုံမှန်ဆိုသလို ပြည်ပမှ မိတ်ဆွေများနှင့် ဆက်ဆံရာတွင် သူတို့က ရွေးချယ်၍ ဆက်ဆံပြီး၊ သတိကြီးကြီးထား လုပ်ဆောင် လေ့ရှိကြပါသည်။ မည်သည့်အတွက်ကြောင့်နည်း။ စစ်အစိုးရ၏ အန္တိမရည်မှန်းချက်မှာ အာဏာဆက်လက်တည်မြဲရေးသာ ဖြစ်ပြီး နိုင်ငံတကာမိသားစုနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လာပါက သူတို့၏ထိန်းချုပ်မှုအာဏာ တိုက်စားခံလာရမည် ကိုလည်း သိနေကြသည်။

သို့အတွက်ကြောင့် စစ်အစိုးရခေါင်းဆောင်များက သူတို့နှစ်သက်ရာ မိတ်ဆွေများနှင့် ရွေးချယ်ပေါင်းသင်းရန် အကြောင်း ဖြစ်လာပြီး၊ တချိန် သူတို့အတွက် အသုံးမ၀င်ပါက စွန့်ပစ်ရန်လည်း ၀န်မလေးကြပါ။

စစ်အစိုးရ ကျင့်သုံးနေသည့် သံတမာန်ရေးမှာ ရွေးချယ်ပေါင်းသင်းဆက်ဆံနေခြင်းသာ ဖြစ်ကြောင်း ပို၍ ထင်ရှားလာပါ သည်။ မိမိဘာသာ သိမ်ငယ်နေသည့် သူတို့၏ အငုံ့စိတ်နှင့် နိုင်ငံခြားသားမုန်းတီးရေးဝါဒကလည်း အထင်းသားပေါ်လွင် နေပါသည်။

မြန်မာစစ်အစိုးရက အနောက်နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့တို့ကို လိုအပ်သလို ခွဲခြား၍ ကစားနေသည် ကို မြင်သာနိုင်သည်။ မြန်မာခေါင်းဆောင်ကြီး ဗိုလ်ချုပ်သန်းရွှေက မစ္စတာဂမ်ဘာရီကို မည်သို့ နှပ်ပစ်ခဲ့သည်ကိုလည်း မမေ့သင့်ပါ။ သူက မျက်နှာသာပေးသည့် မဟာမိတ်နိုင်ငံများနှင့် မည်သို့ဆက်ဆံသည်ကိုလည်း သိသာစွာ တွေ့နိုင်ပါသည်။

လွန်ခဲ့သည့် ၃-လက၊ ဗိုလ်ချုပ်သန်းရွှေက တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ယန် ဂျေးချီ (Yang Jiechi) ကို နေပြည်တော် တွင် လက်ခံတွေ့ဆုံခဲ့ပြီး၊ စစ်အစိုးရ ခေါင်းဆောင်ကြီးက မြန်မာပြည်တွင်းရေး အခြေအနေများကို ၀မ်းသာအားရ ရှင်းလင်း ပြခဲ့ပါသည်။ မြန်မာနိုင်ငံ၏ "မိမိဘာသာ လွတ်လပ်အချုပ်အချယ်ကင်းသည့်မူနှင့် ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ချက် မူများအရ ဆောင်ရွက်နေသော ဒီမိုကရေစီ လုပ်ငန်းစဉ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ" ကို ရှင်းပြခဲ့သည်။ ဧရာဝတီတိုင်းရှိ မုန်တိုင်း သင့်ဒေသများအတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများကိုပါ ရှင်းပြခဲ့ပါသည်။

လွန်ခဲ့သည့်လက ဗိုလ်ချုပ်သန်းရွှေ၏ လက်စွဲ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တွေ့ဆုံပြောကြားရာ၌ သူ၏အစိုးရအနေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် စောင့်ကြည့်လေ့လာရန် ကုလအထူးသံ မစ္စတာဂမ်ဘာရီကို ခွင့်ပေးမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြ သည်။

ပြီးခဲ့သည့်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ ကျင်းပစဉ်က မစ္စတာဂမ်ဘာရီကို လာရောက်လေ့လာရန် ဖိတ် ကြားခဲ့ခြင်း မရှိပါ။ သို့သော် စိတ်ဖွယ်စားဖွယ်သတင်းအဖြစ် မြန်မာစစ်အစိုးရပိုင် သတင်းစာများတွင် လာအို၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံမှ သံအမတ်များက မဲရုံများသို့ လာရောက်လေ့လာခဲ့ကြသည်ဟု ဖော်ပြခဲ့ပါသည်။

မစ္စတာ ဂမ်ဘာရီကား အကြိမ်ကြိမ် နှပ်ပစ်ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် စင်္ကာပူ၌ ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာစစ်အစိုးရ၏တောင်းဆိုချက် အရ သူကတင်ပြမည့်အရေးကို အရေးမပါဟု ပယ်ချခံခဲ့ရဖူးသည်။ ထိုအချိန်က သံဃာများဦးဆောင် သည့် ရွှေဝါရောင်တော်လှန်ရေးအပြီး ၂-လအကြာကာလဖြစ်ပြီး၊ မစ္စတာ ဂမ်ဘာရီက မြန်မာနိုင်ငံတွင်း အခြေအနေကို အာ ဆီယံ ခေါင်းဆောင်များထံ အစည်းအဝေးတွင် တင်ပြနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဗိုလ်ချုပ်သိန်းစိန်က မစ္စတာဂမ်ဘာရီအနေနှင့် "ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုသာ ပြန်လည် အစီရင်ခံ ရန် တာဝန်ရှိကြောင်း၊ အာဆီယံခေါင်းဆောင်များနှင့် အရှေ့ဖျားအာရှ ထိပ်သီးအစည်းအဝေးတွင် တင်ပြရန် တာဝန်မရှိ ကြောင်း" ငြင်းပယ်ခဲ့ပြီးသည့်နောက်တွင် အစည်းအဝေးက ကြိုတင်စီစဉ်ထားသည့် အစီအစဉ်ကို ရုတ်ချည်းရုပ်သိမ်းပေးခဲ့ ပါသည်။

ဗိုလ်ချုပ်သိန်းစိန်က "ပါမောက္ခဂမ်ဘာရီ၏ ခရီးစဉ်များနှင့် ကုလသမဂ္ဂ၏ စေတနာမွန်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများကို မြန်မာအစိုးရက ယုံကြည့်မှုအပြည့်ဖြင့် စီမံဆောင်ရွက်ပေးခဲ့ကြောင်း" ပြောဆိုခဲ့သည်။ ဤအချက်မှာ လုံးဝမမှန်ပါ။ မြန်မာ စစ်အစိုးရက ဂမ်ဘာရီအပေါ် ယုံကြည်မှုဆိုသည်မှာ ၎င်းအနေနှင့် သူတို့၏ရည်ရွယ်ချက်အတွက် အသုံးဝင်နေသမျှ ကာလ မျှသာ ဖြစ်ပါလိမ့်မည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးတွင်လည်း အလားတူပင် ဖြစ်ပါလိမ့်မည်။

သမ္မတအိုဘားမား ယခုနှစ် ဇန်န၀ါရီလတွင် အာဏာရလာချိန်မှစ၍ စစ်အစိုးရ၏ ယခင်သံအမတ်ဟောင်းများက ၀ါရှင်တန် သို့သွား၍ အုပ်ချုပ်ရေးအဖွဲ့သစ်၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒများကို စနည်းနာတီးခေါက်ကြကြောင်း သတင်းများ လည်း ရရှိခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စဟေလာရီ ကလင်တန် လွန်ခဲ့သည့်လက အာရှနိုင်ငံများ သို့ လာရောက်ခဲ့ပြီးနောက်ပိုင်းတွင်လည်း၊ တရုတ်အာဏာပိုင်များနှင့် "သုတေသီ ဆိုသူများ"က ထိုင်းနိုင်ငံသို့ အလျှင် အမြန် ပြေးလွှား ရောက်ရှိလာကြပြီး မြန်မာအတိုက်အခံအုပ်စုများ၊ ပြည်ပရှိနေထိုင်သူများနှင့် အမေရိကန်က မည်သို့မည်ပုံ စဉ်းစားနေသည်ကို တီးခေါက်စနည်းနာခဲ့ကြပါသည်။

စစ်အစိုးရ အာဏာပိုင်များအနေနှင့် ဒေသအတွင်းရှိ အမေရိကန်ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်များနှင့် ဒုတိယ အကြိမ်အဖြစ် တရားဝင်မဟုတ်သည့် ဆွေးနွေးပွဲများ ကျင်းပရန် ဆန္ဒရှိနေသည်ဟု ပြည်ပရောက် မြန်မာအတိုက်အခံ များက ယုံကြည်နေကြသည်။ အလားတူပထမအကြိမ် တွေ့ဆုံပွဲကို ၂၀၀၆ ခုနှစ်က တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းတွင် ယခင်တခါ ကျင်းပခဲ့သလို၊ ယခုတကြိမ်လည်း ၎င်းနေရာတွင်ပင် ဖြစ်ဖွယ်ရှိသည်။ ပထမအကြိမ်တွေ့ဆုံစဉ်က မြန်မာ စစ်အစိုးရ ခေါင်းဆောင် ၀န်ကြီးများနှင့် အမေရိကန်ပြည်ထောင်စုမှ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဲရစ်ခ်ဂျွန် (Eric John) တို့ တွေ့ဆုံခဲ့ကြသည်။

လူသူလေးစားခံရသည့် မြန်မာပညာရှင်တဦးက ထင်သာမြင်သာ ဖော်ပြခဲ့ရာတွင် "အပျိုကြီး လင်လိုချင်" သည့်ပုံ ဖြစ်နေ သည်ဟု ဆိုခဲ့သည်။ (ဤနေရာတွင် မြင်သာအောင် တင်စားသုံးနှုန်းခြင်းသာဖြစ်ပြီး အပျိုကြီးများကို စော်ကားလိုသည့် ရည်ရွယ်ချက် မဟုတ်ပါ။)

အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မည်ဆိုလျှင် တန်ဖိုးကြီးကြီးပေးရမည် ဖြစ်ကြောင်း မြန်မာစစ်အစိုးရက သိထားပါသည်။ အပေးအယူ လိုက်လျောမှုများ ပြုရလိမ့်မည်။ ဖြစ်နိုင်သည်မှာ အမေရိ ကန် ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက်တောင်းဆို လိမ့်မည်ဖြစ်ပြီး၊ ယခုစစ်အစိုးရ၏ "လမ်းပြမြေပုံ" တွင် အင်အားစုများအားလုံး ပို၍ပါဝင်ဆောင်ရွက်စေရန်လည်း တောင်းဆို လာလိမ့်မည်ဖြစ်သည်။

ယခုအပတ်ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာ (Washington Post) ၏ ခေါင်းကြီးပိုင်းက မြန်မာနိုင်ငံ စစ်အစိုးရနှင့် ပတ်သက် ၍ အမေရိကန်ပြည်ထောင်စု၏ မူဝါဒများ ပြန်လည်သုံးသပ်ရာ၌ အထူးသတိထားပါရန် သတိပေးရေးသားခဲ့သေးသည်။

"အမေရိကန်ပြည်ထောင်စု၏ ပြန်လည်ပြင်ဆင်သည့် မူဝါဒက ပို၍ ထိရောက်သည့်၊ သေချာပစ်မှတ်ထားသည့် အရေးယူ ဒဏ်ခတ်မှုမျိုး ဖြစ်လာနိုင်ပါသည်။ မဟာမိတ်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပို၍ ပူးပေါင်းဆောင်ရွက်မှု ရနိုင်သည့်မူဝါဒ မျိုး ဖြစ်နိုင်သည်" ဟု သတင်းစာခေါင်းကြီးက ရေးသားခဲ့သည်။

ထို့အပြင် ၎င်းသတင်းစာကြီးက မှန်မှန်ကန်ကန် မှတ်ချက်ပေးခဲ့ရာတွင် "မြန်မာနိုင်ငံ၏ ဖြစ်သင့်ဖြစ်ထိုက်သည့်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာ၊ ပြည့်စုံကုံလုံစွာ တိုင်ပင်ညှိနှိုင်းမှု မရှိဘဲ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို ဖြေလျှော့ပေးမည် မဟုတ်ကြောင်း မြန်မာအစိုးရကို သိစေသင့်ပါသည်။ မစ္စကလင်တန်အနေနှင့် ဤ အချက်ကို မြန်မာစစ်အစိုးရထံ ရှင်းလင်းစွာ ပြောကြားလိမ့်မည်ဟု မိမိတို့က မျှော်လင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ပါသည်။ သို့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုထားခဲ့ပြီး၊ ထိုအချိန်မှစ၍ အချိန်အတော်များများတွင် သူ့ကို အထီးကျန်ဖြစ်အောင် အိမ်အကျယ်ချုပ်ချ ထား ထိန်းသိမ်းခဲ့ပါသည်။ ဒေါ်အောင်စုကြည် လွတ်မြောက်ရေးကိစ္စ၊ အခြားထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ နှင့် သူတို့၏မိသားစုများအရေးသည် အထူးအရေးကြီးနေဆဲပင် ဖြစ်ပါသည်" ဟု ဖော်ပြရေးသားခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ သေချာသိထားသည့်အချက်မှာ မြန်မာစစ်အစိုးရက ၎င်းတို့အကျိုးမရှိလျှင် မည်သည့်အခါမျှ လိုက် လျောစေ့စပ်လေ့ မရှိခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် စစ်အစိုးရထိပ်သီး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်သန်းရွှေက ဤမူကို အထူးကိုင်စွဲထားသည် မဟုတ်ပါလား။

အောင်ဇော် ရေးသားသည့် Than Shwe’s Selective Diplomacy Demands Caution ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။



အောင်ဇော်
REF: ဧရာဝတီ

Read More...

အကြပ်အတည်းကြားက ကေအန်ယူ

Friday, 20 March 2009

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် ကို လက်လွှတ်ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။ ပြီးခဲ့သည့် နှစ်များအတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ် စောဘိုမြကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်းတို့နှင့်အတူ KNU၏ ထိန်းချုပ် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ်တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ KNU သည် ပြည်ပရောက် အတိုက်အခံများနှင့် ရင်းနှီးမှုအရှိဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။ ဧရာဝတီက KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုဒေးဗစ်ထော နှင့် တွေ့ဆုံပြီး KNU၏ လက်ရှိအခြေအနေများကို မေးမြန်းခဲ့သည်။ ဖဒိုဒေးဗစ်ထောသည် ယခင်က KNU၏ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူဖြစ်သည်။

ဖဒိုဒေးဗစ်ထော (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)

မေး။ ။ ထိုင်းနိုင်ငံထဲက KNU စစ်ခေါင်းဆောင်တွေ မကြာသေးခင်က မြန်မာနိုင်ငံဘက်မှာ ရှိတဲ့ KNU ထိန်းချုပ်နယ်မြေထဲကို ပြန်ရတဲ့အကြောင်းတွေ ပြောပြပါဦး။

ဖြေ။ ။ ၂ဝဝ၈ ခုနှစ် KNU ညီလာခံ အပြီးမှာ အပြောင်းအလဲက ဘာလဲဆိုတော့ နအဖ က တွေ့ဆုံ ဆွေးနွေးရေးကို မသွားချင်တော့ဘူး ဆိုတော့ တချို့ ဌာနတွေ ဖျက်ပစ်လိုက်တာရှိတယ်။ ဥပမာ အရင်က နအဖနဲ့ ဆက်ဆံတဲ့ ဗိုလ်မှူးစိုးစိုးရဲ့ ဌာနမျိုးပေါ့။ အဲဒါကို ထိုင်းဘက်က အမြင်မရှင်းတာမျိုး ရှိတယ်။ နအဖက ကမ်းလှမ်းမှုတွေကို ကျနော်တို့ဘက်က စ ဖျက်တယ်လို့ ထိုင်းက မြင်တယ်။

ညီလာခံအပြီး တပ်မဟာ ၆ ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ အဲဒီဘက်က တပ်ရင်း ၂ဝ၁၊ ၂ဝ၃ ရှိတယ်။ မြန်မာ စစ်အစိုးရဘက်က တောင်းဆိုမှုကြောင့် ထိုင်းက လမ်းတွေကို တတ်နိုင်သလောက် လိုက်ဖြတ်တောက်တာ တွေ့ရတယ်။ ဒါကြောင့် တချို့ နယ်မြေတွေ ရှုံးရတာ၊ ဆုတ်ပေးရတာ အဲဒါတွေ ပါတယ်။ ရိက္ခာ မပို့နိုင်သလို နောက်ကျောကနေ ဝင် အပစ်ခံရတာတွေ ရှိတယ်။

အဲဒီမှာ ဆက်ဆံရေးက ကျဲလာတဲ့ အခါကျတော့ ဖေဖော်ဝါရီမှာ ထိုင်းဘက်ကနေ ကျနော်တို့ဆီ စာဝင်လာတယ်။ သူတို့နယ်မြေထဲကနေ ကိုယ့်တပ်တွေကို လှမ်းပြီး အမိန့်မပေးဖို့ပေါ့။ ဒါပေမယ့် ကျနော်တို့ ထိုင်းနယ်မြေထဲမှာ ဆက်ပြီး နေနေတယ်။ အဲဒီမှာ စာရလာတယ်။ စာအရ တော့ အမိန့်ပေးနိုင်တဲ့ တပ်မှူးတွေအနေနဲ့ ဖေဖော်ဝါရီ ၂၅ မှာ နောက်ဆုံး ဟိုဘက်ကမ်း ပြန်သွားပေးဖို့ပေါ့။

နောက် … ပို့ရတဲ့ အကြောင်းရင်းတချက်က ပြီးခဲ့တဲ့လက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တာနာ လာတဲ့ အချိန်မှာ (ကရင်ပြည်နယ်) မြဝတီမှာ ပေါက်ကွဲမှု ဖြစ်သေးတယ်၊ အဲဒါ ကျနော်တို့ လုပ်တာလို့ ပြောတယ်။ အရှေ့တောင်တိုင်း တိုင်းမှူး ကိုယ်တိုင် လာကြည့်တယ်။ ဆိုတော့ ပိုပြီး ထိုင်းဘက်က ပိုစိုးရိမ်လာတယ်၊ ဖိအား ပိုများလာတယ်။ မြန်မာ စစ်အစိုးရဘက်ကလည်း KNU, KNU ဆိုပြီး ဝါဒဖြန့်တာတွေ ပို ကြီးလာတဲ့ အခါကျတော့ ထိုင်းအနေနဲ့ ဖဒိုမန်းရှာလို နောက်တယောက် ဖြစ်မှာ စိုးရိမ်လာတယ်။

မေး။ ။ တကယ်လို့ KNU က ငြိမ်းချမ်းရေးယူမယ်ဆိုရင် ကိုယ်ပိုင်နယ်မြေ ရနိုင်မလား။

ဖြေ။ ။ နယ်မြေပေးမယ် ဆိုတာ ဘုရားသုံးဆူရဲ့ မြောက်ဘက်ပိုင်းပေါ့။ အရင် ကျနော်တို့ ၂ဝဝ၅ ခုနှစ် သွားပြီး ဆွေးနွေးတုန်းက အရှေ့တောင်တိုင်း တိုင်းမှူးက သုံးနေရာပေးတယ်။ အဲဒီ နေရာက ကရင်ပြည်နယ်ထဲမှာ ဆိုတော့ ဘယ်တပ်မဆို အဲဒီကို ပြန်လာနေဖို့ ပြောတာ။

အဲဒီမှာ DKBA (KNU၏ ခွဲထွက်အဖွဲ့တခု) လည်း ရှိတယ်၊ နောက်တခုက မွန်ပြည်သစ်ပါတီရဲ့နေရာ ဖြစ်နေတယ်။ ဘယ်သူ ပြန်ပြန် နေပြည်တော်ကတော့ ခေါင်းအေးမယ်၊ ဒါပေမယ့် အဲဒီနေရာမှာ ရှိတဲ့သူတွေကတော့ ခွက်စောင်းခုတ်မှာပဲ။ အခုကလည်း တနိုင်ငံလုံး အတိုင်းအတာကို မကြည့်ကြဘူးလေ။ အားလုံးလိုလိုက နယ်မြေလေး တခုလောက် ရပြီး ရပ်တည်နိုင်တဲ့ အနေအထားရှိရင် တော်ပြီ ဆိုတာမျိုး။

မေး။ ။ KNU ရဲ့ အောက်ခြေ တပ်တချို့က သူတို့သဘောနဲ့ သူတို့ အစိုးရနဲ့ သွားပြီး ပူးပေါင်းမယ် ဆိုရင် ခွင့်ပြုမလား၊ ဘယ်လို သဘောထားရှိလဲ။

ဖြေ။ ။ တခြားတပ်မဟာတွေကတော့ ပြဿနာ မရှိလောက်ဘူး။ ဖြစ်မယ်ဆိုရင်တော့ အထူးတပ်ရင်း ဗိုလ်ချုပ်မြရဲ့ လူတွေ ဘက်က ဖြစ်စရာ အကြောင်းရှိတယ်။ အမှန်က ကျနော်တို့က ကိုယ့်လူကိုယ်လည်း မထိန်းနိုင်ဘူး၊ ဗိုလ်ချုပ်မြ ရှိတုန်းက သူပျိုးထောင်ခဲ့တာတွေက ဗိုလ်ချုပ်မြလူ ဆိုပြီး သဘောထားကြတယ်။ တကယ်က တပ်ဆိုတာက အားလုံး တစုတစည်းတည်း တပ်ဗိုလ် တပ်မှူးရဲ့ အောက်မှာပဲ ရှိသင့်တာကို ခုလို ခွဲခြားလိုက်တော့ ပြဿနာက ဖြစ်လာရော။

တပ်မဟာ ၆ က ထုတ်ပယ်ထားတဲ့သူတွေ ဥပမာ - တဲခီး ဆိုရင် ဗိုလ်ချုပ်မြက ပြန်ခေါ်သုံးထားတယ်။ သူက DKBAနဲ့လည်း အဆက်အစပ် ရှိတယ်။ ဗိုလ်မဟာဆွေ ဆိုရင်လည်း ဗိုလ်ချုပ်မြဆီမှာ တောက်လျှောက် နေလာခဲ့တယ်။ ဒါပေမယ့် သူ့ကို ဦးစီးချုပ်က တခါမှ ပြောဆို ဆွေးနွေး တိုင်ပင်တာ မရှိခဲ့တော့ သူက လွတ်နေတယ်။ သူတို့ကို ရွာသားပြောမလား၊ ဗိုလ်ချုပ်မြလူလို့ ပြောမလား။

ဒီဟာတွေက မရှင်းမရှင်း ရှိနေတော့ ကျနော်တို့ တပ်က ဖွဲ့စည်းပုံကိုက အားနည်းတယ်။ ကျနော်တို့ကလည်း တပ်မဟာ ၃၊ ၄၊ ၅၊ ၆ စသည်ဖြင့် တပ်မဟာတွေကို အာရုံစိုက်ပေမယ့် အထူးတပ်ရင်းတွေကိုကျတော့ အာရုံမစိုက်တော့ အထူးတပ်ရင်းကို ဗိုလ်ချုပ်မြတပ် ဆိုပြီး ဘေးဖယ်သလို ဖြစ်နေတယ်။ တခါ အထူးတပ်ရင်းကလည်း ဗိုလ်ချုပ်မြက သူ့သားတွေကိုပဲ ဦးဆောင်ခိုင်းထားတယ်။ မိသားစုကနေ ပျိုးထောင် ထားတဲ့ တပ်လိုဖြစ်နေတော့ တချို့က သိပ် အမြင် မကြည်ကြဘူး။ နောက်တခါ မာနယ်ပလောတို့ တခြား တပ်ရင်းတွေ ကျတုန်းက ပြေးခဲ့တဲ့ တပ်သားတချို့ကို ဗိုလ်ချုပ်မြက ပြန်ခေါ်သုံးထားတာမျိုးလည်း ရှိတယ်။

အဝေးတပ်ရယ်၊ ဗဟိုတပ်ရယ် ဆိုတဲ့ ဇာတ်လမ်းက ရှိနေတော့ အရေးယူရမလား၊ လိုက်လျောရမလား ဘာမှန်းကို မသိဘဲ ဖြစ်နေတယ်။ အဲလိုမျိုး တခြား တပ်ရင်းတွေကပါ လုပ်မယ် ဆိုရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ပဲ့ ပဲ့ ပြီး ထွက်သွားဖို့က များနေတယ်။ DKBA တုန်းကတော့ ပုံစံတမျိုးနဲ့ ဖြစ်ခဲ့တာပဲ။ ဗိုလ်ထိန်မောင် ဖြစ်တော့လည်း ပုံစံတမျိုးပဲ။ ကျနော်တို့ဆီမှာ အကွဲကွဲ အပြားပြား ဖြစ်နေတယ်။

မေး။ ။ KNU မှာ စစ်တပ် အင်အားက ဘယ်လောက် ရှိသလဲ။

ဖြေ။ ။ ၃ဝဝဝ ထက် မပိုဘူး။ တပ်မဟာ ၅ ကတော့ အများဆုံးပဲ။ မြိတ်၊ ထားဝယ်ဘက်မှာလည်း လူရှိရင်တောင် လှုပ်ရှားမှုက တော်တော်နည်းတယ်။ တပ်ရင်းအရ ပြောမယ်ဆိုရင်တော့ တပ်ရင်း ၉၊ ၁ဝ၊ ၁၁ ရှိတယ်။ စာရင်းအရတော့ များတယ်။ ဒါပေမယ့် တကယ့်လူဦးရေက မပြောနိုင်ဘူး။

မေး။ ။ KNUက အင်အား အတော်နည်းနေတော့ နအဖက မဖြိုနိုင်ဘူးလား။

ဖြေ။ ။ ကျနော့်အထင်တော့ မွေးထားတယ်လို့ ထင်တယ်ဗျ။ ဒီကောင်တွေရှိနေတယ်၊ တိုင်းပြည်ကို ကမောက်ကမ လုပ်နေတဲ့ ကောင်တွေ ဆိုပြီး ပြစားလို့ ရတာပေါ့။ တဘက်ကလည်း ကျနော်တို့ လူတွေဘက်ကလည်း စိတ်ဓာတ်တော့ မကျဘူးဗျ။ ကျနော်တို့က ပြောက်ကျားပစ်တယ်၊ ဗုံးထောင်တယ်။ ကျနော်တို့လည်း ဒါပဲ တတ်နိုင်တာကိုးဗျ။

မေး။ ။ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့နဲ့ မယူတဲ့အဖွဲ့ နိုင်ငံရေးအရ ဘာကွာမလဲ။

ဖြေ။ ။ အမှန်ကတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ အနေနဲ့ကတော့ နိုင်ငံရေးအရ မျှော်လင့်ချက်လေး နည်းနည်း ရှိသေးတယ်ပေါ့ဗျာ။ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့၊ နိုင်ငံတကာရဲ့ ဖိအားနဲ့ ပေါင်းပြီး အပြောင်းအလဲကို မျှော်နေတယ်ဗျ။

ငြိမ်းချမ်းရေး အဖွဲ့တွေကျတော့ တချို့က ကျေနပ်လို့တော့ မဟုတ်ဘူး။ အဲဒီလို ငြိမ်းချမ်းရေး ယူလိုက်တဲ့ အခါကျတော့ သူတို့နယ်မြေထဲမှာ သတ်တာတွေ အများကြီးလျော့သွားတယ်၊ နည်းနည်းလျော့တာ မဟုတ်ဘူးနော် .. အများကြီး လျော့သွားတာ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ ရှိကောင်းရှိမယ်၊ ဒါပေမယ့် သတ်တာကတော့ လျော့သွားတယ်။ နောက်တခု အားသာချက်က လူတွေနဲ့ အနီးစပ်ဆုံး ထိတွေ့ခွင့် ပိုရှိတယ်။ အဲဒါကတော့ အရမ်းကို အကျိုးရှိတယ်ဗျ။ သူ့လူထုကို သူတို့ရဲ့ သဘောတရားကို ပြောပြလို့ရတယ်။

ဒီက လက်နက်ကိုင် အဖွဲ့တွေကျတော့ ဟိုဘက်က ထိုးခွဲလိုက်တဲ့အခါမှာ သွားလည်း မရှင်းနိုင်၊ မီဒီယာမှာ ရှင်းပြန်တော့လည်း သတင်းထုတ်ပြန်ချက် ဆိုတာနဲ့ပဲ ပြီးသွားရော။ ကျနော်တို့ လူတွေကို ရွာတွေမှာ ခေါ်စုပြီး စကားပြောနိုင်တာမျိုး မလုပ်နိုင်တော့ဘူး။ နေရာတိုင်းမှာ နအဖရဲ့ စခန်းတွေ တပ်တွေက ရှိနေတယ်။ ဒီတော့ ရွာတွေကလည်း မင်းတို့ ဘာလိုချင်လဲပြော လုပ်ပေးမယ်၊ ခေါ်ပြီး လူစုတာမျိုးတော့ မလုပ်ပေး နိုင်တော့ဘူး ဆိုတာမျိုး ဖြစ်လာတယ်။ အရင်က ဆိုရင်တော့ ခေါ်စုပြီး ရှင်းလင်းပွဲလေး ဘာလေး လုပ်နိုင်သေးတယ်။

မေး။ ။ ပြန်ဝင်သွားတဲ့ ငြိမ်းချမ်းရေး အဖွဲ့တချို့ ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက်တွေလည်း ရှိနေတာပဲ။ KNU ကရော ဘာလို့ ငြိမ်းချမ်းရေး ကိစ္စကို မစဉ်းစားတာလဲ။

ဖြေ။ ။ ကျနော်တို့ နောက်ဆုံး သွားတွေ့တုန်းကဆိုရင် ဗိုလ်ချုပ်ခင်ညွှန့်ရှိတုန်းက ကျနော်တို့ရဲ့ အခြေခံ လိုအပ်ချက် တွေကို ဆွေးနွေးလို့ ရသေးတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ပြုတ်သွားပြီး နောက်လူတွေကျတော့ အဲလို ဆွေးနွေးလို့ မရတော့ဘူး။ ပြန်လာနေရင်နေ၊ မပျော်ရင်ပြန် ဆိုတာမျိုးပဲ သူတို့ဘက်က ပြောတယ်။

နောက်တခါ အဖွဲ့ငယ်လေးတွေကို ခွဲပြီး ခေါ်နိုင်ပြီ ဆိုတာမျိုး ဖြစ်နေတယ်။ ကျနော် ရန်သူဆိုလည်း ဒီတိုင်းလုပ်မှာပဲလေ။ ခွဲနိုင်သမျှ ခွဲထုတ်မယ်၊ အဆောက်အအုံကြီးကိုတော့ ဒီတိုင်း ထားမယ်။ ကျနော်တို့ မပြန်နိုင်ဘူး ဆိုတာကလည်း နိုင်ငံရေး အရ ယုံကြည်ချက်တွေ ရှိကြတယ်။ ညီလာခံကလည်း ဆုံးဖြတ်ထားတာ ရှိတော့ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ် ထားတာကို အောက်ခြေက ဖောက်ပြီး မလုပ်နိုင်တာ ရှိတယ်။ တချို့အောက်ခြေကတော့ ပြန်ချင်တဲ့ စိတ်မျိုး ရှိကောင်းရှိမယ်။

နောက်တခုက ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ ဆုံးဖြတ်ချက် ချထားတာ ဖဒိုမန်းရှာ ရှိကတည်းကပဲ။ အဲဒါက ကျနော်တို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြန်နေဖို့။ ကျနော်တို့ကို ကျနော်တို့ တပ်တွေနဲ့ လူထုက လေးစားမှုရှိဖို့။ အနည်းဆုံးတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့ သူတွေ ကရင်ပြည်နယ်ဘက်ကို ပြန်နေကြဖို့ပဲ။ ဒါပေမယ့် ဖဒိုမန်းရှာသာ ဆုံးသွားရော အဲဒီ အစီအစဉ်က ဖြစ်မလာဘူး။

ခုဟာက ဗဟိုက မဲဆောက်ဆိုတော့ လူက အထင်သေးတာပေါ့။ ကရင်ပြည်နယ်မှာ ရွာသားတွေက KNU ခေါင်းဆောင်ကို တခါမှ မတွေ့ဖူးဘူး။ ပြက္ခဒိန် ရောက်လာမှ မြင်ဖူးကြတာမျိုး ဖြစ်နေတာ။ တကယ်ဖြစ်သင့်တာက ညီလာခံက ဆုံးဖြတ် ပြီးရင် ဟိုဘက်ကမ်း ပြန်ကြပေါ့၊ တပ်တွေဆီလည်း ကိုယ်သွားနိုင်သလောက် သွားပြီး အားပေးပေါ့ ..။ တပ်နဲ့ တူတူနေတဲ့ ဒုက္ခသည်တွေကို တွေ့သင့်တာပေါ့။ ဒါပေမယ့် ကျနော်တို့ကအစ ဒီဘက်ကမ်း (ထိုင်းနိုင်ငံဘက်အခြမ်း)ကနေ လုပ်နေကြတယ်။ အဲဒီတော့ အထဲက တကယ်လုပ်နေတဲ့ တပ်မှူးတွေကလည်း ကျနော်တို့ကို အားကျတာပေါ့။ အဲဒီတော့ ဒီဘက်ကို လာနေချင်ကြကော။ ဟိုထဲမှာ မလွှဲသာမရှောင်သာလို့ နေနေရတဲ့သူတွေက ဒီလူတွေကို ကြည့်ပြီး စိတ်ဓာတ်ကျတာပေါ့ဗျာ။

မေး။ ။ ကျန်တဲ့ ငြိမ်းချမ်းရေး တပ်တွေကကော လက်နက်ပြန်ကိုင်ပြီး တိုက်မယ်လို့ ထင်သလား။

ဖြေ။ ။ ရိုးရိုး ပြောရရင်တော့ ဒီလူတွေ စစ်ပြန်တိုက်ကြဖို့ မရှိဘူးဗျ။ သူတို့ လူထုနည်းအရ၊ နိုင်ငံရေး အရပဲ ဆန့်ကျင်နိုင်မယ်။ ဝ ဒေသဆိုရင်လည်း စစ်ရေးအရ တရုတ်ကသာ ပံ့ပိုးပေးနေမယ်ဆိုရင် .. ပံ့လည်း ပံ့ပိုး ပေးနေတာပဲ ဆိုတော့ နအဖက သွား တိုက်ဖို့ တော်တော် စဉ်းစားရမယ်။ ဝ ကိုက တရုတ်က တော်တော်လေး ချုပ်ကိုင်ထားနိုင်တယ်၊ ဝ ရဲ့ ထွက်ပေါက်ကလည်း တရုတ်ပဲကိုး။ ကချင် ဆိုရင်ကော အရင်က တော၊ ခြုံဆိုတဲ့ နေရာတွေ ခု လူနေအိမ်ခြေ တိုက်တာနဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆိုတော့ စစ်ပြန်ဖြစ်ဖို့ ဘယ်သူမှ စဉ်းစားမှာ မဟုတ်တော့ဘူး။

သူတို့ထဲမှာ စစ်သားဦးရေက နည်းတာ မဟုတ်ဘူး။ ဒါက စစ်မတိုက်ရလို့ကိုး။ စစ်တိုက်ရရင် ဘယ်သူမှ စစ်ထဲ လိုက်မှာ မဟုတ်တော့ဘူးလေ။

မေး။ ။ KNU နဲ့ လက်ရှိ ဒီမိုကရေစီအင်အားစုတွေ၊ တပ်ပေါင်းစုတွေအပေါ် အမြင် ပြောပြပါဦး။

ဖြေ။ ။ ခုအချိန်မှာတော့ တပ်ပေါင်းစုတွေမှာတော့ KNU ကို ဗန်းပြအနေနဲ့ နေရာပေးထားတာတော့ ရှိတယ်။ NCUB တပ်ပေါင်းစုအဖွဲ့က စင်ပြိုင်အစိုးရ ဖွဲ့မယ် ဆိုတာမျိုး ဖြစ်လာတယ်။ KNU ကလည်း ရန်သူကို တိုက်မယ် ဆိုရင် ကြိုက်တာပဲ၊ ဘယ်လိုပဲ တိုက်တိုက်လေ။

ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မစဉ်းစားတဲ့ အပိုင်းတွေ ရှိတာလည်း တွေ့လာရတယ်။ အဲလို ပုံစံဆိုတော့ အထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်ပေါ့။ ငြိမ်းချမ်းရေး အဖွဲ့တွေကော ပါနိုင်မလား။ မလွယ်ဘူး။ သူတို့ သွားချင်တဲ့ ပုံစံက တမျိုးပဲ။ အိပ်မက်ကြီးလို ဖြစ်နေတယ်။ လက်ရှိ သူတို့ ရှိတဲ့ အခွင့်အရေးကို လွှတ်ပြီး ကျနော်တို့ ပေးတဲ့ လေထဲက အခွင့်အရေးကို ယူမလားဗျ။

မေး။ ။ လုပ်ကြံခံရတဲ့ KNU ခေါင်းဆောင် ဖဒိုမန်းရှာက ရန်သူ တော်တော်များခဲ့လား။

ဖြေ။ ။ KNU တခုလုံးရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အထွေထွေ အတွင်းရေးမှူး ဆိုတော့ သူက မူပေါ်မှာ ရပ်တည်ပြီး အကောင်အထည်ဖော် ပြောဆိုတဲ့အခါမှာ သူ့ကို မကြိုက်တာမျိုးတွေ ရှိကောင်း ရှိနိုင်မယ်။ သူ့ကို မသတ်ခင်မှာ DKBAတို့၊ နအဖတို့က ဖြန့်တဲ့စာတွေ တွေ့ကြမှာပါ။ ကားဗုံးခွဲတဲ့နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေတာ မန်းရှာလက်ရာ၊ ကိုကြည်လင်း (စစ်အစိုးရနှင့်သွားရောက်ဆွေးနွေးသူ KNU ဒု ဗိုလ်မှူးကြီး) သေတာ မန်းရှာလက်ရာ အဲလိုတွေ မြှောက်ပေးတော့၊ စွပ်စွဲတော့ သူက ပိုကြီးထွားလာရော။ အဲဒီမှာ ထိုင်းဘက်က လမ်းဖောက်ဖို့တို့၊ ရေလှောင်တမန် ကိစ္စတို့မှာ သူက မူအရ ငြင်းရတော့ တချို့က မန်းရှာနဲ့ စကားပြောရတာ ခက်တယ် ဆိုတာမျိုးတွေ ဖြစ်လာတာပေါ့။ ကျနော့်အထင် သူ့မှာ ရန်သူ များတယ်လို့ ပြောရလောက်အောင်တော့ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ အဖွဲ့အစည်းတခုလုံးရဲ့ဒဏ်ကို ခံလိုက်ရတာပါ။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဘာဖြစ်လာမယ်လို့ ထင်သလဲ။

ဖြေ။ ။ စစ်တပ်ကို သုံးပြီး အပစ်ရပ် အဖွဲ့တွေကို လက်နက် လုံးဝ ဖြုတ်ခိုင်းမလား .. ဒါမှမဟုတ် အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို အပြတ် ချခိုင်းမလား၊ ဒါကတော့ နောက်တက်မယ့် အစိုးရပေါ်မှာ မူတည်တာ။

ကျနော်တို့ကတော့ ဒီတိုင်း ဆက်နေသွားမယ် ဆိုတာ ရှင်းပေမယ့် နောက်တက်မယ့် အစိုးရ ဘာလုပ်မယ်ဆိုတာ ခုထိမရှင်းဘူး။ ၂ဝ၁ဝ ပြီးသွားလို့ ရှေ့လျှောက်မှာ နအဖလည်း အခက်အခဲ ပိုများလာမယ်။ ကျနော်တို့ကတော့ ဒီထက် ပိုခက်စရာ အကြောင်း မရှိတော့ဘူးလို့ ထင်တယ်။ ကျနော်တို့အတွက်က အခုကာလက တကယ့်အကြပ်အတည်း ဆုံးပဲ။ ဘဏ္ဍာငွေအားဖြင့် အခက်အခဲရှိတယ်၊ လူစုရတာလည်း အခက်အခဲရှိတယ်။ အခက်အခဲက မျိုးစုံတယ်။

မေး။ ။ KNU ရဲ့ တပ်တွေကို ထောက်ပံ့ဖို့ မလွယ်တော့ဘူး ဆိုတဲ့ သဘောလား။

ဖြေ။ ။ အဲဒါပေါ့ .. ခုလောလောဆယ် ကျနော်တို့ လူထုကလည်း အကုန်လုံး ဒုက္ခသည်ဖြစ်ကုန်ပြီ .. အရင်ကလို ကျနော်တို့ ဝန်ကို မထမ်းနိုင်တော့ဘူး။ ရုန်းကန်တဲ့နေရာမှာ မိသားစုတွေက ကိုယ့်ဘာသာ စားနိုင်ပေမယ့် တပ်တွေအနေနဲ့ က အနည်းအကျဉ်းတော့ လိုတယ်။ အဲဒီအတွက် နိုင်ငံတကာမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်း ပံ့ပိုးတာလောက်တော့ ရှိပါတယ်။

လက်နက်ဆိုရင်လည်း ရှိရင်တောင် ဝယ်ဖို့ အတော်ခက်ခဲနေပြီ။ ကျနော်တို့ကို ထိုင်းက လက်နက် စ ဖြတ်တောက်တာ ဆိုရင် ၁၉၉ဝ လောက်က စတာပဲ။ အစောပိုင်းက ကျန်နေတာတွေ ရှိနေလို့သာ ခုနောက်ပိုင်း တော်တော်လေးခံသာတာ။

မေး။ ။ ဖိအားတွေ များနေတယ်၊ ပြဿနာ ပေါင်းစုံရှိတယ်၊ KNU ထဲက နောက်ထပ် ခွဲထွက်နိုင်မယ့်သူတွေကလည်း ရှိနေတယ် ဆိုတော့ KNUရဲ့ နိုင်ငံရေး ရပ်တည်ချက် ပြောင်းသွားနိုင်လား။

ဖြေ။ ။ ပြောင်းသွားနိုင်တယ်ဗျ။ အဲဒါတွေ ပြန်ထိန်းတဲ့အနေနဲ့ ပေါ်လစီ ပြောင်းနိုင်တယ်။ ပြောင်းမယ့် ပေါ်လစီကလည်း ပြန်မယ့်သူပြန်၊ နေမယ့်သူနေ .. ဒါပေမယ့် ရန်မဖြစ်နဲ့ ဆိုတာမျိုးဖြစ်နိုင်တယ်။ သဘောက DKBA ပြန်တယ်။ ရန်ဖြစ်တယ်။ ထိန်မောင် ပြန်တယ် ရန်ဖြစ်တယ်ဆိုတာရှိတယ်လေ .. အဲဒါက ပေါ်လစီ မကျဘဲ ပြန်ကြတာကိုး။

နောက်တခုရှိတာကတော့ ပြန်ရင်တောင် အရင်ကလို အစုလိုက် အဖွဲ့လိုက် ပြန်တာမျိုး မဖြစ်နိုင်တော့ဘူး၊ နယ်မြေတွေကလည်း ကွဲပြားကုန်ပြီကိုး။ ဒီတော့ ပြန်ရင်လည်း နီးစပ်တဲ့အဖွဲ့လေးတွေ ပြန်ကြလိမ့်မယ်။ ဒါကလည်း ထိုင်းရဲ့ ပေါ်လစီပေါ်မှာ မူတည်တယ်။ အရင်ကတော့ ထိုင်းက တစုံလုံး အစုနဲ့ အဖွဲ့နဲ့ ပြန်တာမျိုး လုပ်စေချင် တယ်။ တစစီပြန်ရင် သူတို့ မထိန်းနိုင်ဘူးလေ။ ခုတော့ သူတို့လည်း တစုံလုံးပြန် ဆိုတာမျိုး မလုပ်နိုင်တော့ဘူး။ တစစီ ပြန်ချင်လည်း ပြန်။ ပြန်ဖို့ပဲ လိုရင်း ဆိုတာမျိုး ဖြစ်နေပြီ။

မေး။ ။ အထဲပြန်ဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး ဦးဒေးဗစ်ထောရဲ့ သုံးသပ်ချက် ပြောပြပေးပါ။

ဖြေ။ ။ တင်းခံတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်မှာ တင်းခံနိုင်လောက်တဲ့ အနေအထားတော့ ရှိဖို့ လိုတယ်။ ဟိုအရင်ကတော့ ဖြစ်နိုင်တယ်၊ (စစ်အစိုးရနဲ့) မတွေ့လည်း ရတယ်။ အခု အခြေအနေမှာ တွေ့ချင်ပါတယ် ဆိုရင်တောင် တွေ့ဖို့လွယ်တဲ့ အနေအထား မဟုတ်ဘူး။

မေး။ ။ တကယ်လို့ KNU က အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ယူခဲ့မယ် ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ဖို့ စိတ်ကူးထားသလား။

ဖြေ။ ။ မဟုတ်ဘူးဗျ။ ၂ဝ၁ဝ ကတော့ ဝင်လည်း မထူးဘူး။ လူထုစည်းရုံးမှုတွေ အများကြီး ပြန်လုပ်ရဦးမယ်။ ဒီတော့ အရှိကို အရှိအတိုင်း ပြောရရင် KNU အနေနဲ့ မဲပုံး ထောင်လို့ကို မရသေးဘူး။ နိုင်ငံရေး ပြန်လုပ်ချင်ရင် အများကြီးကို ပြန်လုပ်၊ ပြန်တည်ဆောက်ရဦးမယ်။



REF: ဧရာဝတီ

Read More...

အပေါ်သို့