Tuesday, April 6, 2010

ကြိုတင်ပြင်ဆင်မှုအဖြစ် NLD စီမံခန့်ခွဲရေး ကော်မတီဖွဲ့

05 April 2010


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ် လိုက်ပြီးနောက် နောက်ပိုင်း အခြေအနေ ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်သွားဖို့ စီမံခန့်ခွဲမှု အဖွဲ့တရပ်ကို ဖွဲ့စည်း လိုက်ပါတယ်။ ဒီအဖွဲ့ဟာ ပါတီရဲ့ ကျန်ရှိနေသေးတဲ့ အဆောက်အဦးတွေ ကိစ္စ၊ ငွေကြေးကိစ္စ၊ စာရွက်စာတမ်း ကိစ္စတွေကို ရှင်းလင်း တာဝန်ယူသွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒီနေ့ အန်ကယ်တို့ အစည်းအဝေးက ပါတီ ဖျက်သိမ်းနိုင်ရေး ကော်မတီတရပ် ဖွဲ့တယ်လို့ ကြားလို့ပါ။

“ဒီလိုပါ ဖျက်သိမ်းတာတင် မဟုတ်ပါဘူး။ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲရေး အဖွဲ့ ဖွဲ့တာပါ။ အဲဒီအဖွဲ့ သဘောကတော့ ကျနော်တို့က မှတ်ပုံတင်ခြင်း ဆက်လုပ်မယ့် ပါတီ မဟုတ်တော့ သူတို့ ထုတ်လိုက်တဲ့ အမိန့်အရ အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည် ဖြစ်သွားနိုင်အောင် ဆိုပြီးတော့ စနစ်တကျလေး ဖြစ်ဖို့ပါ။ အဲဒါကို အကြောင်းပြုပြီး ကျနော်ပဲ ဥက္ကဋ္ဌလုပ်ပြီး ဆိုင်ရာဆိုင်ရာ ဌာနလေးတွေရဲ့ ကိုယ်စားလှယ်တွေ ထည့်ဖွဲ့ပြီး အဖွဲ့ ဖွဲ့တာပါ။

“အဲဒီအဖွဲ့က စတင်ပြီး ဆောင်ရွက်စရာရှိတဲ့ ကိစ္စအရပ်ရပ်၊ ဆိုပါတော့ အဆောက်အဦးနဲ့ ပတ်သက်တဲ့ ကိစ္စ၊ အဆောက်အဦး အတွင်းမှာရှိတဲ့ ပရိဘောဂတွေနဲ့ ပတ်သက်တဲ့ ကိစ္စ၊ စာရွက်စာတမ်းတွေ ကိစ္စ၊ ငွေရေး ကြေးရေး ဘာညာ စသဖြင့်ပေါ့ဗျာ၊ အဖွဲ့လေးတွေဖွဲ့ပြီး ဒါလေးတွေကို အကုန်လုံး စည်းစနစ်ကျကျ၊ မှန်မှန်ကန်ကန်၊ သပ်သပ်ယပ်ယပ် ဖြစ်သွားရအောင် ဆိုပြီး ဒါကို ကြိုတင်ပြင်ဆင်ပြီး စီမံထားတဲ့ အဖွဲ့လေးတခု ဖွဲ့ပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စပါ။”

အကယ်၍များ ပါတီကို တခုခု အတင်းအကျပ် သူတို့လုပ်လာရင် အန်ကယ်တို့ဘက်က။

“ကျနော်တို့က အတင်းအကျပ်တို့၊ အကြမ်းဖက်တာတို့ ဒါတွေ ကျနော်တို့က လုံးဝ ခေါင်းထဲထည့်တာ မဟုတ်ဘူးလေ။ ကျနော်တို့က ဒီဟာနဲ့ ပတ်သက်လို့ လုပ်စရာရှိတဲ့ ကိစ္စရပ်တွေကို အေးအေးချမ်းချမ်း လုပ်မှာ ဖြစ်တဲ့အတွက် အခုလို အနေအထားနဲ့ လုပ်လို့ မရရင် ဘယ်လို အနေအထားနဲ့ လုပ်မလဲ ဆိုတာကို အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်ပြီး ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ဟာနဲ့ ရည်စူးပြီး၊ ပြင်ဆင်ပြီး လုပ်တဲ့ သဘောပါပဲ။ အဲတော့ သိမ်းဆည်းစရာ ရှိတာ သိမ်းဆည်းပေါ့။ အခုလို အိမ်ကြီးတွေနဲ့ အလံတော်ကြီးတွေနဲ့ အခမ်းအနား ကြီးတွေနဲ့တော့ ဖြစ်ချင်မှ ဖြစ်တော့မှာပေါ့ဗျာ။”

အန်ကယ်တို့မှာ CEC ဗဟိုအလုပ်အမှုဆောင် တရပ် ရှိထားပြီးသားဆိုတော့ စီမံခန့်ခွဲရေးက အဲဒါနဲ့ သဘော သဘာဝ မတူဘူးလား ခင်ဗျ။

“မတူပါဘူး။ ဟိုစီမံခန့်ခွဲရေးဆိုတာ နေ့တိုင်း လုပ်တာ ကိုင်တာတွေနဲ့ ပတ်သက်တဲ့ အပိုင်းမှာ ကျနော်တို့က မှတ်ပုံ မတင်တော့ဘူး၊ ရွေးကောက်ပွဲ မ၀င်တော့ဘူး ဆိုတော့ ရှေ့သွားမယ့် ကိစ္စအရပ်ရပ်၊ တွေ့ရမယ့် ကိစ္စတွေကိုလည်း ဘယ်လို ဆောင်ရွက် သွားနိုင်မလဲဆိုတာ ရည်စူးပြီးတော့ ကျနော်တို့ မူလရှိနေတဲ့ အတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက်ဘဲ ရှိနေတဲ့ သဘောထား အတိုင်းပဲ ဆောင်ရွက် သွားနိုင်ဖို့ အတွက်ကို၊ ပြည်သူ လူထုကို ကျနော်တို့က ဘယ်တော့မှ ကျောမခိုင်းဘူး၊ ဒီလို ရည်ရွယ်ချက်ကိုလည်း ရသည်အထိ လုံးပန်း ကြိုးပမ်း ဆောင်ရွက်သွားမယ် ဆိုတာကို ရောက်နိုင်အောင် ဆိုတဲ့ အနေနဲ့ သဘောထားပြီး လုပ်တဲ့ကိစ္စပါပဲ။”

အဲတော့ နောက်ပိုင်း NLD ရဲ့ တာဝန်တွေ တော်တော်များများ လုပ်ငန်း ဆောင်တာတွေကို စီမံ ခန့်ခွဲရေးအဖွဲ့ အနေနဲ့ ဆက်လုပ်သွားမယ့် သဘောလား။

“အခုလောလောဆယ်မှာ စီမံခန့်ခွဲရေး အတိုင်းအတာ အနေနဲ့ကတော့ လက်ရှိ တွေ့ရမယ့် အချိန် အတိုင်းအတာမှာ လုပ်ရမယ့် ကိစ္စတွေကို လုပ်လိုက်ပြီးတော့ နောက်ပိုင်း ဆက်ပြီး ပေါ်လာမယ့် ကိစ္စတွေကိုလည်း ဆောင်ရွက် သွားနိုင်အောင် ရည်စူးပြီးတော့ သွားမယ်ဆိုတဲ့ သဘောတော့ ရှိမှာပေါ့ဗျာ။”

အန်ကယ်တို့ အခု မေလ ၇ ရက်နေ့ကျရင်တော့ သတ်မှတ်ရက် ပြည့်ပြီပေါ့။ သတ်မှတ်ရက် ပြည့်သွားရင် အန်ကယ်တို့ အလံတွေ ချိတ်ထားတာတွေ၊ ဆိုင်းဘုတ်တွေ၊ ဒါတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုသဘောထား ရှိလဲခင်ဗျ။

“အဆောက်အဦးတို့၊ ဆိုင်းဘုတ်တို့ဆိုတာ ဒါတွေကတော့ ကျနော်တို့ ထောင်ပြီး လုပ်နေလည်း သူတို့က ဒါကို လက်ခံမှာမှ မဟုတ်ဘဲ။ အဲတော့ လက်ခံမှာ မဟုတ်တဲ့ ကိစ္စတခုကို ကျနော်တို့က ဒါကို ဘာမှ ရုန်းရင်းဆန်ခတ် လုပ်နေစရာ အကြောင်းမရှိဘူး။ NLD ဟာ တချိန်မှာ ငွားငွားစွင့်စွင့်၊ ထက်ထက်မြက်မြက်နဲ့ ထင်ထင်ရှားရှား ပြန်ပေါ်လာမယ် ဆိုတဲ့ဟာကို ရည်မှန်းပြီးတော့ အခုကတည်းက လုပ်စရာ ရှိတာလေးတွေ လုပ်သွားမယ်ဆိုတဲ့ သဘောပါ။”

အန်ကယ်ပြောသလို အတင်းအကျပ် လုပ်လာနိုင်တယ်ဆိုတာ အန်ကယ်တို့ အနေနဲ့တော့ ဆိုင်းဘုတ်တွေ ဘာတွေကို ချထားမယ် ဆိုတဲ့ သဘောလား။

“ဒီဟာက ကျနော်တို့ ညှိနှိုင်းပြီးတော့ လုပ်ရမယ့် ကိစ္စပဲလေ။ အဲဒီလို ဖြစ်ချင်လည်း ဖြစ်မယ်။ အေးအေးချမ်းချမ်းနဲ့ ကြိုတင်ပြီး လုပ်ဆောင်ထားတဲ့ ကိစ္စတွေလည်း ဖြစ်ချင်ဖြစ်မယ်။ အဓိက အချက်ကတော့ ကျနော်တို့က အေးအေး ချမ်းချမ်းနဲ့ ပြေပြေလည်လည် ဖြစ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတဲ့ သဘောပါပဲ။”

NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ကို NLD လုပ်ငန်းအဖွဲ့ အသီးသီးက တာဝန်ရှိသူ ၁၇ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ မဆိုင်ဘူးလို့လည်း ဦးတင်ဦးက ပြောဆိုသွားပါတယ်။

တချိန်တည်းမှာပဲ ပြည်သူသို့ ပန်ကြားချက်တစောင်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ချက် ထုတ်ပါတယ်။ ၁၉၉၀ ခုနှစ် ရလဒ်အရ NLD အနေနဲ့ လွှတ်တော် ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းတာတွေ၊ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်အောင် ကြိုးပမ်း ခဲ့တာတွေကို လူထုကို ပြန်လည်အသိပေး ဖော်ပြတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၅ - ၄ - ၁၀ )

၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း သတင်း
နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲဖြင့် ဖြေရှင်းမရဟု ဇိုမီးအမျိုးသားကွန်ဂရက် ပြောကြား သတင်း
NLD မပါသည့် ရွေးကောက်ပွဲ မဲပေးကြမည်လော သတင်း
အမြောက်များ ပါဝင်သော နအဖ စစ်ယာဉ်တန်း မြစ်ကြီးနားသို့ ချီတက်ပြီ သတင်း
စစ်လက်နက် တင်ဆောင်ထားသည့် ကားများ ကေအိုင်အိုနယ်မြေအနီး ဖြတ်သန်း သတင်း
တောင်းဆိုချက်အသစ်ဖြင့် ဗိုလ်ချုပ်ရဲမြင့်ထံ ၀ ခေါင်းဆောင် ထပ်မံစာရေး သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရန် နောက်ဆုံးရက် သတ်မှတ်ထား သတင်း
ပအိုဝ်းပါတီ မှတ်ပုံတင်ခွင့်လျှောက် သတင်း
ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံ သတင်း
ဦးပိုင်ဝန်ထမ်းများ ကြိမ်ဒဏ် အပြစ်ပေးခံနေရဆဲ သတင်း
ကချင်ပြည်နယ်အတွင်း ဘိန်းဖြူသုံးသူ ပိုများလာ သတင်း
အဝေးပြေးယာဉ်များ ဈေးပိုတောင်းလျှင် ဂိတ်ပိတ်ခံရမည် သတင်း
NLD နောက်ဆုံးမြင်ကွင်း (သို့မဟုတ်) နိုင်ငံရေးကံကြမ္မာရဲ့ လှောင်ပြောင်ခြင်း (သူ့အတွေး သူ့အမြင်)
ကျနော် … ကိုစံအေးနှင့် ရွေးကောက်ပွဲများ (ဆောင်းပါး)
ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး (ဆောင်းပါး)
သွေးခွဲစရာမလိုသည့် လူထုနှင့် အောင်ဆန်းစုကြည် (ဆောင်းပါး)
အပြုအမူ ပြောင်းလဲသွားသူ (၂) ဦး (ဆောင်းပါး)

Read More...

Monday, April 5, 2010

နအဖ အခြေခံဥပဒေနဲ့ရွေးကောက်ပွဲအပေါ် မစိုးရိမ်ဆရာတော်ကြီး မိန့်တော်မူချက်



မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ
(သက်တော် ၈၁။ ၃၀ ဧပြီ ၂၀၀၈ တွင် ဘ၀နတ်ထံပျံလွန်တော်မူ)

“သံဃာတောင် သတ်တဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ “ဥပဒေ” နဲ့ “ရွေးကောက်ပွဲ” ကို
ဖတ်ဖို့ မလို။
စဉ်းစားဖို့ မလို။
ထောက်ခံဖို့ မလို။
သူတို့ကို သံဃာတွေက ပတ္တနိဣဇ္ဇနကံဆောင် သပိတ်မှောက်ထားတယ်။
သူတို့ကံကြီးထိုက်မယ်။
သူတို့ကို ထောက်ခံသူတွေလည်း ကံကြီးထိုက်နိုင်တယ်။”




Read More...

ကံကြီးထိုက်သူများနဲ့နိုင်ငံရေး


သာသနဥသျှောင် ပဓာနာစေရဆရာတော် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ သြ၀ါဒ
ကံကြီးထိုက်မယ့်သူများနဲ့ နိုင်ငံရေးသမား ညီညွတ်ရေးသို့

မောင်စွမ်းရည်
မတ် ၃၀၊ ၂၀၀၈

၁။ စစ်အစိုးရကိုထောက်ခံရင် ကံကြီးထိုက်မယ်

၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြစမ်းပါ

ဗမာနိုင်ငံ ရှစ်လေးလုံး နိုင်ငံရေးအုံကြွမှုကာလအတွင်းက ကျောင်းသားဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို ဗမာ့ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ ကျောင်းသား အဖွဲ့အစည်း အားလုံးက ဗမာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ ကြပါတယ်။

နယူးယောက်မြို့မှာ မတ်၁၅ရက်နေ့၊ စနေနေ့က ကုလသမဂ္ဂပလာဇာ ဒုတိယထပ်မှာ ဗမာနိုင်ငံ လူအခွင့်ရေး အထိမ်းအမှတ်နေ့ကို ကျင်းပပါတယ်။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို နှစ်ပိုင်းခွဲပြီးကျင်းပရာ ပထမ ပိုင်းမှာ နယူးယောက် ဗမာလူငယ်များ ဦးစီးပြီး ဒုတိယပိုင်းကို သာသနာမောဠိ အဖွဲ့က ဦးစီးကျင်းပခဲ့ပါတယ်။ ပထ မပိုင်းမှာ မန္တလေးတက္ကသိုလ်၊ သမိုင်းဆရာဟောင်း ဦးအောင်ခန့်က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး ဒုတိယ ပိုင်းမှာ ဦးစန္ဒောဘာသ(ဘက်ဖဲလို)က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပါတယ်။

ပထမပိုင်းအခမ်းအနားမှာ ကဗျာဆရာဦးစွမ်းရည်က ဖုန်းမော်ကဗျာရွတ်ဆိုဖွင့်လှစ်ပြီးနောက် အမေရိ ကန်ပြည်ထောင်စု အရှေ့ပိုင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ဦးအောင်စော ဦးက “ဗမာ့စစ်တပ်ရဲ့ လူသတ်မှု သမိုင်းကြောင်း”ကို သုတေသန ပြုလုပ် ထုတ်ဖော် ဟောကြားပါတယ်။

ဆက်လက်ပြီး ရှစ်လးလုံးကာလ၊ လူ့ဘောင်သစ်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်နဲ့ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင်ဟောင်းများ ဖြစ်ကြတဲ့ ကိုရင်အေး၊ ကိုအောင်ကျော်မြင့်၊ ကိုဇော်ဝင်း စသူတို့က ဖုန်းမော် ကျဆုံးစဉ်က အတွေ့အကြုံများကို ပြန်လည် တင်ပြကြပါတယ်။

ဒုတိယပိုင်းမှာ သာသနာမောဠိအဖွဲ့၊ ပဓာန နယကဆရာတော်ကြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ကြီး ဦး ၏ကောဝိဒ နဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝိလာသတို့က သြ၀ါဒစကားများ ပြောကြားသွားကြပါတယ်။

ဆရာတော်ကြီးဦးကောဝိဒက မိမိအနေနဲ့ ရှစ်လေးလုံး ကာလတုန်းက ပြည်သူလူထုနဲ့ တကွ သံဃာတော်တွေကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အစိုးရကို ကြည့်နေလို့ မဖြစ်တော့လို့ သံဃာတော်များ မှာရှိတဲ့ တခုတည်းသာ ပိုင်ဆိုင်တဲ့ သပိတ်ကို အသုံးပြုပြီး ပတ္တနိက္ကုဇ္ဇနခေါ် သပိတ်မှောက် ကံဆောင်မှုကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

ဦးသုမင်္ဂလစတဲ့ တိပိဋိက ဓမ္မဓရ ဆရာတော်ကြီးများလဲ ပါဝင်ခဲ့ပါတယ်။ မိမိမှာ မန္တလေး မစိုးရိမ် တိုက်ဟောင်း၊ တိုက်သစ် နှစ်ကျောင်းနဲ့ ရန်ကုန်မှာပါ စာချခဲ့ရာမှာ ဗမာပြည် အနှံ့အပြားမှာ တပည့်သံဃာပေါင်း ၆၀၀၀ ကျော်ရှိခဲ့လို့ သူတို့လဲ ပါဝင်ဦးဆောင်ပြီး သပိတ်မှောက် ကြပါတယ်။

ဒါကြောင့် မိမိနဲ့တကွ သံဃာတော်များစွာ ဖမ်းဆီးနှိပ်စက် ခံကြရပြီး တချို့ပျံလွန်ခဲ့ရပါတယ်။ မိမိမှာ ၃ နှစ်မျှ အကျဉ်းချခံရပြီး လွတ်တဲ့အခါ အမေရိကန် ပြည်ထောင်စုကို ထွက်ခဲ့ပါတယ်။

နောက်အခါ ပြည်တွင်းမှ သံဃာတော်များချည်း စုပေါင်း ချီတက်ရင်း မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြ တာကို သေနတ်နဲ့ ပစ်ပြီး ဖမ်းဆီး သတ်ဖြတ်ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် မနေသာလို့ ပြည်ပကနေ သာသနာ့ မောဠိ အဖွဲ့ကြီးကို ဦးဆောင်ဖွဲ့စည်းပြီး စစ်အစိုးရ မပြုတ်မချင်း သံဃာများက တတ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။ သံဃာတော်များ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံရပုံတွေကို သမိုင်းပြုစုထားဖို့ လိုပါတယ်။

ရှေးခေတ်ကဗမာရေးမှာ မင်းဆိုးမင်းညစ် ရှမ်းသိုးဟန်ဘွားက သတ်ဖြတ်ခဲ့လို့ ဂငယ်သုံးခု ဥသျစ် ဆိုပြီး သမိုင်းတွင်ခဲ့ပါတယ်။ ၈၈၈ (ရှစ်ရာရှစ်ဆယ့်ရှစ်) ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်လို့ အဓိပ္ပာယ်ရပါတယ်။ (ရှမ်းသိုဟန် ဘွားကို ဘုရင့်နောင်က မင်းဆိုးမင်းညစ် အဖြစ် တော်လှန်ခဲ့ပါတယ်။ ရှမ်းဗမာ လူမျိုးရေး ကိစ္စမဟုတ်ပါ။ ဘုရင့်နောင် ကပဲ ရှမ်းလူမျိုး ကုန်းဘောင်စော်ဘွားကို ပြန်လည် နန်းတင်ခဲ့တာကို သတိပြု မှတ်သားရပါမယ်။)

ဆရာတော်ကြီးက မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံပြီး သံဃာ့အရေးတော်ပုံ ဓာတ်ပုံများ၊ အမျိုးမျိုးပါရှိတဲ့ ရုပ်ပုံကတ်ပြား ၄-၅ မျိုး ရိုက်နှိပ်ဖြန့်ဝေ စေချင်ကြောင်း၊ ပြည်တွင်းမှာလဲ မသိလိုက်ကြသူများ အနှံ့အပြားသိကြရအောင် ပေးပို့ ဖြန့်ဝေချင်လို့ ကူညီကြဖို့ အကြောင်းကိုလဲ မိန့်ကြား သွားပါတယ်။

၁၃၀၀ပြည့်အရေးတော်ပုံကာလ ဘုန်းကြီး သတ္တမတန်း ကျောင်းသားဘ၀မှာ မန္တလေး ၂၆ ဘီလမ်း ပေါ်မှာ အင်္ဂလိပ်အစိုးရက သေနတ်နဲ့ ပစ်ခတ်နှိမ်နှင်းလို့ သံဃာတော် ၇ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ အဲဒါလဲ သမိုင်းရှိပြိး မန္တလေး-စစ်ကိုင်းသွား ကားလမ်း၊ အမရပူရမြို့ မရောက်ခင် နေရာမှာ ရဟန်း အာဇာနည်အုတ်ဂူများ တည်ဆောက် ထားရှိပါတယ်။

ကျောင်းသားသမဂ္ဂအဆောက်အဦးကို စစ်တပ်အာဏာပိုင်များက ဗုံးခွဲဖြိုဖျက်ခဲ့တဲ့ ၇-ရက်ဇူလိုင်သမိုင်း၊ အလုပ်သမား လှုပ်ရှားမှုသမိုင်း၊ ရှစ်လေးလုံး သမိုင်းစတဲ့ သမိုင်းဝင် အရေးတော်ပုံတွေကို မော်ကွန်းထိုးထား ကြသလို သံဃာ အရေးတော်ပုံကြီးကိုလဲ မော်ကွန်း ထိုးကြရပါမယ် - စသည်ဖြင့်လဲ ဟောကြားသွားပါတယ်။

ဆရာတော်ကြီးအနေနဲ့ ပြည်သူလူထုတရပ်လုံးကို ဦးတည်ပြီး သြ၀ါဒပေးသွားတဲ့အဓိက အချက်နှစ်ချက် ရှိပါတယ်။

ပထမအချက်က နိုင်ငံရေးသမားများ ညီညွှတ်ရေးပဲ ဖြစ်ပါတယ်။

ဘုန်းကြီးအနေနဲ့ နိုင်ငံရေးကို မသိဘူး၊ ဒါပေမဲ့ ရှစ်လေးလုံးကာလကတည်းက မတရားတာတွေမြင်လို့ ထပြီး ဦးဆောင်ခဲ့တယ်။ သပိတ်မှောက်ခဲ့တယ်။ ခုပြည်ပရောက်လာတော့လဲ နိုင်ငံရေးနဲ့ ကင်းကင်းပဲ နေခဲ့တယ်။ ခုအခါ နိုင်ငံရေး သမားတွေနဲ့ မလွှဲမရှောင်သာ တွေ့ဆုံရတော့ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့၊ ပုတ်ခတ် တိုက်ခိုက်နေတာနဲ့ အချိန်ကုန်နေကြလို့ သိပ်စိတ်ပျက်မိတယ်။ စစ်အာဏာရှင်ကို မတိုက်နိုင်ဘဲ ကိုယ့်အချင်း ချင်းတိုက်နေကြတယ်။ ဒါကြောင့် ခုအခါ ညီညွှတ်ကြစမ်းပါလို့ ပြောချင်တယ်။ ဟန်ဆောင်ဖြစ်ဖြစ် ညီညွှတ်ကြ စမ်းပါလို့ သြ၀ါဒ ပေးသွားပါတယ်။

ဒုတိယအချက်ကတော့ ခုအခါ ပြည်ပရောက်ဗမာများကို မဲပေးဖို့ စစ်အစိုးရက စာတွေပို့နေတယ်။ တချို့ဒကာ-ဒကာမတွေ ကလဲ ဗမာပြည်ကို မပြန်ရမှာစိုးလို့ မဲပေးဖို့ နန့်နန့်တက် နေကြတယ်။ ဘုန်းကြီးလဲ ပြန်ချင်ပါတယ်။ ဒါပေမယ့် အောင့်ထားတယ်။ စစ်အစိုးရကို မဲပေး ထောက်ခံသူတွေဟာ စစ်အစိုးရနဲ့ ကြံရာပါတွေ ဖြစ်သွားပါလိမ့်မယ်။

သံဃာတွေက စစ်အစိုးရကို သပိတ်မှောက်ထားတာ ခုထက်ထိ မလှန်သေးဘူး။ သပိတ်မှောက်တယ်လို့ တင်စားပြောတာ။ ဟိုဘက်အိမ်က ဆူနေတယ်လို့ ပြောတာဟာ အိမ်ကြီးကဆူတာ မဟုတ်ဘူး။ အဲဒီအိမ်ထဲက လူတွေ ဆူနေတာကို ဥပမာနည်းနဲ့ တင်စားပြောတာ။ ဘုန်းကြီးများ သပိတ်မှောက်တယ် ဆိုတာ စစ်အစိုးရကို "သာရေး နာရေးကအစ လုံးဝ မဆက်ဆံဘူး" လို့ ကြေငြာတာ။

သံဃာသပိတ်မှောက်ခံရသူများဟာ ကံကြီးထိုက်တတ်တယ်။ သူတို့လဲ အလွန်ဆုံးနှစ်လ အတွင်းမှာပဲ ကံကြီး ထိုက်လိမ့်မယ်။ သူတို့ကို မဲမပေးကြနဲ့လို့ ဘုန်းကြီးတို့က မပြောကောင်းဘူး။ ၀ိနည်းနဲ့ ထောက်နိုင်တယ်။ ပေးချင်ပေးကြ။ ပေးသူတွေဟာ သူတို့ကို ထောက်ခံ အားပေးရာကျလို့ သူတို့နဲ့အတူ ကံကြီး ထိုက်လိမ့်မယ်လို့ သတိ ပေးလိုက်တယ်။

ဗမာပြည်ကိုလဲ လှမ်းပြီး အော်ပြောလိုက်မယ်။ စစ်အစိုးရကို အားပေးထောက်ခံသူတွေ ကံကြီးထိုက်မယ်။ သတိထားလို့။ ဒါကြောင့် ပြည်ပက ဒကာ ဒကာမတွေလဲ နန့်နန့်တက် မနေကြနဲ့။ ဘုန်းကြီးတို့လည်း တောင့်ထား မယ်။ ဒကာ ဒကာမတွေလဲ ခဏအောင့်ထားလိုက်ကြ။ ကံကြီးထိုက် မခံကြရစေနဲ့ လို့ သတိပေးလိုက်ပါတယ်။
စသဖြင့် သြ၀ါဒပေးသွားပါတယ်။

ဆရာတော်ကြီး သြ၀ါဒပေးပြီးတဲ့နောက် ဒုတိယဥက္ကဌ ဦးဝိလာသနဲ့ ရဟန်းပျိုသမဂ္ဂဦးအဂ္ဂဓမ္မတို့က သြ ၀ါဒများနဲ့ အတွေ့အကြုံများကို မိန့်ကြားတင်ပြပြီးနောက် ဦးဇင်း ဦးခေမိဿရ ဦးဆောင်ပြီး သံဃာများနဲ့ သံဃ သြ၀ါဒလာရောက်ခံယူကြသူ ဒကာ ဒကာမများက သံဃာအရေးတော်ပုံ ပိုစတာများကို ကိုင်၍ဆင်းပြီး နယူး ယောက်မြို့လယ်မှာ လမ်းလျောက်ဆန္ဒပြရင်း အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။

၁။ စစ်အစိုးရကို ထောက်ခံသူတွေ ကံကြီးထိုက်မယ်။
၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြပါ။
ဦးကောဝါဒ (မစိုးရိမ်ဆရာတော်ကြီး)
သာသနာ့မောဠိအဖွဲ့၊ ပဓာန နယကဆရာတော်

ဆရာတော်ကြီးရဲ့မိန့်ခွန်း မှတ်တမ်းတင်သူ
မောင်စွမ်းရည်
၁၆ မတ် ၂၀၀၈
နယူးယောက်



Ref: မိုးမခ

Read More...

ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ

မောင်စွမ်းရည်

ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ

Ref: Burma Today

Read More...

ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း
၅/ ဧပြီ ၂၀၁၀

မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသား နိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြု ပြောသွားတာ ကြားလိုက်ကြရပါတယ်။ ပြောရရင် မြန်မာပြည် နိုင်ငံရေးမှာ အတော်လေး ကြားကြရတဲ့ အသုံး အနှုန်းတွေထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းနဲ့ တွဲပြီး ကြားရလေ့ရှိတဲ့ နောက်အသုံး အနှုန်း တခုကတော့ ပါတီနိုင်ငံရေး ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုကို တနေရာစီ သုံးကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက်ကျမှ ခေတ်စား လာတယ်ဆိုရင် မမှားဘူး ထင်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကို ကိုလိုနီလက်ထက်၊ သူ့ကျွန်ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန် လှုပ်ရှားမှုတွေမှာ စသုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ စစ်တပ်က တီထွင်တဲ့ စကားလုံး မဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့ လက်ထက်ကျတော့ ဒီအသုံးအနှုန်းနဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့နိုင်ငံရေး အင်အားစုတွေ ကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီ အကျိုးသာ ကြည့်သူလို့ အပုပ်ချ တိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင်သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ် ထွက်သယောင်ယောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တချို့ကျောင်းသားတွေ၊ သာမန်လူတွေကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေး မဟုတ်ဘူး၊ အမျိုးသား နိုင်ငံရေးဖြစ်တယ်လို့ အင်မတန် သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလိုဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာတခုရှိပါတယ်။ ၁၉၉၀ ခုနှစ်ဆီတုန်းက “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” ဆိုတဲ့ စာအုပ်ကို န၀တအစိုးရက ပြန်ထုတ်ခဲ့ပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ မြ၀တီ စာအုပ်တိုက်က ၁၉၅၉ ခုနှစ်မှာ (ဗိုလ်နေ၀င်းတို့ ပထမအကြိမ် အာဏာ သိမ်းထားစဉ်ကာလ) ပထမဆုံးအကြိမ် ထုတ်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖောင်းကားစားသမ္မတ ဒေါက်တာမောင်မောင်က စာမျက်နှာ (၅၀) လောက်ရှိတဲ့ အမှာစာကို ရေးတော့ အမျိုးသားနိုင်ငံရေး ဆိုတာကို တင်ပြတဲ့အနေနဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက် ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းကို အသားလွတ် အမွှန်းတင်ပြီး တခြားနိုင်ငံရေး အင်အားစု မှန်သမျှကို တိုက်ခိုက်တာပါပဲ။ ဆိုလိုတာ ဒီပြောနည်းဆိုဟန်ဟာ စစ်အုပ်စု ပထမ မျိုးဆက်ကနေ အခု ဗိုလ်သန်းရွှေတို့ မျိုးဆက်အထိ ဆက်ခံစေခဲ့တဲ့ ၀ါဒဖြန့်နည်း ဖြစ်တယ် ဆိုတာပါပဲ။ မသိနားမလည်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး ပါတီတွေကို ရန်တိုက်ပေးဖို့အတွက် တီထွင်ထားတဲ့ လှည့်ကွက်ဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း ထောက်ပြဖို့လိုတာက ဒီနေ့ နအဖခေါင်းဆောင်အားလုံး လိုလိုဟာ တချိန်က မဆလပါတီ ပါတီဝင်တွေ၊ တချို့ဆိုရင် ဗဟို ကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလ တုန်းကတော့ ဗိုလ်နေ၀င်းရော၊ ဗိုလ်သန်းရွှေတို့ရော ဘယ်သူကမှ ပါတီနိုင်ငံရေးဟာ မကောင်းဘူးလို့ မပြောခဲ့ကြပါဘူး။ ပြောလိုက်ရင် အဲဒီတုန်းက တခုတည်းသော ပါတီဖြစ်တဲ့ မဆလ ပါတီကို တိုက်ရိုက် ထိခိုက်တော့မှာ မဟုတ်ပါလား။ ဒါကြောင့် အခု နအဖ ထိပ်သီးတွေကို သူတို့ကော ပါတီနိုင်ငံရေး မလုပ်ခဲ့ဖူးဘူးလားလို့ မေးလိုက် သင့်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတာကို လူတဦးတယောက်၊ ဒါမှမဟုတ် ပါတီတခုက ငါ (တို့) သာလျှင် လုပ်ခွင့် ရှိတယ်ဆိုပြီး ကိုယ်ပိုင်ပစ္စည်းလို လုပ်လို့ မရပါဘူး။ အလားတူပဲ အမျိုးသား နိုင်ငံရေးကို ငါတို့သာလုပ်ခွင့်ရှိတယ်၊ တခြား ဘယ်သူ၊ ဘယ်ပါတီမှ လုပ်ခွင့် မရှိဘူးလို့ လက်ဝါးကြီး အုပ်လို့လည်း မရပါဘူး၊ လူတိုင်း၊ ပါတီတိုင်းမှာ လုပ်ခွင့်ရှိပါတယ်။

မှန်တာပြောရရင် လူတဦးချင်းပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်း တခုပဲဖြစ်ဖြစ် နိုင်ငံရေး လုပ်တယ်ဆိုရင် ကိုယ်စားပြုမှုရှိတာချည်း ဖြစ်ပါတယ်။ လူသားအားလုံး၊ တယောက်မကျန်ကို ကိုယ်စားပြုတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို အနီးဆုံး ဥပမာပြရရင် ဒီနေ့အခါမှာ ပြည်သူလူထု အများတကာ့ အများစုကြီးကို ကိုယ်စားပြုတဲ့ လူတယောက်ဟာ စစ်အုပ်စုကို ကိုယ်စားပြုလို့ မရပါဘူး။ အလားတူပဲ စစ်အုပ်စုဝင်တွေဟာ ဘယ်နည်းနဲ့မှ ပြည်သူလူထု အများစုကြီးကို ကိုယ်စား မပြုနိုင်ပါဘူး။ ဒင်းတို့ဟာ တတိုင်း တပြည်လုံးက ပြည်သူတွေကို မဆိုထားနဲ့ နာဂစ်မုန်တိုင်းဒဏ် ခံရသူတွေကိုတောင် ကိုယ်စား မပြုနိုင်ဘူးဆိုတာ လက်တွေ့ မြင်ခဲ့ကြရပြီ မဟုတ်ပါလား။

တကယ်က ဒီလိုနိုင်ငံရေးပါတီတွေကို အပုပ်ချပြီး စစ်တပ်ကို အမွှန်းတင်တဲ့လုပ်ထုံးဟာ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ် စစ်အုပ်စု လက်ထက်က စခဲ့တာလို့ဆိုရင် မမှားပါဘူး။ သူတို့ဟာ သူတို့နဲ့အနီးဆုံး လုပ်ကိုင်နေတဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို တွေ့မြင်ပြီး အဲဒီလူတွေကို အထင်သေး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ ဖြစ်လာတာပါပဲ။ ဒီလိုကနေ သူတို့ခေါင်းထဲမှာ အာဏာသိမ်းဖို့ အတွေးအခေါ်၊ အကြံဉာဏ်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီလို အာဏာသိမ်းမှုကို တရားပြုပေးတဲ့ စဉ်းစားနည်းနဲ့ ရှင်းပြနည်းကို စစ်အုပ်စု အဆက်ဆက် လက်ဆင့်ကမ်း သယ်ခဲ့ကြတာ မြန်မာပြည်မှာ ရာစုနှစ် တ၀က်နီးပါး ရှိခဲ့ပါပြီ။

ဒီနေ့ နအဖချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့တဲ့ မြန်မာပြည်ရဲ့အမျိုးသားနိုင်ငံရေး အစဉ်အလာ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ အစဉ်အလာကို အမျိုးသားနိုင်ငံရေး အစဉ်အလာကို ထိန်းသိမ်း ထားသလားလို့ မေးကောင်း မေးလာနိုင်ပါတယ်။ အဖြေက ဒီတပ်ကို ချုပ်ကိုင်တဲ့လက်တွေ ပြောင်းသွားတာနဲ့အမျှ တပ်ရဲ့လက္ခဏာဟာလည်း ပြောင်းလဲ သွားခဲ့ပါတယ်။ ဒီတပ်ကို ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေက ချုပ်ကိုင်ခဲ့တဲ့ အချိန်ကစလို့ ဒီတပ်ဟာ လူတစု၊ ပိုတိကျအောင် ပြောရရင် စစ်အုပ်စုတစုရဲ့ လက်ကိုင်တုတ်တပ်၊ ခါးပိုက်ဆောင်တပ် ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီတပ်ကြီးဟာ ပြည်သူလူထုရဲ့ ချုပ်ကိုင်မှုအောက်မှာ လုံးဝ မရှိတော့တဲ့ အပြင် စစ်အုပ်စုတွေက ဒီတပ်ကြီးကို အသုံးပြုပြီး ပြည်သူလူထုကို ချုပ်ကိုင်ဖို့ လုပ်နေတာချည်း တွေ့ခဲ့ရတာ နှစ်ပေါင်း (၅၀) လောက် ရှိခဲ့ပါပြီ။ ဒါကြောင့်မို့ ဒီတပ်ကြီးဟာ စစ်အုပ်စုကိုကာကွယ်တဲ့ နိုင်ငံရေးကိုပဲ လုပ်နေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ဒါဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။ လူပြောသာများနေတယ်၊ အကောင်အထည်နဲ့ ပြစရာ ရှိလို့လားလို့ မေးချင် မေးလာ ပါလိမ့်မယ်။ အမျိုးသား နိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ သက်ဆိုင်ရာကာလ တခုအတွင်း အဲဒီနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ နိုင်ငံသား အများစုကြီးနဲ့ တိုက်ရိုက် ပတ်သက်ပြီး အရေးတကြီး ဖြေရှင်းဖို့ လက်ငင်း လိုအပ်နေတဲ့ ဘုံအရေးတော်ပုံ၊ ဒါမှမဟုတ် ဘုံကိစ္စရပ်ကြီးတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီလို အရေးတော်ပုံကြီးတွေကို ဖြေရှင်းရာမှာ ပြည်သူလူထု အများစုကြီးဘက်က ပါဝင် လုပ်ကိုင်တာဟာ အမျိုးသား နိုင်ငံရေးလုပ်တာပါပဲ။ သာမန် ဆွမ်းကြီးလောင်း အသင်းအတွက် လုပ်တာလောက်ကို အမျိုးသား နိုင်ငံရေးလို့ မခေါ်ပါဘူး။ တတိုင်းတပြည်လုံးနဲ့ တိုက်ရိုက် ပတ်သက်တဲ့ ဖက်ဆစ် တော်လှန်ရေးလို ဘုံအရေးတော်ပုံကြီးတွေကိုမှ ခေါ်ဆိုနိုင်တာပါ။ နောက်တချက်က သက်ဆိုင်ရာ ကာလ တခုအတွင်းလို့ အထက်မှာ ရေးခဲ့ပါတယ်။ ဆိုလိုတာ အမျိုးသားနိုင်ငံရေးဆိုတာ အချိန်ကာလအလိုက် ပြောင်းလဲ တတ်တယ်ဆိုတာပါပဲ။ မြန်မာပြည် ထဲမှာကိုပဲ ကိုလိုနီခေတ်က အမျိုးသား နိုင်ငံရေးဆိုတာနဲ့ ဒီနေ့အမျိုးသား နိုင်ငံရေးတို့ဟာ မတူတော့ပါဘူး။ ကိုလိုနီခေတ်တုန်းက အမျိုးသား နိုင်ငံရေးဟာ ကိုလိုနီဘ၀က လွတ်မြောက်ရေး၊ တနိုင်ငံလုံးလွတ်လပ် ရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်အစိုးရတွေက အုပ်ချုပ်လာတဲ့ နောက်မှာတော့ မြန်မာပြည် အမျိုးသားနိုင်ငံရေးရဲ့ အဓိက လက္ခဏာဟာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး ဖြစ်လာပါတယ်။

ဒီအမျိုးသားနိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်သလား၊ အတူချီတက် တိုက်ပွဲ ၀င်သလားဆိုတာဟာ ဒီနေ့ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေကို တိုင်းတဲ့စံဖြစ်ပါတယ်။ နအဖ အပါအ၀င် စစ်အုပ်စု အဆက်ဆက်ဟာ ဒီရေစီးကြောင်းကြီးကို ဆန့်ကျင် ဖျက်ဆီးကြသူတွေ ဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးကို လုပ်နေသူတွေ မဟုတ်ဘဲ ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၄ - ၄ - ၁၀ )

ဇိုမီးအမျိုးသားကွန်ဂရက်စ် ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ် သတင်း
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး ဗီယက်နမ် တိုက်တွန်း သတင်း
နိုင်ငံရေးအကျဉ်းသားများ လွှတ်ရေးသည် အကျပ်အတည်း ပြေလည်ရေး သော့ချက်ဖြစ် သတင်း
ရွေးကောက်ပွဲအတွက် နအဖစစ်တပ်အတွင်း အပြောင်းအလဲများ လုပ်နေ သတင်း
မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသို့ သွားမည် သတင်း
မြန်မာအီးဂရပ်စ်က နိုင်ငံရေးပါတီထောင်ရန် ထောက်ပံ့ သတင်း
အလံနီမျိုးဆက်များ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် သတင်း
မဲခေါင်မြစ်ကြောင်း ကျဉ်းလာမှု ဒေသတွင်းကို ထိခိုက် သတင်း
ဗုဒ္ဓသံဃာတော်များနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းတို့၏ ရှေ့အလားအလာ သတင်း
မြန်မာပြည်က နာမည်ကြီးများရဲ့ သတင်းများ သတင်း
အဖွဲ့ချုပ်နှင့် အပစ်ရပ်တို့ ဆက်ဆံရေး အပြုဘက် ဦးတည်တော့မည်လော (ဆောင်းပါး)
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ (ဆောင်းပါး)
ဂုဏ်ယူဝင့်ကြွားစွာ ဟစ်ကြွေးချင်ပါသေးသည် (ဆောင်းပါး)
ငြိမ်းချမ်းခြင်းရသ (ဆောင်းပါး)
တန်ဖိုး (ဆောင်းပါး)
မြန်မာပြည်သူတို့၏ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်း ဆန္ဒပြုခံရသူများစာရင်း ထုတ်ပြန် သတင်း
ဗီယက်နမ်တို့ ရလိုက်တဲ့ မြန်မာစစ်အစိုးရဆီက အခွင့်အလမ်းများ သတင်း
နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ဖို့ စစ်အစိုးရ နေ့ရက်သတ်မှတ် သတင်း
ရန်ကုန် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် သတင်း

Read More...

မြို့သူကြီးနှင့် ကံကြီးမောင်

ဇော်မင်း (လူ့ဘောင်သစ်)

မြို့သူကြီးနှင့် ကံကြီးမောင်

Read More...

Sunday, April 4, 2010

နေ့စဉ်သတင်းများ ( ၃ - ၄ - ၁၀ )

လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း သတင်း
၉၀ ရလဒ် မပြီးဆုံးသေး၊ ဒီငြိမ်းက ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င် သတင်း
နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ဖို့ စစ်အစိုးရ နေ့ရက်သတ်မှတ် သတင်း
စစ်အစိုးရနဲ့ တိုင်းရင်းသား ပဋိပက္ခ သတင်း
ဖခင်ကို စွပ်စွဲအကျပ်ကိုင်ပြီး (၁၅) နှစ်အရွယ် သားဖြစ်သူကို စစ်ထဲဇွတ်သွင်း သတင်း
ပျောက်နေတဲ့ ကလေးစစ်သားအကြောင်း ဖခင် လိုက်စုံစမ်း သတင်း
ပအိုဝ်းအပစ်ရပ်အဖွဲ့ ပါတီမှတ်ပုံတင်ရန် လျှောက်ထား သတင်း
ဗီယက်နန်-မြန်မာ စီးပွားကုန်သွယ်စာချုပ်များ ချုပ်ဆို သတင်း
ရေ၊ မီး မှန်မှန်မရတဲ့အပေါ် အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတွေရဲ့ ရင်ဖွင့်သံ သတင်း
MNL ဘောလုံးပွဲကြည့်သူများ ကင်မရာ ယူမလာရ သတင်း
သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည် သတင်း
စီအာပီပီ ရှေ့လုပ်ငန်းစဉ်အတွက် ဆွေးနွေး သတင်း
ဗမာပြည် မဲဆန္ဒပေးပွဲ အားလုံးပါဝင်ဖို့ ကဆစ် ပြော သတင်း
နေအိမ်မှ လိမ်ညာခေါ်ဆောင်ပြီး စစ်တပ်အတွင်း သွတ်သွင်း သတင်း
ဒီကေဘီအေတပ်ဖွဲ့ နယ်ခြားစောင့်တပ်ဖွဲ့လျှင် အမြင့်ဆုံး တပ်နယ်မှူးအဆင့် ရမည် သတင်း
အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ထိုင်းက မြန်မာကို ဖိအားပေးမည် သတင်း
ဗီယက်နမ် ၀န်ကြီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံ သတင်း
မြန်မာ-ဗီယက်နမ် စီးပွားရေး သဘောတူညီချက် သတင်း
အမေရိကန်ရောက် မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် အစီအစဉ်က ဂုဏ်ပြုငွေပမာဏ ကြေညာ သတင်း
လယ်မြေသိမ်းကိစ္စ ဖြေရှင်းပေးရန် အိုင်အယ်လ်အိုထံ အဖွဲ့ချုပ်တင်ပြ သတင်း
မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း စတင်ထုတ်လွှင့် သတင်း
ပင်လယ်ပြင် ငါးဈေးကွက်ကြောင့် ရခိုင်နယ်စပ်တွင် ငါး ရှားပါး သတင်း
ဘန်ကောက်၌ အနီရောင်ဝတ်များ ပိတ်ဆို့ဆန္ဒပြနေဆဲ သတင်း
“အပြတ်တိုက်ပြီး ရှင်းလို့ မရနိုင်ဘူး” (အင်တာဗျူး)
ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ (ဆောင်းပါး)
နိုက်ဂျီးရီးယား ဒီမိုကရက်လိုက်ဇေးရှင်းနဲ့ စစ်တပ်အခန်းကဏ္ဍ (ဆောင်းပါး)

Read More...

Saturday, April 3, 2010

ဗကသဇော်ဝင်း

မောင်စွမ်းရည်
မတ် ၂၄၊ ၂၀၁၀

ကျနော် မကြာခဏ သတိရ လွမ်းဆွတ်မိသူတွေထဲမှာ ဗကသဇော်ဝင်းလို့ ကျောင်းသား လှုပ်ရှားမှု သမိုင်းမှာ နာမည်ကျော်တဲ့ ကိုဇော်ဝင်းလဲ ပါဝင်ပါတယ်။ သူက ရန်ကုန်တက္ကသိုလ်၊ ကျနော်က မန္တလေး တက္ကသိုလ် ဆိုတော့ ကျောင်းနေဖက် မဟုတ်ပါဘူး။ “ငယ်ပေါင်း” မဟုတ် “ကြီးဖေါ်” ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် တက္ကသိုလ် ရောက်လို့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့ ဒွေးရော ယှက်တင် ဖြစ်လာတဲ့အခါ “ဇော်ဝင်း” ဆိုတဲ့ နာမည်က မကြားမဖြစ် ကြားလာရပါတယ်။ ကျနော်က တကသ အမှုဆောင်ထဲသာ ပါဖူးပြီး ဗကသ အမှုဆောင်ထဲမှာ မပါဘူးလို့ သူနဲ့ စောစောစီးစီး မရင်းနှီးခဲ့ရဘူး။

ကိုဇော်ဝင်းက မန္တလေးတို့ မြင်းခြံတို့ကို ဗကသကိစ္စတွေနဲ့ လာဖူးတယ်။ ကျနော့်အပေါင်း အသင်းတွေက ဗကသ၊ တကသ တွေ ဆိုတော့ သူတို့ကတဆင့် ဗကသဇော်ဝင်း ဆိုတဲ့ နာမည်ကို နားယဉ် နေခဲ့ပါတယ်။ ဖြတ်သွား ဖြတ်လာနဲ့ ကြုံဖူးဆုံဖူးကြတယ်။ မိုးတိုးမတ်တတ်ပါပဲ။

တနေ့တော့ သူ မန္တလေးကို လာတယ်လို့ ကြားရတယ်။ ကျနော်တို့ မန္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုစောလွင်အိမ်မှာ တည်းခို နေသတဲ့။
မြင်းခြံသား ဗကသ - တကသ ခေါင်းဆောင် ကိုအောင်သူက ကျနော့်ကို ၀င်ခေါ်တယ်။
“ကိုဇော်ဝင်းဆီ သွားရအောင်” တဲ့။
ကျနော်က “မလိုက်တော့ဘူးဗျာ” လို့ ငြင်းလိုက်တယ်။
“သူက မေးနေတယ် … မြင်းခြံက ကိုဝင်းဖေလေးရော …” လို့။
“တော်ပါဘီဗျာ ရန်ကုန်မှာရော၊ မြင်းခြံမှာရော၊ မန္တလေးမှာရော ဆုံဖူးပါတယ်။ အားလုံးပေါင်း လေးကြိမ်တောင်မှ မိတ်ဆက်ပေးဖူးတယ်၊ သူ့စာအုပ်ကလေးထဲမှာလဲ ရေးတယ်၊ ပြန်တွေ့တိုင်း မမှတ်မိဘူး။ ခုလဲ မလိုက်ချင်တော့ဘူး …” လို့ ပြောပြီး တမင် ငြင်းလိုက်ပါတယ်။

နောက်တော့ သူ ကျနော့်ကို မမေ့တော့ပါဘူး။ တွေ့ရာအရပ်မှာ သူကပဲ ဦးအောင် နှုတ်ဆက်ပါတယ်။ ခု သူ မန္တလေးကို လာတာကလဲ ကျောင်းသားအရေး ဟုတ်ဟန် မတူဘူးလို့ နောက်ကျမှ စဉ်းစားကြည့်မိတယ်။ ကိုယ်တော်ချောက ရွှေမန်းသူတဦးနဲ့ ချိတ်မိနေတာကိုး။ သေချာစုံစမ်းမိတော့ အဲ့ဒီရွှေမန်းသူ ဆိုတာလဲ တခြားမဟုတ် ပန်းချီကိုဝင်းဖေ၊ ကိုပေါ်ဦးသက်နဲ့ ကျနော် တက်ခဲ့တဲ့ မန္တလေး အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းသူဟောင်းတဲ့။ ကျနော်တို့ အရင် တက္ကသိုလ် ရောက်သွားသူပါ။ နောက်တော့ အဲ့ဒီရွှေမန်းသူနဲ့ပဲ အိမ်ထောင်ကျပါတယ်။

မခင်ခင်အေး တဲ့။
ပညာရေးတက္ကသိုလ်တက်နေရင်းက ကျောင်းသားသမဂ္ဂထဲ ပါသွားပြီး၊ အိုးဝေမဂ္ဂဇင်းတို့၊ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းတို့မှာ (၁၉၅၉ - ၆၀) တာဝန်ယူ လုပ်ဆောင်ရသူ တဦးဖြစ်လာပါတယ်။ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ အဖြစ် ခုအထိ လူသိများတဲ့ ကိုလှရွှေတို့၊ ကိုဗဆွေတို့နဲ့ ခေတ်ပြိုင်ပေါ့။ ကိုဇော်ဝင်းနဲ့ အိမ်ထောင်ကျတဲ့ အခါ ရန်ကုန်က (ဒဂုန် အထက(၁) မှာပဲ ထင်တယ်) ကျောင်းကြီးတကျောင်းမှာ ဆရာမ အဖြစ်နဲ့ အမှုထမ်းနေပြီး၊ မန္တလေးကို မပြန်တော့ပါဘူး။

နေတဲ့တိုက်ခန်းကတော့ စမ်းချောင်းထဲက ဝေဠုဝန် တိုက်ခန်းမှာပါ။ သူ့သားသမီးတွေ ဆရာဝန်တွေ ဘာတွေဖြစ်ပြီး လူလား မြောက်ကုန်ကြတဲ့ အခါ ကိုဇော်ဝင်း မရှိရှာတော့ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ အသည်း ကင်ဆာနဲ့ပါ။ ဆေးပြင်းလိပ် သောက်လို့ ထင်ပါတယ်။

ဗကသ ဥက္ကဋ္ဌအဖြစ် သူ့ကို ကျနော်စသိခဲ့ပါတယ်။ ၁၉၅၄ - ၅၅ ဗကသ အတွင်းရေးမှုးတဲ့။ ၁၉၅ ၇ - ၆၀ မှာ ဗကသ ဥက္ကဋ္ဌတဲ့။ ဥက္ကဋ္ဌ အဖြစ် သုံးနှစ်ပါ။ မူလ ဗကသ မဟုတ်တော့ဘဲ နောက်မှပြန်ဖွဲ့တဲ့ “ဗကသများ အဖွဲချုပ်” ရဲ့ ဥက္ကဋ္ဌပါ။ မူလဗကသက ကျောင်းသားတွေ တောခိုလို့ မတရားအသင်း ဖြစ်သွားခဲ့ပါပြီ။ သူ တာဝန်ယူတဲ့ ၁၉၅၄ ခုနှစ်မှာ ကျနော်က မန်းတကသ မှာပါ။ ၀င်လှုပ်ရှားတဲ့ နှစ်တွေပါပဲ။ အဲ့ဒီတုန်းက နှီးနှောဖလှယ်ပေါင်းစုံ … ။ ပညာရေး နှီးနှောဖလှယ်ပွဲ၊ တက္ကသိုလ် ငွေရတုပွဲ၊ မန်းတက္ကသိုလ် အကြိုပွဲ … စသဖြင့် တက္ကသိုလ် သမဂ္ဂချင်း အပြန်အလှန် ဖိတ်ခေါ် တွေ့ဆုံကြတဲ့ပွဲတွေ များပါတယ်။

တကသအမှုဆောင်တွေ အချင်းချင်း တွေ့ဖူး ဆုံဖူးကြပြီး၊ အချင်းချင်း “ရဲဘော်” လို့ ခေါ်ကြပါတယ်။ ကိုဇော်ဝင်းကို ကျနော်တို့က “ရဲဘော်ဇော်ဝင်း” လို့ ခေါ်ရတာပေါ့။

ဗကသအဖွဲ့ချူပ် ဆိုပေမဲ့ တကသမှာပဲ ဆုံကြပါတယ်။ ဒီတကသနဲ့ ဗကသ အမှုဆောင်တွေဟာ တခါတလေ ထပ်နေ တတ်ပါတယ်။ ကိုဇော်ဝင်းတို့ ကျောင်းသားခေါင်းဆောင်ဖြစ်နေတဲ့ အချိန်မှာ အောက်တိုဘာ ကျောင်းတလပိတ်ရေး အရေးတော်ပုံ၊ သုံးခါကျ ကျောင်းထုတ်စနစ် တိုက်ပွဲ၊ သတ္တမတန်း မေးခွန်းပေါက်ကြားလို့ ဆန္ဒပြရာမှာ သတ္တမတန်း ကျောင်းသားလေး ဟယ်ရီတန် ကျဆုံးသည် အထိ ဖြစ်ရတဲ့ ကျောင်းသားလှုပ်ရှားမှု၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှာမှု စတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပြင်းထန်ခဲ့ပါတယ်။

ဖဆပလအစိုးရက နိုင်ငံရေးသမားတွေကို ဖမ်းဆီးတဲ့အခါ ကျောင်းသားတွေကိုပါ ဖမ်းပါတယ်။ ဦးနုက စစ်တပ်လက်ထဲ (ဗိုလ်နေ၀င်းလက်ထဲ) အာဏာ ခေတ္တ အပ်တာကိုလဲ ဆန့်ကျင်ခဲ့ပါတယ်။ ကျောင်းသားကြီး သုံးယောက် ကိုကိုးကျွန်းကို ပို့တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပါသွားခဲ့ပါတယ်။ ကိုဇော်ဝင်းလဲ ၀ရမ်းထုတ်ခံရ၊ အဖမ်းခံရတဲ့ အထဲမှာ ပါခဲ့ပါတယ်။ ကိုဇော်ဝင်း၊ ကိုယု၊ ကိုဘကောင်းနဲ့ ကိုခင်အောင်တို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပုံ ဓါတ်ပုံတပုံ တွေ့ဖူးပါတယ်။

ကိုဇော်ဝင်းက ဟင်္သာတ ဇလွန်ဘက်က တက္ကသိုလ်ဝင်တန်း အောင်ခဲ့သူ ဖြစ်ပါတယ်။ ဆရာဝန်ကြီး တယောက်ရဲ့သား ထင်ပါရဲ့။ သူ့ဖခင်က နောင်ချိုမှာလဲ အမှုထမ်းဖူးတယ်လို့ ဆိုပါတယ်။ လူပုံကတော့ ခပ်ပုပု ခပ်သေးသေးပါပဲ။ အသား ခပ်လတ်လတ် နှာတံပေါ်ပေါ် မျက်လုံးပြူးပြူးနဲ့ လူချောတဦးပါပဲ။ တိုက်ပုံအင်္ကျီ အမြဲ ၀တ်လေ့ရှိတယ်။ ဆေးပြင်းလိပ်ကို လက်ကြားညှပ် ထားတတ်တယ်။ စကားဝိုင်းထဲမှာ ဆေးပြင်းလိပ် သောက်ရင် ကျနော်က ကန့်ကွက်လေ့ရှိပါတယ်။ သူကဆင်ခြင်ပါတယ် သည်းခံရှာပါတယ်။

ကိုဇော်ဝင်း အဖမ်းခံရပြီးလွတ်လာတော့ မန္တလေးမှာလာနေတယ်။ ၁၉၆၅ လောက်မှာ ထင်ပါတယ်။ မန္တလေး တက္ကသိုလ်မှာတော့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ရောက်နေပြီ။ ဒေါက်တာသန်းထွန်းက ၁၉၄၇ ခုနှစ် ဗကသ ဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌ ကိုသန်းထွန်းနဲ့ တွဲလုပ်ခဲ့တဲ့ ကိုထွန်းညွန့်ဆိုတဲ့ ကျောင်းသားကြီးက ကိုဇော်ဝင်းရဲ့ အကိုလို့ ကြားဖူးပါတယ်။ (မေးမကြည့်ဖူးပါဘူး) ဘာပဲဖြစ်ဖြစ် ကိုဇော်ဝင်းဟာ ကိုသန်းထွန်းတို့ကို ဆက်ခံသူ ဖြစ်လာခဲ့ဖူးတော့ ဒေါက်တာ သန်းထွန်းဖြစ်လာတဲ့ ကိုသန်းထွန်းနဲ့ ကိုဇော်ဝင်းတို့ဟာ ညီအကိုအရင်းလို ရင်းနှီးပါတယ်။

ကျနော်ကလဲ ဒေါက်တာသန်းထွန်းကို ကြည်ညိုရင်းစွဲ ရှိလို့ မြန်မာနိုင်ငံ သမိုင်းဘာသာကို ပြောင်းယူပြီး တက္ကသိုလ်မှာ ညနေသင်တန်းကို ပြန်တက်ပါတယ်။ (ကျနော်အရင်က ယူထားတာက ဘူမိဗေဒ၊ ဓါတုဗေဒ၊ ပထ၀ီဘာသာတွဲပါ) ကျနော် ကျောင်းတက်နေတော့ သူလဲရောက်လာပြီး၊ သူပါ မြန်မာနိုင်ငံ သမိုင်းနဲ့ စာမေးပွဲ ဖြေချင်တယ်လို့ ကျနော်နဲ့ တိုင်ပင်တယ်။ ဒီတော့မှ သူလဲ ဘွဲ့မရသေးတဲ့ သက်တော်ရှည် ကျောင်းသားကြီးမှန်း သိရပါတယ်။

သူက အနည်းဆုံး ကျနော့်အရင် ၃-၄ နှစ်စောပြီး တက္ကသိုလ် ရောက်ခဲ့လို့ပဲ ၁၉၅၄ ခုနှစ် (ကျနော် မန္တလေး အထက(၁) မှာ ကျောင်းတက်နေတဲ့ နှစ်မှာ) ဗကသ အတွင်းရေးမှုးအဖြစ် အရွေးခံခဲ့ရတာ မဟုတ်လား။

ကျနော်တို့ နှစ်ယောက် ၀ိဇ္ဇာ နောက်ဆုံးနှစ်ကို အတူဖြေဖို့အတွက် မန္တလေးကျူံး အနောက်ဖက် ဘုရားနီ ဘုရားအတွင်းမှာ စာအတူ ကျက်ခဲ့ကြပါတယ်။ ၁၉၆၆-၆၇ ခုနှစ်မှာ လူထု သတင်းစာတိုက်ကို အပိတ်ခံရတယ်။ အလွတ်ကျောင်းတွေကို ၁၉၆၅ ခုနှစ်မှာ ပြည်သူသူပိုင် သိမ်းတယ်။ ကျနော်နဲ့ တင်မိုး အလွတ်ကျောင်းဆရာ အတူလုပ်ရင်းက ပြည်သူပိုင်သိမ်း အစိုးရ ကျောင်းဆရာ ဖြစ်ခဲ့ရပါပြီ။ ကျနော်က ရွှေဘိုခရိုင် တန့်ဆည်မြို့ကို အထက်တန်း ဆရာအဖြစ်နဲ့ အပြောင်းခံရတယ်။ တင်မိုးကို ဆရာမင်းသုဝဏ်က ရန်ကုန်တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ် ထုတ်ဝေရေးဌါနမှာ စာပြုအဖြစ် အလုပ်လုပ်ဖို့ ခေါ်သွားပါတယ်။ ကိုဇော်ဝင်းကတော့ ရန်ကုန် အခြေခံ ပညာဦးစီးဌါန ပညာရေး သုတေသနဗျူရိုမှာ သုတေသနအရာရှိ (သမိုင်း) အဖြစ် အမှုထမ်း နေတယ်လို့ ကြားရပါတယ်။ အဲ့ဒီဌါနမှာ တကသ အမှုဆောင်အဖြစ် ထင်ရှားခဲ့တဲ့ ရွှေဘိုဘက်က ရှိန်းမကား ဇာတိ ကိုဘကောင်းလဲ ရှိနေသတဲ့။ ကိုဘကောင်း၊ ကိုဇော်ဝင်း တို့နဲ့ တွဲခဲ့တဲ့ ဆရာဦးသန်းဦး(ကိုစိုးမင်း) က သူတို့ အထက်အရာရှိ ဖြစ်နေပါတယ်။

အဲ့ဒီတုန်းက ပညာရေးဝန်ကြီးဖြစ်သူက ဒေါက်တာညီညီပါ။ ဘူမိဗေဒပါမောက္ခ ဟောင်းပါ။ ဒေါက်တာ ညီညီကလဲ ဒေါက်တာ သန်းထွန်းတို့နဲ့ ပါဝင် ဆက်စပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့ခေတ်မှာ ကိုစိုးသိန်း၊ ကိုလှဝင်း၊ ကိုဘကောင်း၊ ကိုဇော်ဝင်း၊ ကိုတင်ထွတ်၊ ကိုခင်မောင်အုန်း အစရှိ ကျောင်းသား ခေါင်းဆောင်တွေ အတော်များများဟာ ပညာရေး ဌါနတွေမှာ အရာရှိတွေ ဖြစ်လာခဲ့ပါတယ်။ ဒေါက်တာညီညီကအစ အားလုံးဟာ လက်ဝဲ၀ါဒစွဲ ရှိတဲ့ ကျောင်းသားကြီးတွေလို့ နာမည် ကြီးခဲ့ပါတယ်။

လွတ်လပ်ရေးမရခင် (၁၉၄၇) မှာ ဒေါက်တာသန်းထွန်း ဗကသ ဥက္ကဋ္ဌဖြစ်တော့ “ငါ ကွန်မြူနစ်” လို့ ဗြောင် ကြေညာ ခဲ့ဖူးသတဲ့။ ကျော်အောင်၊ မြသန်းတင့်၊ အောင်လင်းတို့ တက္ကသိုလ် ရောက်တဲ့နှစ်ကျတော့ ပုခုက္ကူ ကြည်တင်က တကသ ရွေးကောက်ပွဲမှာ “အလံနီကြည်တင်” လို့ အခန်းမှာ စာရေးထားတယ် ဆိုပါတယ်။ ဒေါက်တာ ညီညီကတော့ မတ်က်စ်ဝါဒ လေ့လာရေးအဖွဲ့ ဖွဲ့ခဲ့တယ်လို့ ကြားလိုက်မိဖူးပါတယ် သမိုင်းမှာ ကွန်မြူနစ် ဆိုတာကို “မြေမြှုတ်”နေတဲ့ ခေတ်ဖြစ်နေလို့ ဒါတွေ ဖုံးဖိ ထားခဲ့ရပါတယ်။ တနေ့တော့ ပြန်ပေါ်မှာပါပဲ။

ကိုဇော်ဝင်းတို့ဟာ ၁၉၅၈ အိမ်စောင့် အစိုးရလက်ထက်က စပြီး စစ်အစိုးရကို ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ မဆလခေတ် (စစ်အစိုးရ) မှာ သူတို့ ၀င်လုပ်တော့ ဒီလူတွေ ဖေါက်ကုန်ကြပြီ ပြောတဲ့လူတွေက ပြောကြပါတယ်။ ခုထိပြောဆဲပါ။ ကျနော်ကတော့ အဲဒီလိုမမြင်ရက်ပါ။ လုပ်လို့မရ၊ လုပ်လဲ မလုပ်နိုင်လို့ ရပ်လိုက်တာဖြစ်ပြီး၊ “ပြည်သူ” ကိုတော့ သစ္စဖေါက်မဲ့သူတွေ မဟုတ်ဘူးလို့ပဲ မြင်ပါတယ်။

မဆလစစ်တပ်ပါတီ ၀င်ပြီးဒူးတုတ် အညံ့ခံရင်း အခွင့်ထူး ယူသွားသူများကိုသာ စိတ်ကွက် မိပါတယ်။ တကယ်တော့ ကျနော်တို့လဲ ပြည်သူပိုင်သိမ်းခံ အစိုးရ၀န်ထမ်း ဖြစ်လာတာပဲ မဟုတ်လား။ တခြား ထွက်ပေါက်ကတော့ လက်နက်ကိုင် ပုန်ကန်ဖို့ပဲ ရှိတော့မယ် ထင်ပါတယ်။

ကျနော် “ပြည် ရွှေဘိုမြို့တော်မြောက် ချောင်းပေါက်လို့ မကူးနိုင်” ဆိုတဲ့အရပ်ကို ရောက်နေတော့ “မဆလ အပိုအလုပ်တွေ” မလုပ်ပါဘူး။ ပါတီမ၀င်ဘူး။ သူတို့က ၀န်ထမ်းကို ကျွန်လို့ပဲ အောက်မေ့သူတွေပါ။ စစ်တပ်က ၀ယ်ထားတဲ့ ငွေဝယ်ကျွန်တွေလို ခံယူထားတာပါ။

အထူးသဖြင့် လက်ဝဲပျက် ဆိုရှယ်နီများက ပိုဆိုးပြီး ရှောင်တောင်တောင် လုပ်သူတွေကို သူတို့လိုပဲ အမြီးပြတ်အောင် လိုက်လုပ်တာတွေ တွေ့ရပါတယ်။ “ရဲဘော်တို့ကို စေတနာထားလို့ပါ” တဲ့။

ကျနော်က အားရင် ပေပုရပိုက်ရှာတယ်။ ကောက်စိုက်သီချင်းတွေ စုပါတယ်။ ရန်ကုန်ကို ပညာရေးဌါနရဲ့ သင်တန်း တခုနဲ့ ကြုံတော့ ဆင်းသွားပါတယ်။ ပေပုရပိုက် ကောက်စိုက်သီချင်းတွေ ပိုက်သွားတယ်။

အဲ့ဒီကာလမှာ (၁၉၆ရ-၆၈) မှာ ဆရာမင်းသုဝဏ်ရဲ့ သပြေညိုအိမ်မှာ “ကဗျာဝပ်ရှော့”နဲ့ ကြုံတယ် ကဗျာဆရာ တွေနဲ့ ဆုံရတယ်။ စာရေးဆရာ ကျော်အောင်နဲ့ တင်မိုးတို့က မင်းသုဝဏ်ရဲ့ ဌါနမှာ လူလိုတာဝင်လုပ်ဖို့ခေါ်တော့ ၀မ်းသာတယ်။

ဒါပေမဲ့ ဦးတင်အေး(ရှမ်းပြည်)က
“ခင်ဗျားတို့ နယ်မှာနေတာက ပိုပြီး အကျိုးရှိပါတယ်။ ဘာသာပြန်ဌါနမှာ ၀ါသနာမပါပဲ မလာချင်ပါနဲ့” လို့ ပြောပြီး ငြင်းလိုက်ပါတယ်။ သူက ဆရာ မင်းသုဝဏ်ရဲ့ ဌါနမှာ လက်ထောက်ပါ ဆရာ မင်းသုဝဏ်ကတော့ “ငါက မင်းတို့ကို အဖေါ်ရအောင်လို့ ခေါ်ချင်တာပါကွယ်” လို့ ၀မ်းပန်းတနည်း ပြောရှာပါတယ်။ ဒီတော့ ကိုဇော်ဝင်း ၀င်လာပါတယ်။ သူတို့ဌါနမှာ ကျောင်းသုံး သမိုင်းပြုစုဖို့ အစီအစဉ် လုပ်နေတယ်။ ပညာတန်ဆောင် မဂ္ဂဇင်း အ-သုံးလုံး မဂ္ဂဇင်း ကိစ္စတွေလဲရှိတယ် ခင်ဗျားနဲ့ သိပ်ကိုက်တယ် … တဲ့။ သူက ကိုယ်ဖိရင်ဖိ ကြိုးစားရှာပါတယ်။ ၀န်ကြီး ဒေါက်တာညီညီ အထိ တက်ပြောရပါတယ်။

ကိုဇော်ဝင်းကတော့ သူတို့နေတဲ့ ဝေဠုဝန် တိုက်ခန်းမှာ အခန်းရအောင် အထိ ကြိုးစားပါတယ်။ လူပြောင်းလို့ ရပေမဲ့ အခန်းပြောင်းလို့ မရပါဘူး အမရဆောင်မှာ “သမိုင်းသင်ရိုးအဖွဲ့” အမည်နဲ့ ရုံးခန်း ဖွင့်ထားပေးပါတယ်။ အထက်တန်းပြ ဆရာတဦးရယ် အလယ်တန်းပြ ဆရာတဦးရယ် တွဲထားပါတယ်။ ကိုဇော်ဝင်း အတွင်းရေးမှုးလုပ်ပြီး ကျောင်းသုံး မြန်မာနိုင်ငံ သမိုင်းစာအုပ်ကို ပြုစုရပါတယ်။ မဆလပါတီရဲ့ လက်အောက်ခံ အဖွဲ့အမျိုးမျိုးက ၀င်ပြီး ကြီးကြပ်ပါတယ်။

ဒီအချိန်မှာ ပညာရေး သုတေသနဗျူရိုက ဦးစီးတဲ့ စာမတတ်သူ ပပျောက်ရေး လုပ်ငန်းဟာ အထူး အောင်မြင်လာပြီး ယူနက်စကိုကပေးတဲ့ “မိုဟာမက် ရေဇာပါလဗီ” ဆုကို ရရှိလိုက်ပါတယ်။ ကိုဇော်ဝင်းတို့လို ဗကသ၊ တကသ၊ အတွေ့အကြုံ ရှိသူတွေရဲ့ ဦးဆောင်စည်းရုံးရေး ကောင်းမှုကြောင့် တက္ကသိုလ် ကျောင်းသားတွေ တပြုံလုံး အုံကြွ ပါဝင်လာခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ကျေးလက်က မိဘ ပြည်သူတွေရဲ့ ရင်ခွင်ကို ခိုလှုံခွင့် ရသွားကြပြီး ပြည်သူ့ဘ၀ကို ထိတွေ့ နားလည် လာကြပါတယ်။ လုပ်ငန်းတွေ စခန်းသိမ်းပေမဲ့ ကျောင်းသားတွေရဲ့ စိတ်အား ထက်သန်မှုက စခန်းသိမ်းလို့ မရပါဘူး။ ဒါနဲ့ သုတေသန ဗျူရို (ပြည်လမ်း)ဘေးမှာ တဲထိုးပြီး စခန်းဖွင့်ပေး ထားရပါတယ်။ မဆလက လူထုလှုပ်ရှားမှု တကယ် အောင်မြင်လာတာကို သဘောတွေ့ပုံ မရပါဘူး။

တက္ကသိုလ်ကျောင်းသားတွေရဲ့ အ-သုံးလုံး စခန်းမှာ ကိုဇော်ဝင်း အမြဲရှိပါတယ်။ သူက တယောက်ချင်းကို လေးလေးစားစား ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံပြောဆို ကူညီပါတယ်။ ဗိုလ်ရဲထွတ်ရဲ့သား ဗိုလ်ကျောဇောရဲ့သား (ချွေးမလောင်း အဲ့ဒီရုံးမှာ ရှိတယ်)။ ပြည်သူရဲဘော် ဗိုလ်ညိုမှိုင်းရဲ့သား၊ လက်သီးပုန်း သခင်ဗတင် သမီးနှစ်ယောက် စသဖြင့် နိုင်ငံကျော်တွေရဲ့ သားသမီးတွေလဲ ရှိပါတယ်။ သူတို့ မိဘတွေရဲ့ “သွေး” ပါလို့ ပြည့်သူ့ “အကျိုး” ဆိုတဲ့ စေတနာ ထက်ထက်သန်သန် ပါဝင်ဟန်ရှိပါတယ်။ နောက်ပြီး သူတို့အားလုံးဟာ စာပေ အနူပညာတွေမှာ အထူး စိတ်ဝင်စားကြ ၀ါသနာပါ ကြပါတယ်။ တင်မိုး၊ မောင်သာနိုး၊ မောင်စွမ်းရည် တို့နဲ့လဲ လုံးလားထွေးလား ဖြစ်လာပါတယ်။

ကိုဇော်ဝင်းရဲ့ “ရဲဘော်” တွေထဲမှာ ကျူရှင်ဆရာတွေ ကျောင်းဆရာတွေလဲ မနည်းဘူး။ ဒါကြောင့် ကျနော်ရော အဲ့ဒီ ကျောင်းသားတွေပါ ကျူရှင်ဆရာ ဖြစ်ကုန်ကြပါတယ်။ သင်ရိုးအဖွဲ့တွေ အခြေခံပညာ ဦးစီးဌါနမှာ တကယ် ဖွဲ့ကြတော့ ကျနော်ကျန်ခဲ့ပြီး၊ ကြာမှ မြန်မာစာ သင်ရိုးအဖွဲ့က ခေါ်ယူလိုက်ပါတယ်။ “သမိုင်း”မှာ မပါရတာ ကျနော် ကံကောင်းပါတယ်။ ကိုဇော်ဝင်းနဲ့တော့ မကွဲမကွာပါပဲ။

သူနဲ့ အသုံးလုံး အဖွဲ့သားတွေနဲ့ တရုန်းရုန်းပါပဲ။ သူကတိုးတိုး တိုးတိုးအေးအေး အေးအေးနဲ့ စကားပြော ကောင်းတယ်။ ဒါ့ကြောင့် စည်းရုံးရေးသမားကောင်း အဖြစ် နယ်က ကျောင်းတွေကို ဘာသာရပ် ဟောပြောပွဲတွေကို ကိုဇော်ဝင်းက စီစဉ်ပါတယ်။ နာမည်ကျော်ပါတယ်။ မင်းသားကိုမြတ်လေး၊ စန္ဒယားချစ်ဆွေ ကိုလေးညွှန့်၊ ကိုမောင်မောင်ကြီး၊ မာမာအေးစတဲ့ တေးဂီတ သမားတွေနဲ့လဲ အထူးရင်းနှီးတယ်။ အ-သုံးလုံး ပို့စကဒ်ပေါ်က ကျနော့်ရဲ့ မဖြစ်စလောက် ကဗျာလေးကို မာမာအေး ဆိုစေပြီး အသံလွှင့်ဖူးတယ်။ မာမာအေးကလဲ တခြားအဆိုတော်လို ကိန်းကြီးခန်းကြီး မလုပ်တတ်ဘူး။ ငြိမ်းချမ်းရေးသီချင်း ကျောင်းသား သီချင်း အ-သုံးလုံး သီချင်း စတဲ့ လူထုစည်းရုံးရေး သီချင်းတွေကို ကိုမြတ်လေး ကိုဇော်ဝင်းတို့ အသိုင်းအ၀ိုင်းက အကူအညီတောင်းရင် မငြင်းရှာဘူး။ ကိုဇော်ဝင်းကလဲ အနုပညာသမားများ စာပေသမား စတာတွေကို အရေးတယူ ကူညီတတ်တယ်။

သူ ဘာတွေ တီးတတ်မှုတ်တတ်သလဲ ကျနော်မသိလိုက်ဘူး။ ဂီတနက်သန်ကိုစောငြိမ်းရဲ့ သီချင်းတွေကိုတော့ အထူး နှစ်သက်ပြီး “သစ္စာရှင်” “စိန်”စတဲ့ သီချင်းတွေကို ကွမ်းဝါးတဲ့ ပါးစပ်နဲ့ မကြာခဏ ဆိုညည်းလေ့ ရှိတာကို ကြားဖူးပါတယ်။ (သူ့သမီးထွေးလေးရဲ့ အမည်“နီနီဇော်” ဆိုတာ တင်မိုးပေးတဲ့ အမည်ပါ)။

သူနဲ့ကျနော်တို့ (တင်မိုးအပါအ၀င်) တွဲလုပ်ခဲ့တဲ့ နောက်ဆုံး အလုပ်ကတော့ “ပဲ့တင်သံ”ခေါ် စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှု အထိမ်းအမှတ် မဂ္ဂဇင်းပါ။ မဂ္ဂဇင်းပါ မဂ္ဂဇင်းအမည်ကို ဆရာ မင်းသုဝဏ်က ပေးခဲ့ပြီး အ-သုံးလုံး ဖတ်စာကိုလဲ ဆရာပဲ ပြုစုပေးပါတယ်။ “၀ ထ က လ သ” နည်းလို့ ခေါ်ပါတယ်။

ကိုဇော်ဝင်း ကျနော့်ကို မန္တလေးက ရန်ကုန်ကိုခေါ်ခဲ့တာက “ပညာလောက” ဆိုတဲ့ ပညာရေး မဂ္ဂဇင်းထုတ်ရာမှာ အယ်ဒီတာချူပ် သို့မဟုတ် အယ်ဒီတာ အဖွဲ့ဝင်လုပ်ဖို့ ၀န်ကြီး ဒေါက်တာညီညီ တို့ကို အကြောင်း ပြခဲ့ပေမဲ့ ကျနော့်အနေနဲ့ တခါပဲ ရေးလိုက်ရဖူးပါတယ်။

သမိုင်းသင်ရိုးအဖွဲ့မှာ လုပ်ဖို့ ဆိုတာလဲပါတယ် “ဆရာစွမ်း က မြန်မာနိုင်ငံသမိုင်း ဘာသာရပ်နဲ့ ဘွဲ့ရသူ။ အမျိုးသား စာပေဆု(၁၉၆၄) ရဖူးသူ”လို့ အကြောင်းပြ ကောင်းခဲ့ပါတယ်၊ ဒါပေမဲ့ နှစ်နေရာလုံးမှာ ကျနော် မပါခဲ့ပါဘူး၊ ကျနော်ကလဲ ဒါတွေကို ၀ါသနာ မပါဘူး။ ရန်ကုန်ရောက်ရင် ပြီးတာပဲလို့ သဘောထားပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတာ ကိုဇော်ဝင်းကို ကျနော် မမေးခဲ့ပါဘူး။

အဲ့ဒီကိစ္စတွေနဲ့ မဆိုင်တဲ့ မြန်မာစာသင်ရိုးအဖွဲ့ကိုပဲ ရောက်သွားခဲ့ပါတယ်။ ဒါလဲ ကျနော် မလုပ်ချင်လို့ စာကြည့်တိုက် ဒီပလိုမာယူပြီး စာကြည့်တိုက်မှာပဲ ခိုလှုံ နေလိုက်ပါတယ်။ “ကျွန်ခေတ်မှာ လူရာမ၀င်ချင်” ဆိုတဲ့ ဘကြီးမှိုင်းရဲ့ စကား အတိုင်းပါပဲ။ မဆလတွေ တိုက်ရိုက် ကြီးကြပ်တဲ့အဖွဲ့က ဝေးသွားတာပဲ ၀မ်းသာလှပါပြီ။

ခုတော့ သူအသည်း ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာ ကြာပြီ၊ စာပေ၀ါသနာကြီးခဲ့သူ ဖြစ်ပေမဲ့ သူ့လက်ရာ မှတ်မှတ်ရရ မကျန်ရစ်ရှာဘူး၊ ဒါပေမဲ့ ဗကသ လှုပ်ရှားမှု သမိုင်းမှာတော့ သူ့အမည် မပါလို့ မဖြစ်။ ၁၉၅၄-၅၅မှာ ဗကသ အတွင်းရေးမှုး။ ၁၉၅၆-၆၀မှာ ဗကသဥက္ကဋ္ဌပါ။ ကျနော့်အဖို့တော့ ညီအကိုလို ခင်မင်တဲ့ ရဲဘော်ကြီးပါ။ ဘာပဲဖြစ်ဖြစ် ကျနော့် သူငယ်ချင်း ရင်းချာတဦး အဖြစ်နဲ့ အလွမ်း မှတ်တမ်းကိုတော့ ရေးလိုက်ရပါတယ်။ ဗုဒ္ဒဘာသာ ထုံးစံအရ ပြောရရင် ကိုဇော်ဝင်းဟာ သူတပါးကို ကူညီတတ်တဲ့ စိတ်ကောင်း စိတ်မြတ် ရှိသူတဦး အနေနဲ့ ကောင်းရာသုဂတိကို ရောက်ရှိ နေပါလိမ့်မယ်လို့ ယုံကြည်ပါကြောင်း။

၂၀၁၀ ဖေဖေါ်ဝါရီ ၁၀

(မိုးမခ ဖြည့်စာ - ဆရာရဲ့ စာမူကို မိုးမခက လက်ခံရရှိပြီး၊ စာစီစာရိုက်ချိန် ကြန့်ကြာနေခဲ့လို့ ယခုမှ ဒီစာမူကို တင်ဆက်လိုက်ရပါတယ်။ ထို့အတွက် တောင်းပန်ပါတယ်။ ဒါ့အပြင် ဆရာမောင်စွမ်းရည်က ဗကသ ဦးဇော်ဝင်းရဲ့ ဇနီးသည် နာမကျန်း ဖြစ်နေချိန်မှာ သည်စာမူနဲ့ သူ့ခင်ပွန်းအကြောင်း ပြန်လည်ပြောပြပြီး အားပေးချင်တဲ့ အကြောင်း၊ မြန်မြန် တင်ဆက်စေချင်ကြောင်း မိုးမခကို တိုက်တွန်းခဲ့ပါတယ်။ ယခု စာမူကို မိုးမခမှာ တင်ဆက်တဲ့ အချိန်မှာ ဗကသ ဦးဇော်ဝင်းရဲ့ ဇနီး ဒေါ်ခင်ခင်အေး ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ ကြားသိရပါတယ်။ ထို့အတွက် မိုးမခက ထပ်မံ တောင်းပန်ပါတယ်။ ဗကသ ဦးဇော်ဝင်းနဲ့ ဇနီး ဒေါ်ခင်ခင်အေးတို့ရဲ့ ကျန်ရစ်သူ မိသားစုအတွက် မိုးမခက ၀မ်းနည်းမှတ်တမ်း အဖြစ် ဆရာမောင်စွမ်းရည်၏ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။)


Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ ( ၂ - ၄ - ၁၀ )

အပစ်ရပ် မွန်ပြည်သစ်ပါတီ နယ်ခြားစောင့်တပ် ဖွဲ့မည်မဟုတ် သတင်း
စစ်အစိုးရ ရွေးကောက်ပွဲ အားလုံးပါဝင်ခွင့်ရှိဖို့၊ ထိုင်းနဲ့ ပြင်သစ် ထပ်မံတိုက်တွန်း သတင်း
မြန်မာ့အရေးကို ထိုင်းက ဖိအားပေးမည် သတင်း
အန်အယ်လ်ဒီ ရှေ့အလားအလာများ ဥပေဒေကြောင်းအရေ ဆွေးနွေး သတင်း
လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ရန် NLD လျာထား သတင်း
NLD ဆုံးဖြတ်ချက် မှားယွင်းနိုင် သတင်း
ရွေးကောက်ပွဲဥပဒေတချို့ ပြင်ဆင်ပေးဖို့ ၈၈ ကျောင်းသားများ တောင်းဆို သတင်း
၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတချို့ တိုင်းရင်းသားအဖွဲ့တခုနဲ့ မဟာမိတ်ဖွဲ့ သတင်း
မြေယာအသိမ်းခံရမှုတွေ စုံစမ်းပေးဖို့ အိုင်အယ်လ်အိုကို မေတ္တာရပ်ခံ သတင်း
ဗိုလ်အောင်ကျော် ဆိပ်ကမ်း ဦးပိုင်သို့လွှဲ သတင်း
မောင်းသူမဲ့လေယာဉ် စီမံကိန်းအတွက် အင်ဂျင်နီယာ မရှိ သတင်း
ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ဘာကြောင့် ပိုပေါင်းလာသလဲ သတင်း
အဖွဲ့ချုပ် မုန်တိုင်းကော်မတီက သောက်ရေရရှိရေး ဆက်လက်ကူညီ သတင်း
အမေရိကန်တို့ ကျင့်သုံးလာနိုင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ် သတင်း
နယ်ခြားစောင့်တပ် (၂) တပ် ထပ်မံပေါ်ပေါက် သတင်း
ရွေးကောက်ပွဲ မှတ်ပုံတင်ရန် ရတခတိုင်းမှူးမှ မွန်ပြည်သစ်ပါတီကို တိုက်တွန်း သတင်း
DKBA ခေါင်းဆောင် ခမ်းနားသော အိမ်သစ်တက်ပွဲ ကျင်းပ သတင်း
ရန်ကုန်တွင် မီးပြီးတော့ ရေပြဿနာ ပေါ်ပြန် သတင်း
ရွေးကောက်ပွဲနိုင်မယ်လို့ ယုံကြည်ပါတယ် (အင်တာဗျူး) သတင်း
NLD အတွက် လမ်းဆုံးပြီလား (ဆောင်းပါး)

Read More...

Friday, April 2, 2010

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံရပ်တည်ချက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့ အခြေခံနိုင်ငံရေး ရပ်တည်ချက်နဲ့ ဝါဒ သဘောထားကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ အတွင်းမှာ ပြင်ပသို့ အမှာစကား ပါးလိုက်ရာမှာ အောက်ဖော်ပြပါ မိန့်ခွန်းသုံးခု အတိုင်း ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီ မိန့်ခွန်း/ဆောင်းပါးတွေကတော့ --

၁။ "လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်" (Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃)
၂။ "ကျမတို့လွတ်လပ်မှုကိုမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကို အသုံးချကြပါ" (New York Times သတင်းစာ၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇၊ ဝါရှင်တန်မြို့တော် အမေရိကန် တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ မိန့်ခွန်း)
၃။ နေရူးဆု လက်ခံမိန့်ခွန်း၊ (နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃)

(၁)
လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်

မြန်မာနိုင်ငံတဝန်း ခရီးသွားလာရင်း ကျမက လူတွေကို ဘာလို့ဒီမိုကရေစီ လိုချင်တာလဲလို့ မေးကြည့်မိပါတယ်။ မကြာခဏ ဆိုသလို အကြားရဆုံး အဖြေကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ ဆိုတာပါပဲ။ သူတို့ အကျယ်ချဲ့ပြီး မပြောရဘဲ သူတို့ ဘာပြောတယ်ဆိုတာ ကျမ နားလည်ပါတယ်။ သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင် ပုံဖော် ဆုံးဖြတ်ခွင့် မရှိဘဲ ဖိနှိပ် ခံနေရတာကနေ လွတ်မြောက်ချင်ကြပါတယ်။ လက်နက် အင်အားပေါ် အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာ စိုင်းမှုတွေအောက် ရောက်နေရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်တွေကို မလိုချင် ကြတော့ပါဘူး။

လူငယ်တွေကို ကျမက လွတ်လပ်ခြင်း ဆိုတာ ဘာလဲလို့ မေးကြည့်တဲ့အခါ သူတို့က သူတို့ စိတ်ထဲ ရှိတာတွေကို ရှိတဲ့အတိုင်း ရင်ဖွင့် ပြောပြချင်တာလို့ ဆိုပါတယ်။ သူတို့ အသိဉာဏ်ပညာ စိန်ခေါ်မှုကို ဖြည့်ဆည်း မပေးနိုင်တဲ့ ပညာရေး စနစ်အပေါ် မကျေနပ်ချက်တွေကို သူတို့ ထုတ်ဖော် ပြောလိုကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနိုင်သူတွေ ဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာပေးနိုင်ဖို့ ထောင်သောင်းသိန်းမက စုဝေးနိုင်သူတွေ ဖြစ်လိုကြပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ကျယ်ပြန့်လွန်းတဲ့ မျှော်လင့်ချက်တွေနဲ့ အံမခန်းမှုတွေ ပြည့်နေတဲ့ လူငယ်ဘဝရဲ့ နိုးကြား တက်ကြွတဲ့ အရွယ်တွေကို အပြည့်အဝ ပိုင်ဆိုင်ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေ၊ တောက်ပ ခမ်းနား မှုနဲ့ ဖီလာ ဆန့်ကျင်မှုတွေ ကြမ်းတမ်း ခက်ထန်မှုနဲ့ သိမ်မွေ့မှုတွေ တန်းစီပြည့်နေတဲ့ လူငယ်ဘာဝကို အပြည့်အဝ ရယူလို ကြပါတယ်။

မြန်မာအမျိုးသမီးတွေအနေနဲ့ရော ဘာတွေအလိုရှိပါသလဲ။ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဖိစီးမှု ဒဏ်ကြောင့် အားဆုတ် ငြီးငွေ့ လောက်အောင် အိမ်မှု ထိန်းသိမ်းနေရတဲ့ ဘဝက လွတ်မြောက် ချင်ကြပါတယ်။ လွတ်လပ်စွာ တွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေး အရေးယူခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့ အခွင့်အလမ်းတွေ ဆုံးပါး သွားမလားဆိုတဲ့ စိုးရိမ် ကြောင့်ကြမှုတွေက ကင်းလွတ် ချင်ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ ဘဝက လွတ်မြောက်ဖို့ တောင့်တ နေကြတဲ့ အမျိုးသမီးတွေလည်း တော်တော်များများ (အများကြီးကို) ရှိပါတယ်။

ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမားယာသမားတွေဆိုရင် သူတို့ဆန္ဒအတိုင်း စိုက်ပျိုး ထွန်ယက် ချင်ကြတယ်။ မတော် မတရား ဈေးနှိမ်ခံရပြီး အစိုးရကို မရောင်းမနေရ ခြိမ်းခြောက် ခံရတာမျိုးတွေက ကင်းလွတ်ပြီး သူတို့ ထွက်ကုန်တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက် တင်ရောင်းချ လိုကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန်ရပ်တည်သူ တွေပါ။ ဒီလို ကြမ်းတမ်းတဲ့ ဘဝတွေ အပေါ်မှာ ကျိုးကြောင်း မဆီလျော်တဲ့ အမိန့်တွေနဲ့ နားလည်ရခက်တဲ့ အာဏာပိုင် တွေကြောင့် နောက်ထပ် ဝန်ထုပ်ဝန်ပိုး မလိုချင်ကြတော့ပါဘူး။

ဒါနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ကျမတို့ရော လို့ မေးစရာရှိပါတယ်။ ဘာလို့ ကျမတို့တတွေ တိုင်းပြည် လွတ်မြောက်ဖို့ ခက်ခက်ခဲခဲ လုပ်ကိုင်နေပါသလဲ။ ဒီလို လုပ်ကိုင်နေတာဟာ ဒီမိုကရေစီ အပေါ် မရေမရာနဲ့ အကောင်းမြင် မျှော်လင့်ပြီး ထင်ရာ လုပ်ကိုင်နေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိုတာ သူရဲ့တောက်ပမှုကို ကြာရှည်ထိန်းနိုင်အောင် အမြဲတစေ အရောင် တင်ပေးရတဲ့ ရတနာတပါး ဖြစ်တယ်ဆိုတာ ကျမတို့ သိပါတယ်။ ပျက်စီးဆုံးရှုံးတာ၊ အခိုးခံရတာတွေ မဖြစ်အောင် ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည်မပြတ် စောင့်ကြပ် ကြည့်ရှု နေရပါလိမ့်မယ်။

လွတ်လပ်တဲ့မြန်မာပြည်ကသာ လူ့ဂုဏ်သိက္ခာကို တန်ဖိုး ထားလေးစားတဲ့နိုင်ငံ တည်ထောင်နိုင်မှာမို့ လွတ်မြောက်ရေး အတွက်ကို ကျမတို့တတွေ ပင်ပင်ပန်းပန်း ကြိုးစားနေကြတာ ဖြစ်ပါတယ်။

တိုင်းပြည် တဝှန်း လှည့်လည်သွားတဲ့အခါ လူတွေက ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်တွေ၊ ပထမ အကြိမ် ခြောက်နှစ်နဲ့ ဒုတိယအကြိမ် ဆယ့်ကိုးလ နေရတာမှာ ဘယ်လို ခံစားရသလဲလို့ မေးကြပါတယ်။ မိသားစု မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ခွဲခွာပြီး ကျမ ဘယ်လို နေခဲ့သလဲပေါ့။ ဒီအာဏာရှင် နိုင်ငံမှာ ယုံကြည်ချက် အတွက် အကျဉ်း ချခံရသူကသာ အမှန်တကယ် လွတ်လပ်သူ ဖြစ်နေတာ ဂွကျလှတယ်လို့ ကျမ ပြောချင်ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့ သာမန်ဘဝ လွတ်လပ်ခွင့်တွေကို ပေးဆပ် ထားရတယ်။ ဒါပေမဲ့ လူသားဘဝရဲ့ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ယုံ ကြည်ချက် အမှန်တရားအပေါ် ကျမတို့ ကြံ့ကြံ့ခံ ရပ်နေခဲ့ကြပါတယ်။

ဒီမှာ ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံ နေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေနိုင်ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့် သေးသိမ်စေတဲ့ အနှောင် အဖွဲ့တွေ ကိုဖယ်ရှားပြီး မြန်မာ ပြည်သူတွေဟာ လွတ်လပ်တဲ့ လူသားတွေအဖြစ် ခေါင်းမော့ ဂုဏ်ယူနိုင်သူတွေ ဖြစ်လာမှာကို ကျမ တွေ့မြင်လိုပါတယ်။ ကျမတို့ အားလုံးအတွက် ပိုပြီး ပျော်ဖို့ကောင်းတဲ့၊ လုံခြုံမှုလည်း ပိုရှိတဲ့ လူ့ဘောင်ဘဝ တည်ဆောက်ဖို့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းကြတာကို ကျမ တွေ့မြင်လိုပါတယ်။

အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ အနာဂတ်ကို တက်လှမ်းပြီး တန်ဖိုးရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့်မားမားနဲ့ စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်တာ ကျမ တွေ့မြင်လိုပါတယ်။ "ဒီတိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာ သေခဲ့သူ အားလုံးအတွက် ထိုက်တန်တဲ့ တိုင်းပြည်အဖြစ် ဘိုးဘွား အမွေအနှစ် အတွက် ဂုဏ်ယူရပြီ" လို့လည်း ကျမပြောပြချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ် အိပ်မက်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူလူထုရဲ့ ဆန္ဒသာ နောက်ဆုံးမှာ အောင်ပွဲ မုချရရမယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ကျမတို့ အားလုံး နှစ်နဲ့ချီကြိုးပမ်း လုပ်ဆောင်နေ တာတွေရဲ့ ပကတိဦးတည်ရာပဲ ဖြစ်ပါတယ်။

(ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွဲထွက်သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံ မဂ္ဂဇင်းတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆိုတင်ပြထားသည်။)

(၂)
ကျမတို့လွတ်လပ်မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကိုအသုံးချကြပါ

ကျမတိုမြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ကြိုးပမ်း ဆောင်ရွက်နေသူတွေဟာ ဖိနှိပ် ချုပ်ချယ်မှု များလွန်းတဲ့ လူ့အဖွဲ့ အစည်းမှာ သူ့ကျွန်အဖြစ် အေးအေးဆေးဆေး နေမယ့်အစား အခြေခံ လူ့အခွင့်အရေး အတွက် ရပ်တည် တိုက်ပွဲဝင်ဖို့ ကိုယ့်ဘဝကိုယ် ရွေးချယ်ကြပါတယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာ နားလည်မှု အပေါ် အရင်းခံ တဲ့ ယုံကြည်မှု ရှိမှသာလျှင် ဖြစ်မယ့် အကြမ်းမဖက် လှုပ်ရှားမှု တရပ်သာ ဖြစ်ပါတယ်။

လူဆိုတာ မိမိကောင်းစားရေးကိုသာ အဓိကထားတဲ့ စီးပွားရေး အကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တဝါသာ ဖြစ်တယ်လို့ တချို့က ဆိုကောင်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓာတ် ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေး အရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ဒုနဲ့ ဒေး ရှိသေးတယ် ဆိုတာကို ကြည့်ယင် အဲဒီ အဆိုဟာ သေးသိမ် ကျဉ်းမြောင်းလှတယ် ဆိုတာ သိပါလိမ့်မယ်။ ဒီလို အမျိုးကောင်းသမီး၊ အမျိုးကောင်းသားတွေ ကျမတို့ နိုင်ငံမှာ မြောက်များစွာ ရှိနေသေးတာကြောင့် ကျမလွန်စွာ အားတက်မိပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုတွေကြောင့် တော်လှန် ပြောင်းလဲမှုတွေ ပေါ်ပေါက် လာတတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု တရပ်ရှိတယ်လို့ အများက လက်ခံ ထားကြပါတယ်။ ရန်ကုန် တက္ကသိုလ်ကနေ သူတို့ရဲ့ နိုင်ငံရေးဘဝကို အစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ငယ်ရွယ်နုနယ်တဲ့ ခေါင်းဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်း လှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။

ဒီလို ထူးထူးခြားခြား ရဲရင့်တက်ကြွတဲ့ ဆန့်ကျင် အာခံလိုစိတ်တွေနဲ့ သြဇာတိက္ကမ ကြီးမားလှတဲ့ အတိုက်အခံ အဖွဲ့အစည်းမျိုးကို ဘယ်လို အာဏာရှင် အစိုးရမဆို ပစ်မှတ်ထား ချေမှုန်းမှာ အသေအချာပါပဲ။ ၁၉၆၂ ခုနှစ် ကတည်း က အာဏာရလာတဲ့ မြန်မာ စစ်အစိုးရကတော့ အာဏာရပြီး သိပ်မကြာခင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အသင်းအပင်း ဖွဲ့စည်းခွင့်ကိုပါ တရားမ၀င်ကြောင်း ဆုံးဖြတ် ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရ တပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှုကို မြန်မာပြည်သူတွေ ဆန့်ကျင် အာခံခဲ့ပါတော့တယ်။ တတိုင်းတပြည်လုံးမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ သူတွေကတော့ ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိက တောင်းဆိုချက် တွေထဲက တခုကတော့ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် စစ်အာဏာရှင်တွေ တုံ့ပြန်လိုက်တဲ့ အဖြေကတော့ သူတို့ကို ပစ်သတ် လိုက်ကြတာပါပဲ။ ရှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန်မာပြည်က ကျောင်းသား ကျောင်းသူတွေဟာ မိမိတို့ အကျိုး ဖြည့်ဆည်းပေးပြီး မိမိတို့ အမှန်တကယ် လိုချင် တောင့်တလှတဲ့ ကျောင်းသား အဖွဲ့အစည်းမျိုးကို မတည်ထောင်နိုင် သေးပါဘူး။

အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးကို တောင်းဆိုတဲ့ ကျောင်းသား ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့ပြီး အဲဒီ ဆန္ဒပြပွဲ တောင်းဆိုချက်တွေ လျစ်လျှူရှု ခံခဲ့ရပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်သူ တွေကို အင်အားသုံး ဖြိုခွဲခဲ့ပြီး ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ် ပါတီဝင်တွေကို အဆိုပါဆန္ဒပြပွဲ စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပါတယ်။ ကျမကိုလည်း ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။

နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေဆုံ ဆွေးနွေးတာဟာ အစိုးရကို ပုန်ကန် ခြားနားတယ်လို့ အမှန် တကယ်သာ ယူဆနေမယ် ဆိုယင် ကျမတို့နိုင်ငံမှာ ဝမ်းနည်း စိတ်မကောင်းစရာတွေ ထပ်ပြီး ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ကျမပါတီဟာ ကျောင်းသားတွေရဲ့ မျှော်မှန်းချက်တွေကို စာနာ ထောက်ခံကြောင်း ဘယ်တုံးကမှ လျှို့ဝှက် မထားခဲ့ပါဘူး။ ကျမတို့ဟာ မတူညီတဲ့ မျိုးဆက်တွေအကြား နီးစပ်အောင် ကြိုးပမ်းနေပြီး ဒီလို ကြိုးပမ်းခြင်းအားဖြင့် ကျမတို့ ရဲ့ရည်ရွယ်ချက်တွေနဲ့ အားထုတ်မှုတွေ ဆက်လက် ရှင်သန် တည်တန့်ပြီး ကျမတို့ တိုင်းပြည်ရဲ့ အသွေးအသားထဲ ပေါင်းစည်းယှက်နွယ် သွားအောင် ဖြစ်ပါတယ်။

ကျမတို့ဟာ ကိုယ့်ထက်အဆမတန် သာလွန်တဲ့အင်အားတွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရ ဗျူရိုကရက် ယန္တရား ပေါင်းစည်းထားတဲ့ အားကို ဆန့်ကျင် အာခံရင်း တခါတလေမှာ သံသယတွေ ဝင်လာတတ်ပါတယ်။ ဘယ်လို သံသယမျိုးလဲ ဆိုတော့ လက်ရှိ အမိန့်အာဏာတွေဟာ အမြဲတမ်း မပျက်မသုဉ်း တည်ရှိမယ့် အရာတွေပဲလို့ ယုံကြည် နေသူတွေရဲ့ သံသယတွေပါဘဲ။ လက်ရှိ အခြေအနေကိုဘဲ လက်ခံ လိုက်တာဟာ အသင့်လျှော်ဆုံး ဖြစ်မယ်လို့ နားလည် ယုံကြည်ထားသူတွေ အများကြီး ရှိနေတာ အံ့သြစရာပါပဲ။ ကျမတို့ဟာ ပြောင်းလဲဖို့ လိုတဲ့ ကိစ္စတွေကို ပြောင်းလဲဖို့ စွမ်းအားအပေါ် ယုံကြည်မှု ရှိပေမဲ့ အာဏာရှင် စနစ်ကနေ လစ်ဘရယ် ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီ အစိုးရလက်ထက် မှာ ကျမတို့ရဲ့ ပြဿနာတွေ အားလုံး ပြေပျောက် သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်ယောင် မှားခဲ့တာမျိုး မရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့ သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တရပ် တည်ထောင်ဖို့အတွက် ကျမတို့ရဲ့လှုပ်ရှား ရုန်းကန်မှုဟာ ကျမတို့ရဲ့ ဘဝသက်တမ်းမက ကြာမြင့်ကောင်း ကြာမြင့်လိမ့်မယ် ဆိုတာ ကြိုတင် မှန်းဆ ထားပါတယ်။ ဒါပေမဲ့ ဒီလို လှုပ်ရှားရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန် မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှာဖွေရာမှာ ကျမတို့ကို ကရုဏာ သက်သူတွေ ကမ္ဘာနဲ့အဝှန်း ရှိနေပါတယ်။ လူမျိုး၊ ဘာသာ၊ အသား အရောင်မရွေး နေရာတိုင်းက ခံစားတွေးတော တတ်တဲ့ လူသားတွေ အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဖြစ်တည်မှုကို လိုလား တောင့်တတာဟာ ရုပ်ဝတ္ထုပစ္စည်းတပ်မက်မှုသက်သက်ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ နိုင်ငံရေးအခွင့် အရေးတွေ အပြည့်အဝရှိတဲ့ လူ့အဖွဲ့ အစည်းမှာ နေထိုင်ခွင့် ရနေတဲ့ ကံကောင်းလှသူတွေ အနေနဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ ကျမတို့ ကမ္ဘာကြီးရဲ့ အခြား နေရာတွေက ကံမကောင်း အကြောင်းမလှ သူတွေကို ကူညီဖို့ အင်မတန် လိုအပ်လှပါတယ်။

ကျမတို့လှုပ်ရှားရုန်းကန်မှုရဲ့ တစိတ်တပိုင်းကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျမတို့ ဆင်းရဲ မွဲတေ နေရတာဟာ လုံလောက်တဲ့ ရင်းမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှားပါးလွန်းလို့ မဟုတ်ဘဲ အုပ်ချုပ်မှုကောင်းကောင်း ပေါ်ထွန်းစေတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ အလေ့အကျင့်တွေ နည်းပါးလွန်းလို့သာ ဖြစ်တယ် ဆိုတာကို သိမြင် နားလည်စေခြင်းပါဘဲ။

ဖိနှိပ်လွန်းတဲ့အစိုးရတွေနဲ့ ဆက်ဆံဖို့ နောက်တွန့်စိုးရွံ့ခြင်း မရှိတဲ့ နိုင်ငံစုံ စီးပွားရေး လုပ်ငန်းကြီးတွေ အများအပြား ရှိနေပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို အကူအညီ ဖြစ်စေဖို့သာ ဖြစ်တယ်လို့ အကြောင်းပြလေ့ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်၊ ချမ်းသာပြီးသား လူတစုကိုသာ ပိုမို ချမ်းသာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီ စနစ်အတွက် အခြေခံ အုတ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖော်ဆောင် ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့ စိတ်ကူးစံတွေကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအား ဖြန့်ကျက်ဖို့ စိတ်ဝင်စားသူ ဘယ်သူမဆို မြန်မာ စစ်အစိုးရနဲ့ စီးပွားရေး လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ပြတ်ပြတ်သားသား ဆန့်ကျင် ရပ်တည်သွားပါလို့ တိုက်တွန်း ချင်ပါတယ်။ ကျေးဇူးပြု၍ ကျမတို့ရဲ့ လွတ်လပ်မှုကို မြင့်တင်ဖို့ ရှင်တို့ရဲ့ လွတ်လပ်မှု ကို အသုံးချပေးပါလို့ တောင်းပန်ပါရစေ။

(ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်းကို အခြေခံသည့် New York Times နှင့် International Herald Tribune သတင်းစာဆောင်းပါး၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇)

(၃)
ဂျာဝါဟာလားလ်နေရူး ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ဆုလက်ခံမိန့်ခွန်း
နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃

သမတကြီး၊ ဒုသမတကြီး၊ ဝန်ကြီးချုပ်၊ နေရူးဆုကော်မတီဝင်များ၊ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် မိတ်ဆွေများရှင့်..

ဒီဆုပေးပွဲ အခါသမယဟာ ခံစားချက် အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ ကျမကို အိန္ဒိယနိုင်ငံက လူပေါင်းများစွာနဲ့ သံယောဇဉ် တွယ်မိစေတဲ့၊ အားကောင်းတဲ့ ချစ်ကြည် ရင်းနှီးမှု နှောင်ကြိုးတွေ ဘုံနိုင်ငံရေး စိတ်ကူးစံတွေ ရှိပါတယ်။ ကျမဘဝမှာ အိန္ဒိယ နိုင်ငံအကြောင်း၊ "ပန်ဒစ်ကြီး" လို့ ကျမတို့ မိသားစုက အမြဲခေါ်တဲ့ ပန်ဒစ်နေရူးအကြောင်း ရင်းနှီးကျွမ်းဝင် မဖြစ်ခဲ့တဲ့ အချိန်ကာလဆိုတာ မရှိခဲ့ပါဘူး။ သူ့ကို အမှတ်တရနဲ့ ထူထောင်ထားတဲ့ နိုင်ငံတကာနားလည် မှုဆုတံဆိပ် ချီးမြှင့်ခံရတာဟာ ကျမအတွက် ဂုဏ်ယူ ဝမ်းသာစရာ ဖြစ်ပါတယ်။

တဖက်ကကြည့်ရင် ဒီဆုကို ကျမ လူတဦးချင်းအနေနဲ့ ရတာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ကိုယ်စားလှယ် တယောက်အဖြစ် ရတာကို ကောင်းကောင်း သဘောပေါက်ပါတယ်။ အဲဒါကြောင့် ကျမမှာ လူသားပီသတဲ့ မေတ္တာကရုဏာ စိတ်နဲ့ ကျေးဇူးတင် ဝမ်းမြောက်စိတ် ပြည့်လျှမ်း သွားမိပါတယ်။ ကမ္ဘာတလွှားမှာ လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် ထူးထူးချွန်ချွန် အကျိုးဆောင် ခဲ့သူတွေကို ချီးမြှင့်တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ လက်ခံဖို့ ကျမ အရွေးချယ် ခံရတိုင်း အဲသလိုစိတ်မျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကျမရဲ့ တိုင်းပြည်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု စောင့်ရှောက် မခံရဘဲ ကျမတို့ ပြည်သူလူထုကို လုံခြုံပြီး သိက္ခာရှိတဲ့ ဘဝရပ်တည်မှု အာမခံချက်ပေးမယ့် အခြေခံမူတွေ ရပိုင် ခွင့်တွေရဖို့အတွက် မိမိတို့ရဲ့ဘဝနဲ့ မိမိတို့ရဲ့ လွတ်လပ်မှုသာမက မိမိတို့ အသက်တွေတောင် စွန့်လွှတ် စွန့်စားနေသူ အမျိုးသား အမျိုးသမီးတွေ အများကြီး ရှိနေပါတယ်။ ဒီသတ္တိပြောင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ တိုက်ပွဲကို မီးမောင်း ထိုးပြဖို့ အခွင့်အလမ်း ရတဲ့အတွက် ကျမ ကျေးဇူးတင်ပါတယ်။ လူသားနွယ်တရပ်လုံး အတွင်းမှာ သူတို့တတွေ ကိုယ်စား နိုင်ငံတကာ နားလည်မှုဆိုင်ရာ နေရူး အမှတ်တရဆု လက်ခံခွင့်ရတဲ့ အတွက်လည်း ကျမ ကျေးဇူးတင်ပါတယ်။

ကျမဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံ ပေါ်ထွန်းရေး အတွက် အင်မတန့်ကို စွန့်လွှတ် စတေးခဲ့သူတွေကို ဦးညွတ် ဂုဏ်ပြုချင်တဲ့ ဆန္ဒ ပြင်းပြနေသလို အိန္ဒိယနိုင်ငံနဲ့ ကျမရဲ့ နှောင်ကြိုးတွေကို တဖန်ပြန်ထူထောင် အချောကိုင်ဖို့ လည်း ဆန္ဒ ပြင်းပြနေတဲ့ အတွက် ဒီကနေ့ လူကိုယ်တိုင် လာရောက်ပြီး ဆုလက်ခံ ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ မပေးလို့ မဖြစ်နိုင်တဲ့အတွက် ကျမရဲ့ ကိုယ်စားအဖြစ် အင်မတန် ချစ်ခင်တဲ့ မိသားစု မိတ်ဆွေလည်းဖြစ်၊ "ဂုဏ်ထူးဆောင်" ဒေါ်လေးလည်းဖြစ်သူကို ထိုက်ထိုက်တန်တန် ရွေးချယ်ခဲ့ပါတယ်။ သူမဟာ ကုလသမဂ္ဂ အတွင်းရေးမှူးရုံးရဲ့ ပထမဆုံး မြန်မာလူမျိုး ရုံးအဖွဲ့ဝင် ဖြစ်ပြီး နိုင်ငံတကာ နားလည်ရေး အတွက် ထက်ထက်သန်သန် ဆော်သြခဲ့ လက်တွေ့ ကျင့်သုံးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ကျမကိုယ်စား ဆုချီးမြှင့်ပွဲနဲ့ ထိုက်သင့်တဲ့ ဂုဏ်ကြက်သရေ အပြည့်နဲ့ ဆုလက်ခံမယ် ဆိုတာ ကျမ ယုံကြည်ပါတယ်။

နိုင်ငံတကာ နားလည်မှုရှိရေးအတွက် ပန်ဒစ်နေရူးရဲ့ အကျိုးပြုချက်တွေက သူ့ဘဝ တသက်တာ အတွင်း ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ သူပါဝင် ကပြခဲ့တဲ့ အခန်းထက် ကျော်လွန်ပြီး ထွေပြားတဲ့ ယဉ်ကျေးမှု ဓလေ့တွေကြား၊ အမျိုးမျိုး အဖုံဖုံသော သဘောတရား ဝါဒရေးရာတွေကြား ကွာဟချက်ကို ကျဉ်းမြောင်း လျော့ကျစေခဲ့ပါတယ်။ ရုပ်ဝတ္ထု စွမ်းပကား ပိုလို့ ပိုလို့ တွင်ကျယ်လာတဲ့ ကမ္ဘာကြီးမှာ တလောကလုံးဆိုင်ရာ လူသား တန်ဖိုးစံတွေ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင် ရုန်းကန်နေ ကြတဲ့ ပြည်သူ လူအများကို နေရူးဝိညာဉ်က အားပေး အကျိုးပြု နေပါတယ်။

ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေအတွင်းမှာ မဟတ္တမဂန်ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ စာတွေဟာ အစဉ်တစိုက် စိတ်ဓာတ်မြှင့်တင် အားပေး နေခဲ့ပါတယ်။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ အိန္ဒိယ အမျိုးသား နှစ်ယောက်ကို ကျမ အလေးစား အကြည်ညိုဆုံး ရှေ့ဆောင် လမ်းပြတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေ စာရင်းထဲ ထည့်ထားပါတယ်။ ကျမ ပြင်ပ ကမ္ဘာနဲ့ အဆက်ဖြတ် ခံခဲ့ရတဲ့ ခြောက်နှစ်တာ ကာလ တလျှောက်လုံး ကျမ အိမ်ရှေ့ခန်းမမှာ ပန်ဒစ်ကြီး ကိုယ်တိုင်ရေး အထုပ္ပတ္တိထဲက ထာဝရ ရှင်သန်နေမယ့် စကားတွေကို ကောက်နှုတ်ပြီး ပိတ်ကားချပ်ပေါ် ရေးကူး ချိတ်ဆွဲ ထားပါတယ်။ ဒီစကားတွေဟာ ကျမအပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့ အတွက် အဲဒီထဲက တပိုဒ်ကို ကိုးကား ပါရစေ။

တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်စိုးမှု၏ ဂုဏ်ယူဖွယ် အောင်မြင်ချက်များထဲ ပါဝင်သည်ဟု ကျနော်တို့ကို သင်ကြားခဲ့သည်။ ကျနော်၏ ကိုယ်ပိုင် အသိစိတ်အရ ယင်းတရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လုံးဝ လိုလား ထောက်ခံပါသည်။ ကျနော်သည် စည်းကမ်းရှိရှိ နေထိုင်ခြင်းကို နှစ်သက်ပြီး မင်းမဲ့ဝါဒ၊ စည်းကမ်းမဲ့ ဗရုတ်သုက္ခ ဖြစ်မှုနှင့် စွမ်းဆောင်ရည် မဲ့မှုကို မနှစ်ခြိုက်ပါ။ သို့ရာတွင် ခါးသီးသော အတွေ့အကြုံကြောင့် ပြည်သူလူထုအပေါ် နိုင်ငံတော်အ စိုးရများက ချမှတ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၏ တန်ဖိုးကို ကျနော် သံသယဖြစ်မိပါသည်။ တခါတရံတွင် ယင်းတန်ဖိုး အတွက် ပေးဆောင်ရသည့် စရိတ်မှာ လွန်ကျူးလှပြီး တရားဥပဒေ စိုးမိုးရေး ဟူသည်မှာ ကြီးစိုး လွှမ်းမိုးနေသည့် ဂိုဏ်းတရပ်၏ ဆန္ဒ သဘောထားသာ ဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေး ဟူသည်မှာလည်း အသွေးအသားထဲ အထိ စိမ့်ဝင်နေသည့် ကြောက်ရွံ့မှု၏ လွန့်တုန့်ချက် reflex သာဖြစ်သည်။ တခါတရံတွင် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးဟု ခေါ်ဆိုကြသည့် အရာမှာ လက်တွေ့တွင် တရား ဥပဒေနှင့် ငြိမ်ဝပ်ပိပြားခြင်း ကင်းမဲ့မှုဟု ပို၍ သင့်တော်စွာ ခေါ်ဝေါ်နိုင်ပေသည်။ အပြန့်အနှံ့ ဖြစ်နေသည့် ကြောက်ရွံ့မှု အပေါ် အခြေခံထားသော မည်သည့် အောင်မြင်မှုမဆို နှစ်လိုဖွယ်ရာ ဖြစ်နိုင်ရန် ခဲယဉ်းလှပြီး နိုင်ငံတော် အစိုးရ၏ အကြပ်ကိုင် ခြိမ်းခြောက်မှု ယန္တရားပေါ် အခြေခံထားကာ ယင်းယန္တရားနှင့် ခွဲခြား မတည်ရှိနိုင်သော 'ငြိမ်ဝပ်ပိပြားရေး' ဆိုသည်မှာလည်း အရပ်ဖက် အုပ်စိုးမှုထက် စစ်ဖက်သိမ်းပိုက် စိုးမိုးမှုနှင့် ပိုတူနေပါသည်။ ကဗျာ ဆရာကြီး ကဠဏ၏ သက်တမ်း ထောင်ချီရှိပြီ ဖြစ်သည့် ရာဇတရံဂဏိ အမည်ရှိ ကက်ရှ်မီးယား ရာဇဝင် ဇာတ်တော်ကြီးထဲတွင် မင်းနှင့် နိုင်ငံတော် အစိုးရတို့က စောင့်ထိန်းရန် တာဝန်ရှိသော ဓမ္မ (မှန်သောတရား) နှင့် အဘယ (အကြောက်အရွံ့မဲ့မှု) တို့ကို တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး အဓိပ္ပာယ်ဖြင့် ထပ်တလဲလဲ သုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာ တရားဥပဒေ မည်ကာမတ္တထက် သာလွန်သလို ငြိမ်ဝပ်ပိပြားရေး ဆိုသည်မှာလည်း ပြည်သူပြည်သားများ အနေဖြင့် အကြောက်အရွံ့ မဲ့ခြင်းကို ဆိုလိုခဲ့သည်။ ကြောက်ရွံ့ ထိတ်လန့်နေသော ပြည်သူလူထု အပေါ် 'ငြိမ်ဝပ်ပိပြားမှု' သက်ရောက်စေခြင်းထက် အကြောက်အရွံ့မဲ့မှုကို ပျိုးထောင် စိမ့်ဝင်စေသည့် စိတ်ကူးက အများကြီးပို၍ နှစ်လိုဖွယ်ပါ တကား။

အဲဒီ အပိုဒ်မှာ ပန်ဒစ်နေရူး ဖော်ပြထားတဲ့ ခံစားချက်တွေဟာ ကျမရဲ့ ခံစားချက်တွေနဲ့ လုံးဝ တထပ်တည်း ဖြစ်ပါတယ်။ သူနဲ့ကျမ တူညီတာတွေ အများကြီးရှိတယ်လို့ မကြာခဏဆိုသလို ကျမခံစားမိပြီး အမေနဲ့အတူ အိန္ဒိယမှာ ကျမနေတဲ့ ကာလတွေတုံးက ပန်ဒစ်ကြီးနဲ့ ပိုရင်းနှီးအောင် လုပ်နိုင်တဲ့ အခွင့်အလမ်း မယူမိခဲ့တာကို နောင်တ ရမိပါတယ်။ အဲဒီတုံးကတော့ သူ့ကို ကျမ မိဖတွေရဲ့ မိတ်ဆွေ တယောက်အဖြစ် လောက်ဘဲ သဘောထား မိခဲ့ပြီး တနေ့ကျရင် ကျမကိုယ်တိုင်ရဲ့ မိတ်ဆွေအဖြစ် သဘောထားမိမှာကို တခါမှ မစဉ်းစား မိခဲ့ပါဘူး။

ပန်ဒစ်နေရူးဟာ လူမျိုးရေးနဲ့ အသားအရောင် တံတိုင်းတွေ မျိုးဆက်တံတိုင်းတွေကို သူ့ရဲ့ နွေးထွေးတဲ့ လူသား ဆန်မှု မေတ္တာ ကရုဏာဓာတ်နဲ့ မကြာခဏ ဖြတ်ကျော်ခဲ့ပါတယ်။ ကျမအဖေဟာ မြန်မာပြည် လွတ်လပ်ရေးအတွက် လန်ဒန်ကို သွားဆွေးနွေးတဲ့ အခါ ဒေလီမှာ ခဏနားပြီး ပန်ဒစ်နေရူးနဲ့ တခြားအိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပန်ဒစ်ကြီးဟာ သူ့ထက် (၂၆)နှစ်ငယ်တဲ့ ကျမအဖေ အပေါ် ဖခင်စိတ် ချက်ချင်း ပြခဲ့ပါတယ်။ အဖေ့ရဲ့ နွမ်းဖတ်ဖတ် ပါးလှပ်လှပ် ချည်ယူနီဖောင်းကို ကြင်နာတဲ့ မျက်လုံးနဲ့ ဝေဖန် ပိုင်းခြားပြီး အဲဒီအဝတ်အစားနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်ဒစ်ကြီးက အပ်ချုပ် ဆရာတွေကို ပုံစံကျကျ ထူထူထဲထဲ သိုးမွှေး ယူနီဖောင်း လေး-ငါးထည် အမြန်ချုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာ အဲဒီတုံးက တသက်မှာ မကြုံဖူးအောင်အေးတဲ့ ဆောင်းရာသီကို တွေ့နေရတာ ကြားရတဲ့အတွက် ပန်ဒစ်ကြီးက အပေါ်ဝတ်ရုံ အနွေးထည်ကြီး (ဂရိတ်ကုတ်) တထည်ကိုလည်း တနေရာက ဆွဲပေးခဲ့ပါတယ်။ ကျမအဖေရဲ့ လူသိများတဲ့ ဓာတ်ပုံတပုံမှာ သူ့အတွက် အတော်လေးကြီးနေတဲ့ အဲဒီ ဂရိတ်ကုတ် ကြီးထဲ မြုပ်ဝင်နေတာကို ပြထားပါတယ်။

၁၉၆၀ မှာ ကျမအမေ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်ခံရတဲ့အခါ ပန်ဒစ်နေရူးက ရင်းရင်းနှီးနှီး နွေးနွေး ထွေးထွေး စောင့်ရှောက်ခဲ့ပါတယ်။ အများပြည်သူ ပွဲလမ်းသဘင်တွေမှာ ဆိုရင်လည်း အမေ့ကို တမင်ရွေးပြီး နေကောင်း ကျန်းမာလား မေးလေ့ ရှိခဲ့ပါတယ်။ ဒီလို လူသားဆန်တဲ့ နွေးထွေးမှု အမူအရာမျိုးတွေနဲ့ ပန်ဒစ်နေရူးဟာ လူမျိုးမရွေး ဘာသာမရွေး ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဒီမိုကရေစီ ယုံကြည်ချက် နိုင်ငံတကာ့ဝါဒ ယုံကြည်ချက်တွေကို လက်မခံသူတွေကတောင် သူ့ဉာဏ်ပညာနဲ့ ရိုးဖြောင့်မှုကြောင့် လေးစား သွားကြပါတယ်။

ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်း ကမ္ဘာကြီးကို ဖိစီး နှိပ်စက်နေတဲ့ ပြဿနာ တပုံတခေါင်း အတွက် အကောင်းဆုံး ဖြေရှင်းချက်တွေ ပေးစွမ်း နိုင်တယ်လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံ တို့ရဲ့အောင်မြင်မှုတွေက အင်မတန့်ကို အားဖြစ်စေပါတယ်။ ဒီအိန္ဒိယ တိုက်ငယ်ဟာ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ အယူဝါဒတွေ အများကြီး ရှိနေတဲ့ တိုက်ငယ်ဖြစ်တယ်၊ ဒီနိုင်ငံဟာ တုန်လှုပ် ခြောက်ခြားစရာ ကောင်းလှတဲ့ လူမျိုးရေး-ဘာသာရေး အဓိကရုဏ်း၊ အစွန်းရောက် ဝါဒနဲ့ အကြမ်းဖက်မှု တွေကြောင့် အနေအထားတွေ ဖရိုဖရဲ ဖြစ်သွားပြီး လပိုင်း အတွင်းမှာ ကံကြမ္မာနဲ့ ချိန်းဆိုချက်အတိုင်း ရင်ကော့ခေါင်းမော့ပြီး ရှေ့တက်လှမ်းသွားခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ လူသားရဲ့ ဝမ်းတွင်းပါ ဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့နဲ့ ကိုယ့်ဖာသာကိုယ် အုပ်ချုပ်ဖို့ ထိုက်တန်တဲ့ သတ္တဝါအဖြစ် တန်ဖိုး ထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ ပြဿနာ မရှိဘူး ဆိုတာကို ဒီ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးက အကောင်းဆုံး သက်သေပြနေပါတယ်။ ကျမတို့နိုင်ငံလည်း မဝေးတော့တဲ့ တနေ့မှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထားက ရှေ့ဆောင် လမ်းပြပြီး ဓမ္မနဲ့ အဘယ တို့စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မြန်မာပြည်သူ အများတကာ့ အများစုကြီးက နှစ်နှစ်ကာကာ မျှော်လင့်နေပါတယ်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်မြေချင်း စပ်နေရုံ မကပါဘူး။ မြန်မာ့ ယဉ်ကျေးမှုရဲ့ ကျောရိုးဖြစ်တဲ့ ဗုဒ္ဓ ဘာသာဟာ အိန္ဒိယ မြေပေါ်က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကျမတို့ ခေတ်ကာလရဲ့ ဧရာမ နည်းပညာ တိုးတက်မှု တွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီး သေးငယ်လာပေမဲ့ ပိုရှုပ်ထွေးပြီး အင်မတန် အန္တရာယ်ကြီးနိုင်စရာ ဖြစ်လာပါတယ်။ ဒီလို ကမ္ဘာကြီးမှာ ဗုဒ္ဓဝါဒက သင်ကြားပေးတဲ့ မေတ္တာ၊ ကရုဏာ၊ သည်းခံ ခွင့်လွှတ်မှုနဲ့ မိမိကိုယ်မိမိ ထိန်းချုပ်မှုတို့ဟာ တန်ဖိုး ရှိလှတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ လူမျိုးအားလုံး လူအားလုံးကို ဘုံလူသားနွယ် ဖြစ်မှုက စည်းနှောင် ထားတာကို အသိအမှတ် ပြုဖို့၊ တယောက်ကို တယောက် ပိုနားလည်စေတဲ့ အရည်အသွေးတွေကို မြေတောင်မြှောက်ပေးဖို့ တခါမှ မကြုံဖူးအောင်ကို လိုအပ်နေပါပြီ။ သူတို့ရဲ့ အမြော်အမြင် ကျယ်ပြောမှုနဲ့ တစိမ်းတရံစာ နှလုံးသားတွေကို သိမ်းကျုံးယူနိုင် ခဲ့တဲ့ မဟတ္တမဂန္ဒီ နဲ့ ပန်ဒစ်နေရူးတို့လို ကြီးကျယ် မြင့်မားမှု တခါမှ မကြုံဖူးအောင်ကို လိုအပ်နေပါပြီ။

ဒီကနေ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ဆက်လက် လျှောက်လှမ်း နေပါတယ်။ ကျမရဲ့ နှလုံးသားနဲ့ အင်မတန့်ကို ရင်းနှီးလှတဲ့ ဒီနိုင်ငံကနေ နိုင်ငံတကာ့ နားလည်မှု ဆိုင်ရာဆု လက်ခံယူဖို့ ရွေးချယ်ခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာဖြစ်ပါတယ်။

သမတကြီးနဲ့ နေရူးဆုကော်မတီဝင်များရှင့်၊ ကျမရဲ့တိုင်းပြည်၊ ကျမရဲ့ ပြည်သူတွေနဲ့ ကျမကိုယ်တိုင်ကို ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(ဒေါ်သန်းအေးက သမတကြီး ဒေါက်တာရှန်ကာဒါယားရှားမ ထံမှ ဒေါ်စုကိုယ်စား ဆုလက်ခံယူခဲ့သည်။)



Read More...

နေ့စဉ်သတင်းများ ( ၁ - ၄ - ၁၀ )

ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်မထားရန် အင်ဒိုနီးရှား တောင်းဆို သတင်း
မြန်မာ့ရွေးကောက်ပွဲရလဒ် အငြင်းပွားနိုင်ဟု အင်ဒိုနီးရှား ပြော သတင်း
လွတ်လပ်မျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု ဗြိတိန်က ဆို သတင်း
အန်အယ်လ်ဒီကို အီးအန်စီက ထောက်ခံ သတင်း
ဗီယက်နမ် ဝန်ကြီးချုပ် မြန်မာပြည် သွားမည် သတင်း
အာဆီယံခေါင်းဆောင်တွေ မြန်မာ့ရွေးကောက်ပွဲအရေး ဆွေးနွေးဖွယ်ရှိ သတင်း
ဗကသခေါင်းဆောင်း ကျော်ကိုကိုအား နောက်ထပ်အမှု ထပ်တိုး သတင်း
၂၀၁၀ ရွေးကောက်ပွဲကြောင့် အမျိုးသားချင်း စိတ်ဝမ်းမကွဲကြစေရန် ENC ဥက္ကဌသစ် ပြောကြား သတင်း
မွန် (၁၅) ဦးကော်မတီ ပါတီမဖွဲ့၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ် သတင်း
ဝ နှင့် ဆွေးနွေးပြန် သတင်း
နေရပ်ရင်းပြန် ကရင်ဒုက္ခသည် ကလေးတဦး ဗုံးဒဏ်ကြောင့် သေဆုံး သတင်း
ကရင်နိုင်ငံရေးပါတီသစ် မှတ်ပုံတင်လျှောက် သတင်း
သရက်ချောင်း ဘုန်းကြီးပျံပွဲတွင် စစ်သားနှင့် ရွာသား အခင်းဖြစ် သတင်း
(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်အနီး နေထိုင်သူများ ပြောင်းရွှေ့ရေး အခက်တွေ့ သတင်း
ပဲထဲမှာရောတဲ့ ခဲပြုလုပ်သူများကို အာဏာပိုင်များက ဖမ်းဆီးအရေးယူ သတင်း
နိုင်ငံတကာရုပ်သံလိုင်းသစ် မြန်မာပြည်မှ စတင်ထုတ်လွှင့် သတင်း
ငွေအကြွေအစား ကူပွန်များကို သုံးလာကြ သတင်း
ပြန်ပေးဆွဲခံရသည့် မြန်မာသင်္ဘောသားများ မလွတ်သေး သတင်း
ဝန်ကြီးချုပ်အိမ်နားက အဖွဲ့တဖွဲ့ဟာ ရှပ်နီတွေရဲ့ စစ်ပွဲကွပ်ကဲရေးခန်းမလို့ ရဲတွေ သံသယဖြစ် သတင်း
NLD၊ လူထုနဲ့ နအဖရဲ့ရွေးကောက်ပွဲ (ဆောင်းပါး)
အန်အယ်လ်ဒီ ရှေ့ဆက်ရမည့် နိုင်ငံရေးခရီး (ဆောင်းပါး)
ပါတီနဲ့ နိုင်ငံရေး ဘာကိုရွေးကြမှာလဲ (ဆောင်းပါး)

Read More...

ပညာရှင်ဆိုတာ

လူထုစိန်ဝင်း

အခုတလော ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်ဆိုင်ရာ စာအမျိုအစားတွေ တော်တော်လေး ထည့်သွင်း ဖော်ပြလာကြတာ တွေ့ရတယ်။ အများစု က နိုင်ငံခြား စာအုပ်တွေကို ဘာသာပြန်တာ၊ တစ်ဆင့် ပြန်ပြောတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို သုံးသပ်ဝေဖန်ပြီး ကိုယ်တိုင်ပြုစု ရေးသားထားတာမျိုး မတွေ့ရသလောက် ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာ စာဖတ်ပရိတ်သတ် အတွက် အကျိုး ရှိသင့်သလောက် မရှိဘူးလို့ ယူဆမိတယ်။

ရေးသူ သုံးမျိုးသုံးစား
ပညာရပ်ဆိုင်ရာ စာတွေရေးတဲ့အထဲမှာ သက်ဆိုင်ရာ ပညာရပ်ကို အထူးပြု လေ့လာခဲ့သူတွေ ရှိသလို အထူးပြု လေ့လာခဲ့သူ မဟုတ်ပေမယ့် ၀ါသနာအလျောက် ဖတ်ရှုခဲ့ရတဲ့ အကြောင်းအရာများကို အခြားသူများလည်း သိစေချင်တဲ့ စေတနာနဲ့ ဘာသာပြန်တာ ဒါမှမဟုတ် တစ်ဆင့်ပြန်ဖောက်သည် ချတာမျိုး လုပ်တတ်ကြတယ်။ အထူးပြု လေ့လာခဲ့သူတွေလို စာဖတ်သူရဲ့ ခေါင်းထဲလျှောကနဲ လျှောကနဲ ၀င်သွားအောင် ရှင်းရှင်းလင်းလင်း ချောချောမောမော မရေးနိုင်ပေမယ့် ဝါသနာအလျောက် ဖတ်ရှုလေ့လာမှု အခံ ရှိထားတာကြောင့် နားမလည် နိုင်လောက်အောင်တော့ ရှုပ်ရှုပ်ထွေးထွေး မရှိလှပါဘူး။ ကြိုးစားဖတ်ရင် နားလည်ပါတယ်။ တချို့ကျတော့ လေ့လာမှုအခံ လုံးလုံး ရှိခဲ့တာ မဟုတ်ဘဲ ကိုယ်တိုင်က ခေတ်ရေစီးကြောင်း အတိုင်း လူတွင်ကျယ် လုပ်ချင်တဲ့ မြို့ကြီးသားလူလည် “အီလစ်” ခေါ်တဲ့ ရေပေါ်ဆီ လူတန်းစားများရဲ့ ဗီဇအတိုင်း တတ်ယောင်ကား ဝင်လုပ်တာဖြစ်တယ်။ ဒါမှမဟုတ် ဂျာနယ် မဂ္ဂဇင်းတွေက အင်တာနက်က ဆွဲချ ကူးယူထားတာကို “အဆိုင်းမင့်” ပေးလို့ ရေးကြတာ ဖြစ်တယ်။

ရေပေါ်ဆီလူတန်းစား အီလစ်များ
အဲဒီ တတိယ အမျိုးအစားက ရေးတဲ့ စာတွေကျတော့ ဘယ်နှစ်ခေါက်ဖတ်ဖတ် နားမလည်နိုင်တာ တွေက များပါတယ်။ တကယ်သိ တကယ်တတ်လို့ ရေးတာ မဟုတ်တဲ့ အတွက် ပညာရပ်ဆိုင်ရာ ဝေါဟာရ အသုံး အနှုန်းတွေကို မြန်မာလို ရှိနေတာကိုတောင် ရှိမှန်းသိတာ မဟုတ်ပါဘူး။ ကိုယ်တိုင် ဘာသာပြန်ဖို့လည်း အားထုတ်ကြိုးစား မလုပ်ပါဘူး။ အလွယ်လမ်းလိုက်ပြီး အင်္ဂလိပ် စာလုံးတွေ အတိုင်း အသံထွက်ပြီး ရေးလိုက်ကြတော့တာပါပဲ။ “မီးရထား” လို့ မြန်မာတိုင်း သိနေတာကို သူတို့က “ထရိန်း” လို့ ရေးချင်ကြတာ။ “နိုင်ငံရေး” ဆိုတဲ့ စကားရှိနေတာကို “ပေါ်လစ်တစ်” လို့ ရေးချင်ကြတာ။ လူအထင်ကြီးအောင် လုပ်ချင်တဲ့ သဘောဖြစ်တယ်။ တချို့များ ကွန်ပျူတာကို ကိုင်တောင်ကြည့်ဖူးတာ မဟုတ်ဘဲနဲ့ အင်တာနက်ခေတ် အကြောင်း ရေးလိုရေး ဒစ်ဂျစ်တယ် ခေတ်အကြောင်း ပြောလိုပြောနဲ့ တော်တော်ကို လူအထင်ကြီး ခံချင်ကြတာ။ ဒီ “အီလစ်”တွေရဲ့ အရေးအသားတွေထဲမှာ မျက်စိ အနောက်ဆုံး အရေးအသားတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ စာတစ်ပိုဒ်ရေးတိုင်း “ပညာရှင်အမြင်နဲ့ ပြောရရင်တော့” ဆိုတဲ့ စကားနဲ့စပြီး ရေးတာ မျိုးတွေပါပဲ။ အပေါ်စီးက လေသံနဲ့ စာဖတ် ပရိတ်သတ်တွေကို “နလပိန်းတုံး” လို့ သဘောထားပြီး ပြောနေ တာဖြစ်တယ်။ ကြည့်လိုက်တော့ အဲဒီလို ရေးသူတွေဟာ ပညာရပ်တစ်ခုကို တကယ်တမ်း စူးစူးစိုက်စိုက် လေ့လာ ဆည်းပူးခဲ့သူတွေ မဟုတ်ဘဲ နိုင်ငံခြား သံရုံးတွေက လက်သပ်မွေးပြီး ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ လွှတ်ပေးလို့ ခဏတစ်ဖြုတ် သင်တန်း သွားတက်ဖူးရုံလောက်ပါပဲ။

မကြွားတတ်တဲ့သူ
ဒီပြန်ရောက်တော့ ကိုယ့်ရင်ဘတ်မှာ ကိုယ့်ဟာကိုယ် တံဆိပ်ကပ်ပြီး ပညာရှင်ဆိုတဲ့ စကား ပါးစပ်က မချနိုင်အောင် ဖြစ်နေတာပါ။ စာပေ လောကထဲကပဲ မိတ်ဆွေ ကာတွန်းဆရာ တစ်ယောက် ရှိပါတယ်။ သူက အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်ကြီး သွားရောက်တက်ပြီး ခုခေတ် ခေတ်စားနေတဲ့ အမ်ပီအေ ဆိုတဲ့ မဟာဘွဲ့ယူပြီး ပြန်လာခဲ့တာပါ။ ဒါပေမဲ့ သူ့ကိုယ်သူ ဟားဗတ်ပြန်လို့ တစ်ခါမှ ရေးတာ မတွေ့ဖူးပါဘူး။ သူ့ကိုယ်သူ ပညာရှင်လို့ ပြောတာလည်း မကြားဖူးပါဘူး။ သူ့ဟာသူ ကာတွန်းဘဲဆွဲတဲ့ အလုပ် ဆက်လုပ်နေတာပါပဲ။ ဘယ်သူ့ကိုမှ ဆရာလုပ် မနေပါဘူး။ နေရာတကာ လူတွင်ကျယ် လုပ်ချင်တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်” တွေကသာ မျက်စိနောက်စရာ ကောင်းလောက်အောင် ဝင့်ဝါနေကြတာ ဖြစ်ပါတယ်။

“ပညာရှင်”ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး အင်္ဂလိပ်လူမျိုး ဘာသာဗေဒနဲ့ ဒဿနိက ပါမောက္ခ A.C Grayling ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒါကို သတိရမိပါတယ်။ ၂၀၀၇ ခုနှစ်က ထုတ်ခဲ့တဲ့ The Form of Things ဆိုတဲ့ အက်ဆေးပေါင်းချုပ် စာအုပ်ထဲက The Role of the Intellectual ဆိုတဲ့ အက်ဆေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။

အတွေးအခေါ်ဆိုတာ သမိုင်းကိုမောင်းနှင်တဲ့ အရာဖြစ်တယ်။ အတွေးအခေါ်များဟာ ပုံသဏ္ဌာန် အမျိုးမျိုးဆောင်ပြီး ရင်းမြစ်များစွာ ရှိတယ်။ သူတို့ဟာ အကြာခဏ သူတို့ကိုယ်ပိုင် ဘဝနဲ့သူတို့ နေလေ့ရှိပြီး သူတို့သြဇာလွှမ်းမိုးတဲ့ သမိုင်းခေတ်ထက် ပိုပြီး ကြီးကျယ်ကြောင်း သက်သေ ထူနိုင်ခဲ့ကြတယ်။

ဒါကြောင့် အတွေးအခေါ်မျာား အလွန့် အလွန် အရေးပါတဲ့ အရာဖြစ်တယ်။ သူတို့ကို သေသေချာချာ စမ်းသပ် စစ်ဆေးပြီး အခြေအတင် ဆွေးနွေးတာ၊ ရှင်းချက်ထုတ်တာ ဝေဖန် ဆန်းစစ်တာ ကောင်းရင် လက်ခံပြီး မကောင်းရင် သုတ်သင် ဖယ်ရှားပစ်တာ လုပ်ဖို့ လိုအပ်တယ်။

ဒါတွေလုပ်ဖို့ ကိစ္စဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီ တာဝန်က ဒီအလုပ်ကို အမှန်တကယ် စိတ်ပါဝင်စားပြီး ဒီတာဝန် ထမ်းဆောင်ဖို့ အထုံ ပါရမီရှိသူများ အပေါ်မှာသာ ကျရောက်သွားလေ့ ရှိတယ်။ အဲဒီသူများဟာ “ပညာရှင်များ” (intellectuals) ဖြစ်ကြတယ်။

ပညာရှင်ဆိုသူများဟာ အတွေးအခေါ် (အိုင်ဒီယာ) တွေကို စိတ်ပါဝင်စားရုံ သာမက ကိုယ်ထိ လက်ရောက် လုပ်ကိုင် ဆောင်ရွက်သူများ ဖြစ်တယ်။ သူတို့က သူတို့ဟာ သူတို့ တာဝန်အဖြစ် သတ်မှတ် ကြတယ်။ တချို့က ဝတ္တရားတစ်ခု အဖြစ်လို့ကို သဘောထားကြတယ်။ သူတို့မှာ ရှိတဲ့ စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှုများကိုသာ ထိုက်ထိုက် တန်တန် အသုံးချခွင့် ရမယ်ဆိုရင် သူတို့ဟာ ခွဲခြမ်း စိတ်ဖြာဖို့၊ မေးခွန်း တွေထုတ်ဖို့၊ ရှင်းလင်းချက်တွေ လုပ်ဖို့၊ အမြင်သစ် ရှုထောင့်သစ်တွေ ရှာဖို့၊ အကြံပေးတင်ပြဖို့၊ ဝေဖန်ဖို့ စိမ်ခေါ်ဖို့၊ စောဒကတက်ဖို့၊ စစ်ဆေးစမ်းသပ် အဆိုပြုချက် တင်ဖို့၊ အခြေအတင် ငြင်းခံဖို့၊ ပညာပေးဖို့၊ သဘောထား ပြောကြားဖို့၊ အကြံပြုဖို့၊ ဖြစ်နိုင်ရင် အသစ် ရှာဖွေတွေရှိဖို့ မဆုတ်မနစ် ဆောင်ရွက်ကြမှာ ဖြစ်တယ်။

ဒီအလုပ်တွေကို သူတို့က လူ့အဖွဲ့အစည်းကြီး အတွင်း စာရိတ္တရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေး စတဲ့ အရေး ကိစ္စများကို ပြောဆိုဆွေးနွေး လုပ်နေကြမှာ သူတို့ရဲ့ ပါဝင် အကျိုးပြုမှု အဖြစ် သဘောထားကြတယ်။ ဒါတင်မက လူ့အဖွဲ့အစည်းကို သမိုင်းက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများ အကြောင်း သတိပေး နှိုးဆော်ဖို့ အနာဂတ်အတွက် ပြုခဲ့တဲ့ ကတိကဝတ် ပြဋ္ဌာန်းချက်များကို မမေ့မလျော့ ရှိစေဖို့ နှိုးဆော်မှုအဖြစ်လည်း သဘောထား ခဲ့ကြတယ်။ အဲဒါကြောင့် ပညာရှင် ဆိုသူများဟာ “ဆိုကရေးတီး” က သူ့ကိုယ်သူ ခိုင်းနှိုင်းပြောခဲ့တဲ့ စကားအတိုင်း ပြောရရင် “တိုင်းနိုင်ငံတစ်ခုကို အစဉ်အမြဲ နိုးကြား နေအောင် ထိုးဆွပေးတဲ့ မှက်ကောင်များ ဖြစ်တယ်” လို့ ဆိုရပေလိမ့်မယ်။

ပညာရှင်များ ကြုံတွေ့ရလေ့ရှိတဲ့ အန္တရာယ်များဟာ အရာရာကို အကောင်းဆုံးကိုချည်း လိုချင်ခြင်း၊ မိုက်မဲခြင်း၊ လေကြီးမိုးကြီး ပြောတတ်ခြင်း၊ ကိုယ့်ဂုဏ်ကိုယ် ဖော်လေ့ရှိပြီး၊ အရေးမပါ အရာ မရောက်တဲ့ ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ ကိစ္စများကို စကားကြီး စကားကျယ်များ သုံးပြီး ဟောင်ဖွာဟောင်ဖွာ လုပ်ခြင်းများ ဖြစ်တယ်။

တကယ်တမ်းလည်း သူတို့ဟာ ခဏခဏ အဲဒီ အန္တရာယ်ထဲ ကျရောက်ခဲ့တာကြောင့်၊ အင်္ဂလို ဆက်ဇွန်တို့ ကြားမှာ နာမည်ဆိုး ရခဲ့ကြတယ်။ အင်္ဂလို ဆက်ဇွန်တွေက လူသာမန်တွေရဲ့ ပွင့်ပွင့်လင်းလင်း တဲ့တိုး ပြောတာမျိုးကို ဂေါလစ် စကား တန်ဆာတွေနဲ့ မွမ်းမံထားတဲ့ ကျင့်ဝတ် သီလအကြောင်း အတင်းအဖျင်း စကားတွေထက်ပိုပြီး တန်ဖိုးထားပြီး ရှိကြတယ်။

ဒါပေမဲ့လို့ ပညာရှင်များရဲ့ တက်ကြွတဲ့ ဆောင်ရွက်မှုတွေကြောင့် လူ့အဖွဲ့ အစည်းအတွက် အကျိုး ကျေးဇူးတွေလည်း ရှိပါတယ်။ လူ့အဖွဲ့အစည်း ကိုယ့်အကြောင်းကိုယ် သိရှိစေမှု၊ နိုးကြားမှု၊ ရှင်းလင်း ပြတ်သားမှု၊ လှုံဆော်မှု၊ ဆင်ခြင် တွေးခေါ်နိုင်မှု၊ အသိဥာဏ် ပြည့်ဝမှု၊ ဆွေးနွေး ငြင်းခံမှု၊ လှုပ်ရှား ဆောင်ရွက်မှုတို့ ဖြစ်တယ်။

မေးခွန်းထုတ်လေ့ မရှိတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကို တောက်ပတဲ့ မျက်လုံးနဲ့ စုံစမ်း စစ်ဆေးကြည့်လေ့ မရှိတဲ့ အကြောင်းတရား အမျိုးမျိုးကို နားလည်သိရှိဖို့ မတူခြားနားတဲ့ နည်းလမ်း အသွယ်သွယ်နဲ့ ကြိုးစား အားထုတ်လေ့ မရှိတဲ့ ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း လူ့အဖွဲ့အစည်း မျိုးဟာ ပထမတော့ ထုံထုံထိုင်းထိုင်း ဖြစ်ပြီး နောက်တော့ နောက်ပြန် ဆုတ်သွားမှာ အသေအချာ ဖြစ်တယ်။

ဒီလို နည်းနဲ့ပဲ ပညာရှင်များက လူ့ဘောင် လူ့အဖွဲ့အစည်းအတွက် တိုးတက်မှု မျှော်လင့်ချက်တွေ ရှင်သန်စေခြင်း၊ လူ့အဖွဲ့အစည်းရဲ့ သဘာဝတရားနဲ့ ဦးတည်ရာ ပန်းတိုင်နဲ့ ပတ်သက်ပြီး မရပ်မနား စောဒက တက်ခြင်းစတဲ့ တာဝန်များကို ထမ်းဆောင်ရင်း အကျိုးပြု နေကြပေတယ်။

ပါမောက္ခ ဂရေးလင်းက “ပညာရှင်ဆိုသူများက အတွေးအခေါ် (အိုင်ဒီယာ) တွေကို စိတ်ပါဝင် စားရုံမက ကိုယ်ထိလက်ရောက် လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်တယ်” လို့ ဆိုခဲ့သလိုပဲ၊ ကျွန်တော်တို့ ဆီက ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကလည်း “ပညာရှင်ဆို အသစ် အသစ် တွေကို အမြဲတမ်း ရှာဖွေ ဖော်ထုတ်နေရမယ်။ ကိုယ်ရှာဖွေ ဖော်ထုတ်ဖို့လို့ သိရှိတဲ့ အရာတွေကိုလည်း ကိုယ်သေရာ ယူမသွားဘဲ နောက်လူတွေကို ဖြန့်ဝေ ပေးနေရမယ်” လို့ ပြောခဲ့ပါတယ်။ ဆရာဟာ သူ ပြောတဲ့အတိုင်း သုတေသန အလုပ်တွေကို မရပ်မနား လုပ်နေရုံမက သူရှာဖွေ ဖော်ထုတ်သိရှိ ခဲ့သမျှ တွေကိုလည်း စာအုပ်တွေ၊ စာတမ်းတွေ အဆက်မပြတ် ရေးသားသွားခဲ့တာ ဖြစ်တယ်။ “အသစ် အသစ်တွေ ရှာဖွေဖော်ထုတ် မနေရင် ပညာရှင် မဟုတ်ဘူး” လို့တောင် ဆရာက သူဝသီအတိုင်း ရှင်းရှင်းပြတ်ပြတ် ပြောခဲ့တာပါ။

ကိုယ်ပိုင် အတွေးအခေါ်အသစ်တွေ၊ အမြင်သစ်တွေ၊ ရှာဖွေတွေ့ရှိမှု၊ အသစ်တွေ မပြုလုပ်နိုင်ဘဲ နဲ့ သူများရေးတဲ့ စာအုပ်တွေဖတ်ပြီး ပြန်ပြောတတ်ရုံ ကိုးကားရွတ်ဆို ပြတတ်ရုံနဲ့တော “ပညာရှင်” လို့ ခေါ်နိုင်မယ် မထင်ပါဘူး။ ပညာတတ်သူ၊ စာဖတ်သူလို့ပဲ ခေါ်ရမယ် ထင်ပါတယ် စဉ်းစား ကြပါကုန်။

လူထုစိန်ဝင်း

၈.၁၂.၂၀၀၉

Read More...

Thursday, April 1, 2010

သခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိခဲ့ရင်

ဂါမဏိ
Wednesday, March 31, 2010

၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ နအဖစစ်အစိုးရက တရားဝင် လေလည်ပြလိုက်တဲ့ အခါ မူလဗီဇအရကို မအောင့်အီး နိုင်လောက်အောင် ကြိုက်လွန်းလှသူတွေ ဝမ်းအသာကြီး သာကုန် ကြပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ အခုနေ အသက်ရှင်လျက် ရှိနေရင် ဘယ်လို မဟာကဗျာ လေးချိုးကြီးတွေ ထွက်လာအုံးမလဲလို့ ဆရာ ကြီးရဲ့ ၁၃၄ နှစ်မြောက်မွေးနေ့မှာ စဉ်းစား ကြည့်မိပါတယ်။ ဆရာကြီးရဲ့ ရွေးကောက်ပွဲတွေ အပေါ် သဘောထားကို လိုက်လေ့လာ ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးက ၁၉၂၃ ဒိုင် အာခီ ရွေးကောက်ပွဲနဲ့ ၁၉၃၆ ခု ၉၁ ဌာန ရွေးကောက်ပွဲတွေ အပေါ် ဆရာကြီး သဘောထားတွေကို အခုလို တွေ့မိပါတယ်။

၁၉၂၃ ခုနှစ်ရွေးကောက်ပွဲအပေါ် ဆရာကြီးရဲ့ ရပ်တည်ချက်ကို သိရဖို့ အဲဒီကာလ နိုင်ငံရေး နောက်ခံ အခင်းအကျင်းကို အရင်လေ့လာ ကြည့်ဖို့လိုပါတယ်။

၁၉၁၉ ခုမှာ အိန္ဒိယနိုင်ငံကို အင်္ဂလိပ်က ဒိုင်အာခီ အုပ်ချုပ်ရေးအဆင့် ပေးတဲ့အခါ ဗမာပြည်ကိုတော့ ချန်လှပ်ထားခဲ့လို့ အဲဒီတုံးက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ မကျေမနပ်ဖြစ်ကြ ဆူကြပွက်ကြ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလက ဗမာပြည်မှာ အဓိက အတိုက်အခံ လို့ ဆိုနိုင်တဲ့ နိုင်ငံရေး အင်အားစုက ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဖြစ်ပါတယ်။ ဒီ ဝိုင်အမ်ဘီအေက ဦးဆောင်ပြီး အမျိုးသားရေး ကိုလိုနီဆန့်ကျင်ရေး လုပ်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်အမ်ဘီအေဟာ ဟုမ်းရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရဖို့အတွက် ဦးဘဖေ၊ ဦးပု နဲ့ ဦးထွန်းရှိန်တို့ သုံးယောက်ပါ ဖေ-ပု-ရှိန် ကိုယ်စားလှယ် အဖွဲ့ကို အင်္ဂလန်နိုင်ငံ လွှတ်ပြီး အရေးဆိုခိုင်းခဲ့ပါတယ်။ ဒါကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက "အင်္ဂလန်သွား ဒယ်လီကိတ် ဘွဲ့" မဟာကဗျာ လေးချိုးကြီးရေးပြီး ထောက်ခံ ဂုဏ်ပြုခဲ့သလို "ကောင်းမျိုးအထွေထွေ ရယ်နဲ့ ချွန်စေမြစေစော ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော" စာသားပါတဲ့ "ဒေါင်းဋီကာ" ရေးပြီးတော့လည်း ဝိုင်အမ်ဘီအေရဲ့ အမျိုးသားရေး သင်္ကေတ ဒေါင်းတံဆိပ်ကို ဂုဏ်ပြုခဲ့ပါတယ်။

အဲသလို ဖေ-ပု-ရှိန်အဖွဲ့ အင်္ဂလန်နိုင်ငံမှာ မြန်မာပြည် အုပ်ချုပ်ရေး တဆင့်တိုးရေး အတွက် အရေး ဆိုနေချိန်မှာ အင်္ဂလိပ် အလိုတော်ရိ ဝိုင်အမ်ဘီအေ ခေါင်းဆောင်တွေက ဂျူဘလီဟောမှာ လျှို့ဝှက် စည်းဝေးပြီး ဖေ-ပု-ရှိန်ကို မထောက်ခံကြောင်း၊ အင်္ဂလိပ်ဘုရင်ခံ ကရက်ဒေါက် တိုက်ရိုက် အုပ်ချုပ်တဲ့ အစီအစဉ် Cradock scheme ဒီကနေ့ ခေတ်အခေါ်နဲ့ ဆိုရင်တော့ ကရက်ဒေါက် လမ်းပြမြေပုံကိုပဲ ထောက်ခံကြောင်း ကြေညာပြီး အင်္ဂလိပ် ဝန်ကြီးချုပ်ဆီ ကြေးနန်း ပို့ခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲဝင် ဝိုင်အမ်ဘီအေ ခေါင်းဆောင်တွေ က သြဂုတ် ၁၇ ရက်မှာ ဖေ-ပု-ရှိန် ထောက်ခံကြောင်း အစည်းအဝေးလုပ်ပြီး အင်္ဂလိပ် အစိုးရဆီကို ကြေးနန်း ထပ်ပို့ခဲ့ရပါတယ်။ သခင် ကိုယ်တော်မှိုင်းဟာ မျိုးချစ် ဝိုင်အမ်ဘီအေတွေရဲ့ လုပ်ရပ်ကို ထောက်ခံခဲ့ပါတယ်။

ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဟာ လွတ်လပ်ရေး လှုပ်ရှားမှု သို့မဟုတ် ဝံသာနု လှုပ်ရှားမှုကို အဆင့်မြှင့် လုပ်နိုင်ဖို့ဆိုပြီး ၁၉၂၀ မှာ ဂျီစီဘီအေ အဖွဲ့ကြီးကို ဖွဲ့လိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ရေး (ဝါ) ဟုမ်းရူးကို တောင်းဆို တိုက်ပွဲဝင် ရပ်တည်ခဲ့ပါတယ်။ ၁၉၂၁ ခုဟာ ဝံသာနုလှုပ်ရှားမှု အရှိန်အမြင့်ဆုံး အချိန်ဖြစ်ပြီး အစိုးရ အရာရှိများနဲ့ မဆက်ဆံရေး၊ မကူညီရေးဆိုတဲ့ ဗြူရိုကရေစီ သပိတ်မှောက်ပွဲကို ဂျီစီဘီအေက ခေါင်းဆောင်ဆင်နွှဲခဲ့လို့ လူထုထောက်ခံမှု ကြီးကြီးမားမား ရခဲ့ပါတယ်။ ဒါကို သခင် ကိုယ်တော်မှိုင်းက "ဗြူရိုကရေစီ အစိုးရသနင်းကို ဖြင့်၊ သူခိုးဓားပြကို ညှဉ်းသလိုပ၊ နရင်း နှောက်မယ့် ကြောက်တဲ့စရာ၊ (အိုကွယ်) အမျိုးမျိုး မြန်မာ့အသင်းတွေက ဂိုးဂိုးဂွဂွ ပုလင်းတွေ နှင့် အတင်းမှောက် မဟဲ့လို့ ပေါက်ပကွဲ့တခါ" ဆိုပြီး ဂုဏ်ပြု ကဗျာဖွဲ့ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်က ဟုမ်းရူး မပေးဘဲ ၁၉၂၃ နိုဝင်ဘာမှာ ဒိုင်အာခီ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အခါကျတော့ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ ဂျီစီဘီအေထဲက ဦးဘဖေ၊ ဦးပု နဲ့ ဦးသိမ်းမောင်တို့ ခေါင်းဆောင်တဲ့ အုပ်စုက ရွေးကောက်ပွဲ ဝင်သင့်တယ်၊ "ပူးသတ်" ရ မယ်ဆိုပြီး ၂၁ ဦးပါတီကို ခွဲထွက် ထူထောင်လိုက်ပါတယ်။ ဂျီစီဘီအေထဲက ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ ကတော့ ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီကာလမှာ သခင် ကိုယ်တော်မှိုင်းဟာ "ဟုမ်းရူး အမတ်လောင်းဘွဲ့" လေးချိုးကြီး၊ "ခွေးဋီကာ"၊ "ခွေးဂဏ္ဍိ" ကဗျာလေးချိုးကြီးတွေ ရေးပြီး ၂၁ ဦးအဖွဲ့ကို တိုက်ခဲ့ပါတယ်။ ခွေးဂဏ္ဍိ မှာ "အစာမြင်လျှင် ဗမာမခင်မူ၍၊ သာသနာပလ္လင်နှင့် ဝေးတဲ့အောင်၊ (အမယ်မင်း) ကျွေးမဟဲ့ အနှူးတွင်ဖြင့်၊ ခွေးအဖွဲ့ထူး…" လို့ ရေးခဲ့သလို ခွေးဋီကာမှာလည်း "ပူးသတ် အကျော်အမော်၊ မှူးမတ်ကတော်အပေါင်းတွင်ဖြင့်၊ (သြော်) ရထား အဆောင်ဆောင် ကားတပြောင်ပြောင်တွေနဲ့၊…" လို့ စပ်ခဲ့ပါတယ်။

မြန်မာဝံသာနုအကြောင်း ဘွဲ့ လေးချိုး စာထောင့်မှာလည်း "သပိတ်မှောက် မြန်မာဝံသာနုတို့မှာတော့၊ မထိတ်မကြောက်စရာ မွန်မြန်မာ တစုတို့ကိုလ၊ ညွှန်ကာ ယခုရယ်တဲ့ အရွာရွာလယ်တယ်၊ (အမယ်မင်း) အာဇာနည်တွေသို့ နှလုံးမြူးကြွဟန် အပိုရဲ၊ (ခေါင်းဆောင်ကြီး တို့မှာကွယ်) အခါ တာမရှည်စေဖို့တဲ့ ဟုမ်းမရူးရရန်ကိုခဲ" လို့ သပိတ်မှောက် ဂျီစီဘီအေကို ဂုဏ်ပြုသလို "တွေးကြည့်ပါ၊ ဘေးထိရန် တကယ် လေ့လာတဲ့နောက်၊ ဘယ်နေရာမှာ သပိတ်ကို ပစ်ခဲ့တယ်လို့၊ စနစ်ကို အသေအချာ မေးချင်လှ၊ ကြောက်သွေးဖိုကာ တုန်လို့၊… ခုများမှာ တဖုံပြင်လို့၊ မဆက် ဆံချင်သူ ဗြူရိုကရက်တို့ကိုလ၊ မနေသာ ခြေမှာဖက်ပြီး၊…" လို့ ကိုလိုနီ အစိုးရနဲ့ပေါင်း သစ္စာဖောက်တဲ့ ဂျီစီဘီအေ တွေကို ရှုတ်ချခဲ့ပါတယ်။

ဒီကာလမှာဘဲ "တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်၊…" ဆိုတဲ့ ပြောင်မြောက်လှတဲ့ စကားလုံးနဲ့ ဆော်ထားတဲ့ ဒိုင်အာခီဘွဲ့ လေးချိုးကြီးကိုလည်း စပ်ခဲ့ပါတယ်။ ဒီကနေ့လိုမျိုးဆိုရင်တော့ 'မောင်ဘဖေ' နဲ့ကာရံတူ နာမည် တွေကို ထည့်မယ်ထင်ပါတယ်။ "နွံနစ်ရှာတောင်၊ ကျွန်ခေတ်မှာ ငါတကောင် ဟဲ့လို့၊ စွာဟောင်ဟောင် သို့ကလောက် ဟိန်းကြရင်ဖြင့်၊ မှောက်ကိန်း အရှည်သွားမည်ကြောင့်၊ ငွေငါးထောင် အရာလုတွေကဖြင့်၊ သာဓုခေါ်စရာပ" လို့လည်း ရွေးကောက်ပွဲဝင်ရေး သမားတွေကို တီးခဲ့ပါတယ်။

အဲဒီ ၁၉၂၃ ရွေးကောက်ပွဲကို ဆရာကြီးမှိုင်း အပြင်းအထန် ရှုတ်ချ တိုက်ခိုက်ခဲ့ပေမဲ့ အဲဒါနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး လှိုက်လှိုက် လှဲလှဲ ထောက်ခံခဲ့တာကတော့ ၁၉၃၀ ခု ဆရာစံ လယ်သမားသူပုန်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်က လွှတ်တော်ထဲ အမတ်လုပ်နေတဲ့ ဂျီစီဘီအေဟောင်းတွေ၊ လွတ်လပ်ရေးအတွက် ချမယ်နှက်မယ် ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ သပိတ်မှောက် ဝံသာနု ဂျီစီဘီအေ တွေဟာ (မတရားသင်း ကြေညာခံရတဲ့ ဦးစိုးသိန်း ဂျီစီဘီအေ အနည်းစုလေးက လွဲရင်) နှာစေးနေကြတဲ့ အချိန်မှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းက "ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုံ သရဏံ ဂစ္ဆာမိကြပေတော့" လို့ ဗြောင်အတိအလင်း ဂုဏ်ပြုလေးချိုး စပ်ဆိုခဲ့ပါတယ်။ ဒီဘက်ခေတ် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနဲ့ ၂၀၁၀ အလုပ်သမား အရေးတွေမှာ ဒီမိုကရေစီအတွက် ရပ်တည်နေတယ် ဆိုသူတွေ နှာစေးကြတာကို မြင်ရင်လည်း ဆရာကြီးမှိုင်း ဘယ်လို လေးချိုးတွေ စပ်မလဲ စဉ်းစားစရာပါ။

၁၉၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲမှာတော့ ဒို့ဗမာ အစည်းအရုံးရဲ့ ကိုယ်စားပြု ပါတီဖြစ်တဲ့ ကိုယ့်မင်းကိုယ်ချင်း ပါတီတွက် မဲဆွယ် စည်းရုံးဟောပြော ပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အင်္ဂလိပ် ကိုလိုနီသမားတွေဟာ နိုင်ငံရေး ပါတီတွေကို ချိုးနှိမ်ကန့်သတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပါတီမှတ်ပုံတင် ဥပဒေတွေ ထုတ်မထားတော့ အဓိက အတိုက်အခံ အဖွဲ့ကြီးဖြစ်တဲ့ ဒို့ဗမာ အစည်းအရုံးဟာ တကယ်တော်လှန် မှန်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့ သခင်မြ ကိုယ်တိုင် ခေါင်းဆောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၆ ရွေးကောက်ပွဲဝင်တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်တွေကတော့ …
၁) အုပ်ချုပ်ရေးစနစ်သစ်ကို လွှတ်တော်တွင်းဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန်
၂) အုပ်ချုပ်ရေးစနစ်သစ် တိုင်းပြည်အတွက် အသုံးမကျ၊ လူထုအတွက် အကျိုးမရှိကြောင်း ဖွင့်ချရန်
၃) ရွေးကောက်ပွဲကိုမှီ၍ ဒို့ဗမာဝါဒ ဖြန့်ရန်
၎) အောက်ခြေ မြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှာ ဒို့ဗမာဝါဒအတိုင်း ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။

ဒို့ဗမာအစည်း အရုံးဟာ ပြောတဲ့အတိုင်းလည်း တကယ်လုပ်ပြီး ရွေးကောက်ခံအမတ်တွေဟာ လစာမယူ၊ အစိုးရနဲ့ မပူးပေါင်းရေးကို တောက်လျှောက် ပြတ်ပြတ်သားသား ရပ်တည် ဆောင်ရွက် သွားခဲ့ပါတယ်။ အင်္ဂလိပ် အစိုးရကလည်း အခြေခံ ဥပဒေကို ဆန့်ကျင်ဖွင့်ချ တဲ့အတွက်ဆိုပြီး သခင်မြတို့ကို အရေး မယူခဲ့ပါဘူး။

ဒီကနေ့ ဦးဝင်းတင်ပြောနေ လုပ်နေတဲ့ မကြောက်တရားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကနဦး လက်တွေ့ကျင့်သုံး ခဲ့ဖူးပါတယ်။ ဆရာကြီး အသက် ၆၇ နှစ်အရွယ် ၁၉၃၉ ခုမှာ အင်္ဂလိပ်အစိုးရရဲ့ ကြေးစား လူမိုက်တွေက (အခုခေတ် စွမ်းအားရှင်တွေလို) ပုသိမ် ဘူတာမှာ ဝိုင်းရိုက်လို့ ခေါင်းကွဲခဲ့ပြီးနောက် ချက်ခြင်းလိုလို ဓနုဖြူကိုသွားပြီး မဟာဗန္ဓုလ ချီးကျူးပူဇော်ပွဲနဲ့ အောင်မြေနင်းပွဲကို အကြီးအကျယ် လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲတွေနဲ့ ဆရာကြီးပတ်သက်ပုံကို အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းတွေ့ရသလို ကြားဖြတ် အစိုးရ ဖွဲ့စည်းရေးနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပတ်သက်ခဲ့တာကိုလည်း လူထု ဒေါ်အမာရဲ့ မှတ်တမ်းမှာ အခုလို တွေ့ရပါသေးတယ်။ ၁၉၄၂ ခု ဖေဖော်ဝါရီလထဲမှာ ဂျပန်စစ်တပ်နဲ့ ဘီအိုင်အေ တပ်တွေ မော်လမြိုင် သိမ်းပြီးချိန် ရန်ကုန်သိမ်းဖို့ မကြာတော့တဲ့ အခါမှာ ဆရာကြီးမှိုင်းဟာ ကြားဖြတ် အစိုးရဖွဲ့ဖို့ သခင်ချစ်၊ ကိုလှမောင် တို့နဲ့အတူ မော်လမြိုင်ကို လာရာမှာ မော်လမြိုင် မရောက်ဘဲ ကျိုက်ထို၊ သထုံ၊ ဖားအံလမ်းကနေ မဲဆောက် ရောက်သွားပြီး ဂျပန် စစ်ဗိုလ်တွေနဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ရပါတယ်။ အသက် ၇၀ အရွယ်မှာ ဒေါနတောင်ကျော်ပြီး မဲဆောက် သွားရတဲ့ခရီးဟာ သူ့တသက်မှာ အပင်ပန်းဆုံး ခရီးဖြစ်တယ်လို့ နောင်မှာ ဆရာကြီးက ပြန်ပြောခဲ့ပါတယ်။

ဆရာကြီးဟာ အဲဒီခေတ်ရဲ့ ဒိုနာဖြစ်တဲ့ ဂျပန်တွေရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်ဟီရာအိုကာ ကို အခုခေတ်က လူတွေလိုပဲ မဲဆောက် လာတွေ့ရပြီးတော့ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်မြ၊ သခင်ချစ်တို့ ပါဝင်တဲ့ မြန်မာ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ ဂျပန်ဒိုနာ စစ်ဗိုလ်တွေ ဆွေးနွေးကြတဲ့ အခါ ရန်ကုန်သိမ်းပြီးရင် သခင်မြကို ကြားဖြတ် အစိုးရ ဝန်ကြီးချုပ်တင်ဖို့ အားလုံးသဘော တူရွေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ဒိုနာတွေဟာ နောက်ပိုင်းမှာ ကတိဖျက်ပြီး သူတို့ လုပ်ချင်ရာ လုပ်သွားတဲ့အတွက် သခင်မြ ဝန်ကြီးချုပ် မဖြစ်လိုက်ရဘဲ ဒေါက်တာဗမော်ကို အဓိပတိ ဝန်ကြီးချုပ် တင်လိုက်လို့ ဆရာကြီးမှိုင်း မကျေမလည် ဖြစ်ခဲ့ရပါတယ်။ အခုခေတ်မှာသာ ဆရာကြီးရှိသေးရင် ဒိုနာကိုမှီပြီး ကြားဖြတ် အစိုးရတော့ မဖွဲ့နဲ့၊ 'မြ' နဲ့ 'ဒေါက်တာ' ကို သင်ခန်းစာယူလို့ ပြောမှာ သေချာပါတယ်။

သခင်ချစ်ကိုတော့ မဲဆောက်မှာ ဂျပန်တွေက အခုခေတ် ဒိုနာတွေလို စီအိုသင်တန်း ပီဒီသင်တန်းတွေ တက်ခိုင်းခဲ့သလား မှတ်တမ်း တွေမှာ သေချာ ဖော်ပြ မထားပေမဲ့ သခင်ချစ်ဟာ နောက်ပိုင်းမှာ ပြည်သူ့ အရေးတော်ပုံ ပါတီ (ဗမာပြည် ဆိုရှယ်လစ်ပါတီ) နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့မှာ အင်မတန်ထူးချွန်တဲ့ ယူဂျီတာဝန်ခံ ဖြစ်သွားခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိနေရင်တော့ စစ်ကျွန်ခေတ်မှာ space ရချင်သူတွေကို "ရွှေပြည်တော် မကိုဋ်မန်းတွင်မှ၊ သိုကန်းတခါ ကြုံခဲ့သမို့၊ ရာဇဂုဏ် တံခွန်မလှစ်နိုင်တဲ့၊ ကျွန်ခေတ် လူရာမဝင်ချင်သနဲ့…" လို့ ထပ်ပြောမှာ သေချာပါတယ်။

နအဖ လက်အောက်မှာ ပါတီရပ်တည်ရေး စဉ်းစားသူတွေကိုလဲ "ရှင်ဘုရင်လုပ်ချင်ရင် စန္ဒဂုတ်လို သတ်ရဲ ဖြတ်ရဲမှ၊ တေမိလို ငရဲ ကြောက်နေသူ ရှင်ဘုရင် မဖြစ်နိုင်" လို့ပြောမှာဖြစ်သလို ကျွဲပါးစောင်းတီး ဖြစ်နေရင်လည်း "ဒို့ ဗမာပြည် ဒါလောက်ကလေး လွတ်လပ် တာဟာ လူငယ်တွေကြောင့်၊ လူကြီးတွေ အလိုသာဆိုရင် အရိမေတ္တယျ ပွင့်တော်မူတောင် မလွတ်လပ်ဘူး" ဆိုတဲ့ စကားမျိုး ထပ်ပြော အုံးမှာဖြစ်ပါတယ်။

ဂါမဏိ

Ref: နေ့သစ်

Read More...

အပေါ်သို့