လင်းသန့်
29 August 2011
ကချင်ပြည်နယ် မေခ၊ မလိခမြစ် ပေါင်းဆုံသည့်ဒေသ၌ မြစ်ဆုံဆည် စီမံကိန်းကြီး ဆောက်လုပ်နေခြင်းသည် အလွန်အန္တရာယ် များသည့်အတွက် အမြန် ဆုံး ရပ်တန့်ရန် တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း “ဧရာဝတီကို ထာဝရ ရှင်သန်စေ လို သူများ” က ပြောသည်။
တရုတ်အစိုးရပိုင် China Power Investment ကော်ပိုရေးရှင်းနှင့် မြန်မာအစိုးရ ပူးတွဲ အကောင်အထည်ဖော်နေသော ထိုစီမံကိန်း ရပ်တန့်ရေးကို လိုလားသူ အများအပြားက လက်မှတ်ထိုး ထောက်ခံနေကြသည်ဟု ဆိုသည်။
“ကျနော်တို့ က သမ္မတဦးသိန်းစိန်ဆီကို စာကတော့ တင်ပြီးသွားပါပြီ။ အဲဒီနောက်ဆက်တွဲ လက်မှတ်ထိုးထား တာတွေက ရန်ကုန် တခွင်မှာတောင် ထောင်ချီ ရှိလာပါ ပြီ။ အခု နယ်တွေ ဖြန့်ထားတာတွေ ရှိတယ်။ လမ်းပန်း ဆက်သွယ်ရေး ခက် နေတာတွေ ကြောင့် မရောက်သေး တာတွေလည်း ရှိပါတယ်။ အခု လက်မှတ်ရေးထိုး မှုက အရှိန် အတော်ရနေပါပြီ” ဟု ဦးဆောင် လှုပ်ရှား နေသူ တဦး ဖြစ်သည့် ကိုမြတ်သူက ဧရာဝတီကို ပြော သည်။
ဒေသအသီးသီးမှ စုဆောင်းရရှိသည့် လက်မှတ်များကို စာတိုက်ကြီးမှ တဆင့် သမ္မတ ဦးသိန်းစိန်ထံသို့ တရားဝင် ပို့မည်ဟု ဆိုသည်။
ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်မည့် အန္တရာယ်မှ ၀ိုင်းဝန်း ကာကွယ်ကြရန် နိုင်ငံတ၀န်းလုံး လက်မှတ်ထိုး ပူးပေါင်း တောင်းဆို သည့် အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ကိုမြတ်သူက ပြောသည်။
မြစ်ဆုံဆည် စီမံကိန်း ဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေသည်။ ၁၀ နှစ် ကြာမည့် ထိုစီမံကိန်းတွင် လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးထွန်းမြင့်နိုင်၏ အေရှဝေါလ် ကုမ္ပဏီက ပါဝင် လုပ်ဆောင်နေကြောင်း သိရသည်။
စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း လေ့လာရေး အဖွဲ့က ၆ လကြာ သုတေသန လုပ်ပြီး အစီရင်ခံစာ တစောင် ပြုစုခဲ့သည်။ မကြာသေးမီကမှ ထိုအစီရင်ခံစာ ပြင်ပသို့ ပေါက်ကြား ခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် ငလျင်ကြောပေါ်တွင် တည်ရှိသည့် မြစ်ဆုံဆည်ကြီးသည် ရေထုကြီးမားပြီး သဘာဝ ဖောက်ပြန်မှု တခုခု ဖြစ်ပေါ်ပါက မြစ်ကြီးနားမြို့ အပါအ၀င် အနီးရှိမြို့ဒေသများ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစား ရနိုင်သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားကြောင်း သိရသည်။
သို့သော် မြန်မာနှင့် တရုတ်အစိုးရတို့က အစီရင်ခံစာပါ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည့် အချက်အများ အပါ အ၀င် အရေးကြီးသည့် ဆိုးကျိုးများကို လျစ်လျူရှုပြီး ဆက်လက် ဆောက်လုပ်နေကြောင်း၊ ဧရာဝတီမြစ် ပျက်စီး ပျောက်ကွယ်မသွား ရေးသည် အားလုံးအတွက် အရေးကြီးကြောင်း ကိုမြတ်သူက ပြောသည်။
“မြစ်ဆုံအလှက ကချင်ပြည်နယ်ရဲ့ သင်္ကေတဖြစ်တယ်။ ယဉ်ကျေးမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေးဆိုင်ရာ တွေ စတဲ့ အများကြီး ဆက်စပ်နေတဲ့ ကိစ္စ ဖြစ်တယ်။ ကချင်ပြည်နယ်ဒေသတင် မကဘူး။ ဆည်ဆောက်လိုက်တော့ မြစ်ရေက ထိန်းသလို ဖြစ်သွားရင် မြစ်ရေ နည်းသွားမယ်။ ပင်လယ်ဆားငန်ရေ တိုးဝင်လာမယ်။ ဧရာဝတီမြစ်ရိုးတလျှောက် မှီတင်း လုပ်ကိုင်စား သောက် သူ အားလုံး ထိခိုက်သွားမယ့် အရေးလည်း ဖြစ်နေတယ်၊ ဒါက အမျိုးသားရေး တာဝန်တရပ် ဖြစ်လာတယ်” ဟု သူက ဆက်လက် ရှင်းပြသည်။
ရုပ်ရှင်သရုပ်ဆောင်ကျော်သူ အပါအ၀င် ထင်ရှားသည့် အနုပညာရှင်များကလည်း စုပေါင်း လက်မှတ်ရေးထိုးမှုတွင် ပါဝင် လုပ် ဆောင်နေကြသည်။
သတင်းစာဆရာ လူထုစိန်ဝင်း၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ကဲ့သို့ ထင်ရှားသူများက ဧရာဝတီ မြစ်နှင့် မြစ်ဆုံရေကာတာ တို့ ကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲများအရေးကို စိုးရိမ်ပူပန်ကြောင်း လူသိရှင်ကြား ပြောဆိုကြသဖြင့် အများပြည်သူက ပို၍ စိတ်ဝင်စားလာသည်။
“ဒီလှုပ်ရှားမှုက တခြားသော နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ မတူပါဘူးခင်ဗျ။ နိုင်ငံရေး လှုပ်ရှားမှုတွေက နိုင်ငံရေး သီးသန့်အနေနဲ့ လုပ်တာလို့ ထင်မြင်ယူဆကြတဲ့ လူတွေရှိကြတာပဲလေ။ ဒီလှုပ်ရှား မှုက ဧရာဝတီမြစ်ကြီး မတိမ်ကော မပပျောက်အောင် ပင်မ အရင်းခံ မိမိရဲ့နိုင်ငံနဲ့ ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးကြတဲ့ အနုပညာရှင်တွေသာ မကပါဘူး။ အားလုံးကလည်း ထောက်ခံ လက်မှတ် ရေးထိုးပေးကြပါတယ်ခင်ဗျ” ဟု Hip Hop အဆိုတော် ကိုဇေယျာသော်က ဧရာဝတီကို ပြောသည်။
မကြာသေးမီက မြန်မာအစိုးရပိုင် သတင်းစာများတွင် ဧရာဝတီမြစ်ဆုံဆည် ကိစ္စနှင့် ပတ်သက်၍ ကာကွယ် ရေးသားလာ ကြ သည်။ စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားလာမည်ဟု ဆိုပြီး စီမံကိန်းကို ဆက်လက် အကောင် အထည် ဖော်မည်ဟု ဆိုသည်။
“အစိုးရက ဖွံ့ဖြိုးရေးအတွက်၊ အလုပ်အကိုင် အခွင့်အလမ်း စတာတွေအတွက်လို့ ပြောပေမယ့် ကျနော်တို့ကတော့ ပြည်သူ တွေဘက်က စိုးရိမ်ပူပန်တဲ့ အကြောင်း ကို လက်မှတ်ထိုး တင်ပြတဲ့အပိုင်းကို လုပ်နေတာပါ။ ဒီရဲ့ ဆိုးကျိုးတွေ ကို ပညာ ရှင် တွေက ထောက်ပြထားတာတွေနဲ့ ပတ်သက်ပြီး မသိသေးသူတွေကိုလည်း သိအောင်၊ သိပြီးသားသူတွေကလည်း ပူးပေါင်း ပါဝင်ဖို့ လိုတယ်” ဟု ကိုမြတ်သူက ပြောသည်။
ဧရာဝတီတွင် စုစုပေါင်း ဆည် ၈ ခု တည်ဆောက်ရန် မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများက ၂၀၀၇ ခုနှစ် ကတည်းက သဘောတူခဲ့ကြသည်။ ထို ဆည် ၈ ခု မှ ရေအားလျှပ်စစ် ထုတ်ယူကာ တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။
မြစ်ဆုံဆည်ကြီးသည် အဆိုပါ ဆည် ၈ ခုထဲတွင် အကြီးဆုံးဖြစ်ပြီး တည်ဆောက် ပြီးစီးသွားလျှင် ဧရာဝတီမြစ်ကြီး၏ မူလ အစ ပြောင်းလဲသွားမည်ဟု လက်မှတ်ရေးထိုးသူ တဦးက ဧရာဝတီကို ပြောသည်။
“မေခ မလိခ မြစ်ဆုံဆိုတာ ပျောက်ကွယ်သွားပြီး မြစ်ဆုံဆည်ကြီးကနေ ဧရာဝတီက မြစ်ဖျားခံတယ် ဆိုတာ ဖြစ်လာမယ်။ ဒါကလည်း တရုတ်ဘက်ကို ဖြစ်ထွန်းမှု လျှပ်စစ်ဓာတ်အားတွေ ရောင်းမှာ ဆိုတော့ တရုတ်အစိုးရပိုင် ဖြစ်သွားမယ့်သဘောပေါ့၊ ဧရာဝတီရဲ့ မြန်မာ့ယဉ်ကျေးမှုကို တရုတ်အစိုးရ လက်ထဲ ၀ ကွက်အပ်လိုက်သလို ဖြစ်နေတာ” ဟု လက်မှတ်ရေးထိုးမှုတွင် ပါဝင်သည့် အမည်မဖော်လိုသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။
မြစ်ဆုံဆည်စီမံကိန်းကြီး အမြန်ဆုံး ရပ်တန့်ရေးအတွက် လက်ရှိ အစိုးရတွင် တာဝန် အရှိဆုံး ဖြစ်ပြီး ပြည်သူများ၏ စိုးရိမ် ပူပန် မှုကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း လက်မှတ်ထိုးလှုပ်ရှားမှု ဦးဆောင်သူများက ပြောသည်။
မကြာသေးမီကာလ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ကြီး အန္တရာယ် နှင့် ရင်ဆိုင် နေရသည့်အတွက် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် ပန်ကြားလွှာတစောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဧရာဝတီမြစ်တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့ ကြောင့်ဖြစ် သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။
ယခုအခါ ကချင်ပြည်နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
Ref: ဧရာဝတီ
Tuesday, August 30, 2011
မြစ်ဆုံအရေး လက်မှတ်ထိုး တောင်းဆိုကြမည်
စစ်ယာဉ်တန်းကို KIA ခြုံခိုတိုက်ခိုက်
သန်းထိုက်ဦး
29 August 2011
အစိုးရတပ် စစ်ယာဉ်တန်းကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များက ယခင်အပတ်အတွင်း ခြုံခိုတိုက်ခိုက် ခဲ့ သောကြောင့် ယာဉ်မောင်းတဦး ကျဆုံးပြီး ကားတစီး မီးလောင် ပျက်စီးသွားသည်။
တရုတ်နိုင်ငံမှ ၀ယ်ယူထားသော စစ်ထရပ်ကားများဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှ တဆင့် မန္တလေးသို့ မောင်းနှင် သွားနေစဉ် လမ်းခုလတ် တနေရာ၌ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက် အတွင်းရေးမှူး ဦးလနန် က ဧရာဝတီသို့ ပြောသည်။
“အစီး ၁၀၀ လောက် ဆင်းသွား ကြပြီ။ ကျနော်တို့ ဘက်ကလည်း အားလုံးတော့ မလုပ်နိုင်ဘူးလေ။ နှောင့်ယှက်တဲ့ သဘော နဲ့ပဲ နောက်ဆုံးကျန်တဲ့ ၁၀ စီးထဲက တစီးကို ပစ်ခတ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
အစိုးရယာဉ်တန်းကို KIA တပ်ရင်း ၉ မှ တပ်ဖွဲ့ဝင် တချို့က လှမ်း၍ ပခုံးထမ်းလောင်ချာ (RPG) နှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“သူတို့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ကျနော်တို့ ဖြစ်နိုင်သလောက် လိုက်ပြီးတော့ ဟန့်တားတာမျိုး၊ အနှောင့်အယှက် ပေးတာမျိုး လုပ်သွားမယ်” ဟု ဦးလနန်က ယခင်တပတ်က ပြောခဲ့သည်။
တိုက်ခိုက်ခံရသော အစိုးရတပ်ကို မသိရသေးကြောင်း ဦးလနန်က ဆိုသည်။
ထိုယာဉ်တန်းကို မတိုက်ခိုက်မီ တရက်ကလည်း ကားလမ်းမ တလျှောက် လုံခြုံရေး ယူထားသော အစိုးရတပ်နှင့် KIA တပ်ဖွဲ့ ၀င်များအကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သေးသည်။
ထိုသို့ တိုက်ပွဲငယ်များ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသော်လည်း ကချင် ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြည်နယ် တည် ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားမှု အခြေအနေ ရှင်းလင်း တင်ပြခြင်းနှင့် ပြည်သူ့ ဆန္ဒ သဘောထားများ မေးမြန်း တင်ပြ ချက် များ အပေါ် ဖြေကြားခြင်း အခမ်းအနားကို မြစ်ကြီးနား မြို့တော်ခန်းမတွင် ယခုလ ၂၇ ရက်နေ့က ကျင်းပခဲ့သည်ဟု ယနေ့ ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ယင်းအခမ်းအနားကို ဘာသာရေး အသင်းအဖွဲ့များ၊ အစိုးရအာဏာပိုင်များ၊ တိုင်းရင်းသားများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာနယ်ဇင်းများ၊ NGO၊ INGO အဖွဲ့များ တက်ရောက်ခဲ့သည်ဟု သတင်းစာက ဆိုသည်။
ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိကြောင်း၊ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ် ဒေသ များ တွင် ခိုလှုံနေကြကြောင်း သိရသည်။
ထို့အပြင် တချို့ဒုက္ခသည်များမှာ မြစ်ကြီးနား၊ ၀ိုင်းမော်မြို့တို့တွင်ရှိသော ဆွေမျိုးများထံ သွားရောက်နေထိုင်နေကြပြီး ဘာသာ ရေး အဆောက်အအုံများတွင် အများစု ခိုလှုံနေထိုင်ကြရသည်ဟု ကချင် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။
ကချင် ဒုက္ခသည်များကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းများနှင့် အဖွဲ့အစည်းတချို့တို့မှ ကောက်ခံရရှိထားသော အလှူငွေ များဖြင့် ထောက်ပံ့ပေးထားရကြောင်း သိရသည်။
Ref: ဧရာဝတီ
The Lady ရုပ်ရှင်ကား ပြသတော့မည်
2011-08-29
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ကို နိုင်ငံတကာ Rome ရုပ်ရှင်ပြပွဲမှာ မကြာခင် ပြသတော့မယ်လို့ သိရပါတယ်။
Rome ရုပ်ရှင်ပြပွဲကို လာမယ့် အောက်တိုဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပြသမှာ ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘဝအပြင် သူ့ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဖော်ကျူးထားတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းမှာ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh က အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson က ရိုက်ကူး တင်ပြထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို မိမိအနေနဲ့ အလွန်ပဲ အလေးထားမိကြောင်းနဲ့ ဒီရုပ်ရှင် ဇာတ်ကား က တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်မယ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို ကမ္ဘာ က ပိုမို သိရှိနားလည်လာမယ်ဆိုရင် ကျေနပ်ပါပြီလို့ Michelle Yeoh က ပြောပါတယ်။
Michelle Yeoh ဟာ ဒီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တာကြောင့် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ ကြိုးစားစဉ်မှာ မြန်မာအစိုးရရဲ့ ပိတ်ပင်တားမြစ်ခြင်း ခံခဲ့ရပါတယ်။
Ref: အာရ်အဖ်အေ
မြန်မာနိုင်ငံမှာ အင်တာနက် အတန်အသင့် ပွင့်လာ
2011-08-29
ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ပြည်တွင်းမှာ အရင်က ပိတ်ဆို့ထားတဲ့ အင်တာနက်စာမျက်နှာ တချို့ကို ပုံမှန် ဖွင့်ကြည့်လို့ ရနေပြီလို့ အင်တာနက် သုံးစွဲသူတွေရဲ့ သတင်းတွေအရ သိရပါတယ်။
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ပိတ်ထားခဲ့တဲ့ YouTube အပါအဝင် blog အင်တာနက် စာမျက်နှာ တွေကို တိုက်ရိုက် ဖွင့်ကြည့်လို့ ရနေတယ်လို့ ရန်ကုန်မြို့က အင်တာနက် သုံးစွဲသူတဦးက အာအက်ဖ်အေကို ပြောပါတယ်။
ဆက်လက်ပြီး တားမြစ်ထားတဲ့ အင်တာနက်ဝက်ဘ်ဆိုက်ဒ်တွေ ကြည့်ရှုခွင့် ပေးလာတဲ့နေရာမှာ အသိပညာ ဗဟုသုတနဲ့ ပတ်သက်တဲ့ ဝက်ဘ်ဆိုဒ်တွေကို ဖွင့်ပေးဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ရုပ်ရှင်၊ ဒီဇိုင်း၊ ကွန်ပြူတာ စသဖြင့် ဘာသာရပ်မျိုးစုံနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို အင်တာနက်ကတဆင့် လေ့လာနိုင်ကြမှာဖြစ်ကြောင်း စောစောက အင်တာနက် သုံးစွဲသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ကို မြန်မာ့ဆက်သွယ်ရေး MPT နဲ့ ရတနာပုံ တယ်လီပို့ တို့ကသာ ထိန်းချုပ်ထားတာပါ။ အခု အင်တာနက် အတန်အသင့် ပြန်ပွင့်လာတယ် ဆိုရာမှာ ကြည့်လို့ရတဲ့ စာမျက်နှာချင်း တခုနဲ့တခု မတူဘဲ တချို့ကို MPT လိုင်းက ကြည့်လို့ရပြီး တခြား စာမျက်နှာတွေကို ရတနာပုံ တယ်လီပို့လိုင်းကနေ ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် စတင်သုံးစွဲတဲ့ ၂ဝဝဝ ပြည့်နှစ်ကတည်းက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အင်တာနက်စာမျက်နှာ၊ ပြည်ပ သတင်းမီဒီယာတွေရဲ့ အင်တာနက် စာမျက်နှာတွေကို သွားရောက် ကြည့်ရှုလို့ မရအောင် စစ်အစိုးရက တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့ပါတယ်။
Ref: အာရ်အဖ်အေ
ဘတ်ဂျက်စစ်ဆေးရေး ဖွဲ့စည်းဖို့အဆို လွှတ်တော်မှာ ပယ်ချ
2011-08-29
နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှု စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အဆိုတရပ်ကို ဒီမိုကရေစီ အင်အားစု လွှတ်တော်အမတ် တွေက လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပေမယ့် ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်အများစုက ကန့်ကွက်ခဲ့ တာ ကြောင့် ပယ်ချခံရတယ်လို့ သိရပါတယ်။
အဆိုတင်သွင်းတဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ဘတ်ဂျက်လိုငွေ ပြတာ၊ သုံးစွဲတာနဲ့ ပတ်သက်ပြီး အချိန်ကာလ တရပ်အတွင်း ပြန်လည် ဖြည့်တင်းနိုင်အောင် ထိန်းချုပ် စောင့်ကြည့်သွားမယ့် အဖွဲ့တရပ် ဖွဲ့စည်းဖို့ အဆိုတင်ခဲ့ပေမယ့် ဝိုင်းဝန်းကန့်ကွက်တဲ့ဒဏ်ကို ခံလိုက်ရတယ်လို့ အာအက်ဖ်အေကို ပြောဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ခွဲဝေ သုံးစွဲနေသလဲ ဆိုတဲ့ အသေးစိတ်ကို ဆွေးနွေးခွင့် မရဘူးလို့လည်း သိရပါတယ်။
အခု ကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ အမတ်တွေ ဆွေးနွေး တင်ပြတာတွေနဲ့ ပတ်သက်လို့ အသေး စိတ်ကို အစိုးရသတင်းစာတွေမှာ ဖော်ပြခွင့်မရဘူးလို့ အစည်းအဝေး တက်ရောက်နေတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အမတ် တွေက ပြောဆိုနေကြပါတယ်။
Ref: အာရ်အဖ်အေ
ကလေးစစ်သား ပြန်ခေါ်ဖို့ ILO ကို တိုင်ကြား
2011-08-29
ဘိုကလေးမြို့က အသက် ၁၆ နှစ်အရွယ် မောင်ကျော်နိုင်ဝင်းဟာ စစ်သားအဖြစ် စုဆောင်းခံ ထားရပြီး ဖောင်ကြီး လေ့ကျင့်ရေး ကျောင်းမှာ ရောက်ရှိနေတဲ့အတွက် မိသားစုက ပြန်လည် ခေါ်ယူလိုကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဘိုကလေးမြို့ (၈) ရပ်ကွက်၊ ယုဇနလမ်းနေ ဦးလှသိန်း၊ ဒေါ်လဲ့လဲ့ တို့ရဲ့သားဖြစ်သူ မောင်ကျော်နိုင်ဝင်းဟာ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက နေအိမ်ကနေ ပျောက်သွားခဲ့ပြီး အခု သြဂုတ်လဆန်းပိုင်းမှာမှ မိသားစုနဲ့ ပြန်လည် အဆက်အသွယ် ရခဲ့ပါတယ်။
အခုအခါ ဖောင်ကြီး လေ့ကျင့်ရေးတပ်ခွဲ (၃) မှာ ရောက်ရှိနေပြီး သင်တန်းသားအမှတ် (၂၃၃)၊ ကိုယ်ပိုင်အမှတ် (၄၅၄ ၁၆ဝ) နဲ့ စစ်သင်တန်း တက်နေရကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ရက်က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခွင့်ရခဲ့တဲ့ အကိုဖြစ်သူ ကိုလှမျိုးဝင်းက အခုလို ပြောပါတယ်။
“အကိုကြီး ခေါ်လို့ရင် လာခေါ်ပါ တဲ့။ သူ အဲဒီထဲမှာ နေရတာ မပျော်ဘူး တဲ့”
မောင်ကျော်နိုင်ဝင်း ရောက်ရှိနေတဲ့ စစ်တပ်က တာဝန်ရှိသူတွေကို အကြောင်းကြားနိုင်ဖို့ ဒီကနေ့ တနင်္လာနေ့မှာပဲ လူ့အခွင့် အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် HRDP ရဲ့ အကူအညီနဲ့ ILO ကို ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ မိသားစုက ပြောပါတယ်။
သက်ဆိုင်ရာ စစ်ဘက် တာဝန်ရှိသူတွေကို နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ စစ်ဘက် တာဝန်ရှိသူတွေကနေ တဆင့် အကြောင်းကြားသွား မှာဖြစ်ကြောင်း HRDP လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ရက်က ဦးစောဘန်ကူး က ပြောပြပါတယ်။
ဘိုကလေး ဒေသအတွင်း နာဂစ်မုန်တိုင်းအပြီး လယ်ယာနဲ့ စီးပွားရေးလုပ်ငန်းတွေ မကောင်းတာက တကြောင်း၊ လူငယ်တွေ အတွက် အလုပ်အကိုင်နဲ့ မျှော်လင့်ချက် မရှိတာက တကြောင်းကြောင့်၊ ဆယ်ကျော်သက်အရွယ် လူငယ်တွေ နေရပ်စွန့်ခွာ ထွက်သွားတာ ပိုများလာနေပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံရတာတွေလည်း အတော်များကြောင်း ဦးစောဘန်ကူးက ပြောဆိုပါတယ်။
Ref: အာရ်အဖ်အေ
Monday, August 29, 2011
ဒီမိုကရေစီ မိခင်ကြီးစာအုပ် မဲဆောက်မြို့မှာ စတင်ဖြန့်ချိ
2011-08-28
စာရေးဆရာ သန်းဝင်းလှိုင် ရေးသားပြုစုတဲ့ “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ်ကို တနင်္လာနေ့က စပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ စတင် ဖြန့်ဝေမယ်လို့ သတင်းရရှိပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင် ရောက်ရှိလာတဲ့ စာရေးဆရာ သန်းဝင်းလှိုင်က သူ့စာအုပ်ကို အမည်ပေးခဲ့ပုံနဲ့ ပတ်သက်ပြီး RFA ကို ရှင်းပြပါတယ်။
“၈၈ ကနေ ဒီနေ့အထိ ၂၃ နှစ် ကာလမှာ လူထုကို ဦးဆောင်ဦးရွက်ပြုပြီး ပြည်သူလူထုနဲ့ အတူ ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီ မိခင်ကြီးလို့ပဲ ခံယူပါတယ်။ ကျနော်ခံယူသလို လူထု က လည်း ဒီလိုပဲ သတ်မှတ်တာပေါ့။ သမိုင်းမှာ သူက အမျိုးမျိုး အစမ်းသပ်ခံ၊ အမျိုးမျိုး ဖြတ်သန်းလာပြီးတော့ သူ့ရဲ့ စေတနာနဲ့ ကျနော်တို့က မှတ်တမ်းတင်လိုက်တဲ့ သဘောပါပဲ။ အဲဒီတော့ ခေါင်းစဉ်ရွေးတော့လည်း ‘ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်း စုကြည်’ဆိုတဲ့ ဒီခေါင်းစဉ်ကိုပဲ ရွေးလိုက်တာပါ”
စာမျက်နှာ ၂၉ဝ ကျော်ရှိတဲ့ ဒီစာအုပ်မှာ အခန်း ၁၄ ခန်း ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးထဲ ပါဝင်လာပုံ၊ နေအိမ်အကျယ်ချုပ် ကျခဲ့တဲ့ကာလ၊ နဝတ အမျိုးသားညီလာခံ၊ ဒီပဲယင်းလုပ်ကြံမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေလက်ရာ များ၊ အခု နောက်ဆုံး ပြန်လွတ်လာပုံနဲ့ နိုင်ငံရေးဆောင်ရွက်ချက်များ၊ ဒေါ်အောင်ဆန်းစုကြည် ရခဲ့တဲ့ဆုတွေ၊ အဆိုအမိန့်တွေ စသဖြင့် ဖော်ပြထားပါတယ်။
တနှစ်ခွဲကျော် ပြုစုခဲ့တဲ့ “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ်ကို မဲဆောက်အခြေစိုက် BMC စောနေမင်းက တာဝန်ယူ ထုတ်ဝေတာဖြစ်ပြီး အခမဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။
စာအုပ်မျက်နှာဖုံးကို ဒီဇိုင်း-သီဟမောင်မောင်က ဖန်တီးရေးဆွဲထားပြီး ရှေ့ဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာအနီးကပ်ပုံနဲ့ နောက်ဖုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကချင်ဝတ်စုံနဲ့ ပုံကို ဖော်ပြထားပါတယ်။
Ref: အာရ်အဖ်အေ
ဟင်္သာတမြို့မှာ တင်းမာမှု ဖြစ်ပေါ်ခြင်းကို သံဃာတော်များ ကြားဝင် ဖြန်ဖြေပေးခဲ့
2011-08-28
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ သြဂုတ်လ ၂၇ ရက်နေ့ ညက ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား အခိုက် အတန့် တင်းမာမှု ဖြစ်ပွားခဲ့ပေမယ့် မြို့ပေါ်ရှိ သံဃာတော်များရဲ့ ကြားဝင် ဖြန်ဖြေမှုကြောင့် အခြေအနေဟာ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
ဖြစ်ပုံမှာ ၂၇ ရက် ည ၈ နာရီခန့်က ဟင်္သာတမြို့ ဥယျာဉ်တောင်ရပ် ဗလီကျောင်းအနီး ဗိုလ်မြတ်ထွန်းလမ်းပေါ်မှာ ဆိုင်ကယ် စီးလာသူ နှစ်ဦးနဲ့ စက်ဘီးစီးလာသူ နှစ်ဦးတို့ မတော်တဆ ထိခိုက်မိရာကနေ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့မှုက စတင်ခဲ့တာလို့ စုံစမ်း သိရှိရပါတယ်။
အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦးက အနီးရှိ ဗလီထဲ ဝင်ပြေးသွားလို့ မကျေနပ်တဲ့ လူတစုက တာလေး၊ ဝတ်တန်း၊ ရွှေကူ၊ ဥယာဉ်တောင်ရပ်ကွက်တွေက လူထုကို ခေါ်ဆောင်ပြီး ဗလီရှေ့မှာ သွားရောက် စုရုံးခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်သက်သေ ဟင်္သာတ ဒေသခံတဦးက ..
“ဖြစ်စဉ်က အမှုမှန် မပေါ်ပေါက်မှာ စိုးလို့ တောင်းဆိုတဲ့သဘောပါ။ ရိုက်မယ်ပြုမယ် ထုတ်ပေး၊ လက်စားချေမယ်လို့ တယောက်မှ မပြောပါဘူး။ ပြန်ခိုင်းလို့တော့ မပြန်ဘူး၊ ထိုးတဲ့ တရားခံ ၅ ယောက်လုံးကို ဖော်ပေး၊ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ဗမာဘက် က တောင်းဆိုတယ်။ သူတို့တောင်းဆိုတာကို ဘာသာရေး ခေါင်းဆောင်ပေါ့၊ ဗလီက ကော်မတီတွေကလည်း ခွင့်ပြုတယ်”
ညသန်းခေါင်ယံ အချိန်အထိ လူစု မကွဲတဲ့အတွက် ဟင်္သာတမြို့ သာသနာ့ဗိမာန် ကျောင်းတိုက်မှ သံဃာတော်နှစ်ပါး ဦးဆောင်ပြီး ကြားဝင် မေတ္တာရပ်ခံကြလို့ လင်းအားကြီး တနာရီခွဲခန့်မှာ လူစုကွဲသွားတယ်လို့ သိရှိရပါတယ်။
“အေးအေးချမ်းချမ်းပဲ ပြန်သွားပါတယ်။ ရမ်းရမ်းကားကား ဘာသာရေး အဓိကရုဏ်း ပုံစံမျိုး ဖြစ်မသွားပါဘူး။ ခရိုင်ရဲတပ်ဖွဲ့မှူး ကတော့ ပြဿနာဖြစ်တဲ့ ဝတ်ကျောင်းမှာ တပ်ဖွဲ့အင်အား အပြည့်နဲ့ တညလုံး စောင့်နေတာပေါ့”
အခင်းဖြစ်ပွားမှုကြောင့် ဟင်္သာတ ခရိုင်တွင်းရှိ ရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခလရ (၁၈) က တပ်ဖွဲ့ဝင်တွေ ဟင်္သာတမြို့ကို ညတွင်းချင်း လာရောက်ပြီး လုံခြုံရေး ယူထားတယ်လို့လည်း သိရပါတယ်။
Ref: အာရ်အဖ်အေ
အမေရိကားရောက် မြန်မာများ ဟာရီကိန်းမုန်တိုင်းကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေ
August 28, 2011
အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ် ကမ်းရိုးတန်း တလျှောက်က ပြင်းအား အဆင့် ၃ ရှိ ဟာရီကိန်း မုန်တိုင်းကြီး အရှေ့ဘက်ကမ်းရိုးတန်းကို စနေနေ့ညကတည်းက စတင် ဝင်ရောက်နေတာကြောင့် အမေရိကားရောက် မြန်မာတချို့ မြန်မာဘုန်းကြီးကျောင်းတွေမှာ သွားရောက် ခိုလှုံနေကြတယ်လို့ သိရပါတယ်။
မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလင်း၊ ကွန်နက်တီကပ်၊ နယူးယောက်နဲ့ နယူးဂျာစီ စတဲ့ ပြည်နယ် ၁၀ ခုကို ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက အရေးပေါ် အခြေအနေ တရပ်အဖြစ် ကြေညာထားပြီး လာရောက်ခိုလှုံနိုင်ဖို့ အတွက်လည်း ကျောင်းတွေမှာ နေစရာတွေ စီစဉ်ပေးထားပါတယ်။
မုန်တိုင်း မဖြစ်ခင် ကြိုတင်ပြီး အစိုးရပိုင် ရုပ်သံလိုင်းတွေကနေ ပြည်သူတွေ ကြိုတင် ပြင်ဆင်ထားသင့်တာတွေကို အဆက်မပြတ် ကြေညာနေပြီး မုန်တိုင်းကျရောက်တဲ့ အချိန်မှာလည်း မုန်တိုင်းအခြေအနေတွေကို တိုက်ရိုက် ထုတ်လွှင့် ပြသနေတာကြောင့် ကြိုတင် ပြင်ဆင်ထားနိုင်ကြ တယ်လို့ အမေရိကန်နိုင်ငံ မေရီလင်းမှာ နေထိုင်တဲ့ ဦးယဉ် ထွေးက ပြောပါတယ်။
“မုန်တိုင်း လာမယ်။ ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့။ ပြတင်းပေါက်တို့၊ တံခါးပေါက်တို့ နားမှာ မနေပါနဲ့။ ရေတွေ အစားအသောက်တွေ၊ ကားဆိုရင်လည်း ဆီဖြည့်ထားကြပါပေါ့။ အစားအသောက်တွေ အခြောက်အခြမ်းတွေကို လှောင်ထားကြပါ ပြောတယ်။ တချို့ဆိုင်တွေမှာဆိုရင် ရေတွေ ..။ နယူးယောက်မှာဆိုရင် သောက်ရေတွေ ပြတ်သွားတယ်။ နယူးယောက်မှာက ဒီလိုမုန်တိုင်းဒဏ် မကြုံဖူးတဲ့အတွက် ကြောက်ကြတယ်။ နယူးယောက်မြို့က မြို့တော်ဟောင်းလည်း ဖြစ်တာကို။ မီးရထားလမ်း၊ ကားလမ်း အားလုံး စနေ့နေ့ နေ့လည်ကတည်းက ပိတ်ထားတယ်။ ဝါရှင်တန်ဒီစီမှာဆိုရင် ရောင်းနေတဲ့ဆိုင်မှာ သဲအိတ်တွေ ပြတ်သွားပြီ။ သဲအိတ်တွေလည်း ပြတ်ရော အစိုးရကိုယ်တိုင် သဲအိတ်တွေ လာယူဖို့ တီဗွီမှာ ကြေညာတယ်။ အဲသတင်းရတာနဲ့ တချို့က သွားယူကြတယ်။ ကားတွေနဲ့ လာတာနဲ့ ကားတစီးကို ၅ အိတ်နှုန်း ပေးတယ်။ အဲဒါကိုလည်း တီဗွီက ပြတယ်။”
အခုလော လောဆယ် အစိုးရရုပ်သံလိုင်း ကြေညာချက်အရ လူလေးဦး သေဆုံးတယ်လို့ သိရပြီး မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲတာ လျှပ်စစ်မီးပြတ်တောက်တွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာ ကူညီဖြေရှင်းမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
“ခုနက တီဗွီမှာ လာသွားတာ သမ္မတကိုယ်တိုင် ရုံးမှာထိုင်ပြီးတော့ သတင်းဌာနတွေက လွှင့်တာတွေကို ကြည့်ပြီးတော့ ဖြစ်နိုင်ရင် ဘယ်လိုနေကြပါ။ ဘယ်လိုထိုင်ကြပါဆိုပြီး။ သူကိုယ်တိုင်လိုက်ပြီး ကွပ်ကဲနေတာပေါ့။ ပြီးတော့ အရေးပေါ် ဖြစ်တဲ့နေရာဆိုရင် ချက်ချင်းသွားဖို့ မီးသတ်သမားတွေရော၊ ရဲတွေရော၊ မီးပြင်တဲ့သူတွေ အားလုံးလည်း အဆင့်သင်လုပ်ထားကြတယ်။ အခုဆိုရင် နေရာတိုင်းမှာ ဥဩသံတွေက ကြားနေရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သဘာဝဘေးအန္တရာယ်ဖြစ်လို့ ကြုံတွေ့တဲ့ဟာတွေကို ဖြေရှင်းနေကြတယ်ပေါ့ဗျာ။ အဲဒါတော့ တွေ့ရတယ်။ အခုအဆိုးဆုံးကတော့ ကမ်းရိုးတန်းတွေပေါ့။ မြောက်ကာရိုလိုင်းနားဆိုရင် အထိ တော်တော် နာနေတယ်။ မြောက်ကာရိုလိုင်းနားနဲ့ ဗာဂျီးနီးယားက အပျက်အစီး တော်တော်များတယ်။”
ဟာရီကိန်း မုန်တိုင်းသင့် ဒေသတွေမှာ ရောက်ရှိနေတဲ့ မြန်မာတွေထဲမှာတော့ သေဆုံးဒဏ်ရာရတာတွေ မကြားရသေးဘူးလို့လည်း ပြောပါတယ်။
မုန်တိုင်း တိုက်ခတ်ရာ နေရာမှာ မြန်မာပြည်သားတွေ အများအပြား ရှိနေပြီး ဆူရှီလုပ်ငန်း လုပ်ကိုင်နေကြပြီး သက်ဆိုင်ရာက အချိန်မီ ရွှေ့ပြောင်းခိုင်းထားပါတယ်။
Ref: ဒီဗွီဘီ
ဟင်္သာတက ဗလီကျောင်းကို အရပ်သား ၃၀၀ ၀ိုင်း
August 28, 2011
မနေ့ ဩဂုတ်လ ၂၇ ရက်နေ့က ဟင်္သာတမြို့နယ်က ဗလီကျောင်းတခုကို အရပ်သား ၃၀၀ လောက် ၀ိုင်းထားပြီး သူတို့အလိုရှိတဲ့ လူနှစ်ဦးကို ထုတ်ပေးဖို့ တောင်းဆိုတဲ့ ပြဿနာတခု ဖြစ်ပွားခဲ့ပါတယ်။
ဒီပြဿနာကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ သံဃာတော်တွေက ၀င်ရောက်ဖြေရှင်း လိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါ တယ်။
၂၇ ရက်နေ့က ဟင်္သာတ ဥယျာဉ်တောင်ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းမှာ ဆိုင်ကယ် မောင်းနင်လာသူတဦးနဲ့ စက်ဘီး စီးနင်း လာတဲ့ လူရွယ် ၂ ဦးတို့ ထိခိုက်မိရာကနေ အချင်းများပြီး ထိုးကြိတ်ခဲ့သလို နှစ်ဦးက အနီးက ဗလီအတွင်းကို ထွက်ပြေး ၀င် ရောက်ပါတယ်။
ဗလီကျောင်းဝင်းထဲ ထွက်ပြေးသွားတဲ့ လူရွယ် ၂ ဦးကို ထုတ်ပေးဖို့ အထိုးခံလိုက်ရတဲ့ ကိုစိန်ဝင်းရဲ့ ဆွေမျိုးသားချင်းတွေက ဗလီပြင်ပကနေ တောင်းဆိုရာကနေ လူထု ပိုမိုများလာတာလို့ ဒေသခံတဦးက ပြောပါတယ်။
“မနေ့ည ၈ နာရီခွဲလောက်က ဗမာစီးလာတဲ့ ဆိုင်ကယ်နဲ့ ကုလားလေး စီးလာတဲ့ စက်ဘီး ငြိတာကနေ တယောက်နဲ့ တယောက် အချင်းများပြီး ကုလားလေး နှစ်ယောက်က ထိုးလိုက်တာ။ ထိုးပြီးတော့ သူတို့က ဗလီကျောင်းထဲ ၀င်ပြေးတာ။ ဒါကို အထိုးခံ လိုက်ရတဲ့ဘက်က တရားခံကို ထုတ်ပေးဖို့ တောင်းဆိုရင်းနဲ့ လူအုပ်များလာတော့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ မြို့မိ၊ မြို့ဖတွေက ၀ိုင်းပြီးဖြေရှင်းပေးကြတယ်။”
အခင်းဖြစ်စဉ်မှာ ထိုးနှက်ပြီး ဗလီတွင်းဝင်ရောက်သူနှစ်ဦးကို ဗလီတာဝန်ရှိသူတွေ ၀ှက်ထားတယ်လို့ အပြင်မှာ တောင်းဆိုသူ တွေက ထင်မြင်ပေမယ့် အဲဒီနှစ်ဦးဟာ ဗလီထဲကို ဖြတ်ပြီး ကျန်ထွက်ပေါက်ကနေ ထွက်ပြေးသွားပြီး ရပ်ကွက်တခုမှာ ရောက်ရှိ နေတာကို ဖော်ထုတ် ဖမ်းဆီးမိတာလို့ ဆိုပါတယ်။
တရာခံနှစ်ဦးကို ဖမ်းမိချိန်မှာ လူအုပ်က ပိုများလာတဲ့အတွက် မြို့လူထု လေးစားရတဲ့ ဘုန်းကြီးနှစ်ပါးက ၀င်ရောက် ဖျန်ဖြေပေး ခဲ့ပြီးနောက် ပြဿနာ ပြေလည်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“တရာခံကို ရဲစခန်းမှာ ထားပြီးတော့ မြို့လူထု လေးစားတဲ့ ဓမ္မဗိမာန်ကျောင်းတိုက်က ရဟန်းနှစ်ပါးကို အကူအညီတောင်း ရတာ ပေါ့။ လူထုကို ဖျန်ဖြေပေးဖို့ပေါ့။ အဲဒါနဲ့ ဦးကေတုမာလာ ဆိုတဲ့ ဦးဇင်းကပဲ လူမျိုးရေး အဓိကရုဏ်းဆိုတာ မဖြစ်သင့်တဲ့ဟာ၊ ဘာသာ ကိုးကွယ်မှုကို ဖယ်လိုက်ရင် လူလူချင်း ရန်ညှိုးထားတာ မကောင်းတဲ့ ကိစ္စမို့လို့ သူပြောတာကို နားထောင်ပါ။ သူညှိနှိုင်း ပေးပါမယ်ဆိုပြီး တဖက်အာဏာပိုင်ကိုလည်း အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့၊ ဥပဒေအရ ထိရောက်စွာ အရေးယူဖို့နဲ့ တဖက်က လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ နောက်နောင် ဒါမျိုး မဖြစ်ဖို့ အကုန်ရှင်းပေးလိုက်တော့ ညတနာရီခွဲလောက်မှာ ကိစ္စ အားလုံးပြီးသွားတယ်။”
ဆရာတော်ရဲ့ မိန့်ကြားချက်အတိုင်း ဒီဖြစ်ရပ်ကို အတတ်နိုင်ဆုံး လျင်လျင်မြန်မြန်နဲ့ အကောင်အထည်ဖော်အောင် လုပ်ပေးမယ် ဆိုတာကို ခရိုင်တပ်ဖွဲ့မှူးကိုယ်တိုင်ရော မြို့နယ်အုပ်ချုပ်ရေးမှူး၊ စခန်းမှူးတွေကပါ ပြောဆိုခဲ့ကြတဲ့အတွက် ကျေကျေနပ်နပ်နဲ့ ပြဿနာ ပြီးဆုံးသွားတယ်လို့လည်း ပြောပါတယ်။
အထိုးခံလိုက်ရတဲ့ ကိုစိန်ဝင်းဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာကလွဲရင် ဘယ်သူမှ တစုံတရာ ထိခိုက်မှု မရှိခဲ့ပါဘူး။
Ref: ဒီဗွီဘီ
ပွင်းလင်းမြင်သာစွဲဆောင်နိုင်တဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေဖြစ်ရန် ပညာရှင်တိုက်တွန်း
August 27, 2011
အေးနိုင်
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြုပြင်ပြောင်းလဲဖို့နဲ့ ကုန်သွယ်မှု လွယ်ကူလျင်မြန်စေမယ့် အပြောင်းအလဲတွေကို လုပ်ဆောင်ဖို့ စီးပွားရေးပညာရှင် ဦးဆက်အောင်က တိုက်တွန်းလိုက်ပါတယ်။
နေပြည်တော်မှာ ဩဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ “နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ”မှာ သူပြုစုတင်သွင်းတဲ့ (မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် အရေးပါသည့် ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်မှုကဏ္ဍ) စာတမ်းမှာ ရေးသား အကြံပြုလိုက်တာ ဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လို့ နိုင်ငံပေါင်းစုံက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပိုမိုဝင်ရောက်လာအောင် မြန်မာနိုင်ငံတွင်းရှိ ရင်းနှီး မြုပ်နှံ့မှုနဲ့ ပတ်သက်တဲ့ ရေခံမြေခံ ကောင်းမွန်ဖို့ အထူးတလည် လိုအပ်တယ်လို့ ဆိုပါတယ်။
တနည်းအားဖြင့်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ အခြေအနေတွေ ရှိဖို့လိုတယ်လို့ ပြောပါတယ်။
တဆက်တည်းမှာပဲ ကြိုတင်အသိပေးခြင်း မရှိဘဲ ရှောင်တခင် ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်တာတွေကိုလည်း ရှောင်ကြဉ် သင့်တယ်လို့ အကြံပြုထားပါတယ်။
မိမိတို့ရဲ့ နောင်လာနောက်သားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ လိုအပ်ချက်တွေကို ထိခိုက် လျော့ ပါးမှု မရှိဘဲ လက်ရှိ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်တဲ့ ကုန်သွယ်မှုကို မြှင့်တင်သင့်တယ်လို့ ဆိုပါတယ်။၏ စီးပွားရေး ကဏ္ဍ တခုတည်း မဟုတ်ဘဲ လူမှုရေးကဏ္ဍနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေးတို့ ဟန်ချက်ညီညီ တိုးတက်မှသာ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ရမှာဖြစ်တယ်လို့ အကြံပေးထားပါတယ်။
ပညာရှင်ဦးဆက်အောင်က ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေး အကျပ်အတည်းကာလ-မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုကျသလို အာဆီယံ နိုင်ငံတွေမှာလည်း ရင်းနှီးမှုကျတယ်ဆိုတာကို ဥပမာပေးပြီး ဗီယက်နမ်နိုင်ရဲ့ ဆောင်ရွက်ချက်ကြောင့် ရင်းနှီးမြှုပ်နှံမှု တဟုန်ထိုး တိုးတက်ခဲ့ပုံကို မြန်မာပြည်နဲ့ ဥပမာပေး နှိုင်းယှဉ်ပြထားပါတယ်။
ထုတ်ကုန်နဲ့ ပတ်သက်လို့တော့ မြန်မာရဲ့ အဓိကထုတ်ကုန်တွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊ အထည်အလိပ်၊ သစ်နဲ့ သစ်ချောထည်၊ ငါးပုစွန်စတဲ့ ရေထွက်ပစ္စည်းနဲ့ ပဲမျိုးစုံသာ ဖြစ်နေပြီး သဘာဝအရင်းအမြစ်တွေကို အားထားနေရတယ်လို့ တင်ပြထားပါတယ်။
မြန်မာ့ထုတ်ကုန်ကဏ္ဍရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ တရုတ်၊ အိန္ဒိယ၊ ထိုင်း သုံးနိုင်ငံကိုသာ အားကိုးနေရပြီး အဲဒီထဲက နိုင်ငံ တခုခုက ပြဿနာတခုခု ကြုံရရင် စားသုံးမှုနည်းခြင်း၊ သွင်းကုန်လျော့ခြင်း စတဲ့ ဂယက်တွေဟာ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ကဏ္ဍကို သိသိသာသာ ထိခိုက်စေနိုင်ခြင်းဟာ ပိုမို စိုးရိမ်စရာ ကောင်းတယ်လို့ ပညာရှင် ဦးဆက်အောင်က ထောက်ပြထားပြီး နိုင်ငံရဲ့ ထုတ်ကုန်ဈေးကွက်ကို ဒီထက်ချဲ့ထွင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း တင်ပြထားပါတယ်။
Ref: ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပုံနှိပ်ဖော်ပြခွင့် မရသေး
28 သြဂုတ် 2011
ကိုရန်နိုင်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးသွားဆောင်းပါး တပုဒ်ကို ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြဖို့ စာပေစိစစ်ရေးကနေ ခွင့်ပြုချက် တောင်းခံခဲ့ရာ ပထမအကြိမ်မှာ ခွင့်ပြုချက် မရခဲ့ပါဘူး။ ပြည်သူ့ခေတ် ဂျာနယ် တာဝန် ရှိသူကတော့ ဒီဆောင်းပါးကို ပုံနှိပ်ထုတ်ဝေခွင့် ရဖို့အတွက် စာပေစိစစ်ရေးကို ထပ်မံ တင်ပြသွားမယ်လို့ ဗွီအိုအေကို ပြောပါ တယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင် လတွေအတွင်း သွားရောက်ခဲ့တဲ့ ပုဂံခရီးစဉ်နဲ့ ပတ် သက်ပြီး ခရီးသွား မှတ်တမ်းဆောင်းပါးကို စာပေစိစစ်ရေးက အခုချိန်ထိ ဖော်ပြခွင့် မပြုသေးဘဲ ဖြစ်နေပါတယ်။ ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တခုဖြစ်တဲ့ ပြည်သူ့ခေတ် ဂျာနယ်က အဲဒီဆောင်းပါးကို ပြီးခဲ့တဲ့ တပတ်ကျော်က စာပေစိစစ်ရေးက ပုံနှိပ်ထုတ်ဝေဖို့ ခွင့်မပြုခဲ့ဘူးလို့ ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာ ဦးဖေမြင့်က ပြောပါတယ်။
“ကျနော်တို့က အရင်တပတ်ကျော်လောက်က တင်တာဗျ။ အရင်တကြိမ်တုန်းက ကျနော်တို့ မရဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်တဲ့ ဟာတွေပေါ့ဗျာ။ အဲဒါတွေကို ပေးတန်သလောက် ပေးတဲ့ဟာလည်း ပေးတယ်၊ မပေးတဲ့ဟာလည်း မပေးဘူး။ စိစစ်ရေးမှာတော့ သူ့ဘာသာသူ သတ်မှတ်ချက်တွေတော့ ရှိပါလိမ့်မယ်နဲ့ တူတယ်။ အဲဒီတော့ အဲဒါတွေအရ မပေးနိုင်သေးလို့ စောစောက မပေးတာလို့ ထင်တယ်ဗျ။”
ပြည်တွင်း သတင်းဂျာနယ် တချို့နဲ့ တချို့ အင်တာနက် စာမျက်နှာတွေမှာတော့ ဒီဆောင်းပါးကို စာပေစိစစ်ရေးက ခွင့်ပြု လိုက် ပြီဆိုပြီး ပြောဆိုတာတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိတော့ စာပေစိစစ်ရေးကို ခွင့်ပြုချက်ရဖို့ ပြန်မတင်ရ သေးဘူးလို့ ဆရာ ဦးဖေမြင့်က ပြောပါတယ်။ ဒါပေမဲ့ လာမယ့်ရက်ပိုင်းတွေ အတွင်းမှာ ခွင့်ပြုချက် ရနိုင်ဖို့အတွက် ထပ်ပြီး ကြိုးပမ်းသွားမယ်လို့ သူက အခုလို ပြောပါတယ်။
“ကျနော်တို့ ပထမ တင်တယ်ဗျာ။ တင်တဲ့ဟာကို အဆင်မပြေဘူးပေါ့ဗျာ။ အဆင်မပြေတော့ ကျနော်တို့က ပြန်မတင်ရသေးဘူးဗျ။ အခုမှ ခင်ဗျားတို့ ပြောကြ ဆိုကြတယ်ဗျာ၊ အဲဒါကို ခွင့်ပြုတယ်တို့ ဘာတို့ဆိုတာ၊ ကျနော်တို့ကလည်း မမေးရသေးဘူးဗျ စိစစ် ရေးရုံးကို။ မမေးရသေးတဲ့ အခါကျတော့ မနက်ဖြန် တနင်္လာနေ့ကျမှပဲ မေးမြန်းကြည့်ပြီး အခြေအနေကြည့်ပြီး အဲဒါကို တင်သင့် တယ်ဆိုရင် တင်မှာပေါ့ဗျာ။ တင်ရင်တော့ ကျနော်တို့က မူလစာကို တင်မှာပေါ့လေ။ အဲဒီသဘောပါပဲ၊ ကျနော်တို့က အဲဒီအတိုင်း ပဲ တင်မှာပါ။”
ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာ ဦးဖေမြင့် ပြောသွားတာ ဖြစ်ပါတယ်။
ဒီဆောင်းပါးဟာ ပြည်တွင်းထုတ် ဂျာနယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပေးပို့တဲ့ ဆောင်းပါးလည်း ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေထဲက တနိုင်ငံအဖြစ် စာရင်းသွင်းခံထားရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နအဖ စစ်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုင်တဲ့ သတင်းတွေနဲ့ နိုင်ငံရေးသတင်း စတာ တွေကို ပြည်တွင်း သတင်းဂျာနယ်တွေမှာ ဖော်ပြတာတွေကို အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ် တားမြစ် ထိန်းချုပ် ထားခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်မြောက်လာပြီးတဲ့ နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုင်တဲ့ သတင်းတွေကို ပြည်တွင်း သတင်းဂျာနယ်တွေမှာ မကြာခဏ ဆိုသလို ဖော်ပြတာတွေ ရှိလာ ခဲ့တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးသွားဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ရဖို့ ခွင့်ပြု ချက် မရသေးပေမဲ့လည်း ဂျပန်နိုင်ငံထုတ် မိုင်နိချိ သတင်းစာမှာ မြန်မာပြည်ကပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ် ဘာသာနဲ့ ဆောင်းပါးတွေ ရေးသားနေတာတွေမှာ ပုဂံဘုရားဖူး ခရီးစဉ်အကြောင်း ရေးသားထားတဲ့ ဆောင်းပါး ၂ စောင်ကို မိုင်နိချိ သတင်းစာက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
အီရတ် ဗလီအတွင်း အသေခံ ဗုံးခွဲ
28 သြဂုတ် 2011
အီရတ်နိုင်ငံ ဘဂ္ဂဒက် (Baghdad) မြို့တော်က အကြီးဆုံး ဆူနီဗလီတခုမှာ ရာမန်ဒန် ဥပုသ်လအတွက် အထူးဝတ်ပြု ဆုတောင်း မှုတွေ ကျင်းပနေချိန် ဗလီထဲမှာ အသေခံ ဗုံးခွဲသမားတဦးက သူ့ဘာသာသူ ဖောက်ခွဲပစ်ခဲ့တာကြောင့် လူ ၂၈ ဦး သေဆုံးပြီး တခြား ၃၇ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဖောက်ခွဲမှုက ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ ခေါင်းမိုးခုံးအပြာနဲ့ Um al-Qura ဗလီမှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိတွေက ပြောကြပါတယ်။
နိုင်ငံအနောက်ပိုင်း အန်ဘာ (Anbar) ပြည်နယ်က ဆူနီအမတ်တဦးဖြစ်တဲ့ မစ္စတာ ခါလစ် အယ်လ် ဖာဒါဝီ (Mr. Khalid al-Fahdawi) လည်း သေဆုံးသူတွေထဲ ပါသွားတယ်လို့ ပြည်ထဲရေး အရာရှိတွေက ပြောတာပါ။
ရာမန်ဒန် ဥပုသ်လကုန်ဖို့ ရက်ပိုင်းအလိုမှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပွားတာဖြစ်ပြီး ဘယ်သူကမှ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာ လို့ ပြောမလာသေးပါဘူး။ တနေ့တည်းပဲ နောက်ထပ် တိုက်ခိုက်မှု တခုကြောင့်လည်း လူ ၄ ဦးမက သေဆုံးသွားရပါတယ်။
အီရတ်နိုင်ငံမှာ အကြမ်းဖက်မှုတွေက ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အဆိုးဆုံးဖြစ်ပြီး အခုထိတော့ တိုက်ခိုက်မှုတွေ အဖြစ်များ နေဆဲပါပဲ။ အမေရိကန်တပ်တွေ ဒီနှစ်ကုန်မှာ အီရတ်က ရုပ်သိမ်းသွားတဲ့အခါ လုံခြုံရေးအတွက် အီရတ်တို့ သေချာ တာဝန်ယူ နိုင်ပါ့မလား ဆိုတာကို ပူပန်ကြောင်း အမေရိကန်နဲ့ အီရတ် အရာရှိတွေက ပြောနေကြပါတယ်။
Ref: ဗွီအိုအေ
အိန္ဒိယ အစာငတ်ခံ ဆန္ဒပြမှု ပြီးဆုံး
28 သြဂုတ် 2011
အိန္ဒိယနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တင်းတင်းကျပ်ကျပ် ချမှတ်ဖို့ တောင်းဆိုချက်တွေထဲက တချို့တဝက် လိုက်လျောပါမယ်လို့ လွှတ်တော်က သဘောတူလိုက်ပြီးနောက်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ တက်ကြွ လှုပ်ရှားသူဟာ သူ့ရဲ့ ဆန္ဒပြမှုကို အဆုံးသတ်လိုက်ပါတယ်။
အဂတိလိုက်စားမှုကို နိုင်ငံတခုလုံး အမျက်ဒေါသ ထွက်စေအောင် လှုံ့ဆော်ခဲ့တဲ့ မစ္စတာ အန်နာ ဟာဇာရီ (Mr. Anna Hazare) ဟာ နယူးဒေလီ (New Delhi) က လေဟာပြင် တနေရာမှာ အစာငတ်ခံ ဆန္ဒပြနေတာကို တနင်္ဂနွေနေ့ကပဲ အဆုံးသတ်လိုက်ပြီး ကလေးငယ် ၂ ယောက် တိုက်ကျွေးတဲ့ အုန်းရည်နဲ့ ပျားရည်ကို သောက်ခဲ့ပါတယ်။ သူက အစာမစားဘဲ ၁၃ ရက်ကြာ နေခဲ့တာ ဖြစ်ပါတယ်။
ပိုတင်းကျပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအတွက် အခြေခံပုံစံကို ရေးဆွဲဖို့ သူတောင်းဆိုတဲ့ အထဲက အချက် ၃ ချက်ကို ဆွေးနွေးပါမယ်လို့ အစိုးရက သဘောတူခဲ့တာကြောင့် အသေခံမယ်ဆိုပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့ မစ္စတာ ဟာဇာရီက သူ့ရဲ့ ဆန္ဒပြမှုကို ရပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့တိုက်ပွဲ မပြီးဆုံးသေးပါဘူး၊ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ ကြိုးပမ်းနေတာတွေကို ရပ်လိုက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
သူ့ကို ထောက်ခံသူတွေက ဝန်ကြီးချုပ် အပါအဝင် အစိုးရရဲ့ အဆင့်တိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝ လုပ်ဆောင်ခွင့် ရစေချင်တာ ဖြစ်ပါတယ်။
အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် မစ္စတာ ဟာဇာရီဟာ ကိုယ်လေးချိန် ၁၅ ပေါင်ကျော် ကျသွားပေမဲ့ ကျန်းမာရေး တော့ ကောင်းပုံရပါတယ်။ သူ့ကို အခုတော့ ဆေးရုံတင်ထားပြီး အစာကို တဖြည်းဖြည်းချင်း ပြန်ကျွေးမှာ ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
အိုင်ရင်းန်မုန်တိုင်း နယူးယောက်မြို့ကို ၀င်ပြီး အားလျော့
28 သြဂုတ် 2011
အမေရိကန်နိုင်ငံ အရှေ့ဘက်ခြမ်း တလျှောက်လုံးကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အိုင်ရင်းန် (Hurricane Irene) ဟာ အင်အားပျော့ပြောင်းတဲ့ မုတ်သုံမုန်တိုင်းအဖြစ် ပြောင်းလဲသွားပါပြီ။ ဒါပေမဲ့ နယူးယောက်မြို့ကို ဖြတ်သွားတဲ့ အချိန်မှာတော့ မိုးသည်းပြီး အင်အားပြင်းတဲ့ မုန်တိုင်းတခု အဖြစ်နဲ့ ဖြတ်သွားခဲ့ပါတယ်။
မုန်တိုင်း စတင်ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ စနေနေ့ အစောပိုင်းတုန်းကတော့ မြောက်ကာရိုလိုင်းနား (North Carolina) ပြည်နယ် ထဲကို တနာရီ မိုင် ၈၀ ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့အတွက် သစ်ပင်တွေကြိုးကျ၊ လျှပ်စစ်မီးတွေ ပြတ်တောက် ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၈ ဦး သေဆုံးခဲ့သလို ကုန်းကြောင်း၊ လေကြောင်း ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ မိုးရွာပြီး မြေကြီးတွေ ပျော့နေရာက လဲကျလာတဲ့ သစ်ပင်တွေ ပိမိပြီး သေဆုံးကြတာ များတယ်လို့ ဆိုပါတယ်။
ဟာရီကိန်း အိုင်ရင်းန်ဟာ နယူးယောက်မြို့ကို ၀င်ရောက် တိုက်ခတ်တဲ့ အချိန်မှာ အင်အားပြင်းပြီး တနာရီ မိုင် ၇၀ နှုန်းလောက် ရှိမယ်လို့ အမျိုးသား ဟာရီကိန်း လေ့လာစောင့်ကြည့်ရေး ဌာနက ခန့်မှန်းထားခဲ့တာပါ။ နယူးယောက်မြို့မှာရှိတဲ့ မိုးမျှော် အဆောက်အဦးတွေဟာလည်း အောက်ထပ်တွေထက် အပေါ်ထပ်က မုန်တိုင်းဒဏ်ကို ပိုခံရနိုင်တယ်လို့ မိုးလေ၀သ ပညာရှင် တွေက ပြောပါတယ်။
မုန်တိုင်းနဲ့ ပါလာတဲ့ မိုးဒဏ်ကြောင့် နယူးယောက်မြို့ အတွင်းကိုလည်း ရေတွေ ၂ လက်မခွဲလောက်အထိ ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် မန်ဟက်တန်အတွင်း ရေကြီးပြီး လူတွေ အတော်လေး ဒုက္ခရောက်နိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်း ကြောင့် နယူးယောက်မြို့က မြေအောက် မြို့ပတ်ရထားလမ်းတွေလည်း မနေ့ကတည်းက ပိတ်ထားခဲ့ရပြီး ဖြစ်ပါတယ်။
နယူးဂျာစီ (New Jersey) ပြည်နယ်အတွင်းက ကမ်းရိုးတန်းဒေသ တလျှောက်မှာလည်း ရေကြီးနိုင်တဲ့အတွက် အဲဒီဒေသမှာ ရှိတဲ့သူတွေကို ပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်စ် ခရစ်စ်တီး (Chris Christie) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Ref: ဗွီအိုအေ


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88