2012-05-13
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က သီးနှံစိုက်ပျိုးထားတဲ့ ခြံမြေဧက ၂၀ ခန့်ကို ဆက်သွယ်ရေး အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးနေတဲ့ အ တွက် ပိုင်ရှင်ဒေသခံပြည်သူ စိုက်ပျိုးထားဆဲ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးကုန်ပြီး၊ မြေယာမဲ့ဘ၀ ကို ရောက်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ခုတ်ထွင်ခံနေရတဲ့ မြေနေရာတွေကတော့ ကလောမြို့ရဲ မြောက်ဘက်က မြင်းကကျေးရွာအနီးမှာ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံနဲ့ ထောပတ်ခြံ မြေဧက ၂၀ ကျော်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ အလုပ်သမား ၁၅ ဦးခန့်က ၀င်ရောက်ရှင်းလင်းနေတာ ဖြစ်တာလို့ ဒေသခံပြည်သူတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ကလောမြို့ NLD အဖွဲ့ဝင် ဦးဖိုးချိုက အာအက်ဖ်အေကို ပြောပါတယ်။
"မြင်းကမှာ ရွာခံတွေ စိုက်ပျိုးထားတဲ့ လိမ္မော်ပင်တွေက ကြီးနေပြီ၊ အဲဒါကို ဆက်သွယ်ရေး ဒုညွန်မှူးက ခိုင်းလို့ဆိုပြီးတော့ အခုကလောမှာရှိတဲ့ ဆက်သွယ် ရေး သူတို့ဝန်ထမ်း ဦးမျိုးအောင်ဆိုတဲ့လူက လိုက်လုပ်ပေးနေတာတဲ့။ အလုပ်သမားတွေ လာပြီး ၀င်ရမ်းတာ၊ အဲဒီတော့ ရွာသားတွေက မယက ဥက္ကဋ္ဌကို သွားပြောတယ်၊ သစ်တောကို အကြောင်းကြားတယ်၊ ဒါပေမယ့် အုပ်ချုပ်ရေးမှူးကတော့ သူတို့ကို ပြောလိုက်တယ်တဲ့။ အုတ်နံရံနဲ့ ခေါင်းနဲ့ သွားမတိုက် လိုက်နဲ့ပေါ့နော်၊ ကိုယ်ပဲရှုံးမယ်ဆိုပြီး ပြောလိုက်တယ်တဲ့၊ အပင်က တစ်ယောက် တစ်ယောက်ကို လိမ္မော်ပင်တွေက ထောင်ဂဏန်းရှိတယ်။ အဲဒီ ရွာသား တွေကို သူတို့လုနေတာ သွားလည်းမတားနဲ့လို့ အဲဒီ ရပ်ကွက်ဥက္ကဋ္ဌ မနေ့က လာပြောတယ်တဲ့။ သူတို့ လိမ္မော်ခြံ ထောပတ်ပင်တွေလည်း ၀င်ခုတ်ခံရသေး တယ်။ သွားတားလို့ရှိရင် အဖမ်းခံရမယ်လို့ ပြောလွတ်လိုက်တယ်တဲ့။"
ခြံမြေပိုင်ရှင် ၅ ဦးကတော့ မြင်းကကျေးရွာက ဦးစိုးဝင်း၊ ဦးဇော်ဝင်း၊ ဦးကင်း၊ ဦးစိုးဝင်းနိုင်၊ ဦးမောင်နီတို့ ဖြစ်ပြီး ဒီမြေတွေဟာ ဘိုးဘွားလက်ထက်ကတည်းက မိရိုးဖလာ လုပ်ကိုင်လာနေတဲ့ မြေနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သီးနှံစိုက်ပျိုးထားတဲ့ မြေနေရာတွေကို ဒေသခံပြည်သူတွေ ပြန်လည်ရရှိနိုင်ဖို့အတွက် သက်သေ အထောက်အထားတွေ ရယူထားပြီး မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင် အပါအ၀င် နေပြည်တော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုင်ကြားတင်ပြသွားမယ်လို့ ဦးဖိုးချိုက ဆက်ပြောပါတယ်။
ကလောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကိုင်ဖြေဆိုသူ ၀န်ထမ်းအမျိုးသမီးတစ်ဦးက ဒီအကြောင်းနဲ့ပတ်သက်ပြီး မသိရှိကြောင်း၊ အုပ်ချုပ်ရေးမှူး မရှိကြောင်း အာအက်ဖ်အေကို ဖြေကြားခဲ့ပါတယ်။
Ref: အာရ်အဖ်အေ
Monday, May 14, 2012
ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး
ပြည်တွင်း လူမှုကူညီရေး အမေရိကန်ရောက် မြန်မာတွေ ရန်ပုံငွေရှာဖွေပွဲ ကျင်းပ
2012-05-12
မြန်မာပြည်သားချင်း ရိုင်းပင်းကူညီစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရှိကြတဲ့ ပြည်သူ့ဂုဏ်ရည်အသင်း အဖွဲ့ဝင် တွေဟာ ပြည်တွင်းက လူမှုအထောက်အကူပြု လုပ်ငန်းတွေကို ကူညီပံပိုးဖို့ ရန်ပုံငွေရှာဖွေပွဲတွေကို အပတ်စဉ် ကျင်းပနေပါတယ်။
ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်ပြီး လူမှုရေးလုပ်ငန်းတွေကို အကျိုးရှိရှိ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို နိုင်ငံခြားရောက် မြန်မာတွေက ၀ိုင်းဝန်း ကူညီလိုတဲ့ ဆန္ဒနဲ့ အခုလို ရန်ပုံငွေရှာဖွေပွဲတွေကို ကျင်းပတာ ဖြစ်တယ်လို့ မနေ့က ၀ါရှင်တန်ပြည်နယ် Seattle မြို့မှာ ကျင်းပတဲ့ပွဲကို စီစဉ်သူတစ်ဦးဖြစ်သူ ဒေါ်မိုနဟန် (Mona Han) က အခုလိုပြောပါတယ်။
" ဒီနေ့ပွဲမှာ ကျွန်မတို့ ပထမဦးဆုံး တစ်နာရီကတော့ ဈေးရောင်းပွဲ၊ ကျွန်မတို့ အရင်းရော အမြတ်တွေအားလုံးကို နာရေးကူညီမှုအသင်းကို ကူညီထောက်ပံ့ ပေးဖို့ အကြံအစည်ရှိပါတယ်။ နောက် အမေရိကန် Seattle က အရမ်းကို မြန်မာပြည်အတွက်ကို Activist တွေ အရမ်းများတယ်။ ဗမာပြည်အတွက် အကူ ညီပေးတဲ့ seattle burma round table ဆိုတာလည်း ကျွန်မတို့ရဲ့ အဖွဲ့အစည်း၊ နောက်ဒီမြန်မာဘုန်းကြီးကျောင်း နှစ်ခု၊ အားလုံး မြန်မာနိုင်ငံသားတွေရော မြန်မာနိုင်ငံ လွတ်လပ်မှုကို ကြိုးပမ်းနေတဲ့ အမေရိကန် နိုင်ငံသားတွေရော ဖိတ်ပြီးတော့ ကျွန်မတို့ အင်္ဂလိပ်လိုနဲ့ မြန်မာလို ဒီအခမ်းအနားကို ပြိုင်တူလုပ်တာ ဖြစ်ပါတယ်"
Seattle မြို့မှာ ကျင်းပတဲ့ ရန်ပုံငွေ ရှာဖွေပွဲကို အနီးအနားက မြို့တွေဖြစ်တဲ့ Oregon နဲ့ ကနေဒါနိုင်ငံဘက်ခြမ်းက မြန်မာနိုင်ငံသားတွေလည်း ပါဝင်ကူညီ ကြပါတယ်။
၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် ငါးဦးအဖြစ် ကချင်လူငယ် လဖိုင်နော်မန်း၊ ရှေ့နေဦးဖိုးဖြူ၊ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတ ဂေဟာ၊ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ စာရေးဆရာမ သန်းမြင့်အောင် (နာရေးကူညီမှုအသင်း) တို့ ပါဝင်ကြောင်း ကြေ ညာထားပါတယ်။
ဆုပေးပွဲကိုတော့ မေလ (၂၇) ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမှာပါ။ ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၀၉ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အမေရိကန် ပြည်ထောင်စုသာမက ဂျပန်၊ ကိုးရီးယားနိုင်ငံတွေရောက် မြန်မာတွေလည်း ပါဝင်လာကြပါတယ်။
Ref: အာရ်အဖ်အေ
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ်ရောက်ရှိ
2012-05-12
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို ဒီနေ့သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံဟောပြောခဲ့ပါတယ်။
ဒီနေ့ အစီအစဉ်မှာ ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ကြိုတင်စီစဉ်ထားတဲ့ မြောင်းမြဘုန်းကြီးကျောင်းမှာ ဟောပြောခွင့် မရတဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တွေရော ပြည်သူတွေကပါ ပုသိမ်မြို့နယ် NLD ရုံးကို စီတန်း လမ်းလျှောက်သွားခဲ့ပြီး အဲဒီ NLD ရုံးမှာပဲ ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီခရီးမှာ လိုက်ပါသွားတဲ့ ကိုထွန်းမြင့်အောင်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ခရီးစဉ်တလျှောက် ကြုံရတာက ပုသိမ်တစ်ခုထဲက အဲဒီလိုမလုပ်ရဘူးလို့ ဒေသခံ အာဏာပိုင်တွေကနေပြီးတော့ တားတာဆီးတာ လုပ် တယ်ဗျ။ နောက်ဆုံးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုပဲ မြောင်းမြ ဘုန်းကြီးကျောင်းကနေပြီးတော့ လမ်းလျှောက်ပြီးတော့ ဒီမှာပဲ အားလုံး လုပ် လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန်းကလည်း ကျဉ်းကျဉ်းလေး၊ ပြည်သူတွေကလည်း အများကြီးပါပဲ။ ပုသိမ်မြို့ခံတွေကရော ရွာတွေကပါ တက်လာ ပြီးတော့လေ သူတို့ရဲ့ အခက်အခဲတွေ အထူးသဖြင့် လယ်ယာ ပြဿနာတွေ၊ ဧည့်စာရင်း ပြဿနာတွေ အဲဒါတွေ ပြောကြတယ်။"
တဆက်တည်းမှာပဲ ချောင်းသာနဲ့ ငွေဆောင်က လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ အခက်အခဲတွေကို လေ့လာခဲ့ ကြတယ်လို့ ဆိုပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ လူထုတွေ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာဖို့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုတဲ့ လှုပ်ရှားမှုကို တောက်လျှောက် ဆောင်ရွက်နေရာမှာ အခုဆိုရင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း ဒေသတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
ထိုင်း မြန်မာနယ်စပ် ဂိတ်များ ဒီကေဘီအေ ပြန်ဖွင့်ပေး
2012-05-12
သီတင်းပတ် နှစ်ပတ်လောက် ကြာအောင် ပိတ်ထားခဲ့တဲ့ ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ( ဒီကေဘီအေ ) က ပြန်ဖွင့်ပေးလိုက်ပြီလို့ ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။
ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားပွယ်ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးကိစ္စ ပတ်သက်မှု ရှိတယ်ဆိုပြီး ဆုငွေနဲ့တကွ ဖမ်းဝါး ရမ်းထုတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီကေဘီအေ ထိန်းချုပ်နယ်မြေအတွင်းက နယ်စပ်ကုန်သွယ်ရေး ဂိတ် (၁၂) ခုကို ဗိုလ်ချုပ် စောလားပွယ်က ပိတ်ဆို့ လိုက်ပါတယ်။ အခုတော့ အဲဒီ ဂိတ်တွေကို ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
အဲဒီလို ပြန်ဖွင့်ပေးလိုက်တာဟာ မြန်မာဘက်ခြမ်းက ထိုင်းလုပ်ငန်းရှင်တွေရဲ့ တောင်းပန်ချက်ကြောင့် ဖြစ်ကြောင်း ဗိုလ်ချုပ် စောလားပွယ်ရဲ့ အနီးကပ် လက်ထောက်တစ်ယောက်ဖြစ်သူ ဗိုလ်တိုးကို ကိုးကားပြီး ဘန်ကောက်ပို့စ် က ဖော်ပြပါတယ်။
မြန်မာအရာရှိကြီးတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် စောလားပွယ်နဲ့ ပြောဆို ဆွေးနွေးခဲ့ကြပေမဲ့၊ အတင်းအကြပ် ဖိအားပေးတာမျိုးတော့ မရှိ ကြောင်း၊ ဒီနယ်မြေကို ကြည့်ရှုဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့် ပေးးထားပြီးဖြစ်ကြောင်း၊ ထိုင်းလုပ်ငန်းရှင်တွေနဲ့ မြန်မာဘက်က လယ်သမားတွေ မထိခိုက်စေလို တဲ့ အတွက် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးတာ ဖြစ်ကြောင်းလည်း ဗိုလ်တိုးက ပြောပါတယ်။
ထိုင်း အမှတ် (၃) တပ်မတော်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကလည်း သူတို့အနေနဲ့ မူးယစ်ဆေးဝါးကိစ္စမှာ ဗိုလ်နှုတ်ခမ်းမွှေး ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက် အထား မတွေ့ရကြောင်း၊ အနောက်ဘက် နယ်စပ်ဟာ မူးယစ်ဆေး အခြေစိုက်တဲ့နေရာ မဟုတ်ဘဲ လူမှောင်ခိုကိစ္စသာ ရှိကြောင်း၊ ဒီကေဘီအေဟာ နယ်မြေ တည်ဆောက်ရေးလုပ်ငန်းနဲ့ သတ္တုတွင်းလုပ်ငန်းတွေကရတဲ့ အခွန်ငွေနဲ့ အဓိက ရပ်တည်နေတာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ က ဖော်ပြပါတယ်။
Ref: အာရ်အဖ်အေ
ကေအိုင်အိုအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆို
2012-05-12
မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတာတွေကို လာမယ့် ဇွန်လ (၁၀) ရက်နေ့အထိ မရပ်တန့်ရင် အပစ်အခတ် ရပ်စဲထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ ပဏာမ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအပေါ် ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ UNFC အဖွဲ့ဝင်တွေဟာ မေလ (၈) ရက်နဲ့ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း SSA တပ်မတော်နဲ့ ရှမ်းပြည်တောင်ပိုင်း SSDP တပ် အပါအ၀င် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဝင်တွေ တက်ရောက် ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက -
"ကျွန်တော်တို့ ဒီအပစ်ရပ်ထားတဲ့ UNFC အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသတဲ့ အနေနဲ့ အပစ်ရပ်ထားတဲ့ သဘောတူညီချက် တာဝန် ရှေ့လုပ်ရမည့် လုပ်ငန်းတွေကို ပြန်လည် သုံးသပ်သွားမယ်ဆိုတဲ့ ဒီဟာကို ထုတ်ဖော်တာပါ။ ကချင်မှာ အပစ်ရပ်ဖို့ပေါ့။ အပစ်မရပ်ဘူး ဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေ ဆက်ပြီးတော့ အပစ်ရပ်တာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ သဘောမျိုး၊ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ သဘောမျိုး တင်ပြတာပါ" လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေဟာ ဒေသတွင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပြီး နိုင်ငံခြား အကျိုးစီးပွားအတွက် တိုင်းရင်းသား အချင်းချင်းအပေါ် ပြင်းထန်တဲ့ စစ်ပွဲတွေ ဖန်တီးနေတဲ့အပေါ် UNFC အဖွဲ့ဝင်တွေက ကန့်ကွက်ကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ပွဲတွေ မရပ်တန့်ရင် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပိတ်ဆို့ အရေးယူထားတာတွေကို ဆိုင်းငံ့တာ၊ ရုပ်သိမ်းတာတွေ မလုပ်ဘဲ စောင့်ကြည့် အကဲခတ်ဖို့ UNFC အနေနဲ့ တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Ref: အာရ်အဖ်အေ
ဦးဝင်းတင်ဖောင်ဒေးရှင်း ဒုတိယအကြိမ် ကူညီထောက်ပံ့
2012-05-12
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဖောင်ဒေးရှင်းက ဒုတိယအကြိမ် ကူညီထောက်ပံ့ရေး အစီအစဉ်ကို ဒီကနေ့ ရန်ကုန်မြို့က တော်ဝင်နှင်း
ဆီခြံ မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီတခေါက် ထောက်ပံ့မှုမှာ လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား (၂) ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်း (၇ ) ဦးနဲ့အတူ လွတ် လပ် ရေး ကြိုးပမ်းမှုကာလက နေသူရိန်ဇာတ်ရုံ ပိုင်ရှင်ဖြစ်ခဲ့ပြီး လက်ရှိ ကျန်းမာရေး ချို့တဲ့နေသူ ဒေါ်ကြည်ကြည်ကို ကူညီထောက်ပံ့လိုက်တယ်လို့ ဦးဝင်း တင်က RFA ကိုပြောပါတယ်။
"အားလုံးပေါင်း ၉ ယောက်ရှိတယ်ဗျ။ ငွေပေါင်းက ၃၇ သိန်း ပေးလိုက်တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေပါတယ်။ လက်ရှိ အကျဉ်းကျနေတဲ့သူတွေ ပါတယ်။ ဒါ့အပြင် တစ်ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ တုန်းက လုပ်ခဲ့တဲ့ နေသူရိန်ရုံကြီးရဲ့ ပိုင်ရှင်ဟောင်း ဒေါ်ကြည်ကြည်ဆိုတဲ့ အမျိုးသမီးကို ဆေးကု နေရတဲ့အတွက် ကျွန်တော်တို့ သူ့ကိုလည်း ပေးတယ်ပေါ့။"
လားရှိုး အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုမင်းအောင်ကို ၅ သိန်းထောက်ပံ့ပြီး၊ ကလေးထောင်မှာ ရှိနေတဲ့ ကိုအေးအောင်ကို ၃ သိန်း ထောက်ပံ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတွေထဲကတော့ ဦးကြည်သန်း၊ ဦးမောင်ကြီး၊ ဦးဝင်းမောင် ခေါ် စာရေးဆရာ စောသစ်ဝေ၊ ဦးတင်ငွေ ခေါ် စာရေးဆရာ နီဟိန်း၊ ဦးသိန်းထွန်း ခေါ် ကဗျာဆရာ မောင်ရေပြာ၊ ဒေါ်ပြုံးပြုးအေးနဲ့ ကိုဇာနည်တို့ကို ထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
2012-05-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အဖြစ် သူတာဝန်ရှိတဲ့ ရန်ကုန်တိုင်း ကော့မှူး မြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ပါတယ်။
ဒါ့အပြင် ဒေသခံအုပ်ချုပ်ရေးမှူးတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိတဦး ဖြစ်တဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါ
တယ်။
"ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းကို သွားရောက် ကန်တော့အပြီး ကော့မှူး ကျေးရွာပေါင်းစုံမှာ ရှိတဲ့ ဘွဲ့ရ အလုပ်လက်မဲ့ လူငယ် ၁၅၀ ခန့်ကို ဒေါ်အောင် ဆန်းစုကြည်က တွေ့ဆုံခဲ့ပါတယ်။ သူတိုရဲ့ လိုအပ်ချက်တွေ သူတို့ ဖြစ်စေချင်တာတွေကို မေးမြန်းခဲ့ပါတယ်။ ခရစ်ယာန်၊ မူဆလင်၊ ဗုဒ္ဓဘာသာ အသင်းအဖွဲ့ တွေနဲ့ တွေ့ဆုံပြီး ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကော့မှူးမြို့နယ်ထဲမှာ ရေရှားပါးလို့ ရေရရှိရေး ပြုလုပ်ပေးနေကြသော ပညာရှင်များ၊ အလှူရှင်များနဲ့ဆွေးနွေးပါတယ်။ အဲဒီနောက် မြို့နယ် ဆေးရုံက မြို့နယ်ဆရာဝန်ကြီးနဲ့ တွေ့ပြီး ကျန်းမာရေးအတွက် ဘာတွေ ဖြည့်ဆည်းပေးဖို့ လိုသလဲလို့ မေးပါတယ်။ အခု လောလောဆယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စကားပြောနေပါတယ်။"
အခုလို ကော့မှူးဒေသခံတွေနဲ့တွေ့ဆုံပြောဆိုခဲ့ရာမှာ အထူးသဖြင့် လက်ရှိ အခက်အခဲ (၂) မျိုး တွေ့ရတယ်လို့ ဦးခွန်သာမြင့် က ပြောပါတယ်။
အဲဒါတွေကတော့ အလုပ်လက်မဲ့ ပြဿနာနဲ့ လယ်သမားတွေရဲ့ အခက်အခဲဖြစ်ပြီး ကျန်အခက်အခဲတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ခရီးစဉ်မှာ မိဘမဲ့ ကျောင်းတကျောင်းနဲ့ မူကြိုကျောင်း တကျောင်းကိုလည်း ဝင်ရောက်ကြည့်ရှုပြီး နှုတ်ဆက်စကား ပြောခဲ့ ပါတယ်။
Ref: အာရ်အဖ်အေ
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
2012-05-12
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ပေးဖို့နဲ့ မကြာခင်မှာ သံအမတ်အကြီးအဆင့် ပြန်ခန့်အပ်ဖို့ စောင့် ကြည့် နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် အထူးကိုယ်စားလှယ် မစ္စတာ ပက်ထရစ် မာဖေး (Patrick Murphy) က ပြောလိုက်ပါတယ်။
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ မြန်မာအစိုးရနဲ့ ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ လည်း ပြောပါတယ်။
ဒါပေမယ့် မြန်မာအစိုးရက ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ထဲမှာ တိုးတက်အောင် ဆောင်ရွက်ရမယ့်ကိစ္စတွေ ကျန်နေသေး တယ် လို့ မစ္စတာ မာဖေးက ပြောပါတယ်။
အရေးယူပိတ်ဆို့မှု Sanction ပိုပြီး လျှော့ပေးနိုင်ဖို့ အတွက် အမေရိကန် နိုင်ငံခြားရေးဌာနဟာ အမေရိကန် လွှတ်တော် အပါအဝင် သက်ဆိုင်ရာ အစိုးရ အရာရှိ တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မိမိတို့ ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု အားလုံးဖေါ်ပြပြီး၊ ဒီဟာတွေကို ဘယ်လိုလျှော့ပေးနိုင်မလဲ ဆိုတာ လေ့လာဆောင်ရွက်ဖို့ ရှေ့နေ အယောက် ၂၀ ပါတဲ့ အဖွဲ့ လိုအပ်တယ်လို့လည်း မစ္စတာ ပက်ထရစ် မာဖေး - က ပြောပါတယ်။
Ref: အာရ်အဖ်အေ
ရှေ့တန်းတပ်ရင်းမှာ တပ်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ
2012-05-12
စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ တွီဗန်ကျေးရွာ အခြေစိုက် ရှေ့တန်းတပ်ရင်း ခလရ (၂၆၆) မှာ မေလ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်က တပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ရဲဘော်(၂) ဦးက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အရာရှိတဦး၊ ဒုတပ်ကြပ်တဦးနဲ့ ရဲဘော် (၂) ဦး စုစုပေါင်း (၄) ဦး သေဆုံးခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ တွီဗန်ရွာမှာရှိတဲ့ တပ်ရင်းပေါ့နော်။ ညမှာ ဒုတပ်ကြပ်နဲ့ စစ်သားတွေက ရန်ဖြစ်တယ်လို့ ပြောပါတယ် ခင်ဗျ၊ ဒုတပ်ကြပ်က ရဲဘော်တစ်ယောက် ကို ပါးရိုက်လိုက်တယ်လို့ ပြောပါတယ်။ အဲဒီမကျေနပ်တော့ ဒီရဲဘော်နဲ့ သူ့သူငယ်ချင်း နောက်ရဲဘော်တစ်ယောက်တို့က ရဲဘော်၂ ယောက်ရယ်၊ ဒုတပ်ကြပ် ရယ်၊ ၂ ပွင့် ဗိုလ်တယောက်ရယ်ကို သေနတ်နဲ့ ပစ်လိုက်ပါတယ်။ ပြီးတော့ M16 ပေါ့နော်။ သေနတ်ရှည် ၄လက်ရယ်၊ ၂ ပွင့်ဗိုလ်ကိုင်ထားတဲ့ ပစ္စတို တလက် ရယ်၊ ကျဉ်ကပ်၊ ကျဉ်တောင့် (၅၀၀) ကျော်ယူပြီးတော့ ဆိုင်ကယ် ၂ စီးနဲ့ ထွက်သွားတယ်။”
ဒီလိုဖြစ်ပွားတာ ဟုတ်မှတ်ကြောင်း အဆိုပါ ရှေ့တန်းတပ်ရင်း ရုံးမှ အရာရှိတစ်ဦးက အတည်ပြု ပြောကြားလိုက်ပြီး သေဆုံးသူ တွေကတော့ ဗိုလ်ရာဇာထွေး၊ ဒုတပ်ကြပ် ထွန်းထွန်း၊ တပ်သား ဇော်ဇော်လွင်နဲ့ ဝင်းကျော်တို့ ဖြစ်ကြပြီး၊ ပစ်ခတ်ခဲ့သူတွေ ကတော့ တပ်သား အောင်ဇော်ဌေးနဲ့ လှိုင်ဝင်းကျော်တို့ ဖြစ်တယ် လို့ သိရပါတယ်။
ပစ်ခတ်သူတွေကို ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်
2012-05-12
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက် ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့  သမ္မတ ဦးသိန်းစိန် က ဒီကနေ့  ဖိတ်ခေါ်လိုက်ပါတယ်။
အခုအခြေအနေမှာ ငွေကြေး အရင်းအနှီး အပြင် လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့  နိုင်ငံခြားတိုင်းပြည် အသီး သီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့  ဆိုပါတယ်။
တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေ သာမက အလုပ် မျိုးစုံနဲ့  သွားရောက် လုပ်ကိုင်နေကြသူတွေကို ပြန်လာကြဖို့  ထပ်မံ ဖိတ်ခေါ်ကြောင်း ၊ စီးပွားရေး အလုပ်အကိုင်တွေ အတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန် ရဲ့ ပြောကြားချက်အပေါ် ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ကြိုဆိုလိုက်ပါတယ်။
"ဒါကအင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ကျွန်တော်တို့ ကတော့ ကြိုဆိုတယ်။ ကျွန်တော်တခု ပြောချင်တာကတော့ ပြည်ပမှာ ရောက်နေတဲ့ ပညာရှင်တွေ ဒါမှမဟုတ် တိုင်းပြည်အတွက် ပြန်ပြီး အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်တယ် ဆိုရင် အဲဒီသူတို့ ပြန်လာချင်လောက်တဲ့  ပြန်လာနိုင်လောက်တဲ့ အခြေ အနေမျိုးကို ဖန်တီးပေးဖို့ လိုတော့ လိုအပ်မယ် ထင်ပါတယ်။ မြန်မာပြည် အတွက်ကတော့ သူတို့ ပြန်လာမယ် ဆိုရင် ပိုပြီးအများကြီး အကျိုးရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြည်ပမှာ နိုင်ငံတကာ အဆင့်အတန်း ရှိနေတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ ပြန်လာပြီး ကိုယ့်တိုင်းပြည်မှာ လုပ်မယ် ဆိုရင် ကိုယ့်တိုင်းပြည်ကို ချစ်တဲ့ စိတ်နဲ့ ပြန်လာပြီး လုပ်တာဖြစ်မှာ၊ အဲဒီတော့ ဘာပဲပြောပြော နိုင်ငံတကာ အတွေ့အကြုံတွေ ရတဲ့ ပုဂ္ဂိုလ်တွေ တကယ့်ထဲထဲ ၀င်ဝင် ပြန်လုပ်မယ် ဆိုရင် တိုင်းပြည်က အကျိုးရှိဖို့ ပဲများပါတယ်။ အကျိုး ဆုတ်ယုတ်စရာဘာမှ မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။"
နိုင်ငံတကာက မိမိတို့ နိုင်ငံကို ကူညီထောက်ပံ့မှုများ ရင်းနှီးမြုပ်နှံလိုမှုများ ကမ်းလှမ်းလာချိန်မှာ အစိုးရ ၀န်ကြီး ဌာနများနဲ့  အစိုးရအဖွဲ့ အစည်းများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ နည်းဗျူဟာ စီမံကိန်းများ ဒေသန္တရ စီမံကိန်းများ ရေးဆွဲလုပ်ကိုင်သွားမယ်လို့  လည်း သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။
Ref: အာရ်အဖ်အေ
ရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ
2012-05-12
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းမှာ ရှိတဲ့ အောင်ရွှေဆိုင်မှာ ဒီကနေ့ မနက် (၁၂) နာရီဝန်းကျင်က လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဆိုင်ပိုင်ရှင် ကိုအောင်ထွန်းက အခင်းဖြစ်ပွားပုံကို အခုလို ပြောပါတယ်။
"ကားတစီးက ဆိုင်ရဲ့ ဟိုဘက်ကမ်းမှာရပ်ထားတာ၊ ပြီးတော့ အဲဒီပေါ် နှစ်ယောက် ဆင်းလာပြီးတော့ ဆွဲကြိုးကြည့်တယ်။ ဆွဲကြိုးကြည့်ရင်းနဲ့ တယောက်က ဆက်ဆိုယူပြီး ထွက်ပြေးတာ ကြိုးတကုန်းပါပဲ။ တစ်သိန်းကျော်လောက်ပဲ ရှိတာပါ။ တယောက်က ကားရပ်ထားတဲ့ ဟိုဘက်ကမ်း ကိုပြေးတယ်။ တယောက်က ဆန့်ကျင်ဘက်ပေါ့ဗျာ။ တဖက်ဆီပြေးတာပေါ့။"
အခင်းဖြစ်ပွားခဲ့တဲ့အောင်ရွှေဆိုင်ဟာ တောင်ဥက္ကလာပ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ရွှေဆိုင် ဖြစ်ပါတယ်။
အဲဒီ ရဲစခန်းကို လုယက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ အာအက်ဖ်အေက ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ တာဝန်ကျရဲဝန်ထမ်းက - သူ မကြားသိတဲ့ အကြောင်း၊ မေးကြည့်ပေးမယ့်အကြောင်းပြောပြီး အာအက်အေ အသံလွှင့်ဌာနကဆက်သွယ်ကြောင်း ပြောဆိုချိန်မှာ မဖြေဆိုဖို့ ညွှန်ကြားသံကို ကြားရ ပါတယ်။
အောင်ရွှေဆိုင် ပိုင်ရှင်ဖြစ်သူကတော့ လုယက်မှု ဖြစ်ပွားခဲ့ပြီး ချက်ချင်း မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်းနဲ့ အခုလို လူစည်တဲ့အချိန် အတင့်ရဲစွာ လုယက်ခံရတဲ့ အခြေအနေကို မကျေနပ်တာဖြစ်ကြောင်း အခုလို ပြောပါတယ်။
"တယောက်က ယူပြီးထွက်ပြေးတာ အဲဒီကောင်ကိုဝိုင်းဖမ်းတော့ အဲဒီကောင်က ကားပေါ်ကို တက်တယ်။ ကားသမားကို ၀ိုင်းတားတော့ ကားသမားက ဆက်မောင်းတယ်။ အဲဒီစခန်းထိပ်မှာပဲ ထွက်ပြေးသွားတဲ့ နောက်တကောင်ကိုပါ ထပ်တင်ပြီးတော့မှ အဲဒါ စံပြဈေးမှာချတယ်လို့ပြောတာပဲ။ ကားသမား လာအဖမ်းခံတော့ စခန်းကျတော့ သူ့ကိုအချွန်နဲ့ ထောက်တယ်လို့ဘာတို့ လျှောက်ပြောတာ၊ ဘာအချွန်နဲ့မှ မထောက်တာလည်း မတွေ့ပါဘူး ဒဏ်ရာလည်း မတွေ့ဘူး။ လုပ်ပုံကတော့ဗျာ၊ ပေါင်းပြီးချတာပါပဲ။ တန်ဖိုးက အဓိကမဟုတ်ဘူး။ လုပ်ပုံက လာပြီးတော့ ဗြောင်ကျကျကြီးလုပ် သွားတာ။ ဂတ်ရှေ့မှာဗျ။"
အောင်ရွှေဆိုင်ထဲဝင်ပြီး ဆွဲကြိုးလုယက်သူ နှစ်ယောက် အပါအ၀င် ကားသမားနဲ့ (၃) ဦးဟာ အသက် ၃၀ အောက် အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါ တယ်။ ဆိုင်ပိုင်ရှင် ကိုအောင်ထွန်း က တောင်ဥက္ကလာပ ရဲစခန်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
RNDP ပါတီညီလာခံ မေလကုန်တွင် ကျင်းပမည်
မေလ ၁၂ ရက် ၂၀၁၂ ခုနှစ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကို မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စစ်တွေမြို့ရှိ ပါတီ ဌာနချုပ် တွင် လေးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။
အဓိကအားဖြင့် ပါတီစည်းရုံးရေးအတွက် ရည်ရွယ်ကာ ညီလာခံ ကျင်းပရခြင်းဖြစ်ကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြောသည်။
“ပါတီ စနစ်တကျဖြစ်ဖို့ ညီလာခံကို ကျင်းပတာပါ။ ပါတီရဲ့အားနည်းချက်တွေကို ညီလာခံမှာ အားလုံးက ပြန်လည်သုံးသပ်ပါလိမ့်မယ်။ ကျနော်တို့အတွက် ဒါက စိန်ခေါ်မှုတခုပါပဲ” ဟု မဇ္ဈိမကို ပြောသည်။
ညီလာခံသို့ ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်မှ ညီလာခံကိုယ်စားလှယ် ၅ ဦးစီ တက်ရောက်ကြမည် ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း “၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ရခိုင်ပြည်နယ်တွင်းမှာ ၀င်ရောက်ယှဉ်ပြိုင် မလား။ တိုင်းရင်းသား ပါတီတွေနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိလဲ မသိဘူး။ ဒါပေမယ့် NLD ၀င်လာမယ်ဆိုရင် အားလုံး သိတဲ့အတိုင်းပဲလေ။ အဲဒါကြောင့် ဘက်ပေါင်းစုံက ကြိုတင်ပြင်ဆင်တဲ့သဘောပဲ” ဟု ဦးဦးလှစော က ပြောသည်။
ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် အားလုံးလည်း တက်ရောက်ကြမည် ဖြစ်သည်။
RNDP အား ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၈ ဦးဖြင့် ၂၀၁၀ ခုနှစ်က မှတ်ပုံတင်ထားခဲ့ပြီး တဦး ကွယ်လွန်သွားသည့်အတွက် ၁၇ ဦးဖြင့် ရပ်တည် နေခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် RNDP သည် လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး အနိုင်ရရှိထားပြီး တဦး ကွယ်လွန်သွားခဲ့သည်။ လက်ရှိ ပါတီအား ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က တာဝန်ယူထားကာ ဒု-ဥက္ကဋ္ဌများ အဖြစ် ဦးတင်ဝင်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်တို့က တာဝန်ယူထားသည်။
Ref: မဇ္ဈိမ
ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည်
ဖနိဒါ
မေလ ၁၂ ရက် ၂၀၁၂ ခုနှစ်
ကချင်ပြည်နယ်အတွင်း ထိုးစစ်များကို ဇွန်လ ၁၀ ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်းပါက အဖွဲ့ဝင် အဖွဲ့အစည်းများ ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁၀ ရက်နေ့တွင် ထုတ် ပြန် ကြေညာလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို မေလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျင်းပကာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အား အစိုးရ၏ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိစ္စကို အလေးထားဆွေးနွေး၍ ယင်းသို့ ဆုံး ဖြတ်ခဲ့သည်။
ထိုးစစ်များ မရပ်ဆိုင်းပါက ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP စသည့် ပါတီသုံးခုက အစိုးရနှင့် လက်ရှိ ရရှိထားသည့် သဘောတူညီမှု အဆင့်များကို ပြန်လည် စဉ်းစားကြမည်ဖြစ်ကြောင်း UNFC တွဲဘက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
“အပစ်အရပ်ထားတဲ့ အထဲက ပါတီကြီး သုံးခုကတော့ လက်ရှိ ရထားတဲ့ အဆင့်တွေကို ကချင်ကို မရပ်ရင် ပြန်ပျက်ချင်လည်း ပျက်ပါစေ၊ ကျနော်တို့ ညီညွတ်ရေးပြတဲ့အနေနဲ့ တောင်းဆိုရမယ်ဆိုပြီး ဆုံးဖြတ်တာပါ။ တဖက်သတ် အင်အားသုံးတာကို ရပ်ဖို့၊ ငြိမ်းချမ်းရေးကို အဖြေရှာဖို့ တောင်းတာပါ”ဟု မဇ္စျိမက ပြောသည်။
မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာကလည်း “ထိုးစစ်ဆင်တာတွေ မရပ်ဘူးဆိုရင် သဘောတူညီ မှုတွေကို ပြန်ပြီး သုံးသပ်မယ်။ အခြေအနေ ကြည့် ပြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ရှေ့လုပ်မယ့် လုပ်ငန်းစဉ်တွေကို လည်း ပြန်လည် စဉ်းစားမယ်။ တကယ်လို့ အလုပ်မဖြစ်နိုင်ဘူး ဆိုရင်လည်း တခုခုတော့ စဉ်း စားရမယ်ဆိုတဲ့ အနေအထားမျိုးပါ” ဟု မဇ္ဈိမကို ပြောသည်။
ချင်းအမျိုးသားတပ်ဦး CNF ကိုယ်စားလှယ်များမှာ ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တွင် တွေ့ဆုံ သည့် ခရီးစဉ်အတွင်း ရောက်နေသဖြင့် အစည်းအဝေးသို့ တက်ရောက်လာနိုင်ခြင်း မရှိခဲ့ပေ။
UNFC ၏ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် “ဦးသိန်းစိန် အစိုးရနှင့် အပတ်အခတ် ရပ်စဲထားသော မိမိတို့ UNFC အဖွဲ့ဝင်များမှလည်း မဏာမ သဘောတူ ထားသော အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များကို အလေးအနက်ထားပြီး ပြန်လည် သုံးသပ်သွားရန် ဆုံးဖြတ် ထားပါသည်”ဟု ဖော်ပြထားသည်။
ထို့ပြင် ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း အစိုးရထိုးစစ်များ၏ ရည်ရွယ်ချက်မှာ “နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသည့် စီးပွားရေး လုပ်ငန်းကြီးများကို အကာအကွယ်ရေးရန်သာဖြစ်သည်။ နိုင်ငံခြားအကျိုးစီးပွား အတွက် မိမိတို့နိုင်ငံသားအချင်းချင်း ပြင်းထန်စွာ ထိုးစစ်ဆင် သတ်ဖြတ်နေခြင်းအပေါ် မိမိတို့ ဆန့်ကျင်ကန့်ကွက်သည်” ဟုလည်း ဖော်ပြပါရှိသည်။
တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်များကို ရပ်တန့်ထားရန် နိုင်ငံတော်သမ္မတ က ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၁၀ ရက်နေ့က ညွှန်ကြားထားပြီး ဖြစ်သော်လည်း KIO ဗဟိုဌာနချုပ် လိုင်ဇာ အနီးတဝိုက်တွင် အစိုးရ တပ်မ ၃၃ တပ်အင်အား ၂,၀၀၀ ခန့် လှုပ်ရှားနေပြီး အနည်းဆုံး အမြောက် လေးလက်ခန့် ချထားကြောင်းနှင့် စစ်အထောက်အကူ ပြုနိုင်ရေးအတွက် ရဟတ်ယာဉ် ခြောက်စီးခန့် အသင့်အနေအထား ပြင်ဆင်ထားမှုများရှိ သည်ဟု သိရကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော အစိုးရနှင့် KIO ကြား တိုက်ပွဲများမှာ လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် တနှစ် ပြည့်မြောက် တော့ မည် ဖြစ်သည်။ မေလ ၈ ရက်နေ့အထိ နှစ်ဘက်တိုက်ပွဲများ အကြိမ်ပေါင်း ၁,၃၀၀ ဖြစ်ပွားခဲ့ပြီးဟု သိရသည်။
အကယ်၍ ဇွန်လ ၁၀ ရက်နေ့မှစ၍ အစိုးရထိုးစစ်များ မရပ်စဲပါက “နိုင်ငံတကာမှ ကျန်ရှိနေသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပိတ်ဆို့ထားခြင်းများကို ဆိုင်းငံ့ခြင်း၊ ရုတ်သိမ်းခြင်း မပြုသေးဘဲ စောင့်ကြည့် အကဲခတ်သွားရန်” လည်း တိုက်တွန်းထားသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်ပါဝင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီအား သတိနှင့် ကြိုဆိုလိုက်သော်လည်း အစိုးရ၏ လက်ရှိမူဝါဒ များ အတိုင်း ဆက်လက်လုပ်ဆောင်မည်ဆိုပါက အောင်မြင်မည် မဟုတ်ကြောင်း ဦးခွန်ဥက္ကာ က ပြောသည်။
လက်ရှိ လုပ်ဆောင်ချက်များအတိုင်း ဆက်လုပ်သွားပြီး သဘောထားပြောင်းလဲမှု မရှိပါက လက်တွေ့ အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း နိုင်ဟံသာက ပြောသည်။
UNFC ကြေညာချက်တွင်လည်း “သမ္မတ ဦးသိန်းစိန် ပြောနေသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအနေနှင့် နိုင်ငံရေးပါတီထောင်၊ ရွေး ကောက်ပွဲဝင်၊ လွှတ်တော်တွင် ဥပဒေနှင့်အညီ အများဆန္ဒအရ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားရန်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းနည်းလမ်း မဟုတ်သဖြင့် လက်ခံ၍ ရမည်မဟုတ်ပါ” ဟု ပါရှိသည်။
UNFC ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နေသည့် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂၀၁၁ ခုနှစ် ဖေဖော် ဝါရီလအတွင်းက စတင်ဖွဲ့စည်းခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်တစ်ပါတီ NMSP၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်-SSA-N၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ငါးဖွဲ့ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စုအဆင့် ပဏမ သဘောတူ လက်မှတ် ရေးထိုးပြီး ဖြစ်သည်။
Ref: မဇ္ဈိမ
HIV ပိုးရှိသူ တသိန်းခန့် ဆေးဝါး အရေးပေါ် လိုအပ်နေ
ဖနိဒါ
မေလ ၁၁ ရက် ၂၀၁၂ ခုနှစ်
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူ ၂၄၀,၀၀၀ ခန့် ရှိသည့်အနက် တသိန်းခန့်မှာ ART ဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာစစ်နိုင် က ပြောသည်။
ယခင်က ခုနှစ်သောင်းခန့် အတွက်သာ အရေးတကြီး လိုအပ်ခဲ့သော်လည်း ယခုကဲ့သို့ ပိုမိုများပြားလာရခြင်းမှာ ယခင်က CD4 ဆဲလ်အရေအတွက် ၂ဝဝ ရှိသူများကိုသာ ART ဆေးတိုက်ကျွေးခဲ့ပြီး ယခု ၃၅ဝ ရှိသူများကိုပါ တိုက်ကျွေးရန် ပြောင်းလဲလိုက်သောကြောင့် ဖြစ်သည်ဟု ဒေါက်တာ က ပြောသည်။
“အသစ်ပေးချင်တာ ဆေးသောက်ဖို့ လိုနေတဲ့လူက အရင်တုန်းက စံနှုန်းနဲ့တွက်ရင် ခုနှစ်သောင်းလောက် လိုတာပေါ့နော်။ အခု စောစောစီးစီး ဆေးတိုက်ကြ ရအောင် ဆိုပြီး ပြောင်းလဲသွားတဲ့ စံနှုန်းနဲ့တွက်ရင် တသိန်းလောက် ဆေးသောက်ဖို့ လိုတဲ့လူ ရှိမလားလို့ မှန်းတာပေါ့” ဟု ဒေါက်တာစစ်နိုင် က ပြောသည်။
“ကွန်ပျူတာ generated volum တွေကို ရနိုင်သလောက် အချက်အလက်တွေ ထည့်ပြီးတော့ စက်ကို တွက်ခိုင်းတာ ကိုး။ သို့သော် အချိုးအစားအားဖြင့် အဲဒီလောက် ကွာတာ ရှိနိုင်တယ်။ နဂို လိုမယ်လို့ ပြောထားတာရဲ့ တဝက်လောက် ထပ်လိုသွားတာပေါ့”ဟု မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံသို့ ငှက်ဖျား၊ တီဘီ၊ HIV တို့အတွက် ထောက်ပံ့နေသော Global Fund အဖွဲ့မှ ထောက်ပံ့မှုများ ဖြတ် တောက် လိုက်ပြီးနောက် လူနာသစ်များ အား ART ဆေးဝါး မပေးနိုင်သေးကြောင်း ဒေါက်တာစစ်နိုင်က ပြောသည်။
“Global Fund ကနေပြီးတော့ ယူမယ်ဆိုပြီးလုပ်တော့ လုပ်တာ။ သူက နားသွားတော့ ထပ်ရဖို့ နည်းနည်း ခက်သွား တယ်။ ခုလောလောဆယ် အသစ်ထပ် ခေါ်ဖို့ မရှိသေးဘူး။ အခုရှိနေတာက ရလက်စ လူတွေကတော့ ထပ်ရနေတယ်။ ပေးဖို့ လူတွေက ကျန်နေသေးပေမယ့် တိုးချဲ့ဖို့က ခက်သွားတယ်” ဟု သူက ဆက်ပြောသည်။
၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလက ရန်ပုံငွေ အခက်အခဲကြောင့် Global Fund ထောက်ပံ့မှုများ မြန်မာနိုင်ငံအပေါ် ဖြတ်တောက် ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ တောင်ဒဂုံနှင့် မြောက်ဒဂုံတို့ရှိ HIV ပိုးကူးစက်ခံရသူများ ထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာတွင် ယခင် က ဝေဒနာရှင်ဦးရေ ၂၀၀ ရှိရာမှ ၃၀၀ ထိ တိုးမြင့်လာခြင်းကို ကြည့်ခြင်းအားဖြင့် ART ဆေးဝါး သောက်သုံးရမည့် သူများ အတွက် ပိုမိုခက်ခဲလာသည်ဟု ဂေဟာ တာဝန်ခံ ဒေါ်ဖြူဖြူသင်းက ပြော သည်။
“ဒီမှာတောင် တနှစ်ခွဲ နှစ်နှစ်အတွင်းမှာ သုံးလေးဆလောက် လူနာ တက်လာတယ် ဆိုတော့။ ဒါကို တွက်ကြည့်ခြင်း အားဖြင့် ကျန်တဲ့လူတွေက ဆေးမရနိုင် ဘူးဆိုတာ ပြောလို့ရတာပေါ့။ တသိန်းတောင် မကလောက်တော့ဘူး။ ဆေးပေးဖို့”ဟု သူက မဇ္စျိမကို ပြောသည်။
“ဆေးက NGO တွေကနေ ယူတာ တန်းစီရတယ်။ အရင်တုန်းက CD4 ၃၅ဝ အောက်ဆို ရတယ်။ ခုနောက်ပိုင်း ၁၅ဝ အောက် ပေးလာတယ်။ ဒီလို အကန့် အသတ်ရှိတော့ ဒီကို လာတဲ့လူတွေက CD4 ၂ဝဝ ဆေးပေးနိုင်တဲ့နေရာကို သွားရှာကြတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ် စားလှယ် တဦးလည်းဖြစ်သည့် ဒေါ်ဖြူဖြူသင်း က ဆိုသည်။
HIV ပိုးကူးစက်ခံရသူ ပိုများလာသဖြင့် ရရှိသည့် ရန်ပုံငွေနှင့် လုံလောက်မှု မရှိကြောင်း၊ မိုးတွင်းရောက်လာသဖြင့် ဂေဟာအတွင်း နေထိုင်ရန် လုံလောက်မှု မရှိသဖြင့် နေရာသစ်ပြန်လည် ရှာဖွေနေသည်ဟုလည်း ဒေါ်ဖြူဖြူသင်းကပြောသည်။
မြန်မာနိုင်ငံအတွက် ART ဆေးဝါး အများဆုံးထောက်ပံ့ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအသင်း MSF ၏ အဆိုအရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုးရှိသူ ၃ဝ,ဝဝဝ ပြည့်အောင်ပင် ဆေးဝါးကုသမှု မရရှိသေးဟု ဆိုသည်။
“ကျမတို့မှာ လူနာတွေကို ငြင်းပဲငြင်းနေရတယ်။ ပိုပြီး ရောဂါဆိုးပြီး သေဆုံးသွားကြရမယ်ဆိုတာ ကျမတို့ သိပါတယ်” ဟု MSF မှ တာဝန်ခံ Dr. Maria Guevara အား ကိုးကား၍ ဂါးဒီယန်း သတင်းစာကြီးတွင် ရေးသားထားသည်။
ဆရာဝန်များအနေနှင့် ဆေးဝါးများကို ခွဲတမ်းစနစ်ဖြင့် ပေးနေရကာ အခြေအနေ အဆိုးဆုံး ဝေဒနာသည်များကိုသာ ဆေးညွှန်းရေးပေးနေရသည် ဟုလည်း ဆိုသည်။
ရောဂါရင့်မှ ဆေးခန်းရောက်လာ၍ သေဆုံးကြရသူ နှုန်းမှာလည်း ၂ဝ၁၁ ခုနှစ်အတွင်း ၂၅ ရာခိုင်နှုန်း ရှိလာကြောင်း MSF က ဆိုသည်။ ကုလသမဂ္ဂ ၂ဝဝ၉ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုး ကူးစက်ခံပြီး နှစ်စဉ် လူ ၁၈,ဝဝဝ ခန့် သေဆုံးနေသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၃၃ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုအောက် ရောက်နေရသဖြင့် တလလျှင် ဒေါ်လာ ၃ဝ ဖိုး ကုန်ကျမည့် ART ဆေးဝါးအတွက် ဝေဒနာသည်များ မတတ်နိုင်ကြကြောင်း MSF က ဆိုသည်။
အစိုးရ ကျန်းမာရေးဝန်ကြီးဌာနတွင်လည်း ဘဏ္ဍာငွေ အလွန်ကြပ်တည်းလျက်ရှိသည်။ ဌာနအတွက် လိုအပ်သော ဘဏ္ဍာငွေ၏ ၄၃ ရာခိုင်နှုန်းသာ ရရှိ ခဲ့ကြောင်း ဝန်ကြီး ဒေါက်တာဖေသက်ခင်က ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။ လိုအပ်သည်မှာ ကျပ်သန်းပေါင်း ၈,ဝဝဝ ဖြစ်သော်လည်း ကျပ်သန်း ၃,၅ဝဝ သာ ရရှိခဲ့၍ အစိုးရဆေးရုံ ဆေးခန်းများတွင် ဆေးဝါးမလုံလောက်မှု၊ လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရ သည်။
Ref: မဇ္ဈိမ
အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို
ဖနိဒါ
မေလ ၁၁ ရက် ၂၀၁၂ ခုနှစ်
ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်၊ ခဂရန်းယန် ကျေးရွာတွင် တပ်စွဲထားသော မြန်မာအစိုးရ၏ တပ်စခန်းတခုအား ကချင် လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
အစိုးရ၏ ခလရ ၁၃၈ လက်အောက်ခံ အဆိုပါတပ်စခန်းကို KIO တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့များက ကြာသပတေးနေ့တွင် တိုက်ခိုက်သိမ်းယူ လိုက် ခြင်း ဖြစ်ပြီး တိုက်ပွဲတွင် အစိုးရတပ်မှ တပ်ရင်းမှူး အပါအဝင် ခြောက်ဦး ကျဆုံးခဲ့သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ပြောသည်။
“မနေ့ညနေ ၅ နာရီကျော်လောက်မှာ အစိုးရဲ့ စခန်းတခုကို သွားတိုက်တာ သူတို့ဘက် ခြောက်ယောက် သေတယ်။ ကျနော်တို့ဘက်က တယောက် ဒဏ်ရာ ရ တယ်။ ခု အဲဒီကို ကျနော်တို့တပ်ဖွဲ့တွေ နေရာယူထားတယ်” ဟု KIA ရဲဘော်တဦးက မဇ္စျိမကို ပြောသည်။
အစိုးရဘက်မှ ကျဆုံးသူ ခြောက်ဦးတွင် ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး ပါဝင်ပြီး KIA ဘက်မှ တဦး ဒဏ်ရာသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။
သို့သော် နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူတဦးအဆိုအရ အစိုးရတပ် အင်အား ၃၅ ဦး ရှိရာ ထိုတပ်စခန်းအား KIA ဘက်မှ အင်အား ၁ဝဝ ခန့်က တိုက် ခိုက်ခဲ့ရာ အင်အားမမျှ၍ အစိုးရဘက်မှ ၆ ဦးသေဆုံးက ၈ ဦး ပျောက်ဆုံးနေ သည်ဟု သိရသည်။ အနီးရှိ လှုပ်ရှား တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သူက ဆိုသည်။
ထိုတိုက်ပွဲမှ ၆ဝ မမ တလက်နှင့် ၎င်းဗုံးသီး ၆ လုံး၊ MA‑4 စက်လက် ၁၈ လက်နှင့် ၎င်းကျည် ၂ဝ တောင့်၊ MA ကျည် ၁,ဝဝဝ၊ ဗုံးသီး ၁ဝ လုံး၊ သေနတ်တို ၁ လက်၊ စစ်ဝတ်စုံ၊ ကုလားပဲ ၉ အိတ်၊ ဆားအိတ် ၆ အိတ်၊ ဆန် တပေပါနှင့် အိတ် ၁ဝဝ တို့ KIA မှ သိမ်းဆည်းရမိသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသည်။
ဆုတ်ခွါသွားသည့် အစိုးရတပ်ဖွဲ့များမှာ မေလ ၅ ရက်နေ့က ဆွမ်ပရာဘွမ်မြို့ရှိ KIO ၏ ဆက်ဆံရေး ရုံးအား မီးရှို့ ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့များဖြစ်သည်ဟု KIA ၏ ရဲဘော်တဦးက စွပ်စွဲပြောဆိုသည်။
မေလ ၈ ရက်နေ့က ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲအတွင်းရှိ KIO ၏ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၁၉ တပ်စခန်းကို အစိုးရစစ်တပ်ဖွဲ့က သိမ်းယူလိုက်သည်။ KIA တပ်ဖွဲ့က ပြန်လည်သိမ်းယူရန် သွားရောက် တိုက်ခိုက်စဉ် KIA တပ်သားတဦး ကျဆုံးခဲ့သည်ဟု KIA ဌာနချုပ် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
KIO နှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာ မေလ ၈ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁,၃ဝဝ ကြိမ် ဖြစ်ပွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့ထိ မည်သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းနှင့်မျှ ပြန်လည် တွေ့ဆုံခြင်း မရှိသေးပေ။
Ref: မဇ္ဈိမ











BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88