Monday, May 14, 2012

RNDP ပါတီညီလာခံ မေလကုန်တွင် ကျင်းပမည်

မေလ ၁၂ ရက် ၂၀၁၂ ခုနှစ်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကို မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စစ်တွေမြို့ရှိ ပါတီ ဌာနချုပ် တွင် လေးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။

အဓိကအားဖြင့် ပါတီစည်းရုံးရေးအတွက် ရည်ရွယ်ကာ ညီလာခံ ကျင်းပရခြင်းဖြစ်ကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြောသည်။

“ပါတီ စနစ်တကျဖြစ်ဖို့ ညီလာခံကို ကျင်းပတာပါ။ ပါတီရဲ့အားနည်းချက်တွေကို ညီလာခံမှာ အားလုံးက ပြန်လည်သုံးသပ်ပါလိမ့်မယ်။ ကျနော်တို့အတွက် ဒါက စိန်ခေါ်မှုတခုပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

ညီလာခံသို့ ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်မှ ညီလာခံကိုယ်စားလှယ် ၅ ဦးစီ တက်ရောက်ကြမည် ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း “၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ရခိုင်ပြည်နယ်တွင်းမှာ ၀င်ရောက်ယှဉ်ပြိုင် မလား။ တိုင်းရင်းသား ပါတီတွေနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိလဲ မသိဘူး။ ဒါပေမယ့် NLD ၀င်လာမယ်ဆိုရင် အားလုံး သိတဲ့အတိုင်းပဲလေ။ အဲဒါကြောင့် ဘက်ပေါင်းစုံက ကြိုတင်ပြင်ဆင်တဲ့သဘောပဲ” ဟု ဦးဦးလှစော က ပြောသည်။

ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် အားလုံးလည်း တက်ရောက်ကြမည် ဖြစ်သည်။

RNDP အား ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၈ ဦးဖြင့် ၂၀၁၀ ခုနှစ်က မှတ်ပုံတင်ထားခဲ့ပြီး တဦး ကွယ်လွန်သွားသည့်အတွက် ၁၇ ဦးဖြင့် ရပ်တည် နေခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် RNDP သည် လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး အနိုင်ရရှိထားပြီး တဦး ကွယ်လွန်သွားခဲ့သည်။ လက်ရှိ ပါတီအား ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က တာဝန်ယူထားကာ ဒု-ဥက္ကဋ္ဌများ အဖြစ် ဦးတင်ဝင်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်တို့က တာဝန်ယူထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့