Tuesday, May 15, 2012

နှင်းခါးမရိုက်၍ စိန်တလုံးသရက် ရန်ကုန်တိုင်းတွင် ထွက်နှုန်းကောင်း ဟောင်ကောင်ဈေးကွက်အထိရောက်

ယမင်း ( မြစ်မခ )
15 May, 2012

ယခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း၌် စိန်တလုံးသရက် ထွက်နှုန်းကောင်းခဲ့၍ ပြည်တွင်း၌သာမက ပြည်ပ ဈေးကွက်တွင် ရောင်းအားကောင်းလျက်ရှိကြောင်း သရက်စိုက်သူများထံက သိရသည်။

စိန်တလုံးသရက်မှာ ရန်ကုန်ရာသီဥတုနှင့် စိုက်ပျိုးရန်အဆင်မပြေသော်လည်း ယခုနှစ် သရက်သီး ရာသီချိန် တွင် နှင်းခါးရိုက်ခြင်းမရှိပဲ အထွက်နှုန်းကောင်း ခဲ့၍ ဈေးကွက်တွင်း ရောင်းအားကောင်းနိုင်ကြောင်း သရက် စိုက်သူများက ပြောသည်။

“ဒီနှစ် စိန်တလုံးသရက်က နှင်းခါးလွတ်သွားလို့ အပင် (၅၀၀) လောက်တင်တယ်။ မနှစ်ကဆို နှင်းခါးထိတော့ သီးကင်းတွေကြွကျပြီး အပင်(၂၀၀)လောက်ပဲ တင်တယ်။ ရန်ကုန်ရာသီဥတုနဲ့က စိန်တလုံးစိုက်လို့ အဆင် မပြေဘူး၊ အရှုံးပေါ်ပြီး ၀င်ငွေမမျှလို့ ထပ်တိုးချဲ့စိုက်ဖို့ကို စဉ်းစားနေရတယ်။ဒီနှစ်တော့ အခြေ အနေ ကောင်းတော့ ဈေးကောင်းလည်း ရနိုင်တယ် ” ဟု မှော်ဘီမြို့နယ်က သရက်ခြံရှင် ဦးတင်ထွန်းက ပြောသည်။

လက်ရှိဈေးကွက်တွင် စိန်တလုံးသရက်ဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် ကျပ်(၄၀၀)ခန့်ရှိပြီး အလုံးသေးလျှင် (၃၀၀)ခန့် ဈေးရကြောင်းနှင့် ၄င်းအသီးအား ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်တွင်ပါ ဈေးကွက် သစ်များ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“ အရင်ဆို စင်္ကာပူတို့ ထိုင်းတို့ မလေးရှားတွေကိုပဲ အဓိကထား တင်ပို့နေရတာ အခုဆို မူဆယ်ဘက်ကနေ ဟောင်ကောင် ကိုတောင် တင်ပို့ရတဲ့ ဈေး ကွက်သစ်တွေ ရလာပြီ” ဟု ကြည့်မြင်တိုင် သစ်သီးဈေးကွက်မှ သရက်သီးဒိုင် ဦးညိုက ပြောသည်။

စိန်တလုံးသရက်သည် ခြောက်နှစ်ခန့်စိုက်ရ၍ အပင်ပျိုတစ်ပင်လျှင် အလုံးရေ ၂၀၀ မှ ၃၀၀ ၀န်းကျင်ထွက်နှုန်း ရှိကြောင်း၊ ယခုနှစ်တွင် ဈေးကွက်သစ်များ ရရှိလာခြင်းမှာ နိုင်ငံတကာ သစ်သီးဝလံပြပွဲများတွင် ၀င်ရောက် ပြသရာမှ ဈေးကွက်သစ်များ ရရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့