17.01.2013
အမေရိကန်အစိုးရ လေကြောင်းတာဝန်ရှိသူတွေက လုံခြုံစိတ်ချရမှုနဲ့ ပါတ်သက်တဲ့ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာ Boeing ကုမ္ပဏီလုပ် 787 Dreamliner အမျိုးအစား ဂျက်လေယာဉ်တွေကို ကမ္ဘာတဝှမ်းက လေကြောင်းတာဝန်ရှိသူတွေက
ပျံသန်းမှု ရပ်နားထားလိုက်ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ Boeing 787 လေယာဉ်တွေ ပျံသန်းမှု ရပ်နားထားခဲ့ပြီး နောက် ချီလီ၊ India နဲ့ ဥရောပက လေကြောင်းလိုင်းတွေကလဲ 787 လေယာဉ်တွေ ပျံသန်းမှုကို ရပ်ဆိုင်းထားလိုက်ပါတယ်။
လေယာဉ်တွေရဲ့ ဘက်ထရီတွေ မီးလောင်နိုင်တဲ့အန္တရာယ်ကို မပြင် ရသေးသရွေ့ ဒီလေယာဉ်ပျံတွေ မပျံသင့်ဘူးလို့ ကမ္ဘာလုံး ဆိုင်ရာ လေကြောင်းစည်းမျဉ်း စည်းကမ်း အဆင့်အတန်းတွေကိုသတ်မှတ်တဲ့ FAA က ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။ လေယာဉ်မှုးမောင်းခန်းထဲက သတိပေးမီးမှာ ဘက်ထရီပြဿနာရှိနေတယ်ဆိုပြီး အချက်ပြခဲ့သလို ခရီးသည်တွေကလဲ မီးလောင် နံ့ရခဲ့လို့ ဂျပန်မှာ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက်မှာ အင်ဂျင် ၂ လုံးတပ် Boeing 787 လေယာဉ်တွေရဲ့ လုံခြုံစိတ်ချရမှုနဲ့ ပါတ်သက်လို့ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်၊
Ref: ဗွီအိုအေ
Friday, January 18, 2013
787 ဘိုရင်းလေယာဉ်အားလုံး ပျံသန်းမှုရပ်ဆိုင်း
ကချင် အရေးကြောင့်ပြုပြင်ပြောင်းလဲမှု ထိခိုက်မှာ ကုလစိုးရိမ်
မခင်ဖြူထွေး
17.01.2013
ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ဖို့မှာ ဒီပဋိပက္ခမှာ ပါဝင်သူတွေကြားမှာပဲ ညှိနှိုင်း ဆောင်ရွက်ကြမှာဖြစ်တဲ့ အကြောင်းနဲ့ လက်ရှိ တင်းမာမှု အရှိန်မြင့်လာတာကနေ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေကို ထိခိုက်တာမျိုး ဖြစ်မှာကို ကုလသမဂ္ဂအနေနဲ့ မလိုလားဘူးလို့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံက သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။။
လတ်တလော ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်က အခြေအနေတွေနဲ့ ပြီးခဲ့တဲ့နှစ်က သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားရဲ့ အခုနောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကချင် ပြည်နယ်တွင်း လက်ရှိ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နှစ်ဘက် အဖွဲ့တွေကြား ပြဿနာ ပြေလည်အောင် ညှိနှိုင်း ဆောင် ရွက်ကြရမှာ ဖြစ်သလို တင်းမာမှုတွေ ပိုပြီး အရှိန်မြှင့်လာနေတဲ့ လက်ရှိ ပဋိပက္ခတွေကြောင့် တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေကို ထိခိုက်တာ၊ ဒါမှမဟုတ် နိုင်ငံတကာရဲ့ အကောင်းမြင် အသိအမှတ်ပြုမှုတွေကို ထိခိုက်သွားတာမျိုး ဖြစ်လာမှာကို ကုလသမဂ္ဂ အနေနဲ့ မလိုလားဘူးလို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာ မြန်မာအစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအ၀င် အင်အားသုံး ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ထုတ်ဖော်ပြောဆိုထားသလို နှစ်ဘက် အဖွဲ့တွေ အနေနဲ့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းထားတဲ့ အကြောင်းလည်း ဒီလ ၂ ရက်နေ့ကပဲ ကုလ သမဂ္ဂက ကြေညာချက် ထုတ်ပြန် တိုက်တွန်း ခဲ့ပါသေးတယ်။ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို ကူညီပေး နိုင်ဖို့အတွက် အဲဒီဒေသတွေမှာ ကုလသမဂ္ဂ နဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ သွားရောက် အကူအညီ ပေးနိုင်အောင် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးက ကူညီ ဆောင်ရွက်ပေးဖို့လည်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းထားပါတယ်။
ဇန်န၀ါရီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကချင်နဲ့ ရခိုင်အရေးကိစ္စတွေ အပြင် သန်းခေါင်းစာရင်း ကိစ္စ၊ လူသားချင်း စာနာကူညီမှုအကူအညီပေးရေး ဆိုင်ရာ ကိစ္စ၊ ပြုပြင် ပြောင်းလဲမှု တိုးတက်လာတဲ့ အခြေအနေတွေနဲ့ ကုလသမဂ္ဂ အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင် ကူညီ ဆောင်ရွက်နိုင်မလဲ ဆိုတာတွေ အပါအ၀င် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ ဆိုင်တဲ့ ကိစ္စတွေနဲ့ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဇန်န၀ါရီလ ၁၅ ရက်နေ့က မြန်မာဒုသမ္မတ စိုင်းမောက်ခမ်းနဲ့ မစ္စတာ နမ်ဘီးယား တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့သလို သူ့ခရီးစဉ်အတွင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ သမ္မတ ပြောခွင့်ရ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ နမ်ဘီးယားဟာ ပြီးခဲ့တဲ့လကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု နိုင်ငံတကာအလှူရှင်များ အဖွဲ့ရဲ အစည်းအဝေးကို တက်ရောက်ဖို့အတွက် မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။
Ref: ဗွီအိုအေ
Thursday, January 17, 2013
အုပ်ချုပ်ရေးမှူးရုံးကြောင့် အမ်းမြို့ဂုဏ်အင်္ဂါကို ထိခိုက်
January 17, 2013
စစ်တွေ- ရန်ကုန် ကားလမ်းမကြီးဘေးတွင် တည်ရှိသော အမ်းမြို့၏ အဓိက အစိုးရ အဆောက်အဦး တစ်ခု ဖြစ်သည့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကြောင့် မြို့၏ ဂုဏ်အင်္ဂါကို ထိခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးမှူးရုံး၏ ဘေးပတ်ဝန်းကျင်တွင် ခြုံနွယ် ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေမူကို ခုတ်ထွင်ရှင်းလင်းမူ မရှိခြင်းက မြို့၏ ဂုဏ်အလှကို ထိခိုက်နေခြင်း ဖြစ်ကြောင်း အမ်းမြို့ ဈေးရပ်ကွက်မှ ဦးထွန်းတင်က ပြောသည်။
“ရုံးရဲ့ အနောက်ဘက် မျက်နှာစာရော၊ ဘေးဘယ်ညာ နှစ်ဖက် မျက်နှာစာမှာရော ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်စွာ ပေါက် ရောက်နေပြီး တောကြီး သဖွယ်ဖြစ်နေပါတယ်။ အစိုးရသစ် တက်လာပီးကတည်းက သန့် ရှင်းရေး မလုပ်တော့ပဲ အာဏာပိုင် တွေက မသိကျိုးကျွံပြု ထားတဲ့အတွက် အခုလို ဖြစ်နေတာပါ” ဟု ဆိုသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခရီးသွားပြည်သူများနေ့စဉ် မြင်တွေ့နေရသဖြင့် သန့်ရှင်းမူ ရှိရန် လိုအပ်သည်ဟု ဆိုသည်။
“ ဒီမြင်ကွင်းကို ရန်ကုန် စစ်တွေလမ်းမကြီးဘေးမှာရှိနေတော့ သွားလာနေတဲ့ ခရီးသည်တိုင်းမြင်တယ်။ တောင်ကုတ်နဲ့ ကျောက်ဖြူကိုလည်း ဒီလမ်းကပဲ သွားနေကြတာ ဆိုတော့ဗျာ ခရီးသွားတွေအနေနဲ့ အမြဲမြင်တွေ့ နေရတဲ့ နေရာဖြစ်တော့ မြို့ အနေနဲ့ လည်း သိက္ခာကျတာပေါ့။ ခုလိုပွင့်လင်း ရာသီ ရောက်လာရင် မီးဘေးအတွက်လည်း စိုးရိမ်ရတယ်လေ။ ကျနော်က ဒီမှာနေတာကြာပြီ။ ဒီအစိုးရ တက်ကတည်းက ဒီမြင်ကွင်းက ဒီအတိုင်းပဲ။ မြို့နယ်စည်ပင်ဆိုတာကလည်း မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်းမှပဲ လုပ်မယ့်ပုံပါပဲဗျာ” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အမ်းမြို့သည် ရခိုင်ပြည်နယ်၏ အချက်အချာကျသော ကားလမ်းပေါ်တွင် တည်ရှိပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာမြို့လည်း ဖြစ်သည်။
၎င်းပြင် မကွေး-မင်းဘူး၏ အနောက်ဘက် ၉၆ မိုင် အကွာတွင်တည်ရှိပြီး ရန်ကုန်-စစ်တွေလမ်းမ၊ တောင်ကုတ်- ကျောက်ဖြူ ကားလမ်းပေါ်တွင် တည်ရှိသည်။
“ ကျနော် အရင် စစ်အစိုးရ လက်ထက်ကို ပြန်တမ်းတလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်ဗျာ စစ်အစိုးရကမှ ဒီလို မြင်ကွင်းမျိုးတွေကို မြင်ရင် သန့် ရှင်းရေး လုပ်ဖို့ အောက်ခြေကို ခိုင်းသေးတယ်။ ခုစစ်တပ်ကလဲ အရပ်ဘက် အုပ်ချုပ်ရေးမှာ ဝင်မပါတော့ သူတို့ ကိုမခိုင်းဘူး။ မခိုင်းတော့ မြို့ နယ်အုပ်ချုပ်ရေးမှူးကလည်း ဘာမှ မလုပ်ဘူးပေါ့ဗျာ”ဟု ပြောသည်။
ရပ်ကျေး စာရေးတစ်ဦး ဖြစ်သူ ကိုကျော်ထိုက်ကလည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် သန့်ရှင်းရေး ပြုလုပ်ရန် အားနည်းမူများ ရှိနေသည်ဟု ဆိုသည်။
“ ကျနော်တို့ လစာထဲက လစဉ် လတိုင်း သန့် ရှင်းရေး စရိတ် ဆိုပြီးတော့ ဖြတ်တော့ ဖြတ်နေတာပဲ။ ရုံးတွင်းရော ရုံးပြင်ပါ သန့် ရှင်းတာကို မမြင်မိပါဘူးဗျာ” ဟုပြောကြားသည်။
မြို့ တွင်းလမ်းများမှာလည်း အစိုးရသစ် တက်လာပြီးနောက် ပိုမို ဆိုးရွားလာပြီး ပြန်လည် ပြုပြင် မွန်းမံခြင်းလည်း မရှိကြောင်း သူက ဆက်ပြောသည်။
ကိုယ်နေသောရုံးကိုတောင် သန့်ရှင်းရေး မလုပ်သောသူများ အနေဖြင့် မြို့နယ် တစ်ခုလုံး သန့်သန့်ရှင်းရှင်း လုပ်ရန်မှာ မဖြစ်နိုင် ကြောင်း ဦးထွန်းတင်က ပြောဆိုသည်။
“ကိုယ့်ရုံးကို ကိုယ်တောင်သန့် ရှင်းရေးမလုပ်တာ၊ တစ်မြို့ နယ်လုံး အတွက်တော့ ဝေးရော့ပေါ့ဗျာ။”
အမ်းမြို့ သည် ရခိုင်ပြည်မှ ပြည်မနှင့် ဆက်သွယ်ရာ တောင်ကြားလမ်း(၃)ခုတွင် အမ်း-ပဒါန်း-မင်းဘူး တောင်ကြား လမ်းတွင် တည်ရှိပြီး ခရီးသည်များ နေ့တဓူဝ ကားကြီး ကားငယ်များဖြင့် ဖြတ်သန်း သွားလာနေသော မြို့ဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ပြည်မ အကြား ဆက်သွယ်ထားသော နောက်ထပ် လမ်း (၂)ခုမှာ ပြည်-ပန်တောင်း-တောင်ကုတ် တောင်ကြားလမ်းနှင့် ဂွ-ငါသိုင်းချောင်လမ်းတို့ ဖြစ်ကြသည်။
သတင်းစု ဆောင်းပေးပို့သူ – လတ်ငြိမ်း (အမ်း)
Ref: နိရဉ္စရာ
တစ်ဘီလီယံဖိုး စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရေး ဘင်္ဂလာဒေခ်ျ့နှင့် ရုရှားတို့ လက်မှတ်ရေးထိုး
January 17, 2013
ဘင်္ဂလာဒေခ်ျ့နိုင်ငံနဲ့ ရုရှား နိုင်ငံ အကြားမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံဖိုး စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရေး သဘောတူ စာချုပ် တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ခုလို လက်မှတ်ရေးထိုးတာကို ဒီလ ၁၅ ရက် နေ့က ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့ ရုရှား ခရီးစဉ် အတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သဘောတူညီချက်ကို မော်စကိုမြို့ ကရင်မလင် နန်းတော်မှာ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ (Sheikh Hasina) နဲ့ ရုရှား သမ္မတ ဗာလာဒီမီယာ ပူတင် ( Vladimir Putin) တို့ရဲ့ ရှေ့မှောက်မှာ နှစ်ဘက်နိုင်ငံ သက်ဆိုင်ရာ ၀န်ကြီး တွေက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခု ၀ယ်ယူမယ့် စစ်လက်နက် ပစ္စည်းတွေထဲမှာ သံချပ်ကာကားတွေ၊ ခြေလျင်တပ်သုံး စစ်လက်နက် ပစ္စည်းတွေ၊ လေကြောင်း ကာကွယ်ရေး အတွက် အသုံးပြုတဲ့ စစ်လက် နက်ပစ္စည်းတွေနဲ့ ထောက်ပို့ ပစ္စည်းတွေ သယ်ယူနိုင်တဲ့ Mi 17 အမျိုးအစား ရဟတ်ယဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ် အတွင်းမှာ ရုရှားနဲ့ စာချုပ် (၂) ခုနဲ့ နားလည်မူ စာချွန်လွှာ (MoU) ၆ခု တို့ကို လက်မှတ် ရေးထိုးခဲ့ပြီး ဒီအထဲမှာ စိုက်ပျိုးရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ကျန်းမာရေး၊ လူမူရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမူ ဖလှယ်ရေး စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။
ဒီအထဲမှာ အရေးကြီးတာက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရိုပူရ် ( Rooppur) မှာ တည်ဆောက်မယ့် လျှပ်စစ် စွမ်းအင် ထုတ်ယူရေး နျူကလီယားသုံး ဓါတ်ပေါင်းဖို တည်ဆောက်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ စာချုပ် တစ်ခုကိုလည်း လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ သူ့နိုင်ငံ အတွင်းမှာ နျူကလီးယားသုံး ဓါတ်ပေါင်းဖို တည်ဆောက်ရေး အတွက် ရုရှားဆီက အကူအညီ ရယူဖို့ ကြိုးစား ဆောင်ရွက်နေတာ ကြာနေပြီ ဖြစ်ပါတယ်။
အခု ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့ ခရီးစဉ်ဟာ ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံခေါင်းဆောင် တစ်ဦး ရဲ့ ဒုတိယ ခရီးစဉ် ဖြစ်ပြီး သူမရဲ့ ဖခင်ဖြစ်သူ ရှိတ်မူဂျီဘူရာဟမာန်ဟာ ၁၉၇၂ ရုရှားကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။
မနေ့က ထုတ်တဲ့ The Daily Star သတင်းစာမှာတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအနေနဲ့ သူနိုင်ငံရဲ့ စစ်ရေး စွမ်းရည်ကို မြှင့်တင် ရေးကို အဘက်ဘက်က ကြိုးစားဆောင်ရွက်နေတဲ့ နေရာမှာ မြန်မာ နယ်စပ် အနီး လေတပ် အခြေစိုက် စခန်း တည်ဆောက် လာတာတို့၊ ရေတပ်မှာ Frigates တို့နဲ့ အစားထိုး တည်ဆောက်လာတာတွေ ရှိတယ်လို့ ရေးသား ဖေါ်ပြပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ သူ့နိုင်ငံ အတွက် လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို တရုတ်နိုင်ငံက ၀ယ်ယူတင်သွင်း အားဖြည့်နေပြီး အမေရိကန် အစိုးရဆီကတော့ စစ်ရေး ဆိုင်ရာ နည်းပညာတွေနဲ့ သင်တန်းတွေကို ရရှိနေပါတယ်။
အခု အခါမှာတော့ ရုရှားနိုင်ငံ အထိ သူ့ရဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ်မူကို ချဲ့ထွင် လာပြီး စစ်လက်နက် ပစ္စည်းတွေ ရယူဖို့ ကြိုးစား ဆောင်ရွက် လာနေတာ ဖြစ်ပါတယ်။
Ref: နိရဉ္စရာ
မြောက်ဦးတွင် သေနတ်လုစဉ် ဓါးခုတ်ခံရသည့် စစ်သား သေဆုံးသွားပြီဟု သတင်းထွက်ပေါ်
January 16, 2013
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် သေနတ်လုစဉ် အတွင်း ဓါးခုတ်ခံရသည့် ဒုတပ်ကြပ် စိုးဝင်း စစ်တွေဆေးရုံတွင် သေဆုံး သွားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။
“ ကျွန်တော်တို့ ကြားရသလောက် သူ့ကို မြောက်ဦးကနေ စစ်တွေကို ယူလာတယ်။ အခုတော့ သေသွားပြီလို့ သိရတယ်။ စစ်တွေမှာတော့ ဒီလို သတင်း ဖြစ်ပေါ်နေပါတယ်” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
ဇန္န၀ါရီလ ၁၃ ရက်နေ့က မြောက်ဦးမြို့နယ် ပုရိန် ကျေးရွာတွင် မြောက်ဦး အခြေစိုက် ၃၇၇ တပ်ရင်းမှ တာဝန်ကျနေသော ဒုတပ်ကြပ် စိုးဝင်းထံမှ မွတ်ဆလင် တစ်စုက လက်နက် လုယူခဲ့ပြီး လက်နက် လုယူစဉ် အတွင်း အဆိုပါ စစ်သားကို ဓါးများဖြင့် တိုက်ခိုက်ခဲ့ သည်ဟုဆိုသည်။
“ ကျွန်တော်ကြား သိသလောက်ကို ပြောရမယ်ဆိုရင် ဖြစ်တာက ဒီလ ၁၃ ရက် တနင်္ဂနွေနေ့မှာ ဖြစ်တာပါ။ ပုရိန်မှာ တာဝန်ကျနေတဲ့ ဒုတပ်ကြပ် စိုးဝင်းကို ပေါင်းဒုတ် ကျေးရွာက မွတ်ဆလင် တစ်စုက ဓါးတွေနဲ့ ၀င်ခုတ်ပြီးတော့ လက်နက်ကို လုယူသွားတယ်။ သူ့ကို မြောက်ဦးဆေးရုံကို ယူလာတော့ ကျွန်တော်တို့ သွားကြည့်တယ်။ ခွဲစိတ်ပြီးသွားပြီးစမို့ ခန္ဓာကိုယ် တစ်ခုလုံး အ၀တ်ဖြူ လွှမ်းခြုံထားတာကို တွေ့ရတယ်။ ဒါကြောင့် ဒဏ်ရာ ဘယ်နားမှာ ရတယ်ဆိုတာကို မမြင်ခဲ့ရပါ” ဟု ဆေးရုံကို ကိုယ်တိုင်သွားခဲ့ကြည့်ခဲ့သူ အဝေးသင် တက္ကသိုလ် ကျောင်းသား ကိုထွန်းလင်းက ပြောသည်။
နောက်တစ်နေ့ တနင်္လာနေ့တွင် စစ်သားအား တိုက်ခိုက်ရာတွင် ပါဝင်သူများဟု စွပ်စွဲခံရသူ မွတ်ဆလင် (၃) ဦးနှင့် လုယူသွားသော လက်နက်ကို ပြန်လည် ရရှိခဲ့သည်ဟု ဆိုသည်။
“ သူတို့ကို ဖမ်းခေါ်လာတာကို မြင်ရတယ်။ သေနတ်လည်း ပါလာတာကိုတွေ့ရတယ်။ အဖမ်းခံရတဲ့ မွတ်ဆလင် (၃) ဦးကတော့ မြောက်ဦး ရဲစခန်းမှာဘဲ ရှိနေသေးသလား၊ စစ်တွေကို ခေါ်သွားပြီလားဆိုတာကိုတော့ တိတိကျကျ ကျွန်တော် မပြောတတ်ဘူး။ ဓါးခုတ်ခံရတဲ့ ဒုတပ်ကြပ် စိုးဝင်းကတော့ စစ်တွေကို ချင်ချင်း ယူသွားပါတယ်။ အခု စစ်တွေမှာ ဆုံးသွားတယ်လို့ သတင်း ရပါတယ်” ဟု သူက ဆက်ပြောသည်။
ဒုတပ်ကြပ် စိုးဝင်း သေဆုံးသွားခြင်းမှာ ဟုတ်မှန်မူ ရှိ/ မရှိကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်အား အကြိမ်ကြိမ် ဖုံးဆက်သွယ်သော်လည်း အဆက်အသွယ် မရခဲ့ပါ။
သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသူ ဒုတပ်ကြပ် စိုးဝင်းမှာ ရခိုင်လူမျိုးများဖြစ်ကြောင်း သိရသည်။
မြန်မာတပ်မတော်မှ စစ်သား တစ်ဦးဦးကို ရခိုင်အမျိုးသားများကသာ ယခုလို လက်တင်ပြီး သေနတ် လုမည်ဆိုပါ ရခိုင်ရွာကို မီးရှို့ပြီး လူအများအပြားကိုလည်း ပစ်သတ်နိုင်သည်ဟု ကိုထွန်းလင်းက ပြောကြားသည်။ ယခုအခါ စွပ်စွဲခံရသူ (၃) ဦးကို ဖမ်းဆီးပြီးနောက် အခြေအနေ တည်ငြိမ်သွားပြီဟု ဆိုသည်။
Ref: နိရဉ္စရာ
၂၀၁၂ ခုနှစ်အတွင်း မြန်မာသို့ နိုင်ငံခြားသား တစ်သန်းကျော် လာရောက်လည်ပတ်
January 17, 2013
ကုန်လွန်သွားခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား တစ်သန်းကျော် လာရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသည်ဟာ ရှစ်သိန်း (၈၀၀၀၀၀) ရှိရာကနေ ၂၀၁၂ ခုနှစ်မှာတော့ တစ်သန်း ခြောက်သောင်း (၁၀၆၀၀၀၀) ထိ ရှိလာတယ်လို့ ဇန္န၀ါရီလ ၁၅ ရက်နေ့ထုတ် ပြန်တဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
ခုလို နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံထဲ လှိမ့်ဝင်လာတာကတော့ မြန်မာနိုင်ငံရဲ့ မြန်ဆန်လွန်းတဲ့ အပြောင်းအလဲကြောင့် ဖြစ်တယ်လို့ AFP သတင်း တစ်ပုဒ်မှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို နိုင်ငံထဲ လာရောက် လည်ပတ်ဖို့ အထူးဆွဲဆောင်မူ ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလာရေး ဘုတ်အဖွဲ့ဝင် ဖြိုးဝေရာဇာကတော့ ၂၀၁၂ ခုနှစ်ဟာ မြန်မာ ခရီးသွား လုပ်ငန်းကို အထူး အကျိုးရှိစေတဲ့ နှစ် ဖြစ်ခဲ့ပြီး ဒီလို လာလည်တာမျိုးဟာ အရင်က မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဒါပေမယ့်လည်း မြန်မာ ခရီးသွား လုပ်ငန်း အနေနဲ့ ဒီလိုများပြားတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို အခက်အခဲမရှိ နိုင်နှင်းစွာ လုပ်ကိုင်နိုင်မူ မရှိမှာကိုတော့ စိုးရိမ်တယ်လို့ ပြောပါတယ်။ ဟိုတည်ခတွေ ဈေးနှုန်းကြီးမြင့်တာနဲ့ တည်ခိုခန်းတွေ ရှားပါးတာ တွေဟာလည်း အခက်အခဲတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဟိုတည်ပေါင်း ၈၀၀ ခန့်ရှိပြီး တည်းခိုနိုင်တဲ့ အခန်းပေါင်း ၂၈၀၀၀ သာရှိတယ်လို့ သိရပါတယ်။
Ref: နိရဉ္စရာ
ခရာဘွမ်တွင် အစိုးရစစ်တပ်နှင့် KIA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်
16 January 2013
နန်းသူးလေ
ကချင်ပြည်နယ်၊ လိုင်ဇာမြို့၏ အနောက်ဘက် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ထိန်းချုပ်ရာ ခရာဘွမ်တောင်စခန်းတွင် အစိုးရစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
KIO မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က “ဒီနေ့မနက် ၈နာရီကစတင်ပြီးတော့ လိုင်ဇာစခန်းရဲ့ အပြင်ဘက် ခရာဘွမ်တောင်တန်း မှာ ဒီနေ့တစ်နေ့လုံးတိုက် ပွဲတွေဖြစ်နေ တယ်။ မနေ့ကလည်း ညမိုးချုပ်အထိ တိုက်ပွဲဖြစ်တယ်”ဟု ပြောသည်။
ထို့အပြင် ယနေ့ မြန်မာစံတော်ချိန် ၅နာရီခန့် အစိုးရစစ်တပ်မှ လေယာဉ်နှစ်စင်းနှင့် တိုက်လေယာဉ်တစ်စင်းဖြင့် ၎င်းတို့၏ စခန်း ပေါ်သို့ ပျံဝဲကာ ဒုံးကျည်များ ပစ်ချခြင်း၊ ဗုံးကျဲခြင်းများ ပြုလုပ်နေကြောင်းလည်း ဦးလနန်က ဆက်ပြောသည်။
ကချင်ဒေသအတွင်း အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြင်းထန်လာသည်နှင့်အမျှ ယခုလ ဇန်န၀ါရီ ၁၄ရက်နေ့က အစိုး ရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ၂လုံးသည် လိုင်ဇာမြို့ထဲသို့ကျရောက်၍ အရပ်သား ၃ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ သည်။
ယခုလို တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ကွတ်ခိုင်မြို့နယ်၊ မုံးဟောင်းကျေးရွာအနီး၌ KIA တပ်မဟာ (၄)မှ ဗိုလ်ကြီးအဆင့်ရှိ ရမ်ဆိုင်း ခေါင်းဆောင်သော အဖွဲ့ဝင် ၇ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇန်န၀ါရီလ ၁၄ရက်နေ့က အစိုးရစစ်ကြောင်းသို့ ဆက်သွယ်ပြီး အလင်းဝင်ခဲ့သည်ဟု ယနေ့ရက်စွဲဖြင့် မြန်မာစစ်တပ် ပိုင် မြ၀တီသတင်းစာမျက်နှာ၌ ဖော်ပြထားသည်။
ယင်းဖော်ပြချက်နှင့် ပတ်သက်၍ မှန်ကန်မှု ရှိမရှိ KIA ဘက်မှ ဆက်လက် စုံစမ်းလျှက်ရှိသည်ဟု ဦးလနန်က ပြောသည်။
Ref: ကေအိုင်စီ
KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်
ဖနိဒါ
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော် မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း မှ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံ ကမ်းလှမ်းမည် ဖြစ်ကြောင်း Myanmar Peace center (MPC)မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက နေပြည်တော် MPC တွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်း ရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။
“ဦးအောင်မင်းအနေနဲ့တော့ သူ့အနေနဲ့ တောက်လျှောက်ကမ်းလှမ်းနေတယ်။ အခုလည်း ဒီလလယ်ကျော်လို့မှ ကျနော်တို့ တဖက် အဖွဲ့အစည်းဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင် သူ ထပ်ပြီးတော့ ကမ်းလှမ်းမယ်လို့ ဒီနေ့ မနက်ပဲ ကျနော်တို့ကို ရှင်းပြပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဇန်နဝါရီလဆန်းတွင် ထပ်မံ တွေ့ဆုံရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကမ်းလှမ်းခဲ့ဖူးသော်လည်း KIO ဘက်မှ ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့သည့်အပေါ် ထပ်မံ ကမ်းလှမ်းမည်ဟုဆိုခြင်း ဖြစ်သည်။
“ဆိုလိုတာကတော့ တိုက်ပွဲအရှိန် မြင့်နေသော်လည်း ကျနော်တို့ ဖြတ်သန်းရတဲ့ထဲမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဝန်ကြီး ဦးအောင်မင်း ရှင်းပြတာကတော့ ငြိမ်းချမ်းရေးအတွက်ကို တဖက်က အကြောင်းမပြန်နိုင်သေးရင် သူ့အနေနဲ့ ထပ်ကမ်းလှမ်း မယ်လို့ ရည်ရွယ်ထားတယ်လို့ ရှင်းပြပါတယ်” ဟု ဦးလှမောင်ရွှေ က ဆက်ပြောသည်။
KIO ဘက်ကမူ ဝန်ကြီး ဦးအောင်မင်း ဘက်မှ ဒီဇင်ဘာလပိုင်းက ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်း အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်မှု ပြင်းထန်လာသဖြင့် တွေ့ဆုံရန် တုံ့ပြန်ခြင်း မရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။
အင်္ဂါနေ့ကလည်း နေပြည်တော် MPC တွင် ဝန်ကြီး ဦအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဇန်နဝါရီလအတွင်း KIO အပါအဝင် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုအဆင့်တွေ့ဆုံ ရန်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC နှင့် နိုင်ငံရေး ဆွေးနွေးမှုအတွက် မူဘောင် (Frame Work) ဆွေးနွေးရန်နှင့် KIO နှင့် ငြိမ်းချမ်ရေး ဆက်လက် ဆွေးနွေးရန် ရည်မှန်းထားပြီး အကောင်အထည်ဖော်ရန် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဦးလှမောင်ရွှေ က ဆိုသည်။
“အစိုးရ စစ်တပ်တွေဘက်ကလည်း မှားတာ မရှိဘူး မဟုတ်ဘူး။ စစ်တပ်ဘက်ကလည်း လိုမှပဲ။ ဒါပေမယ့် အစိုးရ ဘက်က ငြိမ်းချမ်းရေး တကယ်ရစေဖို့ ကြိုးစားတယ်လို့ ကျနော် လုံးဝ ယုံတယ်။ ကျနော်နားလည်သလောက် မကြာမီ ရက်ပိုင်းတွေမှာ ကမ်းလှမ်းတဲ့အပြင် အခြား အပြုသဘော ဆောင်တာတွေလည်း ဆောင်ရွက်နိုင်တယ်။ သေချာပေါက် ပြောနိုင်တာကတော့ ဒီလမှာ ဒီအဖွဲ့ သုံးဖွဲ့နဲ့ တွေ့ဖို့ လုပ်ဖို့ ရည်မှန်းထားတယ်။ ဒါပေမယ့် အချိန်ပဲ အပြောင်းအလဲ ရှိမယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။
ဝန်ကြီး ဦးအောင်မင်းဘက်မှ UNFC နှင့် တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု သူက မဇ္စျိမကို ပြောသည်။
သို့သော် UNFC ဘက်ကမူ ဝန်ကြီး ဦအောင်မင်းနှင့် တွေ့ဆုံသည့်အခါ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား မဆွေးနွေးဘဲ အစိုးရ စစ်တပ်ဘက်မှ KIO အပေါ် ထိုးစစ်ဆင်မှု ရပ်ဆိုင်းရေးကိုသာ ဆွေးနွေးမည်ဟု UNFC ၏ ပြောခွင့်ရသူ နိုင်ဟံသာ က မကြာမီ က မဇ္စျိမကို ပြောဆိုထားသည်။
Ref: မဇ္ဈိမ
ထိုင်း-မြန်မာ နယ်စပ်တွင် ဘတ်ငွေ သန်း ၈၀ ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ
ကွန်းချမ်း
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင်လာသည့် အဖွဲ့တဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တို့ နယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားရာမှ ထိုင်းဘတ်ငွေ သန်း ၈၀ ခန့် တန်းဖိုးရှိ ယာဘ စိတ်ကြွဆေးပြား တသန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်း နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ် (တာချီလိတ်မြို့နှင့် တဖက်) တောတွင်းတနေရာ၌ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး တိုက်ပွဲမှ မူးယစ်ဆေး သယ်ဆောင်
သူ သုံးဦးကို အသေဖမ်းမိကာ ၎င်းတို့ စွန့်ပစ်ထားခဲ့သည့် ကျောပိုးအိတ် ၁၂ လုံးအတွင်းမှ စိတ်ကြွဆေးပြား တသန်း
နှစ်သိန်းကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။
“မနေ့ညက မယ်ဆိုင်မြို့နယ်၊ ဟွေ့ခိုက်ရွာနားမှာ တိုက်ပွဲ ဖြစ်တယ်။ မူးယစ်ဆေး သယ်ဆောင်လာတဲ့ သူတွေက အခါရွာဘက်က လာတယ်လို့ သိရတယ်။ သုံးယောက် သေတယ်။ ၁၀ ယောက်လောက်က မြန်မာဘက်ကို ထွက်ပြေးသွားတယ်” ဟု နယ်ခြားစောင့်တပ် အရာရှိက မဇ္ဈိမကို ပြောသည်။
မူးယစ်ဆေး သယ်ဆောင်သည့် အဖွဲ့သည် တာချီလိတ်မြို့နယ်၊ နမ့်ပုံ အခြေစိုက် လားဟူ ပြည်သူ့စစ် ခေါင်းဆောင် ဦးရီဆေး ၏ အဖွဲ့ဖြစ်ကြောင်း ထိုင်း လုံခြုံရေးတပ်ဖွဲ့အား ကိုးကား၍ မန်နေဂျာအွန်လိုင်း သတင်းတွင် ဖော်ပြသည်။
မူးယစ်ဆေးများ ထပ်မံဝင်ရောက်မှု မရှိရန်အတွက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာသို့ ချင်းရိုင်ခရိုင် လုံခြုံရေးတပ်ဖွဲ့က အင်အား ထပ်မံဖြည့်ဆည်းခဲ့ပြီး တောနင်းရှာဖွေရာမှ စက်သေနတ် တလက်ကိုလည်း ထပ်မံသိမ်းဆည်းရသည်ဟု ဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံသို့ စိတ်ကြွဆေးများ သယ်ဆောင်လာသည့် လားဟူ အဖွဲ့တဖွဲ့ကို ထိုင်းလုံခြုံရေး တပ်ဖွဲ့က တားဆီးပစ်ခတ်ရာမှ မူးယစ်ဆေး သယ်ဆောင်သူ ၅ ဦး သေဆုံးကာ စိတ်ကြွဆေး နှစ်သိန်းကျော် သိမ်းဆည်းရမိ ခဲ့သေးသည်ဟု ထိုင်းလုံခြုံရေးတပ်က ဆိုသည်။
၎င်းပြင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်လည်း မယ်ဆိုင်မြို့အနီးတွင် ထိုင်းနိုင်ငံသား ၅ ဦးထံမှ စိတ်ကြွဆေးပြား တသိန်းကျော်နှင့် ဘိန်းဖြူ ၂ ဒဿမ ၂ ကီလိုဂရမ်ကို ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။
လားဟူ ပြည်သူ့စစ် ခေါင်းဆောင် ဦးရီဆေး ကို မူးယစ်ရာဇာအဖြစ် ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနက ဖမ်းဆီးရန်အတွက် မြန်မာအစိုးရကို အကြောင်းကြားသွားမည်ဟု ထိုင်း ဒုတိယ ဝန်ကြီးချုပ် ချလုမ် ယူဘမ်းရုန်း က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဦးရီဆေး အား ဖမ်းဆီးနိုင်ရန်အတွက် ထိုင်း ရှေ့နေချုပ်ရုံး အနေနှင့် မြန်မာအစိုးရကို အမြန်ဆုံး ဆက်သွယ်ရန်လည်း ထိုင်း ဒု-ဝန်ကြီးချုပ်က ဇန်နဝါရီလ ၈ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။
ပြည်သူ့စစ် ခေါင်းဆောင် ဦးရီဆေးမှာ တာချီလိတ်မြို့နယ်၊ နမ့်ပုံရွာတွင် နေထိုင်သည်ဟု ယူဆရသည်။
Ref: မဇ္ဈိမ
အိန္ဒိယ နယ်စပ်ပိတ်၍ တမူးမြို့ နန့်ဖာလုံဈေး အရောင်းအဝယ် ထိုင်း
နေမျိုး
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ်
အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့တွင် တနင်္လာနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာနှင့် နယ်စပ်ဂိတ် ပိတ်လိုက်ခြင်းကြောင့် တမူးမြို့ နန့်ဖာလုံဈေး လူဝင်/လူထွက် နည်းပါးကာ ဈေးအရောင်းအဝယ်
အေးစက်သွားကြောင်း နန့်ဖာလုံဈေးမှ ဈေးသည် တဦးက ပြောသည်။
“မနက်ပိုင်း စောစောလောက် ဖွင့်တယ်။ နေ့ခင်းပိုင်း ပိတ်လိုက်တယ်။ ကျနော်တို့ကတော့ သောင်းဂဏန်းလောက် ဆုံးရှုံးတယ်။ ဈေးဝယ်တဲ့သူ အများစုက ဟိုဘက်က လာတာ။ ကျနော်တို့က တရက်ကို တသောင်းလောက် ရှုံးသွား တာပေါ့” ဟု ကုန်စိမ်းသည် တဦးက ဆိုသည်။
မိုးရေးမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အိန္ဒိယဘက်မှ တောင်တန်းသားများ ကောင်စီ (HTC)က သပိတ်
မှောက်လိုက်ကာ မြန်မာနှင့် နယ်စပ် ကူးလူး ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးများ တနင်္လာနေ့ ညနေမှ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်သည်။
နန့်ဖာလုံဈေးသည် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် ဈေးကြီးဖြစ်ပြီး ဈေးလာဝယ်သူ ၉၀ ရာခိုင်နှုန်းကျော်မှာ အိန္ဒိယ နိုင်ငံသားများ ဖြစ်သည်။
“ဈေးရောင်းပါးတယ်။ ဘယ်သူမှ ဝယ်မယ့်သူမရှိဘူး။ ကျနော်တို့ဘက်မှာ သွားလို့လာလို့ ရတယ်။ ဗမာတွေ မိုးရေးကို ဝင်လာရင် မောင်းထုတ်တယ် သူတို့က” ဟု တမူးမြို့ခံ တဦးက ပြောသည်။
တနင်္လာနေ့ ဖောက်ခွဲသူများသည် မြန်မာနိုင်ငံဘက်အခြမ်း နန့်ဖာလုံးဈေး ဘက်သို့ ထွက်ပြေး ဝင်ရောက်သွားသည် ဟု မျက်မြင်များက ဆိုကြသော်လည်း မည်သူကမျှ ထိုပေါက်ကွဲမှုနှင့် ပါတ်သက်ပြီး မိမိတို့ လက်ချက်ဟု ဖော်ထုတ်ခြင်း မရှိသေးကြောင်း မဏိပူပြည်နယ်ထုတ် သတင်းစာများက ရေးသားသည်။
မိုးရေးမြို့မှ ကျောင်းသားအဖွဲ့များနှင့် အမျိုးသမီး အဖွဲ့များက အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုအား စုံစမ်းဖော်ထုတ်ပေးရန် ဗုဒ္ဓဟူးနေ့က နယ်စပ်ဂိတ်တွင် ထိုင်သပိတ် ဆင်နွဲခဲ့သည်။
“တောင်းဆိုတာက ဒီပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဆိုတာ အမြန်ဆုံး ဖော်ထုတ်ပေးဖို့၊ မိုးရေးမြို့ဆိုတာက နယ်စပ် ကုန်သွယ်ရေး ဟိုဘက်ဒီဘက် အရေးပါတယ်။ ဒီတော့ လုံခြုံရေးကို သေချာဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်။ မိုးရေးဘက်က ဈေးရောင်းတဲ့ သူတွေပါတယ်။ များသောအားဖြင့် နန့်ဖာလုံဈေး သွားတဲ့သူတွေက အိန္ဒိယ ဘက်က ဈေးဝယ်သွားသူတွေ များတယ်” ဟု ကူကီးအမျိုးသမီး လူ့အခွင့်အရေး အဖွဲ့ မှ မငိုင်ငိုင်း က ဆိုသည်။
Ref: မဇ္ဈိမ
တရုတ်နိုင်ငံထက် မြန်မာနိုင်ငံ ပိုလွတ်လပ် လာကြောင်း Freedom House ထုတ်ပြန်
2013-01-16
လက်ရှိမြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ ထက် ပိုပြီးလွတ်လပ်လာကြောင်း မနေ့ကထုတ်ပြန်တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၃ခုနှစ် ကမ္ဘာတစ်ဝှန်း လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာက ထုတ်ပြန်ပြောကြား လိုက်ပါတယ်။
၂၀၁၃ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ခွင့်မှာ အဆိုးတကာ့ အဆိုးဆုံးနိုင်ငံများစာရင်းမှာ ထိပ်ဆုံးက နှစ်စဉ်ရှိခဲ့ ပေမယ့် လွတ်လပ်စွာ စီတန်းလှည့်လည်ဆန္ဒပြခွင့်၊ သတင်းလွတ်လပ်ခွင့် တိုးမြင့်ရလာတဲ့အချက်၊ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာတဲ့အချက်တွေ ကြောင့် နိုင်ငံရေးမှာ လွတ်လပ်စွာပါဝင်ခွင့် အဆင့် ၇ကနေ ၆အထိ တိုးလာသလို ပြည်သူတွေရဲ့ လွတ်လပ်မှုကလည်း ၆ကနေ ၅အထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
Freedom House အဖွဲ့က အာရှရေးရာသုတေသီ Sarah Cook က မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေ တိုးတက်လာပေမယ့် ဒါဟာ လက်ရှိအစိုးရအာဏာပိုင်တွေရဲ့ မူဝါဒအရသာ ပြောင်းလဲတာဖြစ်ပြီး စနစ်တခုလုံး ခိုင်ခိုင်ခန့်ခန့် ပြောင်းတာ မဟုတ်သေးတဲ့အတွက် လွတ်လပ်တဲ့နိုင်ငံအဆင့်ကို မရောက်သေးဘူးလို့ RFA ကိုပြောပါတယ်။
ဒီအစီရင်ခံစာမှာ ကချင်ဒေသကစစ်ပွဲနဲ့ ရခိုင်ပြည်နယ်က လူမျိုးရေးပဋိပက္ခတွေရှိ နေသေးတာကိုလည်း ထောက်ပြထားပါတယ်။
မလွတ်လပ်တဲ့နိုင်ငံလို့ အဆင့်အရရှိနေပေမဲ့ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်ရေးတွေမှာ တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ကျော်လွန် သွားတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ အစီရင်ခံစာမှာတော့ မြန်မာမီဒီယာ လောကမှာ အရင်ကထက် ပိုပြီးလွတ်လပ်လာတာတွေရှိသလို၊ ထိန်းချုပ်မှုတချို့ ပြန်လုပ်လာတာတွေလည်းတွေ့မြင်ရကြောင်း ဖေါ်ပြထားပါတယ်။
Ref: အာရ်အဖ်အေ
နျူကလီးယားမပြန့်ပွားရေးအတွက် အမေရိကန်က မြန်မာကိုလာဆွေးနွေး
2013-01-16
မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု တို့ နျူကလီးယားမပြန့်ပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရန်ကုန်မြို့ အမေရိ ကန်သံရုံးက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမေရိကန်စွမ်းအင်ဝန်ကြီးဌာန အမျိုးသားအနုမြူလုံခြုံရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက အနုမြူဆိုင်ရာအရာရှိတွေ နေပြည်တော်မှာ ဇန်ဝါရီလ ၉ရက်နေ့ ကနေ ၁၁ရက်နေ့အထိ ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံတကာ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးစနစ်တွေနဲ့ ပတ်သက်ပြီးပိုမိုသိရှိရေး ရည်ရွယ်ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း ကြေညာချက် မှာဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံ အနုမြူစွမ်းအင်ဌာန က ဦးခင်မောင်လတ် က အခုလို အမေရိကန်တွေနဲ့ ဆွေးနွေးတာဟာ ရှေ့လာမယ့်အစီ အစဉ်တွေရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်လို့ AFP သတင်းကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် မပြောခဲ့ပါဘူး။
မြန်မာနိုင်ငံဟာ အရင်စစ်အစိုးရကာလအတွင်း မြောက်ကိုရီးယားအကူအညီနဲ့ စစ်ရေးနဲ့ နျူကလီးယားအစီအစဉ်တွေ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက သင်္ကာမကင်းဖြစ်ခဲ့ကြပါတယ်။
အစိုးရသစ်တက်လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ အမေရိကန်နဲ့ဆက်ဆံရေး နွေးထွေးလာချိန်မှာ ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ကို မြန်မာနိုင်ငံမှာ မသင်္ကာဖွယ် နျူကလီးယားဆိုင်ရာကိစ္စတွေ ဆောင်ရွက် နေတာရှိမရှိ လာရောက်စစ်ဆေးဖို့ သဘောတူညီချက်ကို ဦးသိန်းစိန်အစိုးရက ပြီးခဲ့တဲ့နိုဝင်ဘာလက သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါတယ်။
အဲဒီနောက် အခုလို အမေရိကန်အရာရှိတွေ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးခဲ့သူတွေထဲမှာ IAEA က အရာရှိတစ်ယောက်လည်း ပါဝင်ကြောင်း သိရပါတယ်။
Ref: အာရ်အဖ်အေ
ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လိုလားသူလူငယ်တစ်စု လမ်းလျှောက်မည်
2013-01-16
ကချင်ဒေသမှာ ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်လာစေဖို့ ရည်ရွယ်ချက် နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ ကနေ ကချင်ပြည်နယ်ကို လမ်းလျှောက်ချီတက် သွားမယ်လို့ ဒီကနေ့ ညနေ ပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။
လွတ်လပ်ရေးနဲ့အတူ စတင်သန္ဓေတည်လာတဲ့ ပြည်တွင်းစစ်ရပ်ဆိုင်းရေးအတွက် အားလုံးပူးပေါင်းပါဝင်လာစေဖို့ ငြိမ်းချမ်းရေး လိုလား တဲ့လူငယ်တစ်စုရဲ့ ကြိုးပမ်းမူတစ်ခုပါလို့ လမ်းလျှောက်ပွဲမှာပါဝင်မယ့် ကိုဇင်ကိုကိုက ပြောပါတယ်။
လမ်းလျှောက်မယ့်ရက်ကို အခုလ ၂၁ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ မနက် ၇နာရီမှာ စတင်ထွက်ခွာဖို့ စီစဉ်ထားပြီး အဲဒီလိုလမ်းလျှောက် ဆန္ဒထုတ်ဖော်မယ့်ကိစ္စကို သမ္မတ ဦးသိန်းစိန်အစိုးရသိရှိဖို့ စာပေးပို့ထားပြီး ခရီးစဉ်အတွင်း စားရေးသောက် ရေးတွေကိုလည်း သူတို့ကုန်ကျမှုနဲ့ သွားရောက်မှာဖြစ်ပြီး ခရီးအဆုံးကို ကချင်ပြည်နယ် လိုင်ဇာမြို့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ခရီးစဉ် အစ အဆုံးကို ရက်ပေါင်း ၄၅ရက် ကြာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Ref: အာရ်အဖ်အေ
ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရေး ထိုင်းအစိုးရ ရက်တိုးပေး
2013-01-16
ထိုင်းနိုင်ငံမှာ အထောက်အထား မရှိသေးတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေ နဲ့ အသက် ၁၅နှစ် အောက် ကလေးတွေကို နိုင်ငံသား စီစစ်မှုပြုလုပ်ပြီး ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့်ပြုလုပ်ပေးနေတဲ့ လုပ်ငန်းစဉ်ကို ထိုင်း အစိုးရက ၂၀၁၃ခုနှစ်၊ ဧပြီလ ၁၅ရက်နေ့အထိ တိုးချဲ့လုပ်ဆောင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက တင်ပြထားတဲ့ ယာယီပတ်စပို့စ် ပြုလုပ်ရေးလုပ်ငန်းစဉ် တိုးချဲ့သွားရေးအဆိုပြုချက်ကို မနေ့က
ကျင်းပတဲ့ ထိုင်းအစိုးရဝန်ကြီးများ အစည်းအဝေးက သဘောတူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်ကစတင်ပြီး ဒီအမိန့်အာဏာတည်ကြောင်း NGOs အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ပူးပေါင်းလုပ်ဆောင်မှုကော်မတီ MWG အဖွဲ့က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“မနေ့ကသဘောတူတဲ့အချက်ကတော့ ကျနော်တို့ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ နိုင်ငံသားစီစစ်ရေးလုပ်ငန်း သက်တမ်းကုန်တာပေါ့ အဲဒီတော့နောက်ထက် ရက် ၁၂၀သက်တမ်းတိုးပေးတာရယ်၊ အဲဒီမှာ ဒီထိုင်းနိုင်ငံမှာရှိသေးတဲ့ တရားမဝင် အလုပ်သမား တွေ အားလုံးကို သူတို့ဆက်ပြီးတော့ နိုင်ငံသားစီစစ်ရေး ပြုလုပ်ပေးဖို့၊ အဲဒီအပြင်ကို သူတို့ရဲ့ အသက် ၁၅နှစ်အောက် ကလေးတွေကိုပါ သူတို့သက်ဆိုင်ရာနိုင်ငံတွေပေါ့ သူတို့မိဘတွေရဲ့ အထောက်အထားအတိုင်းအရပေါ့ အဲဒီနိုင်ငံကူးလက်မှတ် သို့မဟုတ်ရင် CI (Certificate of Identification) ဆိုတဲ့ အထောက်အထားစာရွက် ထုတ်ပေးပြီးတော့ ထိုင်းနိုင်ငံအနေနဲ့ သူတို့မိဘ တွေအတိုင်းပေါ့ ဗီဇာနေထိုင်ခွင့်ကို ထုတ်ပေးဖို့”
ဒါ့အပြင် အသက် ၁၅နှစ်အောက် ကလေးတွေအတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးနဲ့အတူ ကျန်းမာရေးအာမခံပြု လုပ်ခွင့်ကိုလည်း ခွင့်ပြုလိုက်တယ်လို့သိရပါတယ်၊ အစိုးရခွင့်ပြုချက်အရ ထိုင်းပြည်ထဲရေးဌာနအမိန့်နဲ့ အလုပ်အကိုင်ခန့် ထားရေး ဌာနက တလအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ထုတ်ပေးမှာဖြစ်တဲ့အတွက် လုပ်ငန်းရှင် တွေက မိမိတို့အလုပ်သမားတွေရဲ့ လိုအပ်တဲ့အထောက်အထား မှတ်တမ်းတွေကို သွားရောက်တင်ပြနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအထောက်အထားတွေ ထုတ်ပေးဖို့အတွက် စမုတ်ပရာကန်၊ စမုတ်ဆာခွန်၊ ပထုံဌာနီ၊ ချင်းမိုင်နဲ့ ဆောင်ခလာ ခရိုင်တွေမှာ လုပ်ငန်းအကောင်အထည်ဖော်ရေးရုံးတွေကို အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိပေးသွားမှာ ဖြစ်ပါတယ်။
လာမယ့်ဧပြီလ ၁၅ရက်နောက်ပိုင်း ယာယီပတ်စပို့စ် မပြုလုပ်တဲ့အလုပ်သမားတွေကို ဖမ်းဆီးပြန်ပို့မှာဖြစ်ပြီး လုပ်ငန်းရှင်ကိုလည်း ဥပဒေအရ အရေးယူမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မြန်မာအလုပ်သမား ၁သန်းခွဲခန့်ကို ယာယီပတ်စပို့စ် ထုတ်ပေးထားပြီး အထောက်အထားမဲ့ မြန်မာအလုပ် သမားဦးရေ ၅သိန်းခန့် ကျန်ရှိနေတယ်လို့ အလုပ်သမားရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။
Ref: အာရ်အဖ်အေ
အစိုးရတပ်က ကာကွယ်စစ်ဆင်နွှဲနေတာလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူဆို
2013-01-16
ကေအိုင်အို လိုင်ဇာဌာနချုပ်ကို အစိုးရတပ်တွေက ဦးတည်တိုက် ခိုက်နေတာ မဟုတ်ကြောင်း၊ မိမိတို့ တပ်မတော်စခန်းတွေကို ပိတ်မိနေလို့ ကာကွယ်စစ်ဆင်နေတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ထပ်မံပြောကြားလိုက်ပါတယ်။
ဇန်န၀ါရီလ ၁၄ရက်နေ့က လိုင်ဇာမြို့ထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ကိစ္စမှာလဲ သူ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မေးကြည့်လို့သိရသလောက်ဆိုရင် အဲဒီနေ့က တပ်မတော်ကပစ်ခတ်တာ မဟုတ်ကြောင်း၊ ဒါကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုကြောင်း RFA ကို ပြောသွားပါတယ်။
ဒါ့အပြင် အစိုးရနဲ့ ကေအိုင်အို အပစ်ခတ်ရပ်စဲရေး စကားပြောနိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
Ref: အာရ်အဖ်အေ







BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88