Wednesday, May 8, 2013

မိတ္ထီလာ လူသတ်မှု စွဲချက် စတင်

စနေလင်း
May 7, 2013

မိတ္ထီလာတွင် ဘုန်းတော်ကြီးတပါးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ၇ ဦးထဲမှ ၆ ဦးကို ခရိုင်တရားရုံးမှ တရားစွဲဆိုရန် စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ရုံးထုတ်သောအချိန်တွင် တရားရုံးမှ တရားခံစစ် စစ်ဆေးသူ ၄ ဦးရှိခဲ့ပြီး လာမည့် မေလ ၈ ရက်နေ့တွင် နောက် ထပ် ၂ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများထဲမှ အသက် ၁၇ နှစ်အရွယ်ရှိ ညီညီနိုင်ကိုတော့ အသက်မပြည့်သည့်အတွက် ကလေးသူငယ်အက်ဥပဒေဖြင့် အသစ်ပြန်လည် တရားစွဲဆိုသွား မည်ဖြစ်ကြောင်း စွတ်စွဲခံရသူများဘက် မှ ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ပြောသည်။


၎င်းတို့ကို စွဲချက်မတင်မီ နောက်ဆုံးသက်သေဖြစ်သော ရဲအုပ်ဦးမြင့်သန်းကို စစ်ပြီးမှ စွဲချက်တင်ရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ တရားစွဲဆိုခံရသူများမှာ အစ္စလမ်ဘာသာဝင်များဖြစ်ပြီး မိတ္ထီလာအဓိကရုဏ်း တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသောဘိတကို သတ်ဖြတ်သည်ဟု သင်္ကာမကင်းခံရ သူများ ဖြစ်ကြောင်း သိရသည်။

“ အသက်မပြည့်တဲ့သူကိုတော့ သီးခြားခွဲထုတ်ပြီး စွဲချက်မတင်မီ ပြန်ရုတ်သိမ်းပြီး ကလေးသူငယ်ဥပဒေနဲ့ အသစ်ပြန်တရား စွဲမှာ။ အဲဒီထဲကမှ မြတ်ကိုကို ကိုတော့ သူကိုယ်တိုင် ဓါးနဲ့ ထိုးသတ်တယ်လို့ စွပ်စွဲတဲ့ အတွက် လူသတ်မှုနဲ့ တရားစွဲခံရလိုက်တယ် ” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ ဇော်ထက်နိုင်၊ မျိုးဝင်း(ခ)ဒါဂျိဂန်း တို့ကို တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄၊ သာသနာ ညစ်နွမ်းစေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅(က)၊ လူသတ်မှုကို အားပေးကူညီမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁/ဂ/၁၁၄ တို့ဖြင့် စွဲချက်တင်လိုက်ပြီး မြတ်ကိုကို(ခ)အဏ္ဏ၀ါကိုတော့ လူသတ်မှု ပုဒ်မ ၃၀၂/၁ /ဂ၊ ပုဒ်မ ၁၄၄၊ ပုဒ်မ ၂၉၅(က) တို့ဖြင့် စွဲချက်တင် လိုက်ကြောင်း သိရသည်။

လူသတ်မှု ပုဒ်မ ၃၀၂/၁/ဂ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်၍ရကြောင်း၊ အားပေးကူညီခြင်းဆိုင်ရာ ပုဒ်မ ၁၁၄ ပါတွဲပါသည့်တိုင်အောင် သီးခြားပုဒ်မ တပ်မထားလျှင် ၎င်းတို့ကိုပါ ထိုပြစ်ဒဏ်အထိ ပေး၍ရ ကြောင်း အထက်တန်းရှေ့နေ ဦးသန်းအောင်က ဧရာဝတီသို့ ပြောသည်။

သို့ရာတွင် တရားရုံး၏ ဆင်ခြင်သုံးသပ်မှု၊ သက်သေခိုင်မာမှုများအပေါ် မူတည်ပြီး ပြစ်ဒဏ်ကို ပြောင်းလဲသွားနိုင်ကြောင်း၊ တရားခံများအဖြစ် ဆုံးဖြတ်လိုက်လျှင်လည်း တရားရုံးအဆင့်ဆင့် အယူခံပိုင်ခွင့် ရှိကြောင်း ၎င်းကဆိုသည်။

“ အခုက ပုဒ်မ ၃၀၂/၁/ဂ လို့ တပ်လိုက်တာမှာ သေစေလိုတဲ့ဆန္ဒနဲ့ ကြိုတင်စီမံတဲ့သဘောမျိုးဖြစ်နေတယ်။ ရန်ဖြစ်လို့၊ ဒေါသဖြစ်လို့၊ နာကျည်းလို့ လူသတ်မိတာက တမျိုးလေ။ ဒါပေမယ့် တရားရုံးရဲ့ အကြောင်း ချင်းအရာပေါ် ကြည့်ရဦးမယ်။ ပြစ်ဒဏ် ဘယ်လောက်ဖြစ်နိုင်တယ်ဆိုတာ ကြိုတင်ပြောလို့မရဘူး။ တရားခံအဖြစ် စွပ်စွဲခံရသူတွေ ကလည်း ဥပဒေ ဘောင်ထဲက ခုခံပိုင်ခွင့်ရှိပါတယ် ” ဟု ၎င်းက ဆက်ဆိုသည်။

လက်ရှိအချိန်အထိ မိတ္ထီလာအကြမ်းဖက်မှုကြောင့် ဖမ်းဆီးထားသော လူ ၇၀ ရှိပြီး ၎င်းတို့အထဲတွင် ဗုဒ္ဓဘာသာဝင် ၄၂ ဦး၊ အစ္စလမ်ဘာသာဝင် ၂၈ ဦးရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ထို့အပြင် လက်ရှိအချိန်အထိ ဖမ်းဆီးထားသူများထဲမှ ရွှေဆိုင်ပိုင်ရှင်နှင့် အပေါင်းအပါ ၃ ဦးကို မြို့နယ်တရားရုံး၏ စီရင်ပိုင် ခွင့်ရှိသည့် အမြင့်ဆုံးအပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပြီး မိတ္ထီလာမြို့၊ မြို့မ ၄ ရပ်ကွက်မှ ဘေဘီစတိုးဆိုင်ကို လုယက်ဖျက်ဆီးသည့် ၁၃ ဦးကို တရားစွဲဆိုရန် ရုံးတင်ထားပြီး ယခု ဘုန်းတော်ကြီးတစ်ပါးကို သတ်မှုဖြင့် ယခု လူ ၇ ဦးကို စွဲချက်တင်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံထားရသူများ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျှက် ရှိကြောင်း ၎င်းတို့၏ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

လက်ရှိအချိန်အထိ ဖမ်းဆီးထားသူများ၏ မှတ်တမ်းများကို မိတ္ထီလာခရိုင်သို့ ဆက်သွယ်မေးမြန်းသော်လည်း မှတ်တမ်း အသေးစိတ်ကို ပြောဆိုခြင်းမရှိသောကြောင့် အတိအကျမသိရသေးပေ။

Ref: ဧရာဝတီ

Read More...

မိုးသက်လေပြင်းကြောင့် တရုတ်နယ်စပ် ဒုက္ခသည် စခန်းများမှ အိမ်ခြေ ၄၀၀ ခန့် ပျက်စီး

ဖနိဒါ
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

မိုးနှင့် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် တရုတ်နယ်စပ်၊ မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်း ၄ ခုမှ အိမ် အလုံး ၄၀၀ ခန့် ပျက်ဆီးခဲ့သဖြင့် ပြန်လည် ပြုပြင်ရန် အကူအညီ လိုအပ်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

မေလ ၃ ရက်နေ့က ညနေပိုင်းက မိုင်ဂျာယန်အနီးရှိ လနာ့ဇွပ်၊ အင်ခေါင်းပါ၊ ဘွမ်ဇစ်ပါ၊ ခခရန်းဇွပ်စခန်းများရှိ လူဦးရေ ၅,၅၀၀ ကျော်၏ နေအိမ်နှင့် အိမ်သာများ ပျက်ဆီးခဲ့၍ ပြုပြင်ရန် သစ်၊ ဝါးနှင့် သွပ်များ လိုအပ်နေ သည်ဟု လနာ့ဇွပ် ဒုက္ခသည်စခန်း တာဝန်ခံ ဦးတူးလွမ်း က ပြောသည်။

“ခုလောလောဆယ် ၉ ထပ်သားနဲ့ ၅ ထပ်သားတွေ လိုနေတယ်။ ဝါးလည်း အလုံး ၁,၅၀၀ လောက် လိုနေတယ်။ ကျနော်တို့လည်း ၅၀၀ လောက်တော့ ဝယ်တယ်။ ဒါပေမယ့် မလောက်သေးဘူး။ သွပ်က အနည်းဆုံး ၁၅၀ ချပ်လောက် လိုနေတယ်” ဟု မဇ္စျိမကို ပြောသည်။

ထိုစခန်းများ ပြန်လည် ပြုပြင်ရန်အတွက် KIO မှ တရုတ်ယွမ်ငွေ ၃၀,၀၀၀ ကူညီထောက်ပံ့သော်လည်း လုံလောက်မှု မရှိသေး၍ အကူအညီများ ထပ်မံလိုအပ်နေသည်ဟု သူက ဆက်ပြောသည်။

“ရေလောင်းအိမ်သာ ပိုက်ကလည်း ကွဲသွားပြီ။ အဲဒါလည်း လိုနေတယ်။ အိမ်သာ ၃၅ လုံး ပျက်စီးသွားတယ်။ ၂၀ လောက်တော့ ပြန်ထူနိုင်ပြီ။ ၁၅ လုံးလောက်က ပိုက်တွေ တပိုင်းတစ ဖြစ်သွားတယ်” ဟု ဆိုသည်။

စခန်း ၄ ခုမှ နေအိမ် အလုံး ၃၈၀၊ အိမ်သာ ၃၀ ကျော် အပါအဝင် အခြား မီးဖိုချောင် ၆ လုံး၊ မီးတိုင် ၂ လုံး၊
ဆေးပေးခန်း ၁ ခု၊ ဂူဒေါင် ၁ လုံး၊ ဘုရားကျောင်း ၁ ခု၊ မူကြိုကျောင်း ၂ ခု၊ စာသင်ကျောင်းဆောင် ၁ ခု ပျက်စီးသွား၍ ပြုပြင်ရန်လိုအပ်နေသည်ဟု KIO ၏ ဒုက္ခသည် ကူညီစောင့်ရှောင်ရေးအဖွဲ့မှ အတွင်ရေးမှူး ဗိုလ်မှူးကြီး ဇော်ရော် က ပြောသည်။

“တတ်နိုင်တလောက်တော့ ပြင်လို့ ရတာ ပြင်နေကြတယ်။ ပစ္စည်းတွေလည်း လိုအပ်နေတယ်၊ KIO ရဲ့ အရှေ့ပိုင်းတိုင်း ဌာနချုပ် စစ်ပြေးဒုက္ခသည် ကူညီစောင့်ရှောင်ရေးအဖွဲ့က ပြန်ပြင်ပေးဖို့ စီစဉ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

အခြား ဒုက္ခသည်စခန်းများတွင် ပျက်စီးမှု အနည်းငယ်သာ ရှိသည်ဟု သိရသည်။

အစိုးရတပ်နှင့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်ပေါင်း ၇၀,၀၀၀ ခန့်ရှိနေသည်။

Ref: မဇ္ဈိမ

Read More...

ဖမ်းထားသည့် လူငယ်များ ပြန်လွှတ်ပေးရန် မွန်လူငယ်ဖိုရမ် တောင်းဆို

ယဉ်စနိုင်း
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာတွင် သင်္ကြန်ကာလက ဖြစ်ပွားခဲ့သည့် မွန်လူငယ်များနှင့် ရဲဝန်ထမ်း ရိုက်နှက်မှုကြောင့် ဖမ်းဆီးထားသည့် လူငယ်များကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
မွန်လူငယ် ဖိုရမ်က တောင်းဆိုလိုက်သည်။

ပြဿနာ ဖြစ်ရခြင်းအကြောင်းမှန်ကို ဖော်ထုတ်ခြင်းမရှိဘဲ လူငယ်များကို မတရား ပုဒ်မ တပ်ကာ ဖမ်းဆီးထား ကာ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု မွန်လူငယ်ဖိုရမ် တာဝန်ခံ မင်းဉာဏ်သိုက်ရာမာန် က
ပြောသည်။

“စွပ်စွဲထားတာ သတင်းတွေ ထုတ်ထားတွေတာက အမှန်တွေ မဟုတ်ဘူး။ အစိုးရဝန်ထမ်းကို ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုပြီး စွပ်စွဲထားတာ အမှန်ကို မထုတ်ဖော်ဘူး။ ပြဿနာ စတာက ရဲက အလံကို ဆုတ်တာက စတာ။ ဒါကို မပြောဘဲနဲ့ လူငယ်တွေ ရဲကို ဝင်ရိုက်တယ်ဆိုပြီး ပြောတယ်။ စစ်ဆေးတဲ့ အခါမှာလည်း ညှင်းပန်းနှိပ်စက်မှုတွေ ရှိတယ်” ဟု မဇ္ဈိမကို က ပြောသည်။

ဖမ်းဆီးခံထားရသည့် လူငယ် ၁၁ ယောက်ထဲတွင် အသက်ပြည့်သူ ၃ ဦးသာ ပါဝင်ပြီး အများစုမှာ အသက် ၁၅ နှစ်နှင့် ၁၇ ကြား ကျောင်းနေရွယ် လူငယ်များ ဖြစ်သည်ဟုလည်း သူက ပြောသည်။

လူမျိုး ဂုဏ်သိက္ခာကျဆင်းစေသည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့် အပြော အဆို အပြုအမူများနှင့် အလံသိမ်းဆည်းဆုတ်ဖြဲမှု ပြုလုပ်သူ၊ ပဋိပက္ခဖန်တီးသူ ရဲအုပ်မြင့်နိုင် ကိုလည်း တရားဥပဒေအရ ထိရောက်သည့် အပြစ်ဒဏ်ဖြင့် အရေးယူပေးရန်လည်း မွန်လူငယ်ဖိုရမ်က ကြေညာချက် ထုတ်ပြီး တောင်းဆိုထားသည်။

သို့သော် အလံကို စုတ်ဖြဲခြင်း၊ လူငယ်များကို မတရား ဖမ်းဆီးခြင်း မဟုတ်ဘဲ ဗီဒီယိုမှတ်တမ်းအရ ဖမ်းဆီး အရေးယူရခြင်းဖြစ်ကြောင်း ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ဝင်းဗိုလ် က ပြောသည်။

“လောလောဆယ် ဗီဒီယိုမှတ်တမ်းအရ ပါတဲ့လူတွေကို စစ်ဆေးတယ်။ မပါတဲ့ လူတွေကို ပြန်လွှတ်ပေးတယ်။ ပါတဲ့လူကိုတော့ သက်ဆိုင်ရာကနေ ဥပဒေအရ အရေးယူဆောင်ရွက်မှာပေါ့။ အလံဆုတ်ဖြဲတာ၊ ရဲက စရိုက်တယ်ဆိုတာက မဟုတ်ပါဘူး။ ကျနော်တို့မှာ မှတ်တမ်းတွေ ရှိပါတယ်” ဟု ပြောသည်။

ထိုလူငယ်များကို လက်နက်လုယက်မှုနှင့် တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ကို လုပ်ငန်း အနှောင့်အယှက်ပေးပြီး ပြင်းထန်စွာ နာကျင်စေအောင် ဟန့်တားစေမှုနှင့် အရေးယူထားသည် ဟုလည်း သူက ပြောသည်။

သင်္ကြန် ရေကစားရန်အတွက် မွန်အမျိုးသားအလံကို ကိုင်ဆောင်လာသည့် လူငယ်တစုကို လုံခြုံရေးယူ ပေးနေတဲ့ ရဲဝန်ထမ်းက အလံကိုင်ဆောင်ပြီး မသွားရန် တားမြစ်ကာ အလံကို ဆုတ်ဖြဲရာမှ လူငယ်များ မကျေနပ်ဖြစ်ရာ ရဲဝန်ထမ်းနှင့် ထိုးကြိတ်ခဲ့ကြသည်ဟုလည်း မျက်မြင်သက်သေတဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

သဘာဝ ဆိုးဆေး လက်ရက်ထည်များ ပြည်တွင်းထက် ပြည်ပမှ ဝယ်ယူမှုများ

စန္ဒီဝိုင်း
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

သဘာဝ ဆိုးဆေးများကိုသာ အသုံးပြုသည့်လက်ရက်အဝတ်အထည်များ မှာ ပြည်တွင်းဈေးကွက်ထက် ပြည် ပဈေးကွက်က ပိုပြီးခိုင် မာနေကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။

ချည်သားဖြင့် ရက်လုပ်ထားသည့်အပြင် ဆိုးဆေးကိုလည်း ဓာတုဗေဒများ အသုံးမပြုဘဲ သဘာဝမှ ရရှိသည့် အရောင်များ ကိုသာ အသုံးပြုထား၍ ဈေးနှုန်းမြင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ဝယ်ယူသူ အများစုမှာ ပြည်ပသို့လက်ဆောင်ပေးသည့်အချိန်များတွင်သာ ဝယ်ယူကြသည်။

“ပြည်ပက ဧည့်သည်တွေက မြန်မာနိုင်ငံကို လာလည်ရင် ချည်သားတွေ ဝယ်ကြတာ များတယ်။ အထည်က ချည်စစ်တဲ့ အပြင် ဆိုးဆေးက အစ သဘာဝဖြစ်လို့ တကြိမ်ဝယ်ပြီးရင် ဖောက်သည် ဖြစ်သွားတယ်။ ဒီကနေ လက်ဆောင်ပေးတော့ လည်း ချည်သားကို ပေးကြတယ်လေ။ ဒါကြောင့် ပြည်တွင်းထက် ပြည်ပက မှာယူတာ ဝယ်တာ များတယ်” ဟု ဗိုလ်ချုပ်ဈေး ရှိ မြန်မာ့ရနံ့ အထည်ဆိုင်မှ ပြောသည်။

သဘာဝ ဆိုးဆေး အများစုမှာ သစ်ခေါက်၊ ကြက်သွန်နီအခွံတို့ ဖြစ်ပြီး ထိုအထည်များ၏ ဈေးနှုန်းများမှာ အနိမ့်ဆုံး သောင်းဂဏန်းဝန်းကျင်မှ စပြီး ရောင်းချသည်။ ထို့ကြောင့် ပြည်တွင်း ဝတ်ဆင်သူများ အနေဖြင့် ဈေးနှုန်းမြင့်မားနေကြောင်းကို “ချည်သားစစ်စစ်နဲ့ သဘာဝ ဆိုးဆေးကြောင့် ဝယ်ဖြစ်ပေမယ့်ဈေးနှုန်းက ပွဲတက်ဝတ်စုံ တန်ဖိုးနီးပါး ရှိနေတော့ တထည်၊ နှစ်ထည်လောက်ပဲ ဝယ်ဖြစ်တယ်။ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အဝတ်ဆိုပေမယ့် ဈေးနှုန်းကြောင့် အများကြီးဝယ်ပြီး အမြဲဝယ်ဖို့ မဇြစ်နိုင်ပါဘူး” ဟု ဝယ်သူတဦးက ဆိုသည်။

နိုင်ငံခြား ဈေးကွက်အဖြစ် ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့ရကြောင်း “ဂျပန်က မှာတာ အများဆုံးပဲ။ တခြားနိုင်ငံတွေ အနေနဲ့ ဩစတြေးလျ၊ ဆွစ်ဇလန်တို့က မှာကြပါတယ်။ အများစုက ပိတ်ထည်အနေနဲ့ မှာကြတယ်။ ချုပ်ပြီးသားဆိုရင် ဂျာစီဒီဇိုင်းကို ပိုမှာကြတယ်။ နောက်ပြီး အိတ်တွေလည်း ရောင်းရပါတယ်” ဟု မြန်မာ့ရနံ့ အထည်ဆိုင်က ပြောပြ သည်။

သို့သော် ယင်းကဲ့သို့ သဘာဝဆိုးဆေးကို အသုံးပြုသည့် ချည်ထည်များကို ရက်လုပ်သည့် ရက်ကန်းရုံများ နည်းပါးခြင်းနေ၍ ပြည်ပမှ မှာယူသည့်ပမာဏကို တင်ပို့နိုင်ခြင်း မရှိသေးပေ။

“ကျမတို့ဆီမှာ ဒီလို သဘာဝ ဆိုးဆေး သုံးပြီး ရက်ကန်းလုပ်ငန်းရှင် သုံးဦးလောက်ပဲ ရှိတာ။ ထုတ်လုပ်နိုင်မှု အား နည်းပါတယ်။ နည်းပညာကို မသိကြတော့ လုပ်တဲ့သူ နည်းတဲ့အပြင် သစ်ဥ၊ သစ်ဖုတွေကနေ ဆိုးဆေး ထုတ်ရတာ ဆိုတော့ အခက်အခဲနဲ့ ပင်ပန်းမှုလည်း ရှိပါတယ်။ မိုးတွင်းရောက်ရင်လည်း အရောင် မထွက်တာတွေ ဖြစ်နိုင်ပါ တယ်။ ဓာတုဆိုးဆေးလိုမျိုး တထုပ် ၄၀ဝ၊ ၅၀ဝ နဲ့ဝယ်ပြီး ဆိုးလိုက်ရင် အချိန်နဲ့လူကို သက်သာစေတယ်။ ဈေးနှုန်း သက်သာပါတယ်။ ဒါပေမယ့် ကျန်းမာရေးအနေနဲ့က ဓာတ်မတည့်တာတွေ၊ ဆေးအရောင် ကျွတ်တာတွေလည်း ဖြစ်နိုင် ပါတယ်” ဟု အမရပူရမြို့နယ်မှ လုပ်ငန်းရှင် တဦးက ရှင်းလင်းပြောပြသည်။

Ref: မဇ္ဈိမ

Read More...

“လူ့အခွင့်အရေး စကားသံ” ရုပ်သံ အစီအစဉ် ပြည်တွင်း ထုတ်လွှင့်ရန် စီစဉ်နေ

မင်းမင်း
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံတွင် ပထမဆုံး လူ့အခွင့်အရေး ပညာပေး ရုပ်သံ အစီအစဉ်အဖြစ် ပြည်တွင်း ရုပ်သံလိုင်းများတွင် ပြသနိုင်ရန် “လူ့အခွင့်အရေးစကားသံ” အစီအစဉ်ကို မေလ ၇ ရက်တွင် စတင် ရိုက်ကူးနေ ပြီ ဖြစ် သည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT Park အတွင်း ရိုက်ကူးရေးလုပ်ငန်းများ စတင်နေသည့် ထိုအစီအစဉ်တွင် ဖျော်ဖြေမှုနှင့် ပညာပေးမှု နှစ်ခုလုံး ပါဝင်နိုင်ရန် စီစဉ်နေကြောင်း လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က မဇ္ဈိမကို ပြောသည်။

“ပွင့်လင်းလာတဲ့ အခြေအနေအရ ပြည်တွင်းမှာရှိတဲ့ ရေဒီယိုတွေ၊ ရုပ်သံလိုင်းတွေက လူ့အခွင့်အရေး ကိစ္စတွေကို လုပ်ဆောင်ချင်တယ်၊ လုပ်ဆောင်စေချင်တယ်ဆိုတဲ့ ဆန္ဒတွေကို ကျနော်တို့ ကြားရတယ်။ အဲတော့ ဖျော်ဖြေမှုလည်းပါ၊ ပညာပေးမှုလည်း ပါတဲ့ အစီအစဉ်တွေကို လုပ်ဆောင်သွားဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်နေပါပြီ” ဟု ဆိုသည်။

HREIB အနေဖြင့် အဆိုပါ “လူ့အခွင့်အရေး စကားသံ” အစီအစဉ်ကို ထိုင်းနိုင်ငံတွင် ၂၀၁၁ မှ စတင်ရိုက်ကူး ကာ ဒီမိုကရက်တစ်မြန်မာ့အသံတွင် အပတ်စဉ်ထုတ်လွှင့်ခဲ့ပြီး ယခု မြန်မာနိုင်ငံတွင်း စတင် ရိုက်ကူးခြင်း ဖြစ်သည်။

အစီအစဉ်တခုလျှင် မီနစ် ၂၀ ခန့် ကြာသည့် အစီအစဉ် ၈ ခုပါဝင်သည်။ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ ဘာသာရေးမှ လူ့အခွင့်အရေး တိုးတက်ရန် လုပ်ဆောင်မှု၊ မီဒီယာများအား ကာကွယ် စောင့်ရှောက်ခြင်း၊ လယ်ယာမြေပြဿနာများနှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခွင့် စသည်တို့ ပါဝင်သည်။

“ဒီအစီအစဉ်လေးက လူ့အခွင့်အရေး စကားသံ ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ ကိုယ်တို့ရဲ့ မြန်မာပြည် ပြည်သူလူထု ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ပညာသင်ကြားခွင့်တို့၊ ကျန်းမာရေး အခွင့်အရေးတို့၊ နိုင်ငံရေး အခွင့်အရေးတို့ အများကြီးရှိတယ်။ ဒါတွေကို ဗဟုသုတအနေနဲ့ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာလေးကို ကိုယ်တို့ လုပ်တာပါ” ဟု ရိုက်ကူးရေး ဒါရိုက်တာ ဦးဇော်ကြီး က မဇ္ဈိမကို ပြောသည်။

သရုပ်ဆောင်များအဖြစ် အသက် ၁၈ နှစ်မှ ၃၀ ကြား လူငယ်အမျိုးသား ၈ ဦး နှင့် အမျိုးသမီး ၇ ဦးတို့ပါဝင်ပြီး ၎င်းတို့မှာ ထိုင်းနိုင်ငံမှာ ရိုက်ကူးစဉ်ကထက် ပိုစိတ်ဝင်စားလာကြသည်ဟုလည်း ဦးအောင်မျိုးမင်း က ပြောသည်။

“အရင်တုန်းက ဒီအစီအစဉ်ကို စစချင်း တုန်းကဆိုရင် ပါဝင်ဖို့အတွက် လူတွေက တော်တော် ကြောက်ကြ တယ်။ အနေအထားအရလည်း ပါလိုက်ပြီးလို့ရှိရင် မြန်မာပြည် ပြန်မရဘူးတို့၊ အစိုးရက တခုခုလုပ်မှာ စိုးတဲ့ အတွက်ကြောင့် သိပ်ပြီးတာ့ မပါကြဘူး။ အခုတော့ ပွင့်လင်းလာတဲ့ အချိန်မှာ လူတွေက ပိုပြီးတော့ ပါဝင်လာကြတယ်” ဟု ဆိုသည်။

သရုပ်ဆောင် မစုချစ်ကလည်း ထိုအစီအစဉ်တွင် ပါဝင်ခြင်းကြောင့် “ကြောက်တာတော့ မရှိပါဘူး” ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

သရုပ်ဆောင် ၁၅ ဦးတွင် ထိုင်းနိုင်ငံတွင် ရိုက်ကူးဖူးသည့် ၃ ဦးသာ ပါရှိသည်။

“ပြောင်းလဲလာတဲ့ အစိုးရနဲ့ ပြုပြင်ပြောင်းလဲလာတဲ့ ဥပဒေတွေကို အားနည်းတဲ့ အခြေအနေတွေကို ထောက်ပြ ရမယ့် အစီအစဉ်ဆိုတော့ ပိုပြီးတော့ အားရကျေနပ်ပါတယ်။ ကျနော်က မြန်မာပြည် ပြုပြင်ပြောင်း လဲရေး အတွက် တထောင့်တနေရာကနေ ပါဝင်ချင်တဲ့ သူလေ” ဟု ထိုင်းနိုင်ငံတွင် ရိုက်ကူးစဉ်ကလည်း ပါဝင်သရုပ်ဆောင်ခဲ့သည့် ကိုလင်းဇော် က ပြောသည်။

ယခု ရိုက်ကူးနေသည့် အစီအစဉ် ၈ ခုကို မေလ ၁၀ ရက်နေ့တွင် အပြီးသတ် ရိုက်ကူးမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

KIO နှင့် အစိုးရ ပြန်တွေ့နိုင်ရန် ညှိနေကြဆဲ

ဖနိဒါ
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် နှစ်ဖက် ညှိနှိုင်းနေသဖြင့် ယခုရက်ပိုင်းအတွင်း တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဧပြီလကုန်ပိုင်းတွင် ဝန်ကြီး ဦးအောင်မင်း က မေလ ပထမပတ်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ပြီးနောက် အပြန်အလှန် စာများ ပေးပို့ခဲ့၍ ညှိနှိုင်းနေသည်ဟု ဆိုသည်။

“စာနဲ့တော့ ညှိနှိုင်းနေကြတုန်းပါပဲ။ ကျနော်တို့ဘက်က ဒီဆွေးနွေးပွဲကို မြစ်ကြီးနားမှာ လုပ်ချင်တယ်။ KIO ဘက်က သူတို့ရဲ့ အဖွဲ့အစည်းနဲ့ လုပ်ရတာ ဖြစ်တော့ ဆွေးနွေးပွဲကို လာဖို့အတွက် လိုအပ်ချက်တွေ ဝန်ကြီးဘက်ကို သဘောထား တောင်းတာတို့ ရှိပါတယ်။ လိုအပ်ချက်တွေကို ဟိုဘက် ဒီဘက် ညှိနှိုင်းနေ တယ်” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

မည်သည့် အချက်များ ညှိနှိုင်းနေမှု အသေးစိတ်အား ပြောဆိုရန် သူက ငြင်းဆိုသည်။ သို့သော် KIO ဘက်မှ တင်ပြသော နိုင်ငံတကာ လေ့လာသူများကို အစိုးရဘက်မှ မူအားဖြင့် လက်ခံထားကြောင်း ဦးလှမောင်ရွှေ က ပြောသည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံတကာ လေ့လာသူများအဖြစ် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်နိုင်ငံများနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC ကိုယ်စားလှယ်များ တက်ရောက် ပါဝင်ရန် KIO က တင်ပြထားသည်ဟု ကချင်ငြိမ်းချမ်ရေး အကျိုးဆောင် ဦးဆန့်အောင် က ပြောသည်။

“ညှိနေတုန်း။ KIO ဘက်က ဒီရက်ပိုင်းမှာပဲ လေ့လာသူတွေကို အစိုးရဘက်ကလည်း ဖိတ်ထားမှု ရှိမရှိ၊ တရုတ်နိုင်ငံက လေ့လာသူကို အစိုးရဘက်ကလည်း ဖိတ်မဖိတ် မေးထားတယ်။ အမြန်ဆုံး တွေ့ဆုံ
ဆွေးနွေးကြရအောင် ဆိုတဲ့စာ ပို့ထားတယ်” ဟု မဇ္စျိမကို ပြောသည်။

နိုင်ငံတကာ လေ့လာသူများ ပါဝင်ရေးနှင့် ပတ်သက်၍ တရုတ်အစိုးရက ကန့်ကွက်ခဲ့သည့်အပေါ် KIO က ဝန်ကြီး ဦးအောင်မင်းထံ မေးမြန်းထားသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ အစိုးရစစ်တပ်အင်အား လျော့နည်းသွားခြင်း မရှိသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်း လည်း လှုပ်ရှားမှုများ ရှိနေသည်ဟု သိရသဖြင့် အစိုးရအနေဖြင့် ယုံကြည်မှု တည်ဆောက်ရန်အတွက် အပြုသဘောဆောင်ရန် လိုအပ်နေသည်ဟု ဦးဆန့်အောင်က ပြောသည်။

“တဖက်က အပြုသဘောဆောင်နေရင် တဖက်ကလည်း အပြုသဘောဆောင်တာတွေ ပြသင့်တယ်။ ဒီလို ထိုးစစ်ဆင်တာတွေ ရပ်တာ မကလို့ နောက်ဆုတ်ထားသင့်တယ်။ KIO က နောက်ဆုတ်၊ အစိုးရက ထပ်တိုးလာ တဖက်သတ်ဖြစ်ရင် တရက်တော့ ပေါက်ကွဲလာရင် အရမ်းခက်မယ်။ ဒါကြောင့် နှစ်ဖက်လုံး အပြုသဘောဆောင်တာ အကောင်းဆုံးပဲ” ဟု သူက ပြောသည်။

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ဖက် နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

DKBA နှင့် နယ်ခြားစောင့်တပ် ပဋိပက္ခ တပါတ်အတွင်း ပြေလည်မည်မှန်း

ဟင်္သာနီ (မွန်မြေ)
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်နှင့် အစိုးရ၏ နယ်ခြားစောင့်တပ် တို့အကြား ပစ်ခတ်မှု ပဋိပက္ခများသည် ကရင်အမျိုးသားများ၏ သွေးစည်း ညီညွတ်ရေးကို ထိခိုက်စေမည် မဟုတ်ဘဲ လာမည့် သီတင်းပတ်အတွင်း ပြေလည်မှု ရနိုင်မည်ဟု မျှော်လင့်ရကြောင်း DKBA က ဆိုသည်။

ဧပြီလ ၆ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် သွားရောက် ညှိနှိုင်းခဲ့သည့် DKBA တပ်မှ ဗိုလ်မှူး မောင်လေး က ပြောဆိုခြင်း ဖြစ်သည်။

“မြိုင်ကြီးငူမှာ ဖြစ်တဲ့ ပဋိပက္ခအရ လတ်တလော မြေပြင်မှာ ဖြစ်နေတဲ့ ပဋိပက္ခ အနေအထား တွေကို သွားရောက် တင်ပြတာပဲ ရှိပါတယ်။ နောက်နောင် ဒီလိုမျိုး အဖြစ်တွေ ဘယ်လို မဖြစ်အောင် ထိန်းသိမ်း ရမယ် ဆိုတဲ့ အနေအထားကို ဆွေးနွေးတယ်။ အဲဒီ ဆွေးနွေးချက်တွေကို ဝန်ကြီးတွေဘက်က အထက်ကို တင်ပြပြီး အမြန်ဆုံး ကရင်ပြည်နယ်ကို ဆင်းလာပြီး ပြည်နယ် အစိုးရနဲ့ရော ကျနော်တို့ ဘက်နဲ့ရော BGF ဘက်နဲ့ရော တွေ့ပြီး ဖြေရှင်းကြမယ်လို့ စီစဉ်ထားတယ်။ အလွန်ဆုံး တပတ်လောက်ပဲ ကြာမယ်လို့ ခန့်မှန်းတယ်” ဟု ဗိုလ်မှူး မောင်လေးမှ ပြောသည်။

ဝန်ကြီး ဦးအောင်မင်း တို့နှင့် သွားရောက် တွေ့ဆုံခဲ့စဉ် DKBA ဘက်မှ ရရှိထားသော အပစ်အခတ် ရပ်စဲရေးသဘော တူညီချက်ကို မပျက်ပြားစေလို၍ လာရောက်တင်ပြ ဆွေးနွေးခြင်း ဖြစ်ကြောင်း ဦးအောင်မင်း တို့အား တင်ပြခဲ့ပြီး DKBA နှင့် ငြိမ်းချမ်းရေး အဖွဲ့များအကြား ဆက်ဆံနိုင်မည့် ကြားခံအဖွဲ့ ထားရှိရန် အဓိက လိုအပ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ်ရှိ ငြိမ်းချမ်းရေး အဖွဲ့အချင်းချင်း အားလုံး ပါဝင်သည့် ဆွေးနွေးပွဲတရပ် ထပ်မံ ဆွေးနွေးရန် လိုအပ်ပြီး နယ်မြေ သတ်သတ်မှတ်မှတ် ကန့်သတ်ရန် လိုနေကြောင်း တို့ကို တင်ပြ ခဲ့သည်ဟု ဗိုလ်မှူး
မောင်လေး က ပြောသည်။

DKBA နှင့် BGF တို့အကြား ပစ်ခတ်မှု စတင် ဖြစ်ပွား လာခဲ့ရခြင်းမှာလည်း BGF တပ်ရင်း (၆၄) တပ်ရင်းမှူး ထံတွင် သစ်လုပ်ငန်း စီးပွားရေး ပူးပေါင်းလုပ်ခဲ့သည့် အရပ်သား တဦးက လုပ်ငန်း အရှုံးပေါ်ကာ BGF ကို မကျေနပ်ချက် ရှိခဲ့ရာမှ မြိုင်ကြီးငူ ဒေသရှိ DKBA ဆက်ဆံရေး ရုံး၌ အဖွဲ့ဝင် ပုံသဏ္ဍာန် နေထိုင်နေစဉ်လှေဖြင့် ခွင့်ပြန်လာသည့် BGF ၏ ၁၀၁၂ တပ်ရင်း မှ ရဲဘော်အား လှေရပ်တန့်ရန် တားမြစ်ခဲ့ရာမှ ပစ်ခတ်ခဲ့၍ အဆိုပါ ရဲဘော် သေဆုံး သွားခဲ့သည်။

ထို့နောက် တင်းမာမှု ဖြစ်ပွားခဲ့ကာ ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ၎င်းအရပ်သားနှင့် ပစ်ခတ်ခဲ့သည့် လက်နက်ကို အပ်နှံရန် BGF တပ်ဖွဲ့မှ တောင်းဆိုခဲ့သည့်အလျောက် အပ်နှံပေးခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူး
မောင်လေး က ပြောသည်။

ထို့ကြောင့် မြိုင်ကြီးငူ ဒေသ၌ လက်နက်ကိုင်ဆောင်ကာ နေထိုင်နေကြခြင်းသည် မလိုလားအပ်သည့် ပဋိပက္ခ ဖြစ်ပွားရ၍ ထိုဒေသမှ တပ်များ ခွာရန် အမိန့်ပေးခဲသည်။ အချို့ တပ်များ ခွာပေးခဲ့သော်လည်း အင်အား ၃၀ ဝန်းကျင်ခန့် ရှိသည့် တပ်က ထွက်ခွာရန် ငြင်းဆိုနေခဲ့၍ စစ်ဦးချုပ် ဗိုလ်ချုပ် စောလားဘွယ်ထံ အမိန့် တောင်းခံခဲ့ပြီး ၎င်း အင်အား ၃၀ ခန့်ပါ အစုကို အဖွဲ့ဝင် မဟုတ်တော့သည့် အကြောင်းလည်း တရားဝင် ကြေညာခဲ့ပြီး ဖြစ်သည်ဟု ဗိုလ်မှူး မောင်လေး က ဆိုသည်။

ထို ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ သုံးရက်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ နှစ်ဖက်တပ် တာဝန်ရှိသူများ နားလည်မှု ရယူ၍ အပစ်အခတ် ရပ်စဲခဲ့သည်။ ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက် ကျဆုံးမှု ရှိကြသော်လည်း
နှစ်ဖက် စလုံးကပင် ထုတ်ဖော် ပြောဆိုခြင်း မရှိကြောင်း DKBA အရာရှိ တဦးဖြစ်သူ ဦးထွန်း က ဆိုသည်။

ထိုပစ်ခတ် မှုကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် မြိုင်ကြီးငူ ဒေသ များမှ လောပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ ကျေးရွာများမှ ဒေသခံ ၁,၀၀၀ ကျော် ပစ်ခတ်မှု လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိခဲ့သည်။

မေလ ၄ ရက်နေ့က ဗိုလ်မှူး မောင်လေး ဦးဆောင်၍ ဘားအံမြို့ရှိ ပြည်နယ် အစိုးရရုံးတွင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဦးအောင်လွင် အား သွားရောက် ဆွေးနွေး၍ ဖြေရှင်းခဲ့ကြသော်လည်း
ပြေလည်မှု မရရှိခဲ့ဘဲ နေပြည်တော်သို့ သွားရောက်ရခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Tuesday, May 7, 2013

မြစ်ကြီးနား-လိုင်ဇာလမ်း ကားများ ပြန်ပေးဆွဲလာ

06 May 2013

ကချင်ပြည်နယ် တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည် မြစ်ကြီးနား-လိုင်ဇာ လမ်းကို ဧပြီလမှ တချို့ ပြည်သူများ ဆိုင်ကယ်ဖြင့် ပြေးဆွဲနေပြီဖြစ်ပြီး ယခုချိန် ကားဖြင့်လည်း ပြေးဆွဲလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို တရားဝင် ဖွင့်လိုက်ခြင်းမဟုတ်ပဲ နားလည်မှုဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ် သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာ ဗဟိုဌာနချုပ် သွားသော ခရီးသည်များကို မြစ်ကြီးနားမှ နမ်ဆန်ယန် (Nam San Yang) ထိ ပို့ဆောင်ပြီး ထိုမှတဆင့် လိုင်ဇာထိ အခြားကားဖြင့် ပို့ဆောင်နေကြောင်း ခရီးသည်များ ပြောသည်။

ထိုသို့သွားလာသော ခရီးသည်များကို အစိုးရ စစ်တပ် ဂိတ်များတွင် မေးမြန်းစစ်ဆေးမှုများ ပြုလုပ်သော်လည်း ခြိမ်းခြောက်မှုနှင့် ငွေတောင်းခြင်း မရှိကြောင်း မြစ်ကြီးနားမှ လိုင်ဇာသို့ လာခဲ့သော ဒေသခံတစ်ဦးကပြောသည်။

“လမ်းတွေမှာတော့ တံတားတိုင်းမှာ ဗမာစစ်သားတွေရှိတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ ဘာမှ မကောက်ဘူး။ ကားသမားတွေ လက်မှတ်ထိုးတာပဲ။ မှတ်ပုံတင်ပဲ စစ်တယ်။ နေ့တိုင်းလိုလိုတော့ရှိတယ်။ ဒီနေ့လည်း မြစ်ကြီးနားကနေ ကားတစ်စီး ဆင်းလာပြီ” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

လိုင်ဇာသို့သွားရာတွင် လဂျားယန်ဘက်မှ မဟုတ်ပဲ မုန်လိုင်ခက်လမ်းဘက်မှ ဖြတ်၍သွားလာနေခြင်းဖြစ်ရာ အစတွင် ထိုလမ်းမှ ဆိုင်ကယ်ဖြင့်ပြေးဆွဲသူများကို မြစ်ကြီးနား-ဗန်မော်သွားလမ်းပေါ်ရှိ ဖရဲသီးစိုက်ခင်းများမှ ဖရဲသီးများကို ခြံပိုင်ရှင်များက တရုတ်ပြည်သို့ ဖရဲသီးတင်သွင်းခွင့် တောင်းထားကာ ထိုအရေးအခင်းကြောင့် နားလည်မှုဖြင့် ပြေးဆွဲခွင့်ပေးထားခြင်းဖြစ်သည်။

သို့သော် ယခုချိန် ဖရဲသီး တင်သွင်းခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်သော်လည်း ဆိုင်ကယ်ပြေးဆွဲသူများသာမက ကားပြေးဆွဲသူများလည်း သွားလာနေပြီဟု လိုင်ဇာ ဒေသခံများကပြောသည်။

ထို့ပြင် ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို မတ်လပိုင်းမှ တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ထိုလမ်းကို ဧပြီလကုန်ပိုင်းအတွင်း ပြန်လည်ပိတ်ပင်လိုက်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပိတ်ပင်ခြင်းမရှိပဲ ယခင်ကထက် ကားသွားလာမှုများ ပိုမိုများလာကြောင်း ကားပြေးဆွဲနေသော အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“ပိတ်တာမဟုတ်ဘူး။ သူတို့စစ်တပ်လုံခြုံရေး နည်းနည်ယူတာဟုတ်တယ်တဲ့။ တရားဥပဒေနဲ့ မညှိစွန်းတဲ့ ပစ္စည်းတွေမပါရင်တော့ ကောင်းကောင်းဖြတ်ခိုင်းတယ်။ အရင်ကလိုမဟုတ်တော့ဘူး။ ပြောဆိုဆက်ဆံ တာတွေ ရိုရိုသေသေတော့ ဆက်ဆံပါတယ်။ မဆိုးပါဘူး။ အဆင်ပြောပါတယ်” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

မြစ်ကြီးနားမှ နမ်ဆန်ယန် ထိ ကားခ ကျပ် ၁၀၀၀၀ ဖြင့်ပို့ဆောင်နေပြီး နမ်ဆန်ယန်မှ လိုင်ဇာထိ ကျပ် ၃၀၀၀ ဖြင့် ပို့ဆောင်ပေးနေကြောင်း သိသည်။

အစိုးရမှ ခရီးသည်များကို ကောင်းမွန်စွာဆက်ဆံမှုများ ပြုလုပ်လာခြင်းသည် ပြည်သူလူထုများကို စည်းရုံးရေးပြုလုပ်သည့်သဘောဟု မြင်ရပြီး ရှေ့ဆက် ဆက်သွယ်ရေး လမ်းကြောင်း ပိုမိုကောင်းမွန်လာရန် မှာလည်း နိုင်ငံရေးဆွေးနွေးမှုများအပေါ် အဓိကမူတည်မည်ဖြစ်ကြောင်း အထက်ပါကားပြေးဆွဲသူက ပြောသည်။

လိုင်ဇာ-မြစ်ကြီးနားကားလမ်းကို ၂၀၁၁ ခုနှစ်၊ ဇွန်လ အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်တပ်ဖွဲ့ (KIA) တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ လုံခြုံရေးအရ ယာဉ်များ သွားလာမှုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဤသို့ဖြင့် တနှစ်ကျော်ကြာပိတ်ထားခဲ့သော ဗန်းမော်-မြစ်ကြီးနားကားလမ်းကိုလည်း ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့မှစ၍ လမ်းဖွင့်ပေးခဲ့ပြီး ဒေသခံများသွားလာနေပြီဖြစ်သည်။

Ref: ကချင်သတင်း

Read More...

ဦးဘရန်ရှောင် အမှု တရားလို စစ်ဗျူဟာမှူး မလာ၍ ရုံးချိန်း ပြန်ပေး

ဖနိဒါ
မေလ ၀၆ ရက် ၂၀၁၃ ခုနှစ်

သမီးဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲသည်ဟုဆိုကာ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ အမှု တနင်္လာနေ့ ရုံးချိန်းသို့ တရားလို အစိုးရ စစ်ဗျူဟာမှူး တရားရုံးသို့ လာရောက်ခြင်း မရှိခဲ့၍ စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းသာ ပြန်ပေးခဲ့ရသည်ဟု ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောသည်။

ဖခင်ဖြစ်သူ ဦးဘရန်ရှောင်ကို မမှန်မကန် လိမ်လည်ရေးသား စွပ်စွဲသည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁၁ ဖြင့် တရားစွဲဆိုခဲ့သော တရားလို ဒု စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်လင်းပိုက် နယ်ပြောင်းရွှေ့ သွားသဖြင့် ရုံးချိန်းကို မေလ ၂၀ ရက်နေ့သို့ ထပ်မံ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

“တရားလို မလာလို့ ဆိုပြီး ရုံးပြန်ချိန်းလိုက်ပါတယ်။ တရားလိုက တပ်ပြောင်းသွားပါတယ်။ မုံရွာဘက်ကို ရောက်သွားလို့ပါ။ ဆင့်စာတော့ ထုတ်ထားပါတယ်။ ဒါပေမယ့် မရောက်ဘူး ဖြစ်သွားလို့ပါ။ နောက်ထပ် ဆင့်စာ ထပ်ပြီးတော့ ထုတ်ပါမယ်လို့ ပြောပါတယ်” ဟု ဒေါ်ရွက်နုဝါ က ပြောသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိမ်အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်းစစ်ဆေး အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး ကော်မရှင် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ထံ ဖခင်ဖြစ်သူက ပြီးခဲ့သည့်နှစ်
အောက်တိုဘာလ ၁ ရက်နေ့က တိုင်ကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့က မဂျာဆိုင်းအိန် အပါအဝင် ကျောင်းသူ လေးဦးတို့က ကျောင်းအပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေးတနေရာတွင် ပုန်းအောင်နေစဉ် အားလုံး ထွက်လာရန် ခြိမ်းခြောက်သဖြင့် ထွက်လာစဉ် မဂျာဆိုင်းအိန်၏ တင်ပါးအောက်တွင် ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဖခင်ဖြစ်သူက မဇ္စျိမကို ပြောဆိုခဲ့သည်။

ထို့ပြင် တိုင်ကြားစာတွင် အင်အား ၈၀ ခန့်ပါဝင်သော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်သည့်နေ့က မှော်ဝမ်းရပ်ကွက်တွင် နားနေခဲ့ပြီး ညနေပိုင်း ၄ နာရီခန့်တွင် ရွာပြင်ထွက်ရန် ပြင်ဆင်နေ စဉ် ပေါက်ကွဲ သံ ကြားသဖြင့် KIO ဟု ထင်မှတ်ကာ ယင်းရွာအတွင်း ပရမ်းပတာ ပစ်ခတ်ခဲ့သည်ဟု ဦးဘရန်ရှောင်၏ တိုင်စာတွင် ပါရှိသည်။

မတ်လ ၁၁ ရက်နေ့က ပုဒ်မ ၂၁၁ ဖြင့် ဦးဘရန်ရှောင်အား တရားစွဲဆိုပြီးနောက် ဧပြီလ ၈ ရက်နေ့က ဖားကန့်မြို့နယ် တရားရုံးက ကျပ်ငွေ ၆ သိန်းဖြင့် အာမခံ ပေးခဲ့သည်။

ဦးဘရန်ရှောင်အတွက် မန္တလေးတိုင်း အထက်တန်း ရှေ့နေများ ဖြစ်သော ဒေါ်ရွက်နုဝါနှင့် ဦးရွှေလှ တို့ အပါအဝင် ရှေ့နေ ၄ ဦးက လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ကယားလူမျိုးစုံ ဒီမိုကရေစီ ပါတီ မှတ်ပုံတင်ကျတော့ မည်

7 May 2013
နော်ဆဲကလယ် (ကေအိုင်စီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပါတီဝင်ဟောင်းများဖြင့် အသစ်ပြန်လည်ဖွဲ့စည်းထားသော ကယားလူမျိုးစုံ ဒီမိုကရေစီပါ တီသည် တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ရန် မှတ်ပုံတင်ရရှိတော့ မည်ဖြစ်ကြောင်း ပါတီ၏ ဗဟိုကော် မတီဝင်တစ်ဦးဖြစ်သူ စော ဒယ်နရယ်က ပြောသည်။

“ကျနော်တို့ ဧပြီလ ဒုတိယပတ်က မှတ်ပုံတင်ရရှိဖို့ နေပြည်တော်ကို လျှောက်ထားခဲ့တယ်။ အခုဆိုရင် ပြည်နယ် အထူး စုံစမ်း ရေးဌာနမှ စစ်ဆေးမှုများ ပြီးစီးပြီးဖြစ်လို့ မှတ်ပုံတင်ကျမယ့်ရက် ပြောလို့မရသေးပေ မယ့် မကြာမီ ကျလာတော့ မယ်လို့ သိရပါ တယ်”ဟု ဆိုသည်။

ယင်းသို့ တိုင်းရင်းသားပါတီအဖြစ် လျှောက်ထားခြင်းကို ကယန်းပြည်သစ်ပါတီမှလည်း ကယား(ကရင်နီ)ပြည် နယ်အတွင်းတွင် ပါတီတိုးလာခြင်းအပေါ် ကြိုဆိုပါကြောင်း ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းနိုင် စိုးက ပြောကြား သည်။

ဦးသန်းနိုင်စိုးက “တိုင်းရင်းသားပါတီတွေဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခိုင်ခိုင်မာမာ ပုံဖော်နိုင်မယ်လို့ မျှော်လင့်သလို စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ပြည်နယ်တွင်းက ဒီမိုကရေစီပါတီ အင်းအားစုတွေအားလုံး လက်တွဲကြဖို့ လိုပါ တယ်”ဟု ပြောဆိုသည်။

NLD ပါတီဝင်ဟောင်းများဖြစ်ကြသည့် ကယားလူမျိုးစုံဒီမိုကရေစီပါတီဝင်များသည် ဗဟို NLD ၏ လမ်းညွှန်မှုများကို မနှစ်သက် ဟုဆိုကာ ဗဟိုညီလာခံ စတင် မကျင်းပမီ တစ်ရက်အလို ယခုနှစ်၊ မတ်လ ၈ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကြောင်းကို မီဒီယာများသို့ ကြေညာခဲ့သည်။

လက်ရှိ ကယားလူမျိုးစုံဒီမိုကရေစီပါတီတွင် ဗဟိုကော်မတီဝင် ၁၆ဦးဖြင့် ဖွဲ့စည်းထားပြီး လာမည့် ၂၀၁၅ခုနှစ် တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိသည်ဟု သိရသည်။

Ref: ကေအိုင်စီ

Read More...

အာလူးဈေးကျနေချိန် ကြက်သွန်နှင့်ဆန်တန်ဖိုးမြင့်နေ

မိုးမြင့်ကျော်(မြစ်မခ)
6 May, 2013

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း၌ အိမ်သုံးစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီနှင့် ဆန်များကို ပြည်ပသို့တင်ပို့မှု များပြားလာခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့် တက်နေ ကြောင်း သိရ သည်။

ကြက်သွန်နီအသေးများကို ပြည်ပသို့တင်ပို့လျက်ရှိပြီးဈေးကွက်တွင်း နယ်ကုန်သည်များမှ သိုလှောင်ရန် အတွက် ၀ယ်ယူမှုများရှိနေခြင်းကြောင့် တန်ဖိုးမြင့်တက်လာခြင်းဖြစ်သည်ဟု ပွဲရုံပိုင်ရှင်အချို့က ဆိုသည်။

“ကြက်သွန်နီဈေးက နယ်ကလှောင်သမားတွေ အ၀ယ်လိုက်တာရယ်၊ ဒီက ပြည်ပတင်ပို့ သမားတွေရယ်ကြောင့် တက်လာတာပါ။ ကြက်သွန်အလုံးအသေးက ပြည်ပကို တင်ပို့တာများပြီး တစ်ပိဿာ ၁၀၀ လောက် ဈေးတက် သွားတယ်။ အရွယ်အလတ်တွေကတော့ ပိုရောင်းရတယ်” ဟု ဘုရင်နောင်ကုန်စည်ဈေးကွက်ရှိ ရွှေဆင်မင်းပွဲရုံ ပိုင်ရှင်ကပြောသည်။

သင်္ကြန်မတိုင်မီ ကြက်သွန်နီဈေးနှုန်းမှာ အရွယ်အစားကိုလိုက်၍ တစ်ပိဿာလျှင် ငွေကျပ် ၂၆၀ မှ ၃၄၅ ၀န်းကျင်ရှိခဲ့ပြီး ယခုအခါ တစ်ပိဿာလျင် ကျပ် ၄၂၅ မှ ၄၃၅ ၀န်းကျင်အထိ ဈေးတက်လာခြင်းဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း၌ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် တဆင့်ပြန်လည်ရောင်းချနေသည့် ဈေးနှုန်းများအနေဖြင့်လည်း ဈေးတင်ရခြင်းဖြစ်သည်ဟု သံဈေးတွင် လက်လီရောင်းချသူတစ်ဦးက ဆိုသည်။

“ကြက်သွန်ဈေးဆိုရင် အရင်လထက်ဈေးနည်းနည်းတက်တယ် ကျွန်မတို့ဆီကနေ ပြန်ရောင်းရတော့ ဈေးကတော့ နည်းနည်းတင် ရောင်းရတာပေါ့ ၊” ဟု သံဈေးတွင် လက်လီရောင်းချနေသည့် ဆိုင်ပိုင်ရှင် က ပြောသည်။

ဘုရင့်နောင်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမြင့်တက်လျက်ရှိသော်လည်း ဈေးကွက်အတွင်းသို့ အာလူး အနာများ ၀င်ရောက်နေပြီး ရာသီပေါ်ချိန်ဖြစ်ခြင်းကြောင့် အာလူးဈေးကျဆင်းလျက်ရှိသည်ဟု သိရ သည်။

သင်္ကြန်မတိုင်မီ အာလူးဈေးနှုန်းမှာ အရွယ်အစားကိုလိုက်၍ တစ်ပိဿာလျှင်ကျပ် ၈၆၀ ၀န်းကျင် ခန့်ရှိခဲ့ပြီး ယခုအခါ တစ်ပိဿာလျှင် ကျပ် ၃၀၀ မှ ၄၅၀ ၀န်းကျင်ထိ ဈေးကျလာခြင်း ဖြစ်သည်။

သင်္ကြန်မတိုင်မီက ဆန်တစ်အိတ်လျှင် ငွေကျပ်၁၈၀၀၀ ခန့် ရှိခဲ့ရာ ပြည်ပမှဝယ်ယူမှု များပြားလာခြင်းကြောင့် ဘုရင့်နောင်ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများမှာလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဆန်ပွဲရုံပိုင်ရှင်တို့က ဆိုသည်။

“သင်္ကြန်မတိုင်မီထက်စာရင် ဆန်ဈေးကတစ်အိတ် ၁၀၀၀ လောက်တက်လာတယ်။ export တင်ပို့တာတွေရှိလို့ နည်းနည်း ဈေးတက်တယ်လို့တော့ပြောလို့ရတယ်။ ဒါပေမယ့် ဒီအချိန်ကတော့ ဒီလိုပဲ ဈေးတက် တတ်ပါတယ်။” ဟု ဘုရင့်နောင်ပွဲရုံရှိ စိန်ရွှေဝင်း ဆန်နှင့် ဆန်ထွက်ပစ္စည်း ရောင်းဝယ်ရေး ပိုင်ရှင်က ပြောသည်။

ဧပြီလ ဒုတိယအပတ်တွင် ဆန်အချော(ပေါ်ဆန်း)တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀ ရှိခဲ့ပြီး ယခုအချိန်တွင် ဆန်အချော (ပေါ်ဆန်း) တစ်အိတ်လျှင် ကျပ် ၁၉၅၀၀ အထိ မြင့်တက်ခဲ့ကာ နွေဆန်ကြမ်း ၂၅မတ်ဆန် တစ်အိတ်လျှင် ယခင် ၁၃၅၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၁၆၅၀၀ ကျပ် ရှိကြောင်း သိရှိရသည်။


Ref: မြစ်မခ

Read More...

မိုးညှင်း အမှတ်(၂)အောင်သပြေဈေးသစ် မစည်ကား၍ ပဋိပက္ခဖြစ်ပွားနေ

လွင်ထူးကို(မြစ်မခ)
6 May, 2013

မိုးညှင်းမြို့ရှိ အမှတ်(၂) အောင်သပြေဈေးသစ် မှ ဈေးသူဈေးသားများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ကြား ဈေးလူမစည်သည့်ကိစ္စနှင့်ပါတ်သတ်၍ ပဋိပက္ခဖြစ်ပွားလျှက်ရှိသည်။

အဆိုပါဈေးမှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်သည့်ဈေးဖြစ်သည်နှင့်အညီ ဈေးဧရိယာ ကျယ်ကျယ်ဝန်းဝန်းနှင့် ဈေး ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိသည့် ဈေးသစ်ဖြစ်သည်။

“ဈေးမှာ အခွန်အခ နေ့တိုင်းပေးနေရပေမယ့်၊ လူမရှိတဲ့ ဈေးကိုလာပြီး ဈေးသည် အချင်းချင်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြန်နေရတယ်၊ အရင်ဈေး ဖျက်ခိုင်းတုန်းကပေးခဲ့တဲ့ ကတိတွေအတိုင်း လည်း ဆောင်ရွက်ပေးခြင်း မရှိလို့ ဈေးသည်တွေ ဒုက္ခရောက်နေရတော့ ကတိအတိုင်း လုပ်ပေးစေချင်တယ်”ဟု အောင်သပြေဈေးမှ ဈေးဖွင့်လှစ်ရောင်း ချသူတစ်ဦးကပြောသည်။

အဆိုပါဈေးသစ်ဖွင့်လှစ်ပါကမိုးမလင်းဈေးနှင့်ကျူးကျော်ဈေးသည်များအား ရောင်းချခွင့်ဖျက်သိမ်းခိုင်းမည်ဟု ပြောဆိုခဲ့ခြင်း၊ လူစည်ကားစေရန်လိုင်းတို သုံးဘီးကားဂိတ်များကို ဖွင့်လှစ်ပြေးဆွဲစေမည် ဟု ပြော ကြားထား ခြင်း၊ ဈေးသန့်ရှင်းရေး ရေမြောင်းတူးဖော်ပေးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးသည်များအား ပြောဆိုကာ ပြောင်းရွှေ့ဖွင့်လှစ်စေခြင်းဖြစ်သည် ဟု အောင်သပြေဈေးသူဈေးသား တို့က ဆိုသည်။

ဈေးသူဈေးသားများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များထံသို့ အကြောင်း ကြားစာ အကြိမ်ကြိမ်တင်ပြတောင်းခံကာ ဈေးစည်ကားရန် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ထူးခြားမှုမရှိဟု ဈေးသူဈေး သားများက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ် စည်ပင်သာယာရေးရုံး၌ မေလ ၆ ရက်နေ့က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ဒီနေ့ အစည်းအဝေးမှာတော့ အချက်(၃) ချက်ကို ဆွေးနွေးခဲ့ကြတယ်၊ ဈေးသူဈေးသားတွေကတော့ အရင် ကိစ္စတွေကို ပြန်ပြောကြတယ်၊ မြောင်းကတော့ စဖေါ်နေပြီ ၊ အုတ်မတတ်နိုင်သေးတာပဲရှိတယ်၊ ဖွင့်ပြီးမှ အပြင် ပျံကျ ဈေးသည်တွေကို တားမြစ်ပေးမှာ၊ ဈေးမြန်မြန်ဖွင့်ဖို့ဆိုတာက ဆိုင်ခန်းအားလုံးပြီးမှ ဖြစ်မယ်”ဟု မိုးညှင်း မြို့မိမြို့ဖ ဥက္ကဌ ဦးမြင့်အေးက ပြောသည်။

ထိုအစည်းအဝေး၌ လုံခြုံရေးဝန်ထမ်းထားရှိပေးခြင်း၊ မြောင်းများကို ပြန်လည်တူးဖော်ပေးခြင်းနှင့် ဈေးသစ် ဖွင့်လှစ်နိုင်ရေး အတွက် အမြန်ဆုံးအကောင်အထည်ဖေါ်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ဆောက်လို့ မပြီးသေးတဲ့ ဆိုင်ခန်းတွေကို (၃)ရက်အတွင်း ခေါ်ပြီးဆွေးနွေးမယ်၊ မဆောက်နိုင်ရင် သိမ်းပြီး တော့ လေလံပစ်မယ်၊ ဈေးကို မြန်မြန်ဖွင့်နိုင်အောင်လုပ်ရမယ်၊ ချေးငွေလိုတယ်ဆိုလို့ လွန်ခဲ့တဲ့ ၂လက ချေးငွေ လည်း စီစဉ်ပေးခဲ့တယ်”ဟု ဦးမြင့်အေးက ဆက်ပြောသည်။

အောင်သပြေ အမှတ် (၂) ဈေးကို အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ပေးရန်အတွက် လွှတ်တော်သို့ စာတင် ပေးခဲ့ ဖူးကြောင်း၊ လာမည့်လွှတ်တော်အစည်းအဝေး၌လည်း ယခုကိစ္စကို ဦးစားပေးအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန် တင်ပြပေမည်ဖြစ်ကြောင်း ဈေးဖွင့်လှစ်ပြီးမှ အနီးအနားကားဂိတ်များမှာလည်း လိုက်ပါဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင့်အောင်က ဆိုသည်။


Ref: မြစ်မခ

Read More...

ရခိုင်စုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြား

မိုးမြင့်ကျော်(မြစ်မခ)
6 May, 2013

ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၏ တင်ပြချက်ကို နိုင်ငံတော်သမ္မတ မှ မိန့်ခွန်းဖြင့် ပြန်လည်ဖြေကြားမည်ဟု နိုင်ငံရေးပါတီများနှင့်တွေ့ ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ကြီးက ပြောကြားလိုက် သည်။

ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ပတ်သက်၍ ယနေ့ မေလ(၆)ရက်နေ့ မြန်မာ့ အသံနှင့် ရုပ်မြင် သံကြား ည(၈)နာရီသတင်းတွင် နိုင်ငံတော်သမ္မတကြီးမှ ပြောကြားသည့်မိန့်ခွန်းအား တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ် သည်ဟု သိရှိရသည်။


ရခိုင်အရေးကိစ္စမှာ ပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့်အတွက် သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်း ရမည်ဖြစ်ကြောင်း၊ ၎င်း အရေးကို ကိုင်တွယ်ဖြေရှင်းရာ၌ ထိထိရောက်ရောက် မဖြေရှင်းနိုင်ပါ က ပြဿနာမှာ ပိုမိုကြီးထွားလာမည်ဟု ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက တင်ပြဆွေးနွေးခဲ့သည့် အပေါ်တွင် နိုင်ငံတော် သမ္မတမှ ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါတွေဆုံပွဲတွင် သမ္မတကြီးပြောကြားခဲ့သည်များကို မိမိတို့ပါတီ၏မှုဝါဒများနှင့် ထပ်တူကျပါကြောင်း သို့သော် သမ္မတကြီး၏ပြောကြားချက်များမှာ အောက်ခြေအဆင့်ဆင့်သို့ မရောက်ရှိပဲ သာမန်ပြည်သူ များမှာ အခက်အခဲများနှင့် ကြုံတွေနေရဆဲဖြစ်ကြောင်း သမ္မတကြီးထံသို့ ထပ်မံတင်ပြခဲ့သည်ဟု ဒီမိုကရက်တစ် ပါတီ(မြန်မာ) အတွင်းရေးမှူး ချုပ်ဒေါ်သန်းသန်းနုက ဆိုသည်။

“သမ္မတကြီး ပြောသွားတာတွေက အင်မတန်ကောင်းပါတယ် ဂုဏ်လဲ ယူပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တွေ့ကြုံနေရတဲ့ သာမန်ပြည်သူတွေအတွက်တော့ အခက်အခဲတွေ ရှိနေတာပဲ၊ သမ္မတကြီးပြောတာတွေ က အောက်ခြေကို လုံးဝ မရောက်ဘူးလို့ ကျွန်မ တင်ပြခဲ့ပါတယ်။” ဟု ဒေါ်သန်းသန်းနု ကဆိုသည်။

နိုင်ငံတော်သမ္မတမှ ပါတီခေါင်းဆောင်များ တင်ပြခဲ့သော ကိစ္စရပ်များကို တက်နိုင်သမျှဖြေရှင်းပေးသွား မည်ဖြစ်ပြီး အချိန်ယူဖြေရှင်းရမည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ များ နှင့်တွေ့ဆုံပွဲ တွင် နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် မတ်လ (၅)ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားပါတီ (၈)ပါတီ၊ ဒီမိုကရက်တစ်ပါတီ (၁၀)ပါတီမှ ခေါင်းဆောင်များ တွေ့ဆုံနွေး ခဲ့ကြကြောင်း သိရှိရသည်။

ထို တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ တင်ပြဆွေးနွေးခဲ့သော လယ်ယာမြေ ကဏ္ဍ နှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များအပေါ် သမ္မတကြီးမှ ကြိုးစားလုပ်ဆောင် ပေးသွားမည်ပြန် လည် ဖြေကြား ခဲ့ကြောင်း NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ပြောသည်။

“လယ်ယာကဏ္ဍနဲ့ပတ်သတ်တဲ့ လယ်ယာမြေ မှတ်ပုံတင်တဲ့ ကိစ္စတွေ၊ အမတော်ကြေးတိုးပေးတဲ့ ကိစ္စတွေကို နောက် အောက်ခြေမှာ အမတော်ကြေးမရတဲ့ ကိစ္စတွေ ကို သမ္မတကြီးကိုတင်ပြခဲ့ပါ တယ်။ နောက် ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သတ်တာတွေ ပြောခဲ့ပါတယ်။”ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဘာသာရေးအကြောင်းပြုပြီး ပဋိပက္ခများဖြစ်ပေါ်နေသည်ကို တွေ့ရသောကြောင့် သာသနာရေးဝန်ကြီးဌာန အနေနှင့် ဘက်ဂျက်များကို အခြားဘာသာများအတွက်ပါ ခွဲဝေသုံးစွဲးကာ မိမိတို့နိုင်ငံ၏စေတ နာကောင်းများကို ကမ္ဘာသို့ပြ သင့်ကြောင်း၊ ဒါအပြင် အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော ဒေသမျာရှိ ကျေးရွာများ၌ နေထိုင်ကြသော နိုင်ငံသားများ၏လုံခြုံရေးကိုလည်း ဂရုစိုက်ဆောင်ရွက်ပေးစေ လိုကြောင်း တင်ပြဆွေးနွေး ခဲ့ကြောင်း ချင်းအမျိုးသားပါတီ (CNP) အထွေထွေအတွင်းရေးမှုးချုပ် ဦးငယ်ပီး ထီယံအုပ်ထန်းက ဆိုသည်။

“တစ်ပါတီချင်း တစ်ယောက်ချင်းစီ တင်ပြခဲ့ပြီးနောက်မှာ သမ္မတကြီးက တစ်ခါထဲ ဖြေလို့ရတာဖြေတယ်။ ဖြေလို့ မရတာတွေကိုတော့ သူအားလုံးကို လိုက်မှတ်သားထားပါတယ်။ ချက်ချင်းဆောင်ရွက်ပေး လို့ရတဲ့ ကိစ္စတွေကို ချက်ချင်းဆောင်ရွက်ပေးမှာဖြစ်ပြီး အချိန်ယူပြီးဆောင်ရွက်ရမယ့် အရာတွေကိုတော့ နားလည်ပေးပြီး စောင့်ကြ ပါလို့ ပြောသွားပါတယ်” ဟု ဦးငယ်ပီး ထီယံအုပ်ထန်းက ပြောသည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး၊ ၂၀၁၂ခုနှစ်ဇူလိုင်လ အတွင်းက ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီနှင့် တစ်ကြိမ်၊ ဇူလိုင်(၂၃)ရက်နေ့၌ တိုင်းရင်းသားပါတီများနှင့် တစ်ကြိမ် တွေ့ဆုံခဲ့ ကြောင်းသိရသည်။

Ref: မြစ်မခ

Read More...

လုံခြုံရေးကြောင့် စစ်တွေ-မင်းပြား ရေလမ်းခရီးအသုံးပြုမှုများနေဆဲ

အာရကန်ကိုကို (မောင်တော- မြစ်မခ)
6 May, 2013

စစ်တွေ-မင်းပြား သွားလာနေသော ခရီးသည်များအနေဖြင့် ကားလမ်းခရီး လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်အနေအ ထားကြောင့် ငွေကြေးပိုမိုကုန်ကျသည့်ရေလမ်းခရီးဖြင့်သာ သွားလာနေရကြောင်း ဒေသခံများ ထံက သိရှိရသည်။

"ကျွန်တော်ဆို ကြာလှပြီး ကုန်လမ်းကနေ မသွားတာ။ ပဋိပက္ခတွေဖြစ်နေတဲ့အချိန်ကနေ အခုထိပဲ။ ကုန်းလမ်း ခရီးက လုံခြုံရေးအားနည်း နေသေးတယ်။ စိုးလည်း စိုးရိမ်ရတယ်။"ဟု စစ်တွေ-မင်းပြား ခရီးပုံမှန်သွားလာ နေသည့် ကုန်သည်တစ် ဦးက ပြောသည်။


အဆိုပါ စစ်တွေ-မင်းပြား ကုန်းလမ်းခရီးသည် မိုင် (၁၀၀)ကျော်ရှိပြီး ခရီးလမ်းတစ်လျှောက်တွင် သက်ဆိုင်ရာ လုံခြုံရေးချထား ဆောင်ရွက်ပေးမှုအားနည်းလျက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

ကုန်းလမ်းခရီးအတွက် ခရီးသည်တစ်ဦးလျှင် ကားခ ကျပ် (၃၀၀၀)ကျပ်သာရှိပြီး လုံခြုံရေးစိုးရိမ်းဖွယ် အနေအ ထားကြောင့် ဒေသခံများအနေဖြင့် ဈေးနှုန်းထက်ဝက်ခန့်ကွာဟသော ရေလမ်းခရီးကို အသုံးပြု နေရကြောင်း သိရသည်။

"လမ်းခရီးလုံခြုံမှုမရှိတဲ့တွက် စစ်တွေ-မင်းပြားကုန်းလမ်းခရီးနဲ့ မသွားတာကြာပြီ။ ခရီးစရိတ် ပိုကုန်ကျမှုများ ရင်လည်း ရေလမ်းနဲ့ပဲသွားရတာပေါ့ဗျာ။"ဟု မင်းပြားမြို့မဈေးကြီးမှအထည်ဆိုင်ပိုင်ရှင် ဦးမောင် ထွန်းသိန်းက ပြောသည်။

ရေလမ်းခရီးတွင် စပိဘုတ်၊ စက်လှေများရှိသလို ပုဂ္ဂလိကအမြန်ရေယာဉ်များဖြစ်သည့် မလိခ၊ ရွှေပြည်တန် အစရှိသည့် ရေယာဉ်များကို အသုံးပြုနေရပြီး အမြန်ရေယာဉ်များမှာ ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ် (၅၀၀၀)မှ (၆၀၀၀) ကျပ်ဝန်းကျင်ရှိသည်ဟု သိရသည်။

Ref: မြစ်မခ

Read More...

ရန်ကုန် လုံခြုံရေး မစိုးရိမ်ရန် ဦးမြင့်ဆွေပြော

မေခ| May 6, 2013

အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အစ္စလမ်အခြေခံဝါဒီများက မြန်မာနိုင်ငံကို တိုက်ခိုက်ရန် လှုံ့ဆော်မှု သတင်းများ ပြီးခဲ့သည့် အပတ်က ပေါ်ထွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အခြာ ရန်ကုန်မြို့ လုံခြုံရေးအတွက် အပြည့်အဝ ကာ ကွယ်စောင့်ရှောက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောဆိုလိုက်သည်။

“လုံခြုံရေးအရ ရဲတပ်ဖွဲ့အပြင် အထူးလေ့ကျင့်သင်ကြားထားသည့် ရဲတပ်ရင်းများလည်း ချထားတယ်။ ရန်ကုန်က စီးပွားရေး အချက်အချာကျတဲ့နေရာတစ်ခုပါ။ ဒီနေရာကို အထိပါးမခံရအောင် လုပ်ဆောင်ထား ပါတယ်။ ပြည်သူ့အသက်အိုးအိမ် တွက် အကောင်းဆုံး ကာကွယ်သွားမှာပါ” ဟု ဦးမြင့်ဆွေက ဧရာဝတီသို့ ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် ဘာသာရေးစစ်ပွဲဆင်နွဲရန် ဘာလီဗုံးဖေါက်ခွဲမှုအတွက် ယခုအခါ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသူ အဘူဘာကာ ဘာရှာက တိုက်တွန်းထားကြောင်း၊ အခြေခံဝါဒီများကလည်း မြန်မာသံရုံးရှေ့ ဆန္ဒပြရာတွင်လည်း အလားတူ ပြောဆိုကြောင်းနှင့် မြန်မာသံရုံးကို ဗုံးခွဲရန်ကြံစည်မှုဖြင့် အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့များက လူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများပေါ်ထွက်ခဲ့ရာ မြန်မာနိုင်ငံရှိ သတင်းစာ များကလည်း ရေးသား ဖော်ပြကြသည်။ ယခုအခါ မြန်မာသံရုံးနှင့် မြန်မာသံတမန်များကို အင်ဒိုနီးရှားက လုံခြုံရေး အပြည့်အဝ ပေးထားရသည်။

“ပြည်သူတွေဘက်ကတော့ စိုးရိမ်တာတော့ ရှိမှာပါ။ မစိုးရိမ်စေချင်ဘူး။ လုံခြုံရေးပိုင်းကို အပြည့်အ၀ တာဝန်ယူထား ပါတယ်။ အေးချမ်းသာယာရေးကို အဓိကထား ဆောင်ရွက်နေပါတယ်။ ဒီမှာ ရပ်ရွာအေး ချမ်းသာယာရေးက အဓိကပဲ။ ဒါကိုဦး စားပေး ဆောင်ရွက်နေပါတယ်”ဟုလည်း ဦးမြင့်ဆွေကပြောသည်။

သို့ရာတွင် တိကျသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားနှင့် မည်သို့ စီမံထားကြောင်း တိကျစွာ ထုတ်ဖော်မပြောပေ။

ယခင်အပတ်မူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥကံ္ကမြို့နယ်တွင် လူသတ် လုယက် မီးရှို့မှုများ ဖြစ်ပွားခဲ့ရာ လူတဦး သေဆုံးပြီး လူ ၉ ဦး ဒဏ်ရာရခဲ့သည်။ မွတ်စလင်ပိုင် ဆိုင်များ အိမ်များလည်း မီးရှို့ခံခဲ့ရသည်။

ရန်ကုန်မြို့တွင်လည်း ဘာသာရေး လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုများ ကူးစက်လာမည်ကို စိုးရိမ်နေကြသည်။ ထို့အတွက် လုံခြုံရေးဆောင်ရွက်ရာတွင် ရဲဌာနများသာမက ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများပါ အဆိုင်းလိုက် လုံခြုံရေးတာဝန် များချထားကြောင်း ရန်ကုန်တိုင်းဒေသအဖွဲ့ရုံးမှ ဆိုသည်။

“ရပ်ကွက်တိုင်းမှာတော့ လုံခြုံရေးအနေနဲ့ စောင့်ပေးတာပါ။ ဘယ်ဘာသာဝင်မှ ကင်းစောင့်ရမယ် မရှိပါဘူး။ တတ်နိုင်သရွှေ့လုပ်တယ်။ ဧည့်စာရင်းစစ်တယ်။ လိုအပ်လို့ အထက်ကခိုင်းလို့ လုပ်ဆောင်တာပါ။ လုံခြုံရေး လုပ်ပေမယ့် ပြည်သူ့လွတ်လပ်ခွင့်ကို မထိပါးစေတဲ့ လုံခြုံရေးမျိုး လုပ်ဆောင်နေတာပါ”ဟု မင်္ဂလာဈေးအနီးတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ရပ်ကွက်အုပ်ချုပ်ရေးမှုး တဦးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများတွင် လုံခြုံရေးပိုင်း ကိုင်တွယ်ဆောင်ရွက်မှု အားနည်းမှုများရှိကြောင်း လေ့လာသူများက ဝေဖန်လျက်ရှိပြီး လုံခြုံရေး ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် အားနည်းမှု၊ ခေတ်မီ နည်းပညာနှင့် ပစ္စည်းအင်အား မလုံလောက်မှုများကြောင့် ယခုကဲ့သို့ ဆုံးရှုံးမှုများခဲ့ကြောင်း ဆိုကြသည်။

“ရဲတွေမှာကတော့ သတ်မှတ်ချက်အလိုက် မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ ၀န်ထမ်းတွေ ထားထားပါတယ်။ ဒါပေမယ့် ခေတ်မီ နည်းပညာနဲ့ လက်နက်တော့ လိုအပ်နေတယ်။ ဒီတော့ ဒီအပိုင်း ကို နိုင်ငံတော်က ဖြည့်ဆည်းပေးရင် ခိုင်မာတောင့်တင်းလာမယ်။ တပ်မတော်ကို တည်ဆောက်သလိုပေါ့။ နိုင်ငံမှာ အခြေခံက ရဲ၊ ပြီး အထူးအေးဂျင့်စုံထောက်၊ ပြီးမှ တပ်မတော် ဒီလိုဖြစ်ရမှာပေါ့။ လက်ရှိ တပ်မတော် အစွမ်း ဘယ်လောက်ရှိလဲ မသိဘူး။ ဦးခင်ညွှန့်တုန်းက စသုံးလုံးက နိုင်ငံတကာမှာ တန်းဝင်တဲ့ အေးဂျင့်တခု သတ်မှတ်ခံရဖူးတယ်။ နောက်ပိုင်းတော့ မရှိတော့ဘူး။ လက်ရှိက ကြားရသလောက် မူခင်းတွေ များလာတယ်။ ရဲတွေ အသုံးမကျဘူးဆိုတာထက် ပံ့ပိုးမှု မရှိတာကြောင့် တိုးတက်မှုနှေးတာ” ဟု အငြိမ်းစား ရဲမှုးတဦးဖြစ်သူက ပြောသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေးအတွက် ရဲဝန်ထမ်း လေးသောင်းကျော် လိုအပ်နေသေးကြောင်း၊ ရဲသားတဦးလျှင် လူ ၁၅၀၀ လောက်ကို ထိန်းနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ဗိုလ်မှုးကြီးတင်ဝင်းက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး တခုတွင် ပြောကြားခဲ့ဖူးသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက “ရဲတပ်ဖွဲ့တွေ နေ့ကောညပါ တာဝန်ယူထားပါတယ်။ အသေခံ ဗုံးခွဲတာကို တားနိုင်မလားဆိုတော့ ရအောင်တားမယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကာကွယ် သွားမှာပါ။ ဘာလက်နက်တွေရှိတယ်။ ဘယ်လိုတွေ ကာကွယ်မယ်။ ဘယ်သူတွေက တာဝန်ယူတယ်ဆိုတာထက် လူအင်အား၊ ခေတ်မီနည်းတွေက တခြားနိုင်ငံတွေထက် အားနည်းချင် နည်းမယ်။ ဒါပေမယ့် စိတ်ဓါတ်တော့ မနည်းပါဘူး”ဟု ဧရာဝတီသို့ပြောသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့