ဒေါ်ခင်မျိုးသက်
14.05.2013
မြန်မာအစိုးရက ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်အစိုးရကို တင်ပို့ရောင်းချမယ့် အစီအစဉ် အတွက် နှောင့်နှေးမှု မဖြစ်စေချင်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ရအောင် မြန်မာအစိုးရ က နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်တယ်လို့ လေ့လာသုံး သပ်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံ ကို ရွှေဂတ်စ် ပိုက်လိုင်းကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချမယ့် အစီအစဉ်ဟာ ပိုက်လိုင်းတလျှောက်မှာ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား လတ်တလောဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် နှောင့်နှေး ကြန့်ကြာနိုင်တယ်လို့ အစိုးရစွမ်း အင်ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြား ချက်အပေါ်မှာ အခုလို တုံ့ပြန်လိုက်တာပါ။ ဘယ်အတိုင်း အတာအထိ ကြန့်ကြာနိုင် သလဲဆိုတာက လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်မှာ မူတည်တယ် လို့လည်း ဆိုကြပါတယ်။ အပြည့် အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၄ ဖွဲ့ရှိတဲ့ နယ်မြေထဲမှာ ဖြတ်ပြီး ဖောက်လုပ်နေတဲ့ ရွှေဂတ်စ် ပိုက်လိုင်းတလျှောက်မှာ အစိုးရက နိုင်ငံရေး အရ ဖြေရှင်းဖို့အတွက် မကြိုးစားဘဲ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာမို့ တိုက်ပွဲတွေ အခုထိ ဖြစ်ပွားနေတာ တွေ့ရတယ်လို့ တရုတ်-မြန်မာ နယ်စပ်ဒေသ လက်နက်ကိုင် ပဋိပက္ခအရေး စောင့်ကြည့်နေတဲ့ ကချင်တိုင်းရင်းသား ကိုနော်ဒင်း က ပြောပါတယ်။
“အဲ့ဒီနေရာမှာ အဓိက လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိတယ်။ တစ်ခုကတော့ KIO/KIA၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ နောက်ပြီးတော့ တအောင်းလွတ်မြောက်ရေး တပ်ဖွဲ့ ပေါ့နော်။ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေကို ကြည့်လို့ရှိရင်တော့ သူတို့ကတော့ ဒီရွှေဂတ်စ်စီမံကိန်းကို ကန့်ကွက်တဲ့ဟာ မရှိဘူး။ သို့သော်လည်းပဲ နိုင်ငံရေးဖြေရှင်းမှု မရှိတဲ့အချိန်မှာ သူတို့နယ်မြေကို ဖြတ်ပြီး မှ ရွှေဂတ်စ်ပိုက်လိုင်းကို လုပ်တယ်။ အဲ့ဒီမှာ အစိုးရတပ်ဖွဲ့ဘက်က နယ်မြေ ရှင်းလင်းရေးဆိုပြီးတော့မှ အင်အားတွေ အများကြီးချထားတယ်။ အဲ့ဒါကြောင့် တိုက်ပွဲတွေ ဖြစ်နေတာဖြစ်တယ်။ ဆိုတော့ နိုင် ငံရေးအရ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြေရှင်းမှု မရှိလို့ရှိရင်တော့ အဲ့ဒီဒေသမှာ ဒီရွှေဂတ်စ်ပိုက်လိုင်းကို ကောင်းကောင်းမွန်မွန်နဲ့ လုပ်နိုင်ဖို့ ခက်တုန်းပဲဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ တွေ့ရတယ်။”
စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးက ပိုက်လိုင်းတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ဖို့အတွက် အဆင်သင့်ဖြစ်နေပေမဲ့ ဘယ်အချိန်မှာ စပြီး တင်ပို့နိုင်မယ်ဆိုတာ မသေချာသေးဘူးလို့ Reuters သတင်းဌာနကို ပြောကြားခဲ့သလို၊ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တင်ပို့ရောင်းချရန် အစီအစဉ်တွေ ကြန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရ တာဝန်ရှိသူတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ သေသေချာချာ မလုပ်နိုင်သေးတာမို့ ဒီပိုက်လိုင်းစီမံကိန်းအတွက် ဘယ်အတိုင်းအတာအထိ ကြန့်ကြာနိုင်တယ်ဆိုတာ ဒီဆွေးနွေးပွဲ ရလဒ်တွေအပေါ်မှာ မူတည်နေတယ်လို့လည်း ထောက်ပြပါတယ်။
“အခု ပိုက်လိုင်းတလျှောက်လုံး အစိုးရတပ်ဖွဲ့တွေကို အဲ့ဒီဘက်မှာ သူတို့က နယ်မြေရှင်းလင်းရေး ဆိုပြီးတော့မှ ချထားတာရှိတယ်။ တချိန်တည်းမှာလည်းပဲ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေက သူတို့နယ်မြေထဲကို အဲ့ဒီလိုမျိုး တပ်ဖွဲ့တွေ ၀င်လာတော့ တိုက်ပွဲတွေက တစ်လနီးပါးလောက် နေ့တိုင်းဆိုသလို ကြိုကြား ကြိုကြား တိုက်ပွဲတွေက ပုံမှန်ဖြစ်နေတာ တွေ့ရတယ်။ တဘက် မှာကတော့ အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကတော့ အဆင်သင့်အနေအထား ရှိနေပြီ။ ဒီနှစ်မှာ သူတို့က ပြီးမယ်ဆိုပြီးတော့မှ သူတို့ စီမံကိန်းရှိတယ်။ သို့သော်လည်းပဲ အခု အဲ့ဒီမှာဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ရွှေဂတ်စ်ပိုက်လိုင်းက သူတို့စီမံထားတဲ့အတိုင်း ပြီးဖို့ဆိုတဲ့အပိုင်းမှာ နှောင့်နှေးနေတဲ့ အပိုင်းတွေရှိနေတယ်။ ဘယ်လောက်အထိ ပိုပြီးမှ နှောင့်နှေးမလဲဆိုတဲ့ဟာ အဲ့ဒါကတော့ အခု ဒီ KIO နဲ့ အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်ပေါ်မှာလည်း အရေးပါမယ်ဆိုတော့ အခု ဆွေးနွေးပွဲ တကယ်လို့ မအောင်မြင်လို့ရှိရင်တော့ တိုက်ပွဲတွေက ပိုပြီးမှ ကြီးမားနိုင်တယ်။ တကယ်လို့ တိုက်ပွဲက ကြီးမားလို့ရှိရင်တော့ စီမံကိန်းတွေ ပိုပြီးမှ နှောင့်နှေးသွားနိုင်တဲ့ အခြေအနေ ရောက်လာမယ်။”
ဒီပိုက်လိုင်းဟာ မြန်မာနိုင်ငံထဲမှာ လက်စမသတ်နိုင်သေးသလို၊ အန္တရာယ်ကြီးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့နိုင်လောက်အောင် ပိုက်လိုင်းတွေဟာ အရည်အသွေး စံနှုန်း မပြည့်မှီဘူး လို့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ သဘာဝပတ်ဝန်းကျင် လေ့လာသူ ကိုဝင်းအောင် က ပြောပါတယ်။
“မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ကျောက်ဖြူကနေပြီးတော့ မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ဖြတ်သန်းသွားမယ့် ဒီပိုက်လိုင်းဟာ ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ တချို့နေရာတွေမှာ ပိုက် လိုင်းဆက်မယ့်နေရာတွေက လိုနေသေးတာတွေ ရှိသလို၊ ပိုက်လိုင်းဖြတ်မယ့် လမ်းကြောတလျှောက်မှာ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးတဲ့ စက်ရုံတွေ၊ ရေနံ ပြန်ပြီးတော့ သန့်စင်တဲ့စက်ရုံတွေ၊ အဲ့လိုမျိုး စခန်းတချို့ဟာတွေ မဆက်သေးတဲ့ဟာတွေ တွေ့ရတယ်။ နောက်တစ်ခုက ပိုက်လိုင်းရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့လပိုင်းက ဆိုရင်လည်း ရှမ်းပြည်ဘက်မှာ ပိုက်လိုင်းရဲ့ ဖိအား ကို ရေထိပြီးတော့ ဆင်းတဲ့အခါ ယိုစိမ့်ပြီးတော့ တခြားစိုးရိမ်စရာတွေကို လေ့လာတွေ့ရှိရပါတယ်။”
ပြည်တွင်းမှာတင်မကဘဲ တရုတ်နိုင်ငံထဲ ဖြတ်သွားမယ့် ဒီပိုက်လိုင်း စီမံကိန်းအတွက် တရုတ်ဒေသခံတွေကပါ ကန့်ကွက်ကြတာမျိုးတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။
“တရုတ်နိုင်ငံ ယူလီမှာရှိတဲ့ ဒေသခံတွေဆိုရင်လည်း ကျောက်ဖြူကလာတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနံစီမံကိန်းတွေ တည်ဆောက်တဲ့နေရာတွေမှာ တချို့ဓာတုစက်ရုံတွေကိုပါ တရုတ်အာဏာ ပိုင်တွေအနေနဲ့ တည်ဆောက်တာကို စိုးရိမ်မကင်းဖြစ်တဲ့ဟာတွေကြောင့်လည်း သိပ်မကြာခင်ကပဲ တရုတ်ဒေသခံတွေ ထောင်နဲ့ချီပြီးတော့ ဆန္ဒပြတာတွေ စီမံကိန်းကို ကန့်ကွက်တာမျိုးတွေလည်း တရုတ်ကုမ္ပဏီက ကြုံနေရတာကို တွေ့ရတာပေါ့နော်။”
သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် ဒီနှစ် မေလကုန်ထဲမှာ စတင်ပြီး ထုတ်လုပ်မှာဖြစ်သလို ရေနံပိုက်လိုင်းကိုတော့ စက်တင်ဘာလထဲမှာ စတင်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ တရုတ်ကုမ္ပဏီက တရားဝင် ပြောကြားခဲ့တာဖြစ်ပါတယ်။
Ref: ဗွီအိုအေ
Tuesday, May 14, 2013
တရုတ်ပိုက်လိုင်းစီမံချက် နှောင့်နှေးဖွယ်ရှိ
မုန်တိုင်းအန္တရာယ်အတွက် ရခိုင်ဒေသခံတွေ စတင်ပြင်ဆင်
ကိုကျော်ကျော်သိန်း
13.05.2013
မဟာစင်ဆိုင်ကလုန်းမုန်တိုင်း ဟာ မြန်မာနိုင်ငံဘက်ဆီ ၀င်လာမယ်ဆိုရင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသကိုဖြတ်ပြီး ၀င်လာနိုင်ခြေရှိတယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အား လုံးဟာ မုန်တိုင်းအခြေအနေကို မပြတ် စောင့်ကြည့်နေကြပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း လုပ်ထားပြီးတာကြောင့် အရင်အချိန်တွေကထက် ပြင်ဆင်မှု အား ကောင်းပါတယ်လို့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်ရုံးကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။
မဟာစင်မုန်ုတိုင်းဟာ လွန်ခဲ့တဲ့ ၃ နာရီနီးပါး အချိန်ပိုင်းကအထိ မြန်မာနိုင်ငံဘက်ဆီ ဦးတည်မနေသေးပေမဲ့လည်း ပြန်လှည့်လာနိုင်တယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားတာပါ။ တကယ်တမ်း ၀င်လာမယ်ဆိုရင်တော့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသဟာ အန္တရာယ်ရှိမှုအဆင့် အများဆုံးဖြစ်ပြီး ပြင်ဆင်မှု အဆင့်အနေနဲ့လည်း သတိပေးအဆင့် သတ်မှတ်ထားပါတယ်။
အခု အသံလွှင့်ချိန်ထိ မုန်တိုင်းတည်ရှိနေတဲ့ အနေအထားကိုတော့ မုန်တိုင်းကို မပြတ်စောင့်ကြည့်နေတဲ့ မိုးလေ၀သပညာရှင် ဦးထွန်းလွင် က ဗွီအိုအေ ကို အခုလို ရှင်းပြပါတယ်။
“မုန်တိုင်းက လောလောဆယ်မှာတော့ အိန္ဒိယဘက် ရောက်တဲ့နေရာမှာရှိတယ်။ ဒါပေမဲ့ ဒီကောင် ပြန်ကွေ့လိမ့်မယ်လို့ ကျနော့်အနေနဲ့ မှန်းတယ်ဗျာ။ မှန်းလို့ အဲ့ဒါကို စောင့်ကြည့်တဲ့အခါ မှာ ကွေ့ဖို့များနေ တယ်။ လောလောဆယ် အနောက်မြောက်ဘက်ကနေ မြောက်ဘက်သွားတဲ့အဆင့်ကို ရောက်နေပြီ။ ညပိုင်းလောက်ကျရင်တော့ အရှေ့မြောက်ဘက်ကို သူ ထပ်ကွေ့မယ်။ အဲ့ဒီကွေ့ပြီးတဲ့နောက်ပိုင်း ကျနော် တို့ရှိတဲ့ဘက်ကို ၀င်မယ်။ လောလောဆယ် ကျနော်တို့ ခန့်မှန်းထားတာကတော့ ဒါ ဘင်္ဂလားဒေ့ရှ်ကို အဓိက ခန့်မှန်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်လည်း ပါနေတော့ မြန်မာပြည်အတွက်လည်း ကျနော် တို့ စောင့်ကြည့်မှရမယ်။ ဒါ မုန်တိုင်းဟာ အရှေ့ဘက်ကို ပြန်လာမှ ကျနော်တို့က ကျနော်တို့နဲ့ဆိုင်တာ ဖြစ်ပါမယ်။ လောလောဆယ်တော့ မြောက်ဘက်သွားနေတုန်းပဲ ရှိပါသေးတယ်။ မှန်းတာ ကတော့ မြောက်ပြီး ရင် အရှေ့မြောက်ဆိုတော့ ဒီကနေ့ညလောက် စကွေ့လိမ့်မယ်လို့ ထင်ပါတယ်။”
နောက်ဆုံး တွက်ထားတာအရကတော့ ကုန်းတွင်းပိုင်း ၀င်ခါနီးမှာ မုန်တိုင်းဟာ အားပျော့သွားလိမ့်မယ်လို့ ဦးထွန်းလွင်က ပြောပါ တယ်။ တနင်္သာရီကမ်းရိုးတန်းနဲ့ မွန်ကမ်းရိုးတန်းတွေအတွက် အန္တရာယ်ပေး အဆင့်မရှိဘဲ စောင့်ကြည့်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းအတွက် အန္တရာယ်ပေးအဆင့် နည်းပါးတဲ့ နှိုးဆော်အဆင့် သတ်မှတ်ထားသလို ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအတွက်ကိုတော့ အသင့်အတင့် အန္တရာယ်ရှိနိုင်တဲ့အဆင့်နဲ့ နှိုးဆော်အဆင့်အဖြစ် ဦးထွန်းလွင်က သတ်မှတ်ထားပါတယ်။
မုန်တိုင်းဒဏ်ခံရနိုင်ခြေအရှိဆုံး ဒေသတွေကတော့ ရခိုင်ပြည်နယ်က မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေဖြစ်တယ်လို့ ဦးထွန်းလွင် က ပြောပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေ ဟာ အ၀ါရောင်အဆင့်ပဲ ရှိပေမဲ့ နောက်ဆုံးတိုင်းထွာရရှိတဲ့ ခန့်မှန်းချက်အရ မေလ ၁၆ ရက်နေ့ ညပိုင်းလောက်မှာ မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေ သတွေဆီ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါတယ်။
ရခိုင်ပြည်နယ်ဟာ မကြာခနဆိုသလို မုန်တိုင်းဒဏ်ကျရောက်လေ့ရှိတဲ့ ဒေသဖြစ်တာကြောင့် မုန်တိုင်းအန္တရာယ်ကာကွယ်ရေး လေ့ကျင့်သတိပေးမှုတွေ လုပ်ထားပြီးဖြစ်သလို တာဝန်ရှိသူတွေက အဆက်မပြတ် လှည့်လည် ဆော်သြနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သတင်းပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။
“ဖြစ်ခဲ့တဲ့နေရာတွေ၊ ဖြစ်နိုင်စွမ်းရှိတဲ့ နေရာတွေကိုတော့ ကြိုတင်တော့ ပြောထားတာပေါ့။ ကျောက်ဖြူဘက်ဆိုရင်လည်း သင်္ဘောတွေ၊ လှေတွေကို ကျနော်တို့ ကြိုတင်စီစဉ်ထားတဲ့ ပုန်းလို့ရတဲ့ ချောင်း ငယ်လေးတွေ၊ အဲ့ဒီထဲကို ကျနော်တို့က ကြိုတင်ပြီး သွင်းထားပါတယ်။ ကျန်တဲ့အိမ်တွေကိုတော့ အဲ့လိုပေါ့ သက်ဆိုင်ရာ သူတို့အိမ်တွေကိုလည်း အရင်လည်း ခဏခဏဖြစ်နေတယ်ဆိုတော့ ဘယ် လိုလုပ်ရမယ်ဆိုတာလည်း သူတို့သိပါတယ်ခင်ဗျ။ ပြီးတော့ ဘယ်လိုနေရာမှာ ခိုဖို့၊ ပုန်းဖို့ဆိုတာလည်း ကျနော်တို့ ဆက်တိုက် လေ့ကျင့်ထားတာတွေလည်း ရှိပါတယ်။ WFP က ပေးထားတဲ့ ရိက္ခာတွေလည်း ရှိပါ တယ်။ နောက် ကြက်ခြေနီမှာလည်း ရှိပါတယ်။ အဲ့ဒီနေရာတွေကို သွားဖို့လည်း ကြက်ခြေနီတို့ မီးသတ်တပ်ဖွဲ့တို့ ရဲတပ်ဖွဲ့တို့နဲ့ NGO အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်လေ့ ရှိပါတယ်ခင်ဗျ။”
ပြီးခဲ့တဲ့ ၃ နာရီဝန်းကျင် အချိန်ပိုင်း မောင်တောမြို့အခြေအနေကတော့ မိုးမရွာ၊ လေမတိုက်ဘဲ နေလို့ထိုင်လို့ မရလောက်အောင် ပူအိုက်နေတယ်လို့ မောင်တောမြို့နယ်၊ ဗဟိုကျောင်းဆရာတော်က မိန့်ကြားပါတယ်။ မုန်တိုင်းဒဏ် သင့်နိုင်ခြေရှိတဲ့ နေရာဒေသ တွေက လူထုကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်ပေးနေပြီလို့လည်း ဆရာတော်က မိန့်ပါတယ်။
“မြစ်ဘေးမှာရှိနေတဲ့ အိမ်တွေကို မြေမြင့်တဲ့ တောင်ပေါ်ဘက်ကို ဦးဇင်းတို့ ရွှေ့နေပါတယ်။ မနေ့က စပြီးတော့ ရွှေ့ပါတယ်။ မြေမြင့်တဲ့နေရာရယ်၊ တောင်ကြားမှာရှိနေတဲ့ ရွာတွေဆီကို ရွှေ့ပါ တယ်။ နောက်ပြီးတော့ အဲ့ ဒီမှာ တောင်ကြားမှာရှိတဲ့ တပ်တွေကို ရွှေ့၊ စခန်းတွေကို ရွှေ့ ရွှေ့ပါတယ်။ မြို့ပေါ်မှာလည်း စပီကာနဲ့ လိုက်ပြီးတော့ အော်နေပါတယ်။ မကောင်းအိမ်တဲ့တွေဆိုရင် လည်း ကောင်းတဲ့အိမ်တွေမှာ တက်နေကြဖို့၊ အုတ်တိုက်တွေ၊ အဲ့လို ခိုင်ခံ့တဲ့ အိမ်တွေမှာ ရွှေ့ပြီးတော့ နေကြဖို့၊ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြီးတော့ နေ ကြဖို့၊ နေမယ့်နေရာ မရှိဘူးဆိုရင် အစိုးရကနေပြီးတော့ ကားနဲ့ ဒုက္ခသည်စခန်းတို့ကို ပြောင်းရွှေ့ပေးဖို့ဆိုပြီးတော့ အကုန်လုံး စီစဉ်နေပါတယ်။”
မြို့ပေါ်က ကြက်ခြေနီတပ်ဖွဲ့တွေ၊ မြို့သူမြို့သား အသင်းအဖွဲ့တွေကလည်း ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထား ပြီးပြီလို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ရင် မေလဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အမှတ်ရစရာတွေနဲ့ ပြည့်နေတဲ့လတစ်ခုပါ။ ၂၀၀၈ ခုနှစ်၊ မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး အပြင်းအထန် တိုက် ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံး ခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသတွေနဲ့ လူထုတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ဒီနေ့အချိန်ထိ လုပ်ဆောင်နေရဆဲ ရှိပါတယ်။
Ref: ဗွီအိုအေ
ဆီးရီးယားနိုင်ငံသစ်ပေါ်ထွန်းရေး အမေရိကန်နဲ့ ဗြိတိန်ကြိုးပမ်းမည်
14.05.2013
ဆီးရီးယားအတိုက်အခံတွေကို အကူအညီတွေ ထပ်ပေးပြီး ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ် (Bashar al-Assad) မပါတဲ့ ဆီးရီးယားနိုင်ငံသစ် ထူထောင်နိုင်ရေး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ဆက်လက် အားပေးကူညီသွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) နဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောသွားတာပါ။ အစွန်းမရောက်တဲ့ အလယ်အလတ် ဆီးရီးယား အတိုက်အခံတွေကို အမေရိကန်နဲ့ ဗြိတိန်က ဆက်လက် ကူညီသွားမှာဖြစ်သလို လာမယ့် နိုင်ငံတကာ ထိပ်သီး ဆွေနွေးပွဲတစ်ခုမှာ ဆီးရီးယား အသွင်ကူးပြောင်းရေးကာလ အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့အရေး ကူညီနိုင်ဖို့ သူတို့ နှစ်နိုင်ငံက ကြိုးပမ်းနေတဲ့အကြောင်း သမ္မတအိုဘားမားက ပြောသွားတာပါ။
ကမ္ဘာ့ အဆိုးရွားဆုံး ထိတ်လန့်စရာ အခြေအနေတွေနဲ့ မကြုံရခင် ဆီးရီးယားအနေနဲ့ ချက်ချင်း လုပ်ဆောင်ရမယ့် အခွင့်အလမ်းတစ်ရပ် ရှိနေတုန်းပဲလို့ ဗြိတိန်ဝန်ကြီးချုပ် ကမရွန်း ကလည်း ပြောလိုက်ပါတယ်။
အလယ်အလတ်ကျတဲ့ အတိုက်အခံတွေကို တိုးမြှင့်ကူညီသွားမှာဖြစ်ပြီး အဲ့ဒီလို အတိုက်အခံတွေနဲ့ လက်တွဲ မဆောင်ရွက်ဘူးဆိုရင် အစွန်းရောက်တွေ ကြီးထွားလာနိုင်တဲ့အကြောင်းလည်း မစ္စတာ ကင်မရွန်း က ပြောသွားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကမရွန်းဟာ ဆီိးရီးယားစစ်ပွဲတွေ အဆုံးသတ်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှု ကိစ္စတွေကို ရုရှားသမ္မတ ဗလဒီမီယာ ပူတင် (Vladimir Putin) နဲ့ သောကြာနေ့က ဆွေးနွေး ခဲ့ပြီး တဲ့နောက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ် နဲ့ ဆီးရီးယားသူပုန်တွေကြား ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်လာအောင် ဖိအားပေးဖို့အတွက် နိုင်ငံတကာ ညီလာခံတရပ် ဂျနီဗာမြို့မှာ ကျင်းပဖို့ အမေရိကန်နဲ့ ရုရှားတို့က အစပိုင်းမှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုပြုချက်ကို ဆီးရီးယားအစိုးရဘက် တုံ့ပြန်ခဲ့ခြင်းမရှိသလို အဓိက အစိုးရ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့အစည်းကလည်း မစ္စတာ အာဆဒ်ကို အာဏာမှာ ဆက်လက်ထားရှိမယ့် ဘယ်လို သဘောတူ ညီချက်မျိုးကိုမဆို သူတို့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref: ဗွီအိုအေ
Monday, May 13, 2013
ရန်ကုန်ကို လူ ၁၀ သန်း နေထိုင်နိုင်အောင် ဆောက်မည်
May 11, 2013
အစိုးရတာဝန်ရှိသူများ၊ မြို့ပြစီမံကိန်းရေးဆွဲသူများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများက ရန်ကုန်မြို့တော်ကို ၂၀၄၀ ခုနှစ် တွင် အခြေချနေထိုင်သူ ၁၀ သန်းကျော်ရှိမည့် “မဟာမြို့ကြီး” အဖြစ် ဖွံဖြိုးလာစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း “၂၀၁၃ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်” တွင် ပြောကြားလိုက်ကြသည်။ ၂၀၄၀ ရောက်ချိန်၌ ရန်ကုန်မြို့တွင် လက်ရှိ လူဦးရေ၏ နှစ်ဆ ရှိနေမည်ဟု ခန့်မှန်းထားသည်။
ယခုအပတ်အတွင်း ကျင်းပခဲ့သည့် ကွန်ဖရင့်၌ ရန်ကုန်မြို့ကို အာရှ၏ မြို့တော်ကြီးတခုအဖြစ် ပြန်လည်တည်ဆောက်ရန် တင်ပြခဲ့သော စီမံကိန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်မည့် ကြီးမားသည့် စက်မှုဇုံများ၊ အလတ်တန်းစား အိမ်ယာစီမံကိန်းများ နှင့် ရန်ကုန်မြို့၏ သမိုင်းဝင် အသွင်အပြင်များကို ဆက်လက်ထိန်းသိမ်းရေး တို့ပါဝင်သည်။
ရန်ကုန်မြို့၏ စိတ်လှုပ်ရှားဖွယ်ရာ စီးပွားရေး အလားအလာများကြားထဲတွင် ရှိနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရောက်မလာကြသေးခြင်းနှင့် အခြား အရေးပါသည့် ကိစ္စရပ်တခုဖြစ်သော စီမံကိန်း နယ်မြေများတွင် မူလနေထိုင်သူများနှင့် မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ ရှိနေခြင်း တို့ကို ကွန်ဖရင့်တွင် ဆွေးနွေးမှု မပြုခဲ့ပေ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာန လက်ထောက်ဌာနမှုး ဦးတိုးအောင်က ကွန်ဖရင့်၌ ပြောကြားရာတွင်ယခုအချိန်တွင် ခန့်မှန်းလူဦးရေ ၅.၁၄ သန်းခန့် ရှိသော ရန်ကုန်မြို့သည် လာမည့် နှစ် ၃၀ အတွင်းတွင် နေထိုင်သူ ၁၀ သန်းကျော်ရှိသည့် မဟာမြို့ကြီးဖြစ်လာမည်ဟု ဆိုသည်။
အစိုးရအနေဖြင့် ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ရေးဆွဲပေးသည့် ကားလမ်းသစ်များ၊ ရထားလမ်းသစ်များ၊ လေဆိပ်တခု၊ ကြီးကျယ်သော အိမ်ယာစီမံကိန်းများနှင့် အစိမ်းရောင်နယ်မြေ ဖွံ့ဖြိုးမှု အစီအစဉ်များ ပါဝင်သော မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရန်ကုန်မြို့ပြင် ကီလိုမီတာ အနည်းငယ်အကွာ သီလ၀ါတွင် အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိကြောင်း ဦးတိုးအောင်က ပြောသည်။
အဆိုပါမြို့ပြစီမံကိန်းများ ထဲမှ အချို့အတွက် ဂျပန်အစိုးရက ငွေကြေးပံ့ပိုးပေးနေသည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ၊ မြန်မာအစိုးရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကာ သီလ၀ါ အထူးစီးပွားရေးဇုံ စီမံကိန်းကို ဆောင်ရွက်နေသည်။
ရန်ကုန်မြို့၏ တောင်ဖက် ၂၅ကီလိုမီတာ အကွာတွင်ရှိသော ထိုစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတခု၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမည့် စက်ရုံများနှင့် ကြီးမားသည့် အိမ်ယာစီမံကိန်းများလည်းပါဝင်သည်။ စီမံကိန်း၏ ၅၁ ရာခိုင်နှုန်းကို မြန်မာဖက်မှ ပိုင်ဆိုင်ပြီး ဧက ၆၀၀၀ မျှ ကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောက်သွားမည် ဖြစ်သည်။
ထုထည်ကြီးမားသည့် ထိုစီမံကိန်းကြောင့် လာမည့် ဆယ်စုနှစ်များအတွင်း ရန်ကုန်မြို့၏ စီးပွားရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဟု စီမံကိန်း တာဝန်ခံများက ဆိုသည်။
“စီမံကိန်းရဲ့ အပိုင်းလေးပိုင်းလုံး ပြီးသွားတဲ့အခါ အလုပ်အကိုင်နေရာ နှစ်သိန်းလောက် ဖန်တီးပေးနိုင်လိမ့်မယ်လို့ ကျနော် တို့ မျှော်လင့်ထားပါတယ်။ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီစီမံကိန်းက အရေးပါပါတယ်။ သီလ၀ါက ရန်ကုန်မြို့ အတွက် အလုပ်အကိုင်အခွင့်အလမ်း တွေ ပေးပါလိမ့်မယ်” ဟု (UMFCCI) ၏ သီလ၀ါ ကော်မရှင် အမှုဆောင်အဖွဲ့ဝင် တယောက်ဖြစ်သော ဦးသူရိန်အောင် က ပြောသည်။
စီမံကိန်းတခုလုံး၏ ပမာဏ နှင့်ကုန်ကျမည့်ငွေကို တွက်ချက်ဆဲဖြစ်ပြီး မြေအကျယ်အ၀န်း ဧက ၁၀၀၀ ခန့် ပေါ်တွင် တည် ဆောက်မည့် ပထမအဆင့်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သူကပြောသည်။
နောက်ထပ် အိမ်ယာစီမံကိန်း နှစ်ခုကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးသူရိန်အောင်က ဆိုသည်။ ဧက ၁၂၀ ကျယ်ဝန်းမည့် ဧရာဝဏ် စီမံကိန်းနှင့် ဧက ၁၀၀ ရှိသော ရတနာ စီမံကိန်းများတွင် နေအိမ်ခန်း ပေါင်း ၁၇၀၀၀ ကျော်ရှိမည်ဖြစ်ပြီး ပန်းခြံ၊ စီးပွားရေးနေရာများနှင့် အခြား အခြေခံအဆောက်အဦး များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ဦးသူရိန်အောင်က အဆိုပါ စီမံကိန်းများသည် မြန်မာနိုင်ငံတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု၏ ပြယုဂ် ဖြစ်လာမည်ဟု ဆိုသည်။ ၎င်းတိုက်ခန်းများသည် တခန်းလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၈၀ ခန့်) တန်ကြေးရှိသည်။
အစိုးရကလည်း စီမံကိန်းများအတွက် အခြေခံ အဆောက်အဦလုပ်ငန်းများတွင် အထောက်အပံများ ပေးနေသည့် စီမံကိန်း များကို မြန်မာဆောက်လုပ်ရေးကုမ္ပဏီ ၂၄ ခုက အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပြီး ၎င်းတို့ထဲတွင် ဦးသူရိန်အောင်၏ Dagon International Ltd၊ Shwe Taung Development နှင့် IGE Development တို့လည်း ပါဝင်သည်။ ထိုကုမ္ပဏီ များသည် ယခင်စစ်အစိုးရ အာဏာပိုင်များနှင့် အလွန်နီးကပ်သော ဆက်သွယ်ပတ်သက်မှုရှိသည့် ကုမ္ပဏီများဖြစ်သည်ဟု အများက အသိအမှတ်ပြုထားကြသည်။
Dagon International Ltd သည် ဆောက်လုပ်ရေးလုပ်ငန်းအပြင် သစ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုပါ လုပ်ကိုင်သည့် လုပ်ငန်းစုကြီး တခုဖြစ်သည်။ ဦးသူရိန်အောင်၏ ဖခင်ဖြစ်သူ (UMFCCI) ၏ ဥက္ကဌ မြန်မာလုပ်ငန်းရှင် သူဌေးကြီး ဦးဝင်းအောင် က ပိုင်ဆိုင်သည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်သံရုံးမှ ပေါက်ကြားခဲ့သည့် သတင်းများအဖြစ် Wikileaks က ဖေါ်ပြရာတွင် ဦးဝင်းအောင်ကို ဆောက်လုပ်ရေးနှင့် အဆင့်မြင့်အိမ်ယာစီမံကိန်းများကို အထူးပြုလုပ် ကိုင်သည့် အာဏာရှင်လက်စွဲ ခရိုနီ တဦးအဖြစ် ဖော်ပြခဲ့သည်။
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးနောက်ပိုင်း ဆင်းရဲမွဲတေမှုများနှင့် ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် မြို့ပြလူနေမှုဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်တင်လိုသော အစိုးရ အနေဖြင့် သီလ၀ါ ကဲ့သို့ အထူးစီးပွားရေးဇုန်ကြီးများနှင့် ရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က ဤကဲ့သို့သော စီမံကိန်းများသည် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများကို အခွင့်အလမ်းကောင်းများ ပေးနိုင်လိမ့်မည်ဟုဆိုသည်။ “ ဒါက ကြီးမားတဲ့ ဆောက်လုပ်ရေး လုပ် ငန်းပါ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလို့ ဆိုပေမယ့် ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှု ဈေးကွက်လို့ ပြောရင် ပိုနီးစပ်ပါတယ်” ဟု သူကပြောသည်။
သို့သော်လည်း ယခုချိန်ထိ မြန်မာနိုင်ငံတွင်းသို့ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အစိုးရ မျှော်မှန်းထားသည်ထက် နည်းနေသေးသည်ဟု သိရသည်။ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာ နှေးလွန်းတယ်၊ မြန်မြန်ဆန်ဆန် ဖြစ်ဖို့လိုတယ်။ ကြီးကြီးကျယ်ကျယ် လုပ်ရမယ့် စီမံကိန်းတွေကလည်း ငယ်နေသေးတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး ဆောင်ရွက်နေသော စီမံကိန်းကြီးများသည် မြေယာအငြင်းပွားမှုများ ဖြစ်ပေါ်လာဖွယ်ရှိပြီး အဆိုပါကိစ္စသည် မြန်မာနိုင်ငံတွင် တနေ့ထက်တနေ့ ပိုများလာနေသည်။ အစိုးရ ကျောထောက်နောက်ခံပေးထားသော အဆက်အသွယ်ကောင်းသည့် ကုမ္ပဏီကြီးများ၏ မြေယာလုယူမှုကို ၎င်းတို့အနေဖြင့် တွန်းလှန်နိုင်စွမ်း မရှိကြောင်း ဒေသခံ ပြည်သူများက ပြောကြသည်။
သီလ၀ါ စီမံကိန်းသည်လည်း ရာနှင့်ချီသည့် ဒေသခံ တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများကို ပျက်စီးဆုံးရှုံးစေခဲ့ သည်ဆိုသည့် အငြင်းပွားမှုများနှင့် ကြုံတွေ့နေရသည်။ စစ်အစိုးရက ၁၉၉၀ နှစ်များအတွင်းတွင် ထိုဧရိယာအတွင်းရှိ ကျယ်ပြန့်သော သီးနှံစိုက်ပျိုးမြေများကို နိုင်ငံပိုင်အဖြစ်သိမ်းယူခဲ့သည်။ စစ်အစိုးရက စီစဉ်ခဲ့သော စက်မှုဇုန်စီမံကိန်း ပျက်ပြယ်သွားသည့်အခါ ဒေသခံများက ၎င်းတို့၏ လယ်မြေများတွင် ဆက်လက် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် စီမံကိန်းကို ပြန်လည်စတင်ရန် ဖြစ်လာသည့်အခါ ဒေသခံများကို ထွက်ခွာပေးရန် စေခိုင်းမှုများရှိလာသည်။ သို့သော်လည်း လက်ရှိအချိန်တွင် မြေဈေးများ အဆမတန်မြင့်တက်နေပြီး တဧကလျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ (မြန်မာကျပ်ငွေ ၃၆ သိန်းနီးပါး) အထိ ရောက်ရှိနေသည့်အတွက် ဒေသခံ လယ်သမား များက ၎င်းတို့၏ မြေအတွက် များပြားသောလျော်ကြေးငွေ ရရှိလိုကြသည်။
သို့သော်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်တွင် မြေယာအငြင်းပွားမှု ကိစ္စများအတွက် အချိန်အနည်းငယ်မျှသာ ဆွေးနွေးခဲ့ကြပြီး “ကျူးကျော် ကိစ္စ” ဟုသာ ခပ်တိုတို ရည်ညွှန်းပြောဆိုခဲ့သည်။
ဧရာဝတီက Dagon International Ltd မှ ဦးသူရိန်အောင် နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စီမံကိန်းများ ဆောင်ရွက်တိုင်း မလွှဲမရှောင် သာ တွေ့ရတတ် သည့် ကိစ္စမျိုးသာဖြစ်သည်ဟု ခပ်ပေါ့ပေါ့ မှတ်ချက်ပေးခဲ့သည်။ “ စီမံကိန်းရှိတဲ့ နေရာတိုင်းကို ခင်ဗျား သွားကြည့်ပါ၊ ဒီလို ကျူးကျော်ကိစ္စမျိုးတွေ တခုမဟုတ်တခု ရှိနေမှာပဲ” ဟု သူကဆိုသည်။
သီလ၀ါ အထူးစီးပွားရေးဇုံမှ မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍လည်း အလွန်မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ချဉ်းကပ်မှုမျိုးဖြင့် ဖြေရှင်းဆောင်ရွက်လျှက်ရှိကြောင်း ဦးသူရိန်အောင်ကပြောသည်။ ဂျပန်အစိုးရကိုယ်တိုင် ပါဝင် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ စနစ်တကျဆောင်ရွက်သွားမည်မှာ သေချာကြောင်း သူက ထပ်ပြောသည်။
ဦးသူရအောင်က ဒဂုံဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်နေသော အိမ်ယာစီမံကိန်းနှစ်ခု၌ လည်း “ကျူးကျော်သူ” အချို့ ရှိနေကြောင်းပြောသည်။ “ဒီဟာကိုလည်း သတိထားပြီး ကိုင်တွယ်ဆောင် ရွက်နေ ပါတယ်၊ သူတို့ အခိုင်အမာ ပြောနေကြတဲ့ မြေနေရာကို အမှန်တကယ် တရားဝင် ပိုင်ဆိုင်သူရှိသလားဆိုတာကို စစ်ဆေးပြီး သေချာအောင် လုပ်နေပါတယ်” ဟု သူက ဆိုသည်။
( Paul Vrieze ၏ Govt, Companies to Build Rangoon ‘Mega City’ of 10 Mln People ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)
Ref: ဧရာဝတီ
ရွှေတော ရေကြီး မြေပြိုမှု သေဆုံးသူ ၃၆ ဦး အတည်ပြု၊ တရုတ်နိုင်ငံသားများလည်း ပါဝင်
မေစစ်ပိုင်| May 11, 2013
ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာအုပ်စု အာရှကမ္ဘာမြေ စက်မှုနှင့် သတ္ထုတူးဖော်ရေး ( Geo Asia ) ကုမ္ပဏီ ပိုင် ရွှေတောဒေသတွင် ပြီးခဲ့သည့် မေ၂ ရက် ညတွင် ဖြစ်ပွားခဲ့သော ရေကြီး မြေပြိုရာ တွင် သေဆုံး ပျောက်ဆုံး သူများ စာရင်း အတိအကျ ရရှိနိုင်ရန် ခက်ခဲနေသေးပြီး တရုတ်နိုင်ငံသားများလည်း ပါဝင်နေကြောင်း စုံစမ်း သိရှိရသည်။
ယနေ့အထိ သေဆုံးသူ ၃၆ ဦး၊ ပျောက်ဆုံးသူ ၈ ဦးရှိသည်ဟု ကုမ္ပဏီထံမှ ကန်ထရိုက်ပြန် ယူပြီး ရွှေတူးလုပ်ငန်းဆောင်ရွက်နေသူ ဗိုလ်မှူးဇော်ဝင်းက ဧရာဝတီသို့ ပြောသည်။ ကုမ္ပဏီမှ ဌားရမ်းထား သည့် တရုတ်နိုင် ငံသားတဦး၏ အလောင်းကို ရှာဖွေ တွေ့ပြီး တရုတ်နိုင်ငံသား ၂ ဦး ပျောက်ဆုံးနေသောကြောင့် အပူတပြင်း ရှာဖွေနေကြောင်း ဧရာဝတီက သိရှိခဲ့သည်။
သေဆုံးသူများထဲ ရွှေတူးဖော်ရေးလုပ်ငန်း တာဝန်ယူနေသော ဗိုလ်မှူးသူရပြုံးချိုလည်း ပါဝင်သည်။ သေဆုံးသူ ၃၆ ဦးတွင် မြေပြိုပြီး မိုင်းတွင်းပိတ်ကာ သေဆုံးသွားသော အလုပ်သမား ၁၆ ဦးမှာ ပြန်လည် တူးဖော်ရန် မလွယ် ကူတော့ကြောင်း သိရသည်။ ပြန်လည်ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများမှာ ရေစီးဖြင့် မျောပါခဲ့သူများဖြစ် သည်။
မေ၂ ရက် ည ၁၁ နာရီခန့် မိုးသည်းထန်စွာရွာသည့်အချိန်တွင် ရွှေတောအတွင်းရှိ အင်း ၅ အင်းတွင် ည အချိန် အလုပ်ဆင်းနေသည့် အလုပ်သမား ၁၀၀ နီးပါး ရှိခဲ့ပြီး အခင်းဖြစ်ချိန်တွင် ဂိုးစတားအင်း တစ်ခုတည်းမှ ညအလုပ်ဆင်းသူ ၁၆ ဦးလုံး ရွှေတွင်းအတွင်း ပိတ်မိပြီး မြုပ်သွားခဲ့ပြီး ရွှေကျင်ရာ မြစ်ကြောင်းတလျှောက် နေထိုင်သူများလည်း ရေစီးနှင့် မျောပါသွားခဲ့သည်။
ယင်း ရွှေလုပ်ကွက်ရှိ အလုပ်သမားအများစုမှာ မြင်းခြံနှင့် သာစည်မြို့နယ်များမှ ဖြစ်ကြောင်း၊ ရာထူးကြီးပိုင်းနှင့် ကုမ္ပဏီမှ တရားဝင်ခေါ်ယူထားသူများသာ ကိုယ်ရေးရာဇဝင်နှင့် အခြားအချက်အလက်များရှိပြီး မှတ်ပုံတင်မရှိဘဲ နားလည်မှုယူကာ ပုဒ်ပြတ်စား သဘောမျိုးဖြင့် လာရောက်လုပ်ကိုင်နေသည့် အလုပ်သမား များပြားကြောင်း၊ အချို့မှာ မိသားစုလိုက် လာရောက်နေထိုင်ကြကြောင်း၊ အာရှကမ္ဘာမြေကုမ္ပဏီက အစိုးရထံမှ ဌားရမ်းလုပ်ကိုင်သည်မှာ ၁ နှစ်ကျော်ခန့်သာ ရှိသေးကြောင်း ဗိုလ်မှူးဇော်ဝင်းက ရှင်းပြသည်။
“အလုပ်သမားက သောင်းနဲ့ချီရှိတာ၊ အဲဒီကိစ္စပြီးတော့ တဝက်ကျော်လောက်က ပြန်ကုန်တော့ အလုပ်ဆက်လုပ်ဖို့ ခက်ကုန်တယ်။ သေဆုံးနဲ့ ဒဏ်ရာရသွား တဲ့ အလုပ်သမားတွေကိုတော့ သင့်တော်တဲ့နှုန်း တခုနဲ့ လျော်ကြေးပေးတယ်။ ငွေကြေး အတိအကျတော့ မသိဘူး”ဟု ကန်ထရိုက်တာ ဗိုလ်မှူးဇော်ဝင်းက ပြောသည်။
အာရှကမ္ဘာမြေ ကုမ္ပဏီပိုင် ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း သောင်းချီ ဆုံးရှုံးခဲ့သည်ဟုလည်း ဆိုသည်။
ဒေသခံများ၏ ပြောဆိုချက်များအရမူ ရွှေတွင်းတွင် ပိတ်မိပြီး မတူးဖော်ရသေးသူ ၁၆ ဦး၊ အလောင်းတွေ့၍ သဂြိုင်္လ်ပြီး ၁၀ ဦး၊ အလောင်းတွေ့၍ မိသားစုဝင်များက သာစည်ဘူတာမှ ပြန်သည်သူ ၈ ဦး၊ အလောင်း ထပ်မံတွေ့ရှိ ၄ ဦးဖြစ်သောကြောင့် သေဆုံးသူ စုစုပေါင်း ၃၈ ဦး ဖြစ်နေသည်။ ရွှေတွင်းအတွင်း ပိတ်မိသွားသော ၁၆ ဦးမှအပ ကျန်သေဆုံးသူများမှာ ဗိုလ်မှူးဇော်ဝင်း ပြောဆိုအတည်ပြုသူများ တူညီခြင်း ရှိ မရှိ ဧရာဝတီမှ အတည်မပြုနိုင်ခဲ့ပါ။
“ကုမ္ပဏီက မြေအောက်မြုပ်သွားတဲ့သူတွေကို မြေတူးစက်ကြီးတွေနဲ့ ရှာနေကြတယ်။ ကြေညာတာကတော့ အပေါ်ယံ ရှာတွေ့တဲ့သူတွေ စာရင်းပဲ”ဟု ဒေသခံတဦးဖြစ်သူ ကိုမောင်ထိန်က ဧရာဝတီ သို့ ပြောသည်။
အဆိုပါ ရွှေတောဒေသသည် ကလောမြို့မှ ၁၅ မိုင်ခန့်အကွာ ရွှေမင်းဖုန်းကျေးရွာအုပ်စုတွင် တည်ရှိပြီး ဧက ၆၀၀၀ ကျော် ကျယ်ဝန်းပြီး ၁၉၉၄ ခုနှစ်မှစတင် ရွှေတူးခဲ့ကြသည်ဟု သိရသည်။
Ref: ဧရာဝတီ
မုန်တိုင်းအကြို ရခိုင်ပြည် ဒုက္ခသည်များ ပြောင်းရွှေ့
ကြယ်ပြာ| May 11, 2013
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာ ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာနိုင်ကြောင်း အသိပေးချက် ၀င်ရောက်လာခြင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မုန်တိုင်းအန္တရာယ် ကာကွယ်ရေးအတွက် ခရိုင်အဆင့် အရေးပေါ်အစည်းအဝေးတခု ယနေ့ပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့ အစိုးရအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မိုးလေ၀သနှင့်ဇလဗေဒမှ တာဝန်ရှိသူများ နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များ ပေါင်းစုပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
“ဒီမုန်တိုင်းကြောင့် ရခိုင်ဒုက္ခသည်စခန်းကလူတွေကို ယာယီစခန်းကနေ အသစ်ဆောက်ထားတဲ့ နေရာအသစ်ပေါ်ကို နက်ဖြန် ပြောင်းပေးတော့မယ်။ ဘင်္ဂါလီတွေကိုတော့ ပြောင်းပေးထားပြီးပါပြီ” ဟု ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး ဦးကျော်သူစိုးက ပြောသည်။
လူမျိုးရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် အမိုးအကာ အရေးပေါ်လိုအပ်နေသော ဒုက္ခသည် စုစုပေါင်း ၆၉၀၀၀ ရှိပြီး စစ်တွေတွင် ၄၀၀၀၀၊ ပေါက်တောတွင် ၂၀၀၀၀၊ မြေပုံတွင် ၃၉၀၀ တို့သည် မုန်တိုင်းဒဏ် ခံရမည့် လယ်ကွင်းများ၊ ကမ်းခြေများတွင် နေထိုင်နေရသည်ဟု ကုလသမဂ္ဂ လူမှုကယ်ဆယ်ရေးအဖွဲ့ UNOCHA ၏ စာရင်းက ဆိုသည်။
ဒုက္ခသည်များအနေဖြင့် မုန်တိုင်းတိုက်ခတ်ပါက အစိုးရနှင့်မည်သည့် လူမှုရေးအဖွဲ့များမှ မည်သို့ကူညီပေးမည်အား မသိရကြောင်းနှင့် မုန်တိုင်းသတင်းအပေါ်လည်း အမျိုးမျိုးပြောဆိုသံများသာ ကြားနေ ရကြောင်း ပြောသည်။
“မုန်တိုင်းနဲ့ ပတ်သက်ပြီး ဒီမှာ စီစဉ်ပေးထားတာ မရှိပါဘူး။ အရမ်းကြီးလာရင်လည်း ဘုန်းကြီးကျောင်းမှာ ၀င်နေရမှာဘဲ ” ဟု ကျောက်ဖြူရှိ ရခိုင်ဒုက္ခသည်စခန်း တာဝန်ခံအဖွဲ့ဝင် ဦးမောင်ကျော်နုက ဧရာဝတီသို့ ပြောသည်။
ရခိုင်ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက်လာနိုင်သောရက်အား တာဝန်ရှိသူတို့ ခန့်မှန်းထားရာတွင် ၁၅ရက်နေ့ ဖြစ်ပြီး ယင်းနေ့မတိုင်ခင် ဒေသခံများအား နေအိမ်အတွင်း အန္တရာယ်ရှိသော ပစ္စည်း များထားရှိခြင်းမပြုရန် သဲအိတ်များ ဆောင်ထားရန် အသိပေးကြေငြာချက်အား မုန်တိုင်းအန္တရာယ်ပညာပေး လက်ကမ်းစာစောင်များ နှင့် တာဝန်ရှိသူများက ယနေ့ညနေမှစ၍ မီးသတ်ကားများဖြင့် လိုက်လံအသိပေး ဝေဌသွားမည်ဖြစ်သည်။
ကျန်းမာရေးနှင့် ပတ်သတ်၍ ကျောက်ဖြူခရိုင်ဆေးရုံတွင် ဆေးဝါးအလုံအလောက် ရှိကြောင်း၊ မုန်တိုင်းဖြစ်ပွားပါက ပျက်စီဆုံးရူံးမည် လူဦးရေနှင့် ပစ္စည်းများအား မှန်ကန်စွာ စာရင်းကောက်ယူထားရန် အစီအစဉ်ဆွဲထားကြောင်း နှင့် မနက်ဖြန်တွင် ကျွန်းများမှ အုပ်ချူပ်ရေးမှူးများအား ခေါ်ယူပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ ရေလမ်းခရီးမထွက်ဖို့နဲ့ ငါးဖမ်းသင်္ဘောတွေ မထွက်ဖို့ကို သတိပေးထားတယ်၊ ခုတောင် စက်လှေတွေ ပြန်ဝင်ကုန်လာပါပြီ ” ဟု ကျောက်ဖြူမြို့နယ် အုပ်ချူပ်ရေးမှူးက ဆိုသည်။
မုန်တိုင်းဝင်ရောက်လာမည့်နေရာမှာ စစ်တကောင်းမြစ်နှင့် နတ်မမြစ်တို့မှ ၀င်ရောက်လာနိုင်ကြောင်း၊ မုန်တိုင်းဖြစ်ပါက ကျောက်ဖြူမြို့အစွန်ရှိ မြစ်နားတန်းရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်၊ ကုလားပိုက် ဆိပ်ရပ်ကွက်နှင့် ကျွန်းပေါ်မှ ရွာများမှာ မုန်တိုင်းဒဏ်အား အဓိကခံစားရနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ကျောက်ဖြူမြို့မှ ဆိုက်က္ကားဆရာတဦးဖြစ်သူ ကိုသာအောင်က “ ကျနော်ကတော့ ထူးပြီးတော့ မကြောက်ပါဘူး။ မုန်တိုင်းနဲ့ ရခိုင်ဆိုတာက ဖြစ်နေကြပဲ။ ကြေညာထားသလို လေတိုက်နှုန်းကြီးနိုင်သလို၊ မုန်တိုင်းပျက်သွားတာလည်း ဖြစ်နိုင်တာဘဲ ” ဟု သူ၏ အမြင်ကို ပြောသည်။
အမေရိကန်လေတပ်နှင့် ရေတပ်ပူးတွဲထားသော တိုက်ဖုန်းလေ့လာစောင့်ကြည့်ရေး စင်တာ၏ ထုတ်ပြန်ချက်အရ မေလ ၁၅ရက်နေ့ မနက် ၁နာရီခွဲတွင် မြန်မာကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်လာနိုင်ပြီး တနာရီလျှင် ၁၀၃ မိုင်တိုက်ခိုက်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် ၆ ပေကနေ ၈ ပေဖြစ်လာနိုင်ကြောင်း ကြေငြာထားသည်။ မုန်တိုင်းကို ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)ဟု အမည်ပေး ထားပြီး မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၅၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျက် ဆက်လက်ရွေ့လျားနေသည်။
မုန်တိုင်း၏ အခြေအနေအား အရောင်ဖြင့် သတ်မှတ်ထားပြီး အ၀ါရောင် အဆင့်ဆိုပါက ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ် ပေါ်နေကြောင်း၊ လိမ္မော်ရောင်အဆင့် ဖြစ်လျှင် မုန်တိုင်းသည် မြန်မာ့ ကမ်း ရိုးတန်းသို့ ဦးတည်နေကြောင်း၊ အနီရောင်အဆင့်တွင် မုန်တိုင်းက ကမ်းရိုးတန်းသို့ ၁၂ နာရီ အကြာတွင် ရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိကြောင်း ၊ အညိုရောင်အဆင့်တွင် အန္တရာယ် ကျရောက်နေပြီး မုန်တိုင်းဒဏ် ခံစားနေရပြီဖြစ်ကြောင်း နှင့် အစိမ်းရောင်အဆင့်၌ မုန်တိုင်းဖြတ်ကျော်သွားပြီဟု သတ်မှတ်ထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာမှ ထုတ်ဝေလျက် ရှိသည့် မုန်တိုင်းအန္တရာယ်ပညာပေး စာစောင်တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် ဧပြီလက တိုက်ခတ်ခဲ့သော မာလာမုန်တိုင်းကြောင့် လူ ၃၇ ဦးသေဆုံးခဲ့ပြီး ကျပ်သန်းပေါင်း ၁၂၆၄ သန်းဆုံးရူံးခဲ့ရကြောင်း၊ ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်တွင် ၂၀၀၇ ခုနှစ် မေလ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သော AKASH မုန်တိုင်းကြောင့် လူ ၁၄ဦးသေဆုံးခဲ့ပြီး ကျပ်သန်း ၅၈၉.၃ သန်းဆုံးရူံးခဲ့ရသည်။
၂၀၀၈ ခုနှစ် မေလ က ၂၊ ၃ ရက်က တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းမှာ မြန်မာပြည်တွင် အကြီးဆုံးမုန်တိုင်းဖြစ်ခဲ့ပြီး သေဆုံးသူ ၈သောင်းခွဲခန့်၊ ပျောက်ဆုံးသူ ၅သောင်း ၄ထောင်ခန့်၊ ဒဏ်ရာရသူ ၂သောင်းခန့်၊ ကျွဲနွားနှင့် လယ်မြေများ ပျက်ဆီးမှုပါ ထည့်တွက်ပါက စုစုပေါင်း ကျပ် ၁၁.၇ ထရီလီယံ ဆုံးရှုံးခဲ့ရသည်။
အလားတူ ၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကို ဂီရိမုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့သည်။
Ref: ဧရာဝတီ
လက်ပံတောင်းတောင် အစီရင်ခံစာကို ဦးပိုင်နှင့် ၀မ်ပေါင် ချိုးဖောက်နေဟုဆို
ထက်နိုင်ဇော်
May 11, 2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့က ချိုးဖောက်လျက်ရှိကြောင်း လက်ပံတောင်း ဒေသခံများ က ပြောဆိုသည်။
စုံစမ်းရေး ကော်မရှင်မှ ညွှန်ကြားထားသော စီမံကိန်း လုပ်ပိုင်ခွင့်အတွက် စာချုပ်အသစ် ထပ်မံချုပ်ဆိုခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းရေးအတွက် EIA, SIA စစ်တမ်း များ ပြုလုပ်လေ့ လာခြင်း၊ မြေယာလျော်ကြေးများအတွက် ဒေသခံများနှင့် ဆွေးနွေးခြင်းများ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော မကျေနပ်ချက်များကို တုံရွာသစ်၊ အလည်တော၊ ဆည်တည်း၊ တုံ၊ မိုးကြိုးပြင်နှင့် ဇီးတောရွာ ၆ ရွာ ကိုယ်စား ဆရာတော် သံဃာတော် များနှင့် ဒေသခံများက စုပေါင်း၍ သတင်းစာရှင်းလင်းပွဲ တခု ရန်ကုန်မြို့တွင် မေလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။
မြေယာများကို ရာသက်ပန် စွန့်လွတ်ပါသည်ဟု ဆိုသော စာရွက်များတွင် ဦးပိုင်နှင့် ၀မ်ပါင်ကုမ္ပဏီက လက်မှတ်ထိုးခိုင်းပြီး လျော်ကြေး ထုတ်ပေးနေကြောင်း၊ တောင်သူအချို့မှာ လျော်ကြေး လိုချင်သော် လည်း မြေယာ ရာသက်ပန် စွန့်လွှတ်ရမည် ဆိုသောကြောင့် လက်မှတ်မထိုးဘဲ ပြန်လာသူများရှိကြောင်း၊ လက်မှတ်ထိုး လျော်ကြေး ယူခဲ့သူများမှာ နောင်တရနေကြောင်း ဒေသခံများက ပြောသည်။
“ကော်မရှင် အစီရင်ခံစာအတိုင်း မလုပ်ဘဲ သူတို့ မလုပ်ချင်တာကို ချန်ထားတယ်။ သူတို့ ဆန္ဒရှိတာကို အရင်လုပ်နေတယ်” ဟု လက်ပံတောင်းတောင် ဒေသခံ ရှင်မတောင် ဆရာတော် ဦးက၀ိန္ဒောဘာသက မိန့်သည်။
ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီအနေဖြင့် ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း အပြည့်အ၀ လုပ်ဆောင်ပါက လက်ခံနိုင်ကြောင်း၊ ဆိုလိုသည်မှာ စီမံကိန်းတွင် အသုံးမပြုသော မြေများပြန်ပေးခြင်း၊ စာပြန် ချုပ်ပြန် ချုပ်၍ လုပ်ငန်းအတိုးအလျှော့၊ မြေယာ အတိုးအလျှော့များ ပြုလုပ်ခြင်းများ မလုပ်ဆောင်ဘဲ ကော်မရှင် အစီရင်ခံစာအရ စီမံကိန်း ဆက်လက်လုပ်ဆောင်ခွင့် ရှိသည်ဟုဆိုကာ မိမိထင်ရာ လုပ်ဆောင်နေခြင်း သည် ဥပဒေမဲ့ လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် နိုင်ငံတော် အစိုးရကို မလေးစားရာ ရောက်ကြောင်း၊ နိုင်ငံတော်ကလည်း လျစ်လျူရှုထားကြောင်း ဒေသခံများက ပြောဆိုသည်။
“မလိုတာတွေ ပြန်ပေးဖို့က ဒေသခံတွေနဲ့ တိုင်ပင်ပြီး လုပ်ရမယ့်ဟာတွေပါ။ မြေဆီလွှာ ထိန်းသိမ်းမှု၊ သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အရေးတွေကိုတော့ ဦးပိုင်-၀မ်ပေါင်က ဘာမှ လုပ်မပေးဘူး” ဟု ဒေသခံတဦးက ဆိုသည်။
“စေတီနဲ့ သာသနိက အဆောက်အဦးတွေကလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က တောင်ကြားကျောင်းနေရာနဲ့ သာသနိက အဆောက်အဦများကို စီမံကိန်းနဲ့ မလွတ်လို့ရှိရင် မူလပကတိမပျက် လိုအပ်ရာကို ရွှေ့ပြောင်းပြီးတော့ ဆောင်ရွက်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။ မူလပကတိမပျက်ဆိုတာ တကယ်တော့ ဖျက်ပြီးတော့ ရွှေ့ခိုင်းတာ မဟုတ်ပါဘူး” ဟု ရှင်မတောင် ဆရာတော် ဦးက၀ိန္ဒောဘာသက မိန့်သည်။
ပိုလျှံမြေများ ပြန်ပေးမည်ဆိုကာ ဧက ၉၀၀ ကျော်ရှိသော နေရာတခုကို ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီက စီစဉ်နေရာ ယင်းနေရာမှာ စိုက်ပျိုးစားသောက်ရန် မဖြစ်နိုင်သော နေရာတ ခုဖြစ်နေကြောင်း ဒေသခံ များက ပြောသည်။
“အခုရွာတွေထဲမှာ လိုက်ပြီးတော့ လက်မှတ်ထိုးခိုင်းနေတာက ဘာတွေလဲဆိုရင် လှည်းလမ်းနဲ့ ဆည်မြောင်းကြီးကြားက လှည်းသာသာ မောင်းလို့ရတဲ့ နေရာလေးပါ။ ကျမတို့ကို လက်မှတ်ထိုးပြီး ယူရမယ် လို့ ပြောပါတယ်။ ကျမတို့ မယူပါဘူး။ တချို့နေရာလေးတွေက ဧက၀က်၊ တဧကလောက်ရှိတဲ့ နေရာလေးတွေကို ပြန်ပေးတာဟာ ကျမတို့ လူနေမှုဘ၀တွေ လုံခြုံဖို့အတွက် ဖြည့်ဆည်းမပေးနိုင်ပါဘူး။ အဲဒီနေရာလေးတွေက လှည်းပဲ မောင်းလို့ရတဲ့ နေရာလေးတွေပါ” ဟု တုံရွာမှ မစန္ဒာက ပြောသည်။
“အခု ဦးပိုင်-၀မ်ပေါင်က ဒီအစီရင်ခံစာကို သမ္မတရဲ့ ဆုံးဖြတ်ချက်ပုံစံ ကျင့်သုံးနေပါတယ်။ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့် အဖြေထုတ်ပြန် မထားသေးပါဘူး။ ကော်မရှင် အစီရင်ခံစာအရ စာချုပ်အသစ်ချုပ်ဖို့၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးအတွက် EIA, SIA မှတ်တမ်းတွေကို ပြည်သူလူထုကို အသိပေးဖို့ ဒါတွေ မလုပ်ပါဘူး” ဟု မစန္ဒာက ဆိုသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာမှာ ကြေးနီစီမံကိန်း ဆက်လုပ်ရန်သာ ဦးစားပေး ဖော်ပြထားပြီး ဒေသခံပြည်သူများ၏ နစ်နာချက်၊ ခံစားချက်များ မပါဝင်ကြောင်း၊ ဒေသခံတောင်သူများ မကျေနပ်ခြင်းမှာ မြေယာလျော်ကြေး နည်းသောကြောင့် မဟုတ်ကြောင်း၊ နောက်ကွယ်က သွေးထိုးလှုံဆော်ပေးသည် ဆိုသော စကားရပ်သည် ဒေသခံ ပြည်သူလူ ထုနှင့် တောင်သူလယ် သမားများ ကို သေးသိမ်သွားအောင် နှိမ့်ချခြင်းပင် ဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့် ဦးပိုင်နှင့်ဝမ်ပေါင် ဆီမှ မြေယာလျော်ကြေးကို ဘယ်သောအခါမှ မယူခဲ့ကြောင်း၊ သီးနှံလျော်ကြေး ၃ နှစ်စာကိုသာ ရယူ ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ရှင်းပြသည်။
“မိုးကြိုး ဆာလ်ဖျူရစ် စက်ရုံကို ၀န်ကြီးဌာန ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတာကို အရေးယူဖို့ မလုပ်ဘဲနဲ့ ၀န်ကြီးဋ္ဌာန ခွင့်ပြုချက်တောင်းဖို့ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်” ဟု ဒေသခံ တဦးက ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ထားသော လယ်မြေတွင် ဒေသခံလယ်သမားများ ၀င်ရောက် ထွန်ယက်ခဲ့သောကြောင့် ဧပြီလ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့် တောင်သူများ ပဋိပက္ခဖြစ်ရာ တုံရွာသစ်မှ ရွာသား ကို တင်ဇော် သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆည်တည်းရွာမှ မရီဝင်းက ပြောသည်။
မိုးကြိုးပြင်ရွာမှ ဦးဝင်းကျော်က “ငါက ပြောင်းကြဲပြီးပြီ။ မင်းတို့ ၀င်ဖျက်ရင် ငါ့ သားသမီးလေးတွေလည်း ကျောင်းထားပေးနိုင်မှာ မဟုတ်ဘူး။ ငါဆက်လုပ်လို့ရမှာလို့။ အဲဒီလိုပြောပြီး ဆက်လုပ်နေတဲ့ အချိန်မှာပဲ ကျနော့်ကို ကူညီလုပ်နေတဲ့ ကိုသောင်းထိုက်ကို ရဲအင်အား ၄၀ လောက်က ၀င်ရိုက်ပြီး ဆွဲတော့တာပဲ။ ပုဒ်မ ၁၄၄ ထုတ်ထားလို့ နောက်နေ့လည်း လာမထွန်နဲ့လို့ ပြောလိုက်တယ်” ဟု ဆိုသည်။
ဒေသခံများကို ကူညီပေးနေသော ကျောင်းသား ကွန်ရက်အဖွဲ့ဝင်များကိုလည်း ဖမ်းဝရမ်းများ ထုတ်ပြန်ဖမ်းဆီးခဲ့ကြောင်း၊ လက်ခံကူညီပေးသူကိုလည်း ဖမ်းဆီးထောင်ချမည်ဟု ထုတ်ပြန် လိုက်ကြောင်း ဒေသ ခံများက ပြောသည်။
“ဒေသခံ ပြည်သူလူထုကို အကူအညီပေးနေတဲ့ ကျောင်းသားတွေ၊ ကွန်ရက် ၀င် ၈ ဦးကို ဖမ်းဝရမ်း ထုတ်ပါတယ်။ ဖမ်းထားတဲ့ ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုဆန်းတို့ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ လယ် ယာမြေတွေပေါ်မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ရုတ်သိမ်းပေးပါ။ လျော်ကြေး မလိုချင်သလို ရောင်းဖို့လည်း မဟုတ်ဘဲ မိမိတို့ သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်ဖို့ ဖြစ်ပါတယ်” ဟု ဒေသခံ မစန္ဒာက ဆိုသည်။
“ကျနော်တို့ကို ဘာမှမပြောဘဲနဲ့ ငွေလျော်ကြေးပဲ လှိမ့်ပေးနေတယ်။ အခုသူတို့ပေးတဲ့ ငွေလျော်ကြေးက အစီရင်ခံစာမှာ ပါသလို ဒေသပေါက်ဈေးကို ညှိနှိုင်းပေးရမှာကို ဘာမှ မညှိနှိုင်းဘဲနဲ့ သူတို့ပေး ချင်တဲ့နှုန်း ပေးတယ်။ ကျနော်တို့ ရွာသား သုံးပုံနှစ်ပုံလောက်က မယူပါဘူး” ဟု မိုးကြိုးပြင်ရွာမှ ဦးဝင်းကျော်က ဆိုသည်။
ဒေသခံ ဆရာတော်များကိုလည်း လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် မေတ္တာရပ်ခံ အကြောင်းကြားစာများ ပေးပို့ထားကြောင်း ဒေသခံဆရာတော်များက ပြောသည်။
ကော်မရှင်၏ အစီရင်ခံတွင် ပါဝင်သော လမ်းညွှန်ချက်များ အတိုင်းသာ ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီအနေဖြင့် တိတိကျကျ လိုက်နာ ဆောင်ရွက်စေလိုကြောင်း၊ ဒေသခံများနှင့် ၀မ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်နှင့် နိုင် ငံတော်အစိုးရတို့ကြား ပြေလည်စေရန် ယခု သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
Ref: ဧရာဝတီ
ထောင်ကြွေးကျန် ကျခံစေခြင်းသည် ခြိမ်းခြောက်မှုဟု ဆို
ရန်ပိုင်
May 11, 2013
ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား အစိုးရက ထောင်ကြွေးကျန် ၆ နှစ် ကျခံစေခြင်းဖြင့် ၎င်းတို့အား လူသိ ရှင်ကြား ပြောဆိုဝေဖန်နေသူများကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်း သားဟောင်းများ က ပြောဆိုလိုက်သည်။
ပြည်ထဲရေး ၀န်ကြီးဌာနသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခါအားလျော်စွာ ဝေဖန်လေ့ရှိသူ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ထောင်ဝတ်စုံ ပြန်တောင်းခြင်းဖြင့် အနှောက် အယှက် ပေးသကဲ့သို့ ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်အားလည်း မကြာသေးမီက ပြည်ထဲရေးဝန်ကြီး ဌာနသို့ ခေါ်ယူ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုများကို ဝေဖန်ပြောဆိုလေ့ရှိပြီး ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ လယ်သမားများအရေး လိုက်ပါ ဆောင်ရွက်နေသည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးနေမျိုးဇင်ကို အကြည်ညို ပျက်စေမှုဖြင့် ထောင် ၆ လ ချမှတ်သည့်အပြင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို အမိန့်ဖြင့် ယခင် ထောင်ကြွေးကျန်များကို ထပ်မံ ကျခံစေခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချိုပ် နာယက တဦးလည်း ဖြစ်သူ ဦးဝင်းတင်က “ကျနော်တို့လို၊ မင်းကိုနိုင်တို့လို အစိုးရနဲ့ သဘောမတူတဲ့ နိုင်ငံရေးကိစ္စတွေမှာ ပြောဆိုဝေဖန်နေ သူတွေ ပြစ်မှုတ ခုပေါ်လာ ရင် ထောင်ထပ်ကျ ရမယ်ဆိုတာကို သွယ်ဝိုက်ပြလိုက်တာ၊ နိုင်ငံရေး မလုပ်ဝံ့အောင် ခြိမ်းခြောက်လိုက်တာ” ဟု ယူဆကြောင်း ပြောသည်။
ထို့အပြင် အစိုးရသည် လွတ်ငြိမ်းချမ်းသာဆိုသည့် စကားလုံးကို အသုံးပြု၍ အကျဉ်းသားများက လွှတ်ပေးသည် ဆိုသော်လည်း ထောင်ကြွေးကျန်ဆိုသည့် ပုဒ်မ ၄၀၁ ဖြင့် ဆက်လက် ချည်နှောင်ထားကြောင်း၊ ယင်းပုဒ် မကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေဖြင့် သာမန်ပြစ်မှု ဖြစ်ပွားလျှင် ပင် ထောင်ကြွေးကျန်နှင့် ရောနှောကာ အရေးယူနိုင်သည့်အတွက် လက်မခံနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးဝင်းတင်သည် ၂၀၀၈ ခုနှစ် အာဏာပိုင်များက ထောင်မှလွှတ်ပေးစဉ်ကပင် ပုဒ်မ ၄၀၁ နှင့် ပတ်သက်၍ လက်မခံသလို လက်မှတ်လည်း မထိုးခဲ့ပေ။ အလားတူ ဦးနေမျိုးဇင်သည်လည်း လက်မှတ်ထိုးခဲ့ခြင်းမရှိဟု သိရသည်။
ရှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိနေသည့် ၈၈ ပွင့်လင်း လူအဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးဟု ပြောဆို ဆောင်ရွက်နေချိန်တွင် ပြည်ထဲရေးဝန်ကြီးက ဦးနေမျိုး ဇင်အပေါ် ထောင်ကြွေးကျန်ဖြင့် ထပ်မံ ပြစ်ဒဏ်ချခြင်းကို သဘောမတူကြောင်း၊ ထောင်ကြွေးကျန်စနစ်ကို ဖျက်သိမ်းပစ်သင့်ကြောင်း သီပေါမြို့တွင် လူထုဖြင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်ဟု ဒီမိုက ရက်တစ် မြန်မာ့အသံ (DVB) သတင်းတွင် ဖော်ပြထားသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း “အားလုံး ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန်မှာ အခုလိုမျိုးဖမ်းတော့ ၄၀၁ နဲ့ လွှတ်ထားတယ်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြိမ်းခြောက်တာပဲ” ဟု ဆိုသည်။
ဦးနေမျိုးဇင်အား ထောင်ဒဏ်ချမှတ်ခြင်းသည် သမ္မတ ဦးသိန်းစိန်၏ အစိုးရ တဖွဲ့လုံး သဘောထား သို့မဟုတ် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သီးခြားသဘောထားဖြစ်သည်ကိုမူ ကွဲကွဲပြားပြား မသိကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။
မိမိတို့ အနေဖြင့် နိုင်ငံသားတယောက် လိုက်နာသင့်သည့် တာဝန်ရှိသည့် ဥပဒေများကိုသာ လိုက်နာမည်ဖြစ်ပြီး နိုင်ငံသား အခွင့်အရေးကို ထိခိုက်သည့် ဥပဒေများကို ဆန့်ကျင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးနေမျိုးဇင်အား ပုဒ်မ ၄၀၁ အရ ထောင်ကြွေးကျန် ပြစ်ဒဏ်ခံစေခြင်းနှင့် ပတ်သက်ပြီး ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ဤအပြုအမူသည် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအပေါ် များစွာ အကျိုးသက်ရောက်စေပြီး၊ အပြုသဘောဆောင်သည့် နိုင်ငံရေး ဆောင်ရွက်ချက်များအပေါ် ထိခိုက်မှု ရှိစေကြောင်း၊ ယခုအချိန်သည် မြန်မာနိုင်ငံသားများအားလုံး အချင်းချင်းတွေ့ဆုံရမည့် အချိန်ဖြစ်ပြီး ထိတွေ့တိုက်ခိုက် မှုများ ရှောင်ကြဉ်သင့်သည့် အတွက် ဦးနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေး ရန် တောင်းဆိုထားသည်။
Ref: ဧရာဝတီ
အနည်းဆုံး လုပ်ခလစာ ဥပဒေအား ဇွန်လဆန်းတွင် အမြန်ထွက်ရန် ဆောင်ရွက်နေ
မေဦး
မေလ ၁၁ ရက် ၂၀၁၃ ခုနှစ်
အနည်းဆုံး လုပ်ခလစာ ဥပဒေအား လာမည့် ဇွန်လဆန်းတွင် အမြန်ဆုံး ထွက်ပေါ်လာရန် ဆောင်ရွက်နေကြောင်း လှိုင်သာယာစက်မှုဇုန် ဥက္ကဌဦးမြတ်သင်းအောင် ကပြောသည်။
၎င်းက“ အနည်းဆုံး လုပ်ခလစာ ဥပဒေကိုဇွန်လဆန်းမှာဖြစ်အောင် လုပ်နေပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ လွှတ်တော်မှာ အတည်ပြုဖို့ပါ၊ စက်ရုံတွေကို လဲ မေးခွန်းတွေ မေး တာတွေ လဲ လုပ်နေပါတယ်။”ဟု မဇ္ဈိမသို့ ပြောသည်။
အဆိုပါ အနည်းဆုံး လုပ်ခလစာနှုန်းထား သတ်မှတ်မှုကိုတော့ ကော်မတီများ ဖွဲ့စည်းပြီး ယင်းကော်မတီများမှ စုံစမ်းပြီး သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ လုပ်ခလစာနှုန်းထား များသွားပါကလဲ စက်ရုံများ ပိတ်သိမ်း သွားနိုင်၍ အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက် ဆွေးနွေး ညှိနှိုင်းရမည် ဖြစ်ကြောင်း ၄င်းကပြောသည်။
ဦးမြတ်သင်းအောင်က “လစာက ခြောက်သောင်းနဲ့ တသိန်းကြားတော့ ဖြစ်သင့်တာပေါ့နော်။ တံမြက်စည်း လှည်းတဲ့ သူကအစ အနည်းဆုံးခြောက်သောင်း ပေးရမယ်။ အလုပ်သမားတွေ တောင်းတာကတော့ ကိုးသောင်းပေါ့။ အစိုးရကတော့ ပိုပေးချင်တယ်။ လွှတ်တော်က ဆုံးဖြတ်သွားမှာပါ” ဟုဆိုသည်။
အဆိုပါ အနည်းဆုံး လုပ်ခလစာဥပဒေ မထွက်ပေါ်မီ ကာလအတွင်းမှာလဲ အလုပ်သမားများအတွက် ယာယီအားဖြင့် ဖြေရှင်းရန် နည်းလမ်းတစ်ရပ်ကိုလဲ ရှာကြံထားသင့်ကြောင်း နှင့် ၊ယခုနှစ် ဧပြီလဆန်း တွင် ဘဏ္ဍာအခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ၀န်ကြီးဌာနအောက်ရှိ နေ့စားဝန်ထမ်း များအား ပေးသည့် တစ်နေ့ ၂၇၀၀ နှုန်းထက် လျော့နည်း၍ ပေးရန်မသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ
ရှေ့နေဦးဌေး ကပြောသည်။
“လက်ရှိလုပ်ခလစာက နည်းနေတယ်။ ဥပဒေက မသက်ရောက် သေးတဲ့အခါကျတော့ အလုပ်ရှင်တွေက လုပ်ခလစာတိုးပေးဖို့ကို အကြောင်းပြချက်တစ်ရပ် အနေနဲ့ ငြင်းဆိုနေကြတာပေါ့၊ အလုပ်သမား
တွေရဲ့ဆန္ဒကတော့ အနည်းဆုံးလုပ်ခလစာကို ၃၀၀၀ ရရှိရေးအတွက် တောင်းဆို ထားပါတယ်၊အလုပ်ရှင် တွေက လုပ်ခလစာကို OT ပေးရမှာဖြစ်တဲ့အတွက် အမြဲလျော့ပြထားပါတယ်။” ဟုဦးဌေးက ဖြည့်စွက်
ပြောကြားသည်။
လက်ရှိတွင် စက်ရုံအလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်ခလစာမှာအများဆုံး ၁၄၀၀ကျပ် ခန့်သာရရှိကြောင်း၊ တစ်ချို့အလုပ်သမားများမှာ တစ်နေ့ ၅၅၀ကျပ် သာရှိကြောင်း လှိုင်သာယာ စက်မှုဇုန်၂ရှိ ဟုတ်ချိန် ပီနံအိတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် မချိုသက်မွန်ကပြောသည်။
ထိုသို့ လုပ်ခလစာ နည်းပါးနေခြင်းကြောင့် မေလ၁၁ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်၂ရှိ ဟုတ်ချိန် ပီနံအိတ် စက်ရုံအလုပ်သမား ၈၀ကျော် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။
Ref: မဇ္ဈိမ
မြန်မာနိုင်ငံသို့ ၃ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာဖွယ် ခန့်မှန်း
နန်းလွင်နှင်းပွင့်
မေလ ၁၁ ရက် ၂၀၁၃ ခုနှစ်
အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းနှစ်ခုအနက် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ၃ ရက်အတွင်း ဝင်ရောက်လာရန် အလားအလာများ ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ပြောသည်။
လက်ရှိတွင် မုန်တိုင်းသည် အိန္ဒိယမြောက်ဘက် (အနောက်မြောက်ဘက်)သို့ ဦးတည်နေပြီး ၁၂ နာရီအတွင်း တွင် အင်အားကောင်းလာကာ ဆိုင်ကလုန်းအဖြစ်သို့ပြောင်းလဲပြီး မြောက်ဘက်သို့ ဦးတည်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောသည်။
“မြောက်ဘက်ကို ဦးတည်သွားမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံဘက်ကို ဦးတည်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မေလ ၁၃ ရက် ကျော်ရင်တော့ ကျနော်တို့ဘက်ကို ဦးတည်လာနိုင်မယ့် အနေအထား ရှိပါတယ်။ ဦးတည်လာမယ် ဆိုပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်ဘက်လို့ပဲ သင်္ချာပုံစံနည်းအရ ဖော်ပြနေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ထိုခန့်မှန်းချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနများသို့ သတင်းပေးပို့ထားပြီး မုန်တိုင်းအခြေအနေအပြောင်း အလဲများအား ၃ နာရီတကြိမ်နှုန်းဖြင့် သတင်းများ ထုတ်ပြန်နေ မည်ဟု ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကမူ ထိုမိုန်တိုင်းမှာ ၄ ရက်ကြာလျှင် ရခိုင် နယ်စပ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းသည်။
“ကျနော့်ခန့်မှန်းချက်အရ ဆိုရင်တော့ ၁၅ ရက်နေ့ ညနေပိုင်းလောက်မှာ ဝင်လာနိုင်တယ်။ မောင်တောနဲ့ စစ်တကောင်းဘက်ကိုပေါ့။ မြန်မာပြည်အထဲဘက်ကိုတော့ အရမ်းကြီး တိတိကျကျ မရောက်ပါဘူး။ အခုက လေတိုက်နှုန်းတော့ နည်းနေသေးတယ်။ အဲတာကြောင့် မုန်တိုင်းနာမည်ကို မဖော်ပြကြသေးဘူး။ မုန်တိုင်းက အပူပိုင်းမုန်တိုင်း (Tropical Cyclone 01B13) ပါ။ ကျနော်တို့ မုန်တိုင်းပြောင်းလဲနှုန်းကို သတင်း ဆက်တိုက် ထုတ်ပြန်နေမှာပါ” ဟု မဇ္စျိမကို ပြောသည်။
မုန်တိုင်းသည် နှစ်ခုဖြစ်ပေါ်နေပြီး အိန္ဒိယပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းအား ဂျမာလာဟု အမည်ပေးထားပြီး ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာမူ အမည် အတိအကျ
ပေးထားခြင်းမရှိဟု ၂၀၀၈ နာဂစ် မုန်တိုင်းကို တိကျစွာ မှန်းပေးနိုင်ခဲ့သော www.wunder-ground.com တွင် ဖော်ပြထားသည်။
အင်္ဂါနေ့ည သန်းခေါင်ကျော် (19:00 GMT on 14 May)၊ ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) နံနက် ၁ နာရီခွဲ အချိန်၊ စစ်တွေမြို့ အနီးသို့ တနာရီလျှင် မိုင် ၁၀၀ ကျော်နှုန်းဖြင့် ဝင်ရောက်လာနိုင်သည်ဟု ၎င်းဝဘ်ဆိုက်က ခန့်မှန်းထားသည်။ ယင်းဖော်ပြချက်များထဲမှ ခန့်မှန်းချက်များအရ ဂျမာလာ မုန်တိုင်းမှာမူ သီရီလင်္ကာနိုင်ငံသို့ ဦးတည်နိုင်သည်ဟု သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းသည် ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး ဖြစ်ပေါ်သော မုန်တိုင်းဟု ဦးထွန်းလွင်၏ မိုးလေဝသ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ မုန်တိုင်း ဝင်ရောက် လာနိုင် ဖွယ်ရှိသော မောင်တောနှင့် စစ်တကောင်းမြို့များ၏ ကုန်းတွင်းသို့ တိုက်ခတ်မည် ဆိုလျှင် လေတိုက်နှုန်းမှာ တနာရီလျှင် ၇၅ မှ ၁၀၅ မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်ပြီး မုန်တိုင်းဒီရေ အမြင့် ၃ ပေမှ ၅ ပေထိ မြင့်တတ် လာနိုင်သည်ဟု ၎င်း ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်မှ အစပြုဖြစ်ပေါ်ကာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်အမည်ရှိ မုန်တိုင်းသည် အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် တနာရီ လေတိုက်နှုန်း ၁၃၀ ဝန်းကျင်ခန့် တိုက်ခတ်သွားခဲ့သည်။
Ref: မဇ္ဈိမ
ထိုင်ဝမ် ကုမ္ပဏီ ၃၁ ခု မြန်မာ့ဈေးကွက်သို့ ဝင်လာတော့မည်
မင်းမင်း
မေလ ၁၁ ရက် ၂၀၁၃ ခုနှစ်
စီးပွါးရေးပိတ်ဆို့မှုများ ဖြေလျှော့လာသည့်နောက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာသည့် အချိန်တွင် မြန်မာနိုင်ငံ အတွင်းသို့ ထိုင်ဝမ်ကုမ္ပဏီ ၃၁ ခုလည်း ဝင်ရောက်လာရန် ပြင်ဆင်နေ ပြီ ဖြစ်သည်။
“အခုကုမ္ပဏီ ၃၁ ခု နီးပါးက ကိုယ်စားလှယ်တွေတော့ ဒီမှာ ရှိနေပြီ။ နောက်လကျရင် အလုပ် စလုပ်နိုင်မယ် ထင်တယ်။ စက်တင်ဘာလ ကျရင် ရုံးခန်းတွေ ဒီမှာ ဖွင့်မှာပါ” ဟု ထိုင်ဝမ် ပြည်ပ ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကောင်စီမှ အာရှပစိဖိတ် ဈေးကွက် ဖွံ့ဖြိုးမှုမန်နေဂျာ Mr. Sinon Lia က မဇ္ဈိမကို ပြောသည်။
ထိုကုမ္ပဏီများ ပါဝင်သည့် ထိုင်ဝမ်မှ ကုန်သွယ်ရေးတိုးမြင့်မှု မစ်ရှင်အဖွဲ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင်မေလ ၁၀ ရက်က ၎င်းတို့၏ ပစ္စည်း အရည်အသွေးများကို လာရောက်ပြသစဉ် Mr. Sinon Lia က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝင်ရောက်လာမည့် ကုမ္ပဏီများမှ ထုတ်လုပ်သည့်ပစ္စည်းများမှာ ကားနှင့် ဆိုင်ကယ် ပစ္စည်းများ၊ စက်မှုလုပ်ငန်း သုံးနှင့် လျှပ်စစ် ပစ္စည်းများ၊ လက်သမားသုံး ပစ္စည်းများ၊ ဖုန်းနှင့် ကွန်ပျူတာ ပစ္စည်းများ၊ အ ထည်အလိပ်နှင့် သားရေ ပစ္စည်းများ၊ ငါးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ကော်နှင့် ပလပ်စတစ် ဆက်စပ်ပစ္စည်းများ၊ သင်ကြားရေး အထောက်အကူ ပစ္စည်း များ၊ ဆေးရုံ သုံးလုပ်ငန်း ပစ္စည်းများ၊ ဆေးဆိုးပန်းရိုက် လုပ်ငန်းသုံး ပစ္စည်းများ၊ ဗွီနိုင်းပုံနှိပ်လုပ်ငန်းသုံး ပစ္စည်းများနှင့် သံမဏိနှင့် ဂဟေဆော်ပစ္စည်းများ စသည်တို့ ပါဝင်သည်။
“အဓိကကတော့ ဒီနိုင်ငံကို ထိုင်ဝမ်က ဘာကြောင့်လာရလဲဆိုတော့ ထုတ်ကုန်တွေ ထုတ်ချင်လို့၊ ပြီးတော့ သဘာဝ အရင်းအမြစ်တွေလည်း ရှိတယ်။ အပြိုင်အဆိုင်လည်း နည်းတယ်။ ဒီနိုင်ငံရဲ့ လုပ်အားခက လည်း သက်သာတယ်” ဟု Mr. Sinon Lia က ရှင်းပြသည်။
ယခုကဲ့သို့ ဝင်ရောက်ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိနေသော်လည်း လျှပ်စစ်မီး အခက်အခဲများ ရှိနေကြောင်းလည်း Mr. Sinon Lia က ဆိုသည်။
“ပြဿနာက တခုပဲ ရှိပါတယ်။ အဲဒါက လျှပ်စစ်မီး မရတာပါပဲ။ ဒါပေမယ့် ကျနော်တို့ အများကြီး လုပ်ချင်ပါ တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် နည်းပညာများ နိမ့်ကျနေခြင်းကြောင့် ထိုကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်းလည်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် က ဆိုသည်။
“တို့ဆီမှာ နည်းပညာတွေ အများကြီးလိုတယ်။ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလိုတယ်။ တို့နိုင်ငံက အချိန်တို အတွင်းမှာ ပူးပေါင်းဆောင်ရွက်ရမယ်။ ကုမ္ပဏီတွေ ဝင်လာရင် သူတို့က နည်းပညာ ရှိတယ်၊ ပိုက်ဆံရှိတယ်။ တို့ဆီက လုပ်သားအင်အား ရှိတယ်၊ မြေနေရာ ရှိတယ်ဆိုရင် ပေါင်းလိုက်ရင် ချက်ချင်း တက်သွားမှာပဲ” ဟု တိုက်တွန်း အားပေးသည်။
အစိုးရမှ စီးပွါးရေး လမ်းကြောင်းများ ဖွင့်ပေးခြင်းကို ကြိုဆိုသော်လည်း စက်ရုံအလုပ်ရုံများ လိုအပ်ကြောင်း လည်း Mr. Sinon Lia က ထောက်ပြသည်။
“မြန်မာ့စီးပွါးရေးကို ဖွံ့ဖြိုးဖို့ဆိုရင် ထုတ်ကုန်တွေ တိုးတက်ဖို့ လိုလိမ့်မယ်။ ကုန်ကြမ်းတွေကို ထုတ်ရောင်းတာ မျိုး မဟုတ်ဘဲနဲ့ စက်ရုံအလုပ်ရုံတွေ တည်ဆောက်ဖို့ လိုလိမ့်မယ်။ အဲဒါတွေ ဖြစ်လာရင် ထုတ်ကုန်တွေ အများကြီး ဖြစ်လာမယ်” ဟု ပြောဆိုသွားသည်။
Ref: မဇ္ဈိမ
အိမ်အကူများမကြာခဏ နှိပ်စက်ခံရမှု များပြားလာသဖြင့် ထိရောက်သော အကာအကွယ်လိုအပ်
ဇော်ဇော်ထွေး
မေလ ၁၁ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန်မြို့ရှိ လူနေအိမ်များအတွင် အိမ်ဖော်အဖြစ်လုပ်ကိုင်နေကြသော အိမ်အကူများအား အိမ်ရှင်များ၏ ညှင်းပန်းနှိပ် စက်မှုများ မကြာခဏဖြစ်ပွားလာသဖြင့် ထိရောက်သော အကာအကွယ် ပေးရန် လိုအပ်လာကြောင်း ဥပဒေကျွမ်းကျင် သူနှင့် နိုင်ငံ့အရေး လုပ်ဆောင်နေသူ အချို့က ပြောကြားလိုက်သည်။
အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင် က “ဒီကိစ္စတွေက ဥပဒေနဲ့ ဖြေရှင်းဖို့ ခက်ပါတယ်။ ဥပဒေအရ လက်လှမ်းမမီတဲ့ ကိစ္စတွေဖြစ်နေတာပါ။ အခုလို လူသားချင်းစာနာစိတ်မရှိတဲ့ ကိစ္စတွေ ကြတော့ ပိုးစိုး ပက်စက် ဖြစ်သွားပြီးမှ လိုက်ရှင်းရတာတွေဖြစ် နေတာပါ။ အဓိကတော့ လူသားဆန်တဲ့ စိတ်ဓါတ်တွေရှိဖို့ လိုပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်အကူ အဖွဲ့အစည်းများ ဖွဲ့စည်းရန် အားနည်းချက်များရှိနေသဖြင့် ယင်းတို့အားကာကွယ် စောင့်ရှောက်နိုင်ရန် လူမှုရေးအသင်းအဖွဲ့များ ရှိသင့်ကြောင်းနှင့် အိမ်အကူ အများစုမှာ အမျိုး သမီးများသာ ဖြစ်သည့် အတွက် အမျိုးသမီးရေးရာအဖွဲ့အစည်းများအနေဖြင့်လည်း ယင်းတို့အား အလုပ်သမားအခွင့် အရေးများ၊ အမျိုးသမီးအခွင့်ရေး စသည်တို့နှင့်ဆိုင်သော အသိပညာပေးခြင်းများ၊ ကာ ကွယ်စောင့်ရှောက်ပေးခြင်းများ ပြုလုပ်ပေးရန် လို အပ်ကြောင်း ၄င်းက ဆက်လက်ပြောခဲ့သည်။
ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုကြောင့် အိမ်အကူအမျိုးသမီးငယ်တစ်ဦးအား စွပ်စွဲပြစ်တင်ပြီး ညင်းပနှိပ် စက်မှု ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးကြီးတစ်ဦး အမှုဖွင့် အရေးယူ ခံရမှုတစ်ခု တာမွေမြို့နယ် ကျားကွက်သစ်ရပ် ကွက်ရှိ လူနေတိုက်ခန်း တစ်ခုတွင် မေလ ၃ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။
ယင်းဖြစ်စဉ်တွင် အိမ်ရှင်အမျိုးသမီးက အိမ်အကူအား ကျပ်လုံးခန့်ရှိ တစ်တောင်ကျော်သော ၀ါးလုံးတုတ်နှင့် ခန္ဒာကိုယ်အား ရိုက်နှက်ခြင်း၊ လည်မျို/ ရင်ဘက်တို့အား ခြေဖြင့်နင်းခြင်း၊ မိန်းမကိုယ် အင်္ဂါစပ်အား
ဆေးလိမ်မီးဖြင့်ထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မတင်တင်ထွေးတွင် ယာဘက်မျက်လုံးဖူးရောင်(ညိုမဲဖွင့်မရ ဒဏ်ရာ)၊ ၀ဲဘက်မျက်လုံးဖူး ရောင်၊ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ၀ဲယာလက် ဖူးရောင် ဒဏ်ရာ၊၀ဲဘက်ညှပ် ရိုးအပေါ် ပေါက်ပြဲသွေးထွက် ဒဏ်ရာ၊ ယာလက်ခုံ၊ ယာဂျိုစောင်း စုတ်ပြဲ ဒဏ်ရာ၊ မိန်းမကိုယ်အင်္ဂါ နီမြန်း ဒဏ်ရာ၊ ဆီးခုံ၊ ရင်ဘက်အောင် ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေး ရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ ကုသခဲ့ရသည်။
ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း) က “အိမ်အကူဆိုတာ စက်ရုံအလုပ်ရုံအလုပ်သမားမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာပဲနေပြီး အိမ်ရဲ့ ဝေယျာဝစ္စ အကုန်လုပ်ပေးရတဲ့အတွက် အိမ်သားလိုပဲ သဘောထားသင့် ပါတယ်။ သူတို့ဟာလည်း လူသားတွေပါပဲ။ ဒါကြောင့် လူပေါ်လူချင်း ကိုယ်ချင်းစာတရား ထားဖို့ လိုပါတယ်။” ဟု ပြောသည်။
လက်ရှိပြဌာန်းပေးထားသော အလုပ်သမားအဖွဲ့အစည်းများ ဥပဒေတွင် အိမ်အကူ လုပ်သားများ အတွက် ပါ အကျုံးဝင်သော်လည်း ယင်းဥပဒေမှာ လက်တွေ့နယ်ပယ်တွင် အသက်ဝင်မှု နည်းပါးခြင်းတို့ကြောင့် အိမ်အကူ အလုပ်သမားများ အနေဖြင့်လည်း အကာအကွယ်မဲ့နေရခြင်းများ ရှိနေသေးကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြသည်။
“စင်္ကာပူမှာဆိုရင် အိမ်အကူတွေမှာ တစ်ပက်တစ်ခါလောက် ပိတ်ရက်ရှိတယ်။ အဲဒီရက်မှာ အိမ်ဖော်တွေက စုရပ်တစ်ခုမှာ စုံပြီး အခက်အခဲတွေကို တွေ့ဆုံပြောကြားညှိနိုင်းတာတွေ ရှိတယ်။ အဲဒီတော့ အိမ်ရှင်တွေက ထင်တိုင်းမလုပ်ရဲကြတော့ဘူး။ မြန်မာပြည်မှာတော့ ဒီလို အလေ့အထမရှိတာ အားနည်းချက် တစ်ခုပဲ” ဟု အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင်က ပြောပြသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပြဌာန်းပေးထားသော အလုပ်သမားဥပဒေမှာလည်း ILO ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာအစိုးရက ပြဌာန်းရေးဆွဲထားသော ဥပဒေတစ်ရပ်ဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် လုပ်ဆောင်နေ သူတို့၏ ဆန္ဒခံယူမှုနှင့် အကြုံပြုချက်များ မပါဝင်သည့်အတွက် အားနည်းချက်များတွေ့ကြုံနေရခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောခဲ့သည်။
မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တွင် အိမ်ရှင်များမှ အိမ်အကူများအား ညင်းပန်းနှိပ်စက်မှု ပြုခဲ့ရတွင် ၂၀၁၂ ခုနှစ် အတွင်း ရုပ်သံဇာတ်လမ်းတစ်ခုအတွက် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူ မင်းသမီးတစ်ဦးက ညင်းပန်းနှိက်စက်မှုကြောင့် အိမ်အကူတစ်ဦးသေဆုံးခဲ့ရမှုနှင့် အဆိုတစ်ဦးမှ အိမ်အကူယောက်ျားလေးတစ်ဦး အား ထိုးကြိတ်ရာမှ အပြန်အလှန်အမှုဖွင့်မှုများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် လွန်ခဲ့သော နှစ်များအတွင်းကလည်း နိုင်ငံခြားသားအိမ်ရှင်တစ်ဦးက မြန်မာနိုင်ငံသား အိမ်အကူ အမျိုးသမီးတစ်ဦးအား ခါးပတ်ဖြင့်ရိုက်ခြင်း၊ ရင်သားများအား ဆေးလိပ်မီးဖြင့် ထိုးခြင်းများအပြင် သားမယား အဖြစ် ပြုကျင့်ခဲ့သဖြင့် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားမှုများ ရှိခဲ့သည်။
Ref: မဇ္ဈိမ
စုံစမ်းရေး ကော်မရှင်နှင့် ကော်မတီများတွင် ပါဝင်သူများကို လုပ်ပိုင်ခွင့် ပိုပေးဖို့လို ဟု ကော်မတီဝင်များပြော
နေမျိုး
မေလ ၁၁ ရက် ၂၀၁၃ ခုနှစ်
အစိုးရမှ ဖွဲ့စည်းသည့် ကော်မတီများတွင် အရပ်ဘက် ပုဂ္ဂိုလ်များ၊ ပညာရှင်များ ပါဝင်လာမှုအပေါ် ကြိုဆိုကြသော်လည်း လုပ်ပိုင်ခွင့် ပိုမိုပေးသင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း က ပြောသည်။
၎င်းက “အရပ်ဘက်က ပညာရှင်တွေပါတာ ကျနော်တို့ ၀မ်းပန်းတသာ ကြိုဆိုတာပေါ့ခင်ဗျာ။ တချို့ဟာတွေ မှာတော့ ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုတယ်။ ကော်မရှင်မှာ ပါဝင်တဲ့သူတွေကို လုပ်ပိုင်ခွင့်လေးတွေ ပိုပြီးတော့ ပေးရင် ပိုပြီးတော့ ကောင်းမယ်” ဟု မဇ္စျိမ ကို ပြောသည်။
နိုင်ငံရေးအကျဉ်းသားများအား လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် စီစစ်ဆောင်ရွက် ရန် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီ ကို အစိုးရမှ တိုးချဲ့ ဖွဲ့စည်းရာတွင် ဦးညိုထွန်းသည်လည်း အဖွဲ့ဝင်တဦးအဖြစ် ပါဝင်လာသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံတွင် စုံစမ်းရေးကော်မရှင်များနှင့် စိစစ်ရေးကော်မတီများ အများအပြား ဖွဲ့စည်းခဲ့ရာတွင် အဖွဲ့ဝင် များအဖြစ် အရပ်ဘက်နှင့် အစိုးရ၀န်ထမ်းမဟုတ်သည့် ပညာရှင်များပါ ပါဝင်လာသော်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ တချို့ရှိနေကြောင်းလည်း အဖွဲ့ဝင်များက ဆိုသည်။
“၀န်ထမ်းတွေနဲ့ ပူးတွဲပြီး အလုပ်လုပ်တဲ့ အခါကျတော့ သူတို့က ပွင့်လင်းမြင်သာမှု အားနည်းတယ်ပေါ့ဗျာ။ သူတို့က အလုပ်ကို ရာထူးကိုထိခိုက်မှာကို စိုးရိမ်တဲ့ဟာကို တွေ့ရတယ်ပေါ့ဗျာ။ အရင်အစိုးရခေတ်က ကျန်ခဲ့တဲ့ အမွေဆိုးကြီးပဲ။ ၀န်ထမ်းတွေထဲမှာ မပျောက်သေးဘူး။ ဒါကို ပြုပြင်စေချင်ပါတယ်” ဟု ဦးညိုထွန်း က ရှင်းပြသည်။
ယခင် အစိုးရများ လက်ထက်တွင် ပြဿနာရပ်များကိုစုပေါင်း ဖြေရှင်းမှု အားနည်းခဲ့ပြီး အတွေ့အကြုံ ရှိသူများစုပေါင်း ဖြေရှင်းခြင်းဖြင့် ရလဒ်ကောင်းများ ရရှိအောင် ကြိုးပမ်းသင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ ဒေါက်တာမောင်မောင်လေး က ပြောသည်။
“ကောင်းတဲ့အဖြေ ရလဒ်ကို ရလို့၊ ရအောင်လို့ ကြိုးစားပြီးတော့ လုပ်သွား ကြတာပါ။ အခက်အခဲကတော့
တွေ့ရစမြဲပါ။ တခါတလေကျတော့လည်း အများရဲ့ interest (အကျိုး) ကို လျှောက်ရတဲ့ လမ်းမှာ ရှဥ့်လည်းစွဲသာ ပျားလည်းစွဲတာ၊ နိုင်ငံတကာစံချိန်ရယ်၊ ဒေသစံချိန်အတိုင်းကို မီအောင်လို့သွားရတဲ့ အပိုင်းလေး တွေ ရှိပါတယ်။ ကျနော်တို့ဟာ နိုင်ငံတကာနဲ့လည်းမတူ၊ ဒေသနဲ့လည်းမတူ တမူ ထူးတာလေး
တွေ ရှိတာလည်းရှိပါတယ်။ ပြန်ပြီးတည့်မတ်အောင် လုပ်ရတာ ဒီနေရာမှာ အခက်အခဲလေးတွေ ရှိပါတယ်။ ဒါဟာစိန်ခေါ်မှုတွေပါ” ဟု လက်ရှိအခြေအနေအပေါ် မှတ်ချက်ပြု ပြောကြားသည်။
ပြဿနာရပ်များဖြေရှင်းရာတွင် ဝေဖန်စရာများ ပေါ်ထွက်လာတတ်သည်ကို လက်ခံကာ ပြုပြင်သင့်သည် များ ကို ပြုပြင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ စံချိန်မီဖြေရှင်းဆောင်ရွက်မှုမျိုး ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။
“ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ဆွေးနွေး စုံစမ်းပြီးတော့ လုပ်ကြတာပါပဲ။ လူတိုင်းကို ၀မ်းသာအောင်၊ ကျေနပ်အောင် လုပ်ဖို့တော့ အတော်လေးခဲယဉ်းပါတယ်။ ကောင်းတဲ့ အလားအလာနဲ့၊ ကောင်းတဲ့ လမ်းကြောင်းပေါ်သွားနေတယ်လို့ သတိထားမိပါ တယ်။ ကောင်းတဲ့အဖြေ ရလဒ်လေးတွေ၊ နောက်ပြီး တော့ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ဆက်ရှင်းပြသည်။
အရပ်ဘက် ပုဂ္ဂိုလ်များ ပါဝင်လာခြင်းအပေါ် အကောင်းမြင်သော်လည်း ကော်မတီများ၏ စုံစမ်းတွေ့ရှိချက် ကို အစိုးရက အရေးယူ ဆောင်ရွက်ရမည် ဟု ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ကျောက်ဖြူ လွှတ်တော် အမတ် ဦးဘရှင် က ပြောသည်။
“နိုင်ငံရေးအကျဉ်းသား ပြန်လည်စိစစ်ရေးကော်မရှင်မှာလို နိုင်ငံရေး အကျဉ်းသားဟောင်းပါလာတာ ကောင်းတာပေါ့၊ နိုင်ငံရေးအကျဉ်းသားဆိုတာက ကိုယ့်အတွက် အလုပ်လုပ်တာမှ မဟုတ်ဘဲ၊ ယုံကြည်ချက် အတွက် အလုပ်လုပ်တာကို၊ အဲလိုလူတွေ ပါလာတော့ ကောင်းတာပေါ၊့ လယ်ယာမြေ ကော်မရှင်မှာ ကျနော်ပါတယ်။ လယ်သမားဆိုတဲ့သဘာဝ၊ လယ်သမားတွေရဲ့ လယ်ယာ မြေကို သိမ်းယူတဲ့ လုပ်ငန်းရှင် ရဲ့ သဘာဝ၊ နိုင်ငံတော် အစိုးရက ချမှတ်တဲ့ စီမံကိန်းတွေရဲ့ သဘာဝ၊ မြေယာတွေကို အာဏာနဲ့ရ ထား တယ်ဆိုရင် အဲဒီအာဏာဟာ တရားနည်းလမ်းကျရဲ့လား” ဟု ၎င်း က ထောက်ပြသည်။
အစီရင်ခံစာ တွေ့ရှိချက်များကို အစိုးရက ထိန်ချန်ဖော်ပြခြင်းမရှိသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကဏ္ဍအား စောင့်ကြည့်လျှက်ရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောဆိုရာတွင် “ကျမတို့ တွေ့ရှိချက်တွေ အားလုံးတော့ အစီရင်ခံစာထဲမှာ ပါလာ ပါတယ်။ ထိမ်ချန်ထားတာတို့၊ အစီရင်ခံစာထဲ ထည့်မပေးတာတို့ မရှိပါဘူး။ ကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင် အထည်ဖော်မယ့် ကော်မတီရဲ့ အပေါ်မှာပဲပေါ့နော်၊ အစီရင်ခံစာ မှာပါတဲ့ အချက်တွေကို ဘယ်လောက်အထိ ဆောင်ရွက်ပေးမလဲ၊ ဘယ်လောက်အထိ ယုံကြည်လက်ခံပြီး ဘယ်လောက်အထိ လိုက်လျောမလဲ ဆိုတာကို ကျမတို့ကလည်း စောင့်ကြည့်နေတဲ့ အနေအထားပါ” ဟု မဇ္စျိမ ကို ပြော ဆိုသွားသည်။
Ref: မဇ္ဈိမ
ပြည်ထောင်စုရိပ်သာ စီမံကိန်း ထူးကုမ္ပဏီမှ ကန်ဒေါ်လာသန်း ၃၀၀ ရင်းနှီးမည်
သိင်္ဂီထွန်း
မေလ ၁၁ ရက် ၂၀၁၃ ခုနှစ်
ထူးကုမ္ပဏီများအဖွဲ့က ကြယ်လေးပွင့် အဆင့်ရှိဟိုတယ်၊ ရုံးခန်း၊ လူနေခန်းနှင့် ဈေးဝယ်စင်တာ တို့ပါဝင်သောပြည်ထောင်စုရိပ်သာ စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံ ကာ ဆောက် လုပ်သွား မည် ဖြစ်ကြောင်း ထူးကုမ္ပဏီ၏ အကြံပေး ဦးလှဘော်က မဇ္ဈိမကို ပြောသည်။
ထိုစီမံကိန်းကို ထိုင်းနိုင်ငံ SIAM STEEL International ကုမ္ပဏီမှ ဒီဇိုင်းနှင့် လိုအပ်သောပစ္စည်းများ တာဝန်ယူမည် ဖြစ်ပြီး လာမည့် ဇူလိုင်လတွင် လုပ်ငန်းစတင်မည်ဖြစ်သည်။ ဟိုတယ်ကို ၈လမှ ၁၀လအတွင်း အပြီးသတ်မည် ဖြစ်ကာ စီမံကိန်းတခုလုံးအား နှစ်နှစ်ခန့် အချိန်ယူ ဆောင်ရွက်မည် ဟုမေလ၁၀ရက်နေ့ ကန်တော်ကြီး ပဲလေ့(စ်) ဟိုတယ်တွင် ကျင်းပသည့် စီမံကိန်းအတွက် သဘောတူ စာချူပ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။
ဦးလှဘော်က “အခုလောလောဆယ်တော့ ရန်ကုန်ရဲ့ Shotrage (ပြတ်လပ်ရှားမှု) ဖြစ်နေတဲ့ ဟိုတယ် အခန်းတွေရဲ့ ဟာကို ဖြေရှင်းဖို့ ဒါကိုဦးစားပေးပြီး အချိန်တိုတိုအတွင်းမှာ လုပ်ရတာပဲ။ အခု ဒီဇိုင်း တွေ လည်း ပြီးလို့ ခွင့်ပြုချက်တင်မယ်။ အဲဒါက တလလောက်တော့ကြာမယ်” ဟု ဆိုသည်။
အဆိုပါ ပြည်ထောင်စု ရိပ်သာစီမံကိန်းတွင် အခန်းပေါင်း ၃၅၈ခန်းပါ အထပ်၇ထပ် ရှိကြယ်လေးပွင့် ဟိုတယ်၊ စီးပွားရေး လုပ်ငန်းများအတွက် ရုံးခန်းများ ပြုလုပ်မည့် ၈ထပ်အဆောက်အဦး၊ အထပ် ၅ ထပ်ပါ
ဈေးဝယ်စင်တာ၊ နိုင်ငံခြားသားများအား နှစ်ရှည်ဌားရမ်းမည့် Service Apartment ၈ထပ် အဆောက်အအုံနှင့် လူနေခန်း အဆောက်အအုံ စသည်တို့ ပါဝင်မည် ဖြစ်ကာ ရန်ကုန်-ပြည်လမ်းနှင့် ပြည်ထောင်စု ရိပ်စာလမ်းထောင့်ရှိ ၂၁.၉ ကျယ်ဝန်းသည့် မြေပေါ်တွင် အကောင်အထည် ဖော်မည် ဖြစ်သည်။
ထူးဆောက်လုပ်ရေး ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးစိုးမြင့်သန်းက “ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် ရန်ကုန်မြို့ရဲ့ Land Mark(အထင်ကရ) နေရာတခု ဖြစ်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။
ထူးဆောက်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ အနှံ့တွင် ဟိုတယ်၁၆လုံးဖွင့်လှစ်ထားပြီး ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ ထူး ကုမ္ပဏီပိုင် မြေနေရာလွတ်များတွင်လည်း ဟိုတယ်များ ဆောက်လုပ်ရန် စီစဉ်နေကြောင်း ဦးလှဘော်က မဇ္ဈိမသို့ ဆက်လက်ပြောသည်။
Ref: မဇ္ဈိမ
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်
မေလ ၁၂ ရက် ၂၀၁၃ ခုနှစ်
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေး ပါတီစုံမှ အမျိုးသမီး ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေ့လာရေး ခရီးစဉ်အဖြစ် ယနေ့ မေလ ၁၂ ရက်နေ့က ထွက်ခွာသွားသည်ဟု သိရသည်။
မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၆ ရက်ကြာမည့် ဤလေ့လာရေးခရီးစဉ်ကို နယ်သာလန်နိုင်ငံ အခြေစိုက် Burma Centrum Nederland (BCN) အဖွဲ့နှင့် ရန်ကုန်အခြေစိုက် ဖန်တီးအိမ် အဖွဲ့တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အဖြစ် နယူးဒေလီအခြေစိုက် Centre for Social Research (CSR) နှင့် Burma Centre Delhi (BCD) တို့က ကူညီစီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဤခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ပါလီမန်စနစ်၊ အိန္ဒိယနိုင်ငံ၏ ဥပဒေပြုရေးဆိုင်ရာ မူဘောင်စနစ်၊ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် အမျိုးသမီး စွမ်းရည်မြင့်တင်ခြင်း အစီအစဉ်၊ ဒီမိုကရေစီနှင့် မီဒီယာ၏ အခန်းကဏ္ဍ၊ အိန္ဒိယ မြန်မာဆက်ဆံရေး စသောခေါင်းစဉ်များဖြင့် လေ့လာသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ အိန္ဒိယလွှတ်တော် အမတ်များနှင့် တွေ့ဆုံခြင်း၊အိန္ဒိယအမျိုး သမီး ကော်မရှင်နှင့် တွေ့ဆုံခြင်း တို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှာမြန်မာနိုင်ငံနှင့် ဆင်တူသော အာရှဒေသဖြစ်ခြင်း၊ တိုင်းရင်းသားမျိုးစုံနေထိုင်ခြင်း၊ ပြည်ထောင်စု လွှတ်တော်နှင့်ပြည်နယ်လွှတ်တော်များရှိခြင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရှိနေခြင်း တို့ကြောင့် ဤသို့ လေ့လာရေး ခရီးကိုစီစဉ်ခြင်းဖြစ်ကြောင်း ယခင်က အိန္ဒိယလွှတ်တော်လေ့လာရေး ခရီးစဉ်များတွင် အမျိုးသမီးများ ပါဝင်ခဲ့ခြင်းမရှိသောကြောင့် ယခုကဲ့သို့ အမျိုးသမီးသီးသန့် လေ့လာရေးခရီးစဉ်ကို စီစဉ်ခြင်းဖြစ်ကြောင်း ဖန်တီးအိမ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ် က ပြောသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းငွေငွေ ( ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာ (ဒီမိုက ရက်တစ် ပါတီမြန်မာ)၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်ခင်စီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးပါတီ)၊ ဒေါ်ရီရီစန်း (ခေတ်သစ်ပြည်သူ့ပါတီ)၊ နော်ဆာထူး (ကရင်ပြည်သူ့ ပါတီ)၊ ဒေါ်တင်တင်ထွေး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဒေါ်မြင့်မြင့်ဝေ (မွန်ဒေသလုံးဆိုင်ရာ ဒီမိုက်ရက်တစ်ပါတီ)၊ မနီနီမေမြင့် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) တို့ အပြင် ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် မကေဇာကျော် တို့ ပါဝင်ကြောင်း သိရသည်။
Ref: မဇ္ဈိမ


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88