Wednesday, May 29, 2013

မြောက်ပိုင်း လူသတ်မှု ABSDF ကာယကံရှင်များနှင့် တွေ့ဆုံကြားနာမည်

မြတ်စုမွန်| May 28, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က လွန်ခဲ့သော နှစ် ၂၀ မြန်မာနိုင် ငံမြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် သွေးထွက်သံယိုမှုများ၊ သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက် ၍ ပြန်လည်ဖော်ထုတ် ရန် ကာယကံရှင်များနှင့်တွေ့ဆုံကာ အချက်အလက်များ စတင်စုဆောင်းနေပြီ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက ကျောင်းသားတပ်ဦးအတွင်း သူလျှိုစစ်ဆေးဖော်ထုတ်ခြင်း များကြောင့် ကျောင်းသားများ သေဆုံးခဲ့ရခြင်းများ၏ အသေးစိတ် အချက်အလက်များကို ကာယကံရှင်များ၊ မိသားစု ၀င်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ABSDF ၏ အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ် ရေးအဖွဲ့မှ တာဝန်ခံညှိနိုင်းရေး မှူး ရဲဘော်ကျော်ကျော်လင်းက ပြောသည်။

“ခုချိန်ထိတော့ တွေ့ဆုံမေးမြန်းပြီးတာ ရဲဘော် ၆ ယောက်ရှိပြီ။ မိသားစုဆိုလို့ မငယ်(မနန်းအောင်ထွေးကြည်)ရဲ့ အမေနဲ့ သွားတွေ့ပြီးပါပြီ။ ဒီကိစ္စကြီးက သူတို့မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ရှိခဲ့တယ်လေ။ ဒါကြီးကို ထပ်ခါတလဲလဲ ပြောပြောနေရတဲ့အတွက် အရမ်း စိတ်ထိခိုက်တယ်” ဟု ရဲဘော် ကျော်ကျော်လင်းက ဧရာဝတီသို့ ပြောသည်။

ABSDF ကျောင်းသားတပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုကို စစ်တပ်က သွေးထွက် သံယို နှိမ်နှင်းပြီးနောက်ပိုင်း တောခိုသွားခဲ့သည့် ကျောင်းသားလူငယ်များနှင့် ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ယခု အခါ လက်ရှိအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် သူလျှိုစစ်ဆေးဖော်ထုတ်ခြင်းများကြောင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့သည်။

အဆိုပါ အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးအဖွဲ့ကို ၂၀၁၂ခုနှစ် ဇန်န၀ါရီတွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းခဲ့ပြီး မြောက်ပိုင်းကိစ္စတွင် နည်းအမျိုးမျိုးဖြင့် ပါဝင်ပတ်သက်ခဲ့သည့် ကာယကံ ရှင်များ၊ သေဆုံးသွားခဲ့သူများ၏ မိသားစုဝင်များကို အဓိက အပိုင်း ၄ခုခွဲကာ အစိုးရက တရားဝင်ခွင့်ပြုထားသည့် ရက်သတ္တပတ် ၃ ပတ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်များတွင် မေးမြန်း အချက်အလက် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

တဦးချင်းစီ သီးသန့်တွေ့ဆုံမေးမြန်းမည့် ယင်းအစီအစဉ်တွင် တဦးချင်းစီ၏ နောက်ခံသမိုင်းကြောင်း၊ သူတို့သိသော ABSDF အကြောင်း၊ ယင်းဖြစ်စဉ် အပြီးတွင် နောက်ဆက်တွဲ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် အကြံပြုချက်ဟူ၍ ၄ ပိုင်းခွဲကာ မေးမြန်းသွားမည်ဖြစ်ကြောင်း ရဲဘော် ကျော်ကျော်လင်းက ပြောသည်။

ထိုသို့ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းများကို ယခုနှစ်အတွင်း အပြီးသပ်နိုင်ရန်ကြိုးစားမည်ဟု သူက ဆက်လက်ပြောသည်။

“အခုက မေ ဆိုတော့၊ ဒီနှစ်ထဲမှာ ဖြစ်နိုင်ပါတယ်။ ဖြစ်အောင် ကြိုးစားရမှာပေါ့။ နည်းနည်းလေး ဖြည့်ပြောချင်တာက ဒီအစီရင်ခံစာက အဆုံး မဟုတ်ဘူး။ ဒီအစီရင်ခံစာ ပြီးသွားတာနဲ့ ဒါကြီးက ပြီးသွားမှာ မဟုတ်သေးဘူး။ ကျနော်တို့ လုပ်ချင်နေတဲ့ အမှန်တရားနဲ့ တရားမျှတမှုတွေရဲ့ အစပဲ” ဟုလည်း ပြောသည်။

အချက်အလက် ကောက်ခံရာတွင် ပြည်တွင်းရှိ သက်ဆိုင်သူများနှင့် ပြည် ပရောက် ကျောင်းသားဟောင်းများကိုလည်း မေးမြန်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ဟော်လန်နိုင်ငံရှိ မော်ကွန်းတိုက် တွင် ထိန်းသိမ်းထားသည့် ABSDF ၏မှတ်တမ်းများကို ကိုးကား အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်နက်ကိုင်တော်လှန်ရေးကာလ ၂၄ နှစ်အတွင်း ရဲဘော်စုစုပေါင်း ၆၂၇ ဦးကျဆုံးပြီး ၃၉၉ ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – မကဒတ (ကျောင်းသားတပ် မတော်) အဖွဲ့အစည်းတည်ထောင်ခြင်း (၂၄)နှစ်မြောက် ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

မြောက်ပိုင်းဖြစ်ရပ်များနှင့်ပတ်သက်၍ သေဆုံးခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်၏ မိသားစုက မန္တလေးတိုင်းဒေသကြီး အမှတ်(၈) ရဲစခန်းတွင် ယခုလ ၁၇ ရက်က အမှုဖွင့်ထားသည်။

Ref: ဧရာဝတီ

Read More...

ကိုရွှေဂျပန်တို့ လာချေပြီ

မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် ''ရှင်ဇိုအာဘေး'' (Shinzo Abe) သည် ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံသို့ ၃ ရက်ကြာ အလည်အပတ်ခရီး ရောက်လာခဲ့သည်။ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင် အများ အပြား မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်ခဲ့ကြသော်လည်း အမေရိကန်သမ္မတ ''ဘားရက်အိုဘားမား'' ရောက်လာ ခဲ့သည့် ခရီးစဉ်မှလွဲ၍ ကျန်ခရီးစဉ်များ အကြောင်းက ပြည်တွင်းသတင်း စာများ တွင် နေရာမရကြပေ။ ကော်လံ အနည်းငယ်မျှ၊ သတင်းတိုမျှသာ ဖော်ပြခံခဲ့ကြရသည်။ ယခု ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်ကမူ အလွန်အရေးကြီး သည့် နောက်ထပ်ခရီးစဉ်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။

ဂျပန်နှင့်မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးက ကာလရှည်ကြာခဲ့ပြီဖြစ်ပြီး၊ ရင်းနှီးသည့်ချစ်ကြည်ရေး ရှိခဲ့ကြသည်။ ထိုမျှမက အဆင့်အသီးသီးဖြင့်လည်း ဆက်ဆံရေး ရှိနေခဲ့ကြသည်။ ၁၉၄ဝ ခုနှစ်တဝိုက် ဒုတိယကမ္ဘာ့ စစ်အတွင်း မြန်မာ့လွတ်လပ်ရေး မျိုးချစ် ခေါင်း ဆောင်များက ဂျပန်၏အခန်းကဏ္ဍကို အသိအမှတ်ပြု၍ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး သံနှောင်ကြိုးကို ဖြတ်တောက်ကြရာ၌ ဂျပန်တို့၏ အကူအညီကို ယူခဲ့ရဖူးသည်။

ပို၍ အရေးကြီးသည့်အချက်မှာ မြန်မာ့စီးပွားရေးအတွက် ဆက်လက်ထောက်ခံ ပံ့ပိုးမှုပေးမည့် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ဆက်သွယ်မှုအားများ ပိုမိုရရှိလာစေခြင်းဖြစ်သည်။ ၁၉၈ဝ ခုနှစ်များက ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းဆယ်စုနှစ်များ တွင်ပင်၊ အနောက်တိုင်းနိုင်ငံအများစုက မြန်မာနိုင်ငံကို ဖယ်ကျဉ်ထားကြသည့်တိုင်၊ ဂျပန်ကမူ မြန်မာနိုင်ငံကို ဖယ်ကျဉ်ခြင်း မပြုခဲ့။ ဂျပန်က အနောက်တိုင်းနိုင်ငံများ ဆောင်ရွက်နေကြသလို၊ နုတ်အားဖြင့်သော် လည်းကောင်း၊ စီးပွားရေးအားဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံအပေါ် မနှစ်လိုကြောင်း ပြသရန် အမြဲတစေ တုံ့ဆိုင်းနေခဲ့သည်။ သူတို့က အပြုသဘော ဆက်ဆံရေးကိုသာ အားသန်ခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်များအနည်းငယ်တွင် ဂျပန်နိုင်ငံနှင့် ဂျပန်အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု များ ဖြစ်ပေါ်လာစေရန်အတွက်၊ ထောက်ခံပံ့ပိုးမှုရော၊ အခွင့်အရေးရယူမှုတို့ကိုပါ စနစ်တကျ သိုသိပ်ပါးနပ်စွာ လုပ်ဆောင်ခဲ့ကြပါသည်။ ပြီးခဲ့သည့်နှစ်တွင်၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ်တင်ရှိနေသည့် ကြွေးမြီ အမြောက်အမြားကိုလျော်ပေးရန် သဘောတူညီခဲ့ကြသည်။

ဂျပန်ဝန်ကြီးချုပ်၏ ဤခရီးစဉ်အတွင်း၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာသန်း ၅ဝဝ အကူအညီပေးရန် သဘောတူညီခဲ့ သည်။

ထိုမျှမက၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ ကဏ္ဍပေါင်းစုံကိုလည်း အကူ အညီပေးရန် သဘောတူညီခဲ့သေးသည်။ ဂျပန်ယန်းငွေ ၁၇၆.၁ ဘီလီယံတန်ဖိုးရှိသည့် မြန်မာနိုင်ငံအပေါ် တင်ရှိနေသောကြွေးမြီများကိုလည်း ဂျပန်နိုင်ငံကလျော်ပေးခဲ့သည်။

သို့အတွက်ကြောင့်၊ ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် အာဘေး၏ ခရီးစဉ်က မြန်မာပြည်သူတို့၏ ယုံကြည်မှုမြင့်မား လာစေမည် ဖြစ်သလို၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုကိစ္စများအတွက်လည်း အကျိုးအမြတ်များ ဖြစ်ပေါ် လာစေလိမ့်မည်။

Ref: မဇ္ဈိမ

Read More...

စစ်နှင့် ငြိမ်းချမ်းရေး ကချင်၏ အခန်းကဏ္ဍ

ဂျိုးဆက်ဖ်ဘော (J oseph Ball)
မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ကချင်ခေါင်းဆောင်များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံကြသည့်အခါ၊ ဗဟိုအစိုးရက ဆက်လက်ဆောင်ရွက်နေ သည့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုး တက်နိုင် မည် ဟု လူအများက မျှော်လင့်ချက် မြင့်မားနေကြပါသည်။ သို့သော် ဤကိစ္စအပေါ် ဝေဖန် ပြောဆိုနေကြသူ အများအပြားလည်း ရှိနေသေးသည်။

ယခုအပတ်တွင်ကျင်းပမည့် ဆွေးနွေးပွဲများမှ နိုင်ငံ၏အရှည်ကြာဆုံးနှင့် အခက်ခဲဆုံးပဋိပက္ခများ ပြေလည်နိုင် မည်ဟု မျှော်မှန်း နေကြသည်မှာ ရူးသွပ်မိုက်မဲရာ ကျနေပါသလားဟုလည်း မေးခွန်းထုတ်စရာ ရှိနေပြန်သည်။

သို့သော်လည်း ဤမေးခွန်း၏ အဖြေက ''ငြိမ်းချမ်းရေး'' ကို မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုသနည်းဟူသည့်အပေါ် မူတည်နေသည်။ ငြိမ်းချမ်းရေးဟူသည်မှာ တပ်ဖွဲ့နှစ်ခုအကြား ရန် လိုတိုက်ခိုက်မှုများ မရှိတော့သည့် အခြေအနေဟု ခပ်လွယ်လွယ်ဆိုပါက၊ သတိထား၍ စိတ်ကူးမျှော်လင့်ထားဖွယ် ရှိပါသည်။ သို့သော်လည်း ငြိမ်းချမ်းရေးကိုပို၍ ကျယ်ပြန့်နက်နဲသည့်၊ ပြည်သူတစ်ရပ်လုံး၏ အခြေခံ လူ့အခွင့်အရေးများ၊ လုံခြုံမှုများဖက်မှ ခြုံငုံစဉ်းစား မည်ဆိုလျှင်တော့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထားချက်များအပေါ် စိတ်ပျက်အားလျှော့ကြ ရပေလိမ့်မည်။

မြန်မာအစိုးရ၊ သို့မဟုတ် တရုတ်နိုင်ငံဖက်မှ သတင်းများအပေါ် ယုံကြည့်ရလောက်သည်ဆိုလျှင်တော့၊ ကုလသမဂ္ဂမှလွဲ၍ နိုင်ငံတကာ အဖွဲ့အစည်းများမှ လေ့လာသူများကို ဖိတ်ကြားလိမ့်မည် မဟုတ်ပေ။ သို့ ဆိုလျှင် အမရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းမှ ကိုယ်စားလှယ်များကိုတက်ရောက် လေ့လာခွင့်ပေးရန် ကချင်၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ခြင်းပင် ဖြစ်သည်။

ဤသည်မှာလည်း တစ်စုံတရာ လက်ခံနိုင်ဖွယ်ရှိသည့်ြ>ွခင်းချန်ထားမှုပင် ဖြစ်ပါသည်။ ၂ဝ၁ဝ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာချိန်မှစ၍ ပြောရမည်ဆိုလျှင် အစိုးရက အနည်း ဆုံး နိုင်ငံ၏ အဓိက ဒီမိုကရေစီ အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားလူမျိုးစုများ၏ တောင်းဆိုချက်များအကြား အောင်မြင်စွာ သီးသန့် ခွဲခြားထားနိုင်ခဲ့ပါသည်။

သို့ဖြစ်ရာ တစ်ချိန်က အစိုးရ၊ ဒီမိုကရေစီအတိုက်အခံနှင့် တိုင်းရင်းသားအင်အားစုများအကြား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တောင်းဆိုခဲ့ကြသော်လည်း၊ ယခုအချိန်တွင်တော့ အစိုးရနှင့် တိုင်းရင်းသားအုပ်စု တစ်ခုချင်းအကြား နှစ်ပွင့်ဆိုင် ပြောဆို သဘော တူ ညီနေကြသည်များကိုသာ မြင်တွေ့နေကြရသည်။

ဤဖြစ်ရပ်ဝန်းကျင်နှင့်အတူ ကမ္ဘာ တစ်ဝှမ်းက နေပြည်တော်ရှိ မြန်မာအစိုးရကို တိုး၍ လက်ခံအသိအမှတ် ပြုလာခြင်းနှင့် ပေါင်းစပ်လိုက်ပါက၊ အစိုးရဖက်မှ ဆွေးနွေးမည့်သူများပို၍ အသာစီးရ အားကောင်းလာဖွယ် ရှိသည်။ ကချင်အပါအဝင် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအဖို့ အရေးကြီးသည့် နိုင်ငံတကာ စာနာထောက်ခံမှုရရှိဖို့ ပိုမိုခက်ခဲလာပေလိမ့်မည်။ အချိန်ရလာသည်နှင့် အမျှ၊ ဤသို့ တိုးတက်ဖြစ်ပေါ်မှု များအတိုင်းဆက်၍သွားနေပါက၊ ဗဟိုအစိုးရဖက်မှ အမြဲတမ်းချိန်ခွင်လျှာ အသာစီးရနေလိမ့် မည် ဖြစ်ပေသည်။

ဆွေးနွေးကြမည့် အကြောင်းအရာများနှင့် ဆက်လက်လုပ်ဆောင်နိုင်ဖွယ် ကိစ္စများက ဘက်စုံ သဘောတူညီ ချက်များ လက်မှတ်ရေးထိုးနိုင်ရန် ဆိုင်းငံ့ထားကြဦးမည်ဟု ယူဆရသည်။ တပ်များနေရာ ချထားမှု၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်ရန်စသည့် ကိစ္စများကနိုင်ငံတွင်း ဆက်လက်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး ကိစ္စများနှင့် ဆက်စပ်နေပါသည်။

ယခင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင်လည်း ဤအချက်များ ပါဝင်နေခဲ့ပါသည်။ သို့သော်လည်း ဤသို့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မျိုးက
ရေတိုကာလတွင် စစ်မက်ဖြစ်ပွားနေမှုများကို ရပ်ဆိုင်းစေမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပြဿနာများ ပြေလည်ကျေအေးသွားစေဖို့ ကိစ္စတွင်မူ အသေးအမွှားမဟုတ်။ ကြီးကျယ်သည့် အောင်မြင်မှု ဖြစ်သည်။

ပို၍ခက်ခဲကြီးလေးသည့် ပြဿနာများကိုနောင်တွင် ဆွေးနွေးရန် ဆိုင်ငံ့ထားနိုင်ပါသည်။ ဤပြဿနာများ နောက်ဆုံးမည်သို့ပြေလည် ကျေအေးနိုင်မည်ဆိုသည်မှာတော့ အာမခံချက်မရှိသေးပါ။

မည်သို့ပင် ဆိုစေကာမူ၊ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မြန်မာနိုင်ငံအတွင်း၌ ပထမဦးဆုံးအကြိမ် ကျင်းပနိုင်သည်ကတော့ ကြိုဆိုဖွယ်အောင်မြင်မှုပင် ဖြစ်ပါသည်။

သမိုင်းအရပြောရမည်ဆိုလျှင်၊ အားပြိုင်နေကြသည့် ခေါင်းဆောင်မှုများအကြား ယုံကြည်မှု တိုးတက်ရရှိ လာရန် ဆိုသည်မှာ၊ လုံးဝလိုအပ်ပြီးသို့မှသာ တစ်နေ့တွင် ရေရှည်ငြိမ်းချမ်းရေးကို အကောင်အထည်
ဖော်နိုင်ကြမည် ဖြစ်ပါသည်။

သို့သော်လည်း ဤသို့ အခြေခံကျသည့် အစပျိုးမှုများမှစ၍ စတင်ဆောင်ရွက်ကြရပါလိမ့်မည်။ အနာဂတ်
ဆွေးနွေးပွဲများတွင် နိုင်ငံတကာမှ ပို၍စုံလင်သည့် အင်အားစုများ တက်ရောက်ပါဝင်နိုင်ကြဖွယ် ရှိပါသည်။ သို့ သော်လည်း တိုက်ခိုက်နေကြသည့် စစ်တပ်နှစ်ခုအကြား၊ လူထုများအပါအဝင် ငြိမ်းချမ်းရေး တည်ဆောက်
နိုင်ရန် ဆိုသည်မှာ မြန်မာပြည်သူများ ကသာစတင်ပြီး၊ မြန်မာပြည်သူများကပဲ နိဂုံးချုပ်ကြရမည် ဖြစ်ပါသည်။

Joseph Ball ရေးသားသည့် War and Peace: T he Kachin chapter ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Ref: မဇ္ဈိမ

Read More...

မြစ်ကြီးနား ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်နှင့် အကြံပြုချက်များ

ဖနိဒါ | အင်္ဂါနေ့၊ မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲကို မေလ ၂၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။

၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်များ ပျက်ပြားပြီး တိုက်ပွဲများ ထောင်နှင့်ချီ၍ ပြန်လည် ဖြစ်ပွား လာပြီးနောက် ပထမဆုံးအကြိမ် မိမိနိုင်ငံတွင်း ကျင်းပမည့် တွေ့ဆုံပွဲအတွက် မျှော်လင့်ချက်များနှင့် အကြံပြုလိုသည်များကို သိရှိနိုင်ရန် ကချင်ပြည်နယ်ရှိ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေး ခေါင်းဆောင် အချို့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားရာ အလားအလာ ကောင်းသော တိုးတက်ဖြစ်ထွန်း မှုတ ရပ်အဖြစ် အများစုက ခြုံငုံ သုံးသပ်ကြသည်။

ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး နော်ဒိန်း

ဆွေးနွေးတဲ့အခါမှာ သူတို့ စီစဉ်ထားတဲ့အတိုင်း တပ် နေရာပြောင်းရွှေ့ရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးရေးကိစ္စ ဒီနှစ်ခုက သဘောတူမယ်လို့ မျှော်လင့်တယ်လေ။ ဒီအချက်တွေ မပါရင်တော့ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ ရှေ့ဆက်ပြီးတော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ အသေးစိတ်ကတော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီအချက်တွေ သဘောတူထားရင် ဆက်ပြီး ဆွေးနွေးသွားရင် ပြည်ထောင်စု ဆွေးနွေးပွဲတို့၊
နိုင်ငံရေးဆွေးနွေးပွဲ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ ဆွေးနွေး
ရေးကိစ္စတွေတော့ အောင်မြင်သွားမယ်လို့ ယူဆတယ်။

တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံရေး စတင်ဆွေးနွေးပွဲကို နှစ်ဖက်လုံး အချိန်မဆွဲ၊ ပရိယယ်မသုံး၊ ရိုးသားဖြောင့်ဖြောင့်မတ်မတ် ဆွေးနွေးသွားမယ်ဆိုရင်တော့ တိုင်းရင်းသား ပြည်သူပြည်သား အားလုံး စိတ်ချမ်းသာ သွားမယ်ထင်တယ်။ အားလုံးလည်းပဲ အားရကြမယ်လေ။ ပညာပြမယ်၊ အချိန်ဆွဲထားမယ်၊ အကွေ့အကောက်လုပ်မယ်၊ ပရိယာယ် ပြမယ်ဆိုရင်တော့ လူထုဆန္ဒတော့ ဒေါသထွက်မယ်ထင်တယ်။ အဲတော့ အချိန်မဆွဲဘဲ ဆွေးနွေးကြဖို့ အကြံပြုချင်တယ်။

ဒေါက်တာ ခလမ်ဆမ်ဇွန် (ကချင်နှစ်ခြင်းခရိယာန်အဖွဲ့ချုပ် KBC အတွင်းရေးမှူး)

ရလဒ်အပေါ်မှာတော့ ကျနော်တို့ သိပ်တော့ မထင်ထားဘူး။ ဘာကြောင့်လဲဆိုတော့ KIO ရဲ့ လိုချင်တဲ့ လမ်းစဉ်က နိုင်ငံရေးဆွေးနွေးဖို့၊ ဦးသိန်းစိန်အစိုးရရဲ့ ရည်ရွယ်ချက်က အပစ်အခတ် ရပ်စဲရေး ပေါ့နော်။ ဒီနှစ်ခုက တော်တော်ညှိယူ ရမယ်လို့ ထင်ပါတယ်။ ကျနော် ပြည်သူ တယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ သိပ်တော့ မျှော်လင့်ချက် မထားဘူး။ အလျှော့ အတင်းတော့ နည်းနည်းလုပ်ဖို့တော့ ရှိမယ်။ ဒါပေမယ့် သိပ်ပြီးမှ ခရီးရောက်မယ်လို့ မထင်ဘူး။ ပြည်သူတွေရဲ့ ဝမ်းသာမှုကတော့ KIO တွေ နှစ်နှစ် တိုက်ပွဲဖြစ်တဲ့ နောက်မှာ ပြန်တွေ့လို့ ဝမ်းသာမှု ကတော့ အပြည့်ပဲ တွေ့နေရတယ်။

အကြံပြုချင်တာက နိုင်ငံရေး ပဋိပက္ခကနေ စခဲ့တဲ့ လက်နက်ကိုင် လမ်းစဉ်မို့လို့၊ နိုင်ငံရေး ဆွေးနွေးမှု အားဖြင့်သာလျှင် အဆုံးသတ်နိုင်မယ်လို့ နိုင်ငံရေးဆွေးနွေးဖို့ကတော့ အဓိကပဲ ဆိုတာကို အကြံပြုလိုပါတယ်။

ဆရာဂမ်အောင် (ကချင်အတိုင်ပင်ခံအဖွဲ့ WMR အတွင်းရေးမှူး)

ကျနော်တို့ကတော့ အကောင်းဆုံး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်လာမယ်လို့တော့ မျှော်လင့်တယ်လေ။ ဒါပေမယ့် အဲမှာ ဆွေးနွေးမယ့် နိုင်ငံတော်အစိုးရနဲ့ KIO အပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်တယ်။

တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် နှစ်ဖက်စလုံးကို တိုက်တွန်းချင်တယ်။ တည်တံ့ ခိုင်မြဲတယ်ဆို တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်နဲ့ ပတ်သက်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့အတွက် တိုက်တွန်းချင်တယ်။ ဆွေးနွေးပွဲမှာတော့ ဒီအချက်တွေကို စဉ်းစားဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။

ဒေါက်တာ တူးဂျာ (KIO ဒု-ဥက္ကဋ္ဌ ဟောင်း)

မျှော်လင့်ချက်တော့ အများကြီးထားလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က နယ်စပ်မှာ၊ နိုင်ငံခြားမှာ တွေ့ဆုံကြတယ်။ အခုက ကိုယ့်နိုင်ငံ မြစ်ကြီးနားမှာ ဆွေးနွေးပွဲကျင်းပနိုင်တယ်ဆိုတာ တိုးတက်မှုပါပဲ။ ဒီလို ဆွေးနွေးပွဲကနေ အကျိုးအမြတ်တွေ ရဖို့ အများကြီး အကျိုးအမြတ် ရှိပါတယ်။ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ တထိုင်တည်းနဲ့တော့ လိုချင်တဲ့ အဖြေထွက်ဖို့ မလွယ်ဘူး။ ဒါပေမယ့် အရေးကြီးတဲ့
ခြေလမ်းသစ် ဖြစ်တယ်။ တပ်ကိစ္စတွေ၊ နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စတွေက အရေးကြီးတဲ့အဆင့် ရောက်နေပြီ။ ဒီကနေတဆင့် တိုးတက်မှု ရရှိသွားမယ် ဆိုရင်တော့ လိုချင်တဲ့ အဖြေရဖို့ အများကြီး နီးစပ်သွားမယ်။

ဒီဆွေးနွေးပွဲကို အချိန်ယူပြီး ပြင်ဆင်တယ်။ နှစ်ဖက် လူကြီးတွေလည်း အဝေးက လာကြတယ်။ အရေးကြီးတဲ့ လူကြီးတွေ၊ လေ့လာသူအနေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ လာတယ်။ တပ်ပေါင်းစုက တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း လာကြတယ်။ ဆိုတော့ ဒီလောက် လူစုံကျင်းပတဲ့ ပွဲက စိတ်ရှည်ရှည်နဲ့ အဖြေကောင်းတခုခု ရအောင်တော့ ဆွေးနွေးစေချင်တယ်။ သူတို့လည်း လုပ်ကြမှာပါ။ ဒီလို တဆင့်ချင်း တဆင့် တိုးတက်မှုတော့ ရလာနေပါပြီ။ ဒီကနေ ဆက်ပြီးတော့ ဒီထက်မက အရေးကြီးတဲ့ ခြေလမ်းတွေ ဖြစ်လာမှာ။ ဒါကြောင့် တိုးတက်မှု ပြတဲ့ ဖြစ်ထွန်းမှု ဖြစ်တယ်။ ဒီလို ဆက်တိုက် လုပ်ဆောင်သွားမယ်ဆိုရင် ငြိမ်းချမ်းရေး ရရှိဖို့ အများကြီး အလားအလာ ကောင်းပါတယ်။

Ref: မဇ္ဈိမ

Read More...

တရားဝင် ကျောက်စိမ်းဈေးကွက် ပေါ်ရေး၊ ဒေသခံများ ကြိုးပမ်းနေ

မေဦး
မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ကျောက်စိမ်းထွက်ရှိရာကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့တွင် တရားဝင်ကျောက်စိမ်း ရောင်းဝယ်ရေး ဈေး ကွက်ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (မြစ်ကြီးနား)အတွင်းရေး မှူး ဦးသောင်းကြည် ကပြောသည်။

၎င်းက “ကချင်ပြည်နယ်မှာရော ဖားကန့်မှာရော ကျောက်စိမ်း ထွက်တယ် ဒါပေမဲ့ အဲဒီဖားကန့်မှာ ထွက်တဲ ကျောက်စိမ်း ကို ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို တရားဝင် သယ်ယူခွင့် မရသေးဘူး ၀မ်းနည်းဖို့ ကောင်းတာ က ကိုယ့်ပြည်မှာ ထွက်ပြီး ကိုယ့်နိုင်ငံမှာ ဈေးကွက် မရှိဘူး ဖြစ်နေတယ်” ဟု ပြောသည်။

တရားဝင် သယ်ယူရောင်းချရန် ဈေးကွက် မရှိသည့်အတွက် တရုတ်နိုင်ငံသို့ မှောင်ခို တင်သွင်းမှု များလာ ခြင်းကြောင့် တရားဝင် ကျောက်စိမ်း ရောင်းဝယ်ရေး ဈေးကွက် ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်လာရန် သတ္တုတွင်း ၀န်ကြီးဌာနသို့ တင်ပြပြီး အကြောင်းပြန်ကြားချက် တစုံတရာ မရရှိသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ ၁၅ဒသမ၃၅၁ဧက ကျယ်ဝန်းသည့် ကျောက်မျက် ရတနာ အချောထည် ရောင်းဝယ်ရေး စင်တာတစ်ခုတည်ဆောက်နေပြီး ယင်းစင်တာပြီး စီးသွားပါက သက်ဆိုင်ရာ ၀န်ကြီးဌာန အနေဖြင့် တရားဝင်သယ်ယူရောင်း ခြခွင့်ပြုမည်ဟု မျှော်လင့်ရကြောင်း မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါကျောက်မျက်ရတာနာလုပ်ငန်းရှင်က “ ကိုယ့်ပြည်နယ်က ထွက်တဲ့ကုန်ကြမ်းကို ကိုယ့်ပြည်တွင်းမှာပဲ ဥပဒေဘောင် အတွင်းက တရားသဖြင့်ကုန်ချော ထုတ်လုပ်ရောင်းချခွင့်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ အားပေးလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဆိုင်ခန်းတည်ဆောက် တာတွေ ပြီးသွားရင်တော့ တရားဝင် ဈေးကွက်ကို ခွင့်ပြုမယ်လို့ထင်ပါ တယ်” ဟုပြောသည်။

အဆိုပါကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေးစင်တာ တည်ဆောက်မှုပြီးစီးချိန်တွင် တရားဝင်ကုန်ကြမ်းသယ်ယူခွင့်မရရှိသေးပါက နေပြည်တော်ရှိကျောက်မျက်ရတနာ ပြပွဲများမှ လေလံဆွဲ၍ ၀ယ်ယူပြီး မြစ်ကြီးနားတွင်ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း(မြစ်ကြီးနား) မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

လက်ရှိတွင်ကျောက်စိမ်းသယ်ယူရောင်းချခွင့်အား အစိုးရနှင့်ဖက်စပ်လုပ်ကိုင်နေသည့် ကုမ္မဏီများနှင့် ကုမ္မဏီကြီးများ ကသာသယ်ယူခွင့်ရရှိနေပြီး တနိုင်တပိုင်ရောင်းချလိုသူများအနေဖြင့် တရုတ်နိုင်ငံ အတွင်းသို့ မှောင်ခို လမ်းကြောင်း မှတဆင့်သာ ကုန်သွယ်မှု ဆောင်ရွက် နေရကြောင်း အဆိုပါ လုပ်ငန်းရှင် များက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံ နယ်စပ် ကျယ်ဂေါင်မြို့ရှိ ကျောက်စိမ်းရောင်းဝယ်သူ ဦးမြင့် က “တရားဝင်သယ်ယူ၊ အခွန်ဆောင် ရောင်းချခြင်းဖြင့်နိုင်ငံတော်အတွက် အခွန်ရ မယ်။ တရားမ၀င်ပြည်ပခိုးထွက်တာ တွေလဲရပ် သွားမယ်။ သူများနိုင်ငံမှာရောင်းရတော့ အလိမ်ခံရတယ်။ အနှိမ်ခံရတယ်။ စရိတ်တွေ တက်တယ်” ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

ကျောင်းထွက်လက်မှတ်ယူရန် မိဘများခက်ခဲနေ

ခိုင်ခိုင် | အင်္ဂါနေ့၊ မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ကျောင်းအပ်နှံရေးအတွက် လွယ်ကူနေသော်လည်း ကျောင်းထွက် လက်မှတ်ရယူရန် ခက်ခဲနေကြောင်း အလုံမြို့နယ်နေ ကျောင်းသားမိဘ တဦးဖြစ်သူ ဒေါ်နှင်းရီရီက မဇ္ဈိမသို့ ပြောသည်။

၎င်းက “ကျောင်းအပ်ရတာတော့ အခက်အခဲမရှိပေမယ့် ကျောင်းထွက်ဖို့အရေးကို အချိန်ဆွဲနေတယ်။ သမီးကျောင်းထွက်လက်မှတ်ယူဖို့ ကျောင်းအုပ် ဆရာမကြီးကိုပြောထားတာ ဒီနေ့ဆို (၂) ပတ်ရှိနေပြီ။ ဘာမှမသိရသေးဘူး ပြောင်းမယ့်ကျောင်းက နှစ်ချိန်ကျောင်းကို ပြောင်းမှာ”ဟုဆိုသည်။

ကျောင်းထွက်လက်မှတ်ရယူရာတွင် ကျောင်းအုပ်ဆရာမကြီးလက်မှတ်၊ မြို့နယ်ပညာရေးမှုး လက်မှတ်၊များ ရယူရန် လိုအပ်ပြီး ကျောင်းသား၏ ကျောင်းခေါ်ကြိမ်များ၊ အောင်မြင်ပြီးသော အတန်း၏ရမှတ်များ ပါရှိရန် လိုအပ်ကြောင်း ဒေါ်နှင်းရီရီက ပြောသည်။

နယ်မြို့အချို့ တွင် ကျောင်းပြောင်းရွှေ့ရေးအတွက် ငွေကြေးကောက်ခံမှုများ ရှိနေပြီး ကျောင်းအပ်နှံခြင်း များအတွက်မူ ငွေကြေးကောက်ခံမှု မရှိကြောင်း မြို့နယ်ပညာရေးမှုးတစ်ဦး ကဆိုသည်။

အဆိုပါ မြို့နယ်ပညာရေးမှူးမှ “ကျောင်းအပ်တာက တော့ လွယ်တယ် အခုချိန်မှာ ခက်ခဲနေတာက
ကျောင်းပြောင်းဖို့အရေး ကျောင်းထွက်လက်မှတ် ယူတာ။ အဲဒါဟာ ကျောင်းအုပ်တွေနဲ့ဆိုင်တယ် ကိုယ့်ကျောင်းမှာ ဘာဖြစ်နေလဲ ဘာလုပ်နေလဲ ကိုယ်ကသိမှ ဖြစ်မယ်။” ဟုရှင်းပြသည်။

ဆရာ၊ဆရာမများ မှာလည်းကျောင်းထွက်လက်မှတ်ရယူရာတွင် အခက်အခဲ မရှိစေရန် ကူညီပေးလျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှ ကျောင်းဆရာမတဦးကပြောသည်။

ကျောင်းပြောင်း လက်မှတ်ထုတ်ပေးရန်မှာ ကျောင်းတကျောင်း၏ တာဝန်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သာမက ကျောင်းပြောင်း၊ ကျောင်းထွက် လက်မှတ်ရရေး တွင်လည်း အခမဲ့ဖြစ်ရန် လိုအပ်ကြောင်း NLD ပညာရေးကွန်ရက် မှ ဒေါက်တာသိန်းလွင် ကဆိုသည်။

“ကျောင်းပြောင်းတာမှာ လည်းအခမဲ့ဖြစ်ဖို့လိုတယ် အခုချိန်မှာကျောင်းတွေက နိုင်ငံတော် ဘဏ္ဍာနဲ့ လှုပ်ရှားနေပြီဆိုတော့ တရားမဝင်ငွေတောင်းတယ်ဆိုတဲ့ ကိစ္စဖြစ်ဖို့ မကောင်းတော့ဘူး။ တောင်းတယ်ဆိုတာ လာဘ်ပေး လာဘ်ယူပဲ ”ဟု ဒေါက်တာသိန်းလွင်က မဇ္ဈိမကိုပြောသည်။

တရားမဝင် ငွေကြေး ကောက်ခံမှုများ ပပျောက်စေရန် တိကျသော ပြဌာန်းချက်များရှိရန်လိုအပ်သည့်အပြင် ဆရာ၊ဆရာမများ၏ လစာမလောက်ငမှု များကြောင့် ဖြစ်နိုင်သည့် အတွက် ဆရာ၊ဆရာမ များအတွက် လစာများတိုး ပေးရန် လိုအပ်နေကြောင်း ဒေါက်တာသိန်းလွင် ကဆိုသည်။

“ဆရာ ဆရာမတွေ တရားမဝင်ငွေကောက်တယ် ဆိုတာကလည်း လစာကြောင့်လားတွေးစရာဖြစ်လာတယ် ။ ဒါကြောင့် လစာဘက်ကိုပြန်စဉ်းစားပေးဖို့ကောင်းတယ်။ တကယ်တမ်းမှာ ဘာကအဓိက လည်းဆိုတာမသိလို့ ဒီလိုကိစ္စတွေ ဆက်ဖြစ်နေတာ”ဟု အလုံမြိုနယ်နေ ဒေါ်နှင်းရီရီကဆိုသည်။

နယ်မြို့အချို့တွင် အလယ်တန်းမှ အထက်တန်းအထိ သင်ကြားပေးလျက်ရှိသော ကျောင်းများတွင် ကျောင်းပြောင်းရွှေ့ရေး အတွက် ခက်ခဲလျက်ရှိပြီးအချိန်ကာလအားဖြင့် လည်း (၁)ပတ်မှ (၂)ပတ်အထိ အချိန်ယူတတ်ကြောင်း (၇) တန်း ကျောင်းသားမိဘတဦးဖြစ်သူ ဒေါ်တင်တင်မီကပြောသည်။

၎င်းက “တချို့ တွေက ငွေတောင်းတာ ကိုတိုက်ရိုက်မတောင်းဘူး မျက်နှာ နာရမယ့် လူကတဆင့် တောင်းတယ်။ ဘယ်ကိုသွားတာ ကဘယ်လောက်၊ ဘာအတွက်က ဘယ်လောက်ဆိုပြီးတော့ပေါ့” ဟု ဆိုသည်။

နယ်မြို့များ၏ အခြေခံပညာကျောင်းများတွင် သင်ကြားရေးနည်းစနစ်များမှာ လည်း ချို့တဲ့လျက်ရှိကြောင်း သင်ကြားပေးသည့် ဆရာ၊ ဆရာမ များမှာလည်း ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်
မြောက်ခြင်းရှိ ၊မရှိကိုစစ်ဆေးနိုင်သည့် အရည်အချင်းများ နည်းပါးလျက်ရှိကြောင်း အငြိမ်းစား ကျောင်းဆရာမ တဦးဖြစ်သူ ဒေါ်ရင်နွဲ့သူ ရှင်းလင်းပြောဆိုသည်။

“အခု ချိန်မှာ အရင်တုန်းကလို အစိုးရကစစ်တဲ့ စာမေးပွဲမျိုးက ရှားတယ်။ အရင်က လေးတန်းဆို ရင်တောင် တလကို စာမေးပွဲ ကလေးကြိမ်ပဲ ။ဆရာ၊ဆရာမတွေကလည်း ငွေတောင်းဖို့မပြောနဲ့ ကိုယ့်ငွေနဲ့ ကိုယ်ကျောင်း သားတွေ ကို စာလာသင်ပေးနိုင်ကြတယ် ။ အခုခေတ်ကတော့ လစာလည်းနည်း တာပါမယ်နောက်ပြီး အကျင့်ပါသွားတာလည်းဖြစ်နိုင်တယ်”ဟု ဒေါ်ရင်နွဲ့သူက ပြောသည်။

နယ်မြို့ငယ်များတွင်သာ ကျောင်းပြောင်းရွှေ့ရေး အတွက်ကျောင်းထွက်လက်မှတ်ရယူရာတွင် ခက်ခဲနေခြင်း မဟုတ်ဘဲ မြို့ကြီးများတွင်လည်း ငွေတောင်းခံမှုများ ရှိကြောင်း ကျောင်းသားမိဘများက အခြေအနေကို ရှင်းပြ ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဂျပန် နိပွန် အကူအညီများကို SSPP က တိုက်ရိုက် လက်ခံရယူလို

ကွန်းချမ်း
မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ဂျပန် နိပွန် ဖောင်ဒေးရှင်းမှ ပေးအပ်သည့် အထောက်အပံ့များ မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) နှင့် ရှမ်းပြည်နယ် အစိုးရကို ဖြတ်ကျော်ပြီးမှ ရောက်ရှိပါက လက်ခံမည် မဟုတ်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) က ပြောသည်။

နိပွန် ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်များ၊ MPC မှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ် များက SSPP ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် လားရှိုးမြို့တွင် အကူအညီ ပေးရေးနှင့် ပတ်သက်၍ မေလ ၁၁ ရက်နေ့က ဆွေးနွေးခဲ့ရာတွင် MPC နှင့် ရှမ်းပြည်နယ် အစိုးရက ခြယ်လှယ်ခဲ့ကြသည်ဟု SSPP က ရှုမြင်၍ ထိုသို့ ပြောဆိုခြင်း ဖြစ်သည်ဟု SSPP ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

“စစ်ပြေး ဒုက္ခသည်တွေကို သွားပေးမယ့်ကိစ္စ MPC နဲ့ ရှမ်းပြည်နယ် အစိုးရ သဘောမတူဘူး။ သူတို့ (နိပွန်ဖောင်ဒေးရှင်း) ပေးမယ်ဆိုရင် ကျနော်တို့ကို တိုက်ရိုက်ပေးပေါ့။ MPC နဲ့ ရှမ်းပြည် အစိုးရ သဘောတူ ညီမှ ပေးမယ်ဆိုတဲ့ဟာကိုတော့ ကျနော်တို့ လက်မခံဘူး” ဟု မဇ္ဈိမကို ပြောသည်။

SSPP ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် ဆန်အိတ် ၆,၀၀၀ ထောက်ပံ့ရန် အဆိုပြုချက် ကို MPC နှင့် ပြည်နယ်အစိုးရက ကန့်ကွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

MPC ကမူ နိပွန် ဖောင်ဒေးရှင်း၏ အကူအညီပေးရေး အစီအစဉ်သည် အစိုးရ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်၍ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြောသည်။

“နိပွန် ဖောင်ဒေးရှင်းကဟာ ကျနော်တို့ကို ဖြတ်ရမယ်ဆိုတာ အရင်ကတည်းက မရှိတာ။ အခုလည်း မရှိဘူး။ နိပွန် ဖောင်ဒေးရှင်းက အစိုးရ ခွင့်ပြုချက်နဲ့ သူတို့ လုပ်တဲ့ ပရောဂျက်တွေ ဖြစ်တယ်။ Myanmar Peace Center မှာ ခွင့်ပြုချက် ယူရမယ်တို့၊ မယူရဘူးတို့ ဘာတို့ လုပ်ထားတာလည်း မရှိဘူးခင်ဗျ” ဟု MPC ၏ တာဝန်ခံတဦး ဖြစ်သူ ဒေါက်တာ မင်းဇော်ဦး က ပြောသည်။

နိပွန် ဖောင်ဒေးရှင်း၏ အရေးပေါ် လူသားချင်း စာနာမှု အကူအညီ ပေးရေးအဆင့်တွင် နယ်စပ် ဖြတ်ကျော် အကူအညီ ပေးရေး၌ MPC ၏ သဘောတူညီချက် ရယူရန် မလိုသော်လည်း ပြည်တွင်း အကူအညီ
ပေးရေးတွင် MPC ၏ သဘောတူညီချက် ပါဝင်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး ကြီး ခွန်ဥက္ကာ က ပြောသည်။

“SSPP ကို ပေးဖို့ကလည်း ပြည်တွင်းမှာ ဖြစ်နေတယ်။ ဘယ်နယ်စပ်မှ ဖြတ်ကျော်လို့ မရဘူး။ လားရှိုးကနေ ဆန်ဝယ်ပြီး ပေးရမယ်ဆိုတော့။ တိုက်ပွဲ ပဋိပက္ခလည်း ပြင်းထန်နေတယ် ဆိုတော့ MPC က ခဏလေး ရပ်ခိုင်းတဲ့သဘောပေါ့ဗျာ။ ပေးဖို့တော့ မူရှိတယ်။ သဘောတူတယ်။ သို့သော်လည်းပဲ ပေးပုံပေးနည်းနဲ့ အချိန်အခါကာလက ညှိနှိုင်းနေဆဲ ဖြစ်နေတာကိုး။ ကျနော် အဲဒီလို ကြားပါတယ်” ဟု ဆိုသည်။

နိပွန် ဖောင်ဒေးရှင်းသည် မေလ ၈ ရက်နေ့တွင် UNFC နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့ပြီး လူသားချင်း စာနာမှု အကူအညီ ပေးရေးနှင့် ပတ်သက်၍ လက်ရှိအနေအထားကို ရှင်းပြကာ အကြံပေးခဲ့သည်ဟုလည်း ဆိုသည်။

“အခုနောက်ပိုင်း အကူအညီတွေက ဂျပန်အစိုးရ ကိုယ်တိုင်က ပေးမှာ။ သူတို့ (နိပွန် ဖောင်ဒေးရှင်း) ပေးတာ မဟုတ်ဘူး။ အစိုးရ ပေးမှာ ဖြစ်တဲ့အတွက် အစိုးရလမ်းကြောင်း ကိုက်ညီအောင် လုပ်ဖို့လိုတယ်လို့ အကြံလာပေးတယ်။ မလိုချင်ဘူး ဆိုရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ လိုချင်တယ် ဆိုရင်တော့ အစိုးရ သတ်မှတ်တဲ့ လမ်းကြောင်းအတိုင်း လုပ်ဖို့ လိုတယ်လို့ လာပြောသွားတယ်” ဟု ခွန်ဥက္ကာ က ပြောသည်။

နိပွန် ဖောင်ဒေးရှင်းသည် မြန်မာ အစိုးရနှင့် ပူးပေါင်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ တိုးတက်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် အဖွဲ့များ“ နယ်မြေများတွင် အရေးပေါ် လူသားချင်း စာနာမှု အကူအညီများ ပေးဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ သုံးသန်း အကူအညီ ပေးပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Monday, May 27, 2013

ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ အဆင့်သင့်လို့ အေအယ်လ်ဒီ ပြော

2013-05-25

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ ပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် ရပ်တည်သွားဖို့ အဆင်သင့်ရှိနေကြောင်း ALD ပါတီတာဝန်ရှိသူတွေက ဒီကနေ့မနက်ပိုင်းက စစ်တွေမြို့မှာပြုလုပ်တဲ့ ရပ်မိရပ်ဖတွေ၊ မြို့ခံတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေနဲ့ ရခိုင်လူထုရဲ့ဆန္ဒအရ ပါတီ ၂ ခုကို အမြန်ဆုံးပေါင်းစည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ALD ပါတီ ဥက္ကဌ ဦးအေးသာအောင် က ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ ပါတီတာဝန်ရှိသူတွေနဲ့ လူထုတွေ့ဆုံပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီက ပါတီရဲ့မူဝါဒနဲ့ ရပ်တည်ချက်တွေအပြင် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အားလုံးအရေး ထည့်သွင်းဆွေးနွေးဖို့ တောင်းဆို

2013-05-25

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အလေးထားပြီး အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ နှစ်ဖက်အမြန်ဆုံး ငြိမ်းချမ်းရေး ရအောင် ဆွေးနွေးပေးကြဖို့ ကချင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေက ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ကြပါတယ်။

လာမယ့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် အစိုးရနဲ့ ကေအိုင်အိုတို့ ဆွေးနွေးပွဲမှာ ကျန်တဲ့တိုင်းရင်းသားအရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးပေးစေလိုတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ လက်မှတ်ရေးထိုးရာမှာပါဝင်တဲ့ ဦးစိုင်းထိန်လင်းက RFA ကို ပြောပါတယ်။

“ကချင်ပြည်နယ်မှာ သမိုင်းအစဉ်အဆက် အခုချိန်ထိနေခဲ့တဲ့ ကျနော်တို့ ရှမ်းမျိုးနွယ်စုဟာ ကချင်ပြည်နယ်ထဲမှာ သွတ်သွင်းတဲ့ အချိန်ကစပြီးတော့ ကျနော်တို့လူမျိုးစုနယ်မြေတွေဟာ တိမ်မြှပ်နေ တယ်၊ နောက်ကျနော်တို့ဟာ ပြောရေးဆိုခွင့်ဟာလည်း မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ ကမ္ဘာနဲ့မြန်မာကိုသိဖို့အတွက် စည်းဝေးရခြင်းဖြစ်ပါတယ်၊ ကျနော်တို့ ငြိမ်းချမ်းရေး သဘောတူညီမှုများ ချမှတ်တဲ့အခါမှာ ကချင်လူမျိုးစုအတွက် အဓိကမဟုတ်ပဲနဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ ရှမ်းလူမျိုးစုများအပါအဝင် တခြားတိုင်းရင်းသားများရဲ့ အကျိုးစီးပွား၊ အခွင့်အရေးကိုလည်းပဲ မထိခိုက်ဖို့အတွက် အလေး ထားနိုင်ဖို့အတွက် ကျနော်တို့က သဘောထားထုတ်ပြန်ရခြင်းဖြစ်ပါတယ်”

အဲဒီကြေညာချက်မှာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ကချင်မဟုတ်တဲ့ ကျန်တဲ့တိုင်းရင်းသား လူမျိုးစုတွေရဲ့ တန်းတူညီမျှမှုအခွင့်အရေး ဆွေးနွေးပေးဖို့အပြင် ကုလသမဂ္ဂက ပြဌာန်းထားတဲ့ တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးကိုလည်း အားလုံးကလေးစားလိုက်နာကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

မြစ်ကြီးနား၊ တာလောကြီး၊ ဝိုင်းမော်၊ ခတ်ချိုစတဲ့ မြို့ရွာတွေမှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ် စုစုပေါင်း ၃၁ ယောက်က ဒီကနေ့မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်မှာ အစည်းအဝေးပွဲကျင်းပခဲ့ပြီး စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြတာပါ။

Ref: အာရ်အဖ်အေ

Read More...

တန့်ယန်းမြို့နယ် စစ်ပြေးဒုက္ခသည်များ လာရင်းနေရပ် ပြန်လည်ရွှေ့ပြောင်း

2013-05-26

ဲပြီးခဲ့တဲ့ ဧပြီလအတွင်းက ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ် မတော်မြောက်ပိုင်း (SSA-North) တပ်တွေကြား စစ်ရေးတင်းမာမှုကြောင့် တန့်ယန်းမြို့ နယ် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံခဲ့ကြတဲ့ စစ်ပြေးဒုက္ခသည်အားလုံး သူတို့နေရပ်ကို ပြန်လည်ပြောင်းရွှေ့သွားကြပြီလို့ သိရပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို ပြောင်းရွှေ့ပေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲ့ဒီဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးစိုင်းလှရွှေက RFAကို အခုလို ပြောပါတယ်။

"စခန်းကို ဦးသိန်းဇော်လာတယ်၊ ဆွေးနွေးပွဲလည်းလုပ်ပြီးပြီ၊ ငြိမ်းငြိမ်းချမ်းချမ်း လည်း ဖြစ်သွားပြီ၊ ပြန်လို့ရပြီဆိုတာကို ပြောပြ တယ်၊ စစ်မတိုက်တော့ဘူးဆိုတဲ့အကြောင်း လူကြီးတွေလည်းပြောပြတယ်၊ အဲတုန်းက ရပ်ကွက်ထဲရော မြို့ပေါ်ကစခန်းမှာနေတဲ့သူရော ၇၀၀ လောက်ရှိတယ်"

အခုလို တန့်ယန်းဒုက္ခသည်တွေ သူတို့နေရပ်ပြန်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က စီစဉ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီဒုက္ခသည်စခန်းကိုလည်း ပိတ်လိုက်ပြီဖြစ်ပါတယ်။

အဲဒီစခန်းမှာ ဒုက္ခသည် ၇၀၀ ကျော်ရှိပြီး အာဏာပိုင်တွေရဲ့စီစဉ်ပေးမှုတွေနဲ့ပဲ ဒုက္ခသည်တွေ နေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အလုပ်ရမယ်ပြောပြီး မရလို့ ပွဲစားကုမ္ပဏီ လျော်ကြေးပြန်ပေး

2013-05-26

ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက ကြက်သားစက်ရုံတချို့မှာ အလုပ်ရမယ်လို့ပြောဆိုပြီး လွန်ခဲ့တဲ့ ၃ လခန့်ကတည်းက ကုန်ကျစရိတ်အဖြစ် ကြိုတင်ငွေ ဘတ်ငွေ ၁ သောင်းခွဲခန့်ရှိတဲ့ မြန်မာငွေ ၅ သိန်း ပေးထား ခဲ့ရတဲ့ မြန်မာအလုပ်သမား အယောက် ၃၀ ရဲ့ ကုန်ကျငွေတချို့ကို လူခေါ်တဲ့ Purple Co.Ltd ကုမ္ပဏီ က ပြန်လည်ပေးလျှော်လိုက်တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) နဲ့ လူခေါ်ဆောင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်သမားခေါ်ဆောင်နိုင်တဲ့ ကိုတာခွဲတမ်း မရှိတော့တဲ့အတွက် အလုပ်သမားတစ်ဦးကို ထိုင်းဘတ်ငွေ ၁၂၀၀၀ စီ မနေ့က ပြန်လည်ပေးလျှော်ခဲ့တာဖြစ်ကြောင်း အလုပ်သမားတွေကို ကူညီပေးခဲ့တဲ့ မြန်မာပြည်သားများအရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ (JACBA) အဖွဲ့က ဦးမိုးကြိုး က ပြောပါတယ်။

“ထိုင်းအစိုးရဆီက အလုပ်သမားခွဲတမ်းတွေ ကိုတာမရှိတော့တဲ့အတွက် ကုမ္ပဏီကနေပြီးတော့ သူတို့ခေါ်ယူမယ့် အလုပ်သမားတွေကို ကုန်ကျစရိတ် ပြန်ပေးတဲ့သဘော ပါပဲ၊ မြန်မာအလုပ်သမားတွေ အတွက် မြန်မာကျပ်ငွေ ကျပ် ၅ သိန်းပေးရမယ်လို့ သူတို့ရဲ့ပွဲစားတွေက ပြောတယ်ခင်ဗျ၊ ထိုင်းဘတ်ငွေနဲ့ဆိုရင် ၁ သောင်းခွဲလောက် ကျတာပေါ့ဗျာ၊ အခုကုမ္ပဏီကနေ အလုပ်မခေါ်တော့ဘူး ဆိုတော့ ပြန် အမ်းငွေ ၁ သောင်း ၂ ထောင်ရတာပေါ့၊ ကုမ္ပဏီက သူတို့ပေးစရာရှိတဲ့ ပိုက်ဆံကို အတိအကျပေးလိုက်တယ်၊ အဲဒီမှာ မြန်မာအလုပ်သမားတွေရဲ့ လက်ဝယ်ကို ကျန် ၂ သိန်းရသူရှိတယ်၊ ၃ သိန်းရသူရှိတယ်၊ ၃ သိန်းထက်မပိုတဲ့ ငွေပမာဏကို သူတို့လက်ဝယ်ပဲ ရရှိကြတယ်ဗျ ”

JACBA မြန်မာသံရုံးနဲ့ ထိုင်းအလုပ်သမား အခွင့်အရေးကာကွယ်ရေး ရုံးတွေကနေ ပူးပေါင်းဆောင်ရွက်ပေးလို့ အခုလိုကုမ္ပဏီက လျော်ကြေးပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအလုပ်သမားတွေဟာ မကွေးတိုင်း အောင်လံမြို့က ၂၄ ဦး၊ နတ်မောက်မြို့က ၁ ဦး၊ ပဲခူးတိုင်းက ၄ ဦးနဲ့ ဧရာဝတီတိုင်းက ၁ ဦး တို့ဖြစ်ကြပါတယ်။

ဒါဟာပထမဆုံးအကြိမ် MOU နဲ့ခေါ်တဲ့ အလုပ်သမားတွေရဲ့ ကုန်ကျစရိတ်ကို အလုပ်သမားခေါ်တဲ့ ပွဲစားကုမ္ပဏီက ပြန်လည်ပေးလျှော်ခြင်း ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဝန်ကြီး ဦးအောင်မင်း မြစ်ကြီးနားရောက်ရှိ

2013-05-26

အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ မြစ်ကြီးနားမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း မနက်ဖြန်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးအကဲတစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ပြည်တွင်းမှာ ပထမဆုံးအနေနဲ့ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲဟာ ပိုမိုလေးနက်ပြီး ရလဒ်ကောင်းတွေလည်းရနိုင်ဖို့ အလားအလာကောင်းတွေ ရှိတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ ၇ ကြိမ်မြောက်လုပ်တဲ့ဟာက တခြားနိုင်ငံမှာလုပ်ခဲ့တာနဲ့ ကချင်ပြည်နယ်မြို့တော်မှာ လုပ်ဖြစ်တာဆိုတော့ ပိုပြီးတော့ လေးနက်တဲ့သဘောဆောင်တော့ ပိုကောင်း တဲ့ရလဒ်ကို ကျွန်တော်တို့က ရအောင်လုပ်မယ်လို့ မျှော်လင့်ပြီးတော့လာကြတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပါ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အင်မတန် ထိလွယ်ခိုက်လွယ်ဆိုတဲ့ အနေ အထားမျိုးမှာ ဒါကိုကျွန်တော်တို့အားလုံးက ပြည်သူလူထုရော ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့သူတွေရော လူထုခေါင်းဆောင်တွေရော ဘာသာရေးခေါင်းဆောင်တွေရော မီဒီယာအားလုံးဝိုင်းပါမှ ကောင်းတဲ့ဘက်နဲ့ ပိုမြန်တဲ့ဘက်ကို ရောက်နိုင်မယ်လို့ ကျွန်တော်အနေနဲ့မြင်တယ်"

ငြိမ်းချမ်းရေးဆွေးနွေးမယ့် အဖွဲ့အစည်းတွေ ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက RFA ကို အခုလို ပြောပြပါတယ်။

"ဒီနေ့တော့ အစိုးရအဖွဲ့အနေနဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့တွေရောက်ရှိနေပြီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့လည်း ၂၅ ရက်နေ့က ရောက်ရှိလာတယ်"

ဒီဆွေးနွေးပွဲကို လေ့လာသူတွေအဖြစ် တက်ရောက်မယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား၊ တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လည်း ဆွေးနွေးပွဲ အမီ ရောက်ရှိလာကြမယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အတွင်း မြန်မာနိုင်ငံက စိတ်ကြွဆေးပြားများ ဖမ်းမိ

2013-05-26

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကနေ သယ်ဆောင်လာတဲ့ ထိုင်းဘတ်ငွေ သန်း ၂၀၀ နီးပါးခန့်တန်ဖိုးရှိ ယာဘ (ခေါ်) အင်ဖက်တမင်း စိတ်ကြွဆေးပြား ၆ သိန်းနဲ့အတူ သယ်ဆောင်လာသူ ၄ ဦးကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။

ဒီမူးယစ်ဆေးဝါးတွေကို ချင်းရိုင်းခရိုင် မယ်ဖာလုံမြို့နယ် ထပ်ထိုင်းကျေးရွာအနီး ထိုင်း-မြန်မာ နယ်စပ်ကနေတဆင့် ဘန်ကောက်မြို့က နိုင်ထွန်း ဆိုသူဆီကိုသွားပို့ချိန်မှာ ထိုင်းမူးယစ်ဆေးဝါး တားဆီးကာကွယ် တိုက်ဖျက်ရေးအဖွဲ့က သတင်းရရှိပြီး ချုင်းရိုင်းမြို့ ရဲစခန်းအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ်အရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီ မယ်ဖာလုံမြို့နယ် ထပ်ထိုင်းကျေးရွာနဲ့ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံဘက်ခြမ်းဟာ ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူး ယီဆေး အုပ်ချုပ်တဲ့နယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ထိုင်းနိုင်ငံသား တောင်ပေါ်တိုင်းရင်းသား လူမျိုး ၃ ဦးနဲ့ တပ်ခ်ခရိုင် မဲဆောက်မြို့အနီး ဖုတ်ဖရမြို့နယ်က ထိုင်းနိုင်ငံသားတစ်ဦးတို့ ဖြစ်ကြပါတယ်။

သူတို့ဟာ ဘန်ကောက်မြို့က နိုင်ထွန်းဆိုသူထံကနေ ဒီမူးယစ်ဆေးဝါးတွေပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ ၉ သောင်းလက်ခံရရှိထားပြီး ဒီမူးယစ်ဆေးတွေ ရောက်ရှိခဲ့ရင်တော့ ဘတ်ငွေ တစ်သန်း ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့တုန်းကလည်း တာချီလိတ်မြို့ တဖက်ကမ်း မယ်ဆိုင်မြို့ နယ်စပ် အနီးမှာ ထိုင်းဘတ်ငွေ သန်း ၆၀၀ ခန့်တန်ဖိုးရှိတဲ့ အက်ဖက်တမင်း စိတ်ကြွဆေးပြား အလုံးရေ တစ်သန်းခြောက်သိန်း ခြောက်သောင်းနဲ့ ယာအိုင်စ် လို့ခေါ်တဲ့ မူးယစ်ဆေး ၄၃ ကီလို ဖမ်းဆီး ရမိခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ဒေါ်လာ ၅ဝ၄ သန်း ချေး မည်

2013-05-26

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ချောမွေ့အောင်မြင်ရေးအတွက် အားပေး ကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ဝ၄ သန်းချေးငွေ ပေးသွား မှာဖြစ်တယ်လို့ နှစ်နိုင်ငံအစိုးရတွေ တွေ့ဆုံစဉ်မှာ သဘောတူညီလိုက်ကြောင်းသိရပါတယ်၊

မြန်မာနိုင်ငံမှာ ၃ ရက်ကြာ အလည်အပတ်ရောက် ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ သွားရောက်တွေ့ ဆုံ ဆွေးနွေးပြီးတဲ့နောက်မှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက အခုလို ကြေညာလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲအစီအစဉ်တွေ အရှိန်အဟုန်ရရှိစေဖို့ မြန်မာနိုင်ငံက ပေးဆပ်ဖို့ ကျန်ရှိနေတဲ့ အကြွေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀၀ ကျော်ကိုလည်း လျှော်ပစ်မယ် လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မစ္စတာ အာဘေးဟာ မြန်မာနိုင်ငံကို ၃၆ နှစ်အတွင်း ပထမဆုံးလာရောက်တဲ့ ဂျပန်ဝန်ကြီးချုပ်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြန်မာ့စီးပွားရေး ဦးမော့အောင် ဂျပန်အစွမ်းကုန် ကူညီမည်

မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုရအောင် အကူအညီပေးနိုင်တာအားလုံး အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမယ်လို့ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ခရီးစဉ်ပထမနေ့မှာ ရန်ကုန်မြို့အနီးက ဧက ၆၀၀၀ ကျော်ရှိတဲ့ သီလ၀ါဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို သွားရောက်ခဲ့ပြီး ဂျပန်စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံလိုတဲ့ ဂျပန်ကုမ္ပဏီတွေ အတော်များများ အဆင်သင့်ရှိနေပေမယ့် မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုမရှိသေးတာကြောင့် ရင်းနှီးမြှပ်နှံဖို့ စိုးရိမ်နေကြသေးတယ် လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ ၀န်ကြီးချုပ်ရဲ့ ပြောကြားချက်ကို စကားပြန်က အခုလို ပြောပါတယ်။

"ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ ဂျပန်ကုမ္ပဏီ ၁၀၀ လောက်ရှိနေပါတယ်။ တချို့က ၀င်ရောက်ရင်းနှီးမြှပ်နှံကြပြီးသားဖြစ်ပေမယ့် အတော်များများ ကတော့ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံတွေဖွံ့ဖြိုးမှု အားနည်းနေတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြသေးတယ်" လို့ စကားပြန် အမျိုးသမီးက ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မြေဈေးကြီးမြင့်လွန်းတာအပြင် စက်မှုဇုန်တွေ တည်ဆောက်နိုင်ဖို့ မြေရှားပါးနေတာတွေကိုလည်း ထောက်ပြသွားခဲ့ပါတယ်။

တပြိုင်နက်တည်းမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အားပေးကူညီသွားမှာဖြစ်ပြီး မနက်ဖြန် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံအပေါ် ကူညီနိုင်တဲ့ ကိစ္စရပ်တွေ ကူညီသွားဖို့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ဒီကနေ့ မနက်ပိုင်းက အာဇာနည်ဗိမာန်ကို သွားရောက်ဂါရ၀ပြုခဲ့သလို ရန်ကုန်မြို့က ဂျပန်စစ်သချိုင်းနဲ့ သီလ၀ါစက်မှုဇုန်တို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အပေါ်သို့