ကိုစိုး | အောက်တိုဘာ ၂၁၊ ၂၀၀၈
မြန်မာနိုင်ငံမှ ထင်ရှားသည့် နာမည်ကြီး ပန်းချီ ဆရာ ၀သုန် အသက် (၆၁) နှစ် သည် ယနေ့ နံနက်က ရန်ကုန် တောင်ဥက္ကလာပ နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။
ပန်းချီဆရာ ၀သုန်သည် လွန်ခဲ့သော ၂ ရက်ခန့် က ရန်ကုန် ရွှေဂုံတိုင် အထူးကု ဆေးခန်း(SSC)သို့ တက်ရောက်၍ ကုသမှု ခံယူနေရာမှ ယနေ့နံနက်၌ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လာပြီးနောက် ဆုံးပါးကွယ်လွန် သွားခြင်း ဖြစ်ကြောင်း သမီးဖြစ်သူ မအင်ကြင်းက ပြောသည်။
ပန်းချီဆရာကြီး ဦးသုခ၏ ၈၇ နှစ် မြောက်မွေးနေ့ပွဲတွင် အမှတ်တရ စကားပြောနေသော ပန်းချီ ၀သုန် (ဓာတ်ပုံ - ပါဖက်မဂ္ဂဇင်း)
“မနက် ၇ နာရီ ၁၅ မိနစ်က အိမ်မှာ ဆုံးတာပါ၊ ဘယ်လိုဖြစ်လဲဆိုတော့ ရောဂါကတော့ ဖြစ်နေတာ ကြာပြီပေါ့ နော်၊ ဒီနေ့ မနက်မှာတော့ ပရက်ရှာတွေ တအားကျသွားပြီးတော့ သတိ ပြန်မလည်လာတော့ ဘူးရှင့်၊ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ကျမတို့ SSC မှာ တင်ထားတယ်၊ ဒီနေ့မနက်တော့ ပြန်ပြီးတော့ ခေါ်လာလိုက်တယ်ပေါ့ နော်၊ အိမ်ရောက် တော့မှ ဆုံးသွားတာပါ”ဟု ၎င်းက ဧရာဝတီ သို့ပြောပြသည်။
ပန်းချီ ဆရာ ၀သုန် မကွယ်လွန်မီ ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူရှင်က ပန်းချီ ၀သုန် တဦးတည်း ပြောစကားကို ရိုက်ကူး ထားသော A Sketch of Wathone အမည်ရှိ ရုပ်ရှင်ကားတိုသည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ ကြီးမှူးကျင်းပသည့် All Roads Film ၅ ကြိမ်မြောက် ရုပ်ရှင်ပွဲတော် တွင် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားတို ဆုကို ရရှိခဲ့သည်။
ထိုဆုရရှိခြင်းနှင့် ပတ်သက်ပြီး ပန်းချီ ၀သုန်က “ကျနော့် အနေနဲ့တော့ ကျနော့် အကြောင်းဆိုတော့ သိပ်မပြောချင်ပါဘူး၊ ဒါရိုက်တာ ကြည်ဖြူရှင် အတွက်တော့ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောခဲ့ဖူးသည်။
အမည်ရင်း ဦခင်လှ ဖြစ်သော ပန်းချီ ၀သုန်သည် ရန်ကုန် ပန်းချီကျောင်းသို့ တက်ရောက်ခဲ့သူဖြစ်ပြီး ပန်းချီ ဆရာကြီး ဦးမြတ်ကျော်၊ ဦးဟံတင်၊ ဦးသုခ၊ ဦးလွန်းကြွယ်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာနှင့်ပတ်သက်ပြီး ဆည်းပူးလေ့လာခဲ့ကြောင်း၊ ပန်းချီ စိုးမိုး(ရုပ်ရှင် ဒါရိုက်တာ)၊ ပန်းချီ မျိုးညွန့် (မောင်ဒီ)၊ ပန်းချီ ကျော်သောင်း ၊ ကာတွန်း ရွှေမင်းသား အစရှိသူတို့နှင့် ခေတ်ပြိုင် ပန်းချီဆရာ တဦးဖြစ်ကြောင်း၊ ဆီဆေး၊ ရေဆေး ပန်းချီကားများအပြင် စာနယ်ဇင်းသရုပ်ဖော် ပန်းချီများကိုလည်း နှစ်ပေါင်းများစွာ ရေးဆွဲခဲ့ပြီး ကာတွန်း ပေါက်စ မောင်ခင်လှ ဟူသောအမည်ဖြင့် ကာတွန်းများလည်း ရေးဆွဲခဲ့ဖူးကြောင်း သိရသည်။
ယင်း ပန်းချီ ၀သုန်ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး “ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ကျနော်တို့ စာနယ်ဇင်း လောက အတွက် အင်မတန် နှမြောစရာကောင်းပါတယ်”ဟု ရန်ကုန်အခြေစိုက် ချယ်ရီ မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။
ပန်းချီ ဝသုန်၏ အဖိုးအမည် ပန်းချီကား (Image - RFA)
ပန်းချီဆရာ ဖေညွန့်ဝေကလည်း “ကျနော်တို့ ၁၉၆၇-၆၈ လောက်မှာ ကျောင်းတက် ကတည်းက ဆရာ ဦးဝသုန်ရဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းထဲက ပန်းချီတွေကို လိုက်ဆွဲရတဲ့ အဆင့်၊ အဲဒီခေတ် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းက ပန်းချီ ဆရာတွေ အားကောင်းတယ်၊ ကျနော် တဦးတည်း အနေနဲ့ပြောရရင် ဆရာဝသုန် ကွယ်လွန်သွားတာဟာ ပန်းချီ မှာတော့ ကြီးစွာသော ဆုံးရှုံးမှုပဲ၊ နောက် တခုက မြန်မာ ပြည်မှာ ရိုးရာကို လိုင်းနဲ့ အထူးသဖြင့် ဖော်ရေးနိုင်တဲ့ ပုဂ္ဂိုလ်၊ ဆရာ ၀သုန်ဟာ ယုံယုံကြည်ကြည်နဲ့ကို စွဲစွဲမြဲမြဲ လုပ်သွားတယ်၊ သူ့မှာကိုယ်ပိုင်ဟန်လည်းရှိတယ်၊ ဒါ ၀သုန် စာလုံး၊ ဒါ ၀သုန် လိုင်း၊ ဒါ ၀သုန် ရေးချက် အဲဒီလိုကို ရှိခဲ့တဲ့ ပုဂ္ဂိုလ်မျိုးပါ၊ ပန်းချီအပေါ်မှာ သိပ်ကိုချစ်လွန်းတယ်၊ တန်ဖိုးလည်း ထားလွန်းတယ်လို့ ကျနော်တော့မြင်တယ်”ဟု ပြောဆိုသည်။
“ဘေးလူတွေတောင် နှမြောကြတာ ဆိုတော့၊ ကျမတို့က ပိုနှမြောတာပေါ့”ဟု ပန်းချီ ၀သုန်၏ သမီး မအင်ကြင်းကလည်း ပြောသည်။
ပန်းချီ ၀သုန်သည် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေး နှင့် သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပနကို ယနေ့ ညနေ ၃ နာရီ၌ ရေဝေး သုသန်တွင် သင်္ဂြီုဟ်မည် ဖြစ်ကြောင်း မိသားစု ကပြောသည်။
ref:ဧရာဝတီ
Read More...
Collapse...
ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈
သတ္တိရှိရှိဖြင့် လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခဲ့မှုများ အတွက် လူရွှင်တော် ဇာဂနာကို ကနေဒါ ကလောင်ရှင်များ အဖွဲ့က One Humanity Award (တမျိုးတည်းသော လူသားဆု) ချီးမြှင့်လိုက်သည်။
လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါ ကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟု လူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါ ကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။
မောင်သူရ ခေါ် ဇာဂနာ
ဆုပေးအပ်ရခြင်းနှင့် ပတ်သက်၍ ကနေဒါ ကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့ အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက် ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက်ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ဇာဂနာ ပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာချက်၌ ပြောသည်။
အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကို ကျော်ဖြတ်၍ မတူညီသည့် ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ် ပေါင်းကူးပေးရာ၌ ထူးကဲစွာ ဆောင်ရွက်နိုင်သူများကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှု ကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသရာ၌ မည်သည့် ကြားခံကိုမဆို ဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင်ရွက်ခြင်းတို့ အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။
ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျ ခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာ ခုံကွက်လပ်တခု ထားပေးကာ ဂုဏ်ပြုသွားမည် ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။
ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည်ခေါ် စာရေးဆရာမကြီး ကြည်ဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။ ၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကို လုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ် တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်း ကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့ လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ် နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘောတူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုး အနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကို လုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူး တင်ပါတယ်” ဟုပြောသည်။
စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေး အကျဉ်းသား တဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပေးအပ်သည့် Lillian Hellman and Dashiell Hammett Grant ဆု ရရှိခဲ့ဖူးသည်။
ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများ ဆောင်ရွက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်း ခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပ မီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီး အကျဉ်းချခြင်း ခံထားရသည်။
ref: ခေတ်ပြိုင်
Read More...
Collapse...
ကိုသက် | အောက်တိုဘာ ၁၆၊ ၂၀၀၈
အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးအောင်ရွှေ စိတ်တိုင်းကျ ဖွဲ့စည်းလိုက်သည့် လူငယ်အဖွဲ့သစ်ကို သဘောမတူကြသဖြင့် ရန်ကုန် တိုင်းမှ လူငယ် တရာကျော်မှာ ပါတီမှ ယနေ့ နှုတ်ထွက်ကြကြောင်း သိရသည်။
အန်အယ်လ်ဒီပါတီက လူငယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းကြောင်းကို လူငယ်တာဝန်ခံများအမည်၊ လူငယ်အကြံပေး ပုဂ္ဂိုလ်များ၏ အမည်နှင့်တကွ ဥက္ကဌ ဦးအောင်ရွှေလက်မှတ်ဖြင့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
နှုတ်ထွက်ကြသည့် လူငယ်အများစုသည် ရန်ကုန်တိုင်းမှ ဖြစ်ကြသည်ဟု နှုတ်ထွက်သူတဦးဖြစ်သည့် ကိုနေခြည်ဝင်းက ပြောသည်။
နှုတ်ထွက်သူများထဲမှ ကိုခင်ထွန်းကလည်း “လူငယ်နဲ့ ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့သဘော ထားကို ရယူပြီးမှ ဆောင်ရွက်စေချင်တယ်လို့ ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကို လူငယ်တွေက မေတ္တာရပ်ခံကြပါတယ်။ လူငယ် တွေရဲ့ တောင်းဆိုမှုဟာ သဘာဝကျတယ်၊ တရားမျှတမှုရှိတယ်။ လူငယ် တာဝန်ခံ တယောက်အနေနဲ့ ကိုယ့်လူငယ်တွေရဲ့ အဆို၊ တရားမျှတတဲ့ စိတ်ဆန္ဒကို ဆောင်ရွက်မပေးနိုင်ရင် လူငယ်တာဝန်ခံ လုပ်ရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒီအချက်တွေပေါ် မူတည်ပြီး လူငယ်တွေနဲ့အတူ ရပ်တည်သင့်တယ်လို့ ယုံကြည်တာကြောင့် နှုတ်ထွက်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
ကိုခင်ထွန်းသည် လူငယ်ပြန်လည်ဖွဲ့စည်းရေး အောက်မြန်မာပြည် တာဝန်ခံဖြစ်ပြီး အသစ် ဖွဲ့စည်းလိုက်သည့် လူငယ်အကြံ ပေး အဖွဲ့တွင်လည်း ပါဝင်သည်။ ၎င်းအား သူ၏ဆန္ဒမပါဘဲ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လူငယ် အကြံပေးပုဂ္ဂုလ်အဖြစ် ထည့်သွင်း ရွေးချယ်ခဲ့သည်ဟုလည်း ကိုခင်ထွန်းက ပြောသည်။
လူငယ် အကြံပေးအဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် လူငယ်အဖွဲ့သစ်၏ အုပ်ချုပ်ရေး တာဝန်ခံဖြစ်သည့် ကိုစောမောင်သိန်း တို့လည်း နှုတ်ထွက်သူများတွင် ပါဝင်ကြောင်း သိရသည်။
အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက လူငယ်တရာကျော် နှုတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းအား ပြောဆိုခွင့် မပေးထားကြောင်း ဧရာဝတီကို ပြောသည်။ လူငယ် တာဝန်ခံသစ်များကလည်း ၎င်းကိစ္စအပေါ် တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။
လွန်ခဲ့သည့် လကတည်းက နှုတ်ထွက်ကြသည့် လူငယ်များသည် ၎င်းတို့၏ဆန္ဒသဘောထား မပါပဲ လူငယ်အဖွဲ့ကို အသစ်ဖွဲ့ စည်းပါက ပါတီဝင်အဖြစ်မှ နှုတ်ထွက်မည်ဟု ပြောဆိုခဲ့ကြသည်။
“လူငယ်အဖွဲ့သစ် ဖွဲ့တာကို ဘယ်သူမှ စိတ်မ၀င်စားဘူး။ ဒီနေ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထု စိတ်ဝင်စားနေတာက အဖွဲ့ချုပ် က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ ၂၀၁၀ မှာ ပြည်သူကို ဘယ်လိုဦးဆောင်မလဲ၊ ပြည်သူ့အတွက် ဘာတွေ ပြင်ဆင်ထားသလဲ … ဒါကိုသိချင်တာ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေ များများလုပ်ရမယ်။ လိုအပ်ရင် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်းကလူတွေ များများခေါ်တွေ့ပြီး လူထုယုံကြည်ထောက်ခံမှု ပြန်လည်ရ ရှိအောင် လုပ်ရမယ့် အချိန်ဖြစ်တယ်လို့ ကျနော် အကြံပြုခဲ့ပါတယ်” ဟု ကိုခင်ထွန်းက ပြောသည်။
ဥပဒေ ဘောင်အတွင်းမှနေ၍ တနိုင်တပိုင် လုပ်ကိုင်နိုင်သည့် လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။
“လက်ရှိ ဗဟိုအလုပ်အမှုဆောင် ဘဘတို့ကော နောက်ထပ်ဖြည့်ထားတဲ့ ဘဘဦးဝင်းတင်၊ ဆရာဦးခင်မောင်ဆွေ တို့ကို ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုတိုင်းမှာ ဗဟိုအလုပ်အမှုဆောင် တဖွဲ့လုံးရဲ့ ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နိုင် အောင်ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ အကြံပြုချင်တာပါ” ဟု ကိုခင်ထွန်းက ဆက်ပြောသည်။
ref: ဧရာဝတီ
Read More...
Collapse...
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်အစီအစဉ် အဆုံးသတ်ရေး ခြောက်နိုင်ငံဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူလိုက်ကြပါပြီ။ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ရေးအတွက် အာမခံချက်အသစ်တွေ ပေးလာတဲ့အပေါ် အပြန်အလှန် အားဖြင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တဲ့ နိုင်ငံတွေ စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်ပြီလို့ သမ္မတဘုရှ်အစိုးရက စနေနေ့ မှာပြောပါတယ်။
အခုသဘောတူညီချက်ဟာ သီတင်းပတ်အတော်ကြာ အဆင့်မြင့် သံတမန်ရေး ဆွေးနွေးပွဲတွေရဲ့ ရလဒ်ဖြစ်တယ်လို့ ဗွီအိုအေသတင်းထောက် David Gollust ပေးပို့တဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။ အကူအညီနဲ့ သံတမန်ရေးရာ အကျိုးအမြတ်တွေအတွက် မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းဖို့ရာမှာ အတည်ပြုဖို့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီမှု ပျက်လုနီးပါး အငြင်းပွားနေတာတွေ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးချုပ် ခရစ္စတိုဖာ ဟေးလ် လွန်ခဲ့တဲ့ သီတင်းတပတ်မှာ ပြုံယမ်း မြို့တော် သွားပြီး ဆွေးနွေးခဲ့တာအပါအ၀င် စေ့စပ်ညှိနှိုင်းမှုတွေရဲ့ အကျိုးရလဒ်အဖြစ် သဘောတူညီချက်ရခဲ့တာ ဖြစ်တယ်လို့ ဘုရှ် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန်လမှာ မြောက်ကိုရီးယားက ကြေညာခဲ့တဲ့ နျူကလီးယား အစီအစဉ်အပေါ် အတည်ပြုနိုင်ရေး အဓိကကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေပါဝင်တဲ့ လုပ်ဆောင်မှု တသီတတန်းကို မြောက်ကိုရီးယားက သဘောတူလိုက်ပါတယ်။
သဘောတူညီချက်အရ အမေရိကန်က မြောက်ကိုရီးယားကို အကြမ်းဖက်မှုဆိုင်ရာ နာမည်ပျက် စာရင်းကနေ ဖယ်ရှားပေးမယ်၊ အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားက ယုန်ဗြောင်း ဓာတ်ပေါင်းဖိုကို ပြန်လည်ပတ်မယ်ဆိုပြီး မကြာသေးခင်က ကြေညာထားတာကို မလုပ်တော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်န် မက်ကောမက် (Sean McCormack) က ပြောပါတယ်။
နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်န် မက်ကောမက်
“အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်လုပ်တဲ့ နိုင်ငံတခုအဖြစ် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံအပေါ် သတ်မှတ်ထားတာကို နိုင်ငံခြားရေးဝန်ကြီးက လက်မှတ်ထိုး ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား စက်ရုံတွေ ဖျက်သိမ်းတာကို ပြန်စမယ်လို့ ပြောပါတယ်။ ဒါဟာ အလုပ်ကို အလုပ်နဲ့ သက်သေပြရမယ် ဆိုတဲ့ ခြောက်နိုင်ငံရဲ့ မူဝါဒ အလုပ်ဖြစ်တယ် ဆိုတာ ပြသတာပါပဲ။”
အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ပေးခဲ့တဲ့ကတိကို အမေရိကန်က ဖောက်ဖျက်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုပါတယ်။ အမေရိကန်ဘက်က ကျတော့လည်း ဒီလို ဖယ်ရှားပေးဖို့ ကိစ္စဟာ နျူကလီးယား အစီအစဉ်ကို အတည်ပြု သက်သေထူနိုင်ရေး မြောက်ကိုရီးက ပေးမယ့် လုပ်ငန်းအစီအစဉ်ပေါ်မှာ အမြဲတမ်း မူတည်နေတယ်လို့ ပြောခဲ့ပါတယ်။
သဘောတူညီလိုက်တဲ့ အတည်ပြု သက်သေထူနိုင်ရေး လုပ်ငန်းစဉ်ထဲမှာ ဟိုးအစောပိုင်းမှာ ကတည်းက အမေရိကန်က တောင်းဆိုလာခဲ့တဲ့ မြောက်ကိုရီးယားက မကြေညာသေးတဲ့ နျူကလီးယား စက်ရုံနေရာတွေကို သွားရောက်ခွင့် အပါအ၀င် အချက်အလက် အားလုံး ပါဝင်တယ်လို့ သတင်းထောက်တွေကို ရှင်းလင်းပြောကြားတဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဂျွန် ဘိုလ်တန် အပါအ၀င် သမ္မတဘုရှ် အစိုးရကို ဝေဖန်သူတွေကတော့ နိုင်ငံခြားရေးဌာနဟာ နျူကလီးယားအရေး ဆွေးနွေးပွဲ ဆက်သွားနေနိုင်အောင် လုပ်တဲ့အနေနဲ့ အတည်ပြု သက်သေ ထူနိုင်ရေး လုပ်ငန်းစဉ်ကို လျှော့ပေါ့ပေးပြီး နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်မြင်မှုတခုအဖြစ် ကြွေးကျော်နေတယ်လို့ ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဂျွန် မက်ကိန်းက လည်း အလားတူမှတ်ချက်မျိုး သောကြာနေ့မှာ ပြောပါတယ်။
သဘောတူညီချက်မှာ အမေရိကန်အစိုးရက လိုချင်တဲ့ အချက်အလက် အားလုံးပါဝင်ပြီး ပြည်တွင်းနိုင်ငံရေးပေါ် အခြေခံ စဉ်းစားတာ မဟုတ်ဘဲ အမေရိကန် အမျိုးသားအကျိုးစီးပွားပေါ် အခြေခံစဉ်းစားခဲ့တာ ဖြစ်တယ်လို့ မက်ကောမက် က ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေး ရည်မှန်းချက်ကို အဆုံး တနေ့မှာရရှိဖို့ အခု ဆုံးဖြတ်ချက်တွေက အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးဆိုရင် သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဒီလိုဆုံးဖြတ်ချက်မျိုးတွေ ချမှတ်မှာ မဟုတ်ပါဘူး။ ထပ်ပြောပါရစေ၊ ဒီသဘောတူညီချက်ဟာ မူဝါဒကို အပေးအယူမလုပ်ဘဲ ရယူခဲ့တာပါ။”
အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက် စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်တာဟာ ဂျပန်နိုင်ငံရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်သလို ဖြစ်တဲ့အကြောင်း သမ္မတလောင်း မက်ကိန်း အပါအ၀င် တချို့က ပြောကြပါတယ်။ ၁၉၇၀ နဲ့ ၈၀ ပြည့်နှစ်တွေမှာ မြောက်ကိုရီးယားက ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့တဲ့ ဂျပန်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ ဂျပန်နိုင်ငံက ဖိအားပေး တောင်းဆိုနေတာပါ။
ပြန်ပေးဆွဲကိစ္စအပေါ် ဂျပန်ရဲ့ ရပ်တည်ချက်ကို အမေရိကန်က အကြွင်းမဲ့ထောက်ခံပြီး ပြန်ပေးဆွဲခံရသူ ဂျပန် နိုင်ငံသားတွေနဲ့ မိသားစုတွေ ခံစားရတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့ မက်ကောမက် က ပြောပါတယ်။
အကြမ်းဖက်ဝါဒဆိုင်ရာ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်ပေမယ့် ၂၀၀၆ ခုနှစ် နျူကလီးယား လက်နက် စမ်းသပ်မှုနဲ့ပတ်သက်တဲ့၊ နျူကလီးယား ပြန့်ပွားစေတာတွေနဲ့ ပတ်သက်တဲ့၊ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်တဲ့ ဒဏ်ခတ် အရေးယူမှု အများအပြားကတော့ ဒီတိုင်း ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့လည်း မက်ကောမက် က ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် တရို့ အဆို့ ဆီ စနေနေ့မနက်က တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုရာမှာလည်း သမ္မတ ဘုရှ်က အလားတူ အချက်တွေကို ပြောခဲ့တဲ့အကြောင်း သမ္မတ အိမ်ဖြူတော် က ဆိုပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်း ဘရက် အိုဘားမားရဲ့ ထုတ်ပြန်ချက်မှာ ဒီသဘောတူညီချက်ကို ရှေ့တဆင့်တက် ခြေလှမ်း တရပ် အဖြစ် ခေါ်ဆိုထားပါတယ်။ မြောက်ကိုရီးယားက သူလုပ်ဆောင်ရမှာတွေကို ပျက်ကွက်တယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ချက်ခြင်း ဖြစ်လာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်မှုရှိထားသရွေ့ အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက် စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်တာဟာ သင့်လျော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဘရက် အိုဘားမားက ပြောကြောင်းပါ။
ref: VOA News
Read More...
Collapse...
ကမ္ဘာတလွှား လတ်တလော ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကျယ်အတည်းကို ပူးပေါင်း ဖြေရှင်းရေး နည်းလမ်းရှာဖို့ ဥရောပက ခေါင်းဆောင်တွေ မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ အကြွေး ၀ယ်ယူတဲ့ စံနစ် ပြိုကျရာက ကမ္ဘာ့ စီးပွားရေး ဈေးကွက်ကြီး တခုလုံးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်တော့မယ့်အရေး ဖြစ်လာတာကို ဟန့်တား ဖို့ နိုင်ငံပေါင်းစုံက ၀ိုင်းဝန်း ဖြေရှင်းကြဖို့ နောက်ဆုံး ကြိုးစားကြခြင်း ဖြစ်တဲ့အကြောင်း ၀ါရှင်တန်ကနေ ဗွီအိုအေ သတင်း ထောက် Michael Bowman က သတင်းပေးပို့ထားပါတယ်။
ဥရောပ ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံမှာ အခုလို တွေ့ဆုံနေကြတဲ့ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက G – 7 စက်မှုဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ ၇ နိုင်ငံက ဘဏ္ဍာရေး ၀န်ကြီးတွေ တွေ့ဆုံ ခဲ့ကြတဲ့ နောက်ဆက်တွဲ အဖြစ်နဲ့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ကလည်း ၀ါရှင်တန်မြို့မှာ ဆက်လက် ဆွေးနွေးနေကြပါတယ်။ အဲဒီ စက်မှု ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေရဲ့ ဆွေးနွေးပွဲက တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက် တစုံတရာ မရခဲ့ပေမယ့် အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဘဏ်တွေကို ကူညီရေး၊ ဒေ၀ါလီခံမယ့် အရေးက ဟန့်တားရေးနဲ့ ငွေချည်းငှားနိုင်မှု ပြန်လည် လည်ပတ်နိုင်ရေး စတဲ့ကိစ္စ တွေမှာ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြ ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ကူညီတာတွေ၊ တင်းကျပ်ထားတဲ့ ငွေချည်းငှားတဲ့ စနစ်ကို လျှော့ချ ပေးတာတွေနဲ့ စိုးရိမ် ပူပန်နေတဲ့ ရင်းနှီးမြုပ်နှံ သူတွေ စိတ်ချ လက်ချ ရှိလာအောင် တိုင်းပြည် တော်တော်များ များက ဖိဖိစီးစီး လုပ်ဆောင်လာ နေကြပါတယ်။
အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် ဘဏ်တွေမှာ ဗဟိုအစိုးရက တိုက်ရိုက် ရင်နှီးမြုပ်နှံဖို့ သမ္မတဘုရှ်အစိုးရ ကလည်း အခု အဆိုပြုလာပါတယ်။ ဒီလိုလုပ်တာဟာ ပြဿနာတက်နေတဲ့ ဘဏ်တွေကို တနည်းအားဖြင့် အစိုးရက တစိတ်တပိုင်း နိုင်ငံပိုင် လုပ်ပစ်တာလည်း ဖြစ်ပါတယ်။ အလားတူ လုပ်ဆောင်ချက်တွေ ဥရောပနိုင်ငံတော်တော် များများမှာလည်း လုပ်ဆောင်ပြီး နေပါပြီ။
ဘဏ်တွေရဲ့ လည်ပတ်မှုစနစ် တောင့်တင်း ခိုင်မာလာအောင် လုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ ဘဏ္ဍာရေး ၀န်ကြီးဟောင်း Lawrence Summers က ပြောပါတယ်။
Lawrence Summers’ Act: “ အခုပြဿနာမှာ စတော့ဈေးကွက်က အဓိကမဟုတ်ပါဘူး။ ဘဏ်တွေရဲ့ လည်ပတ်မှု စနစ် ပုံမှန်ပြန်ဖြစ်လာအောင်လုပ်မှရမယ်၊ ပုံမှန်ပြန်ဖြစ်လာအောင်လည်း မြန်မြန်လုပ်မှရလိမ့်မယ်။ ”
မစ္စတာ ဆမ်းမားက တနင်္ဂနွေနေ့ အေဘီစီ ရုပ်မြင်သံကြားအစီအစဉ်မှာ ပြောသွားခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတော့ဈေးကွက်အများစု ၂၀ ရာခိုင်နှုန်းအထိကျပြီး စံချိန် တင်ခဲ့ပါတယ်။ ကမ္ဘာတလွားက အစိုးရတွေ စုပေါင်းပြီး ညီညွတ် ခိုင်မာစွာ လုပ်ဆောင်ကြမှသာ စတော့ဈေးတွေ ကျနေတာကို ဟန့်တားနိုင်မယ်လို့ ၀ါရှင် တန်အခြေစိုက် နိုင်ငံတကာ စီးပွားရေးအဖွဲ့က အကြီးအကဲ Fred Bergsten က CBS ရုပ်မြင်သံကြား အစီအစဉ်နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
Fred Bergsten’s Act: “ ကျနော်တို့က ယုံကြည်မှုနဲတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာဗျ။ ငွေးကြေးဈေးကွက်က ထိန်းမနိုင်၊ သိမ်းမရတဲ့ အခြေအနေလောက်ကို ရောက်နေတယ်။ အစိုးရနဲ့ ဗဟိုဘဏ်က သူတို့တွေ စိတ်အေးရအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ ငွေချည်းငှားတဲ့ဈေးကွက် ပုံမှန် ပြန်လည်ပတ်နိုင်အောင်၊ ဘဏ်တွေ ငွေပြန်ချည်းနိုင်အောင်၊ စီးပွားစံနစ်ကြီးတခုလုံး ရှေ့ကို ဆက်တက်လှမ်းနိုင်အောင် အစိုးရနဲ့ ဗဟိုဘဏ်အနေနဲ့ တိကျ သေချာတဲ့ လုပ်ငန်းစဉ်တွေ အဆင့်လုပ်ဆောင်ပေးဖို့လိုတယ်ဗျ။ ယုံကြည်မှုတွေ ပြန်ရလာအောင် နောက် တရက်၊ နှစ်ရက် အတွင်း ဆုံးဖြတ်ချက် အမြန်ချမှတ် လုပ်ဆောင်ဖို့ လိုနေပြီ။ ”
သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ ကိုယ်မတတ်နိုင်တဲ့ အကြွေးငွေတွေနဲ့ အိမ်တွေ ၀ယ်ယူ နိုင်အောင် ငွေချည်းငှားတဲ့ ကုမ္ပဏီတွေက အကျင့်သိက္ခာပျက်စွာ စံညွန်းတွေ လျှော့ချပြီး ချည်းငှားခဲ့ကြရာက အမေရိကန် အိမ်ယာမြေဈေးကွက် ပျက်ပြားပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာ့ ဘဏ္ဍာရေး ဈေးကွက်ကြီးတခုလုံးကို ထိပါးလာခဲ့တာပါ။
လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းမှာတင် ဥရောပ၊ အာရှနဲ့ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံ တော်တော် များများအထိ ဒီဘဏ္ဍာ ရေးဈေးကွက် ဂယက်က ရိုက်ခတ်လာခဲ့ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ငွေကြေးအဖွဲ့ အစည်းတွေ သိမ်းပိုက်တာ၊ ထောက်ပံ့ကူညီတာ၊ ကြီးမားတဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေ ချမှတ်လုပ်ဆောင် တာနဲ့ စီးပွားရေး လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ရေတိုမှာ လိုအပ်တဲ့ ငွေချည်းငှားရေး စံနစ်ကို လွယ်ကူအောင် လုပ်ဆောင်ပေးတာတွေကို သမ္မတဘုရှ်အစိုးရက လုပ်ဆောင်ခဲ့ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတခုချင်းစီ အနေနဲ့ စီမံကိန်း ချမှတ်လုပ်ဆောင်ဖို့ လိုအပ် တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ အစိုးရ အရာရှိတွေအကြား ယုံကြည်နေကြပေမယ့် ဒီအခက် အခဲကြီး တခုလုံး ရပ်တန့်ဖို့ အတွက်ကတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူးပေါင်း လုပ်ဆောင်မှ ရမယ်လို့ ဆိုပါတယ်။
ref: VOA News
Read More...
Collapse...
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စိန်ခေါ်ချက်တရပ် ဖြစ်နေပြီး၊ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အများက ယုံကြည် လက်ခံနိုင်အောင် ကျင်းပမယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့ လူ့အခွင့်အရေး ရှိတဲ့ အခြေအနေတရပ်ကို ဖော်ဆောင်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာထောမတ် ကင်တားနားက တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာလ ၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာမှာ အထူးကိုယ်စားလှယ်က အခုလို ရေးသားဖော်ပြထားတာဖြစ်ပြီး ဒီအစီရင်ခံစာကို လာမဲ့ အောက်တိုဘာလ တတိယပတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်ကာလဟာ မြန်မာနိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ အချိန်ဖြစ်ပြီး အစိုးရရဲ့ နိုင်ငံရေး လမ်းညွန် လမ်းပြမြေပုံ နောက်တဆင့်ဖြစ်တဲ့ ၂ဝ၁ဝ နှစ် ရွေးကောက်ပွဲကို အများလက်ခံနိုင်အောင် ကျင်းပဖို့ဆိုရင် လူ့အခွင်အ့ရေးတွေ ရှိဖို့ လိုတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ လူ့အခွင့်အရေးတွေကို လေးစားဖို့ဟာ မရှိမဖြစ် လိုအပ်ပြီး ငြိမ်းချမ်းတဲ့ လူစုဝေးခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့နိုင်ခွင့်၊ လွတ်လပ်စွာ သဘောထားအမြင် ထုတ်ဖော် ပြောကြား ရေးသားနိုင်ခွင့် စတာတွေဟာ ခိုင်မာပြီး စိတ်ချယုံကြည်ရတဲ့ ဒီမိုကရေစီစနစ် တည်ဆောင်ရာမှာ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စာမျက်နှာ ၂၃ မျက်နှာပါတဲ့ ဒီ လူ့အခွင့်အရေး အစီရင်ခံစာသစ်ဟာ မစ္စတာ ကင်တားနား ရဲ့ ဒုတိယမြောက် အစီရင်ခံစာဖြစ်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံခရီးစဉ် နောက်ပိုင်း မှာ ပထမဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်က မစ္စတာကင်တာနားဟာ ဦးဝင်းတင်အပါအဝင် နိုင်ငံရေး အကျဉ်းသား တချို့ကို မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တာကို ကြိုဆိုခဲ့ပြီး ဒါဟာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးအတွက် ပထမခြေလှမ်းဖြစ်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ref: RFA News
Read More...
Collapse...
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်
သက်တမ်းတိုးထားတာနဲ့ ပတ်သက်ပြီး အယူခံလွှာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ
တွေက ဒီနေ့ မြန်မာစစ်အစိုးရကို တင်လိုက်ပြီ ဖြစ်ပါတယ်။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမှုကို ရှေ့နေ ဦးကြည်ဝင်းနဲ့အတူ လိုက်ပါကူညီ ဆောင်ရွက်တဲ့ ရှေ့နေ
ဦးလှမျိုးမြင့်က ဒီနေ့ နေပြည်တော်ကိုသွားပြီး အယူခံကို တင်ပါတယ်။ တရားပြိုင်ဖြစ်တဲ့
စစ်အစိုးရ ပြည်ထဲရေး ဗဟိုအဖွဲ့ကိုလည်း မိတ္တူပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရှေ့နေကြီး ဦးကြည်ဝင်းကို ဆက်သွယ်မေးမြန်းတော့ အမှုနဲ့ပတ်သက်လို့ အခုလိုရှင်းပြ
ပါတယ်။
"ဦးလှမျိုးမြင့်က ဒီနေ့မနက် နေပြည်တော် အစိုးရအဖွဲ့ရုံးမှာ သွားတင်ပြီး ဟိုက လက်ခံ
တဲ့စာ ပေးလိုက်တယ်။ ကော်ပီကိုတော့ ကျနော်တို့က လျှောက်ထားခံရသူ၊ တရားပြိုင်
ပေါ့၊ ပြည်ထဲရေး ဗဟိုအဖွဲ့ကို ပေးလိုက်တယ်။ သူတို့ကလည်း လက်ခံရရှိတဲ့စာ ပေးပါ
တယ်။"
အခု အယူခံလွှာတင်တာဟာ နေအိမ်အကျယ်ချုပ်နဲ့ပတ်သက်လို့ ပထမဆုံး တင်ပြတဲ့
အယူခံဖြစ်ပါတယ်။ အရင်က ဒီလိုတင်တာမျိုးတွေ မရှိသေးတဲ့အတွက် စစ်အစိုးရဘက်
က ဘယ်လိုပုံစံနဲ့ တရားရေးအရ ဆက်ပြီး ရင်ဆိုင်ရမယ်ဆိုတာ အတိအကျ မသိရသေး
ပါဘူး။
တခြားအမှုတွေမှာ အယူခံလွှာတင်ရင် ဆိုင်ရာဌာနတွေက စိစစ်ပြီး လက်ခံတယ်ဆိုရင်
အယူခံ အမှုနံပါတ် ပေးလေ့ရှိပါတယ်။ အခုအယူခံကိုတော့ ၀င်စာအနေနဲ့သာ လက်ခံ
တာမျိုးဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းက တရားရုံးတွေကို တင်ပြတာမျိုးတွေနဲ့တော့
ကွဲလွဲနေတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။
"ဒီအမှုမျိုး၊ ဒီပုဒ်မ၊ ဒီဥပဒေ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ
ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဆိုတဲ့ Title အရှည်ကြီး၊ ပုဒ်မ ၁၉၊
၂၀ မှာက အယူခံခွင့်ရှိတယ်လို့ ပေးထားတယ်။ ကျနော်သိသလောက် အခု ကျနော်တို့
တင်တဲ့ဟာက ပထမအယူခံပဲ။ ဒီအရှေ့က အယူခံတင်တာတွေ ဘာတွေ မရှိခဲ့သေးဘူး။
အဲတော့ process က ဘယ်လိုသွားမလဲဆိုတာ ကျနော်လည်း တပ်အပ်တော့ မပြော
တတ်ဘူး။
"တရားရုံးမှာ ကျနော်တို့ အယူခံလွှာ သွားတင်တယ်ဆိုပါစို့၊ အယူခံလွှာတင်ရင် ဆိုင်ရာ
ဌာနစိတ်တို့၊ ဌာနစုတို့က စိစစ်ပြီး အားလုံးမှန်ကန်တယ်ဆိုရင် သူက အယူခံအမှုနံပါတ်
ပေးတယ်။ အခုဟာက အယူခံ အမှုနံပါတ် မပေးလိုက်ဘူး။ စာလက်ခံရရှိတဲ့ ၀င်စာဆိုပြီး
စာတစောင်အနေနဲ့ သူတို့က လက်ခံလိုက်တယ်။ အဲဒီတော့ လုပ်ထုံးလုပ်နည်းက အဲဒီ
နေရာမှာကတည်းက တရားရုံးနဲ့တော့ နည်းနည်း ကွဲလွဲနေပြီ။"
ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခဲ့ကတည်းက မြန်မာ
စစ်အစိုးရဟာ သူတို့ချမှတ်ထားတဲ့ ဥပဒေပါ အချက်တွေကို သူတို့ကိုယ်တိုင် ချိုးဖောက်
တယ်ဆိုပြီး ဝေဖန်ခဲ့တာတွေ ရှိပါတယ်။ အခု စစ်အစိုးရရဲ့ ဥပဒေသတ်မှတ်ချက်မှာ ဒီလို
အမှုမျိုးကို အယူခံပိုင်ခွင့်ရှိတယ်လို့ ဖော်ပြတဲ့အတွက် ဒီဖော်ပြချက်အရ ရှေ့နေတွေက
အယူခံလွှာတင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။
စစ်အစိုးရအနေနဲ့ သူတို့ချမှတ်ထားတဲ့ ဥပဒေပါ အချက်တွေကို ဘယ်လောက်အထိ
လိုက်နာတယ်ဆိုတာ ထပ်မံစမ်းသပ်လိုက်တာလို့လည်း အကဲခတ်တွေက ပြောဆိုဝေဖန်
ကြတာတွေ ရှိပါတယ်။ အခုအချိန်အထိတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံ
ကို မြန်မာစစ်အစိုးရ လက်ခံကြားနာခြင်း ရှိမရှိ အတိအကျ မသိရသေးပါဘူး။
ref: VOA News
Read More...
Collapse...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၀) နှစ်မြောက်
အခမ်းအနား၏ သဘာပတိမိန့်ခွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၀) နှစ်မြောက် ကြေညာစာတမ်း






Read More...
Collapse...
ဦးဝင်းထိန်ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို ကသာမြို့နယ် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီးမှ ယနေ့နံနက်တွင် ပြန်လည် ဖမ်းဆီးလိုက်သည်။
မည်သည့်အတွက်ကြောင့် ပြန်လည် ဖမ်းဆီးသွားသည်ကို စုံစမ်းဆဲ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးဝင်းထိန် လွတ်မြောက်လာပြီဆို၍ သူမိသားစုဝင်များပင် သွားရောက် ခေါ်ယူရန် ရန်ကုန်မှ ခရီးထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။
ထောင်မှ လွတ်လာပြီးနောက် ဦးဝင်းထိန်သည် မြန်မာနိုင်ငံ မြောက်ပိုင်း ကသာမြို့နယ်ရှိ တည်းခိုခန်းတခုတွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက် ခေါ်ယူသွားခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။ဦးဝင်းထိန်
"ကျနော်တို့ အခုနောက်ဆုံး ကြားနေရတာကတော့ ဒီနေ့ပြန်ပြီးတော့ ကသာထောင်ကို ဗိုလ်ကြီးဝင်းထိန် ရောက်နေပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာကြောင့် ဘယ်လို ဖြစ်တယ်ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူး" ဟု ဦးဥာဏ်ဝင်းက ပြောသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်ဆိုကာ အကျဉ်းသား ၉၀၀၂ ယောက်ကို စစ်အစိုးရက လွတ်ပေးခဲ့ရာ ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။ အခြားသူများမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသိန်းနိုင်တို့ ဖြစ်သည်။
ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေးအရာရှိဖြစ် ထမ်းဆောင်ခဲ့သည်။
သူသည် ၁၉၉၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အဖမ်းခံရပြီး နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့သည်ဆိုကာ အစိုးရက စွပ်စွဲ ထောင်ချခဲ့သည်။
၁၉၈၉ ခုနှစ်ကလည်း ကာလတို ချုပ်နှောင်ခံရပြီး စစ်ကြောရေးတွင် ထောက်လှမ်းရေးများ၏ ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသည်။
၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်သူ ဗိုလ်ကြီးဝင်းထိန်သည် ကာကွယ်ရေး ၀န်ကြီးဌာနအောက်တွင် ငါးနှစ်ကြာ စစ်မှုထမ်းခဲ့ပြီးနောက် တပ်တွင်းမှ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတခုတွင် ပါဝင် ပတ်သက်နေမှုကြောင့် တပ်မှ ထွက်ခဲ့ရသည်။
တပ်တွင်း အမှုထမ်းစဉ်ကလည်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး၏ ကိုယ်ရေးအရာရှိ ဖြစ်သည်။ သေဒဏ်ပေးခံရသည့် ဗိုလ်ကြီး အုန်းကျော်မြင့်က နိုင်ငံတော် ပုန်ကန် အာဏာသိမ်းရန် ကြံစည်ခြင်းကို အထက်အာဏာပိုင်များသို့ သတင်းပို့ရန် ပျက်ကွက်သည်ဆိုကာ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ထောင် ၇ နှစ် အပြစ်ပေးခံခဲ့ရသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
မနေ့က စစ်အစိုးရမှ အကျဉ်းသား ၉၀၀၀ ကျော်ကို လွှတ်ပေးရာတွင် ထောင်ဒဏ်နှစ်ရှည်ချခံထားရသော အသက် ၇၉ နှစ်ရှိ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း ပြန်လည်လွှတ်ပေး လိုက်ကြောင်း သိရသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်
ဦးဝင်းတင်သည် ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၈၉ ခု ဇူလိုင် (၄) ရက်တွင် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။ လွတ်ရက်စေ့ကာနီး ၁၉၉၂ မတ်လတွင် ထောင်ဒဏ် (၁၀) နှစ် ထပ်မံချခံရပြီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ထံ စာရေးတိုင်ကြားမှုဖြင့် ၁၉၉၆ မတ်လ၌ နောက်ထပ် ထောင်ဒဏ် (၇) နှစ် ထပ်ဆင့် ချမှတ်ခံခဲ့ရသည်။
အသက် (၇၉) နှစ်ရှိပြီဖြစ်သည့် ဦးဝင်းတင်သည် အကျဉ်းထောင်တွင်း၌ သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် အရိုးကျီးပေါင်းတက် ဝေဒနာများ ခံစားနေရပြီး ပြီးခဲ့သည့် ဇူလိုင်လက ထောင်သက်တမ်း (၁၉) နှစ်ပြည့်ပြီဖြစ်ကာ သက်တမ်းကျော်လွန်ပြီး ဖမ်းဆီးခံထားရသည့် နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဖြစ်သည်။
နိုင်ငံရေးမလုပ်တော့ပါဟု ခံဝန်ချက်ကတိ လက်မှတ်ရေးထိုးလျှင် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရက အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ဦးဝင်းတင်က ထိုကမ်းလှမ်းချက်ကို တောက်လျှောက်ပယ်ချခဲ့သည်။ ၂၀၀၅ ဇူလိုင်လတွင် အာဏာပိုင်များက ဦးဝင်းတင်ကို ပြန်လွှတ်ပေးရန် စီစဉ်ခဲ့ပြီး အင်းစိန်ထောင်ဗူးဝသို့ ရောက်ရှိပြီးကာမှ ထောင်မှူးက ပြန်ခေါ်ဆောင်ကာ ပြန်လည် အကျဉ်းချထားခြင်း ခံခဲ့ရသည်။
ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို (UNESCO) မှချီးမြင့်သော ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (Guillermo Cano World Press Freedom Prize) နှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom)၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆု (Winner of Reporters Without Border) များကို ချီးမြှင့်ခဲ့သည်။
ယခုအကျဉ်းသားများ လွှတ်ပေးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လွှတ်တော် အမတ် များဖြစ်သည့် ဒေါက်တာ သန်းငြိမ်း( ပြည်ထောင်)၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့် ( အင်းစိန် ထောင်)နှင့် ဦးအောင်စိုးမြင့် (သရက်ထောင်)တို့လည်း ပြန်လည် လွတ် မြောက်လာကြောင်းသိရသည်။
သရက်ထောင်မှ လွှတ်သည့် အကျဉ်းသား ၄၀ တွင် ဦးအောင်စိုးမြင့် တဦးသာလျှင် နိုင်ငံရေးအကျဉ်းသား ပါဝင် ကြောင်း သိရသည်။
အန်အယ်လ်ဒီ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးခင်မောင်ဆွေ ကို လားရှိုးထောင်မှ ပြန်လည် လွှတ်ပေးလိုက် ကြောင်း၊ တတ်သိပညာရှင်များအဖွဲ့မှ ဦးဝင်းထိန်ကို ကသာထောင်မှလွှတ်ကြောင်း၊ သပိတ်ကျင်း အန်အယ်လ်ဒီ ဦးအေးသိန်း ကို ကလေးထောင်မှ ပြန်လွှတ်လိုက်ကြောင်းနှင့် မန္တလေး အန်အယ်လ်ဒီ ဦးသိန်းတန်ကို မန္တလေး ထောင်မှ ပြန်လွှတ်လိုက်ကြောင်းလည်း မိသားစုဝင်များက ပြောပြသည်။
စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ယခုကဲ့သို့ အကျဉ်းသားများအားပြန်လွှတ်ပေးခြင်းသည် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အကျိုးပြုစေမည့် နိုင်ငံသားများဖြစ်စေရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် နိုင်ငံတ၀န်း အကျဉ်းစခန်းများမှ အကျဉ်သား ၉၀၀၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


Read More...
Collapse...
အင်တာနက်ဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ဆောင်ကျဉ်းရာမှာ အထိရောက်ဆုံး ကိရိယာ တခု ဖြစ်ပါတယ်လို့ အင်တာနက်နဲ့ သတင်း လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားသူတွေက ပြောကြပါတယ်။ အင်တာနက်ကို အစိုးရတွေက ဆင်ဆာလုပ် ပိတ်ပင်ကြသလို အဲဒီပိတ်ပင်မှုကို တန်ပြန် ကျော်လွှားဖို့ ကြိုးစားတာတွေကလည်း အရှိန်အဟုန်နဲ့ ဖြစ်ပေါ် နေပါတယ်။
BBG ခေါ် အမေရိကန်ပြည်ထောင်စု အသံလွှင့်လုပ်ငန်းများဆိုင်ရာ အုပ်ချုပ်ရေးဘုတ်အဖွဲ့က မနေ့ က စီစဉ်ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ အဲဒီလို သုံးသပ်ပြောဆိုသွားကြတာပါ။ “မီဒီယာအသစ်နှင့် ဆင်ဆာအသစ်၊ သတင်း လွတ်လပ်ခွင့်ပေါ် အာဏာပိုင်တို့၏ တိုက်ခိုက်မှု” လို့ ဆွေးနွေးပွဲကို ခေါင်းစဉ်တပ်ထားပါတယ်။ ဒီဆွေးနွေးပွဲမှာ အင်တာနက်ကိုဆင်ဆာလုပ်တာနဲ့ ဆင်ဆာလုပ်တာကို တန်ပြန်တာတွေနဲ့ပတ်သက်ပြီး နည်းပညာရှုဒေါင့်ကနေ သုံးသပ် ပြောဆိုသွားသူကတော့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ရေးအဖွဲ့ချုပ် (Global Internet Freedom Consortium) က ဒုတိယညွှန်ကြားရေးမှူး ရှီးယု ဂျောင် (Shiyu Zhou) ပါ။
ရှီးယု ဂျောင် (Shiyu Zhou)
အင်တာနက်ဟာ မြန်မာနိုင်ငံလို လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်း ပေးနိုင်မယ့် အရေးပါ ထိရောက်လှတဲ့ မာလ်တီမီဒီယာ ကိရိယာတခု ဖြစ်လာနေပါတယ်လို့ ရှီးယု ဂျောင် က ပြောပါတယ်။ ဒါ့ကြောင့်လည်း လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေက အစိုးရတွေဟာ အင်တာနက်ကို ဆင်ဆာလုပ်ဖို့ ငွေကြေးတွေ၊ လူအင်အားတွေ၊ နည်းပညာတွေသုံးပြီး အပြင်းအထန် ကြိုးစားလာကြတာပါ။
တဘက်မှာလည်း ရှီးယု ဂျောင်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ်ရေး အဖွဲ့ချုပ် အပါအ၀င် အဖွဲ့အစည်း အသီးသီးက နည်းပညာတွေ ဖြန့်ဝေ အထောက်အပံ့ပြုပြီးတော့ ဆင်ဆာလုပ်တာကို ကျော်လွှားပြီးအသုံးပြုနိုင်ဖို့ တန်ပြန် လုပ်ဆောင်ကြပါတယ်။
“အခုလက်ရှိအချိန်မှာ ဆင်ဆာလုပ်တာကိုကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ကွန်ယက်ကို ကမ္ဘာတ၀ှမ်းက လွတ်လပ် ပွင့်လင်းမှု မရှိတဲ့ လူ့အဖွဲ့အစည်း ၄၀ ကျော်ကနေ တရက်ကို အကြိမ်ပေါင်း သန်း ၅၀၀ ကျော် အသုံးပြုနေပါတယ်။ ဒီထဲမှာ တရုတ် နိုင်ငံက သန်း ၂၂၀၊ အီရန်က သန်း ၁၂၀၊ အာရပ်စော်ဘွားများပြည်ထောင်စုက သန်း ၄၀။ ဆော်ဒီအာရေးဗီးယားနိုင်ငံက ၂၅ သန်း၊ ဆီးရီးယား နိုင်ငံက သန်း ၂၀ နဲ့ မြန်မာနိုင်ငံက ၄ သန်း အသီးသီး အသုံးပြုနေ ကြပါတယ်။”
အပိတ် နိုင်ငံ တခုခုမှာ ထူးခြားတဲ့ ဖြစ်ရပ်တခုခု ဖြစ်ပျက်ပြီဆိုရင် ဆင်ဆာကို ကျော်တဲ့ကွန်ယက်ကို အဲဒီနိုင်ငံကနေ အသုံးပြုတဲ့ အရေအတွက်ဟာ ထိုး တက်သွားတယ်လို့လည်း ရှီးယု ဂျောင်ကပြောပါတယ်။
“ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အစိုးရက နှိမ်နင်းဖြိုခွဲတဲ့အချိန်မှာ ကျနော်တို့ရဲ့ ကွန်ယက်ကို အသုံးပြုတဲ့အရေအတွက်ဟာ လေးဆတိုးသွားခဲ့ပါတယ်။”
ပိုစိတ်ဝင်စားစရာကောင်းတာကတော့ ဖြစ်ရပ်တခုခုဖြစ်ပျက်တာက ပြီးသွားပေမယ့် အသုံးပြုတဲ့အရေအတွက် တိုးသွား တာက ပြန်ကျမသွားဘဲ အဲဒီအတိုင်း ဆက်ပြီးရှိနေတာပါပဲလို့လည်း ရှီးယု ဂျောင်ကပြောပါတယ်။ ဒါ့ကြောင့်လည်း အင်တာနက်ဟာ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေ ပြောင်းလဲရေးအတွက် အင်မတန်အရေးပါပါ တယ်လို့ဆိုပါတယ်။
“သတင်းလွတ်လပ်ခွင့်၊ အထူးသဖြင့် အင်တာနက်လွတ်လပ်ခွင့်ဟာ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူ့အစည်းတွေမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ရရှိဖို့အတွက် အထိရောက်ဆုံး၊ စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်။”
အင်တာနက်ဆင်ဆာကို ကျော်လွှားနိုင်ရေး နည်းပညာပိုင်း အထောက်အပံ့ပြုပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ် ရေးအဖွဲ့ချုပ်က ဒုတိယညွှန်ကြားရေးမှူး ရှီးယု ဂျောင်ပါ။
အင်တာနက်ကိုထိန်းချုပ်ဖို့ ကြိုးစားကြတဲ့ အစိုးရတွေကို နည်းပညာပိုင်း အထောက်အပံ့ပြုနေတဲ့ ကုမ္ပဏီတွေဟာ အနောက်နိုင်ငံ တွေက နည်းပညာကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သတင်းနဲ့ အင်တာနက် လွတ်လပ်ခွင့် အတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေက အဲဒီကုမ္ပဏီတွေကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ မကြာခဏ လုပ်လေ့ ရှိပါတယ်။ သိပ်မကြာသေးခင်ကဆိုရင် ထင်ရှားတဲ့ ယာဟူးတို့၊ ဂူဂယ်လ်တို့၊ ဆစ်စကိုကိုတို့လို ကုမ္ပဏီကြီးတွေ တရုတ်အစိုးရရဲ့ အင်တာနက်ထိန်းချုပ်ရေးမှာ အကူအညီ ပေးကြတာကြောင့် အကြီးအကျယ် အဝေဖန်ခံကြရပါသေးတယ်၊
အခုဆိုရင်ဖြင့် အင်တာနက်ပေါ်မှာ ကိုယ်ပိုင်စာမျက်နှာလေးဖွင့်ပြီး ရေးသားပြောဆိုကြတဲ့ ဘလော်ဂါလို့ခေါ်တဲ့ အင်တာနက် သုံးစွဲ သူတွေဟာ အစိုးရတွေရဲ့ပစ်မှတ်တွေဖြစ်လာပါတယ်။
မြန်မာနိုင်ငံဖြစ်ရပ်မှာဆိုရင်လည်း ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေက လောင်စာဆီဈေးတွေတက်တာကို ကန့်ကွက် ဆန္ဒပြပုံတွေ၊ ရွှေဝါရောင်တော်လှန်ရေးရဲ့ ရုပ်ပုံတွေဟာ ဘလော်ဂါစာမျက်နှာတွေကတဆင့် ကမ္ဘာတ၀ှမ်းကို ချက်ခြင်းဆိုသလို ပြန့်နှံ့သွားခဲ့တာကြောင့် မြန်မာအစိုးရ အငိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီရုပ်ပုံတွေကြောင့်ပဲ ဂျပန် ဓာတ်ပုံသတင်းထောက် ခန်းဂျိ နာဂအိ သေနတ်နဲ့အပစ်ခံရတဲ့ပုံဟာလည်း ကမ္ဘာတလွှား ထင်ရှားခဲ့ပါတယ်။
အခုလက်ရှိမှာ မြန်မာအစိုးရဟာ ထင်ရှားတဲ့ လူရွှင်တော် ဘလော်ဂါ ကိုဇာဂနာနဲ့ ကိုနေဘုန်းလတ်တို့အပါအ၀င် ဘလော်ဂါ တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကပြောကြပါတယ်။ ဒီ့အတွက်လည်း မြန်မာအစိုးရဟာ နိုင်ငံတကာက အဆက်မပြတ်ဝေဖန်တာကို ခံနေရပါတယ်။
ဒါပေမယ့် မြန်မာအာဏာပိုင်တွေကတော့ ဒီနေ့အချိန်ထိ သူတို့ရဲ့တင်းကျပ်မှုကို လာမယ့် လပိုင်းနှစ်ပိုင်းတွေမှာ လျှော့ပေါ့ ပေးမယ့် အရိပ်လက္ခဏာမတွေ့ရသေးပါဘူး။ တဘက်မှာလည်း ရှီးယု ဂျောင်ပြောသလို အင်မတန် ထိရောက်ပြီး ကုန်ကျစရိတ် သက်သာလှတဲ့ ဒီ အင်တာနက်ကိရိယာကိုအသုံးပြုပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ ကြိုးစားသူတွေကလည်း ဆက်ရှိ နေဦးမှာပဲလို့ သုံးသပ် ပြောဆိုကြကြောင်းပါခင်ဗျား။
Ref: VOA news
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88