အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009
ဦးသန့်ကြီး ရာပြည့်ပြီဆိုတော့ ပြည်တွင်းပြည်ပ စာပေနဲ့ နိုင်ငံရေးလောကမှာ လှုပ်ရှားမှုတွေ တွေ့လာရပါ တယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကတောင် မလုပ်စဖူး တံဆိပ်ခေါင်းထုတ်မယ်လို့ ဆိုလာပါတယ်။
ဂျာနယ်တခုမှာ ဦးသန့် ကိုယ်ရေးအတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဘာသာပြန်နေတာ တွေ့ရပါတယ်။ နောက်ပြီး အတွေးအမြင်စာစောင်မှာ သံအမတ်ဟောင်း ဦးသက်ထွန်းက ဦးသန့်နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေ ကို ရေးလာပါတယ်။ ဦးသန့်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ကြားက ဆက်ဆံရေးအကြောင်းကိုလည်း ပိုပြီး သိလာရ ပါတယ်။
ဒါကြောင့် အရင်တုန်းက ကြားဖူးခဲ့ကြသလို ဦးနုလူမို့လို့၊ မနာလိုလို့ ဗိုလ်ချုပ်နေဝင်းက ဦးသန့်ကို ကြည့်မရ ဘူးတို့၊ တူတူတန်တန် ဂုဏ်မပြုဘူးတို့ဘာတို့ ဆိုတာတွေနဲ့ ကွာခြားနေတာကို သတိပြုမိသပေါ့။ ကုလသမဂ္ဂ ရုံးချုပ်က ဦးနုရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း တစွန်းတစ အရင်က တွေ့ဖူးပေမယ့် မြန်မာလိုမဟုတ်တဲ့ အတွက် မြန်မာပြည်မှာ သိကြဖို့ မလွယ်လှပါဘူး။
ဒီအကြောင်းတွေ မြန်မာ မီဒီယာမှာ ဖော်ပြခွင့် ရလာတာဟာ ဗိုလ်ချုပ်နေဝင်း လုပ်ခဲ့တာ ဒို့နဲ့ မဆိုင်ဘူးလို့ ပြချင်ပုံ ရှိပါရဲ့။ တဖက်မှာလည်း သူ့တူမလို ခင်တဲ့ စုစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့ ဆက်စပ်ပြီး သူ့ကို အငြိုး ပြေကြသေးဟန် မရပါဘူး။ ဒါကြောင့် ဦးသန့် မျက်နှာဖုံးနဲ့ မဂ္ဂဇင်းကို စိစစ်ရေးက ရစ်နေတာပေါ့။
ဒါတွေအသာထား၊ ဦးသန့် ဦးသန့်နဲ့ ပြောနေကြတော့ ဦးသန့်အကြောင်းနဲ့ ဦးသန့် ရေးတဲ့စာတွေ မြန်မာပြည် မှာ လူငယ်တွေ ဘယ်လောက် ဖတ်ဖူးမှတ်ဖူးကြသလဲဆိုတာ သိချင်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ပြည်တွင်းမီဒီယာမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရတာမို့ ဦးသန့်ဆိုတာ ဦးနုနဲ့တောင် ကွဲကြပါမလား မသိပါဘူး။
တက္ကသိုလ်စိန်တင်ရေးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ စာအုပ်လောက်ပဲ မြန်မာစာအုပ်ဆိုင်တွေမှာ မြင်နေရ တာပါ။ အထောက်တော်လှအောင် ပြန်ဆိုတဲ့ ဗမာ့ဦးသန့်တို့၊ ဦးသန့်၏ စာတို့၊ ပြည်တော်သာမှတ်တမ်းတို့ ဆိုတာတွေကို အဟောင်းဆိုင်မွှေတဲ့ ပရိသတ်လောက်ပဲ သိကြပါတော့တယ်။ စလေအညာက ပြွေဆရာ၊ ထူးဆန်းသော ကိုရွှေအုပ်တို့၊ From My School Window တို့ ဆိုတာတွေကတော့ ထားလိုက်ပါတော့။
ဒီစာတွေကို ဖတ်ခွင့်ရခဲ့ရင်ဖြင့် လွန်ခဲ့တဲ့ အနှစ်၇၀ ကျော် မြစ်ဝကျွန်းပေါ် တောမြို့ကလေးက ကျောင်းအုပ် ဆရာကြီး တယောက်ရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်တွေဟာ ဘာကြောင့်များ ဒီလောက် ထက်မြက်ပြီး ခေတ်ရှေ့ပြေးနေတာလဲဆိုတာ အံ့သြကြလိမ့်မယ်။ ပြီးတော့ ဆိုရှယ်လစ်ဘက်ယိမ်းတဲ့ သခင်အောင်ဆန်းနဲ့ လစ်ဘရယ်ပညာတတ်ဖြစ်တဲ့ ဦးသန့်တို့ ကျောင်းဝတ်စုံ ရှိသင့်၊ မရှိသင့် ငြင်းကြတာကလည်း စိတ်ဝင်စား စရာပါပဲ။
လက်ဝဲသမားတွေကတော့ ဦးသန့်ဟာ ဦးနု လက်သုံး ပညာရှိကြီးပါပဲ၊ ဗိုလ်နေဝင်း ဒေါက်တာမောင်မောင်ကို မသေမချင်း ဂုတ်ခွစီးသလို အစီးခံရတဲ့သူပါလို့ ဆိုကြလိမ့်မယ်။ ဦးသန့်ရေးတဲ့ ပြည်တော်သာမှတ်တမ်းကြီးမှာ ကွန်မြူနစ်သောင်းကျန်းမှုကို တော်တော်အပြစ်ဆိုထားတာကိုး။ ဦးနုရဲ့ လူထုအောင်သံ၊ စာပေဗိမာန်၊ စွယ်စုံ ကျမ်း၊ ပြည်တော်သာစတဲ့ ပရောဂျက်ကြီးတွေကို ပြန်ကြည့်ရင် ဦးသန့်နဲ့ ကင်းနိုင်တာမှ မဟုတ်ဘဲကလား။ ဦးသန့်ပြန်ကြားရေး အတွင်းဝန်၊ ဝန်ကြီးချုပ် အတွင်းဝန်ဘဝ အသက် ၄၀-၅၀ အတွင်းက ဆောင်ရွက်ချက် တွေကို ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဒေါက်တာထင်အောင်၊ ဦးခင်ဇော် (K) စတဲ့ ခေတ်ပြိုင် ပညာရှင် မျိုးဆက်တွေရဲ့ စွမ်းဆောင်ချက်တွေနဲ့ ဆက်စပ်ကြည့်မှ ပိုပြီး ရုပ်လုံးကြွလာမှာပါ။
ဆဋ္ဌသင်္ဂါယနာခေတ်၊ နိုင်လွန်ခေတ် မီလိုက်သူ မျက်နှာကြီး အသိုင်းအဝိုင်းကတော့ ဦးသန့်အရင် ကုလ သမဂ္ဂမှာ မြန်မာသံအမတ် လုပ်သွားတဲ့ ဂျိမ်းစ်ဘယ်ရင်တန်သာ ဟမ်းမားရှိုး သေတာကို မီလိုက်ရင် ဦးသန့် အတွင်းဝန်ချုပ် ဖြစ်မှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။
တကယ်တော့လည်း ဦးသန့် ဒီလိုဖြစ်လာတာကတော့ အဲဒီအချိန်က မြန်မာပြည်ရဲ့ 'ဘက်မလိုက်' တက်ကြွ တဲ့ နိုင်ငံခြားရေးဝါဒ ကျေးဇူးကြောင့်၊ ပြီးတော့ ဦးနုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုက်ထုတ်တဲ့ ဥဿဟတွေ နဲ့လည်း ဆိုင်ပါတယ်။ ပင်ကိုတော်တဲ့လူမို့ ၁ဝ နှစ်တိတိ ကုလသမဂ္ဂမှာ တောင့်ခံနိုင်တာကတော့ ဦးသန့် စွမ်း လို့ပါပဲ။ ဒီခေတ်ဒီအခါမှာတော့ မြန်မာတွေ မိုးပျံအောင်တော်နေပေမယ့် မြန်မာအစိုးရရဲ့ သိက္ခာကျမှုကြောင့် ကမ္ဘာမှာ နလံထူလှတော့တာ မဟုတ်ပါဘူး။
ဦးသန့်နဲ့ပတ်သက်ပြီး နောက်ထပ်ပြောမိကြတာက သန့်ရှင်း၊ တည်မြဲ ကွဲတဲ့အချိန်မှာ သူ မြန်မာပြည်မှာ ရှိနေ ခဲ့ရင် ဦးနုက သူ့ကို ပထစထဲပါခိုင်းမှာပဲ ဆိုတာပါ။ ဦးချမ်းသာ၊ ဦးချစ်ဖေတို့လို ICS ကြီးတွေတောင်မှ ပထစကြီးတွေဖြစ်လာ၊ နောက် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တောင်မှ ပထစအတွက် ဝင်မဲဆွယ်ပေးခဲ့ရ တာ မဟုတ်လား။ ဦးသန့်ဟာ ပြန်ကြားရေး၊ ပညာရေး စတဲ့ နေရာတွေမှာ ဒေါက်တာဧမောင်လိုပဲ ဦးနုရဲ့ ပေါ်လစီတွေကို ဖော်ဆောင်နေရပါလိမ့်မယ်။
နိုင်ငံရေးထဲ မဝင်ဘဲ အတွင်းဝန် ဆက်လုပ်နေရင်လည်း ၆၂ အာဏာသိမ်းပြီးနောက်ပိုင်း စောစောစီးစီး နားရ ဖို့ ရှိပါတယ်။ တော်လှန်ရေးကောင်စီရဲ့ ပြန်ကြားရေး၊ ပညာရေးနဲ့ စီးပွားရေးမှာ ဓာတ်ကြမ်းရိုက်တဲ့ စစ်ဆိုရှယ် လစ်မူတွေနဲ့ ဦးသန့်ဟာ ဘယ်လိုမှ မအပ်စပ်လို့ပါပဲ။ အဲဒီလို စောစောအနားယူလိုက်ရင်လည်း ကုလသမဂ္ဂ ကို သူ ရောက်သွားမှာပါပဲ။ ဒေါက်တာသာလှတို့၊ ဒေါက်တာညီညီတို့လိုပေါ့။
စိတ်ကူးယဉ်လို့မရတဲ့ သမိုင်းမှာတော့ ဖြစ်ခဲ့တာတွေကိုပဲ ကြည့်ရမှာပါ။ အတွင်းဝန်လုပ်ခဲ့တဲ့ ဦးသန့်ဟာ အတွင်းဝန်ချုပ်ဖြစ်လာတော့လည်း ကုလသမဂ္ဂဗျူရိုကရက် ယန္တရားကြီးကို နိုင်နိုင်နင်းနင်း ထိန်းချုပ်သွားခဲ့ တာပါပဲ။ ကျောင်းဆရာ၊ သတင်းစာဆရာ နောက်ခံကလာသူမို့ ဆက်ဆံရေးညက်တာကလည်း စစ်အေး အထွဋ်အထိပ်ရောက်တဲ့ ၆ဝ ပြည့်လွန်နှစ်တွေက ကမ္ဘာ့အခင်းအကျင်းမှာ အသုံးကျလှပါတယ်။ ကျူးဘား၊ မြောက်ဘော်နီယို စတဲ့ ကိစ္စတွေမှာ ဦးသန့် ဝင်လို့ရပေမယ့် ပရက်ဂ်အရေးအခင်းလို၊ အစ္စရေးလို၊ ဗီယက်နမ် လို ကိစ္စမျိုးမှာတော့ ဦးသန့်လည်း မရှင်းနိုင်ခဲ့ပါဘူး။ အင်အားကြီးတွေ လျှော့ပေးမှ ငြိမ်းချမ်းရေးဆိုတာ ပေါ် လာရတာ မဟုတ်လား။
ရင်နာစရာကောင်းတာက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ ကြိုးပမ်းခဲ့တဲ့ ဦးသန့်ဟာ မြန်မာ့ငြိမ်းချမ်းရေး အတွက်တော့ ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့တာပါပဲ။
ဦးသန့် အတွင်းဝန်ချုပ်ဖြစ်တဲ့ ၁၉၆၁-၇၁ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး ပြည်တွင်းစစ် အရှိန် တက်နေတဲ့အချိန်ပါပဲ။ မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေအားလုံးဟာ စစ်အာဏာရှင်စနစ်အောက်မှာ လူးလွန့်လို့မရဘဲ နိုင်ငံရေးလုပ်ချင်တဲ့သူတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝင်ဖို့ကလွဲပြီး တခြား လမ်း မရှိတဲ့အချိန်လည်း ဖြစ်ပါတယ်။ (၂ဝ၁ဝ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲလုပ်မယ့် နအဖ ကတော့ တော်လှန်ရေးအစိုးရထက် ပါးနပ်တယ်ပြောမလား၊ အရပ်သားမျက်နှာတပ်ပြီး စစ်အုပ်ချုပ်ရေးသစ် ထူထောင် မယ့်နေရာမှာတော့ ၁၉၇၄ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ကွာလှမယ် မထင်ပါဘူး။)
မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းပွဲတွေမှာ (၁၉၆၃၊ ၁၉၆၈) ဦးသန့် အနေနဲ့ ပါဝင်ပါရစေလို့ တောင်းဆိုသံ မကြားခဲ့ရဖူးပါဘူး။ ဒါကလည်း အမေရိကန်၊ ဆိုဗီယက် နှစ်အုပ်စုလုံးရဲ့ ထောက်ခံမှုကို ယူနိုင်တဲ့ ဗိုလ်နေဝင်းရဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့် ဖြစ်ပါလိမ့်မယ်။ ကွန်မြူနစ်ခြိမ်းခြောက် မှုကို 'မွေး' မထားနိုင်တဲ့ လက်ရှိ အစိုးရလက်ထက်မှာတော့ ဒီလို အားလုံး 'မီးသေ'တဲ့ အခွင့်အရေးမျိုး မရနိုင် တော့ပါဘူး။
အခုလို ရာပြည့်တဲ့ အခမ်းအနားကို အခွင့်ယူပြီး ဦးသန့်စာတွေ ပြန်ထုတ်ဖို့၊ ဦးသန့် Institute ကနေပြီး ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသား မြန်မာလူငယ်တွေအတွက် ပညာရေး၊ လူမှုရေး အထောက်အပံ့တွေပါ လုပ်သွားဖို့ အားထုတ်ကြလိမ့်မယ်လို့ ယူဆပါတယ်။
ဦးသန့်၊ ဦးညွန့် (ECAFE) ၊ ဦးရွှေမရ၊ ဒေါ်သန်းဧ စတဲ့ မြန်မာပညာတတ်တွေ ကုလသမဂ္ဂမှာ ဘုန်းကြီးခဲ့တဲ့ ခေတ်ကို လွမ်းမိပါသေးရဲ့။ နာဂစ်ဖြစ်တဲ့ အချိန်တုန်းက ကုလသမဂ္ဂမှာ ဦးသန့်လိုလူမျိုး ရှိခဲ့ရင်လို့ တွေးမိသူ တွေ နည်းမှာ မဟုတ်ပါဘူး။ လက်ရှိ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေကလည်း စစ်အစိုးရနဲ့ ကဏ္ဋကောစ တိုက်ဝံ့ကြတာမှ မဟုတ်ဘဲကိုး။ အမျိုးသားပညာရေးက မွေးထုတ်ပေးလိုက်တဲ့ မျိုးချစ်ပညာတတ် လူတန်း စားကတော့ မြန်မာပြည်မှာ မျိုးတုန်းခါနီးပြီထင်ပါရဲ့လေ။
ပညာရွှေအိုး
REF: မဇ္ဈိမ










BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88