Friday, March 13, 2009

UNHCR အကြီးအကဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

Thursday, 12 March 2009

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ မစ္စတာ အန်တိုနီယို ဂတ္တာရီသည် ယနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး မထွက်ခွာမီ တနင်္သာရီတိုင်း မြိတ်မြို့သို့ သွားရောက် ကြောင်း သိရသည်။

အဆိုပါ မစ္စတာ အန်တိုနီယို ဂတ္တာရီသည် ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာမည်ဖြစ်သည်ဟု ဘန်ကောက် UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ရန်တီ အစ္စမေးလ် က ပြောသည်။

မစ္စတာ ဂတ္တာရီသည် ဘန်ကောက်၌ ခေတ္တနားစဉ် ၎င်း၏ ခရီးစဉ် နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားရန် ရှိပြီး အပြည့်အစုံ သတင်းစာရှင်းလင်းပွဲကို ဂျနီဗာတွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆို ခွင့်မရှိကြောင်းလည်း မစ္စ ရန်တီ အစ္စမေးလ် က ဆိုသည်။

မစ္စတာ အန်တိုနီယို ဂတ္တာရီ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် အနီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် မွတ်စလင် ရိုဟင်ဂျာများ အရေး ဆောင် ရွက်နေသော UNHCR အဖွဲ့ဝင်များရှိရာသို့လည်း မစ္စတာ ဂတ္တာရီသည် ၂ ရက်ကြာ သွားရောက်ခဲ့သေးသည်။

ထိုရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုပေးနိုင်ရေးအတွက် မြန်မာစစ်ဗိုလ်ချုပ် များနှင့် မစ္စတာ ဂတ္တာရီ ဆွေးနွေးခဲ့ကြောင်းလည်း ဘန်ကောက် UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မစ္စတာ ဂတ္တာရီသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည် စနေန့က ရောက်ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် နေပြည်တော်၌ စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂတ္တာရီ မြန်မာနိုင်ငံသို့ မလာမီ စနေနေ့တွင်ပင် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ပီရိုမရ နှင့် ဘန်ကောက်မြို့၌ တွေ့ဆုံ၍ ရိုဟင်ဂျာအရေးကိစ္စကို UNHCR အနေနှင့် ပါဝင်ဆောင်ရန်အတွက် ဆွေးနွေး ခဲ့ကြောင်းလည်း သိရသည်။

မစ္စတာ ကဆစ်နှင့်တွေ့ဆုံပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စနှင့် ရွှေ့ပြောင်းနေထိုင်လိုသူများနှင့်ပတ် သက်ပြီး ကောင်းမွန်သည့် ဘ၀ အခြေအနေများ ဖန်တီးပေးရေးကိစ္စများကို ဦးတည်ချက်ထား၍ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်ဟု သတင်းထောက်များကို မစ္စတာ ဂတ္တာရီက ပြောကြားခဲ့သည်။

အဆိုပါ ရွှေ့ပြောင်း ရိုဟင်ဂျာများကို အကာအကွယ်ပေးရေးနှင့် ဘင်္ဂါလီ ဟုတ်မဟုတ် စုံစမ်းရန် ထိုင်းအစိုးရနှင့် UNHCR တို့က သဘောတူညီမှုရခဲ့ကြောင်း၊ မြန်မာအစိုးရကမူ ရိုဟင်ဂျာများသည် မြန်မာ တိုင်းရင်းသားမဟုတ် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ဆက်လက်ပြောဆိုနေသည်ဟု ဆိုသည်။

မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် ယခုကဲ့သို့ ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြကြောင်းသိရသည်။

ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် ပင်လယ်ပြင်တွင်း လှေဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ ဦးတည် ထွက်ခွာလာခဲ့ကြရာမှ ထိုင်းနိုင်ငံပင်လယ်ကမ်းခြေတွင် တရားမ၀င် ရွှေ့ပြောင်းရောက်ရှိလာသူများအဖြစ် လူ ၁၀၀၀ ကျော် သောင်တင်နေခဲ့ကြသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်းနှင့် လူမျိုး အစစ်အမှန်နှင့်ပတ် သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။



REF: ဧရာဝတီ

Read More...

နာဂစ် ဒုက္ခသည် ကူညီသူကို ထောင် ၁၇ နှစ်ချ

Thursday, 12 March 2009

စစ်အစိုးရက ဖမ်းဆီးထားသည့် နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ပြုလုပ်သူ ကိုမင်းသိန်းထွန်းကို ယမန်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက် ကြောင်း မိသားစု ၀င်များနှင့် ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။

ကိုမင်းသိန်းထွန်းကို အီလက်ထရွန်နစ် ပုဒ်မ ၃၃/က ၊ နယ်စပ်ဖြတ်ကျော် ပုဒ်မ ၁၃/၁ နှင့် တရားမ၀င် အဖွဲ့ အစည်း ဆက်သွယ် ပုဒ်မ ၁၇/၁ စသည့် ပုဒ်မ ၃ ခု ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ခြင်း ဖြစ် သည်ဟု အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူ တဦးက ပြောသည်။

“အဲဒီ ၃ မှု နဲ့ ထောင် ၁၇ နှစ် ချလိုက်တယ်၊ တပေါင်းတည်း ပုံစံမျိုး၊ ရှေ့နေလည်း မရှိဘူး၊ မိသားစုလည်း မ၀င်ရ ဘူး၊ မိသားစုက လာစောင့်တယ် ၀င်ခွင့်မရဘူး၊ အမိန့်ချလိုက်တယ်ပဲ သူတို့ သိရတာ”ဟု ၎င်း က ပြောသည်။

ယင်း ကိုမင်းသိန်းထွန်းကို ၂၀၀၈ ခုနှစ် ဇွန်လ အတွင်း၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် ၂ လ ခန့် စစ်ကြောခဲ့ပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“သူ့အိမ်ကိုလာစစ်သွားတာက ၁၁ - ၇ - ၂၀၀၈ မှာ၊ မိဘတွေက အဲဒီအချိန် အဖမ်းခံလိုက်ရမှန်းမသိဘူး၊ မိဘ တွေ အိမ်ကို လာရှာတဲ့ အချိန်မှာ ဖမ်းထားပြီးနေပြီ၊ သက်သေခံ ဘာတွေရှိမလဲဆိုပြီးတော့ လာရှာကြတာ၊ ဘာမှ အထောက်အထား မတွေ့သွားဘူး၊ ၁၆ - ၉ -၂၀၀၈ မှာ သူ့ကို အောင်သပြေ စစ်ကြောရေးကနေ အင်းစိန်ထောင် ကို ပို့လိုက်တာ”ဟုလည်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူက ပြောဆိုသည်။

ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေရင်း မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် နှစ် မေလ က နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသော ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးပို့ နေရာမှ မြန်မာပြည်တွင်းသို့ ကိုယ်တိုင်ဝင်ရောက်လာစဉ် နယ်စပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် တနင်္လာနေ့ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် မချိုနှင့် မသိင်္ဂီ တို့ကို အင်းစိန်ထောင်တွင်းအထူး တရားရုံးမှာပင် တရားမ၀င် အဖွဲ့အစည်း ဆက်သွယ် ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။

ယင်း မချိုနှင့် မသိင်္ဂီ တို့သည်လည်း နာဂစ် ဆိုင်ကလုန်းနောက်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနှင့် စင်္ကာပူတို့သို့ အလည်အပတ် သွားမည်

မုံပီး
ကြာသပတေးနေ့၊ မတ်လ 12 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်များအရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ မတ်လ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း အင်ဒိုနီးရှားသမတ ဆူဆီလို ဘမ်ဘန်း ယူဒ်ဟိုရိုနိ Susilo Bambang Yudhoyono နှင့် တွေ့ဆုံမှာဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာထမ်းတဦးက မဇ္ဈိမသို့ ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့သည်။

နေပြည်တော် သတင်းရပ်ကွက်အရ ၀န်ကြီးများ၊ ဒုဝန်ကြီးများပါ လိုက်ပါပြီး အဖွဲ့ဝင် ၅၀ ခန့်ရှိမည့် ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံကိုပါ သွားရောက် လည်ပတ်မည်ဟု သိရသည်။

REF: မဇ္ဈိမ

Read More...

ပြင်သစ်ဝန်ကြီး မြန်မာ ဒုက္ခသည်စခန်းသို့ သွားမည်

မဇ္ဈိမသတင်းဌာန

ကြာသပတေးနေ့၊ မတ်လ 12 2009

နယူးဒေလီ။ ။ ပြင်သစ် နိုင်ငံခြားရေးနှင့် လူ့အခွင့်အရေးဝန်ကြီး ရာမာရာဒီသည် ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ယနေ့ ရောက်လာပြီး၊ မြန်မာ့အရေး အပါအဝင် အခြားရပ်များ ဆွေးနွေးမည် ဖြစ်သည်။

မစ္စစ် ရာမာရာဒီ (Rama Yade) သည် ထိုင်းနိုင်ငံတွင် ၁၄ ရက်နေ့အထိ နေထိုင်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (Kasit Piromya) နှင့် တွေ့ဆုံ၍ ‘စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံတွင်း အခြေအနေများ အပါအဝင် ဒေသတွင်း ပြဿနာများကို ဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ပြင်သစ်ဝန်ကြီးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ ခိုလှုံရာ ဘန့်မိုင်နားဆွိုင် (Ban Mai Nai Soi) ဒုက္ခသည်စခန်းသို့ သွားရောက်ကာ ဆက်လက်၍ ကူညီနိုင်ရေးအတွက် အဓိက အလှူရှင်များနှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်သည်။

ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် လူသာချင်းစာနာမှု အကူအညီပေးသည့် ကိစ္စရပ်များကို ဆွေးနွေးမည့်အပြင် အဓမ္မလုပ်အားပေး စေခိုင်းခံရသူများ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားခံရသူများနှင့် အတင်းအကျပ် တောင်းရမ်းစေခိုင်း ခံရသူများဖြစ်သော ကလေးများနှင့် အမျိုးသမီးများ ထားရှိရာ ဘန်ကောက်မြို့ရှိ ဂေဟာတခုသို့လည်း သွားရောက်ကြည့်ရှုမည်။

ထို့ပြင် သူမသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အေ့စ် (AIDS) ဝေဒနာသည်များအား အဓိက ပြုစုစောင့်ရှောက်နေသော ဆေးရုံသို့လည်း သွားရောက်ဦးမည်။ ထိုဆေးရုံသည် ပြင်သစ် သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနမှ HIV ဗိုင်းရပ်စ်ပိုး မိခင်မှ ကလေးသို့ ကူးစက်ခြင်းဆိုင်ရာ တားဆီးကာကွယ်ရေး သုတေသနစီမံကိန်း ပြုလုပ်နေရာ ဆေးရုံဖြစ်သည်။

ရာမာရာဒီသည် ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကာကွယ်သူများနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသေးသည်။



REF: မဇ္ဈိမ

Read More...

နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် အတိုက်အခံများ ပြောဆို

နန်းဒေ၀ီ

ကြာသပတေးနေ့၊ မတ်လ 12 2009

နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အဓိကဖြစ်သည်ဟု ထိုင်းအခြေစိုက် မြန်မာအတိုက်အခံများက ယနေ့ ပြောဆိုသည်။

မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဖော်ဆောင်ရာတွင် အဓိကနှင့် အရေးကြီးဆုံးအဖြစ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် ပထမဦးဆုံး ခြေလှမ်းဖြစ်ကြောင်း သူတို့က ပြောဆိုကြသည်။

“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းရေး ခြေလှမ်းလှမ်းနေတယ်လို့ ပြောနေချိန်မှာ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမှာက ပထမဦးဆုံးနဲ့ အရေးကြီးဆုံး အကြောင်းအရာပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ထိန်းသိမ်းခံရဆဲဖြစ်ကြောင်း အေအေပီပီ စာရင်းအရ သိရသည်။

မနက်ဖြန်မှ စတင်ကာ အေအေပီပီနှင့်အတူ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - အက်ဒီဘီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ရေးထိုး လှုံ့ဆော်မည့် နိုင်ငံတကာဆိုင်ရာ ကင်ပိန်းကို ပြုလုပ်ကြမည်။

အက်ဒီဘီ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ''တွေ့ဆုံဆွေးနွေးရေးကို ထောင်ထဲမှာ ဓားစာခံလုပ်ပြီး ဆွေးနွေးတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေဟာ အာဏာကို မက်မောတာမျိုး လုံးဝ မရှိဘဲနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တဲ့ သူတွေပါ။ တိုင်းပြည်မှာ ရေရှည်ဖြစ်လာမယ့် အရေးတွေကို မျှော်ကိုးပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင် ဒီလိုလူမျိုးတွေကို ထောင်ထဲမှာ မထားဘဲနဲ့ လွှတ်ပေးမယ်ဆိုရင် ပိုထိရောက်ပါတယ်'' ဟု ပြောသည်။

အက်ဒီဘီသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အတိုက်အခံအဖွဲ့ ၇ ဖွဲ့ဖြင့် စုပေါင်းထားသည့် အင်အားစုဖြစ်သည်။

ကင်ပိန်ကို မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်ကာ၊ လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ပြုလုပ်မည်ဟု ဦးဆောင်သူများက ဆိုသည်။

ကင်ပိန်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းထောက်ရုံးတွင် ဒေသခံ မီဒီယာများ၊ နိုင်ငံခြားသား သတင်းထောက်များ ပါဝင်သည့် သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဖြစ်ကာ၊ နိုင်ငံရေး အကျဉ်းသားများ၏ ဘ၀သရုပ်ဖော်ချက်များ၊ ဓာတ်ပုံပြပွဲများပါ ပြသသွားမည်။

မနက်ဖြန် မတ်လ ၁၃ ရက်နေ့သည် “မြန်မာ့လူ့အခွင့်အရေးနေ့” ၂၁ နှစ်မြောက်နေ့နှင့် တိုက်ဆိုင်နေသည့်အပြင်၊ ကင်ပိန်းအဆုံးသတ် ၂၄ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း ပြည့်ပြီး လွတ်ရက်စေ့ရမည့် နေ့ဖြစ်သည်။

လက်မှတ်များကိုမူ ကုလ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ပေးပို့သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနား၏ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့နှင့် တွေ့ဆုံခဲ့သည်။

ထိုလ ၂၁ ရက်နေ့တွင်မူ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ရေး ပါဝင်နိုင်ရန်အတွက် ရည်ရွယ်သည်ဟု ဆိုကာ မြန်မာနိုင်ငံ အကျဉ်းစခန်းများမှ အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးခန့်သာ ပါဝင်ခဲ့သည်။



REF: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်မြ၏ သားကို ကေအန်ယူက ထုတ်ပယ်

ဖနိဒါ

ဗုဒ္ဓဟူးနေ့၊ မတ်လ 11 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင့်အမျိုးသား အစည်းအရုံး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ (ကွယ်လွန်) ၏ အငယ်ဆုံးသား ဗိုလ်ကြီး စောနေစိုးမြသည် နေပြည်တော်ရှိ မြန်မာ စစ်ခေါင်းဆောင် တဦးနှင့် သွားတွေ့သဖြင့် အဖွဲ့မှ ထုတ်လိုက်ကြောင်း ကေအန်ယူ ပြောဆိုချက်အရ သိရသည်။

ကေအန်ယူမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ရယူသည့် အဖွဲ့နှင့်အတူ နေပြည်တော်မှ ဗိုလ်ချုပ်ရဲမြင့်ထံ သွားတွေ့ခဲ့သဖြင့် ကေအန်ယူ၏ တပ်မတော်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်အေ) မှ တပ်ခွဲမှူးတဦးဖြစ်သည့် သူ့ကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

“သူ့ကို ထုတ်လိုက်တာ နှစ်ပတ်လောက်ရှိပြီ။ တပ်က ထုတ်ထားပြီးပြီ။ သူ့အဖေက အစဉ်အလာ ရှိခဲ့တာပေါ့။ သူ့အဖေက တမျိုးပေါ့လေ။ သူ့ကို အခု ကေအန်ယူကလည်း ထုတ်လိုက်တယ်။ ကေအန်အယ်အေ ကလည်း ထုတ်လိုက်တယ်။ သူက ရန်သူ့ လက်ကိုင်တုတ်တွေနဲ့ သွားပေါင်းတယ်။ ဒါ သိစ္စာဖောက်ပေါ့။ အဖေကောင်းတိုင်း သားမကောင်းဘူးပေါ့နော်” ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်တာကပေါက ပြောသည်။

ပြီးခဲ့သည့်လ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်သို့ လာရောက်နေသည့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကွင်တားနားထံ ဗိုလ်ချုပ် ထိန်မောင်အဖွဲ့က သွားရောက် တွေ့ဆုံရာ စောနေစိုးမြ လိုက်ပါသွားပြီးနောက် နေပြည်တော်တွင် ဗိုလ်ချုပ်ရဲမြင့်နှင့် တွေ့ခဲ့သည့် သတင်းများ ရရှိခဲ့သည်ဟု ကေအန်ယူက ပြောသည်။

ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော အဖွဲ့သည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကေအန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး ကေအင်ယူ-ကေအင်အယ်အေ ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။

ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် တိုက်ပွဲဝင်နေသည့် အရှေ့တောင်အာရှတွင် သက်တမ်းအကြာဆုံး အဖွဲ့ဖြစ်သည်။



REF: မဇ္ဈိမ

Read More...

Tuesday, March 10, 2009

ရဟန်းရှင်လူ ပြည်သူတွေနဲ့ တည်တဲ့ဘုရား

Monday, 09 March 2009 ဟန်လေး

REF: ဧရာဝတီ

Read More...

စစ်အုပ်စုပြောတဲ့ ရီယာယ်လတီ ဆိုတာက ဘာလဲ - နောင်ကြီး

Tuesday, March 03, 2009

မစ္စတာဂမ်ဘာရီကို နအဖကပဲ ဖိတ်ခေါ်၊ ဖိတ်ခေါ် ... ၊ ဒါမဟုတ် မစ္စတာဂမ်ဘာရီကပဲ လာချင်လို့ နအဖက လက်ခံလိုက်ရတာပဲဆိုဆို ဒီပုဂ္ဂိုလ် ဗမာပြည်ကိုရောက်လာတာ ဒီအခေါက်ပါနဲ့ပါဆိုရင် ခုနှစ်ကြိမ်မြောက်ရှိခဲ့ပါပြီ။ ဂမ်ဘာရီရဲ့ခရီးစဉ်ပြီးဆုံးတိုင်း ဗမာပြည်နိုင်ငံရေး ပြဿနာနဲ့ ပတ်သက်လို့ ဘာတွေများ အကျိုးထူးရှိခဲ့ပါသလဲ။ ... ဆိုတဲ့ မေးခွန်းတခုတော့ ကျန်ရစ်ခဲ့တတ်ပါတယ်။

ဒီမေးခွန်းရဲ့ အဖြေကိုတော့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတိုင်း၊ နိုင်ငံရေးစိတ်ဝင်စားသူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့ နိုင်ငံရေးရပ်တည် ချက်ကနေပြီး ပြောဆိုဝေဖန် ကြပေလိမ့်မည်။ တူညီသောအသံများ၊ ကွဲပြားခြားနားသောအသံများကို ကြားသိရမည်။ ကြားသိခဲ့ရပြီ။ မည်သို့ပင်ဖြစ်စေ ထိုအသံများဖြင့် မျက်မှောက်ဗမာပြည်ရဲ့ လက်တွေ့နိုင်ငံရေး အခင်းအကျင်းကိုတော့ အတတ်နိုင်ဆုံး ဖော်ရှိုးတာ လုပ် ကြပေလိမ့်မည်။

မစ္စတာဂမ်ဘာရီ ဗမာပြည်သို့လာရောက်ခဲ့တိုင်း ကျနော်တိုမသိနိုင်တဲ့ ရည်ရွယ်ချက် အမျိုးမျိုးသူ့မှာ ပါလာပါလိမ့်မည်။ သူ့ရည်ရွယ်ချက် တွေနဲ့ သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ ဗမာပြည်နိုင်ငံရေးလောကကို ကိုယ်စားပြုသူများကိုတော့ တွေ့ဆုံစကားပြောဆို တာ၊ ဘက်အသီးသီးရဲ့ နိုင်ငံရေးအမြင်အယူအဆတွေကို ကြားနာရတာတွေကိုတော့ မုချလုပ်ရမှာပါပဲ။ ပြောဆိုတာ ၊ နားထောင်တာ ပြီးမှပဲ သူ နားလည်ချင်သလို နားလည်ယူသွားပါလိမ့်မည်။ တကယ်တော့ မစ္စတာဂမ်ဘာရီလာရောက်ခြင်း၊ မလာရောက်ခြင်းသည် ဗမာပြည်နိုင်ငံရေး ပြဿနာဖြေရှင်းရေးတွင် သော့ချက်ကျတဲ့ အရေးပါမှုတော့ မဟုတ်နိုင်ပါ။ သို့ပေမဲ့လည်း ပြဿနာဖြေရှင်းရေးတွင် ပြင်ပအကြောင်းအချက်များစွာထဲက အချက်အလက် တခုအဖြစ်နဲ့တော့ ပါဝင်နိုင်ပါသေးတယ်။

မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်တိုင်းမှာ မုချကြားရမည့် အသံများအနက် ဗမာပြည်မှာ ယခုအထိ မျက်နှာချင်းမဆိုင်နိုင်သေးတဲ့၊ အဓိက နိုင်ငံရေးအုပ်စုကြီးနှစ်ခုဖြစ်တဲ့ နအဖ စစ်အုပ်စုရဲ့အသံနဲ့ ဒီ/ချုပ် တို့ရဲ့အသံကိုတော့ အထူးအာရုံစိုက် နားစွင့်မိကြပါလိမ့်မည်။ ဂမ်ဘာရီနဲ့ အခါအားလျော်စွာ တွေ့ဆုံခွင့်ရလိုက်တဲ့ အုပ်စုငယ်၊ အဖွဲ့ငယ်လေးတွေတော့ရှိပါရဲ့။ သူတို့ရဲ့အသံတွေကိုလဲကြားမိပါရဲ့။ ဒါပေမဲ့ သူတို့ ပါးစပ်ဖျားကထွက်တဲ့ အသံဆိုတာကလည်း နအဖရဲ့ အယူအဆ၊ အတွေးအခေါ်ကို သံယောင်လိုက်ပြီး လိုက်ပြောနေတာဖြစ်လို့ ထူးခြား ချက် စာရင်းကနေ ဖယ်ချန်ထားရင်ရတယ်။ နအဖ ဟာ သူ့ရဲ့ အစွယ်အပွားတွေနဲ့ သူရင်းငှားတွေကို ပွဲထုတ်ပြီး ဂမ်ဘာရီကို မျက်လှည့်ပြ ထားလို့ပါပဲ။

ဒီတခေါက် ဂမ်ဘာရီခရီးစဉ်အတွင်းက အဓိကကျတဲ့ နိုင်ငံရေးအုပ်စုကြီးနှစ်ခုဖြစ်တဲ့ နအဖစစ်အုပ်စုရဲ့အသံနဲ့ ဗမာပြည်၊ ပြည်သူ့များရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ရှေ့တန်းကဦးဆောင်ပြီး ရုန်းကန်ချီတက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ လတ်လတ်ဆတ်ဆတ် ရှိနေသေးတဲ့ အသံများကို အထူးအာရုံစိုက်ကာ နားလည်မှုယူကြည့်ဖို့ လိုအပ်လာပါပြီ။ မကြာမှီ နှစ်ပါတ်ကျော်လောက်ကမှ ပြောဆိုသွား တဲ့ အသံများကို ကြားသိခဲ့ကြတာနဲ့ တပြိုင်နက်တည်းမှာပဲ ဗမာပြည်နိုင်ငံရေးရဲ့ တကယ့်ပကတိ ဖြစ်တည်နေမှုတွေက ဘာလဲဆိုတာ ကိုလည်း စဉ်းစားမိကြလိမ့်မည်ဟု ယူဆရပါတယ်။

ဗမာပြည်ရဲ့ နိုင်ငံရေးပြဿာနာ ဖြေရှင်းရေးလို့ ပြောကြမယ်ဆိုရင်ပဲ ပြဿနာတွေက အထွေးလိုက် ပေါ်ထွက်လာပါလိမ့်မယ်။ အဲဒီပြဿ နာတွေကို အစီအစဉ်လိုက်၊ အဆင့်လိုက် ဖြေရှင်းနိုင်မှသာ ရနိုင်လိမ့်မည်ဟု ထင်မြင်ယူဆမိတယ်။ လက်ငင်းပြဿနာရဲ့ လုပ်ငန်းတာဝန် မှာ ဒီနိုင်ငံရေးအုပ်စုကြီး နှစ်ခုကြားမှာ တည်ရှိနေဆဲ၊ ဖုန်းကွယ်လို့မရနိုင်တဲ့ နိုင်ငံရေးပြဿနာများကို ဦးစွာပြေလည်အောင် ဖြေရှင်းနိုင် ရေးဟာ အရေးကြီးဆုံးနဲ့ အဓိကအကျဆုံးဖြစ်တယ်။ လက်တွေ့ရင်ဆိုင်နေရသောပြဿနာသည် ဗမာပြည်ရဲ့ ဒီမိုကရေစီရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ... စတဲ့ ပြဿနာတွေနဲ့ တိုက်ရိုက်ဆက်နွှယ်နေလို့ပါပဲ။ ဒါဟာ ဗမာပြည်နိုင်ငံ ရေးရဲ့ ပကတိဖြစ်တည်နေတဲ့အရာ ကိစ္စများဖြစ်တယ်။ ဒါဟာ ဗမာပြည်နိုင်ငံရေးရဲ့ ရီယာယ်လတီ အခြေအနေများ ဖြစ်တယ်။

ဗမာပြည်နိုင်ငံရေးရဲ့ ပကတိအခြေအနေ ဒါမှမဟုတ် ရီယာယ်လတီကို ကြည့်မြင်ပြီး ကောက်ချက်ချတာ၊ သုံးသပ်ကြတာကအစ၊ လုပ်ငန်း စဉ်ရေးဆွဲထားကြတဲ့အထိ ဂမ်ဘာရီရဲ့ ခရီးစဉ်ထဲမှာ ပိုပြီးအသံကျယ်ကျယ်ကြားရပါလိမ့်မယ်။ ကိုယ်စားပြုနိုင်ငံရေးကို ပဲ့တင်ရိုက်ခတ် လာတဲ့ အသံတွေကို နားထောင်ရုံနဲ့ မလုံလောက်နိုင်။ ထိုအသံတွေက ဘာကိုကိုယ်စားပြုပြောဆိုနေတာလဲ။ ပြဿနာများအပေါ် ဘယ် လိုနိုင်ငံရေး ရပ်တည်မှု သဘောထားရှိနေလဲ၊ ဘာအမြင်နဲ့ကြည့်မြင်နားလည်ထားတာလဲ၊ ဘယ်နည်းနာများကိုစွဲကိုင် အသုံပြုနေကြ သလဲ။ ... ဆိုတာကိုတော့ နိုင်ငံရေးပါတီအသီးသီးရဲ့ လက်တွေ့ပြုမှု ဆောင်ရွက်ချက်များဖြင့် အကဲခတ်မှသာ မှန်ကန်သင့်တော်ပါလိမ့် မည်။ ဒီလိုမှသာ ဘယ်သူက ဘယ်လို နိုင်ငံရေးအမျိုးစားကို ကိုယ်စားပြုပြောဆို၊ လုပ်ကိုင်နေတယ်ဆိုတာ လက်ညှိုးထိုးထောက်ပြနိုင်မှာ ဖြစ်တယ်။

မစ္စတာဂမ်ဘာရီရဲ့ နောက်ဆုံးလာရောက်ခဲ့တဲ့ ခရီးစဉ်မတိုင်ခင်ကတည်းက ဒီ/ချုပ်ဟာ သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ထုတ်ဖော် ပြောဆိုခဲ့တာတွေ့ရတယ်။ ဂမ်ဘာရီရောက်လာပြီး တွေ့ဆုံခွင့်ရတဲ့ အခါမှာတော့ သူ့သဘောထားများကို ရှင်းရှင်းလင်းလင်း ဖော်ထုတ် လာပါပြီ။ ဒီ သဘောထားတွေဟာ ဒီ/ချုပ် ရဲ့ လတ်တလောလုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာမျိုး ပြောဆိုလာတာကိုလည်း ကျနော်တို့ ကြားသိ ခဲ့ရပြီ။ အဲဒီလုပ်ငန်းစဉ်မှာ ပါရှိတဲ့ အချက် (၄ ) ချက် - နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်ပေးရေး၊ ပြည်သူ့လွတ်တော်ခေါ်ယူပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရီဗျူးကော်မတီဖွဲ့စည်းရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေး - ဖြင့် တင်းမာနေတဲ့ မျက်မှောက်ဗမာပြည် နိုင်ငံရေးအခြေအနေကို ထိုးဆွကြည့်လိုက်တယ်။

ဒီ/ချုပ် တင်ပြလာတဲ့ လုပ်ငန်းစဉ်ကို ထောက်ခံသူနဲ့ ကန့်ကွက်သူများ ချက်ချင်းပဲ ပေါ်ထွက်လာပါတယ်။ ထောက်ခံသူအများစုကတော့ ဗမာပြည် ပြည်သူတွေရဲ့ ဒီမိုကရေစီရေးကို အစဉ်တစိုက် ရုန်းကန်ပြီး အကောင်အထည်ဖော်နေသူတွေဖြစ်ကြပြီး၊ ကန့်ကွက်ပြောဆိုနေ သူတွေကတော့ လက်ရှိအာဏာချုပ်ကိုင်ထားတဲ့ နအဖစစ်အုပ်စုနဲ့ သူ့အစွယ်အပွားများဖြစ်ကြတယ်ဆိုတာ သိခဲ့ကြပြီးအတိုင်းပါပဲ။

နအဖ စစ်အုပ်စုက ဒီ/ချုပ်ရဲ့ တင်ပြချက်တိုင်းကို ခါးခါးသီး ပယ်ချခဲ့တာက ဒီတကြိမ်တော့မဟုတ်ပါဘူး။ (၁၉၉ဝ) ခုနှစ် မေ ရွေးကောက် ပွဲမှာ ဒီ/ချုပ် ကို ပြည်သူလူထုက သူတို့ကိုယ်စား တိုင်းပြည်ကို စီမံအုပ်ချုပ်ခွင့် အာဏာအပ်နှင်းကြောင်း ဆန္ဒမဲပေးပြီး ရွေးချယ်ခဲ့တယ်။ ဒီ/ချုပ် က (၉ဝ) ခုနှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နိုင်ခဲ့တယ်။ ဒါကတကယ့်ပကိအခြေအနေပါ။ တကယ့်အမှန်တရားပါ။ စစ်အုပ်စု က တကယ့် ပတိအခြေအနေကို ငြင်းပယ်ခဲ့တယ်။ အဲဒီကစတင်ခဲ့တဲ့ ငြင်းပယ်ခြင်းဟာ နှစ်ပေါင်းနှစ်ဆယ်ပြည့်တော့မှာပါ။ အနိုင်ရ ဒီ/ချုပ် အပေါ် စစ်အုပ်စုဟာ မကြေမချမ်းဖြစ်ခဲ့ပြီး အညှိုးတကြီးနဲ့ လက်တုန့်ပြန်နေတာ ဒီနေ့ အထိပဲ။ တတိုင်းပြည်လုံး သိတယ်။ အဲဒီက စတင်ခဲ့ တဲ့ နိုင်ငံရေးအရ မကြေလည်မှုကနေပြီး ဗမာပြည်မှာတည်ရှိနေတဲ့၊ မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို နအဖစစ်အုပ်စုက ပိုမို ကြီးထွား၊ ပိုမိုနက်ရှိုင်းစေလိုက်တော့ တာပါပဲ။

နအဖ စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ တကယ့်ပကတိ အခြေအနေကို မျက်ကွယ်ပြုပြီး၊ သူတို့ရဲ့ အာဏာလောဘတွေကို အခြေခံထားတဲ့ နိုင်ငံရေးလုပ်နည်းတွေနဲ့ စတင်လှုပ်ရှားလာခဲ့တယ်။ လွန်ခဲ့တဲ့ (၅) ကျော်လောက်က နအဖဟာ ဒီပဲယင်း အရေးအခင်းကို ဖန်တီးပြီး၊ ဒီ/ချုပ် ရဲ့နိုင်ငံရေးကို သင်းသတ်ပစ်ဖို့ကြိုးစားခဲ့တယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်း နအဖရဲ့ နိုင်ငံရေးလုပ်နည်းတွေနဲ့ ပတ်သက်ပီး ဗမာပြည်ရဲ့ခေတ်သစ်သမိုင်း (နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးသမိုင်း) မှာသက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးပါတီတခု ရဲ့ ခေါင်းဆောင်တယောက်က အဲဒီဖြစ်စဉ်ကို နိဂုံးချုပ်ပြီး မှတ်ချက်ချ ဝေဖန်ခဲ့ဘူးပါတယ်။ အဲဒါကတော့ “စစ်အုပ်စုရဲ့ နိုင်ငံရေးလုပ်နည်း မှာ သူတို့တတ်ကျွမ်းထားတဲ့ စစ်ရေးပရိယာယ် (D) ငါးလုံးပေါ်လစီကို အခြေအနေကြည့်ပြီးလုပ်ခြင်းဖြစ်သည်။ ” ဆိုပြိး မှတ်ချက်ချပါ တယ်။ ထိုခေါင်းဆောင်က ဆက်လက်ပြီး ဝေဖန်ချက်ပေးထားတာကတော့ “စစ်ရေးတွင် (D) ငါးလုံး ပေါ်လစီကျင့်သုံးလျှင် ဒါက လုပ်ရိုး လုပ်စဉ်ဖြစ်၍ ကမ္ဘာက၊ ပြည်သူက နားလည်ခွင့်လွတ်သည်။ နိုင်ငံရေးတွင်ကား ခွင့်မလွှတ်ကြ၊ ရှုတ်ချကြသည်” ဆိုတာပါပဲ။

အဲဒီ (D) ငါးလုံးပေါ်လစီဆိုတာကတော့ အောက်ပါအတိုင်းဖြစ်ပြီး၊ နအဖ စစ်အုပ်စုလုပ်နေတဲ့ မျက်မှောက်နိုင်ငံရေးလုပ်နည်းတွေနဲ့ ဆက်စပ်စဉ်းစားလိုက်မည်ဆိုလျှင် နအဖ ပြောနေတဲ့ ရီယာယ်လတီ ဆိုတာကို အကြမ်းသဘောတော့ တွေ့မြင်ရပါပြီ။

(၁) deny ( ငြင်းပယ်ပစ်ခြင်း)
- ဥပမာ - ၉ဝ ခုနှစ်ရွေးကောက်ပွဲရလာဒ်ကို ငြင်းပယ်ခြင်းမျိုး။

(၂) delay ( အချိန်ဆွဲခြင်း)
- ဥပမာ - ဒိုင်ယာလော့ကို ပုံစံမျိုးစုံဖြင့်အချိန်ဆွဲထားခြင်း။ ဒိုင်ယာလော့ကို ယတိပြတ်ပစ်ပယ်တာမလုပ်၊ ဆက်သားလွတ် ( ဗိုလ်အောင် ကြည်ကို လွှတ်ပီး) စကားပြောတာကိုပဲ ဒိုင်ယာလော့လိုလို ပုံဖျက် ပြောဆိုနေတာမျိုး။

(၃) deceive (လှည့်စားခြင်း)
- နအဖစစ်အုပ်စု အကျွမ်းကျင်ဆုံးအလုပ်ပါ။ အောက်တန်းကျတဲ့နည်း၊ တနပ်စားဥာဏ်နဲ့ လုပ်ရမယ် နည်းဆိုလည်းသူတို့ဝန်မလေးဘူး။ ပြီးတော့မလိမ့်တပါတ် လုပ်တတ်တဲ့ နည်းမျိုးတွေလဲ ထည်လဲ သုံးတတ်တယ်။ ဥပမာ
- ၉ဝ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပေးပီး၊ စစ်တန်းလျားပြန်မယ် ပြောတာမျိုး။
- ဒီ/ချုပ် နဲ့ တော့တွေဆုံစကားပြောဖို့ နှုတ် အ နေပေမဲ့ အခြားအင်အားစုတွေနဲ့တော့ စေ့စပ်ဆွေးနွေးရေးတံခါး အမြဲဖွင့်ထားပါတယ် ဆိုတဲ့အပြောမျိုး။

(၄) disrupt (ရှုပ်ထွေးစေခြင်း၊ ကမောက်ကမဖြစ်စေခြင်း)
ဒီ/ချုပ် အပေါ်တလျှောက်လုံး ပြုမှုလုပ်ဆောင်နေတာကို မြင်တွေ့နိုင်တယ်။

(၅) destroy (ချေမှုန်းပစ်ခြင်း)
- ဒီ/ချုပ် ကိုချေမှုန်းဖို့ အကြိမ်ကြိမ်ကြိုးစားနေတာ၊ သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဖွဲ့အစည်းမှထုတ်ခိုင်းတာ၊ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းအားထုတ်တာ၊ ခေါင်းဆောင်မှုအဖွဲ့နဲ့ အဖွဲ့အစည်းကင်းကွာသွားအောင် ခေါင်းဆောင်တွေကို ဖမ်းချုပ်ထား တာ၊ ပါတီအဖွဲ့အစည်းတွေ ရှင်သန်ခွင့်မရအောင် ဥပဒေ၊အမိန့်တွေနဲ့ကန့်သတ်ထားတာ၊ ပါတီအဖွဲ့အစည်းနဲ့ လူထုနဲ့ကင်းကွာအောင် လုပ်တာ၊ အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲသူတွေကို ခွဲထုတ်၊ ဖဲ့ထုတ်တာ၊ ဒီမိုကရေစီအခွင့်အရေး တောင်းဆိုသူတွေကို နှစ်ရှည် လများထောင်ချကာ၊ နိုင်ငံရေးပြန်ပေးဆွဲမှုများ ပြုလုပ်နေတာ ... စတဲ့ အချက်အလက်တွေက ဒီ/ချုပ် ကိုချေးမှုန်းရေး လုပ်နေတယ် ဆိုတာထင်ရှားလှတယ်။

ဒါတွေကတော့ (၉ဝ) ခုနှစ် ရွေးကောက်ပွဲမှာ ဒီ/ချုပ် က အနိုင်ရပီးတဲ့နောက်ပိုင်းမှာ - ဒီ/ချုပ် အပေါ်တွင်လည်းကောင်း၊ ဒီမိုကရေစီ ရေးလိုလား တောင်းဆိုနေသူများအားလည်းကောင်း၊ လူထု၊ လူတန်းစာအသီးသီးဟာ မိမိတို့နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေ မတရား အလုယက်ခံနေလို့ ပြန်လည်ရရှိရေး တောင်းဆို၊တိုက်ပွဲဝင်နေသူတွေ အပေါ်မှာလည်းကောင်း နအဖစစ်အုပ်စုဟာ အဲဒီ ပေါ်လစီကို ကိုင်စွဲပြီး နေ,မနား၊ ည,မအား ဖိနှိပ်,ချိုးနှိမ်နေတာကို ရူးသွပ်နေသူကလွဲရင် တတိုင်းပြည်လုံးသိတယ်။ မဆလတပါတီ အာဏာရှင် စနစ်ကို လူထုကဖြိုချလိုက်ပြီးနောက်၊ တိုင်းပြည်ရဲ့အာဏာကို စစ်တပ်က အကြွင်းမဲ့သိမ်းပိုက်လိုက်တယ်။ အဲဒီနောက် ဗမာပြည်ရဲ့ တကယ့်အခြေအနေဟာ ယခု တင်ပြခဲ့တဲ့အတိုင်းဖြစ်လာခဲ့တယ်။ ဖြစ်နေတယ်။

ဗမာပြည်ရဲ့ တကယ့်နိုင်ငံရေးဘဝ အခြေအနေကို ကြည့်ပြီး၊ ခံစားနားလည်ကြတဲ့နေရာမှာ တယောက်နဲ့တယောက်နဲ့၊ အုပ်စုတခုနဲ့တခု၊ အဖွဲ့အစည်းတခုနဲ့တခုမတူညီနိုင်။ ကွဲပြားခြားနားနေမယ်ဆိုတာ မပြောလည်းသိနိုင်တယ်။ ဒါပေမဲ့ တိုင်းပြည်တခုလုံးရဲ့ ပင်မလိုအပ်ချက် ဖြစ်တဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေနှင့် သွေးစည်းညီညွတ်ရေး (အမျိုးသားအကျိုးစီးပွား) ဆိုတဲ့ ဘုံရပ်တည်ချက်ပေါ်ကနေ အစချီပြီး၊ တကယ့်ပကတိ အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြရမယ်။ ပြဿနာတွေကို နားလည်ယူတာလုပ်ကြရမယ်။ ပြီးတော့ သမိုင်းဖြစ်ပေါ် တိုးပွား ရေးအမြင် ကိုလက်ကိုင်ထားပြီး လုပ်ကိုင်ဆောင်ရွက်ခြင်း အားဖြင့်သာလျှင် တည်ရှိဆဲပြဿနာများကို ကျော်လွှားနိုင်မှာဖြစ်တယ်။ အခု တော့ လျှာအရိုးမရှိတိုင်း ပြော, ပြောနေတဲ့ နအဖရဲ့ ရီယာယ်လတီ ဆိုတာက ဘယ်, အကျိုးစီးပွားပေါ် အခြေခံပြီး ပြောနေတာလဲ။ ဘယ် သူ့အတွက် ရီယယ်လတီလဲ။ ဆိုတာ စစ်ဆေး၊ မေးမြန်းစရာဖြစ်လာပါပြီ။

နအဖ စစ်အုပ်စုရဲ့ နိုင်ငံရေးလုပ်နည်းနဲ့ တိုင်းပြည်ကို အုပ်စိုးခဲ့တာ ဘယ်အထိဖြစ်ပေါ်တိုးပွားနေပြီလဲဆိုတာ ရှည်ရှည်ဝေးဝေးကြည့် နေစရာမလိုဘူး။ နှစ် (၂ဝ) စာလောက်ကိုပဲ မျက်စိကစားကြည့်လိုက်။ ပြီးတော့ မျက်မှောက် စစ်အုပ်စုရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ ဆက်စပ်လိုက်။ ဒီအခါမှာ နအဖ ပြောပြောနေတဲ့ ရီယာယ်လတီဆိုတဲ့ အခြေအနေဆိုတာဟာ ဒီယုန်မြင်လို့၊ ဒီချုံထွင်ထားတဲ့၊ နအဖရဲ့ အာဏာရမက်တွေကို အခြေပြုဖန်တီးယူထားတဲ့ အကြောင်းအချက်တွေဖြစ်တယ်ဆိုတာ ရှင်းရှင်းမြင်တွေနိုင်ပါတယ်။ ဒါပေမဲ့၊ ကြောင် တောင်ကန်းသူကတော့ မြင်နိုင်မှာ မဟုတ်ဘူး။ အကြောင်းကတော့ သူတို့ရဲ့ကိုယ်ခံအား (နိုင်ငံရေးရပ်တည်ချက်) ကြောင့်လို့ပဲ ပြောရ တော့မှာပဲ။

မဆလ စစ်အုပ်စုလက်ထဲကနေပြီး၊ အာဏာလွဲပြောင်းယူခဲ့တဲ့ နဝတ - နအဖ စစ်အုပ်စုရဲ့ အနှစ် (၂ဝ) လုပ်ဆောင်ချက်တွေက သူတို့ ပြောဆိုနေတာတွေနဲ့ ထပ်ထူကျခဲ့ပါသလား။ လူထုဆန္ဒတွေကို ဘယ်လောက် အကောင်အထည်ဖော်ပေးထားသလဲ။ လူထုအကျိုးစီးပွား တွေကို ဘယ်လောက်ထိ မြင့်တက်အောင်လုပ်ပေးနိုင်ခဲ့သလဲ။ ... စတဲ့ လက်တွေ့ကျတဲ့ မေးခွန်းတွေရဲ့အဖြေကပဲ တကယ့်ရီယာယ်လတီ ဆိုတဲ့ အကြောင်းအချင်းအရာတွေကို ပီပီပြင်ပြင် ဖော်ပြပေးနိုင်ပါလိမ့်မယ်။

အခုတလော နအဖစစ်အုပ်စုနဲ့ သူရဲ့သူရင်းငှားတွေက ရီယာယ်လီတီဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာတာကို သတိပြုမိကြ လိမ့်မယ်ထင်ပါတယ်။ နအဖ မီဒီယာ( ရေဒီယို၊ ရုပ်မြင်သံကြား၊စာနယ်ဇင်း) များတွင် မျက်စိရှုပ်လောက်အောင်၊ နားခါးလောက်အောင် ရေးသား ပြောဆိုနေတယ်။ ဒီစကားလုံးကို ဘယ်ကာလကစတင်ပြီး ပေါပေါများများသုံးစွဲလာခဲ့သလဲဆိုတော့ (၂ဝဝ၈) ခုနှစ်မေလတွင် နအဖ စိတ်တိုင်းကျ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထုဆန္ဒခံပွဲပြုလုပ်ပြီး အတည်ပြုချက် ရယူထားပြီးနောက်ပိုင်း၊ နအဖအတွက် စားမဝင်အိပ်မပျော် လောက်အောင်၊ အရူးအမူးလိုချင်နေတဲ့ ရလဒ် ပေါ်ထွက်လာပြီး နောက်ပိုင်းကတည်းက ဒီနေ့အထိ ဆိုပါတော့။ အဲဒီကစပြီး ခြေရာကောက်ကြည့်ရင် နအဖ ပြော, ပြောနေတဲ့ ရီယာယ်လတီ ဆိုတာရဲ့ အဓိပ္ပါယ်ကို ရှင်းစရာမလိုအောင် သိမြင်နိုင်ပါလိမ့်မယ်။

နအဖဟာ သူ အရူးအမူးလိုချင်နေတဲ့ ရလဒ်ကို ဘယ်လို နည်းနာတွေ အသုံးပြုပြီးရယူခဲ့သလဲ။ လိုချင်တဲ့ရလဒ်ကို ရအောင်ယူတဲ့ အခါမှာ တိုင်းပြည်ရဲ့ အာဏာအဝဝကို ချုပ်ကိုင်ထားတဲ့အတိုင်း အာဏာကို ထိထိရောက်ရောက်အသုံးချနိုင်ခဲ့တယ်။ လူထုကို ဘက်ပေါင်းစုံ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) ကနေပြီး အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဥပဒေအမိန့်တွေ ထုတ်ပြန်ပြီး ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်သူ၊ ဆန့်ကျင်သူတွေကို ဖမ်းဆီးခြင်း၊ ထောင်နှစ်ရှည်ချခြင်း ...စတဲ့ နည်းနာတွေကို အသုံးချခဲ့တယ်။ အသုံးချနေဆဲလည်း ဖြစ်တယ်။ အဲဒီနည်းနာတွေနဲ့ လူထုတွေရဲ့ ဆန္ဒတွေကို သွေးအေးအေးနဲ့ လုယက်ယူနိုင်ခဲ့တယ်။

အခြားနည်းနာ တခုကတော့ ဆန္ဒခံယူပွဲနဲ့တိုက်ဆိုင်နေတဲ့ကာလမှာအသုံးပြုခဲ့တဲ့နည်းနာပါ။ (၂ဝဝ၈) ခုနှစ်၊ မေလဆန်းပိုင်းက တိုင်းပြည် အတွက် အလွန်ကြေကွဲဖွယ် အဖြစ်ဆိုးကြီး တခုကြုံတွေ့ခဲ့ရတယ်။ အဲဒါက ဗမာပြည်ရဲ့သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ သဘာဝ ဘေး အန္တရာယ်တခု ကျရောက်ခဲ့စဉ်ကဖြစ်ပါတယ်။ ပြည်သူတွေ သိန်းချီပြီး သေဆုံးခဲ့ရတယ်။ သန်းနဲ့ချီပြီး အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်။ တတိုင်း ပြည်လုံးဟာ အဲဒီ အဖြစ်အပျက်ကြောင့် ပူဆွေးသောကတွေရောက်နေချိန် ဖြစ်တယ်။ ဒီလို ပြည်သူတွေ ဝမ်းနည်းပူဆွေးဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး နအဖက နိုင်ငံရေးအမြတ်ထုတ်လိုက်ပါတော့တယ်။ အဲဒီနည်းနာတွေနဲ့ သူ့လိုအပ်ချက်ကို အတင်းအဓမ္မ ဖန်တီး ယူခဲ့တယ်ဆိုတာ နာကျင်နာကျည်းစွာ မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒီအဖြစ်ပျက်တွေကို ကြည့်လိုက်ရင် နအဖစစ်အုပ်စုဟာ ပြည်သူတွေကို နှိပ်ကွပ်ပြီး၊ အကြင်နာကင်းမဲ့စွာနဲ့ သူ့တို့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်လိုက်ကြတယ်။ ဒီအကြောင်းကိစ္စရပ်တွေကိုတော့ လူထုတွေရဲ့ အသိမှာ နာကျင်နာကျည်းစွာ စွဲကျန် နေအုံးမယ်ဆိုတာ သံသယရှိစရာမလိုပါ။

နအဖစစ်အုပ်စုဟာ ရူးမိုက်မှုတွေနဲ့ ရင်းနှီးပြီးရရှိလိုက်တဲ့ (၂ဝဝ၈) မေ ရလဒ်ဟာ ဒီပဲယင်းအရေးအခင်း (လက်နက်မဲ့လူထုနဲ့ ဒီ/ချုပ် အဖွဲ့ဝင်တွေကို နအဖရဲ့ လက်ကိုင်ဒုတ်တွေက အကြမ်းဖက်ပြီး ညတိုက်ပွဲဖြင့် ချေမှုန်းခဲ့ကြတယ်။ ဒီအရေးအခင်းမှာ လူထုတွေနဲ့ ဒီ/ချုပ် အဖွဲ့ဝင်တွေရဲ့ အသက်တွေ၊ သွေးတွေ၊ဘဝတွေစွန့်လွတ်ခဲ့ရတယ်၊ စွန့်လွတ်နေရဆဲလည်းဖြစ်တယ်) ဖန်တီးပြီး ပေါ်ထွက်လာတဲ့ နအဖရဲ့လမ်းပြမြေပုံ ရှေ့ဆက် သွားရေးကို လမ်းပွင့်သွားစေဖို့ အရေးကြီးအချက် ဖြစ်သွားစေခဲ့တယ်။ “သူခိုးရွှေရ၊ တပြပြ” ဆိုသလို နအဖဟာ လုယက်ယူထားတဲ့ အဲဒီ ရလဒ်ကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းကလူထုကို လှည့်စားဖို့ တကယ့်ရီယာယ်လတီ ဆိုတဲ့ စကားနဲ့ အနားသတ်ပေးလိုက်ပါတော့တယ်။

လုယက်ပါရလဒ်ကို အသုံးပြုပြီး (၂ဝ၁ဝ) ကို ရွေးကောက်ပွဲအတွက် နေ့မအား၊ ညမနား ပြင်ဆင်နေတယ်ဆိုတာလည်း အားလုံးခံစားမိ ကြမှာပါ။ (၂ဝ၁ဝ) ရွေးကောက်ပွဲကို နအဖ စစ်အုပ်စုဟာ လွယ်လွယ်နဲ့ ကျော်နိုင်လိမ့်မယ်လို့ သူလဲထင်ထားပုံမရသလို၊ ပြည်သူလူထု ကလည်း သူကို လွယ်လွယ်နဲ့ကျော်ဖြတ်ခွင့်မပေးဘူးဆိုတာတို့ဟာ တိုင်းပြည်ရဲ့ တကယ့်နိုင်ငံရေးအခြေအနေပါ။

ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ နအဖဟာ အရေးကြီး နိုင်ငံရေးပြဿနာများကို မုချကိုင်တွယ်ရတော့မှာပါ။ ၉ဝ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို ဘယ်လိုသဘောထားမလဲ။ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေကို ဘယ်လိုသဘော ထားမလဲ။ ... စတဲ့ ပြဿနာတွေက သူတို့ကို အိပ်မက်တစ္ဆေအဖြစ်နဲ့အခြောက်ခံနေရဆဲ။ ဒါပေမဲ့ ဘာမှမမှုသလို့အိနြေ္ဒကြီးတခွဲသားနဲ့ တွေ့ရပါလိမ့်မယ်။ လက်တွေ့မှာတော့ (၂ဝ၁ဝ) ကို ဘေးကင်း၊ ရန်ကင်းကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို ရက်ရက် စက်စက် ထောင်နှစ်ရှည်ချပြ နေတာမျိုး လုပ်ပြနေရတယ်။ တဖက်ကလည်း ဒုစရိက်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ဟန်ပြ ဂရုဏာနဲ့ လွတ်ပြပြီး နိုင်ငံရေးအမြတ်ထုတ်နေတာတွေကိုလည်း တွေ့ကြပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် နအဖစစ်အုပ်စုဟာ လုယက်ပါရလဒ်ကို တကယ့်ရီယယ်လတီအဖြစ် ထင်မှတ်ပြီး (၂ဝ၁ဝ) ကို ကျော်ဖြတ်ဖို့ ရှိသမျှ အားတွေနဲ့ မီးကုန်ယမ်းကုန် မိုက်ကန်းဖို့ပြင်ဆင်နေတယ်။ တပြိုင်နက်တည်းမှာ တိုင်းချစ်ပြည်ချစ် နိုင်ငံရေးလုပ်ဆောင်သူတွေကို အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်ထောင်ဒါဏ်တွေချမှတ်ပြီး နှိပ်ကွပ်၊ချေမှုန်းထားတယ်။ အဲဒီ အခြေအနေကိုပဲ နအဖက တကယ့် အခြေအနေ ၊ ရီယာယ်လတီ လို့ပြောနေတာပါ။

(၂ဝ၁ဝ) ကို နအဖ က အနှောက်အယှက် အဟန့်အတားမရှိသာ ကျော်သွားနိုင်ရင် သူစိတ်တိုင်းကျရေးဆွဲထားတဲ့၊ လေတိုးပေါက် မရှိ အောင် ရေးဆွဲထားတဲ့ နအဖရဲ့ ဖွဲ့အုပ်ချုပ်ပုံအခြေခံဥပဒေဟာ ကျားသေကို အသက်သွင်းလိုက်သလို ရှင်သန်လာပါလိမ့်မည်။ ဘာဆက်ဖြစ်လာမလဲဆိုတော့ - နအဖစစ်အုပ်စုရဲ့ စစ်အာဏာရှင်စနစ်ကို ပုံစံတမျိုးနဲ့ အတည်ပြုလက်ခံပေးလိုက်ရတာမျိုး လုပ်ပေးတော့ ရမယ်။ စစ်အုပ်စုနဲ့ သူ့အပေါင်းပါ လူတစုရဲ့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကို ခွင့်ပြုပေးရတော့ရမယ်။ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီး သီးမှာ လက်ဝါးကြီးအုပ်သွေးစုတ်တာ၊ ချုပ်ချုယ်ကန့်သတ်တာတွေကို ခေါင်းငုံ့ခံပေးရတော့မယ်။ တနည်းပြောရင် ပြည်သူလူထုဟာ စစ်ကျွန်ဘဝနဲ့ အမြဲတစေနေထိုင်ဖို့ ကိုယ့်ခြေ , လက်တွေကို တုတ်နှောင်ပေးလိုက်ရတော့မယ့် အခြေအနေမျိုးပါ။ ဒါတွေကမုချဖြစ်လာမဲ့ အရာတွေပါ။ ပြီးတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ အဆင့်အတန်းကိုလည်း ပြန်လည်ဆန်းစစ်ပြီး၊ ဘယ်လိုဖြစ်လာမလဲဆိုတာကို တွေးကြည့် လိုက်မယ်ဆိုရင် ...

မဆလ စစ်အုပ်စု လက်ထက်မှာတော့ ဒီလိုထင်ယောင်မှားမှုတွေနဲ့ပဲ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တယ်။ နအဖ ရဲ့ အနှစ် (၂ဝ) ကိုကြည့်လိုက်တဲ့အခါမှာတော့ - တိုင်းပြည်ရဲ့ပကတိအခြေအနေဟာ ဘာဖြစ်နေသလဲ - မဆလ လုပ်ခဲ့တဲ့စံချိန်ကို ချိုးဖို့လုပ်နေပြီ။ ကျရှုံးနိုင်ငံ (Failed State) ဖြစ်ခဲ့ဘူးတဲ့ ကမ္ဘောဒီးယား၊ ဆီရီယာလီယွန်၊ ဟေတီနိုင်ငံ၊ ဆိုမာလီယားနိုင်ငံများရဲ့ အခြေအနေရောက်ဖို့ (၇၅)% လောက်တော့ခရီးပေါက်နေပြီ။ (၂ဝ၁ဝ) ကို ကျော်သွားမယ်ဆိုရင် ဗမာပြည်ဟာ အဲဒီလိုကျရှုံးနိုင်ငံတွေလိုဖြစ်ဖို့ ကြိမ်းသေနေပြီ ဆိုတာကိုတော့ နအဖ စစ်ဗိုလ်ချုပ်တွေကို သတိပေးလိုက်ပါမယ်။

တိုင်းပြည်က ကျရှုံးနိုင်ငံဖြစ်ဖို့ ခြေတဖက်ကျွံဝင်နေပြီဖြစ်ပေမယ့်၊ တိုင်းပြည်အုပ်ချုပ်နေတဲ့ စစ်အုပ်စုနဲ့အပေါင်းပါတွေကတော့ လေတိုက် တိုင်းအကျိုးစီးပွားတွေ တိုးတက်နေလိုက်တာကလည်း ဒီနှစ်(၂ဝ)အတွင်းမှာပဲ ဆိုတာ ပြည်သူတွေသိနေကြတယ်။

နအဖ စစ်အုပ်စုဟာ အဲဒီအခြေအနေ ဖြစ်တည်လာဖို့ နှစ်(၂ဝ)လုံး၊ ဂုဏ်သိက္ခာမဲ့စွာနဲ့ နေ့မနား၊ ညမအား လုံးပန်းလာခဲ့တာ အခုတော့ သူလိုချင်တဲ့ အခြေအနေရောက်လာပြီလို့ ထင်မှတ်နေပုံရတယ်။ အဲဒီထင်ယောင်မှားမှုတွေကိုပဲ တကယ်ရီယာယ်လတီဆိုပြီး လူထုကို ဇွတ်အဓမ္မ လက်ခံ ခိုင်းနေတာပါ။

ဒါကြောင့် နအဖ စစ်အုပ်စုပြော , ပြောနေတဲ့ တကယ့်အဖြစ်မှန် ရီယာယ်လတီဆိုတာက စစ်အုပ်စုရဲ့ နှစ်(၂ဝ ) အတွင်းဖြစ်တည်လာခဲ့တဲ့၊ လုယက်သိမ်းပိုက်ထားတဲ့ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) အကျိုးစီးပွားများကို ထိန်းသိမ်းရေး၊ တိုးပွားအောင်လုပ်ရေး အခြေအနေ၊ အချက်အလက်များကို ခေါ်ဆိုနေခြင်းသာဖြစ်တယ်။

နအဖစစ်အုပ်စု ပြောပြောနေတဲ့ ရီယာယ်လတီဆိုတာက စစ်ဗျုရိုကရက်များရဲ့ အကျိုးစီးပွားကိုသာ အခွင့်သာချက်ဖြစ်စေတယ်။

ဧရာမလူထုကြီးဖြစ်တဲ့ လူမျိုးပေါင်းစုံ ပြည်သူအများစုရဲ့အကျိုးစီးပွားနဲ့လုံးဝ(လုံဝ) ကိုက်ညီမှုမရှိဘူး။ အဲဒီ ရီယာယ်လတီဟာ လူထု အတွက် အခွင့်သာစေမဲ့ အခြေအနေ၊ အချက်အလက်မဟုတ်ဘူး။

ဒါကြောင့်ပြည်သူလူထုဟာ မိမိတို့ရဲ့ အကျိုးစီးပွားများကို ဖြစ်ထွန်းစေမှာမဟုတ်တဲ့ ရီယာယ်လတီကိုတော့ လက်ခံမှာမဟုတ်ဘူး။ တည်ရှိ နေတဲ့ ရီယာယ်လတီကို မိမိတို့၏အကျိုးစီးပွား ဖြစ်ထွန်းစေမယ့်အခြေအနေ အချက်အလက်အဖြစ်တော့ ဖန်တီးယူကြပါလိမ့်မယ်။ သံ သယ လုံးဝမရှိကြပါနဲ့။

အဲဒီအတွက်လည်း ဆက်လက်ပြီး လုံးပမ်းတိုက်ပွဲဝင်သွားကြမယ်ဆိုတာကိုလည်း ရှင်းရှင်းပြတ်ပြတ် အသိပေးလိုက်ပါတယ်။ ။

နောင်ကြီး
၂၁ ဖေဖော်ဝါရီ၊ ၂ဝဝ၉



REF: နေ့သစ်

Read More...

အတွေးအခေါ်ကို နှောင်ဖွဲ့လို့မဖြစ် - မောင်ချစ်ခင်

Tuesday, March 03, 2009

ကျောင်းသားတွေကို ကျောင်းစာသာလိုက်စားရမည်ဟု ဗမာပြည်၏ကိုလိုနီအစိုးရများနှင့် ၄၈ ခုနှစ် ဒီဖက်ပိုင်းအစိုးရများက တွင်တွင်ပြော ခဲ့ကြသည်။ ကျောင်းသားများကို စာသင်ခန်းများ၊ ကျောင်းပရဝုဏ်များအတွင်း ပိတ်လှောင်ထားရန်လည်း သူတို့က အစဉ်ကြိုးပမ်းခဲ့ကြ သည်။ ကျောင်းသားများကို အပြင်လောကနှင့်ဖြတ်တောက်ထားရေးမှာ သူတို့၏ကျောင်းသားရေးရာ ပေါ်လစီများတွင် ထိပ်ဆုံးကပါဝင် သော အချက်တချက် ဖြစ်ပါသည်။

သို့သော်ဗမာနိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လိုက်သောအခါ ကျောင်းသားများသည် ကျောင်းသားအရေးများသာမက ပြည်သူ့အရေး၊ ကမ္ဘာ့ အရေးများကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ကျောင်းပရဝုဏ်များထဲတွင်သာမက လမ်းမများပေါ်၊ တောကြိုတောင်ကြားများပါ မကျန် တိုက်ပွဲဝင်ခဲ့ကြကြောင်းလည်းတွေ့ရပေသည်။ ကလောင်လက်နက်၊ ပိုစတာလက်နက်၊ ဂျင်ဂလိလက်နက်၊ နောက်ဆုံး တကယ့် ကျည်ဆံထွက်သော လက်နက်များကိုပင် ကိုင်စွဲကာတိုက်ခဲ့ကြကြောင်းကိုလည်းတွေ့ကြရပါသည်။

ဤအချက်များကပြသနေသည်မှာ ဗမာပြည်လိုဖိနှိပ်မှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံနေသည့် နိုင်ငံတခုတွင် ကျောင်းသားများအနေဖြင့် ကိုယ့်လှုပ်ရှားမှုတွေကို ဘယ်တော့မှအချုပ်အချယ်မခံဘူးဆိုခြင်းပင်ဖြစ်သည်။ ဤသို့သောထင်သာမြင်သာ သာဓကများရှိနေသည့် အကြားမှပင် အချို့သောသူများသည် အမျိုးသမီးလှုပ်ရှားမှုကို အမျိုးသမီးရေးရာကိစ္စသက်သက်တွင်သာ ကန့်သတ်ထားလိုခြင်း၊ ကျောင်းသားလှုပ်ရှားမှုကိုလည်း ကျောင်းသားရေးရာကိစ္စများ သက်သက်တွင်သာကန့်သတ်ထားလိုခြင်းများ မြင်တွေ့နေရပါသည်။

ဖိနှိပ်သူအစိုးရများ၏ နောက်စိုးရိမ်ချက်တခုမှာ ကျောင်းသားလှုပ်ရှားမှုကို အခြားအဖိနှိပ်ခံလူ့အလွှာအသီးသီး၏ လှုပ်ရှားမှုများနှင့် ဆက် စပ်မိမှာကိုဖြစ်ပါသည်။ ဤသည်နှင့်တဆက်တည်း အခြားနိုင်ငံရေးအဖွဲ့အစည်းများနှင့် ပတ်သက်မှာကိုလည်း သူတို့က အလွန်စိုးရိမ်ကြ သည်။ ထို့ကြောင့်ပင် သူတို့သည် ကျောင်းသားလှုပ်ရှားမှုတရပ်က အခြားသောအလွှာများ၊ နိုင်ငံရေးအင်အားစုများနှင့်ဆက်စပ်ခြင်းကို အင်မတန်ကြီးမားသည့်အပြစ်ကြီးတခုသဖွယ် လက်ညှိုးထိုးပြခြင်း၊ အပြစ်ရှာခြင်းများ ပြုလုပ်ကြသည်။ ကျောင်းသားတွေ နိုင်ငံရေးအမြင် ကျယ်မှာ၊ ကိစ္စအဝဝကိုကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလာတတ်မှာကို သူတို့စိုးရိမ်ကြသည်။ ကျောင်းသားလောကထဲကို ဗကပတွေထိုး ဖောက်ဝင်နေတယ်ဆိုသော စကားမျိုးဖြင့် ခြောက်လှန့်ခြင်းမျိုးကို ဟိုအရင်အစောကြီး ကတည်းကပြုလုပ်ခဲ့ကြသည်။ ဒီဖက်ခေတ် သမိုင်းတလျှောက် ထောက်လှမ်းရေးဝါဒဖြန့်ချက်မှန်သမျှလိုလိုတွင် ဤခြေထိုးမှုမျိုးတွေ တွေ့ရပါသည်။ အကျိုးဆက်အနေဖြင့် ယင်း စကားမျိုးကြောင့် ရှိန်သွားကြသူများလည်း ရှိသလောက်ရှိကြသည်။ တခါတလေတော့ “သန့်ရှင်းသောကျောင်းသားလှုပ်ရှားမှု”ကို စိတ်ကူးယဉ်သူများလည်းရှိခဲ့သလို အချို့ကတော့လည်း နိုင်ငံရေးပါတီများအပေါ် အာဃာတများထားရှိကြသည်။ အထူးသဖြင့် ကိုယ့် တိုက်ပွဲ အရှိန်မြင့်နေချိန်၊ ကိုယ့်တဦးတည်းလုံ့လဖြင့်အောင်ပွဲရတော့မည်ဟု ထင်မှတ်ရချိန်၊ သို့မဟုတ်အလွန်ကျဆင်းနေချိန်တို့တွင် ဤတွေးခေါ်မှုမျိုးပေါ်တတ်သည်။ သို့သော် လက်တွေ့တိုက်ပွဲမုန်တိုင်းများက ဤစိတ်ကူးများကိုလွင့်စင်သွားအောင် ကြမ်းတမ်းခဲ့ပါသည်။ ကျောင်းသားများသည် အခြားအင်အားစုများနှင့်လက်တွဲနိုင်မှ တကယ်မိုးပြိုမြေသိမ့်စေနိုင်သော လှုပ်ရှားမှုများဆင်နွှဲနိုင်ကြောင်းကို ရှစ်လေးလုံးအရေးတော်ပုံကြီးက ပြသခဲ့ပါသည်။

ထို့ကြောင့် ကျောင်းသားအရေးကို ဖြေရှင်းလိုလျှင် ပြည်သူလူထုကြီးနှင့်ရော အခြားနိုင်ငံရေးအင်အားစုများနှင့်ပါ လက်တွဲမှဖြစ်မည် ဆိုခြင်းမှာ ဗမာပြည်နိုင်ငံရေးသမိုင်း၏သင်ကြားချက်တရပ်ဟု ယူဆရပါမည်။ မနည်းသည့် တန်ဘိုးများပေးပြီး ရထားသည့် သင်ခန်းစာ လည်းဖြစ်ပါသည်။ ယနေ့ကာလပြဿနာများကို ရင်ဆိုင်နိုင်ဖို့အတွက်ဆိုလျှင် ကျောင်းသားများအဖို့ ကျောင်းကသင်ပေးသော အသိ ပညာလောက်နှင့်မျှ မလုံလောက်တော့။ ပြည်တွင်းပြည်ပ အခြေအနေတွေ၊ သမိုင်းတွေ၊ အယူအဆ အမျိုးမျိုးတွေကို အတတ်နိုင်ဆုံး လေ့လာလိုက်စားရန်လိုပါသည်။

စစ်တပ်တတပ်အနေဖြင့် မိမိ၏လှုပ်ရှားမှုဂွင်ကိုဖြစ်စေ၊ အသုံးပြုမည့်လက်နက်ကိုဖြစ်စေ ကန့်သတ်ခဲ့လျှင် ကိုယ့်သေတွင်းကိုယ်တူးရာသာ ကျပေလိမ့်မည်။ ထို့အတူကျောင်းသားလှုပ်ရှားမှုသည်လည်း မိမိလှုပ်ရှားမည့်နယ်ပယ်ကိုဖြစ်စေ၊ လှုပ်ရှားတိုက်ပွဲဝင်မည့် နည်းနာကို ဖြစ်စေ ကန့်သတ်ထား၍မဖြစ်ပေ။ ကျောင်းသားသည် ကျောင်းသားအရေးကိုသာတောင်းဆိုမည်၊ ကျောင်းသားသည် ကျောင်းသား နိုင်ငံရေးကိုသာ လုပ်မည်ဆိုသည် စကားမျိုးများဖြင့် ကျွံနေအောင်ပြောဆိုထားတာ၊ ကြေညာထားတာမျိုး မလုပ်သင့်ပေ။ အင်မတန် အပြောင်းအလဲမြန်သော ယနေ့ခေတ်၊ ယနေ့ကမ္ဘာကြီးတွင် အင်မတန်ပျော့ပြောင်း၍ လှုပ်ရှားလို့ကောင်းသော သေနင်္ဂဗျူဟာတွေ၊ နည်းပရိယာယ်တွေချမှတ်ထားရန်လိုပါသည်။ မိမိကိုယ်ကိုမိမိ တုတ်နှောင်ရာကျမည့် အယူအဆများကိုလည်း တင်ကြို၍ ချေဖျက်ထား သင့်ပါသည်။ အရေးကြီးသည်မှာ တိုက်ပွဲ၏ဦးတည်ချက်နှင့် မိမိမဟာမိတ်ဖွဲ့ရမည့်အင်အားတို့ကို ရှင်းလင်းအောင်သိထားဖို့သာ ဖြစ်ပါ သည်။



မောင်ချစ်ခင်
REF: နေ့သစ်

Read More...

အမျိုးသမီးနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှု - ခင်မမမျိုး

အစဉ်အလာ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုးဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုသဘောတရား၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေတဲ့ အကြောင်းတရားများနဲ့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို တိုးမြှင့်ပေးနိုင်မယ့် မဟာဗျူဟာများ အကြောင်းကို ရေးသားတင်ပြပါမယ်။

နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုရာဝယ်

နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီး ဖြစ်ဖြစ် သူတို့ရဲ့ ဘ၀တွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေအပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ သမရိုးကျ နိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပါဝင်ဆောင်ရွက်တဲ့ conventional politics သဏ္ဍာန်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီလိုသမရိုးကျ နိုင်ငံရေးရာတွေကို လုံးဝစိတ်ဝင်စားမှုမရှိတဲ့ totally inactive လူတွေရှိသလို၊ နိုင်ငံရေးသမားဘ၀ကို အလုံးစုံ ခံယူသွားတဲ့ complete activists တွေလဲ ရှိပါတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပဲ စိတ်ဝင်စားတဲ့ voting specialists တွေ၊ မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်မယ့် နိုင်ငံရေးရာလောက်ကိုပဲ စိတ်ဝင်စားတဲ့ parochial participants တွေ၊ ဒေသဆိုင်ရာကိစ္စရပ်တွေကိုပဲ စိတ်ဝင်စားတဲ့ communalists တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေအတွက် ကင်ပိန်းဆောင်ရွက်ပေးတဲ့ campaigners တွေစသည်ဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။

အခုလို သမရိုးကျနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်ရေးဆင်နွှဲမှုတွေအနေနဲ့ ပါဝင်တာကိုတော့ Contentious Politics အသွင် သဏ္ဍာန်နဲ့ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုလို့ ခေါ်ဆိုပါတယ်။ ဒီအသွင်သဏ္ဍာန်နှစ်မျိုးမှာ တူညီမှုတွေ ရှိသလို ခြားနားမှုတွေလဲ ရှိပါတယ်။ တူညီမှုတွေကတော့ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေဟာ ပုံစံနှစ်မျိုးလုံးမှာ ပါဝင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းက လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်များ ပါဝင်နေတတ်သလို ပုံမှန်စနစ်တကျ စီမံချက်နဲ့ ပြုလုပ်တဲ့ လုပ်ငန်းဆောင်တာတွေလဲ အသွင်နှစ်မျိုးလုံးမှာ ရှိပါတယ်။ ခြားနားချက်ကတော့ contentious politics ဟာ institutionalized political boundaries ရဲ့ ပြင်ပမှာ လှုပ်ရှားတာဖြစ်သလို၊ ပါဝင်ဆောင်ရွက်သူများကလဲ ဒီလို institutional channels တွေဟာ အလုပ်မဖြစ်ဘူးလို့ ထင်မြင်ယူဆကြတာ ဖြစ်ပါတယ်။

နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်သဏ္ဍာန်နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုအပေါ် ကန့်သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်း ကာလရောက်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ contentious politics မှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို conventional politics မှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလဲ ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသားတစုကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်ကြပါတယ်။


အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေသော အကြောင်းရင်းများ

(၁) အတွေးအခေါ်

နိုင်ငံရေးသိပ္ပံလေ့လာသူ Eisenstein ကတော့ အမျိုးသားတွေ ဦးဆောင်လွှမ်းမိုးတဲ့ စနစ်အနေနဲ့ Patriarchy ဟာ ဇီဝဗေဒအရ ကွဲပြားမှုရှိနေတဲ့ ကျား၊ မကို အမျိုးသားတွေအပေါ် အလေးပေးထားတဲ့ လူနေမှုစနစ်ပုံစံထဲက အမျိုးသား၊ အမျိုးသမီးတွေအဖြစ် အစဉ်အဆက် ခွဲခြားလာမှုတွေကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ဝေးကွာလာတယ်လို့ ဆိုထားခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံလေ့လာသူ Rich ကလဲ Patriarchy ဆိုတာကို အမျိုးသားတွေကနေ တိုက်ရိုက်အင်အားတွေ၊ ဖိအားပေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေ သတ်မှတ်မှုတွေ၊ ဘာသာတရားအဆိုအမိန့်တွေကို အသုံးပြုပြီး အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာ ပါရမယ်၊ မပါရဘူး စသဖြင့် လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ စနစ်တခုလို့ အဓိပ္ပာယ်ဖွဲ့ဆိုထားခဲ့ပါတယ်။ များသောအားဖြင့် ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာသာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ public sphere နဲ့ ပါဝင်ပတ်သက်စေခဲ့ပါတယ်။

ဒါကြောင့်လဲ ကိုယ့်ဘ၀အပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းလာခဲ့ကြတာပါ။ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေ ရရှိလာခဲ့ကြတာပါ။ အခွင့်အရေးဆိုတာ အိမ်ထဲ ထိုင်နေရုံနဲ့ အလိုလိုရလာမယ့် အရာမဟုတ်ပါဘူး။ ပထမဆုံး မိမိမှာ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ရှိတယ်ဆိုတာ သိရပါမယ်။ ဒီအတွက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အသိပညာပေးရပါမယ်။ ဒီလိုသိလာပြီဆိုတဲ့အခါမှာလဲ တောင်းယူ၊ တိုက်ယူရပါမယ်။ မွေးရာပါ လူ့အခွင့်အရေးကို တခြားလူတယောက်ပဲဖြစ်ဖြစ်၊ နိုင်ငံအုပ်ချုပ်သူတစုရဲ့ လက်ထဲကိုပဲဖြစ်ဖြစ် ထိုးအပ်ပြီး ချုပ်ကိုင်ခြယ်လှယ်ခွင့်ပေးထားရင် လူဖြစ်ရကျိုးမနပ်ပဲ ဖြစ်တတ်ပါတယ်။ လူသားတိုင်းဟာ မွေးရာပါ လူ့အခွင့်အရေးကို ခံစားခွင့် ရှိသင့်ပါတယ်။

(၂) နိုင်ငံရေးရာ

နိုင်ငံရေးရာတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ်ကိုင်မှုဟာလဲ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေမှာ၊ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေ တ၀က်ကျော်ရှိတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်နွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို contentious politics, conventional politics တွေမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

(၃) ယဉ်ကျေးမှုနဲ့ စီးပွား၊ လူမှုရေးရာ

ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အမျိုးသမီးတွေရဲ့ မြေပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ကိုင်ဆောင်ရွက် ခွင့်တွေကို ကန့်သတ်ထိန်းချုပ် ထားကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှု အခွင့်အလမ်းတွေ နည်းပါးနေရတာ ဖြစ်ပါတယ်။ နောက်တချက်က အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ် မှီခိုသူတွေလို့ သတ်မှတ်ထားတဲ့ အမြင်တွေ၊ အမျိုးသမီးတွေ အပေါ် နှိမ့်ချဆက်ဆံမှုစတာတွေဟာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံအများစုရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိမှု၊ ၀င်ငွေ၊ ပိုင်ဆိုင်မှုစတဲ့ကဏ္ဍတွေမှာ အမျိုးသားနဲ့ အမျိုးသမီးများအကြား ကွဲပြားခြားနားမှု (gender disparities) တွေ ရှိနေဆဲပါပဲ။ တကယ်တော့ အမျိုးသမီးတွေဟာ ဒီနိုင်ငံတွေရဲ့ လူဦးရေ တ၀က်ကျော်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ၀င်ငွေတွေ ယုတ်လျော့နေခြင်းဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့၊ တနိုင်ငံလုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ ၀င်ငွေတွေ ယုတ်လျော့နေတာပဲ ဖြစ်ပါတယ်။

နောက်တချက်က အလုပ်ခွဲဝေမှုနဲ့ ဆိုင်ပါတယ်။ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ်ပြုစုပျိုးထောင်မှုတွေကို အမျိုးသမီးတွေရဲ့အလုပ်လို့ ယူဆထားတဲ့ အစဉ်အလာတွေကြောင့် အချိန်ရှားပါးမှုပြဿနာကို အမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ ဥပမာ- အမျိုးသမီးတယောက်ဟာ အိမ်မှုကိစ္စတွေ၊ ချက်ပြုတ်ရေးတွေကိုလဲ အလုပ်မသွားခင်ပြုလုပ်ရမယ်၊ အိမ်ဝင်ငွေအတွက်လဲ အလုပ်လုပ်ရမယ်၊ အလုပ်ကပြန်လာရင်လဲ ကလေးသူငယ်တာဝန်တွေ၊ ချက်ပြုတ်ရေးတာဝန်တွေပါ ယူရမယ်၊ သူ့အမျိုးသားကတော့ အလုပ်လေးပဲ လုပ်နေမယ်ဆိုရင် ဒီအမျိုးသားဟာ မိသားစုတာဝန်ရဲ့ သုံးပုံတပုံကိုသာ တာဝန်ယူနိုင်တဲ့ အရည်အချင်းအဆင့်မှာသာ ရှိနေပါတယ်။ ဒီလိုမဟုတ်ပဲ အလုပ်တာဝန်တွေကို ညီညီမျှမျှ ခွဲဝေဆောင်ရွက်ခြင်းအားဖြင့် မိသားစုအရေးကို ကျား၊ မ မခွဲခြားပဲ အတူတူဆောင်ရွက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ အပြန်အလှန် လေးစားမှု၊ တာဝန်ကျေမှုတွေအပေါ်မှာ အခြေခံပြီး လူ့ဘောင်လောက သာယာချမ်းမြေ့ရေးကို အားပေးထောက်ကူပြုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အချိန်ရှားပါးမှု၊ ၀န်ပိမှု၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပြီး သူတို့ရဲ့ လူ့အဖွဲ့အစည်းအပေါ်၊ နိုင်ငံရေးရာတွေအပေါ် contribution လုပ်နိုင်မှုရာနှုန်းတွေ တက်လာပါတယ်။

လူ့အဖွဲ့အစည်း တိုးတက်မှုဆိုတာ ချောတိုင်တက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဖွဲ့အစည်းတခုလုံး တိုးတက်ဖို့ ပခုံးပေါ်ပဲနင်းနင်း၊ ခေါင်းပေါ်ပဲနင်းနင်း ကိုယ့်လူ့အဖွဲ့အစည်း အမြင့်ရောက်ဖို့ကို အားပေးကူညီကြရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ဒီချောတိုင်ပေါ် သူမတက်ရ၊ ငါမတက်ရ ခွဲခြားပြီး လုပ်နေကြမယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ပျက်စီးမှုရောဂါ စတင်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီရောဂါ တစတစ ကူးစက်ပျံ့ပွားလာတာနဲ့အမျှ လူ့အဖွဲ့အစည်း တခုလုံးကို ဆုတ်ယုတ်ပျက်စီးစေတော့တာပါပဲ။


အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု တိုးမြှင့်ရေး မဟာဗျူဟာများ

(၁) Gender quotas


နှစ်ဆယ်ရာစုနှောင်းပိုင်းကစပြီး နိုင်ငံတော်တော်များများမှာ ဒီမဟာဗျူဟာကို စတင်ကျင့်သုံး လာကြပါတယ်။ နိုင်ငံရေးရာမှာ အမျိုးသားနဲ့ အမျိုးသမီးအကြား gender gap ဖြစ်နေတာကို ဖြည့်ဆည်းဖို့ အချို့သော အမျိုးသမီးများကို power structure အတွင်း ရာခိုင်နှုန်းသတ်မှတ်ပြီး ထည့်သွင်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး အပြန်အလှန်ငြင်းခုန်မှုတွေကတော့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် gender gap ပြဿနာဆိုတာက အမျိုးသမီးတွေကို power structureထဲ များလာအောင် ထည့်သွင်းတာတခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာကြောင့်ပါ။ ပေါ်လစီရေးရာ ကိစ္စဖြစ်တဲ့အတွက် power structure ကို ထောက်ကူပေးနိုင်မယ့် supporting mechanisms အများအပြားလဲ လိုအပ်ပါတယ်။ နောက်တချက်က ဒီလိုဆောင်ရွက်လာတဲ့အခါမှာ elite women တွေပဲ ပါဝါထဲမှာ ပါလာတာမျိုးဖြစ်သွားတတ်ပြီး၊ လူထုလူတန်းစားအသီးသီးက အမျိုးသမီးတွေကို ကိုယ်စားမပြုသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို political empowerment လုပ်ရာမှာ gender quotas ဟာ လူ့အဖွဲ့အစည်းအတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ redistributive justice နဲ့ ဆက်စပ်ထားရမှာ ဖြစ်ပါတယ်။

(၂) အမျိုးသမီးနိုင်ငံရေးကွန်ယက်

နောက်တနည်းကတော့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ အချင်းချင်း ကွန်ယက်တည်ဆောက်မှုဖြစ်ပါတယ်။ ထုံးတမ်းအစဉ်အလာများကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့ကြပါတယ်။ ဒီလိုအခြေအနေကနေ ရုတ်တရက် gender quotas ကြောင့် နိုင်ငံရေးထဲ ရောက်လာတဲ့အခါမှာ နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် နိုင်ငံရေးနဲ့ အစိုးရ လုပ်ငန်း ဆောင်တာတွေမှာ အားနည်းချက်တွေ ရှိလာတတ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေ ညံ့တာ၊ အသုံးမကျတာ မဟုတ်ပါဘူး။ နိုင်ငံရေးနယ်ပယ်ဆိုတာကို အမျိုးသားတွေကသာ လွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး၊ အမျိုးသမီးတွေကို ပါဝင်ခွင့် မပေးခဲ့တာကြောင့် နားမလည်တာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို သင်တန်းပေးမှုတွေ၊ hands-on experiences တွေနဲ့ အမျိုးသားများက လက်တွဲခေါ်ရမှာ ဖြစ်သလို၊ အမျိုးသမီး နိုင်ငံရေးသမား အချင်းချင်းကလဲ စည်းလုံးညီညွတ်စွာ အပြန်အလှန် ဆွေးနွေးမှု၊ လက်တွဲခေါ်ဆောင်မှုတွေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

နောက်တချက်က gender quotas နဲ့ပဲဖြစ်ဖြစ်၊ အရည်အချင်းအရ ရွေးချယ်တင်မြှောက်ခံရရင်ပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ သူတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ၊ အစိုးရအဖွဲ့အတွင်းတွေမှာတင် အမျိုးသားအချို့ရဲ့ မလေးမစား ဆက်ဆံခံရမှုတွေ၊ အရေးမစိုက်မှုတွေ၊ ဖယ်ရှားရန် ကြိုးပမ်းအားထုတ်မှုတွေ၊ အမျိုးသမီးအကြီးအကဲရဲ့ တာဝန်ပေးမှုဆိုပြီး ဂရုမစိုက်မှုတွေ စတဲ့ ပြဿနာများကို ရင်ဆိုင်ကြရတတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေကို စိတ်ဓာတ်ကြံ့ခိုင်စွာ ကျော်လွှားနိုင်ဖို့ အမျိုးသမီး နိုင်ငံရေးကွန်ယက်တွေ လိုအပ်လှပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးဆိုတာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေပဲလို့ ဆိုနိုင်ပါတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် အမျိုးသမီးလူဦးရေဟာ အမျိုးသမီးလူဦးရေထက်ကို ပိုပြီးများနေပါတယ်။ ဒီလို လူဦးရေ တ၀က်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ နိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်းနေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ်ပွင့်လာဖို့က အမျိုးသမီးတွေအပေါ်မှာလဲ အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ၀ိုင်းဝန်းဖယ်ရှားကြရင်း မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်မှုကနေ ကမ္ဘာတ၀ှမ်းက လူ့အဖွဲ့အစည်းအားလုံး တိုးတက်မြင့်မားဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၉၊ ၃၊ ၂၀၀၉)

ရည်ညွှန်းကိုးကား။

Eisenstein, Z (1984) Contemporary Feminist Thought, Unwin, London

Keck, M. & Sikkink, K. (1998) Activist Beyond Borders: Advocacy Networks in International Politics, Cornell University Press, NY

Kennedy-Pipe, C. (2007) “Gender and Security” in Collins, A. (ed.) Contemporary Security Studies, Oxford University Press, Oxford

Lovenduski, J. (1992) “Gender and Politics” in Hawkesworth, M. & Kogan, M. (eds) Encyclopedia of Government and Politics, Routledge, London & NY

Phillips, A. (1998) Feminism & Politics, Oxford University Press, Oxford



REF: ခင်မမမျိုး

Read More...

စစ်အစိုးရ၏ စိတ်နေသဘောထား - စောထွန်း

Monday, 09 March 2009

ဂရစ်ဖစ်တက္ကသိုလ် ဂရစ်ဖစ် အာရှ အင်စတီကျု (Griffith Asia Institute) မှ အင်ဒရူးဆဲလ်သ် -Andrew Selth က ဖေဖော်ဝါရီလ ဆန်းပိုင်း နယူးဒေလီတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အင်စတီကျု (Institute of Peace and Conflict Studies) ၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သြဇာ၏ အကန့်အသတ်များ (Burma and the limits of International Influence) ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးရာတွင် စစ်အစိုးရနှင့် ဆက်ဆံရာတွင် စစ်အစိုးရ၏ စိတ်သဘောထားကို နိုင်ငံတကာ အသိုင်းအဝိုင်း က နားလည်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည် ကို မဇ္ဈိမသတင်းစာမျက်နှာတွင်ဖတ်ရပါသည်။

ဤတွင် စစ်အစိုးရ၏စိတ်သဘောထားမှာ ဘာလဲဟူသောမေးခွန်းပေါ်လာပါသည်။ ကျွန်တော်တို့အားလုံးသိထားကြသည့် သတင်းမှောင်ချခြင်း၊ ပြောင်ငြင်းကွယ်ခြင်း၊ တရားမဲ့ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ယုံကြည်မှုအတွက် သာမာန်လူများ၊ ကျောင်းသားငယ်များသာမက သံဃာများကို ပါညှင်းဆဲသတ်ဖြတ်ခြင်းတို့ကို မာခီးယားဗယ်လီ၏အယူအဆအတိုင်း (ကြားနေအဖွဲ့ဆိုသည့် ကျောင်းတော်သား နိုင်ငံရေးပါတီမှပြောသလို) ရပ်တည်ချက်ထိပါးလာ၍ ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်း ဟုသာထားမည်ဆိုလျှင်၊ မတရားစီးပွားအခွင့်အရေးယူခြင်းများကို သူလည်းလေလောကီသားပေမို့ဟု နားလည်မှု ပေးကြမည်ဆိုလျှင်၊ စစ်အစိုးရ၏ ပင်မရပ်တည်ချက်မှာ (အစဉ်အာဏာတည်မြဲရေးသာ ဟု လည်း မပြောလိုဘူးဆိုလျှင်) ဘာလဲဟု စဉ်းစားကြရန်ရှိပါသည်။ ယခုဆောင်းပါးတွင် ကျွန်တော်သိနားလည်သလောက် သူတို့ သဘောထားမှန်ကို ရှင်းပြလိုပါသည်။ ကျွန်တော်သည် စစ်သား သားသမီးတစ်ဦးဖြစ်ပြီး ၈၈ ခေတ် ကျောင်းသားလှုပ်ရှားသူ တစ်ဦးလည်းဖြစ်ပါ၍ ကျွန်တော်တို့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တိုင်း မသိရှိသေးသည့် အချက်များကို သိရှိသည်ဟု ထင်ပါသည်။ မည်သို့ပင်ဆိုစေ ဆွေးနွေးစရာ အချက်များတော့ရနိုင်ပါလိမ့်မည်။

ယနေ့တပ်မတော်၏ ယုံကြည်ရပ်တည်ချက်က ဘာပါလဲ။ ၈၈ ခေတ်အထိတော့ ရှင်းလင်းစွာပင် ဦးနေ၀င်း၏ ရပ်တည်ချက်အတိုင်း ဖြစ် ပါသည်။ ကွန်မြူနစ်နှင့် ဓနရှင်ပါလီမာန်ဒီမိုကရေစီကို မယုံကြည်။ ယင်းတို့ နှစ်မျိုးကြား အလည်အလတ် သွားနိုင်မည့် လမ်းစဉ် တစ်ရပ်ကို တစ်ချိန်က ထူးချွန်သော နိုင်ငံရေးသဘောတရားဆရာများအား ရေးဆွဲစေကာ စမ်းသပ်ကျင့်သုံးကြည့်ခဲ့သည်။ ၁၉၇၇ တွင် အရေးပေါ်ပါတီညီလာခံခေါ်ရသည်အထိဖြစ်သွားကာ ယင်းလမ်းကြောင်းမှ သိသိသာသာခွဲကာ မိမိသဘောကျစနစ်ကို ကျင့်သုံးခဲ့တော့သည်။ နောက်ဆုံး ၁၉၈၅ တွင် စီးပွားရေးကျဆုံးမှုကြောင့် ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ကို အားကျကာ ပြုပြင်ပြောင်းလဲဖို့ စ စဉ်းစားသည်။

သို့သော် ကိုယ်တိုင်ဖျက်စီးခဲ့ပြီးသော ဗြူရိုကရေစီယန္တရားကို မထိန်းနိုင်ဖြစ်ကာ ၈၈ တွင် ပြိုကျခဲ့ရသည်။ ၈၈ ခုနှစ်က ကျွန်တော်တို့၏လှုပ်ရှားမှုသည် အင်အားပြင်းထန်တာမှန်သော်လည်း အဆိုပါ ပျက်စီးပြီး ဗြူရိုကရေစီ အဖွဲ့အစည်းကြီး လွယ်လွယ်နှင့် ပြိုမကျလျင် ထိုမျှ ခရီးမရောက်နိုင်သည်မှာ သေချာပါသည်။ ထိုအခါ ဦးနေ၀င်းက သူ့သဘော အတိုင်း နောက်ဖဲတစ်မျိုးချိုးပြီး စစ်တပ်ကို အာဏာပြန်သိမ်းစေခဲ့သည်။ ထိုအချိန်က တပ်တွင်း အရာရှိများဖြစ်နေသော၊ ကျွန်တော် တို့နှင့်ကျောင်းနေဖက်မှ စစ်ထဲရောက်သွားကြသော သူတို့ကို မည်သို့လမ်းညွှန်ခဲ့သနည်း။ ထိုစဉ်က ဗိုလ်ချုပ်ခင်ညွန့်တို့ ရှင်းလင်းပွဲတွေမှာ ပေါ်လွင်ပါသည်။ စစ်တပ်၏ရန်သူဖြစ်သော ကွန်မြူနစ်များကြိုးကိုင်မှု နှင့် ကိုလိုနီလက်သစ်လုပ်လိုသော (မှတ်ချက်။ အဆိုပါစကားမှာ ကွန်မြူနစ်စကားဖြစ်ပါသည်) နယ်ချဲ့နိုင်ငံကြီးများ၏ ကြိုးကိုင်မှုဖြစ်သည်ဟု သူတို့ရဲဘော်တွေကို သင်ပြခဲ့ပါသည်။ ယနေ့အထိလည်း သည်အတိုင်း သင်ကြားပို့ချဆဲဖြစ်ပါသည်။

နောက်ပိုင်း ဦးနေ၀င်းကို သူတို့ရှင်းထုတ်ပစ်နိုင်ခဲ့သော်လည်း ယနေ့ခေါင်းဆောင်များသည် ဦးနေ၀င်းကဲ့သို့ လွတ်လပ်ရေးတိုက်ပွဲ နှင့် စစ်အေးကာလ ကမ္ဘာ့နိုင်ငံရေး အတွေ့အကြုံရှိသူများ မဟုတ်ပါ။ စစ်အေးကာလအတွင်း ဦးနေ၀င်းကဲ့သို့ အမျိုးသားရေးနှင့် ဘက်မလိုက်ရေးဝါဒများဖြင့် ရပ်တည်နိုင်အောင် မစွမ်းနိုင်ကြပါ။ နိုင်ငံရေးကစားသည့် သီအိုရီလည်း မကျွမ်းကျင်ကြပါ။ သို့သော် သူတို့အတွက် နည်းလမ်းရှိလာခဲ့ပြီး ယနေ့ကာလ အချို့ ကမ္ဘာ့ပညာရှင်ဆိုသူများ၊ သတင်းစာဆရာကြီးဆိုသူများပင် ချီးမွန်းရလောက်အောင် နိုင်ငံရေးကို ပိုင်နိုင်သည်၊ အာဏာနိုင်ငံရေးကို ကျွမ်းကျင်သည် ဟု သုံးသပ်လာရသည့် အခြေအနေသို့ ရောက် စွမ်းဆောင်ခဲ့သည်မှာ အဓိက အကြောင်းတရား ၂ မျိုးဖြစ်ပါသည်။ ပထမအကြောင်းတရားသည် သူတို့အား တွန်းပို့ပေးနိုင်သည့် တွန်းအားဖြစ်ပြီး ဒုတိယ အကြောင်းတရားသည် နည်းပရိယာယ်ဖြစ်ပါသည်။

ပထမအကြောင်းတရား (သို့မဟုတ်) စစ်တပ်ဝါဒ

စစ်တပ်ဝါဒ ဟု အမည်တတ်သဖြင့် ကြမ်းတမ်းစွာသုံးနှုန်းလိုခြင်း မဟုတ်ပါ။ ယနေ့ ရွေးကောက်ပွဲအထိမှန်းလာသည့် အယူအဆကို ဖြစ်စေသည့် ၀ါဒတရားဖြစ်ပါသည်။ (မှတ်ချက်၊ ဦးနေ၀င်း သည် ၁၁ နှစ်အကြာတွင် ရွေးကောက်ပွဲလုပ်ခဲ့ပြီး ယခု ဦးသန်းရွှေက ၂၂ နှစ်ကြာမှ လုပ်နိုင်ခြင်းဖြစ်ပါသည်။) ဦးနေ၀င်း၏ စစ်သည်တော်ကျင့်ဝတ်တွင် စတင်ခဲ့သော ၀ါဒဖြစ်ပါသည်။ စစ်တပ်အတွင်း မည်သည့်ပုံစံဖြင့် ၀င်လာသည်ဖြစ်စေ စည်းကမ်း (ဤတွင် အမိန့်နာခံမှုကို ၄င်းတို့က စည်းကမ်းဟုခေါ်ပါသည်) ကျနအောင် ပုံသွင်းပေးလိုက် ပါသည်။ ငယ်စဉ်က လမ်းစဉ်လူငယ် စစ်ရေးပြ သင်တန်းဆင်း ကျွန်တော့်ကို အကိုဝမ်းကွဲ စစ်ဗိုလ်က မေးဘူးပါသည်။ “ညီလေး စစ်ရေးပြဆိုတာ ဘာလုပ်တာလဲ မင်းသိလား” ကျွန်တော်က စည်းကမ်းကျအောင်သင်ပေးတာ ထင်ကြောင်း ပြောသောအခါ “မဟုတ်ဘူးကွ၊ အဲဒါ အမိန့်ကို မစဉ်းစားပဲနာခံတတ်အောင် ပုံသွင်းပေးတာ။ သတိ သက်သာ အေးစေ ပြောတဲ့အခါ မင်းက မစဉ်းစားပဲ ချက်ခြင်း လုပ်လိုက်တယ်မဟုတ်လား။ ဒီ လို ဘာမှမဟုတ်တဲ့ အပြုအမူလေးကစပြီး မစဉ်းစားတဲ့အကျင့် သွင်းပေးတဲ့အခါ ရှေ့တန်းမှာ “တက်” လို့ အမိန့်ပေးတဲ့အခါ မစဉ်းစားပဲ တက်တဲ့အကျင့်ရသွားတာပေါ့” စာဖတ်နာသော ကျွန်တော့် အကိုသည် စစ်တပ်ထဲမှာ ရာထူးသိပ်ကြီးကြီးမရပါ။ ရှင်းပါသည်။ သို့သော် ထိုစဉ်က ၁၈ နှစ်သား ကျောင်းသားခေါင်းဆောင် ဖြစ်လာသည့် ကျွန်တော့်အတွက် ပညာရပါသည်။

စစ်ရေးပြဖြင့် ပုံသွင်းပြီးနောက်ပိုင်း ပင်ပန်းမှု၊ အနားမနေရမှုတို့ကို ဆက်လက်ပို့ချပါသည်။ fatigue ခေါ် အားလတ်ချိန်မရအောင် ထားသော အလုပ်များကို ဆက်တိုက်ခိုင်းပါသည်။ ကျွန်တော့် မိခင်ဖြစ်သူသည် အိမ်ဖော် အပျိုရွယ်လေးများ ထားသည့်အခါ တစ်မျိုးပြီး တစ်မျိုးခိုင်းသောကြောင့် ကျွန်တော်က မေးဘူးပါသည်။ အမေက “ဒီအရွယ် အားနေရင် တောင်စိတ် မြောက်စိတ်တွေ ၀င်တတ်တယ် သားရဲ့ ဒါကြောင့် မအားအောင် တမင်ရှာခိုင်းရတာ” ဟုပြောပြပါသည်။ တနည်းအားဖြင့် စိတ်ရောလူပါ မလွတ်လတ် အောင် ထားခြင်းဖြစ်ပါသည်။ သည်နောက်မှာတော့ ရှေ့တန်းထွက်ခြင်း၊ (မည်သည့်အကြောင်းကြောင့်မသိပဲ) စစ်ပွဲဆင်နွှဲခြင်း၊ တို့တွင် မိမိရဲဘော်များ မိုင်းထိ၍ ခြေပြတ်လက်ပြတ်ဖြစ်ရခြင်း၊ သေဆုံးရခြင်း၊ ရန်သူက သတ်ဖြတ်ခြင်း တို့ဖြင့် ဆက်လက် သင်ကြားပို့ချပေးပြန်ပါသည်။ နောက်ဆုံးအဖြေတစ်ခုသို့တွန်းပို့ပါသည်။ ယင်းသည် ဆိုခဲ့သော “စစ်တပ်ဝါဒ” ဖြစ်ပါသည်။ ရှင်းအောင်ဆိုရလျှင်

မိမိတို့သည် (တိုင်းပြည်အတွက်) သူများထက် အပင်ပန်းခံအလုပ်လုပ်ရသည်။
မိမိတို့သည် (တိုင်းပြည်အတွက်) သက်စွန့်ဆံဖျား အလုပ်လုပ်ရသည်။
(ဘာကြောင့်မှန်းမသိပဲ ဖြစ်သွားသော) ရန်သူကြောင့် မိမိတို့ ရဲဘော်ရဲဘက်တွေ ထိခိုက်သေဆုံးရသည်။
မိမိတို့ကို နှိပ်စက်ခဲ့သော ယင်း ရန်သူကို ပြည်သူတချို့ ထောက်ခံနေသည်။
မိမိတို့သည် အမိန့်နာခံရသည်။ စစ်စည်းကမ်းဖြင့် အချိန်ပြည့် နေရသည်။ ညအိပ်နေစဉ် လာနှိုးလျင် သက်စွန့်ဆံဖျား ခရီး စတင်ရသည်အထိ ၂၄ နာရီထမ်းဆောင်ရသူများဖြစ်သည်။

ထိုအချိန်တွင် သာမာန်ပြည်သူများ၊ ၀န်ထမ်းများ (ယင်းတို့စကားအရ “အရပ်သားများ”) သည် သက်သက်သာသာ နေရသည်။ အသက်စွန့်ရန်မလို၊ စည်းကမ်းမရှိ၊ အားလတ်ချိန်တွေ အပြည့်ရှိနေသည် ။ စီးပွားရေးလုပ်ပြီး ချမ်းသာနေသည် … ဟူသော အတွေးကို ဆက်တိုက် ပို့ချပေးပါသည်။ ထိုသို့သော အနစ်နာခံမှုများကြောင့် သူတို့တွင် “နိုင်ငံတော်အာဏာ” ကို သုံးပိုင်ခွင့်ရှိသည် ဟု အဖြေထုတ်ပေးပါသည်။

ပြည်သူလူထုနှင့် စစ်တပ်အတွင်းအကြီးမားဆုံး အတားအဆီးသည် အဆိုပါအတွေးအမြင်ဖြစ်ပါသည်။ ကျွန်တော် ပညာရှင်ဘ၀ စစ်တပ်နှင့် တွဲ၍ တောထဲတောင်ထဲသွားရသည့်အခါ စစ်ဗိုလ်တွေ အင်မတန်အံ့သြကြပါသည်။ သူတို့မှလွဲ၍ မြို့ပေါ်တွင် တိုက်ပုံ ၀တ်နေသော လူပျော့များ ဤသို့ အပင်ပန်းခံနိုင်မည်၊ အပင်ပန်းခံအလုပ်လုပ်လိမ့်မည်ဟု မထင်ခဲ့ကြပါ။ အင်္ဂလန်မှ ဘွဲ့ထူးတွေ ရလာသည့် ဆရာဝန်ကြီးသည်လည်း ညလာနှိုးလျှင် ထလိုက်ရမှန်း ဂျူတီယူရမှန်းသူတို့မသိကြပါ။ (အစပိုင်းတွင် မသိကြပါ၊ နောက်ပိုင်းရာထူးရလာတော့လည်း မသိချင်ကြတော့ပါ)။ တစ်နှစ်က တက္ကသိုလ်ဆရာမလေးတစ်ဦး ကျောင်းသားများနှင့် ကွင်းဆင်း ခရီးထွက်လာစဉ် လက်နက်ကိုင်လက်ချက်နှင့် ကွယ်လွန်ပါသည်။ ၀န်ထမ်းတိုင်း၊ ပြည်သူတိုင်း မှာ လက်နက်မဲ့ သက်စွန့်ဆံဖျား မှုတွေ ပြည့်နေကြောင်း သတိမထားမိကြပါ။

နောင်တစ်ချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအားနှိမ်နင်းသည့်အခါ နိုင်ငံတကာက ယုံကြည်ချက်ကြောင့်အကျဉ်းချခံရခြင်း ဟုမြင်သော်လည်း သူတို့လို ပင်ပန်းစွာအလုပ်မလုပ်ရပဲ အခွင့်အရေးတောင်းသူများဟု ဆက်လက်မြင်လာပါတော့သည်။

သည်ထက် ပိုကြီးသည့် စစ်တပ်ဝါဒတစ်ရပ်မှာ နိုင်ငံခြားသားကို အထင်ကြီးခြင်းဖြစ်ပါသည်။ နိုင်ငံခြားသားမုန်းတီးခြင်း (xenophoebia) သည် အထင်ကြီးရာမှ ကြောက်လန့်မုန်းတီးခြင်းဖြစ်ပါသည်။ ယင်းသည် မိမိတို့ ကြိုးစားသော်လည်း တိုးတက်မှု မရလာသည့်အခါ ကြီးသောအကြောင်းပြချက်ဖြစ်လာပါသည်။ နိုင်ငံခြားသားကို ပိုမို အလုပ်လုပ်သူ၊ ပိုမို ဥာဏ်ကြီးသူ ဟုမြင်ပါသည်။ ပြည်ပတွင် တိုးတက်ခြင်းသည် ယင်းလူမျိုးများ အလုပ်လုပ်၊ ဥာဏ်မြင့်သောကြောင့်ဖြစ်ပြီး မြန်မာပြည် မတိုးတက်ခြင်း မှာ စစ်တပ်တစ်တပ်လုံး အလုပ်လုပ်သော်လည်း ပြည်သူတွေ၊ ၀န်ထမ်းတွေ အလုပ်မလုပ်သောကြောင့် မတိုးတက်ခြင်းဟုမြင်လာပါသည်။ သည်အတိုင်းလည်း သင်ကြားပေးပါသည်။ သာမာန်ပြည်သူတွေမှာတော့ နိုင်ငံခြားသွားအလုပ် လုပ်ကြသည့်အခါ နိုင်ငံခြားသားကို သူလိုကိုယ်လို ဟုသာမြင်ပါသည်။ အလုပ်လုပ်သလောက်အခွင့်အရေးရသဖြင့် အလုပ်လုပ်ကြ သည်။ စည်းကမ်းရှိသလောက် စည်းကမ်း၏အကျိုးကို ခံစားရသဖြင့် စည်းကမ်းနှင့်နေကြသည်။ သူတို့လို ကိုယ်လည်း အခွင့်အရေး ရရင် ကိုယ့်တိုင်းပြည်လည်း ဖြစ်နိုင်ကြောင်းနားလည်ကြသည်။ ကြီးမားသော အတွေးအခေါ်ကွာဟမှုကြီးဖြစ်ပါသည်။

ထိုမှတစ်ဆင့်တိုးသောအခါ စစ်တပ်က ပိုအလုပ်လုပ် အနစ်နာခံရတဲ့အတွက် အခွင့်အရေးယူထိုက်သည်ဟု မြင်လာပါတော့သည်။ နိုင်ငံရေးသမားများအား နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူလိုသည်ဟု စွတ်စွဲပေးလိုက်ပါသည်။ တပ်ထဲတွင် နေခဲ့သော ငယ်စဉ်က ကျွန်တော်ကိုယ်တိုင်သည် အမိန့်နှင့် အာဏာကို ယုံကြည်ပါသည်။ နောင် ၈၈ ခေတ်ကိုကျော်မှ စည်းရုံးရေးကို ယုံကြည် လာပါသည်။ ပတ်ဝန်းကျင်က ပုံသွင်းပေးခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးကို ယုံကြည်ပြီး ဗိုလ်ချုပ်နေ၀င်း သည် အမိန့်နှင့် အာဏာကို ယုံကြည်ခဲ့ခြင်း၏ နောက်ဆက်တွဲ အမွေဖြစ်ပါသည်။

အထက်ပါ စစ်တပ်ဝါဒ သည် နိုင်ငံတကာ၊ ဘာသာတရားနှင့်၊ နိုင်ငံရေးသဘောတရားများ သိရှိနားလည်လာသည့် အရာရှိကြီး များဖြစ်လာသည့်အခါ မိမိတို့၏ အထက်ပါ ကျင့်ထုံးများနှင့် ဆန့်ကျင်ဆုံးဖြတ်မှုတိုင်း၊ အဖြေတိုင်းအတွက် စိတ်ဖြေစရာ ဆေးကောင်း ကြီး တစ်ခွက်ဖြစ်လာပါတော့သည်။ ယနေ့ ဗိုလ်ချုပ်ကြီးများအားလုံး ဤအတိုင်း ယုံကြည်ကြသည်မှာ မှားယွင်းဖွယ် မရှိပါ။

ဒုတိယအကြောင်းတရား (သို့မဟုတ်) ပုံတူကူးခြင်း

ဦးနေ၀င်းအားဖယ်ရှားပြီးသည့်အခါ စစ်ဗိုလ်ချုပ်ကြီးများအတွက် လမ်းကြောင်းချပေးမည့်သူမရှိတော့သလောက်ဖြစ်ပါသည်။ (ထိုမတိုင်ခင် အာဏာသိမ်းပြီးကာလက ဒေါက်တာမောင်မောင်နှင့်တကွ ပါတီခေတ်ခေါင်းဆောင်များ Policy နှင့် လမ်းညွှန်မှုများ ချပေးခဲ့ပါသည်။) သို့ရာတွင် အတန်အသင့် အမြင်ကျယ်သူ ဗိုလ်ချုပ်ခင်ညွန့်သည် မဟာဗျူဟာလေ့လာရေးဌာနကို (အမေရိကန်ပုံစံအတိုင်း) ထူးထောင်ကာ ပညာတော်သော စစ်ဗိုလ်ငယ်များမှအစ ခေါင်းခေါက်ရွေးယူ၍ ထောက်လှမ်းရေးဌာနချုပ် တွင် ကမ္ဘာ့နိုင်ငံရေးအလိုက် အထူးပြုတာဝန်အမျိုးမျိုးဖြင့် လေ့လာ လေ့ကျင့်စေခဲ့သည်။ အမေရိကန်နှင့် အီးယူ၊ ဂျပန် တို့သို့ နိုင်ငံရေးအောက်လမ်းနည်းများဖြင့် ချဉ်းကပ်ခဲ့သည်။ စစ်အစိုးရ၏ လမ်းပြမြေပုံ နှင့် နေပြည်တော်စီမံကိန်း၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ခေါ် ပေါ်လစီ စီမံကိန်းများကို သူ၏ ဦးခေါင်းများဖြင့် ဆွဲယူခဲ့သည်။

နောင်တစ်ချိန် ဗိုလ်ချုပ်ခင်ညွန့်မရှိသောအခါ စစ်တပ်ခေါင်းဆောင်များအတွက် နမူနာပေါင်းများစွာ၊ စကားလုံးပေါင်းများစွာ (ယနေ့နောက်ဆုံးပေါ် - ရိုဟင်ဂျာမဟုတ်၊ ဘင်္ဂါလီ ဆိုသည့် စကားလုံးမျိုးအထိ) အရန်သင့်ရှိထားပြီဖြစ်သည်။ ကာကွယ်ရေးတက္ကသိုလ်တွင် အရည်အချင်းရှိသော ပညာတတ်ဗိုလ်မှူးကြီးများ၏ သုတေသနကျမ်းများ ရှိနေသည်။ ဒီပဲယင်း အရေးအခင်းကို “ဒေါ်အောင်ဆန်းစုကြည်အန္တရာယ်ကာကွယ်ရေး” ဟူသော သုတေသနစာတမ်းအတိုင်း ဖန်တီးခဲ့သည်။ UN ကိုယ်စားလှယ် ဂန်ဘာရီမလာမှီ ပြည်တွင်းတာဝန်ခံကို မောင်းထုတ်ပြခြင်း၊ ယင်းမှတစ်ဆင့်ချင်းရှေ့တိုးလာပြခြင်း၊ အမေရိကန် စစ်ရေယာဉ်မ၀င်နိုင်မှီ အာဆီယံ၊ UN တို့နှင့် အစည်းအဝေးလုပ်ပြခြင်း စသည်ဖြင့် နည်းဗျူဟာမျိုးစုံကို အသစ်ဖန်တီးယူခြင်း ထက် ဦးနေ၀င်းလုပ်ခဲ့သည့် ခြေလှမ်းများကို အနီးစပ်ဆုံး ပုံတူကူးချခြင်းများဖြစ်သည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့ကို မယုံကြည် သော်လည်း ထို ၀ါဒကျင့်သုံးသူ တို့၏ နည်းပရိယာယ် လုပ်နည်းလုပ်ဟန်များကို လေ့လာကြသည်။ ဤသည်မှာလည်းမဆန်း၊ မဆလခေတ်တွင်သူတို့ ကြီးပြင်းလာကြပေရာ (တစ်နည်းအားဖြင့် လူရာဝင်လာရပေရာ) ထိုခေတ်က သင်ကြားခဲ့သော နိုင်ငံရေးသမား မုန်းတီးရေးတရားများ၊ ဦးနု မကောင်းကြောင်းများ၊ ပါတီစုံနှင့် ဖက်ဒရယ်မူ မကောင်းကြောင်းများ သည် အသည်းတွင် စွဲထင်နေပေပြီ။ ထိုခေတ်တလျှောက်လုံး ဖတ်စရာနိုင်ငံရေးစာအုပ်ဆို၍ လက်ဝဲစာပေသာရှိရာ ထို စာပေတို့မှ လက်ဝဲ၀ါဒ တော်လှန်ရေးသမားတို့၏ ကောင်းကွက်များ အယူအဆကောင်းများကို အရမယူနိုင်သောအခါ မကောင်းသော လုပ်နည်းလုပ်ဟန်များကိုသာ ကူးယူရပေတော့သည်။ “ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ” ဆိုသည့် လက်မောင်းတန်းအော်ဟစ်မှု များကို သူတို့ရိုက်သောရုပ်ရှင်ထဲမှ အလံနီတို့ထံမှအရယူသည်။ ကျွန်တော့်နားထဲတွင် “သတ်ပစ်၊ သတ်ပစ်” ဆိုသည့်အသံများ ကြားယောင် မိရသည်။

အရေးအခင်းပြီးကာစက အားလုံးသပိတ်မှောက်ပြီး ဖြစ်နေသည့် ၀န်ထမ်းများဖြင့် မည်သို့ဆက်လက်အုပ်ချုပ်မည်နည်းဟု ကျွန်တော်တို့တွေးခဲ့ဘူးသည်။ တစ်ပြည်လုံးသပိတ်မှောက်လျင် တိုင်းပြည်ကို အုတ်တံတိုင်းခတ်ရုံပေါ့ဟု ပြောခဲ့ကြသည်။ သို့သော် အာဏာမသိမ်းမီတွင် မော်စီတုန်း၏ နည်းလမ်းတစ်ခုကို ကျွန်တော်ဖတ်မိသည်။ ယင်းမှာ “အစွန်းရောက်လူနည်းစု ကို တိုက်ရိုက်နှိမ်နင်းခြင်း၊ အလတ်တန်းစားလူများကို တွေဝေယိမ်းယိုင်စေခြင်း နှင့် နောက်တန်းက လူုထုကြီးကို မိမိ လူဟု အမည်တတ်ခြင်းဖြင့် တဖြည်းဖြည်းပြောင်းလဲယူခြင်း” လုပ်ငန်းစဉ်ဖြစ်ပါသည်။ ကူးယူတတ်သော စစ်အုပ်စုသည် ထိုအတိုင်း တသဝေမတိမ်းကျင့်သုံး ပါသည်။ ယနေ့တိုင်လည်း ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိပါ တိုးချဲ့ယူလာရာ အာဆီယံသည် ထိုလမ်းစဉ်မှ အလယ်အလတ်တန်း စားအုပ်စုဖြစ်လာပါသည်။ အတိုက်အခံထဲမှလည်း အဆိုပါ အလယ်အလတ်တန်းအုပ်စုကို ဆွဲယူနေပါပြီ။ တွေဝေသော (ကွန်မြူနစ်စကားဖြင့် ဆက်ပြောလျှင် ပညာတတ်များ) လူတချို့သည် ပါတီဖွဲ့အရွေးခံရန်၊ ရွေးကောက်ပွဲကို ထောက်ခံရန် လမ်းစဉ်ကို ရွေးနေကြလေပြီ။ စစ်တပ်သည် သာမာန်အားဖြင့် ကျောင်းသားများကို မထလာအောင် နှိပ်ကွက် ထားလိုသည်မှအပ နိုင်ငံရေးသမားများ လောက် အမြင်မကြည်မှုမရှိသည်ဖြစ်ရာ (သူတို့သင်ခဲ့သော ဦးနေ၀င်းခေတ် သမိုင်းစာအုပ်များတွင်လည်း ကျောင်းသားများ အမြင်မှား၍သာ နိုင်ငံရေးလုပ်ကြကြောင်း သင်ခဲ့ရရာ) ကျွန်တော်တို့ ၈၈ ကျောင်းသားများကိုလည်း အလယ်အလတ် လူစုတွင်ပါဝင်မည်လားဟု ထင်ကာ လွှတ်ပေးထားခဲ့သည်။ ၂၀၀၇ တွင်မှ အစွန်းရောက်စာရင်း သို့ ထည့်သွင်းခဲ့ ခြင်းဖြစ်ပါသည်။

ခြုံငုံ၍ဆိုရလျှင် စစ်တပ်၏ မကောင်းမှုများကို နားလည်မှုပေးသည့်တိုင် ယင်းတို့၏ ရပ်တည်ချက် သဘောထားသည် မှားယွင်းစွာ သင်ကြားလာသော အခြေခံအပေါ်မှ ဖြစ်ပေါ်လာခြင်းသာဖြစ်ပါသည်။ တိုင်းသူပြည်သားများ အမှန်တကယ်ခံစားမှု၊ အမှန်တကယ် အလုပ်လုပ်ကိုင်နေကြပြီး အကျိုးမရကြမှု၊ ယင်းတို့ အထင်ကြီးသော ပြည်ပနိုင်ငံသားများကဲ့သို့ အရည်အချင်းရှိသူများစွာ ရှိနေမှု၊ ယင်းတို့ကဲ့သို့ ပင်ပန်းနွမ်းနွယ်စွာ၊ သက်စွန့်ဆံဖြား တိုင်းပြည်အတွက် အလုပ်လုပ်နေသူများရှိနေမှုတို့ကို ယနေ့တိုင် သိမြင်လာကြခြင်း မရှိသေးပါ။ ပြည်သူလူထုနှင့် အမှန်တကယ် နီးနီးစပ်စပ် နေထိုင်လိုစိတ်၊ နားလည်အောင်လုပ်လိုစိတ် နည်းပါးအောင် ကြိုတင် လေ့ကျင့်ပေးထားခြင်းဖြင့် အရပ်ဖက်တာဝန်ယူရသည့်တိုင် အစဉ်ကင်းကွာ နေလေ့ရှိသည်။ နားလည်သွားသော အရာရှိများသည်လည်း ဘေးဖယ်ခြင်း ခံသွားကြရသည်။ ထို့ကြောင့်လည်း ယနေ့ခေတ် ပင်စင်ယူသွားသော စစ်ခေါင်းဆောင်အားလုံးသည် လက်ရှိစစ်တပ်၏ ဘေးဖယ်ခြင်းကို ခံကြရသည်ဖြစ်ရာ လက်ရှိခေါင်းဆောင်ကြီး များ တသက်တာ မည်သည့်အခါမျှ အငြိမ်းစားမယူရဲတော့သည့်အဖြစ်သို့ရောက်ရှိကုန်ကြခြင်းဖြစ်ပေသည်။



စောထွန်း
REF: ဧရာဝတီ

Read More...

ဆင်သေကို ဆိတ်သားရေနှင့် ဖုံးနေသည့် အာဆီယံ ပဋိညာဉ် - နီးလောရင့်စ်

Monday, 09 March 2009

အာဆီယံ ပဋိညာဉ် စာချုပ်အသစ်နှင့် ပတ်သက်သော အစီအစဉ်များကို ပြောဆိုရာတွင် မြန်မာနိုင်ငံ ပါဝင်နေသရွေ့ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များ၌ အာဆီယံ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာ တိုးတက်ကောင်းမွန်လာလိမ့်မည် မဟုတ်ပါ။

မကြာသေးမီက အတည်ပြုလိုက်သော အာဆီယံပဋိညာဉ်စာချုပ်တွင် `တန်းတူညီမျှ လူ့အဖွဲ့အစည်းတရပ်´ ဖြစ်လာရေး ဆိုသည်မှာ အာဆီယံအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သော လွန်ခဲ့သည့် ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နောက်ပိုင်း ဆယ်စုနှစ် လေးစုကြာသည့်တိုင်အောင် မျှော်မှန်းခဲ့သည့်အရာ ဖြစ်ပါသည်။

သို့သော် အဖွဲ့ကြီး၏မူလအဖွဲ့ဝင်များဖြစ်ကြသည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံခေါင်းဆောင် များသည် စစ်အေးခေတ်ကာလ အပြင်းအထန်တောက်လောင်နေသောစစ်မီးထဲ ၀င်ရောက်ခဲ့မိရာက ၎င်းတို့မျှော်မှန်း ထားချက်နှင့် ဝေးခဲ့ရကြသည်။

ထိုအချိန်က အဖွဲ့ဝင်နိုင်ငံအစိုးရများသည် ကွန်မြူနစ်စနစ်ပြန့်ပွားလာမှု တားဆီးရေးကိုသာ စိတ်ဝင်စားခဲ့ကြပြီး သူတို့ နိုင်ငံသားများ၏ အရေးကိစ္စများကိုဂရုစိုက်သည်ထက် အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ရေးနှင့် စီးပွားရေးတည်ဆောက်မှု လုပ်ငန်းများတွင်သာ လုံးပမ်းခဲ့ကြသည်။

မတ်လ ၁ ရက်နေ့က ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး
ပိတ်ပွဲအခမ်းအနားတွင် အာဆီယံခေါင်းဆောင်များ အထိမ်းအမှတ် ဓာတ်ပုံ အရိုက်ခံနေစဉ် (ဓာတ်ပုံ - အေပီ)

အာဆီယံ၏ မူလအဖွဲ့ဝင်များသည် အင်ဒိုချိုင်းနားတခုလုံးကို ၀ါးမျိုသွားသည့် စစ်အေးခေတ် အဆုံးသတ်သွားခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ကမ္ဘောဒီယားနိုင်ငံသည် စိတ်မချမ်းမြေ့ဖွယ်ကောင်းသည့် စစ်၏ဆိုးမွေကို ဆက်ခံ ခဲ့ရသည်။ ဆပ်ပြာပူဖောင်းပမာ အလျင်အမြန် ကြီးထွားလာသည့် စီးပွားရေးသည် တုန်လှုပ်စရာ ပြိုလဲပျက်စီးမှုနှင့် ကြုံခဲ့ရပြီးနောက် ကျားကုတ်ကျားခဲနှင့် နာလန်ထူခဲ့ရသည်။ မတည်ငြိမ်မှုများ ရှိသော်လည်း ပိုမိုတာဝန်ယူမှုရှိသည့် အစိုးရ အုပ်ချုပ်ရေးပုံစံဆီ အတိုင်းအတာတခုအထိ တဖြည်းဖြည်း ပြောင်းလဲခဲ့ကြသည်။

အထင်ရှားဆုံး ဖြစ်ပေါ်တိုးတက်မှုတခုက အာဆီယံအဖွဲ့ကြီးကို ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ဖြင့် တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အာဆီယံဒေသသည် တရုတ်ပြည်၏ တ၀က်နီးနီး ကျယ်ဝန်း လာပြီး လူဦးရေအရလည်း ယှဉ်နိုင်လာသည်။

အပေါ်ယံအားဖြင့် ကြည့်မည်ဆိုလျှင် အဆိုပါအချက်များအားလုံးသည် ကောင်းမွန်သောအနာဂတ်ဆီ ဦးတည်လျှက်ရှိပါ သည်။ သို့သော်လည်း အရှေ့တောင်အာရှနိုင်ငံများ အားလုံး ပါဝင်လာရေးဆိုသည့် အာဆီယံအဖွဲ့ကြီး၏ အားထုတ်မှုတွင် ပေးဆပ်မှုများလည်း ရှိခဲ့ပါသည်။ အထူးသဖြင့် ၁၉၉၇ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်ဖြစ်ခဲ့သောနိုင်ငံများသည် စီးပွားရေးနှင့် နိုင်ငံရေးတွင် သိသိသာသာ ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသော နိုင်ငံများဖြစ်နေပါသည်။ (ဘရူနိုင်းသည် ၁၉၈၄ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ဗီယက်နမ်သည် ၁၉၉၅ ခုနှစ်တွင် အဖွဲ့ဝင် ဖြစ်ခဲ့သည်။)

အာဆီယံပဋိညာဉ် စာချုပ်အသစ်ကို စတင်ကျင့်သုံးခဲ့သော်လည်း အာဆီယံအဖွဲ့ကြီးသည် ဥရောပယူနီယံနှင့် ဆင်တူသည့် ဥပဒေအခြေခံပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ စုစည်းမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန် မျှော်လင့်ထားသည်။ အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ် စူရင်ပစ်ဆူဝမ် စကားအရပြောရလျှင် `စည်းမျဉ်းဥပဒေအပေါ် ပိုမိုအခြေပြုပြီး ပြည်သူလူထုကို ပိုအလေးထားသည့်´ အဖွဲ့ကြီးဖြစ်လာစေရန် မျှော်လင့်ထားသည်။

သို့ရာတွင် ပြဌာန်းခဲ့သည့် စည်းမျဉ်းဥပဒေများအတိုင်း လုပ်ဆောင်ရန် အာဆီယံအဖွဲ့ကြီးက လက်တွန့်နေခြင်းသည် ရေရှည်တွင် ဥရောပယူနီယံပုံစံ ထူထောင်ချင်သည့် အဖွဲ့ကြီး၏ ပန်းတိုင်ရောက်ရှိရေးတွင် အကြီးမားဆုံးအတားအဆီး ဖြစ်နေပေလိမ့်မည်။

စတင် ဖွဲ့စည်းစဉ်ကတည်းက တောက်လျှောက်စွဲကိုင် ကျင့်သုံးခဲ့သော အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ကို ၀င်ရောက် မစွက်ဖက်ရေးမူကို ပဋိညာဉ်စာချုပ်တွင် ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ထိုမူနှင့်ယှဉ်တွဲပြီး `ဒီမိုကရေစီ အခြေခံမူများ၊ တရားဥပဒေစိုးမိုမှု၊ ကောင်းမွန်သော အုပ်ချုပ်မှုပုံစံ၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများကို လေးစား လိုက်နာရေး နှင့် ထိန်းသိမ်းကာကွယ်ရေး´ စသည့်အချက်များကို ပြဌာန်းထားသည်။ ထိုသို့ ပြဌာန်းကြခြင်းမှာ အကယ်၍ ထိုအခွင့် အရေးများကို အဖွဲ့ဝင် တနိုင်ငံက ကျူးလွန် ဖောက်ဖျက်မှုများ ရှိလာလျှင် အဖွဲ့ကြီးကအရေးယူမှု မလုပ်နိုင်ခြင်းကို ဆင်ခြေပေး နိုင်ရန် အတွက်ဖြစ်သည်ဟု ဝေဖန်သူများက စွပ်စွဲကြပါသည်။

အဖွဲ့ဝင်နိုင်ငံများအကြား လက်ခံနိုင်ဖွယ်ရှိသည့် အပြုအမူဆိုင်ရာ စံနှုန်းများကို ပြဌာန်းသတ်မှတ်ရန် အာဆီယံအဖွဲ့ကြီး ၏စိတ်ဆန္ဒမရှိမှုကို အလေးအနက်ပြောဆိုနေခြင်းသည် ၂၀၀၇ ခုနှစ်နှောင်းပိုင်းတွင် မြန်မာစစ်အစိုးရပြုမူခဲ့သော အလွန် ဆိုးဝါးသည့် ချိုးဖောက်မှုများကို အဖွဲ့ကြီးအနေနှင့်ထိထိရောက်ရောက် တုန့်ပြန်ရန် ပျက်ကွက်ခဲ့သည့်အတွက် ဖြစ်သည်။ ထိုအချိန်သည် အုပ်ချုပ်သူအစိုးရများ၏ဒေသဆိုင်ရာ အဖွဲ့အစည်းအသွင်မှ `ပြည်သူလူထုကို ရှေ့ရှုသော´ လူ့အဖွဲ့ အစည်းတရပ်အဖြစ်သို့ အာဆီယံအဖွဲ့ကြီးကို ပြောင်းလဲရန်အတွက် မဖြစ်မနေ လိုက်နာ ကတိက၀တ်ပြု ဆောင်ရွက်ကြရန် ပြင်ဆင်နေချိန်လည်း ဖြစ်နေပါသည်။

အာဆီယံပဋိညာဉ်စာချုပ်ကို တရားဝင်အတည်ပြုကျင့်သုံးသည်မှာ လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ဖြစ်ပါသည်။ ထိုစာချုပ်ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ကျင်းပသော ၁၃ ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏အုပ်ချုပ်မှုကို ဆန့်ကျင့်သော အကြီးကျယ်ဆုံး လူသိထင်ရှားဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရကနှိမ်နှင်းခဲ့ပြီး နှစ်လမပြည့်မီအတွင်း ထိုသို့အတည်ပြုခြင်းကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို စစ်အစိုးရကနှိမ်နှင်းနေသည့် အချိန်တွင် အာဆီယံအဖွဲ့ကြီး သည် အစဉ်အလာအားဖြင့် စောင့်ထိန်းခဲ့သော အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏အရေးကိစ္စများကို ၀င်ရောက်မစွက်ဖက်ရေးမူကို ချိုးဖောက်ပြီး မြန်မာစစ်အစိုးရ၏ သွေးထွက်သံယိုနှိမ်နှင်းမှုကို စက်ဆုပ်ရွံရှာဖွယ် အပြုအမူအဖြစ် ထုတ်ဖော်ပြောဆို ခဲ့သည်။ အော်တိုမစ်တစ် မောင်းပြန်သေနတ်များသုံးပြီး ဆန္ဒပြလူအုပ်ကြီးကို ပစ်ခတ်ဖြိုခွင်းသည့်အတွက် လူပေါင်းရာနှင့်ချီ သေဆုံးကြသည့် သတင်းပေးပို့ချက်များကို ရရှိခဲ့သော အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကြီး၏ အဖွဲ့ဝင် ၉ နိုင်ငံမှ နိုင်ငံကြားရေးဝန်ကြီးများက သူတို့၏ စိုးရိမ်ထိတ်လန့်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဤတုန်လှုပ်ခြောက်ခြားစရာ ဖြစ်ရပ်များသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ အာဆီယံအဖွဲ့ကြီး၏ ရပ်တည် ကြိုးပမ်းပေးခဲ့မှုများအတွက် ရရှိလာသော အကျိုးရလဒ်များတွင် အရင်းခံနေသည်မှာ သံသယရှိစရာမလိုပါ။ အမေရိကန်နိုင်ငံ နယူးယောက်တွင် ကျင်းပနေသော ကုလသမဂ္ဂ ညီလာခံ၏ပြင်ပတွင် စင်္ကာပူနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ခ်ျရိုးက `ကျနော်တို့အဖွဲ့ကြီး အပေါ် အများရဲ့ ယုံကြည်ကိုယ်စားမှုကတော့ အန္တရာယ် ရှိတဲ့ အနေအထားကို ရောက်နေပါပြီ။ ကျနော်တို့အားလုံးရဲ့ ဂုဏ်သိက္ခာဟာလည်း အစွန်းအထင်းဖြစ်ခဲ့ပါပြီ။ အရာရာကို မှန်ကန် ဖြောင့်မတ်အောင် မလုပ်နိုင်ဘူးဆိုရင်၊ မြန်မာနိုင်ငံကို လမ်းကြောင်းသစ်တခုဆီ ဆွဲခေါ်မသွားနိုင်ရင် ကျနော်တို့ အားလုံးဟာ မြန်မာနိုင်ငံကြောင့် ထိခိုက်နစ်နာကြရလိမ့်မယ်။ သူ့ကြောင့် နွံနစ်ကြရလိမ့်မယ်´ ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

သို့သော် အဖွဲ့ကြီး၏စုပေါင်းတာဝန်ယူမှုအပေါ် ယခုကဲ့သို့ ရုတ်တရက် သတိပြုမိခြင်းက အခိုက်အတန့်သာ ဖြစ်ခဲ့သည်။ နိုဝင်ဘာလတွင် စင်္ကာပူ၌ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးအကြိုကာလက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီက မြန်မာနိုင်ငံအခြေအနေကို အာဆီယံအစည်းအဝေးတခုတွင် အာဆီယံ ခေါင်းဆောင်များအား ရှင်းလင်းတင်ပြမည်ကို ကမ္ဗောဒီယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့၏ ထောက်ခံမှုဖြင့် မြန်မာအစိုးရ က ပိတ်ပင်တားမြစ်ခဲ့သည်။

ဖြစ်ချင်တော့ သမိုင်းဝင်ပဋိညာဉ်စာချုပ်ကို စတင်အသက်သွင်းရန် အာဆီယံအဖွဲ့ကြီး၏ စိတ်အားထက်သန်မှုက မြန်မာ အစိုးရကို အသက်ရှုပေါက်ပေးလိုက်သလို ဖြစ်စေခဲ့သည်။ အမှန်တကယ်ဆိုလျှင် အာဆီယံအဖွဲ့ကြီးသည် မြန်မာနိုင်ငံက မငြိမ်မသက်ဖြစ်နေသော လူထုနှင့် မိမိတို့ကိုယ်ကို ဂုဏ်ယူဝင်ကြွားရန် ပြင်ဆင်ဆုံးဖြတ်ထားကြသည့် ဒေသဆိုင်ရာခေါင်း ဆောင်များကို ဦးဆောင်မှုပေးရမည် ဖြစ်ပါသည်။

နောက်ပိုင်းလများအတွင်း မြန်မာနိုင်ငံနှင့် ဒေသအတွင်းရှိ တခြားနေရာများတွင် ဖြစ်ပွားလျှက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းသွားရန် အာဆီယံအဖွဲ့ကြီးအနေနှင့် ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဆိုသည့် အကြံပြုချက်မျိုး လုံးဝမရှိခဲ့ပါ။ ထို့နောက် ၂၀၀၈ ခုနှစ် မေလ၌ မြန်မာနိုင်ငံ၏သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေး ဒုက္ခကြီးဖြစ်သော နာဂစ်ဆိုင်ကလုန်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ အာဆီယံအဖွဲ့ကြီးလည်း လူသားချင်း စာနာ ထောက်ထား သော အကူအညီပေးရေး ကြိုးပမ်းအားထုတ်မှုများတွင် ဦးဆောင်းမှုပေးခဲ့ခြင်းဖြင့် အဖွဲ့ကြီး ၏ဂုဏ်သိက္ခာကို အဖတ်ဆယ် ပေးမည့် အခွင့်အလမ်းတခု ရခဲ့ပါသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်မည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မြန်မာအစိုးရနှင့် အာဆီယံအဖွဲ့ကြီး တို့ပါဝင်သည့် သုံးပွင့်ဆိုင် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခြင်းဖြင့် ယခုလိုအရေးကြီးသောအကြပ်အတည်း ကာလတခု၌ တာဝန်ယူမှုအပိုင်းတွင်သာမက မြန်မာစစ်အစိုးရကို နိုင်ငံတကာအသိုင်းအ၀န်းထဲသို့ ဆွဲခေါ်နိုင်သော အရည်အချင်း ရှိကြောင်း အာဆီယံအဖွဲ့ကြီးက ပြသနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။

မြန်မာအစိုးရက အာဆီယံပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးသည့် ဇူလိုင်လ ၂၁ ရက်နေ့ တရက်တည်းတွင် သုံးပွင့်ဆိုင် ကယ်ဆယ်ရေး ညှိနှိုင်းမှုလုပ်ငန်းအဖွဲ့က မြစ်ဝကျွန်းပေါ်ဒေသ၏ လူသားချင်း စာနာထောက်ထားသော အကူအညီလိုအပ် ချက်များကို ယုံကြည်လက်ခံနိုင်သည့် ဆန်းစစ်အကဲဖြတ်ချက်များဖြင့် အလှူရှင်နိုင်ငံများအတွက် အထောက်အကူဖြစ်နိုင် မည့် `ဆိုင်ကလုန်းနာဂစ်အလွန် ပူးတွဲလေ့လာအကဲဖြတ်ချက် မှတ်တမ်း´ကို ထုတ်ဝေခဲ့ပါသည်။

မုန်တိုင်းကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများတွင် နိုင်ငံရေးအသွင် မဆောင်ရန်ဆိုသည့် သုံးပွင့်ဆိုင်လုပ်ငန်းအဖွဲ့၏ မူဝါဒနှင့်အညီ မုန်တိုင်း ကပ်ဘေးကျရောက်ပြီး အစောပိုင်းကာလ အငြင်းပွားစရာဖြစ်ခဲ့သည့် မြန်မာအစိုးရ၏ မုန်တိုင်းကယ်ဆယ်ရေး ဆောင်ရွက်ချက်များကို ထိုမှတ်တမ်းတွင် ဖော်ပြခြင်းမပြုခဲ့ပါ။ ထိုစဉ်က စစ်အစိုးရသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ရက်သတ္တပတ်အတော်အကြာထိ အပြည့်အ၀လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ သို့သော် ထိုမှတ်တမ်းတွင် စစ်အစိုးရသည် ဆိုင်ကလုန်းနာဂစ်မှ အသက်ရှင်ကျန်ရစ်သူများကို အကူအညီ အထောက်အပံ့ပေးရေး နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများတွင် တန်းတူပါဝင်ခဲ့ကြောင်းကို အသားပေး ဖော်ပြထားခဲ့ပါသည်။

သို့သော်လည်း စစ်အစိုးရ အသစ်တွေ့ရှိခဲ့သော ဂုဏ်သိက္ခာတက်စေနိုင်သည့် ထိုဖြစ်ရပ်ကြောင့် ၎င်း၏လူ့အခွင့်အရေး မှတ်တမ်းတွင် တိုးတက်မှုတခုအဖြစ် ဦးတည်သွားစေနိုင်သည့် မျှော်လင့်ချက်မှာ မကြာမီ ပျောက်ကွယ်သွားခဲ့သည်။ အာဆီယံပဋိညာဉ်စာချုပ်ကို အတည်ပြုပြဌာန်း ကျင့်သုံးတော့မည့် ရက်သတ္တပတ်များအတွင်း စစ်အစိုးရသည် လွန်ခဲ့သော နှစ်က ၎င်း၏မပြီးဆုံးသေးသောလုပ်ငန်းကို ပြန်လည်စတင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့မှုဖြင့် ဒီမိုကရေစီအရေး ထောက်ခံသူများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့ကြသော တက်ကြွလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါသည်။ ဤတကြိမ်တွင်လည်း အာဆီယံအဖွဲ့ကြီးသည် နှုတ်ပိတ်ငြိမ်သက်ရေးလမ်းစဉ်ကို သာ ရွေးခဲ့သည်။

ဒီဇင်ဘာလက ဥပဒေစိုးမိုးမှုပျက်သုဉ်းခဲ့ရသည့်ဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံကို ချိနဲ့သွားစေခဲ့သည်။ မိမိကိုယ်ကို အရွယ် ရောက်လာပြီးဖြစ်သော အဖွဲ့ကြီးအသွင် ပုံဖော်ချင်သည့် အာဆီယံ၏လိုလားချက်ဆန္ဒအတွက် ထိုဖြစ်ရပ်က အတား အဆီးတခုဖြစ်ခဲ့ပါသည်။ ထိုင်းနိုင်ငံတွင်ဖြစ်ပွားနေသော နိုင်ငံရေးမငြိမ်သက်မှုကြောင့် ၁၄ ကြိမ်မြောက် အာဆီယံအဖွဲ့ ထိပ်သီးအစည်းအဝေး ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ရခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာများတွင် ခေါင်းမာလှသောမြန်မာစစ်အစိုးရနှင့်ဆက်ဆံရာ၌ အဖွဲ့ကြီးအတွက် ထိရောက်သော နည်းလမ်းရှာမရဖြစ်နေခြင်းနှင့် စာလျှင် အသေးအဖွယ် အထစ်အငေါ့တခုသာ ဖြစ်ပါသည်။

အာဆီယံ ပဋိညာဉ်စာချုပ်၏အငြင်းပွားစရာအကောင်းဆုံးအချက်မှာ `လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများ တိုးမြှင့် ရေး နှင့်ကာကွယ်ရေး´ တို့အတွက် တာဝန်ရှိသော ကော်မရှင်တရပ်ဖွဲ့စည်းရေးကိုတောင်းဆိုထားသည့် စာပိုဒ်တခု ပါဝင် နေခြင်းပင်ဖြစ်ပါသည်။ ၎င်းအချက်ကို အကောင်အထည်ဖော်ဆောင်ရန် မည့်သည့်အခွင့်အာဏာမှ ရရှိလာမည်မဟုတ် သည့်အတွက်ကြောင့် ထိုစာပိုဒ်သည်အဓိပ္ပာယ်မရှိသော အချက်သာဖြစ်သည်ဟု ဝေဖန်သူများက ပြောဆိုနေကြပါသည်။

ထိုလူ့အခွင့်အရေးကော်မရှင်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အာဆီယံအဖွဲ့ကြီးက ဆောင်ရွက်နိုင်စွမ်းမရှိလျင် အဖွဲ့ကြီး၏ အတိတ်က လုပ်ဆောင်ရန်ပျက်ကွက်မှုများကို ဤပဋိညာဉ်စာချုပ်က တရားဝင်သွားအောင် စနစ်တကျပုံသွင်း ပေးလိုက်ခြင်း သက်သက်သာ ဖြစ်သွားနိုင်သည့်အန္တရာယ် ရှိနေပါသည်။

Neil Lawrence ၏ The Asean Charter: A Human Rights Whitewash ကို ဆီလျော်အောင် ပြန်ဆိုသည်။



နီးလောရင့်စ်
REF: ဧရာဝတီ

Read More...

မြန်မာ စစ်အစိုးရ၏ ဝန်ထမ်းများကို တောင်ကိုရီးယားသို့ ပညာတော်သင်စေလွှတ်မည်

ကိုရီးယားနိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ(KOICA)
အမှတ်အသား တံဆိပ် ( သတင်း အထောက်အကူပြု ဓါတ်ပုံ - www.secc.org.eg )


မြန်မာ စစ်အစိုးရ ၀န်ထမ်းများကို တောင်ကိုရီးယားသို့ ပညာတော်သင် စေလွှတ်မည်ဟု သိရသည်။

အဓိက အားဖြင့် မြန်မာနိုင်ငံ၏ နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု မြင့်မား လာစေရေး ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ စေလွှတ်ခြင်း ဖြစ်သည်ဟု ပြည်တွင်း မီဒီယာတခုက ဖော်ပြခဲ့သည်။

စက်မှုနှင့် IT နည်းပညာ နယ်ပယ် ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် အနေနှင့် ပင်လယ်ရပ်ခြား ပညာတော်သင် ခရီးတခုကို စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ကိုရီးယား နိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (KOICA) က ယခု ခရီးစဉ်အတွက် Sponsor ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ စစ်အစိုးရ ၀န်ကြီးဌာန အတော်များများမှ ၀န်ထမ်း(၅၀)ကို ရွေးချယ် စေလွှတ် သွားမည်ဟုလည်း သိရသည်။ ယခု ခရီးစဉ် အပါအ၀င် (KOICA) မှ မြန်မာနိုင်ငံ အတွက် ပညာတော်သင် စေလွှတ်ရေး Sponsor ပေးခဲ့သူ အရေအတွက်မှာ (၁၉၉၁) ခုနှစ်မှ စပြီး (၁၀၀၀) ကျော်သွားပြီဟုလည်း သိရှိရသည်။

အဆိုပါ လုပ်ငန်းစုသည် မကြာသေးမီ နှစ်ပိုင်းများ အတွင်းက တောင်ကိုရီးယားရှိ IT နည်းပညာ နယ်ပယ်တွင် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုပြုလုပ် လာကြောင်းလည်း သတင်းရရှိသည်။

REF: လူထုအသံ

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ရေးရာ ပိုမိုဖော်ဆောင်


မတ်လ(၉) ရက်၊ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) နှင့် တိုင်းနှင့်ပြည်နယ်များမှ လူငယ်အကူအညီ ပေးရေးအဖွဲ့တို့ ယခုလ (၂၆) ရက်တွင် တွေ့ဆုံညှိနှိုင်းပြီး လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်သွားနိုင်ရန် လူငယ် အကူအညီပေးရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု အဖွဲ့ချုပ်လူငယ်ဖော်ဆောင်ရေးတာဝန်ခံ ကိုအေးထွန်းက ပြောသည်။

“ရန်ကုန်တိုင်းမှာဆိုရင် (၂၁) မြို့နယ်ဖွဲ့ပြီးသွားပြီ။ နောက်ထပ်ဖွဲ့မယ့် မြို့နယ်တွေလည်း ရှိပါတယ်။ ဖွဲ့ပြီး မြို့နယ်တွေထဲမှာ လစ်လပ်နေတာတွေရှိတယ်။ လျော့ပါးနေတာတွေရှိတယ်။ အဲဒါတွေကို ကျနော်တို့ တိုးချဲ့မယ်။ နောက်ပြီးတော့ အခုမှ အသစ်ဖွဲ့စည်းတဲ့ မြို့နယ်တွေရှိတယ်” ဟု ၎င်းက ပြောသည်။
သို့သော် ဖွဲ့စည်းသည့်အချိန်တွင် အနှောင့်အယှက် ကြုံရမှုမျိုးရှိကြောင်း၊ ပြီးခဲ့သည့် စနေ၌ လူငယ် တာဝန်ခံတယောက်နှင့် အထက်မြန်မာပြည်က တာဝန်ခံတဦးဖြစ်သည့် ကိုလှဦးတို့ စစ်ကိုင်းတိုင်း ရွှေဘိုသို့ သွားရာ၌ အာဏာပိုင်များက ဆိုင်ကယ်များဖြင့် လိုက်လံကြည့်ရှုခဲ့ကြောင်း ကိုအေးထွန်းက ဆက်လက် ပြောသည်။

ယခုကဲ့သို့ နှောင့်ယှက်မှုများကို ဧရာဝတီတိုင်းအတွင်း၌လည်း ပြုလုပ်လျက်ရှိပြီး လူငယ်တာဝန်ခံ ကိုဆပ်ခင်ဇော်လင်း လာရောက်ပါက သတင်းပေးရန် အာဏာပိုင်များက ဒေသတွင်း ရယကများကို ဖိအားပေးထားကြောင်း သိရသည်။

ယင်းအခက်အခဲများကြားမှပင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၃) ခုတွင် လူငယ်အဖွဲ့များ ဖွဲ့စည်းထားနိုင်ခဲ့ပြီး ယခုလကုန်တွင် (၇) မြို့နယ်၌ ထပ်မံဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ကိုအေးထွန်းက ပြောသည်။

၎င်းက “အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းမှာတောင် အင်အားပြည့် ဖွဲ့စည်းထားနိုင်ခဲ့ပါ တယ်။ အာဏာပိုင်က ပိုဖိလာလေလေ လူငယ်တွေရဲ့ စည်းရုံးရေးအားက ပိုကောင်းလာလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာပိုင်းကို ဘယ်လိုမှ တားထားလို့ရတာမဟုတ်ဘူးလေ။ လူငယ်တွေက သတင်းကို နည်းလမ်းပေါင်းစုံနဲ့ ရယူလာတယ်။ မတရားတာတွေကို ပိုပြီးသိလာကြတယ်။ မခံချင်ဖြစ်လာကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ စည်းရုံးမှုတွေနဲ့ ထိတွေ့ရင် သူတို့ဝင်လာကြတာပဲ” ဟု ရှင်းပြသည်။

အဖွဲ့ချုပ်အနေဖြင့် လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်လျက်ရှိရာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်း လူငယ်အကူအညီပေးရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။

မန္တလေးတိုင်း လူငယ်အကူအညီပေးရေးအဖွဲ့မှ ကိုမြင့်မော်က “လောလောဆယ် (၃) မြို့နယ်ဖွဲ့ပြီးသွားပါပြီ။ နောက်ထပ် (၇) မြို့နယ် ထပ်ဖွဲ့ဖို့ နယ်တွေဆင်းရဦးမှာပါ။ လူငယ်တွေဘက်က စိတ်ဝင်စားမှုရှိကြတာ တွေ့ရပါ တယ်။ ကျနော်တို့က မြို့နယ် (၃၀) ကို ပြန်လည်ဖော်ဆောင်ရမှာလေ။ ဒီမှာတော့ အနှောင့်အယှက်တွေ သိပ်မတွေ့ရသေးပါဘူး” ဟု ပြောသည်။

မန္တလေးတိုင်း အဖွဲ့ချုပ် လူငယ်အကူအညီပေးရေးအဖွဲ့ဝင်များသည် မနက်ဖြန်တွင် မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး စသည့် မြို့နယ် (၇) ခုသို့ သွားရောက်၍ လူငယ်ဖွဲ့စည်းရေးကိစ္စများကို ဆောင်ရွက်ကြမည်ဖြစ်သည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

မြန်မာနူကလီးယား ဆွေးနွေးပွဲ တက်ရောက်လာသူ တရုတ်ပညာရှင် သေဆုံး

စိန်ဝင်း

တနင်္လာနေ့၊ မတ်လ

(နောက်ဆုံးရသတင်း)

ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ပြုလုပ်သော နူကလီးယားဌာန ဆွေးနွေးပွဲသို့ တက်ရောက်နေရင်း ရန်ကုန်မြို့ ရှိ စင်ထရယ် ဟိုတယ်တွင် သေဆုံးသွားခဲ့သည်။

မစ္စတာ Zhang Peixin (အသက် ၄၇) သည် အစည်းအဝေးနောက်ဆုံးနေ့မှာပင် ဟိုတယ် အိပ်ခန်းအတွင်း မှောက်ရက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

Zhang သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ငှင်းပြန်မည့် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အစည်းအဝေးခန်းသို့ ရောက်လာခြင်းမရှိ၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင် ဟိုတယ်ဒုတိယမန်နေဂျာက အခန်းတံခါးကို ဖွင့်ပြီး ၀င်ရောက်ရာတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြသည်။ ဟိုတယ်၏ အကြောင်းကြားချက်အရ ရဲနှင့် ဆေးဘက်ဆိုင်ရာတို့က ရောက်ရှိစစ်ဆေးရာတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစုံတခု မတွေ့ရဘဲ သေဆုံးပြီး ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။

ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များက ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရာ ပင်မနှလုံးသွေးကြောများကျဉ်းနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။

စုံစမ်းစစ်ဆေးသူများ၏ သတင်းရပ်ကွက်အရ အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူသည် တဦးတည်းသာ ရှိနေခဲ့သည်ဟု သိရသည်။

သူ၏ဇနီးနှင့် သမီးဖြစ်သူတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ရုပ်အလောင်းကို မတ်လ ၆ ရက်နေ့ ၄ နာရီ မိနစ် ၂၀ တွင် ရေဝေးသုသာန်တွင် မီးသဂြိုလ်၍ ကြွင်းကျန်သော အရိုးပြာကို တရုတ်နိုင်ငံသို့ ပြန်လည်ယူဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

---------------------------------

ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် ရန်ကုန်မြို့ ဟိုတယ်တခုတွင် သေဆုံး သွားခဲ့သည်။

မဇ္ဈိမက ယခု သတင်းရေးသားချိန်အထိ အတည်ပြုနိုင်သည်မှာ မစ္စတာ Zhang Peixin (အသက် ၄၇) သည် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနကို အကူအညီပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး စင်ထရယ် ဟိုတယ်တွင် မတ်လ ၁ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။

ရဲသတင်း ရပ်ကွက်က ပြောကြားရာတွင် သေဆုံးသူသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သွေးတိုးရှိသူ ဖြစ်သည်ဟု ဆိုသည်။ သို့သော် တရုတ်ပြည်သူ့ သမတနိုင်ငံဘက်မှ ရဲ၏ ပမာဏ စစ်ဆေးချက်များအပေါ် သဘောမကျဘဲ ရှိသဖြင့် စုံစမ်းစစ်ဆေးမှု ပြန်လည် ပြုလုပ်လိုသည်ဟု ဆိုသည်။

စင်ထရယ် ဟိုတယ်သည် မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်က ပိုင်ဆိုင်သော ဟိုတယ်တခု ဖြစ်သည်။



REF: မဇ္ဈိမ

Read More...

အပေါ်သို့