လူထုစိန်ဝင်း
March 24,2010
မန္တလေးက မိတ်ဆွေတစ်ယောက် ဖုန်းဆက်လာပါတယ်။ မန္တလေးမှာ လွမ်းစရာလေးတွေလည်း ရှိပါသေးတယ် ဆိုတာ ပြောပြချင်လို့ ဆက်လိုက်တာလို့ ဆိုပါတယ်။ မန္တလေးတောင်ကို လမ်းလျောက်သွားတော့ တောင်တက်လမ်း တစ်လျောက်လုံး တမာတွေ ပွင့်ပြီး တမာနံ့တွေ သင်းနေလို့ ဆရာ့ကို သတိရလိုက်မိတယ်လို့လည်း ပြောပါတယ်။
သူ့ခေတ်ကိုယ့်ခေတ်မန္တလေး
သူက မန္တလေးသားစစ်စစ်၊ မန္တလေးကိုသိပ်ချစ်တဲ့သူပါ။ ရှေးဖြစ်ဟောင်းတွေပြောလို့ မကုန်နိုင်အောင် ဖြစ်ပြီး သူ့ခေတ် ကိုယ့်ခေတ် မန္တလေးကို လွမ်းတသသ ဖြစ်နေကြရပါတယ်။ မုန့်ပြစ်သလက် အဖြူထဲကို ဘယာကြော် တစ်ခု ချေထည့်ပြီး နှမ်းထောင်းလေး ဖြူးစားရတဲ့ အရသာ အကြောင်းပဲဖြစ်စေ၊ လျမ်းစိန်ဟိုတယ်က ခေါက်ဆွဲကြော် သွားဝယ်တဲ့အခါ အင်ဖက်နှစ်ခုအကြား ထည့်ပေးမြဲ ငရုတ်ဆီ ဆမ်းထားတဲ့ ကြက်သွန်ချဉ် မေ့မကျန်ရစ်အောင် ဂရုစိုက်ရတဲ့ အကြောင်းဖြစ်စေ၊ သင်္ကြန်နီးလို့ ယိမ်းတိုက်ကြတဲ့အခါများမှာ မီးသတ်ဗိုလ်ကြီး သားဘိုဘိုနဲ့ မတင်အောင်တို့ လက်မလည်အောင် ဖြစ်နေကြရတဲ့ အကြောင်း ဖြစ်စေ၊ ၀င်းလိုက်ရုံထဲက အစ်မကြီး မမြရီရဲ့ မုန့်တီလက်ရာအကြောင်း ဖြစ်စေ၊ အောင်ဇေယျာကဖေး အကြောင်းဖြစ်စေ၊ ဈေးချိုထဲက ကျော်လှိုင်ကဖေး အကြောင်း ဖြစ်စေ စိတ်ကူးရောက်ရာ အကြောင်း အရာမျိုးစုံကို သူနဲ့ အချိန်အခါမရွေး ပြောလို့ရတယ်။
မန္တလေးမှာ မန္တလေးအကြောင်းပြောမရ
ဒီလို ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ရသူက ဒီခေတ်မှာ တော်တော်ရှားတယ်။ မန္တလေး ရောက်တုန်းရောက်ခိုက် မင်းသီဟ ဆိုင်မှာ တစ်မနက်လုံး ထိုင်နေတာတောင် မျက်နှာသိ တစ်ယောက်မှ တွေ့ရတာ မဟုတ်ဘူး။ ကိုယ့်ကိုလည်း ဘယ်သူမှ မသိကြဘူး။ တစ်ဝိုင်းတည်း ထိုင်တဲ့ မန္တလေး စာပေသမားတွေကလည်း အသက် တော်တော်ငယ်ကြတာ ဆိုတော့ စကားက ဆက်စပ်လို့ မရဘူး။ ကိုယ်သိတဲ့ မြို့မကို သူတို့က ဘာမှသိကြတာ မဟုတ်သလို၊ သူတို့ပြောတဲ့မြို့မ ဆိုတာကိုလည်း ကိုယ်ကဘာမှ မသိလေတော့ ပြောရတာ ပေါ့ရွှတ်ရွှတ်နဲ့ စိတ်ဝင်စားဖို့ မကောင်းဘူး။ တခြား အကြောင်းအရာတွေဘက် ကူးသွားလည်းဘာမှ မထူးဘူး။ လက်ဖက်ရည်ဆိုင်မှာ မန္တလေးသားတွေနဲ့ ကမ္ဘာကြီးအကြောင်း ပြောလို့ရတယ်။ မန်ယူအကြောင်း ပြောလို့ရတယ်။ မန္တလေးအကြောင်းတော့ ပြောလို့မရဘူး။ ရယ်စရာတော့ အကောင်းသား။
အိပ်မက်ထဲမှာပဲလွမ်း
ဖုန်းဆက်လာတဲ့ မိတ်ဆွေကို စိန်ပန်းတွေရော မပွင့်သေးဘူးလားလို့ မေးတော့စိန်ပန်းနဲ့ ငုက သင်္ကြန်ပြီးမှ ပွင့်တာလေ။ အခုတော့ တစ်မြို့လုံး တမာတွေပဲ လှိုင်လှိုင်ပွင့်နေတယ်လို့ ပြန်ဖြေပါတယ်။ ဟုတ်သားပဲ။ ဇွန်လ ကျောင်းပြန်ဖွင့်ချိန် ဆိုရင် မန္တလေး တက္ကသိုလ်ထဲက စိန်ပန်း ပင်တွေ ပင်လုံးကျွတ်ပွင့်ပြီး နီရဲနေတာ ပြန်ပြီး သတိရမိတယ်။ မန္တလေးမှာ လွမ်းစရာလေးတွေလည်း ရှိပါသေးတယ်လို့ မိတ်ဆွေပြောတာက အိပ်မက်ထဲမှာပဲ လွမ်းတော့မယ်ဆိုတဲ့ စာတစ်ပုဒ် ရေးခဲ့ဖူးတာကြောင့်ပါ။ တန်ဆောင်မုန်းလ မန္တလေးမှာ ပွဲဈေးတန်း လျောက်ချင်လို့ ပွဲရှာတာ တစ်မြို့လုံးသာ နှံ့ရော ပွဲဈေးတန်း ရှာမတွေ့တဲ့အကြောင်း မုန့်တီနဲ့ မြီးရှည်ဆိုင်ကို အတော် လိုက်ရှာရပေမယ့် နေရာတကာ ဆန်ခေါက်ဆွဲဆိုင်နဲ့ အကင်ဆိုင် တွေပဲ တွေ့နေရတဲ့ အကြောင်း၊ အဲဒါကြောင့် အိပ်မက်ထဲက ရှေးခေတ် မန္တလေးကိုပဲ လွမ်းနေတော့မယ့် အကြောင်း ရေးခဲ့တာ ဖြစ်တယ်။
မန္တလေးကိုချစ်လို့၊ နှမြောလို့
မန္တလေးဆိုတာ မြန်မာ့ယဉ်ကျေးမှုရဲ့ ဗဟိုချက်ပါ။ ဘာသာသာသနာရဲ့ စုလစ်မွမ်းချွန်လည်းဖြစ်တယ်။ လွမ်းစရာတွေ မရှိဘဲ နေပါ့မလား။ မန္တလေးကိုချစ်လို့။ မန္တလေးကို နှမြောလို့၊ မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးလို့ ၀မ်းပန်းတနည်း ရေးခဲ့တာဖြစ်တယ်။ လွမ်းတာမှ ရင်ထဲ နင့်နေအောင်ကို လွမ်းတာပါ။ မုန့်ပြစ်သလက်နဲ့ ဘယာကြော်ကိုလည်း လွမ်းပါတယ်။ မမြင် မတွေ့ရတာ၊ မစားရတာ နှစ်ပေါင်းငါးဆယ်လောက် ရှိပြီဖြစ်တဲ့ သင်္ဘောမကျီးသီး (တရုတ်မကျီးသီး) ကွေးကွေးလေးတွေနဲ့ သင်္ဘောဇီးဖြူသီးနဲ့ သစ်ချိုသီးတွေကို လည်းလွမ်းပါတယ်။ ခိုတောင်မုန့်တီကို လွမ်းသလို မစီမာဇီး(ဆီး)ငန်ပြားကိုလည်း လွမ်းပါတယ်။ ကလေး ဘ၀တစ်ခုလုံး ကုန်ဆုံးခဲ့ရတဲ့ ဖားသားလဖုန်းကျောင်းကြီးကို လည်းလွမ်းပါတယ်။ မန္တလေးတက္ကသိုလ် တောင်ဘက် အထွက်က လယ်ကွင်း စိမ်းစိမ်းတွေကိုလည်း လွမ်းပါတယ်။ စိန်ပန်းပင်တွေနဲ့ ကုက္ကိုပင်ကြီးတွေကိုလည်း လွမ်းပါတယ်။ ရွှေပြည်အေးဆောင်နဲ့ ရွှေမန်းဆောင်ကိုလည်း လွမ်းပါတယ်။ လူထု တိုက်ကိုလည်း လွမ်းပါတယ်။
တာကေတဆိုတာရှိသလား
အဟောင်းတွေကိုလွမ်း အတိတ်ကိုပဲ တမ်းတနေတာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်ဇာတိဇစ်မြစ်(root)ကိုချစ်ပြီး ကိုယ့်အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ တာဝန် ရှိတယ်မဟုတ်လား။ မနေ့ကပဲ သတင်းစာထဲက ကုမ္ပဏီ ကြော်ငြာတစ်ခုဖတ် လိုက်မိတယ်။ ကုမ္ပဏီလိပ်စာ ဖော်ပြရာ မှာ Takayta လို့ အင်္ဂလိပ်လို ရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ သနဲ့တကွဲအောင် မပြောတတ်သူ တစ်ယောက်က သူ့ပါးစပ်က အသံထွက်အတိုင်း ရေးလိုက်တော့ သာကေတအစား တာကေတ ဖြစ်သွားတော့တာပေါ့။ နောင်နှစ်ပေါင်းများ စွာကြာတဲ့အခါ တာကေတ ဆိုတဲ့မြို့ ဘယ်နေရာမှာ ရှိတာလဲလို့ သမိုင်း သုတေသီတွေ အလုပ်ရှုပ်မကုန်ကြပေ ဘူးလား။ တာကေတလိုပဲ မတိဘူး၊ မတွားဘူးလို့ ရေးကုန်ကြရင် မြန်မာစာတွေ ပျက်စီးခြင်းငါးပါး ဖြစ်သွားတော့မှာပါ။ အခုတောင် မြန်မာစာက တော်တော် မျက်နှာငယ်နေပါပြီ။ မြန်မာဂျာနယ်မဂ္ဂဇင်း တွေမှာ မြန်မာနာမည်နဲ့ ထုတ်တာတော် တော်ကို နည်းပါတယ်။
မန္တလေးဆိုတာ မြန်မာပါ
ကိုလိုနီလက်သစ်ဆိုတာက ရှေးခေတ်လက်ဟောင်း ကိုလိုနီစနစ်လို၊ ပိုက်ဆံအများကြီး အကုန်ခံပြီး စစ်တပ်တွေ စေလွှတ် သိမ်းပိုက်တာမျိုး မဟုတ်ဘူး။ လူသုံးကုန်ပစ္စည်း အပေါစားတွေနဲ့ ယဉ်ကျေးမှုတွေ ဘာသာစကားတွေကို ဒလဟောတင်ပို့ပြီး သူတို့သြဇာ လွှမ်းမိုးအောင် လုပ်တာဖြစ်တယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့နည်းပဲ။ ဒီနေ့ ကျွန်တော်တို့ ထမင်းစားပွဲတွေပေါ်မှာ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်တို့ မုန့်ပြစ်သလက်နဲ့ ဘယာကြော်တို့ မတွေ့ရတော့ဘူး။ ဒင်းမ်ဆမ်းတို့ ပီဇာတို့၊ ဟမ်ဘာကာတို့၊ အကင်စုံတို့ ပဲခေါက်ဆွဲနဲ့ ကင်ချီတို့၊ မာလာဟင်းတို့ ၀က်သားပေါင်းတို့ ဘဲကင် အခေါက်ကင်တို့လို နိုင်ငံစုံစား စရာတွေက နေရာ ယူထားကြပြီလေ။ ကိုလိုနီ လက်သစ်ဆိုတာ ယဉ်ကျေးမှု သြဇာ လွှမ်းမိုးအောင် အရင်လုပ်ပြီး စိတ်ဓာတ်ကို ချုပ်ကိုင်တာဖြစ်တယ်။ လက်ဟောင်း ကိုလိုနီသမားသုံးတဲ့ စစ်တပ်တွေ အစား စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ မီဒီ ယာတွေကိုသုံးပြီး ထိုးဖောက်တာဖြစ်တယ်။ ထိလည်း ပိုထိရောက်တယ်။ ကျွန်တော်တို့ မီဒီယာသမားတွေ ကိုယ်တိုင်က ကိုလိုနီ လက်သစ်ဝါဒကို ဖြန့်ချိပေးသူတွေတော့ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်။ မန္တလေးဝိညာဉ် မပျောက်ကွယ် စေချင်တာက မြန်မာကိုချစ်လို့ပါ။ မန္တလေးဆိုတာ မြန်မာပါ။
Ref: Eleven Media Group
Wednesday, March 24, 2010
မန္တလေးကို ချစ်လို့ပါ။ မန္တလေးဆိုတာ မြန်မာပါ
Daw Aung San Suu Kyi does not want NLD to register
ပါတီ မှတ်ပုံတင်မည်ကို ဒေါ်စု လက်မခံ
ဆလိုင်း ဟံသာစန်း
အင်္ဂါနေ့၊ မတ်လ ၂၃ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် မှတ်ပုံတင်မည့်အပေါ် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က လုံးဝ လက်မခံကြောင်း သူမ၏ ရှေ့နေမှတဆင့် ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။
“မှတ်ပုံတင်ဥပဒေအရ ပါတီကို ပြန်ပြီး မှတ်ပုံတင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့သဘောထားက ဒီလိုမတရားတဲ့ ဥပဒေ၊ တရားမျှတမှု မရှိတဲ့ ဥပဒေ၊ တဖက်သတ် ဥပဒေအရ မှတ်ပုံတင်ရေးကို သူ လုံးဝ လက်မခံပါဘူးလို့ ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
နေအိမ်တွင် ပြစ်ဒဏ် ၁၈ လဖြင့် အထိန်းသိမ်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့် ရရှိခဲ့စဉ် သူမက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီလိုပြောတာဟာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ညွှန်ကြားတာလည်း မဟုတ်ဘူး၊ အမိန့်ပေးတာလည်း မဟုတ်ဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ အညီ ဆုံးဖြတ် ဆောင်ရွက်သွားပါလို့ ပြောပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
စစ်အစိုးရ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရ ၁၉၉ဝ ခုနှစ်မှ ယနေ့အထိ ဖျက်သိမ်းမခံရသော ပါတီများသည် အသစ် တည်ထောင်မည့် ပါတီများနည်းတူ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခဲ့သည့် ယခုလ ၈ ရက်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက အလိုအလျောက် ပါတီ ဖျက်သိမ်းခံရမည်ဖြစ်သည်။
ယခုလ ၁၅ ရက်နေ့က ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီကို တရားဝင် ဆက်လက် ရပ်တည်နိုင်ရေးအတွက် မှတ်ပုံတင်ရန် စဉ်းစားသင့်ကြောင်း အဆိုပြုခဲ့ပြီးနောက် ၈ ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
ပါတီဥက္ကဋ္ဌ၏ အဆိုပြုချက်အရ ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ဆုံးဖြတ်ရန်အတွက် ယခုလ ၂၉ ရက်နေ့တွင် CEC အဖွဲ့ဝင်များနှင့် ပြည်နယ်/တိုင်း အသီးသီးရှိ ဗဟိုဦးစီး CC အဖွဲ့ဝင်များနှင့် လည်းကောင်း၊ ၂၆ ရက်နေ့တွင် နိုင်ငံတဝှန်းရှိ ပါတီ လူငယ်ခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။ ပါတီတွင် CC အဖွဲ့ဝင် ဦးရေ ၁ဝဝ ရွေးချယ်ထားသည့်အနက် ၁ဝ ဦးမှာ အကျဉ်းကျနေဆဲ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည်။
ပြည်နယ်/တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့များမှ ကိုယ်စားလှယ် ၅ဝ ဦးခန့် တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဆုံးဖြတ်ချက်များကို ဗဟို အလုပ်အမှုဆောင် အဖွဲ့ CEC သို့ တင်ပြကြမည်ဖြစ်သည်။
ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများအရ NLD အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည် ဆိုပါက အကျဉ်းကျနေသည့် NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုကော်မတီဝင် ၁ဝ ဦးနှင့် ပါတီဝင် ၃ဝဝ ကျော်ကို ပါတီမှ ထုတ်ပယ်ရမည်ဖြစ်သည်။
စစ်အစိုးရသည် ၁၉၉ဝ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) က ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ၏ ရလဒ်ကို ယခုလဆန်းပိုင်းတွင် နအဖ စစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ရာ၌ တပါတည်း ပယ်ဖျက်ပစ်ခဲ့သည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် တနိုင်ငံလုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၈ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။
Ref: မဇ္ဈိမ
နအဖကို တရားစွဲမှု အန်အယ်လ်ဒီ ပယ်ချခံရ ဒေါ်စုက မတရားသည့်ဥပဒေဖြင့် မှတ်ပုံတင်ခြင်းကို လက်မခံဟု ပြောကြား
NEJ/ ၂၃ မတ် ၂ဝ၁ဝ
နအဖစစ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝ မရှိသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ယနေ့မတ်လ (၂၃) ရက်တွင် ရန်ကုန်မြို့ တရားရုံးချုပ်၌ တရား စွဲဆိုလိုက်သည်။
“အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် သွားပြီးတော့ ဗဟိုတရားရုံးချုပ် တရားမဌာနမှာ ယနေ့ နံနက်ပိုင်းက အမှု သွားပြီးတင်ပါတယ်။ အမှုဆောင်ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နဲ့အတူပါ” ဟု ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
ယင်းသို့ တရားစွဲဆိုမှုကို တရားရုံး တရားမဌာနမှ တာဝန်ရှိသူက အမှုတွဲကို လက်မခံဘဲ ပြန်လည် ပေးအပ်ခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့က မတ် (၂၃) ရက် နေ့စွဲဖြင့် အထူး ကြေညာချက် ထုတ်ပြန်သည်။
အဆိုပါကြေညာချက်တွင် အန်အယ်လ်ဒီဥက္ကဋ္ဌက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရား စီရင်ရေး ဥပဒေပုဒ်မ ၅ (က) (ခ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅) နှင့် (၅၄) တို့အရ တရားရုံးချုပ်တွင် တရား စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “ကျမတို့၌ စီရင်ပိုင်ခွင့်မရှိ” ဟု ပြောဆိုကာ အမှုတွဲကို နေ့လယ် (၁၂) နာရီခွဲခန့်တွင် ပြန်လည် ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။
နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီ ထောင်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ် ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။
ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။
ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းတွေ့ဆုံမှုကို အန်အယ်လ်ဒီ ရုံးချုပ်တွင် ပြန်လည် ရှင်းလင်း ပြောပြခဲ့ကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောပြသည်။
၎င်းက “ဒါ သူ့စကားလုံးအတိုင်းပဲ၊ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ။ သူလုံးဝ လက်မခံဘူးလို့ ပြောတယ်။ သူ့အနေနဲ့ လက်မခံတာ ပြောတာ။ နောက် ဒါဟာ အဖွဲ့ချုပ်ကို ပရက်ရှာပေးတာလည်း မဟုတ်ဘူး ညွှန်ကြားတာလည်း မဟုတ်ဘူး။ သူ့သဘောထား သူပြောတာ။ သူပြောတာ ရှင်းပါတယ်။ ရှင်းရှင်းလေးပါ” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုနှင့် ပတ်သက်၍ အထူး အယူခံ ကိစ္စများကိုလည်း ဦးဉာဏ်ဝင်းက ယနေ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၂၃ - ၃ - ၁၀ )
■ NLD က စစ်အစိုးရကို တရားစွဲပြီ သတင်း
■ စစ်အစိုးရကို NLD ၏ တရားစွဲမှု ပယ်ချခံရ သတင်း
■ (၂၉) ရက်နေ့ စည်းဝေးပွဲအတွက် အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ညှိနှိုင်း သတင်း
■ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လို သတင်း
■ ရွေးကောက်ပွဲ ၀င်သင့်၊ မ၀င်သင့် အချေအတင် ဆွေးနွေး သတင်း
■ ရွေးကောက်ပွဲဥပဒေ လက်မခံရေး မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဘန်ကီမွန်းကို တိုက်တွန်း သတင်း
■ NLD တရားဝင် မဆုံးဖြတ်ခင်မှာ ကြိုတင်လမ်းကြောင်းမှာမဟုတ်လို့ NCGUB ပြောကြား သတင်း
■ တရုတ် ဗဟိုလုံခြုံရေးအဖွဲ့ နေပြည်တော် ရောက်ရှိခဲ့ သတင်း
■ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များအား တိုင်းမှူးက ဖမ်းဆီးရသည့် ဗုံးများ ပြသ သတင်း
■ အရှင်ဥက္ကံသကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထား သတင်း
■ ရွေးကောက်ပွဲသစ်ကို ၀င်ရေး မ၀င်ရေး မြို့နယ်အဖွဲ့ချုပ်ဝင်များ၏ ပြောဆိုချက် သတင်း
■ ရွေးကောက်ပွဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားမှုအချို့ သတင်း
■ အသင်းအဖွဲ့များ ပါတီနိုင်ငံရေး ကင်းရှင်းရန်မလို သတင်း
■ ကချင်ပါတီ ဧပြီလတွင် မှတ်ပုံတင်မည် သတင်း
■ နယူးဒေလီ မြန်မာသံရုံးရှေ့ဆန္ဒပြ၍ တရားစွဲခံရသူများ ပြန်လွတ် သတင်း
■ AAPP (၁၀) နှစ်ပြည့် ကျင်းပ သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ အစီရင်ခံစာထုတ်ပြန် သတင်း
■ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ကို စစ်တိုင်းမှူးများက အဆုံးအဖြတ်ပေး သတင်း
■ DKBA တပ်မှူး အိမ်သစ်တက်ပွဲ သိန်းရာချီ အကုန်ခံမည် သတင်း
■ ဒုက္ခသည်စခန်း မီးလောင်၊ (၃၀၀) ခန့် အိုးအိမ်မဲ့ဖြစ် သတင်း
■ လပွတ္တာမြို့နယ်တွင် ခြင်မှတဆင့် ကူးစက်သော အဖျားရောဂါဆန်း ဖြစ်ပွား သတင်း
■ စစ်ဘက်အရာရှိကားကို တိုက်ခဲ့မိလို့ ... (ရှေ့နေ ကိုညီညီထွေးနှင့် အင်တာဗျူး)
■ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲများ (ဆောင်းပါး)
■ နိုင်ငံတော်၏ စံတန်ဖိုးများ မြှင့်တင်ခြင်း (ဆောင်းပါး)
■ ရွေးကောက်ပွဲ အသက်ကယ်ဆေး မစွမ်းပါ (ဆောင်းပါး)
Tuesday, March 23, 2010
ခြင်္သေ့နှင့် မနှိုင်းလောက်တဲ့ ကျဖင်ချုပ်အောင်သိန်းလင်း
20/03/2010
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် စည်ပင်သာယာရေး အရာရှိကြီးများနှင့် ၀န်ထမ်းများအား မဲဆွယ်စည်းရုံး ဟောပြောမှုကို ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းမှ ရန်ကုန် မြို့တော်ခန်းမ စည်ပင်သာယာရေး ကော်မတီ ရုံးတွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ၄င်းမဲဆွယ် စည်းရုံး ဟောပြောပွဲတွင် ပြောကြားသွားသော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ စကားများမှာ အောက်ပါအတိုင်းဖြစ်သည်။
`` ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေနဲ့ ၀န်ထမ်းအားလုံးကို ကျုပ်ပြောမယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ် ဆိုတာ သိကြလား´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ သိကြလား။ ခင်ဗျားတို့အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ သားသမီး ဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကို ထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ မဲထည့်ရမယ်။ မသေမချင်း မှတ်ထားကြပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား´´ ( ၄င်းမှ အမျိုးသမီး ၀န်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်။) ထို့နောက် `` ဒေါင်းနိုင်သွားရင် ဒီကို အမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဒီကောင်တွေက အလကားနေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မအေတွေ၊ မိန်းမတွေ၊ နှမတွေ၊ သမီးတွေ တက်လုပ်ကြမှာ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲပေးကြ ကျုပ် တစ်ခု ထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်က လူတွေအားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လို အရေးယူမလဲ ဆိုတာ တွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကိုပဲ မဲ ထည့်ကို ထည့်ရမယ်။´´
ဒါကတော့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ ၀န်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်သော စစ်အာဏာရှင် စကားပင် ဖြစ်ပါသည်။ ၄င်းမှ ထိုသို့ စကားပြောကြား နေစဉ်အတွင်း မည်သူ တစ်ဦး တစ်ယောက်ကမှ ပြန်လည် ဖြေကြားသံ၊ ရှင်းလင်း တင်ပြသံတို့ကို လုံးဝ မကြားရခဲ့ပါဟု အဆိုပါ အစည်းအဝေးကို တတ်ရောက်ခဲ့သော စည်ပင် ၀န်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။ (၄င်း ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ အစည်းအဝေးအတွင်း စကားပြောသံ များကို အသံဖမ်းယူ ပေးခဲ့သော စည်ပင်သာယာ အဆောက်အဦး ဌာနမှ ၀န်ထမ်းအား အထူးပင်ကျေးဇူး တင်ရှိပါသည်။)
နအဖ အာဏာရှင်လက်အောက်ခံ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ပြောဆိုသွားသော စကားများတွင် ( အမေရိကန်များ ၀င်ရောက်လာမည်) ဆိုသော စကားတစ်ခွန်းကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့်က ဖြစ်ရပ်တစ်ခုကို ပြန်လည် သတိရမိပါသည်။ ထိုဖြစ်ရပ်၏ အဓိက ဇာတ်ကောင်မှာ အခြားသူ မဟုတ်ပါ။ ကျွန်တော်တို့ မြန်မာပြည်ကြီး လွတ်လပ်ရေး ရအောင် ကိုယ်ကျိုးစွန့် ဆောင်ရွက်ပေးခဲ့သော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦး၏ ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်း ဖြစ်ပါသည်။ ဒေါ်လဲ့လဲ့နွယ်သိန်းသည် လွန်ခဲ့သော ၂၅ နှစ်ခန့်က အမေရိကန် နိုင်ငံသို့ အလွန် သွားရောက်ချင် သဖြင့် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သူ တစ်ယောက် ဖြစ်သည်။ ဒေါ်လဲ့လဲ့နွယ်သိန်းသည် အမေရိကန် နိုင်ငံသို့ သွားရောက် နေထိုင်နိုင်ရန် အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။
နောက်ဆုံးတွင် ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါ၀ါဝင်းရွှေ၏ အိမ်အနီးနားတွင် နေထိုင်သော အသက် (၅၀) ခန့် အမေရိကန်လူမျိုး မုဆိုးဖိုကြီးအား သိမ်းသွင်း စည်းရုံးပြီး လက်ထပ် စာချုပ်တွင် တရားဝင် လက်မှတ်ရေးထိုး ပေါင်းသင်းခဲ့သည်။ ထိုလက်ထပ်စာချုပ် အားကိုးဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက် နေထိုင်နိုင်ရန် အတွက် အသုံးချခဲ့ပါသည်။ ၄င်းအကြောင်း အရာများသည် ဦးအောင်ဆန်းဦးနှင့် မပေါင်းသင်းမီ အချိန်က ဖြစ်ပါသည်။ ယခုအခါမှာ ဒေါ်လဲ့လဲ့ နွယ်သိန်းသည် လက်ရှိ မြန်မာ့နိုင်ငံရေး လောက၏ မိခင်ဟု အသိအမှတ် ပြုခံထား ရသော ၄င်း၏ ယောက်မ တော်စပ်သူ ဒေါ်အောင်ဆန်း စုကြည်အား နအဖ စစ်အစိုးရ၏ အားကိုးဖြင့် နည်းမျိုးစုံ နှောက်ယှက်၊ တိုက်ခိုက်နေသည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။ နအဖ စစ်အစိုးရနှင့် စစ်အစိုးရ၏ လက်ကိုင်တုတ်ဖြစ် အသုံးချ နေကြသော သူများမှာ တကယ့် တကယ်တမ်းတွင် နိုင်ငံခြားသား အမေရိကန် လူမျိုးများအား အထင်တကြီး အားကိုး ယုံကြည် အောက်ကျို့နေကြသော လူ့ပြိတ္တာ၊ လူ့ငရဲသားများ သာလျှင် ဖြစ်တော့သည်။
နအဖ စစ်အစိုးရ၏ လက်ကိုင်တုတ် တစ်ချောင်းဖြစ်သော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ပြောဆိုခဲ့သော စကားများမှာ တကယ့် တကယ်တမ်း လက်တွေ့တွင် ဇာတိဂုဏ် မျိုးချစ်စိတ်ဓါတ် ရှိသယောင်ဖြင့် နအဖ စစ်အစိုးရ ဆက်လက် အာဏာရရှိရေးအတွက် ခြိမ်းခြောက် ပြောဆို စည်းရုံးနေခြင်းပင် ဖြစ်ပါတော့သည်။
(ယခု သတင်းအားရရှိအောင် ၀ိုင်းဝန်းပံ့ပိုးပေးကြသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ ၀န်ထမ်းများနှင့် ရန်ကုန်သတင်း အသိုင်းအ၀ိုင်းအား အထူး ကျေးဇူးတင်ရှိပါသည်။)
Ref: Wanna23
NLD Chair U Aung Shwe Sends a Letter to Sen Gen Than Shwe
နေ့စဉ်သတင်းများ ( ၂၂ - ၃ - ၁၀ )
■ ဗမာစစ်တပ်အရာရှိများ ရာထူးပြောင်းရွှေ့ သတင်း
■ တောင်းဆိုချက်အချို့ အလျှော့ပေးရန် တရုတ်တိုက်တွန်းချက် ၀ လက်မခံ သတင်း
■ ကိုးကန့်ဒေသ တည်ငြိမ်ရေး တရုတ်ကို နအဖ အကူအညီတောင်း သတင်း
■ သူတို့ပြောတဲ့ ၂၀၁၀ ရွေးကောက်ပွဲ သတင်း
■ အန်အယ်လ်ဒီ လူထုအခြေပြုတိုက်ပွဲဝင်ရန် ဒီမိုကရက်တစ်အင်အားစု တိုက်တွန်း သတင်း
■ ရွေးကောက်ပွဲသစ်ကို ၀င်ရေး မ၀င်ရေး ဤသို့ တုံ့ပြန်ကြ၏ သတင်း
■ ရွေးကောက်ပွဲကိစ္စကို ဗဟိုကော်မတီက ဆုံးဖြတ်မည် သတင်း
■ ဦးဝင်းတင်၏ ထောင်အတွေ့အကြုံစာအုပ် အင်တာနက်နှင့် ပြည်ပပရိသတ်ကြားတွင် ပျံ့နှံ့ သတင်း
■ မြန်မာ့အရေး နှီးနှောဖလှယ်ပွဲ ချူလာတွင် ကျင်းပ သတင်း
■ စွမ်းအားရှင်များအား သင်တန်းပေးရန် စီစဉ် သတင်း
■ ပါတီ (၂) ခု စတင် မှတ်ပုံတင် သတင်း
■ မွန်တိုင်းရင်းသားအဖွဲ့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် သတင်း
■ နေပြည်တော် အထူးတပ်ဖွဲ့မှ ဘင်္ဂလားသို့ သစ်၊ နွား တင်ပို့ခွင့် ပါမစ်တခုစီကို ကျပ်ငွေ (၁၀) သိန်းဖြင့် ထုတ်ရောင်း သတင်း
■ အန္တရာယ်ရှိ အဆောက်အအုံများမှ ဖယ်ရှားရန် အမိန့်ထုတ် သတင်း
■ ပြောင်းရွှေ့မိန့်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ် သတင်း
■ စည်းကမ်းမလိုက်နာသူ ဦးပိုင်ဝန်ထမ်း ကြိမ်ဒဏ်ပေးခံရ သတင်း
■ စည်းကမ်းတင်းကျပ်၍ ပုဂ္ဂလိကကျောင်း ဖွင့်လိုသူတို့ အခက်တွေ့ သတင်း
■ ရန်ကုန်သင်္ကြန် နေပြည်တော်လောက်မစည်ရန် အမိန့်ထုတ် သတင်း
■ သင်္ကြန်မဏ္ဍပ်များ စပွန်ဆာ အခက်တွေ့ သတင်း
■ အဖွဲ့ချုပ် ညီညွတ်ရေးမျက်နှာကို ကြည့်ပါ (ဆောင်းပါး)
■ ဆန်ပြဿနာ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ခေတ်သစ်ဘူလင်ဂျာပူးလ်အဖွဲ့ (ဆောင်းပါး)
■ အသွင်ကူးပြောင်းရေးကာလ ယူကရိန်း (ဆောင်းပါး)
■ တို့ကိုယ်ကျိုး လုံးလုံးမပါနှင့် အတွေးအမြင် အတွေးများ (ဆောင်းပါး)
■ ပုံစံခွက်ထဲမှ အလွဲများ (ဆောင်းပါး)
■ ကဗျာရက်သတ္တပတ်ရဲ့ ဒုတိယနဲ့ တတိယနေ့ မြင်ကွင်းများ (သတင်းဆောင်းပါး)
Monday, March 22, 2010
နအဖရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် တစ်ပတ်အတွင်း နိုင်ငံရေး အဖြစ်အပျက်များ
နေ့စဉ်သတင်းများ ( ၂၁ - ၃ - ၁၀ )
■ ဒေါ်အောင်ဆန်းစုကြည် မပါရင် မှတ်ပုံမတင်သင့် သတင်း
■ ရက် (၆၀) တိုက်ပွဲ ဒုတိယ သတင်းပတ်၊ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်သင့် မတင်သင့် သတင်း
■ NLD ပါတီအနေနဲ့ လူထုကို မျက်နှာမူသင့်ကြောင်း လူ့ဘောင်သစ်ပါတီက အကြံပြု သတင်း
■ ကေအိုင်အိုနှင့် နအဖ အခြေအနေ တင်းမာ၊ စစ်ရေး တိုးမြှင့်ပြင်ဆင် သတင်း
■ မြစ်ကြီးနား၌ ပြည်သူ့စစ်သင်တန်းများ ဆက်တိုက် သတင်း
■ ကျောက်ထုတ်စခန်း ယာဉ်မီးရှို့မှု ကေအန်ယူလက်ချက်ဟု စွပ်စွဲပြန်ပြီ သတင်း
■ ကလေးများကို စစ်သားအဖြစ် သွတ်သွင်းမှု ဆက်လက်ဖြစ်ပွားနေ သတင်း
■ စစ်အကျဉ်းစခန်းမှ ပြန်လည်လွတ်မြောက်လာသူ ကိုညီညီအောင်ရဲ့ ရှင်းလင်းပြောဆိုချက် သတင်း
■ လမ်း (၃၀) တိုက်ပြိုကျမှုကြောင့် အန္တရာယ်ရှိ အဆောက်အအုံတွင် နေသူများကို အမြန်ဆင်းခိုင်း သတင်း
■ အဖွဲ့ချုပ်ကို လူထုစိန်ဝင်း ဝေဖန် သတင်း
■ NLD မှတ်ပုံတင်ရေး မတင်ရေး အယူအဆ (၂) မျိုး ထွက်ပေါ် သတင်း
■ အင်န်စီဂျီယူဘီ ညွန့်ပေါင်းအစိုးရ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၏ အမြင်၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ NLD သတင်း
■ NLD လွတ်မြောက်နယ်မြေ သဘောထား သတင်း
■ မတရားတဲ့ ဥပေဒတွေကို ဆန့်ကျင်ဖို့ လူ့ဘောင်သစ်ပါတီ တိုက်တွန်း သတင်း
■ နယူးဒေလီ မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ အာမခံဖြင့် ပြန်လွှတ်ပေး သတင်း
■ နာဂစ် နာလန်ထူရေး ပျက်စီးတာတမံတွေကြောင့် နှောင့်နှေးနေ သတင်း
■ ရန်ကုန်တွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက် ကျင်းပ သတင်း
■ အစိုးရနဲ့ UDD တနင်္လာနေ့မှာ စဆွေးနွေးကြတော့မယ် သတင်း
■ ရှပ်နီလူစုလူဝေးကြီးက ဘန်ကောက်တမြို့လုံးကို သိုင်းခြုံနေ သတင်း
■ ထိုင်းရှပ်နီတွေ သွေးပန်းချီရေး ကန့်ကွက်မည် သတင်း
■ အိုင်ယာလန် ဘုန်းကြီးတွေ လုပ်ရပ်အတွက် ပုပ်ရဟန်းမင်း တောင်းပန် သတင်း
■ အမေရိကန် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ စစ်သင်္ချိုင်း သရုပ်ဖော် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း (ဆောင်းပါး)
■ သန့်ရှင်း-တည်မြဲ ကွဲဖို့မလိုပါ (ဆောင်းပါး)
လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ
Friday, 19 March 2010
မိုးမခ
မတ် ၁၉၊ ၂၀၁၀
“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့ အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီ မှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့ မေးခွန်းကို တယောက်ပြီး တယောက် မေးကြတယ်။ မေးကြတဲ့ သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။
အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ၀င်မှာပဲဆိုတဲ့ အဖြေပဲ။
ဘာကြောင့်ဒီလို တပ်အပ် ဖြေလိုက်သလဲ ဆိုတော့ နှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ ရပ်တည်ချက်က ဘာလဲဆိုရင် အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှ မလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂၀လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂၀ အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံ ပြုနေခဲ့တာပဲ။
ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက် လောက်တောင်မှ တိုင်းပြည် အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုး တွေ့ရတယ်။ တခါ လယ်ယာ အသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲ ရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့် ဆောင်ရွက်လို့ပဲ ထောင်က ပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ဘာမှ မဆိုင်သလိုပဲ နေတယ်။ သူတို့ရဲ့ တခွန်းထည်းသော အပြောကတော့ ပါတီရေရှည် တည်တံ့ရေး အတွက်သူတို့ဟာ ဒီလို လုပ်ရတာလို့ ပြောတယ်။
ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ် ရှိမှာလဲ။ ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထု အကျိုးကို ဘယ်လောက် သယ်ပိုး ရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီ ဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး။ အစိုးရ ခိုင်းတာပဲ လုပ်မယ်။ အစိုးရ မကြိုက်တာ မလုပ်ဘူး။ ဒါဆိုရင်တော့ တစညနဲ့လဲ တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။
တခါတုန်းက ဆရာပြောခဲ့ဘူးတယ်။ အန်အယ်လ်ဒီ ပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ကျော်တွေ ဖြစ်ကုန်ကြပြီ မျက်စေ့မမြင်တဲ့ သူလည်း မမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ်ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ်တွေနဲ့ အစားထိုး သင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီ ပါတီဟာ နိုင်ငံရေး ပါတီတခု ဌါနချုပ် တစ်ခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေး အကြောင်းတွေ ဆွေးနွေး ငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေး ပါတီမဆို။ အန်အယ်လ်ဒီ ပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့ အ နားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကိုဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေလည်း ကြားရတယ်။
အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာ ကတော့ ဌါနချုပ်ကို အမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါတီ အပေါ်မှာ တဘက်က ပရက်ရှာ (ဖိအား) တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့်နေလိုက်ဦးမယ် ဆိုပြီး စောင့်နေလိုက်တာ။
စောင့်နေလိုက်တဲ့အတွက် ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ်။ ဘာကြောင့် ဌါနချုပ်ကို အမြောက်နဲ့ ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ အနှစ် ၂၀ အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထု အတွက် လုပ်တာ မရှိခဲ့ဘူး။ ပါတီ ဌါနချုပ်ဟာလည်း ဒီမိုကရေစီ ပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူးတော့ဘူး။ တယောက်ထဲက နေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီ အမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလားဆိုလား ငြင်းလား ခုံလားလည်း ဘာမှ မရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ တတိုင်းပြည်လုံးမှာ ရှိတဲ့ အန်အယ်လ်ဒီ အောက်ခြေ ပါတီဝင်တွေနဲ့ လုံးဝ ကင်းကွာပြီးတော့ တခြားစီ ဖြစ်နေပြီ။
အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ ၈၀ ကျော် ၉၀ကျော် စီအီးစီတွေ အစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုး လိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒိထက် အဆတစ်ရာ လောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီး ရှိကြတယ်။
လူတွေကို မသိပေမယ့်လို့ နံမည်တွေကို ကြားဘူးနေပြီး ခေါင်းထဲမှာ စွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်းမြမြတို့ မိတ္ထိလာက ဒေါ်မြင့်မြင့်အေးတို့ ရန်ကုန်က နော်အုန်းလှတို့ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့ ဒေါ်အုန်းမြတို့ ခင်စန္ဒာဝင်းတို့ ဆိုတဲ့ နာမည်တွေ အဲဒီ အမျိုးသမီးတွေဟာ တကယ်တန်း ပြည်သူလူထု အတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သား ကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စလည်း ၀င်ပါကြတာပဲ။ နာဂစ် ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင် တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ် ဆိုပြီး နောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။
အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရ လောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲ ဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရ အကြိုက် လိုက်လုပ်မှာပဲ လို့ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲ လို့ ပြောလိုက်တယ်။
ရွေးကောက်ပွဲ ၀င်တာကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာ မဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူ နိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဘန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့် သူတွေကိုလည်း ဆရာဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီ အနေနဲ့ကတော့ မူမရှိတဲ့ အဖြစ်ကို ထောက်ပြတာပါ။
ဘယ်လိုမူမရှိလဲ ဆိုတော့ အမျိုးသားညီလာခံက နေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲ ၀င်တော့မယ် ဆိုရင် အမျိုးသား ညီလာခံက ထွက်လာတာ ကျွန်တော်တို့ မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ ကြေငြာချက် သူတို့ ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင် ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့် မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာ ရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတု ပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။
သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါပဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက တစညက ၇ နေရာ အနိုင်ရတယ်။ ဒီတကြိမ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ ၇ နေရာ မပြောနဲ့ ၃ နေရာ ၄ နေရာတောင် အနိုင်ရမယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီ ပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့ အဖွဲ့အစည်းပဲ ဖြစ်မယ်။ သူတို့ ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်ဘူး။ နိုင်တာ ရှုံးတာထား၊ ရွေးကောက်ပွဲ ၀င်တာမ၀င်တာ လည်းသူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မကောင်းဘူးလည်း မပြောဘူး မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလားလို့ လာလာ မေးကြတဲ့သူတွေကို အဲလို ဖြေလိုက်တာ။ အဲလို ဖြေရတဲ့ အကြောင်းရင်းကို ဆရာရှင်းပြတာ။
ဒါက တလျောက်လုံးပေါ့လေ မောင်စူးစမ်းတို့ ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှ တပါး အခြားနည်းလမ်း မရှိပြီ။ ရွေးကောက်ပွဲ ဆိုတာဟာ ထွက်ရပ်လမ်း မဟုတ်ဘူး။ အခြား နည်းလမ်းတွေလည်း အကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရအောင် ရှိနိုင်တယ် ၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေး ပါတီတွေရဲ့ တာဝန်ဖြစ်တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ကြောင့် အန်အယ်လ်ဒီ ပါတီ ဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ ကြောင့်မို့ သူတို့ဟာ စင်ပေါ် ရောက်လာတဲ့ သူတွေပါ။ အန်အယ်လ်ဒီ မရှိလဲ ၈၈ လို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီ မရှိလဲပဲ တိုင်းပြည်က ဘာမှ မဖြစ်ပါဘူး။ အန်အယ်လ်ဒီ ရှိနေလဲ ဘာမှ မဖြစ်ပါဘူး။
လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က အင်တာနေရှင်နယ် ဟယ်ရယ် ထရီဗြွန်းမှာ ဆရာ ဆောင်းပါး ရေးခဲ့တယ်။ အခြေအနေဟာ ဒီအတိုင်းသာ သွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့ အဆုံး အုံကြွမှုတွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့ အတွက် အားလုံးဟာ နိုင်ငံရေး ပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့ မြင်နေလို့ပဲ။
၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့ လို့ ဆိုပြီးတော့ တခဲနက် ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈ နဲ့ အဆုံးသတ် သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေးကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး ။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာ မဟုတ်ဘူး။ ဒီလို ၈၈တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့ အတွက် အဲဒါကြောင့် လည်း စကားပြောကြပါ။ ဆွေးနွေးကြပါ လို့ပြောနေရခြင်း ဖြစ်တယ်။ ဒါ မလုပ်ရင် ဘာလုပ်မလဲ ဆိုတာ တိုင်းသူ ပြည်သားတွေရဲ့ တာဝန် မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”
Ref: မိုးမခ
Sunday, March 21, 2010
နေ့စဉ်သတင်းများ ( ၂၀ - ၃ - ၁၀ )
■ “ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်” (ဦးဝင်းတင်) သတင်း
■ ပါတီမှတ်ပုံတင်ရေး တိုက်တွန်းချက် ၀ ခေါင်းဆောင်တွေ ငြင်းပယ် သတင်း
■ ကေအိုင်အိုအဖွဲ့ လိုလားချက်များ စစ်အစိုးရထံ စာပို့ တင်ပြ သတင်း
■ စစ်ဖြစ်ပွားမယ့် အလားအလာတွေ သတင်း
■ ဗုံးပေါက်ကွဲမှု ကေအန်ယူလက်ချက်ဟု နအဖ စွပ်စွဲ သတင်း
■ မြန်မာပြည်၌ ကမ္ဘာ့လူတုပ်ကွေး ဆက်လက်ဖြစ်ပွားနေ သတင်း
■ စီအာပီပီက ရွေးကောက်ပွဲဥပေဒအပေါ် သုံးသပ်ဆွေးနွေး သတင်း
■ ရွေးကောက်ပွဲအပေါ် ပြည်နယ်နှင့်တိုင်း အဖွဲ့ချုပ်ဝင်များ သဘောထား ဗဟိုက တောင်း သတင်း
■ NLD ရွေးကောက်ပွဲ မ၀င်သင့်လို့ ဒီမိုကရက်တစ်အင်အားစုက ပြော သတင်း
■ ရွေးကောက်ပွဲကို နိုင်ငံတကာက ဆန့်ကျင်ရန် မြန်မာအတိုက်အခံများက တိုက်တွန်း သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတချို့ မှတ်ပုံတင်ရန် ပြင်ဆင် သတင်း
■ တစညပါတီက ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် သတင်း
■ ပါတီများ ရန်ပုံငွေ အခက်အခဲ ရင်ဆိုင်ရ သတင်း
■ ရက်ပေါင်း (၆၀) အတွင်း ပြန်လည်မှတ်ပုံတင်ရမည့် တည်ဆဲပါတီများ သတင်း
■ နယူးဒေလီမြို့က မြန်မာသံရုံးရှေ့တွင် ဒီမိုကရေစီအင်အားစုများ ဆန္ဒပြ သတင်း
■ ဒေါက်တာ နေ၀င်းမောင် ဘန်ကောက်တွင် မြန်မာ့အရေး ဟောပြောမည် သတင်း
■ စေတနာ့ဝန်ထမ်း ရှေ့နေတဦး မြ၀တ်ီတွင် အဖမ်းခံရ သတင်း
■ ဥယျာဉ်ခြံ (၁၀၀)ကျော်ကို နအဖစစ်တပ် မီးရှို့ သတင်း
■ စိုက်ပျိုးရေးမဖြစ်ထွန်း သျှမ်းပြည်သား ရာနှင့်ချီ ထိုင်းနယ်စပ်ရောက်ရှိ သတင်း
■ မြန်မာအမျိုးသမီးကို နှိပ်စက်မှုဖြင့် စင်္ကာပူအိမ်ရှင် ထောင်ဒဏ်ကျ သတင်း
■ ဆယ်လူလာကို GSM ဖြင့် အစားထိုးမည် သတင်း
■ အင်တာနက် မြန်နှုန်းနိမ့်သော်လည်း အိုင်တီပြပွဲ နှစ်စဉ် ပြုလုပ် သတင်း
ဒီကေဘီအေတပ်မှူး၏ နေအိမ်သစ်ဖွင့်ပွဲ ကြော်ငြာကပ် ဖိတ်ကြား
ရဲရင့်/ ၁၉ မတ် ၂ဝ၁ဝ
တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) (၉၉၉) အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ အိမ်သစ်တက် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားထားသည့် ကြော်ငြာ ပိုစတာများကို မဲဆောက်မြို့ အနှံ့တွင် လိုက်လံ ကပ်ထားသည်။
မြ၀တီခရိုင် အခြေချဗျူဟာ တည်ရှိရာ ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ဗိုလ်မှူးကြီး စောချစ်သူနှင့် နန်းခင်လှသူ တို့၏ သန်းရာကျော်တန် “ချစ်သူမြိုင်စံအိမ်” ဟု အမည်ပေးထားသည့် အိမ်သစ်တက်ပွဲတွင် နာမည်ကြီး မြန်မာ အဆိုတော်များ၊ ကရင် အဆိုတော်များဖြင့် (၃) ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည့် အခမဲ့ ဖျော်ဖြေပွဲများကို လာရောက် ကြည့်ရှု အားပေးရန် ကြော်ငြာထားခြင်း ဖြစ်သည်။
အဆိုပါ အိမ်သစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ကုက္ကိုမြိုင်တွင် နေထိုင်သူတဦးက “ဗိုလ်မှူးချစ်သူက ဒီအိမ်ကို စင်ကာပူက အင်ဂျင်နီယာကို ပုံဆွဲခိုင်းပြီး ဆောက်တာဖြစ်တယ်။ အိမ်ကတော့ နန်းတော်လိုပဲ။ အိမ်ရဲ့ လုံခြုံရေးစနစ် အားလုံးကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်တယ်။ သူတို့ရဲ့ အိပ်ခန်းတွေကို ကျည်ကာမှန်တွေနဲ့ တပ်ထားပြီး အခန်းတိုင်းကို သူတို့ လက်ဗွေနှိပ်မှ တံခါးဖွင့်တဲ့ နည်းပညာနဲ့ လုပ်ထားတယ်။ ရေကူးကန်ပါ ပါတဲ့ ဒီအိမ်မျိုး မြ၀တီမြို့မှာတောင် မရှိဘူး” ဟု ပြောသည်။
အဆိုပါ အိမ်သစ်တက်ပွဲ တက်ရောက်ရန် ထိုင်းနိုင်ငံရောက် မြန်မာများအပြင် ထိုင်းလုပ်ငန်းရှင်ကြီးများ ကိုလည်း ဖိတ်ကြား ထားသည်ဟု သိရသည်။
ဒီကေဘီအေ (၉၉၉) တပ်မဟာ၏ အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် ဒီကေဘီအေအဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည့် နအဖ၏အစီအမံကို လက်ခံကြောင်း ပထမဆုံး တရားဝင် ပြောကြားသည့် ဒီကေဘီအေ တပ်မှူးတဦးဖြစ်သည်။
အိမ်သစ်ဖွင့်ပွဲကို ထိုင်းဘက်ခြမ်းတွင် လာရောက်ကြော်ငြာသဖြင့် ဒီကေဘီအေ အဖွဲ့၏ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ထိုင်းနိုင်ငံသား အချို့နှင့် မဲဆောက်ရောက် မြန်မာနိုင်ငံသား အချို့က ပြောဆိုသည်။
မဲဆောက်ရောက် မြန်မာနိုင်ငံသားတဦးက “ထင်ပေါ်ကျော်ကြားချင်တယ်။ အများရဲ့ ဂရုစိုက်မှုခံချင်တယ်။ လူထုတွေရဲ့ မေတ္တာကို လိုချင်တယ်ဆိုရင် ဒီလိုနည်းမျိုးကိုမသုံးဘဲ လူထု အကျိုးပြု လုပ်ငန်းတွေ လုပ်ပြမှ လူထု လက်ခံမှာဖြစ်တယ်” ဟု ပြောသည်။
ဒီကေဘီအဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး မြန်မာ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခဲ့ကာ အဖွဲ့၏ နာယက ဆရာတော်မှာ ဦးသုဇနဖြစ်သည်။
အိမ်သစ်တက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ယခုလ (၂၄၊ ၂၅၊ ၂၆) ရက်နေ့တို့တွင် စည်ကား သိုက်မြိုက်စွာ အခမဲ့ ကျင်းပမည်ဟု မဲဆောက်မြို့တွင် ကြော်ငြာထားသည်။
ဓါတ်ပုံများအား တောသီခိုဘလော့ မှ ကူးယူဖေါ်ပြသည်
Ref: ခေတ်ပြိုင်


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88