2011-04-28
EU ဥရောပ သမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တခုခု ချမှတ် ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးကို အထောက်အကူ ဖြစ်စေ မဲ့ကိစ္စမျိုးကို စဉ်းစား ဆုံးဖြတ်စေလိုတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက EU ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီးကို ဧပြီ ၂၈ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် ဆွစ်ဇာလန် သံအမတ်ကြီး ခရစ္စတိုဖာ ဘာဂျန်နာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ရန်ကုန်မြို့က NLD ရုံးချုပ်မှာ နေ့လည် ၃ နာရီက သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ လက်ရှိ အစိုးရသစ်အောက်မှာ NLD ရပ်တည်နေရတဲ့ အခြေအနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆွစ်ဇာလန် သံအမတ်ကြီးက မေးမြန်းခဲ့ပြီး လိုအပ်သလို အကူအညီပေးဖို့လည်း ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို အခုလို ပြောပါတယ်။
“သံအမတ်နဲ့က တော်တော် ၄၅ မိနစ်လောက်တော့ ကြာတယ်ဗျ။ အဲဒါတော့ ကျွန်တော်ရယ်၊ ကိုဝင်းထိန်ရယ်၊ နောက်ပြီးတော့ ကိုဟံသာမြင့်ရယ်၊ သုံးယောက်ပေါ့ဗျာ။ တခုတော့ ပြောတယ်၊ ခင်ဗျားတို့ ဒီ အီးယူတို့ ဘာတို့ လုပ်တဲ့အခါမှာတော့ကာ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုကို အားပေးမဲ့၊ ထောက်ခံနိုင်မဲ့၊ အကျိုးရှိစေမဲ့ သဘောတွေကိုပဲ ပြောကြပါ၊ လုပ်ကြပါ၊ ဒါပဲ ကျွန်တော် လေးလေးနက်နက် မှာချင်တယ်၊ ဒီလောက်ပါပဲ။”
“ကျန်တာတွေကတော့ ခင်ဗျားတို့ ထုံးစံအတိုင်းပေါ့၊ ကျုပ်တို့နဲ့ ပတ်သက်လို့ စိတ်ဓာတ်ရေးရာအရ ဒါကတော့ ခင်ဗျားတို့ ထောက်ပံ့ ကူညီ၊ ဒီလောက်ပါပဲ။ ကျွန်တော်တို့ ကိစ္စဝိစ္စ အားလုံးက ကျုပ်တို့ အင်အား ကျုပ်တို့ထဲမှာ ရှိတယ်၊ ကျုပ်တို့ဟာ ကျုပ်တို့ လုပ်မယ်၊ ဒါပဲ။”
အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း အခြေအနေတွေအကြောင်း ပြောဆိုကြတဲ့ အခါမှာတော့ ခုချိန်ထိ ထူးခြားမှု တစုံတရာ မတွေ့ရသေးကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးသေးတာက အဓိက ဖြစ်ဖြစ်ကြောင်း ထောက်ပြ ခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
ဆွစ်ဇာလန်သံအမတ်ကြီး ကမ်းလှမ်းခဲ့တဲ့ လူမှုရေး အကူအညီနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည် စီစဉ်နေတဲ့ မြန်မာ့ လယ်သမားတွေအတွက် လိုအပ်နေတဲ့ မြွေဆိပ်ဖြေဆေး ကူညီရေးကိစ္စ ပြောဆိုလိုက်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
ဒီကနေ့ နေ့ခင်းပိုင်းကလည်း ဒိန်းမတ်နိုင်ငံသံရုံးက နိုင်ငံရေးဆိုင်ရာအတွင်းဝန် Mads Bayer က ဦးတင်ဦး၊ ဦးဝင်းထိန်တို့ကို NLD ရုံးချုပ်ကို သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Ref;RFA
Read More...
Collapse...
2011-04-28
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမြန်မာတဝှမ်းက ထူးချွန် ပြောင်မြောက်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအတွက် အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဟောလီးဝုဒ်က Beverly Hills ဟိုတယ်မှာ ဧပြီ ၂၆ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိတ်ဆက်စကား ပေးပို့ ခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Feminist Majority Foundation က Miss Susie Gilligan က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိတ်ဆက်စကားကြောင့် ဆုပေးပွဲအခန်းထဲမှာ ရှိ နေသူအားလုံးဟာ အထူးပဲ စိတ်အား တက်ကြွခဲ့ကြရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အယ်လီနာ ရုစဗဲ့ရဲ့ ဆောင်ရွက်ချက်တွေ အကြောင်း၊ ကျမတို့အားလုံးဆောင်ရွက်နေကြတဲ့ အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်ချက်တွေဟာ အင်မတန် အရေးကြီးကြောင်း၊ တကမြန်မာလုံး လိုက်ပါဆောင်ရွက်လာတဲ့အထိ ကြိုးပမ်းသွားဖို့ လိုအပ်ကြောင်း တိုက်တွန်း အားပေး ပြောဆိုခဲ့တယ်လို့ Miss Galligan ပြောသွားတာပါ။
အမျိုးသမီးတွေရဲ့ တန်းတူညီမျှရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ထင်ရှားတဲ့ ၃၂ ယောက်မြောက် အမေရိကန်သမတ ဖရန်ကလင် ဒီ ရုစဗဲ့ကတော် အယ်လီနာ ရုစဗဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အမျိုးသမီး အခွင့်အရေးဆိုင်ရာ အယ်လီနာရုစဗဲ့ဆုကို နှစ်စဉ် ချီးမြှင့်လာခဲ့တာ အခု ၇ ကြိမ်မြောက် ပေးအပ်တာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် ဆုရှင်တွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့် ခံခဲ့ရသူတွေကတော့ ဟေတီနိုင်ငံက အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ယော်လတ်ယန်တီ (Yolette Jeanty) ၊ အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေ အကြောင်း ပြောင်မြောက်စွာ ဖော်ထုတ်ရေးသားတင်ပြခဲ့သူ NPR သတင်းထောက် ရာနီး မွန်တိန်း (Ranee Montagne) နဲ့ အာဖဂန်အမျိုးသမီးများအတွက် အမျိုးသမီးများ အဖွဲ့ တည်ထောင်သူ စူနီတာ ဗစ်စ်ဝါနက် (Sunita Viswanath) တို့ ဖြစ်ပါတယ်။
Ref;RFA
Read More...
Collapse...
2011-04-27
ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ ပြန်ပို့မှာ မဟုတ်ဘူးလို့ မိမိတို့ ယုံကြည်ကြောင်း လူဦးရေ ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချသူများအရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Eric Schwartz က ပြောကြားလိုက်ပါတယ်။
RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ် ဧပြီ ၂၅ ရက် တနင်္လာနေ့က အခုလိုပြောတာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ရင် လုံခြုံမှုမရှိနိုင်မဲ့ အခုလိုအချိန်မျိုးမှာ ထိုင်းအစိုးရက သူတို့ကို မြန်မာပြည် ပြန်ပို့လိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး၊ အဲဒီလို အခြေအနေမျိုး ရှိနေတယ်ဆိုတာ ထိုင်းအစိုးရက သဘောပေါက် နားလည်မယ်လို့ ကျနော်တို့ ထင်ပါတယ်၊ မြန်မာဒုက္ခသည်တွေကို နေရပ်ရင်း ပြန်မပို့ဖို့ ထိုင်းအစိုးရကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းနေပါတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Schwartz က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်တွေကို ပြန်ပို့တော့မယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေ ထွက်ပေါ်လာတာကြောင့် နယ်စပ်ဒုက္ခသည်တွေအကြား စိုးရိမ်မကင်း ဖြစ်ခဲ့ရပါတယ်၊
ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ မြန်မာနိုင်ငံက ဒုက္ခသည် တသိန်းခွဲနီးပါး ရှိပြီး အဲဒီ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရကအခုချိန်ထိ အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီ ထောက်ပံ့ခဲ့ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Ref;RFA
Read More...
Collapse...
ဦးမိုးဇော်
27 ဧပြီ 2011 /
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ၅ ပါတီရဲ့၂ ရက်ကြာ အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပြီး နိုင်ငံရေး အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အချက် ၅ ချက် တင်ပြ တောင်းဆိုကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအကြံပြု တောင်းဆိုချက်တွေဟာ မြန်မာပြည်ရဲ့ ပကတိ လိုအပ်ချက်တွေနဲ့လည်း ကိုက်ညီနေတာကြောင့် အစိုးရဘက်က အကောင်အထည် ဖော်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ ပါဝင်တဲ့ ၅ ပါတီ အစည်းအဝေးဟာ ဒီလ ၂၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့ ၂၇ ရက်နေ့ ညနေပိုင်းမှာ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးအတွင်းမှာ လွှတ်တော်ကျင်းပစဉ်က ဆွေးနွေး တင်ပြခဲ့ကြတဲ့ အချက်တွေကို ပြန်လှန် သုံးသပ်ခဲ့ကြပြီး ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ အစိုးရသစ်နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အချက် ၅ ချက် တင်ပြ တောင်းဆိုခဲ့တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက အခုလို ပြောပါတယ်။
“အဲဒီ ၅ ချက်က သမ္မတရဲ့ မိန့်ခွန်းကို ကြိုဆိုတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်အောင်လို့ လုပ်ပေးပါ ဆိုပြီးတော့ တောင်းဆိုထားတဲ့ သဘောရှိတယ်။ နံပါတ် ၂ က တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာမှာ ဖွံ့ဖြိုးမှုကတော့ တိုင်းဒေသကြီးမှာ နေတဲ့သူထက်ကို ခြားနားတာပေါ့။ အဲဒါကြောင့် တည်ငြိမ်အေးချမ်းမှု ရမယ်ဆိုရင်တော့ တိုးတက်လာမယ်ပေါ့။ ဒါကြောင့် တည်ငြိမ်အေးချမ်းမှုရအောင် တက်လာတဲ့ အစိုးရသစ်က ဖန်တီးပေးပါဆိုတဲ့ တချက်။
“နောက်တချက်က အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေါ့ဗျာ။ ဒီအမိန့်ကို ထုတ်ပြန်ပေးပါ ဆိုပြီးတော့ ဒီလိုမျိုး တောင်းဆိုထားတဲ့ သဘောပါ။ နောက်တခါ နယ်စပ်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ဖို့က နယ်စပ်ဒေသမှာရှိတဲ့ ပုဂ္ဂိုလ်ကို တာဝန်ပေးမယ်ဆို ဆောင်ရွက်ရတာ ပိုပြီးတော့ လွယ်ကူမယ်ဆိုတဲ့ အနေအထား။ နောက် တိုင်းရင်းသား ဒေသတွေမှာ နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြားကဏ္ဍတွေ အတွက်ကတော့ လူသားချင်း စာနာတဲ့ အကူအညီကို ပိုမိုပေးဖို့ ဆိုပြီးတော့ နိုင်ငံတကာ မိသားစုကို မေတ္တာရပ်ခံပြီး တောင်းဆိုထားတယ်ပေါ့ဗျာ။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးလှစောကတော့ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ အရာတွေကို အကျေအလည် ညှိနှိုင်းတိုင်ပင်ပြီး တောင်းဆိုထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ တောင်းဆိုတာတွေက ဗမာပြည်မှာ တကယ်ဖြစ်သင့်တဲ့ ဟာတွေပဲဗျ။ ဥပမာ General Amnesty ကို ကျနော်တို့ တောင်းဆိုတယ်။ ဒါကလည်း ဗမာပြည်မှာ တကယ် အမျိုးသား ချစ်ကြည်ရေးကို ရှေ့ရှုပြီးတော့ General Amnesty ကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ပဲ။ ထုတ်လည်း ထုတ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
“နောက်တခုကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် တပ်မတော်ဘက်ကရော၊ တိုင်းရင်းသား အင်အားစုတွေ ဘက်ကရော လောလောဆယ်မှာ အပစ်အခတ် ရပ်စဲမယ် ဆိုရင်တော့ ပြည်သူတရပ်လုံးကတော့ တော်တော် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြမှာပဲ။ အဲဒါလည်း ဘာမှ မလိုက်လျောနိုင်စရာ မရှိပါဘူး။ ပြည်သူတရပ်လုံးကလည်း မျှော်လင့်တဲ့ကိစ္စ၊ တကယ့်ကို ဖြစ်နိုင်တဲ့၊ လက်တွေ့ကျတဲ့၊ ပြည်သူတရပ်လုံးလည်း မျှော်လင့်တဲ့၊ နိုင်ငံတကာမှာလည်း အင်မတန် မင်္ဂလာရမယ့် ကိစ္စပေါ့ဗျာ၊ ကျနော်တို့က တင်ပြတာပဲ ဖြစ်ပါတယ်ဗျာ။”
ဒီတောင်းဆိုချက်တွေ အပေါ်မှာတော့ အစိုးရက အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသား မဟာမိတ် ၅ ပါတီဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာဆန်းစစ်ပြီး အလားတူ အကြံပြုတာနဲ့ ဝေဖန်တာတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးလှစောက ဆက်ပြောပါတယ်။
ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း စတဲ့ တိုင်းရင်းသားပါတီ ၅ ပါတီဟာ အရင်ကလည်း ဒု-သမ္မတ တနေရာကို တိုင်းရင်းသားခေါင်းဆောင် တဦးဦးကို ခန့်ထားဖို့ တောင်းဆိုခဲ့ရာမှာ သူတို့ တောင်းဆိုတဲ့အတိုင်း အောင်မြင်မှု ရခဲ့ဖူးပါတယ်။
Ref;VOA
Read More...
Collapse...
ခင်ဦးသာ
27 April 2011
ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော တိုင်းရင်းသားပါတီ ၅ ခုသည် လက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူခြင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ် ပေးခြင်း၊ သမ္မတသစ် မိန့်ခွန်းကြိုဆိုခြင်း စသည်ဖြင့် အချက် ၅ ချက်ပါ သော ကြေညာချက်တစောင်ကို ရန်ကုန်မြို့၌ပြုလုပ်သော ယနေ့ အစည်းအဝေးမှ ထုတ်ပြန်လိုက်သည်။
သမ္မတသစ်ဦးသိန်းစိန်၏ မိန့်ခွန်းကို ကြိုဆိုသည့်အပြင် လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်မည် ဟု ယုံကြည်၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ပြောသည်။
“ပြောရုံ သက်သက်မဟုတ်ဘဲ လက်တွေ့ မှာ ထိရောက်အောင်လုပ်ပေးဖို့၊ နယ်စပ်ဒေသ တွေကို အားသွန်ခွန်စိုက် လုပ်ပေးဖို့၊ တိုင်းနဲ့ပြည်နယ် တန်းတူဖြစ်ဖို့ ဆိုတာတွေကို ကြေညာချက်ထဲ မှာ ရေးထားတယ်”ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။
ဖွံ့ဖြိုးမှု နောက်ကျနေသော နယ်စပ်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး စသည့်လူမှု အထောက်အကူပြု ကိစ္စများ၌ နိုင်ငံ တကာ အကူအညီမှုများ ပိုမိုရရှိရေး လုပ်ဆောင် ပေးနိုင်ရန်အတွက်လည်း ကြေညာချက်၌ ပါရှိသည်။
တိုင်းရင်းသားဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများ၊ ပဋိပက္ခများ၊ ပြည်တွင်းစစ်မီး များသည် လက်ရှိအချိန်ထိ တောက်လောင် နေဆဲဖြစ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သည် အလွန်ပင်အရေးကြီးကြောင်း၊ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင် ရန် အရေးကြီးကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၏ အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။
အစည်းအဝေး၌ လွှတ်တော်တွင်တင်ပြခဲ့သော အားလုံးနီးပါး ပယ်ချခံခဲ့ရသည့် အဆိုပြု ချက်များ ပြန်လည်ဆွေးနွေးနိုင်ရန်နှင့် တိုင်းရင်းသား ဒေသများ၌ သက်ဆိုင်ရာ စာပေ၊ ယာဉ်ကျေးမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေး စသည့်အရေးများကို လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“လွှတ်တော်မှာ တင်သွင်းတာတွေအားလုံးက လိုအပ်တာတွေချည်းပါ၊ ဒါတွေကို ဘာကြောင့်ပယ်ချခံရတယ်ဆိုတာတော့ ကျနော်တို့လည်း နားမလည်ဘူး”ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ခေါ် ကျားဖြူပါတီ ၏ လွှတ်တော် ကိုယ်စား လှယ် တဦးက ပြောသည်။
သမ္မတသစ်ဦးသိန်းစိန်က နိုင်ငံအတွင်းရှိ ရေခြားမြေခြားဖြစ်နေသည့်ဒေသ များကို တဆက်တစပ်တည်းဖြစ်ရန် လမ်းတံတားများတည်ဆောက် ၍ တိုင်းရင်းသား ဒေသများ အားလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သွားမည်ဟု နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး(၁/၂၀၁၁) ၌ ပြောဆိုထားသည်။
ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က“တိုင်းရင်းသားဒေသတွေအားလုံးကို ဖွံ့ဖြိုးစေချင်တဲ့ စေတနာရှိရင် အဲဒီစေတနာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာအရင် လုပ်ရမှာပါ၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုတွေရှိမှ ဖွံ့ဖြိုးရေးတွေ လုပ်နိုင်မှာပေါ့”ဟု ဧရာဝတီကို ပြောသည်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်လည်းပဲ ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ အားသာချက်၊ အားနည်းချက်တွေကို နားလည်ပေးပြီး ညီရင်းအစ်ကိုလို သဘောထားမယ်၊ ငြိမ်းချမ်းရေး ယူသူတွေရဲ့လုံခြုံရေးတွေကအစ အကာအကွယ်ပေးပြီး တော့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအရင် လုပ်ဖို့လိုအပ်ပါတယ်”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
ရေခြားမြေခြား တသီးတခြားစိတ်ဓာတ်များပပျောက်ပြီး ပြည်ထောင်စုစိတ်ဓာတ် ပေါ်ပေါက်လာစေရန် လမ်းပန်းဆက် သွယ်ရေး အရေးကြီးကြောင်း၊ တိုင်းရင်းသား နယ်စပ်ဒေသများအားလုံး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုး တက်စေလိုသည့် အစိုးရ၏ စေတနာ ကို နားလည်ယုံကြည်လက်ခံလာစေရေးအတွက် လက်တွေ့လုပ်ပြ လိုကြောင်း ဦးသိန်းစိန်ကပြော ဆိုခဲ့သည်။
အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး ပီပြင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အာဏာစက်သည် နယ်စပ်အစွန်အဖျားထိ ရောက်ရှိရန်အရေးကြီးကြောင်းလည်း ၎င်းက ဆက်လက်ပြော ဆိုသည်။
တိုင်းရင်းသား ခေါင်းဆောင်များသည် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စများကိုလည်း အလေးထားဆွေးနွေးခဲ့ကြပြီး တခြားသော နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများက ထိုကိစ္စကို ဆက်တိုက်တောင်းဆိုနေကြသော်လည်း အစိုးရသစ်အနေဖြင့် တစုံတရာ ပြန်လည်တုံ့ပြန်မှု မရှိသေးပေ။
“အစိုးရက လွှတ်မပေးသေးပေမယ့် ကျနော်တို့တွေက တောင်းဆို နေရမှာပါ၊ တောင်းဆိုနေရတာက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံ ရေး အခင်းအကျင်းသစ်တခု ပေါ်ပေါက် လာစေချင်လို့ပါ၊ နိုင်ငံရေးပါတီတွေ၊ အာဆီယံ၊ တရုတ်၊ အမေရိကန် စတဲ့နိုင်ငံ တွေ၊ အဖွဲ့အစည်းတွေကပါ မကြာခဏတောင်းဆိုနေမယ်ဆိုရင် အစိုးရအနေနဲ့ စဉ်းစားလာ နိုင်တယ်”ဟု ဒေါက်တာအေးမောင်က ပြော သည်။
နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်များ၊ အင်အားစုများ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကိုလွှတ်ပေးပါက အစိုးရ သစ် ၏ အာဏာအား ထိခိုက်၊ လှုပ်ခတ် သွားနိုင်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စသည် ကာလ တခုကြာဦး မည် ဟု နိုင်ငံရေး အကဲခတ် တချို့က ပြောဆိုကြသည်။
“ဥပမာ မင်းကိုနိုင်၊ ဌေးကြွယ်၊ ကိုကိုကြီး စတဲ့ ၈၈ ခေါင်းဆောင်တွေလွတ်လာရင် ဒေါ်စုနဲ့ပေါင်းပြီးတော့ နိုင်ငံရေးအင်အားစုကြီး တခုပေါ်လာနိုင်တယ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်လာမယ်၊ ဒီလူတွေအားကောင်းလာရင် အစိုးရအတွက် ခြိမ်းခြောက်မှုလို မျိုး ဖြစ်လာနိုင်တယ်”ဟု နိုင်ငံရေး အကဲခတ် တဦးက ပြောသည်။
အစိုးရသစ်သည် ၎င်းတို့၏ အာဏာကို အောက်ခြေအဆင့်မှစ၍ ဆက်လက်ချုပ်ကိုင် ထားလိုသည့် သဘောရှိကြောင်း၊ သို့ဖြစ်၍ အောက်ခြေအဆင့် ရယက၊ မယက စသည့်အဖွဲ့၌ ယခင်လူများကိုသာ ပြန်လည်ခန့်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည့် တိုင်းရင်းသားပါတီ ၅ ခုမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်း အမျိုးသားပါတီ၊ ကရင်ပါတီ ( ဖလုံ-စဝေါ်)တို့ဖြစ်သည်။
Ref;Irrawaddy
Read More...
Collapse...
27 April 2011
နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ သုခ ကုသိုလ်ဖြစ်ဆေးခန်း (ခွဲ) ကို ပြည်မြို့တွင် လာမည့် ဇွန်လအတွင်း၌ မြို့ခံ ပရဟိတ သွေးလှူရှင်အသင်းဝင် လူငယ်များ၏ အကူ အညီဖြင့် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
နာရေးကူညီမှု အသင်းကို ထူထောင်သူ ဦးကျော်သူက “ပြည်မြို့က မိုးမေတ္တာ ပရဟိတ လူငယ် သွေးလှူရှင် အဖွဲ့ရဲ့အကူအညီနဲ့ ဖွင့်မှာပါ။ ဒီလူငယ်တွေနဲ့ လူမှုရေးလုပ်ငန်းတွေ လက်တွဲ လုပ်ခဲ့ကြပါတယ်။ သောက်သုံးရေ အတွက် ရေတွင်းရေကန် တူးဖော်ရေးတွေကို ကြီးကြပ်ဆောင်ရွက်စေပါတယ်။ အားလုံး အဆင်ပြေတယ်။ အခုလည်း ဆေးခန်းဖွင့်ဖို့ မြေနေရာ၊ အဆောက်အအုံ အသင့် ဖြစ်နေပါပြီ” ဟု ပြောသည်။
မိုးမေတ္တာ ပရဟိတ လူငယ် သွေးလှူရှင်များ အသင်းသည် ၂၀၁၀ ဇူလိုင် ၂ ရက်နေ့တွင် လူမှုရေး၌ တက်ကြွသူ ပြည်မြို့ခံ လူငယ် ၂၀ ခန့်ဖြင့် ရုံးခန်းဖွင့်ခဲ့ပြီး ပြည်မြို့ဆေးရုံကြီး အပြင် တခြား သွေးလိုအပ်သည့် နေရာများသို့ ထိထိ ရောက်ရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းအဖွဲ့သည် သြ၀ါဒါစရိယ နာယက ရွှေပေါက်ပင် ဆရာတော်၏ စီစဉ်မှုဖြင့် အသင်းအဖွဲ့ မှတ်ပုံတင် ဆောင်ရွက်ရေး စီမံချက်များ ရေးဆွဲကာ ၂၀၁၁ ဇန်န၀ါရီ ၇ ရက်တွင် သက်ဆိုင်ရာသို့ တင်ပြ လျှောက်ထား ခဲ့ပြီးနောက် ထိုသို့ ပရဟိတ သွေးလှူရှင်များအသင်း ဖွဲ့စည်းခြင်းကို ကန့်ကွက်ရန် မရှိကြောင်း ဇန်န၀ါရီ ၂၅ ရက် နေ့စွဲဖြင့် သက်ဆိုင်ရာက ခွင့်ပြုခဲ့သည်ဟု အသင်း အတွင်းရေးမှူး ကိုညီညီအောင်က ပြောသည်။
ဆက်လက်၍ သူက “နာရေးကူညီမှု အသင်းက ဆရာမ ဒေါ်သန်းမြင့်အောင်က ပြည်မြို့ရဲ့မိဘမဲ့ ကျောင်း တကျောင်းမှာ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ဖို့ ရောက်လာတော့ သောက်သုံးရေ ရရှိရေး၊ ရေတွင်းရေကန် တူးဖော်ရေး လုပ်ငန်းတွေ ဒီဘက်မှာ လုပ်ရင် မိုးမေတ္တာက ဦးဆောင် နိုင်မလား ဆိုပြီး ကမ်းလှမ်းလာပါတယ်။ ဒီလိုနဲ့ သောက်သုံးရေ ရရှိရေး ကော်မတီ ဖွဲ့လိုက်ပြီး အ၀ီစိတွင်း တူးဖော်တဲ့ လုပ်ငန်းတွေ လုပ်ဖြစ်ခဲ့ပါတယ်” ဟု ဆိုသည်။
သို့ဖြင့် “အများပြည်သူ ကောင်းမှု၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အခမဲ့ လှူဒါန်းသည်” ဆိုသည့် ဆိုင်းဘုတ် တင်ထားသော သောက်သုံးရေ အ၀ီစိတွင်း ၁၆ တွင်းကို မိုးမေတ္တာ လူငယ်အဖွဲ့၏ ကြီးကြပ်မှုဖြင့် အောင်မြင်စွာ တူးဖော် လှူဒါန်းခဲ့သည်ဟု သိရသည်။
ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ် ပုတီးကုန်း ကျေးရွာအုပ်စုတွင် ၄ တွင်း၊ ပေါက်ခေါင်း မြို့နယ်အတွင်း ၄ တွင်း၊ နတ်မောက်မြို့နယ် လင်းကတိုး၊ ထနောင်းလှ၊ ပင်းဂွေးချို၊ ကျောင်းကုန်း၊ ကျောက်ပုံ၊ တောင်စု ကျေးရွာတို့တွင် ၆ တွင်းနှင့် ပန်းတောင်းမြို့နယ် မန်ကျည်းစုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်း တချို့တွင် အဝီစိတွင်းများ တူးဖော်ခဲ့ကြောင်း ကိုညီညီအောင်က ပြောသည်။
အ၀ီစိတွင်း တူးဖော်ရာတွင် ၎င်း ဒေသအနေအထားအရ ပေ ၁၀၀ မှ ၆၀၀ – ၇၀၀ ကျော်အထိ တူးဖော်ရလေ့ ရှိကြောင်း၊ တွင်းတတွင်း၏ တူးဖော်စရိတ်မှာ ကျပ် ၁၀ သိန်းကျော်မှ သိန်း ၃၀ အထိ ရှိတတ်ကြောင်း၊ သဲကုန်းမြို့နယ် ဆင်မြီးဆွဲ ကျေးရွာ၊ ကျူတော ကျေးရွာတို့ရှိ အ၀ီစိတွင်းများသည် ပေ ထောင်ချီ တူးဖော်သော်လည်း ရေ မထွက်၍ ငွေကြေးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ မကြာမီ လပိုင်းအတွင်း ရေနံချောင်း၊ မကွေး စသည့် မြို့နယ်များအတွင်း အ၀ီစိတွင်းများ ဆက်လက် တူးဖော်ရန် စီစဉ်နေပြီဖြစ်ကြောင်း မိုးမေတ္တာ လူငယ်အဖွဲ့၏ အဆိုအရ သိရသည်။
မိုးမေတ္တာ လူငယ်အဖွဲ့အပေါ် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တို့၏ သဘောထားနှင့် ပတ်သက်၍ “ရံဖန်ရံခါ လိုအပ်လို့ လာ မေးတာမျိုးလောက်တော့ ရှိတတ်ပါတယ်။ ပြည်မြို့ရဲ့ဆေးရုံ၊ ဆေးခန်း အရေးပေါ် သွေးလိုအပ်ချက်တွေကို ကျနော်တို့ အဖွဲ့က ကိုယ်ကျိုး မဖက်ဘဲ လုပ်ဆောင်ပေးနေတာဆိုတော့ သူတို့ အားပေးကြပါတယ်။ ကျနော်တို့ သွေးလှူရှင် အဖွဲ့ထဲမှာ အားလုံးပါနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ပါတီ နိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့ မူကို ကိုင်စွဲထားတဲ့ အတွက် ဘာအရိပ် အယောင်မှ အစွန်းအထင်း မခံပါဘူး” ဟု အသင်းအတွင်းရေးမှူးက ဆိုသည်။
ဇွန်လတွင် ဖွင့်လှစ်မည့် သုခ ကုသိုလ်ဖြစ် ဆေးခန်း (ပြည်) နှင့် ပတ်သက်၍ ပြည်မြို့ ဒေသခံ တဦးက “ပြည်မြို့မှာ အသပြာ ဆေးခန်း အများကြီး ရှိနေပါတယ်။ ဒါပေမယ့် တောင်သူလယ်လုပ်တွေ၊ ချို့တဲ့သူတွေအတွက် အခမဲ့ ဆေးခန်းတခု လိုအပ် နေတာတော့ အမှန်ပါပဲ။ အများအကျိုးအတွက် အခမဲ့ တာဝန်ယူပေးမယ့် ဆရာဝန် အခက်အခဲတော့ ရှိချင် ရှိလိမ့်မယ်” ဟု ပြောသည်။
ကိုကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်းသည် ယခုလအတွင်း ၁၀ နှစ်ပြည့် ခဲ့ပြီဖြစ်သည်။
Ref;Irrawaddy
Read More...
Collapse...
အောင်မြတ်စိုး
ဧပြီလ ၂၇ ရက် ၂၀၁၁ ခုနှစ်
အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံမတင်သေးသည့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံတင်ခွင့် တရားဝင် ခွင့်ပြုပြီဟု ထိုင်းအစိုးရ ကြေညာချက်ကို ကိုးကား၍ နေးရှင်း သတင်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြလိုက်သည်။
မှတ်ပုံတင်ခွင့်ပြုရေး ဆုံးဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝေ့ချာချီဝက ဧပြီလ ၂၆ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်သော ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး၌ သဘောတူကြောင်း လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ရုံး အမြဲတမ်း လက်ထောက်ပြန်ကြားရေးမှူးများ ဖြစ်သော နာယ်စုဖချား ကြိုင်စမု နာယ်ဝိချရ ကာနိကောန် နှင့် နာယ်မာရု မာ့စ်ယဝါနိက “တရားမဝင် နေထိုင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ရေး စီမံချက်မှ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၇ ကို အသုံးပြုပြီး အလုပ်လုပ်ကိုင်ရန် ရည်ရွယ် သူများနှင့် ၎င်းတို့၏ ၁၅ နှစ်အောက် ကလေးများကို တနှစ်ထက်မကြာသော ယာယီ နေထိုင်ခွင့် ပေးရန်” ဟု အစည်းအဝေးအပြီး သတင်းထုတ်ပြန်ရာတွင် ပြောဆိုခဲ့ကြသည်။
အဆိုပါ လဝက ဥပဒေပုဒ်မ ၁၇ သည် “အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားသားတဦးဦးကို နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုဘဲ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့် ပြုသည်” ဟု အဓိပ္ပာယ်သက်ရောက်သည်။
အစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့ရင်သွေးငယ်များကို နိုင်ငံအတွင်း ယာယီနေထိုင်ခွင့် ထော်ရော် (၃၈/၁) ထုတ်ပေးမည်ဖြစ်ကာ ၎င်းနောက်ပိုင်း မိဘများကို ကျန်းမာရေး ဆေးစစ်မှုခံယူပြီး အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားခွင့်ပြုမည်။
အလုပ်လုပ်ခွင့်သက်တမ်း တနှစ်ရှိမည်ဖြစ်ပြီး ယခင်ကဲ့သို့ အလုပ်သမားများသည် ကျန်းမာရေး ဆေးစစ်ခ၊ အာမခံနှင့် အလုပ်လုပ်ခွင့်ပါမစ်အတွက် ငွေပေးသွင်းပြီးနောက် အလုပ်လုပ်နိုင်မည်။ စနစ်တခုလုံး ပိုမိုကောင်းမွန်ရန် ရည်ရွယ်၍ လိုအပ်သော အသေးစိတ် ပြင်ဆင်စရာများ ရှိသဖြင့် စတင်မှတ်ပုံတင်ရမည့်ရက်ကို အတိအကျ မသတ်မှတ်သေးပေ။ သို့သော် မကြာခင် ရက်ပိုင်းအတွင်း စတင်မည်ဟု အလုပ်သမားရေး အဖွဲ့များက ဆိုသည်။
“ကျန်းမာရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေက အသေးစိတ် ပြင်ဆင်စရာလေးတွေ ရှိနေလို့၊ တပတ်နှစ်ပတ်တော့ ကြာနိုင်တယ်။ ဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်စေချင်ပါတယ်။ အလုပ်ရှင်ကို မှတ်ပုံတင်ပေးဖို့ တိုက် တွန်းတာ၊ ကလေးတွေအတွက် အထောက်အထား စာရွက်စာတမ်း ပြင်ဆင်တာ တွေကိုပေါ့” ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Migrant Working Group (MWG) မှ တာဝန်ခံတဦးက မဇ္ဈိမကို ပြောသည်။ ပေးသွင်း ငွေပမာဏသည် ယခင်ကဲ့သို့ ရှိနိုင်မည်ဖြစ်ကာ ကလေးများအတွက် ငွေပေးသွင်းရမည် မဟုတ်ဟု ဆိုသည်။
ကျန်းမာရေး ဆေးစစ်ခ၊ အာမခံနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင် ကုန်ကျငွေ အားလုံးသည် ဘတ်ငွေ ၃၈ဝဝ ဖြစ်သည်။ မှတ်ပုံတင်မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် ထပ်မံဝင် ရောက်လာသူများကိုမူ တားဆီးသွားမည်ဖြစ်သည်။ ထို့နောက် မှတ်ပုံတင်ပြီး နောက် မှတ်ပုံမတင်ခဲ့သည့် အလုပ်သမားများ၊ ၎င်းတို့၏ အလုပ်ရှင်များ၊ နေထိုင်ခွင့် ပေးသူများနှင့် သက်ဆိုင်သူများကို ဖမ်းဆီးခြင်းနှင့် ဥပဒေအရ အရေးယူ ခြင်းများ ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
“အလုပ်သမား တော်တော်များများ လာရောက်မှတ်ပုံတင်ကြမယ်လို့ ကျနော်တို့ မျှော်လင့် တာပါပဲ။ ရွှေ့ပြောင်းတွေ မှတ်ပုံတင်ရင် ကလေးတွေလည်း ပါလာမှာပါ။ ဒါပေမဲ့ ကလေး တွေအတွက် ကျန်းမာရေး စောင့်ရှောက်ခွင့် ပေးမပေးကတော့ ကျနော်တို့ စောင့်ကြည့် ရဦးမှာပါ” ဟု MWG တာဝန်ခံက ပြောဆိုသည်။
ယခင်က ဒုဝန်ကြီးချုပ် အမှူးပြုသော နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီကိုပါ လုပ်ငန်းများ ပိုမိုအဆင်ပြေစေရန် အလုပ်သမားဝန်ကြီးဌာန လက်အောက်၌ ဗဟိုနှင့် ခရိုင်အဆင့် ဌာနများ တိုးချဲ့ဖွင့်လှစ်မည် ဖြစ်သဖြင့် ပိုမိုမြန်ဆန်ကာ လွယ်ကူ မှုရှိမည်ဖြစ်သည်။
“ထိုင်းတော်ဝင်အစိုးရကို တိုက်တွန်းလိုတာက မှတ်ပုံတင်စနစ်ကို လွယ်ကူချောမွေ့စေဖို့နဲ့ လုပ်ငန်းရှင်တွေကို ရွှေ့ပြောင်းတွေ မှတ်ပုံတင်စေဖို့ ဖိအားပေးစေလိုတာပါပဲ။ ပြီးတော့ မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ အကာအကွယ်ပေးရေးတွေ၊ နိုင်ငံသား စိစစ်မှုပြုရေး လုပ်ငန်းကိစ္စမှာလည်း သူတို့တတ်နိုင်လောက်တဲ့ အခြေအနေ ဖြစ်အောင်၊ ၁၅ နှစ်အထက်နဲ့ ၁၈ နှစ်အောက် ကလေးတွေကိုလည်း တရားဝင် မှတ်ပုံတင်ခွင့်ပြုတာ စတာတွေပါ” ဟု MWG တာဝန်ခံက ပြောဆိုလိုက်သည်။
၂ဝဝ၉ ခုနှစ် သြဂုတ်လထဲတွင် မှတ်ပုံတင်ခွင့် ပြုသောအခါ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား ရွှေ့ပြောင်းအလုပ်သမား ၁.၃ သန်း မှတ်ပုံတင်ခဲ့ကာ၊ ယခုနှစ် ဖေဖော်ဝါရီလကုန် သက်တမ်းဆက်ခွင့် ကုန်ဆုံးသောအခါ အလုပ်သမားဦးရေ ၈၄၅,၁၃၉ ဦးသာ တရားဝင် တည်ရှိတော့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ IOM အဖွဲ့က ဧပြီလ ၁၁ ရက် နေ့တွင် သတင်းထုတ်ခဲ့သည်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်လုပ်နေသူ ၅၅ဝ,ဝဝ၃ ဦး ဖြစ်ပြီး၊ ထိုအထဲတွင် မြန်မာက ၃၅၂,၇၄၈ ဦး ပါဝင်သည်ဟု ဆိုသည်။
အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များက တရားဝင်နှင့် တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည်ဟု ခန့်မှန်း ထားသည်။
Ref;Mizzima
Read More...
Collapse...
ကျော်ခ
ဧပြီလ ၂၇ ရက် ၂၀၁၁ ခုနှစ်
ရန်ကုန် ဈေးဆိုင်များတွင် အသုံးတွင်ကျယ်သည့် ကြွပ်ကြွပ်အိတ်နှင့် ပလပ်စတစ်ကြိုး ရောင်းချခြင်း မပြုလုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာက ထုတ်ပြန်တားမြစ် လိုက်သည်။
တိုင်းအတွင်း မြို့နယ်များရှိ ဈေးများ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်ကြိုးများ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ထုတ်လုပ်ခြင်းများ ပြုလုပ်ပါက ဧပြီလ ၂၂ ရက်နေ့မှစ၍ အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးများ မှတဆင့် ဧပြီလ၂၁ ရက်နေတွင် အ ကြောင်းကြားစာ ပေးပို့ခဲ့ပြီး၊ မလိုက်နာ ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပေးထား သော လုပ်ငန်းလိုင်စင်ကိုပါ ပိတ်သိမ်းမည် ဟု ဈေးဆိုင်များသို့ ပေးပို့ခဲ့သည့် အကြောင်း ကြားစာ၌ ပါရှိသည်။
“ရောင်းချခြင်းမပြုဖို့ ၂၁ ရက်နေ့ကတည်းက ကျနော်တို့ အကြောင်းကြားထားပြီး ဖြစ်ပါ တယ်။ လက်ကျန်ရှိတာတော့ ကျနော်တို့အနေနဲ့ ကြည့်နေတဲ့ သဘောပါပဲ။ ဆင်းစစ် မယ်၊ ဘယ်နေ့ဆင်းဖြစ်မလဲ ဆိုတာတော့ မသိသေးဘူး” ဟု ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က မဇ္ဈိမကို ပြောသည်။
တိုင်းအတွင်းရှိ ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလက်စတစ်ကြိုး ထုတ်လုပ်သည့် လုပ်ငန်း များကိုလည်း ၂၁ ရက်နေ့ နောက်ဆုံးထားကာ၊ ထုတ်လုပ်ခွင့် ပိတ်သိမ်းရန် သက်ဆိုင်ရာ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများက အကြောင်းကြားစာ ပို့ခဲ့သည်။ မလိုက်နာပါက လုပ်ငန်းလိုင်စင် ပယ်ဖျက်ကာ၊ စည်ပင်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အရေးယူမည်ဟု ဆိုထားသည်။
ပလပ်စတစ် ကြွပ်ကြွပ်အိတ်များအား တနိုင်ငံလုံးသို့ ဖြန်းဖြူးထုတ်လုပ်နေသည့် ရန်ကုန် အခြေစိုက် Olympic Plastic စက်ရုံ တာဝန်ရှိသူတဦးက “လာအကြောင်းကြားတဲ့ နေ့ကတည်းကပဲ။ ကြွပ်ကြပ်အိတ် ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းပြီး သူတို့ခွင့်ပြုထားတဲ့ ပလပ်စတစ်အိပ်ပျော့ကိုပဲ ဆက်ထုတ်နေပါတယ်။ စက်ရုံကြီးတခုလုံး ပိတ်သိမ်းပြောင်း ရွှေ့တာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
ထို့ပြင် အရောင်းဆိုင်များသို့ ရောင်းချရန် တင်ပို့ထားသည့် ကြွပ်ကြွပ်အိတ်များ ကို လည်း ကုမ္ပဏီက ပြန်သိမ်းပြီး၊ တရားဝင် ထုတ်ခွင့်ရထားသည့် ပလပ်စတစ်အိတ်ပျော့ များနှင့် လဲလှည် ပေးသွားမည် ဟု ဆိုသည်။
ရန်ကုန်မြို့သိမ်ကြီးဈေး D ရုံတွင် ကျောက် ဆူး ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလပ်စ တစ်ကြိုးများ အဓိက ရောင်းချနေသည့် အရောင်းဆိုင်ကမူ ပလပ်စတစ် အိတ်ပျော့ များ ဈေးကွက်အတွင်း ရောင်းချရန် ရောက်မလာသေးဟု ပြောသည်။
“အသစ်လာမယ့် ပလပ်စတစ်အိတ်ပျော့တွေကလည်း အခုချိန်ထိ လာမလဲသေးတော့ လက်ကျန်လေးတွေကိုပဲ ရောင်းနေတာပါ။ ကျနော်တို့လို ကုမ္ပဏီက လာချပေးတဲ့ လူတွေကတော့ ပြဿနာမရှိဘူးပေါ့ဗျာ။ ကိုယ်တိုင် အပြတ် ဝယ်ရောင်းတဲ့ ဆိုင်လေး တွေကတော့ ထိတာပေါ့” ဟု အဆိုပါ ဆိုင်ရှင်က မဇ္ဈိမကို ပြောပြသည်။
သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသော ကြွပ်ကြွပ်အိတ်များကို ကမ္ဘာတဝှန်း နိုင်ငံအများအပြား၌ သုံးစွဲမှုလျှော့ချလာသလို၊ မြန်မာနိုင်ငံ၌လည်း မသုံးစွဲမရောင်းချရန် ၂ဝဝ၉ ခုနှစ်ထဲတွင် မန္တလေးတိုင်းရှိ ဈေးများတွင် ထုတ်ပြန်ခဲ့ပြီး ကြွပ်ကြွပ်အိတ် စက်ရုံ များကိုပါ ပိတ်ခဲ့သည်။
ထိုစဉ်က မန္တလေးတိုင်းရှိ ပလပ်စတစ် ထုတ်လုပ်သည့် စက်ရုံများမှာ ထိခိုက်မှု ဆိုးဝါးခြင်း မရှိသလို ပြင်ပတွင် သုံးစွဲရာ၌လည်း လျော့နည်းလာသည်ကို တွေ့ရသည်ဟု မန္တလေး မြို့ပေါ်ရှိ OK Plastic စက်ရုံ မန်နေဂျာတဦးက ပြောသည်။
“စက်ရုံတွေအနေနဲ့တော့ဗျာ၊ အပိတ်ခိုင်း လိုက်တဲ့ စပ်ကူးမပ်ကူး ကာလတော့ နည်း နည်း အခက်တွေ့မှာပေါ့။ သိပ်ဆိုး ရွား တဲ့ အခြေအနေ မျိုးထိတော့ မရောက် ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တနှစ် လောက် ကြိုပြောထားတယ်လေ” ဟု သူက မဇ္ဈိမကို ပြောပြသည်။
စက်ရုံများတွင် ထုတ်လုပ်ခွင့် ပိတ်ပင် လိုက်သော်လည်း ဈေးနှုန်းချိုသာခြင်း၊ ထုပ်ပိုး သယ်ဆောင်ရ လွယ်ကူခြင်းကြောင့် ကြွပ် ကြွပ်အိတ်များကို ရန်ကုန်နှင့် မန္တလေး ကဲ့သို့ မြို့ကြီးများ အပါအဝင် နိုင်ငံတဝှန်း တွင်ကျယ်စွာ သုံးစွဲနေခြင်း ဖြစ်သည်။
မန္တလေးမြို့ရှိ ရတနာပုံဈေးတွင်မူ ၂ဝဝ၉ ခုနှစ် ပိတ်ပင်မှုကို မလိုက်နာဘဲ ရောင်းချ ခဲ့သည်ဟုဆိုကာ ဈေးသူတဦးကို ပြီးခဲ့သည့်နှစ် မတ်လပိုင်းတွင် မြို့နယ်စည်ပင် တရားရုံးက စည်ပင်အက်ဥပဒေ ပုဒ်မ ၂၆ အရ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေးခဲ့သေးသည်။
Ref;Mizzima
Read More...
Collapse...
April 26, 2011
တနေ့က အထက်လွှတ်တော်က ရွေးကောက်ပွဲခေါ်ဖို့ ရွေးကောက်ပွဲဥပဒေ ၃ ရပ် အပြီး သတ် ထုတ်ပြန်လိုက်တဲ့ အခါ မှာတော့ နောက်အပတ်မှာ အောက်လွှတ်တော် ဖျက်သိမ်း ပေးမယ်ဆိုတဲ့ ၀န်ကြီးချုပ် အဖိဆစ်ရဲ ကတိက၀တ်ဟာ ပိုပြီးခိုင်မာသွားပုံ ပေါ်ပါတယ်။
ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီးဖေဖေါ်ဝါရီလက လုပ်ခဲ့တဲ့အခြေခံဥပဒေ ပြင်ဆင်ချက် တွေနဲ့ ထုံးတမ်းစဉ်လာနဲ့ ကိုက် ညီစေဖို့အတွက် ရွေးကောက်ပွဲဥပဒေနဲ့ အထက်လွှတ်တော်အမတ်တွေကျင့်သုံးရမယ့် ဥပဒေတွေ၊ ရွေးကောက်ပွဲကော် မရှင်နဲ့ နိုင်ငံရေးပါတီတွေကို ပြင်ဆင်ခဲ့ပါတယ်။ ကြိုတင်မဲပေးတာနဲ့ပတ်သက် ပြီး အငြင်းပွားစရာအပြောင်အလဲတွေ ရှိတာတောင်မှ အောက်လွှတ်တော်ရဲ့ဥပဒေကြမ်းမူကို အပြည့်အ၀ လက်ခံဖို့ အထက်လွှတ်တော်က ဆုံးဖြတ်ခဲ့ပါ တယ်။
အရင်ကလိုပဲ တပတ်ကြိုမဲပေးရမယ့်အစား တရက်ပဲ ကြိုမဲပေးဖို့ဆိုတဲ့ ကြိတင်မဲပေးရေးကို အောက်လွှတ်တော်က ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဝန်ထမ်းတွေ အတွက်ကလွဲပြီး ကြိုတင်မေးပဲတာကို တရားဝင် သဘောတူ ကြောင်း အထက်လွှတ်တော် စစ်ဆေးရေးကော်မတီက အဆိုပြုပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်ရဲ့ မူကြမ်းကို မူလအတိုင်းပဲ အတည်ပြုဖို့ ၁၁၅မဲ ၃မဲနဲ့ အထက်လွှတ်တော်က မဲပေးခဲပါတယ်။ နာရီပေါင်းများစွာကြာတဲ့ ဆွေးနွေးပွဲ မှာ ကန်ဖန်ဖက်အထက်လွှတ်တော်အမတ် ခရစ်ခ်ျအတစ်ခေါ်လို အထက်လွှတ်တော်အမတ် အတော်များများက ကြို တင်မဲပေးတာကို မဲလိမ်ဖို့အတွက် ကယ်ပေါက်တခုအနေနဲ့ တိုက်ခိုက်ပြောဆိုပါတယ်။
အထက်လွှတ်တော် ဥပဒေစီစစ် ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ရစ်ထီဖေါ့ဝီလီယာရော့ခ်ျကလည်း “တနိုင်ငံလုံးတွင် ရွေးကောက်ပွဲ နေ့သည် တနေ့တည်း အတူတူဖြစ် ရမည်” လို့ ပြောထားတဲ့ ပုဒ်မ ၁၀၇နဲ့ ၁၀၈ ကို ကိုးကားပြောဆိုပါတယ်။ ဒါပေမဲ့ ကြိုတင်မဲပေး တာကို ပယ်တယ်ဆိုတာ ပြည်သူတွေရဲ့မဲပေးခွင့်ကို ချိုးဖောက်တာပဲ ဖြစ်ပါမယ်။ လို့ တခြားအထက် လွှတ်တော်အမတ်တွေက ပြောပါတယ်။ သူတို့က မဲပေး တာဟာ ထိုင်းနိုင်ငံသားတွေရဲ့တာဝန်နဲ့အခွင့်အရေး နှစ်ခု စလုံးဖြစ်တယ်ဆိုတဲ့ အခြေခံ ဥပဒေပုဒ်မ ၇၂ ကို ကိုးကားပြောဆိုပါတယ်။ အမြဲတန်းမဟုတ်ပေမဲ့လည်း ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ မဲမပေးသူတွေကို ရွေး ကောက်ပွဲအခွင့်အရေးတွေ ရုတ်သိမ်း ပါတယ်။
အစိုးရအရာရှိတွေကိုပဲ ကြိုတင်မဲပေးဖို့ခွင့်ပြုတယ်ဆိုရင် ဒါဟာ ခွဲခြား ဆက်ဆံတာ လားဆိုပြီး သူတို့က မေးခွန်းလည်း ထုတ်ပါတယ်။ ရွေးကောက်ပွဲဝန်ထမ်း တွေမဟုတ်တဲ့ လူအတော် များ များမှာလည်း ရွေးကောက်ပွဲနေ့မှာ အလုပ်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲပေး တာကို လုပ်ခဲ့တာပဲ။ အခြေခံဥပဒေကို ဆန့်ကျင် ပြီး မစဉ်းစားသင့်ဘူး။ လို့ သူတို့က ပြောပါတယ်။ “မဲပေးတာကို တရက်တည်းလုပ်ရင်တောင် မဲလိမ်တာတွေ ဖြစ်နိုင် တာပဲ။ ဒါကြောင့် ကြိုတင်မဲပေးတာကို ခွင့်မပြုဘူးဆိုရင် ကြောင်းကျိုးမဆီလျော်ပါဘူး။ ဒါပေမဲ့ ဒီအဂတိ လိုက်စားတဲ့ ပြဿနာတွေကို မဲရုံစောင့်တွေက ဖြေရှင်းရပါမယ်။” လို့ မကြာခင်ကမှ ခန့်အပ်ခံရတဲ့ အထက်လွှတ်တော်အမတ် ၀မ် ချိုင်းဆော်န်ဆီရိ က ပြောပါတယ်။
ပါတီတွေရဲ့မတော်မတရားလုပ်မှုတွေကို တားဆီးဖို့ တင်းကြပ်တဲ့ နိုင်ငံရေးပါတီများ ဆိုင်ရာ ဥပဒေကို ထောက်ခံမဲ ၁၁၄မဲ၊ ကန့်ကွက်မဲ ၅မဲ၊ ကြားနေမဲ ၄မဲနဲ့ ထောက်ခံ အတည်ပြုခဲ့ပါတယ်။ ပါလီမန် အမတ်အရေအတွက် အပြောင်း အလဲနဲ့အညီ ရွေးကောက်ပွဲ ကော်မရှင်ရဲ့အာဏာပိုင်မှုနဲ့တာဝန်တွေကို ပြောင်းပစ် လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ၁၄၄-၄ မဲ၊ ကြားနေမဲ ၃မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အခြေခံဥပဒေကို မဲဆန္ဒနယ်အလိုက် အမတ် ၃၇၅နေရာနဲ့ ပါတီစာရင်းအရလာတဲ့ အမတ် ၁၂၅ ယောက် နဲ့ အချိုးကျကိုယ်စားလှယ်အမတ် ၈၀ ရွေးဖို့ ပြင်ဆင်လိုက်ပါတယ်။ မဲဆန္ဒနယ်တနယ်မှာ ပါလီမန်ကို အမတ်ဦးရေအများကြီး မလွှတ်ရဘဲ တနယ်ကို တယောက်ပဲ လွှတ်ရပါမယ်။ ရွေး ကောက်ပွဲဥပဒေကို မဖြန့်ဝေခင် ဘုရင်ကြီး အတည်ပြုလက်မှတ်ရေးထိုးဖို့အတွက် အဆိုပြုရပါအုန်းမယ်။ ဒါပြီးမှ ဥပဒေ အသက်ဝင်မှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့တချို့ဥပဒေတွေဟာ ဥပဒေပြုရေး ဖြစ်စဉ်တွေကို ရှည်ကြာစေလိမ့်မယ်ဆိုပြီး တချို့အထက်လွှတ်တော်အမတ်တွေက စိုးရိမ်ပူပန်နေပါတယ်။ ဥပဒေအရ ဆို ဥပဒေမူကွဲ တွေအကြား သိသိသာသာ သဘောထားကွဲလွဲခဲ့ရင် စေ့စပ်ဆွေးနွေးဖို့အတွက် အထက်နဲ့အောက် ပူးတွဲ ကော်မတီကို အကြောင်းကြားရပါမယ်။
Ref;Naytthit
Read More...
Collapse...
ဧပြီလ ၂၆ ရက် ၂၀၁၁ ခုနှစ်
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ ဓာတ်ဆီဝေခွဲတမ်း လျော့သွားသည့်အတွက် မကျေနပ် မှုများ ရှိနေပြီး ယင်းအခြေအနေကို အစိုးရသစ်က မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည် ကို သိလိုကြသည်။
“အရင်ကဆို တရက်ကို အချို့ဆိုင်တွေက ၅ဂါလံ၊ အချို့က ၄ဂါလံထုတ်ပေးတယ်ဗျာ။ ဒီတော့ ညအိပ်တန်းစီရတာဖြစ်ဖြစ်၊ တနေ့လုံးနေပူခံပြီး တန်းစီရတာဖြစ်ဖြစ် တန်သေး တယ်။ အခုတော့ တနေ့ကိုနှစ်ဂါလံနှုန်းနဲ့ သုံးရက်စာ ၆ ဂါလံ ထုတ်ရတယ်။ သုံးရက်စာ တုံးတခါထဲ နှိပ်ပေးလိုက်တယ်။ နောက်သုံးရက်က လုံးဝထုတ်လို့ မရတော့ဘူး။ ပြောတော့ လွတ်လပ်စွာ ဝယ်ယူနိုင်တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေတဲ့” ဟု ရန်ကုန်ယာဉ်ပိုင်ရှင်တဦးက စနစ်သစ်ပေါ်တွင် ဝေဖန်ပြောဆိုသည်။
အငှားယာဉ် လေးဘီးမောင်းသူ တဦး ကလည်း “ ကျွန်တော်တို့လေးဘီးတွေ အခုရန်ကုန်မှာ အလုပ်မဖြစ်တော့ ဘူး။ သိတဲ့အတိုင်း ပါရမီ taxi တွေက အခု ဒလဟော ဝင်လာတော့ taxi တွေ က ပေါမှပေါပဲ။ တနေ့လုံးကို ၁၅ဝဝ -၂ဝဝဝ လောက်ရဖို့ မနဲ ရှာရတာ။ ဒီတော့ကျွန်တော်ဆီထုတ်စား တယ်ဗျာ။ ကိုယ်မိသားစု ပြေလည်ဖို့။ အရင်က ဆီ တနေ့ကို ၄-၅ ဂါလံ ထုတ်လို့ရတယ်။ ငွေတသောင်းလောက် ဟိုဆွဲ ဒီဆွဲရင်းရင် ညနေ အိမ်အပြန် ၅ဝဝဝ-၆ဝဝဝ လောက် ကျန်တယ်။ အခုက တနေ့ကို နှစ်ဂါလံဆိုတော့ ဘာမှကိုလုပ်လို့ မရတော့ဘူး။ နေပူထဲ ဒုက္ခခံပြီး တန်းစီရတာ မတန်တော့ဘူးပေါ့ဗျာ” ဟု ဖွင့်ဟ ပြောဆိုသည်။
ထို့ပြင် စက်သုံးဆီအရောင်းဆိုင်များကို ပုဂ္ဂလိကပေးထားသည်မှာတနှစ်ရှိပြီဖြစ်သော်လည်း လိုအပ်မှုများစွာရှိကြောင်း “အခုက လွတ်လပ်စွာဝယ်ယူနိုင်တဲ့ပုဂ္ဂလိက စက်သုံးဆီ စနစ်ဆိုပေမယ့် လိုအပ်သလို အချိန်ကုန်သက်သာ ၊ လူမပင်ပန်းပဲ ဝယ်လို့မရ ဘူး။ ပြီးတော့ဈေးပြိုင်စနစ်လို့ဆိုပေမယ့်လဲ အမြင့်ဈေးတွေပဲ အပြိုင်တင်ပြီးရောင်းနေကျ တာ။ အခုဆိုရင် ဓာတ်ဆီကိုအရင် ဌာနဆိုင်ရာက လုပ်ကိုင်ပုံအတိုင်း စာအုပ်နဲ့ ရောင်းပေးတဲ့နှုန်းအတိုင်း ထုတ်ယူနေရတာ၊ နယ်မြို့တွေမှာ ဆိုရင်လဲ မှောင်ခိုဈေးကွက်ကိုပဲ အားကိုးနေရတုန်း၊ ဒါတွေဟာ အားနည်းချက် ဘယ်လောက်ရှိနေလဲဆိုတာ ပြနေတာပဲ” ဟု ရန်ကုန်မြို့နေတဦးက ထောက်ပြ ပြောဆိုသည်။
နေပူထဲ တန်းမစီလိုသူများ အပြင်ဈေး နှင့် ဓာတ်ဆီ တဂါလံ ၄၅ဝဝ ကနေ ၄၈ဝဝ အထိ ဝယ်သုံးနေရ ကြောင်း၊ ဆိုင်ထုတ်ဈေး တဂါလံ ၂၅ဝဝ နှင့် သုံးမှဖြစ်မယ့်သူများ ကတော့ ညအိပ် တန်းစီ စောင့်ရသည့်အပြင် လိုချင် သလောက် မရနိုင်ပဲ ရောင်းသ လောက် သာ ရရှိနိုင်ကြောင်း စသည့် အားနည်းချက်များကို ထောက်ပြ ပြောဆို ကြသည်။
ယခုကဲ့သို့ ဓာတ်ဆီပေးသည့်နှုန်းအား လျှော့ချလိုက်ရခြင်းမှာ ထူးကုမ္ပဏီမှ ဓာတ်ဆီများ တရုတ်နိုင်ငံသို့ ယခင်ထက်နှစ်ဆ ပိုမိုတင်ပို့နိုင်ရန် ဖြစ်သည်ဟု ဓာတ်ဆီထုတ်သူ အသိုင်း အဝိုင်းမှ သိရသည်။
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ လုပ်ပိုင်ခွင့်ရရှိသော အဖွဲ့အစည်းနှင့် ကုမ္ပဏီအချို့
၁။ ထူးထရေးဒင်းကုမ္ပဏီလီမိတက်
၂။ ပြည်ခိုင်ဖြိုး
၃။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
၎။ ဧဒင်အုပ်စုကုမ္ပဏီလီမိတက်
၅။ ရွှေသံလွင်ကုမ္ပဏီလီမိတက်
၆။ ကေတုမတီ
၇။ ဇေကမ္ဘာ
၈။ Max Myanmar
၉။ ကောင်းဇော်ဟိန်း
၁ဝ။ ယုဇနကုမ္ပဏီလီမိတက်
၁၁။ ရွှေတောင်
၁၂။ ဂရင်းအေးရှား
၁၃။ ဧရာရွှေဝါ
၁၄။ ဒဂုံအင်တာနေရှင်နယ်
Read More...
Collapse...
ရန်ပိုင်
26 April 2011
စီးပွားရေးလောကတွင် Trade Policy Council (TPC) ဟု လူသိများသည့် ကုန်သွယ်မှုဆိုင်ရာ မူဝါဒ ကောင်စီကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ပြုလုပ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အစည်းအဝေး တွင် ၀န်ကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တဦးက“သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များအကြား ကုန်သွယ်ရေးဆိုင်ရာ မူဝါဒကောင်စီ မရှိ တော့ဘူးလို့ ၀န်ကြီးကပြောသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကုန်သွယ်မူ မူဝါဒကောင်စီသည် ပြည်တွင်းပြည်ပ သွင်းကုန်ထုတ်ကုန် လုပ်ငန်း လိုင်စင်များ ချထားပေးခြင်း၊ နယ်စပ်ကုန် သွယ်ရေး နှင့် နိုင်ငံခြား ကုမ္ပဏီများ လာရောက် ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ပေးခြင်းများကို လုပ်ဆောင် သည်။
ယခုအခါ သွင်းကုန်ထုတ်ကုန် လိုင်စင်ချထားပေးခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးကိုမူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက တာဝန်ယူ ဆက်လက်ဆောင် ရွက်မည်ဖြစ်ပြီး၊ လုပ်ထုံးလုပ်နည်း အသေးစိတ်ကို မကြာမီ ထုတ်ပြန်မည်ဟု သိရသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍနှင့် ပတ်သက်၍ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ကိုင်တွယ်ဆောင်ရွက်မည်ကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း ၂၀၀၈ ခုနှစ်က ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံ မှုများနှင့် ပတ်သက်၍ သမ္မတ ကသာ တာဝန်ယူဆောင်ရွက်မည်ဟု ပါရှိသည်။
နောက်ဆုံးထုတ် Weekly Eleven ဂျာနယ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုသူ များအနေဖြင့် ယခင်ကအတိုင်း သက်ဆိုင်ရာ ၀န်ကြီး ဌာနများဖြင့်လည်း သဘောတူညီချက် ရယူဆောင်ရွက်ရဖွယ်ရှိကြောင်း ရေးသားထားသည်။
၂၀၀၈ ခုနှစ်က ထုတ်ပြန်သည့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြုပ်နှံမှု အစီရင်ခံ စာတွင် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွင် ၀န်ကြီးများ ငွေကြေးဆိုင်ရာ အဂတိလိုက်စားမှုများရှိသည့်အတွက် ကုန်သွယ်မှုဆိုင်ရာ မူဝါဒ ကောင်စီကို ၁၉၉၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးမောင်အေးအား တာဝန်ယူဆောင်ရွက် စေခဲ့ကြောင်း ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးမောင်အေး တာဝန်ယူပြီး နောက်ပိုင်း ၂၀၀၇ ခုနှစ်မှ စတင်၍ လက်ရှိ ဒု သမ္မတ တာဝန်ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး ဟောင်း သီဟ သူရ ဦးတင်အောင်မြင့်ဦး က ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီဟ သူရ ဦးတင်အောင်မြင်ဦး တာဝန်ယူကိုင်တွယ်စဉ်က ပြည်ပပို့ကုန် လိုင်စင်များ၊ ပြည်ပမှ ကားများတင်သွင်းခွင့် များ၊ နိုင်ငံခြား ကုမ္ပဏီ များနှင့် ဖက်စပ်လုပ်ပိုင်ခွင့်များကို ၎င်းနှင့် နီးစပ်သော စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဦးဇော်ဇော် ပိုင်ဆိုင်သည့် မက်စ်မြန်မာကုမ္ပဏီတို့ကိုသာ လုပ်ငန်းများ ချပေးခဲ့သည်ဟု လူသိများခဲ့သည်။
အစိုးရနှင့် နီးစပ်သူများအဆိုအရ ကုန်သွယ်မှု မူဝါဒ ကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ လာရောက် ရင်းနှီးမြုပ်နှံသည့် ငွေကြေး အပေါ်မူတည်ပြီး ကောင်စီ ဥက္ကဋ္ဌ မှာ ၅ ရာခိုင်နှုန်း အကျိုးအမြတ် ခံစားခွင့်ရှိသည်ဟု သိရ သည်။
ထိုကြောင့် အစိုးရ အဖွဲ့သစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ကိုင်တွယ်ဆောင် ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ သမ္မတ ဦးသိန်း စိန် နှင့် ယခင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးတို့ အကြား အငြင်းပွား နေကြောင်း အတည်မပြုနိုင်သော သတင်းများအရသိရသည်။
Ref;Irrawaddy
Read More...
Collapse...
26 ဧပြီ 2011
အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က အစားအသောက် ဈေးနှုန်းတွေ ရုတ်တရက် မြင့်တက် ကုန်တာကြောင့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နက်ရှိုင်းတဲ့ ဆင်းရဲတွင်းထဲကို ကျရောက်သွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
မနီလာအခြေစိုက် ငွေထုတ်ချေးတဲ့ အဖွဲ့ကြီးက ကမ္ဘာ့အစားအစာဈေး ဖောင်းပွမှုနဲ့ ဖွံ့ဖြိုးဆဲအာရှလို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဒီနေ့ ထုတ်ပြန်ရာမှာ ဒီနှစ် အစပိုင်းတွေထဲမှာ ဒေသတွင်း စီးပွားရေး အတော်များများမှာ ပြည်တွင်း အစားအစာဈေး ဖောင်းပွမှုနှုန်းဟာ ပျမ်းမျှခြင်းအားဖြင့် ၁၀% ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှုန်းထားအတိုင်း ဆက်တက်နေမယ် ဆိုရင်တော့ နောက်ထပ် လူသန်းပေါင်း ၆၄ သန်းရဲ့ဝင်ငွေတွေဟာ ပြင်းထန်တဲ့ ဆင်းရဲမှု သတ်မှတ်ချက်ဖြစ်တဲ့ တနေ့ကို ၁.၂၅ ဒေါ်လာအောက် ကျသွားမယ်လို့ ဒီဘဏ်ကြီးက ဆိုလိုက်ပါတယ်။
ဒီအစီရင်ခံစာကပဲ မြင့်မားလာနေတဲ့ အစားအစာဈေးတွေအပြင် ရေနံစိမ်းဈေး ရုတ်တရက် မြင့်တက်ကုန်တာပါ တွဲလိုက်ရင်တော့ အာရှစီးပွားရေး တခုလုံးကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေမယ့် အန္တရာယ် ရှိနေပြီလို့ သတိပေးလိုက်ပါတယ်။
Ref;VOA
Read More...
Collapse...
ကျော်ကျော်သိန်း
26 ဧပြီ 2011
နိုင်ငံတော်သမ္မတအတွက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါ တယ်။ သမ္မတက အကြံပေးအဖွဲ့ ဖွဲ့တယ်ဆိုတာဟာ နိုင်ငံတကာမှာ လုပ်နေကြတဲ့ နည်းလမ်း နဲ့ ကိုက်ညီပြီး သင့်တော်တဲ့ အကြံဥာဏ်တွေကို ပေးသွားမှာ ဖြစ်တယ်လို့ အကြံပေး အဖွဲ့မှာပါတဲ့ ပညာရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အကြံဥာဏ် တောင်းပြီးရင် တကယ် အကောင်အထည်ဖော်ဖို့တော့ လိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံတော်သမ္မတက အကြံပေး အဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ဧပြီလ ၁၉ ရက် နေ့စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန် ခဲ့တာပါ။ အကြံပေးအဖွဲ့ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာလို့ သုံးဖွဲ့ခွဲထားပြီး တဖွဲ့ ဆီမှာ အဖွဲ့ခေါင်းဆောင် ၁ ယောက်၊ အဖွဲ့ဝင် ၂ ယောက်၊ ပေါင်း ၃ ယောက်နဲ့ စုစုပေါင်း ၉ ယောက် ပါဝင်ပါတယ်။ အကြံပေးပုဂ္ဂိုလ်စာရင်း အပြည့်အစုံကို အဖွဲ့ထဲမှာ ပါဝင်တဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ဗွီအိုအေကို ပြောပြပါတယ်။
“စီးပွားရေး အကြံပေးအဖွဲ့မှာ နံပါတ် ၁ - ဒေါက်တာ ဦးမြင့် ကျနော်ပေါ့ဗျာ၊ အဖွဲ့ ခေါင်းဆောင်၊ နံပါတ် ၂ - ဦးဆက်အောင် အဖွဲ့ဝင်၊ နံပါတ် ၃ - ဒေါက်တာ တင်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့နံပါတ် ၁ - ဦးကိုကိုလှိုင် အဖွဲ့ခေါင်းဆောင်၊ နံပါတ် ၂ - ဒေါက်တာ နေဇင်လတ် အဖွဲ့ဝင်၊ ဦးရဲတင့် အဖွဲ့ဝင်၊ နောက် ဥပဒေ အကြံပေးအဖွဲ့နံပါတ် ၁ - ရဲမှူးကြီး စစ်အေး(ငြိမ်း) အဖွဲ့ခေါင်းဆောင်၊ နံပါတ် ၂ - ဒေါ်ခင်မျိုးမြင့် အဖွဲ့ဝင်၊ နံပါတ် ၃ - ဦးသန်းကျော် အဖွဲ့ဝင်။”
ဒေါက်တာ ဦးမြင့်ဟာ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်၊ အာရှနဲ့ ပစိဖိတ်ဒေသရုံးမှာ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံတွေရဲ့သုတေသနနဲ့ ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင် စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
စီးပွားရေး သုတေသန စာတမ်းတွေ၊ ဆွေးနွေးပွဲတွေအတွက် အထောက်အကူပြု စာတမ်းတွေ၊ အာရှနဲ့ ပစိဖိတ်ဒေသရဲ့ စီးပွားရေးနဲ့ လူမှုရေးစစ်တမ်း စာစောင်တွေ ပြုစုရေးသားခဲ့သလို မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့သိပ္ပံ ပညာရှင် အဖွဲ့မှာ အဖွဲ့ဝင်တဦးဖြစ်ပြီး ပြည်တွင်း စီးပွားရေးကဏ္ဍနဲ့ ပတ်သက်လို့ ဟောပြော ဆွေးနွေး ပို့ချတာတွေ၊ အကြံဥာဏ် ပေးတာတွေ လုပ်နေသူ ဖြစ်တယ်လို့ ၂၀၀၉ ခုနှစ်၊ မတ်လထုတ် Living Color မဂ္ဂဇင်းကို ကိုးကားပြီး ၀ီကီမြန်မာ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သူ့အနေနဲ့ ဖြစ်သင့်တဲ့ အကြံဥာဏ်တွေကို ပေးသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ ဦးမြင့်က ပြော ပါတယ်။
“ဘယ်နိုင်ငံမှာမဆို သမ္မတ အနေနဲ့ကတော့ အကြံပေးအရာရှိတွေ ဖွဲ့တာပေါ့ဗျာ။ ဒါ အပြည်ပြည်ဆိုင်ရာ International Practice နဲ့ ညီတယ်ပေါ့။ ဒီဟာတော့ တခါမှ မကြုံခဲ့ရဘူးပေါ့။ အခြေအနေက မတူတဲ့ဟာလေး ဖြစ်နေတာပေါ့။ နိုင်ငံတော် အကြီး အကဲက တခါမှ ဆရာ့ကို ခေါ်တွေ့တာလည်း မရှိဘူး။ ၁၆ နှစ်ရှိပြီ။ တခါမှ မရှိဘူး။ ဒါလေးက နည်းနည်း ထူးခြားတာပေါ့။ ဆရာလည်း ပေးမှာပဲ၊ ကြိုက်တာ မကြိုက်တာတော့ ဆရာ မသိဘူး။ သူတို့ကလည်း ဆရာ့ကို ပေးပါလို့ ပြောထားတယ်။ ဖြစ်တာ မဖြစ်တာတော့ ဆရာ မသိဘူး။ ပေးမှာတော့ သေချာတယ်၊ မပူနဲ့။”
၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူက တိုင်းပြည်အာဏာ အရပ်ရပ်ကို ချုပ်ကိုင်ပြီး စစ်အာဏာရှင်ပုံစံ အုပ်ချုပ်ခဲ့တာပါ။ အခု သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ မပေါ်ခင်ထိ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ အကြံပေးအဖွဲ့ရှိတယ် ဆိုတာမျိုး၊ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီက အကြံဥာဏ်တောင်းတယ် ဆိုတာမျိုး တခါမှ မကြား ခဲ့ရဖူးပါဘူး။
အကြံပေးအဖွဲ့ဆီကနေ လိုအပ်တဲ့ အကြံဥာဏ်တွေကို တောင်းယူပြီး အကောင် အထည်ဖော်ဖို့လည်း လိုမယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အကြံပေးတဲ့ဟာကို လိုက်နာရင်တော့ ကောင်းမှာပေါ့။ အကြံပေးတာကို အကြံပဲ ယူပြီး တော့ မလိုက်နာရင်တော့လည်း အကျိုးမရှိဘူးပေါ့။ ကျနော် အကြံပေးချင်တာက တကယ် လိုအပ်တာကို အကြံဥာဏ် တောင်းဖို့ပါ။ တောင်းပြီးရင်လည်း လေးလေးစားစား ထည့်သွင်း စဉ်းစားဖို့ လိုမယ်လေ။ ဒါ အဓိကပါပဲ။”
သမ္မတဟာ အကြံပေးအဖွဲ့ကို သင့်လျော်တဲ့ ဦးရေနဲ့ ဖွဲ့စည်းနိုင်တယ်၊ အကြံပေးအဖွဲ့ဝင်တွေ ခံစားခွင့်ရှိတဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင်တွေကို ပြည်ထောင်စုအစိုးရ အဖွဲ့က သတ်မှတ်ပြီး အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရန်ပုံငွေကနေ ကျခံရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီနှစ်ချက်ကလွဲပြီး အကြံပေးအဖွဲ့နဲ့ ပတ်သက်တဲ့ အကျယ်တ၀င့် ပြဋ္ဌာန်းချက်တွေ မရှိပါဘူး။ အကြံပေးအဖွဲ့တွေနဲ့ အကြံပေး ပုဂ္ဂိုလ်တွေကို ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းကနေစပြီး ဖွဲ့စည်း ခန့်အပ်လိုက်တဲ့အကြောင်း ဧပြီလ ၁၉ ရက် နေ့စွဲတပ် အမိန့်ကြော်ငြာစာနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ အတွင်းရေးမှူး လက်မှတ် ထိုးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပေမဲ့ ခုချိန်ထိတော့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
Ref;VOA
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88