Friday, June 3, 2011

မြန်မာ၊ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖို့ အပြောထက် လက်တွေ့ လုပ်ရပ်လိုအပ်

Thar Nyunt Oo
03 ဇွန် 2011

မြန်မာအစိုးရသစ် အနေနဲ့ အမေရိကန်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဆောင်ရာမှာ နွေးထွေး ပျူငှာတဲ့ စကားလုံးတွေထက်၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် ခိုင်မာတဲ့ အလုပ်တွေအပေါ်မှာ အခြေခံ ဆောင်ရွက်ဖို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောဆို လိုက်ပါတယ်။

၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဇွန် ၃ ရက် နေ့ ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း အမေရိကန် အထက်လွှတ်တော် အမတ် မက်ကိန်းက ခုလို တိုက်တွန်း ပြောဆိုသွားတာပါ။ မြန်မာ အစိုးရအနေနဲက အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုမို ကောင်းမွန်ဖို့ လိုလားသလိုပဲ၊ အမေရိကန် ပြည်ထောင်စုဖက် ကလည်း အလားတူ စိတ်ဆန္ဒ သဘောထား ရှိတဲ့အကြောင်း မစ္စတာမက်ကိန်းက ပြောဆိုပါ တယ်။

လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း မြန်မာနိုင်ငံကို ခုလို လာရောက်ဖို့ကြိုးစားခဲ့ပေမယ့်၊ အခု အစိုးရသစ်လက်ထက်ကျမှ လာရောက်ခွင့်ရတာဟာ အပြောင်းအလဲတခုလို မြင်တဲ့အကြောင်း လည်း မစ္စတာမက်ကိန်းက ပြောသွားပါတယ်။

မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ လက်တွေ့ကျကျ လုပ်ဆောင်ရ မယ့်ကိစ္စတွေထဲ အရေးအပါဆုံးကိစ္စတခုကတော့ နိုင်ငံရေးအကျဉ်းသားအားလုံး ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ဖြစ်ကြောင်း မစ္စတာ မက်ကိန်းက ပြောဆိုပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မယ့် အခွင့်အရေး နဲ့ လုံခြုံရေးအတွက် သေချာအောင် ဆောင်ရွက်ပေးဖို့ကိုလည်း အစိုးရသစ်ကို တိုက်တွန်း သွားပါတယ်။

မြောက်ကိုရီယားနဲ့ စစ်ရေး ဆက်ဆံမှုတွေမှာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ နူကလီးယားမပြန့်ပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း မစ္စတာ မက်ကိန်းက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစု တွေ တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေ စတင်ဖို့ကိုလည်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက တိုက်တွန်းသွားခဲ့ပါတယ်။

Ref;VOA

Read More...

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး လူငယ်များ တပ်လှန့်

လင်းသန့်
03 June 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ ပြုလုပ်မည့် ခရီးစဉ်အတွင်း အသက်အန္တရာယ် မကျရောက်စေရေး အတွက် နိုင်ငံသား အားလုံး အထူး သတိရှိကြရန် NLD လူငယ်များနှင့် နိုင်ငံရေး တက်ကြွသူများက နှိုးဆော်လျက်ရှိသည်။

ခရီးစဉ် လုံခြုံရေးအတွက် NLD လူငယ်များ၊ ဒေသခံပြည်သူများ နှင့် ဒေါ်အောင်ဆန်း စုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာ သည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရ သည်။

“ကျနော်တို့ဘက်က လူအားဖြင့်သာ ဆောင် ရွက်နိုင်ပြီး တကယ် အခွင့်နဲ့ အမိန့် အာဏာတွေကတော့ လက်ရှိ အာဏာပိုင်ကသာ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်” ဟု လူငယ်ကွန်ရက်မှ ဦးဆောင်သူတဦး ဖြစ်သည့် ကိုဖြိုးမင်း သိန်းက ဧရာဝတီကို ပြောသည်။

လုံခြုံရေးအတွက် NLD လူငယ်များနှင့် လူငယ်ကွန်ရက်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သော်လည်း အသိစိတ်ဖြင့် တာဝန်ယူခြင်းမျိုးသာ ဖြစ်ကြောင်း NLD လူငယ် ခေါင်းဆောင် တဦးဖြစ်သူ ကိုရာဇာက ဧရာဝတီကို ပြောသည်။

ထို့အပြင် လုံခြုံရေးအတွက် စနစ်တကျ လေ့ကျင့် သင်ယူထားကြခြင်း မရှိဟု သိရသည်။

ခရီးထွက်မည့် ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်မိကြောင်း၊ သို့သော်လည်း လုံခြုံရေးအတွက် အာဏာပိုင်တို့တွင် တာဝန် အရှိဆုံးဖြစ်ကြောင်း NLD လူငယ်များက သုံးသပ်မိသည်ဟု မကွေးတိုင်း NLDလူငယ် တာဝန်ခံ ကိုနေမျိုးကျော်က ဧရာဝတီ ကိုပြောသည်။

“နိုင်ငံတကာ သတင်းမီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အနီးကပ် ရှိနေမယ် ဆိုရင်လည်း လုံခြုံရေး အရ စိုးရိမ်မှုတွေကို လျော့ပါးစေမယ်လို့ ထင်တယ်” ဟု သူက ဆက်ပြောသည်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းကလည်း ဒေါ်အောင် ဆန်းစုကြည်၏ခရီးစဉ် လုံခြုံရေးအတွက် အစိုးရတွင် တာဝန်ရှိသည်ဟု ယနေ့ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၆ လ ခန့်အကြာတွင် ရန်ကုန် ပြင်ပ ထွက်ကာ လူထုနှင့် အနီးကပ် တွေ့ဆုံရေး ခရီးစဉ်ကို ထုတ်ဖော် ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ခရီးအတွက် အစီအစဉ် အတိအကျကိုမှု ကြေညာခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ခြိမ်းခြောက်ခံရမှု၊ တိုက်ခိုက်ခံရမှုတို့ကို ၁၉၈၉ ခုနှစ်က ဓနုဖြူ မြို့တွင် လည်းကောင်း၊ ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့တွင် လည်းကောင်း ကြုံတွေ့ခဲ့ရသည်။

၂၀၀၃ ခုနှစ်က ဒီပဲယင်းမြို့သို့ ရောက်ရှိစဉ် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင် ထားသည့် လူ ၅၀၀၀ ၀န်းကျင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအခြေအနေများကြောင့် ယခု စီစဉ်နေသည့် ခရီးစဉ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ လူထုခေါင်းဆောင်တဦး ခရီးသွားမည်ကို တားမြစ်လိုခြင်း မရှိဟု ဆိုသည်။

“နိုင်ငံရေးအရ ဒီခရီးစဉ်မျိုး ထွက်ရာမှာ အနှောင့်အယှက် အမျိုးမျိုး ပေးရင်တော့ ဒီမိုကရေစီကို ဖျက်ဆီးတာပဲဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ညနေ ၄ နာရီ နောက်ပိုင်း တနယ်က တနယ် မကူးဘဲ နေ့ခင်းပိုင်းမှာပဲ သွားသင့်တယ်” ဟု သခင်ချန်ထွန်း က ပြောသည်။

အာဏာပိုင်တို့က နိုင်ငံရေးလှုပ်ရှားသူများကို ဟန့်တား နှိပ်ကွပ်ရာတွင် လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့များကိုသာမက စွမ်းအားရှင်အဖွဲ့ ဟု ထင်ရှားသည့် အရပ်ဝတ် လူမိုက် များ ပါဝင်သည့် အဖွဲ့ကို အသုံးချခဲ့ကြသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ယခင် စစ်အစိုးရ စက်မှု ၁ ၀န်ကြီး၊ ယခု အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူးတဦးဖြစ်သူ ဦးအောင်သောင်း ခေါင်းဆောင်၍ စွမ်းအားရှင်များကို ပြန်လည် စုစည်းကာ ပြည်သူ့ လုံခြုံရေးအဖွဲ့ အဖြစ် ပြင်ဆင် ဖွဲ့စည်းထားကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့သည် အစိမ်းရောင် စစ်ယူနီဖောင်းကို ၀တ်ဆင်ကာ ဒိုင်းနှင့် နံပါတ် တုတ်များ ကိုင်ဆောင်မည်ဟု သိရသည်။

Ref;Irrawaddy

Read More...

ICRC ကို ထောင်တွင်း ပြည်လည်ဝင်ခွင့်ပြုနိုင်ဟု ဂျွန်မက်ကိန်းပြော

ခင်ဦးသာ
03 June 2011

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကို မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များသို့ ၀င်ရောက်ခွင့် ပြုနိုင်ဖွယ်ရှိကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ရန်ကုန်ရှိ အမေရိကန်စင်တာ၌ ယနေ့နံနက်ပိုင်းက သတင်း စာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြော ဆိုခဲ့သည်။

မစ္စတာ ဂျွန်မက်ကိန်းသည် မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဗုဒ္ဓဟူးနေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ရာ အကျဉ်းထောင်များသို့ ICRC သွားရောက် စစ်ဆေးခွင့် ရရေးနှင့် နိုင်ငံရေး အကျဉ်း သားများ အခွင့်အရေး အပြည့်အ၀ ရရှိရေး တို့ကို တောင်းဆိုခဲ့ကြောင်း၊ မြန်မာအစိုးရ က စဉ်းစားပေးမည်ဟု ပြန်ပြောကြောင်း၊ ICRC အဖွဲ့အနေ ဖြင့် လာမည့် သီတင်းပတ် အနည်းငယ်အတွင်း မြန်မာအကျဉ်း ထောင်များသို့ လာရောက်လည်ပတ်ခွင့် ပြုနိုင်ဖွယ် ရှိကြောင်း သတင်းထောက် များကို ရှင်းလင်းသည်။

မြန်မာအစိုးရက ထိုသို့ ခွင့်ပြုမည်ဆိုပါက မြန်မာ - အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်ရေးအတွက် ပထမ ခြေလှမ်းဖြစ်လာမည်ဟု ဂျွန်မက်ကိန်းက ဆိုသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ ဆောင်ရွက်နေကြတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကို လေးစားဖို့လိုတယ်။ တိုးတက်မှုဆိုတာက စာလုံးတွေနဲ့ တည်ဆောက်ဖို့ မဟုတ်ဘူး၊ လက်တွေ့လုပ်ပြဖို့ လိုအပ်ပါတယ်။ ရာဇ၀တ်မှုကြောင့် မဟုတ်ဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ၂၀၀၀ ကျော် ကိုလည်း ချက်ချင်း ပြန်လွှတ်ပေးဖို့ လိုတယ်” ဟု သူက ပြောသည်။

အကျဉ်းထောင်များသို့ ICRC ၀င်ခွင့်ရပါက အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး အကျဉ်းသားများ၏ ထောင်တွင်း အခြေအနေများကို တင်ပြ ဆွေးနွေးခွင့် ရနိုင်မည်ဟု ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) မှ ကိုတိတ်နိုင်က ဧရာဝတီကို ပြော သည်။

ICRC အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများသို့ ၀င်ရောက်၍ လုံခြုံရေးအရ ထိမ်းသိမ်း ထားသူများ (နိုင်ငံရေးအကျဉ်းသားများ) အပါအ၀င် အကျဉ်းသားများကို တွေ့ဆုံလေ့လာခွင့်များ ရရှိခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှစတင်ကာ အကျဉ်းထောင်များသို့ ၀င်ရောက်လေ့လာခွင့်ကို စစ်အစိုးရက ကန့်သတ် ပိတ်ပင်ခဲ့သည်။

ICRC အဖွဲ့သည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက သာယာဝတီထောင်သို့ သွားရောက်ခဲ့စဉ် အာဏာပိုင်များက ၎င်းတို့ ပါဝင်မှ ထောင်တွင်းသို့ ၀င်ရမည်ဟု ပြောဆိုခဲ့သဖြင့် နောက်ပိုင်း သွားရောက်ခြင်းမရှိတော့ပေ။ ထောင်တွင်းဝင်ရောက်ခွင့် ရစဉ်က အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ၅၀ ရာခိုင်နှုန်းကို ICRC အဖွဲ့က တာဝန်ယူခဲ့သည်ဟု ကိုတိတ်နိုင်က ပြောသည်။

“သာယာဝတီထောင်ကို သွားတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးက သူတို့နဲ့အတူ ထောင်ထဲဝင်ရမယ်၊ သွားလာရမယ် ဆိုတော့ ICRC ကလက်မခံတဲ့ အတွက် နောက်ပိုင်းမှာ ထောင်တွင်းဝင်တာ ရပ်တန့်ခဲ့ရတယ်” ဟု ကိုတိတ်နိုင်က ရှင်းပြသည်။

မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီး၌ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀၀ ကျော် ရှိကြောင်း AAPP စာရင်းများတွင် ဖော်ပြထားပြီး ယနေ့ထုတ်အစိုးရ သတင်းစာ များ၌မူ မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ရေးသားထားသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမရှိလျှင် အာရပ်ဒေသတွင်း နိုင်ငံများကဲ့သို့ တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မစ္စတာ ဂျွန်မက်ကိန်းက သတင်းစာ ရှင်းလင်းပွဲ၌ သတိပေး ပြောဆိုသွားသည်။

ထို့အပြင် သိသာသော အပြောင်းအလဲ တစုံတရာ မတွေ့ရပါက အမေရိကန်က မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ဆက်လက် ထားရှိမည် ဟုလည်း ၎င်းက ဆိုသည်။

ဂျွန်မက်ကိန်းသည် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့ပြီး မြန်မာအစိုးရအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ တွင် မနေ့က တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံ သွားမည်ဟု ပြောဆိုခဲ့သည်။

Ref;Irrawaddy

Read More...

မြောက်ဦး အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေး ငါးသောင်းထိရှိ

6/3/2011

ရခိုင်ပြည်နယ် မြောက်ဦးမြို့အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေးမှာ ကျပ် ငါး သောင်းထိ ဈေးရှိနေကြောင်း သိရသည်။

ယခုကဲ့သို့အတန်းပြောင်းကြေးမှာ ငါးတန်းမှ ဒဿမတန်းထိ ဖြစ်ကြောင်း ကျောင်းသား မိဘ တစ်ဦးက ပြောသည်။

" အခု မြောက်ဦး အထက်တန်းကျောင်းမှာ ကျောင်း အုပ်ဆရာမကြီးက ကျောင်းအခန်း တွေကို သတ်မှတ်တဲ့နေရာမှာ ကျောင်းသားတွေရဲ့ရမှတ်တွေ အပေါ်မှာ မသတ်မှတ် ဘဲ ပိုက်ဆံပေးနိုင်တဲ့ ကျောင်းသား ဆိုရင် A ၊ ပိုက်ဆံမပေးနိုင်တဲ့ ကျောင်းသားဆိုရင် B တို့C တို့မှာ ထားတယ်။ အဲသလို အခန်းတွေကို ပြောင်းရွှေ့လိုရင် ကျပ် ငါးသောင်းထိ ပေးရ ပါတယ်" ဟု ပြောသည်။

မြောက်ဦးမြို့အထက်တန်းကျောင်းတွင် အတန်းတိုင်းတွင် အနည်းဆုံး အေ ဘီစီ စသဖြင့် အခန်းများခွဲထားရပြီး အေအခန်းတွင် စာတော်သူ ကျောင်းသားများကိုသာ ထားလေ့ရှိပြီး အဆိုပါ အခန်းရှိ ကျောင်းသားများကို ဆရာ ဆရာမများက အလေးပေး စာပြသကြောင်း သူက ပြောသည်။

" အတန်းတိုင်းမှာ အေအခန်းက စာတော်တဲ့ ကျောင်းသားတွေကိုသာ ထားလေ့ ရှိတာပါ။ ဆရာ ဆရာမတွေကလည်း စာတော်တဲ့ ကျောင်းသားတွေကို ဂရုတစိုက်နဲ့သင်ကြားပေးတဲ့ အလေ့အထ ရှိပါတယ်။ ဒီတော့ ကျောင်းသားတိုင်းက အခန်းအေမှာ နေချင်ကြတယ်။ ဒါကို ဆရာမကြီးက အခွင့်အရေး အတွက် အသုံးချလိုက်တာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

၎င်းပြင် မြောက်ဦးမြို့တွင် ဆရာ ဆရာမများက ကိုယ်ပိုင် ကျူရှင်များ ဖွင့်ထားပြီး မိမိ ကျူရှင်ကို ယူသော ကျောင်းသားများကို မျက်နာသာပေးပြီး ကျူရှင် မယူသော ကျောင်း သားများကိုမူ မျက်နာသာ မပေးသဖြင့် ကျောင်းသူ ကျောင်းသားများ ကြားထဲ တွင်လည်း မညီမျှမူသော ဆက်ဆံရေးများ ပေါ်ပေါက်နေကြောင်း သိရသည်။

Ref;Narinjara

Read More...

မြန်မာနိုင်ငံ ပြောင်းလဲရေး အမေရိကန် တနိုင်ငံတည်း မလုပ်နိုင်

ကျော်ကျော်သိန်း
ကြာသပတေး, 02 ဇွန် 2011

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒမှာ စိန်ခေါ်မှု အများအပြား ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) က ပြောလိုက် ပါတယ်။ ဒီစိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ရာ အမေရိကန် တနိုင်ငံတည်း အနေနဲ့ မလုပ်ဆောင်နိုင်ဘဲ နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်တယ် လို့လည်း သူက ဆိုပါတယ်။ ဇွန်လ ၂ ရက်၊ ကြာသပတေးနေ့ ဒေသ စံတော်ချိန် မနက်ပိုင်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲ တခုအတွင်း မစ္စတာယွန်းက အဲဒီလို ပြောခဲ့တာပါ။ အောက်လွှတ်တော် ကြားနာပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြ ပေးထားပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက်နိုင်ငံတို့နဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း ထားတဲ့ သက်ဆိုင်ရာ ဥပဒေ အသီးသီးကို အကောင် အထည်ဖော် လုပ်ဆောင်နေမှု အခြေ အနေတွေကို ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေက မေးမြန်း ဆန်းစစ်ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ဆိုင်တဲ့ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ Block Burmese JADE Act ခေါ် မြန်မာ နိုင်ငံပေါ် ဒဏ်ခတ် အရေးယူမှု ဥပဒေ ဖြစ်ပါတယ်။ ကြားနာပွဲမှာ မြန်မာ့အရေးကို အဓိက ပြောကြား ဖြေဆိုခဲ့သူကတော့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကမှ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဆက်ဖ် ယွန်း ဖြစ်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ် မစ်စ် အီလီယန်းနား ရော့စ်- လယ်တီနန် (Ileana Ros-Lehtinen) အပါအ၀င် ကော်မတီဝင် လွှတ်တော် အမတ်တွေက သမ္မတ အိုဘားမား (Barack Obama) ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒဖြစ်တဲ့ ထိတွေ့ဆက်ဆံတာရော၊ ဒဏ်ခတ် အရေးယူတာရော လမ်း ၂ သွယ်လုံးပါတဲ့ မူဝါဒကို မေးခွန်း ထုတ်ခဲ့ကြပါတယ်။ အဓိကအားဖြင့် ထိတွေ့ဆက်ဆံရေး မူဝါဒရဲ့ ထိရောက်အောင်မြင်မှု၊ အလုပ်ဖြစ်မှုအပေါ် စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ပြီး အောင်မြင်မှုရှိအောင် အစိုးရက ဘာတွေလုပ်နိုင်မလဲ ဆိုတာ မေးခဲ့ကြတာပါ။

မေးခွန်းထုတ်သူတွေထဲမှာ ထိတွေ့ဆက်ဆံရေး မူဝါဒကို လက်မခံတဲ့၊ Tom Lantos’ JADE Act ကို ပူးတွဲ ကမကထ ပြုခဲ့ သူတွေထဲမှာ တဦးဖြစ်တဲ့ လွှတ်တော်အမတ် မစ်စ် အီလီယန်းနားလည်း အပါအ၀င်ပါ။

“ထိတွေ့ဆက်ဆံရေး မူဝါဒကနေ အကျိုးရလဒ် မတွေ့ရသလောက်ပါပဲ။ အဲဒီမူဝါဒကို ချမှတ်ခဲ့ပြီး ကတည်းက အမေရိကန် နိုင်ငံသားကို အကျဉ်းချတာ၊ မြောက်ကိုရီးယားနဲ့ နျူကလီးယား ကိစ္စလို့ ယူဆရတဲ့ အဆက်အဆံတွေ လုပ်ခဲ့တာ၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ လုပ်ခဲ့တာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချ ထားတာတွေပဲ တွေ့ရပါတယ်။ ၂ နှစ်ကျော် ကြာလာပြီ ဖြစ်တဲ့ ဒီ လက်တွေ့ကျတဲ့ ထိတွေ့ ဆက်ဆံမှုကနေ တကယ် အစစ်အမှန် ဘာရခဲ့ပါသလဲဆိုတာ သိချင်ပါတယ်။”

ဒီအခြေအနေအောက်မှာမှ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ထားမယ်ဆိုရင် အဲဒီသံတမန် အနေနဲ့ ဘာလုပ်ဆောင် နိုင်မှာလဲ ဆိုတဲ့ အပေါ်မှာလည်း မေးခွန်း ထုတ်ခဲ့ကြပါသေးတယ်။

ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်ဖို့ရာ စိန်ခေါ်မှု အများအပြား ရှိနေပြီး နည်းလမ်း ၂ သွယ် မူဝါဒရဲ့ ထိတွေ့ ဆက်ဆံရေး ပိုင်းကနေ ခုချိန်ထိ ရလဒ်တစုံတရာ မရသေးဘူး ဆိုတာကို မစ္စတာယွန်းက ၀န်ခံပေမဲ့ အခြေအနေ တခုလုံးအပေါ် ခြုံငုံ သုံးသပ်ချက်အရ နည်းလမ်း ၂ သွယ်စလုံးကို ဆက်ပြီး ကျင့်သုံး သွားရပါမယ်လို့ မစ္စတာယွန်းက တုံ့ပြန်ပါတယ်။

အမေရိကန် တနိုင်ငံတည်းနဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရလာအောင် လုပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံတကာ အသိုက် အ၀န်းနဲ့ အပြုသဘောဆောင် ဆက်ဆံရေး၊ ကာလရှည်ကြာ ရှိနေခဲ့တဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးရေး မြန်မာ အစိုးရကို တိုက်တွန်းဖို့ရာ ဥရောပ မဟာမိတ်တွေ၊ အရှေ့တောင်အာရှနဲ့ ဒေသတွင်းက မိတ်ဘက် နိုင်ငံတွေနဲ့ ပူးတွဲ လုပ်ဆောင် နေပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

“ဒါကို ကျနော်တို့ တနိုင်ငံတည်း မလုပ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ရာ နိုင်ငံတကာ အသိုက် အ၀ိုင်းနဲ့အတူ လုပ်ဆောင်ရမှာပါ။ ဆိုလိုတာကတော့ အထူးသဖြင့် အာရှတိုက် နိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေ၊ ဥရောပ နိုင်ငံတွေဟာ ကျနော်တို့နဲ့အတူ လုပ်ဆောင် ရပါမယ်။ ကျနော်တို့ချည်းပဲ မလုပ်နိုင်ပါဘူး။ အဲဒါဟာ အထူးသံတမန်ရဲ့ အဓိက အလုပ် ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ထိတွေ့ဆက်ဆံတာကို မကန့်ကွက်ပေမဲ့ အတိုင်းအတာ အကန့်အသတ်ရှိဖို့ လိုတယ်လို့ ကြားနာပွဲမှာ ကိုယ်တိုင် သက်သေ ထွက်ဆို ခဲ့သူတွေထဲက တဦးဖြစ်တဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သူတို့ကို စကတည်းက ပြောပါတယ်။ Engagement လုပ်တဲ့နေရာမှာ တိကျတဲ့ အချိန်ဇယား ရှိဖို့လိုတယ်။ အဲဒီ တိကျတဲ့ အချိန်ဇယား အတွင်းမှာပဲ လိုချင်တဲ့ တောင်းဆိုမှုပေါ့၊ အဓိကကျတဲ့ တောင်းဆိုမှု ရှိဖို့လိုတယ်။ အချိန်ကာလ အကန့်အသတ် တခုတည်းမှာ လိုအပ်တဲ့ တောင်းဆိုချက်တွေ ပြည့်မလာဘူး ဆိုရင် ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ အဆင်သင့် ဖြစ်ဖို့လည်း လိုတယ်။ တုံ့ပြန်ဖို့ ဆိုတာ အကောင်းရော၊ အဆိုးရောပါ၊ တကယ်လို့ စစ်အစိုးရဘက်က ကောင်းတာတွေ လုပ်တယ် ဆိုရင်လည်း အဲဒါကို ကောင်းတဲ့အလျောက် တုံ့ပြန်ဖို့၊ မကောင်းတာတွေ လုပ်မယ်ဆိုရင်လည်း မကောင်းတဲ့အလျောက် တုံ့ပြန်ဖို့။ အဲဒီအတွက်လည်း အဆင်သင့် ဖြစ်ဖို့ လိုတယ်ပေါ့။ ဒါ ကျနော်တို့ အစကတည်းက ပြောပါတယ်။”

နှစ်လမ်း ၂ သွယ် မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ အခြေခံ လူ့အခွင့် အရေးတွေကို လေးစားလိုက်နာဖို့၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးဆီ ဦးတည်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေး ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အညီ လိုက်နာ လုပ်ဆောင်ဖို့တို့ ဖြစ်ပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက် ၃ နိုင်ငံ အရေးကိစ္စတွေကို မေးမြန်း ဆန်းစစ် ခဲ့ကြတာ ဖြစ်ပေမဲ့ ဒီ ၃ နိုင်ငံ စလုံးက တရုတ် အစိုးရနဲ့ ဆက်စပ် နေတာမို့ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး၊ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးမှု၊ ကမ္ဘာ့ နိုင်ငံတွေပေါ် သြဇာ သက်ရောက်မှု စတာတွေလည်း ပါဝင်ခဲ့ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် လွှတ်တော် အမတ်တွေထဲမှာ အမေရိကန် အစိုးရက တရုတ်နိုင်ငံကို ထိထိ ရောက်ရောက် ဖိအား မပေးနိုင်တဲ့ အပေါ် အပြင်းအထန် ပြစ်တင်ဝေဖန် ပြောဆို သူတွေလည်း ရှိနေပါတယ်။

Ref: VOA News

Read More...

တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးမှာ လက်ရှိအစိုးရနဲ့လည်း သက်ဆိုင်ဟု ဒေါ်စုက ပြော



ဇွန် ၂ ၊ ၂၀၁၁ ။ ။

ယခု မက်ကိန်းခရီးစဉ်မှ အန်အယ်ဒီနဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ပြန်လည် ရင်ကြားစေ့ရေး တို့ကို လမ်းစ တွေ့ရပါသလား လို့ မေးမြန်းသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က “အဲဒါကတော့ အစိုးရ ကိုယ်တိုင် ဆုံးဖြတ်ရမည့် ကိစ္စဖြစ်နေသည် ” ဟု ပြန်ဖြေကြား ခဲ့သည်။

ဆွေးနွေးပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားရာတွင် နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြသည့် ကိစ္စရပ်အပေါ် စိုးရိမ်စရာ ဖြစ်သည်ဟု ပြောဆိုပြီး အစိုးရသစ်က ယခုလို နိုင်ငံရေး အကျဉ်းသားများအား ဆက်ဆံပုံသည် ပျော်စရာမဟုတ်ကြောင်း မှတ်ချက်ချပြောဆိုသည်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရေးလမ်းခရီးမှာ မြန်မာပြည်သူ ပြည်သားများ အပေါ်တွင်သာ မူတည်ပြီး ခေါင်းဆောင်များနှင့် သံတမန်တို့ တွေ့ဆုံခြင်း အပေါ်တွင် မူမတည်ကြောင်းလည်း ပြောဆိုခဲ့ပြီး ယခုလို တွေ့ဆုံခြင်းများမှာ မြန်မာ့ နိုင်ငံရေး၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ သို့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်သည့် အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ယနေ့ညနေ ၃နာရီ ၅၀ မိနစ်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဂျွန်မက်ကိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တစ်နာရီကျော်ကြာ တွေ့ဆုံ ကြပြီးနောက် ညနေ ၅ နာရီကျော်တွင် အဆိုပါ နေအိမ်မှ ဂျွန်မက်ကိန်း ပြန်လည် ထွက်ခွာ သွားခဲ့သည်။

ယနေ့ တွေ့ဆုံအပြီး ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရသည့် အဖြစ်ကို အလွန် ကျေနပ် အားရကြောင်း ပြောဆိုခဲ့သည်။

ဂျွန်မက်ကိန်း၏ ယခုခရီးစဉ်တွင် အစိုးရအဖွဲ့သစ်မှ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အန်အယ်ဒီ လူမှုထောက်ကူ အဖွဲ့၏ အိတ်ခ်ျအိုင်ဗီ ပြုစု စောင့်ရှောက်ရေး ဂေဟာ၊ ရန်ကုန်မြို့ နာရေးကူညီမှု အသင်းတို့သို့ သွားရောက် ကြည့်ရှုခဲ့သည်။ ထိုနောက် နေ့လည်စာကို မကြာမီက လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများနှင့် မိုင်ထိုင်း စားသောက်ဆိုင်တွင် စားသောက်ရင်း တွေ့ဆုံ စကားပြောခဲ့သည်။

ထို့နောက်မွန်းလွဲ ၂ နာရီတွင် ရွှေဂုံတိုင် အန်အယ်ဒီရုံးသို့ သွားရောက်ကာ အန်အယ်ဒီ စီးအီးစီ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီနောက် အန်အယ်ဒီ ရုံးရှိ အဖွဲ့ဝင်များကိုပါ ရင်းရင်းနှီးနီး လိုက်ပါ နှုတ်ဆက် ခဲ့သည်ဟု သွားရောက်ခဲ့သည့် သတင်းထောက် တဦးက ပြောသည်။

ယခုတစ်ခေါက် အမေရိကန် ဆီနိတ်တာ ဖြစ်သူနှင့် အင်န်အယ်ဒီခေါင်းဆောင်များ တွေ့ဆုံအပြီး အန်အယ်ဒီ ရုံးချုပ်မှ ရုံးအဖွဲ့ဝင် များကိုလည်း တဦးချင်း နှုတ်ဆက် စကားပြောကြား ခဲ့သည်။

နံနက်ဖြန် နံနက်တွင်လည်း ဂျွန်မက်ကိန်းနှင့် ပြည်တွင်းပြည်ပ အယ်ဒီတာ၊ သတင်းထောက်များ တွေ့ဆုံရန် ရှိပြီး ယခု ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်း မီဒီယာများသို့ ရှင်းလင်း ပြောပြမည်ဟု မျှော်လင့်ရသည်။

Ref: မိုးမခ

Read More...

ဂျွန်မက်ကိန်း မြန်မာ့အရေး ဆက်ထောက်ခံမည်

ရန်ပိုင်
Thursday, 02 June 2011 ။ ။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံရာ မြန်မာ့ ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံ သွားမည်ဟု ပြောဆို လိုက်ကြောင်း သိရသည်။

ညနေ ၄နာရီခန့်က ၎င်းတို့ နှစ်ဦး တနာရီကြာ ဆွေးနွေးရာတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြည်တွင်း ပြည်ပ သတင်းထောက်များကို ပြောပြသည်။

မစ္စတာဂျွန်မက်ကိန်းသည် ယနေ့ နေ့လယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး အပါ အ၀င် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မကြာမီ ခရီး လှည့်လည်မည့် ဒေါ်အောင်ဆန်း စုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဆွေးနွေး ကြကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့အခါ လုံခြုံရေးနဲ့ ပတ်သက်လို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတဲ့ အကြောင်းကို ဆွေးနွေးတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ဂျွန်မက်ကိန်းနှင့် ယနေ့ ဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ခရီးထွက်မည် ဖြစ်ပြီး တိုင်းပြည်ကို အသိပေးပြီးမှ သွားရောက်မည်ဟု ပြောပြခဲ့သည်။

ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် သီးခြားစီ
တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ဂျွန်မက်ကိန်းက နိုင်ငံရေး အကျဉ်းသားများ အကျဉ်းသား အခွင့်အရေး အပြည်အ၀ ရရှိရေး၊ အကျဉ်းထောင် များသို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (ICRC) သွားရောက် စစ်ဆေးခွင့် ပြန်လည် ရရှိရေးတို့ကို တောင်းဆိုခဲ့သည်ဟု သိရကြောင်း ဦးအုန်းကြိုင်က ပြောပြသည်။ မြန်မာပြည် အပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးသည်ဟု ဆိုသည်။

ဂျွန်မက်ကိန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ရှိ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေး ဂေဟာ တခု၊ ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းရုံး တို့ကို သွားရောက် လေ့လာခဲ့သည်။

ထို့နောက် ဒု ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဆန်း၊ ဦးနိုင်းနိုင်း၊ ကိုသိန်းဆွေ၊ အဆိုတော် ဇေယျာသော် စသည့် မကြာမီက လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်သားဟောင်း များနှင့် နေ့လယ်စာ စားခဲ့သည်။

ဂျွန်မက်ကိန်းက ဤခရီးစဉ်နှင့် ပတ်သက်ပြီး မနက်ဖြန် နံနက်ပိုင်း ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရ အဖွဲ့ဝင်များ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။

ဦးသိန်းစိန် အစိုးရသစ် တာဝန်ယူပြီး ၂လကျော်တွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေ နမ်ဗီးယား၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင် ကျာချင့်လင်၊ တရုတ် စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့မှ စစ်ခေါင်းဆောင်များ လာရောက် လည်ပတ်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ရန်ကုန်မှ လူမှုရေးလုပ်ငန်းများ ဂျွန်မက်ကိန်း လေ့လာ

Thursday, 02 June 2011

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ HIV/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာ တခု နှင့် နာရေး ကူညီမှုအသင်းသို့ သွားရောက် လေ့လာသည်။

ဒဂုံမြို့သစ် တောင်ပိုင်းရှိ HIV/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာတွင် ဂျွန်မက်ကိန်းက ဝေဒနာရှင် တဦးချင်းစီကို လိုက်လံ နှုတ်ဆက်ပြီး ရင်းရင်းနှီးနှီး စကား ပြောခဲ့ကြောင်း ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက ပြောပြသည်။

“(ဝေဒနာသည်တွေကို) သူတတ်နိုင်သမျှ ကူညီပါမယ်လို့လည်း ပြောတယ်။ ဆင်းရဲ နွမ်းပါးနေတဲ့ ဝေဒနာ သည်တွေကို မြင်တော့ သူ စိတ်ထိခိုက် သွားတဲပုံပဲ” ဟု မဖြူဖြူသင်းက ဆိုသည်။

နံနက် ၁၁ နာရီတွင် ဂျွန်မက်ကိန်းသည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နာရေး ကူညီမှု အသင်းရုံးသို့ သွားရောက်ပြီး ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများကို လေ့လာသည်။

ဂျွန်မက်ကိန်းက ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ သေဆုံးမှုနှုန်း စသည့် အကြောင်း အရာများကို မေးမြန်း ဆွေးနွေး ခဲ့ကြောင်း အသင်းတာဝန်ခံ ကိုကျော်သူက ပြောသည်။

မြန်မာပြည် ခရီးစဉ် ပထမနေ့က နေပြည်တော်တွင် အချိန်ပေးခဲ့သည့် ဂျွန်မက်ကိန်းသည် ရန်ကုန်သို့ ရောက်မှသာ ပြည်သူများ၏ လက်တွေ့ ဘ၀ကို စတင် မြင်တွေ့ သွားသည်ဟု ကိုကျော်သူက ပြောသည်။

“မနေ့က နေပြည်တော် ရောက်တော့ အဆောက်အအုံတွေက ခမ်းနား ကြီးကျယ်ပြီး အရောင် တလက်လက်၊ ဒီနေ့ ရန်ကုန်မြို့က ပြည်သူတွေကို မြင်ရတော့ အပြောင်းအလဲ တခု ကြုံရသလိုပဲလို့ သူက ရှင်းပြတယ်” ဟု ဦးကျော်သူက ပြောသည်။

ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ရန်ကုန်ရှိ နိုင်ငံရေးလောကမှ ထင်ရှားသူများနှင့် ယနေ့ တွေ့ဆုံမည်ဟု သိရသည်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် အမေရိကန် နိုင်ငံရေး လောကတွင် အစဉ်အလာ ကြီးသည့် နိုင်ငံရေးသမား တဦး ဖြစ်သည်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေသူလည်း ဖြစ်သည်။

ရေတပ်တွင် နှစ်ပေါင်းများစွာ စစ်မှု ထမ်းခဲ့သည့် ဂျွန်မက်ကိန်းသည် ၁၉၈၂ ခုနှစ်တွင် အရီဇိုးနား ပြည်နယ်ကို ကိုယ်စားပြုပြီး အထက် လွှတ်တော်အမတ် အဖြစ် ရွေးကောက်ခံရသည်။

သူနှင့် ဇနီး ဖြစ်သူ စင်ဒီ တို့တွင် သားသမီး ၇ ဦး၊ မြေး ၄ ဦး ရှိသည်။

Ref: ဧရာဝတီ်

Read More...

ကျမြဲ ကျနေတဲ့ ဒေါ်လာ

သဲသဲ
ကြာသပတေးနေ့၊ ဇွန်လ ၀၂ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားကို တဒေါ်လာလျှင် ၇၅၀ ကျပ် အဖြစ် အစိုးရက တရားဝင် သတ်မှတ်မည် ဟူသော ကောလာဟလနှင့် အတူ ရန်ကုန်တွင် ဒေါ်လာဈေး ထပ်မံ ကျဆင်းသွားပြီး ၇၈၀ ကျပ်သာ ဈေးပေါက်တော့သည်။

လွန်ခဲ့သည့် တလခန့်အထိ တဒေါ်လာလျှင် ကျပ် ၈၃၀ ဝန်းကျင်ဖြင့် ဈေးငြိမ်ခဲ့ရာမှာ ၇၈၀ ကျပ်သို့ ကျဆင်း လာခဲ့ခြင်း ဖြစ်သည်။

“၇၅၀ တရားဝင် ပြောင်းမယ်လို့ ကျနော်တို့လည်း ကြားတာပေါ့။ ၂ ရက်လောက်ရှိပြီ။ အဲဒီကတည်းက တအိအိ ဆင်းနေတာ တောက်လျှောက်ပဲ။ ငွေဈေးကို ချနိုင်သမျှ ချနေတာလို့ ထင်တယ်” ဟု တာမွေ မြို့နယ်မှ ဒေါ်လာ ရောင်းဝယ်သူ တဦးက မဇ္ဈိမကို ပြောသည်။

မှောင်ခိုဖြစ်သော်လည်း လူအများ မှီခို အားထား ရသော ငွေလဲ လုပ်ငန်း လုပ်သူများ အတွက် ဒေါ်လာ လာရောင်းသူက အဆမတန် ပိုများနေသည်က ဈေးထပ်ကျမည့် လက္ခဏာဟု ပြောသည်။

တရားဝင် နိုင်ငံခြား ငွေလဲနှုန်းကို တိုးမြှင့်ရေးကို အစိုးရအဖွဲ့ကြား ဆွေးနွေးနေဆဲဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အကြား ပြောဆို နေကြသည်။

လက်ရှိ အသုံးပြုနေသော အစိုးရ၏ တရားဝင် နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ် ဖြစ်ကာ၊ လွန်ခဲ့သည့် နှစ် ၄၀ ခန့်ကတည်းက အသုံးပြုလာသော နှုန်းထား ဖြစ်သည်။

သို့သော်လည်း ဘောဂဗေဒ ပညာရှင် ဦးခင်မောင်ညိုကတော့ တရားဝင် သတ်မှတ်မည် ဆိုသော ကောလာဟလထက် ဒေါ်လာများ ဈေးကွက်ထဲ ပိုမို ဝင်ရောက်လာနေခြင်းကြောင့်ဟု ပြောသည်။

“အခုက ကုန်ဈေးနှုန်း မကျဘဲ တချို့ဟာတွေဆိုရင် ဆက်တက်နေတယ်။ ဒါက ပုံစံ မမှန်ဘူးလေ။ ဗမာငွေ တန်ဖိုး တက်တာ မဟုတ်ဘဲ ဗမာငွေ ရှားသွားတာ။ အစိုးရက တခုပြီးတခု ချရောင်း ပေးနေတဲ့ အခါကျတော့ လေလံအတွက် ငွေသွင်းဖို့ ရှိတဲ့ ဒေါ်လာတွေ ထုတ်ရောင်း နေတော့ ပိုက်ဆံရှားလာတဲ့ သဘောပဲ” ဟု သူက ဆိုသည်။

၅ နှစ်တာအတွင်း ဒေါ်လာဈေး အနိမ့်ဆုံးဖြစ်နေခြင်းက သွင်းကုန် ထုတ်ကုန် လုပ်ငန်းများအတွက် မချောမွေ့ နိုင်ကြောင်း သူက ပြောသည်။

Ref: မဇ္ဈိမ

Read More...

Thursday, June 2, 2011

ဒေါ်စု လုံခြုံရေး အစိုးရပေးရန် လူငယ်များ မေတ္တာရပ်

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးစဉ် လုံခြုံရေးအတွက် ဦးသိန်းစိန် အစိုးရ စောင့်ရှောက် ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ဒုတိယမြောက် တိုင်းနှင့် ပြည်နယ် လူငယ်ထု အစည်း အဝေးက ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံလိုက်သည်။

ရန်ကုန် ပါတီရုံးချုပ်တွင် ဒုဥက္ကဋ္ဌဖြစ်သူ စစ်ဦးစီးချုပ်ဟောင်းဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ကာ၊ ဗဟို အလုပ်အမှုဆောင် CEC အဖွဲ့ဝင် ဦးအုန်းကြိုင်နှင့် ပြည်နယ်နှင့် တိုင်းများမှ NLD လူငယ် ၄ဝ ခန့် တက်ရောက်သည့် ဗုဒ္ဓဟူးနေ့ အစည်းအဝေးက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင်မှာ ခရီးစဉ်တွေ ထွက်မယ်လေ။ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့ အခါမှာ နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းများ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အပါအဝင် ပြည်သူလူထု တရပ်လုံးက ဝိုင်းဝန်းပါဝင် စောင့်ရှောက်ကြဖို့ မေတ္တာ ရပ်ခံကြောင်း ဆုံးဖြတ်ပါတယ်" ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က မကြာခင် နယ် ခရီးထွက်မည် ဟု ပြောခဲ့ပြီးနောက် ခရီးစဉ်အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ လူငယ်များက ဆွေးနွေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့လူငယ်တွေအနေနဲ့လည်း ပြည်နယ်တခု တိုင်းတခု သွားမယ်ဆိုရင် ဆင့်ကဲ ဆင့်ကဲပေါ့၊ ဘယ်သူကို ဘယ်နေရာမှာ သုံးမယ်၊ သုံးရင်လည်း ဘာတာဝန် ဘာတာဝန် ပေါ့နော်၊ ဒါမျိုးလေးတွေ ပြင်ဆင်ထားဖို့ ဆွေးနွေးတယ်။ လူကြီးတွေ ကတော့ ကြာပြီ၊ ပြင်ဆင် နေကြတာ" ဟု ကိုမျိုးညွန့်က ပြောသည်။

သူက ဆက်ပြီး "လုံခြုံရေးကတော့ ဘဘဦးတင်ဦးတို့၊ ဦးဝင်းထိန်တို့ လုပ်ရမယ့် အပိုင်းတွေပါ။ ဒါတွေကိုလည်း လူကြီးတွေ ပြင်ဆင် နေပါတယ်။ လုံခြုံရေးအရ လျှို့ဝှက် ထားသင့်တဲ့ အရာပေါ့။ ဒါပေမဲ့ ထွက်တဲ့အခါမှာ ဘယ်လို လုပ်သင့်တယ်၊ ဘာလုပ်ရမယ် ဆိုတာကို လုံခြုံရေးကို စေ့စေ့စပ်စပ် လုပ်နေတယ်ဆိုတာ ကျနော်တို့ကို ပြောပါတယ်" ဟု ဆိုသည်။

အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ခွင့်ယူထားပြီး၊ CEC အဖွဲ့ဝင် ဦးဝင်းတင်မှာ ကျန်းမာရေး အခြေအနေ အရ အနား ယူနေရသဖြင့် လူငယ် အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိပါ။

Ref: မဇ္ဈိမ

Read More...

ဘန်ကောက်ပို့စ်နှင့် နေးရှင်း မြန်မာတွင် စတင်ဖြန့်ချိ

ဖနိဒါ |
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁ ။ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ နေ့စဉ်ထုတ် အင်္ဂလိပ်သတင်းစာ နှစ်စောင်ဖြစ်သည့် ဘန်ကောက်ပို့စ်နှင့် နေးရှင်း သတင်းစာများကို ဗုဒ္ဓဟူးနေ့က စတင်၍ မြန်မာနိုင်ငံတွင် ပြန်လည် ဖြန့်ချိခွင့် ပြုလိုက်သည်။

တမျိုးလျှင် စောင်ရေ ၂ဝ စီအနက် နေပြည်တော်ရှိ ဝန်ကြီးဌာန ၆ ခု၊ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံရုံးများနှင့် ကုလသမဂ္ဂ ရုံးများသို့ ဖြန့်ချိသည့် စောင်ရေများ အတွက် စာပေ ဆင်ဆာဘုတ်ကို မဖြတ်ဘဲ ဖြန့်ချိခွင့်ရခြင်း ဖြစ်သော်လည်း ကျန်စောင်ရေများ အတွက် ဆင်ဆာဘုတ်တွင် တနာရီကြာ စိစစ်မှုခံရသည်။

“ဒီနေ့က ပြပြီး ဆင်းနေတုန်း။ တခြား ဟိုတယ်တွေ ဖြန့်မယ်။ ဟိုတယ်တွေအားလုံးကို Marketing လုပ်ထားတယ်။ မန္တလေးမှာ ရှိတဲ့ ဟိုတယ် ၂ ခုကိုတော့ မလုပ်ရသေးဘူး” ဟု တင်သွင်းဖြန့်ဝေခွင့် လိုင်စင်ရ Success International Publisher's Distributor ကုမ္ပဏီပိုင်ရှင် ဦးမျိုးအောင်က ပြောသည်။

သတင်းစာများကို ထိုင်းအဲယားဝေး လေကြောင်းလိုင်းဖြင့် သယ်ဆောင် လာခဲ့ပြီး၊ မင်္ဂလာဒုံ လေဆိပ်သို့ မနက် ၈ နာရီခွဲတွင် ရောက်ရှိ လာသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ သတင်းစာ တင်သွင်းကုန်ခွင့် လိုင်စင် ထုတ်ပေးရေး အတွက် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာန၏ သဘောထား မှတ်ချက် လိုအပ်သဖြင့် လျှောက်လဲ တင်သွင်းလိုက်ရာ ၅ ရက်အကြာ ဖြန့်ဝေခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ဦးမျိုးအောင်က ဆိုသည်။

တစောင်လျှင် ၂၁ဝဝ ကျပ်ဖြင့် ရောင်းချမည့် သတင်းစာများကို နေပြည်တော် ဝန်ကြီးဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဟိုတယ်ကြီးများ အပါအဝင် အနည်းဆုံး ဝယ်ယူမည့် သူ ၁ဝ ဦးရှိပြီဟု ဆိုသည်။

“မြန်မာနိုင်ငံပေါ်မှာ သိပ်ဆိုးဆိုးဝါးဝါး ဝေဖန်တာဆိုရင် ဒီသတင်းကို ဖြတ်ပေးပါဆိုရင် ဗမာ သတင်းပါတဲ့ စာရွက်ကို ဖြုတ်ထား လိုက်တယ်။ ကျန်တဲ့စာရွက်ပဲ ဝေတယ်” ဟု ၁၉၉၄ ခုနှစ်ကတည်းက နိုင်ငံခြား သတင်းစာ အချို့ကို အနည်းငယ်စီ တင်သွင်းခဲ့သော ဦးမျိုးအောင်က ပြောသည်။

မည်သို့သော သတင်း၊ အသုံးအနှုန်းများကို စာပေစိစစ်ရေးက ခွင့်မပြုဟု အတိအကျ မပြောနိုင် သော်လည်း အစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်သည့်သတင်း၊ ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော လမ်းပေါ် ဆန္ဒပြမှု သတင်းများကို ဖယ်ရှား ခံခဲ့ရသည်ဟု သူက ဆိုသည်။

သူသည် စင်္ကာပူနိုင်ငံထုတ် Straits Times နှင့် Business Time အပါအဝင် ဂျပန်နိုင်ငံထုတ် အဆာဟိ၊ နစ်ကေး စသည့် သတင်းစာပေါင်း ၁ဝ ခုခန့်ကိုလည်း ဖြန့်ဝေ ပေးနေသည်။

“ဒီဘန်ကောက်ပို့စ်နဲ့ နေးရှင်းမှာ ပါတဲ့ contents (အကြောင်းအရာ) တချို့က ဘယ်လိုမဆို၊ ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ ဥပဒေ တွေနဲ့ ငြိစွန်း နိုင်တယ်။ ဆင်ဆာမှာ ပြဿနာရှိရင် ကျနော် ကုန်သည်ပဲ။ အဲဒီတုန်းက မလုပ်ရဲခဲ့ဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ စီးပွားရေးသမား တယောက် အနေနဲ့ ပြောမယ် ဆိုရင်တော့ ပွင့်လင်းလာပြီး လုပ်လို့ကိုင်လို့ ရလာပြီ။ အရင်လောက် ဆင်ဆာမူကလည်း သိပ်ပြီးတော့ တင်းကျပ်မှု မရှိတော့ဘူး ဆိုတာကို လေ့လာတွေ့ရှိရလို့ လက်တွေ့လုပ်တာ” ဟု ဦးမျိုးအောင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အင်္ဂလိပ်သတင်းစာများ ဖတ်သည့် လူဦးရေ အလွန်နည်းပါးပြီး၊ စာဖတ်ရေးကို အဓိက မထားဘဲ မိမိ၏ စားဝတ် နေရေးကို အဓိကထား ရုန်းကန် နေရခြင်းများကြောင့် ဈေးကွက် အရ သေးလှသည်ဟု ဆိုသည်။

ဘန်ကောက်ပို့စ်နှင့် နေးရှင်း သတင်းစာများအား ရောင်းချခွင့်ပြုသည့် ဆုံးဖြတ်ချက်က မြန်မာ မီဒီယာ လောကမှာ တိုးတက်မှု တခု အတွက် ကြိုဆိုစရာ ခြေလှမ်းတခု ဖြစ်သော်လည်း မည်မျှ အတိုင်းအတာ အထိ ခွင့်ပြုမည်ကို စောင့်ကြည့် ရမည်ဟု အရှေ့တောင်အာရှ သတင်း မဟာမိတ်အဖွဲ့ SEAPA က တာဝန်ရှိသူ တဦးက ပြောသည်။

“နိုင်ငံခြား သတင်းစာတွေကို အစိုးရက ရေရှည်မှာ ဘယ်လို သဘောထား ဆက်ဆံမလဲ ဆိုတာ စောင့်ကြည့် ရပါဦးမယ်။ အဲဒီနိုင်ငံခြား သတင်းစာ တွေကိုရော ဆင်ဆာဖြတ်တဲ့ ဥပဒေတွေ နောက်ဆက်တွဲ ကန့်သတ်ချက်တွေနဲ့ အပြစ်ပေး တာမျိုးတွေရော ရှိမရှိ မသိနိုင် သေးပါဘူး။ တကယ်လို့ အဲဒီ သတင်းစာတွေက အခု လက်ရှိ အာဏာရနေတဲ့ မြန်မာ အစိုးရကို ထိခိုက်တဲ့ အထင်အမြင် မျိုးတွေ ပါလာခဲ့ရင်ကော အစိုးရက ဘယ်လို သဘောထားမလဲ ဆိုတဲ့ ကိစ္စလည်း ရှိပါသေးတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

စစ်တပ်နောက်ခံ အစိုးရသစ်လက်ထက် စာပေစိစစ်ရေးမူများကို တဖြည်းဖြည်း လျှော့ကျ ပေးသွားမည်ဟု ပြီးခဲ့သည့် မတ်ကုန်ပိုင်းက ပြည်တွင်းမှ ဂျာနယ်အချို့အား စာပေ စိစစ်ရေး ဌာနသို့ ကြိုတင် တင်သွင်းရန် မလိုဘဲ တိုက်ရိုက် ထုတ်ဝေနိုင်မည်ဟု တာဝန်ရှိသူ ဦးတင်ဆွေက ပြောဆို ခဲ့သော်လည်း ယနေ့ထိ စာပေ စိစစ်ရေးထံ တင်ပြရဆဲ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

အဖိနှိပ်ဆုံး စာရင်းမှာ မြန်မာ ထိပ်တန်းက ပါရှိ

Lisa Schlein's Report in Burmese
ဗုဒ္ဓဟူး, 01 ဇွန် 2011 /


ကမ္ဘာတ၀န်း အဖိနှိပ်ဆုံး တိုင်းပြည်တွေထဲ မြန်မာ နိုင်ငံလည်း အပါအ၀င် ဖြစ်တယ်လို့ နိုင်ငံတကာက လွတ်လပ်ခွင့် အခြေ အနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ Freedom House အဖွဲ့က ပြောဆို လိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၇ ခုထဲမှာ မြန်မာ နိုင်ငံကိုပါ ထည့်သွင်း ဖော်ပြထားတဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ရာမှာ Freedom House အဖွဲ့က ဖော်ပြ လိုက်တာပါ။ ဒီအကြောင်း အစီရင်ခံစာ ထုတ်ပြန်ရာ ဂျီနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်း ပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြ ပေးထား ပါတယ်။

နိုင်ငံရေးနဲ့ လူမှုအခွင့်အရေး လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံတွေ အဖြစ် မြန်မာနိုင်ငံ၊ အီကွေတာဂီနီ၊ အီရစ်ထရီးယား၊ လစ်ဗျား၊ မြောက်ကိုရီးယားနဲ့ ဆူဒန်တို့ကို စာရင်းထဲမှာ ထည့်သွင်း ထားတာပါ။ လူ့အခွင့်အရေး ချိုးဖောက်သူတွေ အဖြစ် ဒီတိုင်းပြည် တွေဟာ နှစ်တိုင်းလိုလို ထပ်တလဲလဲ ပြန်ပါလာ နေတယ်လို့လည်း အစီရင်ခံစာက ထောက်ပြ ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဆိုရင် ၂၀၀၁ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံရေးနဲ့ လူမှုလွတ်လပ်ခွင့် မရှိဆုံး အဆင့်မှာ သတ်မှတ် ခံထားရတာပါ။

ဆီးရီးယား၊ ဆိုမာလီယာ၊ တာ့ခ်မင်နစ္စတန်၊ လစ်ဗျား၊ ကျူးဘားနဲ့ ဆော်ဒီအာရေးဗီးယား တို့လို နိုင်ငံတွေဟာ ဆိုရင် ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ် တကျနဲ့ ပြင်းပြင်း ထန်ထန် ချိုးဖောက်နေတဲ့ တိုင်းပြည်တွေ အဖြစ်လည်း Freedom House က ပြောပါတယ်။ ဒီတိုင်းပြည်တွေက ရှက်စရာကောင်းတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပိုပြီး တက်တက်ကြွကြွ ကြိုးပမ်းလာနေတဲ့ အတွက်ကိုတော့ အားရမိတဲ့ အကြောင်း အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ပေါ်လာ ရှရီဖာ (Paula Schriefer) က ပြောပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာပဲ မြန်မာနိုင်ငံ၊ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ မြောက်ကိုရီးယား တို့အပေါ် လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက် ချဖို့ ဒါမှမဟုတ်ရင်လည်း အထူး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အာရုံစိုက် ဆောင်ရွက် ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ရဲ့ စာရင်းထဲမှာ ထည့်သွင်းထားတဲ့ နိုင်ငံ တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို လူ့အခွင့်အရေး ကောင်စီက ကိုင်တွယ်ဖို့ လက်တွန့် နေတာကတော့ စိတ်မကောင်းစရာ ဖြစ်ရ တယ်လို့လည်း Freedom House ရဲ့ ညွှန်ကြားရေးမှူး ရှရီဖာက ပြောခဲ့တာပါ။

“ဒီနိုင်ငံမှာ ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိနေပေမဲ့လည်း အရင်က ရှိခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်မှာရော၊ အခု လူ့အခွင့်အရေး ကောင်စီမှာရော ဆုံးဖြတ်ချက် တရပ် အောင်အောင်မြင်မြင် ချမှတ်တာမျိုး၊ အထူး အစည်းအဝေး တရပ် ကျင်းပတာမျိုးလို ပစ်မှတ်ထား ကိုင်တွယ်တာမျိုး မရှိဖူးပါဘူး။ ဖလွန်ဂေါင်း (Falun Gong) လို အဖွဲ့မျိုးတွေ၊ ၀ီဂါတွေ၊ တိဘက်တွေလို လူမျိုးစုတွေ အပေါ် ဖိနှိပ်မှုတွေဟာ အမြဲလို ကြုံနေရတဲ့ ကိစ္စပါ။”

အာဖရိက ၇ နိုင်ငံဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး တိုင်းပြည်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဆူဒန်နိုင်ငံ မြောက်ပိုင်း ဇာတိသား ဖြစ်ပြီး အခုအခါ ယူဂန်ဒါနိုင်ငံမှာ ခိုလှုံနေထိုင်သူ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး သုတေသန ဌာနရဲ့ အာဖရိက ရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး အော့စ်မန် ဟူမိုင်ဒါ (Osman Hummaida) ကတော့ သူ့တိုင်းပြည်ဟာ ထိပ်တန်း စာရင်းဝင် အဖြစ် ဆက်လက် ရှိနေတဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြောပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေက အုံကြွ လှုပ်ရှားမှုတွေနဲ့ နောက်ဆက်တွဲ တုံ့ပြန်ချက် အနေနဲ့ အစိုးရက ဖိနှိပ် တင်းကျပ်မှုတွေကို ပိုပြီးတော့တောင် ဆောင်ရွက် လာနေတယ်လို့လည်း သူက ပြောခဲ့တာပါ။

“ဇန်န၀ါရီလကတည်းက အစိုးရက အာဏာမှာ ဆက်နေနိုင်အောင် နည်းဗျူဟာတွေနဲ့ ယန္တရားပုံစံ အပြောင်းအလဲ တွေကို သုံးလာပါတယ်။ အစိုးရအနေနဲ့ အာဖရိက ဦးချိုဒေသနဲ့ အရှေ့အလယ်ပိုင်းက အခြေအနေတွေ အပေါ် စိတ် ကသိကအောက် ဖြစ်နေတာပါ။ အုံကြွမှုတွေ အပေါ် နှိမ်နင်းတာ၊ အရပ်သားတွေ၊ အထူးသဖြင့် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေမှာ သူတို့ဘက်က တုံ့ပြန်ပုံ တွေဟာ ညှင်းပန်း နှိပ်စက်တဲ့ ပုံစံတွေနဲ့ အစိုးရက ဒီအဖွဲ့တွေအပေါ် အရေးယူ ကိုင်တွယ်ပုံတွေမှာ စိတ်မသက်သာစရာ ကိစ္စတွေ ပါလာပါတယ်။”

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာတ၀န်း ဒီမိုကရေစီ လွတ်လပ်ခွင့် စံတန်ဖိုးတွေဟာ ကျဆင်း လာနေတယ် လို့လည်း Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ကမ္ဘာပေါ်က ဒေသတိုင်း လိုလိုမှာ ခြိမ်းခြောက်မှု အသစ်တွေ ပေါ်ပေါက် လာနေတယ်လို့လည်း အစီရင် ခံစာက သတိပေး ထားတာပါ။ ဒီအထဲမှာ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူတွေနဲ့ လူမှု အသိုင်း အ၀န်းမှာ တိုက်ခိုက် ခံရတာတွေ၊ စာနယ်ဇင်း လွတ်လပ်ခွင့် အပေါ် ကန့်သတ်မှုတွေနဲ့ သတင်းသမားတွေ အပေါ် တိုက်ခိုက်မှုတွေ တိုးလာတာတွေ ပါဝင်တယ် လို့လည်း ပြောပါတယ်။

မကြာသေးခင်က လူ့အခွင့်အရေး ကျဆင်းမှုတွေ ရှိခဲ့ပေမဲ့လည်း ၂၀၁၁ ခုနှစ်အတွင်း အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကနဲ့ စာရင်တော့ သိသိ သာသာသာ လွတ်လပ်ခွင့်တွေ ရှိနေပြီလို့လည်း ပြောခဲ့တာပါ။ ဒါဇင်နဲ့ချီတဲ့ တိုင်းပြည်တွေမှာ ဆိုရင်လည်း အာဏာရှင် အစိုးရတွေကို ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်တဲ့ အစိုးရတွေနဲ့လည်း အစားထိုး နိုင်ခဲ့တယ်လို့ Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ပြည်နယ်ဝန်ကြီး တချို့ အလုပ် လက်ကိုင်မရှိ ဖြစ်နေ

2011-06-01

ချင်းပြည်နယ် အစိုးရမှာ ၀န်ကြီးနေရာတွေ ရရှိထားကြတဲ့ ချင်းပါတီ (၂) ခုက ၀န်ကြီးတွေဟာ ဌာန အလုပ် လုပ်ကိုင်ခွင့် မရသေးသလို တချို့ဟာ တာဝန်ယူရတဲ့ ဌာနဆိုင်ရာ တွေနဲ့ မသက်ဆိုင်တဲ့ ဌာနတွေ ထည့်သွင်း ထားတယ်လို့  သိရပါတယ်။

ချင်းအမျိုးသားပါတီ CNP က ရွေးချယ် ခံရတဲ့ ပူးရာမာန် ကို စီးပွားရေး ၀န်ကြီးအဖြစ် တာဝန် ပေးထားပေမဲ့ သူရဲ့ ဌာနအောက်မှာ ဘာမှ မသက်ဆိုင်တဲ့ အား ၊ကာ ခေါ် အားကစား ဌာနကို ထားရှိ ထားတယ်လို့  RFA ကို ပြောပါတယ်။

" အော်၊ စီးပွါးရေးပါ။ အဲဒီအောက်မှာတော့ သမ၀ါယမရယ်၊ အားကာရယ်၊ အားကစားတွေ ပါဘဲ၊ ဘာမှ မရှိပါဘူး။ ချင်းပြည်နယ် မှာတော့ မရှိပါဘူး။ ကျနော်တို့က အခု လေ့လာတုန်း အဆင့်မှာဘဲ ရှိပါတယ်။ ချင်းပြည်နယ်က စီးပွါးရေး လုပ်ငန်းပိုင်း ဆိုရင် နဲနဲ အားနဲ တယ်လေ။"

ဒါ့အပြင် ချင်းပြည်နယ် အစိုးရမှာ နောက်ထပ် ချင်းပါတီတခု ဖြစ်တဲ့ CPP ခေါ် ချင်းတိုင်းရင်းသား တိုးတက်ရေး ပါတီကနေ ရွေးချယ်ခံရတဲ့ ပူကျော်ငြိမ်း က သူအနေနဲ့  ဌာနလေးခု တာဝန်ယူရတဲ့ ၀န်ကြီး ဖြစ်ပေမဲ့ အဲဒီ ၀န်ကြီး ဌာနတွေကို အခုအထိ ဗဟို အစိုးရက ချုပ်ကိုင် ထားတယ်လို့  RFA ကိုပြောပါတယ်။

"စွမ်းအင်ရယ်၊ လျှပ်စစ်ရယ်၊ သတ္တုရယ်၊ သစ်တောရယ်ပါ။ ဒီမှာ ချင်းမှာကျတော့ စွမ်းအင်နဲ့ သတ္တုက မရှိဘူး။ အဓိကက လျှပ်စစ်နဲ့ သစ်တောဘဲ ရှိတာကိုး။

ပြည်ထောင်စုအစိုးရက အခု ကျတော်တို့ လောလောဆယ် ၆ လ တာဝန် ယူထားတယ်လေ။ ၆ လပြီးရင် ပြည်နယ် အစိုးရကို အပြီးအပိုင် ပေးမယ်လို့ ပြောထားတာ။

အခုလောလောဆယ်မှာ ရံပုံငွေတွေ ဘာတွေ ချမပေးသေးဘူး။ ပြည်ထောင်စုဘဲ ကိုင်ထား သေးတယ်။

အဲဒါကတော့ ဘယ်လိုမှ ကျတော်တို့ ဘာမှ ပြောလို့မရသေးဘူးလေ။"

ချင်းပြည်နယ်မှာ အဲဒီ ချင်းပါတီ ၂-ခုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ် အင်အား အများဆုံး ရရှိပေမဲ့ ကြံခိုင်ရေး ပါတီ က ၂၅-ရာခိုင်နှူန်း တပ်မတော် ခွဲတန်းနဲ့  ပေါင်းပြီး အစိုးရ ဖွဲ့ ခဲ့တာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

Wednesday, June 1, 2011

အိုဘယ့် မြန်မာပြည် (ဒါ... ဒို့ပြေ.. ဒါ... ဒို့မြေ.... ဒို့ ....မပိုင်တဲ့မြေ)

Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို
ဆိုလိုသည်။

ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်
Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း
Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။

ဂါထာပေး တေးဖြစ်
မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ
သုံးစွဲခြင်းကိုဆိုလိုသည်။


ငါးစိမ်းမြင် ငါးကင်ပစ်
ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky
Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။

စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်
ဆေးရိုးသည် = Access Denied Page

ဆင့်ပါးစပ် နှမ်းပက်
ဆင့်ပါးစပ် = Internet Users
နှမ်း = Internet Bandwidth

ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး
မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်

တစ်ရွာ တစ်ကျီဆောက်သည်
ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်

ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်
ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့
တိုးနေသည်။

ဒူးလောက်တင်မှ ရင်လောက်ကျသည်
Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။

နဂိုရှိမှ နကိုင်းထွက်သည်
Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊
ပိုကောင်းသာ အသစ်ဝယ်မှရမည်။

ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)
မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို
ဆိုလိုသည်။

ပျက်အစဉ် ပြင်ခဏ
MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)

ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်
ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy
ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...

ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ
ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။

ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း
ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။

မမှားသောရှေ့နေ၊ မသေသောဆေးသမား
မကျဖူးသော ကွန်နက်ရှင်လိုင်း....

မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်
နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။

ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ
Mac Book Air, Pro, iPad 2, iPhone 5


လင်းတလောက်တော့ ငှက်တိုင်းလှသည်
လင်းတ = မြန်မာပြည် ကွန်နက်ရှင်

လယ်ထွန်သွား နွားမေ့
အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို
ဆိုလိုသည်။

လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့်
ဒီရေသည် လူကို မစောင့်)
ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။
လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက
သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)

ဝက်ဖြစ်မှ မစင်မကြောက်နှင့်
အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။

သန်းခေါင်ထက် ညဥ့်တိုးမနက်
Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။

သေချင်တဲ့ကျား၊ တောပြောင်း
မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။

အုတ်ရောရော ကျောက်ရောရော
Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ
တက်လာလေ့ရှိသည်။

အရေးကြီးတော့ သွေးနီးရာ
အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့်
မျှဝေသည်။

အငိုလွယ်လျက် အရှိုက်ခက်သည်
Download လွယ်သလောက် Upload ခက်သည်။

အရူးမီးဝိုင်းသလို
တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။

အကြံတူရန်သူ
အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။

အနာပေါ်တုတ်ကျသည်
ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.


(ပြည်တွင်းဘလော့ဂ္ဂါတဦး ပေးပို့သည်။)

Read More...

အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ့

အရှင်ပညာနန္ဒ



ဇွန် ၁၊ ၂၀၁၁ ။

ခုတလော ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် ဆရာတော် ဦးဂမ္ဘီရဟာ ကလေးမြို့ အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ သတင်းတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြနေတဲ့ အကြောင်း သတင်းတွေ နေ့စဉ် နားထောင်နေရလို သနားစိတ်တွေ ဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်နေခဲ့ရပါတယ်။

လွန်ခဲ့တဲ့ (၈)နှစ်လောက်က ထင်ပါရဲ့ RFAက အပတ်စဉ် ထုတ်လွင့်ခဲ့တဲ့ အကျဉ်းသားတွေ အကြောင်း ပြန်ပြောတဲ့ အထဲက ဖြစ်ရပ် တခုကို သွားပြီး သတိရမိတယ်။ ထောင်က လွတ်လာတဲ့ အကျဉ်းသား တယောက်ဟာ သူ့အရင် ထောင်က လွတ်သွားတဲ့ ဆရာတော်ကြီး တပါးကို သတိတရ သွားရောက် ကန်တော့တဲ့ အကြောင်းလေးပါ။

ဆရာတော်ကြီးကသူ့ကိုတွေ့တဲ့ အခါ ထောင်ထဲက အကြောင်းတွေကို ပြန်ပြီး သတိရလို့ ထင်ပါရဲ့ ၀မ်းနည်းဝမ်းသာ နှုတ်ဆက်တဲ့ အကြောင်း၊ ထောင်ထဲမှာ ၀တ်ကြီးဝတ်ငယ် ပြုစုခဲ့တဲ့ ကျောင်းသားတွေကို ကျေးဇူး တင်ကြောင်း ပြောရှာတယ် တဲ့။ ထောင်အကြောင်း အလ္လာပ သလ္လာပ ပြန်ပြောတဲ့ အခါ ဆရာတော်ကြီးက ငရဲ ဆိုတာတောင် ဒီလောက် ဆိုးမယ် မထင်ပါဘူးကွာ လို့ ထောင်ရဲ့ အတွေ့ အကြုံတွေကို ၀မ်းနည်းကြေကွဲစွာ ပြောရှာတယ် တဲ့။ နားထောင်ပြီး အတော်လေး စိတ်ထိခိုက်မိတယ်။

ဘုန်းကြီးတွေ ထောင်ထဲမှာ ထောင်ဝန်ထမ်းတွေရဲ့ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံ ခံခဲ့ရတာတွေ၊ အကျဉ်းသား တွေကို စာသင်ပေးလို့ သက်တော်ကြီး ဆရာတော်ကြီးတွေ ရက်ရက်စက်စက် အရိုက် ခံခဲ့ရတာတွေကို ကြားရတိုင်း အတော်လေးကို အံ့သြ တုန်လှုပ်မိတယ်။ ဗုဒ္ဓဘာသာဝင် ထောင်ဝန်ထမ်းတွေ ကိုယ်တိုင်က ဆရာတော်ကြီးတွေကို ရိုက်တာပါ။ တကယ့်ကို ကြေကွဲ ၀မ်းနည်း စရာတွေပါ။

ဦးဇင်းတို့ဘုန်းကြီးတွေဟာ တကယ်ဆိုရင် ထောင်တွေထဲရောက်စရာ အကြောင်း မရှိပါ။ ပရိယတ္တိ ပဋိပတ်လို့ ခေါ်တဲ့ စာသင်စာချ တရား အလုပ်တွေကို အေးအေးဆေးဆေး ထမ်းဆောင် နေရုံပါဘဲ။ ဒါဆိုရင် ဘုန်းကြီးတွေ ထောင်တွေထဲ ဘာကြောင့် ရောက်နေ ကြရတာလဲ ဆိုတာကို ပြန်စဉ်းစား ကြည့်လိုက်တော့ ပြည်သူလူထု ကိုယ့်ဒကာ ဒကာမတွေ ဆင်းရဲဒုက္ခ ရောက်နေတာ တွေကို ဥပေက္ခာ မပြုနိုင်တဲ့ သူတော်ကောင်း စိတ်တွေကြောင့်ပါ။ သူတော်ကောင်း ဆိုတာ သူတပါး ဒုက္ခရောက်နေတာကို တွေ့ရင် စိတ်နှလုံး တုန်လှုပ်ရစမြဲ ကူညီရစမြဲ မဟုတ်လား၊ တနည်းပြောရရင် စစ်အဏာရှင်တွေ ထင်ရာလုပ် ပြည်သူလူထု အပေါ် ဗိုလ်ကျပြီး ညှဉ်းဆန် နှိပ်စက်နေတာကို လစ်လျူ မရှုရက်လို့ပါ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ မျိုးချစ်ဆရာတော်တွေ ဖြစ်ကြတဲ့ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရတို့က စလို့ ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် ဆရာတော် ဦးဂမ္ဘီရတို့ အဆုံး ဆရာတော်တွေဟာ ပြည်သူတွေ ဘက်က ရပ်တည်ပြီး အဖိနှိပ်ခံ လူတန်းစားတွေနဲ့ အတူ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြတာ အားလုံးအသိပါ။

ရှစ်လေးလုံး အရေးအခင်း ဖြစ်တော့ မဟုတ်ရင် မခံတတ်တဲ့ပြည်သူဘက်က ရပ်တည်ခဲ့ကြတဲ့ သံဃာ အများအပြား အဖမ်း ခံရပါတယ်။ နောက်တကြိမ် ၁၉၉၀ ရွေးကောက်ပွဲအပြီး မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လောင်းလှူတဲ့ ဆွမ်းလောင်းပွဲမှာ စစ်တပ်ရဲ့ လူမဆန်စွာ ပစ်ခတ် ဖမ်းဆီးမှုတွေကြောင့် သံဃာတွေ ပျံလွန်တော် မူခဲ့ရသလို ရာနဲ့ချီတဲ့ သံဃာတွေ အဖမ်း ခံခဲ့တာပါ။ သံဃာတွေကို ဖမ်းဆီးရတဲ့ အကြောင်းကတော့ ဒီချုပ်က လှူတဲ့ ဆွမ်းကို အလှူခံလို့ပါ န၀တ စစ်အာဏာရှင် တွေဟာ ကိုယ့်အမှား ကိုတော့ မမြင်ဘဲ အမှန်တရား ဘက်က ရပ်တည်နေတဲ့ သံဃာတော်တွေကို ဘယ်လောက်တောင် မုန်းတီးနေတယ် ဆိုတာ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေက အထင်အရှား မြင်နေရတာပါ။

သံဃာတော်တွေကို ပြစ်မှားတဲ့ အတွက် အာဏာသိမ်း စစ်အုပ်စုကို ပတ္တနိက္ကုဇ္ဇနကံ (သပိတ်မှောက်ကံ) ဆောင်ခဲ့ပါတယ်။ သံဃာတော်တွေရဲ့ တောင်းဆိုချက်က ရှင်းရှင်းလေးပါ အာဏာအပ်ဘို့ သံဃာတော်တွေက တောင်းဆို ခဲ့တာလည်း မဟုတ်ပါဘူး။ သံဃာတော်တွေကို ပြစ်မှား ခဲ့တာတွေကို ၀န်ချ တောင်းပန်ဖို့ပဲ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ သံဃာတော်တွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှု ပြီး စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ် ထောင်မပစ်ဘူး ဆိုတဲ့ ဗိုလ်နေ၀င်းရဲ့ နောက်လိုက်တွေ ပီပီ ကျောင်းတိုက်တွေကို စစ်တပ်နဲ့ ၀ိုင်းပြီး ဖမ်းဆီးခဲ့လို့ မန္တလေးမှ မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒါဘိဝံ၊ ဆရာတော် ဦးရာဇဓမ္မာဘိဝံသတို့ စတဲ့ သံဃာတွေ အဖမ်း ခံခဲ့ရသလို ရန်ကုန်မှာ အင်းစိန် ဆရာတော် ဦးတိလောကာဘိသံ၊ တိပိဋကဆရာတော် ဦးသုမင်္ဂလ၊ မေဒိနီ ဆရာတော်ကြီး ဦးဥာဏ၀ံသ စတဲ့ ဆရာတော်ကြီးတွေ အပြင် သံဃာငယ်တွေ အဖမ်း ခံခဲ့ရတယ်။

ဆရာတော်ကြီးတွေကို ထောင်ဝန်ထမ်းတွေက မလေးမစား ဆက်ဆံပြီး ဟေ့ကောင် - မင်း -ငါ ပြောပြီး မိုက်မိုက် ရိုင်းရိုင်း ဆက်ဆံ ခဲ့ကြတာပါ။ ဘယ်လောက် အပြစ်ကြီးမယ် ဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ အဲဒီလို ကြီးမားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့တဲ့ အာဏာရှင် ခေါင်းဆောင်တွေလည်း အကုသိုလ် ဖိစီးပြီး သေသူသေ၊ ရာထူး ပြုတ်သူပြုတ်၊ ထောင်ထဲ ရောက်သူရောက်နဲ့ စိတ်ဆင်းရဲစွာ ၀ဋ်ကြွေးတွေ ဆပ်နေရတာ မျက်မြင်ပါပဲ။ သံဝေဂ ယူတတ်ရင် သံဝေဂ ရစရာတွေပါ။

၂၀၀၇ ရွေဝါရောင် သံဃာ့လှုပ်ရှားမှုကရော ဘာကြောင့် ဖြစ်ပေါ်ခဲ့တာလဲ ဆိုတာ ပြန်ကြည့် လိုက်ရင် လူထုတွေ စားဝတ်နေရေး ဆင်းရဲ ငတ်ပြတ် နေတယ်၊ ဆန်ဈေး ဆီဈေးစတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်၊ ပြည်သူတွေ ဒုက္ခ ရောက်နေတယ် အဲဒါတွေကို မြင်ပြီး သံဃာတွေက စိတ် မချမ်းမသာ ဖြစ်ကြရတယ်။

တနည်းပြောရရင် စစ်အာဏာရှင်တွေက မတရား ကြီးပွား ချမ်းသာနေပြီး နေရာတကာ လက်နက် အားကိုးပြီး လူထုအပေါ် ဗိုလ်ကျ လွန်းတဲ့ ဖြစ်ရပ် တွေကြောင့်ပါ။ ဒီလိုမတရားတာကို သံဃာတွေက ငုံ့ခံမယ် ထင်နေသလား။

ဒကာ ဒကာမ လူထုတွေကို မေတ္တာထားကာပြည်သူတွေရဲ့ အခက်အခဲတွေ ပြေလည်စေဖို့ မကြောက် မရွံ့ လမ်းမပေါ် ထွက်ပြီး၊ လူထု ကိုယ်စား အာဏာပိုင်တွေ သိအောင် ငြိမ်းချမ်းစွာ လှည့်လည်ပြီး မေတ္တာသုတ် ရွတ်ဖတ်တယ် မေတ္တာပွားတယ်။

အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပွားတဲ့ ပခုက္ကူက ဦးဇင်းလေးတွေကို ဖမ်းဆီးပြီး ဓာတ်တိုင်မှာ ကြိုးချည် ရိုက်နှက် ခဲ့ကြာတာဟာ စစ်အာဏာပိုင် တွေပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းလိုရတဲ့ နည်းကို မသုံးဘဲ စစ်တပ်က အကြမ်းဘက် ဖြိုခွင်း ခဲ့တာတွေကြောင့် ဗုဒ္ဓဘာသာ သမိုင်းမှာ သွေးစွန်းခဲ့ရသလို ကမ္ဘာ့အလယ်မှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတာ တွေဟာ စစ်အဏာရှင်တွေ ကြောင့်ပါ။

အဲဒီအချိန်အခါတုန်းကလဲ စစ်အဏာရှင်တွေ တောင်းပန်လိုက်ရင်ပြီးတဲ့ ကိစ္စပါ။ သံဃာထု ကလည်း ကျေနပ်မှာပါ။ ဒါပေမဲ့ စစ်တပ် ဆိုတာ ဘယ်တော့မှ မမှား၊ စစ်တပ်လုပ်တာ အမြဲတမ်း မှန်တယ် ဆိုတဲ့ စစ် အာဏာရှင် တွေကြောင့် ညအချိန် မတော်မှာ ရှေ့တန်း စခန်းတွေကို ၀င်စီးသလို သံဃာတော်တွေကို ရိုက်နှက် ဖမ်းဆီး ဘုရားဆင်းတုတော်တွေ ရိုက်ခွဲ။ အလှူငွေတွေကို လုယက် ယူငင် သွားကြာတာတွေဟာ စစ်တပ်ရဲ့ စေတနာ အမှန်တွေပါ။

ခုဆိုရင် ဘုန်းကြီးကျောင်းပေါင်း ခြောက်ဆယ်ကျော် ချိပ်ပိတ်ခံထားရသလို ရဟန်းတော်တွေ ထောင်ထဲ မှာရော ရဲဘက် စခန်းတွေမှာ ၂၀၀ ကျော်လောက် ရှိနေ ပါသေးတယ်။ ဒီဆရာတော် သံဃာတော်တွေဟာ ကိုယ်ကျိုး မဘက် လူထုရှေ့က မားမား မတ်မတ် ရပ်ပြီး အများအတွက် အနစ်နာခံပြီး၊ တိုင်းကျိုး ပြည်ကျိုး ဆောင်ရွက်ခဲ့ကြလို့ ထောင်ထဲ ရောက်ခဲ့ရတဲ့ သံဃာ့ အာဇာနည်တွေပါ။ မတရားမှု တွေကို သတ္တိရှိရှိ တွန်းလှန်ခဲ့တဲ့ သံဃာတော်တွေပါ။

ဒါ့ကြောင့် အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ့ - တတ်နိုင်သမျှ ထောက်ပံ့ကြပါ၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အတူတကွ ၀ိုင်းဝန်း လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်း ပါရစေ။

(သံဃာ့အာဇာနည်များကို လေးစားလျက်)

အရှင်ပညာနန္ဒ

Ref: မိုးမခ

Read More...

အပေါ်သို့