Friday, September 28, 2012

အာဆီယံပန်းချီကွန်ယက်ထောင်ရန် အမျိုးသမီးပညာရှင်များ တွေ့ဆုံ

ယမင်း(မြစ်မခ)
27 Sep, 2012

ကျားမတန်းတူအခွင့်အရေးရရှိရေးအတွက် အဖွဲ့အစည်းအသီးသီးမှ ကြိုးပမ်းကြရာ၌ အာဆီယံ အမျိုးသမီးအနုပညာရှင်များနှင့်မြန်မာ အမျိုးသမီးအနုပညာရှင်များလည်း ပူးပေါင်း ပါဝင်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

“ပထမဦးဆုံးကတော့ လူစုလိုက်တဲ့သဘောပေါ့။ ပထမဆုံးခြေလှမ်းအနေနဲ့ စကြည့်တာ။ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် အခွင့် အရေးတွေ ဆုံးရှုံးနစ်နာနေတယ်ဆိုတာ သိအောင်၊ စဉ်းစားမိအောင် အနုပညာနဲ့ပတ်သက်လို့ လုပ်လို့ရမယ့်ဟာတွေကို အကုန် လုပ်သွားမယ်”ဟု Nero Zero Art မှ မနိုရာက ပြောသည်။

အမျိုးသမီးများ၏ကိုယ့်ပိုင်အခွင့်အရေးအား သိရှိနားလည်စေရန်၊ လွတ်လပ်ခွင့်အား သိရှိနားလည် စေရန်၊ ကျားမအခွင့်အရေး မညီမျှမှု မတူညီမှုအား သတိထားမိသွားစေရန် အနုပညာလုပ်ငန်းများ ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီး အနုပညာရှင်(Nero Zero Art) အဖွဲ့က ဆိုသည်။

အဆိုပါအဖွဲ့သည် အမျိုးသမီးများတွင်ဆုံးရှုံးနေသောအခွင့်အရေးများအား သိမြင်တတ်စေရန် ပြည့်တန်ဆာများတွင် ဆုံးရှုံးနေသော အခွင့်အရေးများနှင့်ပတ်သက်၍ ဦးတည်ချက်ထားကာ လုပ်ဆောင်သွားမည့် အဖွဲ့ဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများတွင်ပါဝင်သော အင်ဒိုနီးရှားနိုင်ငံသည် ကျားမအခွင့်အရေး တန်းတူ ရရှိရေး ပြသနာအား လက်ခံနိုင် သည့် အကြောင်းအရာတစ်ခုဖြစ်လာပြီး တန်းတူအခွင့် အရေးရရှိရန် အတွက် ကြိုးပမ်းရာတွင် ဘာသာရေး၊လူမှုရေးနှင့် ယဉ်ကျေး မှုနှင့် သက်ဆိုင်သော အတားအဆီးများ စွာ ရှိနေသေးကြောင်း အင်ဒိုနီးရှားနိုင်ငံမှ Wulan Dirgantoro အဖွဲ့က ဆိုသည်။

“ခုနောက်ပိုင်းဆို အမျိုးသမီးအနုပညာရှင်တွေ အုပ်စုလိုက်ထွက်ပေါ်လာနေပါပြီ။ ဒါဟာGenderရဲ့ စတင်တဲ့ ခြေလှမ်းပါ။ ကျားမ အခွင့်ရေးရဖို့အတွက်ကို တော်တော်လေးလုပ်ယူရမှာဖြစ်ပါတယ် ”ဟု အင်ဒိုနီးရှားနိုင်ငံ၊ Wulan Dirgantoro အဖွဲ့မှ အမျိုး သမီး အနုပညာရှင် Gintani Nur Apresia Swastika ကပြောသည်။

Wulan Dirgantoro အဖွဲ့သည် အမျိုးသမီးများ၏ အိမ်တွင်းကြုံတွေ့နေရသောပြသနာများ၊ လိင်ပိုင်းဆိုင်ရာပြသနာများ၊ အင်ဒို နီးရှားအနုပညာများနှင့်မီဒီယာများတွင် အကျီ မပါဝင်သည့် ၀စ်လစ်စလစ်ပုံများအား ဖော်ပြခြင်း ရှိ/မရှိတို့ကို လှုပ်ရှားလုပ်ဆောင် ပေးနေသည့် အမျိုးသမီး ကျမ်းမာရေးပညာပေးအဖွဲ့ဖြစ်သည်။

ကျားမတန်းတူမညီမျှမှုများနှင့်ပတ်သတ်၍ နိုင်ငံတကာမှ အနုပညာရှင်အမျိုးသမီးများနှင့်မြန်မာ အမျိုးသမီး အနုပညာရှင်တို့တွေ့ ဆုံ ပွဲအား စက်တင်ဘာ(၂၆)ရက်နေ့က အလုံမြို့နယ်ရှိ Nero Zero Art တွင် ကျင်းပခဲ့ပြီး ကမ္ဘောဒီယား၊အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ထိုင်း၊ဗီယက်နမ်တို့မှ အမျိုးသမီးပန်းချီပညာ ရှင်(၇)ဦးနှင့် မြန်မာနိုင်ငံမှအမျိုးသမီး ပန်းချီအနုပညာရှင်(၁၂)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြန်မာအနုပညာရှင်များမှာ ပန်းချီပညာရှင်များဖြစ်သည့် မေကို၊ အမ်မလီဖြိုး၊၀င်းဝင်းပဲခူး၊ သီသီဇင်၊ စန္ဓြာဝင်းထွဋ်၊ ရတနာဝင်း၊ ခေးလု၊ သဒ္ဒါညို၊ မယ်လို၊သွိုင်တာ၊ ဇွန်ပွင့်သူနှင့် ပွဲစီစဉ်သူ နိုရာတို့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါပြပွဲတွင် အမျိုးသမီးဝတ်လစ်စလစ် ပါမောမင့်ပုံများကိုလည်း ထည့်သွင်းပြသခဲ့ကြောင်း ကိုလည်း သိရသည်။


Ref: မြစ်မခ

Read More...

ဝိုင်းမော်တွင် ဂျပန်နှင့်ပေါင်းဆောက်မည့် ဧက(၅)ထောင်ကျော်ရှိ ကုန်သွယ်/စက်မှုဇုန်စီမံကိန်း

ဂျာတော့(ပ်)- ကချင်ပြည်နယ် (မြစ်မခ)
27 Sep, 2012

ကချင်ပြည်နယ်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်နှင့်ကုန်သွယ်ရေးဇုန်အား တည်ဆောက်ရန် စီမံကိန်းတစ်ရပ် ရေးဆွဲ နေပြီဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ၊ နောင်သာလော၊ မဒိန်၊ နန်ဝါစသည့် ကျေးရွာတွင် စက်မှုဇုန်အတွက် ဧက(၅)ထောင့်(၄)ရာ ကျော်အား လျာထားပြီးဖြစ်သည်ဟု သိရသည်။

“ဘယ်ချိန် စလုပ်မယ်ဆိုတာတော့ အတိအကျ မသိသေးဘူး။ အစိုးရဘက်က စီမံကိန်းက ရေး ဆွဲနေတုန်း။ ပြည်နယ် လွှတ် တော်ကိုတော့ မတင်ပြရသေးပါဘူး။”ဟု ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ကချင်ပြည်နယ်လွှတ်တော်ရေးရာ ပူးပေါင်းမှုကော်မတီ အတွင်းရေးမှူး ဦးထောလွမ်းက ပြောသည်။

ဆက်ပြီး ဦးထောလွမ်းက ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေစေကာမူ ငြိမ်းချမ်းရေးသာ အဓိက ဖြစ်ကြောင်း ပြောသည်။

ကချင်ပြည်နယ်တွင် ကေအိုင်အိုနှင့် မြန်မာစစ်တပ်မတော်ကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ငြိမ်းချမ်းရေးအောင်မြင်လျှင်မူ ကချင်ပြည်နယ်တဟုန်တိုး တိုးတက်လာမည်ဖြစ်ကြောင်းကိုလည်း သုံးသပ်ခဲ့သည်။

ထို့ကြောင့် ပြည်နယ်လွှတ်တော်အစိုးရမှလည်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသည်ဟု သိရသည်။

‘’ငြိမ်းချမ်းရေးအတွက်လည်း ကျွန်တော်တို့ အရမ်းကြိုးစားနေပါတယ်။ ငြိမ်းချမ်းရေးသာမရရင် ဘာမှ လုပ်လို့မရဘူး။ ငြိမ်းချမ်းရေး လုပ်ဖို့က ပြည်နယ်အစိုးရ လွှတ်တော်က လုပ်ဖို့ အနေအထား သိပ်မရှိ တော့ ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းရမယ်။ စာပေါင်းရေးဖို့ ပြည်နယ်မှာပဲ ဆုံးဖြတ်ရ သေးတယ်။ ကေအိုင်အိုကိုလည်းပေး ပြည်ထောင်စုလွှတ်တော် ကိုလည်း ပေးဖို့ လုပ် ထားပါတယ်။” ဟု ဦးထောလွမ်းက ပြောသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဦးယွပ်ဇော်ခေါင်ကလည်း ငြိမ်းချမ်းမှသာဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်သင့်ကြောင်း ယခုကဲ့သို့ဆိုသည်။

“ငြိမ်းချမ်းရေးက အရေးအကြီးဆုံးဖြစ်နေတယ်။ နိုင်ငံရေးရှုပ်ထွေးနေရင်တော့ ဘာပဲလုပ်လုပ် အခက်အခဲတော့ရှိမှာပဲ။”ဟု ဦးယွပ် ဇော်ခေါင်က ပြောသည်။

၎င်းစက်မှုဇုန်တည်ဆောက်ရန် မြေဧရိယာများကိုလည်း ဂျပန်နိုင်ငံ ကုမ္ပဏီတစ်ခုက လာရောက်ကြည့်ရှုစစ်ဆေးပြီးဖြစ်ကာ ဂျပန် နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“တိုင်းတာ ထွာတာတွေတော့ တွက်ချက်မှုအပိုင်းတွေ စာရွက်မှာ ပြီးသွားပြီ။ မြန်မြန်လုပ်သွားမှာပါ။ ဂျပန်အဖွဲ့လည်း လာသွား တယ်။ OTA အနေနဲ့ လာကြည့်သွားတယ်။ နိုင်ငံခြားအကူအညီလည်း ယူရမှာ။ နည်းပညာပဲ ယူရမှာပါ။ လုပ်ငန်းလည်ပတ်မှု တော့ ဘယ်ယူမလဲ။”ဟု ပြည်နယ် ဥပဒေရေးဆွဲရေးဌာန အတွင်းရေးမှူးက ပြောသည်။

အဆိုပါ စက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရမှ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေနဲ့ စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလှိုင်တို့မှ ဝိုင်းမော်ဒေသခံများနှင့် စက်တင်ဘာလ (၁၉) ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဒေခံပြည်သူများအနေဖြင့် စက်မှုဇုန် တည်ဆောက်မည့် မြေနယ်ရာဒေသအတွက် ပိုင်ဆိုင်မှု ကိစ္စများကို မှန်ကန်စွာ ဖြေရှင်းပေး ရန် နှင့် ပြောင်းရွှေ့ရန် အခြားမြေနေရာအား ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။

ကချင်ပြည်နယ်ရှိ အလုပ်ရုံစက်မှုလုပ်ငန်းရှင်များလည်း ပြည်တွင်း၊ ပြည်ပ ချေးငွေရနိုင်ရန် မျှော်လင့်နေကြသည်။

ကချင်ပြည်နယ် အစိုးရမှ ဦးဆောင်ကာ အများပိုင်ကုမ္ပဏီတည်ထောင်ရန်အတွက်လည်း အကောင်အ ထည်ဖော်ဆောင်ရွက် နေ ကြောင်း သိရဖြစ်သည်။


Ref: မြစ်မခ

Read More...

တရုတ်တွင် ရွှေအ၀ယ်လိုက်၍ မာနေဦးမည့် ပြည်တွင်းရွှေဈေးကွက်

ရန်နိုင် (မြစ်မခ)
27 Sep, 2012

ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းနှင့်အတူ တရုတ်ပြည်မှ အ၀ယ်လိုက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေး ကွက်တွင်း အမြင့်ဈေးဖြင့် သာ ဈေးကွက်တည်ငြိမ်နေဦးမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံက သိရှိရသည်။

“ကမ္ဘာ့ရွှေဈေးကြောင့်နဲ့ တရုတ်ဘက်ကလည်း အ၀ယ်ရှိနေတဲ့အတွက် ပြည်တွင်းရွှေဈေး ပါလိုက်ပြီး မာနေတာ။ ဘယ်ဈေးကွက်ပဲ ဖြစ်ဖြစ် ဈေးကျရင် အရောင်းအ၀ယ်ဖြစ်တယ်။ ဈေးတက်ရင် အရောင်းအ၀ယ်အေးတာပါပဲ” ဟု ဗိုလ်ချုပ်ဈေးအ နီး မှ ရွှေအ ရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းလှိုင်က ပြောသည်။

တရုတ်ကုန်သည်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက်တွင်းရှိ အခေါက်ရွှေအပေါ် စိတ်ဝင်တစား ကြိုက်နှစ်သက်မှုရှိကြောင်း၊ နယ်စပ် ကုန်သည်ကြီများမှ တဆင့်ဝယ်ယူမူများ၊ ကိုယ်တိုင်ဝယ်ယူ စုဆောင်းကြသူများလည်းရှိကြောင်း သိရသည်။

"ဈေးနှုန်းကြောင့် ဈေးကွက်ထဲမှာ အဝယ်မလိုက်ဘူး ပြန်ပြီးရောင်းတဲ့သူတွေပဲရှိနေတာကို တွေ့ ရတယ်”ဟု မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်းရွှေဈေးကွက် အပြောင်းအလဲနှင့် ပတ်သတ်၍ ပြောသည်။

၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းတွင်း ကမ္ဘာ့ရွှေဈေးကွက်မြင့်တက်လာသော်လည်း ပြည်တွင်းရွှေ ဈေးကွက် ဈေးနူန်းပြောင်းလဲမှုမရှိပဲ တစ် နှစ် တာအတွင်း ကမ္ဘာ့ရွှေဈေး၌တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၉၀၀)သို့ရောက်ရှိခဲ့ကာ ပြည်တွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် (၇၄၀၀၀၀) ကျပ်ဝန်းကျင်သာ ရှိခဲ့ကြောင့်သိရသည်။

"မနှစ်က တစ်အောင်စကို ကန် ၁၉၀၀ လာလောက်ပေါက်တာတောင် ပြည်တွင်းမှာ ၇သိန်းတောင် မခွဲဘူး။ အခုက ၁၇၀၀ လောက်ပေါက်တာကို ၇သိန်း ၉သောင်းလောက်ဖြစ်နေတယ်။ ငွေဈေး တက်လာတဲ့နဲ့လည်း ဆိုင်မယ်ထင်ပါတယ်။” ဟု'ရတနာ' ရွှေဆိုင်မှ ဒေါ်မြင့်မြင့်စန်းက လက်ရှိ အရောင်းအဝယ်ဈေးကွက်အပေါ် ၄င်းအမြင်ကိုပြောသည်။

လက်ရှိတွင်(စက်တင်ဘာ ၂၆) ကမ္ဘာ့ရွှေဈေးကွက်၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၇၆၃.၃၀)တည် ရှိပြီး ပြည်တွင်း ဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် (၇၈၆၀၀၀) ကျပ်ဈေးပေါက်ကြောင်းသိရသည်။

ငွေကြေးလဲလှယ်ဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၈၆၂)ကျပ် ဈေးရှိကြောင်း သိရသည်။

Ref: မြစ်မခ

Read More...

Thursday, September 27, 2012

အခွင့်အရေးအတွက် တန်းတူမျှော်လင့်ချက်ထားနေဦးမည့် အနွမ်းပန်းဘ၀များ

ကောင်းမြတ်ဖြိုး ( မြစ်မခ )
27 Sep, 2012

ဘတ်စ်ကားမှတ်တိုင်နားမှာ ထိုင်နေတဲ့ အမျိုးသမီး(၃)ယောက်။

ဘယ် ဘစ်ကားလာလာ မလိုက်သွားပဲ ကျီးကန်းတောင်းမှောက်မျက်လုံးတွေနဲ့ မှတ်တိုင်မှာ ကျောက်ချ နေကြတယ်။

အဲ့အထဲမှာ နှစ်ယောက်ကတော့ ဘောင်းဘီရှည်နဲ့တီရှပ်နဲ့ တစ်ယောက်ကတော့ အ၀ါရောင်ပေါ်မှာ ပန်းပွင်တွေ ပုံဖော်ထားတဲ့ လုံချည်၊ အဖြူရောင်တီရှပ်နဲ့ပါ၊ သူတို့ရပ်နေတာ နေ့လည် ၁နာရီကတည်း ရပ်နေတာ အခုဆို (၃)နာရီကျော်လောက် ကြာပြီ။

ထမီအ၀ါဝတ်ထားတဲ့ အသက်(၄၀)အရွယ်ရှိ အမျိုးသမီးသည် ဖခင်မဲ့ကလေးငယ် (၆)ဦးကို တာဝန်ယူ ကျွေးမွေးနေသည့် မိခင်တစ်ဦးဖြစ်သလို လူကြီး၊ လူငယ်၊လူလတ်နှင့် မရွေးဆက်ဆံနေရသည့် လိင်အလုပ် သမားတစ်ဦးလည်း ဖြစ်သည်။

“နောက်နေ့ ဘာစားကြမလဲ။ နောက်နေ့နောက်နေ့ တွေအတွက် ဈေးဖိုးကို အလျင်မှီအောင်ရှာနိုင်ဖို့ ကျွန်မဒီအလုပ်ကို နေ့တိုင်း လုပ်ဖြစ်တယ်။”ဟု အထက်ပါ လိင်အလုပ်သမား မသန္တာက ပြောပါတယ်။

မသန္တာမှာ မိသားစု စားဝတ်နေရေးအတွက် နေ့တိုင်း အလုပ်ကို ရင်တထိတ်ထိတ်ဖြင့် ဘုရားတကာလုပ်နေရသည်ဟူ၍လည်း ဆို သည်။

သူတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်ဖြစ်သော အင်းလျားကန်ဘောင်နားက ပြည်လမ်းမကြီးအပေါ်တွင် ၀မ်းရေးအတွက် နေ့စဉ်လုပ်ငန်းခွင် ဆင်းနေရခြင်းဖြစ်သည်။ လိင်လုပ်သားတွေကို ဖမ်းဆီးဖို့ ရဲများကလည်း ၄င်းတို့နှင့် ခပ်လှမ်း လှမ်းတွင် အရန်သင့် စောင့်နေ ကြသည်။

အလုပ်လုပ်၍ ရသောပိုက်ဆံများကို အလကားလိုချင်သည့် ဖမ်းဆီးရဲများက လိင်လုပ်သားဆီက အကြပ်ကိုင် ငွေညစ်တောင်း နေ တာကိုလည်း ကျွန်တော်တို့ မကြာခဏတွေ့ဖူးကြသည်။ တစ်ခါတစ်ရံ ပိုက်ဆံတစ်ခုတည်း ပင်မဟုတ် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှု ကိုလည်း အနိုင်ကျင့်တောင်းယူလေ့ရှိကြောင်း လိင်လုပ်သားများထံက သိရသည်။

ထို့အပြင် သူတို့၏ ဧည့်သည်များကလည်း မကြာခဏဆိုသလိုပင် အမျိုးသား ၄၊ ၅ ဦးဖြင့် တပြိုင်တည်း လိင်ဆက်ဆံခံရသည့် အဖြစ်မျိုးလည်း ကြုံတွေ့နေရတက်သည်ဟု သိရသည်။

ယင်းသို့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုမျိုးနှင့် တွေ့ကြုံလာသည့် အချိန်မျိုးတွေ အားကိုးရာမယ့် တိုင်ကြားမည့် ဌာနမည်ကာ မရှိ သဖြင့် သူတို့အတွက် ကာကွယ်ပေးနိုင်မည့် အခွင့်အရေးလေးတွေလိုချင်သည်ဟု မသန္တာက ပြောသည်။

မိန်းမလိင်လုပ်သားတွေဟာ ရန်ကုန်မြို့ရဲ့အင်းလျားကန် ပြည်လမ်းမပေါ်မှာတင် အယောက်(၃၀)(၄၀) ခန့် ရှိနေပြီး၊ ပန်းဆိုးတန်း၊ လမ်းလေး လမ်းများနှင့် မင်္ဂလာဈေးနားတွေ သာမက တခြား KTV ၊ အနှိပ်ခန်းများတွင် အလုပ်လုပ်ကိုင်နေသည့် ပြည့်တန်ဆာ လိင်လုပ်သားများသည် ရန်ကုန်မြို့တွင်းတွင် အယောက် (၃၀၀၀)ကျော် ရှိသည်ဟူ၍လည်း သိရသည်။

ယင်းသို့ ရန်ကုန်မြို့တွင်းတွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို လိုလားလာကြသည် ကို မင်္ဂလာဈေးနီးရှိ မိန်းမလိင်လုပ်သား (၃၀)ကျော်၏ ခေါင်းဆောင်က ပြောသည်။

“တခြားနိုင်ငံတွေမှာ တရားဝင်လုပ်နေကြပေမဲ့ ဒီမှာတော့ တရားမ၀င်လုပ်ကိုင်နေရပါတယ်၊ ဒါပေမဲ့ သူတို့တွေလည်း သိကြပါ တယ်၊ ရဲတွေကို ကျွန်မတို့ အလုပ်အတွက် တစ်နေ့ ပိုက်ဆံတစ်သိန်းလောက် ပေးနေရတယ်။” ဟု ၎င်း ခေါင်းဆောင်ဖြစ်သူ သက်လက်ပိုင်း အရွယ်အမျိုးသားတစ်ယောက်က ပြောသည်။

နိုင်ငံတော်မှလည်း လိင်လုပ်သားများ ပပျောက်စေရန်အတွက် လွန်ခဲ့သော ၁၉၄၉ ခုနှစ်က ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက် ဥပဒေ ကို ပြဌာန်းခဲ့ပါသည်။

ယခင်က လိင်လုပ်သားများကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်နိုင်ခဲ့ပြီး ယခုအချိန်တွင်မူ(၃)နှစ်ထက်မပိုသည့် ထောင်ဒဏ် ချမှတ်ကြောင်း သိရသည်။

အချို့လိင်လုပ်သားများသည် ယင်းလုပ်ငန်းများ၌ မပျော်မွေ့သော်လည်း အိမ်ထောင်ဦးစီးကဲ့သို့ တာဝန်ယူ ထားရသဖြင့် မိသားစု စားဝတ်နေရေးလောက်ငှနိုင်ရန် လုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ တစ်ညကို အနည်းဆုံး နှစ်ယောက်လောက်နဲ့ အိပ်ရတယ်။ တစ်ယောက်နဲ့ဝင်ရင် ခေါင်းက၆၀၀၀ ပေးတယ်၊ နှစ် ယောက် ဆိုတော့ တစ်သောင်းကျော်တော့ ရတယ်။”ဟု မင်္ဂလာဈေးအနီးရှိ လိင်လုပ် သားလုပ်ကိုင်နေသူ မငယ်က ညည်းညူ စွာ ပြောဆိုနေသည်။ သူမမှာ လေဖြတ်နေသည့် မိခင်နှင့် ကလေးတစ် ယောက်အား ရှာဖွေကျွေးမွေးနေရသူ ဖြစ်သည်။

မြန်မာပြည်အနေဖြင့် မိန်းမလိင်လုပ်သားများအတွက် ပြဌာန်းထားသောအက်ဥပဒေအား ပြောင်းလဲရန်အတွက်လွှတ်တော်တွင်း၌ မိန်းမအရေအတွက် အားနည်းနေသေးတာကြောင့် ဆွေးနွေးနိုင်ရန်မဖြစ်နိုင်သေးကြောင်းကို အင်ဂျန်းယန်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

“အဲ့ဥပဒေပြောင်းလဲဖို့ဆိုတာကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ အားလုံးအေးဆေးဖြစ်သွားရင်တော့ ဆွေးနွေးနိုင်ပါလိမ့်မယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် မိန်းမလိင်လုပ်သားများအခွင့်အရေးအတွက်မူ ဘာသာရေးနှင့် ယဉ်ကျေးမှုများကြောင့်ဖြစ်နိုင်ရန် ခက်ခဲနိုင် ကြောင်း ကိုလည်းကိုလည်း သိရသည်။

အိမ်နီးနားချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမူ မိန်းမ၊ ယောက်ျား လိင်လုပ်သားများအတွက် အခွင့်အရေးများ ပေးထားပြီး ထိုအလုပ်ကို လုပ်ကိုင်ကျသူများမှာလည်း မွန်မြတ်သောအလုပ်အဖြစ် ဂုဏ်ယူလျက်ရှိကြကြောင်း ကိုလည်း သိရသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း မှလည်းလိင်လုပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ ပေးသင့်ကြောင်း ထောက်ပြ ပြောဆိုသည်။

`သူတို့ကိုလိုင်စင်တွေချပေးလိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီပါ့မလားဆိုတော့ လူတွေကမြန်မာ့ယဉ်ကျေးမှု မြန်မာ့ ယဉ်ကျေးမှု နဲ့သာ ပြောနေကြတာလေ၊ အခုဆိုရင် ယဉ်ကျေးမှုက ပေါင်းစုံဝင်လာနေကြတာအဘက်ဘက်ကစဉ်းစားပြီးတော့ အကျိုးရှိမယ်ဆိုရင် လိုင်စင်တွေချပေးသင့်တယ်´´ဟု ဒေါ်ဖြူဖြူသင်းကဆက်လက်ပြောသည်။

မြန်မာလိင်လုပ်သားများကွန်ရက်က ဥက္ကဌ ဒေါ်နှင်းနှင်းယု လည်း မြန်မာနိုင်ငံရှိ လိင်လုပ်သားများအားလူ့အခွင့်အရေးများကိုတန်းတူ ရစေချင်ကြောင်းကိုလည်း ပြောခဲ့သည်။

“Human Right တဲ့ သူတို့လည်းရသင့်တာပေါ့လေ ပိုပြီးတော့ ထူးခြားပြီးတော့တော့ မလိုချင်ပါဘူးအခုလက်ရှိရှိနေတဲ့ လူအခွင့် အရေးပါလို့ ပြောတဲ့ လူအခွင့်အရေးတွေနဲ့ တန်းတူရစေချင်တယ်။”ဟု သူမက ဆိုသည်။

လိင်လုပ်သားများအားဖမ်းဆီးနိုင်သော ပုဒ်မ၃(ခ) မှာ ဧည့်သည့်နှင့်တွဲလျက်တွေ့မှ ဖမ်းဆီးနိုင်သော်လည်း ၎င်းတို့ ဧည့်သည် ရှာနေ ချိန်လမ်းသွားချိန်များတွင်လည်း ဖမ်းဆီးမှုများရှိနေသောကြောင့် အဆိုပါ ဥပဒေများကို ပြင်ဆင်လိုကြောင်း သိရသည်။

အင်းလျားကန်တ၀ိုက်မှ လိင်လုပ်သား ဒေါ်သန္တာကတော့ သူမသည် အသက်အရွယ်ရလာပြီး အခြားအလုပ်များ မလုပ်နိုင်တော့ သဖြင့် လိင်လုပ်သားအဖြစ်သာ ဆက်လုပ်မည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်မကတော့ ဒီလောကထဲမှာ ဒီတိုင်းပဲ ရပ်တည်သွားရမှာပဲ၊ ကျွန်မတို့အတွက် အခွင့်အရေးလေးတွေ ရလာရင်တော့ ၀မ်း သာ မိမှာပါ။”ဟု သူမက ဆိုသည်။

ဆက်လက်၍ ပြည်လမ်းကြီးရှိနေသမျှ အနွမ်းပန်းဟု လူအများသတ်မှတ်ခံ အမျိုးသမီးလိင်လုပ်သားများအနေဖြင့်လည်း ရှာဖွေစား သောက်နေကြဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။




Ref: မြစ်မခ

Read More...

မြန်မာ့ပို့ကုန်ပိတ်ပင်မှု အမေရိကန် ရုပ်သိမ်းမည်

ဦးရော်နီညိမ်း
26.09.2012

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မကြာခင် အချိန်ပိုင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကလည်း သမ္မတဦးသိန်းစိန်ဟာ ကမ္ဘာတဝှမ်း ပရဟိတ လုပ်ငန်းတွေလုပ်နေတဲ့ Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေ ရိကန် သမ္မတဟောင်း ဘီလ်၊ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခုလို တွေ့ဆုံခဲ့ရာ သမ္မတဦးသိန်းစိန် တည်းခိုတဲ့ ဟိုတယ်လ်မှာပဲ ဗွီအိုအေ မြန်မာပိုင်းက သွားရောက်ပြီးတော့ သတင်းယူနေတဲ့ ဦးရော်နီညိမ်းကို မေးမြန်းတင်ပြထားပါတယ်။

မေး။ ။ ဦးရော်နီရေ့- သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုကို ဦးရော်နီမြင်ရ သိရတာတွေ ပြောပြပေးပါ အုံးရှင်။

ဖြေ။ ။ ဟုတ်ကဲ့။ အခု နောက်ဆုံးတွေ့ဆုံမှုကတော့ အရေးအကြီးဆုံးပဲပေါ့နော်။ အဲဒီကနေပဲ စပြော လိုက်ပါမယ်။ အခု မိနစ်ပိုင်း ကလေးကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြန်လည် ထွက်ခွာ သွားခဲ့ပါပြီ။ သူက ဝန်ကြီးလေးဦးပါဝင်တဲ့ သမ္မတ ဦးသိန်း စိန်အဖွဲ့နဲ့ မိနစ် လေးဆယ်လောက် ဆွေးနွေး သွားပါတယ်။ အဲဒီတော့ ပြီးလို့ရှိရင် ဘာတွေ ပြောလဲဆိုတာ အကျဉ်း ချုပ်ပြောပြမယ်ဆိုပြီး သံအမတ်ကြီး ဦးသန်းဆွေက ပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောပြပါတယ်။

သူ ပြောတဲ့ အဓိက နှစ်ချက်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတွေကို အသိ အမှတ်ပြု ချီးကျူးတယ်၊ နောက်တခုက လူ့အခွင့်အရေးတိုးတက်မှု ရှိလာတာတွေလည်း အသိ အမှတ်ပြု ချီးကျူးတယ်။ ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ Workshop ကြီးတခုကို အမေရိကန် အစိုးရကနေပြီးတော့မှ ကမကထပြုပြီး မြန်မာနိုင်ငံမှာ လာကျင်းပပေးချင် တယ် ဆိုတာကို ပြောတယ် ဆိုပြီးတော့ သံအမတ်ကြီး ဦးသန်းဆွေက ကျနော်တို့ကို ပြန်ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီးဟီလာရီကလင်တန်နဲ့အတူ လိုက်ပါလာတဲ့ နိုင်ငံခြားသတင်း ဌာ နတွေ ပြန် ပြောပြတာကတော့ အရေးအ ကြီး ဆုံးအချက်ပေါ့နော်။ မြန်မာနိုင်ငံကနေပြီးတော့ အမေရိ ကန် ပြည်ထောင်စုကို ရောင်းချဖို့ ပိတ်ပင်ထားတဲ့ ပို့ကုန်တွေ ပိတ်ပင်ထားမှုကို ရုပ်သိမ်း လိုက်တော့ မယ် ဆိုတာကို နိုင်ငံခြားသတင်းထောက်တွေဆီကနေ တဆင့် ပြန်သိရပါတယ်။ အဲဒါ ကတော့ ကျနော်တို့ မြန်မာအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ သံအမတ်ကြီးတို့ကတော့ ကျနော်တို့ကို မပြော သွားပါဘူး။ အဲဒါကတော့ အကြောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ရိုက်တာအပါအဝင် တခြားသတင်းဌာနတွေ ကတော့ ပြောသွားပါပြီ။

မေး။ ။ ဟုတ်ပါပြီ။ ဦးရော်နီ-

ဖြေ။ ။ အဲဒါကတော့ ဟီလာရီကလင်တန်နဲ့ပတ်သက်ပြီး သိရတဲ့ ကိစ္စပါ။

မေး။ ။ ဟုတ်ပါပြီ၊ ဦးရော်နီ။ အဲဒီတော့ ဟီလာရီကလင်တန်နဲ့တွေ့တဲ့အခါမှာ ဒီလိုမျိုး တိုးတက်မှုတွေ ကိုတော့ သိရပြီပေါ့လေ။ ဒီကနေ့ကတော့ အမေရိကန်မှာ အခုလောလောဆယ်က ဗုဒ္ဓဟူးနေ့ပဲ ရှိသေး တယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့သူတွေထဲမှာ အခုနက ဦးရော်နီညိမ်း ပြောသွား သလိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါတယ်၊ တခါ ထိုင်းဝန်ကြီးချုပ်တို့နဲ့ လည်း တွေ့တယ်…..

ဖြေ။ ။ အဲဒီမတိုင်ခင်မှာ ပထမဆုံးပေါ့နော်- နေ့လည်နှစ်နာရီမှာ သမ္မတဟောင်း ဘီလ် ကလင် တန် ရောက်လာပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ ဦးသိန်းစိန်နဲ့ တနာရီ နီးပါး တွေ့ ဆုံဆွေးနွေး သွားပါတယ်။ ဘာတွေ ဆွေးနွေးသွား တယ်ဆိုတာတော့ ကျနော်တို့ မသိရပါဘူး၊ နောက် တခါ နေ့လည် သုံးနာရီလောက်မှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း…

မေး။ ။ ဟင်နရီ ကစ်ဆင်းဂျားနဲ့….

ဖြေ။ ။ ဟင်နရီကစ်ဆင်ဂျာ မလာခင်မှာ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် အရင်လာပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်လာတဲ့အခါမှာ သူကလည်း သမ္မတဦးသိန်းစိန်နဲ့ မိနစ် သုံး ဆယ် လောက် ဆွေးနွေးသွားပါတယ်။ နောက်ပြီးတော့မှ တတိယမြောက် ရောက်လာတဲ့ ပုဂ္ဂိုလ် ကတော့ ဟီလာရီကလင်တန်မတိုင်ခင် ရောက်လာတဲ့ ပုဂ္ဂိုလ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာပါ။ သူကတော့ အသက်အရွယ် ထောက်နေပြီဆိုတော့ တုတ်ကောက်လေး တချောင်းနဲ့ ရောက်လာပါတယ်။ အဲဒီတော့ ဒီကနေ့မှာ သမိုင်းဝင် ပုဂ္ဂိုလ်တွေပေါ့နော်- အပါအဝင် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင် နှစ်ယောက် လို့ ပြောရမယ့် မစ္စ်ရှင်နာဝပ်နဲ့ မစ္စက် ကလင်တန် အပါအဝင် ဟင်နရီကစ်ဆင်ဂျာတို့၊ ဘီလ်ကလင်တန် တို့နဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ဒီဟိုတယ်လ်က အစည်းအဝေး ခန်းမထဲမှာ ဆွေးနွေးကြပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ အဲဒီတော့ တွေ့ဆုံတာက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတာက ဟီလာရီ ကလင်တန်တို့၊ ယင်း လပ်တို့ဆိုတာကတော့ လက်ရှိ တာဝန်ယူထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေပေါ့လေ။ ဒါပေမဲ့ ဘီလ် ကလင်တန် တို့၊ ဟင်နရီကစ်ဆင်းဂျာတို့ကတော့ လက်ရှိ တာဝန်ယူသူတွေ မဟုတ်တော့ သူတို့နဲ့တွေ့တာကရော ဘယ်လိုကြောင့်လို့ ဦးရော်နီ အနေနဲ့ သိရပါလဲရှင့်။

ဖြေ။ ။ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်ဂျာတို့ကျတော့ သူတို့လက်ရှိ အစိုးရတာဝန်တွေ ထမ်းဆောင်နေသူတွေ မဟုတ် ပေမဲ့လည်း အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဖောင်ဒေးရှင်းတွေ ရှိတယ်။ ကလင်တန် ဆိုလည်း ကလင်တန်ဖောင်ဒေးရှင်း၊ ကစ်ဆင်ဂျာရဲ့ Think Tank လို အဖွဲ့တွေ ရှိတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြ ဖွယ်ရှိတယ် လို့ မှန်းဆရပါတယ်။ အဲလိုလည်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွတ် သိရပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ နောက်ဆုံးသိချင်တာကတော့ မနက်ဖြန် အမေရိကန်ရဲ့ ကြာသာ ပတေးနေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အကြောင်း ဦးရော်နီသိထားတာ ပြောပြပေးပါအုံးရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ မနက်ရှစ်နာရီခွဲရင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် က မြန်မာနိုင်ငံခေါင်းဆောင် အနေနဲ့ မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ ညနေ လေး နာရီ ကျရင်တော့ Asia Society က ကျင်းပတဲ့ ဟော ပြောပွဲမှာ သမ္မတဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ အကြောင်းတွေကို တက်ရောက် ဟောပြောပြီးတော့ သူ့ကိုလည်း တက်ရောက် လာတဲ့ ပရိသတ် က မေးခွန်းမေးတာ၊ သူက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီရေ၊ အခုလိုမျိုး ဟိုတယ်လ်မှာတင် စောင့်ကြည့်နေပြီး သတင်းပေးပို့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။


Ref: ဗွီအိုအေ

Read More...

လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန် ဦးစားပေးဆောင်ရွက်မည်

မနန္ဒာချမ်း
26.09.2012

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံမှာ မနေ့ အင်္ဂါနေ့က မိန့်ခွန်းပြောကြားအပြီး ကုလသမဂ္ဂဌာနချုပ်မှာပဲ ကျင်းပတဲ့ Clinton Global Initiative ဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမယ့် အစီအစဉ်သစ်တွေကို ချပြခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာပဲ မြန်မာနိုင်ငံ က ပြောင်းလဲတိုးတက်လာနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ချီးကျူးပြောခဲ့သလို အဓမ္မ လုပ်အားပေးစေခိုင်းမှုနဲ့ ကလေးစစ်သားပြဿနာ ကိစ္စရပ်တွေကိုလည်း မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံစဉ် သူ ဆွေးနွေး ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြော ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် Dan Robinson ပေးပို့ ထားတဲ့ ဆောင်းပါးကို အခြေခံပြီး မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားက ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ Clinton Global Initiative ဆွေးနွေးပွဲမှာ လူမှောင်ခိုမှု တိုက်ဖျက်ရေး ကြိုးပမ်းမယ့် အစီအစဉ်သစ်တွေကို ကြေညာခဲ့ပြီး လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ကြီးမားတဲ့ လူ့အခွင့်အရေးကိစ္စရပ် တခု အဖြစ် ရည်ညွှန်းပြီး ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးဟာ ယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀ိုင်းမှာ မရှိသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

“လူသားမျိုးနွယ်အတွက် ဒီကိစ္စဟာ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ လုပ်ရပ်ပါ။ လူမှုအသိုင်းအ၀ိုင်းတိုင်းက စိုးရိမ်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျနော်တို့ လူမှုအသိုင်းအ၀ိုင်းဆိုတဲ့ ဇာပုဝါကို ဆုတ်ဖြဲနေလို့ပဲ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတိုင်းမှာလည်း စိုးရိမ်စရာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါက ဈေးကွက်မှာ အနှောင့်အယှက် ဖြစ်တတ်လို့ပါ။ တိုင်းပြည်တိုင်းက စိုးရိမ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများပြည်သူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပြု နေသလို အကြမ်းဖက် မှုတွေ ရာဇ၀တ်ဂိုဏ်းတွေကိုလည်း အားပေးရာ ရောက်နေပါတယ်။ ကျနော်ပြောနေတာဟာ တရားမျှတမှု ကင်းမဲ့နေတဲ့အကြောင်းနဲ့ လူမှောင်ခိုကူးမှုဟာ ဒီကနေ့ခေတ် ကမ္ဘာကြီးရဲ့ ကျေးကျွန်လုပ်ငန်းလို့တောင် တကယ်တမ်း ခေါ်ရမယ့် ကိစ္စကို ပြောနေတာပါ။”

သမ္မတအိုဘားမားကတော့ အမေရိကန်အစိုးရရဲ့ ကန်ထရိုက် ငှားရမ်းခိုင်းစေတဲ့ ၀န်ထမ်းတွေဟာ အဓမ္မ လုပ်အားပေးစေခိုင်းမှု တွေနဲ့ ဆက်နွယ်မှု မရှိရလေအောင် ပိုမိုတင်းကြပ်တဲ့ မူဝါဒတွေ ချမှတ်ဖို့ သမ္မတရဲ့ အာဏာနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လူမှောင်ခိုကူးမှုတွေကို ထောက်လှမ်းနိုင်ဖို့နဲ့ သားကောင်ဖြစ်ကြရသူတွေကို ကူညီဖို့ အစိုးရတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို လေ့ကျင့် သင်ကြားပေးဖို့ ကိစ္စတွေကိုလည်း သမ္မတက သူ့ရဲ့ အစီအစဉ်သစ်မှာ ထည့်သွင်းထားတာပါ။ ဒါ့အပြင် သားကောင် ဖြစ်ကြရသူတွေဟာ ရာဇ၀တ်သားတွေ မဟုတ်ကြဘူးလို့လည်း သမ္မတက အလေးထားပြောသွားပါတယ်။

လူမှောင်ခိုမှုရဲ့ သားကောင်ဖြစ်ကြရသူတွေကို အကူအညီပေးနိုင်ဖို့အတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်ရေးနဲ့ အမေရိကန် ပြည်ထောင်စုက လူမှောင်ခိုမှုလုပ်ငန်းတွေရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နိုင်မယ့် မဟာဗျူဟာတရပ်ကို အကောင်အထည် ဖော်မယ့် အစီအစဉ်ကိုတော့ သမ္မတက အထူးတာဝန်ပေးထားတဲ့ အဖွဲ့ကနေ ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အစီအစဉ်သစ်တွေနဲ့ပတ်သက်လို့ ပြောဆိုရာမှာလည်း အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သားကိစ္စတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူတဦးအဖြစ် မကြာသေးခင်တုန်းကမှ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတအိုဘားမား က ရည်ညွှန်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ ဆက်နိုင်အောင် ကျနော်တို့ အားပေးသွား မှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ဆိုတာဟာ တသံတည်း တညီတညွတ်တည်း ရှိဖို့လိုနေလို့ပါ။ ကျနော်တို့ သားသမီး တွေဟာ ရောင်းကုန်တွေ မဟုတ်ကြပါဘူး”

မဲခေါင်မြစ်ဝှမ်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ စီမံချက် UNIAP ရဲ့ စီမံချက်ညှိနှိုင်းရေးမှူး မဥမ္မာ အိအိချော ကတော့ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ လူကုန်ကူးမှု အခြေအနေနဲ့ပတ်သက်ပြီး ဗဟုသုတတွေ ပိုများလာတာဟာ တိုးတက်မှု လက္ခဏာတရပ်ဖြစ်ပြီး အစိုးရအနေနဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရင်ကထက် ပိုပြီး ဖိဖိစီးစီး လုပ်ဆောင် နေတာ တွေ့ရပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေဆဲလို့ အခုလို ပြောဆိုခဲ့ပါတယ်။

“လူကုန်ကူးမှုရဲ့ သဘောသဘာဝအရပေါ့နော် လျော့သွားလား၊ တိုးသွားလား ဆိုတာကတော့ ပြောရ ခက်တာပေါ့။ မနှစ်ကကျတော့ တနှစ်လုံးမှာ ၁၃၆ မှု ရှိတယ်။ ဒီနှစ်မှာကျတော့ အခုအချိန်ထိကတော့ ၈၂ မှု ရှိတယ်ဆိုတော့လေ အမှု အရေအတွက်နဲ့ကတော့ တိုးသွားခြင်း၊ လျော့သွားခြင်း က သိပ်ပြီး မကွာတာကို တွေ့ရပါတယ်။ ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဆိုရင်တော့ ကျမ ထင်ပါတယ် အထူးသဖြင့်တော့ တရားဥပဒေ စိုးမိုးရေးအပိုင်း၊ ပြီးတော့ ဒီလိုမျိုးကိစ္စတွေမှာ ၀န်ထမ်းတွေရဲ့ အသိအမြင်တွေ ပိုရှိလာဖို့ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေနဲ့ ကိုယ့်ရဲ့ တာဝန်ယူမှုတွေကို ဒီ့ထက် ပိုပြီးတော့မှ တိုးမြှင့်လာဖို့က အဓိက လိုအပ်မယ်လို့ ထင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ လူမှောင်ခိုမှုတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက် ဦးဆောင်သွားမှာဖြစ်တယ်လို့ ကတိပြုရင်း သမ္မတအိုဘားမားက ကွန်ဂို၊ အင်ဒိုနီးရှားနဲ့ အမေရိကန်က လူမှောင်ခိုမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ တက်တက် ကြွကြွ ပါဝင်သူ အမျိုးသမီး ၃ ဦးကိုလည်း အသိအမှတ်ပြု ချီးကျူးစကားပြောဆိုသွားပါတယ်။

သန်းနဲ့ချီရှိနေကြတဲ့ လူမှောင်ခို ကူးခံရသူတွေအတွက် သတင်းစကား အဖြစ်နဲ့လည်း ဒီလူတွေကို ရှာဖွေ ကူညီရင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ဖြစ်အောင် ကူညီမယ်လို့လည်း ကတိပြု ပြောဆို သွားခဲ့ပါတယ် ရှင်။


Ref: ဗွီအိုအေ

Read More...

ပညာရေးအကြောင်း ကုလမှာ ဒေါ်အောင်ဆန်းစု ကြည် ဆွေးနွေးမည်

မအေးသန္တာကျော်
26.09.2012

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေခိုက် ခရီးစဉ်တလျှောက်လုံးမှာ မြန်မာနိုင်ငံရဲ့ပညာရေးစံနစ် တိုးတက်အောင် ဆောင် ရွက်ဖို့ ပြောနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒေသံစံတော်ချိန် မွန်းလွဲပိုင်းမှာ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ကနေ ကမကထပြုပြီး ကျင်းပ မယ့် Education First ပညာရေးသာ ပထမ ဆိုတဲ့ အစည်းအဝေး ပွဲမှာ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မားပြီး ကမ္ဘာ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ပညာရေးစံနစ် ပေါ်ထွန်းဖို့ အတွက် နိုင်ငံ့ခေါင်းဆောင်တွေ၊ မူဝါဒ ချမှတ်သူတွေ၊ စီးပွားရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေလည်း ဒီဆွေးနွေးပွဲမှာ ပါဝင်ကြမှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ မအေးသန္တာကျော်က ဆက်ပြီး ပြောပြပေးပါရှင်။

Education First ပညာရေးသာ ပထမဆိုတဲ့ ကုလသမဂ္ဂမအတွင်းရေးမှူးချုပ်ရဲ့ Global Initiative for Education - ကမ္ဘာလုံးဆိုင်ရာ ပညာရေးအစပျိုးဆောင်ရွက်မှုကို ဒီကနေ့- စက်တင်ဘာလ ၂၆ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ ဒေသ စံတော်ချိန် မွန်းလွဲပိုင်းမှာ စတင်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ၆၇ ကြိမ် မြောက် အထွေထွေညီလာခံကျင်းပနေတဲ့ နယူး ယောက် မြို့၊ ကုလသမဂ္ဂရုံးချုပ်က စီးပွားရေးနဲ့ လူမှုရေး ကောင်စီ ခန်းမမှာ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး ဒီကိစ္စကို ဆွေးနွေးမှာပါ။

အခုလိုမျိုး သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေး အစပျိုးဆောင်ရွက်မှုမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် နိုင်မယ့်အတွက် အထူးဝမ်း မြောက်မိပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။

“စက်တင်ဘာ ၂၆ ရက်နေ့မှာ စတင်မယ့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးသာ ပထမ-အစပျိုး ဆောင် ရွက်မှုမှာ ဒေါ်အောင်ဆန်း စုကြည် ပါဝင်တာကို ကျနော်တို့ အထူး ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂ နဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေးခေါင်း ဆောင်တယောက်အဖြစ်နဲ့ သူကိုယ်တိုင်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်အတော်များများကို ကျနော်တို့ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေ စီ ပေါ်ထွန်းရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောဖြစ်ခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပါဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု ခရီးစဉ် တလျှောက်လုံး အခန်းအနား တွေမှာ မြန်မာနိုင်ငံက ပညာရေးနဲ့ပတ်သက်လို့ ထည့်သွင်းပြောကြားနေ တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို စက်တင် ဘာလ ၁၇ ရက်နေ့မှာ ရောက် လာခဲ့ပြီး နောက်တနေ့မှာပဲ ဗွီအိုအေ အမေရိကန်အသံ ဌာနချုပ်ကို ရောက်တာတော့ အမေရိ ကန် နိုင် ငံခြားရေးဝန်ကြီး ဌာနဆိုင်ရာ ဗွီအိုအေသတင်းထောက် Scott Sterns နဲ့ ရုပ်/သံမေးမြန်းခန်း မှာလည်း မြန်မာ လူငယ်တွေအတွက် လက်တွေ့ကျတဲ့ ပညာရေးစံနစ် ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေလည်း ဆိုတာကို ဒေါ်အောင် ဆန်းစုကြည် က ပြောသွားခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ပညာရေးအဆင့်ကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ မူလတန်း ပညာရေးကိုပဲ ပြောတာ မဟုတ်ပါဘူး။ အလယ်တန်း ရော တက္ကသိုလ်အဆင့် ပညာရေးကိုပါ ပြောတာပါ။ ကျမတို့နိုင်ငံက ပညာရေးစံနစ်က တော်တော် ညံ့ဖျင်းနေတာပါ။ ဒီနေရာ မှာ မူလတန်းပညာရေးလို့ ပြောမယ် ဆိုရင်လည်း ကလေးမီးမဖွားခင်မှာကတည်းက ကိုယ်ဝန်ဆောင်မိခင်က အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးပြီးတော့ ကလေးရဲ့ဖွံ့ဖြိုးမှု အဆင့်ဆင့်အတွက် ဂရုစိုက်ရမှာပါ။

ဒါပေမဲ့ လောလောဆယ်တော့ အသက်မွေးဝမ်းကျောင်းမှု ပညာရေးအပိုင်းကို အလေးထား ပြောချင် ပါတယ်။ ကျမတို့ နိုင်ငံမှာ ညံ့ဖျင်းတဲ့ပညာရေးစံနစ်ကြောင့် ထိခိုက်နေရတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းမှု ပညာရေးက အထူးလိုအပ်နေ တာပါ။”

ဒီကနေ့ ကျင်းပမယ့် Education First ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သူ့ရဲ့ အစပျိုး ဆောင်ရွက်မှုနဲ့ပတ် သက်လို့ အသေးစိတ် ပြောပြမယ့်အပြင် အခမ်းအနား တက်ရောက်လာကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ စီးပွား ရေးနဲ့ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေက ကမ္ဘာပေါ်မှာ အဆင့်အတန်းမြင့်ပြီးတော့ ကမ္ဘာ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့်၊ လူတိုင်းပါ ဝင်ခွင့်ရမယ့် ပညာရေးစံနစ် ပေါ်ထွန်းဖို့ ဝိုင်းဝန်းပြီး ဆွေးနွေးကြမှာပါ။

ကမ္ဘာ့လူထုအပေါ်မှာ သြဇာ လွှမ်းမိုးထားနိုင်သူ တချို့ကလည်း ဒီ ပညာရေးသာပထမ အစပျိုးဆောင် ရွက်မှုနဲ့ ပတ်သက်လို့ ဦးစားပေး အချက် သုံးချက်ကို ပြောပြပါလိမ့်မယ်။

တစ်-အချက်က ကလေးတိုင်း ကျောင်းတက်ခွင့်ရရှိဖို့၊ ဒုတိယအချက်က ပညာရေးဆိုင်ရာ အရည် အသွေး မြှင့်တင်ဖို့နဲ့ နောက် ဆုံး တချက်က ကမ္ဘာ့လူသားတိုင်း အရည်အချင်းပြည့်မီဖို့ ဖြစ် ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံ အတော်များများက အစိုးရတွေဟာ သူတို့နိုင်ငံသား ကလေး သန်းပေါင်း များစွာကို ပညာတတ်မြောက်အောင် ဆောင်ရွက်မပေးနိုင်တာကြောင့် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာပေါ်က ကလေးတိုင်း မူလတန်းအဆင့် ပညာ တတ်မြောက်ရေး ရည်မှန်းချက် ပြည့်ဝမှာ မဟုတ်တာ သေချာပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ရည်မှန်းချက် ပြည့်မီဖို့ ကုလသမဂ္ဂက အခု လိုမျိုး အစပျိုး ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ဒီကနေ့ နယူးယောက်မြို့က ကမ္ဘာလုံးဆိုင်ရာ ပညာရေးမြှင့်တင်မှုဆွေးနွေးပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပြင် ကာတာနိုင်ငံ အကြီး အကဲ စော်ဘွားကတော်၊ ဂျော်ဒန်မိဖုရားနဲ့၊ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန် ဘရောင်းတို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။


Ref:

Read More...

အာရှဓနနဲ့ မေဖလားဝါး ဘဏ်တွေပေါ်ပိတ်ပင်မှု အမေရိကန်ပယ်ဖျက်

26.09.2012

ငွေကြေးခ၀ါချမှုတွေနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်နှစ်ခုအပေါ် ကန့်သတ် ပိတ်ပင်ထားတာတွေကို အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက ပယ်ဖျက်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တချိန်က အကြီးဆုံးပုဂ္ဂလိကဘဏ် နှစ်ခုဖြစ်တဲ့ မေဖလားဝါးဘဏ်နဲ့ အာရှဓန ဘဏ်တွေကို အမေရိကန် ဘဏ္ဍာ ရေး လုပ်ငန်းတွေက ၀န်ဆောင်ခွင့် လုပ်ကိုင်ခွင့်မပေးဘဲ တားမြစ်ထားတာတွေကို ပယ်ဖျက်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ငွေကြေး ခ၀ါချတဲ့ အရင်းအမြစ် လုပ်ငန်းတွေ အဖြစ်နဲ့ရော ဒီဘဏ်နှစ်ခုရဲ့ လုပ်ငန်း ရှင်တွေဟာ တရားမ၀င် ဘဏ္ဍာရေး လုပ် ငန်းတွေနဲ့ ဆက်နွယ်တဲ့ လုပ်ရပ်တွေ ရှိနေတယ် ဆိုပြီး ၂၀၀၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ကတည်းက ဥပဒေအဖြစ် ထုတ်ပြန် တားမြစ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာ အစိုးရက မေဖလားဝါးနဲ့ အာရှဓန ဘဏ်တွေရဲ့လုပ်ငန်း လိုင်စင်တွေကို ပြန် လည် ရုပ်သိမ်းလိုက်တဲ့ အ တွက် ဒီလုပ်ငန်းတွေဟာ ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်နိုင်တော့တဲ့ အတွက် တားမြစ်ချက်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ကြေညာချက်က ဖော်ပြခဲ့တာပါ။

ဒီကြေညာချက် မတိုင်မီမှာဘဲ အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်နဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့် တားမြစ် ခံရသူတွေအဖြစ် သမ္မတ ဦးသိန်းစိန်အပေါ် ကန့်သတ် တားမြစ်ထားတာကိုလည်း ဘဏ္ဍာရေး ၀န်ကြီးဌာနက ပယ်ဖျက်ပေးခဲ့ပါ တယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရင်း အမေရိကန် ပြည်ထောင်စုကို ရောက်လာမယ့် ခရီးစဉ် မတိုင်မီမှာ ဘဲ သမ္မတဦးသိန်းစိန် အပေါ် အမေရိကန်နိုင်ငံတွင်း ခရီးသွားလာခွင့် တားမြစ်ချက်ကို သမ္မတ ဘရက်ခ် အိုဘားမားက ရုပ်သိမ်း ပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ထွက်ပေါ်လာတာနဲ့ အမျှ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေကို တဖြည်းဖြည်း လျှော့ပေါ့ပေးနေရာမှာ သမ္မတဦးသိန်းစိန်ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ ရောက်ရှိနေတဲ့အချိန်မှာ နောက်ထပ် ဖြေလျှော့မှုတွေ တွေ့မြင်ရနိုင်တယ်လို့လည်း မျှော်လင့်ချက်တွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။


Ref: http://burmese.voanews.com/content/the-us-lift-its-sanction-on-asia-wealth-bank-and-may-flower-bank/1515641.html

Read More...

သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစဉ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ VOA မေးမြန်းခန်း

ကိုဝင်းမင်း
26.09.2012

မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ စက်တင် ဘာလ ၂၇ ရက် ကြာသာပတေးနေ့ကျရင် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အမေ ရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ မနေ့ အင်္ဂါနေ့မှာပဲ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ ဗုဒ္ဓဟူး နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ တခြား သြဇာကြီးတဲ့ အမေရိကန်ထိပ်တန်း အရာရှိ ဟောင်း တွေနဲ့ လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အသေးစိတ်ကိုတော့ သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို မေးမြန်း ပြီး ကိုဝင်းမင်း က တင်ပြထားပါတယ်။

မေး။ ။ မနေ့က ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြလို့ရမလား။
ဖြေ။ ။ နယူးယောက်မှာ အတူတူရောက်နေကြတဲ့ ကျနော်တို့ဘက်ကလည်း နိုင်ငံတော် သမ္မတကြီး၊ ဟိုဘက်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမကြီးနဲ့ အတူတူ ရှိနေတော့ အမကြီးက လာပြီးတော့ နှုတ်ဆက်တာပေါ့ဗျာ။ တွေ့တယ်၊ စကားလေး ဘာလေး ပြောတယ်။ ရန်ကုန်မှာလိုပဲ၊ နေပြည်တော်မှာလိုပဲ တယောက်တယောက် ရင်းနှီးကြ တယ်လေ။ တွေ့ဆုံတယ်၊ ဒီသဘောပါ။

မေး။ ။ ဟုတ်ကဲ့။ ဒီတွေ့ဆုံပွဲမှာ အရေးပါတဲ့ တခြားကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့တာ ရှိလား။

ဖြေ။ ။ အဲဒီကိစ္စတွေ နည်းနည်းပါးပါး ရှိပါတယ်။ သို့သော်လည်းပဲ ဒါကတော့ ထုတ်ပြန်တာ မဟုတ်တဲ့ အတွက်ကြောင့် - ကိုဝင်းမင်းရာ- ကောင်းတဲ့ တွေ့ဆုံမှုလေးလို့ လောက်ပဲ ကျနော်က ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဘယ်လို အနေအထားကောင်းတဲ့ တွေ့ဆုံမှုလေးလို့ သုံးသပ်လို့ရလဲ ခင်ဗျ။
ဖြေ။ ။ အော်- လူကြီးတွေ တွေ့တာကောင်းတာပေါ့ဗျာ။ (ရယ်သံ) အရင်တုန်းက တယောက်နဲ့ တယောက် မျက်နှာချင်းဆိုင်လို့မှ မရတာ။ အခုဟာကတော့ အတူတကွ လုပ်ဖော်ကိုင်ဘက်တွေအဖြစ် တိုင်းပြည် တိုးတက်ဖို့၊ သန်းခြောက်ဆယ်ခန့်သော ပြည်သူတွေ တိုးတက်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု- စီးပွားရေး အကုန်ပေါ့ဗျာ။ ဒီအတွက် နှစ်ယောက်ရဲ့အားက နည်းတဲ့အားလားဗျာ။

မေး။ ။ ဟုတ်ကဲ့ ဝန်ကြီး၊ နောက်တခုက ဒီနေ့ တကယ့် အဆင့်မြင့် အရာရှိကြီးတဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နဲ့တွေ့ဆုံပွဲကရော ဘယ်လို ရည်ရွယ်ချက်တွေ ထားပြီးတော့ ဘာတွေ အဓိက ဆွေးနွေးဖို့ ရှိလဲမသိဘူးခင်ဗျာ။

ဖြေ။ ။ ဟီလာရီကလင်တန်နဲ့ မကြာခဏတွေ့ပါတယ်။ မကြာခဏဆိုတာ ခဏ ခဏတော့ မဟုတ် ဘူးပေါ့လေ။ ဟိုး ယခင်နှစ် ကာလတွေကတည်းကစလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမ- ဒီလာပြီးတဲ့ နောက် ပိုင်းကတည်းက တွေ့တာပဲလေ။ တလောလေးကပဲ ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap မှာ ထပ်တွေ့ တယ်လေ။ အခုလည်း တွေ့တာပေါ့။ တွေ့တဲ့အခါ ကောင်းတဲ့ရလဒ်တွေချည့်ပဲ ပေါ်ပေါ် လာတာပါပဲ။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်တာတွေနဲ့ ဆွေးနွေးကြတယ်။ သူကလည်း သူမြင်တာတွေ ဆွေးနွေး လေ့ ရှိတယ်။ ပြီးရင် အမေရိကန်အစိုးရ လုပ်သင့်လုပ်ထိုက်တာတွေလည်း သူက အမြန် အကောင်အထည် ဖော်ပေးတယ်လေ။ ဒါ- အလွန်ကောင်းတဲ့ တွေ့ဆုံမှုပေါ့။

မေး။ ။ ဟုတ်ကဲ့။ ဒီတွေ့ဆုံပွဲကနေ ဝန်ကြီးတို့ မျှော်လင့်ထားတာတွေရော ရှိပါလား။

ဖြေ။ ။ မျှော်လင့်ထားတာတွေ ပြောရမယ်ဆိုရင် ရှိတာပေါ့ဗျာ။ သို့သော်လည်း မျှော်လင့်ကောင်းတဲ့ အရာ မဟုတ်တော့ ကိုယ် က- ဒါက သူတို့အစိုးရရဲ့ကိစ္စလေ။ ကျနော်တို့ကလည်း ကျနော်တို့ ပြည်သူ လူထုအကျိုးအတွက် ပြုပြင်ပြောင်းလဲရတာကိုး။ သူတို့ အပိုင်းကလည်း သူတို့ လုပ်သင့်လုပ်ထိုက်တာ လုပ်ဖို့ သူတို့ မူဝါဒတွေ ချထားတာပဲ။ သူတို့က ကျနော်တို့နဲ့ ဟန်ချက်ညီညီ လိုက်ပြီး move လုပ်မယ် ဆိုရင်တော့ အလွန်လှပတဲ့ အကျိုးကျေးဇူးကို နှစ်ဘက်လုံးရမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ဝန်ကြီး၊ နောက်တခုက အခုခရီးစဉ်မှာ ဝန်ကြီးလေးပါးပေါ့နော်၊ နိုင်ငံခြားရေး ဝန်ကြီး ရယ်၊ ပြည်ထဲရေးနဲ့လူဝင် မှုကြိကြပ်ရေးရယ်၊ နောက် နယ်စပ်ရေးရာပေါ့နော်-ပါလာတာအပြင် လွှတ်တော် အမတ်နှစ်ဦးလည်းပါတဲ့အတွက် ဒီခရီးစဉ်မှာ နောက်ထပ်ပေါ့နော် နောက်နေ့ တွေမှာ လုပ်မယ့် အစီအစဉ်တွေမှာရော ဘယ်လိုအနေအထားတွေရှိမလဲ ဝန်ကြီးရေ။

ဖြေ။ ။ အားလုံးစုံအောင်ပေါ့ဗျာ၊ ဒီ Foreign Minister (နိုင်ငံခြားရေးဝန်ကြီး) ကတော့ သူ့ အလုပ် ကတော့ ဒီမူလ အလုပ် ပေါ့။ ကျနော်တို့ ပါလာတာကတော့ Investment (ရင်းနှီးမြှုပ်နှံ မှု) နဲ့ ပတ်သက် လို့ အခြားဟာတွေမေးမယ်ဆို ရင်လည်း စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံရေး လုပ်ငန်းတွေ မေးရင်လည်း ကျနော်တို့က နည်းနည်းပြောမယ်။ ဝန်ကြီး ဦးခင်ရီကလည်း သူနဲ့ ပတ်သက်တဲ့ Black List (အမည် မည်းစာရင်း) ကိစ္စတွေ၊ ဗီဇာတွေ၊ တခြားမှတ်ပုံတင် ကိစ္စတွေ၊ မှတ်ပုံတင် ဥပဒေ တွေမေးရင် သူဖြေ မယ်။ အဲ့လိုပဲ ဦးသိန်းဌေးက ရခိုင်ပြည်နယ် အရေးအခင်းကို သူက နယ်စပ်ဝန်ကြီးအနေနဲ့ သွားနေတဲ့ အတွက် သိချင်တဲ့ကိစ္စတွေ In-depth (နက်နက်ရှိုင်းရှိုင်း) ပေါ့လေ၊ သူတို့က ဖြေနိုင်ဖို့ အတွက် ခေါ် လာခြင်းဖြစ်ပါတယ်။

အလားတူပဲ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ကယားပြည်နယ်က ဦးစုရယ်၊ ကရင်ပြည်နယ်က ဦးထွန်းမြတ်အောင်၊ သူတို့ ကလည်း UN (ကုလသမဂ္ဂ) မှာ တက်ရောက် နားထောင်ပြီးတော့ exposure (ထိတွေ့မှု) တွေရပြီးတော့ ဗဟုသုတတွေ ပိုရလာစေဖို့ ကျနော်တို့က ဒီလို ဖွဲ့စည်းဆောင်ရွက်လာခြင်းဖြစ်တယ်လို့ ပြောလိုပါတယ်။

မေး။ ။ ဝန်ကြီးအနေနဲ့လည်း မြန်မာ community (အသိုင်းအဝိုင်း) နဲ့လည်းတွေ့မယ်ပေါ့ နော်၊ သမ္မကြီး က မတွေ့နိုင် သော် လည်းပဲ အဲ့လို ကြားထားတာ ရှိပါတယ်။ စနေနေ့မှာလို့ ကြားထားပါတယ်။ အဲ့ဒီတော့ ဒီခရီးစဉ်တခုလုံးကနေပေါ့နော်၊ ဝန်ကြီး တို့အနေနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရဖို့ မျှော်လင့်ထားပါလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ သမ္မတကြီးလုပ်နေတဲ့ Message (သတင်းစကား) တွေကို UN မှာ officially (တရားဝင်) ပေးလိုက်မှာပေါ့။ ဒါက တကမ္ဘလုံးက ဒီ Message အပေါ်မှာ သုံးသပ် ကြမယ်၊ အကဲဖြတ်ကြမယ်၊ ဒါက လုပ်ငန်းကြီးတခုပေါ့။ ကျနော်တို့ ရောက်တဲ့အခါမှာ မီဒီယာအဆင့်ဆင့်က ကျနော်တို့ကို မေးနေတာတွေ ကျနော်တို့က ပိုပြီးတော့ Transparency ဖြစ်ဖြစ်၊ ပွင့်ပွင့်လင်း လင်း မြင်မြင် သာသာ သူတို့မေးတာတွေကို ကျနော်တို့ ရှင်းပြလျှက် ရှိတယ်။ အခု ခင်ဗျားမေး သလိုပေါ့။ မေးတော့ ကျနော်တို့ ပြောတာပေါ့။ အလားတူပဲ သက်ဆိုင် တဲ့ community ပေါ့။ US မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ ကြုံရင်ကြုံသလို ကျနော်တို့ မေးမြန်း ဖြေကြားတာတွေ ဆောင်ရွက် မယ်၊ တခြား US က Civil Society တွေဖြစ်တဲ့ တခြားဟာတွေ ပေါ့။ Asian Society တို့လို၊ US Asean Business Council တို့လို၊ US Chambers Commerce တို့လို စသဖြင့် ဒါတွေလည်း ကျနော်တို့ ထိတွေ့သွားမယ်လေ။ ဒါလေးတွေကို ကျနော်တို့ အလျဉ်းသင့်သလို ဆောင်ရွက်သွားဖို့ ရှိပါတယ်လို့ ပြောချင်ပါတယ်။ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကတော့ UN မှာ နိုင်ငံတော် သမ္မတအနေ နဲ့ ပြောသင့်ပြောထိုက်တာတွေ၊ တင်ပြသင့် တင်ပြထိုက်တာတွေ တင်ပြခွင့်ရဖို့အတွက် လာတဲ့ ခရီးစဉ်ပဲဖြစ်ကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီးခင်ဗျား။

ဖြေ။ ။ ကောင်းပါပြီ ခင်ဗျ။


Ref:

Read More...

NGOs, INGOs (၃၆) ဖွဲ့ ဆွေးနွေးပွဲကျင်းပ

2012-09-26

အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ NGOs, INGOs (၃၆) ဖွဲ့နဲ့ ရှေ့ဆက်လုပ်ငန်း တာဝန်တွေ ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။

အန်ဂျီအိုတွေအနေနဲ့ နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကူညီပေးသင့်တဲ့အကြောင်းကို အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းကြည်က တွေ့ဆုံဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့ပါတယ်။

"လက်ရှိ ပကတိအခြေအနေမှာ တချို့က စားရေးဒုက္ခရောက်တယ်။ တချို့က နေရေးဒုက္ခရောက်တယ်။ ဒီလူတွေ ဆင်းရဲတွင်းထဲက လွတ်ဖို့က နိုင်ငံတော်မှာ တာဝန်ရှိတယ်။ မဏ္ဍိုင် ၃ရပ်မှာ တာဝန်ရှိသလို အန်ဂျီအို အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်"

ဆွေးနွေးပွဲမှာ လက်ရှိ အန်ဂျီအိုတွေရဲ့ လိုအပ်ချက်တွေကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အောင်ထွန်းသက်ကလည်း အခုလိုပြောပါတယ်။

"အန်ဂျီအိုတွေရဲ့ အခြေအနေတွေကို နားထောင်ပေးပါ။ ဆရာတို့ကို ကူပေးပါ။ အန်ဂျီအိုတွေ ဘက်ကလည်းပဲ ကိုယ်ရတဲ့ ကိုယ် နေရာကနေ လုပ်ပေးပါ့မယ်လို့ အာမခံရင်း ကျေးဇူးတင်အပ်ပါတယ်"

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူဦးရေ သန်းခြောက်ဆယ်ကျော် နေထိုင်တဲ့ထဲမှာ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေ ဖြစ် ကြပြီး ယခုအချိန်အထိ ကျေးလက်နေ ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနိမ့်ကျမှု၊ ကျန်းမာရေး အသိပညာ နိမ့်ကျမှုတွေ နဲ့ သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။


Ref:

Read More...

ရွှေဝါရောင်တော်လှန်ရေး (၅) နှစ်ပြည့်အခမ်းအနား မန္တလေးတွင်ကျင်းပ

2012-09-26

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းမှာရှိတဲ့ မြ၀တီမင်းကြီး ကျောင်းတိုက်မှာ ရွှေဝါရောင် တော်လှန်ရေး (၅) နှစ်ပြည့် အခမ်းအနားအဖြစ် ဆွမ်းကျွေးရေစက်ချ အခမ်းအနားနဲ့ ဟောပြောပွဲ အခမ်းအနားကို အပိုင်းနှစ်ပိုင်းခွဲ ကျင်းပခဲ့တယ်လို့သိရပါတယ်။

အခမ်းအနားကျင်းပတာနဲ့ ပတ်သက်ပြီး အခမ်းအနား ကျင်းပရေး ကော်မတီ ဦးဆောင်ဆရာတော် မြ၀တီမင်းကြီး ကျောင်းတိုက် ပဓာနနာယက ဦးအရိယာဝံသာ ဘိဝံသက သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုမိန့်ကြားခဲ့ပါတယ်။

"အားလုံးပါဝင်ခဲ့ကြတဲ့၊ စွန့်စားခဲ့ကြတဲ့ သက်ရှိထင်ရှား ရှိတာရော၊ မရှိတာရော ဒီပုဂ္ဂိုလ်တွေကို ဂုဏ်ပြုချင်လို့ တန်ဖိုးထားလွန်းလို့ ဒီပွဲကို ဘုန်းကြီးတို့ ကြိုးစားပြီး ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ နောက်ဒီပွဲရဲ့ အဓိက ဦးတည်ချက်ကလည်းပဲ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရဲ့ ညီညွတ်ရေး ဇာတ်လမ်းသစ်အတွက် ကမ္ဘာက အလေးထားရတဲ့ ဇာတ်လမ်းသစ် တစ်ခုအတွက် ဒီပွဲကို ကျင်းပရတာ ဖြစ်တယ်"

ဟောပြောပွဲ အခမ်းအနားကို နေ့လည်တစ်နာရီမှာ စတင်ခဲ့ပြီး အခမ်းနားမှူးအဖြစ် ၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလက မန္တလေး ဂဠုန်နီ သပိတ်စစ်ကြောင်း ဦးဆောင်ဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကာဝိယက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားဖွင့်လှစ်ပြီးနောက်မှာ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ခဲ့ပြီး အခုကျန်းမာရေးအရ လူဝတ်လဲထားတဲ့ ဦးဂမ္ဘီရနဲ့ တက်ရောက်လာတဲ့ ပရိတ်သတ်တွေကို မိတ်ဆက်ပေးပြီး မြ၀တီဆရာတော်က အဖွင့်မိတ်ဆက်စကား မိန့်ကြားပါတယ်။

အဲဒီနောက်မှာ ဒေသအသီးသီးက သံဃကိုယ်စားလှယ်တွေ၊ နိုင်ငံရေး အဖွဲအစည်းတွေက သ၀ဏ်လွှာတွေ ဖတ်ကြားပြီး သဘော ထားကြေညာချက် (၈) ချက်ကို ထုတ်ပြန်ပြီး ညနေ ၃ နာရီ ၁၅ မိနစ်မှာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီခွဲ ပထမပိုင်းအစီအစဉ်မှာတော့ ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားကြသူတွေအတွက် မန္တလေးတိုင်း သံဃ နာယက ဥက္ကဋ္ဌဆရာတော်၊ တောင်ထီးလင်း ဆရာတော် စတဲ့ မန္တလေးမြိုပေါ်က အထင်ကရ ဆရာတော်တွေကို ဆွမ်းကျွေးအလှူ ပြုလုပ်ပြီး ရေစက်ချ အမျှအတန်း ပေးဝေခဲ့ကြတယ်လို့ သိရပါတယ်။

အထိမ်းအမှတ် အခမ်းအနားပွဲကြီးကို နိုင်ငံအနှံ့က သံဃာ့ကိုယ်စားလှယ်တွေ၊ ဆရာတော် ဦးဝီရသူအပါအ၀င် မန္တလေး၊ စစ်ကိုင်း စတဲ့ သံဃာတော်တွေ၊ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကို ဦးဆောင်တဲ့ မန္တလေးဗကသအဖွဲ့၊ မန္တလေးနိုင်ငံရေး အသိုင်းအ၀ိုင်းက သူတွေ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး အနှောက်အယှက် တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။


Ref: အာရ်အဖ်အေ

Read More...

ရခိုင်ဒေသလူထုအစည်းအဝေး ဆုံးဖြတ်ချက် ကုလသမဂ္ဂသို့ တင်ပြတောင်းဆိုမည်

2012-09-26

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ မနေ့ကစပြီး ၂ ရက်ကြာ ကျင်းပပြုလုပ်နေတဲ့ ရခိုင်ဒေသ လူထုအစည်းအဝေးကို ဒီကနေ့ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ ရခိုင်ပြည်နယ်တစ်ခုလုံးက လူထုကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်နယ်စပ်ဒေသမှာ တရားမဝင် ခိုးဝင်သူတွေ ရှိနေတဲ့အတွက် ပင်လယ်ပြင်နဲ့ နယ်စပ်လုံခြုံရေးကို အခိုင်အမာ တည်ဆောက်ပေးဖို့၊ ရခိုင်ဒေသက ထွက်ရှိတဲ့ သယံဇာတတွေကို ဒေသခံ ပြည်သူတွေအတွက် ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို နိုင်ငံတကာရဲ့ စံချိန်စံနှုန်း တွေအတိုင်း ပြည်ထောင်စု အစိုးရက ခံစားခွင့်ပေးဖို့၊ မြန်မာနိုင်ငံရှိ ဘင်္ဂါလီတွေရဲ့ လူဦးရေ ပေါက်ပွားနှုန်းကို ထိန်းချုပ်နိုင်တဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေပါဝင်တဲ့ အချက် ၁၈ ချက်ကို နိုင်ငံတော် အစိုးရကို တင်ပြတောင်းဆိုသွားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်တွေကို ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်) အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်တဲ့ ကိုခိုင်ကောင်းစံက အစည်းအဝေးမှာ ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေအရ ရခိုင်နဲ့ဘင်္ဂါလီ အတူယှဉ်တွဲ နေထိုင်ခြင်း၊ မြန်မာနိုင်ငံမှာ လုံးဝမရှိတဲ့ လူမျိုးဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ပြည်တွင်း ပြည်ပ မီဒီယာတွေက သုံးစွဲနေခြင်း၊ ရခိုင်တစ်မျိုးသားလုံး ရဲ့ အထွတ်အမြတ်ထားတဲ့ ဘာသာရေး ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတ၊ လက္ခဏာ အမှတ်အသားတွေကို ဘင်္ဂါလီ လူမျိုးခြားတွေက ပုံတူကူးယူ အသုံးပြုနေကြခြင်း စတဲ့အချက်တွေ ပါဝင်တဲ့ ကန့်ကွက်ချက် ၆ ချက်ကိုလည်း ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ကြ ပါတယ်။

မနေ့က စတင်ကျင်းပခဲ့တဲ့ ဒီလူထုအစည်းအဝေးမှာ အာဏာပိုင်တွေက လူပေါင်း ၃၅၀ သာ ခွင့်ပြုထားပေမယ့် ဒီကနေ့မှာတော့ ဒေသတွင်းမြို့နယ်တွေက လူပေါင်း ၃၀၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးဆုံးဖြတ် အတည်ပြုတဲ့ အချက်တွေကို နိုင်ငံတော် သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌတွေ၊ ရခိုင်ပြည်နယ် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြတောင်းဆို သွားမယ်လို့လည်း သိရပါတယ်။


Ref: အာရ်အဖ်အေ

Read More...

ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့်အခမ်းအနားကျင်းပ

2012-09-26

ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့်အခမ်းအနားကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက NLD ပါတီဝင်တွေ၊ နိုင်ငံရေး အကျဉ်း သားဟောင်းတွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ်မှာရှိတဲ့ မကွေးပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်း (၉) နာရီက ကျင်းပခဲ့ပါတယ်။

ပြည်သူလူထုအရေးကို ၀ိုင်းဝန်း တောင်းဆိုပေးတဲ့ ရွေဝါရောင် သံဃာတော်တွေရဲ့ ကိစ္စတွေကို နိုင်ငံရေးသမားတွေအနေနဲ့ ကူညီ ပေးရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကအဖွဲ့ဝင် ဦးဝင်းတင်က အခမ်းအနားမှာ အခုလို ထည့်သွင်းပြော ကြားခဲ့ပါတယ်။

"စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ ပြည်သူတွေလည်း ဒုက္ခရောက်နေတယ်။ သံဃာတော်တွေက မနေနိုင်ဘဲနဲ့ မေတ္တာပို့ တဲ့ နည်းများနဲ့ ပြည်သူတွေရဲ့ဘက်ကနေ ရှေ့ကနေပြီးတော့ ရပ်တည်ခဲ့တယ်။ အဲ့ဒါကြောင့်မို့ ရွေဝါရောင် တော်လှန်ရေး ဆိုတာ ကြီးက ပေါ်ခဲ့တယ်။ စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ထားတဲ့ဟာ ရှိခဲ့တာကြောင့် ဒီရွေဝါရောင် တော်လှန်ရေးဆိုတာ လည်း ပြီးဆုံးမယ်လို့ ပြောနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သံဃာတော်တွေကို ဒကာ ဒကာမတွေဘက်က နိုင်ငံရေး အင်အား စုတွေ ဘက် ကရော ကျောင်းသားလူငယ်တွေ အားလုံး ဆရာတော် သံဃာတော်တွေနဲ့အတူ ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ၀ိုင်းဝန်းကြဖို့လိုမယ်။ ရွေဝါရောင်ကို မမေ့ကြဖို့ တိုက်တွန်းပါတယ်"

ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နာယကအဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးအုန်းကြိုင်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ မဂ္ဂင်ကျောင်းတိုက် ဆရာတော်တွေ အပါအဝင် လူပုဂ္ဂိုလ် (၅၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။ ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးနယ်ပယ် အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင်တနသာင်္တိုင်း မြိတ်မြို့နယ်မှာလည်း ဒေသခံ NLD လူငယ်အဖွဲ့ဝင်တွေ ဦးဆောင်ပြီး ရွှေဝါရောင်နှစ်ပတ်လည် (၅) နှစ် ပြည့် အထိမ်းအမှတ်နေ့အဖြစ် ရတနာဗောဓိ ဘုန်းတော်ကြီးကျောင်းမှာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

မနက်ဖြန်မှာလည်း ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

NLD ပါတီ လူငယ်ဖွံ့ဖြိုးရေးသင်တန်း ပို့ချ

2012-09-26

NLD ပါတီဝင်လူငယ်တွေ အရည်အချင်း မြှင့်တင်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး ဆိုင်ရာ ပညာပေးရေး ဒုတိယ အကြိမ်မြောက် သင်တန်းကို ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်မှာ ဒီကနေ့ စတင်ပို့ချကြောင်း သိရပါ တယ်။

အခုလို သင်တန်း ပို့ချရတာဟာ ပြည်နယ်၊ တိုင်း၊ မြို့နယ်အဆင့်လိုက် NLD ခေါင်းဆောင်တွေကို အဆိုပါ လူငယ်တွေက အ ထောက်အကူ ပြုနိုင်ဖို့နဲ့ နောင်မှာ ၄င်းတို့ကိုယ်တိုင် လူထုကြား ဦးဆောင် ကူညီသွားနိုင်ဖို့ ဖြစ်တယ်လို့ NLD ပါတီ နာယက ဦးတင်ဦးက RFA ကို ပြောပါတယ်။

"အထူးသဖြင့်ကတော့ဗျာ။ ပြည်နယ်နဲ့ ဝေးလံတဲ့ဒေသက လူငယ်တွေကို ကျွန်တော်တို့ ဦးစားပေးတာပေါ့။ သင်တန်းဘာသာရပ် တွေကတော့ မြင့်ပါတယ်ဗျ။ ဒီမိုကရေစီရဲ့သဘောထားတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ အကြာင်းအရာတို့ ဒေသဆိုင် ရာ ကိုယ်စားပြု ကိုယ်စားလှယ်တွေအနေနဲ့ နောင်ကို အဖွဲ့ချုပ်အတွက် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေရဲ့ နေရာတွေမှာ ကိုယ်စား ပြုအနေနဲ့ အစစအရာရာပေါ့ဗျာ၊ ပြည်သူလူထု အားကိုးရအောင် ဆောင်ရွက်နိုင်စွမ်းရှိပြီး ထူးချွန်ပြီး ထက်မြက်လာအောင် လုပ် တာပေါ့"

NLD ရုံးချုပ်မှာ ဒီကနေ့ ပို့ချတဲ့သင်တန်းကို တိုင်းနဲ့ ပြည်နယ် အသီးသီးက NLD လူငယ် (၅၀) ကျော် တက်ရောက်ပါတယ်။ အခုလို အလားတူသင်တန်းမျိုးကို လွန်ခဲ့တဲ့လပိုင်းတွေက ပထမအကြိမ်အဖြစ် ပို့ချခဲ့တာဖြစ်ပြီး သင်တန်းကာလ (၂) ပတ်ကျော် (၃) ပတ်နီးပါး ကြာမြင့်ခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

Eleven Media Group ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်အတွက် ငွေလှူဒါန်း

2012-09-26

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ချီးမြှင့်တဲ့ဆုငွေကို Eleven Media Group က ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတစ်ဆင့် ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။

RSF က Eleven Media ကို ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး သတင်းမီဒီယာဆုအဖြစ် ယူရိုငွေ ၂၅၀၀ ခြီးမြှင့်ခဲ့ပါတယ်။

Eleven Media အုပ်စုကထုတ်ဝေတဲ့ Weekly Eleven သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးက သူတို့အနေနဲ့ အဲဒီ ဆုငွေကို ပြည်သူတွေအတွက် လှူဒါန်းဖို့ ရှေးမဆွကပင် ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း RFA ကိုပြောပါတယ်။

"RSF ကနေပြီးတော့ ၂၀၁၁ အတွက် ကျွန်တော်တို့ကို သတင်းစာအတွက် အကောင်းဆုံးအဖြစ် ကျွန်တော်တို့ မီဒီယာကိုရွေး ပါတယ်။ အဲဒီဆုပေးပွဲကို သွားတက်ပြီး ဆုယူခဲ့ပါတယ်။ ဒါပေမဲ့ ဆုငွေကို ကျွန်တော်တို့ ယူမလာပါဘူး။ အဲဒီတုန်းက ကျွန်တော် တို့ သူတို့ကို မှာခဲ့ပါတယ်။ ရရှိတဲ့ ဆုကြေးငွေကို မြန်မာ့နိုင်ငံအရေး တွက်သော်လည်းကောင်း၊ တစ်ခုခုပေါ့နော်။ ကိစ္စရပ်တွေမှာ ပြန်လည် လှူပါမယ်လို့ ကျွန်တော်တို့ သူတို့ကိုပြောခဲ့ပါတယ်။ အခုသူတို့ ရန်ကုန်ကို ရောက်လာတဲ့အချိန်မှာ ဆုကြေးငွေတွေ ယူလာပါတယ်။ အဲဒီရတဲ့ ဆုကြေးငွေကို ကချင်ပြည်နယ်မှာရှိတဲ့ စစ်ပြေး ဒုက္ခရောက်နေသူတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတဆင့် လှူလိုက်တာပါ"

လှူဒါန်းငွေတွေကို Eleven Media Group ဦးဆောင်ညွန်ကြားရေးမှူး ဒေါက်တာသိန်းမြင့်က ပေးအပ်ပြီး NLD နာယက ဦင်္းတင်ဦးက လက်ခံယူခဲ့ပါတယ်။ မြန်မာကျပ်ငွေ ၂၆ သိန်း ၅သောင်းရှိတဲ့ အဲဒီလှူဒါန်းငွေတွေကို ကချင်ပြည်နယ်တွင်းက စစ် ပြေးဒုက္ခသည်တွေအတွက် NLD လူမှုအထောက်အကူပြုအဖွဲ့က ဆက်လက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Ref:

Read More...

အပေါ်သို့