Tuesday, January 15, 2008

သင့်အခွင့်အရေးအတွက်၊ ဟစ်တိုင်တက်

'သင့်အခွင့်အရေးအတွက်၊ ဟစ်တိုင်တက် (hrhittaing@gmail.com)'
'မြန်မာပြည်လွတ်မြောက်စေမယ့်၊ သင့်ရဲ့ပူးပေါင်းဆောင်ရွက်မှုခွန်အား'

သင်ဟာ ရဟန်းတစ်ပါး(သို့) ကျောင်းသားတစ်ယောက် (သို့) ၀န်ထမ်းတစ်ဦး (သို့) အရပ်သား တစ်ယောက်ဖြစ် နိုင်ပါတယ်။ ထွက်ဆိုချက်များစုဆောင်းရာမှာ သင်တို့ရဲ့ပူးပေါင်းပါဝင် ဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံကို စစ်အာဏာ ရှင်စနစ်အောက်ကနေ လွတ်မြောက်စေနိုင်ပါလိမ့်မယ်။

သင်တို့ရဲ့ထွက်ဆိုချက်များဟာ မြန်မာနိုင်ငံအတွင်း အာဏာပိုင်တို့ရဲ့ လူ့အခွင့်အရေး ကျူးလွန် ဖောက်ဖျက်မှုများ ကို ကမ္ဘာကသိစေရန် ဖော်ထုတ်နိုင်စွမ်းရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရ သူများရဲ့ ထွက်ဆိုချက်များဟာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးခွဲ မြန်မာပြည်မှာဖွင့်လှစ်ထားရှိ ရန်ကိစ္စ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ ပြည်နိုင်ငံရေးကိစ္စကို ပိုမိုအာရုံစိုက်ပြီး တိုက်ရိုက် ကိုင်တွယ် လုပ်ဆောင်လာစေရန်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက မြန်မာနိုင်ငံအပေါ် မလိုက်နာဘဲ နေလို့မရတဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ်မှာ လက်ရှိစစ် အာဏာရှင်တွေကို အကာအကွယ်ပေးနေတဲ့ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို နှုတ်ဆိတ်နေစေရန် အတွက် အလွန်ထိရောက်သောအင်အားများဖြစ်ပါတယ်။
ဆန္ဒပြပွဲတွင် ပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ၊ အာဏာပိုင်များရဲ့ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှုတို့ အပေါ် ဝေဖန်ပြောဆိုမိ၍ဖြစ်စေ၊ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်သောကြောင့် ဖြစ်စေ၊ ဘာသာရေးအရပြုလုပ်တဲ့ ၀တ်ပြုဆုတောင်းပွဲများကြောင့်ဖြစ်စေ၊ အာဏာပိုင်တို့ကြောင့် ပစ်ခတ်သတ်ဖြတ်ခံရသူများ၊ အစာရေစာဖြတ် တောက်ခံရသူများ၊ လူ့ဂုဏ်သိက္ခာထိပါးနှိပ်စက် ခံရသူများ၊ ဗွီဒီယို၊ ကက်ဆက်၊ ကင်မရာ၊ ကွန်ပျူတာ၊ ဆိုင်ခန်း၊ အိမ်ရာမြေ၊ လက်ဝတ်ရတနာ အသိမ်းခံရသူများ၊ တရားဥပဒေ၏ ခုခံကာကွယ်ခွင့်မရပဲ ထောင်ချအပြစ်ပေးခံရ သူများ၊ စာရေး သားခြင်း၊ ရုပ်ရှင်၊ ဗွီဒီယိုရိုက်ကူးမှုကို ပိတ်ပင်တားဆီးခံရသများ၊ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးသူများနှင့် စစ်တပ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် အမျိုးသမီးရေးရာအဖွဲ့များအတွင်း အတင်းအကျပ်ဝင်ခိုင်းခံရသူများ အားလုံးဟာ ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးမှဖြစ်စေ၊ မျက်မြင်သက်သေ တစ်ဦးဦးမှဖြစ်စေ၊ ထွက်ဆို ချက်များကို ကိုယ်တိုင်ရေးသားထွက်ဆိုပြီး ယခုအီးမေးလ်လိပ်စာသို့ ပေးပို့ရန်မေတ္တာရပ်ခံအပ်ပါတယ်။
ထွက်ဆိုချက်ကို မိမိကိုယ်တိုင် စာဖြင့်ရေးသားထွက်ဆိုခြင်း၊ အသံသွင်းပြီးထွက်ဆိုခြင်းနှင့် တခြား တစ်ယောက်မှ ထွက်ဆိုသူ့ထွက်ဆိုချက်အတိုင်းရေးသားထားခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။

ထွက်ဆိုချက်များကိုပေးပို့ရာမှာ အခြားသော သက်သေခံ အထောက်အထားများပါ ပေးပို့ နိုင်ပါက ပိုမို ကောင်းမွန်ပါတယ်။ အခြားအသုံးဝင်တဲ့ သက်သေခံအထောက်အထားများမှာ သေဆုံး ဒဏ်ရာရ၊ ဖမ်းဆီးခံရသူများ၏ ဓာတ်ပုံများ၊ ဗွီဒီယိုမှတ်တမ်းများ၊ အသံဖိုင်များ၊ အစိုးရ အမိန့် ကြေညာစာတမ်းများ၊ ပစ်ခတ်သတ်ဖြတ်သူများ၊ အမိန့်ပေးစေခိုင်းသူများ၏ အမည်နှင့် ဓာတ်ပုံများ၊ ဆရာဝန်များ၏ အလောင်းဆေးစစ်တွေ့ရှိချက်များ၊ တရားရေး ဆိုင်ရာမှတ်တမ်းများနှင့် အသုံးပြုခဲ့ သည့်လက်နက်များ၏ ဓာတ်ပုံများ၊ မိတ္တူ (သို့) မူရင်းများကို ဆိုလိုပါတယ်။ သင်တို့ လက်လှမ်းမှီသလောက် ထွက်ဆိုချက်များကို မြန်မြန်စုဆောင်းပြီး ပေးပို့စေလိုပါတယ်။ ဒီစာကို ဖတ်လိုက်ရသူ တစ်ဦးအနေနဲ့ ကိုယ်တိုင်ထွက်ဆိုစရာမရှိခဲ့ရင် ကျွန်တော်တို့ကို အသတ်ခံရသူများ၊ ဖမ်းဆီးနှိပ် စက်ခံရသူများနဲ့ ပစ္စည်းသိမ်းခံရသူများရဲ့အမည်များ၊ ဆက်သွယ်ရန်လိပ်စာများနဲ့ အဖြစ်အပျက်များကိုသိခဲ့ရင် ပေးပို့ဖို့ မေတ္တာ ရပ်ခံပါတယ်။
"ကဲ- ပြည်သူကိုဖိနှိပ်ပြီး အာဏာအလွဲသုံးစားလုပ်နေတဲ့ စစ်အစိုးရရဲ့ ရက်စက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ ကို ဖော်ထုတ်ပြီး တာဝန်ကျေတဲ့သူရဲကောင်းနိုင်ငံသားတွေအဖြစ် ဂုဏ်ယူဝင့်ကြွား ကြရအောင်။"

"လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ်ထွက်ဆိုချက်ပုံစံကို အောက်ဖော်ပြပါ စာမျက်နှာတွင် တိကျမှန်ကန်စွာ ဖြည့်စွက်၍ ပေးပို့ခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားကြပါစို့။"

"သင်တို့ရဲ့ထွက်ဆိုချက်များကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးနဲ့ အခြားလူ့အခွင့်အရေး ကိုယ်စားလှယ် များရုံးသို့ အီးမေးလ်၊ အင်တာနက်မှတဆင့် လုံခြုံစိတ်ချစွာနဲ့လျှို့ဝှက်စွာ ရောက်ရှိ နိုင်အောင်စီစဉ်ထားပါတယ်။ သင့် အတွက် အန္တရာယ်ကင်းအောင် အထူးဂရုစိုက်စီမံထားပါတယ်။ မသက်ဆိုင်သူများ လုံးဝမသိစေရပါ။"

ပေးပို့ရန်လိပ်စာ-(hrhittaing@gmail.com)

လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက်ထွက်ဆိုချက်ပုံစံ....
၁။ အမည် (ကျူးလွန်ခံရသူအမည်) –
၂၊ အဖအမည် -
၃၊ မွေးသက္ကရာဇ် -
၎။ မှတ်ပုံတင်အမှတ် -
၅။ နေရပ်လိပ်စာ -
၆။ အိမ်ထောင်ရှိ၊ မရှိ -
၇။ ရှိခဲ့လျှင်၊ သားသမီးဦးရေ -
၈။ အလုပ်အကိုင် -
၉။ ကျူးလွန်ခံရသည့်နေ့၊ အချိန်၊ နေရာ (လိပ်စာအတိအကျ) –
၁၀။ ကျူးလွန်ခံရပုံဖြစ်စဉ်အကျဉ်း (မည်သူက၊ မည်သည့်အဖွဲ့အစည်းကကျူးလွန်ခဲ့ပါသလဲ) -
၁၁။ ကျူးလွန်ခံရသူ၏ မိသားစုဝင်တစ်ဦးဦးထွက်ဆိုချက် -
၁၂။ မျက်မြင်သက်သေ၏ ထွက်ဆိုချက် -
၁၃။ ကျူးလွန်ခံရသည့်ပြစ်မှုနှင့်ပတ်သက်သော စာရွက်စာတမ်းများ ( အမိန့်စာများ၊ ဆေးမှတ်တမ်းများ၊ တရားရုံး မှတ်တမ်းများ၊ မူရင်း၊ မိတ္တူ၊ ဓာတ်ပုံ)
၁၄။ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော သက်သေခံပစ္စည်းများ (ဖြစ်ခဲ့သည့်ရက်စွဲနှင့် ဓာတ်ပုံ အနည်းဆုံး (၂) ပုံ၊ ဓာတ်ပုံမိတ္တူ၊ သက်သေခံပစ္စည်းများ၏ ပုံသဏ္ဍန်ကိုရေးမှတ်ထားသောစာများ၊ အသံသွင်းတိပ်ခွေများ) -

0 comments:

အပေါ်သို့