Monday, February 25, 2008

နအဖ၏၁/၂၀၀၈၊၂/၂၀၀၈ကြေညာချက်နှင့်စပ်လျဉ်း၍ ၀ါရင့်နိုင်ငံရေးသမားများ၏ အကြံပြုချက်ပေးပို့ခြင်း

သို့/
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရက်စွဲ၊ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်

အကြောင်းအရာ။ ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကထုတ်ပြန်ခဲ့သော ကြေညာ ချက်အမှတ် ၁/ ၂၀၀၈ နှင့် ကြေညာချက်အမှတ် ၂/၂၀၀၈ တို့နှင့် စပ်လျဉ်း၍ အကြံပြုချက်ပေးပို့ခြင်း။

၁။ နိုင်ငံတော်အေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် ၁/၂၀၀၈ နှင့် ၂/၂၀၀၈ တို့နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဝါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များက တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကိုရှေးရှုလျက် အောက်ပါအတိုင်း အကြံပြုချက်များကို ပေးပို့ အပ်ပါသည်။

၂။ တိုင်းပြည်လွတ်လပ်ရေးနှင့် အချုပ်အခြာတည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေး၊ စီးပွားရေးနှင့် လူမှုအခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မတူကွဲပြားခြားနားလျက်ရှိသော အင်အားစုများနှင့် အမျိုးသားများအကြား တွေ့ဆုံဆွေးနွေးအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော် ဖြေရှင်းကြပါရန် ကျွန်ုပ်တို့အနေဖြင့် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့မှ စတင်ကာစဉ်ဆက်မပြတ်ပန်ကြား မေတ္တာရပ်ခံခဲ့ကြပါသည်။

၃။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လုံခြုံရေးကောင်စီ၊ ကမ္ဘာ့နိုင်ငံကြီးများအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများကပါ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေး၊ အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အခြေခံလူ့အခွင့်အရေးများတည်ဆောက်ရေးအတွက် နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ သုံးပွင့် ဆိုင်ဆွေးနွေးပွဲများပြုလုပ်၍ ဆောင်ရွက်ကြပါရန် ဆုံးဖြတ်ချက်များချမှတ်၍ တိုက်တွန်းတောင်းဆိုနေကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ မြန်မာပြည်ဆိုင်ရာကိုယ်စားလှယ်များ ခန့်အပ်စေလွှတ်ကာ တွေ့ဆုံဆွေးနွေးပွဲမျာဖြစ် မြောက်ရေးအတွက် ဆောင်ရွက်နေလျက်ရှိပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိကိုယ်တိုင်စကားပြောမည်ဟု ကုလသ မဂ္ဂအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး၏ ကိုယ်စားလှယ် မစ္စတာဂမ်ဘာရီအား ပြောကြားလိုက်ပြီး ၀န်ကြီးအဆင့် ဆက်ဆံရေးဝန်ကြီးတဦးကိုပင် ခန့်အပ်တာဝန်ပေးလိုက်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန် ကြီးတို့ ၃/၄ ကြိမ်မျှတွေ့ဆုံဆွေးနွေးကြကြောင်းသတင်းများကြားသိနေရရာ တိုင်းပြည်၏ အနာဂတ်အရေး အတွက် မျှော်လင့်ချက်ရောင်ခြည်များပွင့်လန်းလာတော့မလားဟု ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်စောင့်စားနေမိကြ ပါသည်။

၎။ ဤကဲ့သို့သော အခြေအနေတွင် နိုင်ငံတော်အေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကြေညာချက် ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ကို ထုတ်ပြန်လိုက်ခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ တိုက်တွန်းကြိုးပမ်းချက်များကိုလည်းကောင်း၊ ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုလူများစုကြီး၏ မျှော်လင့်ချက်များကို လျစ်လျူရှုငြင်းပယ်က မိမိတို့စိတ်တိုင်းကျစီစဉ်ထားသည့်အတိုင်းဖြစ်သည်ဟု ယူဆရမည် ဖြစ်ပါသည်။ ပြည်သူ့ဆန္ဒခံယူပွဲကို မေလအတွင်းကျင်းပမည်ဟု သတ်မှတ်ထားသဖြင့် အချိန်အားဖြင့် (၂) လကျော် (၃) လနီးပါးမျှသာကျန်ရှိနေတော့ရာ ဆန္ဒမဲပေးရမည့် ပြည်သူလူထုလက်ဝယ်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းများလည်းမရောက်ရှိသေး၊ သေချာစွာလေ့လာမှုလည်း အချိန်ယူမပြုလုပ်ရဘဲ အတင်းအကျပ်ဆောင်ရွက် သကဲ့သို့ဖြစ်နေပါသည်။ ဤကဲ့သို့ အတင်းအကျပ် အလျင်စလိုဆောင်ရွက်ခြင်းဖြင့် အနာဂတ်တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးမရှိရုံမက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး လည်းမတည်ဆောက်နိုင်၊ ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုလည်းမရနိုင်၊ တွေ့ကြုံရင်ဆိုင်နေရသောစီးပွားရေး၊ လူမှုရေး၊ အခက်အခဲအကျပ်အတည်းများကိုလည်း ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေရမည့် နိုင်ငံအဖြစ်သို့ကျရောက်နိုင်သည့်အကြောင်းများကြောင့် အလေးအနက်ထားစဉ်းစားကာ ပြုပြင်ပြောင်းလဲနိုင်ပါရန် မေတ္တာစေတနာဖြင့် ပန်ကြားအပ်ပါသည်။ လက်ရှိနိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေါင်း ဆောင်များ၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကြေညာချက် ၁/၉၀ တွင် ဖော်ပြထားသည့်ကတိက ၀တ်အတိုင်းဆောင်ရွက်နိုင်ရန် အလေးအနက်ထားစဉ်းစားဆောင်ရွက်သင့်ပါသည်။

၅။ ရွေးကောက်ပွဲအသစ်တရပ်ကျင်းပရေးနှင့်စပ်လျဉ်း၍လည်း မိမိတို့ကိုယ်တိုင်လွတ်လပ်တရားမျှတစွာကျင်းပ ပေးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တစုံတရာညှိနှိုင်းဖြေရှင်းအကောင်အထည်ဖော်ပေးခြင်းမရှိဘဲ ထပ်မံ၍ ရွေးကောက်ပွဲအသစ်တရပ်ကျင်းပမည်ဆိုခြင်းမှာ တိုင်းပြည်၏ သမိုင်းကြောင်း၌ အမဲကွက်ကြီးထင်ကျန် နေသည်ကို ကျွန်ုပ်တို့အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ ပြည်သူလူထုကြီး၏ ကြီုးပမ်းဆောင်ရွက်ချက်ဆန္ဒသဘော ထားများကို လျစ်လျူရှုပယ်ဖျက်ရာရောက်သဖြင့် ပြန်လည်စဉ်းစာပြုပြင်နိုင်ပါရန်လည်း မေတ္တာရပ်ခံပန်ကြားအပ် ပါသည်။

၆။ အကယ်၍ ကျွန်ုပ်တို့၏ မေတ္တာရပ်ခံပန်ကြားချက်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ မိမိတို့စီစဉ်ထားသည့် အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါကလည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရာတွင် အောက်ပါအချက် များကို ဆောင်ရွက်ပေးသင့်ပါကြောင်း တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကိုရှေးရှု၍ မေတ္တာရပ်ခံပန်ကြားအပ်ပါ သည်။

- ဆန္ဒပေးရမည့် ပြည်သူလူထုများထံ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆောလျင်စွာဖြန့်ချီဝေငှ၍ လုံလောက်သည့် အချိန်ပေးလေ့လာနိုင်ခွင့်ရရှိစေရန်။
- ဆန္ဒမဲပေးနိုင်ခွင့်ရှိသူများကို စနစ်တကျ တပြည်လုံးအတိုင်းအတာဖြင့် တာဝန်ရှိသူများက ပြုစုကြေညာ ပေးရန်။
- ဆန္ဒမဲပေးသူများအနေဖြင့် လျှို့ဝှက်၍ လွတ်လပ်စွာ မဲပေးနိုင်မည့်အစီအစဉ်များကို မဲရုံများသီးခြား ဆောက်၍ ဆောင်ရွက်ပေးရန်။
- မိမိတို့ဆန္ဒအစစ်အမှန်ကို လွတ်လပ်စွာပေးနိုင်ရေးအတွက် ဆန္ဒမဲရုံကြီးကြပ်သူများ၊ မဲရုံစောင့်များက စနစ်တကျ ကူညီဆောင်ရွက်ပေးကြစေရန်။
- ဆန္ဒခံယူပွဲကျင်းပမှုကို ကုလသမဂ္ဂအဖွဲ့ကိုယ်စားလှယ်များ၊ နိုင်ငံတကာလေ့လာသူများနှင့် သတင်းသမားများကို လေ့လာခွင့်ပြုရန်။
- ဆန္ဒမဲပေးသူများ ကြောက်ရွံ့စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်သည့် ၅/၉၆ ဥပဒေကိုရုပ်သိမ်းပေးရန်။ (ဤဥပဒေက ကန့်ကွက်ဆန္ဒမဲပေးသူများကို ကြီးလေးသောအပြစ်ဒဏ်ချမှတ်နိုင်သောကြောင့် ရုပ်သိမ်းပေးရန်လိုအပ်ပါသည်။)
- နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန်၊ အခြားအကျဉ်းသားများကိုလည်း လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး စီစဉ်ပေးရန်။
ဤအချက်များအတိုင်းဆောင်ရွက်နိုင်ခြင်းမရှိပါက လွတ်လပ်တရားမျှတသော ဆန္ဒခံယူပွဲမဖြစ်နိုင်သည် ကို စိုးရိမ်ပူပန်သဖြင့် ပန်ကြားရခြင်းဖြစ်ပါသည်။

၇။ လောကဓမ္မတာသဘောအရဖြစ်ချင်တာလည်းမဖြစ်ရ၊ မဖြစ်ချင်တာလည်းဖြစ်ရဆိုရိုးစကားအတိုင်း မိမိတို့ မျှော်လင့်သည့်အဖြေမထွက်ပါက မည်ကဲ့သို့ဆောင်ရွက်မည်ကိုလည်း ကြိုတင်စဉ်းစားကြေညာထားသင့်ပါ ကြောင်းလည်း အကြုံပြုပန်ကြားအပ်ပါသည်။



(သခင်သိန်းဖေ)
ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ (ကိုယ်စား)


0 comments:

အပေါ်သို့