Thursday, February 28, 2008

တွေ့ဆုံဆွေးနွေးးခြင်းဖြင့်သာလျှင် ………..



အမျိုးသားးဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်
၁၃၆၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၆) ရက်

ကြေညာချက်အမှတ် - ၈/ ၀၂/ ၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီထွန်းကားသည့် ပြည်ထောင်စုတရပ် ပေါ်ထွန်းရေးအတွက် ခိုင်မာသော သန္နိဌာန်ချမှတ်ကာကြိုးပမ်းနေပေသည်။ ယင်းသည် လွတ်လပ်ရေးဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သော တိုင်းသူပြည်သားအားလုံး၏ လွတ်လပ်၍ သာယာဝပြောကာ လူ့ဂုဏ် သိက္ခာရှိသည့်ဘ၀သစ်ကို အကောင်အထည်ဖော်ရန်ဖြစ်ပေသည်။

၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က လွတ်လပ်ရေးဗိသုကာကြီး၏ သမီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပင်လုံကျောက်တိုင်တွင် ၎င်းဖခင်ရည်မှန်းခဲ့သော စစ်မှန်သည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာသည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဆုတ်မနစ်ကြိုးပမ်းသွားမည်ဟု သန္နိဌာန်ပြုခဲ့သည်။ ထိုပင်လုံသန္နိဌာန်တွင် တိုင်းရင်းသားသွေးချင်းညီအစ်ကိုခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များအားလုံး ပင်လုံညီလာခံနှင့် အလားတူသော ဒုတိယ ပင်လုံညီလာခံ တခုတွင် တွေ့ဆုံကြကာ စိတ်ရင်းစေတနာအမှန် (open mind) ဖြင့် ဆွေးနွေးကြရန်ဖြစ်ပေသည်။ အနာဂတ် ပြည်ထောင်စုသစ်၏ အခြေခံအုတ်မြစ်တို့ကို ချမှတ်ကြရမည်ဟု ဖော်ပြခဲ့ပေသည်။

တစ်အူထုံ့ဆင်းပမာ ရာသက်ပန် ဥမကွဲသိုက်မပျက် ၀ံသာနုရက္ခိတ တရားမြဲမြံစွာဖြင့် လက်တွဲနေထိုင်သွားကြရ မည်ဖြစ်ပေသည်။ ပြည်သူပြည်သားများအကြား ပြဿနာမှန်သမျှကို လက်နက်အင်အားမသုံးဘဲ တွေ့ဆုံဆွေးနွေး ကြခြင်းဖြင့်သာ ပြောလည်စေရမည်ဟု အတိအလင်း သဘောထားဖော်ပြခဲ့ခြင်းဖြစ်ပေသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ထိုအချိန်မှစတင်ကာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မွန်မြတ်သောစိတ်ဓာတ် ဖြင့် အနစ်နာခံကာ ဇွဲနပဲဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။

နိုင်ငံတခု၏ နိုင်ငံရေးဟူသည် ထိုနိုင်ငံရှိ လူမျိုးများ၏ သမိုင်းရိုးရာဓလေ့၊ ဘာသာ၊ ထုံးတမ်းစဉ်လာများ၏ ဘောင် အတွင်း၌သာ ဖြစ်လေ့ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆင်ခြင်တုံတရားလက်ကိုင်ထားကာ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးဟူသည် ယနေ့ကမ္ဘာတခွင် တွင်ကျယ်စွာကျင့်သုံးလျက် အောင်မြင်နေသည်သာမက မြန်မာ့သမိုင်း၏ လိုအပ်ချက်နှင့်လည်း ဆီလျော်ကိုက်ညီလှပေသည်။ မဝေးသေးသည့် မြန်မာ့ဖြစ်ရပ်သမိုင်းများက အထင်အရှား သာဓကဆောင်လျက်ရှိပေသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ပြီးခေတ်တလျောက် အချင်းချင်းသံသယများက လူမျိုးစွဲ၊ အယူစွဲ၊ ၀ါဒစွဲများဖြင့် အစိတ် စိတ်ပြိုကွဲ အပြိုင်အဆိုင်ကြဲခဲ့ကြသည့် ပဓာနအကျဆုံးသော အကြောင်းအရင်းမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အမှန်တရားကို ရင်မဆိုင်ရဲသည့် သူရဲဘောနည်းသူ နိုင်ငံရေးလူသတ်သမားတစုက လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုအတွက် နိုင်ငံတွင် ခေါင်းဆောင်မှုဆုံးရှုံးရခြင်း၊ ခေါင်းဆောင်မှုဟာကွက် ဖြစ်ခြင်းတို့ကြုံရလေတော့သည်။

တိုင်းတပါးအုပ်စိုးသူတို့ကို သတ္တိ၊ ဗျတ္တိ အပြည့်အ၀ဖြင့် တိုက်ထုတ်ခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ကိုယ်တိုင် က သွေးချင်းများအကြား အရေးအရာများကို ချဉ်းကပ်ခဲ့ရာတွင် သခင်အောင်ဆန်းအဖြစ်ခံယူကာ ရိုးသားဖြူစင်မှု ကိုခံယူရင်း တည်ကြည်စိတ်ရင်း စေတနာအမှန် (open mind) ဖြင့် စိတ်ရှည်သည်းခံကာ ဖြေရှင်းပြသခဲ့ပေသည်။ ခေတ်ပြိုင်ခေါင်းဆောင်များက ထိုစံနမူနာကောင်းကို ပစ်ပယ်ကြကာ အချင်းချင်းပြဿနာကို လက်နက်အင်အား သုံးကာ ဖြေရှင်းခဲ့ကြသောကြောင့် အင်အားသည်သာ အမှန်တရားဟုထင်ကာ ပြဿနာများ ကြီးသထက်ကြီး ထွားလာခဲ့ပေသည်။ ထိုမှတဆင့် နိုင်ငံတွင် အာဏာရှင်စနစ်ပေါ်ပေါက်လာကာ တိုင်းရင်းသားပြည်သူတရပ်လုံး ဆင်းရဲမွဲတေဒုက္ခပင်လယ်ဝေခဲ့ကြရလေသည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘ၀ဖြင့် အပစ်ပယ်ခံရကာ လူ့ဂုဏ်သိက္ခာ မဲ့ဘ၀ ရောက်ကြရလေတော့သည်။

ယင်းကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လူ့ဂုဏ်သိက္ခာပြည့်ဝသည့် နိုင်ငံဘ၀ပြန်လည်ရရှိရေးအတွက် ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအတူလက်တွဲဖြေရှင်းနိုင်ရေးကို ကြိုးပမ်းနေစဉ်မှာပင် တိုင်းရင်းသား များအကြား လက်နက်အားကိုးလုပ်ကြံသတ်ဖြတ်မှုတခု ကြုံရပြန်လေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ထိုအတွက် များစွာတုန်လှုပ်အံ့သြ၀မ်းနည်းရပေသည်။ နိုင်ငံတွင် ဒီမိုကရေစီပြောင်းလဲရေးအတွက် အတိမ်းအ စောင်းမခံနိုင်လောက်အောင် အရေးကြီးသည့်အချိန်တွင် ပြဿနာကို ပိုမိုဆိုးဝါးစေမည့် လက်နက်အင်အားသုံး အကြမ်းဖက်ဖြေရှင်းခြင်းမှန်သမျှကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချလိုက်သည်။ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းကြရသည်ချည်းဖြစ်ပေသည်။ ၎င်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းပင်ဖြစ်သည်။

၂၅ - ၂ - ၀၈ ရက်နေ့တွင်ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရန်ကုန်မြို့

0 comments:

အပေါ်သို့