Wednesday, February 27, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် - ၇/၀၂/၀၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် - ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်
၁၃၆၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄) ရက်

ကြေညာချက်အမှတ် - ၇/ ၀၂/ ၀၈

အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံသားမိဘနှစ်ပါးဖြစ် ကြသည့် တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးဖြစ်ပြီး ကိုလိုနီ လက်အောက်နှင့် ဖက်ဆစ်လက်အောက်တို့မှ တိုင်းပြည်လွတ်လပ်ရေးရရှိရန် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ကြိုးပမ်းအားထုတ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာသည့် မွေးရာပါနိုင်ငံသားတဦး ဖြစ်ပါသည်။


ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်းကို သတင်းဌာနများမှတဆင့်ကြားသိရပါသည်။ ဤသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေးဘဲ ယင်းရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေလည်းမရှိသေးဘဲ ပြောပိုင်ခွင့်မရှိသည့်ပုဂ္ဂိုလ်တဦးက ပြောဆို ခြင်းဖြစ်သောကြောင့် လုံးဝတရားမ၀င်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်များတွင် မဖြစ်မနေပါဝင်ရမည့် ပုဂ္ဂိုလ်တဦးဖြစ်ပါသည်။

ယင်းပြောကြားချက်သည် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းနှင့် နိုင်ငံရေးအရထိုးနှက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အား ရွေးကောက်ပွဲဝင်ခွင့်မရအောင် ကြိုတင်ဆုံးဖြတ်ခြင်းမျိုးဖြစ်နေပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် - ၂ တွင် ပါရှိသော -

”xxx လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာ စကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက် သို့တည်းမဟုတ် အခြား ယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြား ခြင်း မရှိစေရ။”

ဆိုသည့်အချက်နှင့် အပိုဒ် - ၂၁ တွင်ပါရှိသော -

”လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များ မှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။”

ဆိုသည့်အချက်တို့ကို ချိုးဖောက်ခြင်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တိုင်းပြည်အကျိုးအတွက်စကားပြောဆိုနေ သည့်အချိန်အခါတွင် ယခုကဲ့သို့ မပြောသင့်မပြောထိုက်သည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးတို့ကို ထိခိုက်စေကြောင်း ကြေညာလိုက်သည်။

၂၅ - ၂ - ၀၈ နေ့တွင်ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ
ရန်ကုန်မြို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

0 comments:

အပေါ်သို့