Thursday, May 22, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၂/၀၅/၀၈

မူရင်းအတိုင်းဖတ်ရှုလိုပါကဤနေရာကိုနှိပ်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ် မေလ (၂၁) ရက်
၁၃၇၀ ခုနှစ် ကဆုန်လပြည့်ကျော် (၂) ရက်

အထူးကြေညာချက် - ၁၂/၀၅/၀၈
မြန်မာနိုင်ငံတွင် မကြုံစဖူး အပြင်းထန်ဆုံးသော နာဂစ်မုန်တိုင်းကြီးဒဏ်အား ကယ်ဆယ်ရေး ဟူသည့် အမျိုးသားရေး အကျပ်အတည်းကြီးကို ပံ့ပိုးကူညီဖြေရှင်းပေးရန် ရောက်ရှိလာမည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လှိုက်လှဲစွာ ကြိုဆိုလိုက်ပါသည်။

နာဂစ်မုန်တိုင်းကြီးဒဏ်ကြောင့် မယုံနိုင်လောက်အောင် မရှုမလှ သေကြေပျက်စီးသွားသော ဒေသများမှ ပြည်သူများအား ယနေ့ထိတိုင် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ပြည့်ပြည့်၀၀ မဆောင်ရွက်နိုင်သေးသည်ကို တွေ့မြင်ကြားသိနေရပါသည်။ ငွေကြေးအင်အား၊ ပစ္စည်းအင်အား နှင့် ကျွမ်းကျင်မှုအင်အား မပြည့်စုံမှု၊ လမ်းပန်းဆက်သွယ် ရေး ခက်ခဲမှုနှင့် မုတ်သုန်ရာသီ ၀င်ရောက်လာမှု တို့ကိုပါ ကြုံတွေ့နေကြပြန်ရာ ကလေးငယ် အများစု အပါအ၀င် သန်းနှင့်ချီသော ပြည်သူများမှာ ရက်ပိုင်းအတွင်း ကြုံတွေ့လာရနိုင်သော မုန်တိုင်း၏ နောက်ဆက်တွဲ ကပ်ရောဂါဆိုးများ ကျရောက်ကာ အသက်ဆုံးရှုံးရမည့်ရက်ကို စောင့်ဆိုင်းနေရသလို ဖြစ်နေပါသည်။

ထို့အပြင် မုန်တိုင်းဒဏ်သင့် ဒေသများမှာ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဆန်စပါးနှင့် ရေထွက်ပစ္စည်းများ အများဆုံးထွက်ရှိရာဒေသများ ဖြစ်နေပြန်ပါသည်။ ထိုဒေသ များကို အမြန်ဆုံး ပုံမှန် ပြန်ဖြစ်လာအောင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကယ်ဆယ်ခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ထူထောင်ခြင်းတို့သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် "သေရေး ရှင်ရေးတမျှ" အရေးကြီးလှပါ သည်။

လူသန်းပေါင်းများစွာတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံ ၏ အနာဂတ်ကို ကယ်တင်ရေးဟူသော အလွန်ကြီးမားလှသည့် ယင်းလုပ်ငန်းတာဝန်ကြီးမှာ လူတစ်ဦးတစ်ယောက်တည်းဖြင့် ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတည်းဖြင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ တည်းဖြင့် ဖြစ်စေ၊ ဒေသန္တရဆိုင်ရာ အသင်းအဖွဲ့ တစ်ခုတည်းဖြင့်ဖြစ်စေ၊ ဆောင်ရွက်၍ လုံးဝ ရနိုင်မည်မဟုတ်ပါ။

သို့ဖြစ်၍ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက မေတ္တာတရား၊ ဂရုဏာတရား များရှေ့ထားကာ ငွေကြေးအင်အား၊ ပစ္စည်းအင်အား၊ စက်ကိရိယာအင်အားနှင့် ကျွမ်းကျင်မှု လူအင်အားစသည်တို့ဖြင့် လူသားချင်း စာနာထောက်ထား၍ စီးပွားရေးကပ်ဘေး၊ ကပ်ရောဂါ ဘေးနှင့် အခြားအခြားသော ဘေးအသီးသီးတို့မှ လွတ်မြောက်အောင် အမြန်ဆုံးပါဝင် ကူညီ ကြပါရန်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဒုက္ခပင်လယ်ဝေနေသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတို့အပေါ် အစွမ်းကုန် ကူညီပံ့ပိုး ဖြေရှင်းပေးပါရန်တို့ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက် မေတ္တာရပ်ခံလိုက်သည်။

၂၀-၅-၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့


0 comments:

အပေါ်သို့