Wednesday, March 18, 2009

ဗိုလ်ချုပ်ကြီးသိန်းစိန် စင်္ကာပူရောက်ရှိ

မုံပီး

အင်္ဂါနေ့၊ မတ်လ 17 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စင်္ကာပူနိုင်ငံသို့ ယနေ့တွင် အလည်အပတ် ရောက်ရှိနေကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ သိရသည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာထမ်းတဦးက ပြောကြားရာတွင် နအဖဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ စင်္ကာပူသို့ အင်္ဂါနေ့က ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

အသေးစိတ်ကို ပြောကြားရန် အရာရှိက ငြင်းဆန် လိုက်သော်လည်း ဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ယာယီ သမတ ဂျေ ဝိုင် ပီလေးကိုလည်း တွေ့ဆုံမှာ ဖြစ်သည်။

ထို့အပြင် စင်္ကာပူ၏ သြဇာရှိ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နှင့်လည်း တွေ့ဆုံမှာ ဖြစ်သည်။

မြန်မာဝန်ကြီးချုပ်သည် ဝန်ကြီး ၅ ဦး၊ ဒုဝန်ကြီး ၂ ဦးနှင့် အခြားသော ဌာနဆိုင်ရာ အရာထမ်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလျှက် တနင်္ဂနွေနေ့တွင် ခရီးထွက်ခဲ့ရာ အင်ဒိုနီးရှားသို့ ဦးစွာ သွားရောက် လည်ပတ်ခဲ့ပြီး သမတ ဆူဆီလို ဘန်ဘမ်း ယူဒ်ရိုယိုနိုနှင့် တွေ့ဆုံခဲ့သည်။

သတင်းများအဆိုအရ ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ယူဒ်ရိုယိုနိုတို့သည် နှစ်နိုင်ငံ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုလှုံခွင့် တောင်းခံသော ရိုဟင်ဂျာများ အကြောင်းလည်း ထဲ့သွင်း ဆွေးနွေးသွားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသားဆိုသော အထောက်အထား ပြနိုင်လျှင် ရိုဟင်ဂျာများကို ပြန်လည် လက်ခံမည်ဟု မြန်မာဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။

အနည်းဆုံး အဖွဲ့ဝင် ၅ဝ ပါဝင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၈ ရက်နေ့တွင် ခရီးစဉ် အဆုံးသတ်မှာ ဖြစ်သည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့