Wednesday, March 18, 2009

အာဏာခွဲဝေမှု သဘောတူမှသာ ဒဏ်ခတ် ပိတ်ဆို့မှုကို ရုပ်သိမ်းသင့်သည် - ရဲနည်

Tuesday, 17 March 2009

အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က စီးပွားရေး ဒဏ်ခတ်အရေးယူမှုများ ဆက်လက် တောင်းဆိုနေသည့်အပေါ် မကြာသေးမီက ဝေဖန်ချက် အများအပြား ထွက်ပေါ်လာခဲ့သည်။ နိုင်ငံ၏စီးပွားရေးကို အင်အားချိနဲ့စေရန် စနစ်တကျစီစဉ် ဆောင်ရွက်နေကြောင်း သူတို့က စွပ်စွဲခဲ့သည်။

သီအိုရီ သဘောတရားအရ ပြောရမည်ဆိုလျှင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြား အကူအညီများကို ကန့်သတ်ခြင်းဖြင့် နိုင်ငံအဆင့် မက္ကရိုစီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေပြီး၊ ပို၍ ဆိုးရွားသည့် အခြေအနေသို့ပင် ဆိုက်စေနိုင်ပါ သည်။ သို့သော်လည်း မေးစရာရှိသည့် မေးခွန်းမှာ အကယ်၍ အနောက်နိုင်ငံများမှ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားလိုက်လျှင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမည်လောဟူသည့် မေးခွန်းပင်။

ဒဏ်ခတ်ပိတ်ဆို့မှု ဆန့်ကျင်နေကြသူ အုပ်စုများအပါအ၀င် မြန်မာပြည်အရေး လေ့လာနေကြသူများ မလွဲမသွေ သဘောတူညီ နိုင်သည့် အချက်မှာ မြန်မာပြည်သူများ ခံစားနေကြရသည့် ဒုက္ခများသည် ဆယ်စုနှစ်များစွာ လွဲချော်သော စီးပွားရေးစီမံ ခန့်ခွဲမှုများနှင့် အုပ်ချုပ်သူများ၏ အမြော်အမြင်မရှိသော လုပ်ရပ်များကြောင့် ဆိုသည့် အချက်ပင် ဖြစ်ပါ သည်။

စစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နံပါတ် ၂ ခေါင်းဆောင် ဒု-ဗိုလ် ချုပ်မှူးကြီးမောင်အေးနှင့် ထိပ်သီးလူတစုကသာ စီးပွားရေး မူဝါဒများကို ချမှတ်ဆုံးဖြတ်နေကြခြင်း ဖြစ်သည်။ ထိုသူများက စီးပွားရေးရာကိစ္စများ တွင် အထူးအာဏာရှိနေကြသူများ ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာ များသောအားဖြင့် မဟာဗျူဟာ တွက်ချက်မှု၊ စစ်ရေး အကြောင်းအချက်များနှင့် ဆက်စပ်ပတ်သက်နေလေ့ရှိပြီး၊ အစိုးရယန္တယားများက ကြိုက်သည်ဖြစ် စေ၊ မကြိုက်သည်ဖြစ်စေ လိုက်၍ အကောင်အထည်ဖော်ကြရပါသည်။

နိုင်ငံ၏ စီးပွားရေးကို လက်ဝါးကြီးအုပ် ချယ်လှယ်နေသည့်အချိန်၌ အုပ်ချုပ်နေကြသည့် စစ်ဗိုလ်ချုပ်များက သူတို့၏ မိတ် ဆွေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများကို အခွင့်ထူးခံစားစေ၍ ကောင်းကျိုးပြုနေကြသည်။ စစ်အစိုးရ ထိပ်သီးခေါင်းဆောင် များနှင့် နီးစပ်သည့် အချို့သောကုမ္ပဏီများကို အထူး သွင်းကုန်ပါမစ်များ ချပေးခြင်း၊ အခွင့်ထူးခံအဖြစ် ငွေထုတ်ချေးပေး ခြင်းများ ပြုနေကြသည်။

အထူးအခွင့်ရေး ခံစားစေသည်ဟု ဆိုရာ၌ အထူးသက်သာစေသည့် အကောက်ခွန်နှုန်းထားများဖြင့် ကောက်ခံခြင်း၊ သွင်း ကုန်ခွန်များ လျှော့ပေါ့ပေးခြင်းမျိုးတို့ ဖြစ်ပါသည်။ သဘာဝ အရင်းအမြစ်များကို အထူးအခွင့်အရေးပေး၍ ထုတ်စေခြင်း၊ အချို့သော ကုန်သွယ်မှု၊ စက်မှု လက်မှုလုပ်ငန်းများ၌ လက်ဝါးကြီးအုပ်ခွင့်များ ပေးခြင်း၊ လိုင်စင်နှင့် ပါမစ်များ ချပေးရာတွင် မျက်နှာသာပေးခြင်း၊ မြေ အဆောက်အဦနှင့် ရေနံ၊ ဒီဇယ်၊ သဘာဝဓါတ်ငွေ့၊ လောင်စာ၊ လျှပ်စစ်နှင့် ရေ စသည်တို့ကို အစိုးရပံ့ပိုးထားသည့် သက်သာချောင်ချိသည့် စရိတ်ဖြင့် ရစေခြင်း၊ အစိုးရ ကန်ထရိုက်လုပ်ငန်းများ ချပေးရာတွင် ဦးစား ပေးခြင်း စသည့် အခွင့်အရေးများကိုလည်း လူနည်းစုသာ ခံစားနေကြရပါသည်။

မြန်မာစစ်တပ်ကိုယ်၌က စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ဦးပိုင်ကုမ္ပဏီ လီမိ တက် (UMEHL) နှင့် မြန်မာနိုင်ငံ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့မှတဆင့် လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ နိုင်ငံ ရပ်ခြားကုမ္ပဏီများက စစ်တပ်၏ ၎င်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက လုပ်ငန်းခွင့်ပြုချက်ရရှိရန် ပိုမိုလွယ်ကူသည်ဟုလည်း ဆိုကြသည်။

" မည်သို့ပင် ဖြစ်စေ၊ (စစ်တပ်က ချုပ်ကိုင်ထားသည့်) မြန်မာ့ဦးပိုင်ကုမ္ပဏီ လီမီတက် (UMEHL) နှင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံ စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့နှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ အခြေချသည့်တိုင် ပြည်ပမှ လုပ်ငန်း ရှင်များအနေနှင့် အောင်မြင်မည်ဟု အာမခံချက် မရှိပါ" ဟု အမေရိကန် အစိုးရ၏ အစီရင်ခံ စာတခုတွင် ဖော်ပြထားခဲ့သည်။ "ရင်းနှီးမြှုပ်နှံသူများက အစီရင်ခံကြရာတွင် မြန်မာစစ်အစိုးရဖက်မှ ကပ်ပါးကောင်များသဖွယ် ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုများ ပြုကြကြောင်း၊ ပူးတွဲကျခံ ရမည့်စရိတ်များကို ထည့်ဝင်ခြင်း မရှိကြောင်း၊ ရံဖန်ရံခါ ရင်းနှီးမြှုပ်နှံမှုများမှနေ၍ အကျိုးအမြတ်ဖြစ်ထွန်းလာသည့်အခါ နိုင်ငံရပ်ခြား လုပ်ငန်းရှင်များကို အင်အားသုံး ပထုတ်ကြသည်" ဟု ဖော်ပြခဲ့သည်။

ရင်းနှီးမြှုပ်နှံသူအများ မြန်မာနိုင်ငံမှ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြခြင်းမှာလည်း အလုပ်မဖြစ်နိုင်သည့် ၀န်းကျင်နှင့် အကျိုး အမြတ် ပြန်လည်ရရှိမှု နည်းခြင်းကြောင့်သာ ဖြစ်ပါသည်။

ယခုအချိန်တွင် မြန်မာစစ်တပ်နှင့် သူတို့နှင့် နီးစပ်သူ လူနည်းစု လုပ်ငန်းရှင်များက အနောက်နိုင်ငံများမှ စီးပွားရေး ဒဏ် ခတ်အရေးယူမှုများကို ရှောင်ရှားနေကြရပြီး၊ တရားမ၀င် စီးပွားရေးလုပ်ငန်းများတွင် သူတို့ ပတ်သက်လုပ်ကိုင်နေကြရပါ သည်။ ပုဂ္ဂလိက ဘဏ်ကွန်ရက်များ၊ မှောင်ခိုကုန်သွယ်မှုများ၊ ကုန်ချင်းဖလှယ်သည့် ကုန်သွယ်ရေးများ၊ စာရင်းအင်း တင်မထားသည့် စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ၊ ခြစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း စသည့် အခြားသော တရား မ၀င်လုပ်ငန်းများတွင်ပါ ပတ်သက်လုပ်ကိုင်နေကြပါသည်။

အကယ်၍ မြန်မာစစ်ခေါင်းဆောင်များသာ အမြော်အမြင်ရှိပါက ဗီယက်နမ်နှင့် တရုတ်နိုင်ငံများ၏ နမူနာကိုယူ၍ တိုင်းပြည်စီးပွားရေး တိုးတက်လာအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။ ထိုနိုင်ငံများတွင် စီးပွားရေး၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြပြီး၊ နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ် ဆက်သွယ်နိုင်ခဲ့ကြပါသည်။

တချိန်တည်းမှာပင် စစ်အစိုးရ၏ ထုတ်ပြန်ကြေညာချက် ဖြစ်သည့် "ထိပ်တိုက်ရင်ဆိုင်ခြင်း၊ အလုံးစုံ ပျက်သုဉ်းစေရေး၊ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ရေးနှင့် အထီးကျန်ဖြစ်စေရေးတို့သည် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမရှိ ပါကြောင်း"ကို တုံ့ပြန်သောအားဖြင့် "ဖြစ်ပေါ်လာမည့် (နားလည်မှု လွဲမှားမှုများ) ပြဿနာများကို တားဆီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်၊ ပူးတွဲထုတ်ပြန်ချက် လုပ်လိုပါသည်" ဟု ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ဆက်ဆံရေး ကိုယ်စားလှယ် ဦးအောင်ကြည်မှတဆင့် အာဏာပိုင်များထံ သို့ အကြောင်းပြန်ခဲ့သည်။

စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းသင့်ပါသည်။ သို့သော်လည်း မြန်မာစစ်အစိုးရက ပထမဦးစွာ ဒီမိုကရေစီ ခေါင်းဆောင်များနှင့် အာဏာခွဲဝေကျင့်သုံးရေးကို သဘောတူရန် လိုအပ်ပါသည်။

မြင်ရသလောက် မြန်မာစစ်အစိုးရက လက်ရှိ ၎င်းတို့ချမှတ်ကျင့်သုံးနေသော မူဝါဒများကို ပြုပြင်ပြောင်းလဲရန် မရှိသကဲ့သို့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ပြန်လွှတ်ပေးရန် မမြင်မိပါ။ အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးမှာလည်း ဖြစ်နိုင်ခြေ မရှိသေးပါ။

အချုပ်ဆိုရလျှင် မြင်သာသည့် နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုများ မရှိသေးဘဲနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုများ လျှော့ကျလာမည်ဟု မမျှော်လင့်နိုင်သေးပါကြောင်း။ ။



ရဲနည်
REF: ဧရာဝတီ

0 comments:

အပေါ်သို့