Monday, March 16, 2009

အမေ့ခံအကျဉ်းသားတွေ အဖြစ်မခံနိုင်


ဟံသာဝတီဦးဝင်းတင်နဲ့ မွေးနေ့ စကားလက်ဆုံ
မိုးမခ
မတ် ၁၅၊ ၂၀၀၉
(မတ်လ ၁၄ ရက်နေ့က တွေ့ဆုံမေးမြန်းချက်)

၁၉ နှစ် ကြာ အကျဉ်းကျခဲ့ပြီး လွန်ခဲ့တဲ့ ၆ လက လွတ်မြောက်လာခဲ့သူ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်ရဲ့ ထောင်ပြင်ဖက်မှာ ပထမဦးဆုံး ကျရောက်တဲ့ ၇၉ နှစ်မွေးနေ့မှာ သူပြောကြားခဲ့တဲ့ စကားတွေထဲက သူ့ဆန္ဒတရပ်ကို ပြန်လည် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

“ကျနော်အခုလို မိတ်ဆွေတွေနဲ့ တွေ့တော့ ၀မ်းသာတာပေါ့ဗျာ။ ဘာဖြစ်လို့ ၀မ်းသာတာလဲဆိုတော့၊ ထောင်ထဲတုန်းက … အခု ကျုပ်က ထောင်က ထွက်လာတာ ၆ လပေါ့ဗျာ။ ဒါပေမဲ့ ထောင်ထဲတုန်းက ကိုယ့်ကိုယ်ကို အမေ့ခံအကျဉ်းသားလို မခံစားခဲ့ရဘူး။ Forgotten Prisoners ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိတ်ဆွေတွေရဲ့ ဘဘကို အားပေး ထောက်ပံ့ အားပေးစကားပြော တလျှောက်လုံး ထောင်ထဲမှာ … ကိုယ့်ကိုယ်ကို အမေ့ခံအကျဉ်းသားလို့ ထောင်ထဲမှာ မခံစားခဲ့ရဘူး။ ဒါ သိပ်အရေးကြီးတယ်။

ထောင်ထဲမှာ ကိုယ့်ကိုယ်ကို အမေ့ခံအကျဉ်းသားလို့ သဘောထားလိုက်မိရင်၊ ငါ့မိသားစုက ငါ့ကိုမေ့နေပြီ၊ ငါ့ညီအကို မောင်နှမများက ငါ့ကိုမေ့နေပြီ၊ နို့မို့ဆိုရင်လည်း ငါ့ရဲ့ သားချင်းများ၊ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်များ၊ အသိအကျွမ်းများ၊ င့ါရဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများက ငါ့ကိုမေ့နေပြီလို့ အမေ့ခံအကျဉ်းသား စိတ်ဓာတ်မျိုး ၀င်တာနဲ့ ပြဿနာတွေ တက်တော့တာပဲ။ အထဲမှာ စကားများကြတယ်။ ရန်ဖြစ်ကြတယ်။ ငြင်းကြတယ်။ ငိုကြတယ်။ စကားမပြောကြဘူး။ ဒါတွေ ဖြစ်ကုန်ရော။ စိတ်ဓာတ်ကျတယ်ပေါ့ဗျာ။ စိတ်ဓာတ်ပျက်တယ်ပေါ့ဗျာ။ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်တတ်တယ်။

ဘဘက အဲသလိုမျိုး မခံစားခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆွေများရဲ့ ကောင်းမှုပေါ့ဗျာ။ မိတ်ဆွေများရဲ့ အားပေးမှု၊ ကူညီမှု … အဲဒါကြောင့် အမေ့ခံအကျဉ်းသားအဖြစ် မခံစားခဲ့ရဘူး။ ဒါကို တော်တော်ကောင်းတဲ့ စိတ်ဓာတ်ပဲလို့ ဘဘက ခံယူတယ်။ ဒါကြောင့် အခု အပြင်ရောက်လာတော့လည်း ဒီမိတ်ဆွေတွေနဲ့ တွေ့ရတယ်။ တွေ့တယ်အခါကျတော့လည်း အမေ့ခံအကျဉ်းသားဆိုတဲ့ စိတ်ဓာတ်မျိုး ဘဘမှာ မပေါ်တော့ဘူး။ ၀မ်းသာတယ်။

အဲဒါကြောင့် အဲဒီ စိတ်ဓာတ်နဲ့ ဘဘက ဘာလုပ်နိုင်သလဲဆိုတော့ နိုင်ငံရေးကို တတ်နိုင်သလောက် ၀င်လုပ်နိုင်တယ်။ တိုင်းသူပြည်သား လူအများအကျိုးကိုလည်း လုပ်ပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ် အမေ့ခံအကျဉ်းသားဆိုတဲ့ စိတ်ဓာတ်မရှိတဲ့အခါကျတော့ လူတွေကို ပိုပြီးတော့ ချစ်ခင်လာတယ်။ လူတွေကိုပိုပြီးတော့ ယုံကြည်လာတယ်။ ပြီးတော့ လူတွေကို ပိုပြီးတော့ လေးစားလာတယ်။ အဲဒီစိတ်ဓာတ်နဲ့ ပိုပြီးတော့ လုပ်လာနိုင်တယ်။

ဒီတော့ ဘဘက ကိုယ်လုပ်နိုင်တဲ့ဟာကို နမူနာယူပြီးတော့ အခု ဘဘက နိုင်ငံရေးအကျဉ်းသားတွေကို လိုက်လုပ်ပေးနေတယ်။ တတ်နိုင်တာတဲ့ဟာတွေကို ကိုယ်ကူညီပေးနိုင်ရင်ပေး၊ အင်္ကျီအ၀တ်အစား ပေးနိုင်ရင်ပေး၊ ဆေးဝါးပေးနိုင်ရင် ပေး။ တတ်နိုင်တာ လုပ်နေတယ်။ အကုန်လုံးလုပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ထောင်ထဲမှာ နေခဲ့သလိုပဲ၊ ထောင်ထဲမှာ အမေ့ခံအကျဉ်းသားစိတ်ဓာတ်မျိုး မပေါ်ဘဲနဲ့ နေခဲ့သလိုပဲ သူတို့လည်း အမေ့ခံအကျဉ်းသားစိတ်ထားမျိုး မပေါ်ဘဲနဲ့ နေနိုင်အောင်၊ အမေ့ခံအကျဉ်းသားဆိုတဲ့ စိတ်ထားမရှိဘဲနဲ့ အပြင်ဖက် ထွက်လာနိုင်အောင်၊ ဒါ ကျနော်ကူညီနေတာပဲလို့။

အဲဒီလူတွေဟာ အမေ့ခံအကျဉ်းသားဆိုတဲ့စိတ် ကင်းမဲ့ပြီးတော့ အပြင်ကိုထွက်လာနိုင်မယ်ဆိုရင် တိုင်းပြည်အကျိုးကို အများကြီးလုပ်နိုင်လိမ့်မယ်။ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ နိုင်ငံရေးအကျိုး၊ ဒီမိုကရေစီအကျိုးကို အပြည့်အ၀ ဆောင်ရွက်နိုင်လိမ့်မယ်။ ဆောင်ရွက်တဲ့ နေရာမှာလည်း ကျနော်တို့ဆိုရင် အသက် ၈၀ပိုင်းနား ရောက်နေတော့ နောက်ကို ၁ နှစ် ၂ နှစ် ၃ နှစ်ထက်ပိုပြီး လုပ်နိုင်တာထက်တော့ အကြောင်းမရှိတော့ဘူး။ ဒါပေမယ့် သူတို့ကျတဲ့အခါကျတော့ သူတို့ကို နှစ်ပေါင်းများစွာ ဆက်လုပ်နိုင်မယ်ဆိုတာ မျှော်လင့်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူငယ်တွေ။ အဲဒီလူငယ်တွေ အပြင်ကို ထွက်လာတဲ့အခါမှာ အမေ့ခံအကျဉ်းသားဆိုတဲ့ စိတ်ထားမျိုးကင်းမဲ့ပြီတော့ ထွက်လာကြရင် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ နိုင်ငံရေးပါတီအကျိုး၊ ကိုယ်ရဲ့ သားချင်းမိတ်ဆွေများအကျိုး၊ လူထုအကျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့လဲ အများကြီး မျှော်လင့်ပါတယ်။ အဲဒီစိတ်ဓာတ်ကို မွေးနိုင်အောင်လို့လည်း၊ အဲဒီစိတ်ဓာတ်ကို ရှိနိုင်အောင်လို့လည်း အခု ကျနော်လုပ်နေပါတယ်။ အဲဒါပဲ ပြောချင်ပါတယ်။

အဲ အလွတ်ပြောတာကတော့ … ဗျာ ကျနော်လည်း အသက်ကြီးလာတဲ့အခါကျတော့ တကယ်က ဒီအချိန်က နိုင်ငံရေးလုပ်ဖို့ကောင်းတော့တဲ့အချိန် မဟုတ်တော့ဘူးလို့။ နိုင်ငံရေးအတွက် အသုံးဝင်ဖို့ဟာကလည်း အများကြီး လျော့လာတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကလည်း အများကြီး လျော့လာတယ်။ သိပ်ပြီးတော့ စွမ်းအားလည်းမရှိ၊ ဥာဏ်အားလည်း မရှိတော့ဘူး။ သိပ်တော့ မကောင်းတော့ဘူး။ သို့သော် လုပ်နေရတာပဲ။ အခြေအနေအရ။ အဲဒါ တခု ပြောတယ်။ အဲသည်တော့ အခု ခင်ဗျားတို့က ဒီမှာ အသက်ရှည်ပါစေ ဆုတောင်းတဲ့အခါ ကျနော်က အသက်ရှည်ရုံတင်မဟုတ်ဘူး၊ နိုင်ငံရေးကိုလည်း အသက်ရှည်ရှည်လုပ်နိုင်ဖို့ကိုလည်း ကျနော့်ကိုကျနော် ဆန္ဒပြုမိတယ်လို့ ၊ အသက်ရှည်နေတုန်းကာလမှာ ကိုယ်လုပ်နိုင်တာလေး လုပ်ဖို့ပေါ့။ လုပ်တယ်ဆိုတာကလည်း ကိုယ်က နိုင်ငံရေးကို လုပ်တတ်လို့လို့၊ လုပ်နိုင်လို့လို့၊ အင်အားတွေရှိလို့တော့ မဟုတ်ဘူး၊ အခုက လုပ်ဖို့ အခွင့်အရေး ကြုံနေလို့။ လုပ်ဖို့ အခွင့်အရေးကြုံတယ်ဆိုတာက နောက်တခုက တာဝန်က ကျနေတယ်။ တာဝန်က ရှိတယ်၊ အခွင့်အရေးက ကျနေတယ်။ အဲဒီတုန်းမှာ နိုင်ငံရေးလုပ်ရတယ် ဆိုရင်လည်း အဲဒီနိုင်ငံရေးကို တတ်နိုင်သမျှ အသုံးကျကျ၊ အသုံးဝင်ဝင် လုပ်ချင်တယ်။ လုပ်ပါရစေလို့လည်း ဆုတောင်းတယ်။ ဒါလောက်ပဲ ပြောတာပါ။

REF: မိုးမခ

0 comments:

အပေါ်သို့