Wednesday, May 20, 2009

ကြားဖြတ်သတင်းများ

ယမန်နေ့ တရားခွင်သတင်း သတင်းစာများတွင် ဖော်ပြ
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 12:55 - မြန်မာစံတော်ချိန်

ယမန်နေ့က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်အမှု ဒုတိယနေ့ စစ်ဆေးမှုတွင် စစ်အစိုးရဘက် တရားလိုပြသက်သေ ၅ ဦး အစစ်ဆေးခံခဲ့ပုံနှင့် ထွက်ဆိုချက်များကို စစ်အစိုးရ ထိန်းချုပ်ထားသော နေ့စဉ် သတင်းစာများတွင် ဖော်ပြထားသည်။

မှုခင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မောင်မောင်ခင်၊ ရဲအုပ်သန်းနိုင်၊ ဒုတိယ တပ်ကြပ် မျိုးလွင်၊ ဒုတိယရဲမှူး မောင်မောင်မြင့် ၊ ရယကဥက္ကဌ ဦးသာစိန် တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယရဲမှုးကြီး မောင်မောင်ခင်က သူ့အနေဖြင့် အမေရိက နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို စစ်ဆေးရကြောင်း ပြောဆိုကာ မစ္စတာ ယက်တော မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မည်သို့ သွားရောက်ခဲ့ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့က အစားအစာများ ကျွေးမွေးခဲ့ပုံကို ထွက်ဆိုသွားသည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

တရားလိုပြသက်သေ အမှတ် (၇ ) ရဲတပ်ရင်းမှ ရဲအုပ်သန်းနိုင်ထွက်ဆိုချက်တွင်တော့ သူသည် ပြည်လမ်းတံတားဖြူ မှတ်တိုင် အနီး ကန်သာယာ ဆေးရုံဟောင်းတွင် အခြေပြုပြီး မေလ ၄ရက် နံနက်ပိုင်း လုံခြုံရေးတာဝန်ယူခဲ့ကြောင်းနှင့် မေလ ၆ရက်နံနက် ၅နာရီခွဲတွင် အင်းလျားကန်စပ်ဘက် သွားရောက်ကြည့်ရှုရာ ကမ်းစပ်နှင့် ကိုက်၁ဝဝခန့်တွင် အထုပ်ကို တွေ့ရကြောင်း၊ အထုပ်နှင့် ကပ်ပါလာသူမှာ နိုင်ငံခြားသား တဦး ဖြစ်သည်ကို တွေ့ရကြောင်းပြောဆိုပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများစာရင်းကို ဖတ်ပြသွားသည်။

တရားလိုပြသက်သေ သတင်းတပ်ဖွဲ့ စစ်ဆင်ရေး ဌာနခွဲမှ ဒုတိယ ရဲမှုးမောင်မောင်မြင့် ထွက်ဆိုချက်မှာ မေ ၆ရက် နံနက် ၅နာရီခွဲခန့်တွင် ရဲတပ်ရင်း (၇ ) တပ်ခွဲ (၃ ) မှ ရဲအုပ်သန်းနိုင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ အင်းလျားကန်ကို ဖြတ်ပြီး ရေကူးလာသော မစ္စတာယက်တော အား လာရောက်ပို့ အပ်ပေးသဖြင့် လက်ခံခဲ့ကြောင်းနှင့် မစ္စတာယက်တော နှင့် အတူပါလာသော ပစ္စည်းများကို သက်သေ မရမ်းကုန်း မြို့နယ် အမှတ် (၄ ) ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးသာစိန်၊ ဦးစိုးမြင့် တို့နှင့် အတူရှာဖွေ သိမ်းဆည်းကြောင်း ထွက်ဆိုသွားကြောင်း သတင်းစာက ရေးသားထားသည်။
------------------------------------------------

သတင်းစာဆရာ ၁ဝ ဦးကို ဒေါ်အောင်ဆန်းစုကြည် တရားခွင် တက်ရောက် နားထောင်ခွင့်ပြု
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 12:45 - မြန်မာစံတော်ချိန်

အင်းစိန်ထောင်အတွင်း အထူးတရားရုံး၌ ပြုလုပ်နေသော တတိယနေ့မြောက် ဒေါ်အောင်ဆန်းစုကြည်၏ အမှု တရားခွင်ကို ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် ငါးဦးနှင့် ပြည်တွင်း ဂျာနယ်တိုက်များမှ သတင်းထောက် ငါးဦးကို တက်ရောက် နားထောင်ခွင့်ပြုလိုက်သည်။

“နိုင်ငံခြားသတင်းဌာန သတင်းထောက် ငါးယောက်နဲ့ ဂျာနယ် သတင်းထောက် ငါးယောက်ကို မဲနှိုက်ပြီး ရွေးချယ်လိုက်တယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက်တဦးက မဇ္ဈိမသို့ ပြောသည်။

“အခုပဲ ကျနော်တို့ အင်းစိန်ထောင်ကို ဝင်နေပြီ ခင်ဗျ” ဟု သူက ပြောသည်။

တရားခွင်ကို ပြည်သူအများ တက်ရောက် နားထောင်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းက တောင်းဆိုထားခဲ့သော်လည်း စစ်အစိုးရက တံခါးပိတ် တရားခွင်ကို ဆက်လက် ပြုလုပ်နေပြီးမှ သတင်းထောက် အချို့ကို နားထောင်ခွင်ပြုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်
------------------------------------------------

သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုမည်
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 11:30 - မြန်မာစံတော်ချိန်

နိုင်ငံခြား သံတမန်များထဲမှ သံတမန်အချို့ကို အင်းစိန်ထောင်အတွင်း အထိန်းသိမ်းခံနေရပြီး အမှုဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံခွင့်ပြုမည်ဟု သံတမန် သတင်းရပ်ကွက်အရ သိရသည်။ ထို့အပြင် ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြေးနန်း သတင်းဌာနများမှ သတင်းထောက်အချို့ကိုလည်း လိုက်ပါခွင့် ပြုမည်ဟု စုံစမ်း သိရှိရသည်။


ဂမ်ဘာရီကို မြန်မာပြည်သို့ အမြန်လွှတ်ရန် စင်ပြိုင်အစိုးရပြော
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 11:30 - မြန်မာစံတော်ချိန်

စင်ပြိုင်အစိုးရဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)က ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ အမြန်ဆုံး စေလွှတ်သင့်ကြောင်း အကြံပြုပြောဆိုလိုက်သည်။
------------------------------------------------

စစ်အစိုးရက သံတမန်များကို ရှင်းလင်း
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 09:48 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုနှင့်ပတ်သက်ပြီး စစ်အစိုးရက မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂရုံးများမှ ကိုယ်စားလှယ်များကို ကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးရုံး အဆောက်အဦဟောင်းတွင် ယနေ့နံနက်တွင် ခေါ်ယူကာ ရှင်းလင်းမှု ပြုလုပ်မှာ ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့