Tuesday, May 19, 2009

ဒေါ်အောင်ဆန်းစုကြည် တရားခွင် ပထမနေ့ အင်းစိန်ထောင်ရှေ့ လုံခြုံရေး တင်းကျပ်

18 May 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားခွင်မှာ အာဏာပိုင်တွေက ဒီကနေ့ ရုံးထုတ် စစ်ဆေးလိုက်ပါတယ်။ ပထမအကြိမ် ထောင်တွင်း ကြားနာ စစ်ဆေးမှုကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြား ကပဲ တရားခွင်အခြေ အနေကို သိလိုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ၊ စိတ်ဝင်စားသူတွေ အများအပြားလည်း အင်းစိန်ထောင် ပတ်ဝန်း ကျင်မှာ ဒီကနေ့ စုဝေးရောက်ရှိ လာကြပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အမေရိကန်နိုင်ငံသား တယောက် တိတ်တဆိတ် ရေကူး ၀င်ရောက် ခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆို ကြားနာမှုတွေ စလုပ်ခဲ့တာပါ။ လုံခြုံရေးတွေ ထူထူထဲထဲ ချထားတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်း တရားခွင် အတွင်း တရားလို သက်သေ အဖြစ်နဲ့ ဒုတိယရဲမှူးကြီး တဦးကို စတင် စစ်ဆေးတာတွေ လုပ်ပြီး တော့ နေ့လယ်ပိုင်းမှာ တရားခွင် အဆုံးသတ်သွားပြီး မနက်ဖြန် ဆက်စစ်မယ်လို့ အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့တရားခွင်က မနက် ၁၀ နာရီ ကျော်ကျော်လောက်မှာ စပါတယ်။ ကျနော်တို့ ရှေ့နေ ၄ ဦး ၀င်ပါတယ်။ မစ္စတာဂျွန်ဝီလျမ် အတွက်ပါဆိုရင် အားလုံး ၅ ဦးပေါ့။ ပထမဆုံး အနေနဲ့ တိုင်ကြားတဲ့ ပုဂ္ဂိုလ် ဒုတိယ ရဲမှူးကြီး တယောက်ကို ဒီနေ့ စစစ်ပါတယ်။ ၁၀ နာရီ ကျော်ကျော်လောက်က စစ်တာ ၂ နာရီ၊ ၂ နာရီခွဲ လောက်မှာ ပြီးပါတယ်။ ဒီနေ့ ရုံးချိန်းကတော့ ဒီတယောက်နဲ့ပဲ ပြီးသွားတယ်။ ကျနော်တို့ မနက်ဖြန် ဆက်ချိန်းတယ်။”

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကန့်သတ် တားဆီးမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို တရား စွဲဆို လိုက်တာပါ။ ဒါပေမယ့်လည်း ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ကာယကံရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်က အပြစ် မရှိကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် တွေက အခုတရား ခွင်မှာ သက်သေစစ်ချက် အပေါ် ဥပဒေကြောင်း အရ ပြန်လှန် မေးခွန်း ထုတ်ခဲ့တယ်လို့ လည်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

“ကျနော်တို့က ပြန်လှန်မေးတဲ့အခါ သူတို့ တားဆီးမိန့်ကို ဖတ်ပြတယ်။ ဖတ်ပြပြီးတော့ အဲဒီထဲမှာပါတဲ့ တချက်ချင်း မေးလိုက်တယ်။ အဲဒီထဲမှာ ဘာပါလဲဆိုတော့ မကျွေးရ ဘူးတို့၊ စကား မပြောရဘူးတို့ ပါလား။ ပြင်ပနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။ သူက အခု လုံခြုံရေး ယူထားတဲ့ကြားက ဖောက်ပြီးဝင်လာတာ။ ဒီလို လုံခြုံရေး ယူထားတာ မပေါက်လို့ရှိရင် ဒီအမှု မဖြစ်ဘူး။”

ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင်တွေ၊ သူ့ကို ထောက်ခံကြ သူတွေနဲ့ စိတ်ဝင်စားသူ အများ အပြား ရောက်လာ ကြပေမယ့် အာဏာပိုင်တွေက လုံခြုံရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် ချထားတာပါ။ အင်းစိန်ထောင်ရှေ့ သာမက အင်းစိန်မြို့ထဲ အဓိကနေရာ အတော် များများမှာပါ လုံခြုံရေးတပ်ဖွဲ့တွေ၊ အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ စွမ်းအားရှင် အဖွဲ့ဝင်တွေက လမ်းပေါ်မှာ တားဆီး ပိတ်ဆို့ တာတွေ လုပ်ထားတာလို့ ရန်ကုန်မြို့ခံ တယောက်က ပြောပြပါတယ်။

“ဟိုဘက် ပန်းခြံဘက်ကလည်း ပိတ်တယ်။ ဒီဘက် ပေါက်တောဝ ဘက်ကလည်း ပိတ်တယ်။ နှစ်ဖက်လုံး ပိတ်လိုက်တာ၊ ဟိုဘက်ဒီဘက်ကို။ မနက် အစောကြီးပိုင်းက လူဝင်လို့ ရသေးတယ်။ ၂ ယောက် ပါသွားတယ်လို့ ပြောတယ်၊ ဘယ်သူတွေလဲ ဆိုတာတော့ မသိရသေးဘူး။ ၈ နာရီခွဲ လောက်က ဆိုရင် ကားလမ်း မမှာ အများကြီးပဲ၊ စွမ်းအားရှင်တွေရော၊ လုံထိန်းတွေရော၊ ရဲတွေရော အများကြီးပဲ။ ဒါပေမယ့် အဲဒီ လမ်းပိတ်တဲ့ နေရာမှာကြတော့ စစ်တပ်ကို ချထားတယ်၊ စစ်ကားတွေပဲ ရှိတယ်။ သံဆူးကြိုးနဲ့ ပိတ်ထားတာ။ မနက်ပိုင်းကတော့ လူဝင်လို့ရတယ်၊ ကားသွားလို့ မရဘူး။ အခုကြတော့ လူပါ ၀င်လို့ မရတော့ဘူး။ သံဆူးကြိုးနဲ့ ပိတ်တယ်၊ အရှေ့မှာ စစ်သား ၃ ယောက် လက်ပတ်အနီနဲ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ကြားနာမယ်ဆိုလို့ မနက် ၇ နာရီလောက် ကတည်းက ထောင်ရှေ့ကို သွားခဲ့ပေမယ့် အတားအဆီးတွေနဲ့သာ တွေ့ရလို့ အင်းစိန်ဈေး အနီးကနေ ကြားနာမှု ပြီးတဲ့အထိ စောင့်ဆိုင်း နေခဲ့တဲ့ အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်ရဲ့ အတွေ့အကြုံကတော့ …

“ဈေးရှေ့မှာ ကျနော်ရောက်နေတာ။ ဈေးရှေ့မှာ လူတော်တော် များတယ်ဗျ။ ဈေးလောက်ကနေ စပြီး ပိတ်လိုက်တာ ဟိုဘက် ပေါက်တောဝ အထိ ပိတ်ထားတယ်။ ပေါက်တောဝ ဘက်မှာလည်း လူတွေ တော်တော်များများ ရှိတယ်လို့ ပြောတယ်။ ရပ်ကွက်တွေ ထဲမှာလည်း အကုန်လုံး လျှောက်ပိတ် ထားတယ်။ ဘုန်းကြီးကျောင်းတို့ ဘုရားတို့လည်း ပိတ်ထားတယ်။ အခုက ပိတ်တဲ့အပေါ်မှာ မူတည်ပြီး လူတွေက စုရုံးစုရုံး ဖြစ်နေတာပဲ။ ခုနတုန်းက ကလေး တယောက်တော့ ခေါ်သွားတယ်။ ရွှေပြည်သာ မြို့နယ် အန်န်အယ်လ်ဒီ မြို့နယ်စည်းက မောင်ထွေးသိန်းဆိုတာ၊ သူ့ကို ဘယ်လို မသင်္ကာ ဖြစ်တယ် မသိဘူး၊ ခေါ်သွားတယ်။

“သာမန်အားဖြင့် တရားရုံးဆိုတာ ထောင်ထဲမှာမှ ဟိုးအတွင်းမှာကို ထောင်နံရံနား ကပ်နေတာ။ အဲဒီတော့ အထဲက အခြေအနေလည်း ကျနော်တို့ ဘာမှ သိစရာ အကြောင်း မရှိဘူး။ ဖွင့်ထားလို့ လမ်းတွေ ဘာတွေ သွားလာနေရင် ကျနော်ထင်တယ် ဒီကိစ္စက ဘာမှ ရှိမှာမဟုတ်ဘူး။ တချို့လူတွေကတော့ ပြောတယ်၊ ဘယ်လိုလဲ ဒီဟာ ဖွင့်ပေးဖို့ တောင်ကောင်းတယ်၊ ဘာညာပေါ့ဗျာ။ Open Court ပေါ့။ တရားခွင်နား သွားနားထောင် ရရင်၊ ကျနော်ကတော့ ရယ်စရာတောင် ပြောလိုက်သေးတယ်။ Open Court ဖြစ်ဖို့ နေနေ သာသာ အခု ထောင် Open Compound တောင်မှ မဖြစ်ဘူးလို့။”

အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုအမှုအတွက် အာဏာပိုင်တွေဘက်က တရားလိုသက်သေ အဖြစ်နဲ့ လူပေါင်း ၂၂ ယောက်ကို တင်သွင်းဖို့ ရှိနေပြီးတော့ ဒီအထဲက အများစုဟာ အစိုးရ ၀န်ထမ်းတွေ ဖြစ်တယ်လို့လည်း ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။ မနက်ဖြန် အင်္ဂါနေ့ အတွက် စစ်ဆေး မေးမြန်းမှုတွေမှာ ဆိုရင်လည်း အလားတူ ရဲအရာရှိတွေ၊ အစိုးရ ၀န်ထမ်းတွေ ပါဝင်ထွက်ဆိုဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့