Tuesday, July 7, 2009

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေး အခွင့်အလမ်းများ ဆုံးရှုံးဟု ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်း ပြောကြား

NEJ / ၆ ဇူလိုင် ၂၀၀၉

နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့် အလမ်းများကို မြန်မာ စစ်အစိုးရ အနေဖြင့် လက်လွတ် ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဇူလိုင် (၃) ရက်နှင့် (၄) ရက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းခဲ့သည်ကို နအ ဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မခံဘဲ ငြင်းပယ်ခဲ့သည့် အတွက် မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် အလွန် စိတ်ပျက် မိကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်အား တွေ့ဆုံခွင့် မပေးခြင်းသည် မှားယွင်းသည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန် ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “အမှန်က ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဆိုတာ ကမ္ဘာ့နိုင်ငံပေါင်း မြောက်မြားစွာက ထောက်ခံ တင်ပြထားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဒါကြောင့် တကယ်ကို တွေ့သင့် တွေ့အပ်တဲ့၊ တကယ်လည်း တွေ့ခွင့် ပေးသင့်တဲ့ ကိစ္စလို့ ယူဆပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပေးဘူးဆိုတဲ့ လုပ်ရပ်ဟာ တင်းမာလွန်းတဲ့သဘော သက်ရောက်သွားတဲ့ အတွက် တိုင်းပြည် အတွက်ရော၊ ခေါင်းဆောင် တယောက် အနေနဲ့ရော ကမ္ဘာက အထင်မြင်သေးစရာ တခုလို့ ယူဆမိပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သူ့အနေဖြင့် သူ့တာဝန်သူ ထမ်းဆောင်သည့် သဘော သက်ရောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက တွေ့ခွင့် မပေးသည့်အတွက် ကျန်သည့် တွေ့ဆုံဆွေးနွေး ရေးကိစ္စ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး ကိစ္စတို့တွင် စစ်အစိုးရ အနေဖြင့် ပိုမိုတင်းမာလာမည့် သဘောမျိုး ရှိမည်ဟုလည်း သခင်ချန်ထွန်းက ပြောသည်။

မစ္စတာဘန်ကီမွန်းကမူ နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် မပေးသည်မှ လွဲ၍ ကျန်သည့် အဆိုပြုချက်များကို အလေးအနက် ထားပြီး စဉ်းစားနေသည်ဟု ယူဆကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အများက လက်ခံနိုင်ရန် လုပ်ဆောင်လိုသည့် ဆန္ဒ ရှိကြောင်း ပြသရန် အရေးကြီးကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် တို့အတွက် မစ္စတာ ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံရာတွင် တိုက်တွန်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ ကို တရားမျှတမှု ရှိစေပါမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးက ယင်းသို့ ကတိပေးခဲ့သော်လည်း နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲသည့် ဓားမိုးပြီး လုပ်သည့် ရွေးကောက်ပွဲမျိုး ဖြစ်နိုင်ခြေ များနေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (အန်စီဂျီယူဘီ) ၏ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက “ရွေးကောက်ပွဲမတိုင်ခင်မှာကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ လျော်ညီတဲ့ နိုင်ငံရေး ၀န်းကျင် ဖန်တီးပေး ရမယ်။ ပါတီ အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်တွေ၊ ပြောဆို ဆွေးနွေးခွင့်တွေ၊ မဲဆွယ်ခွင့်တွေ နိုင်ငံရေး အကျဉ်းသား (၂,၀၀၀) ကျော်က ထောင်ထဲမှာ ရှိနေပြီးတော့ အရေးကြီးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ထောင်ထဲမှာ ရှိနေရင် ရွေးကောက်ပွဲ အနေနဲ့ အင်အားစု အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ကုလသမဂ္ဂအကြီးအကဲအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သဘောထား အကြံပြုချက် များကို ပွင့်ပွင့် လင်းလင်း ပြောသွားပြီးသည့်နောက် စစ်အစိုးရဘက်မှ အမှန်တရားကို ရှုမြင်ပြီး တုံ့ပြန်ရန်သာ လိုအပ်သည်ဟု ဒေါက်တာသောင်းထွန်းက ပြောသည်။

“ဒါပေမယ့် အခု ဘန်ကီမွန်းရဲ့ခရီးစဉ်မှာတော့ တိတိကျကျ ရလဒ် မရရုံတင် မကဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကုလသမဂ္ဂရဲ့ ကြားဝင် ဖျန်ဖြေမှုကို သိပ်ပြီး အလေးမထားဘူး။ နောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ် ဖော်ဆောင်ချင်တဲ့ နိုင်ငံရေး အာသီသ မရှိဘူးဆိုတာ ပြနေတယ်။ နောက် ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ နိုင်ငံတကာရဲ့ သဘောထားကိုလည်း ငြင်းပယ်တဲ့ သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စည်းနှောင်မှု ရှိသည့် ဆုံးဖြတ်ချက် တခု ချမှတ်ရန် လိုအပ်နေပြီး ကောင်စီ အနေဖြင့် တစုံတရာ တုံ့ပြန်မှု ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့