Tuesday, November 17, 2009

ဗြိတိသျှစာကြည့်တိုက်

Written by တိုက်စိုး


ဗြိတိသျှ စာကြည့်တိုက် အဆောက်အဦး

ဗြိတိသျှပြတိုက်စာကြည့်တိုက်နှင့် ကျွန်တော် ဆုံစည်းမိပုံသည် မတော်တဆ မဟုတ်ပါလေ။ ဆောင်းရာသီ ကျောင်းပိတ်ရက် အတွင်း တောမှ လန်ဒန်သို့ ကျွန်တော် ရောက်လာသည်။ စာကြည့်တိုက်နှင့် စောစောပိုင်း ကတည်းက အကျွမ်းတ၀င် ရှိထားဖို့မှာ စကားထဲ ထည့်ပြောဖို့ရန်ပင် မလို။ ထို့ကြောင့် ထိုနေ့ မနက်စာ စားပြီးချိန်၌ ကျွန်တော်သည် မြူနှင်းများ ဝေနေသဖြင့် ဘတ်စ်ကားများ ရှေ့မီးကို ထွန်း၍ ဟွန်းသံ ဆူဆူညံညံ ပေးကာ သွားလာနေကြသည့် လမ်းကျယ်ဘက်မှ စာကြည့်တိုက်ရှိရာ ဂရိတ်ရပ်ဆယ်လမ်း (Great Russell St) ထဲသို့ ချိုးဝင် လျှောက်လာခဲ့လေသည်။ ဘေးဝန်းကျင်ကို သတိထားကြည့်ကာ အသံများနှင့် တဖြည်းဖြည်း ဝေးဝေးလာခဲ့ရာ မြူနှင်းတွေ အကြား၌ တရေးရေး ပေါ်နေသော စာကြည့်တိုက်ကို မြင်လာရတော့သည်။ နဂိုက စာအုပ်ထဲတွင် ဖတ်ထာရ၍ ကြည်ညိုနေမိသည့် အထဲတွင် သည်လို အထု အထည်နှင့်လည်း မြင်ရပြန်၊ ပတ်ဝန်းကျင်နှင့်လည်း လျော်ကန်ပြန်သည် ဖြစ်ရာ ပို၍ ကြည်ညိုစိတ် ပွားများလာပေသည်။

သည်အကြောင်းကို စာပေအရာ၌ ဖတ်ကျွမ်း မှတ်ကျွမ်းသူများ သိထားတန်အံ့သည်။ ၀င်းတောင်ဖက် မျက်နှာချင်းဆိုင်တွင် အရှေ့တိုင်း စာအုပ်ဆိုင်တွေ အစီအရီနှင့် ရှိကြသည်။ ကျွန်တော် ရောက်ချိန်၌ ဒေါက်တာ ထင်အောင်ရေး ‘မြန်မာ့ရိုးရာပုံပြင်များ’ စာအုပ်၊ တရုတ်စာပေ သုခမိန် အာသာဝယ်လေ၏ ဘာသာပြန် တရုတ် ကဗျာညွန့်ပေါင်းစာအုပ်၊ ပရမတ်ဆရာကြီး ရာဒါခရစ်ရှနန်းရေး ‘အိန္ဒိယ အဘိဓမ္မာကျမ်း’ စာအုပ်များကို မှန်ပြတင်းပေါင်တွင် အပြိုင်အဆိုင်ပြထာသည်ကို မြင်ခဲ့ရသည်။ ၀င်းရှေ့ဖက်တွင် လန်ဒန်တက္ကသိုလ်၏ ခေတ်ဆန်သော အဆောက်အအုံ မားမားမြင့်မြင့်ရှိသည်။ ၀င်းအနောက်ဖက် လမ်းတွင် အင်္ဂလန် ပြည်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ အသင်းဌာနချုပ် ရှိသည်။ သည်မျှသာ မဟုတ်သေး။ ကဗျာသမား၊ ပန်းချီသမား၊ ဘာသာရေး ဂိုဏ်းသမား၊ ပညာကျော်၊ စာမွေ့သူတွေ ကျက်စားရာ၊ ငတ်ပြတ်ရာ၊ အရက်ချိုမြမြနှင့် ညဥ့်နက် သန်းခေါင်မရွေး ဆွေးနွေးရာ ဘလွန်စဘူရီ အမည်ရှိ နာမည်ကျော် ရပ်ကွက်သည် ဤနေရာပင်ဖြစ်သည်။

သည်လို စာပေရေးရာ၊ ဘာသာရေးရာ၊ ၀ါဒသစ်၊ ၀ါဒဟောင်း အလှယ်အကူး ပေါသည့် ရပ်ကွက်အလယ်တွင် ဗြိတိသျှ ပြတိုက်သည် ရင့်ကျက်သော အသရေကို ဆောင်ပြနေပေသည်။ ကျွန်တော်က စာကြည့်တိုက် စာသင်သားမို့ လိုလိုချင်ချင် မှတ်ချက်ချသည်ဟု ယိုးချင်ပါသော် ဗြိတိသျှပြတိုက်ကို စေ့စေ့ ကြည့်မိသူတိုင်း ကျွန်တော့်နည်းတူ မှတ်ချက် ပေးရလိမ့်မည်ဟု ထပ်ပြောလိုပေသည်။ ကြည့်ပါတော့။ စာကြည့်ခန်းမ အ၀င်တွင် ဂရိနွယ် ကျောက်သားတိုင် ရှစ်တိုင် မားမားရားရားနှင့် ရပ်တည်လျက်ရှိသည်။ ရုပ်ကြွများကလည်း နဖူးစည်းက ဆီး၍ မိုးနေပေသည်။ ဟိုရှေးဂရိ မုခ်ဝမျိုးပင်။ သည်လို ရှေးဂရိဟန် မုခ်ဝအောက်သို့ ၂၀ ရာစုနှစ်တွင်းသား စာဖတ်သူ လူကြီးလူငယ်များ ဦးတိုက်၍ ၀င်လာနေကြပြီ။

သူတို့၏ နှိမ့်ချသောမျက်နှာထားနှင့် ရင့်ကျက်သော အဆောက် အဦးသည် အပြိုင်အဆိုင် ပေါ်နေပေသည်။ လူရွယ်နှင့် အဘိုးအို၏ ဆက်ဆံရေးသည် ပေါ်လွင်နေပေသည်။ ကျွန်တော်လည်း သူတို့နှင့်အတူ ၀င်လိုက်သွား လေသည်။

သည်လိုဖြင့် အမျိုးသား စာကြည့်တိုက်ဖြစ်သော ပြတိုက် စာကြည့်ခန်းမ အတွင်းသို့ ပထမ အကြိမ် ရောက်ရခြင်း ဖြစ်ပေသည်။ (နောင်လည်း မကြာခဏ ရောက်ခဲ့သည်ပင်)။ သို့သော် အမျိုးသား စာကြည့်တိုက် ဆိုသည်မှာ ဘာပါလဲ။ စာကြည့်တိုက်ကို ပါလီမန်မှ နှစ်စဉ် အသုံးစရိတ် ပေးသည်။ အင်္ဂလိပ် သာသနာပိုင်၊ တရားရေးရာ ၀န်ကြီး၊ (ဥပဒေပြု) အောက်လွတ်တော် ဥက္ကဋ္ဌ၊ ထိုသုံးဦးတို့က ဦးစီး အုပ်ထိန်းသည်။ မူပိုင် ဥပဒေအရ ပြည်တွင်း၌ ထုတ်ဝေသမျှ စာအုပ်များ၊ သတင်းစာများ တစ်အုပ်စီ၊ တစ်စောင်စီ ပို့ရသည်။ ဤသည် မြူနီစီပယ် စာကြည့်တိုက် တို့နှင့် ကွဲပြားချက်ဖြစ်သည်။ ထင်ရှားအောင် စာကြည့်တိုက် လမ်းညွှန် စာအုပ်မှ ကောက်နှုတ်၍ ပြပါအံ့။

“ဤစာကြည့်ခန်းမသည် စာပေအလုပ်ရုံသာ ဖြစ်သည်။ စိတ်ဖျော်ဖြေရေး အတွက်လည်းကောင်း၊ စာမေးပွဲ ဖြေဆိုနိုင်ရေး အတွက် လည်ကောင်း၊ အခြား စာကြည့်တိုက်များတွင် ရနိုင်မည့် ခေတ်ပေါ် စာအုပ်များကို နှီးနှောရေး အတွက်လည်းကောင်း အသုံးပြုရန် မရည်ရွယ်။ မူရင်းကျမ်းဂန်ကို နှီးနှောလိုသူများ၊ အခြား စာကြည့်တိုက်များ၌ မရနိုင်သော စာအုပ်များကို သုတေသန ပြုလိုသူများသာလျှင် ဤစာကြည့် ခန်းမကို သုံးခွင့်တောင်းရာသည်။“

ဗြိတိသျှပြတိုက်စာကြည့်တိုက်၏ အလုပ်သည် ယခုခေတ်၊ နှောင်းခေတ်လူများ အကိုးအကား ပြုနိုင်စေရန် ရသမျှ စာပေကျမ်းဂန် တို့ကို အပျောက်အဆုံး မရှိ၊ စုဆောင်း ထိန်းသိမ်း ထားပေးရန်သာ ဖြစ်ပေသည်။ ထို့ကြောင့် ၀တ္ထုစာအုပ် တစ်အုပ်၏ ထုပ်သက်သည် (၅) နှစ်အတွင်း ရှိသည် ဆိုအံ့။ ထိုစာအုပ်ကို စာဖတ်သူအား သုံးခွင့်ပေးရိုး မရှိပေ။ စာဖတ်သူက ငှားရမ်း ဖတ်ရှုလိုလျှင် အခြား စာကြည့်တိုက်များမှ ငှားရမ်း ဖတ်ရှုရသည်ချည်း ဖြစ်သည်။ သည်လိုစည်းမျဉ်း ကြပ်ကြပ်တည်းတည်း ထားရသည်မှာ အခြားအကြောင်းလည်း ရှိပေသေးသည်။ စာကြည့်ခန်းမကို မူလက လူ - ၄၆ဝ အသုံးပြုရန် ကြံရွယ် ခဲ့သော်လည်း ယခုအခါ၌ လူ - ၇ဝဝ ကျော် အသုံးပြုနေကြဟု သိရပါသည်။


(ဗြိတိသျှ စာကြည့်တိုက် အတွင်း မြင်ကွင်း တစ်ခု)

အမျိုးသားစာကြည့်တိုက်မို့ စာအုပ်၊ ပေစာ အစုံလင်ဆုံးရှိသည်ဟု ပြောရလိမ့်မည်။ ပြော၍လည်း အဆန်းမဟုတ်ပေ။ စာကြည့်ခန်းမကို ရှားပါးအဖိုးတန်သည့် စာအုပ်များ ထားသော မြောက်ဘက် စာကြည့်တိုက်၊ မြေပုံ၊ လက်ရေးစာ၊ ပေစာထားသော စာကြည့်တိုက်၊ အရှေ့တိုင်း ကျမ်းဂန်များ ထားသော အရှေ့တိုင်း စာကြည့်တိုက်၊ ဘုရင့် စာကြည့်တိုက်ဟူ၍ စာကြည့်တိုက် ငယ်များက ရံထားသည်။ စုစုပေါင်း ပုံနှိပ်စာဦးရေ လေးသန်း၊ လက်ရေးစာဦးရေ တစ်သိန်းငါးသောင်းနှင်နှင်ရှိသည်။ စာအုပ်စင်ချင်း စဉ်ယူသော် ၃၇မိုင် ရှည်လျားသည်ဟူ၏။

ကျွန်တော်လည်း စာကြည့်ခန်းမအတွင်းသို့ခပ်ငေးငေး၊ ခပ်ရွံ့ရွံ့ ကြည့်နေမိ လေသည်။ သည်အခန်း အကြောင်းကို ရေးခဲ့၊ ဖွဲ့နွဲ့ခဲ့သော စာအုပ်စာတမ်းပေါင်းလည်း များလှပါပြီ။ တချို့တစ်ဝက် ကိုလည်း ကြိုတင်၍ ကျွန်တော် ဖတ်ဖူးခဲ့ရပြီ။ သို့ပေမယ့် ယခုလို ကိုယ်တိုင်ကိုယ်ကျ မြင်ရပြန်သောအခါ ဟိုရှေးအတိတ်နှင့် ခုမျက်မှောက် ကွင်းဆက် တို့တစ်ခုစီ၊ တစ်ခုစီပေါ်လာပေသည်။ ကျွန်တော့်ရင်တွင်း၌ လှုပ်ရှား လာလေသည်။ စာပေရေးရာ၊ စီပွားရေးရာ၊ နိုင်ငံရေရာ၊ ယဉ်ကျေးမှုရေးရာ အပြောင်းအလဲတွေကို သည်ခန်းမကပင် အထောက်အပံ့ ပေးခဲ့သည် မဟုတ်ပါလော။ လူတို့ ပါးစပ်ဖျားတွင် သီးနေသော လူကျော်လူမော် တို့သည် ငယ်ရွယ်စဉ်က မိမိတို့ကြမ္မာကို သည်ခန်းမကပင် ပျိုးခဲ့ကြသည် မဟုတ်ပါလော။

စက်ဝိုင်းသဏ္ဌာန် ခန်းမကြီး၏ အလယ်ကောင်တွင် အခန်းမှူးသည် အလုပ်လုပ်ရ၏။ တစ်ချက်တစ်ချက် စာဖတ်သူများ ဘက်သို့ လှမ်းကြည့်သည်။ သည်အလုပ်ဌာနမှ နေ၍ ထိုင်ခုံ တန်းလျားတို့သည် စက်ဘီး ဘီးထောက်များလို ဘေးသို့ ဖြာထွက်နေလေသည်။ စာဖတ်သူတွေလည်း ကိုယ့်နေရာ၊ ကိုယ့်မီးရောင် အောက်တွင် စာကူးယူနေကြသည်။ အခန်းမှူး၏ လက်ထောက်တို့သည် ခုံတန်းတွေကြား၌ ကူးလူး သွားလာ နေကြသည်။ အထက် နံရံပတ်လည်ရှိ ပြတင်းပေါက်များမှ ၀င်လာသော အလင်ရောင်မှိန်မှိန်တွင် စာအုပ်တွေ အတန်းလိုက်၊ အတန်းလိုက် ထင်နေသည်။ အင်း... ကျွန်တော်မြင်သလို ဆရာကြီး ကား(လ)မတ်လည်း မြင်ခဲ့ပေမှာပဲ။ သည် စာအုပ် တောင်ပုံ ရာပုံတွေကြား မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး ဖားဖားဖြင့် တစ်နေကုန် တစ်နေခန်း သူ စာဖတ် နေခဲ့ပေမှာပဲ။ ကျွန်တော်လည်း တောင်တွေး မြောက်တွေးနှင့် ဆွန်ယက်ဆင်၊ ဘားနတ်ရှော ဟူသော အမည်များကိုပါ ဆက်လက် ရေတွက် နေမိပေသည်။ ဆွန်ယက်ဆင်သည် အရှေ့ တော်လှန်ရေး အတွက် အနောက်တွင် အားပြုခဲ့လေသည်။ သက်ဦးဆံပိုင် တရုတ်အစိုးရ၏ ၀ရမ်းစာကို တိမ်းရှောင်ရင်း သည်ခန်းမမှနေ၍ အားစုခဲ့လေသည်။ ရှောတစ်ယောက်ရော၊ ရှောသည် ဒဗ္ဗလင် လင်တောမြို့မှ လန်ဒန်သို့ တက်လာပြီး လူငယ်ပီပီ လေလုံးကြီးနဲ့ “ကျုပ်လန်ဒန်မှာ အထူးခြားဆုံးလူဗျ” ဟု ကြွေးကြော် လေသည်။ အပြောသန်သူသည် စာကြည့်တိုက် ခန်းမတွင် ကာ(လ)မတ်၏ “အရင်းကျမ်း” ကို လက်ဝဲတွင်ထား၊ ပြဇတ်များကို လက်ယာတွင်ထား၍ အလုပ်လုပ်ခဲ့သည် ဆို၏။

ကျွန်တော်လည်း မိဘသဖွယ်ဖြစ်သော စာကြည့်တိုက် ခန်းမကို ကြည့်ရင်း ဆက်၍ တဖြည်းဖြည်း စဉ်းစား နေမိပေသည်။ တစ်ခါကပြတိုက် ညွှန်ကြားရေးဝန် ဖြစ်ခဲ့သော ပန်နစ်ဇီ၏ ကျေးဇူးကား ကြီးလေစွ။ သူသည် ဇာတိ အီတာလျံသား ဖြစ်လေသည်။ သူသည် စာကြည့်တိုက် ခန်းမကို သည်အဖြစ်မျိုး ရောက်အောင်၊ တစ်ကမ္ဘာလုံးက ကိုင်းရှိုင်း ရိုသေအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပေသည်။ ခန်းမကို သည်ပုံပေါ်အောင် တွေးကြံ ခဲ့ပေသည်။ အစိုးရထံမှ နှစ်စဉ် အသုံးစရိတ် တိုးအောင် တပင်တပန်း နှိုးဆော်ခဲ့သည်။ ထုတ်ဝေသူများ ထံမှ စာမှန်မှန်ရအောင် ဥပဒေ ပြင်းပြင်းထန်ထန် သုံးခဲ့သည်။ ထို့ကြောင့် ယခုအခါတွင် ခန်းမနှင့်တကွ စာကြည့်တိုက် ငယ်တို့သည် မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ဖြစ်နေလေပြီ။ ကျွန်တော်ပင် စာကြည့်တိုက်ငယ် တစ်ခုဖြစ်သော အရှေ့တိုင်းခန်းရှိ မြန်မာ ကျမ်းစာတွေကို လွယ်လွယ်ကူကူ သုံးနိုင်ခွင့် ရနေလေပြီ။ ကျွန်တော် အာသာငမ်းငမ်း ဖြစ်နေသော ၁၈၇ဝခု၊ ရန်ကုန်ထုတ် သံတော်ဆင့် သတင်းစာနှင့် ‘၀ရမ်းပြေးဘ၀မို့၊ လမ်းလေးခွ သို့ပင် မထွက်ဝံ့ရှာသော ကုလားဗျတ်ဝိ နှင့် ဗျတ္တဇာတ်စာအုပ်’ တို့ကို ရနိုင်လေပြီ။ ဤသို့လျှင် စာအုပ်တွေ လျှောက်ကြည့်ရင်း၊ တွေးရင်း၊ အံ့သြရင် အချိန် တစ်စတစ်စ ကုန်လာလေသည်။

စာအုပ်တွေ လျှောက်ကြည့်ရင်း၊ အံ့သြရင်း အချိန်ကုန်လာလေတော့သည်။ ၅နာရီလည်း ထိုးပြီး။ စာဖတ်သူ ခါကိုင်းကိုင်းနှင့် အဖိုးကြီးတွေ၊ ကျွန်တော်လို ကျောင်းသား အရွယ်တွေ၊ မျက်မှန်ထူထူနှင့် မိန်းမတွေလည်း မှတ်စုများပိုက်၍ ထကုန်ကြပြီ။ ကျွန်တော်လည်း ဂေါ်ကီရေးခဲ့သည့် “ဗြိတိသျှ ပြတိုက်သည် အင်္ဂလန်၏ အဖိုး မဖြတ်နိုင်သော ကျောက်မျက် ရတနာပေ” ဆိုသော စာတန်းကို တဖွဖွ မြည်းတမ်းလျက် ထွက်ခဲ့တော့၏။

(မူရင်း။ ။ငွေတာရီမဂ္ဂဇင်း၊ ဇူလိုင်လ ၁၉၅၁)
(တိုက်စိုးစာတိုနန့်နန့်၊ ၁၉၇၅)

Ref: (www.kaungkin.com မှ ကူးယူ ဖော်ပြပါသည်)

0 comments:

အပေါ်သို့