Thursday, November 19, 2009

ကချင်ပါတီ ရုံးသစ် ဖွင့်လှစ်

နိုဝင်ဘာ ၁၈၊ ၂၀၀၉ (The Kachin Post)

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် မြို့တော်၊ မြစ်ကြီးနားမြို့မှာ ကျင်းပ ပြုလုပ်တဲ့ ကချင်ပြည်နယ် တိုးတက် ရေးပါတီ (Kachin State Progressive Party) ရုံးသစ်ဖွင့်ပွဲကို ဧည့်သည်တော် တွေနဲ့ လူသိများထင်ရှား ကျော်ကြားတဲ့ ကချင်အမျိုးသား ၂၀၀ ကျော် တက်ရောက် ခဲ့တယ် လို့ မြို့ခံ သတင်းရပ်ကွက်က ပြောဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ ဒု-ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ဒေါက်တာ တူးဂျာက နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ပါတယ်။ အရင် KIO ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး ဇော်မိုင်၊ ထင်ရှားတဲ့ ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဘုန်းတော်ကြီး ဆဗွိုင်းဂျွန်နဲ့ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) ခေါင်းဆောင် ဆခုန်တင်ယင်းတို့ တက်ရောက်ခဲ့တယ်။ လို့ အမည်မသိ ဧည့်သည် တဦးက ပြောပါတယ်။

နှစ်ချင်းဓမ္မဆရာ သိက္ခာတော်ရ မဂျီလဂျာက တရားတော် ဟောကြားပြီး နောင်နန်း ကချင် ဓမ္မကောလိပ်၊ ဌာနမှူးဟောင်း ဖြစ်သူ၊ သိက္ခာတော်ရ Gum Se က ဆုတောင်းပွဲကို ဦးဆောင် ကျင်းပခဲ့ပါတယ်။ ဒေါက်တာ တူးဂျာက ကချင်ပြည်နယ် ကြားဖြတ် လုပ်ငန်း ကော်မတီ၊ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒီကော်မတီကို ၂၀၀၈ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ KIO ၊ NDA-K နဲ့ ကချင် လူထုခေါင်းဆောင် တွေရဲ့ သဘောထား တူညီမှုနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ် စက်တင်ဘာလ အစောပိုင်းမှာ ဒေါက်တာ တူးဂျာဟာ ကချင်နိုင်ငံရေး ပါတီ ဖွဲ့စည်းဖို့ ကြိုတင် ပြင်ဆင်မှု အနေနဲ့ မြို့ပြ နိုင်ငံရေးကို အချိန်ပြည့် လုပ်ဖို့ ကတိ က၀တ်တွေကို ထုတ်ဖော် ကြေညာပြီး KIO ကနေ နှုတ်ထွက် ခဲ့ပါတယ်။

မြန်မာပြည်အနာဂတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေး ပါတီတွေ တရားဝင် ဖွဲ့ခွင့် ရတဲ့ အချိန်မှာ ကချင်ပြည်နယ် တိုးတက်ရေး ပါတီကို ထုတ်ဖော် ကြေညာမှာ ဖြစ်ပါတယ်။ လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

၁၉၄၈ခုနှစ် ဗြိတိသျှလက်အောက်ကနေ မြန်မာပြည် လွတ်လပ်ရေး ရအပြီးမှာ ကချင် အမျိုးသား ကွန်ဂရက်(ဂျိန်းဖောဝမ်ပေါင်ဖွန်း)၊ ခွန်ဖန်ပါတီ (ခွန်ဖန်ဖွန်း)နဲ့ ပေါင်ယောင် လူငယ်ပါတီ (ပေါင်ယောင်ရမ်မရော်ဖွန်း) ဆိုတဲ့ အဓိက ကချင်နိုင်ငံရေး ပါတီ ၃ ခု ပူးတွဲပြီး ကချင်ပြည်နယ် အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ တော်လှန် ရေးကောင်စီက ၁၉၆၂ခုနှစ် မှာ တိုင်းပြည်ရဲ့ အာဏာကို ထိန်းချုပ်ပြီး နောက်မှာ ကချင်နိုင်ငံရေး ပါတီအများစုကို ဖျက်သိမ်းခဲ့ပါတယ်။ ၁၉၉၀ခုနှစ်မှာ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် ပါတီဟာ ကချင်ပြည်နယ်မှာ အမတ် ၃ နေရာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ ပါတီဟာ တားမြစ် ပိတ်ပင်ခံရပြီး အဓိက ပါတီဝင်တွေ အဖမ်းခံခဲ့ ရပါတယ်။

0 comments:

အပေါ်သို့