Friday, February 5, 2010

မြ၀တီ ကုန်သွယ်ရေးဇုံက ညစ်ပုံညစ်နည်းများ

February 05, 2010


မြ၀တီတွင်ရှိသော ကုန်သွယ်ရေးဇုံမှ အကောက်ခွန်နှင့် စစ်တပ် ပေါင်း၍ ပြည်သူကို ညစ်နည်းပေါင်းစုံနှင့် ညစ်နေကြသည်။

မဲဆောက်မှ သယ်လာသည့် ကုန်ပစ္စည်းများသည် ချစ်ကြည်ရေး တံတားတစ်ခုတည်းမှ ဖြတ်သန်း သယ်ယူနေသည် မဟုတ်ဘဲ..ငြိမ်းချမ်းရေးဂိတ် (၂၀) ကျော်မှလည်း တရားမ၀င် ကုန်ပစ္စည်းများ စီးဆင်းနေပါသည်။ ဤပစ္စည်း အားလုံး မြ၀တီမြို့ကို ဖြတ်ကျော် ရာတွင်တော့ ကုန်သွယ်ရေးဇုံကို မဖြတ်မနေ ဖြတ်ကို ဖြတ်ရပါတော့သည်… ထိုအခါတွင် အကောက်ခွန် ၀န်ထမ်းများအတွက် ဂွင်မိပေတော့သည်။ သူတို့အပိုင်ဂွင်တွင် ပြည်သူများအပေါ် ရိုက်စားပုံများ၊ မိုက်ရိုင်းပုံများ ပြောရလျှင်ကား ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေပေတော့မည်။

ထိုအခြေအနေများအား ပြည်သူအများသိရှိနိုင်ရန် မြ၀တီမြို့ရှို ကုန်သွယ်ရေးဇုံမှာ ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို အပိုင်းကဏ္ဍများ ခွဲ၍ ဖော်ပြပေးသွားမည် ဖြစ်ပါသဖြင့် စောင့်မျှော် ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ရပါသည်။

မြ၀တီကုန်သွယ်ရေးဇုံသည် တရားဝင်ရော၊ တရားမ၀င်ရော ကုန်ပစ္စည်းမျိုစုံ ဖြတ်သန်းရာ နေရာ ဌာနဖြစ်ပါသည်။ နေ့စဉ် ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် အစီး ၄၀၀ နီးပါးခန့်သည် ပြည်သူကို ဒုက္ခပေးနေသော ၀န်ထမ်း များကြားတွင် ကြုံသလို ထမင်းအိုးလေး ကွဲမသွားအောင် အမျိုးမျိုး လုပ်ကိုင်နေရပါသည်။ ထို ၀န်ထမ်းများ၏ ဒဏ်ကို မခံနိုင်သော ကားအစီး ၁၀၀ ခန့်သည် တောလမ်းကပင် သွားလာ နေကြပါသည်။

တောလမ်းသည် ရင်းနှီးထားသော ပစ္စည်းများ အလွယ်တကူ ဆုံးရှုံးနိုင်သည်ကို ကားသမားကော ပစ္စည်းပိုင်ရှင်ကော မသိသည် မဟုတ် …..သိကြသူချည်းသာ…


ပြီးတော့ မောင်းရသည့် ကားလမ်းက မကောင်း၍ ပစ္စည်းများ မပျက်ဆီးအောင်လည်း ထိန်းမောင်း ကြရပါသေးသည်။ ငြိမ်းအဖွဲ့ တွေကပဲ ရန်ရှာမည်လား….စစ်တပ်ကပဲ သိမ်းမည်လား… ဘယ်က လက်နက်ကိုင် တွေထွက်လာမလဲ စသည် စသည်ဖြင့် သဲထိတ် ရင်ဖိုဖြစ်စရာတွေ တပုံတပင် ဖြစ်သည်။ ပိုက်ဆံပေး၍ ရလျှင်တော့ တော်သေးသည်ဟု ပြောရပေမည်။

ဒီထက်မကလည်း အခက်အခဲပေါင်း မြောက်မြားစွာ ရှိနေပေသေးသည်။
တွေးစေချင်ပါသည်…မေးလျှင် မေးခွန်းတွေအများအပြား ထွက်လာလိမ့်မှာ ဖြစ်သော်လည်းပဲ ဒီမေးခွန်းကို စာဖတ်သူ ဖြေစေချင်ပါသည်။ ဒီကားတွေ ဘာကြောင့် ကုန်သွယ်ရေးဇုံက မသွားတာလဲ.....? ကုန်ပစ္စည်း တရားမ၀င်ပါ ဟုလည်း ပြောမရ…. အကောက်ခွန်ဝန်ထမ်းတွေ စားပိုးနင့်အောင် စား၍ တရားမ၀င် ကုန်ပစ္စည်းတွေကို သယ်ချင်တိုင်း သယ်လို့ရအောင် လုပ်ခဲ့သည်မှာလည်း သက်သေရှိနေသည်….ဒါဆိုရင် ဘာကြောင့် ကုန်သွယ်ရေးဇုံကို မဖြတ်တာလဲ….? ၀န်ထမ်းကို ပိုက်ဆံပေးလို့ ရ၍ မြတ်မည် အထင်ဖြင့် ကုန်သည်များသည် တရားမ၀င် ကုန်ပစ္စည်းများကို မြ၀တီဘက်သို့ သယ်ဆောင် လာခဲ့သည်။

တံတားထိပ်က စားပိုးနင့်အောင်စားသော အကောက်ခွန်သည် တံတားကိုပဲ တာဝန်ယူလေသည်….ကုန်သွယ်ရေး ဇုံရှိ အကောက်ခွန် ဂိတ်ကျတော့ ပြည်သူ မျက်ဖြူဆိုက်အောင် တနည်းနည်းဖြင့် လုပ်ရပေမည်။ ဘာကြောင့်ဆိုသော် ၀န်ထမ်း အချင်းချင်း ကြိုတင် ညှိထားကြပြီး ဖြစ်သည်။…..

အခုဆိုရင် တရားမ၀င်ပစ္စည်းတွေမြ၀တီမြို့ထဲမှာ အပြည့်အသိပ် ရှိနေပြီလေ… ကုန်သည်များ အဖို့ ဘယ်လိုပင်ဖြစ်စေ ကုန်သွယ်ရေးဇုံနှင့် တောလမ်း နှစ်ခုထဲက တစ်ခု ကိုရွေးကို ရွေးရမည် ဖြစ်ပေသည်…

ဘယ်ကုန်သည်မဆို ကုန်သွယ်ရေးဇုံကို ရွေးကြမည်သာဖြစ်ပါသည်…ဒီလို ဇုံကိုရွေးကြသည့် အကြောင်းကတော့ ကျွန်တော် ရှင်းမပြလည်း စာဖတ်သူ သိပါလိမ့်မည်… ဘာပဲဖြစ်ဖြစ် ဇုံဘက်က ဖြတ်သော ပစ္စည်းသည် အနည်းနှင့် အများတော့ အန္တာရယ် ကင်းပေသည်။ သို့သော်….

ကျွန်တော်ပြောခဲ့သလိုပင် မြ၀တီကုန်သွယ်ရေးဇုံမှ ၀န်ထမ်းများသည် သူတို့ ရှေ့မှောက် ရောက်လာသော သားကောင်ကို အလွတ်ပေးရိုး ထုံးစံမရှိပါ။ သူတို့အတွက် အသား၊ အဆီ ပေးခဲ့မှ စားဝင်၊ အိပ်ပျော်လေသည်… ဤခေတ်တွင် ပေါ်တင်ကြီးတော့ လိုချင်သည့် အရာကို မတောင်းရဲ… ဘောင်ထဲကနေ တရားဝင်အောင်လုပ်ပြီး ဖြဲခြောက်မှ လိုချင်သည့် အရာသည် လိုရင် လိုသလောက် ထွက်လာမည် မဟုတ်ပါလား….ထို့ကြောင့် မသူတော်အချင်းချင်း ပေါင်းပြီး ရိုက်စား လုပ်လိုက်ပုံများကတော့……………

နကသ ဗိုလ်မူးသိန်းထွန်းသည် ယာဉ်ကြီး၊ ယာဉ်ငယ် တွေကို စစ်ရာတွင် ယာဉ်ပေါ်ရှိ ပစ္စည်းသည် များသည်၊ နံသည်ဟု အမျိုးမျိုးအကြောင်းပြကာ…( ကျားနှာစေးနေပြီ ) ယာဉ်ပေါ်ရှိ ပစ္စည်းများကို စစ်ဆေးရေး ဂိတ်အတွင်း ချခိုင်းခြင်း၊ ထုတ်ပိုးထားသော ပစ္စည်းများကို တစ်စစီ လုပ်ပစ်ခြင်း၊ ချထားသောပစ္စည်းများကို ညနေ ၄ နာရီမှ ပြန်ပေးခြင်း၊ ပြန်ပေးပြီး ပစ္စည်းများကို ဘာအကြောင်းပြချက်မှ မရှိဘဲ မြ၀တီသို့ ပြန်ယူသွားစေခြင်း စသည့် ညစ်နည်းမျိုးစုံကို စာနှင့် ဖော်ပြလို့ မရအောင် လုပ်ပါတော့သည်။ (မှတ်ချက်၊ အဲဒီအချိန်တွင် ပစ္စည်းပိုင်ရှင် ဘယ်လောက် မျက်ဖြူ ဆိုက်နေမလဲဆိုတာ ကိုယ်ချင်းစာကြည့်ပါ)

ဗိုလ်မူးသည် တစ်ခုကိုလို၍ တစ်ခုကိုညစ်နေခြင်းသာဖြစ်သည်။ ထိုအချိန်တွင် ကားဝင်းအတွင်းတွင် အကောက်ခွန် နှင့် နကသ တို့မှ မွေးမြူထားသော မထသ ဂိတ်မှူးများ၊ ပွဲစားများ၊ ဈေးသည်များသည် အကောက်ခွန် အရာရှိနှင့် ချိတ်ဆက် ပေးကြပါသည်။ ဒီလို အကောက်ခွန် အရာရှိနှင့် ငွေကြေး ညှိနှိုင်းပြီးပါက ကားကို ၀င်ရောက် အစစ်ဆေးခံရာတွင် အလွန်လွယ်ကူပြီး ကုန်ပစ္စည်း ချဖို့ နေနေသာသာ ဒရိုင်ဘာ လက်ပြလိုက်ရင် ပြီးပါပြီ။

အကောက်ခွန်အရာရှိနှင့် ဘယ်လို ငွေကြေးညှိရပါသလဲ…. .? ယခင်က ၅၀၀၀ နှင့် ၁ သောင်းကြား ယူနေပြီး အဆင် ပြေနေကြသော အကောက်ခွန်အဖွဲ့သည် ယခုတွင်မူ အိုင်တင် ခံပါတော့သည်….ထို့ကြောင့် အဆင်ပြေစေခြင်း အလို့ငှာ ထပ်တက်သွားသည့် လာဘ်ငွေ ပမာဏကတော့ ၃ သောင်းမှ ၅သောင်းကြား ဖြစ်လာတော့သည်။ ဂိတ်မှူး၊ ပွဲစားများ ကြားခံရ၍လည်း အားလုံး အဆင်ပြေစွာ ထွက်ခွာနိုင်ဖို့ကို ၈ သောင်းခန့် အကုန်ကျခံ နေရပါသည်။ ဒီလို အဖွဲ့ပေါင်းစုံလို့ ခေါ်တဲ့ ၀န်ထမ်းကို ဆက်သပြီးရင်တော့ ယာဉ်ခမျာ အေးဆေးသွားလို့ ရပါပြီ။

နောက်ဆုံးသတင်းများအရ အကောက်ခွန်အဖွဲ့သည် ကုန်သွယ်ရေးဇုံမှ မြ၀တီ ပိုက်ဆံ လက်ခံရာ ဌာနများသို့ ပို့ပေးရန် အတွက် ဆိုင်ကယ် အငှားမောင်းသူ တစ်ဦးကို ဂိတ်စာရင်းမှတ်သူ အဖြစ် ဟန်ဆောင်နေခိုင်း၍ တစ်နေ့ကျပ် ၂ သောင်းနှင့် ငှားရမ်း ထားရ ပါလေသည်။ အကောက်ခွန်ရုံးထဲတွင် လူကြီး လာရင် ပိုက်ဆံပုံကို မြင်မှာစိုး၍ မနက် ၉း၀၀ နာရီင်္တွင် တစ်ကြိမ်၊ နေ့လည် ၁း၀၀ နာရီတွင် တစ်ကြိမ် တစ်နေ့နှစ်ကြိမ် ပြည်သူ့ ချွေးနဲစာကို သူပိုင်ငွေအဖြစ် ပို့နေရပါသည် ခင်ဗျာ…………

မောင်စေတနာ (၀ိမုတ္တိဝိုင်းတော်သားတဦး)

0 comments:

အပေါ်သို့