Tuesday, February 2, 2010

၁၉၄၈ ခုနှစ်တုန်းကလို ပြန်ဖြစ်နိုင်သလား

January 23, 2010

ဗိုလ်သန်းရွှေက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ့် အကြောင်း ထပ်ပြောပြန်တယ်။ သူတို့ ရွေးကောက်ပွဲ မလုပ်လို့ မဖြစ်တော့ဘူး။ ဒီအတိုင်း ဆက်သွားနေရင် ပြည်တွင်း ပြည်ပမှာ ပိုချဉ်ပတ်ဖြစ်လာမယ်။ နိုင်ငံတကာ ဗိုလ်ပုံအလယ်မှာ သူတို့ ပုံရိပ်ကို နည်းနည်းလေးပဲ ဖြစ်ဖြစ် ပိုကောင်းလာစေ မလားလို့။ နောက်ပြီး ဒီရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြည်တွင်း ပြည်ပက ဗမာပြည်သားတွေ ထဲမှာ သူတို့ကို ထောက်ခံတဲ့သူတွေ ဖော်ထုတ်နိုင်မယ်။ တနည်း အရပ်ဝတ် အလိုတော်ရိတွေ ထပ်မွေးနိုင်မယ်။ နိုင်ငံရေးသမား ကြီးငယ်၊ ဟောင်းသစ်၊ ပညာတတ်၊ လူမျိုးစု၊ အလွှာ အသီးသီးထဲမှာ သူတို့ အလိုတော်ရိ၊ ဒါမှမဟုတ် မဆန့်ကျင်ရဲသူတွေ ထွက်လာမှာ သေချာတယ်။ အနည်းဆုံး သူတို့ ထောက်လှမ်းရေး အတွက် ဘီလူးစည်း လူစည်း ကွဲသွားတာပေါ့။

အနှစ်နှစ်ဆယ်ကျော် ယူနီဖောင်းဝတ်နဲ့ အာဏာယူထားခဲ့တဲ့နောက် အရပ်ဝတ်တွေကို ကက်ဘိနက်ထဲမှာ ထည့်မလို့ လုပ်တဲ့ နအဖရဲ့ ဒီခြေလှမ်းမှာ အခု သူတို့အတွက် အကြီးမားဆုံး အတားအဆီးကြီး တခုကို ကြုံတွေ့နေရတယ်။ အဲဒါကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပဲ။ ဒီတပွဲဟာ ရွှေဂုံတိုင် ကြေညာစာတမ်းနဲ့ နအဖရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေတို့ ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့တဲ့ ပွဲလို့ဆိုရင် မမှားဘူး။ ဒီပွဲကောင်းကို ကမ္ဘာကရော ဗမာပြည်ကပါ မျက်စိ ဒေါက်ထောက် ကြည့်နေကြတယ်။ နောက်ပြီး အခြေအနေက ဘယ်သူ့ ဘယ်သူမှ လျှော့ပေးလို့ မရဘူး။

ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ရေးခွင့် (နည်းနည်းပါးပါး) ရထားတဲ့ “ကလောင်ရှင်”တွေက ကိုယ့်အမြင်တွေ ကိုယ်ရေးကြ၊ “ဆရာလုပ်ကြ”တာတွေ တွေ့နေရတယ်။ အမျိုးမျိုးပဲ။ လူအမျိုးမျိုး၊ စာအမျိုးမျိုး ဆိုပါတော့။ စစ်နဲ့ တော်လှန်ရေးကို မှီဖူးသူတွေက ပုံစံတမျိုးနဲ့ ရေးတယ်။ တခါ ဖဆပလခေတ် မှီလိုက်သူတွေကလည်း သူတို့ပုံစံနဲ့ သူတို့ရေးကြသလို မဆလခေတ်ကို မှီလိုက် သူတွေကတမျိုး၊ နဝတ-နအဖခေတ်ကို မှီသူတွေက တမျိုး၊ ကိုယ်သန်ရာ သန်ရာ ရှုဒေါင့်ကနေ ရေးကြတယ်။ သူတို့ ဘယ်လိုပဲရေးရေး၊ အားလုံးမှာ တူညီနေတဲ့ အကြောင်းအရာ တခုကတော့ ဒီ ၂ဝ၁ဝ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နအဖတို့ ထိပ်တိုက် တွေ့ကြမလား၊ ဘာဖြစ်မလဲ ဆိုတာပဲ။ ထောက်လှမ်းရေးရဲ့ မော်ကွန်းတိုက်ထဲက အချက်အလက်တွေ၊ အမှတ်အသားတွေ ကိုတောင် ဗန်းတင် လာတာလည်း တွေ့ရတယ်။

ဒီအထဲမှာ ၁၉၄၈ ခုနှစ်တုန်းကလို တကြော့ပြန်ဖြစ်မလား ဆိုတဲ့အထိ ပြောနေကြတာဟာ စိတ်ဝင်စားစရာပဲ။ သူတို့ဒီလို ၁၉၄၈ ခုနှစ်ကို နောက်ကြောင်း ပြန်ပြောတယ် ဆိုတော့ ဓမ္မတာပဲ။ အဲဒီတုန်းက အာဏာရ ဖဆပလ- ဆိုရှယ်လစ်နဲ့ ဗကပတို့ ပါလာတော့တယ်။ တဆက်ထဲမှာ ဘာကြောင့် ပြည်တွင်းစစ် ဖြစ်တယ်ဆိုတာလဲ သုံးသပ်ရတော့တယ်။ ဒီတော့ အဲဒီအကြောင်းတွေကို ဖော်ထုတ်သူ တဦးဖြစ်တဲ့ နအဖဆီက ရှေ့နေပါဝါရထားတဲ့ မောင်စူးစမ်းက ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်ဟာ လွတ်လပ်ရေး အတုလား၊ အစစ်လား ငြင်းရင်း ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တာလို အခုလည်း ဒီမိုကရေစီ အစစ်လား၊ အတုလားငြင်းရင်း ပြည်တွင်းစစ်မီးကြီး ပြန်တောက် လာဦးမလားလို့ ပြဿနာ ဖော်နေတယ်။ ဒါ သူရေးနေကျ၊ လုပ်နေကျအတိုင်း ရေးတာ၊ လုပ်တာပဲ။ သိမှီသူ မများတော့တဲ့ ကိစ္စကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်အောင် လုပ်၊ ပြီးတော့ သူလိုရာ ဆွဲသွားတာဟာ သူ့လုပ်ထုံး လုပ်နည်းလို့တောင် ပြောနိုင်တယ်။

အရင်တုန်းက ပြည်တွင်းစစ်ဖြစ်တာဟာ လွတ်လပ်ရေးစစ်မစစ် ငြင်းကြလို့၊ ငြင်းရာကနေ ထဖြစ်တာ မဟုတ်ဘူး။ ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး “စေ့စပ်ဆွေးနွေးပွဲ” အတွက် အပြန်အလှန် ညှိနှိုင်း နေတာကို ဖဆပလ - ဆိုရှယ်လစ်တွေက တဖက်သတ် ဖျက်သိမ်း၊ အလစ် အငိုက်ယူပြီး တပြည်လုံးမှာ ကွန်မြူနစ်တွေ ဖမ်းပွဲကြီးလုပ်လို့ ပြည်တွင်းစစ် ဖြစ်တာပဲ။ ဒီမိုကရေစီသာ တကယ်တမ်းရှိရင် လွတ်လပ်ရေး စစ်မစစ် ဆိုတာကို အတောမသတ် မပြီးမချင်း ငြင်းနေလို့ရတယ်။ မှားနေတဲ့ဘက်က ပြင်ဖို့ပဲရှိတယ်။ ဘယ်သူမှ ဒါလောက်နဲ့ ထပြီး စစ်တိုက်မှာမဟုတ်ဘူး။

လက်တွေ့ ကိုယ်ထိလက်ရောက် နှိပ်ကွပ်တာမရှိပဲနဲ့တော့ ဗကပက ပြန်မတိုက်ဘူး။ ရှစ်လေး လုံးနောက်ပိုင်း တောခိုတဲ့လူတွေ သောင်းဂဏန်း၊ သိန်းဂဏန်း ရှိတယ်။ သူတို့ဟာ နဝတစစ်အစိုးရ ဗိုလ်စောမောင်တို့နဲ့ အယူအဆ ငြင်းကြရာကနေ တောခိုလာတာလား။ စစ်အာဏာရှင်က လမ်းမပေါ်မရှောင် ပစ်သတ်၊ ရပ်တကာ လမ်းတကာ ဖွေလှန်ဖမ်းဆီးနေလို့သာ တောခိုကုန်ကြတာ မဟုတ်ဘူးလား။ စစ်အစိုးရနဲ့ လူလို စကားပြောခွင့်၊ ကွဲလွဲခွင့်ရနေလို့ကတော့ ဘယ်သူမှ ဒီဒုက္ခကို မရှာတာ သေချာတယ်။

အခုလည်း ဒီမိုကရေစီစစ်မစစ် ငြင်းရာကနေ ပြည်တွင်းစစ်မီး ထတောက်မယ်လို့ ပြောတာဟာ အတိုက်အခံတွေ၊ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အပြစ် ကြိုတင် ပုံချနေတာ ဖြစ်တယ်။ ဆွဲချပုလိပ်လို နအဖကြောင့် ဖြစ်လာမယ့် ကိစ္စဆိုးတွေ အတွက် တရားခံ ရှာပေးနေတာ ဆိုရင်လည်း မမှားပါဘူး။

တကယ်က ဒီနေ့အခြေအနေမှာ ရွေးကောက်ပွဲတခု မလုပ်မီ အာဏာရစစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြား ဆွေးနွေးတာကို အရင် လုပ်ရမှာဖြစ်တယ်။ တကယ်တမ်းသာ နအဖက ဒီလို တွေ့ဆုံဆွေးနွေးပွဲကို လေးလေးနက်နက် စတင် လိုက်တယ်ဆိုရင် အသံကြားလိုက်တာနဲ့ပဲ ပြည်သူတွေဟာ ရွှင်လန်း အားတက်သွားမှာ သေချာတယ်။ တိမ်မည်းတွေကြားက နေအပိုင်း အစလေးကို မြင်လိုက်ရသလို ဖြစ်မှာ။ ဒါပေမဲ့ အခုတော့ နအဖဟာ ဗိုလ်အောင်ကြည်နဲ့ တွေ့ခိုင်းတယ် ဆိုတာလုပ်ပြီး “သို့လော-သို့လော”တွေပဲ တမျိုးပြီးတမျိုး ဖန်တီးနေတယ်။

ဒါနဲ့တဆက်ထဲ နအဖဗိုလ်ချုပ်တွေ ပက်ပက်စက်စက် လုပ်နေတဲ့ ကိစ္စတခုကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ကို ကွဲအောင် လုပ်နေတာပဲ။ အမျိုးသားဒီမိုကရေစီ အဖွဲချုပ် ထိပ်ပိုင်း ခေါင်းဆောင်တွေ အချင်းချင်း စကားမပြောနိုင် ဖြစ်နေပြီဆိုတဲ့ မဟုတ်တန်း တရားတွေကို ပြည်ပမီဒီယာထဲ ပါအောင် လုပ်တာတွေတောင် ရှိတယ်။ အောက်ခြေတွေထဲမှာ သပ်လျှိုတယ်၊ ခြေထိုးတယ်။ အယူအဆတွေ အမျိုးမျိုး ပေါ်ပေါက်နေချိန်မှာ စီအီးစီ စုံညီ တွေ့ခွင့်မပေးပဲ ထားတယ်။ ဒီနေ့လို ပြည်တွင်းပြည်ပ အခြေအနေမှာ ပါတီတခုရဲ့ ခေါင်းဆောင်မှုဆိုတာ အချင်းချင်း မပြတ် တွေ့ဆုံညှိနှိုင်းနေဖို့ လိုတယ်။ မတွေ့ရတာကြာရင် ကိစ္စသေးတွေဟာ အစိုင်အခဲတွေ ဖြစ်လာတတ်တယ် ဆိုတာ လူတိုင်းအသိပဲ။ နအဖဟာ ဒီလိုလုပ်ရပ်ကို ကောလာဟာလ ယန္တရားကြီးနဲ့ ပေါင်းစပ် ပေးထားတယ်။ သူတို့လုပ်ရပ်တွေကို ထောက်ကြည့်ခြင်း အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ကို ရေနှောက်ငါးဖမ်း လုပ်လာနိုင်တဲ့ အန္တရာယ် ရှိနေတယ်ဆိုတာ တွေ့ရတယ်။

တကယ်က နအဖအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်နဲ့ တွေ့ဆုံစကားပြောတာ မလုပ်ပဲ ရွေးကောက်ပွဲကို အတင်းလုပ်၊ သူတို့ စိတ်ကြိုက် အစိုးရတခု ဖွဲ့၊ နောက်ပြီး အဲဒီအတွက် အတားအဆီးလို့ ထင်တာမှန်သမျှကို ဖြေရှင်း၊ ဖယ်ရှား စတာတွေ လုပ်လာရင် ၁၉၄၈ ခုနှစ်တုန်းက အခြေအနေမျိုးကို ရောက်သွားနိုင်စရာ အလားအလာတွေ အများကြီး ရှိပါတယ်။ ဒီနေ့ ဗမာနိုင်ငံမှာ အပူတပြင်း ဖြေရှင်းဖို့ လိုနေတာက အမျိုးသားပြန်လည် သင့်မြတ်ရေး ပြဿနာဖြစ်တယ်။ နအဖ စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ဆက်ခံမယ့်လူ ဖော်ထုတ်ရေး မဟုတ်ဘူး။ အမျိုးသား စည်းလုံးညီညွတ်ရေး မရှိဘဲ စစ်အာဏာရှင်တွေ မျိုးဆက် အလွှဲအပြောင်း လုပ်ရင် မကောင်းတဲ့ အကျိုးဆက်ပဲ ပေါ်ထွက်လာမှာပဲ။

x x x x x

ရဲဘော်ဖိုးသံချောင်း

Ref: DPNS

0 comments:

အပေါ်သို့